အခန်း (၁၁၆၅-၁၁၆၆)
Vol. 68 Ch. 1165-1166
အပိုင်း (၁၁၆၅)
မြို့ရိုးတစ်ခုလုံးတွင် ရင်ကွမ်း၏ မီတာ ဒါဇင်အကွာအဝေး အတွင်းသို့ မည်သူမှ မကပ်ရဲကြပေ။ အဘယ်ကြောင့်ဆိုသော် ရင်ကွမ်း၏ သိုင်းပညာသည် အလွန်တရာ အားကောင်းလွန်းသောကြောင့်ပင်။ ရှမ့်လန်၏ နားလည်နိုင်စွမ်းထက်ပင် ကျော်လွန်နေသည်။ ရူးသွပ်ပြီး မျက်စိကွယ်နေလျှင်ပင် သူသည် ပြိုင်ဘက်ကင်း သန်မာနေဆဲ ဖြစ်သည်။
“ကျန်းလီ... ကျန်းလီ...”
ရင်ကွမ်း ရုတ်တရက် အော်ဟစ်လိုက်၏။ “အရှင် ကျန်းလီ...”
မြို့ရိုးအောက်တွင် ရှမ့်လန် လက်မြှောက်လိုက်ပြီး ပြောလိုက်သည်။ “ကျုပ် ဒီမှာ”
လူတိုင်း ရှမ့်လန်ကို ကြည့်လိုက်ကြ၏။ ‘ခင်ဗျားက အရှင် ကျန်းလီအဖြစ် ဟန်ဆောင်ပြီး အရူးတစ်ယောက်ကို လှည့်စားအုံးမလို့လား။’
ရှမ့်လန်၏ အော်သံကိုကြားပြီးနောက် ရင်ကွမ်းသည် မြို့ရိုးပေါ်မှ တိုက်ရိုက် ခုန်ချလိုက်သည်။ ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ် အပေါ်ပိုင်း တစ်ခုလုံး ပုပ်သိုးနေပြီ ဖြစ်သည်။ သူ၏ အသားများသည် တစ်စပြီးတစ်စ ကွာကျနေ၏။ သူ၏ ဦးနှောက်နှင့် အသိစိတ် တစ်ခုလုံး ဓာတ်ရောင်ခြည်သင့်ပြီး ပျက်စီးသွားခဲ့သည်။ ယခု သူ မျက်စိကွယ်နေရုံ သာမက မျက်လုံးများပင် မရှိတော့ပေ။ မျက်လုံးအိမ် အတွင်းပိုင်းသည် ပုပ်သိုးနေပြီ ဖြစ်သည်။ အလွန်တရာ သနားစရာ ကောင်းလှသည်။
“ရင်ကွမ်း... ကျုပ် ဒီမှာ” ရှမ့်လန်က ထပ်ပြောလိုက်၏။
မြို့ရိုးပေါ်မှခုန်ချပြီးနောက် ရင်ကွမ်းသည် လက်နှစ်ဖက်ကို ဖြန့်ကားပြီး ရှမ့်လန်ဆီသို့ ယိုင်နဲ့စွာ လျှောက်သွားလိုက်သည်။
“ခမည်းတော်... မသွားပါနဲ့။ မသွားပါနဲ့။” ရင်ရင် အော်ဟစ်လိုက်၏။
သို့သော်ငြား ရင်ကွမ်းသည် နားမကြားသကဲ့သို့ ပြုမူပြီး ရှမ့်လန်၏ အသံလာရာဆီသို့ တည့်တည့်မတ်မတ် ပြေးသွားသည်။
“အရှင် ကျန်းလီ... အရှင် ကျန်းလီ...” ရင်ကွမ်း ဆက်လက် အော်ဟစ်နေ၏။
ရှမ့်လန်က ပြောလိုက်သည်။ “ရင်ကွမ်း... ကျုပ် သေရတာ အရမ်း ဆိုးရွားလွန်းတယ်။ ပြောစမ်း။ ကျုပ်ကို ဘယ်သူ သတ်တာလဲ။”
ဤစကား ထွက်လာသည်နှင့် လူတိုင်း ကြက်သီးထသွားကြသည်။ ဤအရာက ရှမ့်လန်၏ ရည်ရွယ်ချက်ပင်။ သူက ရင်ကွမ်းဆီကနေ အရှင် ကျန်းလီကို သတ်တဲ့ တရားခံ အစစ်ကို မေးချင်နေခြင်းဖြစ်၏။
“ကျုပ် မသိဘူး။ ကျုပ် မဟုတ်ဘူး။ ကျုပ် မဟုတ်ဘူး။” ရင်ကွမ်း အော်ဟစ်လိုက်သည်။
‘ရင်ကွမ်းတောင် အရှင် ကျန်းလီကို သတ်တဲ့ တရားခံကို မသိဘူးလား။’
ရှမ့်လန်က ပြောလိုက်၏။ “ရင်ကွမ်း... ဒါဆို မင်း ဘာလို့ ကျုပ်ကို သစ္စာဖောက်ရတာလဲ။ ဘာလို့ ကျုပ်ကို သစ္စာဖောက်ရတာလဲ။”
ရင်ကွမ်း ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ဒါဆို ခင်ဗျား ဘာလို့ သေရတာလဲ။ ခင်ဗျား ဘာလို့ သေရတာလဲ။ ခင်ဗျားသာ မသေရင် ကျုပ် ဘယ်လို လုပ်ပြီး သစ္စာဖောက်နိုင်မှာလဲ။ ရင်ကလန်တစ်ခုလုံး ခင်ဗျားနဲ့ အတူတူ လိုက်သေပေးရမှာလား။ ကိုယ်ကျင့်တရားတွေ ဂရုစိုက်မနေပါနဲ့။ အမြန်ဆုံးနည်းလမ်းကို သုံးပြီး နယ်မြေချဲ့ထွင်ပါလို့ ကျုပ် ဘယ်နှခါ ပြောဖူးသလဲ။
ခင်ဗျားက တစ်ဆင့်ချင်း သွားချင်တယ်၊ ရှေးဟောင်း ယဉ်ကျေးမှုတွေကို အတင်းအကျပ် ထုတ်မသုံးချင်ဘူး၊ တစ်ရှိန်ထိုး အောင်မြင်တာမျိုး မလိုချင်ဘူး ဆိုပြီး ဇွတ်လုပ်ခဲ့တာ။ နောက်ဆုံးတော့ ဘာဖြစ်သွားလဲ။ ငရဲကို သွားတော့။ ငရဲကို သွားပေတော့။ ခင်ဗျားနဲ့ တန်ပါတယ်။ ခင်ဗျားနဲ့ တန်တယ်။”
ရင်ကွမ်းသည် ရှမ့်လန်ဆီသို့ ဆက်လက် ပြေးဝင်လာသည်။ ချောင်ယောင်းအာနှင့် မင်းသမီး ဒိုဟာသည် ရှမ့်လန် ရှေ့တွင် ကာကွယ်ပေးထားလိုက်ကြသည်။ ပြေးရင်းနှင့် ရင်ကွမ်း ယိုင်နဲ့ကာ မြေကြီးပေါ် လဲကျ သွားသည်။ ထို့နောက် သူ၏ မျက်လုံးများသည် မျက်စိသူငယ်အိမ်ထဲမှ ထွက်ကျလာ၏။
“အရှင် ကျန်းလီ... ခင်ဗျား မရပါဘူး။ ခင်ဗျား မရပါဘူး။”
ရင်ကွမ်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “နောက်ဆုံးတော့ ကျုပ်က အတော်ဆုံးပဲ။ ကျုပ် ရှေးဟောင်းနဂါး ကို သားဖောက်ယူ နိုင်ခဲ့တယ်။ ကျုပ်ရဲ့ ရင်ကလန်က အရှေ့ပိုင်းရဲ့ အရှင်သခင်၊ လောကကြီးရဲ့ အရှင်သခင် ဖြစ်လာခဲ့ပြီ။
အရှင် ကျန်းလီ... ခင်ဗျားမှာ ရှမ့်လန် ဆိုတဲ့ သားတစ်ယောက် ရှိတယ်။ သူက ဉာဏ်ကောင်းပေမဲ့ မဖြစ်သေးဘူး။ သူက လုံလောက်အောင် မယုတ်မာဘူး။ သူ သေချာပေါက် ရှုံးမှာပဲ။ နောက်ဆုံးတော့ ကျုပ် ရင်ကွမ်းကမှ ခင်ဗျားရဲ့ စစ်မှန်တဲ့ဆက်ခံသူပဲ။ ကျုပ် တစ်ယောက်တည်းပဲ တော်ဝင်ရန်အင်ပါယာကို အနိုင်ယူပြီး လောကကြီးကို ပေါင်းစည်းနိုင်မှာ။ ဘာလို့လဲဆိုတော့ ကျုပ်မှာ နဂါးရှိတယ်၊ ကျုပ်မှာ နဂါးရှိတယ်၊ ဟား ဟား ဟား...
