← Chapters

အခန်း (၁၁၆၃-၁၁၆၄)

Vol. 68 Ch. 1163-1164

အခန်း (၁၁၆၃-၁၁၆၄)

Vol. 68 Ch. 1163-1164

အပိုင်း (၁၁၆၃)

အချိန် အတော်ကြာပြီးနောက် ရှမ့်လန်သည် ရင်ကွမ်းကို ပြုံးပြလိုက်သည်။ “အရှင် ရင်ကွမ်း... နေကောင်းလား။ မတွေ့တာ ကြာပြီနော်။ ဪ ... ဒါနဲ့ အရှင် ရင်ကွမ်း... ကျုပ် ခင်ဗျားကို အကြောင်းအရာ နှစ်ခု ပြောပြရအုံးမယ်။ ပထမ တစ်ချက်က ခင်ဗျား သေနေ့စေ့တော့မယ်။ ဒုတိယ တစ်ချက်က ကျုပ် ခင်ဗျားကို ပေးလိုက်တဲ့ နဂါးဥက အတုကြီး။”

“ဟား ဟား ဟား ဟား”

… …

ဤအချိန်တွင် လူတိုင်းသည် ရှမ့်လန်ကြောင့် မှင်သက်နေကြ၏။ လူသိန်းချီ သတ်ဖြတ်နိုင်သော အထူး ပိုးကောင်များ သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသော်လည်း သူ လုံးဝ အကောင်းပကတိ ရှိနေသည် မဟုတ်ပါလား။ သူ တကယ် အကောင်းပကတိ ရှိနေပြီး သက်သောင့်သက်သာပင် ရှိနေသေး၏။

လွန်ခဲ့သော အကြိမ်က ရှမ့်လန်၏ ခန္ဓာကိုယ်ထဲသို့ မရေမတွက်နိုင်သော ငရဲမီးပိုးကောင်များ ဝင်ရောက်လာစဉ်က အလွန် နေမထိထိုင်မသာ ဖြစ်ခဲ့ရသည်။ ၃၀၀၀ မီလီလီတာ ပမာဏ ရှိသော အထူးပိုးကောင်များ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာခြင်းက မည်ကဲ့သို့ ခံစားရသနည်း။

တစ်ကိုယ်လုံး နှိပ်နယ်ပေးသလိုမျိုး၊ ဒါမှမဟုတ် အထူး spa လုပ်သလိုမျိုး ဖြစ်နေသည်လား။ သူ့ခန္ဓာကိုယ် တစ်စုံတစ်ရာ ပြောင်းလဲမှု ရှိသလား။ သူ ကိုယ်ပျောက် စွမ်းအင် ရသွားသလား။ ဒါမှမဟုတ် ကူပိုးကောင် စစ်သည်တော် အဖြစ် ပြောင်းလဲသွားသလား။

မဟုတ်ပေ။ သူ ဘာမှ မခံစားရ‌ချေ။ မည်သည့် ပြောင်းအလဲမှ မရှိပေ။ ထိုအရာက ရှမ့်လန်ကို တော်တော် စိတ်ပျက်စေသည်။

‘ဒီလောက်များတဲ့ အထူးပိုးကောင်တွေ ကျုပ်ခန္ဓာကိုယ်ထဲ ဝင်လာတာ လုံးဝ အလဟဿ ဖြစ်သွားတာပေါ့။ သူတို့ရဲ့ စွမ်းအင်ကို ကျုပ်ခန္ဓာကိုယ်ထဲ လွှဲပြောင်းပေးလိုက်ရင် မရဘူးလား။’

ဤအချိန်တွင် ရင်ကွမ်းသည် ရှမ့်လန်ကို လုံးဝ မယုံနိုင်စွာ ကြည့်နေသည်။ ထို့နောက် ဝေါယာဉ်ထဲမှ ရှမ့်လန်ကို ကြည့်လိုက်၏။

ဘယ်သူက အစစ်လဲ။ ဘယ်သူက အတုလဲ။ ယခင်က ကျင်းကန်တောင် ရှေးဟောင်း အပျက်အစီးများ အပြင်ဘက်တွင် ရှမ့်လန် အတု၏ ဟန်ဆောင်မှုသည် ချဲ့ကားလွန်းပြီး သူ၏ အပြုအမူများမှာ အနည်းငယ် လွန်ကဲနေသည်။

ပြန်စဉ်းစားကြည့်လျှင် သဲလွန်စများ ရှိနေသေးသည်။ ဤတစ်ကြိမ် အဖမ်းခံရသော ရှမ့်လန်သည် ယခင်ကလောက် ချဲ့ကားခြင်း မရှိပေ။ ၁၀ လကျော် ကြာခဲ့ပြီဖြစ်ပြီး ဤရှမ့်လန်တွင် မည်သည့် အမှားအယွင်းမှ မရှိခဲ့ပေ။ ယခုအချိန်တွင် သူတို့နှစ်ဦးကို ယှဉ်တွဲထားလျှင်ပင် အစစ်နှင့် အတုကို ခွဲခြား၍ မရနိုင်ပေ။

သို့သော်ငြား ယခု နည်းနည်း ခွဲခြားလို့ ရနေ၏။ အဘယ်ကြောင့်ဆိုသော် မြို့ရိုးအောက်က လူက လုံးဝ ကိုယ်လုံးတီး ဖြစ်နေသော်လည်း မျက်နှာမှာ အရှက်ရသည့် အရိပ်အယောင် လုံးဝမရှိဘဲ အေးဆေး တည်ငြိမ်နေ၏။

‘ဒီလောက် မျက်နှာပြောင်တိုက်နိုင်တာ ဆိုတော့ သူက ရှမ့်လန် အစစ် ဖြစ်နိုင်တယ်။’

သို့သော်ငြား ရင်ကွမ်းတွင် ဤအရာများကို တွေးတောနေရန် အချိန်မရှိပေ။ ရှမ့်လန်၏ စကားများသည် ဗုံးတစ်လုံးကဲ့သို့ သူ့စိတ်ထဲတွင် တိုက်ရိုက် ပေါက်ကွဲသွားခဲ့သည်။ ရင်ကွမ်း သေနေ့စေ့တော့မည် ဟူသော ပထမ စကားကြောင့် မဟုတ်ပေ။ ထိုကဲ့သို့သော ကျိန်စာများကို သူ ကြားဖူးလွန်းသောကြောင့် လုံးဝ ဂရုမစိုက်တော့ပေ။

နဂါးဥသည် အတု ဖြစ်သည်ဟု ရှမ့်လန် ပြောလိုက်သော စကားကြောင့် ဖြစ်သည်။ ဤ နဂါးဥသည် သူ့လက်ထဲတွင် နှစ်နှစ်၊ သုံးနှစ်ခန့် ရှိနေပြီ ဖြစ်သည်။ သူသည် မျှော်လင့်ချက်နှင့် စိတ်ခံစားမှု အားလုံးကို ၎င်းအပေါ်တွင် ပုံအောထားခဲ့သည်။

ရင်ဝူချယ်နှင့် ရင်ဝူမင် သေဆုံးသွားခဲ့သော်လည်း သူသည် ၎င်းကို နဂါးဥအတွက် ပေးဆပ်မှုတစ်ခုအဖြစ် သတ်မှတ်ထားသည်။ တကယ်တမ်း သူသည် စစ်သည် သုံးသိန်း၏ သေဆုံးမှုကိုပင် နဂါးဥ အတွက် ပေးဆပ်မှု တစ်ခု အဖြစ် သတ်မှတ်ထားသည်။ ကံကြမ္မာ၏ အာရုံခံစားမှုတစ်ခုကို သူ ဝိုးတဝါး ခံစားမိနေသလိုပင်။

‘နဂါးတစ်ကောင် မွေးဖွားလာရန် အတွက် လူသိန်းချီ၏ အသက်ကို စတေးရခြင်း။ ဒါက အရမ်း ပုံမှန်ပဲ၊ အရမ်း တရားမျှတတယ်။’

