← Chapters

အခန်း (၆၇၉-၆၈၁)

Vol. 46 Ch. 679-681

အခန်း (၆၇၉-၆၈၁)

Vol. 46 Ch. 679-681

အပိုင်း (၆၇၉) ဈာပနခေါင်းလောင်းသံ (၂)

ချင်ဖေးသည် ဈာပနခေါင်းလောင်းသံကို ကြားလိုက်ရသောအခါ တစ်ကိုယ်လုံး တုန်ယင်သွားပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကာ မျက်ရည်များ ဒလဟော စီးကျလာလေသည်။

သူမသည် ဝမ်းကွဲအစ်ကိုဖြစ်သူ လီယွမ်အပေါ်တွင် သံယောဇဉ် သိပ်ကြီးမားလှသည်တော့ မဟုတ်ပေ။ လွန်ခဲ့သော နှစ်များက လီမိသားစုထဲသို့ ဝင်ရောက်လက်ထပ်ခဲ့ရခြင်းမှာ မလွှဲမရှောင်သာ၍ အကောင်းဆုံး ရွေးချယ်မှုတစ်ခုကို ပြုလုပ်ခဲ့ရခြင်းသာ ဖြစ်သည်။ ဤနှစ်များအတွင်း သူမသည် သတိထားနေထိုင်ခဲ့ပြီး မယ်တော်ကြီးကျောက်ကို အမှီပြုကာ နေထိုင်ခဲ့ရသည်မှာ မဆိုးလှဟု ဆိုရပေမည်။

သူမသည် သားဖြစ်သူအတွက် ထီးနန်းအမွေဆက်ခံနိုင်ရန် ကြိုးစားလိုစိတ် ရှိခဲ့ဖူးသည်။ သို့သော် မယ်တော်ကြီးကျောက်တွင် ထိုသဘောထားမရှိသလို ဖူယန်မြို့စားကလည်း စတုတ္ထမင်းသားကို ခိုင်မာစွာ ထောက်ခံခြင်း မရှိခဲ့ချေ။

ထို့ကြောင့် သူမ၏ စိတ်ဆန္ဒများ တဖြည်းဖြည်း မှေးမှိန်သွားခဲ့ရသည်။ သားဖြစ်သူသည် နောင်တစ်ချိန်တွင် ချမ်းသာကြွယ်ဝသော နယ်မြေတစ်ခုကို ပိုင်ဆိုင်ရပြီး ဘေးကင်းချမ်းသာစွာ တစ်သက်လုံး နေထိုင်သွားနိုင်ရန်သာ သူမ မျှော်လင့်တော့သည်။

နန်းတော်ထဲတွင် အပြောင်းအလဲများ ဆက်တိုက်ဖြစ်ပေါ်နေပြီး သူမသည်လည်း နန်းဆောင်ထဲတွင် အကျယ်ချုပ် ကျနေကာ နန်းဆောင်တံခါးအပြင်သို့ ခြေတစ်လှမ်းပင် မထွက်နိုင်တော့ပေ။ ပြင်ပသတင်းများကို ရံဖန်ရံခါ အစအနလောက်သာ ကြားရသော်လည်း ကြားရသမျှ သတင်းတိုင်းသည် ကြောက်မက်ဖွယ် ကောင်းလှသည်။

ယခုအချိန်တွင် သူမ၏ ထင်ကြေးများအားလုံး အမှန်တကယ် ဖြစ်လာခဲ့လေပြီ။

ယုံးကျားဧကရာဇ် နတ်ရွာစံသွားပြီ။

သာ့ဝေတိုင်းပြည်၏ ကောင်းကင် ပြိုကျသွားပြီ။ နန်းတော်ထဲရှိ ကောင်းကင် ပြိုကျသွားပြီ။ သူမ၏ ကောင်းကင်လည်း ပြိုကျသွားပြီ။

ချင်ဖေးသည် ရင်ဘတ်ကို အားကုန်ထုရိုက်ကာ အသည်းကွဲမတတ် အော်ဟစ်ငိုကြွေးလိုက်လေသည်။

ဘေးနားရှိ နန်းတွင်းသူများလည်း ကြမ်းပြင်ပေါ်တွင် ဒူးထောက်လိုက်ကြပြီး ငိုကြွေးသံများ နန်းဆောင်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။

...

ဖန်ဟွားနန်းဆောင်တွင်။

ဝမ်ကျဲယွီသည် မင်းသမီးလေးကို တင်းကျပ်စွာ ပွေ့ဖက်ထားပြီး မျက်ရည်များ မိုးရွာသကဲ့သို့ ကျဆင်းနေသည်။

မင်းသမီးလေးသည် ဝမ်ကျဲယွီ၏ အင်္ကျီရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် ဆွဲကိုင်ထားပြီး အသက်ရှူမဝအောင် ငိုကြွေးရင်း မေးလိုက်သည်။ "မူချင်း... ဈာပနခေါင်းလောင်းက ဘာလို့မြည်တာလဲ။ ဖုဟွမ် သေသွားလို့လား"

မင်းသမီးလေးသည် စာပေလေ့လာနေသည်မှာ ၁ နှစ်ကျော်ခန့် ရှိပြီဖြစ်ရာ နန်းတွင်းစည်းမျဉ်းများကို နားလည်နေလေပြီ။ ဧကရာဇ်မင်းမြတ် နတ်ရွာစံမှသာ ဈာပနခေါင်းလောင်း ၈၁ ချက် ထိုးရကြောင်း သူမ သိထားသည်။ စောစောက သူမ သေချာရေတွက်ကြည့်ရာ ၈၁ ချက် တိတိဖြစ်နေသည်။

ဝမ်ကျဲယွီ၏ မျက်ရည်များသည် မင်းသမီးလေး၏ ဆံပင်များပေါ်သို့ တောက်ခနဲ ကျဆင်းလာပြီး အသံမှာ တုန်ယင်နေသည်။ "ဟုတ်တယ်... သမီးရဲ့ ဖုဟွမ် မရှိတော့ဘူး။ နောက်ဆိုရင် အမေတို့ သားအမိနှစ်ယောက်ပဲ ကျန်တော့တယ်"

ဤနှစ်များအတွင်း သူမသည် ချောင်မိဖုရားခေါင်၏ လက်ထဲမှ အသုံးချခံနယ်ရုပ်အဖြစ် လိုလိုလားလား နေထိုင်ခဲ့ပြီး အရှေ့နန်းဆောင်နှင့်လည်း ဆက်ဆံရေး ကောင်းမွန်အောင် ထိန်းသိမ်းထားခဲ့သည်။

သူမ၌ သားမရှိဘဲ မင်းသမီးလေးတစ်ပါးသာ ရှိသည်။

ထိုက်ဇီ နန်းတက်လာသည့်အခါ ညီမလေးတစ်ယောက်ကို လက်မခံနိုင်စရာ အကြောင်းမရှိပေ။

ထိုက်ဇီဖေးလုမင်ယွိ၏ စိတ်သဘောထားနှင့်ဆိုလျှင်လည်း သူမတို့ သားအမိကို ဒုက္ခပေးလိမ့်မည် မဟုတ်ချေ။

နောင်တွင် သူမသည် သမီးဖြစ်သူကို ခေါ်ဆောင်ကာ ခြောက်ကပ်နေသော နန်းတွင်းထဲ၌ ဖြည်းညှင်းစွာ ဘဝကို ဖြတ်သန်းရပေတော့မည်။

ဝမ်ဟွားနန်းဆောင်ထဲတွင် ရူးသွပ်နေသော မယ်တော်ကြီးကျောက် တစ်ယောက် ရှိနေသေးသည်။

မယ်တော်ကြီးကျောက်သည် ယုံးကျားဧကရာဇ် သေဆုံးမှုကြောင့် စိတ်ထိခိုက်ပြီး အသိစိတ် လွတ်သွားကာ နေ့စဉ် ရယ်လိုက်ငိုလိုက် ဖြစ်နေ၏။ တစ်ခါတစ်ရံ တစ်ယောက်တည်း ရေရွတ်နေတတ်ပြီး တစ်ခါတစ်ရံ အသံကုန် အော်ဟစ်နေတတ်သည်။ လူထုစိတ် တည်ငြိမ်စေရန်အတွက် ချောင်မိဖုရားခေါင်သည် မယ်တော်ကြီးကျောက်ကို ဝမ်ဟွားနန်းဆောင်ထဲ၌သာ ထားရှိရန် အမိန့်ပေးခဲ့ရသည်။ နေ့စဉ် နန်းတွင်းသူ ၁၀ ယောက်ကျော် စောင့်ကြပ်နေရသည်။ မယ်တော်ကြီးကျောက် ရူးသွပ်သွားသည့် သတင်းပေါက်ကြားပြီး လူထုစိတ် မငြိမ်မသက် ဖြစ်မည်ကို စိုးရိမ်သောကြောင့်ပင်။