အရှင် ကျန်းလီ... ကျုပ် ခင်ဗျားရဲ့ ကျန်းတော်ဝင်မိသားစုကို မျိုးဖြုတ်ပစ်လိုက်ပြီ။ အခု တစ်ယောက်ပဲ ကျန်တော့တယ်။ အဲဒါ ခင်ဗျားသား ရှမ့်လန်ပဲ။ ဒါဆိုရင် သူ့ကိုပါသတ်ပြီး ခင်ဗျားကို အဖော်ပြုဖို့ ငရဲကို ပို့ပေးလိုက်မယ်။ ခင်ဗျားရဲ့ ကျန်းတော်ဝင် မိသားစုက စုစည်းနေဖို့ လိုတယ်လေ။”
ရင်ကွမ်းသည် ရုန်းကန် ထလိုက်သည်။ သူသည် မရှိသော ဓားတစ်လက်ကို လက်နှစ်ဖက်ဖြင့် မြှောက်ကာ ရှမ့်လန်ဆီသို့ ဆက်လက် ပြေးဝင်လာ၏။
“သတ်... သတ်... သတ်... ကျုပ် ကျန်းကလန်ကို မျိုးဖြုတ်ပစ်လိုက်ပြီ။ မင်းက အရေးမပါတော့ဘူး။ ယောကျ်ားကောင်း ဆိုတာ ရက်စက်ရတယ်ကွ။ အရှင်ကျန်းလီ... ကျုပ်ကို အပြစ်မတင်ပါနဲ့။ အစ်ကိုကြီး... ကျုပ်ကို အပြစ်မတင်ပါနဲ့။ ရှမ့်လန်... ငရဲကို သွားပေတော့။ မင်းကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်မယ်။”
ထို့နောက် ရှမ့်လန်နှင့် မီတာ ရာဂဏန်း အကွာသို့ ရောက်ချိန်မှာတော့ ရင်ကွမ်းသည် မရှိသော ဓားကို အစွမ်းကုန် ဝှေ့ယမ်းပြီး အားကုန် ခုတ်ချလိုက်၏။ သူ့စိတ်ကူးလောကထဲတွင် ရှမ့်လန်ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်သကဲ့သို့ပင်။
“ကောင်းပြီ... ရှမ့်လန်၊ မင်း သေပြီ။ အခု ကျန်းကလန် လုံးဝ မျိုးပြုတ်သွားပြီဆိုတော့ ဘယ်သူမှ ကျုပ်ကို အပြစ်တင်လို့ မရတော့ဘူး။ ကျုပ်ကို သစ္စာဖောက်လို့ ဘယ်သူမှ ပြောလို့ မရတော့ဘူး။ ဟား ဟား ဟား... ဟီး ဟီး ဟီး...”
ရင်ကွမ်းသည် ဝမ်းနည်းဖွယ် စူးရှသော ရယ်သံကြီး ပြုလုပ်လိုက်ပြီးနောက် ရုတ်တရက် ဘုန်းခနဲ မြေကြီးပေါ် လဲကျသွားပြီး ပြန်မထလာတော့ပေ။
… … …
လူအုပ်ကြီး ထပ်မံ တိတ်ဆိတ်သွားပြန်သည်။ ရည်မှန်းချက်ကြီးပြီး ရက်စက်သော ရင်ကွမ်းသည် ထိုကဲ့သို့ပင် သေဆုံးသွားခဲ့၏။ သူသည် မည်သည့် ဂုဏ်သိက္ခာ၊ ခမ်းနားထည်ဝါမှုမှ မရှိဘဲ သေဆုံးသွားခဲ့သည်။ အရူး တစ်ယောက်ကဲ့သို့ ရုတ်တရက် မြေကြီးပေါ် လဲကျသေဆုံးသွားခြင်း ဖြစ်သည်။ မသေဆုံးမီ သူသည် အလွန်တရာ အရှက်ရဖွယ် ကောင်းပြီး ဝမ်းနည်းဖွယ် အခြေအနေတွင် ရှိနေခဲ့သည်။
သိန်းချီသော လူအုပ်ကြီးသည် ဤအရာကို မယုံနိုင်အောင် ဖြစ်နေကြသည်။ ‘အဲဒါ ရင်ကွမ်းလေ၊ ကျန်းလီ အငယ်စားလေ။’
သူသည် လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်အတွင်း လောကကိုပါ ပြောင်းပြန်လှန်ပစ်နိုင်သည့် အထူးအရှိန်အဝါကြီး ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်၊ သုံးနှစ်အတွင်း သူသည် တော်ဝင်ရန်အင်ပါယာကို တိုက်ခိုက် ခဲ့သည်။ တော်ဝင်ရန်အင်ပါယာအပေါ် နဂါးနောင်တပင် ပစ်လွှတ်ခဲ့သည်။ ထို့အပြင် သဘာဝလွန် အင်အားစုများ၏ အစည်းအဝေး တွင် လွတ်လပ်ရေး ကြေညာခဲ့၏။
လူအများစုက သူ သေလိမ့်မည်ဟု ထင်ခဲ့ကြသော်လည်း တော်ဝင်ရန်အင်ပါယာနှင့် တိုက်ခိုက်ရင်း စစ်မြေပြင်တွင် သေဆုံးလိမ့်မည်ဟုသာ ထင်မှတ်ထားခဲ့ကြသည်။ သို့သော်ငြား ရှမ့်လန် လက်ချက်ဖြင့် သေဆုံးရလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပေ။ တစ်ဦးချင်းတိုက်ပွဲတွင် ရင်ဝူမင်ကို ရှမ့်လန် ချက်ချင်း သတ်ဖြတ်လိုက်ခြင်းကပင် လုံလောက်အောင် တုန်လှုပ်စရာ ကောင်းနေပြီ ဖြစ်သည်။ ရှမ့်လန် မည်သို့ လုပ်လိုက်သည်ကို သူတို့ မသိကြပေ။
ဤတစ်ကြိမ် ပို၍ပင် ထူးဆန်းနေသေး၏။ မည်သည့် အကြောင်းပြချက်မှ မရှိဘဲ အင်ပါယာရင်ကွမ်း ရုတ်တရက် ရူးသွပ်သွားသည်။ ထို့အပြင် သူ၏ခန္ဓာကိုယ် အပေါ်ပိုင်း တစ်ခုလုံး ပုပ်သိုးသွားပြီး လူမမည်၊ တစ္ဆေမမည် အခြေအနေသို့ ရောက်ရှိသွားသည်။
‘အရှင် ရှမ့်လန် ဘယ်လို လုပ်လိုက်တာလဲ။ သူ ရင်ကွမ်းကို ဘာလုပ်လိုက်တာလဲ။’
ဤသည်မှာ ကြံစည်မှုတစ်ခု ဖြစ်သော်လည်း လုံးဝဖောက်ပြန်သော လုပ်ရပ် မဟုတ်ပေ။ အဘယ်ကြောင့် ဆိုသော် ရှမ့်လန်သည် ဤကြံစည်မှုအတွက် အောင်ပွဲသုံးခုဖြင့် လမ်းခင်းပေး ခဲ့သောကြောင့်ပင်။
သူသည် တစ်ဦးချင်းတိုက်ပွဲတွင် ရင်ဝူမင်ကို သတ်ဖြတ်ခဲ့သည်။ နယ်စပ်တွင် တော်ဝင်ရင် အင်ပါယာ၏ စစ်သည် ငါးသိန်းကို ချေမှုန်းခဲ့၏။
ချန်မြို့တော် စစ်မြေပြင်တွင်လည်း သူသည် အံ့ဖွယ်အမှု တစ်ခုကို ပြသခဲ့သည်။ ဘီလီယံ ရာဂဏန်း ရှိသော အထူး ကူပိုးကောင်များ၏ ဝါးမျိုခြင်းကိုခံရသော်လည်း အသက်ရှင် ကျန်ရစ်ခဲ့သည်။ ထို့ကြောင့် လူတိုင်း၏ မျက်လုံးထဲတွင် ရှမ့်လန်သည် နက်နဲပြီး အံ့ဖွယ်ရာကောင်းသော ပုဂ္ဂိုလ် တစ်ဦး အဖြစ် ရှိနေဆဲ ဖြစ်သည်။
… …
