← Chapters

အခန်း (၆၆၇-၆၆၉)

Vol. 45 Ch. 667-669

အခန်း (၆၆၇-၆၆၉)

Vol. 45 Ch. 667-669

အပိုင်း (၆၆၇) ပုန်ကန်မှု (၃)

ဤကဲ့သို့သော အချိန်မျိုးတွင် နန်းတော်တံခါးကို မည်သူမျှ ဖွင့်ပေးမည် မဟုတ်ပေ။

စတုတ္ထမင်းသားသည် အသံဝင်သွားသည်အထိ အော်ဟစ်နေသော်လည်း ထူထဲလေးလံသော နန်းတော်တံခါးကြီးသည် တုတ်တုတ်မျှ မလှုပ်ချေ။ ကြက်သွေးရောင် နန်းတော်တံခါးကြီးနှင့် ဆက်စပ်နေသော မြို့ရိုးကြီးသည် ကျယ်ဝန်းလှသော နန်းတော်ကြီးကို ဝန်းရံထားပြီး ကမ္ဘာနှစ်ခုအဖြစ် ပိုင်းခြားထားသကဲ့သို့ ဖြစ်နေလေသည်။

"ဖုဟွမ် တကယ်ပဲ နတ်ရွာစံသွားပြီလား။ ကွမ်းပင်းနယ်စားက စစ်တပ်ကို ဦးဆောင်ပြီး မြို့တော်ထဲ ဝင်လာပြီဆိုတော့ တကယ်ပဲ ပုန်ကန်တော့မလို့လား။ မယ်တော်ကြီးနဲ့ မူဖေးတို့ အခု ဘယ်လိုနေကြလဲ။ ဟွမ်ဟုပ်ညန်ညန်ကော။ ထိုက်ဇီဖေးကော"

စတုတ္ထမင်းသား၏ ရင်ထဲတွင် မီးနှင့်ကင်ထားသကဲ့သို့ ပူလောင်နေပြီး နန်းတော်တံခါးကို ဖွင့်ကာ ဝမ်ဟွားနန်းဆောင်ထဲသို့ ဝင်ရောက်ပြီး အဖြစ်မှန်ကို မေးမြန်းချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်နေလေသည်။

"တံခါးဖွင့်စမ်း" စတုတ္ထမင်းသားသည် စိတ်လောကြီးစွာဖြင့် ပရိယာယ်ကြွယ်ကြွယ်ဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။ "ငါက သာ့ဝေတိုင်းပြည်ရဲ့ စတုတ္ထမင်းသားပဲ၊ ငါ နန်းတော်ထဲ ဝင်ချင်တာ ဘယ်သူက တားရဲတာလဲ။ မင်းတို့ ပုန်ကန်ချင်နေတာလား"

"အခု နန်းတော်ထဲမှာ တာဝန်ယူထားတာ ဘယ်သူလဲ။ အဲဒီလူကို ခေါ်လိုက်စမ်း၊ ငါ မျက်နှာချင်းဆိုင် မေးမယ်။ ဘာသဘောနဲ့ ငါ့ကို နန်းတော်တံခါးဝမှာ တားထားတာလဲ"

"ငါ့ကို အခုချက်ချင်း ဝင်ခွင့်ပေး။ တံခါးမဖွင့်ရင် အတင်းဝင်မွှေတယ်လို့ ငါ့ကို အပြစ်မတင်နဲ့နော်"

ဒေါသတကြီး အော်ဟစ်ပြီးနောက် နန်းတော်တံခါး အတွင်းဘက်မှ အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။ "ငါ အမိန့်ပေးထားတာ"

သိုင်းပညာရှင်တစ်ဦး ဖြစ်သဖြင့် အသံသည် အားပါလှသည်။ တစ်ဖက်လူသည် အော်ဟစ်ပြောဆိုလိုက်ခြင်း မဟုတ်သော်ငြား အသံသည် နားထဲသို့ ရှင်းလင်းပြတ်သားစွာ ဝင်ရောက်လာသည်။

လုမင်ယွိပင် ဖြစ်လေသည်။

စတုတ္ထမင်းသားသည် စိတ်လှုပ်ရှားကာ ငြိမ်သက်ရန် ခက်ခဲနေပြီး ဒေါသတကြီး အော်ဟစ်မေးမြန်းလိုက်သည်။ "အာ့စောင် ဘာလို့ ကျွန်တော့်ကို နန်းတော်ထဲ ဝင်ခွင့်မပေးတာလဲ။ ဖုဟွမ် အခု ဘယ်လိုနေလဲ။ မနေ့ညက နန်းတော်ထဲမှာ ဘာတွေ ဖြစ်ခဲ့တာလဲ"

"လီရှန်း" လုမင်ယွိက အေးစက်စွာ အော်ဟစ်လိုက်သည်။ "မင်း စိတ်ကို အေးအေးထားစမ်း"

"အခု ဘယ်လိုအချိန် ရောက်နေပြီလဲ၊ မင်းက ဒါတွေ မေးနေရသေးသလား"

ကွမ်းပင်းနယ်စားသည် လူများကို ဦးဆောင်ကာ မြို့တံခါးကို ချိုးဖောက်ဝင်ရောက်လာခဲ့ပြီ ဖြစ်ရာ နောက်တစ်ခဏတွင် နန်းတော်တံခါးဝသို့ ရောက်လာနိုင်လေသည်။ အဖြစ်အပျက်များသည် ရှင်းလင်းနေပြီဖြစ်ရာ မေးမြန်းနေစရာ လိုသေးပါသလား။

စတုတ္ထမင်းသား၏ မျက်နှာသည် ဖြူဖျော့သွားပြီး ဒူးများ ပျော့ခွေကာ ဒူးထောက်ကျသွားလေသည်။ မျက်ရည်များသည်လည်း အဆက်မပြတ် စီးကျလာတော့သည်။

ကောလာဟလတွေက တကယ်ပါလား။ ဖုဟွမ် တကယ်ပဲ နတ်ရွာစံသွားပြီပဲ။ ဘယ်သူ လက်ချက်လဲ။ လုမင်ယွိလား။ လုံးဝ မဖြစ်နိုင်ဘူး။ အိမ်ရှေ့စံ ပြန်ရောက်လာရင် အေးအေးဆေးဆေး နန်းတက်လို့ ရနေတာပဲ။ စွန့်စားစရာ အကြောင်းမှ မရှိတာ။ နောက်နန်းဆောင်က ကိုယ်လုပ်တော်တွေကလည်း ဝမ်ဟွားနန်းဆောင်ထဲ ဝင်လို့မှ မရတာ။

ဖုဟွမ်နား ကပ်နိုင်ပြီး မထင်မှတ်ထားတဲ့အချိန် ရုတ်တရက် တိုက်ခိုက်နိုင်တဲ့သူက ...

"သာ့ကောလား" စတုတ္ထမင်းသားက ငိုကြွေးလျက် မေးမြန်းလိုက်သည်။ "သာ့ကော လက်ချက် မဟုတ်လား"

လုမင်ယွိက အေးစက်စွာ ပြောလိုက်လေသည်။ "အခု ငိုယိုနေလို့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ ဒီနေ့ ဘယ်သူလာလာ နန်းတော်တံခါး ဖွင့်ပေးမှာ မဟုတ်ဘူး။ မင်း လူတွေကို ခေါ်ပြီး စတုတ္ထမင်းသားအိမ်တော်ကို ပြန်လိုက်တော့။ အားလုံး အေးဆေးသွားမှ ပြန်ထွက်လာခဲ့"

စတုတ္ထမင်းသားသည် လက်မောင်းစဖြင့် မျက်ရည်များကို သုတ်လိုက်ပြီး အံကိုကြိတ်ကာ ပြောလိုက်သည်။ "ကျွန်တော် မပြန်ဘူး။ ဒီနေ့ နန်းတော်တံခါးရှေ့မှာပဲ စောင့်နေမယ်။ တကယ်လို့ ကွမ်းပင်းနယ်စား ရောက်လာခဲ့ရင် ကျွန်တော် အရင်ဆုံး ဝင်တိုက်မယ်"

