အခန်း (၁၁၇၁-၁၁၇၂)
Vol. 68 Ch. 1171-1172
အပိုင်း (၁၁၇၁)
ဝူကျွယ် ထွက်ခွာသွားပြီးနောက် မင်းသားကျင်း ဝင်လာသည်။
“အစ်ကိုကျင်း... ဒီလူက စိတ်ဝင်စားဖို့ မကောင်းဘူးလား။”
မင်းသားကျင်းက ဖြေ၏ ။ “သိပ်ကောင်းတာပေါ့။”
တကယ် စိတ်ဝင်စားစရာ ကောင်းပေသည်။ ဝူကျွယ် ပြောခဲ့သည့် နောက်ဆုံးစကားများက တကယ် အဓိပ္ပာယ်ရှိသည်။ သူ ဆိုလိုချင်သည့် အဓိပ္ပာယ်အမှန်ကို နားလည်ရန် သွယ်ဝိုက်ပြီး စဉ်းစားမှ ရပေမည်။
ထို့အပြင် ဝူကျွယ်သည် တည့်တိုး ပြောပြ၍ မရနိုင်ပေ။ တည့်တိုး ပြောပြလိုက်သည်နှင့် ရင်ဘတ်ထဲမှ စကားလုံးများ ထွက်ကျလာသကဲ့သို့ ဖြစ်သွားလိမ့်မည်။
လိုအပ်လာလျှင် သူ ဝူကျွယ်က ရှမ့်လန်၏ သစ္စာရှိ ခွေးတစ်ကောင် ဖြစ်လာနိုင်သည်။ တစ်ယောက်ယောက် နေရာတွင် အစားထိုး ဝင်ရောက်ပြီး ရှမ့်လန်အတွက် စေတီတောင်ကို အုပ်ချုပ်ပေးနိုင်သည်ဟု ဆိုလိုချင်ခြင်း ဖြစ်သည်။ ဟုတ်ပေသည်။ သူက ရှင်းရှင်းလင်းလင်း ပြောရဲသည်တော့ မဟုတ်ချေ။ သို့သော်ငြား ရှမ့်လန်နှင့် မင်းသားကျင်း နှစ်ယောက်စလုံး သူ ဘာပြောချင်လဲဆိုတာ နားလည်လိုက်ကြသည်။
မင်းသားကျင်းက သုံးသပ်၏။ “ဒီလူက ရည်မှန်းချက် ကြီးရုံတင်မကဘူး၊ သတ္တိလည်း အရမ်းကောင်းတယ်။ ဂိုဏ်းချုပ်ရန်သာ ကြားသွားရင် သူ သေချာပေါက် သေမှာပဲ။”
ရှမ့်လန်က မေးလိုက်သည်။ “ရန်တန်ရှောင် တပ်ဆုတ်သွားတုန်းက ရှေးဟောင်းကိရိယာတွေ အကုန် ယူသွားတာလား။”
မင်းသားကျင်းက ဖြေ၏။ “အကုန် ယူသွားတာ မဟုတ်ဘူး။ ဒါပေမဲ့ ရှေးဟောင်း ကြားဖြတ်ဟန့်တားရေး ကိရိယာရဲ့ အဓိက အစိတ်အပိုင်းတွေနဲ့ နဂါးအရှိန်အဝါ ပစ်လွှတ်စင်တွေကို ယူသွားတယ်။ ပြီးတော့ ရှေးဟောင်း နဂါးသေတ္တာကိုလည်း ယူသွားပြီး စေတီတောင်ကို ပြန်သယ်သွားတယ်။”
ရှမ့်လန် ပြုံးလိုက်သည်။ “ဂိုဏ်းချုပ်ရန်က ရန်ယင်ယင်ကို ခေါ်သွားတယ်၊ ရှေးဟောင်း ကြားဖြတ် ဟန့်တားရေး ကိရိယာနဲ့ နဂါးအရှိန်အဝါကိုလည်း ယူသွားတယ်။ ဒါက ကျုပ်ကို စေတီတောင်ဆီ လာဖို့ ဖိအားပေးနေတာပဲ။ တော်တော် ဆွဲဆောင်မှု ရှိတာပဲ။ စေတီတောင်က ကျုပ်ကို လုံးဝ သစ္စာခံတော့မယ်။”
တကယ်ပင် ဆွဲဆောင်မှု ရှိလှသည်။ စေတီတောင်သည် ကြီးမားသော ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသော်လည်း ကျန်ရှိနေသည့် အင်အားက တုန်လှုပ်စရာ ကောင်းနေဆဲပင်။ ရှမ့်လန်သာ စေတီတောင်၏ သစ္စာခံမှုကို တကယ်တမ်း ရရှိခဲ့လျှင် တစ်ရှိန်ထိုး တိုးတက်သွားမည် ဖြစ်သည်။ အထူးစစ်သည်တော် သုံးထောင်နှင့် ငရဲစစ်သည် တစ်သိန်းကို ရုတ်တရက် ရရှိလိုက်သကဲ့သို့ ဖြစ်သွားမည်။
အရေးအကြီးဆုံးကတော့ ရှေးဟောင်း ကြားဖြတ်ဟန့်တားရေး ကိရိယာ၊ နဂါးနောင်တနှင့် နဂါးအရှိန်အဝါများ အားလုံးသည် မဟာဗျူဟာမြောက် အရင်းအမြစ်များ ဖြစ်သည်။ ဤအရာများကို ရသည်နှင့် တော်ဝင်ရန် အင်ပါယာကို မဟာဗျူဟာမြောက် ဟန့်တားမှု ပြုလုပ်နိုင်ပြီး မဟာဗျူဟာ မျှခြေအသစ်တစ်ခု ရရှိနိုင်လိမ့်မည်။
ထိုအချိန်တွင် ရွှယ်ရင်၏အသံ အပြင်ဘက်မှ ထွက်ပေါ်လာသည်။ “အရှင်... တော်ဝင်ရန်အင်ပါယာရဲ့ မင်းသားလျန် လာရောက်တွေ့ဆုံပါတယ်။”
‘ဒီလူက လာတာ မြန်လိုက်တာ။’
ရှမ့်လန် ချန်မြို့တော်ကို ရောက်တာ သိပ်မကြာသေးပေ။ ဖင်တောင် မပူသေးခင် ရောက်ရှိလာပြီဖြစ်၏။
……
မင်းသားလျန်အသစ်သည် ခန်းမဆောင်ကြီးအတွင်း၌ ပေါ်လာသည်။ သူသည် ရှမ့်လန်ကို လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။ “ဂုဏ်ယူပါတယ် အရှင်ရှမ့်လန်... နောက်ဆုံးတော့ ရန်သူကြီးကို လက်စားချေ နိုင်ခဲ့ပြီ။ အရှင့်ဖခင်ကြီးလည်း အခုဆိုရင် ငြိမ်းချမ်းစွာ အနားယူနိုင်ပါပြီ။”
ရှမ့်လန် ပြုံးလိုက်ပြီး ပြောလိုက်၏။ “မင်းသားလျန်... ခင်ဗျားတို့ တော်ဝင်ရန်အင်ပါယာက လွန်လွန်းတယ်။ လွန်ခဲ့တဲ့ လဝက်လောက်က ကျုပ်တပ်တော်အပေါ် နဂါးနောင်တအတုနှစ်ခု ပစ်ခတ်ခဲ့တယ်။ ကျုပ် လိပ်ပြာလွင့်မတတ် ကြောက်သွားရပြီး တပ်တော်ရဲ့ စိတ်ဓာတ်ရေးရာလည်း ထိခိုက်ခဲ့ရတယ်။ စိတ်ပိုင်းဆိုင်ရာ နစ်နာကြေး ပေးရမယ်နော်။”