ရှမ့်လန်သည် မြေကြီးပေါ်ရှိ ရင်ကွမ်း၏ အလောင်းကို ကြည့်လိုက်သည်။ အလွန်တရာ ဆိုးရွားလွန်းလှသည်။ နဂါးသေတ္တာသာ မရှိလျှင် ရင်ကွမ်း သေချင်မှ သေဦးမည်။ သူသည် ရောဂါဝေဒနာ ခံစားရင်း နောက်ထပ် လအနည်းငယ်ခန့် တောင့်ခံနိုင်ဦးမည် ဖြစ်သည်။ ရှေးဟောင်း နဂါးသေတ္တာကြောင့် ရင်ကွမ်း၏ သေဆုံးမှုသည် မြန်ဆန်သွားပြီး ပိုမို ဆိုးရွားသွားခဲ့ရ၏။
ရှမ့်လန်၏ ရန်သူစာရင်းထဲမှ အရေးကြီးသော နာမည်တစ်ခု ဖယ်ရှားခံလိုက်ရပြီ။ လူသုံးယောက်သာ ကျန်တော့သည်။ စေတီတောင် သခင်၊ တော်ဝင်ရန်အင်ပါယာ၊ X ပင်။
X က မည်သူနည်း။ သူက အင်ပါယာ ကျန်းလီကို သတ်ခဲ့တဲ့သူပင်။ ယခုအချိန်အထိ ဤလူ မည်သူဖြစ်သနည်း ဆိုသည်ကို ရှမ့်လန် မသိသေးပေ။ ရင်ကွမ်းလည်း မသိခဲ့ပေ။ သို့သော်ငြား တော်ဝင်ရန်အင်ပါယာသည် လျှို့ဝှက်ချက်အချို့ကို သိလိမ့်မည်ဟု သူ ယုံကြည်သည်။
ရင်ကွမ်း၊ ရင်ကလန်။ လက်ရှိတွင် ယောက်ျားအများစု သေဆုံးကုန်ကြပြီ ဖြစ်သည်။ ရင်ဝူချန်နှင့် အမျိုးသမီး သုံးဦးသာ ကျန်ရှိတော့သည်။ ရှမ့်လန်သည် ရင်ကွမ်း၏ ပုံပျက်နေသော မျက်နှာကို စိုက်ကြည့်နေမိသည်။ အလွန် ရှုပ်ထွေးလှသော ရင်ကွမ်း၏ အတွင်းစိတ်ကို သူ ခံစားနေရဆဲ ဖြစ်၏။
ရင်ကွမ်းသည် သူရဲကောင်း တစ်ဦး မဟုတ်ပေ။ ရည်မှန်းချက်ကြီးပြီး ရက်စက်သောသူ တစ်ယောက်ပင် မဟုတ်ချေ။ သူသည် အစွန်းရောက် အကျိုးအမြတ် ရှာဖွေသူ တစ်ဦးသာ ဖြစ်သည်။ သူ့ဘဝ တစ်ခုလုံးသည် အင်ပါယာ ကျန်းလီ၏ အရိပ်အောက်တွင် လွှမ်းမိုးခံခဲ့ရသည်။
အင်ပါယာ ကျန်းလီ အသက်ရှင်စဉ်က ရင်ကွမ်းသည် အင်ပါယာ ကျန်းလီ၏ အကြွင်းမဲ့ ယုံကြည်ရသော လူယုံ ဖြစ်ပြီး အင်ပါယာ ကျန်းလီ၏ ဆန္ဒကို ၁၂၀ ရာခိုင်နှုန်း အကောင်အထည် ဖော်ခဲ့သည်။ မင်းသားကျန်းလင်း မှာမူ ကျန်းလီ၏ ညီဖြစ်သော်လည်း သူ့တွင် ခိုင်မာသော ကိုယ်ပိုင်ဆန္ဒ ရှိ၏။
အခြားတစ်ဖက်တွင်မူ ရင်ကွမ်းသည် မွေးစားသား တစ်ဦး ဖြစ်သည်။ သူသည် ပြင်ပလူ ဖြစ်သော်လည်း အင်ပါယာ ကျန်းလီပြီးလျှင် ဒုတိယအကြီးဆုံး ဖြစ်သည်။ ထို့ကြောင့်လည်း သူသည် အခြားသူများထက် ပိုမို ကြိုးစား အားထုတ်ခဲ့သည်။ အခြားသူများထက် ပိုမို သစ္စာရှိခဲ့သည်။
ဤသည်မှာ Game of Thrones မှ သီယွန်ဂရေးဂျွိုင်းနှင့် ဆင်တူသည်။ သူသည် သံကျွန်းဘုရင် ဘာလွန်၏ သားဖြစ်သည်။ တိုက်ပွဲတွင် ရှုံးနိမ့်ပြီးနောက် သူသည် စတပ်မိသားစု၏ သုံ့ပန်း ဖြစ်လာခဲ့သည်။ မြို့စားစတပ်က သူ့ကို မွေးစားခဲ့ပြီး သူသည် နံပါတ်တစ် ဖြစ်လာရန် ကြိုးစားခဲ့သည်။ သူသည် မြို့စားစတပ်၏ သားထက်ပင် ပိုမို သစ္စာရှိခဲ့သည်။ နောက်ဆုံးတွင် သူသည် သံလူသားများကို ဦးဆောင်ပြီး စတပ်မိသားစု၏ ဝင်တာဖဲလ်ကို တိုက်ခိုက်ခဲ့သည်။ သူသည် ရက်စက်ဆုံးနှင့် ကျေးဇူးကန်းဆုံးသူ ဖြစ်ခဲ့သည်။ သူ၏ ကြီးပြင်းလာမှု လမ်းကြောင်း သည် ရင်ကွမ်းနှင့် ဆင်တူ၏။
ရင်ကွမ်း၌ စစ်မှန်သော ဘုရင်တစ်ပါး၏ စိတ်ဓာတ် မရှိခဲ့ပေ။ သူသည် နဂါးဝတ်ရုံ ဝတ်ဆင်ပြီး တော်ဝင်ရင်အင်ပါယာ ဖြစ်ကြောင်း ကြေညာခဲ့သော်လည်း သူ၏ လုပ်ရပ်များတွင် အလွန် ချုပ်တည်းထားသည်။ သူ လုံးဝ ပွင့်လင်းမြင်သာမှု မရှိပေ။ သူသည် ဂုဏ်သိက္ခာနှင့် အကျိုးစီးပွားကို လိုချင်ပြီး အလုံးစုံ မဟာဗျူဟာကို ကြည့်မည့်အစား သီးခြား ရည်မှန်းချက် တစ်ခုကိုသာ အမြဲ စွဲလမ်းနေတတ်သည်။
ချောင်ဘုရင်၊ ရွဲ့ဘုရင်၊ ဝူဘုရင်တို့သည် ရင်ကွမ်းလောက် မသန်မာကြသော်လည်း သူတို့အားလုံးတွင် ဘုရင်တစ်ပါး၏ စိတ်ဓာတ်မျိုး ရှိကြသည်။ အရေးကြီးသောအချိန်များတွင် သူတို့၏ ပြတ်သားမှုသည် လေးစားဖွယ်ရာကောင်းလှသည်။ သူတို့၏အရိုးထဲတွင် မာန်မာနရှိကြပြီး အမြင်အာရုံလည်း အလွန် ကောင်းမွန်ကြ၏။
ရင်ကွမ်းမှာမူ အံ့မခန်းဟု ထင်ရသော အကျိုးအမြတ်အချို့ကြောင့် အမြဲ ဆွဲဆောင်ခံရလေ့ ရှိသည်။ ဥပမာအားဖြင့် ရှမ့်လန်က ရင်ဝူမင်နှင့် တစ်ဦးချင်းတိုက်ခိုက်ရန် တောင်းဆိုသည်။ အကယ်၍ သူ နိုင်ပါက တော်ဝင်ချန် အင်ပါယာ၏ တရားဝင်ထီးနန်းကို ပေးမည်ဟုဆိုသည်။ ရလဒ်အနေဖြင့် ရင်ကွမ်းသည် ဆွဲဆောင်ခံရပြီး သဘောတူခဲ့သည်။
ရင်ဝူမင် ရှုံးနိမ့်သွားပြီးနောက် သူသည် အဆုံးထိ အရှက်မရှိ ငြင်းဆိုမည် သို့မဟုတ် လုံးဝ ရန်သူအဖြစ် ပြောင်းလဲသွားမည်။ နောက်ဆုံးတွင် သူ ထိုသို့ မလုပ်ခဲ့ပေ။ တော်ဝင်ချန်အင်ပါယာ၏ ထီးနန်းကို လွှဲပြောင်း ပေးခဲ့သော်လည်း တော်ဝင်ရင်အင်ပါယာကို တည်ထောင်ခဲ့သည်။ ကြည့်ရသည်မှာ ဉာဏ်ရှိပုံ ပေါက်သော်လည်း တကယ်တမ်းတွင် အလကားသာ ဖြစ်၏။
