အခန်း (၆၇၆-၆၇၈)
Vol. 46 Ch. 676-678
အပိုင်း (၆၇၆) သေရေး ရှင်ရေး(၃)
ရှင်းယန်တပ်စခန်းအတွင်း၌ ဖြစ်လေသည်။
ရှင်းယန်တပ်မကြီးသည် အင်အားအလုံးအရင်းဖြင့် ချီတက်ထွက်ခွာသွားပြီဖြစ်ရာ တပ်စခန်းကို စောင့်ကြပ်ရန် စစ်သည် ၂၀၀၀ သာ ကျန်ရစ်တော့သည်။ ထိုစစ်သည် ၂၀၀၀ သည် အဖွဲ့နှစ်ဖွဲ့ခွဲကာ နေ့ညမပြတ် ကင်းလှည့်စောင့်ကြပ်နေကြ၏။
အလယ်ဗဟို အကျဆုံးသော တဲသည် စောင့်ကြပ်မှု အတင်းကျပ်ဆုံး ဖြစ်လေသည်။ စစ်သည်အင်အား မလုံလောက်သော်ငြား တဲအပြင်ဘက်တွင် အနည်းဆုံး လူ ၂၀၀ ခန့်က နေ့ညမပြတ် စောင့်ကြပ်နေကြသည်။
လီဟောက်သည် တဲအတွင်း၌ ပိတ်လှောင်ခံထားရပြီး စိုးရိမ်စိတ်များ တိုးပွားလာတော့သည်။
ရှင်းယန်တပ်စခန်းအတွင်း ဤမျှကြီးမားသော လှုပ်ရှားမှုကြီး ဖြစ်ပျက်နေသည်ကို တဲအပြင်သို့ မထွက်နိုင်လျှင်ပင် သူ အနည်းအကျဉ်းတော့ ရိပ်မိလေသည်။ ရှင်းယန်ဝမ်သည် စစ်သည် ၄၀၀၀၀ ကျော်ကို ဦးဆောင်ပြီး တပ်စခန်းမှ ထွက်ခွာသွားကြောင်း သူသိရှိထား၏။
"ရှင်းယန်ဝမ်က တကယ်ပဲ ဘယ်ကိုသွားပြီး ဘာလုပ်မလို့လဲ။ အခု အပြင်ဘက်က အခြေအနေတွေ ဘယ်လိုရှိနေပြီလဲ"
တဲ အတွင်းအပြင်ရှိ စစ်သည်များသည်ကား ပါးစပ်ကို ဘူးသီးဆို့ထားသကဲ့သို့ နှုတ်ဆိတ်နေကြပြီး သူမည်သို့ပင် ထပ်ခါတလဲလဲ မေးမြန်းစေကာမူ မည်သူကမျှ ပြန်လည်ဖြေကြားခြင်း မရှိကြပေ။
သူသည် သံလှောင်အိမ်ထဲတွင် ပိတ်လှောင်ခံထားရသည့် သားရဲတစ်ကောင်ကဲ့သို့ ရုန်းထွက်၍မရဘဲ သူတစ်ပါး သတ်ဖြတ်မည့်အချိန်ကိုသာ စောင့်ဆိုင်းနေရတော့သည်။
ညနေစောင်းချိန်တွင် တစ်စုံတစ်ယောက်က ထမင်းလာပို့လေသည်။
လီဟောက်သည် စားချင်သောက်ချင်စိတ် လုံးဝမရှိတော့ချေ။ သူသည် မျက်နှာထားတင်းတင်းဖြင့် ပါးစပ်ဟကာ မေးလိုက်၏။
"ရှင်းယန်ဝမ်က စစ်သည်တွေကို ဦးဆောင်ပြီး တပ်စခန်းကို ပြန်မလာသေးဘူးလား။ သူ တကယ်ပဲ ဘယ်ကိုသွားတာလဲ"
မျှော်လင့်မထားစွာပင် ထိုအသံတိတ်နေသော စစ်သည်က ပါးစပ်ဟကာ ပြန်ဖြေလာခဲ့သည်။
"လွန်ခဲ့တဲ့ ၄ရက်တုန်းက ကွမ်းပင်းနယ်စားက ပုန်ကန်မှုဖန်တီးပြီး မြို့တံခါးကို တိုက်ခိုက်ဝင်ရောက်လာတယ်။ နန်းတွင်းကိုယ်ရံတော်တပ်တွေနဲ့ မနားတမ်း တိုက်ခိုက်နေကြတာ။ ကျွန်တော်တို့ရဲ့ စစ်သူကြီးက မြို့တော်ရဲ့ အန္တရာယ်ကို ဖြေရှင်းဖို့ ရှင်းယန်တပ်တွေကို ဦးဆောင်ပြီး သွားတာပါ"
လီဟောက်၏ မျက်ခွံများ တုန်ခါသွားပြီး နှလုံးခုန်သံများကလည်း အလွန်မြန်ဆန်သွားတော့သည်။
သူသည် စိတ်ကိုမထိန်းနိုင်တော့ဘဲ ရှေ့သို့တိုးကာ ထိုစစ်သည်၏ လက်မောင်းကို ဆွဲကိုင်လိုက်ပြီး မေးလိုက်တော့သည်။
"မင်း ဘာပြောလိုက်တာလဲ။ ကွမ်းပင်းနယ်စားက ဘယ်လိုလုပ်ပြီး ပုန်ကန်ရဲရတာလဲ"
မည်သို့ပင်ဆိုစေ မြို့တော်တစ်ခုလုံးတွင် သတင်းက ပြန့်နှံ့နေပြီးဖြစ်၏။ လူတိုင်းသိပြီးသား ကိစ္စဖြစ်သဖြင့် ဆက်လက်ဖုံးကွယ်ထားရန် မလိုအပ်တော့ချေ။
ထိုစစ်သည်ကလည်း သူသိထားသည့် အကြောင်းအရာများကို အကုန်အစင် ထုတ်ပြောလိုက်တော့သည်။
"အတွင်းရေးအသေးစိတ်ကိုတော့ ကျွန်တော် မသိပါဘူး။ ကြားတာကတော့ အရှင်မင်းကြီး နတ်ရွာစံသွားပြီတဲ့။ ပထမမင်းသားလက်ချက်နဲ့ သေဆုံးသွားတာ။ လျန်စစ်သူကြီးကိုလဲ ပထမမင်းသားက သတ်လိုက်တယ်။ ပထမမင်းသားကတော့ ထိုက်ဇီဖေးလက်ချက်နဲ့ ဓားထိုးခံရပြီး သေဆုံးသွားတယ်။ ပထမမင်းသားက မသေခင်မှာ မကောင်းတဲ့ကိစ္စလုပ်ပြီး ကွမ်းပင်းနယ်စားဆီ စာပို့လိုက်တာ။ ကွမ်းပင်းနယ်စားက ချက်ချင်းပဲ စစ်တပ်ကိုခေါ်ပြီး မြို့တော်ထဲ ဝင်တိုက်တာပဲ။ ကံကောင်းလို့ ကျွန်တော်တို့ ရှင်းယန်တပ်တွေ အချိန်မီ ရောက်သွားလို့သာ အခြေအနေကို ပြန်ထိန်းထားနိုင်ခဲ့တာ"
"ထိုက်ဇီဖေး ကိုယ်တိုင် ကွမ်းပင်းနယ်စားကို သတ်ပြီး ဒီပုန်ကန်မှုကို နှိမ်နင်းလိုက်တယ် ..."
လီဟောက်၏ ခေါင်းထဲတွင် တစီစီမြည်သွားပြီး ချောမောသည့် မျက်နှာသည် ချက်ချင်းဆိုသလို သွေးဆုတ်ကာဖြူဖပ်သွားတော့သည်။
မျက်စိရှေ့မှ လောကကြီးသည် အဆုံးအစမဲ့သော အမှောင်ထု၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသကဲ့သို့ပင်။
ယုံးကျားဧကရာဇ် သေဆုံးပြီ။ ကွမ်းပင်းနယ်စားလဲ သေဆုံးပြီ။
သူ့အတွက်တော့ ပြန်လည် အဖတ်ဆယ်နိုင်မည့် နောက်ဆုံးမျှော်လင့်ချက်လေး ပျက်သုဉ်းသွားလေပြီ။
ထိုစစ်သည်က အခွင့်ကောင်းယူကာ နောက်သို့ ခြေလှမ်းနှစ်လှမ်းဆုတ်လိုက်ပြီး အရိုအသေပြုကာ နှုတ်ဆက်လိုက်၏။ "ထမင်းဟင်းတွေက ပူတုန်းရှိပါသေးတယ်။ အရှင်မင်းသား မြန်မြန် သုံးဆောင်လိုက်ပါ"
လီဟောက်သည် လှုပ်ပင်မလှုပ်ဘဲ ထိုနေရာတွင်ပင် ရပ်တန့်နေပြီး လိပ်ပြာလွင့်ပါးသွားသူတစ်ယောက်ကဲ့သို့ မည်သည့်တုံ့ပြန်မှုမျှ မရှိတော့ချေ။
ထမင်းလာပို့သည့် စစ်သည်က တဲထဲမှ လျင်မြန်စွာ ထွက်ခွာသွားလေသည်။
တဲထဲတွင် လီဟောက်အပြင် အခြားစစ်သည် ၁၀ ယောက်ကျော် ရှိနေသေးသည်။ သူတို့သည် လှုပ်ရှားခဲလှပြီး ထောင့်တစ်နေရာတွင်သာ တိတ်ဆိတ်စွာ ရပ်နေလေ့ရှိသည်။ မျက်လုံးများကတော့ လီဟောက်၏ လှုပ်ရှားမှုများကို တရစပ် စိုက်ကြည့်နေကြ၏။
အချိန်မည်မျှ ကုန်ဆုံးသွားသည် မသိ။ လီဟောက်သည် ဖြည်းညှင်းစွာ ထိုင်ချလိုက်လေသည်။
ထမင်းဟင်းများပင် အေးစက်ကုန်ပြီ။ လီဟောက်သည် စက်ရုပ်တစ်ရုပ်ကဲ့သို့ အသားတစ်ဖတ်ကို ယူလိုက်ကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ဖယောင်းကို ဝါးနေရသလို အရသာမဲ့သည်ဟု ပြောလျှင်ပင် လုံလောက်မည်မထင်။ သူသည် မိမိကိုယ်တိုင် ဘာကြောင့် ထမင်းစားနေရသည်ကိုပင် မသိတော့ချေ။
"ဒီအခြေအနေထိ ရောက်နေမှတော့ ငါ့မှာ သေလမ်းတစ်လမ်းပဲ ရှိတော့တာပဲ။ ဒါပေမဲ့ မျက်လုံးမမှိတ်ရသေးသရွေ့တော့ ငါ နောက်ဆုံးမျှော်လင့်ချက်ကို လက်လွှတ်မခံနိုင်ဘူး"
...
