အခန်း (၁၁၇၅)
Vol. 68 Ch. 1175-1176
အပိုင်း (၁၁၇၅)
လမ်းတစ်လျှောက်လုံး ဝူကျွယ်သည် ဂိုဏ်းချုပ်ရန်၏ နောက်တွင် မလှုပ်မယှက် ရပ်နေသည်။
ဂိုဏ်းချုပ်ရန်က ရှုခင်းများနှင့် ကျွန်းများကို ရိုသေစွာ ရှင်းပြနေ၏။
ကျွန်းငယ်လေးတစ်ခုကို ဖြတ်သန်းသွားချိန်မှာတော့ ရှမ့်လန် ရုတ်တရက် မေးလိုက်သည်။ “ဂိုဏ်းချုပ်ရန်... ဟိုကျွန်းက ကျုပ်ဆရာမ ဝူတူကျိရဲ့ကျွန်း မဟုတ်လား။ သူ အခု ဘယ်လိုနေလဲ။”
ရှမ့်လန်၏ အထောက်အထား ပေါ်ပေါက်သွားပြီးနောက် ရှမ့်လန်နှင့် ပတ်သက်သူအားလုံး ဒုက္ခရောက်ခဲ့ ကြသည်။ ဝူတူကျိလည်း ခြွင်းချက် မဟုတ်ပေ။ သူမ ပျောက်ဆုံးနေသည်မှာ နှစ်အနည်းငယ် ရှိပြီဖြစ်၏။
ဂိုဏ်းချုပ်ရန်က ပြောသည်။ “ဂျူနီယာညီမလေးဝူ အကြောင်း အရှင် သိသားပဲ။ သူက အဆိပ်ပိုးကောင်တွေ သုတေသန လုပ်တာကိုပဲ အာရုံစိုက်တတ်တာဆိုတော့ အထူးလျှို့ဝှက်စခန်းတစ်ခုမှာ ရှိနေပါတယ်။ အရှင် သူ့ကို တွေ့ချင်တယ်ဆိုရင် ကျုပ် ချက်ချင်း လူလွှတ်ပြီး ခေါ်လိုက်ပါ့မယ်။”
ရှမ့်လန်က ပြန်ပြောလိုက်၏။ “အင်း ..... ။ ကျုပ်လည်း ဆရာမကို အရမ်း သတိရနေတာ။”
ရေပေါ်ပင်လယ်သည် အလွန်ကျယ်ဝန်းသော်လည်း တကယ့်သမုဒ္ဒရာ မဟုတ်ပေ။ ခရမ်းရောင် ကျောက်စိမ်းနန်းတော်မှ စေတီတောင် ဌာနချုပ်အထိ အကွာအဝေးသည် ၁၀၀ ကီလိုမီတာအောက်သာ ရှိသည်။ နာရီအနည်းငယ် အကြာတွင် သင်္ဘောသည် ဌာနချုပ်သို့ ရောက်ရှိလာခဲ့သည်။
ရှမ့်လန် လုံးဝ မင်သက်သွားခဲ့သည်။ ဤသည်မှာ စစ်မှန်သော စေတီတောင်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။ ယခင်တစ်ခေါက်လာစဉ်က ဝူတူကျိ၏ ကျွန်းပေါ်တွင် ခဏသာ နေခဲ့ရသည်။ စေတီတောင် ဌာနချုပ်ထဲသို့ ဝင်ရောက်ခွင့် မရှိခဲ့ချေ။
တကယ့်ကို ခမ်းနားထည်ဝါသော မြင်ကွင်းဖြစ်၏။ ပထမဦးစွာ စေတီတောင်သည် တောင်တစ်လုံးဖြစ်ပြီး ကျွန်းမဟုတ်ပေ။ ၎င်းသည် ရေပေါ်ပင်လယ်၏ အလယ်တွင် မတ်မတ်ရပ်တည်နေပြီး ကောင်းကင်သို့ ထိုးတက်နေသည်။ ရေပေါ်ရှိ တောင်တစ်ခုလုံး၏ အချင်းသည် ၁၀ ကီလိုမီတာခန့် ရှိ၏။
တောင်သည် အတော်လေး ကြီးမားသော်လည်း ကုန်းမြေမြင့်ပုံသဏ္ဍာန် မဟုတ်ဘဲ ကြီးမားသော ကျောက်ကမ်းပါးကြီး တစ်ခုနှင့် တူနေသည်။ တောင်တစ်ခုလုံး၏အမြင့်သည် မီတာ ၃,၀၀၀ ခန့် ရှိမည်။ ရေပေါ်ပင်လယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂,၀၀၀ ကျော် မြင့်မားနေပြီ ဖြစ်သည်။ ထို့ကြောင့် စေတီတောင်၏ အမြင့်သည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၆,၀၀၀ ကျော် ရှိသည်။ တောင်ထိပ်တွင် ဖြူဖွေးသော နှင်းများ ဖုံးလွှမ်းနေသည်။ ကြည့်ရသည်မှာ အလွန်လှပလွန်းလှသည်။ လောကမြေပေါ်မှ နတ်ဘုံနတ်နန်းတစ်ခု ကဲ့သို့ပင်။
ဂိုဏ်းချုပ်ရန်က ရှင်းပြသည်။ “နွေဦးရာသီက စေတီတောင်အတွက် အကောင်းဆုံးရာသီ မဟုတ်ပါဘူး။ နွေရာသီ ကမှ အကောင်းဆုံးပါ။ နွေရာသီရောက်ရင် တောင်ခြေမှာ ပန်းပေါင်းစုံ ပွင့်နေမယ်၊ တောင်လယ်က သစ်တောတွေ အနီရောင် ပြောင်းနေမယ်၊ တောင်ထိပ်မှာ ဖြူဖွေးတဲ့ နှင်းတွေ ဖုံးလွှမ်းနေမယ်။ စေတီတောင် တစ်ခုလုံးမှာ ရာသီဥတု လေးမျိုး ရှိနေသလိုမျိုးပေါ့။”
ရှမ့်လန်က ချီးကျူးလိုက်၏။ “ကောင်းကင်ဘုံက စေတီတောင်ကို တကယ် မျက်နှာသာပေးတာပဲ။”
ဂိုဏ်းချုပ်ရန်က ပြောသည်။ “ဒါပေမဲ့ အခု စေတီတောင်တစ်ခုလုံးက အရှင်ရဲ့ ယာယီနန်းတော် ဖြစ်သွားပါပြီ။”
ရှမ့်လန် မော့ကြည့်လိုက်ချိန်မှာတော့ စေတီတောင်တစ်ခုလုံးတွင် ကျောက်စိမ်းနံရံများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။ မျှော်စင်များ၊ စင်မြင့်များနှင့် နန်းတော်များပင် ကျောက်ကမ်းပါးများပေါ်တွင် တည်ရှိနေသည်။ ထိုကျောက်ကမ်းပါးများတွင် အပင်အမျိုးမျိုး ပေါက်ရောက်နေ၏။
စေတီတောင်သည် ကျောက်ကမ်းပါးများနှင့် တောင်ကြားတွင် တံတားများစွာ တည်ဆောက်ထားပြီး နန်းတော်အစုအဝေး တစ်ခုလုံးကို ချိတ်ဆက်ထားသည်။ ထို့အပြင် ကျောက်ကမ်းပါးများ၌ တိုက်ရိုက် ထွင်းထုထားသော နန်းတော်များစွာလည်း ရှိသည်။ အိမ်တစ်လုံးပြီးတစ်လုံး ထွင်းထုထားသောကြောင့် တောင်အပြင်ဘက် နေရာတိုင်းတွင် နန်းတော်များ ရှိနေသည်။
