အခန်း (၆၈၅-၆၈၇)
Vol. 46 Ch. 685-687
အပိုင်း (၆၈၅) စစ်သည်ချေးငှားခြင်း
ဖူယန်မြို့စားသည် ကျေးဇူးတင်ရှိကြောင်းနှင့် သစ္စာရှိကြောင်းကို အမူအရာအမျိုးမျိုးဖြင့် ဖော်ပြနေလေသည်။ သူ၏ စိတ်အတွင်း၌ မည်သည်ကို တွေးတောနေသည်ကိုမူ မည်သူမျှ မသိနိုင်ချေ။
လီကျင့်သည် အချိန်ဆွဲမနေဘဲ ချောင်ကောလောင်၊ ဝန်ကြီးလော်နှင့် အခြားသူများကို ခေါ်ယူစေသည့်အပြင် မိမိ၏ ယောက္ခထီးဖြစ်သူ ရှင်းယန်ဝမ်ကိုလည်း ဖိတ်ကြားလိုက်လေသည်။ သူသည် လူအများရှေ့တွင်ပင် လေးနက်တည်ကြည်စွာ မိန့်ကြားလိုက်၏။ "ယန်နိုင်ငံနဲ့ ချူနိုင်ငံမှာ ဆူပူသောင်းကျန်းတာက သေးငယ်တဲ့ ကိစ္စမဟုတ်ဘူး။ အချိန်တိုအတွင်းမှာ နှိမ်နင်းပြီးတော့ ပုန်ကန်ချင်တဲ့သူတွေကို တုန်လှုပ်သွားအောင် လုပ်ရမယ်”
"ရှင်းယန်ဝမ်ကို စစ်တပ်ဦးဆောင်ပြီး သွားရောက်နှိမ်နင်းဖို့ တာဝန်ပေးတယ်”
ရှင်းယန်ဝမ် လုလင်းသည် လက်ယှက်၍ အရိုအသေပေးကာ လေးနက်သော အသံဖြင့် လျှောက်တင်လိုက်လေသည်။ "ကျွန်တော်မျိုး အစွမ်းကုန် ကြိုးစားပြီးတော့ ထိုက်ဇီအရှင်မင်းသားရဲ့ ယုံကြည်မှုကို မပျက်ကွက်စေရပါဘူး"
လူအများရှေ့ဖြစ်သဖြင့် လီကျင့်သည် စကားများများမပြောဘဲ "ပုန်ကန်မှုကို အမြန်နှိမ်နင်းနိုင်ပြီးတော့ ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ်" ဟုသာ မိန့်ကြားလိုက်သည်။ ရှင်းယန်ဝမ်ကလည်း ကျယ်လောင်သော အသံဖြင့် ပြန်လည်ဖြေကြားလိုက်လေသည်။
ထို့နောက် လီကျင့်သည် ဝန်ကြီးကောင်းကို ကြည့်ကာ အမိန့်ပေးလိုက်သည်။ "၂ ရက်အတွင်းမှာ စစ်အသုံးစရိတ်တွေကို ပြင်ဆင်ပေးပါ။ ၂ ရက်ကြာရင် စစ်တပ်ကြီး စတင်ထွက်ခွာရလိမ့်မယ်"
နူးညံ့သိမ်မွေ့သော ထိုက်ဇီအရှင်မင်းသားသည် ယခုအခါတွင်မူ မျက်နှာထား တင်းမာလျက် ပြတ်သားစွာ ပြောဆိုနေသည်ဖြစ်ရာ ဧကရာဇ်တစ်ပါး၏ အရှိန်အဝါများပင် ပေါ်ထွက်နေတော့သည်။ ဝန်ကြီးကောင်းသည်လည်း ရင်ထဲ၌ ထိတ်ခနဲဖြစ်သွားကာ လျှောက်တင်လိုက်လေသည်။ "ကျွန်တော်မျိုး အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ်"
လီကျင့်သည် ဝန်ကြီးယန်ကိုလည်း ထပ်မံမှာကြားလိုက်သည်။ "ရိက္ခာ၊ လက်နက်နဲ့ စစ်မြင်းတွေရဲ့ ကိစ္စကိုတော့ ဝန်ကြီးယန်ကိုပဲ ဒုက္ခပေးရတော့မယ်" ဝန်ကြီးယန်သည်လည်း အရိုအသေပြုကာ အမိန့်ကို လက်ခံလိုက်လေသည်။
လီကျင့်သည် ချောင်ကောလောင်ကိုလည်း ပြောကြားလိုက်သည်။ "ယန်နိုင်ငံနဲ့ ချူနိုင်ငံက ပုန်ကန်တဲ့ကိစ္စကို လောလောဆယ် ထုတ်မပြာကြသေးပေမဲ့ စစ်တပ်ကြီး ထွက်သွားတာနဲ့ ဖုံးကွယ်ထားလို့ ရမှာမဟုတ်ဘူး။ လူတွေ စိုးရိမ်တုန်လှုပ်ပြီး ထင်ရာမြင်ရာ တွေးနေကြမယ့်အစား ဒီကိစ္စကို အားလုံးကို အသိပေးလိုက်တာက ပိုကောင်းလိမ့်မယ်"
တစ်ခါတစ်ရံတွင် ကြောက်ရွံ့ခြင်းမှာ မသိနားမလည်ခြင်းကြောင့်သာ ဖြစ်တတ်လေသည်။ အရာအားလုံးကို ထုတ်ဖော်ပြောပြလိုက်ခြင်းက အမတ်များ၏ သံသယကို ရှင်းလင်းစေလိမ့်မည်။
ချောင်ကောလောင်သည် ခေါင်းညိတ်ပြကာ လျှောက်တင်လိုက်၏။ "ထိုက်ဇီအရှင်မင်းသား တွေးတောတာက တော်တော်လေး စုံလင်လှပါတယ်။ ဒီကိစ္စကို ကျွန်တော်မျိုးကိုပဲ အပ်လိုက်ပါ။ ကျွန်တော်မျိုး အားလုံးကို ရှင်းရှင်းလင်းလင်း ပြောပြလိုက်ပါ့မယ်"
တိုင်ပင်ဆွေးနွေးပြီးနောက် အမတ်အပေါင်းတို့သည် ကိုယ်စီ ထွက်ခွာသွားကြလေသည်။ အထူးသဖြင့် ဝန်ကြီးကောင်းနှင့် ဝန်ကြီးယန်တို့မှာ စစ်တပ်အတွက် ရိက္ခာနှင့် အသုံးအဆောင်များကို အမြန်ဆုံး စီစဉ်ရမည်ဖြစ်ရာ အလွန်ပင် အလုပ်ရှုပ်သွားကြတော့သည်။
လီကျင့်သည် လုလင်းကို သီးသန့် ချန်ထားခဲ့လေသည်။ သူသည် အားနာသည့်ဟန်ဖြင့် စကားစရန် ပြင်လိုက်သော်လည်း လုလင်းက လေသံတိုးတိုးဖြင့် ရယ်မောကာ မေးလိုက်လေသည်။ "ခုနက ဖူယန်မြို့စားက အရှင်မင်းသားနဲ့ အလောတကြီး စကားပြောတာက သူကိုယ်တိုင် စစ်ထွက်ဖို့ တောင်းဆိုတာ မဟုတ်လား"
သီးသန့်အချိန်တွင် သမက်နှင့် ယောက္ခမမှာ အလွန်ပင် ရင်းနှီးစွာ စကားပြောကြလေသည်။
လီကျင့်၏ တင်းမာနေသော စိတ်အာရုံမှာလည်း အနည်းငယ် ပြေလျော့သွားကာ "ဟုတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော် သူ့ကို ငြင်းလိုက်တယ်" ဟု ဆိုကာ ခုနက ပြောဆိုခဲ့သည့် စကားများကို ပြန်လည်ပြောပြလိုက်လေသည်။
လုလင်းသည် ထိုစကားများကို ကြားရသည့်အခါ ရယ်မောလိုက်ပြီး "ဖူယန်မြို့စားကတော့ အရှင်မင်းသား ဒီလောက် ပြတ်သားလိမ့်မယ်လို့ ထင်ထားမှာ မဟုတ်ဘူး။ အခုတော့ သူ တော်တော်လေး မျက်နှာပျက်သွားပြီပေါ့။ ဒါကြောင့်ပဲ ခုနက တစ်ခွန်းမှ မပြောတော့တာကိုး"