"အရှင်မင်းသား"
မြို့တော်အတွင်းမှ ကမ္ဘာပျက်မတတ် ကြီးမားသော အပြောင်းအလဲ သတင်းသည် မြို့တော်သို့ ပြန်လာနေသည့် လမ်းခရီးရှိ ထိုက်ဇီလီကျင့်၏ နားဆီသို့ အမြန်ဆုံး အရောက်ပို့ဆောင်လာခဲ့လေသည်။
စာလာပို့သူမှာ လျန်စစ်သူကြီး၏ ဒုတိယသား စေလွှတ်လိုက်သည့် နန်းတွင်းကိုယ်ရံတော်ဖြစ်သည်။ ထိုကိုယ်ရံတော်သည် နေ့ရောညပါ မနားတမ်း လာခဲ့ခြင်းဖြစ်ပြီး ၇ ရက် ၈ ရက်ကြာသွားရမည့် ခရီးကို ၃ ရက်အတွင်း အရောက်လာခဲ့သည်။ လမ်းတွင် မြင်း ၂ ကောင်ပင် လဲကျသေဆုံးခဲ့ရ၏။ သူကိုယ်တိုင်လဲ မောပန်းနွမ်းနယ်နေပြီ ဖြစ်သည်။
သူသည် မျက်လုံးများနီရဲကာ ဒူးထောက်လိုက်ပြီး ခေါင်းကို ကြမ်းပြင်နှင့်ဆောင့်ကာ ဂါရဝပြုလိုက်ပြီး တုန်ယင်စွာဖြင့် ဝမ်းနည်းဖွယ်သတင်းကို လျှောက်တင်လိုက်တော့သည်။
လီကျင့်သည် ယုံးကျားဧကရာဇ် နတ်ရွာစံပြီဟူသော သတင်းဆိုးကို ကြားလိုက်ရသည့်အချိန်တွင် ချောမောသည့် မျက်နှာသည် ချက်ချင်း ဖြူဖပ်သွားပြီး ရုတ်တရက် ထရပ်လိုက်မိ၏။
"မင်း ဘာပြောလိုက်တာလဲ။ ဖုဟွမ်က ဘယ်လိုလုပ်ပြီး နတ်ရွာစံသွားရတာလဲ"
အရှေ့နန်းဆောင်မှ အမတ်များအားလုံးလဲ တပြိုင်နက်တည်း မျက်နှာအရောင် ပြောင်းသွားကြတော့သည်။
ထိုကိုယ်ရံတော်သည် မျက်လုံးများနီရဲလျက်ပင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာ အစအဆုံးကို လျင်မြန်စွာ ပြောပြလိုက်လေသည်။
လီကျင့်သည် သွေးများဆူပွက်လာပြီး ပြင်းထန်လှသော ဒေါသများကို ထိန်းချုပ်မရနိုင်တော့ဘဲ အသံကုန်ဟစ်အော် ဆဲဆိုရန် ပြင်လိုက်စဉ်မှာပင် မျက်စိရှေ့တွင် လောကကြီးက ဂျွမ်းထိုးမှောက်ခုံ ဖြစ်သွားသလို ခံစားလိုက်ရသည်။ ဘေးနားတွင်ရှိသည့် လီယန်က မျက်စိလျင်ပြီး လက်သွက်ကာ လီကျင့်ကို အမြန်လှမ်းတွဲလိုက်လေသည်။ "အရှင်မင်းသား စိတ်ထိန်းပါအုံး"
ဖန်းဇီကျန်းက တည်ငြိမ်လေးနက်စွာဖြင့် ပြောလိုက်လေသည်။
"ပုန်ကန်မှုကို နှိမ်နင်းပြီးပြီ ဆိုပေမဲ့ မြို့တော်က လူထုစိတ်မငြိမ်မသက် ဖြစ်နေတာကိုတော့ ရှောင်လွှဲလို့ရမှာ မဟုတ်ဘူး။ ထိုက်ဇီဖေး ညန်ညန်လဲ ဒဏ်ရာအပြင်းအထန် ရထားတယ်။ အရှင်မင်းသား မြို့တော်ကို ချက်ချင်းပြန်မှဖြစ်မယ်"
မြို့တော်ထဲတွင် စတုတ္ထမင်းသား ရှိနေသေးသည့်အပြင် အင်အားမပျက်ယွင်းသေးသည့် ကျောက်မိသားစုတပ်ဖွဲ့လဲ ရှိနေသေးသည်။
အကယ်၍ စတုတ္ထမင်းသားသာ ဖောက်ပြန်လိုစိတ် ထပ်မံပေါ်ပေါက်လာပြီး ဖူယန်မြို့စားနှင့်ပေါင်းကာ ပုန်ကန်ပြီး အာဏာလုယူမည်ဆိုပါက အခြေအနေများ ရှုပ်ထွေးကုန်ပေလိမ့်မည်။
ဖန်းဇီကျန်း၏ စကားထဲတွင် မြှုပ်ထားသည့် အဓိပ္ပာယ်ကို လူတိုင်း နားလည်လိုက်ကြ၏။
ဝန်ကြီးရှန်းကလဲ ပြောလိုက်၏။ "အရှင်မင်းသား ကျန်းမာရေးကို ဂရုစိုက်ပါအုံး။ အရှင်မင်းကြီး နတ်ရွာစံသွားတဲ့အတွက် ကျွန်တော်မျိုးလဲ ဝမ်းနည်းပူဆွေးရပါတယ်။ ဒါပေမဲ့ အခုအချိန်က ဝမ်းနည်းပူဆွေးနေရမဲ့အချိန် မဟုတ်ပါဘူး။ အရေးအကြီးဆုံးက မြို့တော်ကို ချက်ချင်းပြန်ပြီး လူထုစိတ်ကို တည်ငြိမ်အောင်လုပ်ပြီး အခြေအနေကို ထိန်းချုပ်ရမှာပါ"
လီကျင့်သည် မျက်လုံးများကို ခဏတာ မှိတ်ထားလိုက်ပြီး မျက်လုံးထောင့်မှ မျက်ရည်စက်အချို့ စီးကျလာလေသည်။
သူသည် မျက်လုံးကို ချက်ချင်းပြန်ဖွင့်လိုက်ပြီး မျက်လုံးများ နီရဲလျက် တည်ငြိမ်သောလေသံဖြင့် ပြောလိုက်တော့သည်။ "ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ လူအားလုံး ချက်ချင်း ခရီးဆက်မယ်။ မြန်နိုင်သမျှ မြန်မြန်သွားကြမယ်။ ဘာကိုမှ ဂရုစိုက်နေစရာ မလိုဘူး"
ယခင်က သူ ဒဏ်ရာရထားသည့်အတွက်ကြောင့် မြင်းလှည်းသွားနှုန်းမှာ မမြန်ဆန်ခဲ့ပေ။ ယခုအချိန်မှစ၍ အမြန်ဆုံးအရှိန်ဖြင့် မြို့တော်သို့ ပြန်ရပေတော့မည်။