အမြဲတမ်း သတိလွတ်နေသော မယ်တော်ကြီးကျောက်သည် ဈာပနခေါင်းလောင်းသံကို ကြားလိုက်ရသောအခါ ရုတ်တရက် ငြိမ်သက်သွားလေသည်။

ခေါင်းလောင်းသံ ဆုံးသွားသည့်အခါ မယ်တော်ကြီးကျောက်သည် ဘေးပတ်လည်တွင် ဒူးထောက်ငိုကြွေးနေသော နန်းတွင်းသူများကို တွေဝေစွာ ကြည့်လိုက်ပြီး ဘေးနားရှိလူကို မေးလိုက်သည်။ "နင်တို့ ဘာလို့ ဒူးထောက်ပြီး ငိုနေကြတာလဲ"

ပြန်လည်ဖြေကြားသည့်အသံမှာ နာကျင်စွာ ငိုကြွေးသံများသာ။

မယ်တော်ကြီးကျောက်သည် တစ်ယောက်တည်း ရေရွတ်လိုက်သည်။ "ကောင်းကောင်းမွန်မွန် နေပါတော့... ဘာလို့ ငိုနေကြတာလဲ။ ဒီခေါင်းလောင်းသံက နားထောင်လို့ ကောင်းသားပဲ။ အိုက်ကျား ဒီလိုအသံမျိုး တစ်ခါမှ မကြားဖူးဘူး။ ဟား ဟား ဟား"

ပြောရင်းနှင့် မယ်တော်ကြီးကျောက် တဖန် ရယ်မောလိုက်ပြန်သည်။ "အားယွမ်... အားယွမ်... လာကြစမ်း... အရှင်မင်းကြီးကို သွားခေါ်လိုက်။ အိုက်ကျားက အရှင်မင်းကြီးနဲ့အတူ ခေါင်းလောင်းသံ နားထောင်ချင်တယ်လို့ ပြောလိုက်။ အရှင်မင်းကြီးက အိုက်ကျားအပေါ် အသိတတ်ဆုံးပဲ။ အိုက်ကျား သူ့ကိုလွမ်းနေမှန်းသိရင် သူ သေချာပေါက် ရောက်လာမှာ"

"နင်တို့ ဘာလို့ ငိုနေကြတာလဲ။ အရှင်မင်းကြီးကို မြန်မြန် သွားခေါ်လိုက်လေ။ သွားလေ"

မကြာမီ မယ်တော်ကြီးကျောက်သည် ရူးသွပ်စွာ အော်ဟစ်ပြန်သည်။ ဒူးထောက်ငိုကြွေးနေသော နန်းတွင်းသူများသည် မယ်တော်ကြီးကျောက် စိတ်လှုပ်ရှားပြီး အပြင်သို့ ပြေးထွက်သွားမည်ကို စိုးရိမ်ကြသဖြင့် ဆက်မငိုနိုင်တော့ဘဲ အလျင်အမြန် ထရပ်ကာ မယ်တော်ကြီးကျောက်ကို ဝိုင်းထားလိုက်ကြသည်။

...

လေးလံပြီး ရှည်လျားသော ဈာပနခေါင်းလောင်းသံသည် နန်းတော်၏ အမြင့်ဆုံး ခေါင်းလောင်းစင်မှနေ၍ မြို့တော်၏ နေရာအနှံ့အပြားသို့ ပျံ့လွင့်သွားလေသည်။

ပြည်သူများသည် ဆက်တိုက် ဒူးထောက် ဦးခိုက်ကာ ငိုကြွေးလိုက်ကြသည်။

သာ့ဝေတိုင်းပြည်၏ ဧကရာဇ်မင်းမြတ် နတ်ရွာစံသွားပြီ။

ကံကောင်းထောက်မစွာပင် ထိုက်ဇီအရှင်မင်းသား မြို့တော်သို့ ပြန်ရောက်နေလေပြီ။ ယခုအချိန်တွင် ဝမ်းနည်းပူဆွေးနေရသော်လည်း အားကိုးရာတစ်ခု ရှိနေသေးသည်ဟု ခံစားရသည်။

သာ့ဝေတိုင်းပြည်၏ ထိုက်ဇီအရှင်မင်းသားသည် ဂုဏ်သတင်း ကျော်ကြားပြီး ပြည်သူကို ချစ်မြတ်နိုးကာ အမတ်များကို ကောင်းမွန်စွာ ဆက်ဆံတတ်သည်။ ထိုက်ဇီဖေး ညန်ညန်မှာလည်း ကြီးမားသော ဂုဏ်သတင်း ကျော်ကြားမှုရှိပြီး လက်တစ်ဖက် လှုပ်ရှားလိုက်ရုံဖြင့် အခြေအနေကို ထိန်းချုပ်နိုင်စွမ်း ရှိသည်။

မကြာမီ ထိုက်ဇီအရှင်မင်းသားသည် ဧကရာဇ်အသစ်အဖြစ် နန်းတက်လာတော့မည်။ ထိုက်ဇီဖေး ညန်ညန်သည်လည်း သာ့ဝေတိုင်းပြည်၏ မိဖုရားခေါင်အသစ် ဖြစ်လာပေတော့မည်။ ဤအချက်များကို တွေးမိသောအခါ ပြည်သူများ၏ စိတ်ထဲတွင် လုံခြုံမှု ရှိသွားတော့သည်။

မြို့တော်မှ အမတ်များသည် ဈာပနခေါင်းလောင်းသံကို ကြားလိုက်ရသောအခါ ဝမ်းနည်းခြင်း အထိမ်းအမှတ် အဝတ်အစားများကို လဲလှယ်ဝတ်ဆင်ပြီး နန်းတော်ထဲသို့ ဝင်ကာ ဈာပနအခမ်းအနားတွင် ဒူးထောက်စောင့်ကြပ်လိုက်ကြသည်။

ယုံးကျားဧကရာဇ် နတ်ရွာစံသည့်ကိစ္စကို သူတို့အားလုံး သိရှိပြီးသား ဖြစ်သည်။ ငိုစရာရှိသည်များကိုလည်း အကြိမ်ကြိမ် ငိုကြွေးပြီးကြပြီ ဖြစ်သည်။ ယနေ့ ထိုက်ဇီအရှင်မင်းသား မြို့တော်သို့ ပြန်ရောက်လာပြီး ဈာပနခေါင်းလောင်း ထိုးလိုက်သည်နှင့် ယုံးကျားဧကရာဇ်အတွက် ဈာပနအခမ်းအနား စတင်လိုက်ပြီ ဖြစ်သည်။ အရပ်ဘက် စစ်ဘက် အမတ်များ၏ လှုပ်ရှားနေသော စိတ်နှလုံးများလည်း လုံးဝ တည်ငြိမ်သွားတော့သည်။

ကွမ်းပင်းနယ်စား၏ ပုန်ကန်မှုကို နှိမ်နင်းပြီးခဲ့ပြီ။ သာ့ဝေတိုင်းပြည်မှာ ပရမ်းပတာ ဖြစ်မသွားဘဲ ကောင်းမွန်စွာ ဆက်လက် တည်တံ့နေနိုင်သေးသည်။

ဈာပနကိစ္စ ပြီးဆုံးသွားပါက ထိုက်ဇီအရှင်မင်းသားသည် ဧကရာဇ်အသစ်အဖြစ် နန်းတက်ရပေတော့မည်။

အမတ်များသည် ဝမ်းနည်းခြင်း အထိမ်းအမှတ် အဝတ်အစားများ ဝတ်ဆင်ကာ နန်းတော်တံခါးမှ ဝင်ရောက်လာပြီး ဝမ်ဟွားနန်းဆောင်ထဲသို့ ရောက်ရှိလာကြသည်။ ဈာပနအခမ်းအနားကို ဝမ်ဟွားနန်းဆောင် အတွင်း၌ ပြင်ဆင်ထားသည်။ ယုံးကျားဧကရာဇ်၏ ရုပ်အလောင်းကို ရေခဲခေါင်းတလား အတွင်း၌ ထားရှိထားသည်။

အမတ်များသည် တစ်ယောက်ပြီးတစ်ယောက် ဒူးထောက် ဦးခိုက်ကြပြီး နာကျင်စွာ ငိုကြွေးသံများ ထွက်ပေါ်လာသည်။

ထိုက်ဇီလီကျင့်သည်လည်း ဝမ်းနည်းခြင်း အထိမ်းအမှတ် အဝတ်အစားကို လဲလှယ်ဝတ်ဆင်ထားပြီး ခေါင်းတလားရှေ့တွင် ဒူးထောက်နေသည်။ သူသည် ဒဏ်ရာမပျောက်ကင်းသေးသဖြင့် ခန္ဓာကိုယ် အားနည်းနေပြီး မျက်နှာမှာ ဖြူဖပ်နေကာ မျက်လုံးတစ်စုံမှာ နီရဲနေသည်။ ဟန်ဆောင်နေစရာ မလိုဘဲ မျက်နှာတစ်ခုလုံး ဝမ်းနည်းပူဆွေးမှုများ ဖုံးလွှမ်းနေသည်။

