အခန်း (၆၇၀-၆၇၂)
Vol. 45 Ch. 670-672
အပိုင်း (၆၇၀) ပုန်ကန်မှု (၆)
လုမင်ယွိ၏ လေးပစ်နှုန်းသည် အလွန် မြန်ဆန်လှသည်။ မြှားတစ်စင်းပြီး တစ်စင်း ဆက်တိုက် ပစ်လွှတ်လိုက်ရာ လေထုကို ခွင်းသော အသံများ တရစပ် ထွက်ပေါ်လာသည်။ မြှားတစ်စင်း ထွက်သွားတိုင်း လူတစ်ယောက် လဲကျသွားရသည်။
ထို့အပြင် လုမင်ယွိသည် စစ်သူကြီးဟု ထင်ရလောက်အောင် အရပ်ရှည်ပြီး ထွားကြိုင်းသော အမျိုးသားများကိုသာ ရွေးချယ် ပစ်ခတ်နေခြင်း ဖြစ်သည်။ သူမသည် ခုနစ်ယောက် ဆက်တိုက် သတ်ဖြတ်လိုက်ပြီ ဖြစ်သည်။
မုန့်စစ်တပ်သာမက စတုတ္ထမင်းသားပင်လျှင် မြင်ရသူတိုင်း ကြက်သီးမွေးညင်း ထလောက်အောင် ကြောက်ရွံ့သွားကြသည်။
ဤကဲ့သို့ မြှားမိုးရွာချလိုက်သဖြင့် မုန့်စစ်တပ် အထိနာသွားပြီး နန်းတော်တံခါးသို့ ချီတက်လာခြင်းကို ခေတ္တ တားဆီးထားနိုင်ခဲ့သည်။
နန်းတော်အတွင်းဘက်မှ ဆူညံသော ခြေသံများ ထွက်ပေါ်လာသည်။ မြို့ရိုးပေါ်မှ ခုန်ချလာသော ကိုယ်ရံတော်တပ်သားများ တဖြည်းဖြည်း များပြားလာသည်။ နန်းတော်တံခါး အပြင်ဘက်ရှိ ကိုယ်ရံတော်တပ်သားများ၏ ရင်ထဲမှ ကြောက်ရွံ့မှုများ ပျောက်ကွယ်သွားပြီး တိုက်ခိုက်လိုစိတ်များ ပြင်းထန်လာသည်။ လူတိုင်း ဓားရှည်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ရှေ့ကို စူးစိုက်ကြည့်နေကြသည်။
ထိုအချိန်တွင် မုန့်စစ်တပ်မှ ရဲရင့်သော စစ်သည် ဆယ်ဂဏန်းခန့်သည် မြှားမိုးကြားမှ တိုးထွက်လာကြသည်။ စတုတ္ထမင်းသားသည် တွန့်ဆုတ်မနေဘဲ ဓားဖြင့် ခုတ်ပိုင်းကာ တစ်ဦးကို သတ်ဖြတ်လိုက်သည်။ ကျန်ရှိသော စစ်သည်များကိုလည်း ကိုယ်ရံတော်တပ်သားများက ဝိုင်းဝန်း သတ်ဖြတ်လိုက်ကြသည်။
တန်းစီတိုက်ကွက်ဖြင့် နန်းတော်တံခါးကို အနောက်တွင်ထားကာ ခိုင်မြဲစွာ ကာကွယ်ထားလိုက်ကြသည်။
နန်းတော်တံခါးကို ကျော်ချင်ရင် သူတို့ရဲ့ အလောင်းတွေကို အရင် ကျော်ဖြတ်လိုက်။
လုမင်ယွိသည် မြှားအိမ်ထဲမှ မြှားများ ကုန်သွားသောအခါ လေးနှင့်မြှားအိမ်ကို ဘေးသို့ ပစ်လိုက်ပြီး ပေါင်ယွိဓားရှည်ကို ဆွဲထုတ်လိုက်သည်။
မုန့်စစ်တပ်ကြီးသည် နောက်ဆုံးတွင် ရှေ့သို့ ရောက်ရှိလာကြပြီ ဖြစ်သည်။
မြို့ရိုးပေါ်ရှိ လေးသမားများသည် မိမိလူ အချင်းချင်း ထိခိုက်မိမည်ကို စိုးရိမ်သဖြင့် ရှေ့ဆုံးတန်းကို မပစ်ခတ်တော့ဘဲ မုန့်စစ်တပ်၏ နောက်တန်းကိုသာ ပစ်မှတ်ထား ပစ်ခတ်ကြသည်။ ရှေ့ဆုံးမှ လူများသည် ကိုယ်ရံတော်တပ်သားများနှင့် ရောနှော တိုက်ခိုက်နေကြပြီ ဖြစ်သည်။
လုမင်ယွိသည် အံ့သြဖွယ် ခွန်အားဖြင့် ဓားရှည်ကို ဝှေ့ယမ်းကာ တိုက်ခိုက်နေလေသည်။
စစ်မြေပြင်တွင် ရှုပ်ထွေးသော ဓားသိုင်းကွက်များ မလိုအပ်ပေ။ ထိုးခြင်း၊ ခုတ်ခြင်း၊ ကာကွယ်ခြင်း၊ ဝှေ့ယမ်းခြင်း စသည့် ရိုးရှင်းသော နည်းလမ်းများသာ လိုအပ်သည်။
လုမင်ယွိသည် မွေးရာပါ ခွန်အားကြီးမားသူဖြစ်ပြီး ဓားချက်များသည် မြန်ဆန်၍ ပြင်းထန်လေသည်။ ဓားချက်တစ်ချက်တိုင်းတွင် သွေးစက်များ လွင့်ပျံလာပြီး နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ပူနွေးသော သွေးစက်များသည် သူမ၏ အင်္ကျီပေါ်သို့ စင်လာပြီး တစ်ခါတစ်ရံ မျက်နှာပေါ်သို့ပင် ကျရောက်လာသည်။
လုမင်ယွိသည် ခြေတစ်လှမ်းမျှ မရွေ့ဘဲ လက်ထဲမှ ဓားကို လေကဲ့သို့ လျင်မြန်စွာ ဝှေ့ယမ်းနေရင်း စူးရှသော မျက်လုံးများဖြင့် ရံဖန်ရံခါ လှည့်ပတ်ကြည့်ရှုနေသည်။
ခုနက ပစ်သတ်လိုက်တဲ့ လူတွေထဲမှာ ကွမ်းပင်းနယ်စား မပါတာ သေချာတယ်။ မဟုတ်ရင် မုန့်စစ်တပ်က အစကတည်းက ဖရိုဖရဲ ဖြစ်နေလောက်ပြီ။
လူအုပ်ကြီးက မည်းမှောင်နေပြီး အကြမ်းဖျင်း ကြည့်လိုက်ရင် အားလုံးက အတူတူလောက်ပဲ။ ကွမ်းပင်းနယ်စား မုန့်ဟွေးက ဘယ်နေရာမှာ ပုန်းနေတာလဲ။
စတုတ္ထမင်းသားသည် ရန်သူကို ခုခံကာကွယ်ရင်း ကွမ်းပင်းနယ်စားကို အလျင်အမြန် ရှာဖွေနေသည်။ မျက်လုံးထောင့်စွန်းမှ ရင်းနှီးသော မျက်နှာတစ်ခုကို ရုတ်တရက် တွေ့လိုက်ရသည်။ စတုတ္ထမင်းသားသည် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ "အာ့စောင်! ကွမ်းပင်းနယ်စား ဟိုဘက်မှာ"
