← Chapters

အခန်း (၆၇၃-၆၇၅)

Vol. 45 Ch. 673-675

အခန်း (၆၇၃-၆၇၅)

Vol. 45 Ch. 673-675

အပိုင်း (၆၇၃) ဒဏ်ရာအပြင်းအထန် (၂)

လုလင်း၏ မျက်ဝန်းအိမ်များက နီရဲနေသွားတော့သည်။

လုမင်ယွိ၏ မျက်လုံးများထဲတွင်လည်း မျက်ရည်များ ပြည့်နေသည်။ သူမတွင် စကားပြောရန် အားမရှိသောကြောင့်သာ။ တကယ်လို့သာ ပြောပြနိုင်မည်ဆိုလျှင် အဖေဖြစ်သူကို ပြောပြချင်သည်။ လီကျင့်နှင့် လက်ထပ်ခဲ့ခြင်းက သူမဘဝတွင် အမှန်ကန်ဆုံး ဆုံးဖြတ်ချက် တစ်ခုပါ ဟူ၍။

သူမက ပင်ပန်းရမှာ၊ သွေးထွက်သံယို ဖြစ်ရမှာ မကြောက်ပါဘူး။ သူမရဲ့ စေတနာကို အသိအမှတ်မပြုခံရမှာကိုပဲ ကြောက်တာပါ။

လီကျင့်က သူမအပေါ် ကောင်းတယ်ဆိုတာ သံသယဝင်စရာ မလိုပါဘူး။ ချောင်မိဖုရားခေါင်ကလည်း ရှားရှားပါးပါး ယောက္ခမကောင်း တစ်ယောက်ပါ။ ပြီးတော့ သားသမီးသုံးယောက်လည်း ရှိနေပြီဆိုတော့ သူမ ဘာပဲလုပ်လုပ် ထိုက်တန်ပါတယ်။

လုလင်းသည် စိတ်လှုပ်ရှားနေသဖြင့် မပြောသင့်သော စကားများ ပြောမိသွားသဖြင့် စိတ်နည်းနည်း ငြိမ်သွားတော့မှ ပြန်ပြောလိုက်သည်။ "အဖေ ခုနက ပြောလိုက်တဲ့စကားတွေကို လီကျင့်ကို ပြန်မပြောနဲ့နော်။ သူ့ယောက္ခမက သူ့ကို မကျေနပ်ဘူးလို့ ထင်သွားဦးမယ်"

ယောက္ခမနဲ့ သမက်က ဆက်ဆံရေး ကောင်းမွန်ကြပါတယ်။ တကယ်လို့ သူ့ကွယ်ရာမှာ ဒီလိုတွေ ပြောနေတယ်ဆိုတာ လီကျင့် သိသွားရင် စိတ်မကောင်း ဖြစ်သွားမှာ။

လုမင်ယွိ၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားပြီး အင်း ဟု တိုးတိုးလေး ပြန်ဖြေလိုက်သည်။

လုလင်းသည် အားတင်းပြီး ပြောလိုက်၏။ "သမီး သတိရလာပြီဆိုတော့ စိုးရိမ်စရာ မရှိတော့ပါဘူး။ နောက်ရက်တွေမှာ စိတ်အေးအေးထားပြီး ဆေးကုသမှု ခံယူလိုက်ပါ။ ကျန်တာတွေ အကုန် အဖေ တာဝန်ယူတယ်။ အိမ်ရှေ့စံ ပြန်ရောက်တဲ့အထိ အဖေ အရှေ့နန်းဆောင်မှာပဲ နေပေးမယ်"

ကိုယ့်အဖေအရင်းက ကိုယ့်ကို ကာကွယ်ပေးပြီး ချစ်ခင်ပေးတာ တကယ် ကောင်းလိုက်တာ။

လုမင်ယွိ၏ မျက်ဝန်းအိမ်များ နီရဲလာပြီး အင်း ဟု ထပ်မံ ဖြေကြားလိုက်သည်။

လုလင်းက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "အဲဒီတုန်းက သမီးဆီက စာရရချင်း အဖေ စစ်သည်နှစ်ထောင်ပဲ ချန်ထားပြီး ကျန်တဲ့သူ အကုန်လုံး ခေါ်ထုတ်လာခဲ့တာ။ မထွက်ခင်တုန်းက ဖူယန်မြို့စားဆီကို စာတစ်စောင် ရေးပြီး ပို့လိုက်သေးတယ်"

"ဖူယန်မြို့စားဆိုတဲ့လူက စစ်တိုက်တာတော့ သာမန်ပါပဲ။ ဒါပေမဲ့ ဘက်ရွေးတာတော့ တော်တယ်။ သူက စစ်တပ်ကို မလှုပ်ရှားဘဲ နေတာက ကွမ်းပင်းနယ်စား နိုင်ဖို့ မလွယ်ဘူးဆိုတာ သူ သိလို့ပဲ။ ပြီးတော့ သူက သတ္တိမရှိတော့ ရှုပ်ထွေးတဲ့အထဲ ဝင်မပါရဲဘူး။ အဖေက သူ့ကို ခြိမ်းခြောက်တဲ့အနေနဲ့ စာပို့လိုက်တာပါ"

"အဖေ တွက်ထားတာ တစ်ကွက်မှ မလွဲဘူး။ ဖူယန်မြို့စားက တကယ်ပဲ မလှုပ်ရှားရဲဘူး။ သူ စစ်မထွက်လာတာ ကံကောင်းတယ်။ ကျောက်စစ်တပ်က မုန့်စစ်တပ်လောက် မကောင်းပေမဲ့ လူခြောက်သောင်းလောက်တော့ ရှိတာပဲ။ တကယ်လို့ ကျောက်စစ်တပ်ပါ မြို့တော်ထဲ ဝင်လာပြီး မုန့်စစ်တပ်နဲ့ ပေါင်းတိုက်ရင် အခြေအနေက ဒီလောက် ချောမွေ့မှာ မဟုတ်ဘူး"

လုလင်းသည် စကားခဏရပ်ပြီး သက်ပြင်းချလိုက်သည်။ "ဒီတစ်ခါ ရှင်းယန်စစ်တပ်လည်း အထိနာသွားတယ်။ စစ်ပွဲမှာ သေဆုံးတဲ့သူ တစ်သောင်းလောက် ရှိမယ်။ ဒဏ်ရာအပြင်းအထန် ရတဲ့သူက နှစ်ထောင်ကျော်မယ်။ ဒဏ်ရာသေးသေးမွှားမွှား ရတဲ့သူက ပိုများတယ်။ အခု ဆက်တိုက်နိုင်တဲ့သူက သုံးသောင်းတောင် မပြည့်တော့ဘူး"

ရှင်းယန်စစ်တပ်မှ စစ်သည်ငါးသောင်းကို လုဖေးက ကျန်းနန်သို့ ခေါ်ဆောင်သွားခဲ့ရာ စစ်စခန်းတွင် ငါးသောင်းသာ ကျန်ရှိတော့သည်။ စစ်စခန်းစောင့်ရန် နှစ်ထောင် ချန်ထားခဲ့ပြီး လုလင်းသည် လေးသောင်းရှစ်ထောင်ကို ဦးဆောင်ကာ မြို့တော်သို့ ဝင်ရောက်လာခဲ့သည်။ ဤတိုက်ပွဲတွင် ထက်ဝက်နီးပါး သေဆုံးဒဏ်ရာရခဲ့သည်။ တိုက်ခိုက်နိုင်စွမ်း ရှိသူမှာ ထက်ဝက်ခန့်သာ ကျန်ရှိတော့သည်။ အမှန်တကယ်ပင် အထိနာခဲ့ရသည်။