ချောင်မိဖုရားခေါင်လည်း ခေါင်းတလားရှေ့တွင် ဒူးထောက်ကာ ဝမ်းနည်းစွာ ငိုကြွေးနေသည်။

မယ်တော်ကြီးကျောက်နှင့် အနောက်နန်းဆောင်မှ ကြင်ရာတော်များကိုမူ ယာယီအားဖြင့် မတွေ့ရသေးပေ။

ဝန်ကြီးလော်သည် ထိုက်ဇီ၏ ဘေးနားတွင် ဒူးထောက်လိုက်ပြီး တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။ "အရှင်မင်းကြီး နတ်ရွာစံသွားလို့ အရှင်မင်းသား ဝမ်းနည်းပူဆွေးနေရတာကို ကျွန်တော်မျိုး ကိုယ်ချင်းစာပါတယ်။ ဒါပေမဲ့ အရှင်မင်းသား ကျန်းမာရေးကို ဂရုစိုက်ပါအုံး"

"စည်းမျဉ်းအရဆိုရင် ရက်ပေါင်း ၇ပတ် ၄၉ ရက်တိတိ ခေါင်းတလားကို ထားရှိရပါမယ်။ ဂူသွင်းသဂြိုဟ်တဲ့နေ့ကျရင်လဲ အရှင်မင်းသား ကိုယ်တိုင် ခေါင်းတလားကို ကိုင်ပြီး တော်ဝင်သင်္ချိုင်းတော်ထဲ ပို့ဆောင်ရပါမယ်။ ဒါတွေအားလုံးက လူပင်ပန်းတဲ့ ကိစ္စတွေပါ။ အရှင်မင်းသား ကိုယ်ပေါ်မှာ ဒဏ်ရာရှိနေသေးတာ ဒဏ်ရာနဲ့ ဒူးထောက်စောင့်ကြပ်ရတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။ ဝမ်းနည်းလွန်းပြီး အားအင်ကုန်ခမ်းသွားတာမျိုး မဖြစ်ပါစေနဲ့"

လီကျင့်သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။

ဝန်ကြီးလော်က တိုးညှင်းသော အသံဖြင့် ထပ်ပြောလိုက်သည်။ "အနောက်နန်းဆောင်မှာလဲ အတွင်းဈာပနအခမ်းအနား ပြင်ဆင်ထားသင့်ပါတယ်။ ကြင်ရာတော် ညန်ညန်တွေ အားလုံးလဲ ဒူးထောက်စောင့်ကြပ်ရပါမယ်။ ရာထူးရှိတဲ့ ကတော်တွေလဲ နန်းတော်ထဲဝင်ပြီး အရှင်မင်းကြီးအတွက် ဒူးထောက်စောင့်ကြပ်ရပါမယ်"

အလျင်စလို ဖြစ်နေသဖြင့် ဤကိစ္စကို မေ့လျော့နေခဲ့သည်။

လီကျင့်က ထပ်မံ ခေါင်းညိတ်လိုက်သည်။

ချောင်မိဖုရားခေါင်သည် အင်္ကျီလက်စဖြင့် မျက်ရည်များကို သုတ်လိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။ "ထိုက်ဇီက ဒီမှာပဲ နေခဲ့ပြီး စောင့်ကြပ်လိုက်ပါ။ အတွင်းဈာပနအခမ်းအနား ပြင်ဆင်တဲ့ကိစ္စကို ပန်ကုံး သွားစီစဉ်လိုက်မယ်"

အတွင်းဈာပနအခမ်းအနားကို ကျောင်းဖန်နန်းဆောင်ထဲတွင် ပြင်ဆင်ထားသည်။ အဖြူရောင် အဝတ်အထည်များကို ချိတ်ဆွဲထားပြီး ခေါင်းတလားထဲတွင် ယုံးကျားဧကရာဇ်၏ အဝတ်အစား တစ်စုံကို ထည့်ထားလိုက်သည်။ နာရီဝက်ခန့် ကြာသောအခါ အတွင်းဈာပနအခမ်းအနား ပြင်ဆင်မှု ပြီးစီးသွားသည်။

မူလက ပိတ်ထားသော နန်းဆောင်တံခါးများကို တစ်ခုပြီးတစ်ခု ဖွင့်လိုက်ကြသည်။

အနောက်နန်းဆောင်မှ ကြင်ရာတော်များသည် ဝမ်းနည်းခြင်း အထိမ်းအမှတ် အဝတ်အစားများ ဝတ်ဆင်ထားပြီး အဖြူရောင် လက်ကိုင်ပုဝါဖြင့် မျက်လုံးကို အုပ်ကာ ငိုယိုကာဖြင့် ကျောင်းဖန်နန်းဆောင်ထဲသို့ ဝင်ရောက်လာကြလေသည်။

နန်းတွင်းအမတ်များနှင့် ယှဉ်လိုက်လျှင် အနောက်နန်းဆောင်မှ ကြင်ရာတော်များ၏ ငိုကြွေးသံက ပို၍ ဝမ်းနည်းစရာ ကောင်းလှသည်။ နန်းတွင်းအမတ်များ အနေဖြင့် ယုံးကျားဧကရာဇ် နတ်ရွာစံသွားလျှင် နဂါးပလ္လင်ပေါ်တွင် ထိုက်ဇီ ဝင်ထိုင်မည်ဖြစ်ရာ ဧကရာဇ်အသစ်ကို ဒူးထောက် ခစားကြရုံသာ။

ကြင်ရာတော်များမှာမူ အတူတကွပေါင်းခဲ့သော ခင်ပွန်းသည် သေဆုံးသွားပြီဖြစ်ရာ အားကိုးစရာ မရှိတော့ပေ။ နောင်တွင် သူမတို့ ကြုံတွေ့ရမည့် ကံကြမ္မာမှာ နန်းတော်ထဲတွင် မုဆိုးမအဖြစ် နေထိုင်ရင်း အိုမင်းသေဆုံးသွားရမည့် ဘဝမျိုးသာ ရှိတော့သည်။

ချောင်မိဖုရားခေါင်သည် ထိပ်ဆုံးတွင် ဒူးထောက်လိုက်သည်။

အနောက်ဘက်မှ အသည်းကွဲမတတ် ငိုကြွေးသံများကို ကြားရပြီး သေဆုံးသွားသော ယုံးကျားဧကရာဇ်ကို တွေးမိသောအခါ ချောင်မိဖုရားခေါင်၏ မျက်ဝန်းထဲတွင် မျက်ရည်စများ ဝေ့သီလာသည်။ သို့သော် ပြင်းထန်သော ခံစားချက်များ ကုန်ဆုံးသွားပြီဖြစ်ရာ ချောင်မိဖုရားခေါင်သည် အသံထွက်၍ မငိုမိတော့ပေ။

မကြာမီ မိုးချုပ်သွားခဲ့သည်။

ကြင်ရာတော်များသည် တစ်နေ့ခင်းလုံး ငိုကြွေးထားသဖြင့် မောပန်းနေကြပြီး ငိုသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။

ထိုအချိန်တွင် လူရိပ်တစ်ခုသည် ယိုင်နဲ့နဲ့ဖြင့် ဈာပနအခမ်းအနားထဲသို့ ဝင်ရောက်လာပြီး ခေါင်းတလားရှေ့တွင် ဒူးထောက်ချလိုက်သည်။ အကွာအဝေး နီးကပ်လွန်းသဖြင့် ဒူးထောက်လိုက်ချိန်တွင် နဖူးနှင့် ခေါင်းတလား ဆောင့်မိသွားပြီး နဖူးတစ်ခုလုံး နီရဲသွားတော့သည်။

...