မင်းသားလျန်အသစ်က ငြင်းလိုက်သည်။ “အဲဒီလို ရှိလို့လား။ အဲဒါ တော်ဝင်ရန်အင်ပါယာနဲ့ လုံးဝ မသက်ဆိုင်ပါဘူး။ အဲဒီ နဂါးနောင်တအတု နှစ်ခုကို ကျုပ်တို့ ပစ်ခတ်တာ မဟုတ်ပါဘူး။ လုံးဝ မဟုတ်ပါဘူး။”
‘သောက်ကျိုးနည်း... ခင်ဗျားရဲ့ မျက်နှာပြောင်တိုက်ပြီး လိမ်ညာနိုင်စွမ်းက ခင်ဗျားအဖေထက် အများကြီး သာလွန်နေပါလား။ လွန်ခဲ့တဲ့ လဝက်လောက်ကပဲ ခင်ဗျားကိုယ်တိုင် နဂါးနောင်တ ပစ်ခတ်မယ်လို့ နှစ်ကြိမ်တိုင်တိုင် သတိပေးခဲ့သေးသည်။ အခုကျတော့ ခင်ဗျားတို့နဲ့ မဆိုင်ဘူးဟု ပြောနေပြန်ပြီ။ ခင်ဗျားရဲ့ မျက်နှာက ဒီအလုပ်နဲ့ တကယ် လိုက်ဖက်တာပဲ။’
ရှမ့်လန်က မေးလိုက်၏။ “မင်းသားလျန်... ဒီတစ်ခေါက် ဘာကိစ္စရှိလို့လဲ။ ကျုပ် တော်ဝင်ချန်နန်းတော်ကို ပြန်ရောက်တာ လာဂုဏ်ပြုတာလား။”
မင်းသားလျန်၏ မျက်နှာထား တည်ကြည်သွားသည်။ သူ ခေါင်းခါလိုက်သည်။ “မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။ ကျုပ် အရေးကြီးတဲ့ သံတမန်ရေးရာ တာဝန်နဲ့ လာခဲ့တာပါ။”
ရှမ့်လန်က ခွင့်ပြုလိုက်၏။ “ပြောပါ။”
မင်းသားလျန်အသစ်က ပြောသည်။ “အရှင်ရှမ့်လန်... တော်ဝင်ချန်နန်းတော်၊ ချန်မြို့တော်နဲ့ ရင်အင်ပါယာ နယ်မြေတွေကနေ ခြွင်းချက်မရှိ ဆုတ်ခွာပေးပါ။ ရင်ဝူချန်ကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးပြီး ရင်အင်ပါယာ ထီးနန်းကို ဆက်ခံခွင့်ပြုပါ၊ ဘုရင်သစ် ဖြစ်ခွင့်ပြုပါ။”
ထိုစကားကို ကြားလိုက်ရချိန်မှာတော့ ရှမ့်လန် ဒေါသထွက်လွန်းသောကြောင့် ရယ်မောလိုက်မိ၏။ “ဘာလို့လဲ။ ဘာကြောင့်လဲ။”
မင်းသားလျန်အသစ်က ရှင်းပြသည်။ “အရှင်ရှမ့်လန်... အဲဒီတုန်းက မဲပေးပွဲရလဒ်က အရမ်းရှင်းလင်း ပါတယ်။ ချန်ပြည်သူတွေကိုယ်တိုင် သူတို့ရဲ့ ကံကြမ္မာနဲ့ နိုင်ငံပိုင်ဆိုင်မှုကို ဆုံးဖြတ်ခဲ့တာပါ။ အဲဒီတုန်းက ပြည်သူ ၆၁ ရာခိုင်နှုန်းက ရင်ကွမ်းကို ရွေးချယ်ခဲ့တယ်လို့ ကျုပ် မှတ်မိပါတယ်။ တခြားနည်းနဲ့ ပြောရရင် ဒီ ၁.၅ သန်း စတုရန်းကီလိုမီတာ ကျယ်ဝန်းတဲ့ နယ်မြေဟာ ရင်အင်ပါယာပိုင်ဆိုင်တယ်လို့ လောကကြီးက အသိအမှတ်ပြု ထားပါတယ်။
အရှင်ရှမ့်လန်... အရှင်က ရင်ကွမ်းကို သတ်ပြီး လက်စားချေလိုက်တာကို ကျုပ်တို့ နားလည်ပါတယ်။ ဒါပေမဲ့ အဲဒါက ဒီ ၁.၅ သန်း စတုရန်းကီလိုမီတာ ကျယ်ဝန်းတဲ့နယ်မြေကို အရှင် ပိုင်ဆိုင်တယ်လို့ မဆိုလိုပါဘူး။ အဲဒီ မဲပေးပွဲ ပြီးတည်းက ဒီမြေ၊ ဒီနန်းတော်ဟာ ကျန်းမိသားစုနဲ့ ဘာမှ မသက်ဆိုင်တော့ပါဘူး။”
ရှမ့်လန် ရယ်မောလိုက်၏။ “ဟား ဟား ဟား... မင်းသားလျန်... ကျုပ် မှတ်မိသလောက်ဆိုရင် အဲဒီမဲပေးပွဲမှာ ကျုပ် ရှမ့်လန် နိုင်ခဲ့တာပါ။ ရင်ကွမ်းက အမှန်တရားကို ဖုံးကွယ်ပြီး ရလဒ်ကို ပြောင်းလဲပစ် ခဲ့တာပါ။ ခင်ဗျားအဖေ မင်းသားလျန်တောင် ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ရတာလေ။ ခင်ဗျား ဘယ်လိုလုပ်ပြီး မေ့လွယ်နိုင်ရတာလဲ။”
မင်းသားလျန်အသစ်၏ မျက်နှာက ရှုံ့တွသွားသည်။ “အဲဒီလို မရှိပါဘူး။ အဲဒါတွေအားလုံး ကောလာဟလတွေပါ။ အဲဒီတုန်းက ကျုပ်အဖေက လူသိန်းချီရှေ့မှာ ရင်ကွမ်းနိုင်တယ်လို့ လောကကို ကြေညာခဲ့တာပါ။ ပြီးတော့ ရင်ကွမ်းက တော်ဝင်ချန်အင်ပါယာကို ရင်နိုြင်ငံအဖြစ် လျှော့ချခဲ့ပြီး တော်ဝင်ရန်မြို့တော်ကို ထပ်ခါတလဲလဲ တောင်းပန်ခဲ့ပါတယ်။ တော်ဝင်ရန်အင်ပါယာကို ထာဝရ သစ္စာရှိပါ့မယ်လို့လည်း ပြောခဲ့ပါတယ်။ ရင်နိုင်ငံအဖြစ် နာမည်ပြောင်းသွားပေမဲ့ တော်ဝင်ရန်မင်းဆက်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် အမြဲ ရှိနေမှာပါ။”
ရှမ့်လန် မျက်လုံးများ ကျဉ်းမြောင်းသွား၏။ တော်ဝင်ရန်အင်ပါယာက သဘောထားပြောင်းတာ တကယ် မြန်သည်။ ၄၈ နာရီတောင် မပြည့်သေးပေ။
မင်းသားလျန်အသစ်က ဆက်ပြော၏။ “ရှမ့်လန်... တော်ဝင်ချန်အင်ပါယာရဲ့ အရှင်သခင်အဖြစ် ခင်ဗျားရဲ့ ရပ်တည်မှုကို တော်ဝင်ရန်အင်ပါယာက အသိအမှတ်ပြုပါတယ်။ ရင်ကွမ်းရဲ့ ရင်နိုင်ငံကိုလည်း ကျုပ်တို့ အသိအမှတ်ပြုပါတယ်။ ခင်ဗျားအနေနဲ့ ရင်မိသားစုရဲ့ ၁.၅ သန်း စတုရန်းကီလိုမီတာ နယ်မြေကို လုယူပိုင်ခွင့် မရှိပါဘူး။”
