← Chapters

အခန်း (၁၁၇၃-၁၁၇၄)

Vol. 68 Ch. 1173-1174

အခန်း (၁၁၇၃-၁၁၇၄)

Vol. 68 Ch. 1173-1174

အပိုင်း (၁၁၇၃)

မှန်က ပြန်ပြောလိုက်သည်။ “ဒါဆိုရင် တာဝန်မဲ့ရာ ကျလွန်းတယ်၊ အရှင့်ရဲ့ လက်အောက်ငယ်သားတွေက သဘောတူမှာ မဟုတ်ဘူး။”

ရှမ့်လန်က ရှင်းပြသည်။ “အဲဒါ ပြောတာပေါ့။ ချန်မြို့တော်ထဲ ဝင်တုန်းက ငါ လုံးဝ စိတ်မလှုပ်ရှားဘူး။ ဒါပေမဲ့ အစ်ကိုကျင်း၊ စုနန်နဲ့ တခြားလူတွေကတော့ သမိုင်းဝင် အခိုက်အတန့်တစ်ခုကို မြင်တွေ့လိုက်ရသလိုမျိုး အလွန်အမင်း စိတ်လှုပ်ရှားနေကြတယ်။ ငါ့မှာ ထာဝရ ရည်မှန်းချက် တစ်ခုတည်း ရှိတယ်။ အဲဒါက လောကပေါ်မှာ ရန်သူမရှိတဲ့ အခြေအနေ ရောက်ဖို့ပဲ။”

မှန်က ပြော၏။ “ကျုပ်မှာလည်း ရည်မှန်းချက် တစ်ခုတည်း ရှိပါတယ်။”

သို့သော်ငြား မှန်သည် ထိုရည်မှန်းချက်ကို ထုတ်မပြောခဲ့ပေ။

“တာဝန်ဆိုတာ သိပ်လေးလံတဲ့ စကားလုံးပဲ။”

ရှမ့်လန် သက်ပြင်းချလိုက်သည်။ “မူလကတော့ ချန်နိုင်ငံက လူတွေကို လုံးဝ စွန့်လွှတ်လိုက်မလို့ပဲ။ ဒါပေမဲ့ ဒီမဲပေးပွဲမှာ လူ ၆၁ ရာခိုင်နှုန်းက ငါ့ကို ထောက်ခံခဲ့ကြတယ်။ ဒါက ငါ့စိတ်ကို ပြောင်းလဲစေခဲ့တယ်။ တစ်ယောက်ယောက်က ကိုယ့်နောက်ကို လိုက်လာရင် တာဝန်ယူရတော့တာပေါ့။ ဒီလိုနဲ့ ဘယ်တော့မှ မလွတ်လပ်တော့ဘူး၊ သူတို့ကို ဖယ်ထုတ်လို့ မရတော့ဘူး။”

မှန် ပြုံးလိုက်၏။ “အစ်မကြီး ချောင်ယောင်းအာ လိုမျိုးလား။ သူက လောကကိုပတ်ပြီး စွန့်စားချင်တယ်၊ လွတ်လပ်မှုကို လိုချင်တယ်လို့ အမြဲ ပြောနေပေမဲ့ မတရားမှုမြင်တိုင်း ကျွန်တွေကို ဝင်ကယ်နေတာပဲ။ နောက်ဆုံးတော့ ကယ်လေ ၊ ကယ်လေ ကျွန်တွေ များလာလေ ဖြစ်လာတယ်။ ဒီကျွန်တွေက ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်ကြတော့ သူ့အကာအကွယ်ကိုပဲ မှီခိုနေရတယ်။ နောက်ဆုံးကျတော့ ပင်လယ်ပြင်ကို ထွက်သွား ပြီးတာတောင် နုရှောင့်မြို့မှာ ရှိတုန်းကထက် ပိုပြီး ချည်နှောင်ခံထားရသလို ဖြစ်ခဲ့ရတယ်။”

ရှမ့်လန်က မှာကြားလိုက်သည်။ “မှန်... ငါ ခဏလောက် ခရီးထွက်ရအုံးမယ်။ မင်း ထပ်ပေါ်လာပြီး ငါ အဖြစ် ဟန်ဆောင်ပေးရအုံးမယ်။ တော်ဝင်ချန်အင်ပါယာအဖြစ် ထပ်ပြီး ဟန်ဆောင်ပေးရအုံးမယ်။”

“ကောင်းပါပြီ။”

ရှမ့်လန် ဘာမှ ထပ်မမှာတော့ပေ။ အဘယ်ကြောင့်ဆိုသော် မှန် အမှားမလုပ်နိုင်ကြောင်း သူ အပြည့်အဝ ယုံကြည်၍ ဖြစ်သည်။ လူတစ်ယောက်က အသက်ပေးပြီး တစ်ခုခုကို လုပ်သည့်အခါ၌ သိပ်ကြောက်စရာ ကောင်းသည်။ အစကနေ အဆုံးထိ မှန်၏ စွမ်းဆောင်ရည်က ရှမ့်လန်အစစ်ထက်တောင် ပိုကောင်းနေသေး၏။

မှန် ရုတ်တရက် ပြောလိုက်သည်။ “ဪ ဒါနဲ့ ကျုပ် မျက်နှာပေါ်မှာ ဒဏ်ရာတစ်ခု ရှိတယ်၊ မကျက်သေးဘူး။ ရင်ရင် လုပ်လိုက်တာ။ ဒါက ကျုပ်နဲ့ အရှင့်ရဲ့ ကွာခြားချက်ပဲ။ ဖုံးကွယ်ဖို့ လိုမလား။”

ရှမ့်လန် ပြုံးပြီး ငြင်းလိုက်၏။ “မလိုပါဘူး။”

……

ထိုည သန်းခေါင်ယံအချိန်တွင် ရှမ့်လန်သည် တချောင်ကို စီးနင်းလျက် ချန်မြို့တော်မှ ထွက်ခွာပြီး စေတီတောင်သို့ သွားရောက်ခဲ့သည်။ ယခင်အတိုင်းပင် သူ မည်သူ့ကိုမှ ခေါ်မသွားခဲ့ပေ။

ဂိုဏ်းချုပ်ရန်၏ သိုင်းပညာသည် အလွန်မြင့်မားပြီး စေတီတောင်တွင် ကျွမ်းကျင်သူ မရေမတွက်နိုင်အောင် ရှိသည်။ ရှမ့်လန်အနေဖြင့် ကျွမ်းကျင်သူ တစ်ယောက်၊ နှစ်ယောက် ခေါ်သွားခြင်းက ဘာအသုံးဝင်မည်နည်း။ တစ်ယောက်တည်း သွားသည်နှင့် ဘာမှ မထူးခြားပေ။

ဝူကျွယ်လည်း စေတီတောင်သို့ ပြန်သွားခဲ့သည်။ ရေပေါ်ပင်လယ်သည် မည်သည့်နိုင်ငံ၏ နယ်နိမိတ် အတွင်းတွင်မှာမှ မရှိသော်လည်း ချောင်၊ ချင်နှင့် ကျင်း နိုင်ငံများနှင့် နယ်နိမိတ် ထိစပ်နေသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ရှမ့်လန်သည် ရေပေါ်ပင်လယ်သို့ တစ်ကြိမ် ရောက်ဖူးသည်။ ထိုစဉ်က စတုရန်း ကီလိုမီတာ ၆,၀၀၀ ခန့်သာ ရှိသေးသည်။ ယခုအခါ စတုရန်းကီလိုမီတာ ၁၀,၀၀၀ ကျော် ဖြစ်လာခဲ့ပြီ။

စေတီတောင်က မည်သို့လုပ်လိုက်သနည်း မသိသော်လည်း ရေမျက်နှာပြင်က အဆက်မပြတ် မြင့်တက်လာနေသည်။ စေတီတောင်သည် အလွန်ဗိုလ်ကျသည်။ ရေပေါ်ပင်လယ် ကျယ်ပြန့်လာသရွေ့ စေတီတောင်၏ နယ်မြေ ဖြစ်လာသည်။