တောင်အတွင်းပိုင်းတွင် လျှို့ဝှက်ဓာတ်ခွဲခန်း များနှင့် လေ့ကျင့်ရေးကွင်းများ နေရာအနှံ့ ရှိနေ၏။
တကယ့်ကို အံ့ဖွယ်ရာပင်။ လောကမြေပေါ်သာဆိုလျှင် ဗိသုကာလောက၏ အံ့ဖွယ်တစ်ခု ဖြစ်လာမည်မှာ သေချာသည်။ တကယ်တော့ ဤအဆောက်အအုံကို တည်ဆောက်ရသည့် အခက်အခဲက ရှေးဟောင်း အဆောက်အအုံများ ထက် များစွာ ပိုခက်ခဲသည်။ ရာစုနှစ်ပေါင်းများစွာ ကြာအောင် ဤနတ်ဘုံနန်းတော်ကို တည်ဆောက်ရန် စေတီတောင်က လူအင်အားနှင့် ပစ္စည်းဥစ္စာ မည်မျှ အသုံးပြုခဲ့သနည်းကို ရှမ့်လန် စဉ်းစား၍ပင် မရနိုင်ပေ။
တောင်ပင်လယ် ရှေးဟောင်းအပျက်အစီးများကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပြီးသည်တောင်မှ စေတီတောင်က ဌာနချုပ် ရွှေ့ပြောင်းဖို့ စိတ်ကူးမရှိတာ အံ့သြစရာ မဟုတ်တော့ပေ။ မည်သူမှ စွန့်လွှတ်ချင်မည် မဟုတ်ချေ။
ဂိုဏ်းချုပ်ရန်က မေးလိုက်သည်။ “အရှင် ဘယ်လိုထင်လဲ။ ဒီယာယီနန်းတော်ကို ကျေနပ်ရဲ့လား။”
ရှမ့်လန်က ဖြေလိုက်၏။ “သဘာဝအတိုင်း ဖြစ်တည်နေတဲ့ နတ်ဘုံနန်းတော်ပါပဲ။”
“ကောင်းလိုက်တာ”
ဂိုဏ်းချုပ်ရန်က ဆက်ပြောသည်။ “အရှင်က ပါရမီတွေ ပြည့်လျှံနေတာပဲ။ အမြင်ကောင်းလွန်းတယ်။”
ထို့နောက် သင်္ဘောကြီးသည် စေတီတောင်ဆိပ်ကမ်းတွင် ဆိုက်ကပ်လိုက်သည်။ ယခုအချိန်တွင် ဆိပ်ကမ်း၌ လူများ ပြည့်နှက်နေပြီ ဖြစ်သည်။ စေတီတောင် အကြီးအကဲများ ကောင်စီတစ်ခုလုံး ရောက်ရှိနေကြသလို ခန်းမသခင်များနှင့် ဒုတိယခန်းမသခင်များလည်း ရောက်ရှိနေကြသည်။ ငရဲတပ်တော်နှင့် အထူးတပ်ဖွဲ့များ အပါအဝင် လူအင်အား ထောင်ပေါင်းများစွာ ရှိနေ၏။
မိန်းမစိုးတစ်ဦး ဆိပ်ကမ်းပေါ်သို့ တက်လာပြီး ကြည်လင်ပြတ်သားသော အသံဖြင့် အော်ပြောလိုက်သည်။ “အရှင် ရှမ့်လန် ကြွမြန်းလာပြီ။ ဒူးထောက်ကြ။”
ထို့နောက် ဆိပ်ကမ်းပေါ်ရှိ လူထောင်ပေါင်းများစွာသည် သေသပ်စွာ ဒူးထောက်လိုက်ကြသည်။ ယခင်က ရှမ့်လန်နှင့် သေမင်းတမန် ရန်သူများဖြစ်ခဲ့ပြီး အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ဖူးသော စေတီတောင် ခန်းမသခင်များနှင့် အကြီးအကဲအားလုံးသည် ယခုအချိန်တွင် မြေကြီးပေါ်၌ ဒူးထောက်နေကြ၏။
“ဂါရဝပြုကြ။” မိန်းမစိုးက ပြောလိုက်သည်။
“အရှင်ကို ဂါရဝပြုပါတယ်။ သက်တော်ရာကျော် ရှည်ပါစေ။” လူထောင်ပေါင်းများစွာ ရှမ့်လန်ကို ဦးတိုက်လိုက်ကြ၏။
ရှမ့်လန် အံ့အားသင့်သွားရသည်မှာ ထိုသူတို့အားလုံး၏ အဝတ်အစားများပေါ်တွင် တော်ဝင်ချန်အင်ပါယာ၏ တံဆိပ် ပါရှိနေခြင်း ဖြစ်သည်။ တော်ဝင်ချန်အင်ပါယာ၏ ရွှေနဂါးအလံသည်လည်း ဆိပ်ကမ်းအထက်တွင် လွင့်ပျံနေသည်။ သူတို့ တကယ်ပင် ပြင်ဆင်မှု ကောင်းလှသည်။
ဂိုဏ်းချုပ်ရန်က ဖိတ်ခေါ်လိုက်၏။ “အရှင်... ကြွပါ။”
ထို့နောက် မိန်းမစိုးအနည်းငယ်သည် အင်ပါယာဝေါယာဉ်တစ်ခုကို သယ်ဆောင်လာကြသည်။ ဤသည်မှာ စစ်မှန်သော အင်ပါယာဝေါယာဉ် ဖြစ်ပြီး တော်ဝင်ရန်အင်ပါယာထက် အဆင့်တစ်ဝက်သာ နိမ့်သည်။ ရှမ့်လန် တစ်ခါမှ မစီးဖူးသလို မြင်ဖူးခြင်းပင် မရှိပေ။ တော်ဝင်ချန်အင်ပါယာတစ်ယောက်ဖြစ်သော်လည်း သူသည် ချန်မြို့တော်နှင့် နုရှောင့်မြို့တို့တွင် ဤကဲ့သို့သော ဆက်ဆံမှုကို တစ်ခါမှ မခံစားဖူးပေ။
ရှမ့်လန် ဝေါယာဉ်ပေါ်သို့ တက်လိုက်ပြီးနောက် မိန်းမစိုး ဒါဇင်ကျော်က တပြိုင်နက် မလိုက်ကြသည်။
“သွားကြစို့။”
ဂီတသံများ စတင်ထွက်ပေါ်လာသည်။ လူရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာသည် အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာကြသည်။ တကယ့် အင်ပါယာတစ်ပါး ခရီးထွက်နေသည့် အတိုင်းပင်။
လူအုပ်ကြီးသည် တောင်ပေါ် လှေကားထစ်များအတိုင်း တက်သွားကြပြီး တောင်ပေါ်ရှိ အကြီးဆုံး နန်းတော် ဖြစ်သော စေတီတောင်နန်းတော်သို့ ရောက်ရှိသွားကြ၏။
ဂိုဏ်းချုပ်ရန်က ရှင်းပြသည်။ “အရှင်... ဒါ စေတီတောင်နန်းတော်ပါ။ နဂါးစံအိမ် တည်ရှိရာ နေရာလည်း ဖြစ်ပါတယ်။ အချိန် အရမ်းကပ်လွန်းလို့ ပြင်ဆင်မှုတွေ မပြည့်စုံတာ ခွင့်လွှတ်ပေးပါ။”