လုမင်ယွိသည် စိတ်အားတက်ကြွသွားပြီး ချက်ချင်း လှမ်းကြည့်လိုက်သည်။
တကယ်ပဲ ကွမ်းပင်းနယ်စားပါလား။
ကွမ်းပင်းနယ်စားသည် သာမန်စစ်သား ဝတ်စုံကို ဝတ်ဆင်ထားပြီး ကိုယ်ပိုင်တပ်သားများကြားတွင် ပုန်းအောင်းနေသည်။ ထိုကိုယ်ပိုင်တပ်သားများသည် အရပ်ရှည်ပြီး ထွားကြိုင်းကာ ရဲရင့်သော မျက်နှာထားများ ရှိကြသဖြင့် သာမန်စစ်သားများကြားတွင် ထင်ရှားနေသည်။ အဝေးမှ ကြည့်လျှင် မသဲကွဲသော်လည်း အနီးကပ် ကြည့်လိုက်သောအခါ ဖုံးကွယ်၍ မရတော့ပေ။
လုမင်ယွိသည် ခေါင်းမလှည့်ဘဲ စကားတစ်ခွန်း ပြောလိုက်သည်။ "ငါ့နောက် လိုက်ခဲ့ကြ"
သူမ ကိုယ်တိုင် ကွမ်းပင်းနယ်စားရဲ့ ခေါင်းကို ဖြတ်ယူမယ်။
အနောက်မှ ကိုယ်ပိုင်တပ်သား တစ်ရာသည် သခင်မ၏ နောက်သို့ ချက်ချင်း လိုက်ပါ တိုက်ခိုက်ကြသည်။
စတုတ္ထမင်းသားသည် မြင်လိုက်ရသည်နှင့် စိတ်ပူသွားပြီး ရှေ့သို့ တိုးသွားရန် ပြင်လိုက်စဉ် ဘေးနားရှိ ကိုယ်ပိုင်တပ်သားက တားဆီးလိုက်သည်။ "ထိုက်ဇီဖေး သွားနေပါပြီ၊ အရှင်မင်းသား သွားပြီး အရှုပ်မလုပ်ပါနဲ့တော့"
စိတ်ပူလွန်းလို့ အမှန်တရားကို ပြောလိုက်တာပဲ။
တကယ်လည်း ဟုတ်နေတာပဲ။ လုမင်ယွိရဲ့ သိုင်းပညာက နာမည်ကျော်နေတာ။ စစ်သည်ထောင်သောင်းကြားထဲက ရန်သူ့ခေါင်းဆောင်ရဲ့ ခေါင်းကို ဖြတ်ယူနိုင်တဲ့သူ။ ဘေးနားမှာ လူများရင် ပိုပြီး ဝန်ထုပ်ဝန်ပိုး ဖြစ်နေမှာ။
ပြီးတော့ ဒီတန်းစီတိုက်ကွက်မှာလည်း ဦးဆောင်မဲ့သူ လိုသေးတယ်လေ။
စတုတ္ထမင်းသားသည် လိုက်သွားချင်စိတ်ကို အောင့်အီးသည်းခံလိုက်ရသည်။ လုမင်ယွိသည် ဓားရှည်ကို ဝှေ့ယမ်းကာ နတ်ဆိုးတစ်ပါးကဲ့သို့ ရန်သူများကို ဖြိုခွင်းနေသည်ကို ကြည့်ရင်း ရင်ထဲတွင် ဖော်ပြ၍မရနိုင်သော ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်လာသည်။
မိန်းမသားတွေက ယောက်ျားတွေထက် မညံ့ဘူးလို့ ပြောကြတယ်။ အာ့စောင်ကတော့ ယောက်ျားတွေထက် မညံ့ရုံတင် မကဘူး၊ ယောက်ျားတွေကို ခြေဖဝါးအောက်နင်းပြီး သာလွန်နေတာပဲ။
မုန့်စစ်တပ်သည် ရေလှိုင်းကြီးကဲ့သို့ လှိမ့်ဝင်လာသည်။
စတုတ္ထမင်းသားအပေါ် ဖိအားများ ရုတ်တရက် များပြားလာပြီး ဘေးဘီဝဲယာ ကြည့်ရှုရန် အချိန်မရှိတော့ပေ။ ဒေါသတကြီး အော်ဟစ်လိုက်သည်။ "အားလုံး တောင့်ခံထားကြ။ ဘယ်သူ့ကိုမှ ဖြတ်ခွင့်မပေးနဲ့"
ဘေးနားရှိ ကိုယ်ပိုင်တပ်သားများက ဦးစွာ တုံ့ပြန်လိုက်ကြသည်။
မကြာမီ ကိုယ်ရံတော်တပ်သားများကလည်း အော်ဟစ်လိုက်ကြသည်။ နန်းတော်တံခါး တစ်ဖက်မှ အော်ဟစ်သံများသည်လည်း ပင်လယ်လှိုင်းတံပိုးကဲ့သို့ ဆက်တိုက် ထွက်ပေါ်လာသည်။
စစ်အင်အားအရ ကြည့်မည်ဆိုလျှင် မုန့်စစ်တပ်သည် ကိုယ်ရံတော်တပ်ဖွဲ့ထက် အဆများစွာ သာလွန်သည်။
စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြည့်မည်ဆိုလျှင်တော့ ကိုယ်ရံတော်တပ်ဖွဲ့သည် မုန့်စစ်တပ်ထက် သာလွန်နေသည်။
ထို့အပြင် ကိုယ်ရံတော်တပ်ဖွဲ့၏ တန်းစီတိုက်ကွက်သည် နန်းတော်တံခါးဝရှိ လမ်းမကြီးကို ပိတ်ဆို့ထားလိုက်သည်။ မုန့်စစ်တပ်တွင် လူအင်အား များပြားသော်လည်း ရှေ့ထွက်ပြီး ကိုယ်ရံတော်တပ်ဖွဲ့နှင့် တိုက်ခိုက်နိုင်သူမှာ ရာဂဏန်းခန့်သာ ရှိသည်။ ကျန်သူများသည် နောက်ဘက်တွင် ပိတ်မိနေကြသည်။
နှစ်ဖက် ထိပ်တိုက်တွေ့ဆုံချိန်တွင် ကိုယ်ရံတော်တပ်ဖွဲ့သည် စိတ်ဓာတ်ပိုင်းဆိုင်ရာ သာလွန်နေသဖြင့် အသာစီး ရနေလေသည်။
ဒါသည် လုမင်ယွိအပေါ် ထားရှိသော ယုံကြည်မှုကြောင့်လည်း ပါဝင်ပေလိမ့်မည်။
ထိုက်ဇီဖေးသည် တိုက်ပွဲဝင်ဖူးခြင်း မများလှပေ။ စုစုပေါင်း နှစ်ကြိမ်သာ ရှိသေးသည်။ သို့သော် ထိုနှစ်ကြိမ်သည်ပင် လောကကြီးထဲ နာမည်ကျော်သွားစေရန် လုံလောက်ခဲ့သည်။ ကိုယ်ရံတော်တပ်ဖွဲ့သည် ထိုက်ဇီဖေးအပေါ် သာမန်ထက်ပိုသော ယုံကြည်မှုများ ထားရှိကြသည်။
သတ်!
တက်!