"မင်းသား ခြောက်ယောက် ရှိတာ၊ တစ်ယောက်က ငယ်သေးတယ်၊ တစ်ယောက်က အဆိပ်သောက် သေသွားပြီ၊ တစ်ယောက်က ရှင်းယန်စစ်တပ်မှာ အဖမ်းခံထားရတယ်။ နောက်တစ်ယောက်က အဖေအရင်းကို သတ်လို့ ကောင်းကောင်း မသေရဘူး။ အိမ်ရှေ့စံကလည်း လမ်းမှာပဲ ရှိသေးတယ်။ ငါ လီရှန်းက ဒီအချိန်မှာ ခေါင်းဝှက်ပြီး ပုန်းနေရင် ဘယ်လိုလုပ် ယောက်ျားပီသတော့မလဲ"

စတုတ္ထမင်းသားက ထွက်မသွားသော်လည်း လုမင်ယွိသည် အတင်းအကျပ် မောင်းထုတ်ခြင်း မပြုခဲ့ပေ။ ခဏမျှ တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။ "မင်း နန်းတော်တံခါးဝမှာ နေချင်ရင် နေလိုက်။ ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့ တံခါးဖွင့်ပေးမှာ မဟုတ်ဘူး"

စတုတ္ထမင်းသားသည် နှာခေါင်းရှုံ့လိုက်လေသည်။

တံခါးမဖွင့်လည်း နေပစေ၊ သူကတော့ ထွက်သွားမည် မဟုတ်ပေ။

စိုးရိမ်ပူပန်စွာ စောင့်ဆိုင်းနေရသဖြင့် အချိန်ကုန် လွန်စွာ နှေးကွေးနေသကဲ့သို့ ခံစားရသည်။

နာရီဝက် ကုန်ဆုံးသွားသည်။ နန်းတော်တံခါး အပြင်ဘက်တွင် လှုပ်ရှားမှု မရှိချေ။

တစ်နာရီ ကုန်ဆုံးသွားပြန်သည်။ အခြေအနေ ငြိမ်သက်နေဆဲပင်။

လုမင်ယွိသည် စိတ်ထဲတွင် အချိန်ကို တွက်ချက်ကြည့်လိုက်ပြီး တင်းမာနေသော စိတ်အခြေအနေ တဖြည်းဖြည်း လျော့ပါးသွားသည်။ ကွမ်းပင်းနယ်စား နန်းတော်တံခါးဝသို့ ရောက်မလာခြင်းသည် သတင်းကောင်းပင် ဖြစ်သည်။ လျန်တာ့လန်သည် မုန့်စစ်တပ်ကို တားဆီးထားနိုင်သည်မှာ ထင်ရှားလေသည်။

အချိန်ကို တွက်ကြည့်ရသလောက် ရှင်းယန်စစ်တပ်လည်း မြို့တော်သို့ ရောက်ရှိလောက်ပြီ ဖြစ်သည်။

...

သာ့ဝေမြို့တော်မှ ပြည်သူများအတွက် ဤနေ့သည် တစ်သက်တာ မေ့မရနိုင်သော နေ့တစ်နေ့ ဖြစ်ပေလိမ့်မည်။

သူတို့သည် နေအိမ်များတွင် ပုန်းအောင်းနေကြပြီး အဝေးမှ သတ်ဖြတ်သံများ၊ အော်ဟစ်ငိုကြွေးသံများကို နားထောင်ရင်း ထိတ်လန့်တုန်လှုပ်နေကြရသည်။ ဓားရှည်ကိုင်ဆောင်ထားသော လူဆိုးများ အိမ်ထဲသို့ ဝင်ရောက်ကာ မီးရှို့၊ သတ်ဖြတ်၊ လုယက်မည်ကို စိုးရိမ်နေကြလေသည်။

ညနေစောင်းသောအခါ တိုက်ခိုက်သံများ ပိုမို ပြင်းထန်လာသည်။

မိုးချုပ်သွားမှသာ တဖြည်းဖြည်း ရပ်တန့်သွားသည်။

စစ်ရှုံး၍ ထွက်ပြေးလာသော စစ်သားများသည် သွေးများ စိုရွှဲနေပြီး ဓားရှည်များကို ကိုင်ဆောင်လျက် အနီးနားရှိ အိမ်များထဲသို့ ဝင်ရောက်လာကြသည်။

မကြာမီ နေရာအနှံ့အပြားတွင် ငိုကြွေးအော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။

အချို့သော အိမ်ဝင်းများထဲမှ မီးတောက်များ ထွက်ပေါ်လာလေသည်။

"ယွဲ့ဖု" ကျန်းကျုံးသည် လူအများအပြားကို ဆက်တိုက် သတ်ဖြတ်ခဲ့သဖြင့် လက်ထဲမှ ဓားရှည်တွင် သွေးများ စိုရွှဲနေပြီး အသံများလည်း အက်ကွဲနေလေသည်။ "မုန့်စစ်တပ်ကို နှိမ်နင်းလိုက်ပါပြီ"

ရှင်းယန်ဝမ် လုလင်းသည် မျက်နှာထား တင်းမာလျက် အသံနိမ့်ဖြင့် ဒေါသတကြီး အမိန့်ပေးလိုက်သည်။ "ထွက်ပြေးနေတဲ့ စစ်သားတွေကို ချက်ချင်း လိုက်ဖမ်းခိုင်းလိုက်။ တကယ်လို့ လက်နက်ချရင် လက်နက်သိမ်းလိုက်။ တကယ်လို့ ပြည်သူတွေကို သတ်ဖြတ်နေတာ တွေ့ရင် ချက်ချင်း အသေသတ်ပစ်"

ကျန်းကျုံးက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

မိုးချုပ်လာပြီ ဖြစ်သဖြင့် အလင်းရောင် မှိန်ဖျော့နေလေပြီ။ တိုက်ခိုက်သတ်ဖြတ်မှုများ ဆက်လက် ဖြစ်ပွားနေသော်လည်း စစ်ပွဲသည် ပြီးဆုံးလုနီးပါး ဖြစ်နေပြီ။ မုန့်စစ်တပ် စစ်ရှုံးသည်မှာ သေချာသလောက် ရှိနေလေပြီ။

လုလင်း စစ်တပ်ကို ဦးဆောင်ရောက်ရှိလာချိန်တွင် မြို့တံခါး ပွင့်နေပြီး နေရာအနှံ့အပြားတွင် အလောင်းများ ပုံနေလေသည်။

လျန်တာ့လန်သည် ကိုယ်ရံတော်တပ်သား လေးသောင်းကို ဦးဆောင်ပြီး မုန့်စစ်တပ်၏ စစ်သား ရှစ်သောင်းနှင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည်။ လျန်တာ့လန်သည် ရှေ့ဆုံးမှ ဦးဆောင်တိုက်ခိုက်ခဲ့ပြီး လူဆယ်ဂဏန်းခန့်ကို သတ်ဖြတ်နိုင်ခဲ့သည်။ သို့သော် မုန့်စစ်တပ်၏ လူအင်အား များပြားလွန်းသဖြင့် အချိန်ကြာလာသည်နှင့်အမျှ ကိုယ်ရံတော်တပ်သားများ ထိခိုက်သေဆုံးမှု များပြားလာပြီး ဆုတ်ခွာခဲ့ရသည်။

လျန်တာ့လန်သည် ခြေတစ်လှမ်းမျှ မဆုတ်ဘဲ မုန့်စစ်တပ်၏ ဝိုင်းရံမှုကို ခံခဲ့ရကာ နောက်ဆုံးတွင် ဓားချက်အများအပြား ထိမှန်ပြီး တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့လေသည်။

လုလင်းသည် ရှင်းယန်စစ်တပ်မှ စစ်သည် ငါးသောင်းကို ဦးဆောင်ရောက်ရှိလာချိန်တွင် လျန်တာ့လန်သည် နောက်ဆုံးထွက်သက်ကို ရှူရှိုက်သွားခဲ့ပြီ ဖြစ်သည်။

