အခန်း (၁၁၆၇-၁၁၆၈)
Vol. 68 Ch. 1167-1168
အပိုင်း (၁၁၆၇)
ရှမ့်လန် အေးစက်စွာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။ “ဒါက ဓာတ်ရောင်ခြည်သင့်ခြင်း တစ်မျိုးပဲ။ အဆိပ် မဟုတ်ဘူး၊ ဝိညာဉ်ရဲ့ အနက်ရှိုင်းဆုံး နေရာကနေ အသက်ကို ဖျက်ဆီးတဲ့ အရာမျိုး။ ကျုပ်ကလွဲလို့ ဘယ်သူမှ ခင်ဗျားတို့ကို မကယ်နိုင်ဘူး၊ စေတီတောင်တောင် မကယ်နိုင်ဘူး။ လောကပေါ်မှာ ခင်ဗျားတို့ကို ကယ်နိုင်တဲ့ တစ်ခုတည်းသော အရာက ကျုပ်သွေးပဲ။”
သံသယဖြစ်စရာမလိုဘဲ ရှမ့်လန် ကြွားလုံးထုတ်နေခြင်း ဖြစ်သည်။ သူ့သွေးသည် ကူပိုးကောင် အားလုံးကို ခုခံနိုင်သော်လည်း ဓာတ်ရောင်ခြည်ကို မခုခံနိုင်ပေ။ သို့သော်ငြား မည်သူမှ ထိုအရာကို သံသယ မဝင်ကြချေ။
အဘယ်ကြောင့်ဆိုသော် ရင်ကွမ်းကို သေဆုံးစေခဲ့သည့် ဓာတ်ရောင်ခြည် ဆိုသည်မှာ ရှမ့်လန် ကိုယ်တိုင် ဖန်တီးခဲ့ခြင်း ဖြစ်သောကြောင့်ပင်။
ထို့အပြင် သူသည် စောဏလေးတင်ကမှ အံ့ဖွယ်အမှုတစ်ခုကို ထပ်မံပြသခဲ့သေးသည်။ ဘီလီယံ ရာဂဏန်း ရှိသော အထူး ကူပိုးကောင်များ၏ ဝါးမျိုခြင်းကို ခံခဲ့ရသော်လည်း အကောင်းပကတိအတိုင်း ရှိနေပြီး ထိုပိုးကောင်များကသာ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့ရသည်။
ထိုအဖြစ်အပျက်များကြောင့် လူအများ၏ စိတ်ထဲတွင် ရှမ့်လန်၏ သွေးကို တန်ခိုးရှင်တစ်ဦး၏ သွေးကဲ့သို့ပင် အလေးအမြတ် ထားကာ ထူးခြားဆန်းကြယ်သည်ဟု မှတ်ယူနေကြ၏။
ရှမ့်လန်က ဆက်ပြောသည်။ “ရန်တန်ရှောင်၊ ရင်ရင်... ခင်ဗျားတို့ အခု နေလို့မကောင်းဘူး မဟုတ်လား။ အမြင်အာရုံတွေ ထပ်နေတယ်၊ ခေါင်းမူးနေတယ်၊ အော့အန်ချင်နေတယ်။ လုံးဝ ထိန်းချုပ်လို့ မရဘူး မဟုတ်လား။”
ပြောလိုက်သည်နှင့်တပြိုင်နက်
“ဝေါ့...”
မင်းသမီး ရင်ရင် ရုတ်တရက် အော့အန်လိုက်သည်။ မျက်နှာဖုံး တပ်ထားဆဲ ဖြစ်သဖြင့် မည်ကဲ့သို့ ခံစားရမည်နည်း ဆိုသည်ကို စဉ်းစားကြည့်ရုံနှင့် သိနိုင်ပေမည်။
“ဝေါ့...”
ရန်တန်ရှောင်လည်း အော့အန်လိုက်သည်။
သူတို့နှစ်ဦး ရှင်းရှင်းလင်းလင်း ခံစားခဲ့ရပြီးပြီဖြစ်၏။ သူတို့သည် ရင်ကွမ်းနှင့် ၁၅ မိနစ်ကျော် အနီးကပ် ထိတွေ့ခဲ့ပြီး တိုက်ရိုက် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု ရှိခဲ့သည်။ ထိုရေဒီယိုသတ္တိကြွ ပစ္စည်းများသည် သူတို့ ခန္ဓာကိုယ်နှင့် တိုက်ရိုက် ထိတွေ့ခဲ့၏။
ယခု သူတို့သည် ၂၄ နာရီကျော် ဓာတ်ရောင်ခြည်သင့်နေပြီ ဖြစ်သည်။ တကယ်တမ်းတွင် သူတို့နှစ်ဦးရဲ့ အခြေအနေက ရှမ့်လန် ပြောသည်ထက် ပိုဆိုးနေ၏။ ခေါင်းမူးပြီး ခြေလှမ်းတွေ မခိုင်တော့ဘဲ တဖြည်းဖြည်း အားနည်းလာနေသည်။
ရှမ့်လန်က ပြောလိုက်၏။ “ရန်တန်ရှောင်၊ ရင်ရင်... ခင်ဗျားတို့ သေမှာ သေချာတယ်။ ကျုပ်တစ်ယောက် တည်းပဲ ခင်ဗျားတို့ကို ကယ်နိုင်တယ်။ ဒါပေမဲ့ စိတ်မကောင်းပါဘူး၊ ကျုပ် တစ်ယောက်တည်းကိုပဲ ကယ်နိုင်မယ်။ ပိုပြီး တိတိကျကျ ပြောရရင် ရန်တန်ရှောင်ကိုပဲ ကယ်မယ်။ ဘာလို့လဲဆိုတော့ စေတီတောင်နဲ့ ကျုပ်မှာ ရန်ငြိုး မရှိဘူးလို့ ပြောခဲ့ပြီးပြီ။ ရန်ယင်ယင်နဲ့ ကျုပ်က စေ့စပ်ထားတာ။ ကျုပ် စေတီတောင်ကို လိုအပ်တယ်။ ကျုပ်တို့က လက်ထပ်ထိမ်းမြားခြင်းနဲ့ ဆက်နွယ်နေတာ။
ရင်မိသားစုကျတော့... အင်း … စိတ်မကောင်းပါဘူး၊ ခင်ဗျားတို့က ကျုပ်ရဲ့ သေမင်းတမန် ရန်သူတွေ။ အဲဒီတုန်းက မင်းတို့ ကျန်းတော်ဝင် မိသားစုကို မျိုးဖြုတ်ပစ်ခဲ့တာ။ အခု ရင်မိသားစု တစ်ခုလုံးကို မျိုးဖြုတ်ပစ်ရမယ့် အလှည့်က ကျုပ်အလှည့်ပဲ။
ရန်တန်ရှောင်... အသက်ရှင်ချင်လား။ ကျုပ်သွေးကို လိုချင်လား။ အရမ်း ရိုးရှင်းပါတယ်။ ခင်ဗျားမိန်းမ ရင်ရင်ကို သတ်လိုက်။ ရန်တန်ရှောင်... သူ့ကို သတ်လိုက်ရင် ခင်ဗျား အသက်ရှင်ရမယ်။”
ဤစကားကို ကြားလိုက်ရချိန်မှာတော့ မင်းသမီး ရင်ရင်၏ မျက်နှာထား ပြောင်းလဲသွားသည်။ သူမသည် ရန်တန်ရှောင်နှင့် အလျင်အမြန် ခွာလိုက်သည်။ ဤသည်မှာ ရင်မိသားစု၏ ဝိသေသလက္ခဏာ ဖြစ်သည်။ သူတို့ မည်သူ့ကိုမှ မယုံကြည်ကြပေ။
ချက်ချင်းပဲ ရန်တန်ရှောင်၏ မျက်နှာထား ပြောင်းလဲသွားသည်။ သူ ဒေါသတကြီး ပြောလိုက်သည်။ “ရင်ရင်... မင်း ဘာသဘောလဲ။ ငါ့ကို မယုံဘူးလား။ ငါတို့ လင်မယား ဖြစ်လာတာ ဆယ်နှစ်ကျော်ပြီ။ ငါ့ကို မယုံဘူးလား။ ငါက ရှမ့်လန်ရဲ့ သွေးထိုးစကားကို နားထောင်ပြီး မင်းကို သတ်မယ်လို့ ထင်နေတာလား။”
မင်းသမီး ရင်ရင်က ပြောလိုက်၏။ “ယောကျ်ား... ရှင့်ကို မယုံတာ မဟုတ်ပါဘူး။ ကျွန်မ... ကျွန်မက ဒီအတိုင်း...”