လုမင်ယွိသည် ဓားရှည်ကို ဝှေ့ယမ်းရင်း မျက်လုံးများကို ကွမ်းပင်းနယ်စား ရှိရာဘက်သို့ စိုက်ကြည့်ထားသည်။ ကွမ်းပင်းနယ်စားသည် နောက်ဆုတ်မသွားဘဲ မဲပြုံး ပြုံးလိုက်ကာ ကိုယ်ပိုင်တပ်သားများကို ဦးဆောင်ပြီး ရှေ့သို့ တိုးလာသည်။
သူ တွေးထားတာနဲ့ လုမင်ယွိ တွေးထားတာ တူတူပါပဲ။
လုမင်ယွိကို သတ်နိုင်ရင် ကိုယ်ရံတော်တပ်ဖွဲ့က အလိုလို ပြိုကွဲသွားမှာ။ အဲဒီကျရင် သူက နန်းတော်ထဲ ဝင်ရောက်နိုင်ပြီး အခြေအနေကို ပြောင်းပြန်လှန်နိုင်မှာ။ ရှင်းယန်စစ်တပ်က အချိန်မရွေး ရောက်လာနိုင်တော့ သူ့အတွက် အခွင့်အရေးနဲ့ အချိန် သိပ်မကျန်တော့ဘူး။
ကွမ်းပင်းနယ်စား၏ ဘေးတွင်လည်း ကိုယ်ပိုင်တပ်သားများ ရှိနေသည်။ သူတို့ လှုပ်ရှားလိုက်သည်နှင့် မုန့်စစ်တပ်မှ စစ်သားများသည် ဘေးသို့ ရှောင်ပေးကြပြီး နေရာလွတ်တစ်ခု ဖြစ်ပေါ်လာသည်။
လုမင်ယွိ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာပြီး စကားမပြောတော့ဘဲ ဓားကို ကိုင်ကာ ကွမ်းပင်းနယ်စားထံသို့ တည့်တည့် ဝင်ရောက်သွားသည်။
ကွမ်းပင်းနယ်စား၏ ဓားရှည်သည် ယနေ့တွင် သွေးများဖြင့် စိုရွှဲနေပြီး ပြင်းထန်သော လူသတ်အငွေ့အသက်များ ထွက်ပေါ်နေသည်။ ကွမ်းပင်းနယ်စားသည် ညာလက်ကို လှုပ်ရှားလိုက်ပြီး တောက်ပသော ဓားရှည်ဖြင့် လုမင်ယွိ၏ ခေါင်းပေါ်သို့ ခုတ်ချလိုက်သည်။
လုမင်ယွိက ဓားဖြင့် ကာကွယ်လိုက်သည်။
လုမင်ယွိ ကိုင်ဆောင်ထားသော ပေါင်ယွိဓားရှည်သည် အလွန် ထက်မြက်သော ရတနာဓားတစ်လက် ဖြစ်သည်။ ကွမ်းပင်းနယ်စား၏ ဓားရှည်သည်လည်း လောကြီးထဲက နာမည်ကျော် ရတနာဓားတစ်လက် ဖြစ်သည်။ နှစ်ဦးစလုံးသည် အားကုန်ထုတ်သုံးပြီး တိုက်ခိုက်ကြရာ ရတနာလက်နက်နှစ်ခု ထိပ်တိုက်တွေ့ဆုံပြီး စူးရှသော အသံများ ထွက်ပေါ်လာသည်။
လုမင်ယွိ၏ မျက်နှာထား ပြောင်းလဲခြင်း မရှိသော်လည်း ကွမ်းပင်းနယ်စား၏ မျက်နှာသည် ထူးဆန်းစွာ နီရဲလာပြီး ညာဘက်လက် အနည်းငယ် တုန်ရီသွားကာ ရင်ထဲတွင် အလွန်အမင်း ထိတ်လန့်သွားသည်။
လုမင်ယွိ၏ သိုင်းပညာ ကောင်းမွန်ကြောင်း သူ သိထားပြီး ဖြစ်သည်။ လုမင်ယွိနှင့် တစ်ကြိမ် တိုက်ခိုက်ဖူးပြီး အနည်းငယ် အထိနာခဲ့ဖူးသည်။ အခုမှ သူ သိလိုက်ရသည်မှာ လွန်ခဲ့သော အကြိမ်က လုမင်ယွိသည် အားကို လျှော့သုံးခဲ့ခြင်း ဖြစ်ကြောင်းပင်။
ယခုကဲ့သို့ အသက်လု တိုက်ပွဲတွင် လုမင်ယွိက အစွမ်းကုန် ထုတ်သုံးလိုက်သောအခါ သူသည် လုံးဝ ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့ပေ။
ကွမ်းပင်းနယ်စားသည် မူလက လုမင်ယွိကို ကိုယ်တိုင် သတ်ဖြတ်ပြီး စစ်သည်များ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးရန် ရည်ရွယ်ခဲ့သည်။ သို့သော် ယခုအချိန်တွင်တော့ နောက်ဆုတ်ရန် ကြံရွယ်နေပြီ ဖြစ်သည်။
လုမင်ယွိသည် သူ့ကို နောက်ဆုတ်ခွင့် မပေးဘဲ ရင်ဘတ်ကို ဓားဖြင့် ထိုးလိုက်သည်။
ကွမ်းပင်းနယ်စားသည် သီသီလေး ရှောင်တိမ်းလိုက်ပြီး ဓားဖြင့် ပြန်လည် တိုက်ခိုက်လိုက်သည်။ လုမင်ယွိက ရှောင်တိမ်းလိုက်ပြီး နောက်ထပ် ဓားတစ်ချက် ထိုးလိုက်ပြန်သည်။ သူမ၏ ဓားသိုင်းသည် သူမ၏ စိတ်နေသဘောထားအတိုင်းပင် လျင်မြန်ပြီး ပြင်းထန်သဖြင့် ရှောင်တိမ်းရန် ခက်ခဲလှသည်။
ကိုယ်ပိုင်တပ်သားများလည်း အချင်းချင်း တိုက်ခိုက်နေကြပြီ ဖြစ်သည်။
ကျန်ရှိသော စစ်သားများသည် သူတို့အနားသို့ ကပ်၍ပင် မရနိုင်ပေ။
ကွမ်းပင်းနယ်စား၏ မျက်နှာသည် ပို၍ နီရဲလာပြီး အသက်ရှူနှုန်း မြန်ဆန်လာကာ ညာဘက်လက်သည်လည်း ပို၍ တုန်ရီလာသည်။ လုမင်ယွိသည် ဆဲဆိုရန်ပင် အချိန်မရဘဲ ဓားရှည်ကို မိုးစက်များကဲ့သို့ ဝှေ့ယမ်းကာ ကွမ်းပင်းနယ်စားကို ဓားချက်များဖြင့် လွှမ်းခြုံထားလိုက်သည်။
ဓားချက် ငါးဆယ်ခန့် ခဏအတွင်း ပြီးဆုံးသွားသည်။
ကွမ်းပင်းနယ်စားသည် ညည်းညူသံပြုကာ နောက်ဆုတ်လိုက်သည်။ ဘယ်ဘက်လက်မောင်းတွင် သွေးရာတစ်ခု ဖြစ်ပေါ်လာသည်။ ဒဏ်ရာ မပြင်းထန်သော်လည်း သွေးများ စီးကျလာသည်။ ပတ်တီးစည်းရန် အချိန်မရှိသဖြင့် သွေးများသည် အင်္ကျီလက်ကို လျင်မြန်စွာ စိုရွှဲသွားစေသည်။
လုမင်ယွိသည် အေးစက်စွာ ပြုံးလိုက်ပြီး ဓားကို ဆက်ပြီး ဝှေ့ယမ်းလိုက်တော့သည်။
...
အပိုင်း (၆၇၁) သတ်ဖြတ်ခြင်း
ကွမ်းပင်းနယ်စားသည် တိုက်ခိုက်လေလေ ရင်ထဲအေးစက်လာလေလေပင်။
ယခုအချိန်တွင် နောင်တရရန် နေရာမရှိတော့သလို ဘာတွေးနေနေ အသုံးမဝင်တော့ပေ။
ကွမ်းပင်းနယ်စားသည် မိမိ၏ ဂုဏ်သိက္ခာကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အသံကုန်ဟစ်အော်လိုက်သည်။ "အားလုံးဝိုင်းတိုက်ကြ။ ထိုက်ဇီဖေးကို သတ်နိုင်တဲ့သူကို ငွေသားတစ်သောင်း ဆုချမယ်"
လုမင်ယွိသည် အေးစက်စွာ ပြုံးလိုက်ပြီး ဝမ်းဗိုက်ထဲမှ အားကိုယူကာ ကျယ်လောင်စွာ ပြန်လည်အော်ဟစ်လိုက်သည်။ "ကွမ်းပင်းနယ်စားက စစ်တပ်ကို ဦးဆောင်ပြီး ပုန်ကန်နေတာ။ ဒါက တစ်ဆွေတစ်မျိုးလုံး သတ်ဖြတ်ခံရမဲ့ အပြစ်ကြီးပဲ။ နင်တို့ အခု လက်နက်ချ အညံ့ခံရင် အသက်ချမ်းသာပေးမယ်။ ဆက်တိုက်နေမယ်ဆိုရင်တော့ နင်တို့အားလုံး သေလမ်းပဲ ရှိတယ်။ ပြီးတော့ ကိုယ့်မိသားစုပါ ဒုက္ခရောက်ကုန်လိမ့်မယ်"
"လက်နက်ချလိုက်တော့"
"အညံ့ခံရင် မသတ်ဘူး"
ထိုက်ဇီဖေး၏ ကိုယ်ပိုင်တပ်သားများကလည်း ပြိုင်တူ အော်ဟစ်လိုက်ကြသည်။
မုန့်စစ်တပ်သည် ရဲရင့်သော်လည်း တစ်နေကုန် တိုက်ခိုက်ထားရသဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းနေပြီ ဖြစ်သည်။ ထို့အပြင် ပုန်ကန်မှုသည် ခေါင်းဆောင်ပိုင်း၏ ကိစ္စသာ ဖြစ်ပြီး သာမန်စစ်သည်တိုင်းက "သူပုန်" မဖြစ်ချင်ကြပေ။
လုမင်ယွိ၏ စကားသည် စစ်သည်များ၏ စိတ်ဓာတ်ကို လျင်မြန်စွာ လှုပ်ခါသွားစေသည်။
စစ်သည်တစ်ဦးသည် လက်ထဲမှ ဓားရှည်ကို တကယ်ပင် ပစ်ချလိုက်ပြီး ဒူးထောက်လိုက်သည်။ "ကျွန်တော် အညံ့ခံပါပြီ ..."