‘သောက်ကျိုးနည်း... ဘယ်နေရာက မပြည့်စုံတာလဲ။’
စေတီတောင်နန်းတော်ထဲ ဝင်လိုက်သည်နှင့် ရှမ့်လန် မင်သက်သွားခဲ့သည်။ ဤသည်မှာ ပင်လယ်ရေမျက်နှာပြင် အထက် မီတာ ၃,၀၀၀ ကျော် မြင့်သော နေရာတွင် ရှိသည့် နန်းတော် ဖြစ်သည်။ တောင်ကို ထွင်းထုပြီး တည်ဆောက်ထားခြင်း ဖြစ်၏။
အံ့သြစရာ အကောင်းဆုံးအချက်မှာ ဤနန်းတော်ထဲတွင် မရှိတာ ဘာမှမရှိခြင်းပင်။ မြက်ခင်းပြင်များ၊ ပန်းခြံများ၊ ရေချိုးကန်များ၊ ရေတံခွန်များ၊ ဥယျာဉ်များ၊ နန်းဆောင်များ … အားလုံး ရှိသည်။
နန်းတော်တစ်ခုလုံးသည် တော်ဝင်ချန်နန်းတော်လောက် မကြီးမားသော်လည်း ဧက ၁,၀၀၀၊ ၂,၀၀၀ ခန့် ကျယ်ဝန်းသည်။ ရင်ပြင်ကျယ် သုံးခုတောင် ရှိသေးသည်။ တကယ့်ကို လက်ရာမြောက်လွန်းလှသည်။ ဤသို့သော နန်းတော်မျိုးက နေထိုင်ဖို့တင် မကချေ၊ ညီလာခံ ကျင်းပဖို့အတွက်တောင် သုံးလို့ ရ၏။
ဂိုဏ်းချုပ်ရန်က ပြောသည်။ “ဒီနေ့ကစပြီး အရှင်ဟာ ဒီနန်းတော်ရဲ့ အမြင့်မြတ်ဆုံး ပိုင်ရှင် ဖြစ်ပါပြီ။ အရှင် ညီလာခံတက်ဖို့ လိုအပ်ရင် ကျုပ် နုရှောင့်မြို့၊ ချန်မြို့တော်နဲ့ ဝူ၊ ချောင်၊ ရွဲ့ နိုင်ငံတွေဆီ လူလွှတ်ပြီး အရာရှိတွေကို ဖိတ်ခေါ်ပေးပါ့မယ်။ ဟုတ်ပါတယ်။ စေတီတောင်က အကြီးအကဲတွေနဲ့ ခန်းမသခင်တွေကလည်း အရှင်ရဲ့ လက်အောက်ငယ်သားတွေပါပဲ။ အရှင်အနေနဲ့ ဒီမှာ အရိပ်အစိုးရအဖွဲ့တစ်ခု ဖွဲ့စည်းလို့လည်း ရပါတယ်။”
‘အံ့မခန်းပဲ... ခင်ဗျားက ကစားကွက်တွေ တော်တော်လှတာပဲ။’
ရှမ့်လန်ကို နန်းတော်တစ်ခု ပေးရုံတင်မက၊ ညီလာခံကျင်းပမည့် ကစားပွဲတောင် ပြင်ဆင်ပေးထားသေးသည်။ ဤသည်မှာ ကြီးကျယ်ခမ်းနားလွန်းသော ကော့စ်ပလေး (Cosplay) ကစားပွဲကြီး အလားပင်။ ထိုတင်မကသေးပေ၊ နန်းတော်တစ်ခုလုံးတွင် လိုအပ်တာ အကုန်ရှိနေကြောင်း ရှမ့်လန် တွေ့လိုက်ရသည်။ နန်းတွင်းအပျိုတော် တစ်ထောင်ကျော်နှင့် မိန်းမစိုး တစ်ထောင်ကျော် ရှိ၏။
သူတို့က တကယ့်မိန်းမစိုးများ ဖြစ်သည်။ သို့သော်ငြား ခုဏလေးတင်မှ အလုပ်ပြီးထားသည့် ပုံပင်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ မျက်နှာများက နာကျင်နေပြီး လမ်းလျှောက်လျှင် တုန်ယင်နေကြသောကြောင့် ဖြစ်သည်။ အံ့မခန်းပင်။ ရှမ့်လန် စိတ်အေးချမ်းသာရှိစေဖို့ မိန်းမစိုး တစ်ထောင်ကို အလျင်အမြန် ဖန်တီးပေးလိုက်ကြခြင်းပင်။
ဂိုဏ်းချုပ်ရန်က မိတ်ဆက်ပေးသည်။ “အရှင်... ဒါ အရှင့်ရဲ့ မိန်းမစိုးခေါင်းဆောင် ယွင်ဟိုင် ပါ။”
မျက်ခုံးဖြူ၊ ဆံပင်ဖြူနှင့် မိန်းမစိုးတစ်ဦး ဒူးထောက်ပြီး ဦးတိုက်လိုက်၏။ “ကျေးကျွန်က အရှင်ကို ဂါရဝပြုပါတယ်။”
‘ဒါ... ဒါက တကယ့် မိန်းမစိုးအစစ်ပဲ။ ပြီးတော့ မဟာပညာရှင်အဆင့် ရှိတဲ့သူတစ်ယောက်ပဲ။’
ဂိုဏ်းချုပ်ရန်က လျှောက်တင်သည်။ “အရှင်... ခဏလောက် အနားယူပါအုံး။ ဒီည အရှင်ကို ကြိုဆိုဖို့ နိုင်ငံတော် ညစာစားပွဲ ပြင်ဆင်ပေးပါ့မယ်။”
……
ရှမ့်လန်သည် စေတီတောင်၏ တာဟွာနန်းဆောင်တွင် တည်းခိုပြီး ရေပေါ်ပင်လယ်ကို ကြည့်ရှုနေလိုက်သည်။ ဤရှုခင်းမျိုးကို ရုပ်ရှင်တွေထဲမှာတောင် ရှာမတွေ့နိုင်ပေ။
ရှမ့်လန် မေးလိုက်သည်။ “ယွင်ဟိုင်... ခင်ဗျား ငယ်ငယ်တည်းက စေတီတောင်မှာ ရှိနေတာလား။”
မိန်းမစိုးယွင်ဟိုင်က ပြန်ဖြေ၏။ “ကျုပ် မင်းသမီးရဲ့ အစေခံအနေနဲ့ လိုက်ပါလာခဲ့တာပါ။ ကျုပ်တို့လို လူတွေက သခင် ဘယ်သွားသွား လိုက်ရတာပဲလေ။ အခု ကျုပ်က တော်ဝင်ချန်အင်ပါယာရဲ့ အစေခံပါ။”
“ဒါဆို ခင်ဗျားက တော်ဝင်ရန်အင်ပါယာကပေါ့။”
“ဟုတ်ပါတယ်။” ရှမ့်လန် ခေါင်းညိတ်လိုက်ပြီးနောက် ဆိုဖာပေါ်တွင် မှီလျောင်းကာ အတွေးများထဲ မျောပါသွားသည်။
ချက်ချင်းပဲ မိန်းမစိုးယွင်ဟိုင်သည် အသံမထွက်စေဘဲ ဆုတ်ခွာသွား၏။
ယခု ရှမ့်လန်တွင် နောက်ထပ် မေးခွန်းတစ်ခု ရှိလာ၏။ ဂိုဏ်းချုပ်ရန်ကို မည်ကဲ့သို့ သတ်ရမည်နည်း။ ဤအရာက ပထမမေးခွန်းပင်။ ပိုအရေးကြီးသည်က ဂိုဏ်းချုပ်ရန်ကို သတ်ပြီး ဘေးကင်းကင်းနှင့် မည်သို့ ထွက်ပြေးရမည်နည်း။ ဤအရာက အခက်ခဲဆုံး မေးခွန်းပင်။