ဒီတစ်ခေါက်ကိစ္စကြောင့် ရှင်းယန်စစ်တပ်၏ အင်အားက အများကြီး လျော့နည်းသွားခဲ့သည်။

လုမင်ယွိ၏ မျက်လုံးများထဲတွင် အားနာမှုနှင့် အပြစ်ရှိစိတ်များ ပြည့်နှက်နေသည်။

သူမကြောင့်သာ မဟုတ်ရင် လုလင်း ဒီလောက်ထိ အပင်ပန်းခံပြီး တိုက်ခိုက်စရာ မလိုပါဘူး။

လုလင်းသည် လုမင်ယွိကို ကြည့်ပြီး အသံကို နှိမ့်ကာ ပြောလိုက်သည်။ "အဖေ သမီးကို ဒါတွေ ပြောပြတာက အဖေ ဘယ်လောက် အလုပ်ကြိုးစားခဲ့တယ် ဆိုတာကို ပြချင်လို့ မဟုတ်ပါဘူး။ ရှင်းယန်စစ်တပ်က အင်အားကြီးလွန်းတော့ အရင်တုန်းက ကိစ္စမရှိပေမဲ့ နောက်ကျရင် ကောင်းချင်မှ ကောင်းတော့မှာ"

လုမင်ယွိ၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားသည်။

လုလင်း၏ စကားထဲတွင် ပါဝင်သော စိုးရိမ်ပူပန်မှုကို သူမ နားလည်ပါသည်။

လီကျင့် အိမ်ရှေ့စံ ဖြစ်တုန်းကတော့ အင်အားတောင့်တင်းပြီး သြဇာကြီးမားတဲ့ ယောက္ခမဘက်က ထောက်ခံပေးတာကို သဘောကျမှာ သေချာပါတယ်။ ဒါပေမဲ့ လီကျင့် ဧကရာဇ် ဖြစ်လာပြီး လုမင်ယွိ မိဖုရားခေါင် ဖြစ်လာတဲ့အခါ လုလင်းက ယောက္ခမတော် ဖြစ်လာမှာ။

လူစိတ်ဆိုတာ ပြောင်းလဲတတ်တယ်။

ဧကရာဇ် ဖြစ်လာတဲ့ လီကျင့်က စစ်အင်အား အများကြီး ပိုင်ဆိုင်ထားတဲ့ မိဖုရားခေါင်ရဲ့ ဆွေမျိုးတွေကို အရင်လို ယုံကြည်ပါ့မလား။

"သမီး လျှောက်တွေးမနေပါနဲ့ဦး" လုလင်း၏ အသံက နားထဲသို့ ဝင်ရောက်လာသည်။ "အခုအချိန်မှာ ဒါတွေ ပြောဖို့ စောပါသေးတယ်။ အရင်ဆုံး ကျန်းမာရေး ကောင်းအောင် နေလိုက်ပါဦး။ လီကျင့် ပြန်ရောက်မှ ကျန်တာတွေ ရှင်းခိုင်းလိုက်"

လုမင်ယွိသည် သက်ပြင်းဖြည်းဖြည်းချင်း ချလိုက်ပြီး အင်း ဟု ဖြေကြားလိုက်သည်။ မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်မှုများ ပေါ်လွင်နေသည်။

"အိပ်ချင်ရင် အိပ်လိုက်တော့နော်" လုလင်းသည် သမီးဖြစ်သူကို သနားကြင်နာစွာ ကြည့်လိုက်သည်။ "အဖေ ဒီမှာ စောင့်နေပေးမယ်"

လုမင်ယွိသည် မျက်လုံးမှိတ်လိုက်ပြီး မကြာမီ အိပ်ပျော်သွားလေသည်။

လုလင်းသည် ကုတင်ဘေးတွင် တိတ်ဆိတ်စွာ ထိုင်လျက် သမီးဖြစ်သူကို ငေးကြည့်နေပြီး အတော်ကြာမှ အသံတိတ် သက်ပြင်းချလိုက်သည်။

နန်းတော်ထဲ ဝင်ရောက်လာတာက မီးတောက်ပေါ် ဆီလောင်းပြီး ပန်းပွင့်ပေါ် ပိုးထိုးသလိုပါပဲ။ အပြင်ပန်းက ကြည့်ရင် ဂုဏ်ရှိန်ကြီးမားပြီး ချမ်းသာကြွယ်ဝပေမဲ့ အတွင်းထဲမှာတော့ ကြောက်စရာကောင်းတဲ့ အန္တရာယ်တွေ ပြည့်နှက်နေတာ။

လီကျင့်က သိတတ်တဲ့ ယောက်ျားတစ်ယောက် ဖြစ်ပါစေလို့ပဲ မျှော်လင့်ရတော့မယ်။ နောင်တစ်ချိန်ကျရင် ရှောင်ယွိကို သစ္စာမဖောက်ပါစေနဲ့။

တကယ်လို့ အဲဒီလိုနေ့မျိုး ရောက်လာခဲ့ရင် သူက သူ့သမီး အနိုင်ကျင့်ခံရတာကို လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး။

...

လုမင်ယွိသည် အချိန်အတော်ကြာ နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည်။

ပြန်လည် နိုးထလာချိန်တွင် နာရီပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သည်။

ကုတင်ဘေးတွင် အခြားသူ မရှိဘဲ ချီယွင်သာ စောင့်နေလေသည်။ ချီယွင်သည်လည်း ရက်ပေါင်းများစွာ အိပ်စက်ခြင်း မရှိခဲ့သဖြင့် မျက်လုံးထဲတွင် သွေးကြောမျှင်များ ယှက်သန်းနေပြီး မျက်နှာမှာ ပင်ပန်းနွမ်းနယ်နေသည်။ ဆေးခွက်ကို သတိထား ကိုင်ဆောင်လျက် သခင်မကို ဆေးတိုက်နေလေသည်။

ဆေးရည်သည် ဦးရည်ပြားများ ထုံထိုင်းသွားလောက်အောင် ခါးသက်လှသည်။

လုမင်ယွိသည် အသက်အောင့်ပြီး ဆေးကို တစ်ခါတည်း မော့သောက်လိုက်၏။ ချီယွင်က ချဉ်ပြုံးပြုံးအရသာရှိသော ဇီးသီးခြောက်တစ်လုံးကို ပါးစပ်ထဲ ချက်ချင်း ထည့်ပေးလိုက်သည်။ "ညန်ညန် ခဏလောက် ငုံထားလိုက်ပါ၊ ပါးစပ်ထဲက အခါးဓာတ် ပြေသွားအောင်လို့"

ချိုချဉ်အရသာရှိသော ဇီးသီးအနှစ်သည် ပါးစပ်ထဲတွင် ပျံ့နှံ့သွားပြီး အခါးဓာတ်ကို တကယ်ပင် လျော့ပါးသွားစေသည်။

လုမင်ယွိသည် ချီယွင်ကို ပြုံးပြလိုက်သည်။

ချီယွင်သည်လည်း ပြန်လည် ပြုံးပြလိုက်သည်။ ပြုံးရင်းနှင့် မျက်လုံးများ နီရဲလာပြန်သည်။ ခေါင်းကို အမြန်လှည့်လိုက်ပြီး မျက်ရည်များကို လက်ဖြင့် သုတ်လိုက်လေသည်။

လုမင်ယွိသည် ငယ်စဉ်ကတည်းက သိုင်းပညာ လေ့ကျင့်ခဲ့သဖြင့် ကျန်းမာသန်စွမ်းပြီး ဖျားနာလေ့ မရှိပေ။ သို့သော် ဤနှစ်အနည်းငယ်အတွင်း ဒဏ်ရာအပြင်းအထန် နှစ်ကြိမ် ရရှိခဲ့သည်။ ပထမအကြိမ်တွင် နှစ်ဝက်နီးပါး အနားယူခဲ့ရသည်။ ဒီတစ်ကြိမ်တွင်တော့ ဘယ်လောက်ကြာကြာ အိပ်ရာထဲ လဲနေရဦးမည် မသိပေ။