စကားမဆုံးခင်မှာပင် ဘေးနားရှိ လူတစ်ဦးက ဓားဖြင့် ခေါင်းကို ဖြတ်လိုက်သည်။
ခေါင်းပြတ်သည် လိမ့်ဆင်းသွားပြီး သွေးများ ပန်းထွက်လာသည်။ ဤကဲ့သို့ ရက်စက်သော မြင်ကွင်းကြောင့် လက်နက်ချချင်သူများ ကြောက်လန့်သွားကြသည်။ သို့သော် ပြိုကွဲနေသော စိတ်ဓာတ်ကို ပြန်လည် မြှင့်တင်ရန် ခက်ခဲလှသည်။
စတုတ္ထမင်းသားသည် ရှေ့မှ "လက်နက်ချလိုက်"၊ "အညံ့ခံရင် မသတ်ဘူး" ဆိုသော ကြွေးကြော်သံများကို ကြားလိုက်ရသဖြင့် အကြံတစ်ခု ရသွားသည်။ သူသည်လည်း ဘေးနားရှိ လူများကို ဦးဆောင်ကာ အတူတကွ အော်ဟစ်လိုက်ကြသည်။
မကြာမီ တောင်နှင့်ပင်လယ်ကဲ့သို့ ကျယ်လောင်သော အသံကြီးသည် နန်းတော်တံခါး အတွင်းအပြင် ပဲ့တင်ထပ်သွားတော့သည်။
လက်နက်ချလိုက်!
အညံ့ခံရင် မသတ်ဘူး!
မုန့်စစ်တပ်မှ စစ်သည် ဆယ်ဂဏန်းခန့်သည် ရုတ်တရက် လှည့်ထွက်ပြေးကြသည်။ အချို့က လက်နက်များကို ပစ်ချပြီး ဒူးထောက်လိုက်ကြသည်။ လူတိုင်းက ဘေးနားမှ ရဲဘော်ရဲဘက်ကို သတ်ဖြတ်ရက်လောက်အောင် ရက်စက်ကြသည် မဟုတ်ပေ။ အနည်းငယ် တုံ့ဆိုင်းနေစဉ်မှာပင် ထွက်ပြေးသူ၊ အညံ့ခံသူများ ပိုမို များပြားလာသည်။
ကွမ်းပင်းနယ်စား၏ ခန္ဓာကိုယ်ပေါ်တွင် သွေးရာနှစ်ခု ထပ်တိုးလာပြီး မျက်လုံးများထဲတွင် ဒေါသအလင်းရောင်များ တောက်ပလာသည်။
ဒီအချိန်တွင်တော့ သူသည် လုလင်းနှင့် လုမင်ယွိကို အမုန်းဆုံးပင်။
သူတို့သားအဖသာ မရှိရင် သူ မုန့်စစ်တပ်ကို ဦးဆောင်ပြီး နန်းတော်ထဲ ရောက်နေလောက်ပြီ။
အောင်မြင်ခါနီးမှ ကျရှုံးသွားရတာ!
သူ့အတွက် နောက်ဆုတ်စရာ လမ်းမရှိတော့ဘူး!
သေရင်တောင်မှ လူတစ်ယောက်လောက်တော့ ဆွဲခေါ်သွားရမယ်။
လုမင်ယွိ! ဒီည ငါ နင့်ကို အဖော်ခေါ်သွားမယ်။
ကွမ်းပင်းနယ်စားသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး လုမင်ယွိ၏ ဓားချက်ကို ရင်ဘတ်ဖြင့် ခံယူလိုက်ကာ သူ၏ ဓားရှည်ဖြင့် လုမင်ယွိကို ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။
လုမင်ယွိသည် ကွမ်းပင်းနယ်စား၏ အသက်လု တိုက်ခိုက်မှုကို ကြိုတင် သတိထားမိသဖြင့် ကိုယ်ကို အနည်းငယ် စောင်းလိုက်သည်။ ဘယ်ဘက်ရင်အုံတွင် နာကျင်မှုကို ခံစားလိုက်ရပြီး သွေးများ ပန်းထွက်လာသည်။ သူမ၏ မျက်နှာထား ပြောင်းလဲခြင်း မရှိဘဲ ဓားရှည်ဖြင့် ကွမ်းပင်းနယ်စား၏ ရင်ဘတ်ကို ထိုးဖောက်လိုက်သည်။
ကွမ်းပင်းနယ်စားသည် ကမ္ဘာမြေကြီး တုန်ခါသွားလောက်အောင် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး နောက်သို့ လဲကျသွားတော့သည်။
မျက်လုံးမမှိတ်ခင် အချိန်လေးတွင် ကွမ်းပင်းနယ်စား ရင်ထဲ၌ နောင်တနှင့် ဝမ်းနည်းမှုများ မည်မျှ ရှိနေမည်ကို မည်သူကမှ သိနိုင်မည်မဟုတ်ပေ။
သို့ပေသိ ယခုအချိန်တွင်တော့ ထိုအရာကို မည်သူကမှ ဂရုမစိုက်တော့ချေ။
"ကွမ်းပင်းနယ်စား သေပြီ" လုမင်ယွိက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဘေးနားရှိ ကိုယ်ပိုင်တပ်သားများကလည်း လိုက်ပါ အော်ဟစ်ကြသည်။ "ကွမ်းပင်းနယ်စား သေပြီဟေ့။ မြန်မြန် အညံ့ခံလိုက်ကြတော့။ အညံ့ခံတဲ့သူကို အသက်ချမ်းသာပေးမယ်"
ကွမ်းပင်းနယ်စား၏ ကိုယ်ပိုင်တပ်သားများသည် အလွန် သစ္စာရှိကြပြီး မည်သူမျှ အညံ့မခံကြပေ။ သခင်သေဆုံးမှုကြောင့် ဒေါသထွက်ပြီး အတူသေရန် ရည်ရွယ်ကာ မျက်လုံးများ နီရဲလျက် ဝင်ရောက်တိုက်ခိုက်ကြသည်။
ဤအချိန်သည် လုမင်ယွိအတွက် အန္တရာယ်အရှိဆုံး အချိန်ဖြစ်သည်။
သူမသည် ကွမ်းပင်းနယ်စားနှင့် တိုက်ခိုက်ခဲ့သည့် အချိန် မကြာမြင့်သော်လည်း အားအင်ကုန်ဆုံးမှုမှာ အလွန် များပြားလေသည်။ ထို့အပြင် သူမ၏ ရင်ဘတ်တွင် ဓားဒဏ်ရာ အကြီးအကျယ် ရရှိထားပြီး သွေးများ မရပ်မနား စီးကျနေသဖြင့် အင်္ကျီအများစုကို သွေးစွန်းနေလေသည်။
သူမ ဘေးနားရှိ ကိုယ်ပိုင်တပ်သားများလည်း သေဆုံးဒဏ်ရာရသူ မနည်းလှပေ။ ယခုအချိန်တွင် ဆက်လက် တိုက်ခိုက်နိုင်သူမှာ လူငါးဆယ်ခန့်သာ ကျန်ရှိတော့သည်။ သူတို့သည် လုမင်ယွိ၏ ဘေးနားတွင် ဝိုင်းရံထားပြီး ရန်သူများ၏ ရူးသွပ်စွာ တိုက်ခိုက်မှုကို ခုခံကာကွယ်ပေးနေကြသည်။