သူ့ဝိညာဉ်သည် နဂါးနှင့် ဆက်သွယ်နေသည်ဟုပင် ခံစားနေရသည်၊ အဘယ်ကြောင့်ဆိုသော် သူသည် ထူးဆန်းသော မြင်ကွင်းများကို မြင်တွေ့နေရပြီ ဖြစ်သောကြောင့် ဖြစ်သည်။ ထို့အပြင် ဤ နဂါးဥ လင်းလက် လာသည်ကို သူ တစ်ကြိမ်မက မြင်တွေ့ခဲ့ရသည်။ အတွင်းမှ နဂါးသန္ဓေသားလေးကို မြင်တွေ့ရပြီး လှုပ်ရှားနိုင်သည်ကိုပင် မြင်တွေ့ခဲ့ရ၏။

အကယ်၍ တစ်ယောက်ယောက်က ဤနဂါးဥကို အတုဟု ပြောရဲပါက ရင်ကွမ်းက ထိုသူ၏ တစ်မိသားစုလုံးကို သတ်ပစ်ပြီး မျိုးဆက်ကိုးဆက်တိုင်အောင် သုတ်သင်ရှင်းလင်းပစ်မှာ သေချာသည်။ ဤ နဂါးဥသည် ရင်ကွမ်း၏ ယုံကြည်မှုကို လုံးဝ မြှင့်တင်ပေးခဲ့သည်ဟုပင် ဆိုနိုင်သည်။ သို့သော်ငြား ယခု ရှမ့်လန်က ၎င်းသည် အတု ဟု ပြောနေသည်။

“ဟား ဟား ဟား ဟား...”

ရင်ကွမ်း ရယ်မောလိုက်၏။ “ရှမ့်လန်... ခင်ဗျား တော်တော် ဉာဏ်ကောင်းတာပဲ။ အရမ်း အရမ်း ဉာဏ်ကောင်းတယ်။ ခင်ဗျား အခု ဒီ နဂါးဥတွေကို ပြန်ယူချင်နေတာ မဟုတ်လား။”

ဤအချိန်တွင် မင်းသမီး ဒိုဟာသည် ဝတ်ရုံတစ်ထည်ကို အလျင်အမြန် ယူပြီး ရှမ့်လန်ကို လွှမ်းခြုံပေး လိုက်သည်။ ‘အရှင်... အရှင်က အရှက်မရှိပေမဲ့ ကျွန်မတို့ တိုင်းသူပြည်သားတွေကတော့ အရှက်ရှိတယ်။’

“ရှမ့်လန်... ခင်ဗျားရဲ့တပ်တော်က လုံလောက်အောင် သန်မာတယ်လို့ ထင်နေတာလား။ ပြီးတော့ နဂါးသေတ္တာ လည်း ရထားပြီဆိုတော့ နဂါးဥကို ပြန်ယူချင်နေတာလား။ ခင်ဗျား လုံးဝ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတာပဲ။”

လက်ရှိ ရင်ကွမ်းသည် ရှမ့်လန် အစစ်လား၊ အတုလား ဆိုသည်ကို ဂရုမစိုက်တော့ပေ။ ရှမ့်လန်က နဂါးနောင်တ ပစ်လွှတ်နိုင်သည် ဆိုသည့် အချက်ကိုပင် ဂရုမစိုက်တော့ပေ။ သူသည် ရှမ့်လန်ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ချင်ရုံသာ ရှိတော့သည်။ ရှမ့်လန်က သူ့ နဂါးဥကို အတုဟု ပြောရဲသည်လား။

“အရှင် ရှမ့်လန်... ခင်ဗျားက အရမ်းကို အံ့မခန်းပါပဲ၊ တကယ်ပါ။”

ရင်ကွမ်းက အေးစက်စွာ ပြောလိုက်သည်။ “မြေအောက်မှာ မြှုပ်ထားတဲ့ ရှေးဟောင်း စွမ်းအင်အမြုတေကို ဖောက်ခွဲချင်ခဲ့ပေမဲ့ ထူးဆန်းစွာနဲ့ မအောင်မြင်ခဲ့ဘူး။ အရေအတွက် အရမ်းများတဲ့ အထူး ကူပိုးကောင်တွေကို ပစ်လိုက်ပေမဲ့ ခင်ဗျားက ဝါးမျိုလိုက်ပြန်တယ်။ ခင်ဗျားရဲ့ သွေးမျိုးဆက်က တကယ် စိတ်ကူးကြည့်လို့ မရနိုင်လောက်အောင်ပါပဲ။ ဒီ ကူပိုးကောင်တွေတောင် ခင်ဗျားကို မသတ်နိုင်ဘူး။”

ထို့နောက် ရင်ကွမ်း ရုတ်တရက် လက်ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပဲ အထူးစစ်သည်တော် ဒါဇင်ပေါင်းများစွာ ထွက်လာပြီး ကြီးမားသော ရှေးဟောင်း စွမ်းအင်အမြုတေ နှစ်ခုကို သယ်ဆောင်လာကာ နဂါးအရှိန်အဝါ ပစ်လွှတ်စင်ကြီး ပေါ်တွင် တင်လိုက်ကြ၏။

‘သောက်ကျိုးနည်း... ရင်ကွမ်းက အကြီးစား တိုက်ခိုက်မှုလုပ်ပြီး တော်ဝင်ချန်တပ်တော်ကို ရှေးဟောင်း စွမ်းအင်အမြုတေနဲ့ တိုက်ရိုက် ပစ်ချတော့မှာပဲ။’

ရှမ့်လန် ကြားဖြတ် ဟန့်တား၍ ရ၏။ ထိုအရာက ရှေးဟောင်း ကိရိယာဖြစ်နေသောကြောင့်ပင်။ သို့သော်ငြား မဖြစ်မနေ လိုအပ်မှသာ ရှမ့်လန်က ကြားဖြတ် ဟန့်တားချင်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က တော်ဝင်ရန် အင်ပါယာသည် သူ့တပ်တော်အပေါ် အထူးနဂါးနောင်တအတု နှစ်ခု ပစ်လွှတ်ခဲ့သည်။ ဤစွမ်းရည်ကို မဖော်ထုတ်ချင်သောကြောင့် ရှမ့်လန် ကြားဖြတ် ဟန့်တားခြင်း မပြုခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ရင်ကွမ်းနှင့် စေတီတောင် ပျက်စီးသွားသည်နှင့် တော်ဝင်ရန်အင်ပါယာသည် တော်ဝင်ချန်တပ်တော်အပေါ် အထူးနဂါးနောင်တ အနည်းငယ် ချက်ချင်း ပစ်လွှတ်ကောင်း ပစ်လွှတ်လာ နိုင်သောကြောင့်ပင်။ ရှမ့်လန်သည် ဤစွမ်းရည်ကို အသုံးပြုပြီး အထူးနဂါးနောင်တကို ကြားဖြတ် ဟန့်တားကာ သိမ်းပိုက်လိုသေးသည်။

ယခုအချိန်တွင် ရှေးဟောင်း စွမ်းအင်အမြုတေကို ကြားဖြတ် ဟန့်တားနိုင်စွမ်း ပြသလိုက်ပါက ပေါ်သွားပေလိမ့်မည်။

သို့သော်ငြား ရင်ကွမ်းသာ ဤ စွမ်းအင်အမြုတေ နှစ်ခုကို တကယ် ပစ်လွှတ်လိုက်ပါက ရှမ့်လန်၏ တော်ဝင်ချန်တပ်တော်သည် အနည်းဆုံး ထက်ဝက်ခန့် ဆုံးရှုံးသွားပေလိမ့်မည်။ ထိုအချိန်ကျမှ ပြေးဖို့ အချိန်တောင် ရမှာ မဟုတ်ချေ။

ချက်ချင်းပဲ ရှမ့်လန် ရယ်မောလိုက်ပြီး ပြောလိုက်သည်။ “အရှင်ရင်ကွမ်း... ကျုပ်က ခင်ဗျား နှလုံးသားထဲက အကြောက်ဆုံး နေရာကို ထိမိသွားလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလား။ ခင်ဗျား မရေမတွက်နိုင်အောင် စဉ်းစားခဲ့ဖူးမှာပါ။ ကြယ်တံခွန် တိုက်ခိုက်ပြီးနောက် ကျုပ်က ရင်ဝူမင်ဆီ တမင်တကာ အဖမ်းခံခဲ့တာလေ။ ဒါဆိုရင် ကျုပ် နဂါးဥကလည်း အတု ဖြစ်သင့်တာပေါ့။ ခင်ဗျား မရေမတွက်နိုင်အောင် စဉ်းစားခဲ့ဖူးမှာပါ။”