တော်ဝင်ရင်အင်ပါယာကို တည်ထောင်နိုင်သည်။ ရင်မိသားစုအတွက် တည်ထောင်ကို တည်ထောင်ရမည်။ သို့သော်ငြား အောင်ပွဲများဖြင့် လမ်းခင်းရန် လိုအပ်သည်။ တစ်ကြိမ်တည်း မဟုတ်ဘဲ ခမ်းနားထည်ဝါသော အောင်ပွဲများစွာဖြင့် မရေမတွက်နိုင်သောလူများ၏ နှလုံးသားကို လှုံ့ဆော်ပေးရန် လိုအပ်သည်။ ဤသည်မှာ တော်ဝင်ရင်အင်ပါယာကို တည်ထောင်ရန် အကောင်းဆုံး အခွင့်အရေး ဖြစ်သည်။
ယခုတွင်မူ ရင်ဝူမင် တစ်ဦးချင်းတိုက်ပွဲတွင် ရှုံးနိမ့်သွားသောကြောင့် တော်ဝင်ချန်အင်ပါယာ၏ ထီးနန်းကို လက်လွတ် ဆုံးရှုံးရတော့မည် ဖြစ်သည်။ ထို့ကြောင့် သူသည် စိတ်မရှည်စွာဖြင့် တော်ဝင်ရင်အင်ပါယာကို ချက်ချင်း တည်ထောင်ခဲ့သည်။ အရာရှိများနှင့် ပြည်သူများ မည်သို့ စိတ်အေးချမ်းနိုင်မည်နည်း။
ထို့နောက် မှန်က တစ်ညီတစ်ညွတ်တည်း မဲပေးရန် အဆိုပြုသည်။ ရင်ကွမ်း အနိုင်ရပါက တော်ဝင်ရန် အင်ပါယာ နှင့် အခြားနိုင်ငံများက တော်ဝင်ရင်အင်ပါယာ တည်ရှိမှုနှင့် ရင်မိသားစုကို တော်ဝင်မိသားစုတစ်ခု အဖြစ် အသိအမှတ်ပြုကြလိမ့်မည်။ ရလဒ်အနေဖြင့် ရင်ကွမ်းသည် အနှစ်သာရ မရှိသော ဘွဲ့ထူး ဂုဏ်ထူးကြောင့် ထပ်မံ ဆွဲဆောင်ခံရပြန်၏။
ချောင်၊ ဝူနှင့် ရွှဲ့ပြည်နယ်တို့ကို ကြည့်။ သူတို့သည် တော်ဝင်ရန်အင်ပါယာ၏ အသိအမှတ်ပြုမှုကိုပင် မလိုအပ်ပေ။ သူတို့သည် တော်ဝင်ရန်အင်ပါယာမှ ထိုအတိုင်း ခွဲထွက်သွားနိုင်သည်။ မင်းသားကျင်းကို ကြည့်။ တာ့နန်နိုင်ငံ တည်ထောင်စဉ်က အလွန်တရာ နုံချာလှသည်။ နိုင်ငံခြား သံတမန်တစ်ဦးမှပင် မရှိပေ။ သူသည် တော်ဝင်ရန် အင်ပါယာ၏ အသိအမှတ်ပြုမှုကို ဂရုမစိုက်ပေ။
ရှမ့်လန်ကို ကြည့်။ နုရှောင့်မြို့တွင် တော်ဝင်ချန်အင်ပါယာ တည်ထောင်စဉ်က ကလေးကစားစရာသဖွယ် ဖြစ်နေသည်။ အခြေခံ အခမ်းအနား တစ်ခုမှပင် မရှိပေ။ ဘိသိတ်သွန်း အခမ်းအနားဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။ ဤတော်ဝင်ချန်အင်ပါယာ ဆိုသည်မှာ ညီလာခံ တစ်ကြိမ်မျှပင် မကျင်းပဖူးသေးချေ။
ဤသည်မှာ ဘုရင်တစ်ပါး၏ စိတ်ဓာတ် ဖြစ်သည်။ သူသည် အလွန် အစွမ်းထက်သောကြောင့် ဤအနှစ်သာရ မရှိသော ဘွဲ့ထူးဂုဏ်ထူးများကို ဂရုမစိုက်ပေ။ ရင်ကွမ်းမှာမူ အနှစ်သာရ မရှိသော ဘွဲ့ထူးဂုဏ်ထူးကြောင့် အမြဲ သွေးဆောင်ခံခဲ့ရသည်။
ဤအရာမှာ တုံးအသောကြောင့်လား။ မဟုတ်ချေ။ ရင်ကွမ်းတွင် လိုအပ်ချက် အရမ်းများနေသောကြောင့် ဖြစ်သည်။ ရင်မိသားစုသည် သစ္စာဖောက်ဟူသော နာမည်ဆိုးဖြင့် အစဉ်အမြဲ ကျော်ကြားနေခဲ့သူများ ဖြစ်သည်။ ရင်ကွမ်းကမူ ထိုနာမည်ကို ဂရုမစိုက်ဟု ဆိုလိုသော်လည်း လက်တွေ့တွင်မူ ဤအမှတ်သင်္ကေတကို ဖယ်ရှားကာ လောကရှိ ဘုရင်အားလုံးနှင့် တန်းတူဖြစ်ရန် အမြဲအိပ်မက်မက်နေခဲ့သူဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သူ၏ဘဝတစ်ခုလုံးမှာ ကျန်းလီ၏ အရိပ်အောက်တွင်သာ ဖြတ်သန်းခဲ့ရပြီး၊ တော်ဝင်ချန် အင်ပါယာကိုလည်း ခိုးယူခဲ့ခြင်းကြောင့်ပင်။ သူသည် နေရာမှန်တွင် ရှိမနေခြင်းကြောင့် ဂုဏ်သတင်းကောင်းကို ပိုမို တောင့်တနေခဲ့ရသည်။ တကယ်တော့ ကျန်းမိသားစုက သူ့ကို မွေးစားလိုက်တည်းကပင် ဤလမ်းကြောင်းက သတ်မှတ်ပြီးသား ဖြစ်နေခဲ့သည်။
မင်းသားကျင်းသည် သဲကန္တာရလူရိုင်းများကို ပေါင်းစည်းကာ စွမ်းအားကြီးမားသော ယဉ်ကျေးမှုနိုင်ငံတော် တည်ထောင်လိုသည့် ရည်မှန်းချက်ရှိသော သူရဲကောင်းတစ်ဦး ဖြစ်သည်။ ထို့အတူ စုနန်သည်လည်း စုကလန်ကို အထွတ်အထိပ်သို့ ပို့ဆောင်ရန် ရည်မှန်းချက်ကြီးမားပြီး ရက်စက်သူဖြစ်ရာ ထိုရည်မှန်းချက် အတွက် ရွှဲ့ပြည်နယ်ကို သစ္စာဖောက်ခြင်း၊ ချင်နိုင်ငံနှင့် ပူးပေါင်းခြင်း၊ မင်းသားကျင်းကို သစ္စာခံခြင်းနှင့် ရှမ့်လန်၏ ခြေဖဝါးအောက်တွင် ဒူးထောက်ခြင်းတို့ကိုပင် ဘာမဆို လုပ်ရဲသူဖြစ်၏။
သို့သော်ငြား ရင်ကွမ်းမှာမူ ထိုသူများနှင့် မတူညီဘဲ သဘာဝအရ မပြည့်စုံသည့် ဘုရင်တစ်ပါးကဲ့သို့ ဖြစ်နေသည်။ ချန်နိုင်ငံသစ်ဘုရင်အဖြစ် သူ ရပ်တည်နိုင်ခြင်းမှာလည်း တော်ဝင်ရန်အင်ပါယာ၏ ထောက်ပံ့မှုကြောင့်သာ ဖြစ်သည်။ ရင်ကွမ်း၏စိတ်အတွင်း၌ မာန်မာနနှင့် မလုံခြုံမှုများ ပြည့်နှက်နေသဖြင့် စစ်မှန်သည့် ဘုရင်တစ်ပါးကဲ့သို့ အမြဲ ဟန်ဆောင်နေရသည်။
ထို့ကြောင့် တော်ဝင်ရန်မြို့တော်၌ ရှိနေစဉ်က မင်းသားလျန်နှင့် တော်ဝင်ရန်အိမ်ရှေ့စံတို့၏ ရှေ့မှောက်တွင် မြင့်မြတ်ပြီး အထက်စီးဆန်သည့် ပုံစံကို အသည်းအသန် ထိန်းသိမ်းပြသခဲ့ရုံမျှမက အချိန်အများစုတွင်လည်း အေးစက်တိတ်ဆိတ်ပြီး ခန့်ညားထည်ဝါနေစေရန် အမြဲကြိုးစားနေခဲ့ရ၏။
အခြားတစ်ဖက်တွင်မူ ရင်ဝူမင်သည် ဘုရင်တစ်ပါး၌ ရှိသင့်သည့် နှလုံးသားမျိုး အမှန်တကယ် ရှိခဲ့သော်လည်း ကံဆိုးစွာဖြင့် သူ၏ အရည်အချင်းများကို အပြည့်အဝ မပြသနိုင်ခင်မှာပင် ရုတ်တရက် သေဆုံးသွား ခဲ့ရရှာသည်။