မကြာမီ ထိုငါးဆယ်မှ သုံးဆယ်ခန့်သာ ကျန်ရှိတော့သည်။
သူမကို ကာကွယ်ထားသော စက်ဝိုင်းသည်လည်း ပိုမို ကျဉ်းမြောင်းလာသည်။
ဒီလိုဆက်သွားရင် အရမ်း အန္တရာယ်များတယ်။ ချက်ချင်း ဖောက်ထွက်မှ ရမယ်။
လုမင်ယွိသည် ဓားရှည်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ဖောက်ထွက်ရန် ပြင်လိုက်စဉ် ရင်းနှီးသော အသံတစ်ခု နားထဲသို့ ဝင်ရောက်လာသည်။ "အာ့စောင်! ကျွန်တော် လာပြီ"
စတုတ္ထမင်းသားက လူစုပြီး ရောက်လာတာပဲ။
စတုတ္ထမင်းသားသည် ရန်သူကို တိုက်ခိုက်ရင်း လုမင်ယွိကို တစ်ချက် လှမ်းကြည့်လိုက်သည်။ လုမင်ယွိ၏ ရင်ဘတ်တစ်ခုလုံး သွေးများဖြင့် ရဲရဲတောက်နေသည်ကို မြင်သောအခါ လန့်ဖျပ်သွားသည်။ "အာ့စောင်၊ ဒဏ်ရာက ဘယ်လိုနေလဲ"
လုမင်ယွိ၏ မျက်နှာသည် ဖြူဖျော့နေပြီး ပြင်းထန်သော နာကျင်မှုကို ကြိတ်မှိတ်ခံစားနေရသည်။ ဒဏ်ရာကို လက်ဖြင့် ဖိမထားဘဲ တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။ "ငါ ခံနိုင်ပါတယ်။ ကွမ်းပင်းနယ်စား သေသွားပြီဆိုတော့ အန္တရာယ် မရှိတော့ပါဘူး။ မလန့်ပါနဲ့"
စတုတ္ထမင်းသားသည် လုမင်ယွိကို နောက်ထပ်တစ်ကြိမ် ကြည့်လိုက်မိသည်။
အာ့စောင်က ဒီလောက်တောင် သန်မာလွန်းတော့ သူလို ယောက်ျားလေးတစ်ယောက် အနေနဲ့ နေစရာနေရာ မရှိသလိုပဲ။
ကွမ်းပင်းနယ်စား သေဆုံးသွားပြီဖြစ်ရာ မုန့်စစ်တပ်၏ စိတ်ဓာတ်များ ပြိုကွဲသွားပြီး တစ်ယောက်ပြီးတစ်ယောက် လှည့်ထွက်ပြေးကြသည်။ လက်နက်ချ အညံ့ခံသူများလည်း အများအပြား ရှိလာသည်။
ကောင်းကင်ကြီး လုံးဝ မှောင်မိုက်သွားပြီ။
မြို့ရိုးပေါ်ရှိ မီးအိမ်များ၏ အလင်းရောင်ကြောင့်သာ ပတ်ဝန်းကျင် ဆယ်မီတာခန့်ကို ခပ်ရေးရေး မြင်တွေ့နေရသည်။
လုမင်ယွိသည် သွေးထွက်လွန်နေသဖြင့် ခြေလက်များ အေးစက်လာပြီး မျက်စိရှေ့တွင် မူးဝေလာသည်။ သို့သော် ယခုအချိန်တွင် လဲကျ၍ မဖြစ်သေးပေ။ သူမသည် ရှိသမျှ စိတ်ခွန်အားကို စုစည်းပြီး ညာလက်ထဲမှ ဓားရှည်ကို မြေကြီးထဲသို့ စိုက်ကာ ခန္ဓာကိုယ်ကို ထောက်ထားလိုက်သည်။
ဘေးနားရှိ ကိုယ်ပိုင်တပ်သားသည် သူမ၏ အခြေအနေကို မြင်သောအခါ မျက်ရည်ကျမတတ် စိုးရိမ်ပူပန်သွားသည်။ အိတ်ထဲမှ ဆေးပုလင်းကို ထုတ်ယူလိုက်ပြီး တုန်ရီသော အသံဖြင့် ပြောလိုက်သည်။ "ညန်ညန်၊ ဒါက ကျွန်တော် သုံးနေကျ ဒဏ်ရာကုဆေးပါ။ သွေးတိတ်အောင် နည်းနည်းလောက် ဖြူးပေးပါရစေ"
လုမင်ယွိသည် ညာလက်ဖြင့် ဆေးပုလင်းကို ယူလိုက်ပြီး ရင်ဘတ်ပေါ်ရှိ ဒဏ်ရာပေါ်သို့ ဆေးတစ်ဝက်ခန့် လောင်းချလိုက်သည်။ ထွက်ပေါ်လာသော သွေးများက ဆေးမှုန့်များကို ချက်ချင်း တိုက်စားသွားသည်။
လုမင်ယွိ၏ မျက်နှာသည် ပို၍ ဖြူဖျော့သွားသော်လည်း လက်ကတော့ တည်ငြိမ်နေဆဲပင်။ ကျန်ရှိသော ဆေးတစ်ဝက်ကို ထပ်မံ လောင်းထည့်လိုက်သည်။
ထိုအချိန်မှာပင် မြေကြီး တုန်ခါလာပြန်သည်။
ဤရင်းနှီးသော တုန်ခါမှုသည် ရင်ထဲတွင် ဝမ်းသာမှုကို ဖြစ်ပေါ်စေသည်။
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။ "စစ်ကူလာပြီဟေ့။ ရှင်းယန်စစ်တပ် ရောက်လာပြီ"
လုမင်ယွိလည်း လှည့်ကြည့်လိုက်သည်။
ရှင်းယန်စစ်တပ်၏ သိမ်းငှက်အလံသည် လေထဲတွင် လွင့်ပျံနေသည်။
ခဲအိုဖြစ်သူ ကျန်းကျုံးသည် မြင်းစီးလျက် စစ်အလံကို ကိုယ်တိုင် ကိုင်ဆောင်ကာ မရပ်မနား ဝှေ့ယမ်းရင်း အော်ဟစ်နေသည်။ "ရှင်းယန်စစ်တပ် ရောက်လာပြီ၊ မုန့်စစ်တပ်က လူတွေ လက်နက်ချလိုက်တော့။ ဒူးထောက်ပြီး အညံ့ခံတဲ့သူကို မသတ်ဘူး"
လုလင်းသည်လည်း မြင်းစီးလျက် စိုးရိမ်ပူပန်သော မျက်လုံးများဖြင့် နေရာအနှံ့ လိုက်လံကြည့်ရှုနေသည်။ မကြာမီ လုမင်ယွိကို တွေ့ရှိသွားသည်။
သားအဖနှစ်ယောက်သည် မီတာဆယ်ဂဏန်းခန့် ကွာဝေးနေသဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် သဲကွဲစွာ မမြင်ရသော်လည်း ရင်ထဲတွင်တော့ ပြိုင်တူ စိတ်အေးသွားကြသည်။
အဖေ (ရှောင်ယွိ) ဘေးကင်းဖို့ပဲ မျှော်လင့်ရတာပဲ!