ယုံးကျားဧကရာဇ် နတ်ရွာစံခြင်း၊ လျန်စစ်သူကြီးတို့ သားအဖ ရက်စက်စွာ အသတ်ခံရခြင်း၊ ထိုက်ဇီဖေး ဒဏ်ရာအပြင်းအထန်ရခြင်း စသည့်ကိစ္စ တစ်ခုချင်းစီတိုင်းက ရင်တုန်လောက်စရာ ကောင်းလှသည်။ ဒီလိုအချိန်မျိုးတွင် ဘယ်သူကမှ ထိုက်ဇီအရှင်မင်းသားကို ကျန်းမာရေး ဂရုစိုက်ပါဟူ၍ မပြောကြတော့ပေ။
ထိုက်ဇီအရှင်မင်းသားသည် တိုတောင်းလှသည့် အချိန်အတွင်း မြို့တော်သို့ ပြန်ရောက်မှ ဖြစ်ပေမည်။
ဝန်ကြီးရှန်းသည် ခရီးဆက်ရန်အတွက် ကိုယ်တိုင်ကိုယ်ကျ စီစဉ်ဆောင်ရွက်လေသည်။
လီကျင့်သည် စိတ်လှုပ်ရှားနေပြီး စိတ်နှလုံးလည်း အလွန်လေးလံနေသဖြင့် မည်သူနှင့်မျှ စကားမပြောလိုတော့ချေ။ ဖန်းဇီကျန်းနှင့် တခြားသူများလဲ တိတ်ဆိတ်စွာ ထွက်ခွာသွားကြတော့သည်။
လီယန်တစ်ယောက်သာ ကျန်ရစ်ခဲ့လေသည်။
"ထိုက်ဇီ အရှင်မင်းသား သိပ်ပြီးတော့ စိုးရိမ်မနေပါနဲ့။ ထိုက်ဇီဖေး ညန်ညန်က ကံကောင်းတဲ့သူပါ။ ကောင်းကင်ဘုံက သေချာပေါက် စောင့်ရှောက်မှာပါ။ ဒဏ်ရာအပြင်းအထန် ရထားတယ်ဆိုပေမဲ့ အသက်အန္တရာယ်တော့ မရှိပါဘူး။ မကြာခင် ပြန်ကောင်းလာမှာပါ"
ယုံးကျားဧကရာဇ်က နတ်ရွာစံသွားခဲ့ပြီ။ အဆိုးရွားဆုံး အခြေအနေက ဖြစ်ပျက်ခဲ့ပြီးပြီဖြစ်ရာ အခုအချိန်တွင် မည်မျှပင် ဝမ်းနည်းနာကျင်နေပါစေ သေဆုံးသွားသူက ပြန်ရှင်လာမည် မဟုတ်ချေ။ လီကျင့်ကို အစိုးရိမ်ဆုံးဖြစ်စေသည်မှာ လုမင်ယွိ ဒဏ်ရာရသည့်ကိစ္စပင် ဖြစ်လေသည်။
လီယန်ပြောသည့် စကားများက လီကျင့်၏ အတွေးနှင့် ထပ်တူကျနေတော့သည်။
လီကျင့်၏ မျက်ဝန်းထဲတွင် မျက်ရည်စများ ဝေ့သီလာပြီး အသံများက တိမ်ဝင်သွားတော့သည်။ "လီယန်... အစတုန်းက ငါ ရှောင်ယွိကို ဇနီးအဖြစ် တောင်းရမ်းတုန်းက သူ့ကို တစ်သက်လုံး ကာကွယ်စောင့်ရှောက်ပါ့မယ်လို့ တိတ်တဆိတ် သစ္စာဆိုခဲ့ဖူးတယ်။ အခု ပြန်တွေးကြည့်တော့ ငါက တကယ် ရယ်စရာကောင်းနေတာပဲ"
"သူ ငါနဲ့လက်ထပ်ပြီး နှစ်အနည်းငယ်အတွင်းမှာ သားသမီး ၃ ယောက်တောင် မွေးဖွားပေးခဲ့တယ်။ အရှေ့နန်းဆောင်ရဲ့ အခြေအနေက ခက်ခဲကျပ်တည်းလွန်းတယ်။ ငါက အမြဲတမ်း မြို့တော်ကနေ ခွဲခွာသွားရတယ်။ သူက ငါ့အစား မူဟုပ်ကို ပြုစုပေးရတယ်၊ ကလေးတွေကို စောင့်ရှောက်ပေးရတယ်၊ အရှေ့နန်းဆောင်ကို ထိန်းသိမ်းပေးရတယ်"
"အဲဒီတုန်းက သူက စစ်သည်တွေကို ဦးဆောင်ပြီး တပ်စခန်းကို ညဘက်ဝင်တိုက်ခဲ့တယ်။ နောက်ပိုင်းမှာ မိုင်ပေါင်းထောင်ချီဝေးတဲ့ ကျန်းနန်အထိလာပြီး ငါ့ကို လာကယ်ခဲ့သေးတယ်။ အခုလဲ မြို့တော်ရဲ့ လုံခြုံရေးအတွက် အသက်နဲ့ရင်းပြီး တိုက်ခိုက်ခဲ့ရလို့ ဒဏ်ရာအပြင်းအထန် ရသွားခဲ့ပြီ"
"ငါ တကယ် သူ့အပေါ် အပြစ်ရှိတယ်လို့ ခံစားရတယ်"
"ငါက သူ့ကို ဘေးကင်းပြီး ချမ်းသာကြွယ်ဝတဲ့ ဘဝမျိုး ပေးချင်ခဲ့တာ။ ဒါပေမဲ့ သူ ငါနဲ့လက်ထပ်ပြီးတဲ့နောက်ပိုင်း စိတ်ချမ်းသာရတဲ့ နေ့ရက်ကောင်းရယ်လို့ တကယ်မရှိခဲ့ဖူးဘူး"
လီကျင့်၏ အသံများ အက်ကွဲသွားပြီး မျက်ရည်များက မျက်လုံးထောင့်မှ စီးကျလာလေသည်။ သူ့စိတ်ထဲတွင် မည်မျှ ကိုယ့်ကိုယ်ကို အပြစ်တင်ပြီး နာကျင်နေရသည်ကို သိသာလှသည်။
လီယန်သည် ထိုမြင်ကွင်းကို ကြည့်ရင်း စိတ်မကောင်းဖြစ်ရကာ နှာဝတွင် မွှန်လာပြီး မျက်လုံးများ ပူနွေးလာတော့သည်။
သူသည် ထိုက်ဇီအရှင်မင်းသားနှင့်အတူ မျက်ရည်အနည်းငယ် ကျမိပြီးနောက် လေသံတိုးတိုးဖြင့် နှစ်သိမ့်လိုက်သည်။ "အရှင်မင်းသားက ညန်ညန်ကို သနားချစ်ခင်တာပဲလေ။ နောက်ဆိုရင် အချိန်တွေ အများကြီး ကျန်ပါသေးတယ်။ ညန်ညန်အပေါ် ကောင်းပြဖို့ အချိန်တွေ အများကြီးရှိပါသေးတယ်"
လီကျင့်က သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်လေသည်။ "မင်းပြောတာ မှန်ပါတယ်။ နောက်ဆိုရင် ငါ သူ့ကိုပဲ စိတ်နှစ်ထားပြီး ဘယ်တော့မှ အကြွေးမတင်စေရဘူး"
...