ထို့ကြောင့် ချောင်ပြည်နယ်နှင့် စေတီတောင်ကြားတွင် ဖြေရှင်းမရနိုင်သော ပဋိပက္ခကြီးမားစွာ ဖြစ်ပွားခဲ့သည်။ ဤပဋိပက္ခကြောင့် စေတီတောင်သည် တော်ဝင်ရန်အင်ပါယာနှင့် ပူးပေါင်းကာ ချောင်ဘုရင်အိုကြီးကို သတ်ဖြတ်ပြီး ချောင်ပြည်နယ်၏ ထောင်နှင့်ချီသော စတုရန်းကီလိုမီတာ ကျယ်ဝန်းသည့် နယ်မြေကို သိမ်းပိုက်ခဲ့ခြင်း ဖြစ်၏။

ရေပေါ်ပင်လယ်အထက်သို့ ပျံသန်းရောက်ရှိချိန်တွင် မိုးလင်းနေပြီ ဖြစ်သည်။ ရေပေါ်ပင်လယ်၏ ရှုခင်းသည် လှပလွန်းသည်။ ကုန်းမြေကြီးပေါ်တွင် မြုပ်နှံထားသော ကျောက်စိမ်းတုံးတစ်တုံး ကဲ့သို့ပင်။ တောင်ပင်လယ် ၏ ဆူညံပွက်လောရိုက်မှုနှင့်ယှဉ်လျှင် ရေပေါ်ပင်လယ်သည် အလွန် တိတ်ဆိတ်ငြိမ်သက်နေသည်။ ရှေးဟောင်း စစ်သင်္ဘောတစ်စင်းပင် မရှိပေ။ တကယ့် အပန်းဖြေစခန်းတစ်ခု ကဲ့သို့ပင်။

ဝူကျွယ်က အကြံပြုသည်။ “အရှင်... ခရမ်းရောင်ကျောက်စိမ်းနန်းတော်မှာ အရင် ဆင်းသက်ပေးပါ။ ကျုပ် စေတီတောင် ဌာနချုပ်ကို ပြန်ပြီး ဂိုဏ်းချုပ်ဆီ သတင်းပို့လိုက်ပါအုံးမယ်။ ကျုပ်တို့ အရှင်ကို အမြင့်ဆုံး စံနှုန်းတွေနဲ့ ကြိုဆိုရမှာပါ။”

ရှမ့်လန်က သဘောတူလိုက်၏။ “ကောင်းပြီ။”

ထို့နောက် ဝူကျွယ်သည် ရှမ့်လန်ကို ရေပေါ်ပင်လယ်၏ အရှေ့မြောက်ထောင့်ရှိ ကျွန်းငယ်လေးတစ်ခုပေါ်သို့ ခေါ်ဆောင်သွားပြီး ဆင်းသက်စေလိုက်သည်။ ဤကျွန်းငယ်လေးသည် မူလက မရှိခဲ့ပေ။ လူလုပ်ကျွန်း တစ်ကျွန်း ဖြစ်သည်။ ၎င်းပေါ်တွင် လှပသော ဥယျာဉ်တစ်ခုနှင့် ခရမ်းရောင်နန်းတော်တစ်ခု ရှိသည်။

ဤခရမ်းရောင် ကျောက်စိမ်းနန်းတော်ကို စေတီတောင်သခင်က သူ့ဇနီးသည်အတွက် အထူး တည်ဆောက်ပေး ထားခြင်း ဖြစ်သည်။ သူမသည် လက်ရှိ တော်ဝင်ရန်အင်ပါယာ၏ ညီမတော် ဖြစ်သည်။ သူမသည် မြင့်မြတ်သော အဆင့်အတန်းရှိပြီး ပြိုင်ဘက်ကင်း အလှပဂေးလည်း ဖြစ်၏။

သို့သော်ငြား ဂိုဏ်းချုပ်ရန်သည် မင်းသမီးကျိ နေထိုင်ရန် ဤကျွန်းငယ်လေးပေါ်တွင် ခရမ်းရောင် ကျောက်စိမ်း နန်းတော်ကို တည်ဆောက်ပေးခဲ့ခြင်း မဟုတ်ပေ။ စေတီတောင်သို့ မဝင်မီ ခေတ္တတည်းခိုရန်အတွက်သာ ဖြစ်သည်။

ခရမ်းရောင် ကျောက်စိမ်းနန်းတော်တွင် ဆင်းသက်ပြီးနောက် ကျက်သရေရှိသော အမျိုးသမီး ဒါဇင်ပေါင်း များစွာ လျှောက်လာကြ၏။

ဝူကျွယ်က အမိန့်ပေးလိုက်သည်။ “ဒါ တော်ဝင်ချန်အင်ပါယာ၊ အရှင်ရှမ့်လန်ပဲ။ အမြင့်ဆုံးဂါရဝနဲ့ ပြုစု စောင့်ရှောက်ရမယ်။ အရှင့်ဆန္ဒကို မလွန်ဆန်ရဘူး။ ဂိုဏ်းချုပ်ကို ဆက်ဆံတာထက် ပိုပြီး ရိုသေရမယ်။ နားလည်လား။”

ခေါင်းဆောင်အမျိုးသမီးက ဦးညွှတ်လိုက်၏။ “နားလည်ပါပြီ။”

ထို့နောက် အမျိုးသမီး ဒါဇင်ပေါင်းများစွာ မြေကြီးပေါ်တွင် ဒူးထောက်ပြီး ဦးတိုက်လိုက်ကြသည်။ “အရှင်ကို ဂါရဝပြုပါတယ်။”

ဝူကျွယ်က ပြော၏။ “အရှင်... ဒီမှာ ခဏစောင့်ပေးပါ။ ကျုပ် စေတီတောင်ဌာနချုပ်ကို သွားပြီး ဂိုဏ်းချုပ်ဆီ သတင်းပို့လိုက်ပါအုံးမယ်။ ကျုပ်တို့ အရှင်ကို အမြင့်ဆုံး စံနှုန်းတွေနဲ့ ကြိုဆိုပါ့မယ်။”

ရှမ့်လန် ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ။”

ဝူကျွယ်သည် ရှေးဟောင်းလင်းယုန်ကို စီးနင်းလျက် ဂိုဏ်းချုပ်ရန်ဆီ သတင်းပို့ရန် စေတီတောင်ဌာနချုပ်သို့ ပျံသန်းထွက်ခွာသွား၏။

……

ထို့နောက် ခရမ်းရောင် ကျောက်စိမ်းနန်းတော်တွင် ရှမ့်လန်သည် အမှန်တကယ်ပင် စေ့စပ်သေချာသော ပြုစုစောင့်ရှောက်မှုကို ခံယူခဲ့ရသည်။ သူသည် သူ့ကိုယ်သူ ခရီးသွားဧည့်သည်တစ်ဦးအဖြစ် သဘောထားပြီး ရှုခင်း နေရာတိုင်းကို လှည့်လည်ကြည့်ရှုခဲ့သည်။ ဝမ်းနည်းစရာ ကောင်းသည်မှာ ဤကျွန်းသည် သေးငယ်လွန်းလှသည်။ လမ်းလျှောက်လျှင်ပင် အချိန်ကြာမြင့်မည် မဟုတ်ပေ။

သို့သော်ငြား သူ ရှာဖွေတွေ့ရှိမှု အချို့ ပြုလုပ်နိုင်ခဲ့သည်။ ဤနေရာတွင် ပန်းချီကားများစွာရှိပြီး အနုပညာ လက်ရာ မြောက်သည်။ အနည်းဆုံးတော့ ရှမ့်လန်ထက် များစွာ သာလွန်သည်။သူ မမှားဘူးဆိုရင် ဤအရာများက ဂိုဏ်းချုပ်ရန်မိန်းမ၏ လက်ရာတွေ ဖြစ်မည်။