ထို့နောက် ရန်တန်ရှောင်သည် ရှမ့်လန်ကို အော်ဟစ်လိုက်သည်။ “ရှမ့်လန်... ကျုပ် ခင်ဗျားကို ယုံမယ် ထင်နေတာလား။ ခင်ဗျားရဲ့ သွေးထိုးမှုကို ခံမယ် ထင်နေတာလား။ ကျုပ်မိန်းမကို သတ်မယ် ထင်နေတာလား။ အိပ်မက်သာ မက်နေလိုက်။ ကျုပ်က ခင်ဗျား ထင်သလောက် မညစ်ပတ်ဘူးကွ။”
ရန်တန်ရှောင်အနေဖြင့် ရင်ရင်အပေါ် ထားရှိသည့် ခံစားချက်မှာ အမှန်တကယ် နက်ရှိုင်းလှသည်တော့ မဟုတ်ပေ။ စေတီတောင်မှ လာသူဖြစ်ပြီး အစွမ်းထက်သည့် သွေးမျိုးဆက် ပြောင်းလဲခြင်းကို ခံယူထားသူဖြစ်ရာ သူတို့ကဲ့သို့သော သူများ၏ စိတ်နှလုံးမှာ အလွန်ပင် အေးစက်၏။
သို့သော်လည်း ရှမ့်လန်၏ သွေးထိုးလှုံ့ဆော်မှုနှင့် ခြိမ်းခြောက်မှုများကြောင့် သူသည် ရင်ရင်ကို အလွယ်တကူ သတ်ဖြတ်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ပြုလုပ်ခြင်းက သူ ရန်တန်ရှောင်၏ မာန်မာနနှင့် သိက္ခာကို ထိခိုက်စေနိုင်သောကြောင့်ပင်
မင်းသမီး ရင်ရင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။ “ရှမ့်လန်... တွေ့လား။ ကျွန်မတို့က အရမ်း ချစ်ကြတာ။ ရှင့်ရဲ့ သွေးထိုးမှုကို ခံရမှာ မဟုတ်ဘူး။ ရှင့်ရဲ့ အကြံအစည် မအောင်မြင်ဘူး။ အခု ရှင့်ရှေ့မှာ ရွေးချယ်စရာ နှစ်လမ်းပဲ ရှိတယ်။ ဆုတ်ခွာမလား၊ သေမလား။ ဂိုဏ်းချုပ်ရန်ရဲ့ တပ်တော် မကြာခင် ရောက်လာတော့မယ်လို့ ကျွန်မ ယုံတယ်။ ရှေးဟောင်းလင်းယုန်တွေရဲ့ အသံကိုတောင် ကျွန်မ ကြားနေရပြီ။ အထူးစစ်သည်တော်တွေ ပြေးလာသံကိုတောင် ကြားနေရပြီ။ ရှမ့်လန်... ရှင့်တပ်တော် မဆုတ်ခွာရင် ရှင့်ရဲ့ သေနေ့ပဲ။”
ထိုအချိန်တွင် ကောင်းကင်မှ ရှေးဟောင်းလင်းယုန် တစ်ကောင် ပျံသန်းဆင်းသက်လာသည်။ စီးနင်းလာသူမှာ ရင်းနှီးသော သူတစ်ယောက် ဖြစ်သည်။ အကြီးအကဲဝူ၏ သား ဝူကျွယ်၊ စေတီတောင်သခင်၏ ယုံကြည်ရသော လက်ရုံး၊ စေတီတောင်၏ နောက်ထပ် အကြီးအကဲ ဖြစ်၏။
ထို့အပြင် သူ့မှာ နောက်ထပ် အထောက်အထားတစ်ခု ရှိနေသေးသည်။ သူက ရှမ့်လန်ရဲ့ သွေးသောက် ညီအစ်ကိုဖြစ်ပြီး သူတို့၏ဆက်ဆံရေးက တစ်ယောက်ရှေ့မှာ တစ်ယောက် အစ်ကိုကြီးဟု ခင်မင်ဟန်ပြ ခေါ်ဝေါ်နေကြသော်လည်း နောက်ကွယ်မှာတော့ တစ်ဦးကိုတစ်ဦး ဓားနှင့်ထိုးဖို့ ဝန်မလေးကြသည့် ဆက်ဆံရေးမျိုးဖြစ်သည်။။ ဝူကျွယ် ထိုးဆင်းလာပြီး ရန်တန်ရှောင် ဘေးတွင် ဆင်းသက်လိုက်သည်။
မင်းသမီး ရင်ရင် အော်ဟစ်လိုက်၏။ “စီနီယာ ဝူကျွယ်... စေတီတောင် တပ်တော် ရောက်လာပြီလား။ ဂိုဏ်းချုပ်ရန် က တပ်တော် ခေါ်လာပြီလား။ ကျွန်မတို့ ပူးပေါင်းပြီး တော်ဝင်ချန်တပ်တော်ကို ဖျက်ဆီးပစ်ကြစို့။”
ဝူကျွယ်က မင်းသမီး ရင်ရင်ကို ဦးညွှတ်ပြီး ပြောလိုက်သည်။ “ဝူကျွယ်က မင်းသမီးကို ဂါရဝပြုပါတယ်။”
ထို့နောက် သူသည် ရန်တန်ရှောင်အား လျှို့ဝှက်စာ တစ်စောင် ကမ်းပေးလိုက်၏။ “စီနီယာ... ဒါ ဂိုဏ်းချုပ်ဆီက စာပါ။”
ရန်တန်ရှောင် စာကို ဖွင့်ဖတ်ကြည့်လိုက်သည်။ သူ့မျက်လုံးများ တွန့်သွားပြီး ခန္ဓာကိုယ် တုန်ယင်သွားသည်။ ထို့နောက် သူသည် မျက်လုံးမှိတ်ကာ ကောင်းကင်ကို မော့ကြည့်ပြီး သက်ပြင်းချလိုက်သည်။
မင်းသမီး ရင်ရင်က ပြောလိုက်၏။ “ယောကျ်ား... စာထဲမှာ ဘာရေးထားလဲ။ စေတီတောင် တပ်တော် လာနေပြီလား။”
ရန်တန်ရှောင်က ပြောလိုက်သည်။ “မိန်းမ... ကိုယ်တိုင်သာ ကြည့်လိုက်ပါတော့။”
ထို့နောက် ရန်တန်ရှောင် စာကို ကမ်းပေးလိုက်၏။
မင်းသမီး ရင်ရင် လျှောက်သွားပြီး စာကို ယူလိုက်သည်။ ချက်ချင်းပဲ သူမ၏ ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ယင် သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ပထမဆုံး စာကြောင်းတွင် ‘ငါ့သား တန်ရှောင်၊ မင်းသမီး ရင်ရင်ကို သတ်လိုက်။ တပ်ဖွဲ့အားလုံး ချန်မြို့တော်မှ ဆုတ်ခွာပြီး အရှင်ရှမ့်လန် အတွက် လမ်းဖယ် ပေးလိုက်ပါ။’ ဟု ရေးသားထားသောကြောင့် ဖြစ်သည်။
ရင်ရင်သည် စာလုံးများကို မယုံနိုင်စွာ ကြည့်နေမိ၏။ “ဘာလို့လဲ။ ဘာလို့လဲ။”
ထို့နောက် သူမသည် အမြန်ဆုံးအရှိန်ဖြင့် ထွက်ပြေးလေတော့သည်။ သို့သော်ငြား နောက်ကျသွားခဲ့၏။ ရန်တန်ရှောင်သည် ဓားကို ဆွဲထုတ်ပြီး ခုတ်ပိုင်းချလိုက်သည်။
ချက်ချင်းပဲ တော်ဝင်ရင်အင်ပါယာ၏ မင်းသမီး ရင်ရင် ခေါင်းပြတ်သွားခဲ့ရသည်။ သူမသည် အသေဆိုးဖြင့် သေဆုံးသွားခဲ့ရ၏။ မသေဆုံးမီ သူမ၏ မျက်လုံးများ ပြူးကျယ်နေဆဲ ဖြစ်သည်။ သူမသည် မကျေမနပ်ဖြင့် သေဆုံးသွားခဲ့ရသည်။