အပိုင်း (၆၇၇) ပြန်ရောက်ခြင်း
မူလက ၁၀ ရက်ကြာ သွားရမည့် ခရီးစဉ်ကို အတင်းအကျပ် ဖိနှိပ်ကာ ထက်ဝက်တိတိ လျှော့ချလိုက်သည်။
၅ ရက်အကြာတွင် ထိုက်ဇီလီကျင့်နှင့်အဖွဲ့သည် မြို့တော်သို့ ပြန်ရောက်လာကြသည်။
မြို့တံခါးအပြင်ဘက်သို့ လာရောက်ကြိုဆိုကြသော နန်းတွင်းအမတ်များမှာ မများလှချေ။ အရပ်ဘက်အရာရှိများထဲတွင် ချောင်ကောလောင်၊ ဝန်ကြီးလော် အစရှိသူများပါဝင်ပြီး စစ်ဘက်အရာရှိများမှာမူ အရေအတွက် ပို၍ပင်နည်းပါးကာ ရှင်းယန်ဝမ်က ကျန်းကျုံးကို ဦးဆောင်၍ လာရောက်ခြင်းသာ ရှိသည်။
ကွမ်းပင်းနယ်စားမှာ ပုန်ကန်မှုပြုလုပ်ခဲ့သဖြင့် ထိုက်ဇီဖေး၏ ဓားချက်ဖြင့် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဖူယန်မြို့စားမှာ ယခုအချိန်အထိ စစ်အမိန့် မရရှိသေးသဖြင့် တပ်စခန်းထဲတွင်သာ ငြိမ်သက်စွာ နေနေရဆဲ။ လျန်စစ်သူကြီးတို့ သားအဖမှာလည်း သေဆုံးကုန်ကြပြီဖြစ်ရာ လျန်အာ့လန်က နန်းတွင်းကိုယ်ရံတော်များကို ဦးစီး၍ နန်းတော်ကို စောင့်ကြပ်နေရသည်။ ရေတွက်ကြည့်လိုက်ပါက ရှင်းယန်ဝမ် တစ်ဦးတည်းသာ ကျန်ရှိတော့သည်။
လူအများ ပြန်လည်ဆုံတွေ့ကြရသည့်အခါ တစ်ဘဝခြားသွားသကဲ့သို့ ခံစားလိုက်ကြရ၏။
"ကျွန်တော်မျိုးတို့ ထိုက်ဇီအရှင်မင်းသား ပြန်လာတာကို ကြိုဆိုပါတယ်" အမတ်မင်းများက ချောင်ကောလောင်၏ ဦးဆောင်မှုဖြင့် လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေ ပြုလိုက်ကြသည်။
လီကျင့်မှာ ဒဏ်ရာမပျောက်ကင်းသေးသည့်အပြင် ခရီးပြင်းနှင်လာရပြီး ဤရက်ပိုင်းအတွင်း စိတ်ပူပန်သောက ရောက်ရလွန်း၍ အစားမဝင် အိပ်မပျော် ဖြစ်ခဲ့ရသည်။ ယခုအချိန်တွင် မြင်းလှည်းပေါ်၌ မနည်းအားတင်း၍ ထိုင်နေရပြီး မြင်းလှည်းအောက်သို့ ဆင်း၍ လမ်းမလျှောက်နိုင်ချေ။
"အမတ်မင်းတို့ အားလုံး ထကြပါ" လီကျင့်က အက်ကွဲသောအသံဖြင့် ပြောလိုက်သည်။ "အချိန်က အရမ်းကို အရေးကြီးနေတယ်။ ငါ နန်းတော်ကို ချက်ချင်းပြန်ရမယ်။ ဒီနေရာမှာ အချိန်ဖြုန်းမနေကြနဲ့တော့"
ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် သူက ဆက်ပြောလေသည်။
"ချောင်ကောလောင်နဲ့ ရှင်းယန်ဝမ် မြင်းလှည်းပေါ် တက်ခဲ့ကြပါ။ နန်းတော်ထဲ ဝင်ရင်းနဲ့ စကားပြောကြတာပေါ့"
ချောင်ကောလောင်မှာ ထိုက်ဇီ၏ အဘိုးအရင်းဖြစ်ပြီး ရှင်းယန်ဝမ်မှာ ထိုက်ဇီ၏ ယောက္ခမဖြစ်သည်။ တစ်ဦးမှာ အရပ်ဘက်အရာရှိများ၏ ခေါင်းဆောင်၊ တစ်ဦးမှာ စစ်ဘက်အရာရှိများ၏ ခေါင်းဆောင်ဖြစ်ကြပြီး နှစ်ဦးစလုံးမှာ ထိုက်ဇီဘက်တော်သားများ၏ အမာခံ အင်အားစုများ ဖြစ်ကြသည်။ ထိုက်ဇီလီကျင့် အားအထားရဆုံး ပုဂ္ဂိုလ်များလည်း ဖြစ်ကြပေသည်။
ချောင်ကောလောင်နှင့် ရှင်းယန်ဝမ်တို့က လက်ယှက်ကာ ပြိုင်တူ ပြန်လည်ဖြေကြားလိုက်ပြီး ထိုက်ဇီ၏ မြင်းလှည်းပေါ်သို့ ရှေ့ဆင့်နောက်ဆင့် တက်လိုက်ကြသည်။
ထိုက်ဇီ၏ မြင်းလှည်းသည် မြို့တံခါးအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
မြို့တံခါးစောင့် တပ်မှူးမှာ လူလဲလှယ်ထားပြီးဖြစ်ရာ မြို့စောင့်တပ်သား တစ်အုပ်ကို ဦးဆောင်၍ မြေပြင်ပေါ်တွင် ဒူးထောက်နေကြသည်။
ရက်အနည်းငယ် ကြာသွားပြီဖြစ်ရာ ဤနေရာ၌ ဖြစ်ပွားခဲ့ဖူးသော ပြင်းထန်လှသည့် တိုက်ပွဲကြီးမှာ အစအနပင် မကျန်တော့ချေ။ မြေပြင်ပေါ်တွင် တောင်ပုံရာပုံ စုပုံနေခဲ့ဖူးသော အလောင်းအစားများကိုလည်း သန့်ရှင်းစင်ကြယ်စွာ ရှင်းလင်းထားပြီးဖြစ်သည်။
သေချာစွာ ကြည့်လိုက်ပါက ကျောက်တုံးကြားများထဲတွင် ဆေးကြော၍ မစင်ကြယ်နိုင်သေးသော သွေးကွက်များ ကျန်ရှိနေသေးသည်။ နှာခေါင်းဖြင့် အားစိုက်၍ ရှူရှိုက်ကြည့်လိုက်ပါက ပျောက်ကွယ်မသွားသေးသော သွေးညှီနံ့များကို ရရှိနိုင်သေးသည်။
ဤပြင်းထန်လှသော စစ်ပွဲကြီးသည် မြို့တော်သူ မြို့တော်သားများ၏ ရင်ထဲတွင် နက်ရှိုင်းသော ဒဏ်ရာများကို ရိုက်သွင်းပေးခဲ့လေသည်။
ယနေ့ ထိုက်ဇီ မြို့တော်သို့ ပြန်လည်ရောက်ရှိလာသော်လည်း လမ်းတစ်လျှောက်တွင် လာရောက်ကြည့်ရှုသည့် ပြည်သူဟူ၍ မရှိသလောက်ပင်။ လမ်းမပေါ်ရှိ ဆိုင်ခန်းအများစုမှာ ပိတ်ထားကြပြီး လူသူကင်းမဲ့ကာ ခြောက်ကပ်နေသည်။
လီကျင့်သည် တိတ်ဆိတ်စွာဖြင့် မြင်းလှည်းပြတင်းပေါက် အပြင်ဘက်ကို စိုက်ကြည့်နေပြီး ခေတ္တမျှ ကြာသောအခါမှ အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ကာ ချောင်ကောလောင်ကို ကြည့်လိုက်သည်။ "အဘိုး" ထို့နောက် ရှင်းယန်ဝမ်ကို ကြည့်ကာ "ယွဲ့ဖု... ဒီရက်ပိုင်းအတွင်း အဘိုးတို့ ပင်ပန်းသွားကြပြီ"
ရက်ပိုင်းလေးအတွင်း ချောင်ကောလောင်မှာ ၁၀ နှစ်ကျော်မျှ အိုစာသွားခဲ့သည်။ မူလက တစ်ဝက်ခန့်ဖြူနေသော ဆံပင်များသည် ယခုအခါတွင် အမည်းရောင်ဟူ၍ မကျန်တော့ဘဲ အားလုံးဖြူဖွေးကုန်သည်။ နဖူးနှင့် မျက်လုံးထောင့်များတွင်လည်း အရေးအကြောင်းများ ထင်ရှားလာပြီး မျက်နှာတစ်ခုလုံး နွမ်းနယ်နေပုံ ပေါက်နေသည်။
လီကျင့်၏ အဘိုးဟု ခေါ်လိုက်သော အသံကိုကြားရသောအခါ ချောင်ကောလောင်၏ ရင်ထဲတွင် ဆို့နင့်သွားရသည်။