အပိုင်း (၁၁၆၆)
“ရင်ကွမ်းရဲ့ ဘဝက ဝမ်းနည်းစရာပဲ။” ရှမ့်လန် ဖြည်းညင်းစွာ ပြောလိုက်သည်။ ဤသည်မှာ ရင်ကွမ်းအပေါ် နောက်ဆုံး စီရင်ချက်ဟု မှတ်ယူနိုင်သည်။ ထို့နောက် ရှမ့်လန် လက်ဝှေ့ယမ်းလိုက်သည်။
အထူးစစ်သည်တော် နှစ်ဦးသည် ခေါင်းတလား တစ်လုံးကို ချက်ချင်း သယ်ဆောင်လာကြသည်။ ခဲဖြင့် ပြုလုပ်ထားသော ခေါင်းတလား ဖြစ်၏။
“ရွှီ ရွှီ...”
ရှည်လျားသော ချိတ်များ ပစ်လွှတ်လိုက်ပြီး ရင်ကွမ်း၏ အလောင်းကို ချိတ်ကာ ခဲခေါင်းတလား အတွင်းသို့ ထည့်လိုက်ကြသည်။
“ဘုန်း...”
ထို့နောက် ခေါင်းတလား လုံးဝပိတ်သွားပြီး ဓာတ်ရောင်ခြည်များကို အတွင်းတွင် ပိတ်လှောင် ထားလိုက်၏။
နောက်ပိုင်းတွင် ရင်ကွမ်း၏ အလောင်းကို သုတေသန အမျိုးမျိုး ပြုလုပ်ရန် နုရှောင့်မြို့သို့ သယ်ဆောင် သွားမည် ဖြစ်သည်။ အလဟဿ အဖြစ်ခံ၍ မဖြစ်ပေ။ ထိုသူ့သိုင်းပညာသည် အံ့မခန်းဖြစ်ပြီး ရင်ဝူမင်ထက် များစွာ သာလွန်သည်။ ဘာပဲပြောပြော ထိုသူက ကျန်းလီ အငယ်စားပင်။
ထို့နောက် ရှမ့်လန်သည် ချန်မြို့တော်ရိုးပေါ်ရှိ စစ်သည် နှစ်သိန်းခွဲကို ကြည့်လိုက်သည်။ ထိုအထဲမှ စစ်သည် နှစ်သိန်း၏ စိတ်ဓာတ်သည် လုံးဝနီးပါး ပြိုလဲနေပြီ ဖြစ်သည်။ သူတို့သည် သာမန်လူများ ဖြစ်ကြသည်။ ရင်ကွမ်းကို နှစ်ပေါင်းများစွာ သစ္စာရှိခဲ့ကြသော်လည်း ယနေ့ ဖြစ်ပျက်ခဲ့သမျှသည် တုန်လှုပ်ဖွယ် ကောင်းလွန်း လှသည်။ ရင်ကွမ်းသည် သနားစရာကောင်းသော ရူးသွပ်သူတစ်ဦး ဖြစ်သွားခဲ့သည်။ ရင်ကွမ်းသည် ဘုရင်တစ်ပါး၏ အရှိန်အဝါ လုံးဝ ပျက်စီးသွားပြီး လူတိုင်းရှေ့တွင် ဆိုးရွားစွာ သေဆုံးသွားခဲ့သည်။
‘ရင်ကွမ်း သေပြီ၊ ရင်ဝူမင် သေပြီ၊ ရင်ဝူချယ် သေပြီ၊ ရင်ဝူချန် အဖမ်းခံရပြီ။ ရင်မိသားစု တစ်ခုလုံး ပြီးသွားပြီ။’
သူတို့ မည်သူ့ကို သစ္စာရှိရအုံးမည်နည်း။
သို့သော်ငြား ငရဲတပ်တော် ငါးသောင်းနှင့် အထူးစစ်သည်တော် တစ်ထောင်ငါးရာတို့သည် ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်ကို ခံစားခဲ့ရသော်လည်း သူတို့သည် သာမန်လူများ မဟုတ်ကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် သွေးမျိုးဆက် ပြောင်းလဲခြင်း ခံထားရသောကြောင့်ပင်။။ အမိန့်နာခံခြင်းသည် သူတို့၏ သဘာဝ ဖြစ်၏။
ရင်ကွမ်း သေဆုံးမှုသည် သေစေနိုင်လောက်သော်လည်း ဤလူ ငါးသောင်းကျော်၏ စိတ်ဓာတ်သည် ပြိုလဲမည် မဟုတ်ပေ။ အမိန့်ပေးလိုက်သည်နှင့် သူတို့သည် အဆုံးထိ တိုက်ခိုက်ကြဦးမည် ဖြစ်သည်။ အတိုင်းအတာ တစ်ခုအထိ ပြောရလျှင် သူတို့ကို စေတီတောင်၏ တပ်တော်ဟု သတ်မှတ်နိုင်သည်။ တော်ဝင်ရင်အင်ပါယာနှင့် ပူးပေါင်းထားသော ငရဲတပ်တော်ကိုပင် စေတီတောင်က လေ့ကျင့်ပေးထားခြင်း ဖြစ်သည်။
တော်ဝင်ရင်အင်ပါယာနှင့် စေတီတောင်သည် တစ်သားတည်း ဖြစ်သည်ဟု ပြောခြင်းထက် စေတီတောင်သည် တော်ဝင်ရင်အင်ပါယာကို ပိုင်ဆိုင်ပြီး တော်ဝင်ရင်အင်ပါယာ၏ ဦးနှောက်ကို ထိန်းချုပ်ထားသည်ဟု ပြောခြင်းက ပိုမို မှန်ကန်ပေလိမ့်မည်။ ကျိန်စာသင့် မိစ္ဆာမယ်တော်ကြီးက ရေဘဝဲကြီး၏ ခန္ဓာကိုယ်ကို ပူးကပ်ပြီး သူမ၏ ဆန္ဒကို အပြည့်အဝ ဖန်တီးသကဲ့သို့ပင်။
… …
ဂိုဏ်းချုပ်ရန် ချန်မြို့တော်တွင် မရှိပေ။ သူ ဘယ်ရောက်သွားမှန်း မည်သူမှ မသိကြပေ။ ရင်ကွမ်း သေဆုံးသွားပြီ ဖြစ်သောကြောင့် လက်ရှိ ချန်မြို့တော်ကို အုပ်ချုပ်နေသူများမှာ ရန်တန်ရှောင်နှင့် ရင်ရင် တို့ ဖြစ်ကြ၏။
‘ဘာဆက်လုပ်ကြမလဲ။ ဆက်တိုက်မလား။ ဒါမှမဟုတ် ခံစစ်ပြင်ပြီး စစ်ကူ စောင့်မလား။’
မူလက ရင်ကွမ်း ရှိနေစဉ် ချန်မြို့တော်သည် တိုက်ခိုက်ရန် အလွန် ခက်ခဲသည်။ အဘယ်ကြောင့်ဆိုသော် နဂါးအရှိန်အဝါ နှစ်ခုနှင့် ရှေးဟောင်း စွမ်းအင်အမြုတေ ဒါဇင်ပေါင်းများစွာ ရှိနေသောကြောင့်ပင်။
ရင်ကွမ်းသာ အရာရာကို ဂရုမစိုက်ဘဲ ရှေးဟောင်း စွမ်းအင်အမြုတေများကို ပစ်ခတ်လိုက်ပါက ဤတိုက်ပွဲသည် အလွန် ဒုက္ခရောက်ပေလိမ့်မည်။
မဖြစ်မနေလိုအပ်မှသာ ရှမ့်လန်က ကြားဖြတ်ဟန့်တားခြင်းကို အသုံးပြုလိုသည်။ ထို့အပြင် ကြားဖြတ် ဟန့်တားခြင်း နည်းပညာကို အသုံးပြုလျှင်ပင် ရင်ကွမ်းက နဂါးအရှိန်အဝါ ပစ်လွှတ်စင်၏ ဦးတည်ချက်ကို ပြောင်းပြီး အရပ်မျက်နှာ အမျိုးမျိုး၊ အကွာအဝေး အမျိုးမျိုးမှ ရှေးဟောင်း စွမ်းအင်အမြုတေများကို ပစ်ခတ်လိုက်လျှင် ရှမ့်လန် ဘာလုပ်နိုင်မည်နည်း။