‘ဘာလို့ ဒီလို လုပ်ရတာလဲ။ ဘာလို့ ဂိုဏ်းချုပ်ရန်က ဒီလို လုပ်ရတာလဲ။’
ရန်တန်ရှောင်သည် သူ့လက်ထဲမှ ဓားကို ဖွဖွလေး ဝှေ့ယမ်းလိုက်သည်။ ရှမ့်လန်က သူ့ကို သူ့မိန်းမအား သတ်ခိုင်းခဲ့သည်။ သူ မသတ်ခဲ့ပေ။ သို့သော်ငြား ဂိုဏ်းချုပ်က သူ့မိန်းမကို သတ်ခိုင်းချိန်မှာတော့ သူ တွန့်ဆုတ်ခြင်း မရှိခဲ့ပေ။ သို့မဟုတ် စက္ကန့်အနည်းငယ်မျှသာ တွန့်ဆုတ်ခဲ့၏။
ထို့နောက် ရန်တန်ရှောင်သည် မြို့ပြင်ရှိ ရှမ့်လန်ကို ခေတ္တမျှ ကြည့်လိုက်သည်။ သူ၏ အကြည့်များသည် အလွန် ရှုပ်ထွေးနေ၏။ ဂိုဏ်းချုပ်ရန် အဘယ့်ကြောင့် ဤသို့ အမိန့်ပေးခဲ့သနည်း ဆိုခြင်းကို သူ မသိချေ။ ရင်ရင်ကို သတ်ခိုင်းရုံသာကမ ချန်မြို့တော်ကနေ တပ်ဆုတ်ပြီး ဤမြို့ကြီးကို ရှမ့်လန်ဆီ ပေးအပ်လိုက်ဖို့ အမိန့်ပေးခဲ့၏။ သို့ပေမည့် ဂိုဏ်းချုပ်ရန်၏ အမိန့်ကို နားမလည်လျှင်တောင် လိုက်နာရမည်။
ရန်တန်ရှောင်က ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။ “အထူးစစ်သည်တော်တွေနဲ့ ငရဲတပ်တော် အားလုံး ချန်မြို့တော်ကနေ ဆုတ်ခွာပြီး စေတီတောင်ကို ပြန်ကြ။”
ဤစကားကို ပြောလိုက်သည်နှင့် အထူးစစ်သည်တော်များနှင့် ငရဲတပ်တော် အားလုံးသည် စကားတစ်ခွန်းမျှ မပြောဘဲ မြို့ရိုးပေါ်မှ ခုန်ချလိုက်ကြသည်။ ထို့နောက် သူတို့ ထိုအတိုင်း ထွက်ခွာသွားကြသည်။ ခြေရာလက်ရာ မကျန် ဆုတ်ခွာသွားကြ၏။
… …
လွန်ခဲ့သော ရက်အနည်းငယ်က၊ နုရှောင့်မြို့၌ ပင်မတပ်တော်ကြီးသည် ချန်မြို့တော်ဆီသို့ ဦးတည် ချီတက်နေကြပြီ ဖြစ်ပြီး နုရှောင့်မြို့ ကာကွယ်ရေး တာဝန်သည် ဂျက်ထန်၊ မင်းသမီး ဟီလာနှင့် အခြားသူများ လက်ထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။
အမှောင်ရဲတိုက်ရှိ စေတီတောင်၏ ပင်မတပ်တော်ကြီးသည် မြောက်ဘက် နုရှောင့်မြို့ကို လာရောက် တိုက်ခိုက်ခြင်း ပြုမည်မဟုတ်ဟု ရှမ့်လန်က ပြောခဲ့သော်လည်း ဦးခေါင်းခွံတပ်တော်သည် တိုက်ပွဲဝင်ရန် အသင့်အနေအထားတွင် ရှိနေဆဲ ဖြစ်၏။
လွန်ခဲ့သော လအနည်းငယ်အတွင်း နုရှောင့်မြို့ရှိ လက်နက်စက်ရုံ အားလုံးသည် စွမ်းရည်ပြည့် လည်ပတ် နေခဲ့ကြသည်။ ဤလနှစ်လ၊ သုံးလ အတွင်း နောက်ထပ် အထူးကောင်းကင်ခံတပ်ပျံ သုံးစင်း ထပ်မံ ထုတ်လုပ်နိုင်ခဲ့သည်။
သို့သော်ငြား ၎င်းတို့ကို ရှေ့တန်းသို့ ပို့ဆောင်ခြင်းမပြုဘဲ နုရှောင့်မြို့ ကာကွယ်ရေးအတွက် အသုံးပြုခဲ့သည်။ အိပ်မက်ဆိုးကျောက်တုံး ရိုင်ဖယ်များနှင့် အသေးစား နဂါးအရှိန်အဝါ ပစ်လွှတ်စင် ၂၀ ကိုလည်း နုရှောင့်မြို့ ကာကွယ်ရေးအတွက် အသုံးပြုထား၏။
ယခုအချိန်တွင် နုရှောင့်မြို့၌ တပ်တော်သစ် တစ်သိန်း ရှိနေသည်။ ဝူ၊ ချောင်နှင့် ရွှဲ့ပြည်နယ်တို့မှ တပ်ဖွဲ့ဝင် များနှင့် ပေါင်းလိုက်လျှင် စုစုပေါင်း နှစ်သိန်းခန့် ရှိနေသည်။ မင်းသားကျင်းနှင့် စုနန် မရှိသောကြောင့် မြို့တော်တစ်ခုလုံး၏ တာဝန်သည် ဆော့ရွှမ်း၊ နန်းကုန်းအို၊ ကျင်းကျိုးနှင့် အခြားသူများ၏ ပခုံးပေါ်သို့ ကျရောက်နေသည်။
ကံကောင်းထောက်မစွာ ရွှဲ့ပြည်နယ် ဝန်ကြီးချုပ် ကျန်းချုံး၊ ချောင်ပြည်နယ် လျှို့ဝှက်သံတမန် လီချွမ်ချီနှင့် ဝူနိုင်ငံ လျှို့ဝှက်သံတမန်တို့သည် နိုင်ငံအသီးသီးမှ အဓိက အရာရှိများကို ဦးဆောင်ပြီး နုရှောင့်မြို့သို့ ရောက်ရှိ နေကြပြီ ဖြစ်သည်။ ထိုသို့မဟုတ်ပါက နုရှောင့်မြို့မှ အရာရှိအနည်းငယ်နှင့် လျှို့ဝှက်ကောင်စီတို့သည် ပင်ပန်းလွန်းသောကြောင့် ရူးသွားလောက်၏။
ယခင်က လူတစ်ယောက် ရှိခဲ့သည်။ သူသည် ဝိတ်ချရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ မည်မျှနည်းနည်း စားပါစေ၊ မည်မျှ ပြင်းထန်စွာ လေ့ကျင့်ပါစေ၊ ၁၈၀ ကီလိုဂရမ် ရောက်ပြီးနောက် ထပ်မံ ဝိတ်ကျခြင်း မရှိတော့ပေ။ ထိုလူမှာ ဆက်ခံသူ ကျင်းမူကုန်း ဖြစ်သည်။ ယခု ပိန်သွားပြီ ဖြစ်ပြီး ချောမောသော လူပျိုချောလေး တစ်ယောက် ဖြစ်လာခဲ့သည်။
သို့ပေမည့် သူက တစ်ကိုယ်တည်း ဖြစ်နေတုန်းပင်။ ဤတစ်ခါမှာတော့ သူ့ကို မည်သူမှ မကြိုက်လို့ မဟုတ်ပေ။ ကျင်းမူကုန်းက အနာဂတ် နယ်စားအမွေခံ ဖြစ်သလို ပိန်သွားပြီးနောက် ပိုချောလာခဲ့သည်။ အရေးအကြီးဆုံး အချက်မှာ သူ၏ အဆင့်အတန်းလည်း ပြောင်းလဲသွားခဲ့ခြင်းပင်။