ဟုတ်ပေ၏။ ရင်ကွမ်းသည် အကြိမ်တစ်ထောင်မက စဉ်းစားခဲ့ဖူးသည်။ သို့သော်ငြား ထိုအချိန်တွင် သူသည် ဤ နဂါးဥအပေါ် အကန့်အသတ်မဲ့ မျှော်လင့်ချက်နှင့် စိတ်ခံစားမှုများ ပုံအောထားပြီး ဖြစ်သည်။ ထို့အပြင် သူ အားနည်းလွန်းသောကြောင့် နဂါးဥကို မကာကွယ်နိုင်ဟု ခံစားရသောကြောင့် နဂါးဥကို ရင်ကွမ်းအား ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ရှမ့်လန်က နောက်ပိုင်းတွင် ရှင်းပြခဲ့သည်။ လူတစ်ယောက်၏ ကြွယ်ဝချမ်းသာမှု သည် သူ့ကံကြမ္မာကို ပျက်စီးစေတတ်သည်။

အကြောက်ဆုံး အရာမှာ သူတစ်ပါး၏ လှည့်စားခြင်းကို ခံရခြင်း မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် လှည့်စားခြင်းပင် ဖြစ်သည်။ ထိုသို့ဆိုလျှင် မည်သည့်အခါမှ နိုးထလာတော့မည် မဟုတ်ပေ။ မိုက်မဲသော လူများသည် သူတစ်ပါး၏ လှည့်စားခြင်းကို ခံရလွယ်သည်။ ဉာဏ်ကောင်းသော လူများသည် ကိုယ့်ကိုယ်ကိုယ် လှည့်စားမိတတ် ကြသည်။ ဤသည်မှာ မည်သည့်အခါမှ မပြောင်းလဲသော အမှန်တရား ဖြစ်၏။

ရှေးဟောင်း တရုတ်အင်ပါယာများ ကဲ့သို့ပင်။ ကျာချင်း အင်ပါယာက ဉာဏ်ကောင်းသည်လား။ သူသည် အကောက်ကျစ်ဆုံး အင်ပါယာ တစ်ပါး ဖြစ်ခဲ့သည်။ သူသည် အစွမ်းထက်သော အရာရှိ နှစ်ဆက်၊ သုံးဆက်ကို အနိုင်ယူခဲ့ပြီး နန်းတွင်းရှိ အရေးပါသော အရာရှိ အားလုံးကို လက်ဖဝါးပေါ်တွင် ကစားခဲ့သည်။

နောက်ဆုံးတွင် သူသည် ထိုတာအို ဘုန်းကြီးများ၏ လှည့်စားခြင်းကို ခံခဲ့ရသည်။ အသက်ရှည်ချင် သောကြောင့် အဆိပ်ဆေးလုံးများကို တစ်လုံးပြီးတစ်လုံး စားသုံးခဲ့သည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံး အနာစိမ်းများ ပေါက်နေပြီ ဖြစ်သော်လည်း ယုံကြည်နေဆဲ ဖြစ်သည်။ ကောင်းကင်ဘုံ၏ စမ်းသပ်မှု ဖြစ်သည်ဟုပင် ထင်မှတ်နေခဲ့သည်။ ဤသည်မှာ ကိုယ့်ကိုယ်ကိုယ် လှည့်စားခြင်း ဖြစ်သည်။ လွန်လွန်းလှသည်။ သူသည် စိတ်ခံစားမှုများစွာ ပေးဆပ်ခဲ့ပြီး ဖြစ်သောကြောင့် ငြင်းပယ်ရန် မဖြစ်နိုင်ခဲ့သလိုပင်။

ရှမ့်လန်က ဆက်ပြောသည်။ “အရှင်ရင်ကွမ်း... အမှန်တရားကို ရင်ဆိုင်ရမှာ အဲဒီလောက်တောင် ကြောက်နေတာလား။”

ယခုအချိန်တွင် ဤ နဂါးဥ အစစ်လား၊ အတုလား ဆိုသည်ကို သက်သေပြရန် အလွန် လွယ်ကူသည်။ ရှေးဟောင်း နဂါးသေတ္တာဖြင့် ဖောက်ယူကြည့်လိုက်ရုံသာ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဤ ရှေးဟောင်း နဂါးသေတ္တာသည် ၁၀၀ ရာခိုင်နှုန်း အစစ် ဖြစ်ကြောင်း ခုဏကလေးတင် သက်သေပြပြီးပြီ မဟုတ်ပါလား။

တကယ်တမ်း ရှေးဟောင်း နဂါးသေတ္တာ ရပြီးနောက် ရင်ကွမ်း၏ ပထမဆုံး အတွေးမှာ တပ်တော်နှင့် ရှေ့မှ အရာအားလုံးကို စွန့်လွှတ်လိုက်ရန် ဖြစ်သည်။ သူသည် တော်ဝင်ချန်နန်းတော်အောက်ရှိ ရှေးဟောင်း အပျက်အစီးများထဲသို့ ဝင်ရောက်ပြီး နဂါးဥကို နဂါးသေတ္တာထဲ ထည့်ချင်နေခဲ့၏။

ရှမ့်လန်က ပြောလိုက်သည်။ “ဒီနဂါးဥ အတုဖြစ်ကြောင်း သက်သေပြပြီးရင် ကျုပ်တို့ နောက်ထပ် အပေးအယူ တစ်ခု လုပ်လို့ ရတယ်။ နဂါးဥအစစ် ဘယ်မှာ ရှိလဲ ဆိုတာ ပြောပြမယ်။”

ရင်ကွမ်းသည် ရှမ့်လန်ကို အချိန်ကြာမြင့်စွာ စိုက်ကြည့်နေပြီးမှ ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ရှမ့်လန်... ခင်ဗျား ဘယ်နှစ်ခါပဲ ဟန်ဆောင်ပါစေ၊ ရည်မှန်းချက် တစ်ခုတည်းအတွက်ပဲ။ အဲဒါက ဒီနဂါးဥကို ပြန်လိမ်ယူဖို့ပဲ။ အိပ်မက် မမက်ပါနဲ့တော့၊ သူ့ရဲ့ စစ်မှန်မှုကို သွားပြီး သက်သေပြလိုက်မယ်။”

“ရင်ရင်... အဆင်သင့် ပြင်ထား”

ချက်ချင်းပဲ တော်ဝင်ရင်အင်ပါယာ၏ မင်းသမီး ရင်ရင်သည် ရှမ့်လန် ကိုယ်ပွားနှင့် အတူ ထွက်လာပြီး မြို့ရိုးပေါ်သို့ ရောက်ရှိလာသည်။

ရင်ကွမ်းက ပြောလိုက်၏။ “ဒီ ရှမ့်လန်ကိုယ်ပွားကို လူတိုင်း ရှေ့မှာ ခေါင်းဖြတ်ပြီး တစ်ထောင်ပုံ တစ်ပုံ ခုတ်ထစ်ဖို့ ပြင်ဆင်ထား။”

“အမိန့်တော် အတိုင်းပါ။” ရင်ရင်က ပြောလိုက်သည်။

ရင်ကွမ်းက ပြောလိုက်၏။ “တော်ဝင်ချန်တပ်တော်က မဆင်မခြင် လှုပ်ရှားမှု တစ်ခုခုလုပ်ရင် ဒီ ကိုယ်ပွားကို ခေါင်းဖြတ်ပစ်လိုက်။”

“အမိန့်တော် အတိုင်းပါ။” ရင်ရင်က ပြောလိုက်သည်။

ရင်ကွမ်းသည် ရှေးဟောင်း နဂါးသေတ္တာကို ယူပြီး မြို့ရိုးပေါ်မှ ဆင်းလာခဲ့သည်။ သူသည် တော်ဝင်ချန် နန်းတော်ဆီသို့ ဦးတည်သွားပြီး ရှေးဟောင်း အပျက်အစီးများ ထဲသို့ ဝင်ရောက်သွား၏။