သူ၏ ကြားဖြတ် ဟန့်တားခြင်းတွင် အကွာအဝေး ကန့်သတ်ချက် ရှိသည်။ သတ်မှတ်ထားသော အကွာအဝေး အတွင်း တစ်ကြိမ်လျှင် တစ်ခုသာ ကြားဖြတ် ဟန့်တားနိုင်သည်။ သို့ပေမည့် ရင်ကွမ်း သေသွားပြီဖြစ်သည်။ ရန်တန်ရှောင်နှင့် ရင်ရင်တို့သည် နဂါးအရှိန်အဝါများကို အသုံးပြုနိုင်သေးသော်လည်း ဝမ်းနည်းစရာ ကောင်းသည်မှာ သူတို့တွင် ရှေးဟောင်း စွမ်းအင်အမြုတေများ၏ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးခြင်း စကားဝှက် မရှိကြပေ။ ချန်မြို့တော်တွင် လူနှစ်ယောက်သာ သိရှိသည်။ ရင်ကွမ်းနှင့် ရင်ဝူမင်ပင်။ ရှေးဟောင်း စွမ်းအင်အမြုတေများ မရှိလျှင် ရှမ့်လန်၏ တပ်တော်ကို သူတို့ မည်ကဲ့သို့ တိုက်မည်နည်း။
တော်ဝင်ချန် တပ်တော် အနေဖြင့် အသေးစား နဂါးအရှိန်အဝါများနှင့် အမြှောက်များကို ဆက်တိုက် ပစ်ခတ်နေရုံသာ ရှိတော့သည်။
“ချန်မြို့တော်ကို ကာကွယ်ပြီး ဂိုဏ်းချုပ်ရန် စစ်ကူလာမှာကို စောင့်မယ်။”
မင်းသမီး ရင်ရင်က ပြောလိုက်၏။ “ပြီးရင် နှစ်ဖက်ညှပ်တိုက်ပြီး ရှမ့်လန်ရဲ့ တပ်တော်ကို သတ်ပစ်မယ်။”
ရန်တန်ရှောင် တိတ်ဆိတ်နေသည်။ သူသည် ချန်မြို့တော်ကို လုံးဝ မကြိုက်ပေ။ တကယ်တော့ သူသည် တော်ဝင်မိသားစု ဆိုသည်ကို လုံးဝ မကြိုက်ပေ။ သူ နှစ်သက်သည်မှာ စေတီတောင် ဖြစ်သည်။ ထို့ကြောင့်လည်း သူက လွန်ခဲ့သော ဆယ်စုနှစ်များစွာအတွင်း စေတီတောင်၌ နေထိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ရင်ကွမ်းက စေတီတောင်နှင့် ဂိုဏ်းချုပ်ရန်ကို ပုတ်ခတ်ပြီး မနှစ်မြို့ဖွယ်စကား အများကြီး ပြောခဲ့သေး၏။ သို့သော်ငြား ဂိုဏ်းချုပ်ရန်၏ အမိန့်မရှိဘဲ သူ မဆင်မခြင် မလုပ်ရဲချေ။
မင်းသမီး ရင်ရင်က ပြောလိုက်သည်။ “နောက်တစ်ခု ရှိသေးတယ်။ ချန်မြို့တော်က ရှမ့်လန်ရဲ့ တော်ဝင်ချန် အင်ပါယာ မြို့တော်လေ။ သူ တိုက်ရဲမှာ မဟုတ်ဘူး။ သူက ပြည်သူ့နှလုံးသားကို လိုချင်တယ်၊ ပြီးပြည့်စုံတဲ့ ချန်မြို့တော်ကို လိုချင်တယ်။ ကျွန်မတို့ ဒါကို အသုံးချရမယ်။”
ရန်တန်ရှောင် ဆက်လက် တိတ်ဆိတ်နေ၏။
မင်းသမီး ရင်ရင်က ပြောလိုက်သည်။ “အရေးအကြီးဆုံး အချက်က ရှမ့်လန်ကိုယ်ပွားက ကျွန်မတို့လက်ထဲမှာ ရှိနေတုန်းပဲ။ ရှမ့်လန်မှာ သေစေနိုင်တဲ့ အားနည်းချက် တစ်ခု ရှိတယ်။ သူက သိပ်သစ္စာရှိလွန်းတယ်။ ကိုယ်ပွားရဲ့ အသက်ကို သုံးပြီး ခြိမ်းခြောက်လိုက်တာနဲ့ သူ မြို့ကို မတိုက်ရဲလောက်ဘူး။
ဒီအချက်တွေကို အခြေခံပြီး ကျွန်မတို့ ချန်မြို့တော်ကို ကာကွယ်မယ်၊ ဂိုဏ်းချုပ်ရန်ရဲ့ စစ်ကူကို စောင့်မယ်။ ပြီးရင် ရှမ့်လန် တပ်တော်ကို သတ်ပြီး တော်ဝင်ချန်အင်ပါယာ ဆိုတာကို ဖျက်ဆီးပစ်မယ်။”
မင်းသမီး ရင်ရင်က ပြောလိုက်၏။ “ရင်ကလန်မှာ ယောကျ်ားလေး မကျန်သလောက် ဖြစ်နေပြီ။ ဂိုဏ်းချုပ်ရန် မှာလည်း ဆက်ခံသူ မရှိဘူး။ ဒါကြောင့် နောင်တစ်ချိန်ကျရင် ကျွန်မတို့ရဲ့ကလေးက စေတီတောင်နဲ့ တော်ဝင်ရင်အင်ပါယာရဲ့ ဆက်ခံသူ ဖြစ်လာနိုင်တယ်။”
ရန်တန်ရှောင် တိတ်ဆိတ်နေဆဲပင်။
မင်းသမီး ရင်ရင် ဒေါသတကြီး ပြောလိုက်သည်။ “တစ်ခုခု ပြောလေ။”
ရန်တန်ရှောင်က ပြောလိုက်၏။ “ဒါဆို ဒီအတိုင်း လုပ်ကြတာပေါ့”
သူ့လေသံမှာ အေးစက်နေသည်။ ဆုံးဖြတ်ချက် ချရသည်ကို သူ မကြိုက်ပေ။
… …
နောက်တစ်နေ့ အရုဏ်တက်ချိန်၌ ရှမ့်လန်၏ စစ်သည်ငါးသောင်းက အဆင်သင့်ဖြစ်နေပြီး အသေးစား နဂါးအရှိန်အဝါ အားလုံးကို ငရဲမီး အမြှောက်ဆံများနှင့် တပ်ဆင်ထားသည်။ အမြှောက် အားလုံး ကျည်ဖြည့်ထားသည်။ ချန်မြို့တော်ကို ကြိုက်သည့်အချိန် တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေသည်။
ထို့နောက် မြို့ရိုးပေါ်တွင် လူတစ်ယောက် ပေါ်လာသည်။ ကိုယ်ပွား မှန်ကို စေတီတောင် မဟာပညာရှင် ငါးဦး ဝိုင်းရံထားပြီး လည်ပင်းတွင် ဓားများ တင်ထား၏။
မင်းသမီး ရင်ရင်သည် မြို့ရိုးပေါ်သို့ လျှောက်လာပြီး အေးစက်စွာ ပြောလိုက်သည်။ “အရှင် ရှမ့်လန်... ဒါ ရှင့်ရဲ့ ချန်မြို့တော်၊ ရှင့်ရဲ့ တော်ဝင်ချန်အင်ပါယာ မြို့တော်ဟောင်းလေ။ ရှင် ပစ်ခတ်လိုက်တာနဲ့ နှစ်ပေါင်းရာချီ သက်တမ်းရှိတဲ့ ဒီမြို့ကြီး အပျက်အစီး ဖြစ်သွားလိမ့်မယ်။ ဒီမှာ နေထိုင်တဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေ ရှိသေးတယ်။ ပြည်သူ့နှလုံးသားကို လိုချင်သေးလား။ ရှင် တိုက်ခိုက်လိုက်တာနဲ့ ပြည်သူ့နှလုံးသား ပျက်စီးသွားမယ်လို့ ကျွန်မ အာမခံတယ်။”
ရှမ့်လန် မျက်မှောင်ကြုတ်လိုက်သည်။ သူ ဤသို့ အချိုးမျိုးကို အမုန်းဆုံးဖြစ်၏။ တွန့်ဆုတ်ခြင်း မရှိဘဲ သူ အမိန့်ပေးလိုက်၏။
“ပစ်”
“ရွှီ… ရွှီ… ရွှီ… ရွှီ… ရွှီ...”