လုလင်းနှင့် လျန်တာ့လန်သည် သိပ်ပြီး ရင်းနှီးကျွမ်းဝင်သူများ မဟုတ်သော်ငြား သွေးများဖြင့် စိုရွှဲနေသော လျန်တာ့လန်၏ အလောင်းနှင့် သေဆုံးနေသော ကိုယ်ရံတော်တပ်သားများကို ကြည့်ရင်း ဝမ်းနည်းဒေါသထွက်မှုများ ဖြစ်ပေါ်လာခဲ့သည်။

သာ့ဝေတိုင်းပြည်၏ စစ်သည်များ ဖြစ်ပါလျက် တိုင်းပြည်ကို ကာကွယ်ရမည့်အစား မိမိတို့၏ ရဲဘော်ရဲဘက်အချင်းချင်း ပြန်လည် တိုက်ခိုက်နေကြသည် မဟုတ်ပါလား။

ထို့နောက်တွင် ပြင်းထန်သော တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့သည်။

မြို့တွင်းတိုက်ပွဲနှင့် ပုံမှန် စစ်တိုက်ခြင်းသည် မတူညီပေ။ ရှုပ်ထွေးနေသော တိုက်ပွဲအတွင်း စစ်သည်များသည် လူစုခွဲလိုက်ရသည်။ ဤအချိန်တွင် ငါးဦးပါ စစ်တပ်ဖွဲ့စည်းပုံသည် အလွန် အားသာချက် ရှိလေသည်။

ကိုယ်ရံတော်တပ်ဖွဲ့ ရှုံးနိမ့်သွားသော်လည်း မုန့်စစ်တပ်ကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။ ရှင်းယန်စစ်တပ် ရောက်ရှိလာသောအခါ မုန့်စစ်တပ်၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းနေပြီဖြစ်ရာ အားအင်ပြည့်ဝနေသော ရှင်းယန်စစ်တပ်၏ တိုက်ခိုက်မှုကြောင့် ဖရိုဖရဲ ဖြစ်ကုန်ကြသည်။

စစ်ရှုံးသွားသော စစ်သားများသည် လမ်းမရွေးဘဲ ထွက်ပြေးကြရာ သာမန်ပြည်သူများ ဒုက္ခရောက်ကုန်ကြသည်။

လုလင်းသည် နေရာအနှံ့မှ ငိုကြွေးသံများကို ကြားရသောအခါ ဒေါသထွက်လာပြီး တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ သတ်ဖြတ်ရန် အမိန့်ပေးလိုက်လေသည်။

ထို့ကြောင့် ရှင်းယန်စစ်တပ်၏ အင်အားသည် လျင်မြန်စွာ ပြန့်ကျဲသွားသည်။

ကျန်းကျုံးသည် စစ်မိန့်ပေးပြီးနောက် အလျင်အမြန် ပြန်လည်ရောက်ရှိလာပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ယွဲ့ဖု အခု တိုက်ပွဲက ရှုပ်ထွေးနေတော့ ကွမ်းပင်းနယ်စား ဘယ်ရောက်နေလဲဆိုတာ ရှာမတွေ့တော့ဘူး"

အမှန်စင်စစ် လွန်ခဲ့သော နာရီဝက်ခန့်ကတည်းက မုန့်စစ်တပ်၏ အလံကို မတွေ့ရတော့သလို ကွမ်းပင်းနယ်စားကိုလည်း မမြင်ရတော့ပေ။

လုလင်း၏ ဦးနှောက်ထဲတွင် အတွေးတစ်ခု လျင်မြန်စွာ ဖြတ်ပြေးသွားပြီး မျက်နှာထား ချက်ချင်း ပြောင်းလဲသွားသည်။ "ဒုက္ခပဲ။ ကွမ်းပင်းနယ်စားက အထူးတပ်ဖွဲ့ကို ဦးဆောင်ပြီး နန်းတော်တံခါးကို သွားတိုက်ခိုက်ပြီ ထင်တယ်"

ကွမ်းပင်းနယ်စားသာ နန်းတော်ထဲ ဝင်ရောက်နိုင်ပြီး မယ်တော်ကြီးကျောက်၊ ချောင်မိဖုရားခေါင်နှင့် လုမင်ယွိတို့ကို ဓားစာခံအဖြစ် ဖမ်းဆီးထားနိုင်ပါက ရှင်းယန်စစ်တပ်အနေဖြင့် မလှုပ်ရှားရဲအောင် ဖြစ်သွားပေလိမ့်မည်။

ထိုသို့ဆိုလျှင် ကွမ်းပင်းနယ်စားသည် အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်သည့် အခွင့်အရေး ရှိသွားလိမ့်မည်။

ကျန်းကျုံး၏ မျက်နှာလည်း ပြောင်းလဲသွားသည်။ "နန်းတော်ထဲမှာ အန္တရာယ် ရှိနေပြီ။ ယွဲ့ဖု ကျွန်တော် လူသွားစုပြီး နန်းတော်ကို သွားကူလိုက်မယ်"

...

အပိုင်း (၆၆၈) ပုန်ကန်မှု (၄)

"မလုပ်နဲ့!"

လုလင်းသည် မျှော်လင့်မထားသော စကားတစ်ခွန်းကို ပြောလိုက်ကာ တားဆီးလိုက်သည်။ "ချက်ချင်း မလှုပ်ရှားကြနဲ့ဦး။ မုန့်စစ်တပ်က ရှုံးပြီဆိုပေမဲ့ အကုန်လုံး လက်နက်ချတာ မဟုတ်သေးဘူး။ လွတ်မြောက်သွားတဲ့ မုန့်စစ်တပ်က စစ်သားတွေကို အချိန်မီ မနှိမ်နင်းရင် ဘယ်လောက်များတဲ့ ပြည်သူတွေ ဒုက္ခရောက်ကုန်မလဲ မသိနိုင်ဘူး"

ကျန်းကျုံးသည် စိတ်ပူလာသည်။ "ဒါပေမဲ့ ကွမ်းပင်းနယ်စားက လူတွေကို ဦးဆောင်ပြီး နန်းတော်ဆီ သွားနေပြီ။ တကယ်လို့ နန်းတော်သာ ကျသွားရင် အကုန်ဆုံးပြီပဲ။ အဲဒီကျရင် နောင်တရလို့လည်း မီတော့မှာ မဟုတ်ဘူး"

လုလင်း၏ မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်မှုနှင့် နာကျင်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသော်လည်း အသံကတော့ တည်ငြိမ်နေဆဲပင်။ "နန်းတော်ထဲမှာ ကိုယ်ရံတော်တပ်သား နှစ်သောင်း ကျန်သေးတယ်။ ရှောင်ယွိ ရှိနေသမျှ နန်းတော်တံခါးကို သေချာပေါက် ကာကွယ်နိုင်မှာပါ"

ကျန်းကျုံး "..."

ကျန်းကျုံး၏ ပါးစပ် လှုပ်သွားသော်လည်း ပြောချင်သောစကားများ အာခေါင်မှာပင် တင်ကျန်ရစ်ခဲ့သည်။

သူက သူ့ခယ်မလေးအတွက် စိတ်ပူနေတာပါ၊ ယွဲ့ဖုက ကိုယ့်သမီးကိုယ် မချစ်လို့များလား။

ဒါပေမဲ့ လက်ရှိအချိန်မှာ အရေးအကြီးဆုံးက အခွင့်အရေးရတုန်း မုန့်စစ်တပ်ကို အပြီးတိုင် ချေမှုန်းပစ်ဖို့ပဲ။ မဟုတ်ရင် အပြစ်မဲ့တဲ့ ပြည်သူဘယ်နှစ်ယောက်လောက် သေဆုံးရဦးမလဲ မသိနိုင်ဘူး။

ဒါကမှ သာ့ဝေစစ်သည်တစ်ယောက် လုပ်သင့်တဲ့အလုပ်ပဲ။

ကျန်းကျုံးသည် နန်းတော်ရှိရာ ဘက်သို့ လှမ်းကြည့်လိုက်ပြီး စိတ်ထဲမှ တိတ်တဆိတ် ဆုတောင်းနေမိသည်။ လုမင်ယွိအနေဖြင့် ကွမ်းပင်းနယ်စားကို ခေတ္တမျှ တားဆီးထားနိုင်ပြီး သူတို့ စစ်ကူသွားသည်အထိ တောင့်ခံနိုင်ပါစေဟု မျှော်လင့်မိသည်။

လုလင်းသည်လည်း လှည့်ကြည့်လိုက်ပြီး အကြည့်ကို လျင်မြန်စွာ ပြန်လည်ရုပ်သိမ်းလိုက်ကာ ဓားရှည်ကို ဆွဲကိုင်၍ ရှုပ်ထွေးနေသော စစ်ပွဲထဲသို့ ဝင်ရောက်သွားလေသည်။ သူ၏ ရင်ထဲမှ ပြင်းထန်သော ဒေါသများအားလုံးသည် မြှောက်ထားသော ဓားသွားပေါ်တွင် စုစည်းသွားပြီး ဓားတစ်ချက် ဝှေ့လိုက်သည်နှင့် မုန့်စစ်တပ်မှ စစ်သားတစ်ဦး လဲကျသွားရသည်။

ကျန်းကျုံးသည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး ကိုယ်ပိုင်တပ်သားများကို ခေါ်ယူကာ လုလင်း၏ ဘေးတွင် ကပ်လျက် လိုက်ပါသွားလေသည်။

...

ကျောက်စစ်တပ်၏ စစ်စခန်းအတွင်းတွင်။

ပုံမှန်အားဖြင့် တည်ငြိမ်ရင့်ကျက်သော ဖူယန်မြို့စားသည် ယခုအချိန်တွင် စိတ်ဂနာမငြိမ်ဖြစ်နေပြီး စစ်တဲအတွင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး လည်ပင်းကြိုးချည်ခံထားရသော မြည်းတစ်ကောင်ကဲ့သို့ လှည့်ပတ်သွားလာနေသည်။

စစ်တဲအတွင်းတွင် အခြားလူနှစ်ဦးလည်း ရှိနေသည်။ တစ်ဦးမှာ ဖူယန်မြို့စား၏ ဆွေမျိုးတော်စပ်သူ တပ်မှူးကျောက်ဖြစ်ပြီး အခြားတစ်ဦးမှာ မျိုးရိုးအမည် ရွှီ ဖြစ်သော ဖူယန်မြို့စား၏ အကြံပေးပုဂ္ဂိုလ် ဖြစ်သည်။ ဤနှစ်ဦးစလုံးသည် ဖူယန်မြို့စား၏ လူယုံများ ဖြစ်ကြသည်။

"ဟိုရယ်" တပ်မှူးကျောက်သည် စိတ်မရှည်တော့ပေ။ "အခု ဘယ်လိုလုပ်မလဲ၊ ဟိုရယ် မြန်မြန် ဆုံးဖြတ်မှ ဖြစ်မယ်"

ဖူယန်မြို့စားသည် ဒေါသထွက်နေပြီး တပ်မှူးကျောက်ကို စူးစိုက်ကြည့်လိုက်သည်။ "ဒီလောက်ကိစ္စကြီးကို ငါ သေချာ စဉ်းစားရဦးမှာပေါ့၊ ဘာလို့ လောနေတာလဲ"

အမှားတစ်ချက် လုပ်လိုက်တာနဲ့ ခေါင်းပြတ်ပြီး တစ်ဆွေတစ်မျိုးလုံး သေမဲ့ကိစ္စပဲ၊ ဘယ်လိုလုပ် လွယ်လွယ်ကူကူ ဆုံးဖြတ်လို့ ရပါ့မလဲ။

တပ်မှူးကျောက်သည် ပါးစပ်ပိတ်ထားလိုက်ရသည်။

ယနေ့နံနက်ပိုင်းတွင် ဖူယန်မြို့စားသည် စာနှစ်စောင် ဆက်တိုက် လက်ခံရရှိခဲ့သည်။

ပထမတစ်စောင်သည် ကွမ်းပင်းနယ်စားထံမှ ဖြစ်သည်။ ဖူယန်မြို့စားသည် စာကို ဖတ်ပြီးနောက် မျက်နှာပျက်သွားကာ တပ်မှူးကျောက်နှင့် အကြံပေးရွှီတို့ကို ချက်ချင်း ခေါ်ယူပြီး တိုးတိုးလေး ပြောပြလိုက်သည်။ "နန်းတော်ထဲမှာ ကိစ္စဖြစ်ပြီ။ အရှင်မင်းကြီး နတ်ရွာစံပြီတဲ့၊ ကွမ်းပင်းနယ်စားက စစ်တပ်ကို ဦးဆောင်ပြီး မြို့တော်ထဲ ဝင်သွားပြီ။ လူယုတ်မာတွေကို နှိမ်နင်းပြီး အရှင်မင်းကြီးအတွက် လက်စားချေပေးမလို့တဲ့"

တပ်မှူးကျောက်နှင့် အကြံပေးရွှီတို့သည် ထိတ်လန့်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ပေ။

ဖူယန်မြို့စားသည် စိတ်ရှုပ်ထွေးစွာဖြင့် လမ်းလျှောက်ရင်း တစ်ကိုယ်တည်း ရေရွတ်နေလေသည်။ "ဒီလောက်ကိစ္စကြီးကို ကွမ်းပင်းနယ်စားက ငါ့ကို မလိမ်ရဲပါဘူး။ တကယ်လို့ အရှင်မင်းကြီး တကယ် နတ်ရွာစံသွားပြီဆိုရင် သူက အရှင်မင်းကြီးအတွက် လက်စားချေပေးဖို့ စစ်ချီတယ်ဆိုတာက ..."

လက်စားချေတာ ဟုတ်လို့လား။

အခွင့်ကောင်းယူပြီး ထီးနန်းကို လုယူချင်နေတာ သက်သက်ပဲ။

ပြီးတော့ စာထဲမှာ သူနဲ့အတူ ပူးပေါင်းပြီး စစ်တိုက်ဖို့ တိုက်တွန်းထားတယ်။ အောင်မြင်ရင် တိုင်းပြည်ကို တစ်ဝက်စီ ခွဲယူမယ်တဲ့။

အကြံပေးရွှီသည် စာကို မဖတ်ရသော်လည်း စာထဲတွင် ဘာပါကြောင်း ခန့်မှန်းမိသည်။ ထို့ကြောင့် လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ဟိုရယ် စိတ်မဆိုးပါနဲ့။ အရင်ဆုံး စိတ်အေးအေးထားပြီး သေချာ စဉ်းစားကြည့်ပါဦး"

ဖူယန်မြို့စားသည် နှာခေါင်းရှုံ့လိုက်လေသည်။ "မုန့်ဟွေးက ဘယ်တုန်းက စေတနာကောင်း ရှိလို့လဲ။ သူက ငါ့ကို ရေထဲ ဆွဲချချင်နေတာ။ မဟုတ်ရင် သူ မြို့တော်ကို သိမ်းပိုက်နိုင်ရင်တောင် ရှင်းယန်စစ်တပ်နဲ့ ကျောက်စစ်တပ်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး"

စကားပြောနေစဉ်မှာပင် ကိုယ်ပိုင်တပ်သားက စာတစ်စောင် ထပ်မံပေးပို့လာသည်။ "ဟိုရယ်ကို လျှောက်တင်ပါတယ်၊ ရှင်းယန်ဝမ်ဆီက စာတစ်စောင် ရောက်လာပါတယ်"

ဖူယန်မြို့စားသည် နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး စာကို ယူကာ အလျင်အမြန် ဖွင့်ဖတ်လိုက်လေသည်။

ရှင်းယန်ဝမ်၏ စာသည် ကွမ်းပင်းနယ်စား ပြောသည်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။ "... အရှင်မင်းကြီးက လူယုတ်မာတွေလက်ချက်နဲ့ နတ်ရွာစံသွားပါတယ်။ နန်းတော်ထဲမှာ ဟွမ်ဟုပ်ညန်ညန်နဲ့ ထိုက်ဇီဖေးတို့ ရှိနေတော့ ရှုပ်ထွေးမှုတွေ ဖြစ်မှာ မဟုတ်ပါဘူး။ စိုးရိမ်ရတာ တစ်ခုက ကွမ်းပင်းနယ်စားက အခွင့်ကောင်းယူပြီး ပြဿနာရှာမှာကိုပဲ။ ကျုပ်က နန်းတော်က လျှို့ဝှက်အမိန့် ရထားပြီးပြီ။ ရှင်းယန်စစ်တပ် ငါးသောင်း အကုန်လုံး ထွက်လာခဲ့ပြီ။ ကိုယ်ရံတော်တပ်ဖွဲ့နဲ့ ပေါင်းပြီး မုန့်စစ်တပ်ကို အမြန်ဆုံး နှိမ်နင်းမယ်"

"ခင်ဗျားဆီကို နန်းတော်က လျှို့ဝှက်အမိန့် ရောက်လာရင်လည်း အတူတူ ထွက်တိုက်လို့ ရတယ်။ တကယ်လို့ အမိန့်မရောက်သေးရင် စစ်စခန်းကို သေချာ စောင့်ကြပ်နေလိုက်။ လူမိုက်တွေ အခွင့်ကောင်းယူပြီး ပြဿနာမရှာအောင် ကာကွယ်ရမယ်"

ဒီစာကတော့ လူမသိအောင် ဖုံးကွယ်ထားစရာ မလိုပါဘူး။

ဖူယန်မြို့စားသည် စာဖတ်ပြီးနောက် တပ်မှူးကျောက်နှင့် အကြံပေးရွှီကို ပေးလိုက်သည်။ နှစ်ယောက်သား စာကို ဖတ်ပြီးနောက် တစ်ယောက်တစ်မျိုး တိုးတိုးတိတ်တိတ် မှတ်ချက်ပေးကြလေသည်။ "ကျွန်တော်မျိုး ထင်တာတော့ ရှင်းယန်ဝမ် ပြောတာ အဓိပ္ပာယ်ရှိတယ်။ နန်းတော်က အမိန့်မရှိဘဲ ကျွန်တော်မျိုးတို့ သဘောနဲ့ စစ်ထွက်ရင် နောက်ကျရင် အပြစ်ပြန်ရှာခံရလိမ့်မယ်။ တစ်ဆွေတစ်မျိုးလုံး သတ်ဖြတ်ခံရမဲ့ အပြစ်ကြီးပဲ"

"မှန်ပါတယ်။ ဟိုရယ် ဘာလို့ အခြေအနေကို စောင့်မကြည့်တာလဲ။ ဒီနေ့ ကျော်သွားမှ ဆက်ကြည့်တာပေါ့"

အတိုချုပ်ပြောရရင် ငှက်နဲ့ခရု ရန်ဖြစ်ကြတော့ ရေလုပ်သား အကျိုးရှိသလိုပေါ့။ အလောတကြီး ဝင်မပါဘဲ အခြေအနေကို စောင့်ကြည့်တာ အကောင်းဆုံးပဲ။

ဖူယန်မြို့စားသည် ဆုံးဖြတ်ချက်ချလိုက်ပြီး မလှုပ်ရှားဘဲ နေရန် ဆုံးဖြတ်လိုက်သည်။

သို့သော် လွန်ခဲ့သော တစ်နာရီခန့်က မြို့တော်မှ သတင်းတစ်ခု ရောက်ရှိလာသည်။ ကွမ်းပင်းနယ်စားသည် မြို့တံခါးတွင် အတွင်းလူရှိပြီး စစ်တပ်ကို ဦးဆောင်ကာ မြို့ထဲ ဝင်သွားပြီဟု ဆိုသည်။

ဒီသတင်းကို ကြားပြီးနောက် ဖူယန်မြို့စားသည် အလွန် နောင်တရပြီး ဒေါသထွက်မိသည်။ အခွင့်အရေးကောင်းကြီးကို လက်လွှတ်လိုက်ရပြီပဲ!

ဒါပေမဲ့ မြို့တော်ကနေ စာပို့တာ ဘယ်လောက်မြန်မြန် ခြောက်နာရီလောက် ကြာတာပဲ။

အဲဒီ ခြောက်နာရီအတွင်းမှာ ဘာတွေ ပြောင်းလဲသွားမလဲ ဘယ်သူသိမှာလဲ။

အခုမှ စစ်ထွက်ရင် မြို့တော်ရောက်တဲ့အချိန်ကျရင် တိုက်ပွဲက ပြီးလို့ အနိုင်အရှုံးတောင် ပေါ်နေလောက်ပြီ။ သူသွားလည်း ဘာအကျိုးအမြတ်မှ ရတော့မှာ မဟုတ်ဘူး။

အချုပ်အားဖြင့်ဆိုရသော် ဖူယန်မြို့စား၏ စိတ်သည် မီးသွေးပေါ် တင်ထားသကဲ့သို့ ပူလောင်နေပြီး စစ်တဲအတွင်းတွင် စိတ်ရှုပ်ထွေးစွာဖြင့် လှည့်ပတ်သွားလာနေလေသည်။

အသက်ငါးဆယ်နီးပါး ရှိပြီဖြစ်သော အကြံပေးရွှီသည် ရင့်ကျက်တည်ငြိမ်ပြီး သခင်ဖြစ်သူ၏ စိတ်သဘောထားကို အကဲခတ် အတော်ဆုံးဖြစ်သည်။ လေသံတိုးတိုးဖြင့် နှစ်သိမ့်လိုက်သည်။ "လောလောဆယ် အခြေအနေက မသေချာသေးတော့ ဘယ်သူနိုင်မလဲ ဆိုတာ ပြောဖို့ ခက်ပါတယ်"

"ဟိုရယ် နည်းနည်းလောက် ထပ်စောင့်ကြည့်ပါဦး"

စရိုက်က ကံကြမ္မာကို ဖန်တီးတာပဲ။

ကွမ်းပင်းနယ်စားက အရည်အချင်းရှိတယ်၊ ရည်မှန်းချက်ကြီးတယ်၊ စွန့်စားရဲတယ်။ ယုံးကျားဧကရာဇ် သေဆုံးတာနဲ့ စစ်တပ်ကို ဦးဆောင်ပြီး နန်းတော်ကို သိမ်းဖို့ ကြိုးစားရဲတယ်။

ဖူယန်မြို့စားကတော့ အကျိုးအမြတ် လိုချင်ပေမဲ့ အသက်ကို စွန့်ရဲတဲ့သတ္တိ မရှိဘူး။ ဒါကြောင့် ငြိမ်ငြိမ်လေး စောင့်နေတာပဲ ကောင်းပါတယ်။

ထင်သည့်အတိုင်းပင်။ ဖူယန်မြို့စားသည် သက်ပြင်းရှည်ကြီး ချလိုက်ပြီး ဆုံးဖြတ်ချက် ချလိုက်လေသည်။ "ထားလိုက်ပါတော့၊ အခုမှ ဘာလုပ်လုပ် နောက်ကျသွားပြီ။ စစ်စခန်းထဲမှာပဲ စောင့်နေတာ ကောင်းပါတယ်။ တကယ်လို့ မုန့်စစ်တပ် ရှုံးသွားရင် ငါ ကံကောင်းလို့ လွတ်သွားတာပဲ။ တကယ်လို့ မုန့်ဟွေး နိုင်ခဲ့ရင်တောင် ... ရှင်းယန်ဝမ်နဲ့ လျန်စစ်သူကြီး ရှိနေသေးတယ်၊ နန်းတော်ထဲမှာလည်း ထိုက်ဇီဖေး ရှိနေသေးတယ်ဆိုတော့ သူနိုင်ဖို့က မလွယ်ပါဘူး"

ဒါသည် ဖူယန်မြို့စား တစ်နေကုန် စဉ်းစားပြီးမှ ရရှိလာသော ကောက်ချက်ဖြစ်သည်။

ဘယ်လိုပဲကြည့်ကြည့် ကွမ်းပင်းနယ်စား နိုင်နိုင်ခြေက သိပ်မရှိပါဘူး။ သုံးဆယ်ရာခိုင်နှုန်းတောင် မကျော်ဘူး။

ကွမ်းပင်းနယ်စားကလည်း တကယ်ကို ရူးနေပါပြီ။ ဒီလို အလုံးစုံ ပုံအောပြီး သူ့ရဲ့ ဘဝနဲ့ အသက်ကို လောင်းကြေးထပ်လိုက်တာပဲ။

ဖူယန်မြို့စားသည် ဆုံးဖြတ်ချက်ချပြီးနောက် အရက်နှင့် အမြည်း မှာလိုက်သည်။ မိုးချုပ်တော့မည် ဖြစ်သဖြင့် အရက်လေးသောက်ရင်း မြို့တော်ဘက်က သတင်းကို ဆက်စောင့်နေလိုက်ဦးမည်။

...

"အရှင်မင်းသား မိုးချုပ်တော့မယ်"

တုန်းဟွာတံခါး အပြင်ဘက်တွင် စတုတ္ထမင်းသား၏ ကိုယ်ပိုင်တပ်သားများသည် မတ်တပ်ရပ်ရတာ ညောင်းလာသဖြင့် သခင်ဖြစ်သူ၏ ခွင့်ပြုချက်အရ ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ကြသည်။ အားလုံးက ရှေ့ကို သတိကြီးစွာဖြင့် ကြည့်နေကြသည်။

စတုတ္ထမင်းသားသည်လည်း နေ့တစ်ဝက်ကျော်ကြာ ထိုင်နေခဲ့ပြီး ရေတစ်ငုံပင် မသောက်ခဲ့ပေ။

စားကောင်းသောက်ဖွယ်များ ရှေ့ရောက်လာလျှင်ပင်င် သူ စားနိုင်သောက်နိုင်မှာ မဟုတ်ပါပေ။

နတ်ရွာစံသွားသော ဖခင်ကို တွေးလိုက်မိတိုင်း စတုတ္ထမင်းသား၏ မျက်ရည်များသည် အထိန်းအကွပ်မဲ့ စီးကျလာလေသည်။ နေ့တစ်ဝက်ကျော်ကြာ ငိုကြွေးထားသဖြင့် မျက်လုံးများ နီရဲရောင်ရမ်းနေပြီး မျက်လုံးရာက မျဉ်းကြောင်းတစ်ကြောင်းလောက်သာ ကျန်တော့သည်။

ကောင်းကင်ကြီး တဖြည်းဖြည်း မှောင်လာသည်ကို မြင်သောအခါ ဘေးနားရှိ ကိုယ်ပိုင်တပ်သားက စိတ်ပူလာပြီး တိုးတိုးလေး ပြောလိုက်သည်။ "အရှင်မင်းသား၊ ကျွန်တော်တို့ ဒီမှာပဲ တစ်ချိန်လုံး စောင့်နေလို့ မဖြစ်ဘူးထင်တယ်"

စတုတ္ထမင်းသား ပါးစပ်ဟလိုက်သော်လည်း စကားမဆုံးခင်မှာပင် မြေကြီး တုန်ခါလာပြီး ထူးဆန်းသော အသံများ နားထဲသို့ ဝင်ရောက်လာသည်။

စတုတ္ထမင်းသား၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားတော့သည်။

...

အပိုင်း (၆၆၉) ပုန်ကန်မှု (၅)

"ညန်ညန်"

မြေကြီးတုန်ခါသံနှင့် မိုးခြိမ်းသံကဲ့သို့သော ခြေသံများ နားထဲသို့ ဝင်ရောက်လာသည်နှင့် လျန်အာ့လန်၏ မျက်နှာထား ပြောင်းလဲသွားပြီး အလျင်အမြန် ပြောလိုက်သည်။ "အခြေအနေ မကောင်းတော့ဘူး"

လုမင်ယွိသည်လည်း သေချာပေါက် ကြားလိုက်သည်။

သူမက မျက်မှောင်ကြုတ်ကာ တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။ "ငါ့အမိန့်ကို နာခံပြီး ကျန်တဲ့ နန်းတော်တံခါး သုံးခုမှာ လူငါးရာစီ ချန်ထားခဲ့။ ကျန်တဲ့ ကိုယ်ရံတော်တပ်သား အကုန်လုံး တုန်းဟွာတံခါးဆီ ချက်ချင်း လာခဲ့ကြ"

"ပြီးတော့ လေးသမားတွေကို အသင့်ပြင်ထားခိုင်းလိုက်"

လျန်အာ့လန်သည် ချက်ချင်း အမိန့်နာခံပြီး တစ်ခုချင်းစီ စီစဉ်ညွှန်ကြားလိုက်သည်။

ကိုယ်ရံတော်တပ်ဖွဲ့ထဲမှ လေးသမား အနည်းငယ်သည် နန်းတော်တံခါး အနောက်တွင် စုဝေးနေကြပြီး အများစုမှာ လူစုခွဲကာ သစ်သားလှေကားဖြင့် မြို့ရိုးပေါ်သို့ တက်ရောက်သွားကြသည်။

ညနေစောင်းချိန် ဖြစ်သဖြင့် နေရောင်ခြည်သည် မြို့ရိုးပေါ်သို့ ဖြာကျနေ၏။ သံချပ်ကာ ဝတ်ဆင်ထားသော ကိုယ်ရံတော်တပ်သား တစ်ဦးစီသည် မြို့ရိုးပေါ်တွင် ဝပ်နေပြီး လေးများကို ကိုင်ဆောင်ထားကြသည်။

လျန်အာ့လန်သည် စိုးရိမ်ပူပန်နေပြီး သစ်သားလှေကားပေါ် တက်ကာ အဝေးသို့ လှမ်းကြည့်လိုက်သည်။ မကြာမီ မြေကြီးတုန်ခါမှု ပိုမို ပြင်းထန်လာပြီး အနက်ရောင် အရိပ်အယောင်တစ်ခု မျက်စိရှေ့သို့ ရောက်ရှိလာသည်။

"ညန်ညန်၊ မုန့်စစ်တပ်ပဲ" လျန်အာ့လန်သည် ဒေါသတကြီး အော်ဟစ်လိုက်သည်။ ဒေါသကြောင့်လား ကြောက်ရွံ့မှုကြောင့်လား မသိဘဲ အသံများ အက်ကွဲနေလေသည်။ "မုန့်စစ်တပ်ရဲ့ အလံပဲ"

ရှေ့ဆုံးမှ လွှင့်ထူထားသော အလံတွင် ကျားရိုင်းပုံ ရေးဆွဲထားပြီး မုန့်စစ်တပ်၏ စစ်အလံ ဖြစ်ပေသည်။

နေပါဦး၊ စတုတ္ထမင်းသားနဲ့ ကိုယ်ပိုင်တပ်သားတွေ အကုန်လုံး နန်းတော်တံခါး အပြင်ဘက်မှာ ရောက်နေတာပဲ။

လျန်အာ့လန်၏ မျက်နှာထား ပြောင်းလဲသွားပြန်ပြီး အသံများ ပျက်ယွင်းသွားသည်။ "ညန်ညန်၊ နန်းတော်တံခါး မြန်မြန် ဖွင့်ခိုင်းလိုက်ပါ။ စတုတ္ထမင်းသားက အပြင်မှာ ကျန်ခဲ့တယ်"

လျန်အာ့လန်၏ အော်ဟစ်သံကို နန်းတော်တံခါး အတွင်းအပြင်ရှိ လူအားလုံး ကြားလိုက်ကြသည်။

လုမင်ယွိ အသံမထွက်မီမှာပင် မူလက ကြမ်းပြင်ပေါ်တွင် ထိုင်နေသော စတုတ္ထမင်းသားသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။ ဘယ်ကနေ ရောက်လာမှန်း မသိသော အားအင်များဖြင့် ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်သည်။ "မဖြစ်ဘူး၊ နန်းတော်တံခါး ဖွင့်လို့မဖြစ်ဘူး။ ရန်သူတွေ ရောက်တော့မှာ၊ လုံးဝ မဖွင့်နဲ့"