‘ဒီမင်းသမီးက အင်ပါယာကျန်းလီ၏ မိဖုရား ဖြစ်လုနီးပါး ဖြစ်ခဲ့တာ။ သနားစရာပဲ။’

ရှမ့်လန်သည် ဂိုဏ်းချုပ်ရန်ကို စောင့်ဆိုင်းရင်း ပန်းချီကားများကို ဂရုတစိုက် ကြည့်ရှုနေခဲ့သည်။ ဝူကျွယ် ပြောခဲ့သည်မှာ သိပ်ကောင်း၏။ စေတီတောင်က ရှမ့်လန်ကို အမြင့်ဆုံးစံနှုန်းတွေ၊ ဂါရဝတွေနှင့် ကြိုဆိုမည်။

တကယ် ဖြစ်လာလျှင် ဘာဖြစ်မည်နည်း။

ရှမ့်လန်က ဂိုဏ်းချုပ်ရန်အကြောင်း ကောင်းကောင်း သိသည်။ သူက ရှမ့်လန် တွေ့ဖူးသမျှ လူတွေထဲတွင် အကောက်ကျစ်ဆုံးလူ ဖြစ်လောက်သည်။ သူက ရင်ကွမ်းလို လောဘကြီးသော်လည်း ရင်ကွမ်းထက် ပိုယုတ်မာသည်။

ရှမ့်လန် တစ်ရက်တိတိ စောင့်ခဲ့သည်။ ဂိုဏ်းချုပ်ရန် ရောက်မလာခဲ့ပေ။ စေတီတောင်မှ မည်သူမှ ရောက်မလာခဲ့ပေ။ ဤအမျိုးသမီး ဒါဇင်ပေါင်းများစွာကတော့ သူ့ကို စေ့စပ်သေချာစွာ ပြုစုစောင့်ရှောက် ပေးနေတုန်းပင်။

တချောင်လည်း ရေပေါ်ပင်လယ်ပြင်မှာ အေးအေးဆေးဆေး ကစားနေသည်။ ရှမ့်လန် ကြိုက်တဲ့အချိန် ထွက်သွား၍ ရသည်။ သို့ပေမည့် သူ မသွားခဲ့ချေ။ ကောင်းကင် မဲမှောင်သွားသော်လည်း ဂိုဏ်းချုပ်ရန် ရောက်မလာသေးပေ။ ထို့ကြောင့် ရှမ့်လန်သည် ဤခရမ်းရောင် ကျောက်စိမ်းနန်းတော်မှာ တစ်ည အိပ်လိုက်၏။

……

နောက်တစ်နေ့နံနက် ရှမ့်လန် နိုးလာချိန်မှာတော့ အခန်းထဲတွင် နောက်ထပ်လူတစ်ယောက် ရှိနေသည်ကို တွေ့လိုက်ရသည်။ ဂိုဏ်းချုပ်ရန် ဖြစ်သည်။

ဂိုဏ်းချုပ်ရန်က ပြုံးပြီး မေးလိုက်၏။ “ကောင်းကောင်း အိပ်ပျော်ရဲ့လား အရှင်။”

ရှမ့်လန် ပြန်ဖြေလိုက်သည်။ “သိပ်ကောင်းတာပေါ့။ လှိုင်းသံလေးတွေ နားထောင်ရင်း အိပ်ပျော်သွားတာ။ ဒီရက်ပိုင်းအတွင်း ဒီလောက် ကောင်းကောင်း အိပ်ပျော်တာ ဒါပထမဆုံးပဲ။”

ထို့နောက် ရှမ့်လန်နှင့် ဂိုဏ်းချုပ်ရန်တို့ အတူတူ နံနက်စာ စားကြ၏။

ဂိုဏ်းချုပ်ရန်က ပြောသည်။ “လွန်ခဲ့တဲ့ရက်ပိုင်းက ကျုပ် နုရှောင့်မြို့ကိုသွားပြီး ရင်ရင်ကို မိဘအိမ် ပြန်ခေါ်လာတယ်။ ပြီးတော့ ဧည့်ဝတ် ကျေပွန်စွာ ကြိုဆိုခဲ့ကြတယ်။ ပြန်ရောက်ရင် နယ်စားကြီးကျင်းကျိုးကို ကျေးဇူးတင်စကား သေချာပြောပေးပါအုံး။”

ရှမ့်လန် ပြုံးလိုက်၏။ “ဒါ ကျုပ် လုပ်သင့်တဲ့ ကိစ္စပါ။”

နံနက်စာ စားပြီးနောက် အပျိုတော်အချို့ ဝင်လာပြီး ပန်းကန်ခွက်ယောက်များကို ရှင်းလင်းပေးကြသည်။ ထို့နောက် အားလုံး ပျောက်ကွယ်သွားကြပြီး ဂိုဏ်းချုပ်ရန်နှင့် ရှမ့်လန် နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။

ဂိုဏ်းချုပ်ရန်က စကားစလိုက်၏။ “အရှင်ရှမ့်လန်... အလုပ်ကိစ္စ ပြောကြမလား။”

“ကောင်းပါပြီ။ အလုပ်ကိစ္စ ပြောကြတာပေါ့”

“အရှင်... အရင် စပြောပါ။”

ရှမ့်လန်က မေးခွန်းထုတ်လိုက်သည်။ “ဂိုဏ်းချုပ်ရန်က စေတီတောင်နဲ့ တော်ဝင်ချန်အင်ပါယာ လုံးဝ ပေါင်းစည်းမယ်။ စေတီတောင်က တော်ဝင်ချန်အင်ပါယာကို လုံးဝ သစ္စာခံမယ်လို့ ပြောတယ်ဆို။ ဟုတ်ပါသလား။”

“ဟုတ်ပါတယ်။”

“ဂိုဏ်းချုပ်ရန်... သစ္စာခံတာ သေချာရဲ့လား။”

“သေချာပါတယ်။ သစ္စာခံတာပါ။”

ရှမ့်လန်က ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ။ သတ်မှတ်ပြီးပြီဆိုတော့ နောက်တစ်ဆင့် ဆွေးနွေးရတာ ပိုလွယ်သွားပြီ။ ခင်ဗျားပြောတဲ့အတိုင်းဆိုရင် စေတီတောင်က သဘာဝလွန် အင်အားစု မဟုတ်တော့ဘဲ တော်ဝင်ချန်အင်ပါယာရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာမှာပေါ့၊ ဟုတ်လား။”

ဂိုဏ်းချုပ်ရန်က ရှင်းပြ၏။ “ဟုတ်ပါတယ်... နိုင်ငံတော်ဘာသာ အဆင့်အတန်းနဲ့ ညီမျှပါတယ်။ ဟုတ်တယ်။ ကျုပ်တို့ အရှေ့တိုင်းလောကက ဒီလို အပေါ်ယံအရာတွေကို မကြိုက်ပါဘူး။ အထူးသဖြင့် တော်ဝင်ကပ်ဘေး ဘုရားကျောင်းဖြစ်ရပ် ပြီးတည်းကပေါ့။

အရှေ့တိုင်းလောကက နိုင်ငံတော်ဘာသာ ဆိုတဲ့ နာမည်ကို သိပ်ပြီး မကြိုက်ကြဘူး။ ဒါကြောင့် ဒီလို နားလည်လို့ ရပါတယ်။ စေတီတောင်ကို တော်ဝင်ချန်အင်ပါယာရဲ့ အလွန်ထူးခြားတဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် သတ်မှတ်နိုင်ပါတယ်။