ဒီရက်ပိုင်းအတွင်း ဖူယန်မြို့စားသည် သစ္စာရှိအမတ်အဖြစ် ဟန်ဆောင်ပြရာတွင် အလွန်ပင် အစွမ်းပြနေခဲ့သည်။ ယနေ့တွင်မူ ထိုက်ဇီအရှင်မင်းသား၏ ငြင်းပယ်ခြင်းကို ခံလိုက်ရသဖြင့် ရင်ထဲတွင် တော်တော်လေး အေးစက်သွားလိမ့်မည်။
လီကျင့်သည်လည်း ပြုံးလိုက်ကာ လေးနက်စွာ ပြောကြားလိုက်သည်။ "ဒီလို အရေးကြီးတဲ့ ကိစ္စမှာ ကျွန်တော် တခြားသူကို မယုံကြည်နိုင်ဘူး။ ဒါကြောင့် ယွဲ့ဖုကိုပဲ ကိုယ်တိုင် သွားစေချင်တာပါ။ မနေ့ညက ရှောင်ယွိကိုလည်း ဒီကိစ္စ ပြောပြခဲ့တယ်။ ယွဲ့ဖုအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး ဘေးကင်းကင်းနဲ့ ပြန်လာရမယ်နော်။ မဟုတ်ရင် ရှောင်ယွိက ကျွန်တော့်ကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး"
လုလင်းသည် မျက်နှာထား လေးနက်သွားကာ "စစ်တိုက်တဲ့ ကိစ္စမှာ ကျွန်တော် ဘယ်တော့မှ ဇွတ်တရိုး မလုပ်ပါဘူး။ အရှင်မင်းသားက ပုန်ကန်မှုကို အမြန်ဆုံး နှိမ်နင်းချင်တာ သိပေမဲ့ ကျွန်တော့်အမြင်အရတော့ ဒီတိုက်ပွဲက တိုက်ရတာ မလွယ်ကူဘူး။ အချိန်အကြာကြီး တိုက်ရလိမ့်မယ်လို့ ကြိုတင်ပြင်ဆင်ထားသင့်တယ်"
လီကျင့်သည် မျက်မှောင်ကြုတ်လျက် လုလင်းကို ကြည့်ကာ "ယွဲ့ဖုက ဘာကြောင့် ဒီလိုပြောရတာလဲ" ဟု မေးလိုက်သည်။
"ယန်နိုင်ငံနဲ့ ချူနိုင်ငံက လူတွေက တော်တော်လေး ဇွဲရှိကြတယ်။ အရင်တုန်းက ကျွန်တော်တို့ စစ်နိုင်ခဲ့ပေမဲ့ နောက်ဆက်တွဲ ပြဿနာတွေကတော့ အများကြီး ကျန်နေသေးတာပဲ။ လက်ကျန်အင်အား ၂ သောင်းကျော်က စိုးရိမ်စရာ မဟုတ်ပေမဲ့ အဲဒီဒေသက ပြည်သူတွေရဲ့ စိတ်ဓာတ်က မတည်မငြိမ် ဖြစ်နေတာက ပိုကြောက်စရာ ကောင်းတယ်။ ပုန်ကန်တဲ့ စစ်တပ်ကသာ အင်အားကြီးလာရင် လုံးဝ အေးချမ်းသွားအောင် လုပ်ဖို့က မလွယ်တော့ဘူး" လုလင်းက အေးဆေးစွာ ရှင်းပြလိုက်လေသည်။
လီကျင့်၏ မျက်နှာမှာ ပို၍ပင် လေးနက်သွားတော့သည်။ သူသည် အခြားသူ၏ စကားကို နားထောင်တတ်သော အလေ့အကျင့် ကောင်းရှိသူ ဖြစ်သည်။ လုလင်း ပြောပြလိုက်သည့်အခါမှသာ သူသည် ဤကိစ္စကို ရိုးရှင်းလွန်းသည်ဟု တွေးထင်မိခဲ့ကြောင်း သတိပြုမိလိုက်လေသည်။
"ယွဲ့ဖု ပြောသလိုဆိုရင်တော့ လူ ၃ သောင်းနဲ့ သွားတာက မလုံလောက်နိုင်ဘူး။ ဒါဆိုရင် အာ့ကောကိုပါ စစ်တပ်ဦးဆောင်ပြီး အတူတူ သွားခိုင်းလိုက်ရင်ရော" လီကျင့်က အကြံပြုလိုက်သည်။ ကံကောင်းသည်မှာ ကျန်းနန်တွင် ရှင်းယန်စစ်သည် ၅ သောင်း ကျန်ရှိနေသေးခြင်းပင်။
လုလင်းသည် မျက်လုံးတစ်ချက် ဝေ့လိုက်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "ရှင်းယန်စစ်တပ် အားလုံးသာ ထွက်သွားရင် မြို့တော်မှာ တစ်ခုခု ဖြစ်လာတဲ့အခါ လျန်အာ့လန် တစ်ယောက်တည်းနဲ့ ဘယ်လိုမှ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။ လုဖေးက စစ်စခန်းကို ပြန်လာပြီး မြို့တော်ကို စောင့်ရှောက်တာကသာ အကောင်းဆုံး နည်းလမ်းပဲ။ ကျွန်တော့်မှာ စစ်အင်အား မလုံလောက်ရင် ဖူယန်မြို့စားဆီကနေ စစ်သည်တွေ ချေးလို့ရတာပဲ"
"စစ်သည်ချေးငှားတာလား” လီကျင့်သည် ခဏမျှ ကြောင်သွားပြီးမှ ပြန်ပြောလိုက်တော့သည်။ "ဒါက တကယ့်ကို နည်းလမ်းကောင်းပဲ"
ကျောက်မိသားစုစစ်တပ်၏ တိုက်ပွဲစွမ်းရည်မှာ ရှင်းယန်စစ်တပ်ကို မမီသော်လည်း အသုံးမဝင်သည်တော့ မဟုတ်ချေ။ ရှင်းယန်စစ်တပ်က ရှေ့မှ တိုက်ခိုက်ပြီး ကျောက်မိသားစုစစ်တပ်က နောက်မှ ကူညီပေးမည်ဆိုပါက လုံလောက်လှပေသည်။ အချုပ်အားဖြင့်ဆိုသော် စစ်သည်အင်အား များလေလေ စစ်တိုက်ရသည်မှာ ပို၍ လွယ်ကူလေလေပင်။ ထို့ပြင် ကျောက်မိသားစုစစ်တပ်၏ အစိတ်အပိုင်း တစ်ခုကို ခေါ်ဆောင်သွားခြင်းဖြင့် ဖူယန်မြို့စား၏ အင်အားကိုလည်း လျှော့ချနိုင်လိမ့်မည်။ ဤသို့ဆိုပါက ဖူယန်မြို့စားသည် ပို၍ပင် "သစ္စာရှိ" လာပေလိမ့်မည်။
လီကျင့်သည် ဤအကြံမှာ အလွန်ကောင်းမွန်လှသည်ဟု တွေးတောမိကာ မျက်ဝန်းများတွင် စိတ်လှုပ်ရှားမှုများ ပေါ်ထွက်လာတော့၏။ "ယွဲ့ဖုက စစ်သည် ဘယ်လောက်လောက် ချေးဖို့ စဉ်းစားထားတာလဲ"
လုလင်းသည် ခေတ္တမျှ စဉ်းစားလိုက်ပြီး "အများကြီး ချေးရင်တော့ ဖူယန်မြို့စားက သဘောတူမှာ မဟုတ်ဘူး။ ၂ သောင်းလောက်ပဲ ချေးလိုက်ရအောင်"
ကျောက်မိသားစုစစ်တပ်တွင် စုစုပေါင်း ၆ သောင်းရှိရာ ၂ သောင်း "ချေးငှား" လိုက်ပါက စစ်သည် ၄ သောင်းသာ ကျန်တော့မည်။ မကြာမီတွင် လုဖေးသည် ရှင်းယန်စစ်သည် ၅ သောင်းနှင့်အတူ ပြန်လည် ရောက်ရှိလာမည်ဖြစ်ရာ ဖူယန်မြို့စားကို ကောင်းစွာ ထိန်းချုပ်နိုင်လိမ့်မည်။ လီကျင့်သည် ချက်ချင်းပင် ခေါင်းညိတ်လိုက်ကာ "ကောင်းပြီ၊ ကျွန်တော် အခုပဲ ဖူယန်မြို့စားကို ခေါ်ပြီး စစ်သည်ချေးတဲ့ကိစ္စ ပြောလိုက်မယ်"
.....