တော်ဝင်ချန်အင်ပါယာ၏ အတွင်းရေးမှူးချုပ် ရာထူးသည် အမြင့်ဆုံးရာထူး မဟုတ်သော်လည်း အရေး ပါသော ရာထူး ဖြစ်သည်။ ခေတ်စကားနှင့် ပြောရလျှင် သူသည် တော်ဝင်ချန်အင်ပါယာ ဝန်ကြီးများ ရုံးခန်း၏ အတွင်းရေးမှူးချုပ် ဖြစ်သည်။ အိမ်ရှေ့စံ ဝူနှင့် အိမ်ရှေ့စံ ချောင်တို့လည်း ဤရာထူးကို ရယူထားကြ၏။
ကျင်းမူကုန်းနှင့် လက်ထပ်ချင်သော သူကောင်းမျိုးနွယ် သမီးပျိုများစွာ ရှိသည်။ ချောင်ဘုရင်နှင့် ဝူဘုရင်တို့ပင် သူတို့၏ သမီးတော်များနှင့် ပေးစားချင်နေကြသည်။ ဟုတ်ပေသည်။ ဤဘုရင်နှစ်ပါး၏ အကြီးဆုံး သမီးတော်တွေက ၁၈ နှစ်လောက်သာ ရှိသေးသော်လည်း လက်ထပ်ဖို့ အရွယ်ရောက်နေပြီဖြစ်သည်။
ကျင်းမူကုန်း တစ်ကိုယ်တည်း ဖြစ်နေရခြင်းမှာ ကျူးနင်အပေါ် သံယောဇဉ် ရှိနေသေးသောကြောင့် မဟုတ်ဘဲ အလွန် အလုပ်များနေသောကြောင့် ဖြစ်သည်။ ထို့အပြင် အသက်ကြီးလာပြီး ပိုချောလာသည့်အခါ သူသည် အချစ်စစ်ကို တောင့်တလာပြီး ဖြစ်ကတတ်ဆန်း ဆက်ဆံရေးမျိုး မလိုချင်တော့ကြောင်း သဘောပေါက်လာခဲ့၏။
ဤခေတ်ကာလတွင် လွတ်လပ်သော အချစ်ကို တောင့်တနေခြင်းမှာ အထူးသဖြင့် ကျင်းကလန်ကဲ့သို့ ထိပ်တန်း သူကောင်းမျိုးနွယ်အတွက် ရယ်စရာကောင်းလှသည်။ အဘယ်ကြောင့် ယခုလိုဖြစ်နေရသည်ဆိုသော် နယ်စားကြီး ကျင်းကျိုးနှင့် ကတော်ကြီး စုဖေးဖေးတို့မှာလည်း အလွန် အလုပ်များနေကြသလို အရေးအကြီးဆုံးမှာမူ သူတို့၏သားကို ငယ်ရွယ်သေးသည်ဟု ခံစားနေရခြင်းကြောင့်ပင်။
အမှန်တကယ်တွင်မူ သူတို့သည် ရှမ့်လန်နှင့် အမျိုးတော်လိုနေကြခြင်းဖြစ်သည်။ ရှမ့်လန်တွင် မင်းသမီးကျိနင် ဟူသော ညီမငယ်တစ်ယောက် ရှိကြောင်း သူတို့ သိရှိထားကြသည်။ တစ်ဖက်တွင်လည်း ကျင်းမူကုန်းသည် စာရေးစားပွဲ၌ ခေါင်းမြှုပ်ကာ အလုပ်ရှုပ်နေသည်။ သူသည် စာရေးနေခြင်းမျိုး မဟုတ်ဘဲ ရုံးလုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းပေါင်း ရာနှင့်ချီကို ဖတ်ရှုစစ်ဆေးနေခြင်း ဖြစ်သည်။
သူ၏ စာရေးဆရာဖြစ်ချင်ခဲ့သော အိပ်မက်မှာမူ လွန်ခဲ့သော လေးနှစ်ခန့်က နုရှောင့်မြို့သို့ ပြန်လည် ရောက်ရှိလာတည်းက ပျက်စီးဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။ ယခု သူသည် တစ်နေ့လျှင် ၁၇ နာရီ အလုပ် လုပ်နေပြီး အပြင်ဘက်အချိန်ကို လုံးဝ မသိတော့ပေ။
ထိုအချိန်တွင် ရုတ်တရက် ကောင်းကင်ယံ၌ နားကွဲမတတ် စူးရှသော အချက်ပေးသံ ထွက်ပေါ်လာခဲ့၏။
“ရန်သူ လာပြီ။ ရန်သူ လာပြီ။”
ကျင်းမူကုန်း မျက်နှာ ပျက်သွားသည်။ ဤအချက်ပေးသံသည် ကောင်းကင်မှ လာခြင်းဖြစ်သည်။ လူအများကြီး မဟုတ်ပေ၊ သို့သော်ငြား နဂါးနောင်တ မဟုတ်ပေ။ ကျိုးရှီလာစဉ်က ပုံစံမျိုးနှင့် တူသည်။ ယခုအခါ နုရှောင့်မြို့ အထက်တန်း အရာရှိ အားလုံးသည် အချက်ပေးသံ အမျိုးအစားကို အလွယ်တကူ ခွဲခြား သိရှိနိုင်ပြီ ဖြစ်သည်။
ခဏအကြာတွင် ကောင်းကင်မှ အသံတစ်သံ ထွက်ပေါ်လာ၏။
“နယ်စားကြီး ကျင်းကျိုး၊ သခင်ကြီး ဆော့ရွှမ်း၊ သခင်ကြီး ကျန်းချုံး၊ မင်းသမီး ဟီလာ...” အသံသည် မကျယ်သော်လည်း နေရာတိုင်းတွင် ကြားနေရသည်။
ကျင်းမူကုန်းသည် ထိုင်ခုံမှထပြီး ပြတင်းပေါက် နားသို့ သွားလိုက်သည်။ ထို့နောက် အခန်းတံခါး ပွင့်သွားပြီး နယ်စားကြီး ကျင်းကျိုး၊ သခင်ကြီး ဆော့ရွှမ်းနှင့် အခြားသူများ ထွက်လာကြသည်ကို တွေ့လိုက်ရသည်။ ရဲတိုက် အပြင်ဘက် ကောင်းကင်ယံတွင် အမဲရိပ်တစ်ခု ပျံဝဲနေသည်ကို တွေ့လိုက်ရပြီး အထူးခံတပ်ပျံ သုံးစင်းသည် ၎င်းနောက်သို့ အသည်းအသန် လိုက်လံနေကြ၏။
မရေမတွက်နိုင်သော ရှေးဟောင်း ဒူးလေးကြီးများ၊ အိပ်မက်ဆိုးကျောက်တုံး လေကြောင်းရန်ကာကွယ်ရေး စက်သေနတ်များ အားလုံး အသင့်အနေအထား ဖြစ်နေကြသည်။ သို့သော်ငြား နောက်တစ်ခဏတွင် ထိုပုံရိပ်သည် ရှေးဟောင်းလင်းယုန်ပေါ်မှ တိုက်ရိုက် ခုန်ချလိုက်သည်။ အမြင့်မီတာ ထောင်ဂဏန်း ရှိသော နေရာမှ ဖြစ်သည်။
လွတ်လပ်စွာ ကျဆင်းလာပြီးနောက် သူသည် စွန်တစ်ကောင်ကဲ့သို့ နုရှောင့်မြို့ ရဲတိုက် အပြင်ဘက် မြေပြင်ပေါ်သို့ ဖွဖွလေး သက်ဆင်းလိုက်၏။ မျက်စိတစ်မှိတ် အတွင်းမှာပဲ စစ်သည် ရာဂဏန်းသည် သူ့ကို ဝိုင်းရံလိုက်ကြသည်။ မဟာပညာရှင် ဒါဇင်ကျော်လည်း ပါဝင်၏။