… …

တံခါး တစ်ချပ်ပြီး တစ်ချပ် ဖွင့်ပြီးနောက် ရင်ကွမ်းသည် ရှေးဟောင်း အပျက်အစီးများ၏ အနက်ရှိုင်းဆုံး နေရာသို့ ရောက်ရှိလာခဲ့သည်။ ဤနေရာသည် နဂါးဥကို သူ ဝှက်ထားသော နေရာ ဖြစ်သည်။ လျှို့ဝှက်ခန်း တံခါးများ တစ်ခုပြီးတစ်ခု ပွင့်သွားပြီး ရှေးဟောင်း သေတ္တာ အလွှာလိုက် ပွင့်သွားသည်။

နောက်ဆုံးတွင် နဂါးဥသည် ငြိမ်သက်စွာ ရှိနေ၏။ တစ်ချက် ကြည့်လိုက်ရုံဖြင့် ဖမ်းစားနိုင်စွမ်း ရှိသည်။ လွန်ခဲ့သော နှစ်နှစ်၊ သုံးနှစ်အတွင်း ရင်ကွမ်းသည် အချိန်ရတိုင်း ဤ နဂါးဥနှင့် အတူ အချိန်ကုန်ဆုံးလေ့ ရှိသည်။ ရိုးရိုးသားသား ပြောရလျှင် ဤနဂါးဥအပေါ်ထားရှိသော သူ၏သံယောဇဉ်သည် သားဖြစ်သူ ရင်ဝူမင် အပေါ်ထားရှိသော သံယောဇဉ်ထက်ပင် သာလွန်နေသေး၏။

သူ နဂါးဥကို ထိလိုက်ချိန်မှာတော့ ထိုခံစားချက် ပြန်ရောက်လာသည်။ ပြင်းထန်သော မြင်ယောင်မှုနှင့် မူးဝေခြင်း ဖြစ်သည်။ အံ့သြဖွယ်ကောင်းသလို ဆန်းကြယ်သော ခံစားမှုမျိုး ဖြစ်သည်။ ဤသည်မှာ ဓာတ်ရောင်ခြည်သင့်ခြင်း ၏ ခံစားမှုပင်။

ရင်ကွမ်း မဲ့ပြုံး ပြုံးလိုက်သည်။ ‘ရှမ့်လန်က ဒီ နဂါးဥ အတုလို့ ပြောတယ်။ ရယ်စရာပဲ။ နဂါးဥ အတုက ကျုပ်ဝိညာဉ်နဲ့ ပဲ့တင်ထပ်နိုင်ပါ့မလား။’

ထို့နောက် ရင်ကွမ်းသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူ ရေချိုးပြီး အမွှေးတိုင် ထွန်းလိုက်သည်။ ထို့နောက် မြေကြီးပေါ်တွင် ဒူးထောက်ပြီး ဦးတိုက်လိုက်၏။ “ဘိုးဘေးတို့... ကျေးဇူးပြုပြီး ကောင်းချီး ပေးသနားတော်မူပါ။ နတ်ဘုရားများနှင့် လောကအရှင်တို့... ကျေးဇူးပြုပြီး ကောင်းချီးပေးသနားတော်မူပါ။ အင်ပါယာကျန်းလီ... ကျေးဇူးပြုပြီး ကောင်းချီးပေးသနားတော်မူပါ။ အရှင့်ရဲ့ဆန္ဒကို ဆက်လက် သယ်ဆောင်ပြီး တော်ဝင်ရန်အင်ပါယာကို လုံးဝ ဖျက်ဆီးပစ်ပါ့မယ်။”

အရပ်မျက်နှာ အသီးသီးသို့ ဦးတိုက်ပြီးနောက် ရင်ကွမ်းသည် နဂါးဥကို နဂါးသေတ္တာ အတွင်းသို့ အလွန် ရိုသေလေးစားစွာ၊ မြင့်မြတ်သော ပုံစံဖြင့် ထည့်လိုက်၏။

ထို့နောက် သူ အသက်ရှူရန် ခက်ခဲသွားခဲ့သည်။ ရှမ့်လန်၏ စကားများ မှန်ကန်သွားမည်ကို သူ အမှန်တကယ် စိုးရိမ်နေမိသည်။ ဤနဂါးဥသာ အတု ဖြစ်နေလျှင် မည်သို့ လုပ်မည်နည်း။ သူ့ဝိညာဉ်နှင့် စိတ်နှလုံးက ခံနိုင်ရည် ရှိမည် မဟုတ်ချေ။

သို့သော်ငြား ရှေးဟောင်း နဂါးသေတ္တာ အတွင်းသို့ ထည့်လိုက်သည်နှင့် နဂါးဥသည် ရုတ်တရက် လင်းလက် လာခဲ့သည်။ သမိုင်းတွင် မကြုံစဖူး တောက်ပနေ၏။ နဂါးသန္ဓေသားလေးကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။ ထို့အပြင် ၎င်းသည် လျင်မြန်စွာ ကြီးထွားလာနေသည်။ ဤသည်မှာ သမိုင်းတွင် မကြုံစဖူး ဖြစ်ရပ်ဆန်း ဖြစ်သည်။

ရင်ကွမ်း ကြောင်အသွားပြီးနောက် အလွန်အမင်း ဝမ်းသာသွားခဲ့၏။

“ဟား ဟား ဟား... အဲဒီ သူခိုး ရှမ့်လန်က တကယ်ပဲ စကားလုံး လှလှလေးတွေ သုံးပြီး နဂါးဥကို ပြန်ယူဖို့ ကြိုးစားနေတာပဲ။ ဒီ နဂါးဥက အစစ်၊ ၁၀၀ ရာခိုင်နှုန်း အစစ်။ မဟုတ်ရင် ဘာလို့ ရှေးဟောင်း နဂါးသေတ္တာအပေါ် ဒီလောက် ကြီးမားတဲ့ တုံ့ပြန်မှု ရှိရမှာလဲ။”

ထို့နောက် ရင်ကွမ်းသည် ရှေးဟောင်း နဂါးသေတ္တာကို ပိတ်လိုက်သည်။ သူသည် အပြင်ဘက် အခြေအနေကိုပင် ခေတ္တ မေ့လျော့ထားပြီး နဂါးဥ ပေါက်ဖွားလာမည့် အချိန်ကို စောင့်မျှော်နေလိုက်သည်။ ၁၅ မိနစ် အတွင်းမှာပင် အထူးကပ်ပါးကောင်က သုံးဆ ပွားများခဲ့သေး၏။ ဤတစ်ကြိမ် နဂါးဥပေါက်ဖို့ နည်းနည်း ပိုကြာကောင်း ကြာပေလိမ့်မယ်။

နဂါးဥနှင့် နဂါးသေတ္တာကို ဤနေရာတွင် ထားခဲ့ပြီး အပြင်က ကိစ္စတွေကို အရင် ရှင်းလိုက်သင့်လား။ သူက ရှမ့်လန်၏ တော်ဝင်ချန်တပ်တော်ကို သုတ်သင်ရှင်းလင်းချင်နေ၏။ ဘာပဲဖြစ်ဖြစ် နဂါးဥ အစစ် ဖြစ်ကြောင်း သူ သက်သေပြပြီးပြီ ဖြစ်သည်။

သို့သော်ငြား သူ ထားခဲ့ရန် မတတ်နိုင်ပေ။ ဤအချိန်တွင် သူ နဂါးဥကို တစ်စက္ကန့်လေးတောင် မထားခဲ့နိုင်ချေ။

အပိုင်း (၁၁၆၄)

နဂါးဥ မြန်မြန်ဆန်ဆန် ပေါက်လာလျှင် မည်သို့ လုပ်မည်နည်း။ ဥမှ ပေါက်ဖွားသော သတ္တဝါများသည် ပေါက်ဖွားလာပြီးနောက် ပထမဆုံး မြင်တွေ့ရသူကို အမိအဖြစ် သတ်မှတ်ကြသည်ဟု စာအုပ်များစွာတွင် ရေးသားထားသည်။ အကယ်၍ သူ ... ရင်ကွမ်း ထွက်သွားပြီး ဤနဂါးဥ ပေါက်လာလျှင် ဘာဖြစ်မည်နည်း။ ထိုသို့ဆိုလျှင် ကြီးမားသော ဆုံးရှုံးမှု ဖြစ်ပေမည်။

ထို့ကြောင့် ရင်ကွမ်း တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။

‘နာရီဝက်လောက်ပဲ စောင့်မယ်၊ တစ်မိနစ်တောင် ပိုမစောင့်ဘူး။’

ထို့နောက် ရင်ကွမ်းသည် နဂါးသေတ္တာဘေးတွင် စွဲလမ်းသော ပုံစံဖြင့် ထိုင်နေပြီး အတွင်းမှ လှုပ်ရှားမှုများကို အစွမ်းကုန် အာရုံခံနေ၏။ ထင်ထားသည့် အတိုင်းပင် မကြာမီအချိန်၌ ....