သူက တစ်ယောက်တည်း၊ ကြက်ကလေးတစ်ကောင်တောင် ဖမ်းချုပ်နိုင်သည့် အင်အား မရှိပေ။ စေတီတောင် တစ်ခုလုံးက ထောင်ကြီးတစ်ခုလို ဖြစ်နေသည်။ ဤခမ်းနားထည်ဝါသော စေတီတောင်နန်းတော်က သမိုင်းမှာ မကြုံစဖူး ခမ်းနားသည့် ထောင်ခန်းတစ်ခုဖြစ်၏။
ဂိုဏ်းချုပ်ရန်၏ စိတ်ကူးက ဘယ်တော့မှ မပြောင်းလဲပေ။ သူက ရှမ့်လန်ကို အိမ်အကျယ်ချုပ် ချထားချင်ခြင်း ဖြစ်သည်။ အရင်တုန်းက သူက ရှမ့်လန်ကို တိုက်ရိုက်ဖမ်းဆီးပြီး လမ်းလျှောက်အလောင်းကောင် အဖြစ် ပြောင်းလဲပစ်ချင်ခဲ့သည်။ မှတ်ဉာဏ်နှင့် အသိစိတ်များကို ဖျက်ဆီးပစ်ချင်ခဲ့သည်။
နောက်ဆုံးကျမှ ဤလမ်းကြောင်းက မဖြစ်နိုင်ဘူး ဆိုသည်ကို သူ သဘောပေါက်သွားသည်။ ထို့အပြင် ရင်ကွမ်းလည်း သေသွား၏။ စေတီတောင်ကို အရင်းအမြစ်များနှင့် လူအင်အား အဆက်မပြတ် ပို့ပေးနိုင်မည့် လောကီအင်အားစု မရှိတော့ပေ။
စေတီတောင်က နုရှောင့်မြို့လိုပင်။ သူတို့က ဘာမှ မထုတ်လုပ်ပေ။ စားနပ်ရိက္ခာနှင့် နေ့စဉ်သုံး ပစ္စည်းများ အားလုံးအတွက် ရင်ကွမ်းကို မှီခိုနေရခြင်း ဖြစ်သည်။ အခု ရင်ကွမ်း သေသွားပြီ၊ ချန်နိုင်ငံသစ်လည်း မရှိတော့သောကြောင့် စေတီတောင်က သူ့ကို ထောက်ပံ့ပေးမည့် တခြားသူကို ရှာရတော့မည်။ ထို့ကြောင့် ရှမ့်လန်က အရေးပါလာသည်။
ထို့အပြင်ရှမ့်လန်၏ တော်ဝင်ချန်အင်ပါယာက ရင်ကွမ်း၏ နိုင်ငံထက် နယ်မြေ ပိုကျယ်သည်။ လူဦးရေလည်း ပိုများသည်။ သူသာ တော်ဝင်ချန်အင်ပါယာကို ပိုင်ဆိုင်လိုက်လျှင် စေတီတောင်ကို သေချာပေါက် ဝဖြိုးလာအောင် လုပ်ပေးနိုင်ပေလိမ့်မည်။
ထို့ကြောင့် ဂိုဏ်းချုပ်ရန်က နည်းလမ်းပြောင်းလိုက်သည်။ သူက ရှမ့်လန်ကို အတင်းအကျပ် မဖမ်းဆီးတော့ဘဲ ရုပ်သေးရုပ်အဖြစ် ထားရှိလိုက်၏။
ယခု ရှမ့်လန်အတွက် ဂိုဏ်းချုပ်ရန်ကိုသတ်ဖို့ အခွင့်အရေး ရှိကောင်းရှိနိုင်သည်။ သူ လိုအပ်တာက နဂါးဓားပင်။
သို့သော်ငြား ဂိုဏ်းချုပ်ရန်ကို သတ်ပြီးလျှင် စေတီတောင်က လူတွေက သူ့ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ် ကြမည်လား။ မည်သို့ပင်ဆိုစေ စေတီတောင်၌ ကျွမ်းကျင်သူ မရေမတွက်နိုင်အောင် ရှိနေသည် မဟုတ်ပါလား။ မဟာပညာရှင်များ၊ အထူးစစ်သည်တော် ထောင်ပေါင်းများစွာ၊ ငရဲစစ်သည် တစ်သိန်းနှင့် အကြီးအကဲများ၊ ခန်းမသခင်များ အများကြီး ရှိသည်။
ရှမ့်လန်က နဂါးဓားနှင့် နဂါးစွမ်းအားကို အားကိုးပြီး စွမ်းအင်ဝဲကတော့ ဒါဇင်နှင့်ချီ ထုတ်လွှတ် နိုင်လျှင်ပင် သူ အပိုင်းပိုင်း ဆုတ်ဖြဲခံရပေလိမ့်မည်။ ထို့ကြောင့် ဂိုဏ်းချုပ်ရန်ကို သတ်ရမည့်အပြင် ဘေးကင်းကင်းနှင့် ထွက်ပြေးနိုင်ဖို့လည်း လို၏။
တကယ်တော့ အကောင်းဆုံး အခြေအနေမှာ စေတီတောင်ကို တိုက်ရိုက်ထိန်းချုပ်ပြီး သစ္စာရှိမှုကို ရယူရန်ပင်။ ဤအရာကို လုပ်ဖို့က အရမ်း ခက်ခဲလိမ့်မည်။ အထူးသဖြင့် သူ့၌ အချိန် သိပ်မကျန်တော့ပေ။ တော်ဝင်ရန်အင်ပါယာက သူ့ကို တစ်လပဲ အချိန်ပေးမယ်ဟု ပြောထားသည်။ ထို့သို့မဟုတ်လျှင် တိုက်ခိုက်ပေလိမ့်မည်။
နှစ်ရက် ကုန်သွား၏။ ရှမ့်လန် ဝူကျွယ်၏ စကားများကို ပြန်စဉ်းစားမိသည်။ ထိုစကားများထဲ၌ အဓိပ္ပာယ်တစ်ခုပဲ ရှိသည်။ အရေးကြီးတဲ့အချိန်ကျရင် ဝူကျွယ်က ရှမ့်လန်နေရာမှာ အစားထိုး ဝင်ရောက်ပြီး စေတီတောင်ကို ထိန်းချုပ်ပေးနိုင်သည်။
သို့သော်ငြား ဝူကျွယ်က သေချာပေါက် အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်ပင်။ သူက အမြဲတမ်း အနိုင်ရသည့်ဘက်မှာသာ ရပ်တည်လေ့ ရှိသည်။ ပြီးတော့ သူ၏လက်ရှိ အဆင့်အတန်းက မမြင့်မားသေးပေ။ သူက တရားဝင် အကြီးအကဲတောင် မဟုတ်သေးချေ။ ရှမ့်လန်သာ ဂိုဏ်းချုပ်ရန်ကို သတ်လိုက်လျှင် ဝူကျွယ်အနေဖြင့် အခြေအနေကို ထိန်းချုပ်နိုင်မှာ မဟုတ်ပေ။