အပိုင်း (၆၈၀) အသေခံခြင်း

ထိုသူသည် တခြားမဟုတ် မုန့်ဖေးပင်။

ချင်ဖေးသည် အနီးဆုံးတွင် ရှိနေသဖြင့် မုန့်ဖေး၏ နဖူးမှ သွေးများ စီးကျလာသည်ကို မြင်တွေ့လိုက်ရသောအခါ စိတ်ထဲတွင် သနားစရာ ကောင်းသည်ဟု တွေးလိုက်မိသည်။ အတိတ်က အငြိုးအတေးများကို ပြန်ပြောနေစရာ မလိုတော့ပေ။ ယုံးကျားဧကရာဇ် နတ်ရွာစံပြီးနောက် သူမတို့ မည်သူမျှ ကောင်းမွန်သော နေ့ရက်များကို ပိုင်ဆိုင်ရတော့မည် မဟုတ်ချေ။

တစ်ခုတည်းသော ကောင်းစားမည့်သူမှာ ချောင်မိဖုရားခေါင်ပင်။

ထိုက်ဇီ နန်းတက်၍ နဂါးပလ္လင်ပေါ်တွင် ထိုင်လိုက်သည်နှင့် ချောင်မိဖုရားခေါင်သည် မယ်တော်ကြီးချောင် ဖြစ်လာပေတော့မည်။ တစ်ချိန်က မယ်တော်ကြီးကျောက် နန်းတော်ထဲတွင် မည်မျှ စည်းစိမ်ချမ်းသာ ခံစားခဲ့ရသည်ကို တွေးကြည့်ရုံဖြင့် သိနိုင်ပေသည်။

ခင်ပွန်းသည်ဆိုတာ သားလောက် အားကိုးမရပါလား။

မုန့်ဖေး၏ နဖူးမှ သွေးများ တရစပ် စီးကျနေသော်လည်း နာကျင်မှုကို မသိသကဲ့သို့ ခေါင်းကို ဆက်တိုက် ဆောင့်နေသည်။ သူမ၏ နဖူးသည် ခေါင်းတလားကို အားကုန် ဆောင့်မိသဖြင့် ဒုန်း ဒုန်း ဒုန်း ဟူသော အသံများ ထွက်ပေါ်လာသည်။

ချောင်မိဖုရားခေါင်သည် မုန့်ဖေး၏ ရူးသွပ်နေသော ပုံစံကို ကြည့်ပြီး စိတ်မသက်မသာ ဖြစ်သွားကာ ပြောလိုက်သည်။ "မုန့်ဖေး... အရှင်မင်းကြီး နတ်ရွာစံသွားပါပြီ။ ရှင် အသက်ရှင်လျက်နဲ့ သေချင်ယောင်ဆောင်ပြီး ဆူညံမနေပါနဲ့တော့။ ချင်ဖေးရဲ့ ဘေးနားမှာ ဝင်ပြီး ဒူးထောက်လိုက်ပါ"

မုန့်ဖေးသည် စကားတစ်လုံးမှ ဝင်မလာဘဲ သူမ လုပ်စရာရှိသည်ကိုသာ ဆက်လုပ်နေသည်။ ခဏအတွင်းမှာပင် သူမ၏ နဖူးမှ သွေးများ ဒလဟော စီးကျလာသည်။ ဤအတိုင်း ဆက်သွားပါက ဈာပနအခမ်းအနားထဲတွင် အရှင်လတ်လတ် သေဆုံးသွားလိမ့်မည်။

ချောင်မိဖုရားခေါင်၏ ရင်ထဲတွင် ဒေါသများ ထွက်ပေါ်လာပြီး အသံထဲတွင် ဖုံးဖိ၍မရသော ဒေါသများ ပါဝင်နေသည်။ "မုန့်ဖေး... ပန်ကုံး ပြောတာ ကြားလား"

မုန့်ဖေးသည် ခေါင်းလှည့်လာ၏။ မျက်ရည်များနှင့် သွေးများ ရောနှောကာ မျက်နှာတစ်ခုလုံး ပေကျံနေသည်။ မျက်နှာထားမှာ ငိုသလိုလို ရယ်သလိုလို ဖြစ်နေပြီး ကြည့်ရသည်မှာ ကြောက်မက်ဖွယ် ကောင်းလှသည်။ "ချောင်ယင်းညန်... အရှင်မင်းကြီး နတ်ရွာစံသွားတာ နင့်အကြိုက် ဖြစ်နေပြီမလား"

"ထိုက်ဇီ နန်းတက်ပြီး ဧကရာဇ် ဖြစ်လာရင် နင်က သာ့ဝေတိုင်းပြည်ရဲ့ မယ်တော်ကြီး ဖြစ်လာတော့မှာ။ အဲဒီအချိန်ကျရင် အနောက်နန်းဆောင်က လူအားလုံး နင်တို့ သားအမိရဲ့ ခြေထောက်အောက်မှာ ဝပ်တွားခယ နေရတော့မှာလေ"

"အရှင်မင်းကြီး သေမှာကို အမျှော်လင့်ဆုံးလူက နင်ပဲ"

စကားမဆုံးသေးမီ ဝမ်ကျဲယွီသည် ဒေါသတကြီး ခေါင်းမော့ကြည့်လိုက်သည်။ "မုန့်ဖေး... ဒီနေရာက ဈာပနအခမ်းအနား ကျင်းပတဲ့နေရာပါ။ ကျွန်မတို့က အရှင်မင်းကြီးအတွက် ဒူးထောက်စောင့်ကြပ်ဖို့ လာတာပါ။ ရှင်က ဒီနေရာမှာ ပေါက်တတ်ကရတွေ ပြောပြီး ဟွမ်ဟုပ်ညန်ညန်ကို စွပ်စွဲနေတာ ဘာသဘောလဲ"

မုန့်ဖေးသည် အရာအားလုံးကို ရင်းထားပြီးသားပင်။

သူမ ဘဝတစ်လျှောက်လုံး အချစ်ဆုံး ယောကျာ်း သေဆုံးသွားပြီ။ သူမ၏ သား သေဆုံးသွားပြီ။ သူမ၏ အစ်ကိုလည်း သေဆုံးသွားပြီ။ သူမ အသက်ရှင်နေရသည် ဘာအဓိပ္ပာယ် ရှိပါဦးမည်နည်း။ သူမသည် ဒီနေ့ ဈာပနအခမ်းအနားကို ရောက်လာကတည်းက အသက်ရှင်လျက် ပြန်သွားဖို့ရန် စိတ်ကူးမရှိချေ။ ဝမ်ကျဲယွီလောက်တော့ ဘာကို ဂရုစိုက်ရပါမည်နည်း။

"ငါနဲ့ ချောင်ယင်းညန် ကြားက ကိစ္စကို နင်က ဘာကိစ္စ ဝင်ပါရတာလဲ" မုန့်ဖေးသည် မျက်လုံး ပြူးကျယ်ကာ ရူးသွပ်စွာ ဆဲဆိုလိုက်သည်။ "နင်က ငယ်ရွယ်ပြီး ရုပ်ရည်လေး နည်းနည်းရှိတာကို အားကိုးနေတာလား။ နင့်ရုပ်ရည်က ငါ့ငယ်ငယ်တုန်းကနဲ့ တူလို့သာ အရှင်မင်းကြီးက မျက်စိကျခဲ့တာ။ နင်သာ ငါနဲ့ မတူရင် အရှင်မင်းကြီးက နင့်ကို တစ်ချက်တောင် ကြည့်မှာ မဟုတ်ဘူး။ အရှင်မင်းကြီးက နင့်ကို တကယ် ကြိုက်တယ်လို့ ထင်နေတာလား။ ဖွီ"

ဤသည်မှာ ကြင်ရာတော်တစ်ပါးအတွက် အကြီးမားဆုံး စော်ကားမှုပင်။

ဝမ်ကျဲယွီသည် တံတွေးနှင့် အထွေးခံရလျှင်ပင် ကိုယ့်ဟာကိုယ် ပြန်သုတ်ရဲသည့် သတ္တိမျိုးရှိသူ ဖြစ်သည်။ ဒူးထောက်လျက် ခါးကို မတ်လိုက်သည်။ "ရှင် ကျွန်မကို ဘယ်လိုပဲ စော်ကားစော်ကား ကျွန်မ ခံနိုင်ပါတယ်။ ဒါပေမဲ့ ဟွမ်ဟုပ်ညန်ညန်ကိုတော့ ထပ်ပြီး စော်ကားဖို့ မစဉ်းစားပါနဲ့"

"ဟွမ်ဟုပ်ညန်ညန်က အရှင်မင်းကြီးရဲ့ တရားဝင် ဇနီးမယားပါ။ ရှင်က မယားငယ်လေး တစ်ယောက်ပါပဲ။ ညန်ညန်ရဲ့ နာမည်ရင်းကို တပ်ခေါ်ဖို့ ဘာအရည်အချင်း ရှိလို့လဲ"

အခြား ငယ်ရွယ်သော ကြင်ရာတော်တစ်ပါးလည်း မျက်ရည်သုတ်ကာ ဝင်ပြောလိုက်သည်။ "ဝမ်ကျဲယွီ ပြောတာ မှန်ပါတယ်။ ဟွမ်ဟုပ်ညန်ညန်... မုန့်ဖေးက အထက်လူကြီးကို ပြစ်မှားပြီး ဈာပနအခမ်းအနားမှာ ဆူပူသောင်းကျန်းနေတာ နန်းတွင်းစည်းကမ်းနဲ့ မညီပါဘူး။ ညန်ညန် အမိန့်ချပြီး မုန့်ဖေးကို ပြင်းပြင်းထန်ထန် အပြစ်ပေးပါ"