အသေးစား နဂါးအရှိန်အဝါ အမြှောက်ဆံ ၁၃၀ ပစ်ခတ်လိုက်သည်။ ၂၅၀ ကီလိုဂရမ် လေးသော ငရဲမီး အမြှောက်ဆံများ ပစ်ခတ်လိုက်သည်။ ၎င်းတို့သည် လေထဲတွင် ရှည်လျားသော မျဉ်းကွေးကြီးဆွဲပြီး ချန်မြို့တော်ထဲသို့ ကျရောက်သွားသည်။
“ဘုန်း ဘုန်း ဘုန်း ဘုန်း...”
ငရဲမီး အမြှောက်ဆံ ၁၀၀ ကျော် မြို့ရိုးပေါ်တွင် ပေါက်ကွဲသွားသည်။ မရေမတွက်နိုင်သော စစ်သည်များ အပိုင်းပိုင်း အစစ ဖြစ်သွားကြ၏။ ချန်မြို့တော် တစ်ခုလုံး တုန်ခါသွားသည်။ အလွန် ခိုင်ခံ့သော မြို့ရိုးများတွင်ပင် အပေါက်ကြီး အနည်းငယ် ဖြစ်ပေါ်သွားခဲ့သည်။ မီတာ ဒါဇင်ချီ ထူသော မြို့ရိုးများသည် အလွန် ခိုင်ခံ့လွန်းပြီး ဖောက်ထွင်းရန် အလွန် ခက်ခဲ၏။
ဟုတ်ပေသည်။ ရှမ့်လန် ဖောက်ထွင်း၍ရ၏။ နှစ်တန်လေးသည့် တန်စတင် သံချပ်ကာဖောက် အမြှောက်ဆံ တွေကို သုံးလိုက်ရုံသာဖြစ်သည်။ သို့ပေမည့် အဓိပ္ပာယ် မရှိချေ။ ရှမ့်လန်၏ တပ်တော်က တာဝေးပစ်ခတ်မှုမှာ အားကောင်းသော်လည်း အနီးကပ် တိုက်ပွဲတွင် အားနည်းသည်။
မြို့ရိုးကို ဖောက်ထွင်း၍ ချန်မြို့တော်အတွင်းသို့ ချဉ်းနင်းဝင်ရောက်ကာ ငရဲတပ်တော်နှင့် ရင်ဆိုင်တိုက်ခိုက် လျှင်ပင် အထူးတပ်ဖွဲ့များအနေဖြင့် အနီးကပ်တိုက်ပွဲတွင် အသာစီးရရန် မလွယ်ကူပေ။ ထိုအခြေအနေတွင် သူက ရင်ရင်၏ မျက်နှာကို ရိုက်နှက်လိုက်သလိုပင် ဖြစ်စေခဲ့၏။
“ကျုပ်က ချန်မြို့တော်ကို မတိုက်ရဲဘူးလို့ ပြောတယ်၊ ချန်မြို့တော် ပြည်သူတွေရဲ့ နှလုံးသားကို ဂရုစိုက်နေတယ်လို့လည်း ပြောတယ်။ ရယ်စရာပဲ။ ချန်မြို့တော် ပြည်သူတွေက ကျုပ်ရဲ့ နှလုံးသားကိုမှ ဂရုမစိုက်ကြတာ၊ ကျုပ်က ဘာဖြစ်လို့ သူတို့ကို ပြန်ပြီး ဂရုစိုက်နေရမှာလဲ။”
အတိတ်ကို ပြန်ကြည့်လျှင်လည်း ချန်မြို့တော် ပြည်သူများသည် ရှမ့်လန်ကို ဂြိုဟ်ဆိုးဟု သတ်မှတ်ကာ ထွက်သွားရန် ထပ်ခါတလဲလဲ တောင်းဆိုခဲ့ကြသူများ ဖြစ်သည်။ ရင်ကွမ်းမှာ သစ္စာဖောက်သူမှန်း သိရက်နှင့် သူတို့သည် ရင်ကွမ်းကိုသာ ထောက်ခံရန်နှင့် သစ္စာရှိရန် ရွေးချယ်ခဲ့ကြသည်။ ထိုအဖြစ်အပျက်များအားလုံးကို ရှမ့်လန်က ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။ ထို့အပြင် ရှမ့်လန်သည် အငြိုးအတေး အလွန်ကြီးသူတစ်ဦးလည်း ဖြစ်သည်။
ရှမ့်လန် မဲ့ပြုံး ပြုံးပြီး ပြောလိုက်၏။
“ရင်ရင်၊ ရန်တန်ရှောင်... ခင်ဗျားတို့ရဲ့ လှည့်ကွက်တွေကို သိမ်းထားလိုက်။ ကျုပ် ချန်မြို့တော်ကို လုံးဝ ဂရုမစိုက်ဘူး။ ချန်မြို့တော်က လူတွေကို လုံးဝ ဂရုမစိုက်ဘူး။ မဲပေးကြတုန်းက ချန်မြို့တော်လူတွေက ရင်ကွမ်းကို မဲပေးခဲ့ကြတယ် မဟုတ်လား။ ကျုပ်တို့ အားလုံး အရွယ်ရောက်ပြီးသား လူတွေပဲ။ ကိုယ့်လုပ်ရပ် ကိုယ် တာဝန်ယူရမှာပေါ့။
ဟုတ်တယ်။ ချန်မြို့တော်က ကျုပ်တို့ တော်ဝင်ချန်အင်ပါယာရဲ့ မြို့တော်ဟောင်း။ ဒါပေမဲ့ ဘာဖြစ်လဲ။ ကျုပ် ဒီမှာ တစ်ရက်မှ မနေဖူးဘူး။ ဒီနေရာနဲ့ ပတ်သက်ပြီး ဘာသံယောဇဉ်မှ မရှိဘူး။ အိမ်အနည်းငယ် ဖောက်ခွဲတာကို မပြောနဲ့အုံး။ လိုအပ်ရင် ဒီနေရာကို မြေလှန်ပစ်လိုက်ရလည်း ကျုပ် ဂရုမစိုက်ဘူး။”
ရှမ့်လန် ကျယ်လောင်စွာ ပြောလိုက်သည်။ “ကျုပ်အသံက အရမ်း ကျယ်တယ်။ လူတိုင်း ရှင်းရှင်းလင်းလင်း ကြားရတယ်။ ပြည်သူ့နှလုံးသားဆိုတာကို ကျုပ် လုံးဝ ဂရုမစိုက်ဘူး၊ အထူးသဖြင့် ကျုပ်ကို မထောက်ခံတဲ့ သူတွေရဲ့ နှလုံးသားကိုပေါ့။”
ဤစကားများကို ပြောလိုက်ချိန်မှာတော့ လူအများအပြား၏ မျက်နှာထားများ ချက်ချင်း ပျက်ရွင်းသွားကြသည်။ တော်ဝင်ချန်အင်ပါယာ ဆိုသူ၏ စကားများက တည့်တိုးဆန်လွန်းပြီး ဘုရင်တစ်ပါးနှင့် လုံးဝ မတူချေ။ ဇွတ်တရွတ် ဆန်လွန်းလှ၏။
ရင်ရင်က လက်ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။ “ဒါဆို ဒီကိုယ်ပွားရဲ့ အသက်ကိုကော ဂရုစိုက်လား။”