နယ်စားကြီး ကျင်းကျိုးက ဦးညွှတ်ကာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်ရန်... ဘာကိစ္စ ရှိပါသလဲ။”
အပိုင်း (၁၁၆၈)
ဟုတ်ပေသည်။ ရောက်လာသူမှာ စေတီတောင် သခင် ဖြစ်သည်။
ဂိုဏ်းချုပ်ရန်က ပြောလိုက်၏။ “ကျုပ်မှတ်မိသလောက်ဆိုရင် ကျုပ်က တော်ဝင်ချန်အင်ပါယာနဲ့ ဆွေမျိုးတော်စပ်တယ်လေ။ အရှင်ရှမ့်လန်က ကျုပ်သားမက် မဟုတ်ဘူးလား။ ဧည့်သည်ကို ဒီလိုပဲ ဆက်ဆံကြတာလား။”
ကျင်းကျိုး၊ ဆော့ရွှမ်းနှင့် ဟီလာတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး လက်ဝှေ့ယမ်းလိုက်ကြသည်။ စစ်သည် ရာဂဏန်း အားလုံး နောက်ဆုတ်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းချုပ်ရန်ကို ဝိုင်းရံထားခြင်းသည် အဓိပ္ပာယ် မရှိသောကြောင့် ဖြစ်သည်။ တစ်ဖက်လူ၏ သိုင်းပညာသည် အလွန် မြင့်မားလွန်းလှသည်။ နုရှောင့်မြို့၏ နားလည်နိုင်စွမ်းထက်ပင် ကျော်လွန်နေသည်။ ထိုစဉ်က ကျိုးရှီ နုရှောင့်မြို့သို့ လာစဉ်က မည်သူမှ မတားဆီးနိုင်ခဲ့ပေ။ ယနေ့လည်း ထိုအတိုင်းပင် ဖြစ်ပေလိမ့်မည်။
နယ်စားကြီး ကျင်းကျိုးက ပြောလိုက်သည်။ “ဂိုဏ်းချုပ်ရန်... ကြွပါ။”
ဂိုဏ်းချုပ်ရန်က လက်သီးဆုပ်ကာ ပြောလိုက်၏။ “နယ်စားကြီး ကျင်းကျိုး၊ သခင်ကြီးတို့ ... ကြွကြပါ။”
ထို့နောက် နုရှောင့်မြို့၏ အရေးပါသောပုဂ္ဂိုလ် အနည်းငယ်သည် ဂိုဏ်းချုပ်ရန်ကို နုရှောင့်မြို့ ရဲတိုက်အတွင်းသို့ ဖိတ်ခေါ်လိုက်ကြသည်။ သူတို့သည် အလုပ်များကို ဘေးဖယ်ထားပြီး သူ့ကို ဧည့်ခံလိုက်ကြသည်။ ခမ်းနားသော်လည်း ဖြုန်းတီးခြင်း မရှိသော ဧည့်ခံပွဲ တစ်ခု ကျင်းပလိုက်ကြသည်။
“တောင်းပန်ပါတယ်... ကျုပ်တို့ အရှင်နင်ယွမ်ရှန်းကို ဖိတ်ကြားပြီး အဖော်ပြုပေးသင့်တာ။ ဒါပေမဲ့ အချိန်က သိပ်ကပ်လွန်းနေတယ်။”
နယ်စားကြီး ကျင်းကျိုးက ပြောလိုက်သည်။ “ဒါကြောင့် ဂိုဏ်းချုပ်ရန်ကို တန်းတူညီမျှ ဧည့်ခံခြင်း မပြုနိုင်တာ ဝမ်းနည်းပါတယ်။”
တန်းတူညီမျှ ဧည့်ခံခြင်း ဟုတ်လား။ ကျင်းကျိုး၏ စကားအဓိပ္ပာယ်မှာ စေတီတောင် သခင်ကို ဘုရင်သုံးပါးနှင့် တန်းတူ ဆက်ဆံသည်ဟူ၍ပင်။
“ဒီစံနှုန်းနဲ့တင် ကျေနပ်ပါပြီ။”
ဂိုဏ်းချုပ်ရန်က ပြောလိုက်သည်။ သူသည် ဝိုင်ခွက်ကို မြှောက်ပြီး ကျန်းချုံးနှင့် လီချွမ်ချီတို့ကို ပြောလိုက်၏။ “ဝန်ကြီးချုပ်ကျန်း၊ မဟာဆရာလီ... ခင်ဗျားတို့နှစ်ယောက်က ချောင်နဲ့ ရွှဲ့ပြည်နယ်ရဲ့ ထောက်တိုင်တွေလေ။ ဘာလို့ နုရှောင့်မြို့မှာ ရောက်နေကြတာလဲ။”
ကျန်းချုံး အနည်းငယ် ဦးညွှတ်ပြီး ပြောလိုက်သည်။ “ရွှဲ့ပြည်နယ် အတွင်းရေးမှူးရုံးနဲ့ လျှို့ဝှက်ကောင်စီက အရာရှိတွေကို နုရှောင့်မြို့ဆီ အလှည့်ကျ စေလွှတ်ကြတာပါ။ ဒီတစ်ခါ ကျုပ်အလှည့်ပါ။”
လီချွမ်ချီက ပြောလိုက်၏။ “ကျုပ်လည်း အတူတူပါပဲ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဂိုဏ်းချုပ်ရန်ကို ဆုံတွေ့ခွင့် ရခဲ့ဖူးပါတယ်။ အခု ပြန်တွေ့ရတော့ ခင်ဗျားရုပ်ရည်က ဘာမှ မပြောင်းလဲသေးဘူး။ အားကျစရာ ကောင်းလိုက်တာ။”
ဂိုဏ်းချုပ်ရန်က ပြောလိုက်သည်။ “မပြောရဲပါဘူးဗျာ။ ကျုပ်လည်း သခင်ကြီး လီချွမ်ချီနဲ့ ရွယ်တူလောက်ပါပဲ။ အိုနေပါပြီ။”
ထို့နောက် နှစ်ဖက်စလုံး အပြန်အလှန် နှုတ်ဆက်စကား ပြောဆိုကြ၏။
နယ်စားကြီး ကျင်းကျိုးက ပြောလိုက်သည်။ “ဪ ဒါနဲ့ ဂိုဏ်းချုပ်ရန်... ဒီတစ်ခေါက် ဘာအရေးကြီးကိစ္စ ရှိလို့လဲ။ ရှိရင် ကျုပ် ချန်မြို့တော်က အရှင်ဆီ ချက်ချင်း လူလွှတ်ပြီး သတင်းပို့ပေးပါ့မယ်။”
ဂိုဏ်းချုပ်ရန်က ပြောလိုက်၏။ “ချန်မြို့တော်က စစ်ပွဲ အရှိန်ရနေလောက်ပြီ။”
နယ်စားကြီး ကျင်းကျိုးက ပြောလိုက်သည်။ “ဒီစစ်ပွဲ မကြာခင် ပြီးဆုံးတော့မယ်လို့ ယုံကြည်ပါတယ်။ ကျုပ်တို့ တော်ဝင်ချန်အင်ပါယာ အနေနဲ့ ချန်မြို့တော်ကို အောင်မြင်စွာ ပြန်လည် သိမ်းပိုက်နိုင်မှာပါ။ ဟိုဘက်က စစ်ပွဲ အရေးကြီးပေမဲ့ ဂိုဏ်းချုပ်ရန်ရဲ့ ကိစ္စကလည်း အရေးကြီးပါတယ်။ ပြောပါ။”
ဂိုဏ်းချုပ်ရန်က ပြောလိုက်၏။ “တခြားတော့ မရှိပါဘူး။ ကျုပ်သမီး အရှင်ရှမ့်လန်နဲ့ စေ့စပ် ထားတာ ဆယ်လကျော်ပြီ။ သူ ကျုပ်ဘေးကနေ ဒီလောက် ကြာကြာ တစ်ခါမှ မခွဲဖူးဘူး။ ဒါကြောင့် သတိရလို့ပါ။ ဒီတစ်ခေါက် ကျုပ် လာတာ သမီးကို ပြန်ခေါ်ပြီး ရက်အနည်းငယ်လောက် အတူနေချင်လို့ပါ။ ဖြစ်နိုင်မလား မသိဘူး။ ချန်မြို့တော်က အရှင် ရှမ့်လန်ဆီ သတင်းပို့ဖို့ လိုအုံးမလား။”