လုမင်ယွိသည် လက်ကို လှုပ်ရှားလိုက်ရာ ခန္ဓာကိုယ်ထဲတွင် အားအင်အနည်းငယ် ရှိလာသည်။ သူမ၏ လက်ချောင်းများက ချီယွင်၏ လက်ချောင်းများကို စမ်းသပ်မိပြီး ဖွဖွလေး ဆုပ်ကိုင်လိုက်၏။

ချီယွင်သည် အံ့အားသင့် ဝမ်းသာသွားပြီး ငိုကြွေးရန်ပင် မေ့လျော့သွားကာ အလျင်အမြန် လှည့်ကြည့်လိုက်သည်။ "ညန်ညန် အခု အားရှိလာပြီလား"

လုမင်ယွိက ပြုံးလျက် အင်း ဟု ဖြေကြားလိုက်သည်။

အားကတော့ နည်းနည်းလေး ရှိလာပါပြီ၊ ပုရွက်ဆိတ်တစ်ကောင်လောက်တော့ သတ်နိုင်လောက်ပါရဲ့။

ချီယွင်သည် ပြောပြီးမှ ကိုယ်ပြောတာ မှားသွားမှန်း သိလိုက်ပြီး နှုတ်ခမ်းစူကာ ရယ်မောလိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ် ညန်ညန်က အသက်အန္တရာယ် မရှိတော့ပါဘူး။ ရင်ဘတ်က ဓားဒဏ်ရာကို ဖြည်းဖြည်းချင်း ကုသရင် ပျောက်ကင်းသွားမှာပါ"

"ဝမ်ရယ်(လုလင်း)က ညန်ညန်ရဲ့ ဘေးနားမှာ အမြဲတမ်း မနေနိုင်ပါဘူး။ လွန်ခဲ့တဲ့ တစ်နာရီလောက်က ဝန်ကြီးတွေက ဝမ်ရယ်ကို ဝမ်ဟွားနန်းဆောင်ဆီ ဖိတ်ခေါ်သွားကြတယ်။ ပြည်သူတွေကို နှစ်သိမ့်ပေးဖို့ ကိစ္စတွေ ဆွေးနွေးကြမလို့တဲ့"

"ဟွမ်ဟုပ်ညန်ညန်လည်း ဝမ်ဟွားနန်းဆောင်မှာ ရှိနေပါတယ်"

"ဒါနဲ့ စတုတ္ထမင်းသားအကြောင်း ပြောရဦးမယ်။ အဲဒီညက စတုတ္ထမင်းသားလည်း ဒဏ်ရာ နည်းနည်း ရသွားတယ်။ အခု နန်းတော်ထဲမှာပဲ ဆေးကုသနေပါတယ်။ စတုတ္ထမင်းသားကြင်ရာတော်က နန်းတော်ထဲ ဝင်လာပြီး စတုတ္ထမင်းသားကို ပြုစုပေးနေပါတယ်"

စတုတ္ထမင်းသားအကြောင်း ပြောသောအခါ လုမင်ယွိ၏ မျက်လုံးများ နူးညံ့သွားသည်။

စတုတ္ထမင်းသား လီရှန်းက တာဝန်ယူစိတ် ရှိသားပဲ။ အန္တရာယ်အရှိဆုံး အချိန်မှာ နန်းတော်တံခါးဝမှာ စောင့်နေပြီး ခြေတစ်လှမ်းမှ မဆုတ်ခဲ့ဘူး။

ချီယွင်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "အရှင်မင်းကြီး နတ်ရွာစံသွားတဲ့ကိစ္စက မြို့တော်တစ်ခုလုံး ပျံ့နှံ့သွားပါပြီ။ ဖုံးကွယ်ထားလို့ မရတော့ပါဘူး"

"ကွမ်းပင်းနယ်စားက စစ်တပ်ကို ဦးဆောင်ပြီး ပုန်ကန်တယ်။ ကွမ်းပင်းနယ်စားကတော်က သတင်းကြားတာနဲ့ ရွှေကို မျိုချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်။ မုန့်မိသားစုဝင် အကုန်လုံးကို ဖမ်းထားလိုက်ပြီ။ အိမ်ရှေ့စံ ပြန်ရောက်မှ အမိန့်ချမှတ်လိမ့်မယ်"

ပုန်ကန်မှုဆိုတာ တစ်ဆွေတစ်မျိုးလုံး သတ်ဖြတ်ခံရမဲ့ အပြစ်ကြီးလေ။

ကွမ်းပင်းနယ်စားကတော်က ထောင်ကျမှာ ကြောက်လို့ သတင်းကြားတာနဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာပဲ။ သေတာက ရှင်းရှင်းလင်းလင်း ရှိသားပဲ။

တတိယမင်းသားအိမ်တော်ကို ချိပ်ပိတ်ထားလိုက်ပြီ။ မုန့်ယွင်လော် အိမ်တော်ထဲမှာ ဘယ်လိုတွေ ငိုကြွေးနေမလဲ ဆိုတာ ဘယ်သူမှ မသိကြဘူး။ ဒါပေမဲ့ သေသွားတယ်ဆိုတဲ့ သတင်း မကြားရသေးတော့ သေလောက်တဲ့အထိတော့ မဖြစ်သေးဘူးလို့ ယူဆရတာပဲ။

အသနားစရာ အကောင်းဆုံးကတော့ ပထမမင်းသားကြင်ရာတော် လျန်ရှီပါပဲ။

ပထမမင်းသားက ယုံးကျားဧကရာဇ်ကို သတ်ဖြတ်ခဲ့တယ်။ လျန်ရှီရဲ့ အဖေအရင်းကလည်း ပထမမင်းသား လက်ချက်နဲ့ သေဆုံးခဲ့ရတယ်။ အဲဒီနောက် ပထမမင်းသားလည်း သေဆုံးသွားခဲ့သလို လျန်တာ့လန်လည်း သေဆုံးသွားခဲ့တယ်။

ညတွင်းချင်း သူမက ခင်ပွန်းကို ဆုံးရှုံးလိုက်ရသလို အဖေအရင်းနဲ့ အစ်ကိုအရင်းကိုပါ ဆုံးရှုံးလိုက်ရတာ။

"... ပထမမင်းသားအိမ်တော်ကိုလည်း ချိပ်ပိတ်ထားလိုက်ပါပြီ။ ပထမမင်းသားကြင်ရာတော်ကတော့ ကိုယ့်ကိုယ်ကိုယ် မသတ်သေးပါဘူး" ချီယွင်က တိုးတိုးလေး ပြောလိုက်သည်။

ဒီလိုအခြေအနေမျိုးမှာတောင် ပထမမင်းသားကြင်ရာတော်က ကြံ့ကြံ့ခံပြီး အသက်ရှင်နေသေးတယ် ဆိုတော့ နောက်ကျရင်လည်း ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ မရှိလောက်ပါဘူးလေ။

...

အပိုင်း (၆၇၄) သေရေး ရှင်ရေး (၁)

"အမယ်လေးဗျ!"