ချောင်ကောလောင်၏ ခေါင်းထဲတွင် ယုံးကျားဧကရာဇ်၏ သေဆုံးသွားသော မျက်နှာထားမှာ ရုတ်တရက် ပေါ်လာပြီး လည်ချောင်းထဲတွင် တစ်စုံတစ်ခု တစ်ဆို့နေသကဲ့သို့ ဖြစ်သွားကာ အသံမှာ တုန်ယင်နေလေသည်။ "အရှင်မင်းသား ပြန်ရောက်လာတာ ကောင်းပါတယ်။ အရှင်မင်းကြီးရဲ့ တော်ဝင်ခန္ဓာကိုယ်ကို ဝမ်ဟွားနန်းဆောင်က ရေခဲတိုက်ထဲမှာ ထားရှိထားပါတယ်။ ဒီအတိုင်း ဆက်ထားနေလို့လဲ ဖြစ်မှာ မဟုတ်ပါဘူး။ အရှင်မင်းသား နန်းတော်ထဲ ပြန်ရောက်တာနဲ့ နန်းတွင်းဦးခေါင်းလောင်းထိုးပြီး အရှင်မင်းကြီးအတွက် ဈာပနအခမ်းအနား ပြင်ဆင်ရပါမယ်"
လီကျင့်၏ မျက်လုံးများ နီရဲလာပြီး ခေါင်းညိတ်လိုက်သည်။ "ကျွန်တော့်မှာလဲ ဒီလိုအစီအစဉ် ရှိပါတယ်"
လီကျင့်နှင့် ယုံးကျားဧကရာဇ်တို့အကြား စိတ်ဝမ်းကွဲပြားမှုများ ရှိခဲ့သော်လည်း ဖခင်အရင်း ဖြစ်သူမှာ ရက်စက်စွာ သေဆုံးခဲ့ရသဖြင့် လီကျင့်မှာ ခံစားရ ခက်လှပေသည်။
လုလင်းသည် သားမက်ဖြစ်သူကို သနားကြင်နာစွာ ကြည့်လိုက်ပြီး တိုးညှင်းသော အသံဖြင့် ပြောလိုက်၏။ "အရှင်မင်းသား ဝမ်းနည်းပူဆွေးနေရတာကို ကျွန်တော်မျိုး ကိုယ်ချင်းစာ နားလည်ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ အရှင်မင်းသား လုပ်ဆောင်ရမဲ့ ကိစ္စတွေ အများကြီး ရှိနေပါသေးတယ်။ အရှင်မင်းသား စိတ်ကို တင်းထားပါ"
စကားလုံးများထဲတွင် ပါဝင်နေသော ဂရုစိုက်မှုများက လီကျင့်၏ ရင်ကို နွေးထွေးသွားစေသည်။ သူသည် လုလင်းကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်ကာ "ယွဲ့ဖု စိတ်ချပါ။ ကျွန်တော် တောင့်ခံနိုင်ပါတယ်" ထို့နောက် တိုးညှင်းသော အသံဖြင့် မေးလိုက်သည်။ "ယွဲ့ဖု... ရှောင်ယွိ အခု ဘယ်လိုနေသေးလဲ"
လုလင်းသည် ပြင်ပအမတ်တစ်ယောက် အနေဖြင့် အရှေ့နန်းဆောင်ထဲတွင် နေထိုင်ခြင်းမှာ စည်းကမ်းနှင့် မညီညွတ်ပေ။ သို့သော်လည်း မြို့တော်တွင် ပုန်ကန်မှုများ ဖြစ်ပွားခဲ့ပြီး နန်းတော်ထဲတွင်လည်း လူထုစိတ်မငြိမ်မသက် ဖြစ်နေသဖြင့် ဤစည်းကမ်းများကို ဂရုမစိုက်နိုင်တော့ချေ။
လုလင်းသည် အရှေ့နန်းဆောင်တွင်သာ နေထိုင်ပြီး လုမင်ယွိ သတိရလာသည့်အချိန်မှစ၍ နေ့စဉ် အနည်းဆုံး ၁ နာရီခန့် ကုတင်ဘေးတွင် အဖော်ပြုပေးလေ့ရှိသည်။ လုမင်ယွိ၏ အခြေအနေကို အသိဆုံးဖြစ်ရာ ဤစကားကို ကြားသောအခါ ပြန်ဖြေလိုက်လေသည်။ "ထိုက်ဇီဖေး ညန်ညန်က ရင်ဘတ်မှာ ဒဏ်ရာရထားတာပါ။ နှလုံးနဲ့ အဆုတ်ကိုတော့ မထိခိုက်သွားပါဘူး။ ဒါပေမဲ့ ဒဏ်ရာက နက်ပြီး သွေးထွက်လွန်သွားတယ်။ ကုတင်ပေါ်မှာပဲ အနားယူနေရပါတယ်။ သမားတော်ကြီးက ပြောတာတော့ အနည်းဆုံး ၂ လလောက်မှ ကုတင်ပေါ်က ဆင်းနိုင်မယ်တဲ့"
"အရှင်မင်းသား သိပ်ပြီး စိတ်မပူပါနဲ့"
လီကျင့် မည်သို့ စိတ်မပူဘဲ နေနိုင်မည်နည်း။
သူသည် ကျောတွင် အတောင်ပံပေါက်ပြီး နန်းတော်ထဲသို့ ချက်ချင်းပျံသန်းသွားကာ ဇနီး၊ သားသမီးများနှင့် မိခင်ဖြစ်သူတို့၏ ဘေးနားသို့ ရောက်ချင်လှသည်။
ချောင်ကောလောင်၏ ရှေ့မှောက်တွင် ဖြစ်သဖြင့် လီကျင့်မှာ စကားများများ ပြောမထွက်ပေ။ မျက်လုံးများထဲတွင်တော့ အားနာမှုနှင့် ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်များ အထင်းသား ပေါ်လွင်နေသည်။ "ယောင်္ကျားတစ်ယောက်အနေနဲ့ ကျွန်တော် အသုံးမကျလို့ ရှောင်ယွိကို ပင်ပန်းဆင်းရဲပြီး ဒဏ်ရာရအောင် လုပ်မိတာပါ"
'တကယ်ပဲ မင်းက အသုံးမကျတာပဲ'
လုလင်းသည် စိတ်ထဲတွင် မကျေမနပ် ရေရွတ်လိုက်သော်လည်း မျက်နှာထားမှာမူ ပို၍ပင် နွေးထွေးလာသည်။ "အရှင်မင်းသား ဒီလိုပြောတာက သိပ်စိမ်းကားလွန်းရာ ကျပါတယ်။ ဇနီးမောင်နှံဆိုတာ တစ်စိတ်တစ်ဝမ်းတည်းပါ။ ထိုက်ဇီဖေး ညန်ညန်က ဒီလိုလုပ်တာ သင့်တော်ပါတယ်။ အန္တရာယ်အများဆုံးအချိန်က ကုန်ဆုံးသွားပါပြီ။ အရှင်မင်းသား မြို့တော်ကို ပြန်ရောက်တာက အချိန်ကိုက်ပါပဲ"
ယောက္ခမဖြစ်သူက သဘောထားကြီးလေလေ လီကျင့်၏ စိတ်ထဲတွင် ပို၍ အားနာလေလေပင်။
လက်ရှိအချိန်တွင် ဤအကြောင်းများကို ဆက်ပြောရန် မသင့်တော်တော့ချေ။
လီကျင့်က ခေါင်းညိတ်လိုက်ပြီး ချောင်ကောလောင်ကို မေးလိုက်သည်။ "မူဟုပ် နေကောင်းရဲ့လား"
ချောင်ကောလောင်သည် နန်းတော်ထဲတွင် ရက်ဆက်နေထိုင်ခဲ့ပြီး နေ့တိုင်း ချောင်မိဖုရားခေါင်နှင့် တွေ့ဆုံခဲ့ရသဖြင့် သက်ပြင်းချကာ ပြောလိုက်သည်။ "နန်းတော်ထဲမှာ ဒီလောက်ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်ပျက်ခဲ့တာ ဟွမ်ဟုပ်ညန်ညန်လဲ မနည်း တောင့်ခံထားရတာပါ။ နန်းတော်ထဲ ပြန်ရောက်ပြီး အရှင်မင်းသား ညန်ညန်နဲ့တွေ့ရင် သေချာ နှစ်သိမ့်ပေးလိုက်ပါအုံး"
ကိုယ့်သမီး ကိုယ်ချစ်ကြသည်သာ။
လုလင်းက ဒဏ်ရာရနေသော လုမင်ယွိကို သနားသည်။
ချောင်ကောလောင် အသနားဆုံးမှာတော့ ပိန်ချုံးနွမ်းနယ်နေသော ချောင်မိဖုရားခေါင်ပင်။
...
၃ နာရီခန့် ကြာပြီးနောက် မြင်းလှည်းသည် တုန်းဟွားတံခါးပေါက် အပြင်ဘက်သို့ ရောက်ရှိလာသည်။
နန်းတော်တံခါး အပြင်ဘက်တွင် အလောင်းများ ပြန့်ကျဲနေပြီး သွေးချောင်းစီးခဲ့ဖူးသည်။ ရက်အနည်းငယ် ကြာသွားသော်လည်း သွေးညှီနံ့များမှာ ပြင်းထန်နေဆဲ။