လုလင်းသည် မြင်းပေါ်မှ ခုန်ဆင်းလိုက်ပြီး ဓားရှည်ကို ကိုင်ကာ ဒေါသတကြီး လျှောက်လာခဲ့ပြီး လမ်းတစ်လျှောက် မည်သူမျှ တားရဲခြင်း မရှိပေ။
မုန့်စစ်တပ်သည် လုံးဝ ပြိုကွဲသွားပြီ ဖြစ်သော်လည်း ရူးသွပ်စွာ တိုက်ခိုက်နေသူများမှာ ကွမ်းပင်းနယ်စား၏ ကိုယ်ပိုင်တပ်သားများ ဖြစ်ကြသည်။ စတုတ္ထမင်းသားသည် ထိုလူများနှင့် ရှုပ်ထွေးစွာ တိုက်ခိုက်နေရပြီး ကိုယ်ပေါ်တွင် ဒဏ်ရာနှစ်ချက် ထပ်တိုးလာသည်။
လုလင်းသည် ကိုယ်ပိုင်တပ်သား အနည်းငယ်ကို ခုတ်ပိုင်းလိုက်ပြီး လုမင်ယွိ၏ ဘေးနားသို့ အလျင်အမြန် ရောက်ရှိလာသည်။ လုမင်ယွိ၏ သွေးစွန်းနေသော အဝတ်အစားများကို မြင်လိုက်ရသောအခါ လုလင်း၏ မျက်လုံးများ နီရဲသွားသည်။ "ရှောင်ယွိ၊ ဘယ်သူ လုပ်တာလဲ"
လုမင်ယွိ၏ နှာခေါင်းထိပ်များ ရှုံ့မဲ့သွားပြီး အားနည်းစွာ ပြုံးပြလိုက်သည်။ "ကွမ်းပင်းနယ်စားပါ။ ဒါပေမဲ့ သူ့ကို ကျွန်မ သတ်လိုက်ပြီ။ အဖေ သူ့ကို လက်စားချေဖို့ အခွင့်အရေး မရှိတော့ဘူး"
ဒီအချိန်ရောက်နေတာတောင် နောက်ပြောင်နိုင်သေးတယ်။
လုလင်းသည် ရင်ထဲတွင် သွေးထွက်မတတ် နာကျင်ခံစားလိုက်ရပြီး စကားပြောရန် ပြင်လိုက်စဉ် လုမင်ယွိ၏ ခန္ဓာကိုယ် ယိမ်းယိုင်သွားသည်ကို တွေ့လိုက်ရသည်။
လုလင်း လန့်ဖျပ်သွားပြီး စဉ်းစားမနေတော့ဘဲ လက်ကို ဆန့်ထုတ်ကာ ဒဏ်ရာရနေသော သမီးဖြစ်သူကို ရင်ခွင်ထဲသို့ ပွေ့ဖက်လိုက်သည်။ "ရှောင်ယွိ"
လုမင်ယွိသည် တစ်ကိုယ်လုံး အေးစက်လာပြီး အမြင်အာရုံများ ဝေဝါးလာသည်။ သတိမလစ်မီ သူမသည် အားကုန်ညှစ်ပြီး စကားအနည်းငယ် ပြောလိုက်သည်။ "အဖေ၊ ကျွန်မ ခံနိုင်ပါတယ်"
လုလင်း၏ မျကလုံးထဲတွင် မျက်ရည်များ ဝေ့တက်လာတော့သည်။
...
အပိုင်း (၆၇၂) ဒဏ်ရာအပြင်းအထန် (၁)
လုမင်ယွိသည် ဘယ်လောက်ကြာကြာ မေ့မြောနေသည်ကို မသိတော့ပေ။
လူတစ်ယောက် မေ့မြောနေချိန်တွင် လုံးဝ သတိလွတ်သွားခြင်း မဟုတ်ချေ။ တစ်ခါတစ်ရံတွင် မသဲမကွဲ အသံများကို ကြားနေရတတ်သည်။
"ရှောင်ယွိ၊ သမီး တောင့်ခံထားနော်" ဒီအသံတိမ်တိမ်လေးက သူမ၏ အဖေအရင်း ဖြစ်သည်။
"အမေ၊ မသေနဲ့နော်! ဝါး ဝါး ဝါး" ဒီအသံစူးစူးလေးကတော့ လီဟန်ပင် ဖြစ်သည်။
လီရွှီနှင့် လီရွှမ်းတို့လည်း ငိုကြွေးနေကြပြီး ချောင်မိဖုရားခေါင်၏ ငိုသံလည်း ကြားနေရသည်။
မငိုကြပါနဲ့တော့၊ ငါက ဒဏ်ရာနည်းနည်း ရထားရုံပါ၊ လူက tကောင်းကြီး ရှိနေပါသေးတယ်။ လက်တွေ ခြေထောက်တွေလည်း မပြတ်ပါဘူး။ ခဏလောက် နားလိုက်ရင် ပြန်ကောင်းလာမှာပါ။
ဝမ်းနည်းစရာ ကောင်းသည်မှာ သူမ မည်မျှပင် ကြိုးစားသော်လည်း မျက်လုံးဖွင့်၍ မရချေ။ မကြာမီတွင် အဆုံးမဲ့ မှောင်မိုက်သော ကမ္ဘာထဲသို့ ပြန်လည် ရောက်ရှိသွားပြန်သည်။
သူမ နောက်တစ်ကြိမ် သတိရလာသောအခါ ရင်ဘတ်မှ နာကျင်မှုက သူမကို နှိုးလိုက်ခြင်း ဖြစ်သည်။ သူမ မျက်လုံးဖွင့်၍ မရသေးဘဲ ခေါင်းများ မူးဝေနေသည်။ သမားတော်ချုပ်ကျိုး၏ သက်ပြင်းချသံကိုသာ တိုးတိုးလေး ကြားနေရသည်။
"ထိုက်ဇီဖေးရဲ့ ဒဏ်ရာက တော်တော်ပြင်းထန်ပါတယ်၊ ကံကောင်းလို့ နှလုံးနဲ့ အဆုတ်ကို မထိသွားတာပါ။ သွေးထွက်လွန်သွားရုံပါပဲ။ အသက်အန္တရာယ်တော့ မရှိပါဘူး။ ဟွမ်ဟုပ်ညန်ညန်နဲ့ မင်းသား မင်းသမီးလေးတို့ စိတ်ချပါ"
လီဟန်က "အမေ့ကို လိုချင်တယ်" ဟု အော်ဟစ်ငိုကြွေးပြန်သည်။
လီရွှီ၏ အသံတွင် ငိုသံစွက်နေသည်။ "သမားတော်ချုပ်ကျိုး၊ အမေ မေ့မြောနေတာ နှစ်ရက်ရှိပြီ။ ဘယ်တော့မှ သတိရလာမှာလဲ"
သမားတော်ချုပ်ကျိုးက ပြန်ဖြေလိုက်သည်။ "ထိုက်ဇီဖေးက အားအင်ကုန်ခမ်းသွားပြီး သွေးထွက်လွန်သွားလို့ အိပ်ပျော်နေတာပါ။ အရှင်မင်းသား စိတ်မပူပါနဲ့။ မတော်တဆမှု မရှိရင် မကြာခင် သတိရလာမှာပါ"
လုမင်ယွိသည် အားကုန်ထုတ်ပြီး လက်ချောင်းလေး လှုပ်ရှားရန် ကြိုးစားသော်လည်း လက်ချောင်းများက မလိုက်နာကြပေ။
အတော်ကြာပြီးနောက်။
ဇွန်းတစ်ချောင်းက သူမ၏ နှုတ်ခမ်းကို လာထိသည်။
သူမ အလိုအလျောက် ပါးစပ်ဟလိုက်ရာ ပူနွေးခါးသက်သော ဆေးရည်များ ပါးစပ်ထဲသို့ ဝင်ရောက်လာသည်။ နားထဲတွင် လီရွှမ်း၏ ပျော်ရွှင်အံ့သြသံ ထွက်ပေါ်လာသည်။ "အမေ ပါးစပ်ဟပြီး ဆေးသောက်နေပြီ။ မြန်မြန်လာကြည့်ကြ၊ အမေ မျက်လုံးတွေလည်း လှုပ်နေတယ်"
လက်တစ်ဖက်က သူမ၏ လက်ကို ဆုပ်ကိုင်ပြီး လုံးဝန်းဖိုင့်ဖောင်းနေသော ပါးပြင်လေးပေါ် ကပ်လိုက်သည်။ "အမေ၊ မျက်လုံးဖွင့်ပြီး သားကို ကြည့်ပါဦး"
လုမင်ယွိသည် အားယူပြီး မျက်လုံးဖွင့်လိုက်သည်။
ကနဦးတွင် မျက်စိရှေ့၌ မသဲကွဲသော အမည်းရိပ်များသာ မြင်နေရသည်။
ခဏကြာမှသာ တဖြည်းဖြည်း ကြည်လင်လာသည်။ မျက်စိထဲသို့ ဝင်ရောက်လာသည်မှာ သားသမီးသုံးယောက်၏ ပျော်ရွှင်ဝမ်းသာနေသော မျက်နှာများပင်။
"အမေ!"