အခြေအနေကို ထိန်းချုပ်နိုင်သူ တစ်ယောက်တည်းသာ ရှိသည်။ ထိုအရာက စေတီတောင်၏ မင်းသမီး ရင်ရင်ပင် ဖြစ်သည်။ ဂိုဏ်းချုပ်ရန်၏ သဘောထားက မည်သို့ပင်ရှိရှိ၊ သူမက ဆယ်စုနှစ်ပေါင်းများစွာ စေတီတောင်၏ ဒုတိယခေါင်းဆောင် ဖြစ်ခဲ့သည်။ သူမ၏သြဇာက လူအများ၏နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ် နေလေသည်။ ထို့အပြင် သူမ၏ သိုင်းပညာကလည်း လုံလောက်အောင် မြင့်မားသည်။
မူလတည်းက သူမသည် မင်းသမီး နင်ဟန်နှင့် ယှဉ်နိုင်သည်။ ဤတစ်ကြိမ် ပြောင်းလဲမှုတွေ ဖြစ်ပြီးနောက် ပိုမိုစွမ်းအားကြီးမားလာမှာ သေချာသည်။ သို့ပေမည့် ပြဿနာက ရန်ယင်ယင် သတိလစ်နေခြင်းပင်။ ထို့အပြင် သူမ၏မှတ်ဉာဏ်နှင့် အသိစိတ်များကို ဂိုဏ်းချုပ်ရန်က ဖျက်ဆီးပစ်လိုက်ပြီဖြစ်သည်။ ထို့ကြောင့် ဂိုဏ်းချုပ်ရန်ကို မသတ်ခင် ရှမ့်လန်အနေဖြင့် မင်းသမီးရင်ရင်ကို နှိုးဖို့ နည်းလမ်း ရှာရမည်။
စေတီတောင်က လူတိုင်းက ယုတ်မာကောက်ကျစ်ကြသည်။ သူတို့၌ စစ်မှန်သော သစ္စာတရား မရှိကြချေ။ ဂိုဏ်းချုပ်ရန် သေဆုံးပြီးနောက် မင်းသမီး ရန်ယင်ယင်သာ ထွက်လာပြီး ပြိုင်ဘက်ကင်း စွမ်းဆောင်ရည်ကို ပြသလိုက်လျှင် ဤလူတွေအားလုံး မင်းသမီး ရန်ယင်ယင် ရှေ့မှာ ဒူးထောက်ကြပြီး ဂိုဏ်းချုပ်ရန် သေဆုံးမှုကိစ္စကို မေ့ပစ်လိုက်ကြမှာ သေချာ၏။
အပိုင်း (၁၁၇၆)
ထိုအချိန်ကျရင် ဝူကျွယ်က ပူးပေါင်းဆောင်ရွက်လာမှာ သေချာ၏။ သူ့နေရာနှင့်လည်း လိုက်ဖက်သည်။ ရှမ့်လန် ခေါင်းခြောက်အောင် စဉ်းစားပြီး အစီအစဉ်တွေ တစ်ခုပြီးတစ်ခု ချမှတ်နေသည်။ အချိန်တို အတွင်း ဂိုဏ်းချုပ်ရန်ကို သတ်ပြီး စေတီတောင်ကို မည်သို့ သိမ်းပိုက်ရမည်နည်း။
… …
ညသို့ရောက်လာခဲ့သည်။ စေတီတောင်နန်းတော် တစ်ခုလုံး အရောင်အသွေး စုံလင်ပြီး မီးရောင်များ လင်းထိန်နေသည်။ ပင်မ ခန်းမဆောင်ကြီး အတွင်း၌ အရှင် ရှမ့်လန် ရောက်ရှိလာခြင်းကို ကြိုဆိုသည့် အနေဖြင့် ခမ်းနားထည်ဝါသော ဧည့်ခံပွဲကြီး ကျင်းပနေ၏။
စေတီတောင်၏ ပြင်ဆင်မှုများမှာ တကယ် ကောင်းမွန်သည်ဟု ပြောရပေမည်။ ဤဧည့်ခံပွဲသည် အဓိပ္ပာယ် ဖွင့်ဆိုရ ခက်ခဲသည်။ ပထမဦးစွာ ကျင့်ဝတ်အရ ကြည့်လျှင် ရှမ့်လန်သည် အိမ်ရှင်လား၊ ဧည့်သည်လား။
သူသည် အိမ်ရှင် ဖြစ်သည်ဟုဆိုလျှင် စေတီတောင်သည် တော်ဝင်ချန်အင်ပါယာကို သစ္စာခံလိုက်ပြီ ဖြစ်သောကြောင့် ဤနေရာသည် သူ၏ ယာယီ နန်းတော် ဖြစ်လာခဲ့သည်။
သို့သော်ငြား အတိုင်းအတာ တစ်ခုအထိ ပြောရလျှင် ရှမ့်လန်သည် ဧည့်သည်လည်း ဖြစ်သည်။ ထို့အပြင် သူသည် အထူးခြားဆုံး ဧည့်သည်တော်ကြီး ဖြစ်၏။
နောက်ဆုံးတွင် သူတို့သည် အပြစ်ပြောစရာ မရှိအောင် ပြုလုပ်နိုင်ခဲ့သည်။ ဧည့်ခံပွဲ အခမ်းအနားသည် ချန်လုံ အင်ပါယာ ကျန်းနန်သို့ လာရောက် လည်ပတ်စဉ်က ကြိုဆိုပွဲ အခမ်းအနားနှင့် ဆင်တူသည်။ ထို့အပြင် ဤသည်မှာ ရှမ့်လန် ပထမဆုံးအကြိမ် နဂါးဝတ်ရုံ အစစ်ကို ဝတ်ဆင်ဖူးခြင်း ဖြစ်သည်။ ယခင်က ရှမ့်လန်သည် ဤဝတ်ရုံကို သေချာ ဝတ်ဆင်ဖူးခြင်း မရှိပေ။
မိန်းမစိုး ယွင်ဟိုင်က ပြောလိုက်သည်။ “အရှင်... ဒီပန်းထိုးလက်ရာကို ဘယ်လို ထင်လဲ။ ကျုပ်တို့ လူရာပေါင်းများစွာ မနားမနေ အလုပ်လုပ်ခဲ့ရပြီး ရွှေ ကီလိုဂရမ် ရာပေါင်းများစွာ အသုံးပြုခဲ့ပါတယ်။ နောက်ဆုံးမှ အတောက်ပဆုံးနဲ့ အပါးလွှာဆုံး ရွှေချည်မျှင် သုံးကျပ်သား ရွေးထုတ်ပြီး ထိုးထားတာပါ။”
“ပြီးတော့ ဒီနဂါးမီးတောက်ကို ဘာနဲ့ လုပ်ထားတယ် ထင်လဲ။” ယွင်ဟိုင်က မေးလိုက်၏။
ရှမ့်လန်က ဖြေလိုက်သည်။ “ဒေါင်းကျောက်တုံးလား။”
“ဒေါင်းကျောက်တုံးက အရှင်နဲ့ ဘယ်ထိုက်တန်ပါ့မလဲ။ ဒါက အိပ်မက်ဆိုးကျောက်တုံး သလင်းကျောက်တွေနဲ့ လုပ်ထားတာပါ။ ကျုပ်တို့က ပလာစမာ မီးတောက်တွေနဲ့ အရည်ဖျော်၊ ချည်မျှင် ဆွဲထုတ်ပြီး တစ်စချင်းစီ ချုပ်လုပ်ထားတာပါ။ ပြီးတော့ နဂါးအကြေးခွံတွေနဲ့ နဂါးမျက်လုံးတွေကိုလည်း အဖိုးတန်ဆုံး ပစ္စည်းတွေနဲ့ လုပ်ထားတာပါ။”
မိန်းမစိုး ယွင်ဟိုင်က ပြောလိုက်၏။ “ကျုပ် ကြွားတာ မဟုတ်ပါဘူး။ ဒီနဂါးဝတ်ရုံက တော်ဝင်ရန် အင်ပါယာရဲ့ ဝတ်ရုံနဲ့ ယှဉ်လို့ ရပါတယ်။ လက်သည်း တစ်ချောင်းပဲ လိုတာပါ။”
ရှမ့်လန် လက်နှစ်ဖက်ကို ဖြန့်လိုက်သည်။