နန်းတော်တံခါး ပွင့်သွားပြီး လျန်အာ့လန်က ကိုယ်တိုင်ကိုယ်ကျ နန်းတွင်းကိုယ်ရံတော် ၁၀ ယောက်ကျော်ကို ဦးဆောင်၍ လာရောက်ကြိုဆိုလေသည်။
လီကျင့်သည် မြင်းလှည်းပေါ်မှ တွဲထူပေးမှုကို ခံယူကာ ဝေါယာဉ်ပေါ်သို့ တက်လိုက်ပြီး ဝမ်ဟွားနန်းဆောင်သို့ သွားလိုက်တော့သည်။
သူကတော့ အရှေ့နန်းဆောင်ကို အရင်ပြန်ချင်နေသည်။ သို့သော် ထိုက်ဇီတစ်ပါး အနေဖြင့်၊ သားတစ်ယောက် အနေဖြင့် ရက်စက်စွာ သေဆုံးသွားခဲ့ရသော ခမည်းတော်ဘုရားကို ဦးစွာပထမ သွားရောက်ကန်တော့ ငိုကြွေးပြီး အမတ်များကို နှစ်သိမ့်ပေးရပေမည်။
ဝန်ကြီးအချို့မှာ ဝမ်ဟွားနန်းဆောင်ထဲတွင် အမြဲရှိနေကြပြီး ယခုအချိန်တွင် ပြိုင်တူ ဒူးထောက်ကြိုဆိုကြလေသည်။
လီကျင့်သည် ဟန်ဆောင်နေစရာ မလိုဘဲ ပင်ပန်းနွမ်းနယ်ပြီး စိုးရိမ်ပူပန်နေသော မျက်နှာထားဖြင့် မျက်လုံးများ နီရဲလျက် ဝမ်းနည်းပူဆွေးစွာ ပြောလိုက်သည်။ "အမတ်မင်းတို့ အားလုံး ထကြပါ။ ငါ အရင်ဆုံး ဖုဟွမ်ကို သွားတွေ့လိုက်အုံးမယ်။ ပြောစရာရှိတာ နောက်မှပြောကြတာပေါ့"
နန်းတော်သို့ ပြန်ရောက်သည့် ပထမဆုံးကိစ္စမှာ ယုံးကျားဧကရာဇ်ကို "ကြိုဆို" ရန်ပင် ဖြစ်သည်။
ဘုန်းတန်ခိုးကြီးမားသော ဧကရာဇ်မင်းမြတ်သည် သေဆုံးသွားပြီးနောက် အခမ်းအနားဖြင့် မထားရှိရသေးသလို ဂူသွင်းသဂြိုဟ်ခြင်းလည်း မပြုလုပ်ရသေးပေ။ ရုပ်အလောင်းကို ရေခဲတိုက်ထဲတွင် ထားရှိထားရသည်။ ဤကဲ့သို့သော အဖြစ်အပျက်မှာ အလွန်ပင် ဝမ်းနည်းဖွယ် ကောင်းလှပေသည်။
လီကျင့် လုပ်ဆောင်လိုက်သော ပထမဆုံးကိစ္စမှာ အမတ်များ၏ ဆန္ဒနှင့် ကိုက်ညီမှုရှိလေသည်။
ချောင်မိဖုရားခေါင်သည် ခြေလှမ်းသွက်သွက်ဖြင့် ဝင်ရောက်လာခဲ့ပြီး မျက်နှာထား နွမ်းနယ်ဖြူဖပ်နေသော လီကျင့် ဝေါယာဉ်ပေါ်မှ ဆင်းတော့မည့်အခြေအနေကို တွေ့လိုက်ရ၏။ ချောင်မိဖုရားခေါင်သည် မျက်ရည်များကို ထိန်းချုပ်ထားပြီး အမြန်ရှေ့တိုးကာ လီကျင့်ကို တွဲထူလိုက်လေသည်။ "မင်းက ဒဏ်ရာကုသနေတုန်းပဲ ရှိသေးတယ်။ ခန္ဓာကိုယ်က အားနည်းနေတာ ဘယ်မှာ လမ်းလျှောက်နိုင်တဲ့အား ရှိမှာလဲ"
လီကျင့်က ခေါင်းလှည့်ကာ ချောင်မိဖုရားခေါင်နှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။ "မူဟုပ်... ကျွန်တော်နဲ့အတူ ဖုဟွမ်ကို သွားကြိုကြရအောင်"
အားမရှိလျှင်လည်း လမ်းလျှောက်သွားရမည်။ တွားသွားရမည် ဆိုလျှင်လည်း တွားသွားရမည်။ သားဖြစ်သူက ဝေါယာဉ်စီးပြီး ဖခင်အရင်းကို သွားရောက်ကန်တော့သည်ဟူသော ထုံးစံ အဘယ်မှာ ရှိပါသနည်း။
လောလောဆယ်တွင် ပြောစရာစကားများ မည်မျှပင်များနေပါစေ မျိုသိပ်ထားရပေမည်။
ချောင်မိဖုရားခေါင်က မျက်လုံးများ နီရဲလျက် လက်ခံလိုက်ပြီး လီကျင့်ကို တွဲကာ ဖြည်းညှင်းစွာ လျှောက်သွားလေသည်။ အခြားတစ်ဖက်တွင် လုလင်းက အမြန်လျှောက်လာပြီး လီကျင့်၏ ကျန်လက်မောင်းတစ်ဖက်ကို တွဲပေးလိုက်သည်။
လုလင်း၏ အားမှာ ချောင်မိဖုရားခေါင်ထက် ပိုမိုသန်မာလှရာ မသိမသာပင် လီကျင့်၏ ခန္ဓာကိုယ် တစ်ဝက်ကျော်ကို ထိန်းထားပေးလိုက်သည်။
လီကျင့်သည် ပြိုင်ဘက်ကင်းသော ယောက္ခမကောင်းကြီးကို ကျေးဇူးတင်စွာ ကြည့်လိုက်လေသည်။
လုလင်းက မျက်ခုံးပင့်ပြလိုက်၏။
'မင်းအပေါ် ကောင်းပေးတာက ရှောင်ယွိအတွက်ပဲ။'
'နောင်တစ်ချိန် မင်းသာ သစ္စာဖောက်ရဲရင် ငါ မင်းကို ပထမဆုံး ခွင့်မလွှတ်တဲ့လူ ဖြစ်လာလိမ့်မယ်။'
...
အပိုင်း (၆၇၈) ဈာပနခေါင်းလောင်းသံ (၁)
ထိုက်ဇီလီကျင့်သည် ချောင်မိဖုရားခေါင်နှင့် ရှင်းယန်ဝမ်လုလင်းတို့၏ တွဲကူပေးမှုဖြင့် ရေခဲတိုက်အပြင်ဘက်သို့ တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့သည်။
လျန်အာ့လန်သည် ကိုယ်တိုင်ကိုယ်ကျ ရေခဲတိုက်အပြင်ဘက်တွင် စောင့်ကြပ်နေ၏။
ထိုက်ဇီအရှင်မင်းသားကို မြင်တွေ့လိုက်ရသောအခါ လျန်အာ့လန်၏ မျက်ဝန်းအိမ်များ နီရဲလာပြီး ဒူးထောက်ချလိုက်သည်။ အနောက်ဘက်ရှိ နန်းတွင်းကိုယ်ရံတော်များလည်း တညီတညွတ်တည်း ဒူးထောက် အရိုအသေပြုလိုက်ကြသည်။ "ထိုက်ဇီအရှင်မင်းသားကို ဂါရဝပြုပါတယ်"
"အားလုံး ထကြပါ" လီကျင့်သည် အားအင်မရှိသဖြင့် လျန်အာ့လန်ကို ကိုယ်တိုင် တွဲမထူပေးနိုင်ချေ။
လျန်အာ့လန်သည် ခေါင်းကို ကြမ်းပြင်နှင့် ၃ ကြိမ် ဆောင့်ကာ အရိုအသေပြုပြီးမှ မတ်တပ်ထရပ်လိုက်ပြီး မျက်ရည်များကို သုတ်ကာ ပြောလိုက်သည်။ "ကျွန်တော်မျိုး ရေခဲတိုက်ကို ဖွင့်လိုက်ပါတော့မယ်"
လီကျင့်က ခေါင်းညိတ်လိုက်ပြီး ဒူးထောက်လိုက်လေသည်။
ချောင်မိဖုရားခေါင်လည်း လိုက်ပါ ဒူးထောက်လိုက်ပြီး လုလင်းနှင့် အခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လိုက်ကြသည်။
ဘုန်းတန်ခိုးကြီးမားလှသော ဧကရာဇ်မင်းမြတ်သည် နတ်ရွာစံပြီးနောက် အခမ်းအနားဖြင့် မထားရှိရသေးဘဲ ရုပ်အလောင်း ပုပ်သိုးမသွားစေရန် ရေခဲတိုက်ထဲတွင် ဝှက်ထားရသည်။ ဤသည်မှာ အခြေအနေအရ မလွှဲမရှောင်သာ လုပ်ဆောင်ရခြင်း ဖြစ်သော်လည်း အမှန်တကယ်ပင် ဝမ်းနည်းဖွယ် ကောင်းလှပေသည်။