ရှမ့်လန်က မှန်ကို ကြည့်ပြီး ပြောလိုက်၏။ “ဟုတ်တယ်။ ဂရုစိုက်တာပေါ့။ မဟုတ်ရင် ကျုပ် ဘာလို့ အခုထိ မပစ်ဘဲ နေနေတာလဲ။ မှန် ခင်ဗျားတို့လက်ထဲမှာ မရှိရင် ကျုပ် အမြှောက်တွေ သုံးပြီး ခင်ဗျားတို့ အားလုံးကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်ပြီ။”
မင်းသမီး ရင်ရင်က အေးစက်စွာ ပြောလိုက်သည်။ “ကျွန်မ အမိန့်ပေးလိုက်တာနဲ့ ဒီကိုယ်ပွားကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်လို့ ရတယ်။ ဒါကြောင့် အရှင်ရှမ့်လန်... ကျွန်မကို မဖိအားပေးပါနဲ့။ မဟုတ်ရင် နောင်တရလို့တောင် မရဘူးဖြစ်မယ်။”
ချက်ချင်းပဲ စေတီတောင် မဟာပညာရှင် ငါးဦးသည် ဓားထက်များဖြင့် ဖိချလိုက်သည်။ မှန်၏ မျက်နှာပေါ်မှ သွေးများ စီးကျလာ၏။
ရင်ရင် အေးစက်စွာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။ “အရှင်ရှမ့်လန်... ဒီကိုယ်ပွားက ရှင်နဲ့ သိပ်တူလွန်းတယ်။ ဒါကြောင့် သူ့မျက်နှာပေါ်မှာ အမှတ်အသားတစ်ခု ထားခဲ့ဖို့ လိုမယ် ထင်တယ်။ ဒါမှ နောက်ကျရင် ရှင်တို့ နှစ်ယောက်ကို ခွဲခြားလို့ ရမှာပေါ့။”
ရှမ့်လန် ရယ်မောလိုက်ပြီး ပြောလိုက်၏။ “ခင်ဗျားတို့က ခံစစ်ပြင်ပြီး စစ်ကူ စောင့်ချင်တာ မဟုတ်လား။ ဂိုဏ်းချုပ်ရန် စေတီတောင်တပ်တော်ကို ခေါ်လာပြီး အတွင်းအပြင် ညှပ်တိုက်တာကို စောင့်ချင်တာ မဟုတ်လား။ ကျုပ်တပ်တော်ကို လုံးဝ သုတ်သင်ချင်တာ မဟုတ်လား။”
ရင်ရင် ရယ်မောလိုက်ပြီး ပြောလိုက်သည်။ “အရှင်ရှမ့်လန်က တကယ်ပဲ ဉာဏ်ကောင်းတယ်။ ဒါပေမဲ့ ဒါက မဖြစ်နိုင်ဘူးလား။ အတွင်းအပြင် ညှပ်တိုက်ခံရမယ့် ကံကြမ္မာကနေ ရှောင်ချင်ရင် ထွက်ပြေးပြီး တပ်ဆုတ်လိုက်လေ။ မဟုတ်ရင် တိုက်ရိုက် တိုက်ခိုက်ပြီး ရှင့်ရဲ့ကိုယ်ပွား အပိုင်းပိုင်း ဆုတ်ဖြဲခံရတာကို ကြည့်နေလိုက်။
အရှင် ရှမ့်လန်... ကိုယ်ပွားလေး တစ်ယောက်ပဲလေ။ လုံးဝ တန်ဖိုးမရှိပါဘူး။ ပြီးတော့ ဒီကိုယ်ပွားက လောကကို ထုတ်ပြပြီးပြီ။ နောက်ကျရင် ဘာမှ သုံးစားလို့ ရတော့မှာ မဟုတ်ဘူး။ သူ သေသွားလည်း ကိစ္စ မရှိပါဘူး။”
ရင်ရင်က ပြောလိုက်၏။ “အရှင် ရှမ့်လန်... ဒီလို ဟန်ဆောင်မှုမျိုးနဲ့ ဓားစာခံ အလုပ်ခံနေမှာလား။ အရှင် ရှမ့်လန်... ရုန်းကန်မနေပါနဲ့တော့။ လက်နက် ချမလား၊ ဒါမှမဟုတ် ပစ်မလား။ ဒါဆိုရင် ကျွန်မတို့ ရှင့်ရဲ့ ကိုယ်ပွားကို သတ်လိုက်မယ်။
ကျွန်မ ရေတွက်တော့မယ်။ ပြီးသွားရင် အားလုံး လက်နက်ချကြ။ မဟုတ်ရင် ရှင့်ကိုယ်ပွားရဲ့ လက်မောင်း တစ်ဖက်ကို ဖြတ်ပစ်မယ်။”
ရင်ရင် အေးစက်စွာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။ “ဆယ်... ကိုး... ရှစ်... ခုနစ်...”
“ရှမ့်လန် ကိုယ်ပွားရဲ့ လက်မောင်း တစ်ဖက် ဖြတ်ဖို့ ပြင်ထား။” ရင်ရင် တည်ငြိမ်စွာ ပြောလိုက်၏။
ထို့နောက် စေတီတောင် မဟာပညာရှင် တစ်ဦးသည် ဓားကို မြှောက်လိုက်သည်။ နောက်တစ်စက္ကန့်တွင် မှန်၏ ဘယ်ဘက်လက်မောင်း ပြတ်သွားနိုင်ပေသည်။
ရှမ့်လန်သည် ရယ်ကာမောကာဖြင့် ပြောလိုက်၏။ “ရန်တန်ရှောင်၊ ရင်ရင်... ခင်ဗျားတို့ မကြောက်ဘူးလား။ ရင်ကွမ်း ဒီလောက်ဆိုးဆိုးရွားရွား သေတာကို မြင်ပြီး မကြောက်ကြဘူးလား။”
ဤစကားပြောသည့်အချိန်တွင် ရန်တန်ရှောင်နှင့် ရင်ရင်တို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
ရှမ့်လန်က ပြောလိုက်၏။ “ခင်ဗျားတို့ နှစ်ယောက်က ရင်ကွမ်းနဲ့ အချိန်အကြာကြီး ထိတွေ့ ခဲ့ကြတယ်၊ သူ့ခန္ဓာကိုယ်ကိုတောင် ကိုင်ခဲ့ကြတယ်။ ပြီးတော့ ရင်ကွမ်းက ခင်ဗျားတို့ မျက်နှာကိုတောင် ဆွဲခဲ့သေးတယ်။ ရင်ရင်... ခင်ဗျားမှာ သတ္တိရှိရင် မျက်နှာဖုံး ချွတ်လိုက်။”
ရင်ရင် မချွတ်ချင်ပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ လှပသော မျက်နှာသည် စတင် ပုပ်သိုးနေပြီ ဖြစ်သည်။ သူမ၏ လက်များလည်း စတင် ပုပ်သိုးနေသည်။
ရန်တန်ရှောင်၏ လက်များ ပုပ်သိုးနေပြီး ရင်ကွမ်းက သူ့ရင်ဘတ်ကို တွန်းခဲ့သောကြောင့် ရင်ဘတ်လည်း စတင် ပုပ်သိုးနေ၏။