သားသမီးများက သူမကို မရပ်မနား ခေါ်နေကြပြီး မကြာမီ မျက်လုံးများ နီရဲကာ ငိုကြွေးလာကြသည်။
လုမင်ယွိ၏ မျက်ဝန်းအိမ်များ ပူနွေးလာပြီး မျက်ရည်များ စီးကျလာသည်။
နူးညံ့သော လက်ကိုင်ပဝါတစ်ထည်ဖြင့် သူမ၏ မျက်ရည်များကို သုတ်ပေးလိုက်သည်။ ကုတင်ဘေးတွင် ထိုင်နေသော ချောင်မိဖုရားခေါင်ပင်။
ချောင်မိဖုရားခေါင်သည် ဘယ်လောက်ကြာကြာ စောင့်နေခဲ့သည် မသိပေ။ မျက်လုံးထဲတွင် သွေးကြောမျှင်များ ယှက်သန်းနေပြီး မျက်နှာမှာ ပင်ပန်းနွမ်းနယ်နေသည်။ အသံတိမ်တိမ်ဖြင့် ပြောလိုက်သည်။ "မင်ယွိ၊ နောက်ဆုံးတော့ မင်း သတိရလာပြီပဲ"
လုမင်ယွိသည် အသက်တစ်ချက်ရှူသွင်းလိုက်ပြီး ခပ်တိုးတိုး ပြန်ဖြေလိုက်လေသည်။
သူမ စကားမပြောချင်လို့ မဟုတ်ပါဘူး၊ ခန္ဓာကိုယ်က အားနည်းလွန်းလို့ စကားမပြောနိုင်တာပါ။
ကုတင်ဘေးတွင် လူများ ဝိုင်းနေသဖြင့် ချီယွင်သည် ရှေ့သို့ တိုးမရဖြစ်နေပြီး အရပ်အပုဆုံး လီဟန်၏ အနောက်တွင် ရပ်နေရသည်။ ငိုထားသဖြင့် နီရဲရောင်ရမ်းနေသော မျက်လုံးများဖြင့် စိုးရိမ်ပူပန်စွာ ကြည့်နေသည်။ "မေမေ၊ မေမေ အိပ်ပျော်နေတာ သုံးရက်ရှိပြီ"
လုမင်ယွိက နောက်ထပ် အင်း တစ်လုံး ညှစ်ထုတ်လိုက်ပြန်သည်။
လီရွှီသည် လက်ဖမိုးဖြင့် မျက်ရည်သုတ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "ဒီသတင်းကောင်းကို အဘိုးဆီ ချက်ချင်း သတင်းပို့လိုက်မယ်" ဟု ပြောပြီး ကုန်းကုန်းကို ခေါ်ကာ သတင်းပို့ခိုင်းလိုက်သည်။
လူတစ်ယောက် အားနည်းနေချိန်တွင် ဦးနှောက်အလုပ်လုပ်ပုံကလည်း ပုံမှန်ထက် နှေးကွေးတတ်သည်။
လုမင်ယွိသည် အဘိုးဆိုသော စကားလုံးကို ကြားမှ မိမိ၏ အဖေအရင်းကို သတိရသွားသည်။ ပါးစပ်ဟပြီး စကားလုံးအနည်းငယ် ညှစ်ထုတ်လိုက်သည်။ "အဖေ ဘယ်မှာလဲ"
အသံက တိုးပြီး အက်ကွဲနေသဖြင့် သေချာ မကြားရပေ။
ချီယွင်၏ မျက်ဝန်းအိမ်များ နီရဲလာပြီး မျက်ရည်များ ထပ်မံ ကျဆင်းလာပြန်သည်။ "ညန်ညန်က အခုမှ သတိရတာဆိုတော့ အားမရှိသေးဘူး၊ စကားပြောဖို့ မလောပါနဲ့ဦး။ ဘာသိချင်လဲဆိုတာ ကျွန်မ ဖြည်းဖြည်းချင်း ပြောပြပါ့မယ်"
ချောင်မိဖုရားခေါင်သည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ပန်ကုံး ပြောပြမယ်"
"ကွမ်းပင်းနယ်စား သေပြီးနောက် မုန့်စစ်တပ် ပြိုကွဲသွားခဲ့တယ်။ စစ်ရှုံးပြီး ထွက်ပြေးတဲ့ စစ်သားအချို့က နေရာအနှံ့ ထွက်ပြေးကြပြီး အပြစ်မဲ့ ပြည်သူတွေကို ဒုက္ခပေးကြတယ်။ ချမ်းသာတဲ့ အိမ်တွေနဲ့ အရာရှိငယ် အိမ်တချို့လည်း ဒုက္ခရောက်ကုန်ကြတယ်"
"ရှင်းယန်ဝမ် ကိုယ်တိုင် စစ်တပ်ကို ဦးဆောင်ပြီး ထွက်ပြေးတဲ့ စစ်သားတွေကို လိုက်လံနှိမ်နင်းခဲ့တယ်။ နှစ်ရက်လောက် ကြာမှ အခြေအနေ အကုန်လုံးကို ထိန်းချုပ်နိုင်ခဲ့တယ်"
"ဒီတိုက်ပွဲမှာ မုန့်စစ်တပ်က လူလေးသောင်းကျော် သေဆုံးပြီး ကျန်တဲ့လူတွေ အကုန် အဖမ်းခံရတယ်။ လောလောဆယ် စစ်စခန်းထဲမှာ ဖမ်းထားတယ်။ နောက်ကျမှ အပြစ်ဒဏ် စီရင်မယ်"
"ကိုယ်ရံတော်တပ်ဖွဲ့လည်း အသေအပျောက် များတယ်။ လျန်တပ်မှူးကြီး ခေါ်သွားတဲ့ ကိုယ်ရံတော်တပ်သား သုံးသောင်းထဲက နှစ်သောင်းကျော် သေဆုံးဒဏ်ရာရခဲ့တယ်။ လျန်တပ်မှူးကြီးလည်း ကျဆုံးသွားခဲ့တယ်"
လျန်တာ့လန် သေသွားပြီလား။
လုမင်ယွိ၏ ရင်ထဲတွင် လေးလံသွားပြီး မျက်လုံးဖွင့်ကာ ချောင်မိဖုရားခေါင်ကို ကြည့်လိုက်သည်။
ချောင်မိဖုရားခေါင် ပြောရင်း မျက်လုံးများ နီရဲလာသည်။ "လျန်တပ်မှူးကြီးရဲ့ အလောင်းကို ပြန်ရှာတွေ့ပေမဲ့ မမြှုပ်နှံရသေးဘူး၊ ရေခဲတိုက်ထဲမှာပဲ ထားထားတယ်"
လျန်တာ့လန်၏ အလောင်းကို လျန်စစ်သူကြီးနှင့် အတူတူ ထားထားလိုက်သည်။
လျန်အာ့လန်သည် ရေခဲတိုက် အပြင်ဘက်တွင် ဒူးထောက်ကာ အသည်းအသန် ငိုကြွေးပြီး ခေါင်းသုံးခါ ဆောင့်ကာ အရိုအသေ ပြုခဲ့သည်။ ထို့နောက် နီရဲနေသော မျက်လုံးများကို သုတ်ပြီး ထွက်ခွာသွားခဲ့သည်။
ကိုယ်ရံတော်တပ်ဖွဲ့ အသေအပျောက် များသဖြင့် နန်းတော်တံခါး အပြင်ဘက်တွင် သွေးချောင်းစီးနေပြီး သန့်ရှင်းရေး လုပ်ရန် လိုအပ်နေသည်။ ရှင်းယန်ဝမ် ရှိနေသဖြင့် အခြေအနေကို ထိန်းချုပ်ထားနိုင်သည်။ သူကလည်း လှုပ်ရှားနိုင်သော ကိုယ်ရံတော်တပ်သားများကို ခေါ်ဆောင်ပြီး စစ်မြေပြင်ကို ရှင်းလင်းရဦးမည်။