တော်ဝင်ချန်အင်ပါယာရဲ့ သိုင်းပညာ မြင့်မြတ်သောမြေ၊ သွေးမျိုးဆက် သုတေသန ဗဟိုဌာန၊ လျှို့ဝှက်လက်နက် သုတေသန ဗဟိုဌာနပေါ့။ ဒီနေ့ကစပြီး တော်ဝင်ချန်အင်ပါယာရဲ့ တပ်တော်ဟာ စေတီတောင်မှာ လျှို့ဝှက် လေ့ကျင့်နိုင်ပြီး တော်ဝင်ချန်အင်ပါယာရဲ့သိုင်းပညာရှင်တွေလည်း စေတီတောင်ကို ဝင်ရောက် လေ့ကျင့်နိုင်ပါတယ်။”

ရှမ့်လန်က မေးလိုက်သည်။ “နားလည်ပါပြီ။ ဒါဆိုရင် စေတီတောင်ရဲ့ အထူးစစ်သည်တော်တွေနဲ့ ငရဲတပ်တော် ကျတော့ ဘယ်လိုလဲ။”

ဂိုဏ်းချုပ်ရန်က ဖြေ၏။ “စေတီတောင်ရဲ့ တပ်တော်ကို တော်ဝင်ချန်အင်ပါယာ ပိုင်ဆိုင်ပါတယ်။ ကျုပ်တို့ အနေနဲ့ အရှင်ရဲ့အမိန့်ကို နာခံဖို့၊ ဘယ်မြို့ကိုမဆို ကာကွယ်ဖို့၊ ဘယ်ရန်သူကိုမဆို တိုက်ခိုက်ဖို့ တာဝန်ရှိပါတယ်။ ပိုရှင်းရှင်းလင်းလင်း ပြောရရင် ဒီတပ်တော်ဟာ အရှင် ပိုင်ဆိုင်ပါတယ်။”

“သိပ်ကောင်းတယ်။ တောင်ပင်လယ် ရှေးဟောင်းအပျက်အစီးတွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပိုင်ခွင့် ကျတော့ကော။ အထဲက အဖိုးတန် အရင်းအမြစ်တွေ ပိုင်ဆိုင်ခွင့် ကျတော့ကော။ အထူးသဖြင့် ရှေးဟောင်း စာအုပ်တွေနဲ့ ပိုအရေးကြီးတဲ့ အရင်းအမြစ်တချို့လေ။”

ဂိုဏ်းချုပ်ရန်က အာမခံသည်။ “စေတီတောင်က အရှင်ကို လုံးဝ သစ္စာခံထားပြီ ဆိုတော့ တောင်ပင်လယ် ရှေးဟောင်းအပျက်အစီးတွေလည်း တော်ဝင်ချန်အင်ပါယာ ပိုင်ဆိုင်တာပေါ့။ အရှင့်မှာ စူးစမ်းရှာဖွေခွင့် အပြည့်အဝ ရှိပါတယ်။ ဘယ်လျှို့ဝှက်ဓာတ်ခွဲခန်း၊ လျှို့ဝှက်ဂိုဒေါင်၊ လျှို့ဝှက်စာကြည့်တိုက်ကိုမဆို ဝင်ရောက်ခွင့် ရှိပါတယ်။ အထဲက အရင်းအမြစ်တွေကို ခွဲဝေသုံးစွဲခွင့် ရှိပါတယ်။”

ရှမ့်လန်က တောင်းဆိုလိုက်၏။ “ဒါဆိုရင် စေတီတောင် ထိန်းချုပ်ထားတဲ့ မဟာဗျူဟာမြောက် အရင်းအမြစ်တွေ ကျတော့ကော။ ဥပမာအားဖြင့် ချန်မြို့တော်မှာ ဟန့်တားရေးလက်နက်တွေကို နုရှောင့်မြို့ဆီ ရွှေ့ပြောင်းဖို့လိုမယ် ထင်တယ်။ ဘာလို့လဲဆိုတော့ အဲဒါက တော်ဝင်ချန်အင်ပါယာရဲ့ အဓိက ဗဟိုချက်ပဲလေ။ ကျုပ်တို့က တော်ဝင်ရန် အင်ပါယာရဲ့ အထူးတာဝေးပစ် မဟာဗျူဟာမြောက် တိုက်ခိုက်မှုကို အဲဒီမှာ ကြားဖြတ်ဟန့်တားဖို့ လိုတယ်။”

ဂိုဏ်းချုပ်ရန်က သဘောတူလိုက်သည်။ “ကောင်းပါပြီ။ အရှင် သဘောအတိုင်းပါပဲ။ ချန်မြို့တော်က ရှေးဟောင်း ကြားဖြတ်ဟန့်တားရေး ကိရိယာကို နုရှောင့်မြို့ဆီ လဝက်အတွင်း ရွှေ့ပြောင်းပေးပါ့မယ်။”

‘သောက်ကျိုးနည်း... သူက ဒီအချက်ကိုတောင် သဘောတူတယ် ဟုတ်လား။’

ရှမ့်လန်က ဆက်ပြောသည်။ “ပြီးတော့ နဂါးအရှိန်အဝါ ပစ်လွှတ်စင် ၁၀ ခုကိုလည်း ပြန်လည် ခွဲဝေချထားဖို့ လိုမယ် ထင်တယ်။”

“ကိစ္စမရှိပါဘူး။ အရှင်အနေနဲ့ ဒီနဂါးအရှိန်အဝါ ပစ်လွှတ်စင်တွေကို ကြိုက်တဲ့နေရာမှာ ဖြန့်ကြက်ထားလို့ ရပါတယ်။”

“စေတီတောင်မှာ အိပ်မက်ဆိုးကျောက်တုံး သလင်းကျောက်တွေ အများကြီး ရှိသေးတယ်လို့ ကြားတယ်။”

“မှန်ပါတယ်။ တောင်ပင်လယ် လျှို့ဝှက်ဂိုဒေါင်ကနေ ရထားတာပါ။ ပမာဏက အံ့သြစရာ ကောင်းလောက်အောင်ပါပဲ။”

“နုရှောင့်မြို့ သိုလှောင်ရုံထဲက အိပ်မက်ဆိုးကျောက်တုံး သလင်းကျောက်တွေက ကုန်သလောက် ဖြစ်နေပြီ။ ဒီအိပ်မက်ဆိုးကျောက်တုံး သလင်းကျောက်တွေကို သုံးလို့ ရမလား မသိဘူး။”

“ရတာပေါ့။ အရှင် အမိန့်တော် ထုတ်ပြန်လိုက်တာနဲ့ ကျုပ် ဒီအိပ်မက်ဆိုးကျောက်တုံး သလင်းကျောက်တွေကို နုရှောင့်မြို့ဆီ ချက်ချင်း ပို့ဆောင်ပေးပြီး တော်ဝင်ချန်အင်ပါယာရဲ့ ဓာတ်ခွဲခန်းတွေနဲ့ လက်နက်စက်ရုံတွေမှာ ထားရှိပေးပါ့မယ်။”

“နဂါးနောင်တ ကျတော့ကော။”

ဂိုဏ်းချုပ်ရန်က ပြတ်ပြတ်သားသား ပြောလိုက်သည်။ “နဂါးနောင်တဆိုတာ အမြင့်ဆုံး မဟာဗျူဟာမြောက် လက်နက်ပါ။ အရှင်က တော်ဝင်ချန်အင်ပါယာရဲ့ အရှင်သခင် ဖြစ်တဲ့အတွက် နဂါးနောင်တကို ဖြန့်ကြက်ခွင့်နဲ့ ပစ်ခတ်ခွင့် အာဏာဟာ သဘာဝကျစွာပဲ အရှင် ပိုင်ဆိုင်ပါတယ်။ အရှင် ဆန္ဒရှိရင် ဘယ်နေရာကနေမဆို ပစ်ခတ်နိုင်ပြီး ဘယ်ပစ်မှတ်ကိုမဆို တိုက်ခိုက်နိုင်ပါတယ်။”

အပိုင်း (၁၁၇၄)