တစ်ယောက် စပြောလိုက်သည်နှင့် ကျန်ကြင်ရာတော်များလည်း ဝိုင်းဝန်း ထောက်ခံလိုက်ကြသည်။

နောင်တွင် သူမတို့အားလုံး ချောင်မိဖုရားခေါင်၏ လက်အောက်တွင် နေထိုင်ရမည် ဖြစ်သည်။ ယခုအချိန်တွင် မျက်နှာလိုမျက်နှာရ မလုပ်လျှင် ဘယ်အချိန် လုပ်ရတော့မည်နည်း။

မုန့်ဖေးသည် ဒေါသတကြီး ကြည့်နေသော မျက်နှာများကို ကြည့်ပြီး ကြောက်ရွံ့ခြင်း မရှိသည့်အပြင် ရယ်စရာကောင်းသည်ဟုသာ ထင်မိသည်။ ရုတ်တရက် ခေါင်းမော့ကာ ရယ်မောလိုက်၏။

ထိုရယ်သံသည် စူးရှပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။ သားရဲတစ်ကောင် မသေခင် အော်ဟစ်လိုက်သကဲ့သို့ပင်။

ချောင်မိဖုရားခေါင်သည် မူလက ဒေါသထွက်နေသော်လည်း ယခုအချိန်တွင် တည်ငြိမ်သွားပြီး မုန့်ဖေးကို စိုက်ကြည့်လိုက်သည်။ "မုန့်ကျောင်း... နင် အရှင်မင်းကြီး ဘယ်လို နတ်ရွာစံသွားလဲဆိုတာ သိလား"

"နင့်ရဲ့သား လီယိ လက်ချက်နဲ့လေ"

"လီယိက တရားဝင်မယားက မွေးတာ မဟုတ်ပေမဲ့ အရှင်မင်းကြီးက သူ့အပေါ် ဘယ်လို ဆက်ဆံခဲ့လဲဆိုတာ နင် အသိဆုံးပါ။ သူက ထီးနန်းအမွေကို ထိုက်ဇီဆီ လွှဲပေးလိုက်လို့ မကျေမနပ် ဖြစ်နေတာ။ ပြီးတော့ ညာဘက်ခြေထောက် ကျိုးသွားလို့ စိတ်ဓာတ်တွေ ပျက်ပြားပြီး ကောက်ကျစ်စဉ်းလဲလာတာ။ ဖခင်အရင်းကို သတ်ဖြတ်တဲ့အထိ ယုတ်မာရိုင်းစိုင်းတဲ့ အလုပ်ကို လုပ်ရဲတယ်"

"အရှင်မင်းကြီးက လီယိရဲ့ လည်ပင်းညစ်သတ်ခံရလို့ သေဆုံးခဲ့ရတာ။ နင် စဉ်းစားကြည့်... အရှင်မင်းကြီး မသေခင်လေးမှာ ဘာတွေ တွေးနေမလဲဆိုတာ။ တိရစ္ဆာန်ထက် ဆိုးတဲ့ သားမိုက်ကို မွေးမိလေခြင်းလို့ နောင်တရနေမလား"

စကားလုံးတိုင်းသည် ဆူးများကဲ့သို့ မုန့်ဖေး၏ ရင်ထဲသို့ စိုက်ဝင်သွားသည်။

"နင် လျှောက်ပြောမနေနဲ့" မုန့်ဖေးက စူးရှစွာ အော်ဟစ်လိုက်သည်။ "ငါ့သားက အသိတတ်ဆုံးပဲ။ ဖခင်အရင်းကို သတ်ဖြတ်တဲ့ကိစ္စမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။ နင် လူလွှတ်ပြီး ဒီလိုကောလာဟလတွေ လွှင့်ခိုင်းတာ သေချာတယ်။ ငါ့ရဲ့ အားယိ တကယ်တမ်း ဘယ်လို သေသွားတာလဲ။ နင် လူလွှတ်ပြီး သတ်ခိုင်းတာမလား"

"ချောင်ယင်းညန်... ငါ ဒီနေ့ နင်နဲ့အတူ သေမယ်"

နောက်ဆုံးစကားလုံး ပါးစပ်ထဲမှ မထွက်ခင်မှာပင် မုန့်ဖေးသည် အားကုန်သုံး၍ ချောင်မိဖုရားခေါင်ဆီသို့ ပြေးဝင်သွားသည်။

သူမသည် အတူတူ သေဆုံးရန် ရည်ရွယ်ထားသဖြင့် ရှိသမျှ အားအင်အားလုံးကို ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။

ချောင်မိဖုရားခေါင်သည် ကြိုတင် သတိထားနေသော်လည်း မုန့်ဖေး ပြေးဝင်လာသည့် အရှိန်မှာ မြန်ဆန်လွန်းလှသည်။ ချောင်မိဖုရားခေါင်သည် ကိုယ်ကို ဘေးသို့ တိမ်းလိုက်ရုံသာ တတ်နိုင်လိုက်သည်။ ခါးနှင့် ဝမ်းဗိုက်ကို အတိုက်မခံရသော်လည်း ပခုံးကို ပြင်းထန်စွာ ဝင်တိုက်မိသဖြင့် ရုတ်တရက် လဲကျသွားသည်။

နောက်စေ့နှင့် ကြမ်းပြင် ရိုက်မိသဖြင့် နာကျင်မှုက ဦးခေါင်းထဲသို့ တိုးဝင်သွားပြီး မျက်လုံးများ ပြာဝေသွားသည်။

"ညန်ညန်"

လူအားလုံး ပြိုင်တူ အော်ဟစ်လိုက်ကြ၏။

ဘေးနားရှိ နန်းတွင်းသူ အချို့ ပြေးဝင်လာပြီး မုန့်ဖေး၏ လက်မောင်းကို ချုပ်ကာ ချောင်မိဖုရားခေါင်၏ ကိုယ်ပေါ်မှ မုန့်ဖေးကို ဆွဲဖယ်လိုက်ကြသည်။ မုန့်ဖေးသည် ရူးသွပ်နေသကဲ့သို့ အော်ဟစ်နေသည်။ "ဖယ်စမ်း... ငါ့ကို လွှတ်... ငါ ချောင်ယင်းညန်နဲ့ အတူတူ သေမယ်"

ချောင်မိဖုရားခေါင်ကို တွဲထူလိုက်ကြသည်။ နောက်စေ့မှ နာကျင်မှုများ တစ်ဆစ်ဆစ် ထွက်ပေါ်နေပြီး မျက်လုံးထဲတွင် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေသည်။ အတော်ကြာမှ သတိပြန်ဝင်လာသည်။

မုန့်ဖေးမှာ အသည်းအသန် ရုန်းကန် အော်ဟစ်နေဆဲ။

ဈာပနအခမ်းအနားရှိ မူလက တည်ငြိမ်လေးနက်သော အခြေအနေသည် ပျက်စီးသွားခဲ့သည်။ မျက်စိရှေ့မှ မြင်ကွင်းမှာ ရယ်စရာကောင်းလောက်အောင် ဖြစ်ပျက်နေသည်။

ချောင်မိဖုရားခေါင်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "ဒီနေရာက ဈာပနအခမ်းအနား ကျင်းပတဲ့နေရာ။ မုန့်ဖေးက ဒီနေရာမှာ ဆူညံအော်ဟစ်ပြီး ဈာပနအခမ်းအနားကို နှောင့်ယှက်နေတယ်။ နင်တို့ သူ့ကို ဆွဲထုတ်သွားကြ"

နန်းတွင်းသူများ ပြိုင်တူ အမိန့်နာခံလိုက်ကြပြီး မုန့်ဖေးကို အပြင်သို့ အတင်းအကျပ် ဆွဲခေါ်သွားကြသည်။

မုန့်ဖေးသည် အားကုန်သုံး၍ ရုန်းကန်သော်လည်း လူအများကြီးကို မယှဉ်နိုင်ပေ။ မည်မျှပင် ရုန်းကန်ပါစေ ခုခံ၍ မရနိုင်တော့ချေ။ ဈာပနအခမ်းအနား အပေါက်ဝသို့ ရောက်လုနီးပါး ဖြစ်နေချိန်တွင် မုန့်ဖေး၏ မျက်လုံးထဲတွင် ရက်စက်ပြတ်သားသော အရိပ်အယောင် ဖြတ်ပြေးသွားပြီး နှုတ်ခမ်းကို ရုတ်တရက် လှုပ်ရှားလိုက်သည်။

သွေးများ ပါးစပ်ထဲမှ စီးကျလာသည်။

မုန့်ဖေးသည် မျက်လုံး ပြူးကျယ်လျက် ခန္ဓာကိုယ် ပျော့ခွေကာ လဲကျသွားတော့သည်။

သူမ၏ မျက်နှာအမူအရာမှာလည်း ဤအချိန်၌ ထာဝရ ရပ်တန့်သွားခဲ့လေပြီ။

နန်းတွင်းသူများ ကြောက်လန့်တကြား ဖြစ်သွားကြပြီး ဒူးထောက်ကာ ငိုကြွေးရင်း လျှောက်တင်လိုက်ကြသည်။ "ဟွမ်ဟုပ်ညန်ညန်... ဒုက္ခပါပဲ။ မုန့်ဖေးညန်ညန် လျှာကိုကိုက်ပြီး သတ်သေသွားပါပြီ"

