အခန်း (၆၈၈-၆၉၀)
Vol. 46 Ch. 688-690
အပိုင်း (၆၈၈) စစ်ထွက်ခြင်း
နောက်တစ်နေ့တွင် စစ်သည်တော်အပေါင်းတို့သည် မြို့တော်ပြင်ပသို့ ခန့်ညားထည်ဝါစွာဖြင့် ချီတက်ထွက်ခွာသွားကြလေသည်။ ယုံးကျားဧကရာဇ်အား သင်္ဂြိုဟ်ခြင်း မပြုရသေးသဖြင့် မြို့တော်တစ်ခုလုံးမှာ နာရေးအဝတ်အစားများဖြင့် ဖြူဖွေးနေတော့သည်။ စစ်ထွက်မည့် စစ်သည်တိုင်းသည်လည်း မိမိတို့၏ ဘယ်ဘက်လက်မောင်းတွင် အဖြူရောင်ပိတ်စ တစ်စစီကို စည်းနှောင်ထားကြလေသည်။ မြင်းစီး၍ ချီတက်သွားကြစဉ် ထိုအဖြူရောင်ပိတ်စများသည် လေထဲတွင် တဖျတ်ဖျတ် လွင့်ပျံနေကြပြီး တစ်မျိုးတစ်ဖုံ ထူးခြားသော ဝမ်းနည်းကြေကွဲဖွယ်ရာ အရှိန်အဝါကို ဆောင်ကြဉ်းနေတော့သည်။
လီကျင့်သည် နန်းတော်အတွင်း၌ နာရေးစောင့်နေရသဖြင့် စစ်တပ်ကြီးအား ကိုယ်တိုင်လိုက်ပါ ပို့ဆောင်နိုင်ခြင်း မရှိခဲ့ချေ။
ရှင်းယန်ဝမ် လုလင်းသည် မြင်းကို ဦးဆောင်၍ ရှေ့ဆုံးမှ ချီတက်လေသည်။ စတုတ္ထမင်းသားမှာမူ ဒဏ်ရာများ လုံးဝ မသက်သာသေးသဖြင့် မြင်းလှည်းအတွင်း၌သာ လိုက်ပါလာခဲ့ရသည်။ မြင်းလှည်းကို ဆွဲသော စစ်မြင်းများသည် အဟုန်ပြင်းစွာ ပြေးလွှားနေကြသဖြင့် အရှိန်မှာ အနည်းငယ်မျှပင် မနှေးလှချေ။ မြင်းလှည်းမှာလည်း လမ်းတစ်လျှောက် တုန်ခါနေသဖြင့် စတုတ္ထမင်းသားမှာ မူးဝေအော့အန်ချင်စိတ် ဖြစ်ပေါ်နေသော်လည်း အံကြိတ်ကာ အောင့်အီးသည်းခံနေလေသည်။
စစ်သည်တော် ၅၀,၀၀၀ တို့သည် မြို့တော်မှ ထွက်ခွာလာပြီးနောက် ခရီးကို အလျင်အမြန်ပင် နှင်ကြလေသည်။ တစ်ရက်အတွင်းမှာပင် ခရီးအကွာအဝေးမှာ မိုင် ၁၀ဝ ကျော်၊ မိုင် ၂၀ဝ နီးပါးခန့်အထိ ရောက်ရှိသွားခဲ့သည်။ မိုးချုပ်သွားသည့် အခါမှသာ စစ်သည်များသည် မြင်းပေါ်မှ ဆင်းကာ စခန်းချ၍ အနားယူနိုင်ကြလေတော့သည်။
စားသောက်ရန်အတွက်လည်း ပူပူနွေးနွေး အစားအစာဟူ၍ မရှိချေ။ တစ်ဦးလျှင် မုန့်ပြားခြောက် ၂ ခုနှင့် ရေအေးတစ်ခွက်သာ ရှိလေသည်။ စတုတ္ထမင်းသားသည် မိမိ၏ ဘဝတစ်လျှောက်တွင် ဤကဲ့သို့သော ဆင်းရဲဒုက္ခမျိုးကို တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ။ သူသည် မုန့်ပြား ၁ ခုကို အနိုင်နိုင်စားကာ ရေအေး အနည်းငယ် သောက်လိုက်ပြီးနောက်တွင် ဆက်လက်၍ မစားနိုင်တော့ချေ။ သို့ဖြစ်၍ ကျန်ရှိသော မုန့်ပြားကို မိမိ၏ အနီးရှိ ကိုယ်ရံတော်အား ပေးလိုက်လေသည်။
"စတုတ္ထမင်းသား" မြင့်မားသော အနက်ရောင် အရိပ်တစ်ခုသည် သူ၏ရှေ့သို့ ရောက်ရှိလာလေသည်။ "ခရီးသွားရတာ ပင်ပန်းလှပါတယ်။ အရှင်မင်းသား တောင့်ခံနိုင်ပါ့မလား"
၎င်းမှာ ရှင်းယန်ဝမ် လုလင်းပင်။ စတုတ္ထမင်းသားသည် အမြန်ထ၍ ခရီးဦးကြိုပြုလိုက်လေသည်။ "ကျွန်တော် တောင့်ခံနိုင်ပါတယ်။ လုစစ်သူကြီး အခုလို ဂရုတစိုက် မေးမြန်းပေးတာ ကျေးဇူးတင်ပါတယ်"
လုလင်းသည် စတုတ္ထမင်းသား၏ ပိန်ချုံးနေသော မျက်နှာနှင့် နီရဲနေသော မျက်ဝန်းများကို ကြည့်ကာ စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးမိလိုက်လေသည်။
မင်းသားများထဲတွင် အချို့မှာ သေဆုံးကုန်ကြပြီး လီဟောက်မှာလည်း စစ်စခန်းအတွင်း၌ ပိတ်လှောင်ခံထားရကာ မကြာမီတွင် ကောင်းသော အကျိုးပေးရှိလိမ့်မည် မဟုတ်ချေ။ ဤစတုတ္ထမင်းသားမှာမူ အသိဉာဏ် ရှိသူဖြစ်ပြီး အရေးကြီးသည့် အချိန်အခါများတွင် မှန်ကန်သော ရွေးချယ်မှုများကို ပြုလုပ်တတ်လေသည်။
လုလင်းက နူးညံ့စွာ ပြောလိုက်လေသည်။ "အကယ်၍ အရှင်မင်းသား မတောင့်ခံနိုင်ဘူးဆိုရင် မနက်ဖြန်မှာ မြင်းလှည်းကို နည်းနည်း ဖြည်းဖြည်း မောင်းခိုင်းလိုက်ပါ။ ကျွန်တော် စစ်တပ်ကို ဦးဆောင်ပြီး အရင်သွားပါ့မယ်။ အရှင်မင်းသားက ရက်အနည်းငယ် နောက်ကျပြီးမှ လိုက်လာလည်း ကိစ္စမရှိပါဘူး"
စတုတ္ထမင်းသားသည် အလျင်စလို ထရပ်ကာ ငြင်းပယ်လိုက်လေသည်။ "ကျွန်တော့်ကို အဲဒီလောက်အထိ ဂရုစိုက်ပေးဖို့ မလိုပါဘူး။ ကျွန်တော် လိုက်နိုင်ပါတယ်"
စတုတ္ထမင်းသားတွင် မိမိ၏ သိက္ခာနှင့် ဂုဏ်ပုဒ် ရှိနေသဖြင့် လုလင်းသည်လည်း ထပ်မံ၍ မပြောတော့ချေ။
လုလင်း ထွက်သွားပြီးနောက် စတုတ္ထမင်းသားသည် ရိုးရှင်းသော စစ်တဲအတွင်း၌ လဲလျောင်းလိုက်လေသည်။ တဲအမိုး၏ အပေါက်ငယ်လေးမှတစ်ဆင့် ကောင်းကင်ယံထက်က လင်းလက်နေသော ကြယ်စင်များနှင့် လခြမ်းကွေးလေးကို မြင်တွေ့နေရလေသည်။
စတုတ္ထမင်းသားသည် တိတ်ဆိတ်စွာ ငေးကြည့်နေပြီးနောက် မကြာမီမှာပင် မျက်စိမှိတ်၍ အိပ်ပျော်သွားတော့သည်။
အခြားတစ်ဖက်တွင်မူ ကျန်းကျုံးသည် မျက်နှာပြောင်တိုက်ကာ သူ၏ ယောက္ခထီးဖြစ်သူ လုလင်း၏ စစ်တဲအတွင်း၌ လာရောက် အိပ်စက်နေလေသည်။ သူက လေသံတိုးတိုးဖြင့် မေးလိုက်၏။ "ယွဲ့ဖု၊ ဒီစတုတ္ထမင်းသားက ကြည့်ရတာ ဖြူဖြူနုနုလေးနဲ့ စိတ်ဓာတ်တော့ တော်တော်မာတာပဲ။ တစ်လမ်းလုံး လှုပ်ခါလာတာ မျက်နှာမှာ သွေးမရှိတော့တာတောင် တစ်ခွန်းမှ ညည်းညူတာ မကြားရဘူး"
လုလင်းက "အင်း" ဟုသာ ပြန်ထူးလိုက်လေသည်။
ကျန်းကျုံးက ဆက်၍ ပြောနေပြန်သည်။ "စတုတ္ထမင်းသား ပါလာတာဆိုတော့ ကျောက်မိသားစုစစ်တပ်က လူတွေလည်း ငြိမ်ငြိမ်သက်သက် ရှိသွားတာပေါ့"
စတုတ္ထမင်းသား၏ မိခင်ဖြစ်သူ ချင်ဖေးသည် ကျောက်မိသားစုတွင် ကြီးပြင်းလာခဲ့သူ ဖြစ်သလို စတုတ္ထမင်းသားကိုယ်တိုင်ကလည်း ဖူယန်မြို့စား၏ သမီးကို လက်ထပ်ထားသူ ဖြစ်သည်။ ဆိုရလျှင် စတုတ္ထမင်းသားနှင့် ကျောက်မိသားစု၏ ဆက်ဆံရေးမှာ အလွန်ပင် နီးကပ်လှသည်။ စတုတ္ထမင်းသား ပါရှိနေခြင်းမှာ ကျောက်မိသားစုစစ်တပ်ကို ထိန်းချုပ်နိုင်ရန်အတွက် များစွာ အထောက်အကူ ဖြစ်စေလိမ့်မည်။
လုလင်းက နောက်တစ်ကြိမ် "အင်း" ဟု ပြန်ထူးလိုက်ပြန်သည်။
ကျန်းကျုံးက စကားဆက်ရန် ပြင်လိုက်စဉ်မှာပင် ယွဲ့ဖုဖြစ်သူက "မနက် ၅ ချက်တီးဆို ခရီးဆက်ရမှာမလို့ စောစောအိပ်တော့" ဟု ပြောလိုက်လေသည်။ ကျန်းကျုံးသည် မတတ်သာဘဲ မျက်စိမှိတ်လိုက်ရာ ခဏချင်းမှာပင် ဟောက်သံများ ထွက်ပေါ်လာတော့သည်။
လုလင်း "..."
လုလင်းသည် စိတ်ပျက်လက်ပျက်ဖြင့် ရယ်မိတော့၏။ သူ၏ သမက်ကြီး ကျန်းကျုံးသည် တိုက်ပွဲတွင် ရှေ့တန်းမှ တိုက်ခိုက်ရာ၌ အလွန် ရဲစွမ်းသတ္တိရှိသော်လည်း သီးသန့်အချိန်တွင်မူ စကားအလွန်များပြီး အကြံအစည်လည်း သိပ်မရှိလှချေ။
ကျန်းကျုံး အိပ်ပျော်သွားသော်လည်း လုလင်းမှာမူ အတွေးများစွာဖြင့် အိပ်မပျော်နိုင်ဘဲ ရှိနေလေသည်။ သူသည် အနောက်နန်းဆောင်တွင် ဒဏ်ရာ ကုသနေရသော သမီးဖြစ်သူ လုမင်ယွိကို အလွန်ပင် စိုးရိမ်နေမိသည်။
လီကျင့်၏ လုမင်ယွိအပေါ် ထားရှိသော သံယောဇဉ်မှာ ဟန်ဆောင်မှု မဟုတ်သည်ကို သူ သိပါသည်။ သို့သော်လည်း တစ်နေ့တွင် ထိုပလ္လင်ထက်သို့ တက်လှမ်းပြီးနောက်တွင် မည်သို့သော အပြောင်းအလဲများ ဖြစ်လာမည်ကိုမူ မည်သူမျှ မခန့်မှန်းနိုင်ချေ။
ယုံးကျားဧကရာဇ်သည်ပင် သင်ခန်းစာတစ်ခု မဟုတ်ပါလား။
ထိုပလ္လင်ထက်တွင် ထိုင်ကာ အာဏာကို လက်ဝယ်ပိုင်ဆိုင်လိုက်သည်နှင့် စကားတစ်ခွန်းက လူတစ်ယောက်၏ ကံကြမ္မာကို ဆုံးဖြတ်နိုင်ပြီး အမျက်ထွက်လိုက်ရုံနှင့် လူပေါင်းများစွာကို ပျက်စီးသွားစေနိုင်သည်။ ဤကဲ့သို့သော အာဏာမျိုး ရှိနေချိန်တွင် မူလစိတ်ထားကို ထိန်းသိမ်းထားရန်မှာ အလွန်ပင် ခက်ခဲလှပေလိမ့်မည်။
သူသည် ယန်နိုင်ငံနှင့် ချူနိုင်ငံသို့ စစ်ထွက်သွားရသည်မှာ အမြန်ဆုံး နှိမ်နင်းနိုင်လျှင်ပင် နှစ်ဝက်ခန့် ကြာလိမ့်မည်။ အကယ်၍ တိုက်ပွဲ အဆင်မပြေပါက ၁ နှစ်၊ ၂ နှစ်အထိ ကြာသွားသည်မှာလည်း မဆန်းချေ။ သူ မြို့တော်တွင် မရှိစဉ် ရှောင်ယွိတစ်ယောက် စိတ်ဆင်းရဲစရာများ မကြုံတွေ့ပါစေနှင့်ဟုသာ သူက ဆုတောင်းနေမိသည်။
လုလင်းသည် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ကာ တစ်ဖက်သို့ လှည့်လိုက်လေသည်။ ၃ နာရီခန့်သာ အိပ်စက်ရသေးသော်လည်း မိုးမလင်းမီမှာပင် စစ်တံပိုးမှုတ်သံများ ထွက်ပေါ်လာတော့သည်။
ရှင်းယန်စစ်တပ်မှ စစ်သည်များသည် စနစ်တကျ လေ့ကျင့်ထားသူများ ဖြစ်သဖြင့် ခဏချင်းမှာပင် နိုးထကာ မိမိတို့၏ စစ်တဲများကို သိမ်းဆည်းနိုင်ကြလေသည်။ ကျောက်မိသားစုစစ်တပ်မှာမူ လှုပ်ရှားမှု အလွန်ပင် နှေးကွေးနေတော့သည်။
ကျန်းကျုံးက လေသံတိုးတိုးဖြင့် ညည်းညူလိုက်လေသည်။ "ဖူယန်မြို့စားက တစ်နေ့လုံး စစ်စခန်းမှာ နေနေတာတောင် စစ်သည်တွေကို ကောင်းကောင်း မလေ့ကျင့်ပေးထားဘူးပဲ။ ကြည့်ပါဦး ကျောက်မိသားစုစစ်တပ်က လူတွေကို၊ ကျွန်တော်တို့ ရှင်းယန်စစ်တပ်မှာသာဆိုရင် အခုလောက်ဆို စစ်ကူတုတ်နဲ့ အထုခံနေရပြီ"
လုလင်းက ကျန်းကျုံးကို တစ်ချက်ကြည့်ကာ သတိပေးလိုက်လေသည်။ "စကားလျှော့ပြောစမ်းပါ။ ကျောက်တပ်မှူးရဲ့ နားထဲကို ဝင်သွားရင် တပ်နှစ်ခုကြားမှာ အဆင်မပြေဖြစ်လိမ့်မယ်"
သူသည် ကျောက်မိသားစုစစ်တပ်ဆီမှ စစ်သည်ချေးရန် အကြံပြုခဲ့ခြင်းမှာ မိမိတို့ဘက်က အင်အားတောင့်တင်းစေရန်နှင့် ကျောက်မိသားစုစစ်တပ်၏ အင်အားကို လျှော့ချရန်အတွက် ဖြစ်သည်။ ယခုအခါ ကျောက်မိသားစုစစ်တပ်၏ လှုပ်ရှားမှု နှေးကွေးနေခြင်းကို သည်းခံပေးလိုက်ရုံသာ ရှိတော့သည်။
ကျန်းကျုံးသည် ချက်ချင်းပင် ပါးစပ်ပိတ်လိုက်လေသည်။
စတုတ္ထမင်းသားမှာမူ ဤမျှအထိ အားနာခြင်း မရှိချေ။ သူသည် မျက်နှာထား တင်းမာစွာဖြင့် ကျောက်တပ်မှူးကို ခေါ်ယူလိုက်လေသည်။ "ယန်နိုင်ငံနဲ့ ချူနိုင်ငံက ပုန်ကန်တာကို ကျွန်တော်တို့က သွားရောက် နှိမ်နင်းရမှာ။ ဒါကြောင့် အမြန်ဆုံး ခရီးနှင်ရမယ်။ ကျောက်မိသားစုစစ်တပ်က အခုလို တွန့်ဆုတ်တွန့်ဆုတ် လုပ်နေတာက ရှင်းယန်စစ်တပ်ရဲ့ ခြေထောက်ကို ဆွဲနေတာပဲ"
"ခင်များတို့က မရှက်တတ်ပေမဲ့ ကျွန်တော်ကတော့ ခင်များတို့ကိုယ်စား ရှက်မိတယ်”
"အခုလို လှုပ်ရှားမှု နှေးနေမယ်ဆိုရင် မနက်ဖြန်ကစပြီး ရှင်းယန်စစ်တပ်ထက် နာရီဝက် စောထခိုင်းလိုက်မယ်။ ဘယ်သူပဲဖြစ်ဖြစ် အချိန်ဆွဲနေတာတွေ့ရင် ကျွန်တော် လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး"
ကျောက်တပ်မှူးမှာ အရှက်ရလွန်းသဖြင့် ခေါင်းငုံ့ကာ အကြိမ်ကြိမ် တောင်းပန်နေရတော့သည်။ ကျောက်တပ်မှူးသည် စတုတ္ထမင်းသားကြင်ရာတော် ကျောက်ယွီ၏ ဦးလေးအရင်း ဖြစ်သဖြင့် အမျိုးတော်စပ်ပုံအရ ဆိုလျှင် စတုတ္ထမင်းသား၏ လူကြီးဖြစ်လေသည်။ သို့သော်လည်း ယခုအခါတွင်မူ စတုတ္ထမင်းသားသည် စစ်တပ်ကြီးကြပ်သူ၏ အရှိန်အဝါကို ထုတ်ပြနေသဖြင့် ကျောက်တပ်မှူးမှာ စကားတစ်ခွန်းမျှပင် ပြန်မပြောရဲချေ။
စတုတ္ထမင်းသားသည် ဖြူနုသော မျက်နှာဖြင့် တည်ကြည်စွာ ပြောလိုက်လေသည်။ "နောက်တစ်ကြိမ် ထပ်ဖြစ်ရင်တော့ ခင်များကိုပဲ တာဝန်မေးတော့မယ်"
ကျောက်တပ်မှူးသည် အရှက်တကွဲဖြင့် ပြန်လည် လျှောက်တင်လိုက်လေသည်။ "ကျွန်တော်မျိုး အခုပဲ အမိန့်ပေးလိုက်ပါ့မယ်။ မနက်ဖြန် သူတို့ကို စောစော ထခိုင်းလိုက်ပါ့မယ်"
နောက်တစ်နေ့တွင်မူ ကျောက်မိသားစုစစ်တပ်သည် အမှန်တကယ်ပင် မြန်ဆန်လာခဲ့သည်။ ရှင်းယန်စစ်တပ်ထက် နာရီဝက်စော၍ နိုးထကာ စစ်တဲများနှင့် ပစ္စည်းများကို အမြန်သိမ်းဆည်းကြလေရာ ရှင်းယန်စစ်တပ်နှင့် တစ်ချိန်တည်းမှာပင် စတင်ထွက်ခွာနိုင်ခဲ့ကြသည်။ လုလင်းသည် ဤသည်ကို မြင်လိုက်ရသည့်အခါ စိတ်ထဲမှ ကျေနပ်သွားပြီး စတုတ္ထမင်းသားအပေါ် ထားရှိသော အမြင်မှာလည်း ပို၍ ကောင်းလာခဲ့လေသည်။
....
စစ်တပ်ကြီး ချီတက်နေသည့် ကိစ္စများကို အသေးစိတ် ပြောနေရန် မလိုတော့ချေ။
နန်းတော်အတွင်း၌မူ ယုံးကျားဧကရာဇ်၏ နာရေးကိစ္စမှာ ပြီးဆုံးလုနီးပါး ဖြစ်နေလေပြီ။
နောက်ဆုံးတွင်တော့ ရက်ပေါင်း ၄၉ ရက် ဝမ်းနည်းခြင်းစောင့်သည့် ကာလမှာ ကုန်ဆုံးသွားခဲ့လေပြီ။ နောက်ဆက်တွဲအနေဖြင့် ယုံးကျားဧကရာဇ်၏ ခေါင်းတလားကို ဧကရာဇ်ဂူဗိမာန်အတွင်းသို့ ပို့ဆောင် သင်္ဂြိုဟ်ရတော့မည်။ လီကျင့်သည် ထိုက်ဇီတစ်ဦးအနေဖြင့် ခေါင်းတလားနောက်မှ ကိုယ်တိုင်လိုက်ပါရမည် ဖြစ်ရာ အသွားအပြန် ခရီးမှာ ၄ ရက်၊ ၅ ရက်ခန့် ကြာလိမ့်မည်။
ဆဌမမင်းသားမှာ နေရာအနှံ့ လျှောက်သွားနေသော ကလေးအရွယ်သာ ရှိသေးသဖြင့် နေ့တိုင်း နာရေးခန်းဆောင်သို့ ခေါ်ဆောင်လာကာ လူမြင်အောင် လုပ်ပြရုံသာ လိုအပ်သည်။ သင်္ဂြိုဟ်သည့် အခမ်းအနားသို့မူ သူ လိုက်ပါရန် မလိုအပ်ချေ။ စတုတ္ထမင်းသားမှာလည်း စစ်ထွက်သွားပြီဖြစ်ရာ ထိုက်ဇီနှင့်အတူ ခေါင်းတလားနောက်မှ လိုက်ပါခွင့် ရှိသူမှာ တတိယမင်းသား လီဟောက် တစ်ဦးတည်းသာ ကျန်တော့သည်။
သို့သော်လည်း ထိုက်ဇီ လီကျင့်သည် အစမှအဆုံးအထိ လီဟောက်၏ အကြောင်းကို လုံးဝ ထုတ်မပြောခဲ့ချေ။ အမတ်အပေါင်းတို့သည်လည်း အခြေအနေကို သိရှိကြသဖြင့် အားလုံး တိတ်ဆိတ်နေကြလေသည်။
ဖူယန်မြို့စားမှာမူ မနေနိုင်ဘဲ စကားတစ်ခွန်း ဝင်ပြောလိုက်လေသည်။ "အရှင်မင်းကြီးကို ဂူဗိမာန်ထဲ ပို့တဲ့အခါမှာ ထိုက်ဇီတစ်ယောက်တည်းဆိုရင် သိပ်ပြီးတော့ ခြောက်ကပ်နေလိမ့်မယ်။ တတိယမင်းသားကိုပါ ခေါ်ပြီးတော့ အတူတူ လိုက်ပါခိုင်းတာက ပိုကောင်းမလားလို့ပါ"
လီကျင့်သည် ဖူယန်မြို့စားကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်လေသည်။ "မလိုပါဘူး၊ ကျွန်တော်တစ်ယောက်တည်း လိုက်ပါရင် လုံလောက်ပါတယ်"
လီဟောက်သည် စစ်စခန်းအတွင်း၌ ပိတ်လှောင်ခံထားရသည်မှာ အတန်ကြာပြီဖြစ်ကာ ယုံးကျားဧကရာဇ်၏ နာရေးကာလအတွင်း၌ပင် နန်းတော်ထဲသို့ ဝင်ခွင့် မရရှိခဲ့ချေ။ ဤကဲ့သို့သော အချိန်မျိုးတွင် လီကျင့်က လီဟောက်ကို လူမြင်ကွင်းသို့ မည်သို့ ထွက်ခွင့်ပေးမည်နည်း။
ဖူယန်မြို့စားသည် ငြင်းပယ်ခြင်း ခံလိုက်ရသည့်အခါ ချက်ချင်းပင် ပါးစပ်ပိတ်လိုက်ပြီး စိတ်ထဲမှလည်း မိမိကိုယ်ကိုယ် အပြစ်တင်နေမိတော့သည်။
'စကားမပြောရရင် မနေနိုင်ဘူးလား!' ဟု သူကိုယ်သူ ကြိတ်၍ ကျိန်ဆဲနေမိတော့သည်။
...
အပိုင်း (၆၈၉) သင်္ဂြိုဟ်ခြင်း
ထိုက်ဇီ လီကျင့်သည် ယုံးကျားဧကရာဇ်၏ ခေါင်းတလားနောက်မှ ကိုယ်တိုင်လိုက်ပါကာ အမတ်အပေါင်းတို့နှင့်အတူ ဧကရာဇ်ဂူဗိမာန်သို့ ချီတက်ခဲ့လေသည်။ သစ္စာရှိလှသော လျန်စစ်သူကြီး သားအဖနှင့် လျိုကုန်းကုန်းတို့၏ ရုပ်ကလာပ်များကိုလည်း အရှင်မင်းကြီးနှင့်အတူ ဂူဗိမာန်အတွင်း၌ပင် မြှုပ်နှံသင်္ဂြိုဟ်စေခဲ့သည်။ ၎င်းမှာ ယုံးကျားဧကရာဇ်အတွက် အသက်ပေးလှူခဲ့ကြသည့် သစ္စာရှိအမတ်များကို ဂုဏ်ပြုသည့်အနေဖြင့် အတူတူ သင်္ဂြိုဟ်ပေးခြင်းပင်။
သူတို့အားလုံးသည် အရှင်မင်းကြီးအတွက် အသက်စွန့်ခဲ့ကြသည့် လောကတွင် ရှားပါးလှသော သစ္စာရှိသူများ ဖြစ်ကြသည်။ သေဆုံးပြီးနောက်တွင် ဧကရာဇ်ဂူဗိမာန်အတွင်း မြှုပ်နှံခွင့်ရကာ တော်ဝင်မိသားစု၏ ကန်တော့မှုကို ထာဝစဉ် ခံယူခွင့်ရခြင်းမှာ အမြင့်မြတ်ဆုံးသော ဂုဏ်ဒြပ်ပင် ဖြစ်လေသည်။
ပထမမင်းသားမှာမူ မိမိ၏ ဖခင်အရင်းကို သတ်ဖြတ်ခဲ့သည့် အကုသိုလ်ကံကြောင့် ဧကရာဇ်ဂူဗိမာန်အတွင်း မြှုပ်နှံခွင့် မရရှိခဲ့ချေ။ လွန်ခဲ့သော ရက်အနည်းငယ်ကတည်းကပင် သူ၏ရုပ်ကလာပ်ကို နန်းတော်ပြင်ပရှိ သာမန်နေရာတစ်ခု၌သာ သင်္ဂြိုဟ်ခိုင်းလိုက်လေသည်။ ကွမ်းပင်းနယ်စားမှာလည်း ပုန်ကန်မှုကို ဦးဆောင်ခဲ့သူဖြစ်ရာ သေဆုံးပြီးနောက်တွင် အပိုင်းပိုင်း အပြတ်ပြတ် အလှီးခံရမည်ဖြစ်သော်လည်း လီကျင့်က လူသေကို ထပ်မံ နှိပ်စက်ခြင်း မပြုလိုသဖြင့် ရိုးရှင်းသော ခေါင်းတလားဖြင့်သာ မြှုပ်နှံစေခဲ့သည်။ ကွမ်းပင်းနယ်စား၏ အလောင်းကို ပထမမင်းသားနှင့် တစ်နေရာတည်းတွင်ပင် ထားရှိခဲ့လေသည်။
လျှာကို ကိုက်ဖြတ်၍ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသော မုန့်ဖေးကိုမူ အနောက်နန်းဆောင်၏ 'ထိုက်ဖေး'အဆင့် အခမ်းအနားဖြင့်ပင် ဧကရာဇ်ဂူဗိမာန်အတွင်း သင်္ဂြိုဟ်ပေးခဲ့လေသည်။ အသက်ရှင်စဉ်ကာလ၌ တစ်သက်လုံး ပြိုင်ဆိုင်ခဲ့ကြသော်လည်း သေဆုံးသွားချိန်တွင်မူ မြေတစ်ပုံသာ ကျန်ရှိတော့သည် မဟုတ်ပါလား။
လီရွှမ်းနှင့် လီဟန်တို့သည် နန်းတော်၌သာ ကျန်ရစ်ခဲ့ပြီး လီရွှီ တစ်ဦးတည်းသာလျှင် ဖခင်ဖြစ်သူနှင့်အတူ ဂူဗိမာန်သို့ လိုက်ပါလာခဲ့လေသည်။ လီကျင့်သည် ခေါင်းတလားနောက်မှ လိုက်ပါနေစဉ် ၇ နှစ်အရွယ်သာ ရှိသေးသော လီရွှီမှာလည်း ဖခင်၏နောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာခဲ့ပြီး မည်သည့် ညည်းညူသံမျှ မထွက်ခဲ့ချေ။ သူသည် မိမိနှင့် ရွယ်တူကလေးများထက် ပို၍ ဇွဲရှိကြောင်း ပြသနေတော့သည်။
ယုံးကျားဧကရာဇ်သည် ရုတ်တရက် နတ်ရွာစံခဲ့ရသော်လည်း ကံကောင်းသည်မှာ ထိုက်ဇီကို ကြိုတင်ခန့်အပ်ထားခဲ့သဖြင့် တိုင်းပြည်အာဏာကို တည်ငြိမ်စွာ လွှဲပြောင်းပေးနိုင်ခဲ့ခြင်းပင်။ လီရွှီမှာ ထိုက်ဇီ၏ အကြီးဆုံးသော သားရင်းဖြစ်ရာ မတော်တဆမှု တစ်စုံတစ်ရာ မရှိခဲ့ပါက နောင်တွင် သူသည်သာ ထိုက်ဇီ ဖြစ်လာလိမ့်မည်။ လီရွှီ၏ ယခုကဲ့သို့ ပြုမူဆောင်ရွက်ချက်များမှာ အမတ်အပေါင်းတို့ကို ကျေနပ်အားရစေခဲ့လေသည်။
မူလက ကြည်လင်နေသော ကောင်းကင်ယံမှာ မည်သည့်အချိန်က မှောင်မှိုင်းသွားသည်မသိချေ။ လီကျင့်သည် ယုံးကျားဧကရာဇ်၏ ဂူဗိမာန်ရှေ့၌ ဒူးထောက်ကာ ၃ ကြိမ် ဂါရဝပြုပြီးနောက် နာရေးသုံး စက္ကူများကို ဖြည်းညင်းစွာ ရှို့နေတော့သည်။ ရွှေရောင်မီးလျှံများမှာ ကခုန်နေကြပြီး စက္ကူဝါများကို လောဘတကြီး ဝါးမြိုနေကြလေသည်။
လီရွှီသည်လည်း လီကျင့်၏ ဘေးတွင် ဒူးထောက်ကာ ဂါရဝပြုလျက် စက္ကူများ ရှို့နေသည်။ လီကျင့်မှာ စကားပြောလိုစိတ် မရှိသဖြင့် တိတ်ဆိတ်စွာပင် ၂ နာရီခန့်ကြာအောင် ဒူးထောက်နေခဲ့လေသည်။ ကောင်းကင်မှာ ပို၍ပင် မှောင်မှိုင်းလာပြီး မကြာမီမှာပင် မိုးဖွဲဖွဲလေးများ စတင်ရွာသွန်းလာတော့သည်။
လီရွှီသည် ဖခင်ဖြစ်သူအား သတိပေးလိုသော်လည်း လီကျင့်၏ မျက်နှာအမူအရာကို မြင်လိုက်ရသည့်အခါ စကားများမှာ လည်ချောင်းဝ၌ပင် ရပ်တန့်သွားတော့၏။ လီကျင့်၏ မျက်ဝန်းများမှာ နီရဲနေကာ အသံတိတ် မျက်ရည်ကျနေသည်ကို တွေ့လိုက်ရသောကြောင့်ပင်။ သားအဖ နှစ်ဦးစလုံးမှာ မိုးထဲရေထဲ၌ တစ်နာရီခွဲခန့်ကြာအောင် ဒူးထောက်နေခဲ့ကြရာ ဝတ်ဆင်ထားသော နာရေးဝတ်စုံများမှာလည်း စိုရွှဲသွားခဲ့လေပြီ။
ဝန်ကြီးလော်သည် နောက်ဆုံးတွင် မနေနိုင်တော့ဘဲ လေသံတိုးတိုးဖြင့် လျှောက်တင်လိုက်လေသည်။ "အရှင်မင်းကြီးကို သင်္ဂြိုဟ်ပြီးပါပြီ။ အရှင်မင်းသားအနေနဲ့လည်း ခန္ဓာကိုယ် ထိခိုက်မှာစိုးလို့ အလွန်အမင်း ဝမ်းမနည်းပါနဲ့တော့"
ဝန်ကြီးယွီကလည်း ဖျောင်းဖျလေသည်။ "အရှင်မင်းသား နန်းတော်ကို ပြန်သင့်ပါပြီ"
အမတ်အပေါင်းတို့ကလည်း ဝိုင်းဝန်းလျှောက်တင်ကြသဖြင့် လီကျင့်မှာ သတိပြန်ဝင်လာကာ နောက်ထပ် ၃ ကြိမ် ထပ်မံ ဂါရဝပြုပြီးမှ ကုန်းကုန်းများ၏ တွဲထူမှုဖြင့် ထရပ်လိုက်လေသည်။ လီရွှီသည်လည်း လိုက်၍ ထရပ်လိုက်သော်လည်း မိုးရေထဲ၌ ကြာရှည်စွာ ရှိနေခဲ့သဖြင့် တစ်ကိုယ်လုံး အေးစက်တုန်ယင်ကာ နှာချေသံများ ထွက်ပေါ်လာတော့သည်။ လီကျင့်သည် ထိတ်လန့်သွားပြီး လီရွှီ၏ နဖူးကို စမ်းကြည့်လိုက်ရာ လက်အောက်၌ အလွန်ပင် ပူလောင်နေသည်ကို တွေ့လိုက်ရသည်။ လီရွှီမှာ ငယ်သေးသဖြင့် ဤမျှအထိ ဒုက္ခခံနိုင်စွမ်း မရှိချေ၊ သူ အဖျားတက်နေလေပြီ။
လီကျင့်သည် ဝမ်းနည်းနေသော စိတ်များကို ဘေးဖယ်ထားလိုက်ကာ ချက်ချင်း အမိန့်ပေးလိုက်လေသည်။ "အခုချက်ချင်း နန်းတော်ကို ပြန်ကြမယ်"
...
လုမင်ယွိသည် ယခုအခါတွင် ကုတင်ပေါ်၌ ထိုင်နိုင်နေပြီဖြစ်ကာ တစ်ခါတစ်ရံတွင် တွဲထူပေးပါက လမ်းအနည်းငယ် လျှောက်နိုင်နေပြီ ဖြစ်သည်။ ချီယွင်သည် လုမင်ယွိကို တွဲပေးရင်း တတွတ်တွတ် မှာကြားနေတော့သည်။ "ညန်ညန် ဂရုစိုက်ပါဦး၊ ဖြည်းဖြည်းလျှောက်ပါ၊ ရင်ဘတ်က ဒဏ်ရာကို မထိခိုက်ပါစေနဲ့"
လုမင်ယွိသည်လည်း ဇွတ်မလုပ်ဘဲ ခဏမျှ လမ်းလျှောက်ပြီးနောက် ကုတင်ဘေး၌ ထိုင်ကာ အနားယူနေလိုက်လေသည်။
ထိုစဉ်မှာပင် ချောင်မိဖုရားခေါင်သည် အထဲသို့ ဝင်ရောက်လာခဲ့လေသည်။ ဤနာရေးကိစ္စများကြောင့် ချောင်မိဖုရားခေါင်၏ အင်အားများမှာ ကုန်ခမ်းလုနီးပါး ဖြစ်နေခဲ့ရသည်။ သူမသည် ၅ ရက်ဆက်တိုက် အိပ်စက်အနားယူခဲ့ပြီးမှ အနည်းငယ် အားအင်ပြန်ရှိလာကာ လုမင်ယွိကို ကြည့်ရှုရန် တုန်းဟွားနန်းဆောင်သို့ ရောက်ရှိလာခြင်းပင်။
ချောင်မိဖုရားခေါင်သည် လုမင်ယွိကို အကဲခတ်ကြည့်ရှုပြီးနောက် ကျေနပ်အားရစွာဖြင့် "ရက်နည်းနည်းလောက် အနားယူလိုက်တာ မင်းရဲ့ မျက်နှာလေးက တော်တော်လေး ကြည့်ကောင်းလာပြီပဲ"
လုမင်ယွိကလည်း ချောင်မိဖုရားခေါင်ကို ကြည့်ကာ ပြန်လည် ပြောလိုက်လေသည်။ "မူဟုပ်လည်း ရက်တွေအကြာကြီး ပင်ပန်းခဲ့ရတာဆိုတော့ တော်တော်လေး ပိန်သွားတယ်နော်"
ချောင်မိဖုရားခေါင်မှာ ပိန်ချုံးသွားရုံသာမက ဆံပင်ဖြူများလည်း တိုးလာခဲ့ရသည်။ တစ်ညတည်းနှင့်ပင် အသက်များစွာ ပိုကြီးသွားသကဲ့သို့ ထင်မှတ်ရလေသည်။ သူမသည် မိမိ၏ ပါးပြင်ကို ပွတ်သပ်ရင်း "ဒီအရွယ်လည်း ရောက်နေပြီဆိုတော့ အိုသွားတာလည်း မဆန်းပါဘူး" ဟု ကိုယ့်ကိုယ်ကိုယ် ပြန်လည် လှောင်ပြောင်လိုက်လေသည်။
ယုံးကျားဧကရာဇ် နတ်ရွာစံသွားသည့်အခါ အနောက်နန်းဆောင်ရှိ ကြင်ရာတော် အားလုံးမှာ မုဆိုးမများ ဖြစ်သွားကြရလေပြီ။ ချောင်မိဖုရားခေါင်သည်လည်း အရှင်မင်းကြီးအတွက် များစွာ ဝမ်းနည်းခဲ့ရသည်။ တစ်သက်လုံး ရန်ဘက်ဖြစ်ခဲ့သည့် မုန့်ဖေး မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသည့်တိုင် သူမ၏ စိတ်ထဲ၌ ဝမ်းသာသည့်စိတ် မရှိခဲ့ချေ။ ရင်ထဲတွင် ဟာတာတာကြီး ဖြစ်နေသကဲ့သို့ ခံစားနေရတော့သည်။
လုမင်ယွိသည် ချောင်မိဖုရားခေါင်၏ မှိုင်တွေနေသော ပုံစံကို မြင်လိုက်ရသည့်အခါ စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး သူမ၏ လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်လေသည်။ "မူဟုပ်က အခုမှ အသက်အရွယ် အကောင်းဆုံး အချိန်ပဲ ရှိသေးတာ၊ ဘယ်လိုလုပ်ပြီး အိုပြီလို့ ပြောနိုင်မှာလဲ။ ရွှီအာတို့ ညီအစ်ကိုတွေက မူဟုပ်ရဲ့ စောင့်ရှောက်မှုကို အားကိုးနေရဦးမှာလေ"
ကလေးများအကြောင်း ပြောလိုက်သည့်အခါမှ ချောင်မိဖုရားခေါင်၏ မျက်ဝန်းများတွင် အသက်ဝင်လာကာ ပြုံး၍ ဆိုလေသည်။ "ဒါလည်း ဟုတ်တာပါပဲ။ စိတ်ချပါ၊ ငါ တောင့်ခံထားပါ့မယ်။ ရွှီအာတို့ အိမ်ထောင်ကျတာကိုရော၊ ရွှမ်းအာတို့ ဖုမာရတာကိုရော၊ လီဟန်လေး ကြီးပြင်းလာတာကိုပါ ငါ မြင်ချင်သေးတယ်"
လုမင်ယွိသည် ပြုံးလျက် ခေါင်းညိတ်ပြပြီး "မယ်တော်ကြီးကျောက် အခု ဘယ်လိုနေသေးလဲ"
ချောင်မိဖုရားခေါင်၏ မျက်ဝန်းများမှာ အနည်းငယ် မှေးစက်သွားကာ "အရှင်မင်းကြီးရဲ့ ခေါင်းတလားကို နန်းတော်ပြင်ပ ပို့တဲ့နေ့တုန်းက ငါကိုယ်တိုင် မယ်တော်ကြီးကို ရှို့နဉ်နန်းဆောင်ကို ပြန်ကြွဖို့ သွား 'ပင့်' ခဲ့တယ်။ မယ်တော်ကြီးက အခုဆို မှတ်ဉာဏ်တွေ ရှုပ်ထွေးပြီး စိတ်ကလည်း မကြည်မလင် ဖြစ်နေတာ။ စကားပြောရင်လည်း ဟိုရောက်ဒီရောက်ပဲ။ တော်ဝင်သမားတော်တွေလည်း ဘာမှ မတတ်နိုင်ကြဘူး။ အကောင်းဆုံး ပြုစုစောင့်ရှောက်ပေးဖို့ပဲ ရှိတော့တယ်"
မယ်တော်ကြီးကျောက်မှာ လုံးဝ ရူးသွပ်သွားခဲ့လေပြီ။
ချောင်မိဖုရားခေါင်က ဆက်ပြောပြသည်။ "ချင်ဖေးကတော့ တော်တော်လေး စိတ်ရင်းရှိပါသေးတယ်။ သူက ရှို့နဉ်နန်းဆောင်မှာ မယ်တော်ကြီးကို စောင့်ရှောက်ပေးဖို့ တောင်းဆိုခဲ့တယ်။ မယ်တော်ကြီးက တခြားသူကို မမှတ်မိပေမဲ့ ချင်ဖေးကို မြင်ရင်တော့ ခဏလောက် ငြိမ်သွားတတ်တယ်။ ချင်ဖေး ပြောတဲ့စကားကိုလည်း နားထောင်ပြီး ထမင်းတွေ ရေတွေလည်း သောက်လာတယ်"
"ဒီရက်ပိုင်းအတွင်းမှာ ချင်ဖေးပဲ မယ်တော်ကြီးကို စောင့်ရှောက်နေတာ"
လုမင်ယွိက ခေါင်းညိတ်ကာ ပြောလိုက်၏။ "ချင်ဖေးက မယ်တော်ကြီးကျောက်ရဲ့ ဘေးမှာ နှစ်ပေါင်းများစွာ ရှိနေခဲ့တာဆိုတော့ သူ စောင့်ရှောက်ပေးတာကမှ မူဟုပ်လည်း စိတ်အေးရမှာပေါ့” ထို့နောက် သူမက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ကာ "မယ်တော်ကြီးက အခုလို ဖြစ်နေတာဆိုတော့ လျို့တိကို ရှို့နဉ်နန်းဆောင်မှာ ထားဖို့က မသင့်တော်တော့ဘူး ထင်တယ်"
ချောင်မိဖုရားခေါင်က ပြောလိုက်သည်။ "ရက်အနည်းငယ်ကြာရင် ဆဌမမင်းသားကို ငါ့ရဲ့ ကျောင်းဖန်နန်းဆောင်ထဲ ခေါ်လာပြီး ငါကိုယ်တိုင် စောင့်ရှောက်ပေးပါ့မယ်
စကားပြောနေစဉ်မှာပင် အပျိုတော်တစ်ဦး အပြေးအလွှား ဝင်ရောက်လာကာ သတင်းပို့လေသည်။ "ဟွမ်ဟုပ်ညန်ညန်၊ ထိုက်ဇီဖေးညန်ညန်၊ ထိုက်ဇီအရှင်မင်းသားနဲ့ အမတ်အပေါင်းတို့ နန်းတော်ကို ပြန်ရောက်လာပါပြီ"
"မင်းသားလေး လီရွှီကိုလည်း တုန်းဟွားနန်းဆောင်ကို ပို့ဆောင်ပေးလိုက်ပါပြီ"
"မင်းသားလေး အဖျားတက်နေလို့ လမ်းတစ်လျှောက် တော်ဝင်သမားတော်က စောင့်ရှောက်လာခဲ့ပေမဲ့ အခုထိ အဖျား မကျသေးပါဘူး"
စကားပြောမဆုံးမီမှာပင် လုမင်ယွိနှင့် ချောင်မိဖုရားခေါင်တို့၏ မျက်နှာများမှာ ချက်ချင်း ပျက်သွားတော့သည်။ လုမင်ယွိသည် မိမိ၏ အားနည်းနေသော ခန္ဓာကိုယ်ကို ဂရုမစိုက်ဘဲ ချက်ချင်း ထရပ်လိုက်လေသည်။ ချီယွင်သည်လည်း ဘာမှ မပြောတော့ဘဲ မိမိ၏ သခင်မကို တွဲဖက်ကာ လီရွှီ၏ အိပ်ဆောင်သို့ အမြန်သွားလိုက်ကြသည်။
လီရွှီသည် ကုတင်ပေါ်၌ လဲလျောင်းနေကာ မျက်နှာမှာ ထူးထူးခြားခြား နီရဲနေပြီး မျက်ဝန်းများတွင်လည်း မျက်ရည်များ ဝိုင်းနေကာ စိတ်လွင့်နေသည့်ဟန် ရှိလေသည်။ ချောင်မိဖုရားခေါင်သည် မြင်မြင်ချင်းမှာပင် မျက်ရည်များ ကျလာတော့သည်။
လုမင်ယွိသည် ရင်ထဲ၌ မချိအောင် ခံစားလိုက်ရပြီး ကုတင်ဘေး၌ ထိုင်ကာ သားဖြစ်သူ၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်လေသည်။ "ရွှီအာ၊ ခေါင်းအရမ်း ကိုက်နေလား"
လီရွှီသည် မျက်လုံးကို အတင်းဖွင့်ကြည့်လိုက်ကာ ပြုံးပြရန် ကြိုးစားလိုက်ပြီး "နည်းနည်းပါပဲ၊ သား တောင့်ခံနိုင်ပါတယ်။ မူချင်း စိတ်မပူပါနဲ့"
သူက ချောင်မိဖုရားခေါင်ကိုလည်း ပြန်လည် နှစ်သိမ့်လေသည်။ "အဘွားတော်၊ သား ဆေးသေချာ သောက်ပါ့မယ်၊ ချက်ချင်း ပြန်ကောင်းသွားမှာပါ။ အဘွားတော် မငိုပါနဲ့တော့"
ချောင်မိဖုရားခေါင်မှာ ရှိုက်ကြီးတငင် ငိုကြွေးရင်း ပြောလိုက်သည်။ "ရွှီအာလေးက တကယ့်ကို လိမ္မာတဲ့ကလေးလေးပါ။ မြန်မြန် ပြန်ကောင်းအောင် လုပ်နော်"
လုမင်ယွိသည် မျက်ရည်များကို အနိုင်နိုင် ထိန်းထားရင်း ရေနွေးနွေးဖြင့် စိုစွတ်နေသော ပုဝါကို ယူကာ လီရွှီ၏ နဖူး၊ လည်ပင်းနှင့် လက်ကောက်ဝတ်များကို သုတ်ပေးနေတော့သည်။ လီရွှီမှာ မကြာမီမှာပင် အိပ်မောကျသွားတော့သည်။
...
အပိုင်း (၆၉၀) ဇာတ်သိမ်း
မှောင်ရီပျိုးစ အချိန်တွင် ထိုက်ဇီ လီကျင့်သည် အရှေ့နန်းဆောင်သို့ ပြန်လည် ရောက်ရှိလာလေသည်။
ဤကာလအတွင်း၌ ပင်ပန်းဆင်းရဲမှုများကြောင့် လီကျင့်၏ ခန္ဓာကိုယ် အင်အားမှာ များစွာ ဆုတ်ယုတ်နေပြီး လမ်းလျှောက်နေသည့် ပုံစံမှာပင် ပေါ့ပါးလွင့်ပါးနေတော့သည်။ သူ၏ မေးစေ့တွင် မုတ်ဆိတ်တိုများ ထွက်ပေါ်နေကာ မျက်ဝန်းအစုံမှာလည်း သွေးရောင်လွှမ်းလျက် အလွန်ပင် ပင်ပန်းနွမ်းနယ်နေသည့် အသွင် ဆောင်နေလေသည်။
"ရှောင်ယွိ၊ ရွှီအာ ဘယ်လိုနေလဲ" လီကျင့်က အက်ကွဲသောအသံဖြင့် တိုးတိုးလေး မေးလိုက်လေသည်။
လုမင်ယွိက ညင်သာစွာ ပြန်လည်ဖြေကြားလိုက်သည်။ "ရွှီအာက အဖျားကျဆေးသောက်ပြီး ချွေးထွက်သွားလို့ အဖျားကျသွားပါပြီ။ အခုတော့ အိပ်ပျော်နေတယ်။ တော်ဝင်သမားတော်က ရက်အနည်းငယ် ဆေးသောက်ပြီး ကောင်းကောင်း အိပ်စက်နားယူလိုက်ရင် ပြန်ကောင်းသွားလိမ့်မည် လို့ ပြောပါတယ်။ ရှင်လည်း စိုးရိမ်မနေပါနဲ့တော့။ အရင်ဆုံး ရေချိုးပြီး အဝတ်အစားလဲလိုက်ပါဦး၊ ပြီးမှ အေးအေးဆေးဆေး အိပ်စက်နားယူပါ။ မနက်ကျမှ သူ့ကို သွားကြည့်ပါ"
လီကျင့်သည် အမှန်တကယ်ပင် အလွန်အမင်း ပင်ပန်းနေလေပြီ။ သူသည် ခေါင်းညိတ်ပြကာ ရေချိုးရန် ထွက်ခွာသွားလေသည်။
ရေနွေးသုံးကြိမ်မျှ လဲလှယ်၍ တစ်နာရီဝက်ခန့်ကြာအောင် စိမ်၍ ချိုးလိုက်သည့်အခါမှသာ ကိုယ်ပေါ်ရှိ မနှစ်မြို့ဖွယ် အနံ့အသက်များမှာ ကင်းစင်သွားတော့သည်။ အဝတ်အစားသစ်များ လဲလှယ်လိုက်သည့်အခါ သူသည် တစ်ကျော့ပြန် အသက်ရှင်လာသကဲ့သို့ ခံစားလိုက်ရ၏။ လီကျင့်သည် ကုတင်ပေါ်သို့ တက်ကာ လုမင်ယွိ၏ ပါးပြင်ကို မိမိ၏ ပါးပြင်နှင့် ထိကပ်လိုက်လေသည်။
လုမင်ယွိသည် သနားကရုဏာစိတ်ဖြင့် လီကျင့်၏ မျက်နှာကို ခပ်ဖွဖွလေး ပွတ်သပ်လိုက်သည်။ "ရှင့်ကို ကြည့်ပါဦး၊ အရမ်း ပိန်သွားတာပဲ၊ လူပုံတောင် မပေါက်တော့ဘူး"
လီကျင့်က စနောက်လိုသည့်ဟန်ဖြင့် ပြောလိုက်လေသည်။ "ကို ပိန်သွားပြီး ရုပ်ဆိုးသွားရင် ထိုက်ဇီဖေးညန်ညန်က ကို့ကို ကုတင်ပေါ် ပေးမတက်တော့ဘူးလား"
လုမင်ယွိသည် ဤစကားကြောင့် ရယ်မောလိုက်ပြီး လီကျင့်၏ ပါးကို ခပ်နာနာလေး ဆွဲလိုက်ကာ "ကျွန်မက ဒဏ်ရာကုနေရတုန်း၊ ရှင်ကလည်း ကျန်းမာရေး မကောင်းသေးဘူး။ နှစ်ယောက်လုံး ကောင်းကောင်း အနားယူရမှာကို ရှင် ဘာတွေ တွေးနေတာလဲ"
ထို့အပြင် ယုံးကျားဧကရာဇ် နတ်ရွာစံသွားသဖြင့် လီကျင့်သည် ဖခင်အတွက် ၃ နှစ်တိုင်တိုင် ဝမ်းနည်းပူဆွေးမှုကို ပြသရပေလိမ့်မည်။ ဇနီးမောင်နှံကြား ကိစ္စများကို မည်သူမျှ ဝင်ရောက်မစွက်ဖက်နိုင်သော်လည်း ဤ ၃ နှစ်အတွင်း ကိုယ်ဝန်ရရှိရန်မှာမူ ရှောင်ကြဉ်ရပေလိမ့်မည်။ လီကျင့်သည်လည်း ဧကရာဇ်အသစ်အဖြစ် နန်းတက်ရတော့မည်ဖြစ်ရာ ရှောင်ကြဉ်ရမည့် အရာများမှာ ပို၍ပင် များပြားလှပေသည်။
လီကျင့်သည် စကားအနည်းငယ်ဖြင့် စနောက်လိုက်ပြီးနောက် မကြာမီမှာပင် ပင်ပန်းနွမ်းနယ်မှုကြောင့် လုမင်ယွိကို ဖက်လျက် အိပ်မောကျသွားလေတော့သည်။
နောက်တစ်နေ့ နံနက်တွင် လီကျင့်နှင့် လုမင်ယွိတို့သည် လီရွှီအား သွားရောက် ကြည့်ရှုကြလေသည်။
"မင်းသားလေးက ညသန်းခေါင်မှာ ချွေးထွက်သွားပြီးတော့ အခုတော့ အဖျားလုံးဝ ကျသွားပါပြီ" အပျိုတော်က ဝမ်းသာအားရ လျှောက်တင်လေသည်။
လုမင်ယွိသည် လီရွှီ၏ နဖူးကို စမ်းကြည့်လိုက်ရာ အမှန်တကယ်ပင် အဖျားကျသွားသဖြင့် စိတ်သက်သာရာ ရသွားတော့သည်။ လီကျင့်သည်လည်း စိုးရိမ်ပူပန်မှုများ ကင်းစင်သွားကာ ကုတင်ဘေးတွင် ထိုင်၍ သားဖြစ်သူနှင့် စကားပြောလေသည်။ "ရွှီအာ၊ အခု ဘယ်လိုနေသေးလဲ။ ခေါင်းကိုက်နေတုန်းလား၊ ဗိုက်ဆာလား"
ဖခင်နှင့် မိခင်တို့က မိမိ၏ ဘေးတွင် ရှိနေကာ ဂရုတစိုက် ကြည့်နေကြသည်ကို မြင်ရသည့်အခါ လီရွှီသည် မသိမသာ ပြုံးလိုက်မိသည်။ "ခေါင်းမကိုက်တော့ပါဘူး၊ ဒါပေမဲ့ အားအင်မရှိသလိုပဲ၊ ဗိုက်လည်း နည်းနည်း ဆာတယ်"
လီကျင့်သည် ချက်ချင်းပင် အစားအစာများ ပြင်ဆင်ခိုင်းလိုက်လေသည်။ ပူပူနွေးနွေး ဆန်ပြုတ် ရောက်လာသည့်အခါ လီကျင့်သည် အခြားသူကို မခိုင်းဘဲ မိမိကိုယ်တိုင်ပင် သားဖြစ်သူကို ခွံ့ကျွေးလေသည်။ လုမင်ယွိသည်လည်း လီကျင့်ကို မတားဆီးတော့ဘဲ ကုတင်ဘေးရှိ ကုလားထိုင်တွင် ထိုင်ကာ ပြုံး၍ ကြည့်နေလိုက်သည်။
လီကျင့်သည် သားဖြစ်သူကို အလွန်ပင် ဂရုတစိုက် ခွံ့ကျွေးနေတော့သည်။ ဆန်ပြုတ်တစ်ဇွန်းတိုင်းကို မှုတ်ပြီးမှသာ သားဖြစ်သူ၏ ပါးစပ်သို့ ပို့ပေးလေသည်။ လီရွှီသည် ၃ နှစ်သားအရွယ်ကတည်းက မိမိဘာသာ စားသောက်ခဲ့ခြင်းဖြစ်ရာ ဤကဲ့သို့သော ဂရုစိုက်မှုကို မခံစားရသည်မှာ ကြာလှပေပြီ။ သူသည် အနည်းငယ် ရှက်ရွံ့နေသော်လည်း မိဘတို့၏ ချစ်ခြင်းမေတ္တာကြောင့် ပျော်ရွှင်နေမိသည်။ သူသည် အမြဲတမ်း တည်ငြိမ်ရင့်ကျက်သူအဖြစ် ဟန်ဆောင်နေသော်လည်း အမှန်စင်စစ် ၇ နှစ်သားအရွယ် ကလေးငယ်တစ်ဦးသာ ရှိသေးသည်။
မကြာမီမှာပင် လီရွှမ်းနှင့် လီဟန်တို့လည်း ရောက်ရှိလာကြလေသည်။ လီရွှမ်းသည် အကိုဖြစ်သူ နေမကောင်းဖြစ်နေသည်ကို မြင်သည့်အခါ အလွန်ပင် စိတ်မကောင်းဖြစ်နေတော့သည်။
လီဟန်လေးကမူ "ကိုကို ဆေးသေချာသောက်နော်၊ အဲဒါမှ မြန်မြန် ပျောက်မှာ" ဟု တိုးတိုးလေး နှစ်သိမ့်လေသည်။ ထို့နောက် သူ၏ ဝိုင်းစက်သော တင်ပါးလေးကို လှုပ်ခါလျက် လီကျင့်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ "အဖေ၊ သားလည်း ဗိုက်ဆာပြီ" ဟု ကျယ်လောင်စွာ အော်ဟစ်လေတော့သည်။
လီကျင့်သည် မတတ်သာဘဲ မိမိမှုတ်ထားသော ဆန်ပြုတ်ကို လီဟန်၏ ပါးစပ်သို့ ခွံ့ကျွေးလိုက်ရလေသည်။ ကလေးများမှာ ထိုသို့ပင်။ အခြားသူ၏ ပန်းကန်ထဲမှ အစားအစာမှာ ပို၍ပင် မွှေးကြိုင်နေတတ်သည် မဟုတ်ပါလား။ လီဟန်သည် တစ်ဇွန်းစားပြီးနောက် နောက်ထပ် တစ်ဇွန်း ထပ်တောင်းနေပြန်သည်။ လီရွှီသည် ညီလေးကို အလွန်ချစ်သဖြင့် မလုစားတော့ဘဲ ကြည့်သာနေလေသည်။
လုမင်ယွိသည် ဤသည်ကို မြင်လိုက်ရသည့်အခါ "လီဟန်လေး၊ အဖေက ကိုကို့ကို ကျွေးရဦးမယ်လေ။ သားဗိုက်ဆာရင် မေမေ့ဆီ လာခဲ့၊ မေမေ ကျွေးမယ်" ဟု ခေါ်လိုက်လေသည်။
လီဟန်သည် မသွားချင်ဘဲ တွန့်ဆုတ်နေစဉ် လီရွှမ်းသည် မနေနိုင်တော့ဘဲ လီဟန်၏ နားကို ဆွဲလိုက်လေသည်။ "မဆိုးနဲ့၊ အခုချက်ချင်း သွားလိုက်တော့" လီဟန်လေးမှာ အော်ဟစ်လျက် အစ်မဖြစ်သူ၏ မျက်နှာကို ကြည့်ကာ မအော်ရဲတော့ဘဲ လုမင်ယွိထံသို့ သွားလိုက်ရလေသည်။
လုမင်ယွိနှင့် လီကျင့်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးလိုက်ကြလေသည်။ မိသားစု ၅ ဦးလုံး ဤကဲ့သို့ အတူတူ မရှိရသည်မှာ ကြာလှပေပြီ။
"ရှင် ဒီနေ့ ဝမ်ဟွားနန်းဆောင်ကို သွားမှာလား" လုမင်ယွိက လေသံတိုးတိုးဖြင့် မေးလိုက်လေသည်။ လီကျင့်က ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်၏။ "ဒီကာလအတွင်းမှာ စုပုံနေတဲ့ တိုင်းပြည်အရေးတွေကို တစ်ခုချင်းစီ ဖြေရှင်းရမယ်။ ပြီးတော့ အန်းနိုင်ငံနဲ့ ချူနိုင်ငံက ပုန်ကန်မှုကိုလည်း ပေါ့ပေါ့တန်တန် သဘောမထားသင့်ဘူး"
သူသည် ရက်အနည်းငယ်ခန့် အနားယူပြီး ဇနီးနှင့် သားသမီးများကို အဖော်ပြုပေးချင်သော်လည်း အချိန်မရှိလှချေ။
လုမင်ယွိသည် လီကျင့်ကို စိုက်ကြည့်ကာ ပြောလိုက်တော့သည်။ "အလုပ်က ပိုအရေးကြီးပါတယ်၊ ရှင့်အလုပ်ကိုသာ သွားလုပ်ပါ။ အရှေ့နန်းဆောင်မှာ ကျွန်မ ရှိနေတာပဲ၊ ဘာပြဿနာမှ ဖြစ်လာမှာ မဟုတ်ဘူး"
ဟုတ်ပေသည်၊ လုမင်ယွိသည် လီကျင့်အတွက် အားကိုးရဆုံးသော သူပင် ဖြစ်သည်။ အန္တရာယ်အရှိဆုံး အချိန်များတွင် သူမသည် အမြဲတမ်း ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည်ပေးခဲ့သူ မဟုတ်ပါလား။
လီကျင့်သည် လုမင်ယွိကို စိုက်ကြည့်ရင်း "မင်းပြောတာ မှန်ပါတယ်၊ အလုပ်က ပိုအရေးကြီးတာပေါ့"
...
အလုပ်က အရေးကြီးလှပေသည်။ ယခုအချိန်တွင် အရေးအကြီးဆုံးသော အလုပ်မှာ ဘာဖြစ်နိုင်ပါဦးမည်နည်း။
တိုင်းပြည်တွင် ဧကရာဇ်မရှိဘဲ တစ်ရက်မျှပင် မနေသင့်ချေ။ ယုံးကျားဧကရာဇ်ကို သင်္ဂြိုဟ်ပြီးပြီဖြစ်ရာ နောက်ဆက်တွဲအနေဖြင့် ဧကရာဇ်အသစ် နန်းတက်ရန်မှာ အရေးကြီးဆုံးသော ကိစ္စပင် ဖြစ်လေသည်။ လီကျင့်က အရိပ်အယောင် မပြရသေးမီမှာပင် အမတ်အပေါင်းတို့သည် ထိုက်ဇီထက်ပင် ပို၍ စိုးရိမ်နေကြလေပြီ။
ထိုနေ့တွင် လီကျင့် လူမြင်ကွင်းသို့ ထွက်လာသည်နှင့် ချောင်ကောလောင်သည် ထိုက်ဇီအား နန်းတက်ရန် လျှောက်တင်လွှာ တင်သွင်းလိုက်လေသည်။ "...အရှင်မင်းကြီးကို သင်္ဂြိုဟ်ပြီးပါပြီ။ ကျွန်တော်မျိုးတို့ ထိုက်ဇီအရှင်မင်းသားကို ဧကရာဇ်အဖြစ် နန်းတက်ပြီး တိုင်းပြည်ကို အုပ်ချုပ်ပေးဖို့ လျှောက်တင်အပ်ပါတယ်"
ထို့နောက်တွင် ဝန်ကြီးလော်၊ ဝန်ကြီးကောင်း၊ ဝန်ကြီးယောင်၊ ဝန်ကြီးယွီ၊ ဝန်ကြီးယန်နှင့် ဝန်ကြီးကျင်းတို့သည်လည်း တစ်ဦးပြီးတစ်ဦး လျှောက်တင်ကြလေသည်။ စစ်သူကြီးများထဲတွင်လည်း ဖူယန်မြို့စားက ဦးဆောင်၍ လျှောက်တင်လွှာ တင်သွင်းခဲ့လေသည်။ ရက်အနည်းငယ် အတွင်းမှာပင် ထိုက်ဇီအား နန်းတက်ရန် တောင်းဆိုသည့် လျှောက်တင်လွှာများမှာ စားပွဲပေါ်၌ ပုံနေတော့သည်။
လီကျင့်သည် ချက်ချင်း သဘောမတူဘဲ အချိန်အနည်းငယ် စောင့်ဆိုင်းနေလိုက်သည်။ အမတ်အပေါင်းတို့၏ စိတ်ရင်းကို သိရှိရမှသာ နန်းတက်ခြင်းမှာ လူအများ၏ ဆန္ဒနှင့် ထပ်တူကျပေလိမ့်မည်။ မကြာမီမှာပင် တော်ဝင်မိသားစုဝင်များသည်လည်း တုန်းပင်ကျွင်း၏ ဦးဆောင်မှုဖြင့် လျှောက်တင်လွှာများ တင်သွင်းကြပြန်သည်။ လီကျင့်သည် ဆက်လက်၍ ငြိမ်သက်နေဆဲပင်။
လဝက်ခန့်ကြာသောအခါ ထိုက်ဇီအရှင်မင်းသားသည် ညီလာခံ ကျင်းပခဲ့လေသည်။ မြို့တော်ရှိ အမတ်အပေါင်းတို့သည် ချောင်ကောလောင်၏ ဦးဆောင်မှုဖြင့် တပြိုင်တည်း ဒူးထောက်ကာ "တိုင်းပြည်မှာ ဧကရာဇ်မရှိဘဲ မနေသင့်ပါဘူး၊ ထိုက်ဇီအရှင်မင်းသား နန်းတက်ပေးပါ" ဟု ကျယ်လောင်စွာ ဟစ်ကြွေးကြလေတော့သည်။
ထိုဟစ်ကြွေးသံမှာ ကျင်းလွမ်နန်းဆောင် တစ်ခုလုံးတွင် ပဲ့တင်ထပ်နေတော့သည်။
လီကျင့်သည် နောက်ဆုံးတွင် မတ်တပ်ရပ်၍ အမတ်များကို ကြည့်ကာ မိန့်ကြားလိုက်လေသည်။ "အမတ်မင်းတို့က ငါမင်းသားကို နန်းတက်ဖို့ အကြိမ်ကြိမ် လျှောက်တင်ကြလေပြီ။ ဖုဟွမ် နတ်ရွာစံသွားပြီ ဖြစ်သလို ငါမင်းသားကလည်း သာ့ဝေတိုင်းပြည်ရဲ့ ထိုက်ဇီဖြစ်တာနဲ့င့်အညီ ပြည်သူပြည်သားများနှင့် တိုင်းပြည်အတွက် တာဝန်ယူရမယ်။ ငါမင်းသား ၃ လအကြာမှာ နန်းတက်ပွဲ အခမ်းအနားကို ကျင်းပဖို့ ဆုံးဖြတ်ထားတယ်"
အမတ်အပေါင်းတို့သည် တပြိုင်တည်း ဒူးထောက်၍ "ထိုက်ဇီအရှင်မင်းသား သက်တော်ရာကျော် ရှည်ပါစေ" ဟု ဟစ်ကြွေးကြလေတော့သည်။ လီကျင့်သည် ဒူးထောက်နေသော အမတ်များကို ကြည့်ရင်း နှုတ်ခမ်းထောင့်များ မသိမသာ တွန့်ကွေးသွားတော့သည်။
ညီလာခံ ပြီးဆုံးသည့်အခါ လီကျင့်သည် အရှေ့နန်းဆောင်သို့ အပြေးအလွှား ပြန်လာခဲ့လိုက်သည်။ လုမင်ယွိသည်လည်း သတင်းကို ကြိုတင်သိရှိထားပြီးဖြစ်သဖြင့် ပြုံးလျက် ကြိုဆိုနေတော့သည်။ ချောင်မိဖုရားခေါင်သည်လည်း ဝမ်းသာအားရ ရောက်ရှိလာသကဲ့သို့ ဟွေ့အန်းကုန်းကျူနှင့် ကလေးများမှာလည်း ပျော်ရွှင်နေကြလေသည်။ လီဟန်လေးကမူ လီကျင့်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ "အဖေ၊ သာက နောင်ကျရင် အဖေ့ကို ဖုဟွမ်လို့ ခေါ်ရတော့မှာလား" ဟု အပြစ်ကင်းစင်စွာ မေးလိုက်လေသည်။
ကလေး၏ စကားကြောင့် လူတိုင်းမှာ ရယ်မောလိုက်ကြရလေသည်။ လီကျင့်သည် သားဖြစ်သူကို ပွေ့ချီကာ ပြုံးပြီး ပြောလိုက်သည် "မလောပါနဲ့ဦး၊ နောက် ၃ လ နန်းတက်ပွဲပြီးမှ ခေါ်လည်း ရပါတယ်"
ချောင်မိဖုရားခေါင်ကလည်း ဝမ်းသာအားရ ပြောလိုက်လေသည်။ "ဟုတ်ပါပြီ၊ နောက်ထပ် ၃ လပဲ စောင့်ရတော့မှာပါ"
ချောင်မိဖုရားခေါင်သည်လည်း ဝမ်းနည်းမှုများမှ တဖြည်းဖြည်း လွတ်မြောက်လာခဲ့လေပြီ။ မိမိ၏ သားဖြစ်သူ ဧကရာဇ်ဖြစ်တော့မည်ကို မြင်ရသည့်အခါ စိတ်ထဲမှ ဟာတာတာ ဖြစ်နေမှုများမှာ ပျောက်ကွယ်သွားကာ ပျော်ရွှင်မှုများသာ ကျန်ရှိတော့သည်။ ဟွေ့အန်းကုန်းကျူကလည်း ဆိုလေသည်။ "အဲဒီအချိန်ကျရင် ဆောင်းဦးအစဆိုတော့ ဝတ်စုံတွေကလည်း အထူတွေ ဝတ်ရမှာဆိုတော့ အဆင်ပြေမှာပါ"
လီကျင့်သည် ပြုံးလျက် လုမင်ယွိ၏ ရှေ့သို့ လျှောက်လှမ်းသွားကာ သူမ၏ မျက်ဝန်းများကို စိုက်ကြည့်ရင်း "ရှောင်ယွိ!" ဟု ခေါ်လိုက်လေသည်။
သူသည် သည်နေ့ကို နောက်ဆုံးတွင် ရောက်ရှိလာခဲ့လေပြီ။
'ဒီနေ့ကစပြီး မင်းနဲ့ငါ အတူတူ လက်တွဲပြီးတော့ ဒီအာဏာကို ပိုင်ဆိုင်ကြမယ်'
လီကျင့်သည် နှုတ်မှ ထုတ်မပြောလိုက်သော်ငြားလည်း သူပြောချင်သည့် စကားလုံးများသည် သူ၏ ပူနွေးတောက်လောင်နေသော မျက်ဝန်းအကြည့်များထဲတွင် အကုန်အစင် ပေါ်လွင်နေတော့သည်။
လုမင်ယွိ၏ ရင်ထဲတွင်လည်း နွေးထွေးသော စီးကြောင်းတစ်ခု ဖြတ်သန်းစီးဆင်းသွားလေသည်။
အနာဂတ်မှာ ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူမှ အာမခံနိုင်ပါဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ အခုလောလောဆယ်မှာ ရှင်က ကျွန်မအပေါ် ထားတဲ့စိတ်က ပြင်းပြပြီး စစ်မှန်တယ်။ ဒါဆိုရင် လုံလောက်ပါပြီ။
သူမသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး သူ၏လက်ကို ဆုပ်ကိုင်လိုက်လေသည်။
သူက သူမအပေါ် သစ္စာမဖောက်သရွေ့ သူမကလည်း သူ့အပေါ် သစ္စာပျက်မည် မဟုတ်ပေ။
လီကျင့်သည် သူမ၏လက်ကို တင်းကြပ်စွာ ပြန်လည်ဆုပ်ကိုင်လိုက်ပြီး လက်ချောင်းချင်း ယှက်နွယ်ထားလိုက်လေသည်။
သူတို့နှစ်ဦး၏ ကံကြမ္မာသည်လည်း ထိုနည်းတူပင် တင်းကြပ်စွာ ရစ်ပတ်ချည်နှောင်သွားခဲ့ပြီး မည်သည့်အခါမျှ ကွဲကွာတော့မည် မဟုတ်ပေ။
…
-Main Story End-