ထို့နောက် သူ အော်ဟစ်လိုက်သည်။ “အမိန့်တော်ပြန်တမ်း ရှိတယ်။” သူသည် အမိန့်တော်ပြန်တမ်း တစ်စောင်ကို ဖြန့်လိုက်ပြီး ပြောလိုက်သည်။
“တော်ဝင်ချန်အင်ပါယာ ရှမ့်လန်... အမိန့်တော် နာခံပါ။”
ရှမ့်လန် ထီးနန်းပေါ်တွင် မလှုပ်မယှက် ထိုင်နေ၏။
မင်းသားလျန်အသစ် ဆက်လက် အော်ဟစ်လိုက်သည်။ “ကောင်းကင်ဘုံ အလိုတော်အရ အင်ပါယာက အမိန့် ထုတ်ပြန်လိုက်သည်။ ရှမ့်လန်အား တော်ဝင်ရန်အင်ပါယာ၏ ချန်မင်းသား ဘွဲ့ထူး အပ်နှင်းလိုက်သည်။
“ဟား ဟား ဟား... စိတ်ဝင်စားစရာပဲ။”
တော်ဝင်ချန်အင်ပါယာနှင့် တော်ဝင်ရန်အင်ပါယာတို့သည် ထီးနန်းလုပွဲများကြောင့် အမြဲတစေ ထိပ်တိုက် တွေ့ကာ ဆန့်ကျင်ဘက်ဖြစ်နေခဲ့ကြသည်။ သို့သော်ငြား ယခုအခါတွင်မူ တော်ဝင်ရန်အင်ပါယာက ရှမ့်လန်ကို ဘွဲ့ထူးပေးအပ်လိုက်ရာ ထိုအပြုအမူ၏ နောက်ကွယ်မှ သဘောထားမှာ စဉ်းစားစရာပင်။
‘ကျုပ်က တော်ဝင်ရန်အင်ပါယာနှင့် ပူးပေါင်းပြီး ရင်ကွမ်းကို လှည့်စားလိုက်လို့ ကျုပ်ကို သူတို့ရဲ့ လက်အောက်ခံအဖြစ် သတ်မှတ်လိုက်တာလား၊ တကယ်ကို ကွက်ကျော်ရိုက်တာ တော်လွန်းတယ်။’ ရှမ့်လန်က တွေးလိုက်မိ၏။
ပို၍ စိတ်ဝင်စားစရာကောင်းသည်မှာ အမိန့်တော်ပြန်တမ်းတွင် ရှမ့်လန်ကို ကျန်းလန်ဟု မသုံးနှုန်းဘဲ ချန်မင်းသားဘွဲ့ ပေးထားခြင်းဖြစ်သည်။ လောကတွင် လူအများက သူ့ကို ရှမ့်လန် ဟု ခေါ်ဝေါ်ကြသော်လည်း တရားဝင် စာရွက်စာတမ်းများတွင်မူ ကျန်းလန် ဟုသာ ရည်ညွှန်းနေဆဲ ဖြစ်သည်။ တော်ဝင်ရန်အင်ပါယာ၏ ယခုလုပ်ရပ်သည် ကျန်းကလန်၏ ဂုဏ်ဒြပ်ကို မှေးမှိန်စေရန်နှင့် ကျန်းဆိုသော မျိုးရိုးကို ရှမ့် အဖြစ် ပြောင်းလဲပစ်ရန် ရည်ရွယ်ပြီး ကြိုးစားနေခြင်းပင် ဖြစ်သည်။
မည်သည့်လောကတွင်မဆို ကျန်းကလန်နှင့် ကျိကလန်တို့သည် လောက၌ အလေးစားရဆုံးသော မျိုးရိုးအမည်များ ဖြစ်ကြသည်။ ထိုအထဲမှ ကျိကလန်သည် တစ်ဦးတည်းသာ ထီးနန်းစိုးမိုးလိုပြီး ယင်းဂုဏ်ဒြပ်ကို အခြားသူများနှင့် ခွဲဝေယူခြင်း မပြုလိုပေ။ ထို့ကြောင့်လည်း ကျန်းကလန်ကို ဤလောကမှ ထာဝရ ပျောက်ကွယ်သွားစေရန် အကွက်ချ လုပ်ဆောင်နေခြင်းမှာ သဘာဝကျ၏။
မင်းသားလျန်အသစ်က ဆက်လက် အော်ဟစ်လိုက်သည်။ “အင်ပါယာ အမိန့်ထုတ်ပြန်လိုက်သည်။ ချန်မင်းသားရှမ့်လန်သည် ဖခင်အတွက် လက်စားချေရန် ရင်အင်ပါယာကို တိုက်ခိုက်ခဲ့သည်။ ယခု ဆန္ဒပြည့်ဝသွားပြီ ဖြစ်သောကြောင့် ရင်အင်ပါယာနယ်မြေမှ ထွက်ခွာပြီး နုရှောင့်မြို့သို့ ပြန်လည် သွားရောက်ပါရန်။
ရင်နိုင်ငံသည် တော်ဝင်ရန်အင်ပါယာ၏ လက်အောက်ခံ နိုင်ငံများအနက် တစ်ခုဖြစ်ပြီး တော်ဝင်ချန် အင်ပါယာနှင့် ညီအစ်ကိုနိုင်ငံ ဖြစ်သည်။ အကယ်၍ ချန်မင်းသား ထွက်ခွာရန် ငြင်းဆန်ပါက တရားမဝင် ကျူးကျော်မှုအဖြစ် သတ်မှတ်မည်။ ဤကိစ္စကို စုံစမ်းစစ်ဆေးမည်ဖြစ်ပြီး အခြားသော လက်အောက်ခံ နိုင်ငံများကလည်း သဘောတူမည် မဟုတ်ပေ။ တစ်လအတွင်း မြို့တော်မှ ထွက်ခွာရန် အမိန့်ပေးလိုက်သည်။ ထိုသို့မဟုတ်ပါက တော်ဝင်ရန်အင်ပါယာအား စစ်ကြေညာခြင်းဟု သတ်မှတ်မည်။”
အမိန့်တော်ပြန်တမ်းနှင့် နှုတ်မိန့်တို့ကို ဖတ်ကြားပြီးနောက် မင်းသားလျန်က ပြောလိုက်သည်။ “အရှင်ရှမ့်လန်... အမိန့်တော် နာခံပါ။”
ရှမ့်လန်က မေးလိုက်၏။ “ဘာသဘောလဲ။ ကျုပ် တစ်လအတွင်း မြို့တော်က မထွက်ရင် တော်ဝင်ရန် အင်ပါယာက စစ်ကြေညာပြီး ကျုပ်ကို ဖျက်ဆီးပစ်မယ်ပေါ့။ ဟုတ်လား။”
မင်းသားလျန်က အတည်ပြုသည်။
“ဟုတ်ပါတယ်။ အဲဒီသဘောပါပဲ။”
သူက ဆက်ပြော၏။ “အင်ပါယာက အမိန့်ထုတ်ပြန်လိုက်သည်။ ချန်မင်းသား... ရင်ဝူချန်ကို ချက်ချင်း လွှတ်ပေးရန် အမိန့်ပေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူက ရင်ကလန်ရဲ့ ဆက်ခံသူပါ။”
နောက်ထပ် နှုတ်မိန့်တစ်ခုလား။ အင်ပါယာက ရှင်းရှင်းလင်းလင်း ပြောရတာ ကြိုက်၏။ ဝေ့ဝိုက် မပြောတတ်ချေ။ ရှမ့်လန်နှင့် အတော် တူသည်။
မင်းသားလျန်က ထပ်ပြော၏။ “အရှင်ရှမ့်လန်... ရင်ဝူချန်ကို ချက်ချင်းလွှတ်ပေးပါ။ ဘာပဲဖြစ်ဖြစ် သူက ရင်ကလန်ရဲ့ ဆက်ခံသူပါ။”