ချောင်မိဖုရားခေါင် အသက်ရှူမှားသွားပြီး ရင်ထဲမှ အေးစက်သော ခံစားမှုတစ်ခု ပျံ့နှံ့လာသည်။

နန်းတော် အတွင်းအပြင်၌ လူများ တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေကြသည်။

နှစ်ပေါင်းများစွာ ပြိုင်ဆိုင်ခဲ့သော ရန်သူဟောင်းကြီးသည် သူမ၏ မျက်စိရှေ့တွင်ပင် ဤကဲ့သို့ သေဆုံးသွားခဲ့လေသည်။

သူမ၏ ရင်ထဲတွင် ဝမ်းသာပီတိ ဖြစ်ခြင်းမရှိဘဲ ဝမ်းနည်းပူဆွေးမှုသာ ရှိနေသည်။

ဝမ်ကျဲယွီ အလျင်အမြန် ထရပ်လိုက်ပြီး ချောင်မိဖုရားခေါင်ကို တွဲကာ တိုးတိုးလေး ပြောလိုက်သည်။ "အရှင်မင်းကြီး နတ်ရွာစံသွားလို့ မုန့်ဖေးညန်ညန်က အသေခံချင်စိတ် ဖြစ်ပြီး မြေအောက်ကမ္ဘာမှာ အရှင်မင်းကြီးကို သွားရောက် ပြုစုချင်တာပါ။ ဈာပနအခမ်းအနားကို မလာခင်ကတည်းက မုန့်ဖေးညန်ညန်က သေဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်မှာပါ။ ညန်ညန်နဲ့ ဘာမှ မဆိုင်ပါဘူး။ ညန်ညန် စိတ်တင်းထားပါ"

ချောင်မိဖုရားခေါင်သည် မျက်လုံးကို တင်းတင်းမှိတ်ထားလိုက်ပြီး ပြန်ဖွင့်လိုက်သောအခါ တည်ငြိမ်မှုကို မနည်း ပြန်လည်ထိန်းသိမ်းလိုက်သည်။

ချောင်မိဖုရားခေါင်သည် ဝမ်ကျဲယွီ၏ တွဲကူမှုဖြင့် မုန့်ဖေး၏ ဘေးနားသို့ လျှောက်သွားလိုက်၏။

မုန့်ဖေး၏ မျက်နှာထားမှာ ကြောက်မက်ဖွယ် ကောင်းလှပြီး မျက်နှာတစ်ခုလုံး တောင့်တင်းနေကာ မျက်လုံးများ ပြူးကျယ်နေသည်။ ပါးစပ်မှ သွေးများသည် နှုတ်ခမ်းထောင့်နှင့် လည်ပင်းကို စိုရွှဲသွားစေပြီး ကြည့်ရသည်မှာ အလွန် ကြောက်စရာ ကောင်းလှသည်။

ချောင်မိဖုရားခေါင်သည် သူမ၏ တည်ငြိမ်သော အသံကို ပြန်လည်ကြားလိုက်ရသည်။ "မုန့်ဖေးက အရှင်မင်းကြီးအတွက် အသက်စတေးချင်တယ်။ ဒီလိုဆိုမှတော့ ပန်ကုံးလဲ သူ့ကို မျက်နှာမငယ်စေရပါဘူး။ ပန်ကုံး အမိန့်ထုတ်ပြန်လိုက်မယ်။ မုန့်ဖေးအတွက် ခေါင်းတလား ပြင်ဆင်လိုက်။ အရှင်မင်းကြီးကို ၄၉ ရက် ထားပြီးရင် အရှင်မင်းကြီးနဲ့အတူ တော်ဝင်သင်္ချိုင်းတော်ထဲ မြှုပ်နှံလိုက်ကြ"

...

အပိုင်း (၆၈၁) ပြန်လည်ဆုံတွေ့ခြင်း

အမွှေးတိုင်တစ်တိုင်စာ ကုန်လွန်ပြီးနောက်။

ချီယွင်သည် အိပ်ဆောင်အတွင်းသို့ အသာအယာ ဝင်ရောက်လာပြီး လေသံတိုးတိုးဖြင့် လျှောက်တင်လိုက်လေသည်။ "မုန့်ဖေးက လျှာကိုကိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားပါပြီ။ အရှင်မင်းကြီးအတွက် အသက်စတေးပြီး လိုက်ပါသွားတာပါ။ ဟွမ်ဟုပ်ညန်ညန်ကလဲ ခေါင်းတလား ပြင်ဆင်ဖို့ အမိန့်ပေးလိုက်ပါပြီ"

လုမင်ယွိ၏ မျက်ဝန်းအိမ်များမှာ တည်ငြိမ်သွားပြီး အမူအရာကလည်း အေးစက်ကာ ပြောလိုက်လေသည်။ "ကွမ်းပင်းနယ်စားက ပုန်ကန်တယ်။ ကွမ်းပင်းနယ်စားကတော်က ကြိုးဆွဲချသေတယ်။ မုန့်မိသားစုက အကုန်သတ်ဖြတ်ခံရတော့မှာ။ ပထမမင်းသားလဲ သေသွားပြီ။ မုန့်ဖေး သေချင်တာက မဆန်းပါဘူး"

မုန့်ဖေးမှာ ဆက်ပြီးအသက်ရှင်ဖို့ ခွန်အားနဲ့ မျှော်လင့်ချက်တွေ မရှိတော့ပေ။

ချီယွင်က သက်ပြင်းတစ်ချက်ချလိုက်ပြီး "ထိုက်ဇီဖေးကို မလိမ်ပါဘူး။ ကျွန်မ မုန့်ဖေးကို အမြဲတမ်း မုန်းခဲ့တာပါ။ ဒါပေမဲ့ သူသေသွားတဲ့သတင်းကို ကြားရတော့ စိတ်ထဲမှာ လေးလံနေသလို ခံစားရတယ်"

ဒီရက်ပိုင်းအတွင်း သေဆုံးမှုသတင်းများကို ကြားရတာ များလွန်းလို့ ဖြစ်လိမ့်မည်။ သေသွားသူများမှာ သေသင့်သူများ ဖြစ်သော်ငြားလည်း စိတ်ထဲတွင်တော့ ခြောက်ခြားဖွယ် ကောင်းနေဆဲပင်။

လုမင်ယွိသည် ခဏမျှ တိတ်ဆိတ်နေပြီးမှ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "နင် ငါ့အစား နာရေးခန်းမကို သွားပြီး မူဟုပ်ကို သွားကြည့်ပေးဦး"

သူမသည် ထိုက်ဇီဖေးဖြစ်သော်လည်း ဒဏ်ရာကြောင့် အိပ်ရာထဲတွင် လဲလျောင်းနေရပြီး နာရေးခန်းမတွင် ဒူးထောက်ကာ စောင့်ရှောက်နိုင်ခြင်း မရှိချေ။ ကိစ္စအဝဝသည် ချောင်မိဖုရားခေါင်၏ ပခုံးပေါ်သို့ ရောက်ရှိနေတော့၏။

ချောင်မိဖုရားခေါင် တောင့်ခံနိုင်ပါ့မလားဆိုသည်ကိုတော့ မသိနိုင်ပေ။

ချီယွင်က ပြန်ဖြေပြီး ထွက်ခွာသွားလေသည်။

လုမင်ယွိသည် ပင်ပန်းနွမ်းနယ်နေသဖြင့် မျက်လုံးများကို မှိတ်လိုက်ကာ တဖြည်းဖြည်း အိပ်ပျော်သွားလေတော့သည်။

အိပ်မက်ထဲတွင် ယုံးကျားဧကရာဇ်၏ မျက်လုံးမမှိတ်ဘဲ သေဆုံးသွားသော မျက်နှာ၊ သွေးအလိမ်းလိမ်းပေကျံနေသော စစ်သူကြီးလျန်၊ ရက်စက်ကြမ်းကြုတ်သော မျက်နှာထားဖြင့် ကွမ်းပင်းနယ်စားနှင့် မျက်နှာဖြူဖတ်ဖြူရော် ဖြစ်နေသော ပထမမင်းသားတို့၏ ပုံရိပ်များ တရိပ်ရိပ် ဖြတ်သန်းသွားလေသည်။ နောက်ဆုံးတွင်တော့ ရှုံ့မဲ့နေသော မုန့်ဖေး၏ မျက်နှာပေါ်တွင် ရပ်တန့်သွားတော့၏။

လုမင်ယွိသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီးနောက် အသက်ရှူသံများ မြန်ဆန်နေပြီး နဖူးပေါ်တွင်လည်း ချွေးစေးများဖြင့် ပြည့်နှက်နေလေသည်။

ဒေါင်! ဒေါင်! ဒေါင်!