နန်းတွင်းအပျိုတော်များနှင့် မိန်းမစိုး အနည်းငယ်သည် ရှမ့်လန်ကို နဂါးဝတ်ရုံနှင့် သရဖူ ဝတ်ဆင်ပေးရန် ဂရုတစိုက် ကူညီပေးကြသည်။ ဤသည်မှာ သူ ပထမဆုံးအကြိမ် ဝတ်ဆင်ဖူးခြင်း ဖြစ်၏။
“ကောင်းကင်ဘုံ ... ဒါက အရှင် ဝတ်ဖူးသမျှ ဝတ်ရုံတွေထဲမှာ အခန့်ညားဆုံးနဲ့ အချောဆုံး ဖြစ်လောက်တယ်။” မိန်းမစိုး ယွင်ဟိုင်က အာမေဋိတ် ပြုလိုက်သည်။
ထို့နောက် မိန်းမစိုး အနည်းငယ်သည် မှန်ကြီးတစ်ချပ်ကို ရှမ့်လန်ရှေ့သို့ ယူဆောင်လာ၏။ 'သောက်ကျိုးနည်း... တောင်းမှာအကွပ်၊ လူမှာ အဝတ်ဆိုတာ ဒါကိုး။’
ရှမ့်လန်သည် မူလက လှပ၊ သေသပ်ပြီး မြင့်မြတ်ရုံသာ ရှိသည်။ ခန့်ညားထည်ဝါခြင်း၊ အာဏာစက် ပြင်းထန်ခြင်း တို့နှင့် မသက်ဆိုင်ပေ။ သို့သော်ငြား ဤနဂါးဝတ်ရုံကို ဝတ်ဆင်လိုက်ချိန်မှာတော့ သူသည် ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်ဘုရား တစ်ပါးကဲ့သို့ ခံစားလိုက်ရသည်။
သူသည် ကောင်းကင်ဘုံ၏ သားတော်စစ်စစ်ကဲ့သို့ ဖြစ်နေသည်။ နဂါးဝတ်ရုံပေါ်တွင် ထိုးထားသော နဂါးပုံသည် အလွန်တရာ ခမ်းနားထည်ဝါသည်။ မီးတောက်များ မှုတ်ထုတ်ပြီး ဝတ်ရုံကို ဆုတ်ဖြဲထွက်တော့မည့် အတိုင်းပင်။
အံ့မခန်းပင်။ စေတီတောင်က နဂါးဝတ်ရုံ ထိုးသည့်အချိန်၌ ရှမ့်လန်၏ အာဏာစက် အားနည်းမှုကို ထည့်သွင်း စဉ်းစားပြီး ထိုးထားတာ သိသာလှသည်။ ရှမ့်လန် သူ့ကိုယ်သူ ဤပုံစံမျိုး တစ်ခါမှ မမြင်ဖူချေ။ နဂါးဝတ်ရုံ ဝတ်လိုက်သည့်အချိန်တွင် သူ၏အကြည့်များက လျှပ်စီးလက်သလို ဖြစ်သွား၏။
“အရှင်... ဓား ဆောင်ထားအုံးမလား။” မိန်းမစိုး ယွင်ဟိုင်က မေးလိုက်သည်။
ရှမ့်လန် ပြုံးလိုက်ပြီး ပြောလိုက်၏။ “ဒီည ဧည့်ခံပွဲ ရှိတယ် မဟုတ်လား။ ဒီဝတ်ရုံက အရမ်း တရားဝင် ဆန်လွန်းနေပြီ။ ဘာလို့ ဓား ဆောင်ထားဖို့ လိုအုံးမှာလဲ။”
မိန်းမစိုး ယွင်ဟိုင်က ပြောလိုက်သည်။ “အရှင်... ဒီညက ဧည့်ခံပွဲ သက်သက် မဟုတ်ပါဘူး။ သစ္စာဆိုပွဲ အခမ်းအနားလည်း ပါပါတယ်။ စေတီတောင်ရဲ့ အကြီးအကဲတွေနဲ့ ခန်းမသခင်တွေက အရှင့်ကို ဂါရဝပြုဖို့ လာကြမှာပါ။ ဒီနေ့ကစပြီး သူတို့က စေတီတောင်အဖွဲ့ဝင်တွေတင် မကတော့ဘဲ တော်ဝင်ချန်အင်ပါယာရဲ့ အရာရှိတွေလည်း ဖြစ်လာကြပါပြီ။ ဒါကြောင့် အရမ်း တရားဝင်ပါတယ်။”
‘သစ္စာဆိုပွဲ အခမ်းအနား ဟုတ်လား။ စေတီတောင် အကြီးအကဲများ ကောင်စီ တစ်ခုလုံး၊ ခန်းမသခင်တွေနဲ့ ငရဲတပ်တော် တပ်မှုးတွေ အကုန်လုံး ဒူးထောက်ပြီး သစ္စာဆိုကြမှာလား။ ဘာလို့ ဒီလောက် ခမ်းနားနေရတာလဲ။’
ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင် ကျုပ်က သူတို့ကို တော်ဝင်ချန်အင်ပါယာရဲ့ ရာထူးတွေ ပေးအပ်ဖို့ လိုမလား။”
မိန်းမစိုး ယွင်ဟိုင်က ပြောလိုက်သည်။ “မလိုပါဘူး။ သူတို့က များလွန်းတယ်၊ ရာချီ ရှိတာ။ ဒါပေမဲ့ မဟာဆရာသခင် ရန် က အရှင့်ကို စာရင်းတစ်ခု ပေးပါလိမ့်မယ်။ အရှင် သဘောတူပြီး တံဆိပ်တုံး ထုပေးလိုက်ရင် နုရှောင့်မြို့နဲ့ ချန်မြို့တော်ဆီ ပို့ပေးလိုက်ပါမယ်။ တော်ဝင်ချန်အင်ပါယာရဲ့ ဝန်ကြီးများ ရုံးခန်းနဲ့ လျှို့ဝှက်ကောင်စီ လက်ထဲ အပ်လိုက်ပါမယ်။ သူတို့က ရာထူးတွေ စီစဉ်ပေးပြီးမှ အရှင့်ဆီ ပြန်တင်ပြပြီး ဆုံးဖြတ်ခိုင်းပါလိမ့်မယ်။”
‘ဒီလောက် တရားဝင်တယ် ဟုတ်လား။ ချန်မြို့တော်နဲ့ နုရှောင့်မြို့ကို တိုက်ရိုက် ချိတ်ဆက် ဆောင်ရွက်နေတာလား။ စိတ်ဝင်စားစရာပဲ။ သူတို့က မြို့တော် သုံးခု တည်ဆောက်ပုံ စနစ်ကို ဖော်ဆောင် နေတာလား။ ချန်မြို့တော်က အမည်ခံ တော်ဝင်ချန်အင်ပါယာ မြို့တော်၊ နုရှောင့်မြို့က လက်ထောက် မြို့တော်၊ စေတီတောင်က ပင်မ မြို့တော်ပေါ့။’
တရုတ် သမိုင်းမှာ မြို့တော်နှစ်ခု စနစ်တွေ ရှိခဲ့ဖူး၏။ ဥပမာအားဖြင့် ဝူကျယ်ထျန်းရဲ့ ဝူနှင့် ကျိုး ခေတ်တွင် ချန်အန်းနှင့်လော့ရန်မြို့ ဆိုပြီး ရှိခဲ့သည်။ မင်မင်းဆက်မှာ မြောက်ဘက်နှင့် တောင်ဘက် မြို့တော် နှစ်ခု ရှိခဲ့၏။ ဂျင်လင်မှာ တခြား ဌာန ခြောက်ခုတောင် ရှိသေး၏။