ဤကဲ့သို့သော အချိန်မျိုးတွင် နန်းတော်တံခါးကို လုံးဝ ဖွင့်ပေး၍ မရပေ။

မကောင်းမြင်စိတ်ဖြင့် တွေးကြည့်မည်ဆိုလျှင် စတုတ္ထမင်းသားနှင့် ကွမ်းပင်းနယ်စားတို့ တိတ်တဆိတ် ပူးပေါင်းထားပါက နန်းတော်တံခါး ဖွင့်လိုက်သည်နှင့် တပြိုင်နက် နန်းတော်ထဲသို့ ဝင်ရောက်တိုက်ခိုက်လာနိုင်ပြီး မြို့တံခါးကျိုးပေါက်သည့် ဖြစ်ရပ်မျိုး ထပ်မံ ကြုံတွေ့ရနိုင်သည်။

စတုတ္ထမင်းသားက ရိုးသားပြီး ကွမ်းပင်းနယ်စားနှင့် မပတ်သက်ဘူး ဆိုရင်တောင် နန်းတော်တံခါး ဖွင့်တာက အန္တရာယ်များတဲ့ ကိစ္စပါပဲ။ တုန်းဟွာတံခါးက အရမ်းလေးလံပြီး လူရှစ်ယောက်လောက် တွန်းမှ ပွင့်တာလေ။ ကိုယ်ပိုင်တပ်သား ရာဂဏန်းလောက် နန်းတော်ထဲ ဝင်လာပြီးမှ ပြန်ပိတ်မယ်ဆိုရင် အနည်းဆုံး လက်ဖက်ရည်တစ်အိုးစာလောက် ကြာဦးမှာ။

အဲဒီအချိန်ကျရင် မုန့်စစ်တပ်က လူတွေ ရောက်လာလောက်ပြီ။

မမီတော့ဘူး။

မျက်စိတစ်ဆုံး ကြည့်လိုက်တော့ လူတွေ အမည်းလိုက်ကြီးပဲ။ အကြမ်းဖျင်း ကြည့်လိုက်ရင် အနည်းဆုံး လူတစ်သောင်းနှစ်သောင်းလောက် ရှိမယ်။ စတုတ္ထမင်းသားဆီမှာ ကိုယ်ပိုင်တပ်သား ငါးရာလောက်ပဲ ရှိတာ။ သွားတိုက်ရင် အလကား သက်သက် အသေခံသလို ဖြစ်နေမှာပေါ့။

အခု ဘယ်လိုလုပ်ကြမလဲ။

ဘာကြောင့်မှန်း မသိဘဲ လျန်အာ့လန်၏ ဦးနှောက်ထဲတွင် အတွေးတစ်ခု ဖြတ်ပြေးသွားသည်။

အရွယ်ရောက်ပြီးသား မင်းသားတွေထဲမှာ နှစ်ယောက် သေသွားပြီ၊ တစ်ယောက်က အကျဉ်းချခံထားရတယ်။ အခု ထီးနန်းအတွက် ခြိမ်းခြောက်မှု အရှိဆုံးက စတုတ္ထမင်းသား တစ်ယောက်ပဲ ရှိတော့တယ်။ ထိုက်ဇီဖေးကများ ဒီအခွင့်အရေးကို သုံးပြီး စတုတ္ထမင်းသားကို ရှင်းထုတ်ပစ်ချင်နေတာများလား ...

ဤအတွေး ဝင်လာသည်နှင့် လျန်အာ့လန်သည် ကြက်သီးမွေးညင်းများ ထသွားမိသည်။

ထိုအချိန်တွင် လုမင်ယွိ၏ တည်ငြိမ်သော အမိန့်ပေးသံကို ကြားလိုက်ရသည်။ "လေးသမားတွေ မြို့ရိုးပေါ်မှာ အဆင်သင့် ပြင်ထား၊ မုန့်စစ်တပ်က မြှားတစ်ကမ်းအကွာ ရောက်တာနဲ့ ချက်ချင်း ပစ်တော့။ ဓားကိုင်တဲ့လူတွေ အခု သစ်သားလှေကားပေါ် တက်ကြ"

လျန်အာ့လန်သည် အံ့သြသွားပြီး ချက်ချင်း လှည့်ကြည့်လိုက်သည်။

လုမင်ယွိသည် သစ်သားလှေကားပေါ် ရောက်နေပြီး ခဏအတွင်းမှာပင် မြို့ရိုးပေါ်သို့ ရောက်ရှိသွားသည်ကို တွေ့လိုက်ရသည်။

လျန်အာ့လန်၏ ဦးခေါင်းခွံများ ပေါက်ကွဲထွက်မတတ် ဖြစ်သွားသည်။ "ညန်ညန်၊ ဘာလုပ်မလို့လဲ"

ဘာလုပ်မလို့လဲ ဟုတ်လား။ သိသာနေတာပဲ မဟုတ်လား။

လုမင်ယွိက လျန်အာ့လန်ကို စောင်းငဲ့ကြည့်လိုက်သည်။ "စတုတ္ထမင်းသား သေမဲ့လမ်းကို သွားနေတာ ငါက ဒီတိုင်း လက်ပိုက်ကြည့်နေမယ် ထင်လို့လား"

လျန်အာ့လန်၏ မျက်နှာနှင့် နားရွက်များ ပူထူသွားပြီး ပြန်လည်ခြေပရန် အချိန်မရလိုက်မီမှာပင် လုမင်ယွိသည် ခုန်ချလိုက်လေသည်။ မြို့ရိုးသည် ပေ ၂၀ ခန့် မြင့်မားလေသည်။ လုမင်ယွိ ခုန်ချလိုက်သော်လည်း မြေပြင်ပေါ်သို့ အသံမထွက်ဘဲ ပေါ့ပါးစွာ ကျရောက်သွားသည်။

လျန်အာ့လန်သာမက စတုတ္ထမင်းသားပင် အံ့အားသင့်သွားသည်။ "အာ့စောင်! ဘာလို့ ဆင်းလာတာလဲ"

လုမင်ယွိက စတုတ္ထမင်းသားကို စိုက်ကြည့်ကာ ဒေါသတကြီး ပြောလိုက်သည်။ "နင့်မှာ ရှိတဲ့ လူအင်အားလောက်နဲ့ ကွမ်းပင်းနယ်စားကို ဘယ်လို တားနိုင်မလဲ။ နင် သေသွားမှာ ငါ ကြည့်မနေနိုင်ဘူး"

"ကြောင်မနေနဲ့တော့၊ မြန်မြန် အမိန့်ပေးလိုက်၊ အားလုံး တိုက်ခိုက်ဖို့ အဆင်သင့် ပြင်ထားကြလို့"

စကားပြောနေစဉ်မှာပင် လူအများအပြား သစ်သားလှေကားပေါ်မှ ခုန်ချလာကြသည်။ သူတို့၏ ကိုယ်ဖော့ပညာသည် လုမင်ယွိလောက် မကောင်းကြပေ။ အချို့မှာ မြေပေါ်ကျသည့်အခါ ယိုင်နဲ့သွားကြပြီး အချို့မှာ ခြေထောက်နာသွားကြသည်။

သို့သော် ဤအချိန်တွင် မည်သူမျှ အသံမထွက်ရဲကြပေ။ နောက်လူများလည်း တစ်ယောက်ပြီးတစ်ယောက် ဆက်လက် ခုန်ချလာကြသည်။

မုန့်စစ်တပ်မှ လူများသည် မီတာ ၁၀၀ အကွာအဝေးသို့ ရောက်ရှိလာကြပြီ ဖြစ်သည်။

လျန်အာ့လန်သည် မျက်လုံးကို လက်ဖမိုးဖြင့် ပွတ်သပ်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "ပစ်ကြ!"