နယ်စားကြီး ကျင်းကျိုး၊ ဆော့ရွှမ်းနှင့် ကျန်းချုံးတို့ အကြည့်ချင်း ဖလှယ်ပြီး ပြုံးလိုက်ကြသည်။ “ဂိုဏ်းချုပ်ရန် နောက်နေတာ နေမှာပါ။ မိဘတွေက သမီးကို သတိရတာ သဘာဝပါပဲ။ အိမ်ထောင်ကျပြီးတဲ့ သမီးတွေ မိဘအိမ် ပြန်တာ ပုံမှန်ပါပဲ။ ရတာပေါ့။”
ဂိုဏ်းချုပ်ရန်က မေးလိုက်၏။ “အရှင် ရှမ့်လန်ဆီ သတင်းပို့စရာ မလိုဘူးလား။”
နယ်စားကြီး ကျင်းကျိုးက ပြောလိုက်သည်။ “မလိုပါဘူး။ ဒီကိစ္စကို ကျုပ် ဆုံးဖြတ်လို့ ရပါတယ်။ ဂိုဏ်းချုပ်ရန် သမီးကို ကြိုက်တဲ့အချိန် ပြန်ခေါ်သွားလို့ ရပါတယ်။”
ဂိုဏ်းချုပ်ရန်က ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ်။”
ထို့နောက် နှစ်ဖက်စလုံး ဤကိစ္စကို ဆက်မပြောကြတော့ပေ။ ချန်မြို့တော် စစ်ပွဲအကြောင်း တစ်လုံးမှပင် မဟကြပေ။ မသက်ဆိုင်သော အကြောင်းအရာ အချို့ကိုသာ ဆွေးနွေးကြသည်။ လေထု အခြေအနေ အလွန် ကောင်းမွန်သည်။ နှစ်ဖက်စလုံးသည် ရန်သူများ မဟုတ်ဘဲ စစ်မှန်သော ဆွေမျိုးများကဲ့သို့ပင် ဖြစ်နေကြသည်။
နှစ်နာရီခန့် အကြာတွင် ဧည့်ခံပွဲ ပြီးဆုံးသွားခဲ့သည်။
ဟီလာက ပြောလိုက်၏။ “ဂိုဏ်းချုပ်ရန်... သမီးကို အခုပဲ သွားတွေ့မလား။”
ဂိုဏ်းချုပ်ရန် ပြုံးလိုက်သည်။ “အဆင်ပြေရဲ့လား။”
ဟီလာက ပြောလိုက်သည်။ “အဆင်ပြေပါတယ်။ ကျွန်မနောက် လိုက်ခဲ့ပါ။”
ထို့နောက် ဟီလာသည် ဂိုဏ်းချုပ်ရန်ကို နုရှောင့်မြို့ မြေအောက်ခန်း အတွင်းပိုင်းသို့ ခေါ်ဆောင်သွား၏။ တံခါးတစ်ချပ်ရှေ့သို့ ရောက်ချိန်မှာတော့ ဟီလာသည် အိပ်မက်ဆိုးကျောက်တုံး ခလုတ်ကိုနှိပ်ပြီး ဖွင့်လိုက်သည်။ ထို့နောက် ပြောလိုက်၏။ “ဂိုဏ်းချုပ်ရန်... ရှင့်သမီး အထဲမှာပါ။”
ဂိုဏ်းချုပ်ရန် တံခါးတွန်းဖွင့်ပြီး ဝင်သွားလိုက်သည်။ ရန်ယင်ယင်ကို တွေ့လိုက်သည်နှင့် သူ ချက်ချင်း တုန်လှုပ်သွားခဲ့သည်။ ‘ရန်ယင်ယင် ဒီလောက်တောင် ပြောင်းလဲသွားတာလား။ သူ လူဟုတ်သေးရဲ့လား။’
နဂါးသေတ္တာထဲ ဝင်သွားတည်းက ရန်ယင်ယင်သည် နေ့တိုင်း ပြောင်းလဲနေခဲ့သည်။ သူမ၏ မျက်နှာ ပြောင်းလဲနေသလို သူမ၏ ခန္ဓာကိုယ်လည်း ပြောင်းလဲနေသည်။ အထင်ရှားဆုံး ပြောင်းလဲမှုမှာ သူမ၏ ကျောဘက်ရှိ အရိုးစူး ဖြစ်သည်။ လွန်ခဲ့သော သုံးလက တစ်လက်မ၊ နှစ်လက်မလောက်သာ ရှိသေးသည်။ အခုတော့ ခြောက်လက်မလောက် ရှည်နေပြီ။
သူမ၏ မျက်လုံးများလည်း ပြောင်းလဲသွားသည်။ လူသား မျက်လုံးနှင့် လုံးဝ မတူတော့ပေ။ နက်နဲသည်၊ ဆန်းကြယ်သည်၊ ကြောက်စရာပင် ကောင်းနေသေးသည်။ ထို့အပြင် သူမ၏ ခန္ဓာကိုယ်မှ စွမ်းအင် အရှိန်အဝါသည် အလွန် ပြင်းထန်လွန်းသောကြောင့် လူများကို တုန်လှုပ်စေ၏။
သို့သော်ငြား သူမသည် အစမှအဆုံး နိုးမလာခဲ့ပေ။ သူမ အမြဲတစေ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော်လည်း သူမ၏ အသက်စွမ်းအားသည် အလွန် သန်မာနေသည်။ ထို့အပြင် လွန်ခဲ့သော တစ်လခန့်က သူမ၏ ပြောင်းလဲမှု ရပ်တန့်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ ပြောင်းလဲမှုကြောင့် ရှေးဟောင်း နဂါးသေတ္တာ၏ စွမ်းအင် ကုန်ဆုံးသွားပြီ ဖြစ်သောကြောင့်ပင်။
နဂါးသွေးရိုးတွင်းခြင်ဆီကို တစ်ကြိမ် ထပ်ဖြည့်ပေးခဲ့ရသည်။ ဤသည်မှာ သူမ၏ ခန္ဓာကိုယ်က စွမ်းအင် မည်မျှ သုံးစွဲခဲ့ကြောင်း ပြသနေသည်။ ထို့အပြင် သူမသည် နေ့စဉ် လေးနာရီခန့် ရှေးဟောင်း နဂါး သေတ္တာထဲတွင် နေရသည်။ သို့မဟုတ်ပါက သူမ၏ အသက်ရှင်နိုင်ခြေ အလွန် နည်းပါးသွားပေလိမ့်မည်။
သို့သော်ငြား လွန်ခဲ့သော တစ်လခန့်က ဤအခြေအနေသည် ရပ်တန့်သွားခဲ့သည်။ သူမကို နဂါးသေတ္တာထဲသို့ ထည့်လိုက်လျှင်ပင် ဆက်လက် ပြောင်းလဲခြင်း မရှိတော့ဘဲ နဂါးသေတ္တာ၏ စွမ်းအင်ကိုလည်း မသုံးစွဲတော့ပေ။ သူမ၏ ပြောင်းလဲမှုသည် အကန့်အသတ် တစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ဖြစ်နေသည်။
ဂိုဏ်းချုပ်ရန်သည် ရန်ယင်ယင်၏ မျက်နှာ၊ အထူးသဖြင့် သူမ၏ ကျောဘက်ရှိ အရိုးစူးကို ကြည့်ပြီး မျက်လုံးများ မှေးမှိန်သွားကာဖြင့် ရူးသွပ်စွာ စွဲလမ်းသွားခဲ့၏။
ထိုအချိန်တွင် မင်းသမီး ဟီလာက ပြောလိုက်သည်။ “ဂိုဏ်းချုပ်ရန်... မင်းသမီး ရန်ယင်ယင်က သတိလစ် နေတုန်းပဲ။ ဝေါယာဉ်လေးတစ်ခု စီစဉ်ပေးရမလား။ သူ အဲဒီထဲမှာ ထိုင်ပြီး စေတီတောင်ကို ပြန်လို့ ရတယ်လေ။”