ဖူယန်မြို့စားသည် နာရေးခန်းဆောင်သို့ ပြန်ရောက်ပြီး သိပ်မကြာမီမှာပင် ဘေးဆောင်သို့ နောက်တစ်ကြိမ် ပြန်လည် ခေါ်ယူခြင်း ခံလိုက်ရသည်။ သူသည် စိတ်ထဲတွင် သံသယဖြစ်နေသော်လည်း မျက်နှာတွင်တော့ မပြဘဲ လျှောက်တင်လိုက်လေသည်။ "ထိုက်ဇီအရှင်မင်းသားက ကျွန်တော်မျိုးကို ဘာကိစ္စကြောင့် ခေါ်တာလဲ မသိဘူးနော်"
သူ၏ စိတ်ထဲတွင်တော့ လီကျင့်က စိတ်ပြောင်းသွားပြီး သူ့ကို စစ်ထွက်ခိုင်းတော့မည်လောဟု တွေးတောနေမိသည်။
လီကျင့်သည် နူးညံ့စွာပင် "ကျွန်တော် ဖူယန်မြို့စားကို ခေါ်တာက စစ်သည်တွေ ချေးချင်လို့ပါ" ဟု မိန့်ကြားလိုက်၏။
"စစ်သည်ချေးငှားတာလား” ဖူယန်မြို့စားသည် ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားတော့သည်။ ဤသည်မှာ ဘယ်လိုမှ ကောင်းသော ကိစ္စမဟုတ်ကြောင်း သူ ခံစားလိုက်ရသည်။ "ထိုက်ဇီအရှင်မင်းသား ပြောတာကို ကျွန်တော်မျိုး နည်းနည်း ဝေခွဲမရဖြစ်နေလို့ပါ။ စစ်သည်ချေးတယ်ဆိုတာက ဘာကို ဆိုလိုတာလဲ" ဟု မေးလိုက်လေသည်။
လီကျင့်သည် ဝမ်းနည်းသော လေသံဖြင့် ရှင်းပြလိုက်လေသည်။ "ကွမ်းပင်းနယ်စားက ပုန်ကန်တုန်းက အစောင့်တပ်ဖွဲ့တွေနဲ့ ရှင်းယန်စစ်တပ်မှာ အသေအပျောက် များခဲ့တယ်။ အခု ရှင်းယန်စစ်တပ်မှာ အသုံးပြုလို့ရတာ ၃ သောင်းပဲ ရှိတော့လို့ စစ်အင်အား မလုံလောက်ဘူး။ စစ်သည်အင်အား ပြည့်စုံတာဆိုလို့ ကျောက်မိသားစုစစ်တပ်ပဲ ရှိတော့တယ်"
ကွမ်းပင်းနယ်စား ပုန်ကန်စဉ်က ဖူယန်မြို့စားသည် မည်သည့်ဘက်မှ မပါဘဲ ငြိမ်နေခဲ့ခြင်းမှာ အပြစ်မရှိသော်လည်း အကျိုးဆောင်မှုလည်း မရှိခဲ့ချေ။ လုလင်း၏ ရှေ့မှောက်တွင် လီကျင့်က ဤကိစ္စကို ထုတ်ပြောလိုက်သည့်အခါ ဖူယန်မြို့စားသည် မည်မျှပင် မျက်နှာအရေထူစေကာမူ အနည်းငယ် ရှက်ရွံ့သွားရတော့သည်။ သူသည် အပြစ်ရှိသည့်ဟန်ဖြင့် ပြန်လည် လျှောက်တင်လိုက်လေသည်။ "အဲဒီတုန်းက ကျွန်တော်မျိုးက ကွမ်းပင်းနယ်စားဆီက စာကို ရခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်မျိုးက လူကြောက်ဖြစ်လို့ အလွယ်တကူ မလှုပ်ရှားရဲဘဲ အချိန်မီ မကယ်တင်နိုင်ခဲ့တာပါ"
"အဲဒါတွေက အတိတ်က ကိစ္စတွေပါ၊ ကျွန်တော် ဒီအကြောင်းကို ပြောတာက ပြောင်ရှူးကို အပြစ်တင်ဖို့ မဟုတ်ပါဘူး” လီကျင့်သည် နူးညံ့စွာ ပြောလိုက်သည်။ "ဒါပေမဲ့ ရှင်းယန်စစ်တပ်မှာ စစ်သည် မလုံလောက်တာကတော့ အမှန်တရားပဲ။ ဒါကြောင့် ပြောင်ရှူးဆီကနေ စစ်သည် ၂ သောင်းလောက် ချေးပြီးတော့ ရှင်းယန်ဝမ်ရဲ့ ဦးဆောင်မှုအောက်မှာ ထားချင်တာ။ ဒါဆိုရင် သင်လည်း ပင်ပင်ပန်းပန်း သွားစရာ မလိုတော့ဘူးပေါ့"
ဖူယန်မြို့စား "..."
ဤသည်မှာ သူ့ကို အလုပ်အကျွေး ပြုခိုင်းသော်လည်း မည်သည့် အကျိုးဆောင်မှုကိုမှ ပေးမည် မဟုတ်သည့် အနေအထားပင်။ စစ်သည်ချေးငှားသည်ဆိုသည်မှာ သူ၏ အသားကို လှီးဖြတ်လိုက်သကဲ့သို့ပင် ခံစားလိုက်ရတော့သည်။ ဖူယန်မြို့စားသည် ဒေါသများမှာ ရင်ထဲ၌ ဆူဝေလာပြီး တောင့်ခံထားရတော့သည်။
လုလင်းသည် ဖူယန်မြို့စား၏ မျက်နှာကို ကြည့်ကာ တည်ငြိမ်အေးဆေးစွာ ပြောလိုက်လေတော့သည်။ "ဖူယန်မြို့စားက သာ့ဝေအပေါ် ဘယ်လောက် သစ္စာရှိတယ်ဆိုတာ လူတိုင်း သိကြတာပဲ။ အခုလို အားထုတ်ရမယ့် အချိန်မှာတော့ ဟိုရယ်က ငြင်းဆန်မှာ မဟုတ်ဘူးလို့ ကျွန်တော် တွေးမိပါတယ်"
...
အပိုင်း (၆၈၆) ညီအစ်ကို
အခြေအနေများက ဤမျှအထိ ဖိအားပေးလာသည့်အခါ ဖူယန်မြို့စားအနေဖြင့် ငြင်းဆန်ရန် အခွင့်အရေး မရှိတော့ချေ။
စစ်သည်ချေးငှားသည်ဟု ဆိုသော်လည်း ၎င်းမှာ အလွန်ပင် ယဉ်ကျေးပျူငှာစွာ ပြောဆိုလိုက်ခြင်းသာ။ ယုံးကျားဧကရာဇ်ကို သင်္ဂြိုဟ်ရန် အချိန်နီးကပ်လာပြီဖြစ်ရာ ထိုက်ဇီ လီကျင့်သည် ပလ္လင်ထက်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့သည်။ သူ၏ နှုတ်ထွက်စကားများမှာ ဧကရာဇ်၏ အမိန့်တော်နှင့် မခြားနားလှချေ။
အကယ်၍ သူသာ ငြင်းဆန်ကန့်ကွက်ခဲ့ပါက မည်သည့်မျက်နှာနှင့် "သစ္စာရှိအမတ်" ဟု အမည်ခံနိုင်တော့ပါမည်နည်း။
သို့သော်လည်း ဖူယန်မြို့စားသည် အရှုံးမပေးလိုသေးဘဲ အတန်ကြာ စဉ်းစားပြီးနောက် လျှောက်တင်လိုက်လေသည်။ "အရှင်မင်းသားမှာ အမိန့်ရှိလာမှတော့ ကျွန်တော်မျိုး စစ်သည်တွေ ချေးပေးဖို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်မျိုးကိုယ်တိုင် စစ်သည် ၂ သောင်းကို ဦးဆောင်ပြီးတော့ ရှင်းယန်ဝမ်နဲ့အတူ ယန်နိုင်ငံနဲ့ ချူနိုင်ငံက ပုန်ကန်မှုကို သွားရောက်နှိမ်နင်းခွင့် ပြုပါ"
ဤသို့ဆိုလျှင် အနည်းဆုံးတော့ စစ်အောင်နိုင်မှု၏ အကျိုးအမြတ် တစ်ဝက်ကို ရရှိနိုင်လိမ့်မည် မဟုတ်ပါလား။
သို့သော် လီကျင့်ကမူ မိန့်ကြားလိုက်လေသည်။ "ရှင်းယန်ဝမ်ကို မြို့တော်ကနေ စေလွှတ်လိုက်တာကလည်း မတတ်သာလို့ပါ။ မြို့တော်မှာ အပြောင်းအလဲတွေ အများကြီး ဖြစ်ခဲ့တာဆိုတော့ စစ်စခန်းမှာ တစ်စုံတစ်ယောက်က ထိန်းချုပ်ထားမှသာ လူတွေရဲ့စိတ်က တည်ငြိမ်မှာ။ အဲဒီတာဝန်ကတော့ သစ္စာရှိပြီး ဂုဏ်သိက္ခာကြီးမားတဲ့ ဖူယန်မြို့စားနဲ့သာ အသင့်တော်ဆုံးပါပဲ"
ဤကဲ့သို့ မြှောက်ပင့်ချီးကျူးစကားများကြောင့် ဖူယန်မြို့စားမှာ မိမိ၏ ကံကြမ္မာကိုသာ ကျိန်ဆဲရင်း လက်ခံလိုက်ရတော့သည်။ သူ၏ မျက်နှာတွင်မူ ကျေးဇူးတင်လှပါသည်ဟူသော အမူအရာကို အတင်းအကျပ် ဖော်ပြလျက် လျှောက်တင်လိုက်ရလေသည်။ "အရှင်မင်းသားက ကျွန်တော်မျိုးအပေါ် အခုလို ယုံကြည်ပေးတာကို အသက်နဲ့လဲပြီး ကျေးဇူးဆပ်ပါ့မယ်"
"စစ်သည်ချေးငှားခြင်း" ကိစ္စမှာ ဤသို့ဖြင့် အတည်ဖြစ်သွားတော့သည်။
လီကျင့်သည် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စစ်ရေးဝန်ကြီးဌာနတို့ဆီသို့ သတင်းပေးပို့ခိုင်းလိုက်သလို ကျောက်မိသားစု စစ်တပ်ဆီသို့လည်း အမိန့်တော် ပြန်တမ်း ထုတ်ပြန်လိုက်လေသည်။
ဖူယန်မြို့စားမှာ နန်းတော်ထဲ၌ ရှိနေသဖြင့် စစ်စခန်းသို့ ကိုယ်တိုင် ပြန်၍ မစီစဉ်နိုင်ဘဲ သူ၏ ယုံကြည်ရသော စစ်သည်တစ်ဦးကိုသာ တိတ်တဆိတ် လွှတ်၍ သတင်းပေးခိုင်းလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူ၏ ဆွေမျိုးညီအစ်ကို တစ်ဦးဦးကိုတော့ စစ်တပ်နှင့်အတူ လိုက်ပါသွားခိုင်းရပေမည်။ မိမိကိုယ်တိုင် အကျိုးအမြတ် မရရှိစေကာမူ ကျောက်မိသားစုဝင် တစ်ဦးဦး စစ်အောင်နိုင်မှု ရရှိသွားခြင်းက ပို၍ ကောင်းမွန်လှပေသည်။
ဖူယန်မြို့စား၏ ဤလုပ်ရပ်အသေးစားလေးများကို လီကျင့်နှင့် လုလင်းတို့ သိရှိသော်လည်း တားဆီးခြင်း မပြုခဲ့ကြချေ။
ခွေးကို အလွန်အမင်း ချောင်ပိတ်ရိုက်ပါက ပြန်လည် ကိုက်ခဲတတ်သည် မဟုတ်ပါလား။ ကျောက်မိသားစု စစ်တပ်၏ အင်အားကို လျှော့ချလိုက်ပြီးပြီဖြစ်ရာ သူတို့ကို အလွန်အမင်း ဖိအားမပေးသင့်တော့ချေ။
ဘဏ္ဍာရေးဝန်ကြီး ကောင်းရှန်ရှူးသည် ထိုက်ဇီ၏ အမိန့်ကို ရရှိပြီးနောက် ချက်ချင်းပင် ဝန်ထမ်းအားလုံးကို ခေါ်ယူကာ စစ်အသုံးစရိတ်များကို အပြင်းအထန် စီစဉ်ရတော့သည်။
စစ်ရေးဝန်ကြီး ယန်သည်လည်း ချက်ချင်းပင် ရိက္ခာ၊ လက်နက်နှင့် စစ်မြင်း အရေအတွက်ကို ၂ ဆ တိုးမြှင့်လိုက်လေသည်။ မူလက နာရေးခန်းဆောင်၌ ဒူးထောက်နေကြသော ဝန်ကြီးဌာန အရာရှိများသည်လည်း မိမိတို့၏ ရုံးခန်းများသို့ ပြန်သွားကာ အလုပ်ရှုပ်နေကြတော့သည်။
နာရေးခန်းဆောင်အတွင်း၌ ဒူးထောက်နေကြသူ အရေအတွက်မှာလည်း သိသိသာသာ လျော့နည်းသွားလေသည်။
ယန်နိုင်ငံနှင့် ချူနိုင်ငံမှ အကြွင်းအကျန်များ ဆူပူသောင်းကျန်းခြင်းမှာ တိုင်းပြည် တည်ငြိမ်ရေးအတွက် အလွန် အရေးကြီးလှသည်။ ခေါင်းတလားအတွင်းရှိ ယုံးကျားဧကရာဇ်သာ သိရှိပါကလည်း ပုန်ကန်မှုကို ဦးစွာ နှိမ်နင်းရန် သဘောတူလိမ့်မည်မှာ အမှန်ပင်။
၃ ချက်တီး အချိန်တွင် ပင်ပန်းနွမ်းနယ်နေသော လီကျင့်သည် နာရေးခန်းဆောင်မှ တိတ်တဆိတ် ထွက်လာခဲ့လေသည်။
ထိုစဉ် အရိပ်တစ်ခုက သူ၏နောက်မှ လိုက်ပါလာကာ ခေါ်လိုက်လေသည်။ "အာ့ကော ခဏလောက် စောင့်ပါဦး၊ ကျွန်တော် ပြောစရာ ရှိလို့ပါ"
၎င်းမှာ စတုတ္ထမင်းသားပင်။
လီကျင့်သည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး လှည့်ကြည့်ကာ မေးလိုက်၏။ "မင်းမှာ ဘာကိစ္စ ရှိလို့လဲ"
လီကျင့်မှာ တိုင်းပြည်အရေးများကို စီမံခန့်ခွဲနေရသဖြင့် အလွန်ပင် ပင်ပန်းနေသော်လည်း စတုတ္ထမင်းသားမှာမူ နာရေးခန်းဆောင်၌ ဒူးထောက်နေရုံသာဖြစ်ရာ ပို၍ သက်သာသည်ဟု ဆိုရပေမည်။ သို့သော်လည်း စတုတ္ထမင်းသား၏ မျက်နှာမှာလည်း ဖြူဖျော့နေပြီး ဝတ်ဆင်ထားသော အဖြူရောင် နာရေးဝတ်စုံနှင့် အလွန်ပင် လိုက်ဖက်နေတော့သည်။
"အာ့ကော၊ ကျွန်တော်လည်း ရှင်းယန်ဝမ်နဲ့အတူ ယန်နိုင်ငံနဲ့ ချူနိုင်ငံကို သွားပြီးတော့ ပုန်ကန်မှုကို နှိမ်နင်းချင်ပါတယ်"
လီကျင့်၏ မျက်ခုံးများမှာ အနည်းငယ် လှုပ်ခတ်သွားပြီး စတုတ္ထမင်းသားကို စိုက်ကြည့်လိုက်လေသည်။ သူသည် ချက်ချင်း သဘောတူခြင်းလည်း မရှိသလို ငြင်းပယ်ခြင်းလည်း မပြုခဲ့ချေ။
စတုတ္ထမင်းသားက အနားသို့ တိုးကပ်လာပြီး ညီအစ်ကို နှစ်ဦးမှာ နီးကပ်စွာ ရင်ဆိုင်မိကြသည်။ သူ၏ အသံမှာလည်း အလွန်ပင် တိုးညင်းလှလေသည်။ "လျို့တိက ငယ်သေးတယ်၊ ဝူတိက သေသွားပြီ။ သာ့ကောကလည်း ကြီးလေးတဲ့ အမှားကို လုပ်ခဲ့လို့ အသတ်ခံလိုက်ရပြီ။ စန်းစောင်ကလည်း ရှင်းယန်စစ်စခန်းမှာ ပိတ်မိနေတယ်။ အာ့ကောက နန်းတော်မှာ ရှိနေရမှာဆိုတော့ အခုချိန်မှာ အားထုတ်ပေးနိုင်တာ ကျွန်တော် တစ်ယောက်ပဲ ရှိတော့တယ်"
"အကယ်၍ အာ့ကောက ကျွန်တော့်ကို ယုံကြည်တယ်ဆိုရင် ကျွန်တော့်ကို သွားခွင့်ပြုပါ။ စစ်တပ်ကြီး ချီတက်တဲ့နေရာမှာ မင်းသားတစ်ပါး ပါသွားရင် စစ်တပ်အတွင်းမှာ ပြဿနာတွေ နည်းသွားတာပေါ့"
စတုတ္ထမင်းသားသည် ခေတ္တမျှ ရပ်နားလိုက်ပြီး လေသံကို ပို၍ နှိမ့်ကာ ပြောလိုက်လေသည်။ "တကယ်လို့ အာ့ကောက ကျွန်တော့်ကို မယုံကြည်ဘူးဆိုရင်လည်း ဒီစကားတွေကို မကြားခဲ့သလိုပဲ သဘောထားလိုက်ပါ။ ဖုဟွမ်ကို သင်္ဂြိုဟ်ပြီးတာနဲ့ ကျွန်တော် ပထမဆုံး လျှောက်တင်လွှာ တင်ပြီးတော့ အာ့ကောကို ဧကရာဇ်အသစ်အဖြစ် နန်းတက်ဖို့ တောင်းဆိုပါ့မယ်"
လီကျင့်၏ လက်တစ်ဖက်မှာ စတုတ္ထမင်းသား၏ ပခုံးပေါ်သို့ ကျရောက်လာလေသည်။
"စစ်တိ..." လီကျင့်၏ စိတ်ထဲတွင် ပြောစရာ စကားများစွာ ရှိနေသော်လည်း နောက်ဆုံးတွင်တော့ "ငါက မင်းကို ဘယ်လိုလုပ်ပြီး မယုံကြည်ဘဲ နေမှာလဲ" ဟူသော စကားတိုလေးသာ ထွက်ပေါ်လာတော့သည်။
စတုတ္ထမင်းသားမှာ နှာခေါင်းရှုံ့ကာ မျက်ရည်များ ဝဲလာပြီး အသံမှာလည်း တိမ်ဝင်သွားတော့သည်။ "အာ့ကော ကျွန်တော့်ကို မယုံကြည်ဘူးဆိုရင်တောင် ကျွန်တော် အပြစ်မတင်ပါဘူး။ စန်းကောနဲ့ ဝူတိ လုပ်ခဲ့တဲ့ ကိစ္စတွေ၊ ပြီးတော့ သာ့ကော... အာ့ကော၊ ကျွန်တော်တို့ ညီအစ်ကိုတွေ အတူတူ ကြီးပြင်းလာခဲ့ကြတာ။ တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်ခဲ့ကြပေမဲ့ သွေးသားရင်းချာတွေပဲ မဟုတ်လား။ ဘာလို့ ဒီလိုတွေ ဖြစ်ကုန်ရတာလဲ"
လီကျင့်၏ စိတ်ထဲတွင်လည်း နာကျင်မှုများဖြင့် ပြည့်နှက်နေပြီး အသံမှာလည်း ခြောက်ကပ်နေတော့သည်။ "ငါလည်း ဒီလိုတွေ ဖြစ်လာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး"
လီဟောက်နှင့် လီချန် ညီအစ်ကို နှစ်ဦးကို သူသည် အမြဲတမ်း သတိထားခဲ့သော်လည်း အမှန်တကယ် ကြီးမားသော ဘေးဒုက္ခကို ဖြစ်ပေါ်စေခဲ့သူမှာ လီယိ ဖြစ်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ချေ။
ယခင်ဘဝတွင် လီယိမှာ စောစီးစွာ သေဆုံးခဲ့သော်လည်း ဤဘဝတွင်မူ လီယိသည် ကံကောင်းစွာဖြင့် မသေဆုံးခဲ့ဘဲ ခြေထောက်တစ်ဖက်သာ မသန်မစွမ်း ဖြစ်ခဲ့သည်။ လီယိသာ အေးအေးဆေးဆေး နေထိုင်မည်ဆိုပါက သူသည် မိမိ၏ အစ်ကိုအရင်းကို ရက်စက်လိမ့်မည် မဟုတ်ဟု တွေးတောခဲ့ဖူးသည်။
မည်သူက ထင်ထားမည်နည်း။ လီယိ၏ စိတ်နေစိတ်ထားမှာ ယုတ်ညံ့လွန်းလှပြီး မိမိ၏ ဖခင်အရင်းကိုပင် ရက်စက်ခဲ့လေသည်။ လျန်စစ်သူကြီးမှာလည်း သေဘေးမှ မလွတ်မြောက်နိုင်ခဲ့ချေ။ မြို့တော်၏ ဆူပူမှုနှင့် အသေအပျောက်များစွာအတွက် တာဝန်မှာ လီယိ၏ ခေါင်းပေါ်သို့သာ ရောက်ရှိသွားခဲ့လေပြီ။
စတုတ္ထမင်းသားသည် မျက်ရည်များ ကျလာကာ တိုးတိုးလေး ငိုကြွေးနေတော့သည်။ လီကျင့်သည် မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်ရာ မျက်ရည် နှစ်စက်မှာ သူ၏ ပါးပြင်ပေါ်သို့ စီးကျလာလေ၏။
ခဏအကြာတွင် စတုတ္ထမင်းသားသည် မျက်ရည်များကို သုတ်လိုက်ကာ လေးနက်စွာ ပြောလိုက်လေသည်။ "အာ့ကောက ကျွန်တော့်ကို ယုံကြည်တယ်ဆိုရင် ကျွန်တော် အကောင်းဆုံး တာဝန်ထမ်းဆောင်ပါ့မယ်။ အာ့ကောရဲ့ ယုံကြည်မှုကို လုံးဝ အပျက်ခံမှာ မဟုတ်ပါဘူး"
လီကျင့်သည် မျက်နှာကို ပြန်လှည့်လာပြီး တည်ငြိမ်သောအမူအရာကို ပြန်လည် ရယူလိုက်သော်လည်း နီရဲနေသော မျက်ဝန်းများကမူ သူ၏ စိတ်ခံစားချက်ကို ဖော်ပြနေဆဲ။ "မင်းရဲ့ ဒဏ်ရာတွေကလည်း လုံးဝ မပျောက်သေးဘူးလေ။ ဒီလောက်ဝေးတဲ့ ခရီးကို မင်း ခံနိုင်ရည် ရှိပါ့မလား"
စတုတ္ထမင်းသားက ပြန်ပြောလိုက်သည်။ "ဒီဒဏ်ရာလေးက ဘာမှ မဟုတ်ပါဘူး။ မတတ်နိုင်ရင် မြင်းလှည်းနဲ့ သွားရုံပေါ့"
စတုတ္ထမင်းသားကို စစ်တပ်ကြီးကြပ်သူအဖြစ် ထည့်လိုက်ခြင်းမှာ အမှန်တကယ်ပင် အသင့်တော်ဆုံး ဖြစ်သည်။ ရှင်းယန်စစ်တပ်နှင့် ကျောက်မိသားစုစစ်တပ် အတူတူ စစ်ထွက်ရာတွင် ရှင်းယန်ဝမ် လုလင်းက စစ်သူကြီးအဖြစ် ဆောင်ရွက်မည်ဖြစ်ရာ ကျောက်မိသားစုစစ်တပ်ကို ထိန်းချုပ်နိုင်လိမ့်မည်။ စတုတ္ထမင်းသားသာ အတူလိုက်ပါသွားပါက ကျောက်မိသားစုစစ်တပ်မှ စစ်သူကြီးများသည်လည်း ပို၍ ငြိမ်သက်သွားကြလိမ့်မည်။
"မင်းကို ဒုက္ခပေးရတော့မှာပဲ" လီကျင့်က လေသံတိုးတိုးဖြင့် ပြောလိုက်၏။
စတုတ္ထမင်းသားက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေသည်။ "ကျွန်တော် မြို့တော်မှာ နေခဲ့ရင်လည်း ဘာမှ လုပ်ပေးနိုင်မှာ မဟုတ်ဘူး။ အခုလို အဝေးကို သွားပြီးတော့ ပုန်ကန်မှုကို နှိမ်နင်းပေးနိုင်ရင် အကျိုးဆောင်မှု တစ်ခုခု ရလာဦးမှာပေါ့။ အဲဒီကျရင်တော့ အာ့ကောက ကျွန်တော့်ကို ကောင်းကောင်း ဆုချရမယ်နော်"
"ကျွန်တော့်ကို ရွှေငွေ ရတနာတွေ ဆုမချပါနဲ့။ အဲဒီအစား ကျွန်တော့်ကို သိပ်ပြီး မဝေးလံတဲ့ နယ်မြေလေး တစ်ခုသာ ပေးသနားပါ။ ကျွန်တော် ကျွန်တော့်ရဲ့ ဇနီး၊ သားသမီးတွေနဲ့ မူဖေးကို ခေါ်ပြီးတော့ အဲဒီနယ်မြေမှာပဲ အေးအေးချမ်းချမ်း သွားနေပါတော့မယ်"
လီကျင့်သည် မျက်မှောင်ကြုတ်လိုက်ကာ "ခုနကပဲ မင်းပြောခဲ့တာ မဟုတ်လား။ အခုချိန်မှာ ငါ့ကို ကူညီပေးနိုင်တာ မင်းတစ်ယောက်ပဲ ရှိတယ်ဆိုတာ။ မင်း အနည်းဆုံးတော့ မြို့တော်မှာ ၅ နှစ်၊ ၈ နှစ်လောက် နေပေးပြီးမှ နယ်မြေကို သွားဖို့ ပြောရမှာပေါ့"
စတုတ္ထမင်းသားသည် လီကျင့်ကို ကြည့်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ဟိုနေ့ညက ကျွန်တော် သာ့ကောနဲ့ အတူတူ အရက်သောက်ခဲ့ကြတယ်။ ကျွန်တော် သူ့ကို ပြောခဲ့တယ်၊ နောက်တစ်နေ့မနက်ကျရင် နန်းတော်ကို သွားပြီးတော့ ဖုဟွမ်ဆီမှာ နယ်မြေတစ်ခု ပေးသနားဖို့ တောင်းဆိုတော့မယ်လို့ပေါ့။ ကျွန်တော် မြို့တော်ကနေ စောစော ထွက်သွားချင်တာ"
"ဒါပေမဲ့ သာ့ကောက အဲဒီညမှာပဲ ရူးသွပ်ပြီးတော့ ကြီးမားတဲ့ အမှားကြီးကို လုပ်ခဲ့လိမ့်မယ်လို့ ကျွန်တော် ထင်မထားခဲ့ဘူး"
"အာ့ကော၊ ကျွန်တော် အာ့ကောကို လိမ်နေတာ မဟုတ်ပါဘူး။ ကျွန်တော် တကယ်ပဲ နယ်မြေကို သွားပြီးတော့ အေးအေးချမ်းချမ်း နေချင်တာပါ"
"ကျွန်တော်က မြို့တော်မှာ မွေးပြီး မြို့တော်မှာပဲ ကြီးပြင်းလာခဲ့တာ။ ဒီနှစ်တွေအတွင်းမှာ မြို့တော်ကနေ ထွက်သွားခဲ့ရတာက လက်ချိုးရေလို့ ရပါတယ်။ ကျွန်တော် ကိုယ့်ရဲ့ နယ်မြေကို စောစောသွားပြီးတော့ ကိုယ့်စိတ်တိုင်းကျ ပြုပြင်ပြောင်းလဲပြီး အေးချမ်းတဲ့ ဘဝကိုပဲ ပိုင်ဆိုင်ချင်တော့တယ်"
"အာ့ကောကသာ ကျွန်တော့်အပေါ် သနားတယ်ဆိုရင်တော့ ကျွန်တော့်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပါ"
စတုတ္ထမင်းသား၏ ရိုးသားသော မျက်ဝန်းများကို ကြည့်ရင်း လီကျင့်၏ ရင်ထဲ၌ ပြောမပြတတ်သော ခံစားချက်များ ဖြစ်ပေါ်လာတော့သည်။
စတုတ္ထမင်းသားသည် အဘယ်ကြောင့် မြို့တော်မှ ထွက်ခွာလိုသနည်း။
အကြောင်းမူကား မြို့တော်မှာ နေထိုင်ရသည်မှာ စိတ်ကျဉ်းကျပ်ဖွယ် ကောင်းလှသဖြင့် မိမိတွင် အာဏာကို လိုချင်တပ်မက်သည့်စိတ် မရှိကြောင်း ပြသလို၍ ဖြစ်သည်။ ထို့အပြင် ဤပဋိပက္ခများ ရှိရာနေရာမှ ထွက်ခွာသွားကာ နောက်ထပ် တိုက်ပွဲများအတွင်းသို့ မပါဝင်လိုတော့ခြင်းကြောင့်လည်း ဖြစ်ပေသည်။
အတန်ကြာမှ လီကျင့်က ပါးစပ်ဖွင့်ကာ ပြောလိုက်လေတော့သည်။ "ကောင်းပြီ၊ ငါ မင်းကို ကတိပေးပါတယ်"
...
အပိုင်း (၆၈၇) နှုတ်ဆက်ခြင်း
စစ်ထွက်ခါနီးတွင် ရှင်းယန်ဝမ် လုလင်းသည် သမီးဖြစ်သူအား နှုတ်ဆက်ရန်အတွက် တုန်းဟွားနန်းဆောင်သို့ လာရောက်လေသည်။
"ရှောင်ယွိ၊ အဖေ မနက်ဖြန် စစ်တပ်ဦးဆောင်ပြီး ထွက်တော့မယ်”
လုလင်းသည် သမီးဖြစ်သူအား စိုက်ကြည့်ရင်း အလွန်ပင် နူးညံ့သောအသံဖြင့် ဆိုလေသည်။ "နန်းတွင်းရေးရာတွေကိုတော့ ထိုက်ဇီက တာဝန်ယူထားတယ်။ အနောက်နန်းဆောင်မှာလည်း ဟွမ်ဟုပ် ရှိနေတာပဲ။ ကလေးတွေလည်း မငယ်တော့ဘူးဆိုတော့ သူတို့ကိုယ်သူတို့ ဂရုစိုက်နိုင်ကြပါတယ်။ သမီး ဘာမှ အများကြီး မစဉ်းစားနဲ့။ ကိုယ့်ကျန်းမာရေးကို အမြန်ဆုံး ပြန်ကောင်းအောင် လုပ်ဖို့က အရေးကြီးဆုံးပဲ"
လုမင်ယွိသည် ရင်ထဲက ဝမ်းနည်းမှုကို အောင့်အီးကာ လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "အဖေ၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါနော်”
'အဖေ ဘေးကင်းကင်းနဲ့ မြို့တော်ကို ပြန်လာပါစေ' ဟု သူမက စိတ်ထဲမှ ဆုတောင်းနေမိသည်။
လုလင်းသည် မျက်ခုံးကို တစ်ချက်ပင့်၍ ရယ်မောကာ ပြောလိုက်လေသည်။ "စိတ်ချပါ၊ အလွန်ဆုံး ၁ နှစ်ပေါ့၊ အဖေ ဘေးကင်းကင်းနဲ့ ပြန်လာမှာပါ။ အဲဒီအချိန်ကျရင်တော့ သမီးက သာ့ဝေရဲ့ ဟွမ်ဟုပ် ဖြစ်နေလောက်ပြီ"
လုမင်ယွိသည် နှာခေါင်းရှုံ့ကာ "အင်း" ဟု ပြန်ထူးလိုက်လေသည်။
လုလင်းသည်လည်း စိတ်ထဲတွင် မခွဲနိုင်မခွာရက် ဖြစ်နေသော်လည်း ပါးစပ်မှမူ ဤသို့ ပြောလိုက်လေသည်။ "စစ်သူကြီး တစ်ယောက်အနေနဲ့ တိုင်းပြည်အတွက် သစ္စာခံရတာက သဘာဝကျပါတယ်။ ယန်နိုင်ငံနဲ့ ချူနိုင်ငံက ပုန်ကန်တာက အရေးကြီးတဲ့ ကိစ္စပဲ၊ အဲဒါကို အဖေပဲ ထိန်းချုပ်နိုင်မှာ။ ဖူယန်မြို့စားကတော့ အဲဒီလောက်အထိ အစွမ်းမရှိသေးပါဘူး။ ထိုက်ဇီကလည်း တခြားနည်းလမ်းမရှိလို့ အဖေ့ကိုပဲ စေလွှတ်လိုက်ရတာ။ ဒါကြောင့် သမီး သူ့အပေါ်မှာ စိတ်ဆိုးမနေပါနဲ့"
"ရှောင်ယွိ၊ နောင်တစ်ချိန်မှာ ဘာပဲဖြစ်ဖြစ် သမီးနဲ့ ထိုက်ဇီနဲ့ အဆင်ပြေအောင် နေကြနော်၊ ဒီကိစ္စကြောင့် တစ်ယောက်နဲ့တစ်ယောက် စိတ်ဝမ်းမကွဲကြနဲ့ဦး”
စစ်ထွက်ခါနီးတွင် ဤကဲ့သို့သော စကားမျိုး ပြောသည်မှာ မင်္ဂလာမရှိလှသဖြင့် လုမင်ယွိသည် မျက်ရည်များကို အမြန်သုတ်လိုက်ပြီး စိတ်ဆိုးဟန်ဖြင့် ပြောလိုက်လေသည်။ "ဒီလိုစကားတွေ မပြောပါနဲ့တော့”
လုလင်းသည် ရယ်မောလိုက်ကာ "ကောင်းပါပြီ၊ အဖေ မပြောတော့ဘူး" ဟု ဆိုလေသည်။
လီရွှီ၊ လီရွှမ်းနှင့် လီဟန်တို့သည်လည်း မျက်ရည်ဝဲလျက် သူတို့၏ ဘိုးဘိုးကို နှုတ်ဆက်ကြလေသည်။
လုလင်း ထွက်သွားပြီးနောက် လုမင်ယွိ၏ စိတ်အာရုံမှာ အချိန်အတော်ကြာသည်အထိ မတည်မငြိမ် ဖြစ်နေတော့သည်။
ညဉ့်နက်မှ လီကျင့် ပြန်ရောက်လာသော်လည်း လုမင်ယွိ၏ စိတ်အခြေအနေနှင့် မျက်နှာမှာ မကောင်းလှချေ။
လီကျင့်သည် ဇနီးဖြစ်သူ စိတ်မကောင်းဖြစ်နေသည်ကို သိသဖြင့် အမူအရာနှင့် စကားပြောပုံမှာ ပို၍ ဂရုတစိုက် ရှိလာတော့သည်။ "ယွဲ့ဖုက မနက်ဖြန် စစ်တပ်ဦးဆောင်ပြီး ထွက်တော့မှာဆိုတော့ ဒီနေ့ မင်းကို လာပြီး နှုတ်ဆက်တယ်မလား။ မင်း ယွဲ့ဖုကို ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ မှာလိုက်ရဲ့လား"
လုမင်ယွိသည် စိတ်ပျက်လက်ပျက်ဖြင့် "အင်း" ဟုသာ ပြန်ဖြေလိုက်လေသည်။
လီကျင့်သည် သူမ၏အနားတွင် လဲလျောင်းလိုက်ပြီး သူမ၏ ပခုံးကို ဆွဲဖက်ကာ ပြောလိုက်လေသည်။ "စတုတ္ထမင်းသားကလည်း မနက်ဖြန် စစ်တပ်နဲ့အတူ လိုက်သွားလိမ့်မယ်”
စတုတ္ထမင်းသား စစ်တပ်ကြီးကြပ်သူအဖြစ် လိုက်ပါမည့်ကိစ္စကို လုမင်ယွိသည် လွန်ခဲ့သော ၂ ရက်ကတည်းက သိရှိထားပြီးဖြစ်သည်။
လီကျင့်၏ အသံအတွင်းမှ မတတ်သာသည့် ခံစားချက်ကို ကြားလိုက်ရသည့်အခါ လုမင်ယွိ၏ စိတ်မှာ နူးညံ့သွားပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "စတုတ္ထမင်းသားက စိတ်ထားကြည်လင်ပြီး လမ်းမှန်ကို ရွေးချယ်တတ်တယ်။ နောင်ကျရင် သူ့ကို ချမ်းသာတဲ့ နယ်မြေလေးတစ်ခု ရွေးပေးလိုက်ပါ။ သူ့ကို စောစော နယ်မြေကို သွားခွင့်ပြုလိုက်ရင် သူလည်း စိတ်ကျေနပ်သွားမှာပါ"
လီကျင့်က သက်ပြင်းချလိုက်ကာ "ကို သူ့အပေါ်မှာ မရက်စက်ပါဘူး။ အတူတူ ကြီးပြင်းလာခဲ့တဲ့ ညီအစ်ကိုတွေထဲမှာ ငါနဲ့ သူပဲ ကျန်တော့တာလေ။ ကိုကတော့ သူ မြို့တော်မှာ နေပြီး ကို့ကို ကူညီပေးစေချင်တာပါ"
လုမင်ယွိသည် အေးဆေးစွာပင် ပြောလိုက်လေသည်။ "လီဟောက်၊ လီချန်နဲ့ လီယိတို့ရဲ့ အဖြစ်အပျက်တွေ ရှိနေတာဆိုတော့ စတုတ္ထမင်းသားက ရှင့်ကို ကူညီချင်ရင်တောင် အကြိမ်ကြိမ် စဉ်းစားရမှာပဲ။ အဲဒီအစား ပဋိပက္ခတွေ ရှိရာနေရာကနေ စောစော ထွက်ခွာသွားတာကမှ ပိုကောင်းဦးမယ်။ ကိုယ့်နယ်မြေမှာ ကိုယ်ပဲ အရှင်သခင် လုပ်ရသလို တခြားသူရဲ့ သံသယကိုလည်း မခံရတော့ဘူးလေ"
ဤသည်မှာ စတုတ္ထမင်းသား၏ အကြံအစည်ပင်။
လီကျင့်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လုမင်ယွိ၏ နားနားသို့ ကပ်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ရှောင်ယွိ၊ ကို စိတ်ထဲမှာ နည်းနည်း ခံစားနေရတယ်”
"ယခင်ဘဝတုန်းက ကိုက စောစော သေဆုံးခဲ့ရတာ။ မသေခင်မှာလည်း အများကြီး မကျေမနပ် ဖြစ်ခဲ့ရတယ်။ နှစ်ပေါင်းများစွာ ဝိညာဉ်ဘဝနဲ့ လီဟောက်နဲ့ လီချန် ညီအစ်ကို နှစ်ယောက် တစ်ယောက်ပြီးတစ်ယောက် နန်းတက်တာကို ကြည့်ပြီးတော့ ရင်ထဲမှာ အရမ်းကို နာကျည်းခဲ့ရတာ"
"အခုတစ်ခေါက် ပြန်လည် မွေးဖွားလာတဲ့အခါမှာတော့ ဒီပလ္လင်ကို ကို ဘယ်သူ့ကိုမှ အလွယ်တကူ လက်မလွှတ်တော့ဘူး။ တိုင်းပြည်ကိုရော မင်းကိုရော ကို အပိုင်ရယူမယ်"
"အခုတော့ ကိုက ပလ္လင်နဲ့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ ဖုဟွမ်ကို သင်္ဂြိုဟ်ပြီးတာနဲ့ နန်းတက်နိုင်ပြီ။ အရင်က ကို လိုချင်ခဲ့တဲ့အရာ အားလုံးက လက်တစ်ကမ်းမှာ ရှိနေပြီ။ ကို ထင်ထားတာထက် ၁၀ နှစ်ကျော်တောင် စောနေသေးတယ်”
"ဒါပေမဲ့ ဘာကြောင့်မှန်းမသိဘူး၊ အခု ကို့ရင်ထဲမှာ သိပ်ပြီး ဝမ်းမသာမိဘူး။ အဲဒီအစား ဟာတာတာကြီး ဖြစ်နေသလိုပဲ”
သူသည် လိုချင်သောအရာကို ရရှိခဲ့သော်လည်း ဖခင်အရင်းနှင့် ညီအစ်ကိုများကိုတော့ ဆုံးရှုံးခဲ့ရလေပြီ။
လုမင်ယွိသည် သက်ပြင်းအနည်းငယ် ချလိုက်ကာ "ဒီကာလအတွင်းမှာ သေဆုံးတဲ့သူတွေ အရမ်းများလွန်းတယ်။ ရှင်တင် မဟုတ်ပါဘူး၊ ကျွန်မလည်း စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်နေတာ"
မိမိနှင့် ရင်းနှီးသူများ တစ်ဦးပြီးတစ်ဦး သေဆုံးသွားသည်ကို မျက်မြင်ကိုယ်တွေ့ မြင်နေရသဖြင့် ပတ်ဝန်းကျင်မှ အပူရှိန်များပင် ပါသွားသကဲ့သို့ ခံစားနေရတော့သည်။ အလွန်ပင် ပူအိုက်သော ရာသီဥတု ဖြစ်စေကာမူ စိတ်ထဲတွင်မူ အေးစက်နေမိသည်။
ယခုအခါတွင်မူ ဇနီးမောင်နှံ နှစ်ဦး အတူတူ ဖက်ထားကြသဖြင့် ထိုအေးစက်သော ခံစားချက်မှာ အနည်းငယ် ပြေလျော့သွားလေတော့သည်။
လီကျင့်သည် ဆက်ပြီး စကားမပြောတော့ဘဲ လုမင်ယွိကိုသာ တင်းကြပ်စွာ ဖက်ထားလိုက်လေသည်။
...
စတုတ္ထမင်းသားသည် မထွက်ခွာမီ ကျောက်ယွီနှင့် ချင်ဖေးကို နှုတ်ဆက်လေသည်။
ကျောက်ယွီသည် မျက်ရည်များ ကျလာကာ ရှိုက်ကြီးတငင် မှာကြားနေတော့သည်။ "ရှင် ကိုယ့်ကိုယ်ကိုယ် သေချာ ဂရုစိုက်ပြီးတော့ ဘေးကင်းကင်းနဲ့ ပြန်လာပါနော်"
ချင်ဖေးမှာမူ အဆက်မပြတ် ငိုကြွေးနေပြီး စတုတ္ထမင်းသား၏ လက်မောင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ကာ နာကျင်စွာ အော်ဟစ်ငိုယိုနေတော့သည်။ "ယန်နိုင်ငံနဲ့ ချူနိုင်ငံက ပုန်ကန်တာက နင့်နဲ့ ဘာဆိုင်လို့လဲ။ ဒီတိုင်းပြည်က ထိုက်ဇီရဲ့ တိုင်းပြည်ပဲ၊ သူကပဲ တာဝန်ယူရမှာပေါ့။ ဘာဖြစ်လို့ နင်က ရှေ့ကနေ ထွက်ချင်နေရတာလဲ"
"စစ်တပ်က မနက်ဖြန်မှ ထွက်မှာဆိုတော့ နင့်မှာ နောင်တရဖို့ အချိန်ရှိသေးတယ်။ အခုချက်ချင်း ထိုက်ဇီဆီ သွားပြီးတော့ နင် မသွားတော့ဘူးလို့ သွားပြောလိုက်တော့"
ချင်ဖေး၏ ရှည်လျားသော လက်သည်းများမှာ စတုတ္ထမင်းသား၏ လက်မောင်းကို ဆိတ်ထားသဖြင့် ညိုမည်းနေလေပြီ။
စတုတ္ထမင်းသားသည် နာကျင်မှုကို ဂရုမစိုက်ဘဲ ချင်ဖေး၏ အခြားလက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်ကာ "မူဖေး၊ ဒီကိစ္စက ကျွန်တော်ကိုယ်တိုင် အာ့ကောဆီမှာ သွားပြီး တောင်းဆိုခဲ့တာပါ။ အာ့ကောက သဘောတူလို့ ကျွန်တော် သွားရမှာ"
"ရှင်းယန်ဝမ်က စစ်သည် ၅ သောင်း ဦးဆောင်သွားတာ၊ ပုန်ကန်တဲ့သူတွေထက် ၂ ဆတောင် များတာပဲ။ ကျွန်တော် ဘာမှ မဖြစ်ပါဘူး"
ချင်ဖေးက ငိုလျက် ပြောတော့၏။ "ငါ အဲဒါတွေ ဂရုမစိုက်ဘူး။ လိုရင်းကိုပဲပြောမယ်။ ငါ နင့်ကို မသွားခိုင်းဘူး။ နင်က ထိုက်ဇီရဲ့ သံသယကို ခံရမှာ ကြောက်လို့ မဟုတ်လား။ နင် မသွားနဲ့၊ ငါ နင့်ကိုယ်စား သွားမယ်။ ငါ သွားပြီးတော့ ထိုက်ဇီကို ဒူးထောက်တောင်းပန်ပြီး နင့်ကို လွှတ်ပေးဖို့ ပြောမယ်။ ဘယ်နေရာပဲဖြစ်ဖြစ် နယ်မြေတစ်ခုသာ ပေးလိုက်ပါ၊ ငါတို့ မြို့တော်ကနေ အတူတူ ထွက်သွားပြီးတော့ ဘယ်တော့မှ ပြန်မလာတော့ဘူး"
စတုတ္ထမင်းသားမှာ မိမိ၏ မူဖေး ငိုကြွေးနေသည်ကို ကြည့်ပြီး ခေါင်းကိုက်နေတော့သည်။
ကျောက်ယွီမှာမူ မငိုတော့ဘဲ မျက်ရည်များကို သုတ်လိုက်ကာ ချင်ဖေးကို တွဲထူလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "မူဖေး၊ အရှင်မင်းသား လုပ်တာကမှ မှန်တာပါ”
"ထိုက်ဇီက ကျောက်မိသားစုစစ်တပ်ကို သံသယရှိလို့ ကျွန်မအဖေဆီက စစ်သည် ၂ သောင်းကို ထုတ်ယူလိုက်တယ်။ ဒါပေမဲ့ ကျွန်မအဖေကိုတော့ စစ်တပ်ဦးဆောင်ခွင့် မပေးဘဲ ရှင်းယန်ဝမ်ကိုပဲ စစ်သူကြီး ခန့်လိုက်တာ။ ဒါက ကျောက်မိသားစုစစ်တပ်ရဲ့ အင်အားကို လျှော့ချလိုက်တာပဲ"
"ထိုက်ဇီက အရှင်မင်းသားကိုတော့ ယုံကြည်ပါတယ်။ ဒါပေမဲ့ အရှင်မင်းသားက နယ်မြေကို သွားချင်တာကို ထိုက်ဇီက သဘောတူချင်မှ တူမှာ။ အကယ်၍ ထိုက်ဇီက အရှင်မင်းသားကို မြို့တော်မှာပဲ ၁၀ နှစ်လောက် အတင်းထားလိုက်ရင် ဘယ်လိုလုပ်မလဲ"
ချင်ဖေးမှာ ငိုနေရာမှ ရပ်တန့်သွားပြီး ကျောက်ယွီကို ကြောင်စီစီဖြင့် ကြည့်လိုက်လေသည်။ "ထိုက်ဇီက အားရှန်းကို မြို့တော်ကနေ စောစောထွက်သွားစေချင်တာ မဟုတ်ဘူးလား။ ဘာလို့ အတင်းထားမှာလဲ"
ကျောက်ယွီက လေသံတိုးတိုးဖြင့် ရှင်းပြလိုက်သည်။ "ကျွန်မသာ ထိုက်ဇီဆိုရင်လည်း ဒီလိုပဲ လုပ်မှာပဲ။ အရှင်မင်းသားကို မြို့တော်မှာပဲ ထားပြီးတော့ အလုပ်တစ်ခုခု ပေးထားရင် မျက်စိအောက်မှာပဲ ရှိနေတော့ ဘာပြဿနာမှ မရှာနိုင်တော့ဘူးလေ။ နယ်မြေကို သွားခွင့်ပြုလိုက်ရင် မြို့တော်နဲ့ ဝေးသွားတာဆိုတော့ တစ်နေ့ကျရင် ပုန်ကန်မလားဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး"
ချင်ဖေးသည် ထိုစကားကို ကြားရသည့်အခါ ထိတ်လန့်သွားကာ ဆိုလေသည်။ "လောကမှာ ဒီလို အဓိပ္ပာယ်မရှိတာတွေ ရှိလား"
စတုတ္ထမင်းသားက စကားလမ်းကြောင်းကို ပြောင်းလိုက်လေသည်။ "ဘာလို့ မရှိရမှာလဲ။ ကျွန်တော်သာ ထိုက်ဇီဆိုရင်လည်း ညီအစ်ကိုတွေကို နယ်မြေကို မသွားစေချင်ဘူး။ ဘာလို့ သူ့ကို နယ်မြေပေးပြီးတော့ အေးအေးချမ်းချမ်း နေခိုင်းရမှာလဲ။ ကျွန်တော်ကတော့ သူ့ကို မြို့တော်မှာပဲ သေတဲ့အထိ အကျယ်ချုပ် ချထားမှာပဲ"
ချင်ဖေးမှာ ထိတ်လန့်လွန်းသဖြင့် တုန်ရင်နေတော့သည်။ "ဒါဆို... ဒါဆို ဘယ်လိုလုပ်ရမလဲ"
စတုတ္ထမင်းသားက လေသံကို လျှော့ချလိုက်ကာ ပြောလိုက်သည်။ "ဒါကြောင့် ကျွန်တော်က ညီလာခံအတွက် အလုပ်အကျွေးပြုပြီး အကျိုးဆောင်မှု တစ်ခုခု ရအောင် လုပ်ရမယ်။ အဲဒီကျမှ နယ်မြေသွားဖို့ တောင်းဆိုရင် အာ့ကောအနေနဲ့ ငြင်းဖို့ ခက်သွားမှာပေါ့"
"အရှင်မင်းသား ပြောတာ မှန်ပါတယ်” ကျောက်ယွီကလည်း လေသံနူးညံ့စွာဖြင့် ဝင်ပြောလိုက်လေသည်။ "ထိုက်ဇီရဲ့ သံသယကို ဖျောက်ဖျက်နိုင်ဖို့ဆိုရင် အလုပ်ကို ကြိုးကြိုးစားစား လုပ်ပြရမယ်။ သစ္စာရှိတယ်ဆိုတာ ပါးစပ်က ပြောနေရုံနဲ့ မပြီးဘူးလေ"
မင်းသားတစ်ပါး ဖြစ်ခြင်းနှင့် ဧကရာဇ်၏ ညီတော်ဖြစ်ခြင်းမှာ လုံးဝ မတူညီလှချေ။
ချင်ဖေးသည် အတန်ကြာ ငိုင်နေပြီးမှ မျက်ရည်များကို သုတ်လိုက်ကာ စတုတ္ထမင်းသားအား မှာကြားလေတော့သည်။ "နင် စစ်တပ်နဲ့ လိုက်သွားရင် ရှင်းယန်ဝမ်နဲ့ အဆင်ပြေအောင် နေနော်။ နောင်တစ်ချိန်မှာ ရှင်းယန်ဝမ်က နင့်အတွက် စကားတစ်ခွန်းလောက် ပြောပေးရင် တခြားသူတွေရဲ့ စကားထက် အများကြီး ပိုပြီး ထိရောက်တယ်"
နောက်ဆုံးတော့ ချင်ဖေးကို ဖျောင်းဖျနိုင်ခဲ့လေပြီ။
စတုတ္ထမင်းသားသည် စိတ်သက်သာရာရသွားကာ ခေါင်းညိတ်လိုက်လေတော့သည်။ "မူဖေး ပြောတဲ့ စကားတွေကို ကျွန်တော် မှတ်ထားပါ့မယ်”
...