အမိန့်ပေးလိုက်သည်နှင့် လေးသမားများသည် လက်ထဲမှ လေးကြိုးများကို လွှတ်လိုက်ကြသည်။ ရာပေါင်းများစွာသော မြှားများသည် လေထုကို ခွင်းလျက် မိုးစက်များကဲ့သို့ ကျဆင်းလာကြသည်။

ချက်ချင်းပင် နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာပြီး လူအများအပြား လဲကျသွားကြသည်။

ထို့နောက် ဒုတိယအသုတ်၊ တတိယအသုတ်၊ စတုတ္ထအသုတ် မြှားများ ဆက်တိုက် ပစ်ခတ်ကြသည်။

မြှားများ တရစပ် ပစ်ခတ်မှုကြောင့် မုန့်စစ်တပ်၏ ချီတက်မှုကို ခေတ္တ တားဆီးထားနိုင်ခဲ့သည်။ သစ်သားလှေကားပေါ်မှ ဆင်းလာသော ကိုယ်ရံတော်တပ်သားများသည် ပိုမို မြန်ဆန်လာပြီး တစ်ယောက်ပြီးတစ်ယောက် ခုန်ချကာ စုဝေးလာကြသည်။

လူအင်အား များလာသဖြင့် စိတ်ထဲတွင်လည်း ပိုမို လုံခြုံမှု ရှိလာသည်။

စတုတ္ထမင်းသားသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "အာ့စောင်၊ နောက်ဆက်တွဲ ဘာလုပ်မလဲ။ အာ့စောင် သဘောအတိုင်း လုပ်ပါ"

စစ်တိုက်သည့်အခါ ခေါင်းဆောင် တစ်ယောက်တည်းသာ ရှိသင့်သည်။

လုမင်ယွိသည် ငြင်းဆန်မနေတော့ဘဲ ခေါင်းတစ်ချက် ညိတ်လိုက်သည်။ "ကောင်းပြီ"

သူမသည် အသံကို အထူးတလည် မြှင့်မပြောသော်လည်း သူမ၏ အသံသည် လူတိုင်း၏ နားထဲသို့ ရှင်းလင်းပြတ်သားစွာ ရောက်ရှိသွားသည်။ "မုန့်စစ်တပ်က လူများတယ်၊ ငါတို့က လူနည်းတယ်။ တန်းစီတိုက်ကွက်နဲ့ တိုက်မယ်"

တန်းစီတိုက်ကွက် ဆိုသည်မှာ လူအားလုံး တန်းစီရပ်ပြီး ရန်သူကို ရင်ဆိုင်ခြင်း ဖြစ်သည်။ ယေဘုယျအားဖြင့် အနီးကပ် တိုက်ပွဲများတွင် အသုံးပြုလေ့ရှိသည်။ ယခုကဲ့သို့ စတုတ္ထမင်းသား၏ ကိုယ်ပိုင်တပ်သားများနှင့် ကိုယ်ရံတော်တပ်သားများသည် အတူတကွ လေ့ကျင့်ဖူးခြင်း မရှိသဖြင့် ဤကဲ့သို့ ရိုးရှင်းသော တိုက်ကွက်ကိုသာ အသုံးပြုရတော့မည်။

ထို့အပြင် နောက်ကျောတွင် နန်းတော်တံခါး ရှိနေသဖြင့် နောက်ဆုတ်၍ မရတော့ပေ။ အသေခံ တိုက်ခိုက်ခြင်းသာ ရှိတော့သည်။

လူတိုင်း၏ ရင်ထဲတွင် သွေးများ ဆူပွက်လာပြီး ပြိုင်တူ အော်ဟစ်လိုက်ကြသည်။ "ဟုတ်ကဲ့ပါ"

ထို့နောက် ဓားများကို ဆွဲထုတ်ကာ တိုက်ကွက်ဖော်လိုက်ကြသည်။

နောက်မှ ရောက်လာသူများသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ရှေ့မှလူ လဲကျသွားပါက အချိန်မရွေး ဝင်ရောက်တိုက်ခိုက်ရန် အဆင်သင့် ပြင်ထားလိုက်ကြသည်။

စတုတ္ထမင်းသားသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ဓားကို ကိုင်ကာ ရှေ့သို့ တိုးသွားရန် ပြင်လိုက်စဉ် ညာဘက်လက်ကောက်ဝတ်ကို လုမင်ယွိက ဖမ်းဆွဲထားလိုက်သည်။ "စစ်တိ၊ စိတ်မလောနဲ့ဦး"

ဒီလိုအချိန်ရောက်မှတော့ သူ ဘယ်လိုလုပ် စိတ်အေးနိုင်မှာလဲ။

စတုတ္ထမင်းသားသည် လုမင်ယွိကို လှည့်ကြည့်လိုက်သည်။ "အာ့စောင်၊ ကျွန်တော် လူတွေကို ဦးဆောင်ပြီး သွားတိုက်မလို့"

လုမင်ယွိက တည်ငြိမ်စွာ ပြောလိုက်သည်။ "မလောနဲ့၊ အရင်ဆုံး စောင့်ကြည့်လိုက်ဦး။ ကွမ်းပင်းနယ်စား ဘယ်မှာလဲဆိုတာ ရှာလိုက်"

ကွမ်းပင်းနယ်စားကို သတ်နိုင်ရင် မုန့်စစ်တပ်က မတိုက်ခင်ကတည်းက ရှုံးသွားမှာ။

စတုတ္ထမင်းသားသည် ချက်ချင်း သဘောပေါက်သွားပြီး ခေါင်းညိတ်ကာ ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။ သို့သော် ယခုအချိန်သည် နေဝင်ရီတရော အချိန်ဖြစ်သဖြင့် အလင်းရောင် အားနည်းနေပြီး အမည်းရောင် လူအုပ်ကြီးထဲတွင် မည်သူက ကွမ်းပင်းနယ်စားဖြစ်သည်ကို မည်သို့ ရှာဖွေနိုင်ပါမည်နည်း။

လုမင်ယွိသည် စစ်အလံရှိရာ ဘက်သို့ အာရုံစိုက် ကြည့်လိုက်သည်။ မကြာမီ သူမ၏ အကြည့်သည် လူရိပ်တစ်ခုအပေါ်သို့ ကျရောက်သွားသည်။

အဝေးကြီး ဖြစ်နေသဖြင့် မျက်နှာကို သေချာ မမြင်ရသလို ကိုယ်လုံးကိုယ်ထည်ကိုလည်း သဲကွဲစွာ မမြင်ရပေ။ သို့သော် ထိုအမျိုးသားသည် အရပ်ရှည်ပြီး ထွားကြိုင်းကာ သာမန်လူများနှင့်မတူသော အရှိန်အဝါ ရှိလေသည်။

ဒီလို အရှိန်အဝါ ရှိတဲ့သူက ကွမ်းပင်းနယ်စား မဟုတ်ရင်တောင် စစ်တပ်ထဲက တပ်မှူးတစ်ယောက်ယောက် ဖြစ်မှာ သေချာတယ်။

လုမင်ယွိ၏ မျက်လုံးများ အရောင်လက်သွားပြီး ဘေးနားရှိ ကိုယ်ပိုင်တပ်သားထံမှ လေးနှင့်မြှားကို ယူလိုက်သည်။ လက်တစ်ဖက်က လေးကို ကိုင်ပြီး ကျန်လက်တစ်ဖက်က မြှားကို ယူကာ လေးကြိုးပေါ် တင်လိုက်သည်။ အာရုံစူးစိုက်ကာ အသက်ရှူအောင့်ထားပြီး စိတ်ထဲတွင် ရေတွက်လိုက်သည်။

တစ်!

မြှားတံသည် ဝှစ်ခနဲ လေထုကို ခွင်းလျက် ပျံသန်းသွားလေသည်။

ထိုအမျိုးသား၏ နဖူးတည့်တည့်ကို ထိမှန်သွားသည်။

အမျိုးသားသည် နဖူးတွင် မြှားထိမှန်ပြီး ချက်ချင်း လဲကျသွားသည်။ မုန့်စစ်တပ်အတွင်း ရုတ်တရက် ရုန်းရင်းဆန်ခတ် ဖြစ်သွားသည်။

စတုတ္ထမင်းသား ဝမ်းသာသွားပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် လုမင်ယွိသည် နောက်ထပ် မြှားတစ်စင်းကို ဆွဲထုတ်ပြီး ပစ်လွှတ်လိုက်သည်ကို တွေ့လိုက်ရသည်။

...

All Chapters