ဤအချက်များက တုန်လှုပ်စရာ ကောင်းလွန်းသည်။ ကောင်းလွန်း၍ အစစ်မဖြစ်နိုင်လောက်အောင်ပင်။ ရှမ့်လန်၏ တောင်းဆိုချက်တွေက အရမ်းပြင်းထန်လွန်းပြီး စေတီတောင်၏ အာဏာနှင့် အရင်းအမြစ်တွေ အားလုံးကိုတောင် ယူလိုက်ခြင်းပင်။ ထိုအရာက ကောင်းကင်က မုန့်ကျလာတာထက် ပိုနေ၏။ ဤအရာမှာ ကောင်းကင်က ရွှေတုံးတွေ ကျလာတာ၊ နဂါးအသား ကျလာသကဲ့သို့ပင်။

ရှမ့်လန် လိုချင်တာ မှန်သမျှ ပြည့်စုံသွား၏။ တစ်ဖက်လူက အရာအားလုံးကို သဘောတူလိုက်ပြီး ဈေးဆစ်ဖို့ အရိပ်အယောင်တောင် မပြပေ။ ဤအရာက လုံးဝ စိတ်ကူးကြည့်လို့ မရနိုင်လောက်အောင်ပင်။ ဂိုဏ်းချုပ်ရန်က သူ့အသားကို လှီးထုတ်ပေးနေရုံ သက်သက်မဟုတ်၊ သူ့ခေါင်းကို ဖြတ်ပေးနေသလို ဖြစ်နေသည်။

ရှမ့်လန်က မေးလိုက်၏။ “ဂိုဏ်းချုပ်ရန်... ခင်ဗျားက ကျုပ် တောင်းဆိုချက်တွေ အားလုံးကို သဘောတူလိုက်ပြီဆိုတော့ တော်ဝင်ချန်အင်ပါယာမှာ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ချင်လဲ။”

စေတီတောင်သခင်က ပြောလိုက်သည်။ “ကျုပ် တော်ဝင်ချန်အင်ပါယာရဲ့ မဟာဆရာသခင် ဖြစ်ချင်ပါတယ်။ ဒီအချက်ကို လက်ခံနိုင်ပါသလား။”

‘ဟုတ်တယ်။ လက်ခံနိုင်လွန်းတာပေါ့။ မဟာဆရာသခင်ပဲလား။ ဂိုဏ်းချုပ်ရန်... ခင်ဗျားရဲ့ အစား စားချင်စိတ်က နည်းလွန်းမနေဘူးလား။’

ယုတ္တိဗေဒအရဆိုလျှင် ဂိုဏ်းချုပ်ရန်က အများကြီး စတေးခဲ့၏။ သာမန် မဟာဆရာသခင် မပြောနှင့်၊ မင်းသားတောင် ဖြစ်သင့်သည်။ ဟုတ်ပေသည်။ ဂိုဏ်းချုပ်ရန်ကို မင်းသားအဖြစ် ခန့်အပ်လိုက်လျှင် သိပ်ပြီး နိမိတ်မကောင်းချေ။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်တုန်းက ကျန်းလီက ရင်ကွမ်းကို တော်ဝင်ချန် အင်ပါယာ၏ တစ်ဦးတည်းသော မင်းသားအဖြစ် ခန့်အပ်ခဲ့သောကြောင့်ပင်။

အနည်းဆုံးတော့ စေတီတောင်၏ အင်အားက ဝူ၊ ချောင်၊ ရွဲ့ နိုင်ငံများထက် အများကြီး သာလွန်သည်။ စေတီတောင်ကသာ ရှမ့်လန်ကို တကယ် သစ္စာရှိလျှင် ဂိုဏ်းချုပ်ရန်ကို မင်းသားအဖြစ် ခန့်အပ်တာ မလွန်ချေ။

ရှမ့်လန်က မေးလိုက်သည်။ “ဂိုဏ်းချုပ်ရန်... တခြားတောင်းဆိုချက် မရှိတော့ဘူးလား။”

ဂိုဏ်းချုပ်ရန် သဘောတူလိုက်သည့် အချက်များအရဆိုလျှင် ဤအရာက ဘယ်လိုလုပ်ပြီး ပေါင်းစည်းခြင်း ဖြစ်နိုင်မည်နည်း။ ထိုအရာက လုံးဝ သိမ်းပိုက်ခြင်း၊ လုံးဝ အညံ့ခံလိုက်ခြင်းဖြစ်သည်။ ဂိုဏ်းချုပ်ရန်လို ယုတ်မာသည့်သူက ရှမ့်လန်ကို ဤမျှ လွယ်လွယ်ကူကူ သစ္စာခံပါ့မည်လား။ ရှမ့်လန်က ရင်ကွမ်းကို ရှင်းပစ်လိုက်ရုံနှင့်လား။ သူက လမ်းဆုံးရောက်ဖို့ အဝေးကြီး လိုသေး၏။

ဂိုဏ်းချုပ်ရန်က ပြောလိုက်သည်။ “ကျုပ်မှာ တောင်းဆိုချက် နှစ်ခု ရှိပါတယ်။”

“ပြောပါ ဂိုဏ်းချုပ်ရန်။”

“အရှင်က ကျုပ်သမီး ရန်ယင်ယင်ကို ပုံမှန်အတိုင်း ပြန်ဖြစ်အောင် လုပ်ပေးနိုင်တယ်လို့ ပြောခဲ့ဖူးတယ်။ အဲဒါ အတည်ပဲလား။”

ပုံမှန်အတိုင်း ပြန်ဖြစ်အောင် ဟုတ်လား။ ထိုအရာက မဖြစ်နိုင်လောက်ချေ။ အဘယ်ကြောင့်ဆိုသော် ရန်ယင်ယင်က မည်ကဲ့သို့သော မျိုးစိတ်ဖြစ်သည်ကို ရှမ့်လန် မသိသောကြောင့်ပင်။ အတိုချုပ် ပြောရရင် သူမက သာမန်လူ မဖြစ်သင့်ပေ။ လက်ရှိ မင်းသမီး ရန်ယင်ယင်က အလွန် အံ့အားသင့်ဖွယ်ကောင်းပြီး ဆန်းကြယ်တဲ့ စွမ်းအားကို ပြသခဲ့သော်လည်း သူ နိုးမလာသေးပေ။

ဂိုဏ်းချုပ်ရန်က ထပ်မေးသည်။ “ဒါဆိုရင် သူ သာမန်အတိုင်း ကလေးမွေးလို့ ရနိုင်မလား။”

ရှမ့်လန် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ မင်းသမီး ရန်ယင်ယင်၏ ပြောင်းလဲမှုကို မြင်ပြီးနောက် ရှမ့်လန် သံသယ ဝင်နေသော အရာတစ်ခု ရှိ၏။ ရန်ယင်ယင်က ဂိုဏ်းချုပ်ရန်၏ သွေးသားရင်း ဟုတ်ပါရဲ့လား။ အရင်တုန်းက သူ သံသယ မဝင်ခဲ့သော်လည်း ယခု တော်တော် သံသယ ဖြစ်စရာ ကောင်းနေသည်။ ရန်ယင်ယင်က သူ့သွေးသားရင်း မဟုတ်လျှင် ကလေးမွေးတာ ဘာအဓိပ္ပာယ် ရှိမည်နည်း။

ရှမ့်လန် ခေတ္တမျှ စဉ်းစားပြီး ခေါင်းညိတ်လိုက်၏။ “ဖြစ်နိုင်လောက်ပါတယ်။”

ဂိုဏ်းချုပ်ရန်က ပြောလိုက်သည်။ “ဒါဆိုရင် ကျုပ်ရဲ့ ပထမဆုံး တောင်းဆိုချက်က အရှင်နဲ့ ကျုပ်သမီး ရန်ယင်ယင် ကလေးမွေးပြီးတာနဲ့ အဲဒီကလေးက တော်ဝင်ချန်အင်ပါယာ ထီးနန်းကို ဆက်ခံရပါမယ်။ နောင်တစ်ချိန်ကျရင် အရှင်က တော်ဝင်ရန်အင်ပါယာကို ချေမှုန်းပြီး ထီးနန်းတက်တဲ့ အခါကျရင်လည်း သူက တော်ဝင်ချန်အင်ပါယာ ထီးနန်းကို ဆက်ခံရပါမယ်။”

ဤတောင်းဆိုချက်လား။ ရှမ့်လန်၏ နှလုံးသားထဲ၌ ကျင်းမူလန်က သူ့၏ တစ်ဦးတည်းသော ဇနီးဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် ရှမ့်လန်က ငယ်စဉ်တည်းက ရှမ့်ယီနှင့် သိပ်မရင်းနှီးခဲ့သော်လည်း ရှမ့်ယီက သူ့ရဲ့ ပထမဆုံး ဆက်ခံသူ အမြဲ ဖြစ်နေမည်ပင်။

ဟုတ်ပေသည်။ လူတိုင်းက တော်ဝင်ချန်အင်ပါယာ အင်ပါယာ နေရာကို စိတ်ဝင်စားကြသည် မဟုတ်ချေ။ အနည်းဆုံးတော့ ရှမ့်လန် စိတ်မဝင်စားပေ။ သို့ပေမည့် ရှမ့်ယီ ဆန္ဒရှိသရွေ့ ထိုနေရာက သူ့နေရာ ဖြစ်နေမည်ပင်။ သို့ပေမည့် ရှမ့်လန်ရဲ့ အားသာချက်က မည်သည့်အရာနည်း။

ဟုတ်ပေသည်။ လိမ်ညာခြင်း ပြိုင်ပွဲ ဝင်ခြင်းပင်။

ရှမ့်လန်က သဘောတူလိုက်သည်။ “ကောင်းပြီ။ ကိစ္စမရှိပါဘူး။ မင်းသမီး ရန်ယင်ယင်နဲ့ ကျုပ် ကလေး မွေးပြီးတာနဲ့ သူ တော်ဝင်ချန်အင်ပါယာကို ဆက်ခံရပါမယ်။”

ဂိုဏ်းချုပ်ရန်က ကျေးဇူးတင်စကား ဆို၏။ “ကျေးဇူးတင်ပါတယ် အရှင်”

သို့သော်ငြား ရှမ့်လန် မည်မျှ ဉာဏ်ကောင်းသနည်း။ ဂိုဏ်းချုပ်ရန်၏ ပထမ တောင်းဆိုချက် ဆိုသည်မှာ မီးခိုးဗုံးတစ်ခုမျှသာ ဖြစ်ကြောင်း သူ ရှင်းရှင်းလင်းလင်း သိထားသည်။ တောင်းဆိုချက်တစ်ခုဟု ထင်ရသော်လည်း မဟုတ်ပေ။ ဂိုဏ်းချုပ်ရန် လိုချင်သည်မှာ ဒုတိယတောင်းဆိုချက်ဖြစ်၏။ တကယ်တမ်း ထိုအရာကသာ တစ်ခုတည်းသော တောင်းဆိုချက် ဖြစ်နေလေသည်။

ရှမ့်လန်က မေးလိုက်၏။ “ဂိုဏ်းချုပ်ရန်... ဒုတိယတောင်းဆိုချက်က ဘာလဲဆိုတာ သိခွင့်ရမလား။”

ဂိုဏ်းချုပ်ရန်က ပြောလိုက်သည်။ “ကျုပ်ရဲ့ ဒုတိယတောင်းဆိုချက်က အရမ်းရိုးရှင်းပါတယ်။ အရှင် သဘောတူသရွေ့ စေတီတောင်က အရှင့်ပိုင် လုံးဝ ဖြစ်သွားမှာပါ။ မဟာဗျူဟာမြောက် အရင်းအမြစ်တွေ အားလုံး၊ တပ်တော်အားလုံး၊ နဂါးနောင်တ အားလုံး အရှင့်အပိုင် ဖြစ်သွားမှာပါ။

ဒါတင်မကသေးပါဘူး၊ ဒုတိယတောင်းဆိုချက်ကို သဘောတူသရွေ့ ကျုပ် အပါအဝင် အားလုံး အရှင်ကို လုံးဝ သစ္စာရှိပါ့မယ်၊ ဒုတိယတောင်းဆိုချက်ကို သဘောတူသရွေ့ ကျုပ် အရှင်ကို စေတီတောင်ဌာနချုပ်ဆီ ချက်ချင်း ခေါ်သွားပြီး လူတိုင်းရဲ့ သစ္စာခံမှုကို လက်ခံစေပါ့မယ်။ ဒီနေ့ကစပြီး စေတီတောင်မှာ ပိုင်ရှင်တစ်ယောက်တည်းပဲ ရှိတော့မယ်။ အဲဒါက အမြင့်မြတ်ဆုံး အရှင်ရှမ့်လန်ပါပဲ။”

ရှမ့်လန် ပြုံးလိုက်သည်။ “ဒုတိယတောင်းဆိုချက်က အရမ်းရိုးရှင်းတယ်ဆိုတော့ ဂိုဏ်းချုပ်ရန်... ပွင့်ပွင့်လင်းလင်း ပြောပါ။”

ဂိုဏ်းချုပ်ရန်က ပြောလိုက်၏။ “ကျုပ် မပြောခင် အရှင် အရင် သဘောတူပေးဖို့ တောင်းဆိုချင်ပါတယ်။”

“ဟမ်”

ရှမ့်လန်က မေးလိုက်သည်။ “ခင်ဗျားရဲ့ တောင်းဆိုချက်က ဘာလဲဆိုတာ မသိဘဲ ကျုပ်က တိုက်ရိုက် သဘောတူရမှာလား။ ပြီးတော့ ကျုပ် သဘောတူပြီးပြီဆိုရင် ပြန်ပြင်လို့ မရတော့ဘူးလား။ ဒါမှမဟုတ် ခင်ဗျားရဲ့ ဒီတောင်းဆိုချက်က နောင်တရစရာ နေရာ မရှိတာ သေချာလား။”

ရှမ့်လန် မျက်လုံးများကို မှိတ်၍ ခေတ္တမျှ စဉ်းစားလိုက်သည်။ အမှန်စင်စစ် သူသည် နဂါးဓား အနီးအနားတွင် ရှိမရှိ၊ ဂိုဏ်းချုပ်ရန် ယူဆောင်လာခြင်း ရှိမရှိ အာရုံခံကြည့်နေခြင်း ဖြစ်သည်။ ဂိုဏ်းချုပ်ရန်ကို သတ်ဖြတ်ရန်အတွက် နဂါးဓားရှိမှသာ ဖြစ်ပေလိမ့်မည်။ သူ့မူလရည်ရွယ်ချက်မှာ ဂိုဏ်းချုပ်ရန်ကို သတ်ဖြတ်ရန်သာ ဖြစ်၏။

မိနစ်အနည်းငယ် ကြာပြီးနောက် ရှမ့်လန် မျက်လုံးဖွင့်လာသည်။ “ဂိုဏ်းချုပ်ရန်... ခင်ဗျားရဲ့ ဒုတိယ တောင်းဆိုချက်က ဘာလဲဆိုတာ ကျုပ် မသိဘူး။ ဒါပေမဲ့ ကျုပ် သဘောတူလိုက်တာနဲ့ ခင်ဗျားနဲ့ စေတီတောင်တစ်ခုလုံး ချက်ချင်း ဒူးထောက်ကြမှာ မဟုတ်လား။”

ဂိုဏ်းချုပ်ရန်က ပြန်ဖြေ၏။ “ဟုတ်ပါတယ်။”

ရှမ့်လန်က ဆုံးဖြတ်ချက်ချလိုက်သည်။ “ကောင်းပြီ... ကျုပ် ကတိပေးတယ်။”

ချက်ချင်းပဲ စေတီတောင်သခင်သည် ဒူးထောက်ပြီး ရှမ့်လန်ကို ဦးတိုက်လိုက်၏။ “ကျေးကျွန်က အရှင်ကို ဂါရဝပြုပါတယ်။ သက်တော်ရာကျော် ရှည်ပါစေ။”