စတုတ္ထမင်းသားသည် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး နာကျင်စွာ အော်ဟစ်လိုက်သည်။ စတုတ္ထမင်းသား၏ ကြင်ရာတော် ကျောက်ယွီသည် ဒဏ်ရာများကို ဆေးထည့်ပေးနေရင်း နာကျင်သံကြားသည်နှင့် မျက်ဝန်းများ နီရဲလာပြီး မျက်ရည်များ တောက်ခနဲ ကျဆင်းလာလေသည်။

စတုတ္ထမင်းသားသည် နာကျင်မှုကို သည်းခံပြီး ကျောက်ယွီကို ပြုံးပြလိုက်ကာ "ဒဏ်ရာက သုံးနေရာပဲ ရတာပါ၊ ဆေးထည့်လိုက်ရင် ဆယ်ရက်လလောက်ဆို ပြန်ကောင်းသွားမှာပါ။ အာ့စောင်နဲ့ ယှဉ်ရင် ငါက အများကြီး ကံကောင်းပါတယ်"

သေဆုံးသွားသော လီချန်၊ လီယိနှင့် သေမင်းတံခါးဝ ရောက်သွားသော လီဟောက်တို့ကို တွေးကြည့်လိုက်လျှင် သူက ပို၍ ကံကောင်းသည်ဟု ဆိုရမည်။

ကျောက်ယွီသည် နှာခေါင်းရှုံ့လိုက်ပြီး အင်း ဟု ပြန်ဖြေလိုက်သည်။ လက်ထဲမှ အလုပ်ကိုတော့ မရပ်တန့်ဘဲ ဆက်လုပ်နေသည်။ မကြာမီ ဆေးလဲပြီး ပတ်တီးစည်းပေးလိုက်သည်။

သမားတော်နှင့် နန်းတွင်းသူများ ထွက်ခွာသွားကြပြီး အိပ်ခန်းထဲတွင် လင်မယားနှစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။

"အာ့စောင် အခု ဘယ်လိုနေလဲ" စတုတ္ထမင်းသားက တိုးတိုးလေး မေးလိုက်သည်။

ကျောက်ယွီသည် လက်မောင်းစဖြင့် မျက်ရည်သုတ်လိုက်ပြီး အသံအက်အက်ဖြင့် ပြန်ဖြေလိုက်သည်။ "အာ့စောင် သတိရလာပြီလို့ ကြားတယ်။ ဒါပေမဲ့ အားနည်းနေသေးလို့ စကားမပြောနိုင်သေးဘူးတဲ့။ ဒါကြောင့် ကျွန်မ သွားမတွေ့သေးတာ"

စတုတ္ထမင်းသားက ခါးသီးစွာ ပြုံးလိုက်ပြီး သက်ပြင်းချလိုက်သည်။ "အခု နန်းတော် အတွင်းရော အပြင်ရော ရှုပ်ထွေးနေတာပဲ။ ရှင်းယန်ဝမ်သာ နန်းတော်ထဲမှာ နေပြီး အခြေအနေကို မထိန်းထားရင် ဘာတွေဖြစ်ကုန်မလဲ မသိဘူး။ ပြဿနာ နည်းလေ ကောင်းလေပဲ၊ မင်း လောလောဆယ် ငါနဲ့ပဲ အတူတူ နေလိုက်ပါ။ နောက်ရက်နည်းနည်း ကြာလို့ အာ့ကော ပြန်ရောက်လာရင်၊ ငါလည်း လမ်းလျှောက်နိုင်ရင် အရှေ့နန်းဆောင်ကို အတူတူ သွားကြတာပေါ့"

ကျောက်ယွီက တိုးတိုးလေး ပြန်ဖြေပြီး ရုတ်တရက် ငိုကြွေးပြန်သည်။ "ဘယ်လိုဖြစ်ပြီး ဒီလိုတွေ ဖြစ်ကုန်တာလဲ"

လီယိ လက်ချက်ဖြင့် ရက်စက်စွာ အသတ်ခံလိုက်ရသော ဖခင်ကို သတိရပြီး စတုတ္ထမင်းသား၏ မျက်ဝန်းများ နီရဲလာသည်။ "ငါလည်း မသိပါဘူး။ အဲဒီညက ငါ သာ့ကောနဲ့ အတူတူ ထိုင်ပြီး အရက်သောက်နေခဲ့တာ။ ငါ သာ့ကောကို ပြောခဲ့သေးတယ်၊ ငါ နန်းတော်ထဲ ဝင်ပြီး ဖုဟွမ်ဆီမှာ နယ်မြေတစ်ခု တောင်းမယ်။ ပြီးရင် မင်းတို့သားအမိကို ခေါ်ပြီး မြို့တော်နဲ့ ဝေးတဲ့နေရာမှာ သွားနေတော့မယ်လို့"

"အဲဒီတုန်းက သာ့ကောက နည်းနည်း စိတ်လှုပ်ရှားနေပုံရတယ်။ ငါတောင် သူ့ကို နှစ်သိမ့်လိုက်သေးတယ်။ မထင်မှတ်ထားတာက အဲဒီညမှာပဲ သူ နန်းတော်ထဲ ဝင်သွားပြီး မလုပ်သင့်မလုပ်ထိုက်တဲ့ အပြစ်ကြီးကို ကျူးလွန်လိုက်တာပဲ"

ဒီကိစ္စက လည်ပင်းမှာ စူးနေတဲ့ ဆူးတစ်ချောင်းလိုပါပဲ။

ဒီကိစ္စကို တွေးမိတိုင်း စတုတ္ထမင်းသား ရင်ထဲတွင် ပြောမပြတတ်အောင် နောင်တရပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမိသည်။ တကယ်လို့များ အဲဒီနေ့က သူ အဲဒီစကားတွေ မပြောခဲ့ရင် သာ့ကောက မူးမူးရူးရူးနဲ့ နန်းတော်ထဲ ဝင်ပြီး အဖေအရင်းနဲ့ ယောက္ခမကို သတ်တဲ့အထိ ဖြစ်လာပါ့မလား။ နောက်ဆုံး ကိုယ်တိုင်လည်း အသက်ဆုံးရှုံးရတာပဲ။

"ဒီကိစ္စက ရှင်နဲ့ ဘာမှ မဆိုင်ပါဘူး" ကျောက်ယွီက စတုတ္ထမင်းသား၏ စိတ်ကို နားလည်သဖြင့် နှစ်သိမ့်လိုက်သည်။ "ပထမမင်းသားက အစကတည်းက မကောင်းကြံချင်နေတာ။ မဟုတ်ရင် ဆေးရဖို့ ခက်ခဲတဲ့ မေ့ဆေးကို အဆင်သင့် ဆောင်ထားပါ့မလား"

ဒါလည်း ဟုတ်တာပဲ။

စတုတ္ထမင်းသား၏ အပြစ်ရှိစိတ် အနည်းငယ် လျော့ပါးသွားပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ် အာ့ကော ပြန်ရောက်ရင် ဒီကိစ္စကို အစအဆုံး ပြန်ပြောပြရမယ်"

ကျောက်ယွီက အင်း ဟု ပြန်ဖြေပြီး စတုတ္ထမင်းသား၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ "ရှင်က ကိုယ့်လိပ်ပြာကိုယ်လုံတာပဲ၊ ဘယ်သူ့ကိုမှ မမှားခဲ့ပါဘူး။ အိမ်ရှေ့စံ ပြန်ရောက်ရင်လည်း ရှင့်ကို ဘာမှ လုပ်မှာ မဟုတ်ပါဘူး"

"ဒီစကားမျိုး နောက်မပြောနဲ့တော့" စတုတ္ထမင်းသားက သက်ပြင်းချလိုက်သည်။ "ငါနဲ့ အာ့ကောက ညီအစ်ကိုအရင်းတွေပဲ၊ အမြဲတမ်း တည့်ခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒါက အရင်တုန်းကလေ။ တိုင်းပြည်မှာ မင်းမဲ့နေလို့ မဖြစ်ဘူး။ ဖုဟွမ် နတ်ရွာစံသွားပြီဆိုတော့ အာ့ကော ပြန်ရောက်တာနဲ့ ပထမဆုံး နာရေးကိစ္စ လုပ်မယ်၊ ဒုတိယက နန်းတက်ပွဲ လုပ်လိမ့်မယ်"

"မင်းနဲ့ ကျွန် ဆိုတာ ရှိလာပြီ။ နောက်ကျရင် အာ့ကောက မင်း၊ ငါက ကျွန်။ ကျွန်ဆိုတာ ကျွန်လိုပဲ နေရမှာပေါ့"

မင်းသားတစ်ပါးနဲ့ နယ်စားပယ်စားတစ်ပါး ဘယ်လိုလုပ် တူနိုင်မှာလဲ။

နောက်ဆိုရင် သူက ခေါင်းငုံ့ပြီး နေမှ ဖြစ်တော့မယ်။

ကျောက်ယွီသည် စိတ်ထဲတွင် မွန်းကျပ်နေသော်လည်း ဘာမှ မပြောနိုင်ပေ။ ခဏကြာမှ မေးလိုက်သည်။ "ရှင် နယ်မြေတောင်းပြီး ထွက်သွားချင်သေးလား"

"တောင်းမှာပေါ့" စတုတ္ထမင်းသားက ခါးသီးစွာ ပြုံးလိုက်သည်။ "မြန်မြန် ဆန္ဒပြုလေ ကောင်းလေပဲ"

ဒါမှ အရှေ့နန်းဆောင်က သံသယ မဝင်မှာ။

မုန့်စစ်တပ်က ရှုံးနိမ့်သွားပြီ၊ ရှင်းယန်စစ်တပ်က အထိနာသွားပြီ၊ ကိုယ်ရံတော်တပ်ဖွဲ့ကလည်း အသေအပျောက် များတယ်။ သူ့ယောက္ခမ ဖူယန်မြို့စား တစ်ယောက်ပဲ ဘာမှမဖြစ်ဘဲ ကျန်ခဲ့တာ။ အရင်က အင်အားအနည်းဆုံး ကျောက်စစ်တပ်က အခု ထိပ်ဆုံး ရောက်သွားပြီ။

သူက ထီးနန်းကို မလိုချင်ကြောင်း ပြဖို့အတွက် အနေအထိုင် ဆင်ခြင်ပြီး ရိုကျိုးကြောင်း ပြရမယ်လေ။

ကျောက်ယွီက နားလည်စွာဖြင့် တိုးတိုးလေး ပြောလိုက်သည်။ "ဒီတစ်ခါတော့ အဖေ တည်ငြိမ်သားပဲ။ အဲဒီတုန်းက အပြင်မှာ တိုက်ခိုက်သံတွေ ကြားနေရတော့ အိမ်နောက်ဖေးမှာ နေရတဲ့ ကျွန်မတောင် ကြောက်နေခဲ့တာ။ အဖေ စိတ်မထိန်းနိုင်ဘဲ မြို့တော်ထဲ ဝင်တိုက်ပြီး အခြေအနေတွေ ပိုဆိုးသွားအောင် လုပ်မှာ စိုးရိမ်နေခဲ့တာ"

ကံကောင်းလို့ ဖူယန်မြို့စား မမှားခဲ့တာ။

မဟုတ်ရင် အခု ထောင်ထဲရောက်နေမှာ မုန့်မိသားစုတင် မဟုတ်တော့ဘူး။

စတုတ္ထမင်းသားက ခေါင်းညိတ်လိုက်သည်။ "ယွဲ့ဖုက ပုံမှန်အချိန်ဆို မတည်ငြိမ်ပေမဲ့ အရေးကြီးတဲ့အချိန်ကျရင် အကဲခတ် ကောင်းသားပဲ။ သူ ရှုပ်ထွေးတဲ့အထဲ ဝင်မပါတာ အကောင်းဆုံးပဲ။ ဒါမှ ကျောက်မိသားစု နောက်ထပ် နှစ်ပေါင်းများစွာ ချမ်းသာနိုင်မှာ"

ကျောက်ယွီသည် အနည်းငယ် ပင်ပန်းလာသဖြင့် ကုတင်ပေါ် တက်လိုက်ပြီး စတုတ္ထမင်းသား၏ ဒဏ်ရာကို ဂရုတစိုက် ရှောင်ကာ ဘေးတွင် ဝင်လှဲလိုက်သည်။ "သနားစရာ အကောင်းဆုံးက ပထမမင်းသား ကြင်ရာတော်ပါပဲ"

"သူ့နေရာမှာ စဉ်းစားကြည့်ရင် ကျွန်မသာ သာ့ဟွမ်စစ်ဖေး နေရာမှာဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်မှာပဲ"

စတုတ္ထမင်းသားက သက်ပြင်းချလိုက်သည်။ "ဒီရက်ပိုင်း လူတွေ အများကြီး သေကုန်ပြီ။ နိမိတ်မကောင်းပါဘူး။ ပထမမင်းသား ကြင်ရာတော် ကြံ့ကြံ့ခံပြီး ဒီကပ်ဘေးကို ကျော်ဖြတ်နိုင်ပါစေလို့ပဲ မျှော်လင့်ရတာပေါ့"

ဇနီးမောင်နှံနှစ်ဦးသည် ခေါင်းချင်းဆိုင်ကာ အချိန်အတော်ကြာ စကားပြောနေကြသည်။ မကြာမီ အိပ်ငိုက်လာပြီး စကားသံများ တိုးသွားကာ နှစ်ယောက်စလုံး အိပ်ပျော်သွားကြလေသည်။

...

ပထမမင်းသား အိမ်တော်။

သတင်းဆိုးများသည် တစ်ခုပြီးတစ်ခု ပထမမင်းသားကြင်ရာတော်ထံ ရောက်ရှိလာသည်။

နာကျင်မှုသည် အထွတ်အထိပ်သို့ ရောက်သွားသောအခါ လူသည် နှစ်ပိုင်း ကွဲသွားသကဲ့သို့ ခံစားရသည်။ တစ်ပိုင်းက သေမတတ် နာကျင်နေပြီး နောက်တစ်ပိုင်းကတော့ ပုံမှန်မဟုတ်လောက်အောင် တည်ငြိမ်နေသည်။ တည်ငြိမ်သော အပိုင်းက နာကျင်နေသော အပိုင်းကို စောင့်ကြည့်နေလေသည်။

သူမ၏ ဘဝတစ်ဝက်တွင် အိမ်ထောင်မပြုမီ ဖခင်စကားကို နားထောင်ခဲ့ရပြီး အိမ်ထောင်ပြုပြီးနောက် ခင်ပွန်းစကားကို နားထောင်ခဲ့ရသည်။

အခု ခင်ပွန်း သေဆုံးသွားပြီ၊ ယောက္ခမ သေဆုံးသွားပြီ၊ ဖခင် သေဆုံးသွားပြီ။ သူမ၏ အစ်ကိုလည်း သေဆုံးသွားပြီ။

သူမ၏ ကောင်းကင်ကြီး ပြိုကျသွားပြီ။

ထူးဆန်းသည်မှာ သူမ လုံးဝ မသေချင်ပေ။

သူမ ဘာမှမသိဘူး။ ဘာမှလည်း အမှားမလုပ်ခဲ့ဘူးလေ။ ဘာလို့ လီယိနဲ့အတူ လိုက်သေပေးရမှာလဲ။

ပုရွက်ဆိတ်တောင် အသက်ရှင်ချင်သေးတာပဲ။ မကောင်းသဖြင့် နေရတာက ကောင်းကောင်း သေတာထက် သာပါသေးတယ်။ နောက်ကျရင် တစ်သက်လုံး အကျဉ်းချခံရပြီး ဒီအိမ်တော်ထဲက ဘယ်တော့မှ ထွက်ခွင့်မရရင်တောင် သူမ မသေချင်ပါဘူး။

မယားပါသား လီထန်သည် ပထမမင်းသားကြင်ရာတော်၏ ဘေးမှ တစ်ဖဝါးမှ မခွာဘဲ စောင့်ရှောက်နေသည်။

လီထန်သည် ငယ်စဉ်ကတည်းက လိမ္မာရေးခြားရှိပြီး နန်းတော်တွင် နှစ်နှစ်ကြာ စာသင်ပြီးနောက် ပို၍ သိတတ်လာသည်။

နန်းတော်တွင် ကြီးမားသော ဖြစ်ရပ်ကြီး ဖြစ်ပျက်ခဲ့သည်ကို လီထန်လည်း သိထားသည်။ လီထန်သည် ကြောက်ရွံ့နေပြီး မိထွေးဖြစ်သူ စိတ်လိုက်မာန်ပါ လုပ်မိမှာကို ပို၍ စိုးရိမ်နေသည်။

ပထမမင်းသားကြင်ရာတော် ငေးငိုင်နေလျှင် သူလည်း လိုက်ငေးသည်။ သူမ ထမင်းစားလျှင် သူလည်း လိုက်စားသည်။ သူမ အိပ်လျှင် လီထန်လည်း မပြန်ဘဲ အိပ်ခန်းထဲရှိ ကုတင်ငယ်လေးပေါ်တွင် အိပ်သည်။ သူမ လှုပ်ရှားလိုက်သည်နှင့် လီထန် ချက်ချင်း ရောက်လာတတ်သည်။

ယခုအချိန်တွင် သူမ ထိုင်ပြီး ငေးငိုင်နေစဉ် မသိလိုက်ပါဘဲ မျက်ရည်များ စီးကျလာသည်။ လီထန်သည် အသံမထွက်ဘဲ လက်ကိုင်ပဝါဖြင့် သူမ၏ မျက်ရည်များကို သုတ်ပေးလိုက်သည်။

ပထမမင်းသားကြင်ရာတော်သည် မျက်လုံးများကို မှိတ်လိုက်ပြီး ပြန်ဖွင့်လိုက်သည်။ "ထန်အာ၊ မင်းအဘိုး နတ်ရွာစံသွားပြီ။ မင်းအဖေလက်ချက်နဲ့ သေသွားတာ။ မင်းရဲ့ အမေဖက်က အဘိုးလည်း မင်းအဖေ သတ်လို့ သေသွားတာ"

"မင်းအဖေ မကောင်းလို့ သေရတာ သူ့အပြစ်နဲ့သူပဲ။ နောက်ကျရင် ငါတို့သားအမိနှစ်ယောက်ရဲ့ အခြေအနေက ခက်ခဲလိမ့်မယ်။ မင်းရဲ့ ဒုတိယဦးရီးတော် ပြန်လာရင်၊ တကယ်လို့ သူက သဘောထားကြီးရင် ငါတို့သားအမိ အသက်ချမ်းသာပေးလိမ့်မယ်"

"တကယ်လို့ သူက အပြစ်ပေးချင်တယ် ဆိုရင်တော့ ငါတို့နှစ်ယောက်လုံး သေရမှာပဲ"

...

အပိုင်း (၆၇၅) သေရေး ရှင်ရေး (၂)

သွေးမရှိတော့ဘဲ ဖြူဖျော့နေသည့် ပထမမင်းသား ကြင်ရာတော်၏မျက်နှာကို ကြည့်ရင်း လီထန်၏ မျက်လုံးများ နီရဲလာပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "အမေ ပြောတာတွေ သား နားလည်ပါတယ်။ အဖေက အမှားကြီး လုပ်ခဲ့တော့ သားတို့လည်း မသိလိုက်ပေမဲ့ အပြစ်ပါသွားမှာပဲ"

"အမေ မကြောက်ပါနဲ့။ သားတို့ အသက်ရှင်ရမယ်ဆိုရင် အတူတူ ရှင်မယ်၊ သေရမယ်ဆိုရင် အတူတူ သေကြမယ်။ ဘယ်လိုအခြေအနေ ရောက်ရောက် သား အမေနဲ့ အတူတူ ရှိနေမှာပါ"

ထူးဆန်းသည်မှာ သုံးရက်လုံးလုံး အသံထွက် မငိုခဲ့သော ပထမမင်းသားကြင်ရာတော်သည် ဤစကားကို ကြားသောအခါ ရုတ်တရက် အသံကုန်ဟစ်ကာ ငိုကြွေးလေတော့သည်။

ငိုသံသည် တောင်ပြိုမြေအက်သကဲ့သို့ ကျယ်လောင်ပြီး တစ်နာရီကြာအောင် မရပ်တန့်ခဲ့ပေ။

လီထန်လည်း အချိန်အတော်ကြာ ငိုကြွေးခဲ့သည်။

ပထမမင်းသားကြင်ရာတော်သည် ငိုကြွေးရင်း လီထန်ကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ တိုးတိုးလေး ပြောလိုက်သည်။ "ကောင်းပြီ၊ ငါ မင်းကို ကျွေးမွေးစောင့်ရှောက်ရကျိုး နပ်ပါတယ်။ ဒီအချိန်မှာ မင်းတစ်ယောက်ပဲ ငါ့အနားမှာ ရှိတော့တာ"

"အသက်ရှင်ခွင့်ရမယ်ဆိုရင် ငါတို့သားအမိနှစ်ယောက် ဖြည်းဖြည်းချင်း အသက်ရှင်ကြတာပေါ့"

"အသက်ရှင်ခွင့်မရှိတော့ဘူး ဆိုရင်လည်း ငါတို့သားအမိနှစ်ယောက် အတူတူ သေရွာသွားကြတာပေါ့။ ဟိုရောက်ရင် အဖော်ရတာပေါ့"

သားအမိနှစ်ယောက် ပွေ့ဖက်ပြီး ငိုကြွေးလိုက်ကြရာ မျက်လုံးများ နီရဲရောင်ရမ်းလာပြီး အသံများ အက်ကွဲသွားသည်။ သို့သော် ငိုကြွေးပြီးနောက် ရင်ထဲတွင် စုပုံနေသော နာကျင်မှု၊ သံသယနှင့် ကြောက်ရွံ့မှုများ အနည်းငယ် လျော့ပါးသွားသည်။

ပထမမင်းသားကြင်ရာတော်သည် ဆုံးဖြတ်ချက်ချပြီးနောက် တည်ငြိမ်သွားသည်။

သူမသည် နန်းတွင်းသူကို ရေနွေးယူခိုင်းလိုက်ပြီး လီထန်၏ မျက်နှာကို ကိုယ်တိုင် သစ်ပေးလိုက်သည်။ ပူနွေးသော မျက်နှာသုတ်ပဝါဖြင့် လီထန်၏ မျက်နှာပေါ်မှ မျက်ရည်စများကို ဖြည်းဖြည်းချင်း သုတ်ပေးလိုက်သည်။

လီထန်သည် ပထမမင်းသား၏ တစ်ဦးတည်းသော သားဖြစ်သည်။ မယားပါသား ဖြစ်သော်လည်း ချမ်းသာသည့်မိသားစုတွင် ကြီးပြင်းလာခဲ့ရသည်။ ဘေးနားတွင် အစေခံများ အများအပြား ရှိသည်။ ပထမမင်းသားကြင်ရာတော်သည် မိထွေးဖြစ်သော်လည်း သူ့အပေါ် အလွန် ကောင်းမွန်ကာ စားဝတ်နေရေးမှအစ စာသင်ကြားရေးအဆုံး အရာရာ ဂရုစိုက်ပေးခဲ့သည်။

သို့သော် ယခုကဲ့သို့ ရင်းနှီးသော အပြုအမူမျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။

မမြင်နိုင်သော အတားအဆီးများသည် ယခုအချိန်တွင် ကျိုးပျက်သွားခဲ့သည်။ သားအမိနှစ်ယောက်၏ ဆက်ဆံရေးသည် လျင်မြန်စွာ နီးကပ်သွားခဲ့သည်။

လီထန်သည် မည်မျှပင် သိတတ်ပါစေ ကလေးတစ်ယောက်သာ ဖြစ်သေးသည်။ စိတ်လှုပ်ရှားစွာဖြင့် မျက်ရည်များ ဝေ့သီလာပြီး အမေ ဟု လွှတ်ခနဲ ခေါ်လိုက်မိသည်။

ပထမမင်းသားကြင်ရာတော်၏ မျက်ဝန်းအိမ်များ နီရဲလာပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ထန်အာ၊ မင်းက ငါ့ရဲ့ သားအရင်း မဟုတ်ပေမဲ့ ငါ့လက်နဲ့ ကြီးပြင်းလာတာပါ။ ငါတို့က သားအမိအရင်း မဟုတ်ပေမဲ့ သားအမိအရင်းနဲ့ အတူတူပါပဲ"

"မင်းအဖေက ခွင့်မလွှတ်နိုင်လောက်တဲ့ အပြစ်ကြီး ကျူးလွန်ခဲ့တယ်။ သူ့အသက်နဲ့ ပေးဆပ်လိုက်ရရုံတင် မကဘူး၊ ငါတို့သားအမိနှစ်ယောက်ရဲ့ ရှေ့ရေးကလည်း ကောင်းမှာ မဟုတ်ဘူး"

"ငါ စဉ်းစားပြီးပြီ။ အသက်ရှင်ခွင့်ရမယ်ဆိုရင် ဝေးလံခေါင်ဖျားပြီး အေးစက်တဲ့နေရာကို အပို့ခံရရင်တောင် သည်းခံပြီး နေမယ်။ နောက်ကျရင် ငါ မင်းကို ကောင်းကောင်း စောင့်ရှောက်ပြီး ပျိုးထောင်ပေးမယ်"

လီထန်သည် မထိန်းနိုင်တော့ဘဲ ထပ်မံ ငိုကြွေးမိပြန်သည်။ ပထမမင်းသားကြင်ရာတော်၏ ရင်ခွင်ထဲသို့ တိုးဝင်ပြီး အမေ ဟု တဖွဖွ ခေါ်နေလေသည်။

ပထမမင်းသားကြင်ရာတော်သည် လီထန်၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ "မငိုနဲ့တော့၊ ဒီရက်ပိုင်း ငါ ဘာမှ မစားခဲ့တော့ မင်းလည်း လိုက်ပိန်သွားပြီ။ ငါ ထမင်းခင်းခိုင်းလိုက်မယ်၊ ငါတို့သားအမိနှစ်ယောက် ဗိုက်ဝအောင် စားကြမယ်"

...

တတိယမင်းသားအိမ်တော်။

မုန့်ယွင်လော်သည် ကုတင်ပေါ်တွင် မျက်နှာသေဖြင့် ထိုင်နေသည်။

ဤသုံးရက်အတွင်း သူမ ဘယ်နှခါ ငိုခဲ့သည် မသိတော့ပေ။ မျက်လုံးများ နီရဲရောင်ရမ်းနေရုံသာမက အသံများလည်း အက်ကွဲနေပြီး ယခု စကားမပြောနိုင်တော့ပေ။

"အမေ!" လီကျန်း၏ အသံလေးလည်း အက်ကွဲနေသည်။ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် လက်ကို ဆန့်ထုတ်ကာ မုန့်ယွင်လော်၏ အင်္ကျီလက်စကို ဆွဲလိုက်သည်။ "စကားပြောပါဦး၊ ဒီလိုကြီး မနေပါနဲ့"

ငိုနေတုန်းက ကြောက်စရာ ကောင်းပေမဲ့ အသက်ရှိသေးတယ်လို့ ခံစားရတယ်။ အခုလို ဘာမှမလုပ်ဘဲ နေနေတာက အသက်မရှိတဲ့ လူသေကောင် လမ်းလျှောက်နေသလိုပဲ၊ မျက်နှာပေါ်မှာ ဘာခံစားချက်မှ မရှိတော့ဘူး။ ကြည့်ရတာ ကျောချမ်းစရာ ကောင်းလိုက်တာ။

မုန့်ယွင်လော်သည် ကိုယ့်ကမ္ဘာထဲ ကိုယ်ရောက်နေပြီး သမီးဖြစ်သူကို ဂရုမစိုက်ပေ။

လီဝေသည် ငယ်စဉ်ကတည်းက အလိုလိုက်ခံထားရသူ ဖြစ်သည်။ အမေ ဟု နှစ်ခါခေါ်ပြီး မထူးသဖြင့် မုန့်ယွင်လော်ကို လက်ဖြင့် ရိုက်လိုက်လေသည်။

နှစ်နှစ်ကျော် အရွယ် ကလေးတစ်ယောက် ဘာမှ နားမလည်ရှာဘူး။

သူ့အဘိုးနဲ့ မိသားစုက ပုန်ကန်တဲ့ သူပုန်တွေ ဖြစ်သွားတာ၊ သူ့အဖေက စစ်စခန်းမှာ အဖမ်းခံထားရပြီး နောင်ရေး မကောင်းတော့တာ သူ မသိပါဘူး။ တတိယမင်းသားအိမ်တော် ပြိုလဲတော့မယ် ဆိုတာကို ပိုလို့တောင် မသိပါဘူး။

သူက အမေ စကားပြန်ပြောလာအောင် မရပ်မနား ရိုက်နှက်နေလေသည်။

မုန့်ယွင်လော်သည် လုံးဝ မလှုပ်ရှားဘဲ နေနေရာမှ ရုတ်တရက် လှုပ်ရှားလိုက်ပြီး လီဝေကို ပွေ့ချီကာ ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ချလိုက်သည်။

လီဝေသည် နာကျင်လွန်းသဖြင့် အော်ဟစ်ငိုကြွေးလေသည်။

"ထွက်သွား! အကုန် ထွက်သွား!" မုန့်ယွင်လော်သည် ရူးသွပ်သကဲ့သို့ အော်ဟစ်လိုက်သည်။ "အဝေးဆုံးကို ထွက်သွားကြ"

လီကျန်းသည် ကြောက်လွန်းသဖြင့် မလှုပ်ရဲတော့ပေ။ လီဝေကတော့ အသည်းအသန် အော်ဟစ်ငိုကြွေးနေသည်။

ဝမ်ရှို့သည် မျက်နှာဖြူဖျော့လျက် အလျင်အမြန် ပြေးဝင်လာပြီး သခင်လေးကို ပွေ့ချီလိုက်သည်။ ထို့နောက် လီကျန်းကို အပြင်ထွက်ရန် အလျင်စလို တိုက်တွန်းလိုက်သည်။ လီကျန်း အပြင်ရောက်သွားပြီး တံခါးပိတ်လိုက်သည့်တိုင် အခန်းထဲမှ ရူးသွပ်စွာ အော်ဟစ်ဆဲဆိုသံများကို ကြားနေရသေးသည်။

လီကျန်းသည် အလွန် ကြောက်ရွံ့သွားပြီး ငိုလျက် ဝမ်ရှို့ကို မေးလိုက်သည်။ "အမေ ရူးသွားပြီလားဟင်"

အမေက မောင်လေးကို အချစ်ဆုံးလေ။ ပုံမှန်ဆိုရင် လက်ပေါ်တင်ထားပြီး အထိအခိုက်မခံ ပိုးမွေးသလို မွေးထားတာ။ အခုကျမှ မောင်လေးကို တစ်ချက်လေးတောင် မကြည့်ဘဲ ဒီလောက် ပြင်းပြင်းထန်ထန် ပစ်ချလိုက်ရတာလဲ။

ဝမ်ရှို့သည် ရင်ခွင်ထဲမှ သခင်လေးကို စိုးရိမ်ပူပန်စွာ ကြည့်လိုက်သည်။ လီဝေ၏ ကိုယ်ပေါ်တွင် ထင်ရှားသော ဒဏ်ရာမရှိသော်လည်း စိတ်မချနိုင်သဖြင့် သမားတော် ခေါ်ခိုင်းလိုက်သည်။ ထို့နောက် ငိုကြွေးနေသော လီကျန်းကို ပြောလိုက်သည်။ "ကိစ္စတွေ အများကြီး ဖြစ်သွားတော့ ညန်ညန် စိတ်ထိခိုက်ပြီး ဒေါသထွက်နေတာပါ။ မင်းသမီးလေး မကြောက်ပါနဲ့။ နောက်ရက်နည်းနည်း ကြာရင် ပြန်ကောင်းသွားမှာပါ"

လီကျန်းသည် ရှိုက်ကြီးတငင် ငိုကြွေးနေလေသည်။

သူမက ခြောက်နှစ်ရှိပြီ၊ စာသင်နေပြီဆိုတော့ နည်းနည်း နားလည်နေပြီ။ အဘိုး ကွမ်းပင်းနယ်စား ပုန်ကန်တာက ခေါင်းဖြတ်သတ်မဲ့ အပြစ်ကြီး။ ဒါပေမဲ့ ခေါင်းဖြတ်စရာ မလိုတော့ပါဘူး၊ အဘိုး သေသွားပြီ။ အဘွားလည်း သေသွားပြီ။

အဖေကလည်း အခုထိ ပြန်မလာသေးဘူး။

နောက်ကျရင် တကယ်ပဲ ပြန်ကောင်းလာနိုင်ပါ့မလား။

ဝမ်ရှို့သည် လီကျန်း၏ ငိုကြွေးနေပုံကို ကြည့်ရင်း ရင်ထဲတွင် ဝမ်းနည်းလာပြီး မျက်ရည်ကျလာတော့၏။

တတိယမင်းသား လီဟောက်က ရှင်းယန်စစ်တပ် စစ်စခန်းမှာ အဖမ်းခံထားရတယ်။ မုန့်ယွင်လော် အားအကိုးရဆုံးက သူ့မိဘဆွေမျိုးတွေပဲ။ အခု သူ့မိဘဆွေမျိုးတွေက သူပုန်တွေ ဖြစ်ကုန်ပြီ၊ တစ်ဆွေတစ်မျိုးလုံး သတ်ဖြတ်ခံရတော့မယ်။ မုန့်ယွင်လော် ဘယ်လို ခံနိုင်ရည် ရှိပါ့မလဲ။ ဒီရက်ပိုင်း စိတ်ဖောက်ပြန်နေတာ၊ ငိုလိုက် အော်လိုက်နဲ့။

ကလေးနှစ်ယောက်ကို နေရာချပြီးနောက် ဝမ်ရှို့သည် အိပ်ခန်းထဲသို့ ဝင်သွားလိုက်သည်။

မျက်နှာချင်းဆိုင်မှ ပန်းအိုးတစ်လုံး ပျံဝဲလာသည်။

ဝမ်ရှို့ ရှောင်တိမ်းချိန် မရလိုက်ဘဲ ပန်းအိုးက မျက်နှာကို လာမှန်သည်။ ဒုန်းခနဲ အသံမြည်ပြီး ပန်းအိုး ကြမ်းပြင်ပေါ်ကျကာ ကွဲသွားသည်။ ဝမ်ရှို့၏ မျက်နှာပေါ်တွင် အနီရောင် အရာတစ်ခု ထင်ကျန်ရစ်ခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ပန်းအိုးက ကြမ်းပြင်ပေါ်ကျမှ ကွဲသွားသဖြင့် မျက်နှာ ပြတ်ရှမသွားခြင်း ဖြစ်သည်။

ဝမ်ရှို့သည် နာကျင်မှုကို သည်းခံပြီး ပန်းအိုးကွဲများကို သိမ်းဆည်းလိုက်သည်။ ထို့နောက် ကုတင်ဘေးသို့ လျှောက်သွားလိုက်သည်။ "ညန်ညန် စိတ်မချမ်းသာရင် ကျွန်မကို ရိုက်ပြီး အပြစ်ပေးလိုက်ပါ"

မုန့်ယွင်လော် ကြားလား မကြားလား မသိပေ။ လက်ကို ဆန့်ထုတ်ပြီး ဝမ်ရှို့ကို အတင်း ဆွဲဆိတ် ရိုက်နှက်လေသည်။

ဝမ်ရှို့သည် အံကိုကြိတ်ပြီး ငြိမ်ခံနေလိုက်၏။ မုန့်ယွင်လော် စိတ်ကြိုက် ကန်ကျောက် ရိုက်နှက်ပါစေ။ နောက်ဆုံး မုန့်ယွင်လော် အားကုန်သွားပြီး မျက်လုံးများ ဗလာဖြစ်ကာ ကြမ်းပြင်ပေါ် ထိုင်ကျသွားသည်အထိပင်။

မျက်နှာ ဖူးရောင်နေသော ဝမ်ရှို့သည် နာကျင်မှုကို သည်းခံပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ညန်ညန်၊ ကိစ္စတွေက ဒီအဆင့်ထိ ရောက်နေပြီ။ ဘယ်လောက်ပဲ နာကျင်နောင်တရနေပါစေ ပြန်ပြင်လို့ မရတော့ပါဘူး"

"ညန်ညန် ဝမ်းနည်းနေမယ့်အစား မင်းသားလေးနဲ့ မင်းသမီးလေးကို တွေးပေးပါဦး။ ပြီးတော့ တတိယမင်းသားကိုလည်း ထည့်တွက်ပါဦး။ ဘယ်လောက်ပဲ ခက်ခဲပါစေ လူအသက်ရှင်နေသရွေ့ ပြန်ထနိုင်မဲ့ မျှော်လင့်ချက် ရှိပါသေးတယ် ..."

ပြန်ထမယ် ဟုတ်လား။

ဘယ်လိုလုပ် ပြန်ထနိုင်တော့မှာလဲ။

အဖေက ပုန်ကန်လို့ အသတ်ခံလိုက်ရပြီ၊ အမေက ရွှေမျိုပြီး သတ်သေသွားပြီ။ မုန့်မိသားစု တစ်ခုလုံး ထောင်ထဲ ရောက်နေပြီ။ မုန့်မိသားစုကို စောင့်ကြိုနေတာက တစ်ဆွေတစ်မျိုးလုံး သတ်ဖြတ်ခြင်းပဲ။

လီဟောက် အသက်ရှင်လျက် ပြန်လာနိုင်မလား ဆိုတာတောင် မသေချာဘူး။

မုန့်ယွင်လော်၏ မျက်နှာသည် သွေးမရှိတော့ဘဲ မျက်ရည်များ မိုးရွာသလို ကျဆင်းလာ၏။ သူမသည် ငိုရင်း ဘေးနားရှိ ဝမ်ရှို့ကို ဖက်လိုက်သည်။ "ဝမ်ရှို့၊ ငါ တောင်းပန်ပါတယ်။ ခုနက ငါ နင့်ကို မရိုက်သင့်ပါဘူး"

ဝမ်ရှို့လည်း လိုက်ငိုမိတော့သည်။ "ညန်ညန် စိတ်သက်သာမယ်ဆိုရင် ကျွန်မကို နောက်တစ်ခါ ထပ်ရိုက်ပါ၊ ကျွန်မ ကျေကျေနပ်နပ် ခံပါ့မယ်"

သူမ နေ့ရောညပါ မုန့်ယွင်လော် ဘေးနားမှာ မျက်စိမမှိတ်ဘဲ စောင့်နေခြင်းက မုန့်ယွင်လော် ကိုယ့်ကိုယ်ကိုယ် သတ်သေမှာ စိုးရိမ်မိသောကြောင့်ပင်။

သခင်နှင့် ကျွန် နှစ်ယောက်သား ပွေ့ဖက်ပြီး ငိုကြွေးလိုက်ကြတော့သည်။

...

All Chapters