ရှမ့်လန် လက်ဝှေ့ယမ်းလိုက်သည်။ “လာကြစမ်း။ ရင်ဝူချန်ကို ခေါ်လာခဲ့။”
ခဏအကြာတွင် ရင်ဝူချန်ကို ခေါ်ဆောင်လာခဲ့သည်။ သူသည် ပိန်လှီပြီး မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ သို့သော်ငြား သိပ်ဒုက္ခရောက်ပုံ မရပေ။ သူသည် ငေးငိုင်နေပြီး မျက်လုံးများ နီရဲနေသည်။ ထင်ရှားသည်မှာ ရင်နိုင်ငံ ကျဆုံးခြင်းနှင့် ရင်ကွမ်း သေဆုံးခြင်းတို့သည် သူ့အတွက် သေစေနိုင်သော ထိုးနှက်ချက် ဖြစ်ခဲ့၏။
ရှမ့်လန်က ထပ်ပြောသည်။ “ရင်အင်ပါယာရဲ့ ဝန်ကြီးချုပ်ဟောင်း ကျောက်လင် ဒီမှာရှိတယ်။ သူ့ကိုပါ ခေါ်လာခဲ့။”
ခဏအကြာတွင် ကျောက်လင်ကိုပါ ခေါ်ဆောင်လာခဲ့သည်။ ဝန်ကြီးချုပ်၏ မျက်နှာပေါ်မှ သွေးများကို ဆေးကြောသန့်စင်ထားသော်လည်း နဖူးတစ်ခုလုံး ဒဏ်ရာများဖြင့် ပြည့်နှက်နေ၏။
“အပြစ်သားက အရှင်ကို ဂါရဝပြုပါတယ်။ သက်တော်ရာကျော် ရှည်ပါစေ။” ရှမ့်လန်ကို မြင်လိုက်သည်နှင့် ကျောက်လင် ချက်ချင်း ဒူးထောက်လိုက်သည်။
ရှမ့်လန်က ပြောလိုက်၏။ “ရင်ဝူချန်... တော်ဝင်ရန်အင်ပါယာက ခင်ဗျားအတွက် အမိန့်တော်ပြန်တမ်း ပေးပို့လိုက်တယ်။”
မင်းသားလျန်က အမိန့်ပေးလိုက်သည်။ “အရှင် အမိန့်တော် ရှိသည်။ ရင်ဝူချန် ဒူးထောက်ပြီး လက်ခံပါ။ ကောင်းကင်ဘုံအလိုတော်အရ အင်ပါယာက ကြေညာလိုက်သည်။ ရင်ဝူချန်အား တော်ဝင်ရန်နိုင်ငံ၏ ရင်မင်းသား ဘွဲ့ထူး အပ်နှင်းလိုက်သည်။ ကောင်းကင်ဘုံအလိုတော်အရ အင်ပါယာက အမိန့်ထုတ်ပြန်လိုက်သည်။ ရင်ဝူချန်အား ရင်နိုင်ငံ၏ ဘုရင်ဘွဲ့ထူး အပ်နှင်းလိုက်သည်။”
ထို့အပြင် သီးခြား အမိန့်တော်ပြန်တမ်း နှစ်စောင် ရှိသည်။ ရင်မင်းသား ဘွဲ့ထူးအပ်နှင်းသော အမိန့်တော်ပြန်တမ်းက အရင်လာပြီး ရင်နိုင်ငံ ဘုရင်ဘွဲ့ထူး အပ်နှင်းသော အမိန့်တော်ပြန်တမ်းက ဒုတိယ လာသည်။ ဤအမိန့်တော်ပြန်တမ်းများအရ ရင်နိုင်ငံ၏ မင်းသားဘွဲ့ထူးသည် လက်အောက်ခံ ဘုရင်တစ်ပါးထက် ပိုမိုမြင့်မားကြောင်း ဖော်ပြနေသည်။
“အရှင် အမိန့်တော် ရှိသည်။ ကျောက်လင် ဒူးထောက် လက်ခံပါ။ ကောင်းကင်ဘုံ အလိုတော်အရ အင်ပါယာက အမိန့်ထုတ်ပြန်လိုက်သည်။ ကျောက်လင်အား တော်ဝင်ရန်နိုင်ငံ ချန်နင်းခန်းမဆောင်၏ မဟာပညာရှိ ဘွဲ့ထူး အပ်နှင်းလိုက်သည်။ ပြီးတော့ ကျောက်လင်အား ရင်နိုင်ငံ၏ ဝန်ကြီးချုပ် ဘွဲ့ထူး အပ်နှင်း လိုက်သည်။”
ဤအမိန့်တော်ပြန်တမ်းသည် ရှမ့်လန်ကို အံ့အားသင့်သွားစေသည်။ တော်ဝင်ရန်အင်ပါယာက ရင်ဝူချန်ကို ဘွဲ့ထူးပေးရုံသာမက ကျောက်လင်ကိုပါ ဘွဲ့ထူး ပေးလိုက်သည်။ ကြည့်ရသည်မှာ ကျောက်လင်သည် ပထမဦးစွာ တော်ဝင်ရန်အင်ပါယာ၏ လက်အောက်ငယ်သားဖြစ်ပြီး ဒုတိယအနေဖြင့် ရင်နိုင်ငံ၏ လက်အောက်ငယ်သား ဖြစ်သည်။
ထို့နောက် မင်းသားလျန်အသစ်က ပြောလိုက်သည်။ “အရှင်ရင်၊ ပညာရှိကျောက်... ဘာလို့ အမိန့်တော် ပြန်တမ်းကို လက်ခံပြီး ကျေးဇူးတင်စကား မပြောကြတာလဲ။”
ရှမ့်လန် ဘေးမှ ရယ်မောလိုက်၏။ “ရင်ဝူချန်၊ ကျောက်လင်... ကြားလား။ တော်ဝင်ရန်အင်ပါယာက အမိန့်တော် ထုတ်ပြန်လိုက်ပြီ။ လက်ခံမှာလား။”
ခန်းမဆောင်ကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ခန်းမဆောင်ကြီးထဲတွင် လူအများကြီး မရှိပေ။ ချောင်ယောင်းအာ၊ မင်းသားကျင်း၊ မင်းသားလျန်၊ ရှမ့်လန်နှင့် အခြားသူ အနည်းငယ်သာ ရှိသည်။ ဤလူများသည် ရင်ဝူချန်နှင့် ကျောက်လင်ကို တစ်ချက်မှပင် မကြည့်ကြပေ။ သူတို့ကို လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးထားသကဲ့သို့ ဖြစ်နေသည်။
အချိန်အတော်ကြာပြီးနောက် ရင်ဝူချန် ရှေ့သို့ တိုးလာပြီး မင်းသားလျန် လက်ထဲမှ အမိန့်တော်ပြန်တမ်း နှစ်စောင်ကို ယူလိုက်သည်။ သူ ဖွင့်ကြည့်လိုက်သည်။ ထို့နောက် သူ့မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာပြီး ခန္ဓာကိုယ် ထိန်းချုပ်မရအောင် တုန်ယင်လာ၏။ ‘ရင်ကလန် မျိုးပြုတ်လုနီးပါး ဖြစ်နေပြီ။ ဘာလုပ်ရမလဲ။ ဘာလုပ်ရမလဲ။’
“ဟား ဟား ဟား ဟား...”