အပြစ်မဲ့ ပြည်သူအချို့လည်း သေဆုံးခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် မြို့တော်တစ်ခုလုံး ပျံ့နှံ့သွားခြင်း မရှိပေ။ အိမ်ခြေ ရာဂဏန်းခန့်သာ အလံဖြူထောင်ပြီး နာရေးလုပ်ခဲ့ရသည်။
လူရှစ်သောင်း ပုန်ကန်သည်ကို ထည့်တွက်လျှင် ဤမျှ ထိခိုက်ဆုံးရှုံးမှုသည် ကံကောင်းသည်ဟု ဆိုရမည်။ ယခင်က ယန်နှင့်ချူ နှစ်နိုင်ငံ၏ မြို့တော်များ ကျဆုံးစဉ်က မြို့သူမြို့သား ခြောက်ဆယ်ရာခိုင်နှုန်းတောင် အသက်မရှင်ခဲ့ကြပေ။ ထိုအချိန်ကမှ နေရာတိုင်း အလောင်းပုံပြီး သွေးချောင်းစီးနေသော ငရဲခန်းပင်။
လုမင်ယွိသည် ဤအကြောင်းကို ကြားသောအခါ ဖြည်းညှင်းစွာ သက်ပြင်းချလိုက်မိသည်။
မြို့တော်ကြီး မပျက်စီးသွားတာ ကံကောင်းပါတယ်။
"ကျောက်စစ်တပ်က ငြိမ်နေတာ ကံကောင်းလို့ပေါ့" ချောင်မိဖုရားခေါင်က သက်ပြင်းချလိုက်သည်။ "တကယ်လို့ အဲဒီညက ကျောက်စစ်တပ်ပါ ပုန်ကန်ခဲ့ရင် စစ်ပွဲအခြေအနေက ဘယ်လိုဖြစ်လာမလဲ ခန့်မှန်းလို့ မရတော့ဘူး"
ဖူယန်မြို့စား သတ္တိနည်းနေတာ ကံကောင်းသွားတာပဲ။
အလျင်စလို ခြေသံများ တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည်။
အဆင့်ဆင့် သတင်းပို့စရာ မလိုဘဲ အရှေ့နန်းဆောင် ထိုက်ဇီဖေး၏ အိပ်ဆောင်ထဲသို့ တည့်တည့် ဝင်ရဲသူမှာ ရှင်းယန်ဝမ် လုလင်းမှတစ်ပါး အခြားသူ မရှိပေ။
လုလင်းသည် သုံးရက်သုံးညလုံးလုံး မျက်စိမမှိတ်ခဲ့သဖြင့် မျက်လုံးထဲတွင် သွေးကြောမျှင်များ ယှက်သန်းနေပြီး မျက်နှာပေါ်တွင် မုတ်ဆိတ်မွေးများ ရှည်ထွက်နေကာ ရုပ်ရည်အခြေအနေ ဆိုးရွားနေလေသည်။
"ရှောင်ယွိ" လုလင်း၏ မျက်လုံးထဲတွင် သမီးဖြစ်သူသာ ရှိတော့သဖြင့် ချောင်မိဖုရားခေါင်ကို ဂါရဝပြုရန်ပင် မေ့လျော့နေလေသည်။
သူသည် ကုတင်ဘေးသို့ အလျင်အမြန် လျှောက်သွားပြီး လုမင်ယွိ၏ ဖြူဖျော့အားနည်းနေသော မျက်နှာကို စိုးရိမ်ပူပန်စွာ ကြည့်လိုက်သည်။ "သမီး နောက်ဆုံးတော့ သတိရလာပြီပဲ။ အခု ဒဏ်ရာက နာသေးလား"
လုမင်ယွိသည် စကားပြောရန် အားမရှိသလို ခေါင်းညိတ်ခေါင်းခါ လုပ်ရန်လည်း အားမရှိသဖြင့် မျက်တောင်သာ ခတ်ပြလိုက်သည်။
လုလင်းသည် သမီးဖြစ်သူ၏ ပုံစံကို ကြည့်ရင်း မျက်လုံးများ ရုတ်တရက် နီရဲလာပြီး လည်ချောင်းထဲတွင် တစ်စုံတစ်ခု တစ်ဆို့နေသကဲ့သို့ ခံစားလိုက်ရသည်။
ချောင်မိဖုရားခေါင်သည် လက်ကိုင်ပဝါဖြင့် မျက်ရည်စကို သုတ်လိုက်ပြီး လီရွှီ၊ လီရွှမ်း၊ လီဟန်တို့ကို ခေါ်ကာ အိပ်ဆောင်အပြင်သို့ ထွက်ခွာသွားခဲ့သည်။ ချီယွင်လည်း လိုက်ပါထွက်ခွာသွားသဖြင့် သားအဖနှစ်ယောက်တည်း ကျန်ရစ်ခဲ့လေသည်။
လုမင်ယွိ ပါးစပ်လှုပ်လိုက်ရာ နှုတ်ခမ်းလှုပ်ရှားမှုကို ကြည့်ပြီး "သမီး ဘာမှမဖြစ်ပါဘူး" ဟု ပြောကြောင်း သိလိုက်ရသည်။
လုလင်း၏ ရင်ထဲတွင် ဝမ်းနည်းမှုများ ပြည့်နှက်နေသည်။ သူသည် ကုတင်ဘေးတွင် ထိုင်လိုက်ပြီး သမီးဖြစ်သူ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
လုမင်ယွိ အိမ်ထောင်ကျပြီးကတည်းက သားအဖနှစ်ယောက် အတူနေရချိန် နည်းပါးလာသည်။ ယခုကဲ့သို့ နှစ်ယောက်တည်း ရှိနေရချိန်မှာ ပို၍ပင် ရှားပါးလှသည်။ ကုတင်ပေါ်တွင် မျက်နှာဖြူဖျော့ကာ မလှုပ်မယှက် လဲလျောင်းနေသော သမီးကို ကြည့်ရင်း လုလင်း၏ နှလုံးသားသည် ဓားနှင့် မွှန်းသကဲ့သို့ နာကျင်ခံစားရသည်။
"ဟိုတုန်းက လီကျင့်နဲ့ ပေးစားဖို့ သဘောတူလိုက်မိတာ မှားသွားတယ်"
လုလင်း၏ မျက်လုံးထဲတွင် နောင်တနှင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်များ ပြည့်နှက်နေသည်။ "သမီးကို အဖေရဲ့ ဘေးနားမှာပဲ ထားပြီး သမက်တစ်ယောက်လောက် အိမ်မှာ ခေါ်ထားလိုက်သင့်တာ။ နေ့တိုင်း အေးအေးဆေးဆေး စားလိုက်သောက်လိုက် ပျော်ပျော်ပါးပါး နေခိုင်းလိုက်ရမှာ"
လီကျင့်ကတော့ သမက်ကောင်း တစ်ယောက်ပါ။
ဒါပေမဲ့ လုမင်ယွိက သူ့ဆီ ရောက်သွားပြီးကတည်းက ကောင်းကောင်း မနေရတော့ဘူး။
တခြားလူတွေက ထိုက်ဇီဖေး ဆိုတဲ့ ဂုဏ်ရှိန်ကိုပဲ မြင်ကြပေမဲ့ အဲဒီဂုဏ်ရှိန်ရဲ့ နောက်ကွယ်က ဖိအားတွေ၊ ပရိယာယ်တွေကို ဘယ်သူသိမှာလဲ။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က လုမင်ယွိ ဒဏ်ရာအပြင်းအထန် ရခဲ့ဖူးတယ်။
အခု ဒါက ဒုတိယအကြိမ်ဖြစ်နေပြီ!
...