သန်းခေါင်ယံအချိန် ရောက်ရှိနေလေပြီ။

လုမင်ယွိသည် အိပ်မက်ဆိုးကြောင့် တစ်ကိုယ်လုံး ချွေးအေးများ ထွက်ကာ စေးကပ်ပြီး နေရခက်နေသဖြင့် ပါးစပ်ဟကာ "ချီယွင်" ဟု လှမ်းခေါ်လိုက်၏။

တံခါးသည် ညင်သာစွာ ပွင့်သွားလေသည်။

ဝင်လာသူမှာ ချီယွင် မဟုတ်ပေ။ အသက်၂၀ကျော်အရွယ် လူငယ်အမျိုးသားတစ်ဦး ဖြစ်နေလေသည်။ ထိုအမျိုးသား၏ မျက်နှာမှာ ပိန်လှီနွမ်းနယ်နေပြီး တည်ကြည်ခန့်ညားသော မျက်နှာတွင် ဖြူဖတ်ဖြူရော် ဖြစ်နေကာ လမ်းလျှောက်နေပုံမှာလည်း အားအင်မဲ့နေသယောင်ပင်။

လီကျင့်ပင် ဖြစ်သည်။

လုမင်ယွိ၏ နှာခေါင်းထိပ်လေး ရှုံ့သွားပြီး မျက်ဝန်းအိမ်များ ပူနွေးလာကာ အလိုအလျောက် ထရပ်လိုက်မိသည်။

အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် ရင်ဘတ်မှ ဒဏ်ရာကို သွားထိမိပြီး သည်းထန်သော နာကျင်မှုက ချက်ချင်း ဝင်ရောက်လာတော့၏။

လုမင်ယွိသည် အောင့်အီးမထားနိုင်ဘဲ ညည်းညူလိုက်မိသည်။

လီကျင့်သည် လန့်ဖျပ်သွားပြီး ကုတင်ဘေးသို့ ခြေလှမ်းကြဲဖြင့် လျှောက်လာကာ ဝင်ထိုင်လိုက်ပြီး လုမင်ယွိ၏လက်ကို ဆုပ်ကိုင်လိုက်လေသည်။ "ရှောင်ယွိ... မင်းမှာ ဒဏ်ရာရှိတယ်လေ။ လျှောက်မလှုပ်နဲ့"

လုမင်ယွိက လီကျင့်ကို ကြည့်လိုက်ပြီး "ရှင်လဲ ဒဏ်ရာရထားတာပဲ။ လမ်းခရီးမှာ တောက်လျှောက်ပြေးလာရတယ်။ ပြန်ရောက်တော့လဲ ချက်ချင်းပဲ နာရေးကိစ္စစီစဉ်ပြီး နာရေးခန်းမမှာ ဒူးထောက်နေရတယ်။ ဒီလိုဆက်သွားရင် ရှင် ဘယ်လိုလုပ် ခံနိုင်မှာလဲ"

လုမင်ယွိ၏ ရှေ့မှောက်တွင် လီကျင့်သည် မာန်တင်းမနေတော့ဘဲ ခါးသက်သက်ပြုံးကာ ပြောလိုက်ကာ "မခံနိုင်လဲ အတင်းတောင့်ခံထားရမှာပဲ။ လောလောဆယ်မှာ ကိုယ်တိုင်ထွက်ပြမှပဲ လူတွေရဲ့စိတ်ကို တည်ငြိမ်အောင် လုပ်နိုင်မှာ"

လီယိနှင့် လီချန်တို့ သေဆုံးသွားခဲ့ပြီ။ လီဟောက်သည် ရှင်းယန်တပ်၏ စစ်တပ်ဝင်းထဲတွင် အဖမ်းခံထားရသည်။ လီရှန်းမှာမူ ဒဏ်ရာရထားသည်မှာ သိပ်မပြင်းထန်လှပေ။ သို့သော်ငြား ဂုဏ်ဒြပ်အရ ပြောရလျှင် သူသည် ထိုက်ဇီဖြစ်သဖြင့် ရှေ့ထွက်ရန် အသင့်တော်ဆုံးပင်။

လုမင်ယွိသည် ရင်ထဲတွင် နာကျင်သွားပြီး လက်ကို လှုပ်ရှားလိုက်ရာ လီကျင့်က ချက်ချင်း ကိုယ်ကိုကိုင်းလိုက်ပြီး မျက်နှာကို လုမင်ယွိ၏လက်နားသို့ ကပ်ပေးလိုက်လေသည်။ "မျက်နှာကို ကိုင်ချင်ရင် ပြောလေ။ လျှောက်မလှုပ်နဲ့"

လုမင်ယွိသည် မရယ်ဘဲ မနေနိုင်တော့ချေ။ လက်က လီကျင့်၏ မျက်နှာပေါ်တွင် ဖွဖွလေး ပွတ်သပ်လိုက်လေသည်။ "ရှင် တော်တော် ပိန်သွားတာပဲ"

နေ့ရောညပါ ခရီးနှင်ခဲ့ရပြီး စိတ်ထဲတွင်လည်း ပူပန်မှုများ ရှိနေသဖြင့် မပိန်လျှင်သာ ထူးဆန်းနေဦးမည်။

လီကျင့်က ခေါင်းကို အနည်းငယ်မော့ကာ လုမင်ယွိကို ကြည့်လိုက်ပြီး "ရှောင်ယွိ... ဒီရက်ပိုင်း မင်း ပင်ပန်းသွားပြီ"

လေသံထဲတွင် အားနာစိတ်များ အပြည့်ပါဝင်နေလေသည်။

ဒါတွေအားလုံးက သူသည် ထိုက်ဇီတစ်ယောက်အနေဖြင့် လုပ်ဆောင်ရမည့် ကိစ္စများပင်။ လုမင်ယွိက သူ့အစား အရာအားလုံးကို ဝင်ရောက်ထမ်းဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

လုမင်ယွိက လီကျင့်ကို စိုက်ကြည့်ကာ "အဲဒီတုန်းက ရှင်က ကျန်းနန်မှာ ရောက်နေတာလေ။ ကျွန်မက နန်းတော်ထဲမှာရှိနေတော့ အားကုန်ထုတ်ပြီး လုပ်ဆောင်ရမှာပဲ"

"အခု ရှင်က ကျွန်မကို ကျေးဇူးတင်နေတယ်။ နောက်ပိုင်းကျရင် စွမ်းရည်ထက်မြက်ပြီး သဘောထားတင်းမာတဲ့ ဇနီးသည်နဲ့ လုမိသားစုကို ရှင် တဖြည်းဖြည်း သံသယဝင်လာမှာကိုပဲ စိုးရိမ်မိတယ်"

လီကျင့်သည် နားမလည်ဟန် မဆောင်ခဲ့သလို ရှောင်လွှဲခြင်းလည်း မပြုခဲ့ပေ။

သူက လုမင်ယွိကို စိုက်ကြည့်ရင်း ဖြည်းညှင်းစွာ ပြောလိုက်လေသည်။ "ရှောင်ယွိ... ဒီတိုင်းပြည်က ကို့ရဲ့တိုင်းပြည်ဖြစ်သလို မင်းရဲ့တိုင်းပြည်လဲ ဖြစ်တယ်"

"ကိုတို့လင်မယား စိတ်တူကိုယ်တူနဲ့ လက်တွဲပြီး ဒီနေ့ဒီအချိန်ထိ ရောက်လာခဲ့ကြတာ။ ဖုဟွမ်ကို ဂူသွင်းပြီးတာနဲ့ နန်းတက်ပွဲကိစ္စကို မကြာခင် ပြောဆိုကြတော့မှာ။ ကို ရာဇပလ္လင်ပေါ် ရောက်တာနဲ့ ပထမဆုံးလုပ်မဲ့ကိစ္စက မင်းကို မိဖုရားခေါင်အဖြစ် တင်မြှောက်မှာ"

"ကိုက တိုင်းပြည်ကို အုပ်ချုပ်မယ်။ မင်းက ဇာမဏီတံဆိပ်တော်ကို ကိုင်ထား။ ဒီနန်းတော်ကြီးက ကိုတို့နှစ်ယောက်ရဲ့ အိမ်ပဲ။ ကိုတို့ စိတ်တူကိုယ်တူနဲ့ ကိုယ်ပိုင်အိမ်မှုကိစ္စတွေကို သေချာစီမံပြီး နောက်ကျရင် သားကြီးလက်ထဲကို လွှဲပေးခဲ့မယ်"