ရင်ဝူချန် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ကျုပ်တို့ရင်ကလန် တော်ဝင်ရန်အင်ပါယာရှေ့မှာ ဒူးထောက်လိုက်တည်းက ဒီနေ့ကံကြမ္မာက သတ်မှတ်ပြီးသားပါ။”
ထို့နောက် သူသည် အမိန့်တော်ပြန်တမ်း နှစ်စောင်ကို ယူပြီး စားပွဲဆီသို့ သွားကာ မီးရှို့ပစ်လိုက်၏။ ထို့နောက် ရင်ဝူချန်သည် တော်ဝင်ရန်အင်ပါယာ၏ မင်းသားလျန်အသစ် ရှေ့သို့ လျှောက်သွားပြီး မင်းသား၏ မျက်နှာကို တံတွေးနှင့် ထွေးလိုက်၏။
ရင်ဝူချန် ဒူးထောက်ပြီး ဦးတိုက်လိုက်သည်။ “ကျုပ်တို့ ရင်ကလန်က မျိုးပြုတ်လုနီးပါး ဖြစ်နေပြီဆိုတာ သိပါတယ်။ ဒါပမေဲ့ နည်းနည်းလောက်တော့ ရုန်းကန်ချင်ပါသေးတယ်။”
အပိုင်း (၁၁၇၂)
ယခု ကျောက်လင်၏ စွမ်းဆောင်ရည်အပေါ် မူတည်နေသည်။ သူသည် သေချာပေါက် သေရတော့မည်ဟု ခံစားနေ ရသည်။ အဘယ်ကြောင့်ဆိုသော် သူသည် လွန်ခဲ့သော ၁၀ လက ပင်မခန်းမဆောင်တွင် ရှမ့်လန်ကို စော်ကားခဲ့ဖူးသောကြောင့် ဖြစ်သည်။ သူ့ကို စော်ကားခဲ့ဖူးသော အခြားတစ်ယောက်ဖြစ်သည့် လန်ရှစ်သည် အပိုင်းပိုင်း ဆုတ်ဖြဲခံရပြီး ဖြစ်သည်။ အကယ်၍ သူ အသက်ရှင်လိုလျှင် သူ၏ပြတ်သားမှုကို ပြသရန် ပိုမိုပြင်းထန်သော အရာတစ်ခု လုပ်ပြရပေမည်။
ကျောက်လင် ရှေ့သို့ တိုးလာပြီး တော်ဝင်ရန်အင်ပါယာ၏ အမိန့်တော်ပြန်တမ်းကို ယူလိုက်သည်။ ဖွင့်ကြည့် လိုက်ချိန်မှာတော့ သူ စိတ်လှုပ်ရှားသွားခဲ့သည်။ သူ့ကို တော်ဝင်ရန်အင်ပါယာ၏ မဟာပညာရှိနှင့် ရင်အင်ပါယာ၏ ဝန်ကြီးချုပ် ဘွဲ့ထူး အပ်နှင်းထား၏။
ထို့နောက် ဝန်ကြီးချုပ်ဟောင်းသည် လုံးဝ စိတ်ကူးကြည့်၍ မရနိုင်သော အရာတစ်ခုကို လုပ်လိုက်သည်။ လူတိုင်း၏ သူ့အပေါ် နားလည်မှုကို လုံးဝ ပြောင်းလဲသွားစေခဲ့သည်။ ရင်ဝူချန်က တော်ဝင်ရန်အင်ပါယာ၏ အမိန့်တော်ပြန်တမ်းကို မီးရှို့ပြီး သူ့ပြတ်သားမှုကို ပြသခဲ့သည်ဖြစ်ရာ ကျောက်လင်အနေဖြင့် ပိုမိုပြတ်သားရန် လိုအပ်သည်။ ထို့ကြောင့် သူသည် ခါးပတ်ကို ဖြေပြီး အမိန့်တော်ပြန်တမ်းပေါ်တွင် မစင်စွန့်လိုက်သည်။
‘သောက်ကျိုးနည်း….’
လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး မြင်ကွင်းကို မယုံနိုင်စွာ ငေးကြည့် နေကြသည်။ ခင်ဗျားက သိပ်လွန်သွားပြီ။ ကျုပ်တို့မှာ နှာခေါင်းမပါဘူးလို့ ထင်နေတာလား။
ချောင်ယောင်းအာ တစ်ယောက်သာ အပြင်ကို ဆက်လက်ကြည့်နေပြီး ဤကိစ္စနှင့် ဘာမှ မပတ်သက်သလို မျက်နှာအမူအရာ မပြောင်းလဲပေ။
‘ခင်ဗျား ... ခင်ဗျားက အရပ်ဖက်အရာရှိ ဟုတ်သေးရဲ့လား။ ခင်ဗျားက တော်ဝင်ချန်အင်ပါယာရဲ့ တတိယအဆင့် အရာရှိကြီး ဖြစ်ခဲ့ဖူးတယ်။ နာမည်ကျော် ပညာရှင်တစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ ဝန်ကြီးချုပ် လုပ်လာတာ ဆယ်စုနှစ်တစ်ခုတောင် ကျော်နေပြီ။ ဘယ်လိုလုပ်ပြီး ဒီလို အရှက်မရှိတဲ့ အလုပ်မျိုး လုပ်နိုင်ရတာလဲ။ ခင်ဗျားက တကယ့်ကို အံ့မခန်းပဲ။ အသက်ရှင်ဖို့အတွက် အကုန် ပုံအောထားလိုက်တာပဲ။’
မစင်စွန့်ပြီးနောက် ကျောက်လင်သည် တော်ဝင်ရန်အင်ပါယာ၏ မင်းသားလျန် ရှေ့သို့ လျှောက်သွားပြီး မျက်နှာကို တံတွေးနှင့် ထွေးလိုက်၏။
“ပြန်သွားပြီး တော်ဝင်ရန်အင်ပါယာရဲ့ ခွေးဘုရင်ကို ပြောလိုက်။ ကျုပ် ကျောက်လင်က တော်ဝင်ရန်အင်ပါယာရဲ့ မဟာပညာရှိ လုပ်ရမယ့်အစား အရှင်ရှမ့်လန်ရဲ့ ခွေးပဲ အဖြစ်ခံလိုက်မယ်။ မဟုတ်သေးဘူး။ ကျုပ်ကို အရှင်ရှမ့်လန်က အပိုင်းပိုင်းခုတ်ပြီး ခွေးကျွေးပစ်တာကိုပဲ ခံလိုက်မယ်။”
……
ရှမ့်လန် ပြုံးလိုက်ပြီး ပြောလိုက်သည်။ “မင်းသားလျန်... ရင်ဝူချန်နဲ့ ကျောက်လင်က တော်ဝင်ရန်အင်ပါယာရဲ့ အမိန့်တော်ကို လက်ခံချင်ပုံ မရဘူး။”
မင်းသားလျန်အသစ်သည် လုံးဝ စိတ်ဆိုးပုံ မရပေ။ သူသည် ပိုးလက်ကိုင်ပဝါတစ်ထည်ကို ထုတ်ပြီး မျက်နှာပေါ်မှ သလိပ်နှင့် တံတွေးများကို ဖြည်းညင်းစွာ သုတ်လိုက်၏။ “ကိစ္စမရှိပါဘူး။”
မင်းသားလျန် ပြုံးလိုက်သည်။ “ရင်ဝူချန်က အမိန့်တော်ကို လက်မခံဘူးဆိုတော့ ရင်မိသားစုဝင် တခြားသူတွေကို ဘွဲ့ထူးပေးလို့ ရတာပဲ။ ကျုပ် မှတ်မိသလောက်ဆိုရင် ရင်ဝူမင်ရဲ့ သားအကြီးဆုံးက ဆယ်ကျော်သက်အရွယ် ရောက်နေပြီ။ သူက ရင်မိသားစုဘုရင် ဖြစ်ဖို့ အရွယ်ရောက်နေပါပြီ။”
ရှမ့်လန်က ပြန်ပြောလိုက်၏။ “မှန်ပါတယ်။ ဒါပေမဲ့ သူတို့က တော်ဝင်ရန်မြို့တော်မှာ ရှိမနေကြဘူး ထင်တယ်။”