လျန်အာ့လန်သည် ရေခဲတိုက်အပြင်ဘက်ရှိ လေးလံသော သံသော့ကြီးကို ကိုယ်တိုင် ဖွင့်လိုက်ပြီး ကိုယ်ရံတော် ၂ ယောက်ကို ခေါ်ကာ ရေခဲတိုက်တံခါးကို အတူတကွ တွန်းဖွင့်လိုက်ကြသည်။ ပူပြင်းသော ရာသီဥတုတွင် ရေခဲတိုက်ထဲမှ အေးစက်သော အငွေ့အသက်များ ထွက်ပေါ်လာ၏။ ပြောပြရန် ခက်ခဲသော အနံ့ဆိုးကြီးတစ်ခုနှင့် ရောနှောကာ နှာခေါင်းထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်လာခဲ့သည်။
ရုပ်အလောင်းများ မပုပ်သိုးသေးသော်လည်း သေဆုံးသွားသည်မှာ ရက်အတော်ကြာပြီဖြစ်ရာ အလောင်းနံ့ထွက်နေခြင်းကို ရှောင်လွှဲ၍ မရနိုင်ပေ။ သိပ်မကျယ်ဝန်းလှသော ဤရေခဲတိုက်ထဲတွင် စုစုပေါင်း ရုပ်အလောင်း ၅ လောင်း ထားရှိထားသည်။ ယုံးကျားဧကရာဇ်နှင့် လျန်စစ်သူကြီးတို့ သားအဖအပြင် ပထမမင်းသားနှင့် ကွမ်းပင်းနယ်စားတို့၏ ရုပ်အလောင်းများကိုလည်း ဤနေရာတွင် ထားရှိထားခြင်း ဖြစ်သည်။
"အရှင်မင်းသား" လျန်အာ့လန်က တိုးညှင်းစွာ ရှိုက်ငိုရင်း ပြောလိုက်သည်။ "ကျွန်တော်မျိုး အောက်ဆင်းပြီး အရှင်မင်းကြီးကို ကုန်းပိုးခေါ်လာပါ့မယ်"
လီကျင့်၏ မျက်ဝန်းအိမ်များ နီရဲလာသည်။ "သားတစ်ယောက်အနေနဲ့ ငါကိုယ်တိုင် ဖုဟွမ်ကို ကုန်းပိုးသင့်တာပါ။ ဒါပေမဲ့ ငါ့ဒဏ်ရာက မပျောက်သေးတော့ အားမရှိဘူး ဖြစ်နေတယ်။ မင်းကိုပဲ အကူအညီ တောင်းရတော့မယ်"
လျန်အာ့လန်သည် မျက်ရည်များကို ထိန်းချုပ်ထားပြီး တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။ "ကျွန်တော်မျိုးရဲ့ အဖေနဲ့အစ်ကိုလဲ အောက်မှာ ရှိနေပါတယ်။ ကျွန်တော်မျိုး သူတို့ကို တစ်ယောက်ချင်းစီ ကုန်းပိုးပြီး ခေါ်ထုတ်လာပါ့မယ်"
လျန်စစ်သူကြီး၏ သေဆုံးပုံမှာ သနားစရာ ကောင်းလှသည်။
လျန်တာ့လန်၏ သေဆုံးပုံမှာလည်း ရဲရင့်လှသည်။
သားအဖနှစ်ယောက်စလုံးမှာ သာ့ဝေတိုင်းပြည်၏ သစ္စာရှိသော စစ်သူကြီးကောင်းများ ဖြစ်ကြပြီး သာ့ဝေတိုင်းပြည်အတွက် နောက်ဆုံးသွေးတစ်စက် ကျန်သည်အထိ ပေးဆပ်ခဲ့ကြသည်။
လီကျင့်သည် စိတ်နှလုံး နာကျင်ခံစားနေရသော်လည်း စကားများများ မပြောတော့ချေ။
ယခုအချိန်တွင် ဘာပြောပြော သင့်တော်မည် မဟုတ်ပေ။ ကတိကဝတ်များ ပေးရန်လည်း မဖြစ်နိုင်သေးသလို အဆင်လည်း မပြေလှချေ။
လျန်အာ့လန်သည် ရေခဲတိုက်ထဲသို့ ဆင်းသွားပြီး မကြာမီ ယုံးကျားဧကရာဇ်ကို ကုန်းပိုးကာ ပြန်ထွက်လာခဲ့သည်။
နေရောင်ခြည်သည် ပူပြင်းနေပြီး မျက်စိကျိန်းလောက်အောင် စူးရှနေသည်။
လူအားလုံး ဒူးထောက်နေကြပြီး မည်သူမျှ ခေါင်းမမော့ရဲကြသလို အသံလည်း မထွက်ရဲကြပေ။ နာကျင်ဝမ်းနည်းစွာ ငိုကြွေးသံများသာ ထွက်ပေါ်နေသည်။ လီကျင့်သည် ခေါင်းမော့လိုက်ပြီး ရေခဲတုံးကဲ့သို့ တောင့်တင်းနေသော ရုပ်အလောင်းကို ကြည့်လိုက်ရာ မျက်ရည်များက အထိန်းအကွပ်မဲ့စွာ စီးကျလာတော့သည်။
လောကကြီးကို မောက်မာစွာ စိုးမိုးခဲ့ပြီး ထက်မြက်ရဲရင့်ခဲ့သော ခမည်းတော်သည် သနားစရာကောင်းလောက်အောင် နဂါးကုတင်ထက်တွင် အချစ်ဆုံး သားကြီးလက်ချက်ဖြင့် နတ်ရွာစံခဲ့ရသည်။
နတ်ရွာစံပြီးနောက်တွင်လည်း ဂုဏ်သရေရှိစွာ အခမ်းအနားဖြင့် မထားရှိရဘဲ အေးစက်သော ရေခဲတိုက်ထဲတွင်သာ ထားရှိခံခဲ့ရသည်။
သူသည် ယုံးကျားဧကရာဇ်ကို မုန်းတီးခဲ့ဖူးသည်။ ဖခင်အရင်း၏ မျက်နှာလိုက်မှုကို မုန်းတီးခဲ့သည်။ ကိုယ့်ကိုယ်ကို လျစ်လျူရှုခံရပြီး နှိပ်စက်ခံရသည်ကို မုန်းတီးခဲ့သည်။ ဇနီးမောင်နှံ ကွဲကွာနေရသည်ကို မုန်းတီးခဲ့သည်။ ယုံးကျားဧကရာဇ်က လီဟောက်ကို အလိုလိုက်ထားသည်ကို မုန်းတီးခဲ့သည်။
ယခုအချိန်တွင် မျက်နှာဖြူဖပ်ပြီး ရေခဲတုံးကဲ့သို့ တောင့်တင်းနေသော ယုံးကျားဧကရာဇ်ကို မြင်လိုက်ရသောအခါ နာကြည်းမုန်းတီးမှုများနှင့် မကျေနပ်ချက်များ အားလုံးသည် ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။
ရင်ထဲတွင် စူးရှသော နာကျင်မှုသာ ကျန်ရှိတော့သည်။
လီကျင့်၏ တစ်ကိုယ်လုံး တုန်ယင်နေပြီး မျက်ရည်များ ဒလဟော စီးကျလာကာ အသံတိတ် ငိုကြွေးနေမိသည်။
ဘေးနားရှိ ချောင်မိဖုရားခေါင်မှာလည်း မိုးရွာသကဲ့သို့ မျက်ရည်များ ကျဆင်းနေ၏။
လူသေသွားပြီဖြစ်ရာ အတိတ်က အငြိုးအတေးများ အားလုံးသည် ပြီးဆုံးသွားခဲ့ပြီ။ လူသေလျှင် အကြွေးကြေသည် ဆိုသကဲ့သို့ ယခုအချိန်တွင် ပြန်တွေးမိသည်မှာ ယုံးကျားဧကရာဇ်၏ ကောင်းကွက်များသာ ဖြစ်တော့သည်။
လုလင်းသည်လည်း ခေါင်းမော့ကြည့်လိုက်ပြီး စိတ်နှလုံး လေးလံကာ ဝမ်းနည်းပူဆွေးမိသည်။
ခေတ်တစ်ခေတ်ကို တည်ထောင်ခဲ့သော ဧကရာဇ်မင်းမြတ်သည် ဤကဲ့သို့သော အဆုံးသတ်မျိုးနှင့် ကြုံတွေ့ရသည်မှာ အမှန်တကယ်ပင် ဝမ်းနည်းဖွယ် ကောင်းလှသည်။
...
"ညန်ညန်... ထိုက်ဇီအရှင်မင်းသား နန်းတော်ထဲ ပြန်ရောက်ပါပြီ"
"ညန်ညန်... ထိုက်ဇီအရှင်မင်းသား ဝမ်ဟွားနန်းဆောင်ကို သွားပြီး အရှင်မင်းကြီးကို ဈာပနအခမ်းအနား ကျင်းပမဲ့နေရာဆီ ပင့်ဆောင်သွားပါပြီ"
"ညန်ညန်... ထိုက်ဇီအရှင်မင်းသားက ဈာပနခေါင်းလောင်းထိုးဖို့ အမိန့်ပေးလိုက်ပြီး တိုင်းပြည်တစ်ဝှမ်းလုံးကို နတ်ရွာစံတဲ့ သတင်း ကြေညာလိုက်ပါပြီ..."