……

ရှမ့်လန်က တွေးလိုက်သည်။ ‘ခင်ဗျား တကယ် ဒူးထောက်ပြီး ဦးတိုက်တာပဲ။ ဂိုဏ်းချုပ်ရန်... ခင်ဗျားက တကယ့်ကို အလျှော့အတင်း လုပ်တတ်တဲ့သူပဲ’

ရှမ့်လန် ပြုံးလိုက်ရင်း မေးလိုက်၏။ “ယောက္ခမကြီး... အခု ဒုတိယတောင်းဆိုချက်ကို ပြောပြလို့ ရပြီလား။”

ဂိုဏ်းချုပ်ရန်က ပြောသည်။ “တကယ် ရယ်စရာကောင်းပါတယ်။ တစ်နှစ်နီးပါးလောက် ရှိပြီ၊ ချန်မြို့တော်က လူက အမြဲတမ်း အရှင်ရဲ့ ကိုယ်ပွား ဖြစ်နေခဲ့တာ။ ဒါပေမဲ့ ဘယ်သူမှ မရိပ်မိကြဘူး။ ဒီတစ်ခါ စေတီတောင်ကို လာတဲ့အခါမှာလည်း သူက အရှင်ကိုယ်စား လာမယ်လို့ ကျုပ် ယုံကြည်ပါတယ်၊ ဟုတ်တယ် မဟုတ်လား။”

ရှမ့်လန်က ဝန်ခံလိုက်၏။ “ဟုတ်တယ်။ မှန်ရဲ့ ထူးချွန်တဲ့ စွမ်းဆောင်ရည်က တကယ် မယုံနိုင်လောက်အောင်ပါပဲ။ ဒီတစ်ခါ မဲပေးပွဲမှာ နိုင်ခဲ့တာက သူ့ဆန္ဒ သက်သက်ကြောင့်ပဲ။”

ဂိုဏ်းချုပ်ရန်က မှတ်ချက်ပြုသည်။ “သူက လူတွေကို တကယ် အံ့သြမှင်သက်စေတာပဲ။”

ရှမ့်လန်က ဆက်ပြော၏။ “တကယ်တော့ ကဏ္ဍတော်တော်များများမှာ ကိုယ်ပွားအနေနဲ့ သူက ကျုပ်ထက် ပိုတော်ပါတယ်။”

ဂိုဏ်းချုပ်ရန်က မေးမြန်းလိုက်သည်။ “တော်ဝင်ချန်အင်ပါယာရဲ့ အရှင်သခင်အနေနဲ့ အရှင်က နိုင်ငံရေးကိစ္စတွေကို ကိုင်တွယ်ရတာ မကြိုက်ဘဲ လက်အောက်ငယ်သားတွေကို အာဏာလွှဲအပ်ထားတယ်လို့ ကြားပါတယ်။ ဟုတ်ပါသလား။”

ရှမ့်လန်က ပြန်ဖြေ၏။ “ဟုတ်တယ်။ ဒါကြောင့် အခုထိ တော်ဝင်ချန်အင်ပါယာက ညီလာခံ မကျင်းပရသေးတာ”

ဂိုဏ်းချုပ်ရန်က စကားလမ်းကြောင်း လွှဲလိုက်သည်။ “စေတီတောင်ရဲ့ ရှုခင်းကို အရှင် ဘယ်လိုထင်လဲ။ ကျုပ် ရေပေါ်ပင်လယ်ရဲ့ ရှုခင်းကိုကော ဘယ်လိုထင်လဲ။”

ရှမ့်လန်က ဖြေလိုက်၏။ “စေတီတောင်က လောကပေါ်မှာ အကောင်းဆုံးပဲ။”

ဂိုဏ်းချုပ်ရန် ဦးညွှတ်လိုက်သည်။ “အရှင်ရဲ့ စကားတွေက နောင်တစ်ချိန် လောကအနှံ့ ပျံ့နှံ့သွားမှာ သေချာပါတယ်။”

ထို့နောက် ဂိုဏ်းချုပ်ရန်က ဆက်ပြော၏။ “အရှင်... စေတီတောင်ရဲ့ ရှုခင်းက ဒီလောက် ကောင်းနေမှတော့ ဘာလို့ ဒီမှာပဲ မနေလိုက်တာလဲ။ ညီလာခံ မတက်ဖြစ်မှတော့ ကျုပ် စေတီတောင်ကနေ အမိန့်ပေးလို့ ရတာပဲ။ အပြင်မှာ မှန်ကိုယ်ပွား ရှိနေတော့ အရှင့်အတွက် နဂါးပလ္လင် ဖြစ်ပေးလိမ့်မယ်။ အရှင်လည်း ပုန်းအောင်းပြီး အနားယူလို့ ရတာပေါ့။

ဟုတ်တာပေါ့။ အရှင့်မှာ အမိန့်တစ်စုံတစ်ရာ ရှိရင် ကျုပ် စေတီတောင်ကနေတစ်ဆင့် ပေးပို့လို့ ရပါတယ်။ လိုအပ်ရင် တော်ဝင်ချန်အင်ပါယာရဲ့ အရေးကြီးတဲ့ ဝန်ကြီးတချို့ကို စေတီတောင်ထဲ ဝင်ခိုင်းပြီး အမိန့်ပေးလို့ ရပါတယ်။”

ရှမ့်လန် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ‘ဟား ဟား ဟား... ထင်တဲ့အတိုင်းပါပဲ။’

ဂိုဏ်းချုပ်ရန်သည် အမြဲတမ်း ကောက်ကျစ်စဉ်းလဲလွန်းလှသည်။ အပေါ်ယံတွင် စေတီတောင်က ရှမ့်လန်နှင့် တော်ဝင်ချန်အင်ပါယာကို သစ္စာရှိသယောင် ပုံဖမ်းနေသည်။ သို့သော်ငြား တကယ်တမ်းကျတော့ ရှမ့်လန်မှာ တော်ဝင်ချန်အင်ပါယာ၏ ရုပ်သေးရုပ် ဖြစ်သွားရခြင်းပင်။ ရှမ့်လန် စေတီတောင်သခင် လက်ထဲတွင် ရှိနေသရွေ့ သူက ရှမ့်လန်မှတစ်ဆင့် အမိန့်ပေးပြီး တော်ဝင်ချန်အင်ပါယာကို သွယ်ဝိုက်၍ ထိန်းချုပ်နိုင်၏။

အနှစ်သာရအားဖြင့် ဤအရာသည် “ချောင်ချောင်” က အင်ပါယာကို ဓားစာခံလုပ်ပြီး သူ့လက်အောက်ငယ်သားများကို အမိန့်ပေးသည်နှင့် မည်သို့ ကွာခြားပါသနည်း။ မကွာခြားရုံမျှမက ချောင်ချောင်၏ လုပ်ရပ်ထက်ပင် ပိုဆိုးသေးသည်။ မည်သို့ပင်ဆိုစေကာမူ “လျူရှဲ့” သည် အမြဲတမ်း အာဏာမရှိဘဲ အင်ပါယာဟူသော ဘွဲ့ထူးသာ ရှိခဲ့သူဖြစ်သည်။

ရှမ့်လန်ကမူ စစ်မှန်သော တော်ဝင်ချန်အင်ပါယာ ဖြစ်သည်။ သူ စကားတစ်ခွန်း ပြောလိုက်သည်နှင့် စတုရန်းကီလိုမီတာ ၄.၅ သန်းအတွင်းရှိ လူတိုင်း တုန်လှုပ်သွားလိမ့်မည်။ သိန်းချီသော တပ်တော်ကြီးများက သူ့အတွက် မီးထဲရေထဲ ဆင်းရဲကြလိမ့်မည်။

ရှမ့်လန် ပြုံးပြီး မေးလိုက်၏။ “ဂိုဏ်းချုပ်ရန်... ခင်ဗျား ကျုပ်ကို နေအိမ်အကျယ်ချုပ် ချထားတာလား။”

ဂိုဏ်းချုပ်ရန် ချက်ချင်း ဦးညွှတ်လိုက်သည်။ “မလုပ်ရဲပါဘူး၊ ကြောက်ပါတယ်ဗျာ။ အရှင်... စဉ်းစားကြည့်ပါ။ သမိုင်းတစ်လျှောက် ဘုရင်တွေ၊ အင်ပါယာတွေ ဘယ်လောက်များများ နန်းတော်ထဲမှာ မနေဘဲ ယာယီနန်းတော်တွေမှာ နေခဲ့ကြသလဲ။ သူတို့က ဝန်ကြီးတွေကို ထိန်းချုပ်ပြီး လောကကြီးကို အုပ်စိုးခဲ့ကြတာပဲ။ အရှင်အနေနဲ့ ကျုပ် စေတီတောင်ကို ယာယီနန်းတော်အဖြစ် လုံးဝ သတ်မှတ်လို့ ရပါတယ်။”

“ဂိုဏ်းချုပ်ရန်... ခင်ဗျား တကယ် စကားပြောကောင်းတာပဲ။”

ရှမ့်လန်က ထပ်မေးလိုက်၏။ “ဒါဆို ကျုပ်မှာ လွတ်လပ်ခွင့် ရှိသေးရဲ့လား။ ကြိုက်တဲ့နေရာ သွားလာခွင့် ရှိလား။”

ဂိုဏ်းချုပ်ရန်က ဖြေသည်။ “အရှင်က လောကရဲ့ အထွတ်အထိပ် အရှင်သခင်၊ ကျုပ်တို့ရဲ့ အမြင့်မြတ်ဆုံး ခေါင်းဆောင်ပဲ။ အရှင် ကြိုက်တဲ့နေရာ သွားလို့ ရပါတယ်။”

ထို့နောက် သူက လေးလေးနက်နက် ဆက်ပြော၏။ “ဒါပေမဲ့ အရှင်ရဲ့ လုံခြုံရေးအတွက် ကျုပ်တို့က အကောင်းဆုံး အစောင့်အရှောက်တွေ စီစဉ်ပေးရပါမယ်။ လိုအပ်ရင် ကျုပ်ကိုယ်တိုင် အရှင့်ဘေးမှာ အမြဲရှိနေပြီး ကာကွယ်ပေးပါ့မယ်။ အရင်တုန်းက မဟာဆရာ လီချွမ်ချီနဲ့ ချောင်ဘုရင်တို့ လုပ်ပေးခဲ့သလို မျိုးပေါ့။ ကျုပ် အရှင့်ဘေးကနေ တစ်ဖဝါးမှ ခွာမှာ မဟုတ်ပါဘူး။”

‘ဟား ဟား ဟား... ဒါ အိမ်အကျယ်ချုပ် ချထားတာပဲ’

ဂိုဏ်းချုပ်ရန်က ဦးညွှတ်ပြီး လျှောက်တင်လိုက်သည်။ “အရှင်... ကျုပ် စေတီတောင် ဌာနချုပ်မှာ ယာယီနန်းတော်တစ်ခု ပြင်ဆင်ထားပြီးပါပြီ။ စေတီတောင် အကြီးအကဲများ ကောင်စီတစ်ခုလုံး အရှင့်ကို တွေ့ဆုံဖို့ စောင့်မျှော်နေကြပါတယ်။ အခု ထွက်ခွာကြမလား။”

ရှမ့်လန် သဘောတူသည်၊ မတူသည်ကို ဂိုဏ်းချုပ်ရန် မမေးတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူက ရှမ့်လန်ကို မပြောခင်တည်းက သဘောတူခိုင်းထားပြီး ဖြစ်သည်။ ရှမ့်လန်ကလည်း သဘောတူပြီးသား ဖြစ်နေ၏။

ရှမ့်လန် ပြုံးလိုက်ပြီး ပြောလိုက်သည်။ “ကောင်းပြီ။ အခုပဲ သွားကြတာပေါ့”

ဂိုဏ်းချုပ်ရန်က အမိန့်ပေးလိုက်၏။ “ဝူကျွယ်... ပြင်ဆင်လိုက်။ အရှင် စေတီတောင်နန်းတော်ကို ကြွမယ်။”

‘ဘာ... စေတီတောင်ဌာနချုပ်က ဘယ်တုန်းက စေတီတောင်နန်းတော် ဖြစ်သွားတာလဲ။ ခင်ဗျားက တကယ့်ကို အံ့မခန်းပဲ။’

ထို့နောက် ရှမ့်လန် အပြင်သို့ ထွက်လာခဲ့သည်။ ထင်ထားသည့်အတိုင်းပင် တန်ချိန် နှစ်ထောင်ကျော်ရှိသော ခမ်းနားထည်ဝါသည့် သင်္ဘောကြီးတစ်စင်းကို တွေ့လိုက်ရသည်။ သမုဒ္ဒရာထဲတွင် ဆိုလျှင် ဤသည်မှာ သင်္ဘောကြီးဟု မခေါ်နိုင်သော်လည်း ဤနေရာသည် ရေပေါ်ပင်လယ် ဖြစ်သည်။ ထို့အပြင် ၎င်းသည် စစ်သင်္ဘောမဟုတ်ဘဲ ကျောက်စိမ်းပန်းပုများဖြင့် မွမ်းမံထားသော ဇိမ်ခံသင်္ဘောကြီးတစ်စင်း ဖြစ်ကာ အလွန်တရာ ခမ်းနားထည်ဝါလှသည်။

သူတို့က ရှမ့်လန်ကို တကယ်ပဲ ရွှေလှောင်အိမ်ထဲမှ ငှက်ကလေးလို ဆက်ဆံနေကြခြင်း ဖြစ်သည်။ ရှမ့်လန် သင်္ဘောပေါ် တက်လိုက်ချိန်မှာတော့ အတွင်းထဲတွင် အလှပဂေးများစွာ ရှိနေသည်ကို တွေ့လိုက်ရ၏။

ရှမ့်လန်ကို မြင်သည်နှင့် သူတို့အားလုံး သေသပ်စွာ ဒူးထောက်လိုက်ကြသည်။ “အရှင်ကို ဂါရဝပြုပါတယ်။ သက်တော်ရာကျော် ရှည်ပါစေ။”

“စေတီနန်းတော်ကို ထွက်ခွာမယ်။”

ထို့နောက် သင်္ဘောသည် စေတီတောင်ဌာနချုပ်ရှိရာသို့ ဦးတည် ထွက်ခွာသွား၏။

လမ်းတစ်လျှောက်လုံး အလှပဂေးများက ကခုန်သီဆို ဖျော်ဖြေကြပြီး ရှားပါးအစားအစာ များကို ရေလို သုံးဆောင်စေသည်။ ရှမ့်လန် ကြည့်လိုက်သည့် နေရာတိုင်းတွင် လူတိုင်းလိုလို ကုန်းပတ်ပေါ်၌ ချက်ချင်း ဒူးထောက်လိုက်ကြသည်။ အလှပဂေးများသာမက မိန်းမစိုးများပင် ပါဝင်သည်။

ရိုးရိုးသားသား ပြောရလျှင် ရှမ့်လန်သည် တော်ဝင်ချန်အင်ပါယာ ဆိုသော ဘွဲ့ထူးဖြင့် အတော်လေး ရှုပ်ထွေး နေခဲ့သည်။ နုရှောင့်မြို့မှ လူများသည် အသေးအဖွဲကိစ္စများကို ဂရုမစိုက်ကြသောကြောင့် ရှမ့်လန်အတွက် ဇိမ်ခံဘဝမျိုး စီစဉ်မပေးခဲ့ကြပေ။ ယခုမှသာ သူ စတင်ခံစားနေရခြင်း ဖြစ်၏။

All Chapters