မင်းသားလျန်က တုံ့ပြန်သည်။ “ဟုတ်တယ်။ သူတို့က ချန်မြို့တော်မှာ မရှိဘူးလေ။ အရှင်ရှမ့်လန်ရဲ့ ထိန်းချုပ်မှု အောက်မှာ မရှိဘူး။”
ရင်မိသားစုဝင် မျိုးဆက်သစ်များသည် အရွယ်ရောက်သည်နှင့် စေတီတောင်သို့ သွားရောက်ပြီး သိုင်းပညာ သင်ယူလေ့ ရှိကြသည်။ ရင်ဝူမင်၏ သားသည်လည်း ခြွင်းချက် မဟုတ်ပေ။
မင်းသားလျန်က ဆက်ပြော၏။ “ကျုပ် ကောင်းကောင်း မှတ်မိတာ တစ်ခု ရှိသေးတယ်။ မင်းသမီး ရင်ရင်အပြင် အရှင်ရင်ကွမ်းမှာ တခြား သမီးနှစ်ယောက် ရှိသေးတယ်။ တစ်ယောက်က ကျင်းနိုင်ငံနဲ့ လက်ထပ်ထားပြီး နောက်တစ်ယောက်က မီးတောက်မြို့တော်နဲ့ လက်ထပ်ထားတယ်။”
“သူတို့နှစ်ယောက်လုံးမှာ သားတွေ ရှိကြတယ်။ ဒီသားတွေကို ရင်မိသားစုက အချိန်မရွေး ခေါ်ယူပြီး တော်ဝင်ရင်အင်ပါယာရဲ့ ဘုရင်အဖြစ် တင်မြှောက်လို့ ရတယ် မဟုတ်လား။ ပြီးတော့ အရှင်မှာ ဘွဲ့ထူး ပေးအပ်ပိုင်ခွင့် အာဏာရှိတယ်။ ဒါတင်မကဘူး၊ လောကပေါ်က နိုင်ငံအားလုံးရဲ့ အသိအမှတ်ပြုမှုကိုလည်း ချက်ချင်း ရယူနိုင်တယ်။”
ရှမ့်လန် ပခုံးတွန့်လိုက်ပြီး ဘာမှ ဝင်မပြောပေ။
မင်းသားလျန်သည် ရင်ဝူချန်ကို ကြည့်ပြီး ပြောလိုက်သည်။ “မင်းသားသုံး... ခင်ဗျားက အင်ပါယာရဲ့ အမိန့်တော် ပြန်တမ်းကို မီးရှို့လိုက်တယ်။ ဒါက အမိန့်တော်ကို ဖီဆန်တာပဲ။ ခင်ဗျားက တော်ဝင်ရန်အင်ပါယာရဲ့ သစ္စာဖောက်ပဲ။ ခင်ဗျားမှာ ရင်နိုင်ငံရဲ့ ဘုရင် ဖြစ်ခွင့် မရှိတော့ဘူး။ ကျောက်လင်... ခင်ဗျားက အင်ပါယာရဲ့ အမိန့်တော်ပြန်တမ်း ရှေ့မှာ မစင်စွန့်ရဲတယ်ပေါ့။ ခင်ဗျားက သေလူ ဖြစ်သွားပြီ။”
ဤစကားကို ကြားလိုက်ရချိန်မှာတော့ ရင်ဝူချန်၏ မျက်နှာ အနည်းငယ် တွန့်သွားသော်လည်း ကျောက်လင်ကမူ မကြားချင်ယောင် ဆောင်နေလိုက်၏။
“အရှင်ရှမ့်လန်... ဒါကို မှတ်ထားပါ။ အရှင့်ရဲ့ တပ်တော် ချန်မြို့တော်ကနေ ခြွင်းချက်မရှိ ဆုတ်ခွာ ပေးဖို့ တစ်လ အချိန်ရမယ်။ မဟုတ်ရင် တော်ဝင်ရန်အင်ပါယာက အရှင့်ရဲ့ တော်ဝင်ချန်နိုင်ငံတော်ကို ဖျက်ဆီးပစ်လိမ့်မယ်။ ကျေးဇူးပြုပြီး ဒါကို ကောင်းကောင်း မှတ်ထားပါ။ တစ်လ...”
“စိတ်မပူပါနဲ့။ ကျုပ်တို့ မြန်မြန်ဆန်ဆန် လုပ်ပါ့မယ်။ အရှင် ချန်မြို့တော်ကို တိုက်ခိုက်တုန်းကလို လနဲ့ချီ ကြာမှာ မဟုတ်ပါဘူး။ ပြီးတော့ တိုက်ပွဲက ရက်အနည်းငယ်လောက်ပဲ ကြာပြီး ပြီးသွားမှာ။ ကျုပ်တို့ရဲ့ ဖျက်ဆီးရေး တိုက်ခိုက်မှုက တစ်ရက်တောင် မကြာဘဲ ပြီးသွားလိမ့်မယ်။ အရှင့်ရဲ့ တော်ဝင်ချန်နိုင်ငံတော် ပြည်သူတွေ အိပ်ပျော်နေရင်းတောင် သေသွားနိုင်တယ်။”
“နှုတ်ဆက်ပါတယ်။”
ထို့နောက် မင်းသားလျန် လှည့်ထွက်သွား၏။ ဤသည်မှာ စစ်ကြေညာခြင်းနှင့် အတူတူပင် ဖြစ်သည်။
……
မင်းသားလျန် ထွက်ခွာသွားပြီးနောက် ရှမ့်လန်သည် ကျောက်လင်ကို ကြည့်လိုက်၏။
“ကျုပ်နဲ့ တော်ဝင်ရန်အင်ပါယာက သူသေ ၊ ကိုယ်သေ ရန်သူတွေပါ။ ကျုပ် အလျှော့ပေးမယ့်အစား ကျုပ် ဆွေမျိုးခုနစ်ဆက် မျိုးဖြုတ်သတ်တာကိုပဲ ခံလိုက်ပါ့မယ်။” ဝန်ကြီးချုပ်ဟောင်း ချက်ချင်း ဒူးထောက်ပြီး ဦးတိုက်လိုက်သည်။ သူ ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုချင်နေသည်။
ရှမ့်လန်သည် ရင်ဝူချန်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ရင်ဝူချန် ဒူးထောက်လိုက်၏။ “အရှင်... လွန်ခဲ့တဲ့ နှစ် ၃၀ က ကျုပ်တို့ရင်ကလန်ဟာ ခွင့်မလွှတ်နိုင်တဲ့ အပြစ်ကြီးတစ်ခု ကျူးလွန်ခဲ့ပါတယ်။ ကျုပ်တို့ ရင်ကလန်က သေချာပေါက် မျိုးပြုတ်ရတော့မယ်၊ အားလုံး သေရတော့မယ် ဆိုတာ ကျုပ် သိပါတယ်။ ဒါပေမဲ့ ကျုပ် တကယ်ပဲ နည်းနည်းလောက် ရုန်းကန်ချင်ပါသေးတယ်။”
ရှမ့်လန် ဘာမှ မပြောပေ။ သူသည် စာရွက်နှစ်ရွက်ကို ထုတ်ပြီး တစ်ရွက်ကို ရင်ဝူချန်အား ပေးလိုက်ကာ နောက်တစ်ရွက်ကို ကျောက်လင်အား ပေးလိုက်သည်။ “ဒီစာရွက်ပေါ်မှာ နာမည်တွေ ဖြည့်ရေးလိုက်။ စာလုံး အရွယ်အစားက ခင်ဗျားတို့သဘောပဲ။ လူငါးယောက် ရေးမလား၊ ငါးဆယ် ရေးမလား၊ ငါးရာ ရေးမလား၊ ရတယ်။ ဒီရွှမ်စက္ကူနှစ်ရွက်က အကြီးကြီးပဲ။ ခင်ဗျားတို့ လိုချင်ရင် လူတစ်ထောင်တောင် ရေးလို့ ရတယ်။”
ဤစာရွက်နှစ်ရွက်က တကယ် အကြီးကြီးပင်။ သို့ပေမည့် ရွှမ်စက္ကူဆိုတာ မည်သည့်အရာနည်း။ အဘယ်ကြောင့် အရှင် ထိုသို့ ခေါ်ရသနည်း။ ဟုတ်ပေသည်။ ဤအရာက ရှမ့်လန် ယောင်ပြီး ပြောလိုက်ခြင်း ဖြစ်သည်။ ရှေးဟောင်း တရုတ်ပြည်တွင် စက္ကူဆိုသည်မှာ ရွှမ်မြို့၏ အထူးထုတ်ကုန် ဖြစ်သောကြောင့် ထိုသို့ ခေါ်ဝေါ်ခြင်း ဖြစ်သည်။ သို့သော်ငြား ဘုရင့်စကားက ရွှေပင်။ ယနေ့မှစ၍ ဤသို့သောစာရွက်မျိုးကို ရွှမ်စက္ကူဟု ခေါ်ကြတော့မည်။