“ဒါပေါ့။ ကျေးဇူးတင်ပါတယ် မင်းသမီး ဟီလာ” ဂိုဏ်းချုပ်ရန်က ပြောလိုက်သည်။
ခဏအကြာတွင် ဟီလာသည် ခမ်းနားထည်ဝါသော ဝေါယာဉ် တစ်ခု ယူဆောင်လာခဲ့သည်။ တကယ်တမ်းတွင် ၎င်းသည် သေတ္တာတစ်လုံးသာ ဖြစ်သော်လည်း ရန်ယင်ယင်၏ ဂုဏ်သိက္ခာအတွက် ဝေါယာဉ်ပုံစံ ပြုလုပ် ထားခြင်း ဖြစ်၏။
“သူ့ကို ဝေါယာဉ်ထဲ ထည့်ပေးရမလား။” ဟီလာက မေးလိုက်သည်။
“ရပါတယ်။ ကျေးဇူးတင်ပါတယ်။” ဂိုဏ်းချုပ်ရန်က ပြောလိုက်၏။
ဟီလာသည် ရန်ယင်ယင်ကို ပွေ့ချီပြီး ဝေါယာဉ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် အမေဇုန် အမျိုးသမီး စစ်သည်တော် နှစ်ဦး ဝင်လာပြီး ဝေါယာဉ်ကို နုရှောင့်မြို့ ရဲတိုက်၏ စင်မြင့်ပေါ်သို့ သယ်ဆောင်သွားကြသည်။
ဂိုဏ်းချုပ်ရန်သည် လက်သီးဆုပ်ကာ ပြောလိုက်၏။ “သခင်ကြီးတို့... ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ပါတယ်။ ကျုပ်ကို ပြန်ခွင့်ပြုပါအုံး။”
“နှုတ်ဆက်ပါတယ်။”
“နှုတ်ဆက်ပါတယ်။”
ဂိုဏ်းချုပ်ရန်သည် ဝေါယာဉ်ကို သယ်ဆောင်ပြီး ရှေးဟောင်းလင်းယုန်၏ ကျောပေါ်သို့ ပေါ့ပါးစွာ ခုန်တက် လိုက်သည်။ သူသည် တောင်ပံခတ်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွား၏။ သူသည် စေတီတောင် ရှိရာဘက်သို့ ပျံသန်းထွက်ခွာသွား၏။
နယ်စားကြီး ကျင်းကျိုးသည် ကောင်းကင်ကို ခေတ္တမျှ မော့ကြည့်ပြီးနောက် သက်ပြင်းချကာ ပြောလိုက်သည်။ “အလုပ်ပြန်လုပ်ကြစို့။”
အဘယ်ကြောင့် ထိုသို့ ဖြစ်ရသနည်း။ နယ်စားကြီး ကျင်းကျိုး အနေနှင့် ဂိုဏ်းချုပ်ရန်ကို ရန်ယင်ယင်အား ခေါ်သွားခွင့်ပြုဖို့ လုပ်ပိုင်ခွင့် အာဏာ ရှိနေသည်လား။ မရှိချေ။ ထိုအရာက ရှမ့်လန် ခွင့်ပြုထားခြင်းဖြစ်သည်။ ချောင် - ရင် နယ်စပ်တိုက်ပွဲပြီးနောက် ရှမ့်လန်က နုရှောင့်မြို့ဆီ အမိန့်တစ်ခု ပို့ခဲ့သည်။ ဂိုဏ်းချုပ်ရန် နုရှောင့်မြို့ ကောင်းကင်ယံမှာ ပေါ်လာတာနဲ့ ရန်လိုသောလုပ်ရပ် လုံးဝမလုပ်ဖို့၊ မင်းသမီး ရန်ယင်ယင်ကို ခေါ်သွား ချင်လျှင်တောင် ခွင့်ပြုလိုက်ဖို့ပင်။
သို့ပေမည့် ဂိုဏ်းချုပ်ရန်က တကယ် ရောက်လာခဲ့သည်။ ရန်ယင်ယင်ကို ခေါ်သွားပြီးနောက် ဂိုဏ်းချုပ်ရန် သည် စေတီတောင်သို့ တိုက်ရိုက် ပြန်မသွားပေ။ ထိုအစား သူသည် ချန်မြို့တော် ရှိရာဘက်သို့ ပျံသန်းသွား၏။ သို့သော်ငြား ချန်မြို့တော်နှင့် လီထောင်ပေါင်းများစွာ အလိုတွင် ရှေးဟောင်းလင်းယုန် ကင်းထောက်ထံမှ သတင်းပို့ချက် တစ်ခု ရရှိလိုက်၏။ “ဂိုဏ်းချုပ်... ရင်ကွမ်း သေပါပြီ။ သူ ဖမ်းထားတဲ့ ရှမ့်လန်က အတုပါ။”
ဤစကားကို ကြားလိုက်ရသည်နှင့် ဂိုဏ်းချုပ်ရန် အသံတိတ်သွားခဲ့သည်။ သူသည် သူ့နားသူပင် မယုံနိုင်အောင် ဖြစ်နေသည်။ ‘ရင်ကွမ်း သေပြီလား။ ဘယ်လို လုပ်ပြီး ဖြစ်နိုင်မှာလဲ။’
ရင်ကွမ်း မည်မျှအားကောင်းကြောင်း ဂိုဏ်းချုပ်ရန် အသိဆုံးဖြစ်သည်။ အမှန်စင်စစ် ရင်ကွမ်းမှာ ဂိုဏ်းချုပ်ရန် ထက် အနည်းငယ်မျှသာ အားနည်းသူဖြစ်ပြီး နုရှောင့်မြို့အတွင်း သူ့ကို ယှဉ်နိုင်မည့်သူ မရှိသလောက်ပင်။ အဖမ်းခံထားရသော ရှမ့်လန်မှာ အတုဖြစ်နေသည်ဟူသော သတင်းက တုန်လှုပ်စရာ ကောင်းသော်လည်း ရင်ကွမ်း သေဆုံးသွားသည်ဟူသော သတင်းနှင့် ယှဉ်လျှင်မူ ဘာမှ မဟုတ်တော့ပေ။
ရင်ကွမ်းသည် ယခုနောက်ပိုင်းကာလများတွင် ထူးဆန်းသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေကြောင်းကိုလည်း ဂိုဏ်းချုပ်ရန် သိရှိထားသည်။ သူသည် ရူးသွပ်နေသကဲ့သို့ ဖြစ်နေသော်လည်း အားကောင်းမြဲ အားကောင်းနေဆဲပင်။ သို့ဖြစ်ရာ သူသည် တကယ်ပင် သေဆုံးသွားခဲ့ပြီလား။ ရှမ့်လန်က မည်သည့်နည်းလမ်းကို အသုံးပြု၍ သူ့ကို သတ်လိုက်သနည်းဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေတော့သည်။
စေတီတောင် ကင်းထောက်က ပြောလိုက်သည်။ “ရှမ့်လန်က အရှင်ရင်ကွမ်းကို ပေးလိုက်တဲ့ နဂါးဥက အတုပါ။ အဲဒီ နဂါးဥကြောင့် ရင်ကွမ်း သေသွားတာပါ။ သူ့ရဲ့ ခန္ဓာကိုယ် အပေါ်ပိုင်း တစ်ခုလုံး ပုပ်သိုးနေပြီး အစိမ်းရောင် အလင်းတွေ ထွက်နေပါတယ်။ အမှောင်ထဲမှာတောင် မီးအိမ်လို ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။ ပြီးတော့ သူ မသေခင် လုံးဝ ရူးသွပ်သွားပါတယ်။”