“ဘုန်း ဘုန်း ဘုန်း ဘုန်း...” နဂါးသေတ္တာ အတွင်းမှ အသံများ ထွက်ပေါ်လာ၏။

ရင်ကွမ်း စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပေ။

‘နဂါးပေါက်တော့မှာလား။ ဒီလောက် မြန်တယ်လား။ ဒီ ရှေးဟောင်း နဂါးသေတ္တာက ဒီလောက်တောင် အံ့မခန်း ဖြစ်တာလား။ အရင်တုန်းက နည်းလမ်းစုံ ကြိုးစားခဲ့ပေမဲ့ နဂါးဥ မပေါက်ခဲ့ဘူး။ ဒါပေမဲ့ ဒီ ရှေးဟောင်း နဂါးသေတ္တာက ၁၅ မိနစ် အတွင်း ဖောက်ပေးနိုင်တာလား။’

ထို့နောက် အတွင်းမှ တုန်ခါမှုများသည် ပိုမို ပြင်းထန်လာသည်။ နဂါးသေတ္တာ တစ်ခုလုံးပင် အနည်းငယ် တုန်ခါနေသည်။ ‘တကယ် နဂါးပဲ။ အခုမှ ပေါက်တာတောင် ဒီလောက် ကြမ်းတမ်းနေပြီလား။’

ရင်ကွမ်း စိတ်လှုပ်ရှားလွန်းသောကြောင့် တစ်ကိုယ်လုံး တုန်ယင်နေသည်။ သူ စိတ်ကူးယဉ် အိပ်မက်ကမ္ဘာထဲသို့ ရောက်ရှိသွားခဲ့၏။

‘ကျုပ်ရဲ့ ရင်ကလန်က လောကကြီးကို အုပ်စိုးတော့မယ်၊ စစ်မှန်တဲ့ နဂါးနဲ့အတူ ကောင်းကင်ဘုံရဲ့ သားတော် ဖြစ်လာတော့မယ်။ ဟားဟား .... ဘယ်သူမှ ကျုပ်ရဲ့ နဂါးကို လုယူမသွားနိုင်ဘူး။ တော်ဝင်ရန်အင်ပါယာ မရဘူး၊ စေတီတောင် မရဘူး၊ ရှမ့်လန်လည်း မရဘူး။

တန်ပါတယ်။ ရင်ဝူချယ်၊ ရင်ဝူမင်နဲ့ ရင်ဝူချန်တို့ရဲ့ သေဆုံးမှုတွေ အားလုံး တန်ပါတယ်။ စစ်သည် သိန်းချီ သေဆုံးမှုတွေလည်း တန်ပါပေတယ်။ အရာအားလုံးက ယဇ်ပူဇော်မှု အတွက်၊ နဂါး မွေးဖွားလာဖို့ အတွက်ပဲ။

ကျုပ်ရဲ့ ရင်ကလန်က ကမ္ဘာကြီးကို အုပ်စိုးတော့မယ်။ ဟား ဟား ဟား’

အတိတ်က ရင်ကွမ်းသည် စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများ ရှိခဲ့လျှင်ပင် ဤကဲ့သို့ ရူးသွပ်မှုမျိုး ရှိမည် မဟုတ်ပေ။ သို့သော်ငြား နှစ်နှစ်၊ သုံးနှစ်ခန့် ဓာတ်ရောင်ခြည်သင့်ပြီးနောက် သူ၏ ဦးနှောက်နှင့် စိတ်အခြေအနေသည် ပြောင်းလဲသွားခဲ့သည်။

“ဘုန်း ဘုန်း ဘုန်း ဘုန်း...”

ဤအချိန်တွင် ရှေးဟောင်း နဂါးသေတ္တာအတွင်းမှ တုန်ခါမှုများသည် ပိုမို ပြင်းထန်လာခဲ့သည်။ သူ စိတ်မထိန်းနိုင်တော့ပေ။

‘ထွက်လာခဲ့စမ်း။ ကျုပ်ရဲ့ နဂါး... ကျုပ်ရဲ့ ရင်ကလန် အထိမ်းအမှတ် တံဆိပ်။’

ရုတ်တရက် နဂါးသေတ္တာ ငြိမ်သက်သွားသည်။ ထပ်မံ တုန်ခါခြင်း မရှိတော့ပေ။

ရင်ကွမ်း ကြောင်အသွားခဲ့၏။ ‘ဘာ... ဘာဖြစ်တာလဲ။ အကောင်ပေါက်သွားတာလား။ နဂါးပေါက်လေးက ဥထဲကနေ တွားသွား ထွက်လာဖို့ ကြိုးစားနေတာလား။’

ရင်ကွမ်းသည် အသက်အောင့်ထားပြီး ရှေးဟောင်း နဂါးသေတ္တာကို ရုတ်တရက် ဖွင့်လိုက်၏။ ချက်ချင်းပဲ မျက်စိကျိန်းမတတ် စူးရှသော အလင်းရောင်တစ်ခု ဖြာထွက်လာပြီး မူးဝေသွားစေသည်။ နဂါးဥသည် အလွန်အမင်း တောက်ပနေပြီး အတွင်းမှ နဂါးသန္ဓေသားသည်လည်း အမြင့်ဆုံး အတိုင်းအတာအထိ ကြီးထွားနေသည်။ ၎င်းသည် လျှို့ဝှက်ခန်း တစ်ခုလုံးကိုပင် လင်းထိန်သွားစေသည်။ ဤသည်မှာ အလွန် ဆန်းကြယ်လွန်းလှသည်။

‘ထွက်လာတော့မယ်။ ထွက်လာတော့မယ်။ ဟား ဟား ဟား...’

ရင်ကွမ်းသည် လက်နှစ်ဖက်ကို ဆန့်ထုတ်ပြီး နဂါးဥကို ကိုင်လိုက်သည်။ သူ၏ ခေါင်းတစ်ခုလုံး နဂါးသေတ္တာထဲ ဝင်ရောက်သွားမတတ် ဖြစ်နေ၏။ ‘ထွက်လာခဲ့စမ်း။ ထွက်လာခဲ့စမ်း။ ကျုပ်ရဲ့ နဂါး။’

“ဘုန်း...” ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ နဂါးဥသည် ရုတ်တရက် အပိုင်းပိုင်း ပေါက်ကွဲထွက်သွားသည်။ ယခင်က မည်သည့်အရာနှင့်မှ ဖျက်ဆီး၍မရသော အခွံသည် ယခုအခါ လုံးဝ ကြေမွသွားခဲ့သည်။ သို့သော်ငြား အတွင်းထဲမှ မည်သည့် နဂါးမှ ပျံထွက်မလာခဲ့ပေ။

မရေမတွက်နိုင်သော ရေဒီယိုသတ္တိကြွ ပစ္စည်းများသည် ရုတ်တရက် ပန်းထွက်လာပြီး ရင်ကွမ်း၏ ခေါင်းနှင့် မျက်နှာ တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ များပြားလွန်းသော ဓာတ်ရောင်ခြည်များသည် သူ့တစ်ကိုယ်လုံးကို ရူးသွပ်စွာ လွှမ်းခြုံသွားခဲ့၏။

“အား... အား... အား... ကျုပ်နဂါး ဘယ်မှာလဲ။ ကျုပ်နဂါး ဘယ်မှာလဲ။ ကျုပ်နဂါး ဘယ်မှာလဲ။”

ရင်ကွမ်းသည် သူ့ခန္ဓာကိုယ်တွင် ဖြစ်ပျက်နေသည်များကို လုံးဝ ဂရုမစိုက်နိုင်တော့ပေ။ သူသည် အစွမ်းကုန် အော်ဟစ်ပြီး ရေဒီယိုသတ္တိကြွ ပစ္စည်းများကြားတွင် အသည်းအသန် ရှာဖွေနေခဲ့သည်။

‘ဘာလို့ ဒီလို ဖြစ်ရတာလဲ။ ဘာလို့ ဒီလို ဖြစ်ရတာလဲ။ ကျုပ်နဂါးက အကောင်ပေါက်တော့မှာ သေချာနေပြီပဲ။ ခုနလေးတင် နဂါးသန္ဓေသား ကြီးထွားလာတာ ကျုပ် ရှင်းရှင်းလင်းလင်း မြင်လိုက်ပါသေးတယ်။’

ရင်ကွမ်း လုံးဝ ပြိုလဲသွားခဲ့သည်။ သူ၏ စိတ်ဝိညာဉ်တစ်ခုလုံး စုပ်ယူခံလိုက်ရသကဲ့သို့ ဖြစ်နေပြီး မြေကြီးပေါ်တွင် တိုက်ရိုက် ထိုင်ချလိုက်မိ၏။

“အား... အား... အား... အား” သူသည် နာကျင်စွာ အော်ဟစ်လိုက်မိသည်။ သူ့မျှော်လင့်ချက်တွေ ပျက်စီးသွား၏။ သူ့အနာဂတ်၊ သူ့ယုံကြည်ချက်တွေ ပျက်စီးသွားခဲ့သည်။

“ရှမ့်လန် ပြောတာ မှန်တယ်။ ဒီ နဂါးဥက အတုကြီး။ ရှမ့်လန်က ဒီဟာကိုသုံးပြီး ငါ့ကို ဒုက္ခပေးတာ။ ငါ့ခန္ဓာကိုယ်ကို ဒုက္ခပေးရုံတင် မကဘူး၊ ငါ့ဝိညာဉ်၊ ငါ့စိတ်ဓာတ်ကိုပါ ဒုက္ခပေးတာ။ ရှမ့်လန်... မင်း သေချာပေါက် အသေဆိုးနဲ့ သေရမယ်။”

ရင်ကွမ်းသည် သားရဲတစ်ကောင်ကဲ့သို့ အော်ဟစ်လိုက်ပြီးနောက် စတင် အော့အန်လေတော့၏။

အစားအစာများ အန်ထွက်လာရုံသာမက သွေးခဲများပါ အန်ထွက်လာသည်။ ယခုအချိန်တွင် သူသည် သူ့မျက်နှာကို ရှင်းလင်းစွာ မမြင်ရပေ။ အကယ်၍ မြင်ရပါက သူသည် မကောင်းဆိုးဝါး တစ်ကောင်နှင့် တူနေကြောင်း တွေ့ရှိရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ခေါင်းနှင့် မျက်နှာ တစ်ခုလုံး ရေဒီယိုသတ္တိကြွ ပစ္စည်းများဖြင့် ဖုံးလွှမ်းနေပြီး ပုပ်သိုးဆွေးမြည့်နေပြီ ဖြစ်သောကြောင့်ပင်။ အမှန်တကယ် ဝမ်းနည်းဖွယ် မြင်ကွင်းပင်။

“ရှမ့်လန်... ငါ မင်းကို အလွတ်မပေးဘူး။ လုံးဝ အလွတ်မပေးဘူး။” ရင်ကွမ်း ဒေါသတကြီး အော်ဟစ် လိုက်သည်။ သူသည် အားကုန်သုံး၍ ထရပ်လိုက်ပြီး အပြင်သို့ လျှောက်သွားလိုက်သည်။ ထို့နောက် သူ မမြင်ရတော့ကြောင်း သဘောပေါက်လိုက်သည်။ သူ လုံးဝ မျက်စိကွယ်သွားခဲ့၏။ ထို့အပြင် သူသည် ခန္ဓာကိုယ် ဟန်ချက်ကို မထိန်းနိုင်တော့ဘဲ ယိုင်နဲ့နေသည်။

ထိုတင်မကသေးပေ။ သူ၏ဦးနှောက်နှင့် စိတ်ဝိညာဉ် တစ်ခုလုံး ပြိုလဲလုနီးပါး ဖြစ်နေသည်။ အစပိုင်းတွင် သူ့ဦးနှောက်သည် ပေါက်ကွဲလုမတတ် နာကျင်နေသော်လည်း ယခုအခါ မခံစားရသလောက် ဖြစ်နေ၏။ တကယ်တော့ သူသည် သူ့ခန္ဓာကိုယ် ရှိနေသည်ကိုပင် မခံစားရတော့ပေ။

“ဘုန်း... ဘုန်း...”

ထို့နောက် သူ့ခေါင်းသည် တံခါး တစ်ချပ်ပြီး တစ်ချပ်နှင့် ဝင်တိုက်မိသည်။ သူ၏ ပင်ကိုယ်အသိစိတ်နှင့် မှတ်ဉာဏ်ကိုသာ အားကိုးပြီး တံခါးများကို တစ်ချပ်ပြီး တစ်ချပ် ဖွင့်ကာ ရှေးဟောင်း အပျက်အစီးများထဲမှ ထွက်ခွာလာခဲ့သည်။ သူသည် ယိုင်နဲ့စွာဖြင့် အပြင်ဘက်သို့ ရူးသွပ်စွာ ပြေးထွက် လာခဲ့သည်။

တော်ဝင်ချန်နန်းတော်ထဲမှ ထွက်ခွာနိုင်ရန် ၁၅ မိနစ်တိတိ ကြာမြင့်ခဲ့သည်။ မကြာမီ တစ်စုံတစ်ယောက်က သူ့ကို တွေ့ရှိသွားပြီး အလျင်အမြန် ဝိုင်းရံလိုက်ကြ၏။ “ကောင်းကင်ဘုံ ... အရှင်... ဘာဖြစ်တာလဲ။ ဘာဖြစ်တာလဲ။”

ရင်ကွမ်း၏ ယုံကြည်ရသော မိန်းမစိုးသည် အလျင်အမြန် ပြေးလာပြီး ရင်ကွမ်း၏ မျက်နှာပေါ်မှ ကြောက်မက်ဖွယ် အစိမ်းရောင် အမှုန့်များကို ပိုးလက်ကိုင်ပဝါဖြင့် သုတ်ပေးလိုက်သည်။ သို့သော်ငြား သူ့လက်သည် မီးလောင်ခံလိုက်ရသကဲ့သို့ ချက်ချင်း ပူလောင်သွားသည်ကို ခံစားလိုက်ရသည်။

ထို့နောက် သူ လက်ကို ကြည့်လိုက်ချိန်မှာတော့ လက်ဖဝါး တစ်ခုလုံး မီးလောင်ထားသကဲ့သို့ နီရဲနေသည်ကို တွေ့လိုက်ရသည်။ ထိုမိန်းမစိုးသည် သိပ်အရေးမစိုက်အားပေ။ မည်သို့ပင်ဆိုစေကာမူ သူသည် ရင်ကွမ်းကို မျက်နှာလိုမျက်နှာရ လုပ်ရပေမည်။

ထို့ကြောင့် သူသည် ရင်ကွမ်း၏မျက်နှာပေါ်မှ အစိမ်းရောင်အမှုန့်များကို ဂရုတစိုက် ဆက်လက် သုတ်ပေးနေခဲ့သည်။ သို့သော်ငြား မည်မျှပင် သုတ်ပါစေ၊ မပြောင်စင်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သွေးနှင့် အရေပြားထဲသို့ လုံးဝ စိမ့်ဝင်သွားပြီ ဖြစ်သောကြောင့်ပင်။

ရင်ကွမ်းသည် ဂရုမစိုက်ဘဲ ယိုင်နဲ့စွာဖြင့် အပြင်သို့ ဆက်လက် ပြေးထွက်သွား၏။ သူ့စိတ်သည် လုံးဝ ရှုပ်ထွေးနေပြီ ဖြစ်ပြီး သူ့စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိသည်။ ရှမ့်လန်ကို သတ်ပြီး တစ်ထောင်ပုံ တစ်ပုံ ခုတ်ထစ်ပစ်ချင်နေ၏။

မိန်းမစိုးသည် သူ့လက်ဖဝါးကို ဂရုတစိုက် ကြည့်လိုက်ချိန်မှာတော့ ပိုမို ကြောက်မက်ဖွယ် ကောင်းနေသည်ကို တွေ့လိုက်ရသည်။ လက်ဖဝါး အတွင်းရှိ သွေးကြောများသည် လုံးဝ ပေါက်ပြဲသွားသကဲ့သို့ ဖြစ်နေသည်။ ခဏအကြာတွင် သူသည် ပြင်းထန်စွာ အော့အန်နေသည်။

ပတ်ဝန်းကျင်ရှိလူများသည် ဤမြင်ကွင်းကို မြင်လိုက်ရချိန်မှာတော့ အလွန်အမင်း ကြောက်ရွံ့သွားကြသည်။ ဘာဖြစ်သွားမှန်း သူတို့ မသိကြသော်လည်း အန္တရာယ်ကို ခံစားမိနေကြသည်။ ရင်ကွမ်း၏ မျက်နှာပေါ်မှ အစိမ်းရောင် အရာသည် အန္တရာယ်ရှိပြီး လုံးဝ မထိရပေ။

ထိုကဲ့သို့ပင် လုံးဝ မျက်စိကွယ်နေသော ရင်ကွမ်းသည် တော်ဝင်ချန်နန်းတော်ထဲမှ ပြေးထွက်လာပြီး မြို့ရိုးပေါ်သို့ ပြေးတက်သွား၏။

… …

ယခုအချိန်တွင် ညရောက်နေပြီ ဖြစ်ပြီး မီးတောက်များသည် မြို့ရိုးတစ်ခုလုံးကို လင်းထိန်နေသည်။

ထို့နောက် အစိမ်းရောင် အလင်းတန်းတစ်ခု ပြေးလာသည်ကို တွေ့လိုက်ရသောကြောင့် လူတိုင်း တုန်လှုပ်သွားကြ၏။

‘လူတစ်ယောက်က တကယ်ပဲ အလင်းရောင် ထွက်နိုင်တာလား။ ဒါ... ဒါက သိပ်ထူးဆန်းလွန်းတယ်။’

ထို့အပြင် ဤလူ၏မျက်နှာကို ရှင်းလင်းစွာ မမြင်ရတော့ပေ။ မကောင်းဆိုးဝါး တစ်ကောင်နှင့် တူနေသည်။ သူ၏ ခန္ဓာကိုယ် အပေါ်ပိုင်းတစ်ခုလုံး ပုပ်သိုးနေပြီး သွေးများသည် အစိမ်းရောင် ရေဒီယိုသတ္တိကြွအမှုန့်များနှင့် ရောနှောနေသည်။ အစိမ်းရောင်ပြည်များကဲ့သို့ ခံစားရစေသည်။ အလွန် ရွံရှာဖွယ် ကောင်းပြီး ကြောက်စရာ ကောင်းသည်။

‘ဒါ... ဒါ ဘယ်သူလဲ။’ ချက်ချင်းပဲ အထူးစစ်သည်တော် ရာဂဏန်းသည် ကြားဖြတ် ဖမ်းဆီးရန် ပြေးတက်သွားကြသည်။ သို့သော်ငြား ဤသူသည် အနက်နှင့် ရွှေရောင် ရောစပ်ထားသော နဂါးဝတ်ရုံကို ဝတ်ဆင်ထားကြောင်း မကြာမီ သူတို့ တွေ့မြင်လိုက်ရ၏။

‘ဒါ... ဒါ ရင်ကွမ်းလား။’

ရင်ကွမ်းသည် အလိုအလျောက် မြို့ရိုးပေါ်သို့ ပြေးတက်သွားပြီး အော်ဟစ်လိုက်သည်။ “ရှမ့်လန် ဘယ်မှာလဲ။ ရှမ့်လန် ဘယ်မှာလဲ။”

မြို့ရိုး အပြင်ဘက်တွင် ရှမ့်လန်က အေးအေးဆေးဆေး ပြောလိုက်၏။ “အရှင် ရင်ကွမ်း... ကျုပ် ဒီမှာပါ။”

‘ဟမ်… သူတို့ ဘာမှ မကြားရပါလား။ အသံမရှိရင် ဘယ်လောက် ကောင်းတဲ့ ပြဇာတ် ဖြစ်နေပါစေ အလုပ်မဖြစ်ဘူး။’

ဘေးနားရှိ မင်းသမီး ဒိုဟာသည် အိပ်မက်ဆိုးကျောက်တုံး အသံချဲ့စက် တစ်ခုကို ကမ်းပေးလိုက်သည်။ ရှမ့်လန်က ယူပြီး ပြောလိုက်သည်။ “အရှင် ရင်ကွမ်း... ကျုပ် ဒီမှာပါ။”

ယခုမှပဲ လူတိုင်း ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။

ရှမ့်လန်က ဆက်ပြောသည်။ “အရှင်ရင်ကွမ်း... ခင်ဗျား ဘာဖြစ်သွားတာလဲ။ နာရီပိုင်းလောက်ပဲ ရှိသေးတာ၊ ဘယ်လို လုပ်ပြီး စိမ်းသွားရတာလဲ။”

ရင်ကွမ်း အော်ဟစ်လိုက်၏။ “သူ့ကို သတ်... ရှမ့်လန်ကို သတ်။ သူ့ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်စမ်း။”

ယခုအချိန်တွင် ရင်ကွမ်းသည် လုံးဝ ရူးသွပ်သွားပြီဟု ထင်ရသည်။

ရန်တန်ရှောင် တုန်လှုပ်သွားသည်။ မင်းသမီး ရင်ရင် တုန်လှုပ်သွားသည်။ သူမသည် ပြေးတက်သွားပြီး ရင်ကွမ်းကို တွဲလိုက်၏။ “ခမည်းတော်... ဘာဖြစ်တာလဲ။ ခမည်းတော် ဘာဖြစ်တာလဲ။”

ရှမ့်လန်က အော်လိုက်သည်။ “အရှင်ရင်ကွမ်း... အဲဒီ နဂါးဥက အတု မဟုတ်လား။ ကျုပ်က ရံဖန်ရံခါဆိုသလို လူကြီးလူငယ်မရွေး လှည့်စားတတ်တဲ့ လူစားမျိုးပါ။”

ရင်ကွမ်း အော်ဟစ်လိုက်၏။ “မဟုတ်ဘူး။ ကျုပ်နဂါးဥက အစစ်... ကျုပ်နဂါးဥက အစစ်။”

ရှမ့်လန်က ပြောလိုက်သည်။ “အို... ဒါဆို ခင်ဗျားရဲ့ နဂါးက အကောင်ပေါက်ပြီလား။”

ရင်ကွမ်း စူးရှစွာ ရယ်မောလိုက်၏။ “ပေါက်ပြီ။ ကျုပ်နဂါး ပေါက်ပြီ။ ကျုပ် မကြာခင် လောကကြီးကို အုပ်စိုးတော့မယ်။ ကျုပ်ရဲ့ရင်မိသားစုက အရှေ့ပိုင်းရဲ့ အရှင်သခင်၊ လောကကြီးရဲ့ အရှင်သခင် ဖြစ်လာတော့မယ်။ ဘယ်သူမှ ကျုပ်နဂါးကို လုမသွားနိုင်ဘူး။ ဘယ်သူမှ ကျုပ်ရာဇပလ္လင်ကို လုမသွားနိုင်ဘူး။ ဘာ တော်ဝင်ရန် အင်ပါယာလဲ။ ဘာ စေတီတောင်လဲ။ ကျုပ်နာမည်က ရင်၊ ရန် မဟုတ်ဘူး။ ဒီကမ္ဘာကြီးက ရင် နာမည်ကို ဘယ်သူမဆို လုယူရဲရင် ကျုပ် သူ့ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်မယ်။ အပိုင်းပိုင်း ဆုတ်ဖြဲပစ်မယ်။”

ဤစကားကို ကြားလိုက်ရချိန်မှာတော့ ရန်တန်ရှောင်၏ မျက်နှာ ချက်ချင်း ပြောင်းလဲသွားသည်။

‘အရှင် ရင်ကွမ်း... ခင်ဗျား ဘာကို ဆိုလိုတာလဲ။ ခင်ဗျားတို့ ရင်မိသားစု နာမည်က ရန် လေ။ စေတီတောင်နဲ့ တော်ဝင်ရင်အင်ပါယာက တစ်သားတည်း ပေါင်းစည်းပြီးသား မဟုတ်ဘူးလား။ အခု ခင်ဗျားက ဒီလို စကားမျိုး ပြောရဲတယ်ပေါ့။’

သို့သော်ငြား မျက်စိရှင်သူ မည်သူမဆို ရင်ကွမ်း ရူးသွပ်သွားပြီ ဖြစ်ကြောင်း မြင်တွေ့နိုင်သည်။ သူ့စိတ်က သေစေနိုင်လောက်တဲ့ ဒဏ်ရာ ရသွားရုံတင် မကဘဲ ဓာတ်ရောင်ခြည်သင့်၍လည်း ဖြစ်သည်။ အချိန် ကြာမြင့်စွာ ဓာတ်ရောင်ခြည်သင့်မှုကြောင့် သူ့ဦးနှောက်ထဲတွင် အကျိတ်များ ကြီးထွားလာခဲ့သည်။ ထို့အပြင် သူ့စိတ်မှာ ပုံမှန် မဟုတ်တော့ပေ။

နဂါးဥ အတု ပေါက်ကွဲသွားချိန်မှာတော့ မရေမတွက်နိုင်သော ရေဒီယိုသတ္တိကြွ ပစ္စည်းများသည် သူ့မျက်နှာနှင့် ခေါင်းတစ်ခုလုံး ဖုံးလွှမ်းသွားပြီး ဦးနှောက်ကို ဖျက်ဆီးပစ်လိုက်သည်။ ရင်ကွမ်း၏ သွေးမျိုးဆက် ပါရမီမှာ အံ့မခန်း ဖြစ်သောကြောင့်သာ အသက်ရှင်နေခြင်း ဖြစ်သည်။ အခြားသူသာ ဆိုလျှင် သေဆုံးသွားပြီ ဖြစ်၏။

“ဟားဟားဟား... ကျုပ်နဂါး... ကျုပ်နဂါး...”

ရင်ကွမ်းသည် လက်လှမ်းပြီး ရင်ရင်၏ မျက်နှာကို ပွတ်သပ်လိုက်သည်။ သူသည် စွဲလမ်းစွာ ပြောလိုက်သည်။ “ဒါ ကျုပ်နဂါးပဲ။ ဘာလို့ ဒီလောက် ချောမွေ့နေရတာလဲ။ မင်းရဲ့ အကြေးခွံတွေ ဘယ်မှာလဲ။”

ရင်ရင်၏ မျက်နှာသည် မီးလောင်နေသကဲ့သို့ ခံစားရသော်လည်း သူမ လုံးဝ မလှုပ်ရဲပေ။

ရင်ကွမ်းသည် သူ့ဘာသာသူ ဆက်ပြောနေ၏။

“ဘယ်သူမှ ကျုပ်နဂါးကို လုမသွားနိုင်ဘူး။ စိတ်တောင် မကူးနဲ့။ ကျုပ် ကမ္ဘာကြီးကို အုပ်စိုးတော့မယ်။ အရှင် သက်တော်ရာကျော် ရှည်ပါစေ။” ရင်ကွမ်းသည် အရာရှိများကို တုပပြီး အော်ဟစ်လိုက်သည်။

ထို့နောက် သူသည် ခန့်ညားထည်ဝါသော အသံဖြင့် ဖြည်းညင်းစွာ ပြောလိုက်သည်။ “အားလုံးပဲ ကျုပ် ထီးနန်းတက်တည်းက လောကကြီး တုန်လှုပ်သွားခဲ့တယ်။ တော်ဝင်ရန်အင်ပါယာက လူရွှင်တော် တစ်ယောက်လိုပဲ။ တော်ဝင်ချန်ရှမ့်လန်က ဝက်တွေ ၊ ခွေးတွေလောက်တောင် အသုံးမကျဘူး။”

ထို့နောက် ရင်ကွမ်းသည် လူတိုင်း ရှေ့တွင် ကိုယ်တိုင် ဝန်ခံချက် တစ်ခုလုံးကို ရွတ်ဆိုပြ၏။ စာလုံးရေ တစ်ထောင်ကျော် ရှည်လျား၏။

…..

လူတိုင်း တုန်လှုပ်သွားကြသည်။ ဤဝန်ခံချက်ထဲတွင် တော်ဝင်ရန်အင်ပါယာ၊ ရှမ့်လန်နှင့် စေတီတောင်သခင် အပါအဝင် လူတိုင်းကို သူ ဆဲရေးထားသည်။ အတိုချုပ် ပြောရလျှင် လောကပေါ်တွင် အတော်ဆုံးလူ တစ်ယောက်တည်းသာ ရှိသည်။ ထိုလူမှာ သူ ရင်ကွမ်းပင် ဖြစ်သည်။ သူ၏ စာပေစွမ်းရည် သာမန်မျှသာ ဖြစ်နေခြင်းမှာ ဝမ်းနည်းစရာပင်။ မဟုတ်လျှင် ရင်ကွမ်းသည် လောကပေါ်တွင် အကောင်းဆုံးလူ ဖြစ်ကြောင်း အတိုင်းထက်အလွန် ဇာချဲ့ကာ ပြောဆိုပေလိမ့်မည်။

ယခုအချိန်တွင် ရင်ကွမ်း ရူးသွပ်သွားပြီဖြစ်ကြောင်း လူတိုင်း မြင်တွေ့နိုင်၏။ လူတိုင်း အကြီးအကျယ် တုန်လှုပ်နေကြပြီး အထူးသဖြင့် မင်းသမီး ရင်ရင် ဖြစ်သည်။ သူမ၏ နှလုံးသား တစ်ခုလုံး တုန်ခါနေသည်။ ဘာဖြစ်နေမှန်း သူမ လုံးဝ မသိတော့ပေ။

‘ခမည်းတော် ထွက်သွားတုန်းက ကောင်းကောင်းပါပဲ။ ပြန်ရောက်တော့ ဘာလို့ ဒီလောက် ကြောက်စရာ ကောင်းပြီး ရူးသွပ်သွားရတာလဲ။’

သူမသည် ရင်ကွမ်းကို တွဲကူပြီး ပြောလိုက်သည်။ “ခမည်းတော်... နန်းတော်ထဲ ပြန်ကြရအောင်။ အရင် ပြန်ကြရအောင်နော်။”

“ငါ မပြန်ဘူး။ ငါ့ နန်းတော်ထဲမှာပဲ နေမှာ။ ငါ့ကို ဘယ်ပြန်ခိုင်းနေတာလဲ။” ရင်ကွမ်းသည် ရင်ရင်ကို တွန်းထုတ်လိုက်သည်။ ထို့နောက် သူမ၏ ခန္ဓာကိုယ်သည် စွန်တစ်ကောင်ကဲ့သို့ လွင့်စင် ထွက်သွားခဲ့၏။

ထို့နောက် သူသည် ရန်တန်ရှောင်ကိုပါ တွန်းထုတ်လိုက်ပြန်သည်။

ရန်တန်ရှောင်၏ သိုင်းပညာသည် အလွန် မြင့်မားသည်။ သူသည် အထွတ်အထိပ် ရောက်နေသော မင်းသမီး နင်ဟန်နှင့် ယှဉ်နိုင်ပြီး ချောင်ယောင်းအာထက်ပင် အနည်းငယ် သာလွန်သေးသည်။ သို့သော်ငြား သူသည် ရင်ကွမ်း၏ တွန်းထုတ်မှုကို ခံလိုက်ရပြီး လွင့်စင်ထွက်သွားခဲ့သည်။ သူ လုံးဝ ခုခံနိုင်စွမ်း မရှိခဲ့ပေ။

All Chapters