ရှမ့်လန်က အမိန့်ပေးလိုက်သည်။ “ချန်နိုင်ငံသစ်ရဲ့ အရာရှိတွေထဲမှာ သေသင့်တဲ့သူတွေ ရှိမှာပဲ။ ခင်ဗျားတို့ နှစ်ယောက် ဒီကိစ္စကို တိုင်ပင်ခွင့် မရှိဘူး။ အခန်းမတူတဲ့ နေရာတွေမှာ ဝင်ပြီး စာရွက်ပေါ်မှာ နာမည်တွေ ဖြည့်ရေး။ သတ်သင့်တယ်လို့ ခင်ဗျား တို့ ထင်တဲ့သူတွေ အားလုံးကို ရေး။ နားလည်လား။”
ရင်ဝူချန် ဒူးထောက်ပြီး ဦးတိုက်လိုက်၏။ “အရှင်ရဲ့ အမိန့်တော်အတိုင်းပါ။”
ကျောက်လင် ဦးတိုက်လိုက်သည်။ “အပြစ်သား အမိန့်တော် နာခံပါ့မယ်။”
လူသားများသည် အမြဲတမ်း အာဏာကို ကြောက်ကြသည်၊ မေတ္တာတရားကို မကြောက်ကြပေ။ မင်းသားကျင်း ပြောသလိုပင်၊ ရှမ့်လန် ချန်မြို့တော်ကို ဝင်လာသည့်အချိန်တွင် လူတစ်သိုက်ကို မသတ်ဘဲနေဖို့ ဆိုသည်မှာ မဖြစ်နိုင်ပေ။ သို့သော်ငြား အားလုံးကို သတ်ပစ်ဖို့ ဆိုတာလည်း မဖြစ်နိုင်ချေ။
……
နုရှောင့်မြို့ အထူးစစ်သည်တော်များ၏ စောင့်ကြည့်မှုအောက်တွင် ကျောက်လင်နှင့် ရင်ဝူချန်တို့သည် မတူညီသော အခန်းများထဲသို့ ဝင်ရောက်သွားပြီး သတ်သင့်သူများ၏ နာမည်များကို စတင် ရေးသားကြ၏။
ရှမ့်လန်နှင့် မင်းသားကျင်းတို့သည် ခန်းမဆောင်ကြီး အတွင်း၌ ရှိနေဆဲ ဖြစ်သည်။
မင်းသားကျင်းက သတိပေးလိုက်၏။ “အရှင်... အချိန်က အရေးကြီးနေပြီ။”
တကယ်ပင် အချိန်က အရေးကြီးနေပြီ။ သို့သော်ငြား ရှမ့်လန် မျှော်လင့်ထားသည့် အတိုင်း ဖြစ်သည်။ ယခင်တုန်းက သူ နင်ယွမ်ရှန်းကို ပြောဖူးသည်။ တိုက်ပွဲကြီးတစ်ခု မတိုက်ခင် နောက်တိုက်ပွဲတစ်ခုအတွက် ပြင်ဆင်ထားရမည်ဟူ၍ပင်။
ရင်ကွမ်း သေဆုံးသွားချိန်မှာတော့ ရှမ့်လန်နှင့် တော်ဝင်ရန်အင်ပါယာသည် တရားဝင် ဆန့်ကျင်ဘက် ဖြစ်လာကြသည်။ တော်ဝင်ရန်အင်ပါယာသည် သူတို့ကို ဖြည်းဖြည်းချင်း ဖွံ့ဖြိုးတိုးတက်ရန် အချိန်ပေးမည် မဟုတ်ပေ။ ထင်ထားသည့်အတိုင်းပင် တစ်လ။ တစ်လသာ အချိန်ရသည်။
မင်းသားကျင်းက မေးလိုက်သည်။ “တော်ဝင်ရန်အင်ပါယာက ကျုပ်တို့ကို ဘယ်လို တိုက်ခိုက်မလဲ။ အဆုံးစွန် နဂါးနောင်တနဲ့လား။ ဒါမှမဟုတ် တာဝေးပစ် မဟာဗျူဟာမြောက် တိုက်ခိုက်မှုလား။”
ရှမ့်လန်က ဖြေလိုက်၏။ “ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲဒါတင် မဟုတ်လောက်ဘူး။”
မဟာဗျူဟာမြောက် တိုက်ခိုက်မှု သက်သက်ဆိုလျှင် အထူး နဂါးနောင်တ တစ်ခုတည်းနှင့် လုံလောက်သည်။ သို့သော်ငြား တော်ဝင်ရန်အင်ပါယာအတွက် ဤအရာက သိပ်ပြီး ထူးခြားဆန်းပြားမှု မရှိ၊ တုန်လှုပ်စရာ မကောင်းပေ။ ဘာပဲဖြစ်ဖြစ် သူက အထူး နဂါးနောင်တကို ထုတ်သုံးဖူးပြီးသား မဟုတ်ပါလား။
စူပါစတားတစ်ယောက်က လူထုရှေ့ ထွက်သည့်အခါ အဝတ်အစား တစ်မျိုးတည်း ဘယ်တော့မှ ထပ်မဝတ် သကဲ့သို့ပင်။ တော်ဝင်ရန်အင်ပါယာလည်း ထိုနည်းလည်းကောင်းသာ။
လွန်ခဲ့သော တစ်နှစ်ကျော်က သူက ရင်ကွမ်းနှင့် စေတီတောင်၏ လျှို့ဝှက်တပ်တော်ကို ဖျက်ဆီးဖို့ အထူး နဂါးနောင်တကို သုံးခဲ့ပြီးဖြစ်သည်။ ဤတစ်ကြိမ်တွင် သေချာပေါက် လှည့်ကွက်အသစ်တစ်ခု သုံးလာမည်ဖြစ်ပြီး လောကကြီး တုန်လှုပ်သွားစေမည့် အရာတစ်ခုဖြစ်ပေမည်။
လက်ရှိအခြေအနေက အလွန်ချောမွေ့နေသော်လည်း အကောင်းဆုံး အခြေအနေတော့ မဟုတ်သေးပေ။ အဆုံးအဖြတ် တိုက်ပွဲအတွင်း စေတီတောင်သခင်သည် ချန်မြို့တော်တွင် မရှိခဲ့ပေ။ ထို့ကြောင့် ရင်ကွမ်း ပျက်စီးသွားသော်လည်း စေတီတောင် မပျက်စီးခဲ့ပေ။
စေတီတောင်၏ ဌာနချုပ်သည် ရေပေါ်ပင်လယ်တွင် ရှိသည်။ ရှမ့်လန်၏ တပ်တော် မည်မျှ အားကောင်းစေကာမူ လူသောင်းနှင့်ချီနှင့်အတူ ပျံသန်းသွား၍ မရနိုင်ပေ။ ထို့အပြင် သူ့၏ စွမ်းအားကြီးမားသော ဦးခေါင်းခွံ တပ်တော်သည် ရေပေါ်ပင်လယ်အတွင်းသို့ ဝင်ရောက်၍ မရနိုင်ပေ။ ထို့ကြောင့် တပ်တော်ကို ဦးဆောင်ပြီး စေတီတောင် ဌာနချုပ်ထဲသို့ ဝင်ရောက်ရန် မဖြစ်နိုင်ချေ။
ဝူကျွယ်က စေတီတောင်သည် သူ့ကို သစ္စာခံရမည်ဟု ပြောသည်။ အကယ်၍ ဂိုဏ်းချုပ်ရန်က သူ့ကို သစ္စာခံလာလျှင် ဘာဖြစ်မည်နည်း။ ရင်ကွမ်းသာဆိုလျှင် အလွန်အမင်း သွေးဆောင်ခံရ ပေလိမ့်မည်။ ထို့ကြောင့်ပင် အကျိုးအမြတ်များကြောင့် အကြိမ်ကြိမ် မျက်စိကွယ်ခဲ့ရပြီး ရှမ့်လန်၏ ထောင်ချောက်ထဲသို့ အကြိမ်ကြိမ် ဝင်ရောက်မိခဲ့သည်။
ဤတစ်ကြိမ် ဂိုဏ်းချုပ်ရန် ကမ်းလှမ်းသည့် အခြေအနေများက မည်မျှ ဆွဲဆောင်မှု ရှိသနည်း။ စေတီတောင်ကို အလကား ကောက်ရသလိုမျိုး ဖြစ်နေသည်။ မရေမတွက်နိုင်သော မဟာဗျူဟာမြောက် အရင်းအမြစ်များ၊ အလွန်အမင်း အားကောင်းသော ငရဲတပ်တော်၊ အထူးတပ်ဖွဲ့၊ ရှေးဟောင်းအပျက်အစီးတစ်ခုနှင့် နဂါးနောင်တ အမြောက်အမြား ရရှိမည်။
သို့သော်ငြား ဤအရာအားလုံးက ရှမ့်လန်မျက်လုံးထဲမှာ တိမ်တိုက်တွေလိုပင်။ ကောင်းကင်က မုန့်ကျတာမျိုး မရှိပေ။ ကောင်းကင်က မုန့်ကျလျှင်တောင် အဆိပ်ပါမှာ သေချာ၏။ ရှမ့်လန်သည် လိုချင်တာ မှန်သမျှအတွက် လိမ်မည်၊ လုမည်၊ တိုက်ယူမည်။ ယုတ်မာသည့် နည်းလမ်းပဲ သုံးသုံး၊ မိန်းမကို အားကိုးပြီးပဲ ယူယူ၊ သူ ကိုယ်တိုင် ဦးဆောင်ပြီး ရယူမည်။ သူတစ်ပါး၏ ကြင်နာမှုကို အားကိုးရန်အတွက်လား။ ဘယ်တော့မှ မျှော်လင့်နေလိမ့်မည် မဟုတ်ပေ။
အနောက်လောကမှာတုန်းက အသူရာလှိုင်းပြည်နယ်က အရင်းအမြစ်တွေကို လိုချင်သောကြောင့် နယ်စား ကတော်ကြီး ဒီဘိုရာကို အကျပ်အတည်းထဲ တွန်းပို့ခဲ့၏။ ပြီးမှ ပြန်လည် ဆွဲခေါ်ပြီး အရာအားလုံးကို လိုလိုလားလား ပေးအပ်လာအောင် လုပ်ခဲ့သည်။
ဦးခေါင်းခွံတပ်တော်ကို သိမ်းပိုက်ဖို့ဆိုလျှင် ဦးခေါင်းခွံတပ်တော်ကို အရင်ဆုံး အကျပ်အတည်းထဲ ကျရောက် စေခဲ့၏။ သူတို့ ပျက်စီးလုနီးပါး ဖြစ်နေသည့်အချိန်ကျမှ သူက ကယ်တင်ရှင်အနေနှင့် ဝင်ပါပြီး သစ္စာရှိမှုကို ရယူခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့် ရှမ့်လန်၏အတွေးက မည်သည့်အခါကမှ မပြောင်းလဲခဲ့ချေ။ ဂိုဏ်းချုပ်ရန်ကို သတ်ရန်ပင်။ ‘လောကပေါ်မှာ ရန်ငြိုး မရှိစေရဘူး၊ မူလရည်ရွယ်ချက်ကို မမေ့ရဘူး။’
ဤအရာက ပါးစပ်က ပြောရုံ သတ်သတ်မဟုတ်ပေ။ ရှမ့်လန်က နဂါးဓားကို ဂိုဏ်းချုပ်ရန်လက်ထဲ ထည့်ပေးလိုက်သည့် အချိန်ကစပြီး တစ်ဖက်လူကို သတ်ဖို့ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
ရှမ့်လန်က ပြောလိုက်၏။ “အစ်ကိုကျင်း... ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားပါ။ ကျုပ် စေတီတောင်ကို ခရီးထွက်ရအုံးမယ်။”
မင်းသားကျင်းက မေးလိုက်သည်။ “အရှင်... တစ်ယောက်တည်း သွားမှာလား။”
ရှမ့်လန် ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်... တစ်ယောက်တည်း”
… … …
တော်ဝင်ချန်နန်းတော် မြေအောက်လျှို့ဝှက်ခန်း အတွင်း၌ ရှမ့်လန်သည် မှန်နှင့် စစ်တုရင် ကစားနေသည်။ မှန်က သူ့ကိုယ်သူ ပြန်မြင်ရသည့်အချိန်၊ ရှမ့်လန်အဖြစ် ဟန်မဆောင်ရသည့်အချိန်တွင် ထူးထူးခြားခြား တိတ်ဆိတ် ငြိမ်သက်နေပြီး စကားမပြောသလောက်ပင်။ ထို့အပြင် ရှမ့်လန် ပေါ်လာသည်နှင့် သူသည် လူတိုင်း၏ မြင်ကွင်းမှ ချက်ချင်း ပျောက်ကွယ်သွားလေ့ ရှိသည်။
ရှမ့်လန်က ချီးကျူးလိုက်၏။ “မှန်... မင်းရဲ့ ဆောင်းပါးတွေက တော်တော်ကောင်းတာပဲ။ သိပ်ပြီး ဆွဲဆောင်မှု ရှိလွန်းတယ်။”
မှန်က ဝန်ခံသည်။ “ဒီတစ်ခါ မဲပေးပွဲမှာ ကျုပ် သေချာပေါက် ရှုံးမယ် ထင်ထားတာ။ နိုင်လိမ့်မယ်လို့ တကယ် ထင်မထားခဲ့မိဘူး။”
ရှမ့်လန်က သတိပေးလိုက်၏။ “ဒီလို လူစိတ်ကို လှုပ်ရှားစေတဲ့ ဆောင်းပါးတွေ ၊ မိန့်ခွန်းတွေက အသုံးဝင်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ နောက်ကျရင် နိုင်ငံရေးသမားတချို့ရဲ့ လက်နက်ဖြစ်လာမှာ စိုးရိမ်ရတယ်။ တကယ်လို့ နိုင်ငံရေးသမားတွေက ဆောင်းပါးတွေကို အသုံးချပြီး လူတွေကို လှုံ့ဆော်မယ်၊ ပါးစပ်ကို သုံးပြီး လူတွေကို ဆွဲဆောင်မယ်ဆိုရင် ကြီးမားတဲ့ ဝမ်းနည်းစရာ ဖြစ်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် သူတို့က ပါးစပ်ပဲ လှုပ်နေပြီး ဘာမှ လုပ်စရာ လိုတော့မှာ မဟုတ်ဘူး။”
ရှမ့်လန်က မေးလိုက်သည်။ “မှန်... ဘုရင်လုပ်ရတာ ကြိုက်လား။ မြင့်မြတ်တဲ့ ဘုရင်တစ်ပါးပေါ့။”
“မကြိုက်ဘူး။”
မှန်က ချက်ချင်း ငြင်း၏။ “သိပ်ပျင်းစရာ ကောင်းတယ်။”
ရှမ့်လန်က ထောက်ခံလိုက်သည်။ “အင်း... ငါလည်း မကြိုက်ဘူး။ မင်း သိလား။ တကယ်တော့ ရင်ကွမ်းကို ရှင်းပြီးတာနဲ့ ချန်မြို့တော်နဲ့ ချန်နိုင်ငံသစ်တစ်ခုလုံးကို ပစ်ထားခဲ့ပြီး နုရှောင့်မြို့ကို ပြန်ပြေးချင်တာ။ ဒါပေမဲ့ ကိစ္စတွေက သိပ်ပြီး ရှုပ်ထွေးလွန်းတယ်။ ရှင်းပြီးရင် ကာကွယ်ပေးရအုံးမယ်။ သောက်ကျိုးနည်း ကိစ္စတွေပဲ။”