ဂိုဏ်းချုပ်ရန်က မေးလိုက်သည်။ “သူ... သူက ကိုယ့်ဘာသာ သေသွားတာလား။ ခေါင်းဖြတ်ခံရတာ၊ တခြားသူတွေ တိုက်ခိုက်တာ မဟုတ်ဘဲနဲ့လား။”
စေတီတောင် ကင်းထောက်က ပြောလိုက်သည်။ “ဟုတ်ပါတယ်။ သူက နောက်ဆုံးမှာ ရူးတောင် သွားပါသေးတယ်။ သူက ရှမ့်လန်ကို တစ်ထောင်ပုံ တစ်ပုံ ခုတ်ထစ်နေတယ်လို့ စိတ်ကူးယဉ်နေရင်း လဲကျသေဆုံးသွားတာပါ။”
ဂိုဏ်းချုပ်ရန် မျက်လုံးမှိတ်လိုက်ရာ တစ်ကိုယ်လုံး တုန်ယင်သွားသည်။ ရင်ကွမ်းသည် မည်မျှပင် ရည်မှန်းချက် ကြီးမားကာ အတ္တနှင့် လောဘကြီးသူဖြစ်ပါစေ၊ ဂိုဏ်းချုပ်ရန်အတွက်မူ နှစ်ပေါင်း (၃၀) ကြာ လက်တွဲ လာခဲ့သည့် အဖော်တစ်ဦးဖြစ်သလို ရန်ကလန်၏ တပည့်တစ်ဦးလည်း ဖြစ်သည်။ ရန်ကလန်မှ မွေးထုတ် ပေးနိုင်ခဲ့သည့် ထိပ်တန်းပုဂ္ဂိုလ်နှစ်ဦးအနက် တစ်ဦး ယခုကဲ့သို့ ရုတ်တရက် သေဆုံးသွားရခြင်းက ဂိုဏ်းချုပ်ရန်၏ စိတ်ခံစားမှုကို များစွာ လှုပ်ခတ်သွားစေခဲ့၏။
တစ်ဖက်တွင်လည်း ထိုနဂါးဥမှာ အမှန်တကယ်ပင် အတုဖြစ်နေသလားဆိုသည်မှာ သံသယဖြစ်စရာ ဖြစ်နေသည်။ ရင်ကွမ်းနှင့်ယှဉ်လျှင် ဂိုဏ်းချုပ်ရန်သည် ဤနဂါးဥအပေါ် ပိုမိုတည်ငြိမ်သော သဘောထား ရှိသူဖြစ်ပြီး ရင်ဝူမင်က ဤဥကို မည်သို့ရရှိခဲ့သည်ကိုလည်း အကြိမ်ကြိမ် စဉ်းစားခဲ့ဖူးသည်။
အလင်းရောင်ထွက်နိုင်ရုံသာမက အတွင်းရှိ နဂါးသန္ဓေသား၏ လှုပ်ရှားမှုကိုပါ မြင်တွေ့ရသည်အထိ ထူးခြားပြီး ၎င်းမှ ထုတ်လွှတ်သော စွမ်းအင်အရှိန်အဝါမှာလည်း လူတို့ကို ကြောက်ရွံ့ရိုသေစေလောက်အောင် ပြင်းထန်လှသည်။
ထိုနဂါးဥမှာ အစစ်ထက်ပင် ပို၍ အစစ်နှင့်တူလှသည့်အပြင် ဂိုဏ်းချုပ်ရန်ကိုယ်တိုင်ကလည်း ၎င်းကို အစစ်အမှန် ဖြစ်စေချင်သည့် ဆန္ဒရှိနေခဲ့သည်။ သို့သော်ငြား သူ၏ရင်ထဲတွင် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားနေရသော စိုးရိမ်စိတ်မှာ နက်ရှိုင်းစွာ ကိန်းအောင်းနေခဲ့ပြီး နောက်ဆုံးတွင်မူ ထိုခံစားချက်အတိုင်း အမှန်တကယ်ပင် မှားယွင်းသွားခဲ့ရလေပြီ။
ထို့နောက် ဂိုဏ်းချုပ်ရန်သည် ကိုယ်တိုင် လျှို့ဝှက်စာ တစ်စောင် ရေးသားပြီး ကင်းထောက်အား ပေးလိုက်သည်။ “ဝူကျွယ်ကို ပေးလိုက်၊ ပြီးရင် ရန်တန်ရှောင်ဆီ ဆက်ပေးခိုင်းလိုက်။”
“အမိန့်တော် အတိုင်းပါ။” ကင်းထောက်သည် ဂိုဏ်းချုပ်ရန်၏ လျှို့ဝှက်စာကို ယူပြီး ပျံသန်းထွက်ခွာသွား၏။
ဂိုဏ်းချုပ်ရန်သည် ခရီးစဉ်ကို ချက်ချင်း ပြောင်းလဲလိုက်သည်။ မူလက ချန်မြို့တော်သို့ သွားရန် စီစဉ်ထားသော်လည်း ယခုအခါ စေတီတောင်သို့ ပြန်လှည့်သွားသည်။
… …
ရန်တန်ရှောင် စေတီတောင် အထူးစစ်သည်တော်များနှင့် ငရဲတပ်တော်ကို ဦးဆောင်ပြီး ထွက်ခွာ သွားပြီးနောက် ရှမ့်လန်သည် နုရှောင့်မြို့ စစ်သည် ငါးသောင်းကို ဦးဆောင်ပြီး ချန်မြို့တော်ထဲသို့ ဝင်ရောက် လာခဲ့၏။
ထို့နောက် မြို့ထဲရှိ စစ်သည် နှစ်သိန်းသည် အသံမထွက်ဘဲ သေသပ်စွာ ဒူးထောက်လိုက်ကြသည်။ သူတို့တွင် တိုက်ခိုက်လိုစိတ် ပျောက်ဆုံးနေသည်မှာ ကြာပြီ ဖြစ်သည်။ ရင်ကွမ်း သေဆုံးသွားတည်းက သူတို့သည် အညံ့ခံလုနီးပါး ဖြစ်နေခဲ့သည်။
သို့သော်ငြား သူတို့သည် ရင်ကွမ်းကို သစ္စာရှိခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထို့ကြောင့် သူတို့သည် ‘အရှင် ရှမ့်လန် သက်တော်ရာကျော် ရှည်ပါစေ’ ဟု မအော်ဟစ်နိုင်ကြပေ။ သူတို့သည် မြေကြီးပေါ်တွင် တိတ်ဆိတ်စွာ ဒူးထောက်နေပြီး မလှုပ်မယှက် နေနေကြ၏။
အရာအားလုံး ချောမွေ့စွာ ပြီးဆုံးသွားခဲ့သည်။ အမြောက်ဆံ တစ်ခုမှ မကုန်ဘူးဟု မပြော ၏နိုင်သော်လည်း ကံစမ်းသည့် သဘောနှင့် နဂါးအရှိန်အဝါ အသေးစား တစ်ကျော့လောက် ပစ်ခဲ့ရခြင်းပင်။ မြို့ရိုးမှာ အက်ကွဲကြောင်း အနည်းငယ်လောက်ပဲ ဖြစ်စေခဲ့၏။ အနည်းဆုံးတော့ ချန်မြို့တော်တစ်ခုလုံး ထိခိုက်မှု သိပ်မရှိခဲ့ချေ။
ရှမ့်လန်သည် မြို့ထဲသို့ ဖြည်းညင်းစွာ လျှောက်ဝင်လာပြီး တော်ဝင်ချန်နန်းတော်ဆီသို့ တည့်တည့် ဦးတည်သွား၏။ ထိုဖြစ်စဉ် တစ်လျှောက်လုံးတွင် ချန်မြို့တော်ရှိ အိမ်တိုင်းလိုလို တံခါးပိတ်ထားဆဲဖြစ်ပြီး အသံမထွက်ကြပေ။ သူတို့သည် ခုခံခြင်း မပြုသလို ကြိုဆိုခြင်းလည်း မပြုကြပေ။ ထိုအစား တံခါးကြားမှ တစ်ဆင့် ရှမ့်လန်ကို ရှုပ်ထွေးသော မျက်နှာထားဖြင့် ချောင်းကြည့်နေကြသည်။