"ကို စဉ်းစားပြီးသားပါ။ နောက်နှစ် ရွှီအာ ၈နှစ်ပြည့်ရင် ကို သူ့ကို ထိုက်ဇီအရာ ပေးမယ်။ နောက် ၁၀နှစ် ၈နှစ်လောက်ကြာလို့ ရွှီအာ ကြီးပြင်းပြီး အိမ်ထောင်ကျ ကလေးမွေးပြီးရင် ကို ရာဇပလ္လင်ကို သူ့ဆီ လွှဲပေးလိုက်မယ်။ ကိုတို့လင်မယားနှစ်ယောက် နန်းတော်ထဲက ထွက်သွားပြီး တောင်တွေရေတွေ လှပတဲ့နေရာတစ်ခုကို ရှာပြီးတော့ သာမန်လင်မယားလိုပဲ နေထိုင်ရင်း အတူတူ အိုမင်းသွားကြမယ်"

လီကျင့် ပုံဖော်လိုက်သည့် အခြေအနေမှာ အလွန်ပင် လှပလွန်းလှသည်။

လုမင်ယွိသည် စိတ်လှုပ်ရှားသွားပြီး ခဏမျှ ငေးငိုင်သွားကာ သက်ပြင်းချလိုက်လေသည်။ "ကျွန်မလဲ အဲဒီလိုနေ့မျိုး ရောက်လာဖို့ မျှော်လင့်ပါတယ်"

ယခင်ဘဝက လီဟောက်သည်လည်း တည်မြဲသော ကတိသစ္စာများကို ပြုခဲ့ဖူးပြီး ချိုမြိန်သော စကားများကို ပြောဆိုခဲ့ဖူးသည်။ နောက်ဆုံးတွင်တော့ သူမကို သစ္စာဖောက်ခဲ့လေသည်။

ဒီဘဝမှာတော့ လီကျင့်နှင့်သူမ အပြန်အလှန် ယုံကြည်ကြပြီး ဘယ်တော့မှ သံသယမဝင်ကြဖို့သာ မျှော်လင့်မိတော့သည်။

လီကျင့်က ခေါင်းကိုငုံ့ကာ သူမ၏နှုတ်ခမ်းကို ဖွဖွလေး နမ်းလိုက်ပြီး အနည်းငယ် ပြန်မော့လိုက်လေသည်။ မျက်ဝန်းချင်း ဆုံနေကြပြီး ၂လက်မခန့်သာ ကွာဝေးတော့သည်။ တစ်ယောက်မျက်လုံးထဲက တစ်ယောက်ကို ထင်ရှားစွာ မြင်တွေ့နေရသည်အထိ နီးကပ်လွန်းလှသည်။

"အခု ကို ဘာပြောပြော မင်းက အကုန်လုံး ယုံမှာမဟုတ်ဘူး" လီကျင့်က လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "ကို့နေရာမှာဆိုရင်လဲ တစ်ခြားလူရဲ့ ပါးစပ်ပြောစကား သက်သက်ကို ယုံမှာမဟုတ်ဘူး"

"၃နှစ် ၅နှစ်၊ ၁၀နှစ် အနှစ် ၂၀၊ လက်ကျန်ဘဝက ရှည်လျားပါသေးတယ်။ ကို လုပ်ပြပါ့မယ်"

"တကယ်လို့ တနေ့ကျရင် ကို မင်းကို တကယ်သစ္စာဖောက်ခဲ့ရင် မင်း ဓားနဲ့ တစ်ချက်တည်း ထိုးသတ်လိုက်။ ဒါမှမဟုတ် ယွဲ့ဖုကို ရှင်းယန်တပ် ဦးဆောင်ပြီး နန်းတော်ထဲ ဝင်ခိုင်းလိုက်။ ရွှီအာကို ထီးနန်းတင်ပေးလိုက်။ မင်းက မယ်တော်ကြီး လုပ်ရတာက မိဖုရားခေါင် လုပ်ရတာထက် ပိုပြီး စိတ်ချရတာပေါ့..."

လုမင်ယွိသည် စိတ်ဆိုးရမလို ရယ်ရမလို ဖြစ်သွားပြီး လီကျင့်ကို မျက်စောင်းထိုးလိုက်မိသည်။ "တော်စမ်းပါ! လျှောက်ပြောနေတာတွေ။ မြန်မြန် ပါးစပ်ပိတ်ထား။ ရှင့်ကို ယုံတယ် ဟုတ်ပြီလား"

လီကျင့်က အသံမထွက်ဘဲ ပြုံးလိုက်လေသည်။

လုမင်ယွိက သူ့ကို အပြည့်အဝ မယုံကြည်သေးကြောင်း သူ သိသည်။

သို့သော်ငြား အနာဂတ်က ရှည်လျားပါသေးသည်။ သူ့တွင် ကိုယ်ပိုင်စိတ်ရင်းမှန်ကို သက်သေပြရန် ဆယ်စုနှစ်များစွာ အချိန်ရှိနေပါသေးသည်။

ခဏကြာတော့ လုမင်ယွိက စကားလမ်းကြောင်း လွှဲလိုက်၏။ "ရှင် နာရေးခန်းမမှာ မနေဘဲ အရှေ့နန်းဆောင်ကို ပြန်လာတာ အတင်းအဖျင်း ပြောမခံရဘူးလား"

အောက်မေ့ဖွယ် ကာလတွင် လိုက်နာရမည့် စည်းကမ်းများ ရှိလေသည်။

သာမန်ပြည်သူများ၌ လူကြီးမိဘ ဆုံးပါက သားဖြစ်သူသည် နာရေးခန်းမတွင် အမြဲစောင့်နေရသည်။ ထိုကာလအတွင်း အဝတ်အစား မလဲရ၊ ပူနွေးသော အစားအစာ မစားရ၊ အိပ်စရာနေရာလည်း မရှိသဖြင့် အိပ်ချင်ပါက နာရေးခန်းမထဲတွင်ပင် ဖြစ်သလို မှီတွယ်အိပ်စက်ရသည်။

နန်းတော်ထဲက စည်းကမ်းများကတော့ ပို၍များပြားလေသည်။

လီကျင့်က ဒီအတိုင်း အရှေ့နန်းဆောင်သို့ ပြန်လာခြင်းမှာ စည်းကမ်းနှင့် မကိုက်ညီပေ။

"သန်းခေါင်တောင် ကျော်နေပြီ။ မှူးမတ်တွေအများစုကလဲ မခံနိုင်ကြတော့လို့ တချို့ဆို ထမ်းစင်နဲ့ ပြန်ခေါ်သွားပြီး နားခိုင်းလိုက်ပြီ" လီကျင့်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ကို့မှာလဲ ဒဏ်ရာနဲ့လေ။ အရှေ့နန်းဆောင်ကို ပြန်ပြီး ၁နာရီ ၂နာရီလောက် လာနားတာ ဘယ်သူမှ ပါးစပ်ဖွာရဲမှာ မဟုတ်ပါဘူး"

ဝန်ကြီးလော်လိုလူမျိုးက ထိုက်ဇီအရှင်မင်းသား အရှေ့နန်းဆောင်ကို ပြန်တာ ထိုက်ဇီဖေးနဲ့ တွေ့ဆုံဖို့ဆိုတာ သိနေရင်တောင် မသိချင်ယောင် ဆောင်နေမှာပင်။

လီကျင့်သည် မကြာခင်တွင် သာ့ဝေတိုင်းပြည်၏ ဧကရာဇ် ဖြစ်လာတော့မည်ကို မျက်လုံးရှင်သူတိုင်း သိကြလေသည်။ ဒီအချိန်မှာ မျက်နှာလိုမျက်နှာရ လုပ်ဖို့ မသင့်တော်လို့သာ။ မဟုတ်လျှင် မြှောက်ပင့်ပေါင်းဖားမည့်သူများ တိုးဝှေ့ရောက်ရှိလာကြလောက်ပြီ။

လုမင်ယွိက ပြုံးကာ အင်း ဟု ပြန်ဖြေလိုက်ပြီး အားယူကာ အတွင်းဘက်သို့ အနည်းငယ် တိုးပေးလိုက်သည်။ နေရာဖယ်ပေးလိုက်ခြင်းပင်။ "ရှင်လဲ လာလှဲလိုက်လေ"

လီကျင့်သည် အမှန်တကယ်ပင် အလွန်ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်၏။

သူသည် လုမင်ယွိ၏ ဘေးတွင် ဝင်လှဲလိုက်ပြီး စကားအနည်းငယ် ပြောပြီးသည်နှင့် မျက်လုံးမှိတ်ကာ အိပ်ပျော်သွားတော့သည်။ ဟောက်သံသဲ့သဲ့လေးပင် ထွက်ပေါ်လာ၏။

လုမင်ယွိသည် အသံမထွက်ဘဲ သက်ပြင်းချလိုက်ပြီး ခေါင်းကို လီကျင့်၏ ခေါင်းဘေးတွင် ကပ်ကာ အတူတကွ အိပ်စက်လိုက်လေတော့သည်။

...

All Chapters