‘ဂိုဏ်းချုပ်ရန်ရဲ့ မြို့တော် သုံးခု စနစ်က တော်တော် စနစ်ကျတယ်။ သူက ငါ့ကို ထိန်းချုပ်ထားသရွေ့ ကျန်တဲ့ မြို့တော် နှစ်ခုကိုပါ ထိန်းချုပ်နိုင်မှာ။ မတော်တဆမှု မရှိရင် စေတီတောင် အရာရှိတွေကို ခန့်အပ်ပြီးတာနဲ့ ငါ့ဘေးမှာ ယာယီ အစိုးရအဖွဲ့ တစ်ခု ဖွဲ့စည်းလာလိမ့်မယ်။ တဖြည်းဖြည်းနဲ့ ဒီ ယာယီ အစိုးရအဖွဲ့က နိုင်ငံတော် ဝန်ကြီးနဲ့ စစ်ဖက်ရေးရာဌာန အထက် ရောက်သွားလိမ့်မယ်။’
ဟုတ်ပေ၏။ ဤအရာက နည်းနည်းတော့ ဝေးလွန်းနေသေးသည်။ အတိုချုပ် ပြောရရင် ဂိုဏ်းချုပ်ရန်၏ အစီအစဉ် က သိပ်ကို စေ့စပ်သေချာလွန်းသည်။
“သွားကြစို့... သူတို့ကို စောင့်မနေစေနဲ့။” ရှမ့်လန်က ပြောလိုက်၏။
မိန်းမစိုး ယွင်ဟိုင်က ပြောလိုက်သည်။ “အရာရှိတွေက အင်ပါယာကို စောင့်ဆိုင်းတာ သဘာဝပါပဲ။ ကျုပ် အရှင့် ဆံပင်ကို ဖြီးပေးပါရစေ။”
ထို့နောက် မိန်းမစိုးကြီးယွင်ဟိုင်သည် ရှမ့်လန်၏ ဆံပင်ကို စေ့စပ်သေချာစွာ ဖြီးသင်ပေးလိုက်သည်။ သူသည် နာရီဝက်နီးပါး ကြာအောင် ဖြီးသင်ပေးခဲ့၏။
ယခုအချိန်တွင် စေတီတောင်ရှိ အရေးပါသော ပုဂ္ဂိုလ် အားလုံးသည် ပင်မခန်းမဆောင်ကြီး အတွင်းသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ ဧည့်ခံပွဲ မစသေးသောကြောင့် လက်ဖက်ရည်ခွက်များသာ ရှိသေးသည်။ သူတို့သည် တစ်နာရီခန့် စောင့်ဆိုင်းနေခဲ့ကြပြီ ဖြစ်သည်။ တစ်စုံတစ်ယောက်က ညည်းညူရန် ကြိုးစားသော်လည်း လျှပ်စီးလက်သကဲ့သို့ စူးရှသော မျက်လုံး တစ်စုံက ချက်ချင်း စိုက်ကြည့်လိုက်သောကြောင့် ငြိမ်ကျသွားသည်။
အချိန်အတော်ကြာပြီးနောက် ဂိုဏ်းချုပ်ရန် နောက်ဆုံးတွင် ထွက်ပေါ်လာသည်။ လူတိုင်း အံ့သြသွားကြ၏။
“ဂိုဏ်းချုပ်ရန် ဘာဝတ်ထားတာလဲ။ ဒါ... ဒါ တော်ဝင်ချန်အင်ပါယာရဲ့ အရာရှိဝတ်ရုံလား။”
ဂိုဏ်းချုပ်ရန် ဝင်လာပြီးနောက် ဘယ်ဘက် ပထမဆုံးတန်းတွင် ဝင်ထိုင်လိုက်သည်။ သူ့ဘေးနားရှိ လူတစ်ယောက် က မနေနိုင်ဘဲ တီးတိုး မေးမြန်းလိုက်သည်။
“အရှင် မရောက်လာခင် ဆူညံမနေနဲ့။ အရှက်ခွဲရာ ကျလွန်းတယ်။” ဂိုဏ်းချုပ်ရန်က တိတ်တဆိတ် သတိပေးလိုက်သည်။
အချိန်အတော်ကြာပြီးနောက် ရှမ့်လန် နောက်ဆုံးတွင် ရောက်ရှိလာသည်။ သူ မပေါ်လာမီ မိန်းမစိုး ယွင်ဟိုင်က အော်ဟစ်လိုက်၏။ “အရှင် ကြွမြန်းလာပြီ။ အရာရှိအားလုံး ဒူးထောက် ကြိုဆိုကြ။”
ထို့နောက် ခမ်းနားထည်ဝါသော ဂီတသံများ ထပ်မံ ထွက်ပေါ်လာသည်။ ရှမ့်လန်၏ နန်းတော်ငယ်လေးထက် များစွာ ပိုမို ကျွမ်းကျင်ပိုင်နိုင်လှသည်။ ဂီတကို ရှေးဟောင်း ကျင့်ဝတ်များအတိုင်း တီးခတ်ထားခြင်း ဖြစ်သည်။
ရှမ့်လန်သည် အင်ပါယာတစ်ပါး၏ ကျင့်ဝတ်ကို တစ်ခါမှ မကြုံဖူးခဲ့ပေ။ သဘာဝလွန် အင်အားစတစ်ခုက အင်ပါယာတစ်ပါး၏ ကျင့်ဝတ်ကို ဤမျှ ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်လိမ့်မည်ဟု မည်သူ ထင်မှတ်ထားမည်နည်း။
‘ခင်ဗျားတို့ ရည်မှန်းချက် မရှိဘူးလို့ ပြောချင်တာလား။ ဘယ်သူ ယုံမှာလဲ။’
ဂီတသံများကြားတွင် လူရာပေါင်းများစွာသည် မြေကြီးပေါ်၌ သေသပ်စွာ ဒူးထောက်လိုက်ကြသည်။
ရှမ့်လန်သည် သူတို့ကြားမှ လျှောက်သွားပြီး အမြင့်ဆုံး နေရာတွင် ဝင်ထိုင်လိုက်သည်။ သူ လက်မြှောက်လိုက်၏။
မိန်းမစိုး ယွင်ဟိုင်က ပြောလိုက်သည်။ “အားလုံး ထကြ။”
ထို့နောက် လူရာပေါင်းများစွာ မတ်တပ်ရပ်လိုက်ကြပြီး ချက်ချင်း ပြန်လည် ဒူးထောက်လိုက်ကြသည်။ ဤကျင့်ဝတ်သည် နုရှောင့်မြို့ရှိ ရှမ့်လန်၏ သာမန်အဖွဲ့ထက် များစွာ သာလွန်လှ၏။
ရှမ့်လန် တစ်ချက် ဝေ့ကြည့်လိုက်ရာ ဂိုဏ်းချုပ်ရန်၏ ဓားကို တွေ့လိုက်ရသည်။
နဂါးဓား၊ သူ၏ နဂါးဓားဖြစ်သည်။ သူ ယခုပဲ ဂိုဏ်းချုပ်ရန်ကို သတ်လိုက်ရမလား။ ရှမ့်လန်က ဂိုဏ်းချုပ်ရန် လက်ထဲ နဂါးဓား ထည့်ပေးလိုက်သည်မှာ တစ်ဖက်လူကို သတ်ဖို့ဖြစ်၏။
ထိုအချိန်တွင် ရုတ်တရက် အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ “ဂိုဏ်းချုပ်... ဧည့်သည် ရောက်နေပါတယ်။”
ဂိုဏ်းချုပ်ရန် ဒေါသတကြီး ပြောလိုက်၏။ “အရှင် ရှေ့မှာ ကျုပ်ကို ဂိုဏ်းချုပ်လို့ ခေါ်ရဲတယ်ပေါ့။ ကျုပ်ကို အရှင် ရှေ့မှာ ထားရဲတယ်ပေါ့။ မင်း သေလမ်းရှာနေတာပဲ။ သတ်...”