လုမင်ယွိသည် ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး လီကျင့်နှင့် ပတ်သက်သော သတင်းများ တရစပ် ဝင်ရောက်လာနေသည်။
လီရွှီနှင့် လီရွှမ်းတို့မှာ ဝမ်းသာအားရ ဖြစ်နေကြသည်။ "ဝမ်းသာစရာပဲ။ အဖေ ပြန်လာပြီ"
လီဟန်မှာလည်း ပျော်ရွှင်စွာဖြင့် "အဖေ" ဟု အော်ဟစ်နေသည်။
လုမင်ယွိသည် ကုတင်ပေါ်တွင် ရက်အနည်းငယ်ကြာ အနားယူနေရသော်လည်း မျက်နှာပေါ်တွင် သွေးရောင်မရှိသေးဘဲ အသံမှာ အားနည်းနေသည်။ "ဟန်အာ... လျှောက်မအော်နဲ့"
လီကျင့် ပြန်လာခြင်းမှာ ဝမ်းသာစရာ ကိစ္စကြီးတစ်ခု ဖြစ်သည်။ သို့သော် ယုံးကျားဧကရာဇ်၏ ဈာပနကိစ္စ ရှိနေသဖြင့် အရှေ့နန်းဆောင်မှ ရယ်မောသံများ ထွက်ပေါ်လာခြင်းမှာ မသင့်တော်လှပေ။
လီဟန်မှာ ငယ်သေးသဖြင့် သိပ်နားမလည်သေးသော်လည်း လီရွှီနှင့် လီရွှမ်းတို့မှာမူ သဘောပေါက်ကြသဖြင့် အပြုံးများကို ချက်ချင်း ရုပ်သိမ်းလိုက်ကြပြီး ပြိုင်တူ ခေါင်းညိတ်လိုက်ကြသည်။ မောင်နှမနှစ်ယောက်သည် လီဟန်ကို ခေါ်ထုတ်သွားပြီး တိုးတိုးတိတ်တိတ်ဖြင့် အတော်ကြာအောင် ချော့မော့နေကြသည်။
လီဟန်သည် ယခုအချိန်တွင် မရယ်မောသင့်ကြောင်း သိသွားပြီး ဝါဝင်းသော မျက်နှာလေး ရှုံ့မဲ့သွားကာ ငိုမဲ့မဲ့ပုံစံလေး လုပ်ပြလိုက်သည်။ "ကိုကြီး၊ မမ... ဒီလိုမျိုးလား"
လီရွှမ်းမှာ ရယ်ချင်စိတ်ကို မနည်းထိန်းထားလိုက်ရသည်။
လီရွှီကလည်း ရယ်ချင်နေသော်လည်း မျက်နှာထား တင်းထားပြီး ချီးကျူးလိုက်သည်။ "ဟုတ်တယ်။ အဲဒီလိုမျိုးပဲ"
ချီယွင်သည် ကုတင်ဘေးတွင် ထိုင်နေပြီး တိုးညှင်းစွာ ပြုံးလိုက်သည်။ "ညန်ညန်... ထိုက်ဇီအရှင်မင်းသား ပြန်ရောက်လာပါပြီ။ ညန်ညန် စိတ်အေးလက်အေး အနားယူလို့ ရပါပြီ"
ဟုတ်တာပေါ့။
လုမင်ယွိ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး တိုးညှင်းစွာ ရေရွတ်လိုက်၏။ "အခု အရေးအကြီးဆုံးက လူထုစိတ်ကို တည်ငြိမ်အောင်လုပ်ပြီး ဈာပနကိစ္စကို အရင်ဆုံး ပြီးပြတ်အောင် လုပ်ရမယ်။ သူ ဒီည အရှေ့နန်းဆောင်ကို ပြန်လာဖို့ အချိန်ရချင်မှ ရမှာ။ နင် လူလွှတ်ပြီး ဝမ်ဟွားနန်းဆောင်ဘက်က အခြေအနေကို ဆက်စောင့်ကြည့်ခိုင်းထား။ သတင်းထူးရင် ချက်ချင်း လာပြောခိုင်း"
ချီယွင်က ခေါင်းညိတ် လက်ခံလိုက်သည်။
ဒေါင်!
ကျယ်လောင်သော ခေါင်းလောင်းသံ ရုတ်တရက် ထွက်ပေါ်လာသည်။
ထို့နောက် နောက်ထပ် ဒေါင်ခနဲ အသံတစ်သံ ထွက်ပေါ်လာပြီး တစ်ချက်ပြီးတစ်ချက် ဆက်တိုက် ထွက်ပေါ်လာသည်။
ချီယွင် ငြိမ်သက်သွားသည်။
လုမင်ယွိသည် စိတ်ထဲတွင် ရေတွက်နေသည်။ ၉ ကို ၉ နဲ့မြှောက်ရင် ၈၁... စုစုပေါင်း ဈာပနခေါင်းလောင်း ၈၁ ချက်။ ဤဈာပနခေါင်းလောင်းသံသည် ဧကရာဇ်မင်းမြတ် နတ်ရွာစံသွားပြီ ဖြစ်ကြောင်း အဓိပ္ပာယ်ရသည်။
ဤအခိုက်အတန့်တွင် နန်းတော်ထဲရှိ လူအားလုံး ဒူးထောက်လိုက်ကြပြီး နာကျင်ဝမ်းနည်းစွာ ငိုကြွေးသံများ ကောင်းကင်ယံအထိ ပျံ့လွင့်သွားတော့သည်။
ယန်ရှီးနန်းဆောင်အတွင်းတွင်။
မုန့်ဖေးသည် ဈာပနခေါင်းလောင်းသံကို ကြားလိုက်ရသောအခါ မျက်လုံးများ ပြာဝေသွားပြီး ခြေထောက်များ ပျော့ခွေကာ မြေပြင်ပေါ်သို့ လဲကျသွားတော့၏။
ဘေးနားရှိ နန်းတွင်းသူများ ထိတ်လန့်သွားကြပြီး အပြေးအလွှား လာရောက် တွဲထူကြသည်။ "မုန့်ဖေးညန်ညန်"
မုန့်ဖေးမှာ သတိလစ် မေ့မြောသွားပြီ ဖြစ်သည်။
နန်းတွင်းသူများသည် မျက်ရည်များ ကျဆင်းရင်း မုန့်ဖေးကို ကုတင်ပေါ်သို့ တွဲပို့ကြပြီး တစ်ဖက်တွင် သမားတော် သွားပင့်ခိုင်းကြသည်။
သို့သော် ယန်ရှီးနန်းဆောင်မှာ နန်းဆောင်တံခါး ပိတ်ထားခံရဆဲဖြစ်ပြီး တံခါးအပြင်ဘက်ရှိ နန်းတွင်းကိုယ်ရံတော်များမှာ မျက်နှာထား တင်းမာနေကြသည်။ နန်းတွင်းသူများ မည်မျှပင် တောင်းပန် အသနားခံစေကာမူ လုံးဝ လျှော့ပေးမည့်ပုံ မပေါ်ပေ။ "စိတ်မကောင်းပါဘူး။ ကျွန်တော်တို့က ယန်ရှီးနန်းဆောင်ကို စောင့်ကြပ်ဖို့ အမိန့်ရထားတာပါ။ ဇာမဏီအမိန့်တော် မရှိရင် ဘယ်သူမှ ထွက်ခွင့်မရှိပါဘူး"
"ဒါပေမဲ့ မုန့်ဖေးညန်ညန် သတိလစ်နေတာ။ သမားတော် လာကြည့်မှ ဖြစ်မှာ..."
"မိန်းကလေး ပြန်ဝင်သွားပါ"
နန်းတွင်းသူမှာ အရှက်ကွဲကာ ငိုရင်း ပြန်ဝင်လာခဲ့ရသည်။
မုန့်ဖေးသည် မျက်နှာဖြူဖပ်ဖြူရော်ဖြင့် ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး သတိမရသေးပေ။
နန်းတွင်းသူသည် မတတ်သာသဖြင့် မုန့်ဖေး၏ နှာခေါင်းအောက်ရှိ အာရုံကြောကို ပြင်းထန်စွာ ဖိနှိပ်လိုက်သည်။ မုန့်ဖေး၏ နှာခေါင်းအောက်နေရာ ညိုမဲလုနီးပါး ဖြစ်သွားမှ သတိပြန်လည်လာသည်။ မျက်လုံးတစ်စုံဖြင့် နန်းတွင်းသူကို စိုက်ကြည့်နေသည်။
နန်းတွင်းသူမှာ ကျောချမ်းသွားပြီး တုန်ယင်စွာဖြင့် ခေါ်လိုက်သည်။ "ညန်ညန်... ညန်ညန် အဆင်ပြေရဲ့လား"
မုန့်ဖေးသည် သနားစရာကောင်းလောက်အောင် ရယ်မောလိုက်သည်။ "သေပြီ... အကုန်သေပြီ။ သေတာ ကောင်းပါတယ်။ အားလုံး ပြီးသွားတာပေါ့"
ထိုရယ်သံသည် ငိုသံထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းလှသည်။
ယန်ရှီးနန်းဆောင်မှာ အမြဲတမ်း ပိတ်လှောင်ခံထားရပြီး သတင်းများလည်း အဆင့်ဆင့် ပိတ်ပင်ခံထားရသည်။ သို့သော် လွန်ခဲ့သော ရက်အနည်းငယ်က မြို့တော်တွင် ဖြစ်ပွားခဲ့သော ပုန်ကန်မှု သတင်းမှာမူ ထမင်းလာပို့သူများမှတစ်ဆင့် နန်းဆောင်ထဲသို့ ရောက်ရှိလာခဲ့သည်။
မုန့်ဖေးသည် ကွမ်းပင်းနယ်စား ပုန်ကန်မှု ပြုလုပ်သည့် သတင်းဆိုးကို ကြားလိုက်ရချိန်တွင် သတိလစ်သွားခဲ့ဖူးသည်။
ဤရက်ပိုင်းအတွင်း သူမသည် နောက်ဆုံးမျှော်လင့်ချက်လေးကို ဆုပ်ကိုင်ထားခဲ့သည်။ ဤသတင်းများ အားလုံးမှာ အတုအယောင်များသာ ဖြစ်ပြီး သူမ ကိုယ့်ကိုယ်ကို သတ်သေစေရန် ချောင်မိဖုရားခေါင်က တမင်တကာ သတင်းလွှင့်ခြင်း ဖြစ်မည်ဟု မျှော်လင့်နေခဲ့သည်။
ယခုအခါ ဈာပနခေါင်းလောင်းသံ ထွက်ပေါ်လာခဲ့ပြီ။
မုန့်ဖေး ကိုယ့်ကိုယ်ကို လှည့်စား၍ မရနိုင်တော့ပေ။
ယုံးကျားဧကရာဇ် နတ်ရွာစံသွားပြီ။
ကွမ်းပင်းနယ်စား သေဆုံးသွားပြီ။
သူမ၏ သားတော်လည်း သေဆုံးသွားပြီ။
မုန့်ဖေးသည် ရယ်မောရင်း ရုတ်တရက် သွေးတစ်လုပ် အန်ထုတ်လိုက်လေတော့သည်။
...