← Chapters

အခန်း (၅၅၁)

Vol. 45 Ch. 551

အခန်း (၅၅၁)

Vol. 45 Ch. 551

ချန်ကျဲ့သည် နန်ပါးထျန်းကို ကြည့်၍ ပြုံးလိုက်သည်။

“ခေါင်းဆောင်နန် ခင်ဗျား ကိုယ့်အပြစ်ကို ဝန်ခံပြီး ဦးညွှတ်ရအောင်လို့ ကျွန်တော် ကျိန်းသေပေါက် လုပ်ပေးပါ့မယ်”

နန်ပါးထျန်းသည် ချန်ကျဲ့ကို စူးရဲစွာ ပြန်စိုက်ကြည့်လျက် ပြောသည်။

“ဒါဆိုလည်း ကြိုးစားကြည့်လေ”

သူတို့နှစ်ဦး အကြည့်ချင်းဆုံနေသည့် မြင်ကွင်းသည်ပင် ဓားရှည်ကို ဆွဲထုတ်လို့ မြားများ ပစ်ခွင်းသည့် မြင်ကွင်းအလား ဖြစ်နေခဲ့လေပြီ။ သူတို့နှစ်ဦးသည် လုံးဝဆန့်ကျင်ဘက်သော မီးနှင့်ရေကဲ့သို့ ဖြစ်သည်။ စီရင်စုအုပ်ချုပ်ရေးမှူးကြောင့် ထိန်းချုပ်နေရခြင်း မဟုတ်ခဲ့လျှင် ဟိုးအရင်ကတည်းက စစ်ပွဲဖြစ်နေခဲ့လောက်ပြီ ဖြစ်သည်။

ချန်ကျဲ့နှင့် နန်ပါးထျန်းတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး စူးရဲစွာ စိုက်ကြည့်နေခဲ့ကြပြီးနောက် အေးစက်စက် လှောင်ရယ်လျက် လူခွဲလိုက်ကြသည်။

ခုနက အခန်းထဲတွင် သရုပ်ဆောင်ခြင်းမှာ လုံလောက်သွားလေပြီ။

သူတို့နှစ်ဦး လူခွဲပြီးနောက် ချီမုကောမှ ပြောသည်။

“လူကြိးမင်းတို့ သခင်ကြီးယဲ့လုပြောထားပါတယ်။ စိစစ်ရေးတမန်တော် လာရောက်မယ့်ကာလအတွင်းမှာ မျန့်ရွှေမှာ အတွင်းရေးပဋိပက္ခတွေ ဖြစ်ပွားလို့ မဖြစ်ပါဘူး။ အဲဒါကြောင့် ဒီကလူကြီးမင်းနှစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ပေးကြပါ”

ထိုစကားတွင် သူတို့နှစ်ဦးစလုံး တိတ်ဆိတ်သွားခဲ့သည်။

ချီမုကောမှ ဆက်ပြောသည်။

“စစ်သည်တွေ စုဆောင်းပြီးပြီ။ ကျုပ် သခင်ကြီးယဲ့လုကို သွားတင်ပြလိုက်ဦးမယ်”

ထိုအခါ ချန်ကျဲ့တို့သုံးဦးသည် ခြေလှမ်းနောက်ဆုတ်၍ ချီမုကောအား လမ်းဖယ်ပေးလိုက်သည်။ ချီမုကောသည် အတွင်းခန်းမထဲသို့ ဝင်ရောက်ကာ ယဲ့လုဖုန်းရှိရာ အိပ်ဆောင်သို့ ဦးတည်သွားခဲ့သည်။

ထိုအချိန်၌ ယဲ့လုဖုန်းသည် လက်ဖက်ရည်သောက်ရင်း အတွေးထဲ နစ်မြောနေပေသည်။

ထို့နောက် ချီမုကောရောက်လာပြီး အရိုအသေပြုလျက် ပြောသည်။

“သခင်ကြီး စစ်သည်တွေ စုဆောင်းပြီးပါပြီ”

ယဲ့လုဖုန်းမှ ပြောသည်။

“အင်း သွားတော့။ သေချာ စေ့စေ့စပ်စပ် စစ်ဆေးခဲ့၊ ထောင့်ကြားတစ်နေရာတောင် မကျန်ခဲ့စေနဲ့”

ထိုအခါ ချီမုကောမှ ပြန်ပြောသည်။

“ဟုတ်ကဲ့ ကျွန်တော်နားလည်ပါပြီ။ ဒါပေမဲ့ သခင်ကြီး၊ စွင်းမိသားစုပန်းပဲရုံက ကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုပါ”

ယဲ့လုဖုန်း ဘာမှမပြောပေ။

စွင်းမိသားစုပန်းပဲရုံသည် ယဲ့လုဖုန်း၏ အကူအညီကြောင့် တိုးတက်လာခဲ့ခြင်းမှာ အမှန်ဖြစ်သည်။ ယဲ့လုဖုန်း မျန့်ရွှေစီရင်စုသို့ ရောက်ရှိခါစတွင် ယဲ့လုဖုန်းသည် ဒေသခံမုလန်လူမျိုးများ၏ ငြင်းပယ်ခြင်းကို ခံခဲ့ရပြီး ငွေကြေးပိုင်းအခက်အခဲများ ရှိခဲ့သည်။ ထိုအချိန်၌ စွင်းမိသားစုပန်းပဲရုံ၏ စွင်းထျဲချွေ့သည် သူ့ကို ချဉ်းကပ်လာခဲ့သည်။

သံထည်ပစ္စည်းများသည် သာမန်သစ်သားဖြင့်ပြုလုပ်သော ပစ္စည်းများထက် များစွာ ပို၍ အချိန်တိုတိုနှင့် အကျိုးအမြတ်များကြောင်း ကောင်းစွာ သိနားလည်ရာ စွင်းထျဲချွေ့သည် စိုက်ပျိုးရေးသုံး သံထည်ပစ္စည်းများကို သွန်းလုပ်၍ ရောင်းချလိုခဲ့သည်။

ပမာဏအများအပြား ရောင်းချနိုင်ပါက မယုံကြည်နိုင်လောက်အောင် အကျိုးအမြတ်ရရှိနိုင်လိမ့်မည်။

ယဲ့လုဖုန်းမှ သဘောတူညီခဲ့သဖြင့် ထိုမှတစ်ဆင့် စွင်းမိသားစုပန်းပဲရုံသည် စီးပွားဖြစ်လာခဲ့သည်။ သို့သော် အကျိုးအမြတ် အများစုကို ယဲ့လုဖုန်းမှ ရရှိခြင်းဖြစ်သည်။ ယဲ့လုဖုန်းသည်လည်း ထိုငွေဝင်လမ်းကြောင်းကို တန်ဖိုးထား၏။ ထို့ကြောင့် ယဲ့လုဖုန်းသည် စွင်းမိသားစုပန်းပဲရုံအား လက်နက်သွန်းလုပ်သည့် ပစ္စည်းအချို့ကို မိတ်ဆက်ပေးခဲ့ပြီး ဝန်ဆောင်ခ ယူခဲ့သည်။

မျန့်ရွှေစီရင်စုအတွင်းရှိ ဂိုဏ်းအဖွဲ့အားလုံးနီးပါး၏ လက်နက်များကို စွင်းမိသားစုပန်းပဲရုံမှ သွန်းလုပ်ထားခြင်း ဖြစ်သည်။

၎င်းမှလည်း ယဲ့လုဖုန်းသည် အကျိုးအမြတ် အတော်လေး ရရှိခဲ့သည်။

သို့ဖြစ်ရာ စွင်းမိသားစုပန်းပဲရုံသည် ယဲ့လုဖုန်းမှ နောက်ခံအဖြစ် ထောက်ပံ့ပေးထားသည့် လုပ်ငန်းတစ်ခုဟု သတ်မှတ်နိုင်ပေသည်။ ထိုအချက်ကြောင့်ပင် ချီမုကော စိုးရိမ်ပူပန်နေခြင်း ဖြစ်သည်။

တကယ်ပဲ ကိုယ့်ပိုင်ဆိုင်မှုကိုယ် ပြန်စစ်ဆေးသင့်ရဲ့လား။

ယဲ့လုဖုန်း လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။ ထို့နောက် ပြော၏။

“စစ်ဆေးလိုက်”

မိန်ဂိုဏ်းသည် သာ့ချန်ပြည်ကြီးအတွက် အနှောင့်အယှက်ဖြစ်သည်။ မိန်ဂိုဏ်း၏ အန္တရာယ်သည် အလွန်ကြီးလေးလွန်းလှသည်။ ကိုယ်ပိုင်အကျိုးအမြတ်အတွက်ကြောင့်နှင့် လျစ်လျူရှုလိုက်ပါက သာ့ချန်ပြည်ကြီးကို သစ္စာဖောက်လိုက်ခြင်းဖြစ်ကာ ယဲ့လုမျိုးနွယ်၏ နှစ်ပေါင်းရာချီသော သစ္စာတရားကို ဖောက်ဖျက်လိုက်ခြင်း ဖြစ်ပေသည်။

ထို့ကြောင့် စစ်ဆေးရပေမည်။

အကယ်၍များ စွင်းမိသားစုပန်းပဲရုံတွင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ရှာဖွေတွေ့ရှိခဲ့ပါက ယဲ့လုဖုန်းသည် ညှာတာထောက်ထားခြင်းမရှိ ရှင်းလင်းသုတ်သင်ပစ်မည် ဖြစ်သည်။

မည်သည်မှာ တိုင်းပြည်အရေးဖြစ်ပြီး မည်သည်မှာ ပုဂ္ဂိုလ်ရေးအကျိုးအမြတ်ဖြစ်ကြောင်း ယဲ့လုဖုန်း သေချာခွဲခြားသိမြင်ပါသည်။

ထိုအခါ ချီမုကောမှ အရိုအသေပြုလိုက်သည်။

“ကျွန်တော်နားလည်ပါပြီ။ ကျွန်တော် ချက်ချင်း လုပ်ဆောင်လိုက်ပါ့မယ်”

စကားအဆုံး၌ ချီမုကော ချက်ချင်း ပြန်ထွက်လာခဲ့သည်။ ချီမုကောသည် အပြင်ပြန်ရောက်သောအခါ ချန်ကျဲ့နှင့် အခြားသူများကို ပြောလိုက်သည်။

“သခင်ကြီးယဲ့လု အမိန့်ပေးလိုက်ပြီ။ ထွက်ခွာကြစို့”

ချန်ကျဲ့တို့သည် ချီမုကောနောက်မှ လိုက်ပါခဲ့ကြပြီး မကြာမီတွင် လူအမြောက်အများ ရပ်စောင့်နေသည်အား မြင်တွေ့လိုက်ရသည်။

ထိုလူများမှာ အဆီအငေါ်မတည့်သည့် နန်ပါးထျန်းနှင့် လျိုလောင်ကွေ့တို့၏ အဖွဲ့သားများ ဖြစ်ပေသည်။ သူတို့နှစ်ဦးလုံးသည် ဒီနေ့ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်သို့ လာရောက်စဉ်က အစောင့်တပ်သားများကို ခေါ်ဆောင်လာခဲ့ကြပြီး တစ်ဖွဲ့လျှင် လူ၅၀၊၆၀ခန့် ပါဝင်သောကြောင့် ကုံလုံသော အရေအတွက်ရှိသည်။

ချန်ကျဲ့သာလျှင် ရှောင်ဟူနှင့်အတူ နှစ်ယောက်တည်း ရောက်လာခဲ့ခြင်း ဖြစ်သည်။

အားလုံးအပြင်ထွက်လာကြစဉ် အနက်ရောင်ဝတ်လူတစ်ဦး ချောင်းမြောင်းနေသည်အား မြင်လိုက်ရသည်။

ထိုအနက်ရောင်ဝတ်စုံသည် နန်ပါးထျန်း၏လက်အောက်ခံများ ဝတ်ဆင်လေ့ရှိသည့် ဝတ်စုံဖြစ်သည်။ ချီမုကော မျက်မှောင်ကြုတ်လိုက်ပြီး ထိုလူအား လက်ညှိုးညွှန်လျက် ပြောသည်။

“ဘယ်သူပြေးသွားတာလဲ”

ထိုအခါ အားလုံး ထိတ်လန့်သွားကြသည်။ ထို့နောက် နန်ပါးထျန်း၏ အဖွဲ့သားများထဲမှ တစ်ဦးက အော်ပြောလာသည်။

“ခေါင်းဆောင် ညီနောင်၆ယွီ ပြေးထွက်သွားပါတယ်”

“ဘယ်သွားတာလဲ”

“သူပြောတာတော့ သူ့မိန်းမ မီးဖွားလို့တဲ့။ အဲဒီလိုပြောပြီး ပြေးထွက်သွားတာပါပဲ”

“လိုက်ဖမ်းကြစမ်း”

နန်ပါးထျန်းသည် အလွန်အမင်း ဒေါသထွက်သွားခဲ့ကာ ထိုလူအား လိုက်ဖမ်းရန် အော်ငေါက်ပြောဆိုသည်။ သို့သော် ချီမုကောမှ ပြောသည်။

“မလိုက်နဲ့တော့။ စွင်းမိသားစုပန်းပဲရုံကို မြန်မြန်သွားကြစို့”

ထိုသို့ပြောပြီးနောက် ချီမုကောသည် နန်ပါးထျန်းကို တစ်ချက်စိုက်ကြည့်လိုက်သည်။

နန်ပါးထျန်းသည် နိမိတ်မကောင်းသည့် ခံစားချက်တချို့ ခံစားမိလိုက်၏။

ငါ ဘာလို့ ထောင်ချောက်လို ခံစားချက်ရနေပါလိမ့်။

နန်ပါးထျန်း ချန်ကျဲ့ကို ရန်လိုစွာ လှည့်ကြည့်လိုက်သည်။ ချန်ကျဲ့သည် ဘာစကားမှမပြောဘဲ ချီမုကောနောက်မှ တိတ်ဆိတ်စွာ လိုက်သွားနေပေသည်။ ထိုစဉ် လျိုလောင်ကွေ့မှ နန်ပါးထျန်းအနားသို့ ကပ်သွားလိုက်ပြီး ပြောသည်။

“မင်း အဲဒီအဖွဲ့သားကို ဘာလုပ်ခိုင်းလိုက်တာလဲ။ ကလေးမီးဖွားတယ်တဲ့လား။ ဘယ်သူက အဲဒီစကားကို ယုံမှာလဲ”

နန်ပါးထျန်းမှာ စကားဖြင့်ဖော်ပြလို့မရနိုင်သည့် ကူကယ်ရာမဲ့မှုကို ခံစားလိုက်ရသည်။

ငါဘာမှမခိုင်းခဲ့ဘူး။ ငါမသိဘူးလို့။

ထိုအချိန်၌ ချန်ကျဲ့သည် ရှေ့မှ သွားနေခဲ့ခြင်း ဖြစ်သည်။ ထိုစဉ် ရှောင်ဟူ၏ တီးတိုးစကားသံကို ကြားလိုက်ရသည်။

“ခန်းမအရှင်သခင် သူတို့ကို ထင်ယောင်ထင်မှားဖြစ်စေဖို့အတွက်နဲ့ ကျွန်တော်တို့ ငါးဖမ်းကုန်သည်အဖွဲ့မှာ နှစ်ဝက်ကြာ ထည့်ဖွက်ထားခဲ့ရတဲ့ သူလျှိုကို သုံးလိုက်တာလား”

ချန်ကျဲ့ ရယ်လိုက်သည်။

“တန်ပါတယ်ကွာ။ ဒီအာရုံလွှဲတဲ့လုပ်ရပ်က သေချာပေါက် အကျိုးရှိမှာပါ”

ပြုံးနေသည့် ချန်ကျဲ့၏အမူအရာသည် ရှောင်ဟူ၏မျက်နှာထက်တွင် ရောင်ပြန်ဟပ်နေခဲ့သည်။

“ဒါပေမဲ့ ဒီလူတွေအားလုံးက ငတုံးတွေ မဟုတ်ကြဘူးလေ။ ခေါင်းဆောင်နန်က သတင်းစကားပို့ပါတယ်လို့ ဘယ်သူက ယုံကြည်မှာလဲ”

ချန်ကျဲ့မှ ပြန်ပြောသည်။

“သူတို့ယုံကြည်ဖို့ မလိုဘူး။ နည်းနည်းလေးဖြစ်ဖြစ် သံသယဝင်သွားတယ်ဆိုရင်ကိုပဲ အဲဒီသူလျှိုကို ဖြုန်းတီးရာမကျတော့ပါဘူး။ ခုနက သူလျှိုကို သူ့မွေးရပ်မြေကို ပြန်ပို့ပေးလိုက်ပါ။ ကိစ္စတွေ အဆုံးသတ်သွားတဲ့အခါကျမှ ပြန်လာခိုင်းလိုက်”

“ဟုတ်ကဲ့”

သိသိသာသာ စိတ်မကြည်လင်နေသည့် နန်ပါးထျန်းကို ချန်ကျဲ့ လှည့်ကြည့်လိုက်သည်။ နန်ပါးထျန်းကဲ့သို့ အင်အားကြီးမားသည့် အထင်ကရပုဂ္ဂိုလ်တစ်ဦးကို ဆွဲချရာတွင် အထူးတလည် အားစိုက်ထုတ်ရန် လိုအပ်ပေသည်။ ထိုအတွက် ပထမဆုံးခြေလှမ်းမှာ ဖြည်းဖြည်းချင်း သံသယမျိုးစေ့ စိုက်ပျိုးရန် ဖြစ်သည်။

ခုနက သူလျှို၏တာဝန်မှာ ချီမုကောအား သံသယဝင်အောင် လုပ်ဆောင်ရန် ဖြစ်သည်။ ချီမုကောမှ တထစ်ချ ယုံကြည်သွားရန် မလိုအပ်ပေ။ သံသယဝင်လျှင်ပင် အောင်မြင်မှုဖြစ်ပါ၏။

ထို့နောက် မည်သည့်အရာများ ဖြစ်လာလိမ့်ဦးမည်နည်း။

ဟက် အဲဒါကတော့ အတော်လေး ပွဲစည်မှာပါ။

ချန်ကျဲ့ အတွေးထဲ နစ်မြောနေခဲ့သည်။

ပန်းပဲရုံမှာ ပြင်ဆင်တာရော ဘယ်လိုအခြေအနေရှိလဲမသိဘူး။

ထိုအချိန်၊ စွင်းမိသားစုပန်းပဲရုံ၌

အလုပ်သမားတစ်ဦးမှ အလျင်စလိုဖြင့် ပြောလာသည်။

“စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်က လူတွေ ဒီကိုဦးတည်လာနေပါပြီ”

စွင်းထျဲချွေ့သည် ဟန်ဟယ့်နှင့် အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် ရယ်မောလိုက်သည်။

“ဟား ပြဇာတ်စတင်ပြီ”

All Chapters