ဂိုဏ်းချုပ်ရန်၏ အမိန့်နှင့် အတူ ရန်တန်ရှောင် ထွက်လာပြီး သတင်းပို့သူကို ခေါင်းဖြတ်လိုက်သည်။
ဂိုဏ်းချုပ်ရန် တည်ကြည်စွာ ပြောလိုက်သည်။ “ဒီနေ့ကစပြီး စေတီတောင်မှာ အထွတ်အထိပ် သခင် တစ်ယောက်တည်းပဲ ရှိမယ်။ အဲဒါ အရှင် ရှမ့်လန်ပဲ။ ဘယ်သူမဆို အရှင် ရှေ့မှာ ကျုပ်နာမည် ထားရဲရင်၊ သူ့ရာထူး ဘယ်လောက်ကြီးကြီး၊ သူ့အကျိုးပြုမှု ဘယ်လောက်များများ၊ အကုန် သတ်ပစ်မယ်။”
လူတိုင်း ဦးညွှတ်ပြီး ပြောလိုက်ကြ၏။ “အမိန့်တော် အတိုင်းပါ။”
ဂိုဏ်းချုပ်ရန်သည် ရှမ့်လန်ဘက်သို့ ဦးညွှတ်ပြီး ပြောလိုက်သည်။ “ခွင့်လွှတ်ပေးပါ အရှင်။ ကျုပ် သူတို့ကို ကောင်းကောင်း မသင်ပေးမိဘူး။”
ရှမ့်လန် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူ ဂိုဏ်းချုပ်ရန်ကို ယခု သတ်သင့်သလား။ သူ့၌ နဂါးဓား ရှိနေပြီး ရှားပါးသည့် အခွင့်အရေးလည်းဖြစ်၏။
ထိုအချိန်တွင် ရန်တန်ရှောင်က အပြင်ဘက်မှ အော်ဟစ်လိုက်သည်။ “အရှင်၊ မဟာဆရာသခင်... ရှန့်ကုန်း ဘုရားကျောင်းက ကျောင်းထိုင်ဆရာတော် ဝင်ခွင့်တောင်းနေပါတယ်။”
ရှမ့်လန် ကြောင်အသွားခဲ့သည်။ ‘ရှန့်ကုန်းဘုရားကျောင်းက ကျောင်းထိုင်ဆရာတော် ဟုတ်လား။ တော်ဝင်ကပ်ဘေး ဘုရားကျောင်းရဲ့ နောက်ဆုံး ဆက်ခံသူ ကန်ဝမ် လား။ တော်ဝင်ကပ်ဘေး နန်းတော်မှာ တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်ရဲ့ ဝိညာဉ် ဆက်ခံမှု ပြီးတည်းက ငါ သူ့ကို ထပ်မတွေ့ရတော့ဘူး။ သူ အခု ရောက်လာတယ် ဟုတ်လား။ ဘာလို့ ရောက်လာတာလဲ။’
… …
ရှန့်ကုန်း ဘုရားကျောင်း ကျောင်းထိုင်ဆရာတော် ရောက်ရှိလာခြင်းကို ကြားလိုက်ရချိန်မှာတော့ ရှမ့်လန် သာမက ဂိုဏ်းချုပ်ရန်ပါ အံ့အားသင့်သွားခဲ့၏။
“အရှင်... ဆရာတော် ကျိခုန်းကို ဖိတ်ထားတာလား။” ဂိုဏ်းချုပ်ရန်က မေးလိုက်သည်။
ရှမ့်လန် ခေါင်းခါလိုက်၏။ “မဖိတ်ပါဘူး။ ကျုပ် သူနဲ့ မရင်းနှီးဘူး။”
သူ လိမ်ပြောနေခြင်း မဟုတ်ပေ။ ရှမ့်လန်သည် ဆရာတော် ကျိခုန်းနှင့် တကယ် မရင်းနှီးပေ။
“ဟုတ်လား။”
ဂိုဏ်းချုပ်ရန်က ပြောလိုက်သည်။ “ထူးဆန်းတာပဲ။ ဆရာတော် ကျိခုန်းက လောကီနဲ့ ကင်းကွာနေတဲ့ ပုဂ္ဂိုလ်လေ။ ဘာလို့ စေတီတောင်ကို ရုတ်တရက် ရောက်လာရတာလဲ။ ပြီးတော့ သူက ဖိတ်ကြားချက်လည်း မရထားဘူး။”
ရှမ့်လန်လည်း အလွန် သိချင်နေသည်။ ကန်ဝမ် က တကယ်ပဲ သူ့အတွက် ရောက်လာသည်များလား။
ဂိုဏ်းချုပ်ရန် ဦးညွှတ်လိုက်၏။ “အရှင်... ခဏလောက် စောင့်ပေးပါ။ ကျုပ် သွားကြိုလိုက်ပါအုံးမယ်။”
ရှမ့်လန် ဘာမှမပြောသော်လည်း သူ့အကြည့်များက မေးခွန်းထုတ်နေသည်။
ဂိုဏ်းချုပ်ရန်က ချက်ချင်း ပြောလိုက်၏။ “အရှင်က တော်ဝင်ချန်အင်ပါယာရဲ့ အရှင်သခင်လေ။ ဆရာတော် ကျိခုန်းက ဘယ်လောက်ပဲ မြင့်မြတ်ပါစေ၊ အရှင့်အောက်မှာပဲ ရှိပါတယ်။ အရှင် ကိုယ်တိုင် သွားကြိုစရာ မလိုပါဘူး။”
ဤသို့ ပြောလိုက်သော်လည်း ဂိုဏ်းချုပ်ရန်သည် ရှမ့်လန်ကို သံသယဖြင့် ကြည့်လိုက်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ရှမ့်လန်သည် တောင်ပင်လယ် ရှေးဟောင်း အပျက်အစီးများမှ ထွက်ခွာလာစဉ် ရှန့်ကုန်း ဘုရားကျောင်းမှ အကြီးအကဲကျိမင်၏ အကူအညီကို ရရှိခဲ့ဖူးသည်။ နှစ်ဖက်စလုံး ဆက်ဆံရေး ကောင်းမွန်ကြသည်။
ဟုတ်ပေသည်။ ဂိုဏ်းချုပ်ရန်သည် ထိုအရာကို ထုတ်မပြောခဲ့ပေ။ သူသည် စေတီတောင် အကြီးအကဲ အနည်းငယ်ကို ခေါ်ဆောင်ပြီး ထွက်သွား၏။
ထို့နောက် ရှမ့်လန် အကြာကြီး စောင့်စရာ မလိုလိုက်ပေ။ ဂိုဏ်းချုပ်ရန်သည် နောက်တစ်ယောက်နှင့်အတူ ပြန်ရောက်လာသည်။ ထင်ထားသည့်အတိုင်းပင် ထိုသူသည် ရှန့်ကုန်း ဘုရားကျောင်းမှ အကြီးအကဲ ကျိခုန်း ဖြစ်သော ကန်ဝမ် ပင် ဖြစ်သည်။
ရှမ့်လန် သူ့ကို မြင်လိုက်ရချိန်မှာတော့ “မိစ္ဆာကောင်... ဘယ်ပြေးမလို့လဲ။” ဟု အော်ဟစ်လိုက်ချင်စိတ် ပေါက်သွားသည်။ ဤလူသည် သိပ်ချောမောလွန်းသည်။ ယောကျ်ားလား၊ မိန်းမလား ခွဲခြားရ ခက်ခဲလှသည်။ ရှမ့်လန်၏ အချောဆုံးသော ယောကျ်ား ဆိုသော ဘွဲ့ကို လုယူချင်နေသကဲ့သို့ပင်။
လွန်ခဲ့သော လအနည်းငယ်က ရှမ့်လန်သည် သူ့ကို တော်ဝင်ကပ်ဘေးနန်းတော်၏ သရဲမြို့တော်တွင် တွေ့ခဲ့ဖူးသည်။ ရိုးရိုးသားသား ပြောရလျှင် သရဲမြို့တော် ဆိုသည်မှာ ဘာလဲဆိုသည်ကို ရှမ့်လန် မသိပေ။ တကယ့် နေရာလား သို့မဟုတ် စိတ်ကူးယဉ် နေရာလား။ ထို့ကြောင့် ထိုစဉ်က ကန်ဝမ်နှင့် တွေ့ဆုံခြင်းသည် အိပ်မက်တစ်ခု ကဲ့သို့ပင်။
ရှမ့်လန် သာမက ရှိနေသူ အားလုံးလိုလိုသည် ဆရာတော် ကျိခုန်းကို ပထမဆုံးအကြိမ် မြင်ဖူးကြခြင်း ဖြစ်သည်။
အားလုံး တုန်လှုပ်သွားကြသည်။ ကျိခုန်းသည် သိပ်နက်နဲလွန်းသည်။ စေတီတောင် အကြီးအကဲများပင် သူ့ကို တစ်ခါမှ မမြင်ဖူးကြပေ။ သို့သော်ငြား လူတိုင်း၏ စိတ်ထဲတွင် ကျိခုန်းသည် ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူနှင့် ထင်ရှားကျော်ကြားသော ဘုန်းကြီးတစ်ပါး ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသည်။ အသက်အရွယ်နှင့် ကျားမ ခွဲခြား၍ မရနိုင်သော ချောမောသော လူတစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြပေ။