← Chapters

အခန်း (၆၉၁-၆၉၃)

Vol. 47 Ch. 691-693

အခန်း (၆၉၁-၆၉၃)

Vol. 47 Ch. 691-693

အပိုင်း (၆၉၁) Extra - နန်းတက်ခြင်း

၃ လကြာပြီးနောက် သာ့ဝေတိုင်းပြည်၏ အိမ်ရှေ့စံ လီကျင့်သည် ဧကရာဇ်အသစ်အဖြစ် နန်းတက်ခဲ့ပြီး နိုင်ငံတော်အမည်ကို ယုံအန်းဟု သတ်မှတ်ခဲ့လေသည်။

မယ်တော်ကြီးကျောက်သည် ထိုက်ဟွမ်ထိုက်ဟုပ် (ဘွားတော်) အဖြစ် ရာထူးတိုးမြှင့်ခံရပြီး ချောင်မိဖုရားခေါင်သည် မယ်တော်ကြီး (ထိုက်ဟုပ်) အဖြစ်သို့ ရောက်ရှိခဲ့သည်။ လုမင်ယွိသည်လည်း သာ့ဝေတိုင်းပြည်၏ မိဖုရားခေါင်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရလေသည်။

ဧကရာဇ်အသစ် နန်းတက်သည်နှင့် ထုံးစံအတိုင်း လွတ်ငြိမ်းချမ်းသာခွင့် ပေးလေသည်။

သို့သော်ငြား ပုန်ကန်မှုကြီး ကျူးလွန်ခဲ့သည့် မုန့်မိသားစုကဲ့သို့သော ဆွေမျိုးကိုးဆက် သုတ်သင်ခံရမည့်သူများမှာတော့ လွတ်ငြိမ်းချမ်းသာခွင့်ထဲတွင် အကျုံးမဝင်ချေ။ လီကျင့် နန်းတက်ပြီး ပထမဆုံးလုပ်သည့်ကိစ္စမှာ မုန့်မိသားစုကို ပြင်းပြင်းထန်ထန် အပြစ်ပေးခြင်းပင် ဖြစ်တော့သည်။

မုန့်မိသားစု ဆွေမျိုးကိုးဆက် စုစုပေါင်း လူဦးရေ ၈၀၀ ကျော်သည် ခေါင်းဖြတ်သတ်ခြင်း ခံလိုက်ရလေသည်။

ထိုနေ့တွင် ကွပ်မျက်ရာကွင်းပြင်၌ ခေါင်းဖြတ်ခံရသူများ၏ ခေါင်းများသည် တစ်လုံးပြီးတစ်လုံး မြေသို့ ကျဆင်းလာခဲ့ပြီး ကျောက်ပြားကြားရှိ အက်ကွဲကြောင်းများပင် သွေးများဖြင့် ပြည့်နှက်သွားတော့သည်။ ပြင်းထန်လှသည့် သွေးညှီနံ့များသည်လည်း အချိန်ကြာမြင့်သည်အထိ ပျောက်ကွယ်သွားခြင်း မရှိချေ။

ထိုနေ့က ခေါင်းဖြတ်ပွဲကို လာရောက်ကြည့်ရှုသည့် ပြည်သူများအနက် ထက်ဝက်ခန့်မှာ ကြောက်လန့်လွန်းသဖြင့် အော့အန်ခဲ့ကြသည်ဟု ဆိုစမှတ်ပြုကြလေသည်။

တတိယမင်းသားကြင်ရာတော် မုန့်ယွင်လော်မှာမူ အိမ်ထောင်ကျပြီးသား အမျိုးသမီးဖြစ်သဖြင့် ကံကောင်းထောက်မစွာ သေဘေးမှ လွတ်မြောက်ခဲ့သည်။ သို့သော် မုန့်မိသားစု တစ်ဆွေလုံး တစ်မျိုးလုံး သတ်ဖြတ်ခံလိုက်ရခြင်းသည် မုန့်ယွင်လော်အတွက် သေလောက်သည့် ထိုးနှက်ချက်ကြီး ဖြစ်စေခဲ့သည်။

မုန့်ယွင်လော်သည် ထိုသတင်းဆိုးကို ကြားသိလိုက်ရချိန်တွင် ရင်ထဲက သွေးတစ်လုပ် အန်ထွက်လာကာ နေရာမှာပင် လဲကျသွားတော့သည်။

ထို့နောက်တွင် ဧကရာဇ်အသစ်သည် အမိန့်တော်ပြန်တမ်း ထုတ်ပြန်ကာ ပထမမင်းသားအိမ်တော်၏ ဘွဲ့ထူးဂုဏ်ထူးများကို ရုပ်သိမ်းလိုက်ပြီး ပထမမင်းသားမျိုးဆက်ကို သာမန်အရပ်သားအဖြစ် တန်းလျှော့ကာ အိမ်တော်ထဲ၌ပင် အကျယ်ချုပ် ချထားလိုက်လေသည်။

တတိယမင်းသား လီဟောက်သည် ညီရင်းအစ်ကိုအပေါ် ဉာဏ်နီဉာဏ်နက်များသုံးကာ လုပ်ကြံခဲ့ပြီး အိမ်ရှေ့စံကို လုပ်ကြံသတ်ဖြတ်ရန် လူစေလွှတ်ခဲ့သည်။ ဤသည်မှာလည်း သေဒဏ်ထိုက်သည့် အပြစ်ပင်။ ဧကရာဇ်အသစ်သည် အမိန့်တော်ချမှတ်ကာ တတိယမင်းသား၏ ဘွဲ့ထူးကို ရုပ်သိမ်းလိုက်ပြီး နယ်စပ်ရှိ ဆင်းရဲပင်ပန်းသည့် အရပ်ဒေသသို့ စစ်မှုထမ်းရန် နယ်နှင်ဒဏ် ပေးလိုက်တော့သည်။ ဤဘဝတွင် မြို့တော်သို့ ပြန်လာခွင့် မရှိစေရဟုလည်း အမိန့်မှတ်လေသည်။

ဤကဲ့သို့ ပြတ်သားခက်ထန်သည့် လုပ်ရပ်များသည် မှူးမတ်များအားလုံးကို တုန်လှုပ်သွားစေခဲ့သည်။

ဧကရာဇ်အသစ်သည် အပေါ်ယံတွင် သဘောကောင်းပုံရသော်လည်း လက်တွေ့တွင်မူ သံမဏိလို ခိုင်မာပြတ်သားသည့် ဘက်ခြမ်းလည်း ရှိနေလေသည်။

ဧကရာဇ်အသစ်ကို ပျော့တွဲနေသည့် တည်သီးတစ်လုံးအဖြစ် မထင်လိုက်ကြလေနှင့်။

……

ဖူယန်မြို့စားအိမ်တော်တွင် ဖူယန်မြို့စားကတော်သည် မျက်နှာဖြူဖပ်ဖြူရော်ဖြင့် တုန်တုန်ယင်ယင် ပြောလာခဲ့သည်။ "အရှင်မင်းကြီးက စိတ်သဘောထား ပြည့်ဝတယ်လို့ ပြောကြပေမဲ့ ဒီရက်ပိုင်းမှာ သေသွားတဲ့သူတွေကလည်း များလွန်းပါတယ်။ ပထမမင်းသားအိမ်တော်ရော တတိယမင်းသားအိမ်တော်ရော ဘယ်သူမှ ဇာတ်သိမ်းမကောင်းကြဘူး"

ဖူယန်မြို့စား၏ မျက်နှာထားသည်လည်း ကောင်းမွန်မနေချေ။ "တာဝန်ရှိသူအသစ်က မီးသုံးကြိမ်လောက်တော့ မွှေးရစမြဲပဲလေ။ ဒါက ဧကရာဇ်အသစ် နန်းတက်တာဆိုတော့ ပိုဆိုးတာပေါ့။ ပြီးတော့ စိတ်သဘောထားကောင်းတာနဲ့ လုပ်ရည်ကိုင်ရည် ပြတ်သားတာက တခြားစီပဲလေ"

သို့သော် သူသည်လည်း လီကျင့်ကို အထင်ကြီးလေးစားသွားရသည်။

ယခင်က လီကျင့် အိမ်ရှေ့စံဘဝတုန်းက ယုံးကျားဧကရာဇ်၏ ဖိနှိပ်မှုကို နေရာတိုင်းတွင် ခံခဲ့ရသည်။ ပထမမင်းသားနှင့် တတိယမင်းသားတို့က မနားတမ်း ခုန်ပေါက်နေခဲ့ကြပြီး အန္တရာယ်နှင့် ကြုံတွေ့ရတိုင်း အိမ်ရှေ့စံမိဖုရား လုမင်ယွိကသာ ဝင်ရောက်ဖြေရှင်းကာ အခြေအနေကို ထိန်းသိမ်းပေးခဲ့ရသည်။ ထိုအချက်က အိမ်ရှေ့စံကို သာမန်လူတစ်ယောက်ကဲ့သို့ ထင်ရစေခဲ့သည်။

ယခု ကြည့်လိုက်စမ်းပါ။ လီကျင့်သည် ပျော့ညံ့ညံ့ တည်သီး လုံးဝမဟုတ်ဘဲ လက်တွေ့လုပ်ဆောင်ရာတွင် အလွန် ရက်စက်ပြတ်သားလှပေသည်။

ဖူယန်မြို့စားကတော်သည် တွေးလေလေ ပို၍ ထိတ်လန့်လေလေ ဖြစ်လာသည်။ "ဒီလိုဆိုရင် စတုတ္ထမင်းသားကော အန္တရာယ် မရှိနိုင်ဘူးလား။ ကျွန်မတို့ရဲ့ ယွီအာကော နောင်ကျရင် ရောပြီး အပြစ်ပေးခံရမလား"

ဖူယန်မြို့စားက သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး လေသံတိုးတိုးဖြင့် မြန်မြန်ပြောလိုက်သည်။ "မင်းက အရှင်မင်းကြီးကို ဘယ်လိုလူလို့ ထင်နေတာလဲ။ သူက ပထမမင်းသားအိမ်တော်နဲ့ တတိယမင်းသားအိမ်တော်ကို စီရင်တာက အဲဒီမင်းသားနှစ်ပါးလုံး အမှားလုပ်ထားကြလို့ပဲ"

"အထူးသဖြင့် လီယိက ခမည်းတော်မင်းမြတ်ကို လုပ်ကြံခဲ့တာ။ ပြစ်မှုက ကြီးလွန်းတယ်။ ပထမမင်းသားကြင်ရာတော်နဲ့ လီထန် သားအမိနှစ်ယောက်ကို သတ်ပစ်ဖို့ အမိန့်ပေးရင်တောင် မလွန်ပါဘူး။ အခု သူတို့ကို အသက်ရှင်ခွင့်ပေးထားတာကတောင် သဘောထားကြီးလွန်းနေပြီ"

"ပြီးတော့ လီဟောက် လုပ်ခဲ့တဲ့ကိစ္စတွေကလည်း တစ်ထောင်တစ်စိပ် မွှန်းပြီး အသေသတ်ရင်တောင် မမှားဘူး။ အရှင်မင်းကြီးက မျက်နှာထောက်ပြီး မိုင် ၃၀၀၀ အဝေးကိုပဲ နယ်နှင်ဒဏ်ပေးလိုက်တာ။ တတိယမင်းသားကြင်ရာတော်နဲ့ သားသမီးနှစ်ယောက်ရဲ့ အသက်ကိုလည်း ချမ်းသာပေးထားသေးတယ်။ ဒီလိုကျေးဇူးတရားမျိုးကို ဘယ်သူက မချီးကျူးဘဲ နေမှာလဲ"

"စတုတ္ထမင်းသားကတော့ ဖြောင့်ဖြောင့်မတ်မတ် ကျင့်ကြံတယ်။ ကွမ်းပင်းနယ်စား ပုန်ကန်တဲ့နေ့တုန်းကလည်း သူက အသေအလဲ ကြိုးစားပြီး အမှုထမ်းခဲ့တာ။ အခုလည်း ရှင်းယန်ဝမ်နဲ့အတူ ယန်ချူဒေသမှာ အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်နေတာလေ။ အရှင်မင်းကြီးက သူ့ကို ဘယ်လိုလုပ်ပြီး အရေးယူမှာလဲ"

"ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားမျိုး နောက်ဆို ဘယ်တော့မှ မပြောနဲ့တော့။ တကယ်လို့ အပြင်ကို တစ်စွန်းတစ်စလောက် ကြားသွားပြီး ငါတို့ ကျောက်မိသားစုပါ ဒုက္ခရောက်မယ်ဆိုရင် မင်းကို ငါ အရင်ဆုံး ခွင့်လွှတ်မှာ မဟုတ်ဘူး"

နောက်ဆုံးစာကြောင်းကို ပြောသည့်အခါ ဖူယန်မြို့စားသည် အံကိုကြိတ်ကာ ဟိန်းဟောက်လိုက်ပြီး မျက်လုံးများထဲတွင်လည်း ရက်စက်သည့် အရိပ်အယောင်များ ပြည့်နှက်နေတော့သည်။

ဖူယန်မြို့စားကတော်သည် လန့်ဖျပ်သွားပြီး ခေါင်းခွံများပင် ထုံကျဉ်သွားသလို ခံစားလိုက်ရသည်။ "ကျွန်... ကျွန်မက ဒီတိုင်း ပါးစပ်ထဲ ရှိတာ ပြောလိုက်တာပါ"

"ပါးစပ်ထဲ ရှိတာလည်း လျှောက်ပြောလို့ မရဘူး" ဖူယန်မြို့စားက ဖူယန်မြို့စားကတော်ကို စူးစူးရဲရဲ ကြည့်လိုက်သည်။ "နောက်ဆိုရင် မင်းရဲ့ပါးစပ်ကို လုံအောင်ပိတ်ထား။ ပြီးတော့ နန်းတော်ထဲဝင်ပြီး ဂါရဝပြုတာတွေ လျှော့လုပ်"

"ထိုက်ဟွမ်ထိုက်ဟုပ် (ဘွားတော်) က အခုဆိုရင် စိတ်နှောက်ဖြစ်ပြီး ရူးကြောင်ကြောင် ဖြစ်နေပြီ။ မင်းက သွားပြီး ဘာလုပ်မလို့လဲ။ တကယ်လို့များ ဘွားတော်က ပေါက်ကရတွေ လျှောက်ပြောပြီး ငါတို့ခေါင်းပေါ် ရောက်လာရင် မင်း အသက်မရှင်ချင်တော့ဘူးလား"

ဖူယန်မြို့စားကတော်သည် ရင်ထဲတွင် အေးခဲသွားသလို ခံစားလိုက်ရပြီး တပြိုင်နက်တည်းမှာပင် ဝမ်းနည်းအားငယ်လာခဲ့သည်။ "ကျွန်မ တွေးမိတာက ကျွန်မတို့က ထိုက်ဟွမ်ထိုက်ဟုပ်ရဲ့ မိဘဆွေမျိုးတွေလေ။ ချင်ထိုက်ဖေးဆိုရင်လည်း ကျောက်မိသားစုအိမ်တော်မှာ ကြီးပြင်းလာခဲ့တာပဲ။ ကျွန်မက ရှို့နဉ်နန်းဆောင်ကို သွားပြီး ဂါရဝပြုတာက တခြားလူတွေက ကျွန်မတို့ ကျောက်မိသားစုကို သွေးအေးရက်စက်တယ်လို့ ပြောမှာစိုးလို့ပါ"

ဖူယန်မြို့စားက နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ "သွေးအေးတာ မအေးတာက အရေးမကြီးပါဘူး။ အခုချိန်မှာ ဒါတွေကို ဂရုစိုက်နေပြီး ဘာလုပ်မှာလဲ"

"ခေတ်တစ်ခေတ်မှာ မင်းတစ်ပါးနဲ့ မှူးမတ်တစ်သိုက်ပဲ ရှိစမြဲလေ။ အိမ်ရှေ့စံက နန်းတက်ပြီး ဧကရာဇ် ဖြစ်လာပြီဆိုတော့ အခုဆိုရင် လူတိုင်းက လုမိသားစုနဲ့ ချောင်မိသားစုကိုပဲ မြှောက်ပင့်နေကြတာ။ ငါတို့ ကျောက်မိသားစု ဂုဏ်ရှိန်တောက်ပြောင်ခဲ့တဲ့ နေ့ရက်တွေက အတိတ်မှာ ကျန်ရစ်ခဲ့ပြီ"

"ငါတို့ ကျောက်မိသားစုက အေးအေးဆေးဆေးပဲ ခေါင်းငုံ့ပြီး နေနိုင်ရင် တော်လောက်ပြီ။ မင်းက ဘယ်လို ဂုဏ်တက်ချင်နေသေးတာလဲ"

ဖူယန်မြို့စားကတော်သည် ဝမ်းနည်းစွာဖြင့် မျက်ရည်များကို သုတ်လိုက်ပြီး ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။ "ဟိုရယ် ပြောတဲ့စကားတွေကို ကျွန်မ မှတ်သားထားပါ့မယ်။ နောက်ဆိုရင် နန်းတော်ထဲကို မသွားတော့ပါဘူး"

ယခင်က သူမသည် သုံးရက်တစ်ခါ ငါးရက်တစ်ခါ ရှို့နဉ်နန်းဆောင်သို့ ဝင်ရောက်ကာ ဂါရဝပြုလေ့ရှိသည်။ သွားလေရာတိုင်းတွင် လူတိုင်းက ဦးစားပေး မြှောက်ပင့်ကြသည်မှာ မည်မျှ မျက်နှာပွင့်လန်းခဲ့ရသနည်း။

ယခု အိမ်ရှေ့စံ နန်းတက်ကာ ဧကရာဇ်ဖြစ်လာချိန်တွင် လုမိသားစုနှင့် ချောင်မိသားစုသည် တစ်ရှိန်ထိုး တက်လာခဲ့ပြီး ကျောက်မိသားစုကို လုံးဝ ဖိနှိပ်ထားလိုက်ပြီ ဖြစ်သည်။

လုမိသားစုမှ ဒုတိယသခင်မလေးသည် အဆင့် ၂ ကတော်ဘွဲ့ရထားသူသာ ဖြစ်သော်လည်း သာ့ဝေမိဖုရားခေါင်၏ ယောက်မအရင်း ဖြစ်သောကြောင့် လူအများ၏ မြှောက်ပင့်မှုကို ခံနေရသည်မှာ မိုးပေါ်ရောက်လုနီးပါးပင်။

ဖူယန်မြို့စားသည် စိတ်ထဲတွင် သောကများဖြင့် ပြည့်နှက်နေသဖြင့် မျက်ရည် နှပ်ချေးများနှင့် ဖြစ်နေသည့် ဖူယန်မြို့စားကတော်ကို ဂရုမစိုက်နိုင်တော့ဘဲ စိတ်မရှည်စွာဖြင့် စာကြည့်ဆောင်သို့ လှည့်ထွက်သွားတော့သည်။

ညီဝမ်းကွဲဖြစ်သူ တပ်မှူးကျောက် ထွက်ခွာသွားပြီးနောက်တွင် ဖူယန်မြို့စား အားကိုးရသူမှာ အကြံပေးရွှီသာ ရှိတော့သည်။

အကြံပေးရွှီသည် ဖူယန်မြို့စား၏ မျက်နှာထား မကောင်းသည်ကို မြင်သည်နှင့် သခင်ဖြစ်သူ စိတ်အခြေအနေ မကောင်းမှန်း သိလိုက်ပြီး အသံတိုးတိုးဖြင့် နှစ်သိမ့်လိုက်သည်။ "ကျောက်မိသားစုတပ်က စစ်သည် ၂ သောင်း ထောက်ပံ့ပေးထားတာပဲလေ။ ယန်ချူဒေသက ပုန်ကန်မှုကို နှိမ်နင်းပြီးရင် ဒီကိစ္စမှာ ဟိုရယ်ရဲ့ အကျိုးဆောင်မှုလည်း ပါဝင်နေမှာပါ။ ဟိုရယ် ဘာကို စိတ်ပူနေရတာလဲ"

ဖူယန်မြို့စားက သက်ပြင်းရှည်ကြီး ချလိုက်ပြီး အသံက တည်ငြိမ်လေးနက်သွားသည်။ "ငါ စိတ်ပူနေတာက လက်ရှိအခြေအနေ မဟုတ်ဘူး။ နောင်ရေးကို တွေးပြီး ပူနေတာ"

"ထိုက်ဟွမ်ထိုက်ဟုပ် ရှိနေသရွေ့ အရှင်မင်းကြီးက ကျောက်မိသားစုကို ထိမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျောက်မိသားစု အင်အားကြီးထွားလာတာကိုလည်း သူ လုံးဝ လိုလားမှာ မဟုတ်ဘူး။ ကျောက်မိသားစုတပ်ရဲ့ အင်အားကို လျှော့ချပစ်မှာက မလွဲမသွေ ဖြစ်လာမယ့်ကိစ္စပဲ"

"အဲဒီ စစ်သည် ၂ သောင်းကို ငါ လွှတ်လိုက်ကတည်းက ပြန်ရဖို့ မရည်ရွယ်ထားတော့ဘူး"

အကြံပေးရွှီသည် ထိတ်လန့်သွားပြီး ဖူယန်မြို့စားကို မော့ကြည့်လိုက်သည်။ "ဟိုရယ် ပြောတာ ဘာသဘောလဲ"

ဖူယန်မြို့စား၏ မျက်နှာသည် တည်တစ်ခါ ပျက်တစ်လှည့်ဖြစ်နေပြီး အမူအရာက အုံ့မှိုင်းနေသည်။ "တော်ဝင်ကိုယ်ရံတော်တပ်က အထိအခိုက် အကျဆုံး အများဆုံးပဲ။ စစ်သားသစ်တွေ စုဆောင်းမယ်ဆိုရင်တောင် ၂ နှစ် ၃ နှစ်လောက် လေ့ကျင့်ပေးမှ အဆင်ပြေလာမှာ"

"ကျောက်မိသားစုတပ်မှာ အစက အင်အား ၆ သောင်း ရှိတယ်။ အခု ၂ သောင်း 'အငှား' လိုက်သွားတော့ ၄ သောင်း ကျန်သေးတယ်။ ဒီစစ်အင်အားက မနည်းသလို အရမ်းကြီး များတယ်လို့လည်း မဆိုနိုင်ဘူး။ အရှင်မင်းကြီး သံသယဝင်လောက်တဲ့ အနေအထား မဟုတ်တော့ဘူးပေါ့"

"ယန်ချူဒေသ ငြိမ်သက်သွားတာနဲ့ စစ်သည် ၂ သောင်းကို အဲဒီဒေသမှာပဲ တပ်စွဲထားဖို့ အရှင်မင်းကြီးဆီ ငါ အသနားခံစာ တင်လိုက်မယ်။ ဒါကလည်း ကျောက်မိသားစုအနေနဲ့ ပုန်ကန်လိုစိတ် လုံးဝမရှိကြောင်း အရှင်မင်းကြီးကို သက်သေပြလိုက်တာပဲ"

ကျောက်မိသားစုရဲ့ နေရာကို ဆက်လက်ထိန်းသိမ်းထားချင်ရင် ဘေးကင်းကင်းနဲ့ နေချင်ရင်တော့ စွန့်လွှတ်သင့်တာ စွန့်လွှတ်ရမှာပဲလေ။

အကြံပေးရွှီ၏ မျက်လုံးများထဲတွင် စစ်မှန်သည့် လေးစားမှုများ ပေါ်လွင်လာသည်။ "ဟိုရယ်က လက်မောင်းကိုဖြတ်ပြီး အသက်ဆက်ရဲတဲ့ သတ္တိမျိုးရှိတာ တကယ်ပဲ လေးစားစရာ ကောင်းပါတယ်"

လေးစားစရာ ကောင်းလိုက်တာဆိုတာ။

အခြေအနေက လူကို ဖိအားပေးနေတာလေ။ သူက ဦးအောင် မလုပ်ရင် သူ့အသားကို လှီးပြီး သွေးဖောက်ထုတ်တာကို ထိုင်စောင့်နေရမှာလား။

ဖူယန်မြို့စားသည် နှာခေါင်းရှုံ့သံတစ်ချက်ကို အောင့်အီးသည်းခံလိုက်ရတော့သည်။

…

အပိုင်း (၆၉၂) Extra - မိဖုရားခေါင် (၁)

သိပ်မကြာခင်က နန်းတက်လာသည့် ဧကရာဇ် လီကျင့်သည် ဝမ်ဟွားနန်းဆောင်ကို ဆက်လက်အသုံးမပြုတော့ဘဲ ဖူနဉ်နန်းဆောင်ကို ပြောင်းရွှေ့ကာ တိုင်းရေးပြည်ရာကိစ္စများကို စီမံဆောင်ရွက်လေသည်။

ဝမ်ဟွားနန်းဆောင်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များသည် အလွန်တရာ ဆိုးရွားရက်စက်လွန်းခဲ့သည်။ ယုံးကျားဧကရာဇ်၊ ပထမမင်းသားနှင့် လျန်စစ်သူကြီးတို့သည် ဝမ်ဟွားနန်းဆောင်ထဲတွင် အသက်ပျောက်ခဲ့ကြသည်။ ထို့ကြောင့် လီကျင့်သည် ထိုမြင်ကွင်းဟောင်းများကို မြင်တွေ့ရတိုင်း စိတ်မချမ်းမြေ့ဖွယ် အတိတ်များကို ပြန်လည်အမှတ်ရနေမည် စိုးသဖြင့် နေရာပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ မှူးမတ်များကလည်း ထိုကိစ္စနှင့် ပတ်သက်ပြီး ကန့်ကွက်စောဒကတက်ခြင်း မရှိကြပေ။

ထို့ကြောင့် လီကျင့်သည် ဖူနဉ်နန်းဆောင်သို့ အဆင်ပြေချောမွေ့စွာ ပြောင်းရွှေ့သွားခဲ့သည်။ နေ့ဘက်တွင် တိုင်းရေးပြည်ရာကိစ္စများကို စီမံခန့်ခွဲပြီး ညဘက်တွင်တော့ အိမ်ရှေ့စံနန်းဆောင်သို့ ပြန်လည်အနားယူလေသည်။

လုမင်ယွိ၏ မိဖုရားခေါင် တင်မြှောက်ပွဲ အခမ်းအနားကို လဝက်အကြာတွင် ကျင်းပရန် သတ်မှတ်ထားသည်။ နန်းတွင်းရေးရာဌာနသည် ဇာမဏီသရဖူနှင့် ဝတ်စုံတို့ကို အဆင်သင့် ပြင်ဆင်ထားပြီးဖြစ်သလို အခမ်းအနားဌာနသည်လည်း မိဖုရားခေါင် တင်မြှောက်ပွဲအတွက် အလုပ်ရှုပ်နေကြသည်။

တင်မြှောက်ပွဲ အခမ်းအနား ပြီးဆုံးသွားသည်နှင့် လုမင်ယွိသည် ကျောင်းဖန်နန်းဆောင်သို့ ဝင်ရောက်စံမြန်းကာ ဇာမဏီတံဆိပ်တုံးကို တရားဝင် ကိုင်ဆောင်ရတော့မည်။

မယ်တော်ကြီးချောင်ကမူ ယုံမေ့နန်းဆောင်ကို သူမ၏ နန်းဆောင်အဖြစ် ရွေးချယ်သတ်မှတ်လိုက်သည်။

ထိုနန်းဆောင်သည် ကျောင်းဖန်နန်းဆောင်နှင့် သိပ်မဝေးလှပေ။ ဟွေ့အန်းကုန်းကျူ ငယ်စဉ်က ယုံမေ့နန်းဆောင်တွင် နေထိုင်ခဲ့ဖူးသည်။ ယခုအခါ ဟွေ့အန်းကုန်းကျူသည် အသက် ၃၀ ကျော်ပြီဖြစ်ပြီး ကိုယ်ပိုင်အိမ်တော်နှင့် နေထိုင်နေပြီ ဖြစ်သည်။ ထို့ကြောင့် ယုံမေ့နန်းဆောင်သည် လစ်လပ်နေခဲ့ရာ မယ်တော်ကြီးချောင်က သူမ၏ နန်းဆောင်အဖြစ် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

ယုံမေ့နန်းဆောင်ကို အမြဲတမ်း သေသေချာချာ ထိန်းသိမ်းစောင့်ရှောက်ထားသဖြင့် အနည်းငယ် ရှင်းလင်းလိုက်ရုံနှင့် ဝင်ရောက်နေထိုင်နိုင်ပြီ ဖြစ်သည်။

ဟွေ့အန်းကုန်းကျူသည် ကိုယ့်အိမ်တော်နှင့်ကိုယ် နေရသည့်အတွက် သိပ်ပြီး ဝန်လေးနေခြင်း မရှိသော်လည်း တိတ်တဆိတ် ညည်းညူမိသေးသည်။ "မူဟုပ်က ဘာလို့ ဒီလောက် အလျင်လိုနေရတာလဲ။ တင်မြှောက်ပွဲပြီးရင် နှစ်သစ်ကူးတော့မှာလေ။ နှစ်သစ်ကူးပြီးမှ ပြောင်းလည်း ရတာပဲကို"

မယ်တော်ကြီးချောင်၏ ဆံကေသာတွင် ဆံပင်ဖြူများ များပြားလာပြီး အိုမင်းရင့်ရော်လာသော်လည်း မျက်နှာထားကတော့ တည်ငြိမ်အေးချမ်းနေသည်။ "အရှင်မင်းကြီးက မိဖုရားခေါင် တင်မြှောက်ဖို့ အမိန့်ထုတ်ပြီးပြီ။ နန်းတော်တစ်ခုလုံးကလည်း ဟွမ်ဟုပ်ညန်ညန်လို့ ပြောင်းခေါ်နေကြပြီ။ ဟွမ်ဟုပ်က ကျောင်းဖန်နန်းဆောင်မှာ နေရတာ သဘာဝကျပါတယ်။ အိုက်ကျား စောစော ပြောင်းပေးလိုက်ရင် ဟွမ်ဟုပ်လည်း စောစော ဝင်နေလို့ရတာပေါ့"

"အိုက်ကျားက ဘာကိစ္စနဲ့ မျက်နှာပြောင်တိုက်ပြီး မသွားဘဲ နေရမှာလဲ။ ဟွမ်ဟုပ် စိတ်မသက်မသာ ဖြစ်အောင် လုပ်သလို ဖြစ်နေမှာပေါ့"

နန်းဆောင်ပြောင်းရွှေ့ခြင်းသည် အနောက်နန်းဆောင်၏ အာဏာလွှဲပြောင်းခြင်းကို ဆိုလိုသည်။

သူမသည် ယောက္ခမတစ်ယောက်အနေဖြင့် ချွေးမဖြစ်သူကို အနှောင့်အယှက် မပေးလိုပေ။ ဖယ်ပေးသင့်သည့်အချိန်တွင် လျင်လျင်မြန်မြန် ဖယ်ပေးလိုက်ခြင်းက ပိုကောင်းသည်။

ဟွေ့အန်းကုန်းကျူသည် ထိုသဘောတရားကို နားမလည်တာ မဟုတ်ဘဲ မိခင်ဖြစ်သူကို သနားသည့်စိတ်ကြောင့် လက်မခံချင်ခြင်းသာ။ မယ်တော်ကြီးချောင် ပြောသည်ကို ကြားလိုက်ရသည့်အခါ ဟွေ့အန်းကုန်းကျူက စိတ်မကောင်းစွာ ပြောလိုက်သည်။ "နောင်ကျရင် သမီး နန်းတော်ထဲ လာရင် အာ့တိမေ့ကို ဂါရဝပြုရတော့မှာပေါ့"

မယ်တော်ကြီးချောင်က သူမကို တစ်ချက် ကြည့်လိုက်ကာ "မင်းက ဟွမ်ဟုပ်ကို လေးစားရင် ဟွမ်ဟုပ်ကလည်း မင်းကို ပြန်လေးစားမှာပါ။ မင်းက ဟွမ်ဟုပ်ကို ဒုက္ခသွားမပေးနဲ့။ ပြီးတော့ ကိုယ်က အရှင်မင်းကြီးရဲ့ အစ်မအရင်းဆိုပြီး ဟွမ်ဟုပ်ကို ဖိနှိပ်ဖို့ မကြိုးစားနဲ့"

လုမင်ယွိ အိမ်ထောင်ကျစက ဟွေ့အန်းကုန်းကျူသည် ယောက်မကြီးလုပ်ကာ အနိုင်ကျင့်ဖူးသည်။ ရလဒ်က ဘာဖြစ်သွားသနည်း။

နှစ်ခါလောက် ထိပ်တိုက်တွေ့ပြီးနောက် ဟွေ့အန်းကုန်းကျူသည် ငြိမ်ကုပ်သွားခဲ့ရသည်။

ဒီနှစ်တွေအတွင်း ဟွေ့အန်းကုန်းကျူနှင့် လုမင်ယွိတို့သည် ရံဖန်ရံခါ စကားများတတ်ကြသော်လည်း အများအားဖြင့်တော့ သင့်မြတ်ကြသည်။ ယခု လုမင်ယွိသည် မိဖုရားခေါင် ဖြစ်လာပြီး သာ့ဝေတိုင်းပြည်၏ အမြင့်မြတ်ဆုံး အမျိုးသမီး ဖြစ်လာခဲ့ပြီ။

ဟွေ့အန်းကုန်းကျူ အနေဖြင့် အေးအေးဆေးဆေး နေချင်လျှင် ထက်မြက်လွန်းသည့် ဤညီမတော်နှင့် ပြဿနာမဖြစ်အောင် နေတာ အကောင်းဆုံးပင်။

မယ်တော်ကြီးချောင်၏ သတိပေးစကားကို ဟွေ့အန်းကုန်းကျူ နားထဲရောက်သွားပြီး ခေါင်းညိတ်လိုက်သည်။ "ကျွန်မက မူဟုပ်ရှေ့မှာမို့လို့ ညည်းပြတာပါ။ မူဟုပ် စိတ်ချပါ။ ကျွန်မ အနေအထိုင် ဆင်ခြင်ပါ့မယ်"

မယ်တော်ကြီးချောင်သည် မျက်မှောင်ကြုတ်ထားရာမှ ပြေလျော့သွားပြီး ပြုံးလိုက်၏။ "အိုက်ကျားမှာ တခြား ဘာဆန္ဒမှ မရှိပါဘူး။ မင်းတို့ မောင်နှမတွေ အချင်းချင်း ချစ်ချစ်ခင်ခင်နဲ့ သင့်သင့်မြတ်မြတ် နေကြရင် ကျေနပ်ပါပြီ"

ဟွေ့အန်းကုန်းကျူသည် ကွယ်လွန်သွားပြီဖြစ်သော လီယိနှင့် လီချန်၊ နယ်စပ်သို့ နယ်နှင်ဒဏ် ခံလိုက်ရသော လီဟောက်တို့ကို သတိရမိပြီး စိတ်ထဲတွင် ဝမ်းနည်းသလို ခံစားလိုက်ရသည်။

သူမသည် မယားငယ်က မွေးသော မောင်များကို သိပ်သဘောမကျခဲ့ပေ။ သို့သော် သွေးသားတော်စပ်သူများ ဖြစ်နေသည့်အတွက် သေတဲ့လူကသေ၊ နယ်နှင်ဒဏ်ခံရတဲ့လူကခံရ ဖြစ်နေသည်ကို တွေးမိတိုင်း စိတ်မကောင်း ဖြစ်မိသည်။

"စစ်တိနဲ့ လျို့တိပဲ ကျန်တော့တယ်" ဟွေ့အန်းကုန်းကျူက ရုတ်တရက် ဆိုလိုက်သည်။

မယ်တော်ကြီးချောင်က ခဏမျှ တိတ်ဆိတ်နေပြီးမှ တိုးတိုးလေး ပြောလိုက်၏။ "လီရှန်းက နယ်မြေအပိုင်စားရပြီး စောစော ထွက်သွားချင်နေတာ။ အရှင်မင်းကြီးကလည်း ခွင့်ပြုလိုက်ပြီ။ ယန်ချူဒေသက ပုန်ကန်မှု ပြီးသွားတာနဲ့ သူ့ကို နယ်စားဘွဲ့ပေးပြီး စေလွှတ်လိုက်မှာပါ"

"ရှောင်လျို့ (လျို့တိ) ကတော့ စကားသင်ခါစ ကလေးလေးပဲ ရှိသေးတာ။ အရှင်မင်းကြီးက သူ့ကို အပြစ်ပေးမှာ မဟုတ်ပါဘူး။ ဟွမ်ဟုပ်က ပြတ်သားတယ် ဆိုပေမဲ့ သာမန်မိန်းမတွေထက် သဘောထားကြီးပါတယ်။ ကလေးတစ်ယောက်ကို ဒုက္ခပေးမှာ မဟုတ်ပါဘူး။ အိုက်ကျား သူ့ကို ယုံမေ့နန်းဆောင် ခေါ်သွားပြီး မွေးစားထားလိုက်မယ်"

ဟွေ့အန်းကုန်းကျူသည် သက်ပြင်းတစ်ချက် ခပ်ဖွဖွချလိုက်ပြီး ဆက်လက် စကားမဆိုတော့ပေ။

……

လဝက်ခန့် ကြာပြီးနောက် မိဖုရားခေါင် တင်မြှောက်ပွဲ အခမ်းအနားကို နန်းတော်တွင် ကျင်းပလေသည်။

ဧကရာဇ်အသစ်သည် တစ်ရက်ခန့် အနားယူကာ မိဖုရားခေါင်၏ ဘေးတွင် အဖော်ပြုနေခဲ့သည်။

ကျောက်ထိုက်ဟွမ်ထိုက်ဟုပ် (အဘွားတော်ကြီး) သည် ရူးကြောင်ကြောင်ဖြစ်နေပြီး ရံဖန်ရံခါ ထဖောက်တတ်သည်။ ထို့ကြောင့် ယနေ့လို အခမ်းအနားမျိုးတွင် လူလုံးထွက်ပြရန် မသင့်တော်ပေ။ ချင်ထိုက်ဖေးလည်း မလာရောက်ဘဲ ရှို့နင်နန်းဆောင်တွင်သာ နေရစ်ကာ ထိုက်ဟွမ်ထိုက်ဟုပ်ကို ပြုစုစောင့်ရှောက်နေသည်။ အနောက်နန်းဆောင်မှ ကျန်ရှိသော ထိုက်ဖေးများ အားလုံး တက်ရောက်ကြသည်။

မယ်တော်ကြီးချောင် ကိုယ်တိုင် မိဖုရားခေါင်ကို ဇာမဏီသရဖူ ဆောင်းပေးပြီး ဇာမဏီတံဆိပ်တုံးကို လက်ရောက်အပ်နှင်းလေသည်။ မြို့တော်မှ အဆင့် ၃ နှင့်အထက် ကတော်များသည် နန်းတော်ထဲသို့ ဝင်ရောက်ကာ ဤအခမ်းအနားကို မျက်မြင်ကိုယ်တွေ့ သက်သေပြုကြသည်။

ကတော်များအားလုံး စိတ်ထဲတွင် ချီးကျူးလိုက်ကြသည်။

မယ်တော်ကြီးချောင်သည် သဘောထားကြီးပြီး ချွေးမဖြစ်သူကို နေရာပေးတတ်ရာ လောကတွင် ရှားပါးလှသည့် ယောက္ခမကောင်း တစ်ယောက်ပင်။

တရားဝင် မိဖုရားခေါင်အဖြစ် တင်မြှောက်ခံရသော လုမင်ယွိသည်လည်း ယခုအချိန်တွင် ရင်ထဲ၌ စိတ်လှုပ်ရှားကာ ကြည်နူးနေမိသည်။

ယခင်ဘဝက မိဖုရားခေါင် တင်မြှောက်ခံရစဉ်က အဖြစ်အပျက်များသည် ဝေဝါးနေပြီ ဖြစ်သော်လည်း ယခုအချိန်တွင် ပြန်လည် ပေါ်လာပြန်သည်။ မယ်တော်ကြီးစူး၏ ဟန်ဆောင်မျက်နှာဖုံးသည် မျက်စိရှေ့တွင် တစ်ချက် ဖြတ်ခနဲ ပေါ်လာပြီးနောက် နောက်ဆုံးတွင် ကြင်နာသဘောကောင်းသော မယ်တော်ကြီးချောင်၏ မျက်နှာကိုသာ မြင်တွေ့လိုက်ရတော့သည်။

"မင်ယွိ" မယ်တော်ကြီးချောင်သည် သူမအနားသို့ တိုးကပ်လာပြီး သူမသာ ကြားနိုင်မည့် အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ဒီနေ့ကစပြီး မင်းက သာ့ဝေတိုင်းပြည်ရဲ့ မိဖုရားခေါင် ဖြစ်သွားပြီ။ အိုက်ကျား ဆုတောင်းပေးပါတယ်၊ မင်းနဲ့ အရှင်မင်းကြီး ရာသက်ပန် ချစ်ချစ်ခင်ခင် ပေါင်းသင်းပြီး သစ္စာပျက်တာမျို ဘယ်တော့မှ မဖြစ်ပါစေနဲ့လို့"

လုမင်ယွိ၏ မျက်ဝန်းထဲတွင် မျက်ရည်စများ ဝေ့သီလာပြီး တိုးတိုးလေး ပြန်ဖြေလိုက်သည်။ "မူဟုပ်ကို ကျေးဇူးတင်ပါတယ်"

မယ်တော်ကြီးချောင်သည် ပြုံးလိုက်ပြီး လုမင်ယွိ၏လက်ကို တင်းတင်းလေး ဆုပ်ကိုင်ကာ ပြန်လွှတ်ပေးလိုက်သည်။

တင်မြှောက်ပွဲ အခမ်းအနား ပြီးဆုံးပြီးနောက် ကျောင်းဖန်နန်းဆောင်တွင် ခမ်းနားထည်ဝါသော စားသောက်ပွဲကြီးကို ကျင်းပလေသည်။

လုမင်ယွိသည် မယ်တော်ကြီးချောင်ကို ထိပ်ဆုံးခုံတွင် ထိုင်ရန် အတင်းအကျပ် တောင်းဆိုသဖြင့် မယ်တော်ကြီးချောင်မှာ မငြင်းသာဘဲ ပျော်ရွှင်စွာဖြင့် ထိပ်ဆုံးခုံတွင် ဝင်ထိုင်လိုက်ရသည်။ ထို့နောက် ဖူယန်မြို့စားကတော်နှင့် တုန်းပင်ကျွင်းဝမ်ဖေးတို့ကို ရယ်မောကာ ပြောလိုက်သည်။ "ဟွမ်ဟုပ်က ဒီလောက်တောင် လိမ္မာပြီး သိတတ်တော့ အိုက်ကျား တကယ် ကံကောင်းတာပဲ"

တုန်းပင်ကျွင်းဝမ်ဖေးက အလုအယက် ဝင်ပြောလိုက်သည်။ "ဟွမ်ဟုပ်က ရိုးသားဖြူစင်ပြီး မိဘကို ရိုသေတာ ကမ္ဘာပေါ်က အမျိုးသမီးတွေ အတုယူစရာပါပဲ"

ဖူယန်မြို့စားကတော်ကလည်း မျက်နှာချိုသွေးကာ ပြောလိုက်သည်။ "ဟုတ်တာပေါ့။ ကျွန်မတို့အားလုံး ဟွမ်ဟုပ်ကို စံပြအနေနဲ့ ထားလိုက်ရင် အိမ်တွင်းရေး သာယာပြီး မိသားစု စည်ပင်ဝပြောမှာ အသေအချာပါပဲ"

ကတော်များအားလုံး တညီတညွတ်တည်း ဝိုင်းဝန်းမြှောက်ပင့်ကြတော့သည်။

လုမင်ယွိသည် ပြုံးလိုက်ပြီး ထိုချီးကျူးစကားများကို တည်ငြိမ်စွာ လက်ခံလိုက်လေသည်။

မိဖုရားခေါင်ဘေးတွင် ထိုင်နေသော ဧကရာဇ် လီကျင့်ကလည်း မျက်နှာပြောင်တိုက်ကာ ဝင်ပြောလိုက်သည်။ "ခင်ဗျားတို့က ဟွမ်ဟုပ်ကိုပဲ ဝိုင်းချီးကျူးနေကြတာ၊ ကျန်းကိုကျတော့ တစ်ယောက်မှ မချီးကျူးကြဘူး"

ကတော်များအားလုံး ပါးစပ်ကိုအုပ်ကာ ရယ်မောလိုက်ကြသည်။

မိဖုရားခေါင် တင်မြှောက်ပွဲတွင် မှူးမတ်များ တက်ရောက်ရန် မလိုအပ်ပေ။ ဧကရာဇ်လည်း မတက်ရောက်ဘဲ နေနိုင်သည်။ သို့သော် ဧကရာဇ်က ဇွတ်အတင်း လာရောက်ပြီး တစ်နေကုန် အဖော်လုပ်ပေးနေသည်ကို ဘယ်သူကမှ အလိုက်ကမ်းဆိုးမသိဘဲ ဝေဖန်နေမည် မဟုတ်ပေ။

လုမင်ယွိလည်း ရယ်မောလိုက်မိပြီး လီကျင့်ကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်။

ရှက်ကို မရှက်ဘူး။

လီကျင့်က သွားဖြဲပြီး ရယ်ပြလိုက်ကာ ကျယ်ပြန့်သော အင်္ကျီလက်အောက်မှ လက်ကိုဆန့်ထုတ်ပြီး လုမင်ယွိ၏လက်ကို မြဲမြံစွာ ဆုပ်ကိုင်လိုက်သည်။

သူ၏လက်သည် နွေးထွေးပြီး အားအင်ပြည့်ဝနေသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ အပူချိန်များသည် သူမ၏ လက်ထဲသို့ ကူးစက်စီးဆင်းသွားသယောင် ခံစားလိုက်ရသည်။

လုမင်ယွိ၏ ရင်ထဲတွင် နွေးထွေးသွားပြီး ပါးပြင်ပေါ်တွင် ပန်းရောင်သမ်းလာကာ သုံးလပိုင်း၏ မက်မွန်ပန်းပွင့်လေးသဖွယ် လှပကျက်သရေ ရှိနေတော့သည်။

လီကျင့်သည် ကြည့်ရင်းဖြင့် ရင်ထဲတွင် ပူလောင်လာခဲ့သည်။

လွန်ခဲ့သည့် လအနည်းငယ်အတွင်း သူသည် ကျန်းမာရေးကို ဂရုစိုက်ပြီး ကုသနေခဲ့သည်။ လုမင်ယွိ၏ ရင်ဘတ်မှ ဒဏ်ရာသည်လည်း တဖြည်းဖြည်း သက်သာပျောက်ကင်းလာပြီ ဖြစ်သော်လည်း အားအင်ချိနဲ့နေဆဲပင်။ ဤအခြေအနေသည် ခဏနှင့် ပြန်ကောင်းလာမည် မဟုတ်ဘဲ အနည်းဆုံး တစ်နှစ် နှစ်နှစ်လောက် အချိန်ယူရဦးမည်။

နှစ်ယောက်သား နေ့စဉ် အတူအိပ်စက်ကြသော်လည်း အတူနေခြင်း မရှိခဲ့ကြပေ။

သူမ၏ မျက်နှာလေး နီရဲပြီး ကျန်းမာရွှင်လန်းနေသည်ကို ကြည့်ရသည်မှာ နည်းနည်းလောက် အချစ်စမ်းကြည့်လျှင် ရလောက်ပြီ ထင်သည်။

ဂုဏ်သရေရှိ ဧကရာဇ်တစ်ပါးသည် တည်ကြည်လေးနက်သော မျက်နှာထားဖြင့် သူ့စိတ်ထဲက အတွေးများကို လွှတ်ထားလေတော့သည်။

...

အပိုင်း (၆၉၃) Extra - မိဖုရားခေါင် (၂)

ထိုနေ့ည ကျောင်းဖန်နန်းဆောင်...

ကျယ်ဝန်းပြီး ခိုင်ခံ့သော ဇာမဏီသလွန်တော်ကို အနီရောင်ပိတ်ပါးစများဖြင့် ကာရံထားသည်။

ပိတ်ပါးစများသည် အကြောင်းအမျိုးမျိုးကြောင့် ခပ်ဖွဖွလေး လှုပ်ခါနေပြီး တစ်ခါတစ်ရံတွင် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အသံလေးများ ထွက်ပေါ်လာတတ်သည်။ အချိန်အတော်ကြာမှသာ ပိတ်ပါးစများ ငြိမ်သက်သွားတော့သည်။

လီကျင့်သည် ကျေနပ်အားရစွာ သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ပြီး ကိုယ်ကိုစောင်းကာ လုမင်ယွိကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်၏။

လုမင်ယွိ၏ အသက်ရှူသံများ မြန်ဆန်နေပြီး မျက်လုံးများ မှိတ်ထားကာ နဖူးပေါ်တွင် ချွေးသီးချွေးပေါက်လေးများ စို့နေသည်။

ခဏကြာမှ လုမင်ယွိသည် မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ လီကျင့်၏ တောက်လောင်နေသော မျက်ဝန်းနက်ကြီးများနှင့် တည့်တည့်တိုးသွားလေသည်။

ကြာမှတွေ့ရတော့ အချစ်သစ်နဲ့တူ ဆိုသည့် စကားအတိုင်းပင်။

လင်မယားနှစ်ယောက် အတူမနေဖြစ်သည်မှာ တစ်နှစ်နီးပါး ရှိပြီဖြစ်၍ ဒီညက ပိုပြီး ပြင်းထန်ကာ တွယ်တာနေမိကြသည်။

လုမင်ယွိသည် လီကျင့်၏ စူးရှလှသော အကြည့်များကြောင့် မျက်နှာများ နီရဲလာပြီး မျက်စောင်းတစ်ချက် ထိုးလိုက်သည်။ "ရှင်က ကျန်းမာရေးပြန်ကောင်းအောင် နေနေရတုန်းလေ။ ကျွန်မကလည်း အားနည်းနေသေးတယ်။ နည်းနည်းလောက် ထိန်းသိမ်းဦးမှပေါ့။ သောင်းကျန်းမနေနဲ့တော့"

လီကျင့်က တိုးတိုးလေး ရယ်မောလိုက်သည်။ "ကိုက မင်းကို ကြည့်နေရုံပါပဲ။ နောက်တစ်ခေါက် ထပ်လုပ်ဖို့ ဘယ်မှာ အားရှိတော့မှာလဲ"

လုမင်ယွိ၏ ပါးပြင်များသည် ပို၍ နီရဲလာပြီး သူ့ကို နှာခေါင်းရှုံ့လိုက်တော့သည်။

လီကျင့်က ဆက်လက် ရယ်မောနေပြီး ခေါင်းကို တိုးကပ်လာကာ သူမ၏ နှုတ်ခမ်းကို ဖွဖွလေး နမ်းလိုက်လေသည်။

လင်မယားနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ဖက်ထားရင်း တိုးတိုးလေး စကားစမြည် ပြောဆိုနေကြသည်။

"မူဟုပ်က ကျွန်မအပေါ် တကယ်ကောင်းတာပဲ" လုမင်ယွိက တိုးတိုးလေး ပြောလိုက်သည်။ "ကျွန်မက နှစ်သစ်ကူးဖို့ တစ်လလောက်ပဲ လိုတော့တာဆိုတော့ မူဟုပ်ကို ကျောင်းဖန်နန်းဆောင်မှာ နှစ်သစ်ကူးပြီးမှ ပြောင်းခိုင်းမလို့ စိတ်ကူးထားတာ။ ဒါပေမဲ့ မူဟုပ်က ကိုယ့်သဘောနဲ့ကိုယ် စောစောပြောင်းပေးပြီး ကျောင်းဖန်နန်းဆောင်ကို ရှင်းပေးထားမယ်လို့ ထင်မထားခဲ့ဘူး"

"ဒီနေ့က မိဖုရားခေါင် တင်မြှောက်ပွဲ ပြီးတာနဲ့ ကျွန်မက ဒီညပဲ ကျောင်းဖန်နန်းဆောင်မှာ နေလို့ရသွားပြီ။ ဒါတွေအားလုံးက မူဟုပ်ရဲ့ သဘောထားကြီးမှုတွေပါပဲ"

အနောက်နန်းဆောင်၏ အာဏာလုပွဲများသည် ညီလာခံမှ နိုင်ငံရေးတိုက်ပွဲများထက် လုံးဝ လျော့နည်းခြင်း မရှိပေ။

ယခင်ဘဝက မယ်တော်ကြီးစူးသည် နေရာတိုင်းတွင် သူမကို အပြစ်ရှာကာ ရက်စက်ခဲ့သည်။ အကြောင်းမှာ ချွေးမဖြစ်သူ မျက်နှာပွင့်လန်းပြီး စိတ်ချမ်းသာနေသည်ကို မကြည့်ရက်၍ပင်။

မယ်တော်ကြီးချောင်ကတော့ နေရာတိုင်းတွင် သူမအတွက် စဉ်းစားပေးသည်။ ဤစေတနာ မေတ္တာတရားသည် ကျောက်တုံးကျောက်ဆောင်လို မာကျောသော နှလုံးသားကိုပင် အရည်ပျော်သွားစေနိုင်သည်။

လီကျင့်က ပြုံးလိုက်ပြီး "မင်းကို အမှန်အတိုင်း ပြောရရင် မူဟုပ်က ကိုယ့်ကို သီးသန့်ခေါ်ပြီး မှာလိုက်သေးတယ်။ ကိုယ် ဧကရာဇ်အဖြစ် အဆင်ပြေချောမွေ့စွာ နန်းတက်နိုင်တာက မင်းရဲ့ ကျေးဇူးအများဆုံးပဲတဲ့။ ပြီးတော့ ယွဲ့ဖုတို့ မိသားစုကလည်း ကိုယ့်ကို မယိမ်းမယိုင် ထောက်ခံပေးခဲ့ကြတာလေ။ ဒါကြောင့် ကိုယ်က မင်းကို ကောင်းကောင်း ဆက်ဆံရမယ်၊ လုမိသားစုအပေါ်လည်း ကောင်းကောင်း ဆက်ဆံရမယ်လို့ မှာလိုက်တယ်"

မယ်တော်ကြီးချောင် ပြောလိုက်သည်မှာ ဤမျှမကသေးပေ။

သားအမိနှစ်ယောက်တည်း ရှိနေချိန်တွင် ပြောမထွက်သည့် စကားဟူ၍ မရှိပေ။

မယ်တော်ကြီးချောင်သည် စကားကို ကွေ့ဝိုက်မနေဘဲ လီကျင့်ကို တဲ့တိုးပင် ပြောလိုက်သည်။ "မင်ယွိရဲ့ စိတ်နေစိတ်ထားကို သားက ဘယ်သူ့ထက်မဆို ပိုသိမှာပါ။ သူက သားအတွက်ဆိုရင် အသက်တောင် ပေးရဲတဲ့သူပါ"

"ဒါပေမဲ့ သူ့မျက်လုံးထဲမှာ သဲတစ်ပွင့်တောင် ဝင်လို့မခံဘူး။ သားက နောက်ထပ် မိန်းမလှလေးတွေကို ကိုယ်လုပ်တော် မြှောက်ဖို့ မစဉ်းစားနဲ့တော့။ သူ့နဲ့ပဲ အေးအေးဆေးဆေး နေလိုက်ပါ။ မဟုတ်ရင် သူ့ရဲ့ စိတ်ထားနဲ့ဆို နန်းတော်ကြီး ပြောင်းပြန်လှန်သွားရင်တောင် မဆန်းဘူး"

လုမင်ယွိ၏ ထက်မြက်မှုကိုတော့ ပြောနေစရာ မလိုတော့ပေ။ သူမ၏ နောက်ကွယ်တွင် သမီးဖြစ်သူကို အသက်ထက်မက ချစ်ခင်ပြီး စစ်အင်အား အများအပြား ပိုင်ဆိုင်ထားသော ရှင်းယန်ဝမ်လည်း ရှိနေသေးသည်။ အကယ်၍များ ရန်ဘက်ဖြစ်သွားခဲ့လျှင် ကွမ်းပင်းနယ်စားလို ပုန်ကန်ထကြွပြီး သာ့ဝေတိုင်းပြည်၏ နဂါးပလ္လင်ကို လူစားလဲပစ်လိုက်နိုင်သည်အထိ ဖြစ်သွားနိုင်သည်။

သူသည် မိခင်ဖြစ်သူကို ဘာမှ ပြန်မရှင်းပြဘဲ ပြုံးရုံသာ ပြုံးပြလိုက်သည်။ "မူဟုပ် စိတ်မပူပါနဲ့။ သားနဲ့ ရှောင်ယွိတို့ အမြဲတမ်း အဆင်ပြေနေမှာပါ"

ထိုစကားများကို လီကျင့်က လုမင်ယွိကို ပြန်မပြောပြခဲ့ပေ။

လုမင်ယွိကလည်း ဆက်မမေးဘဲ လီကျင့်၏ ရင်ခွင်ထဲတွင် ခေါင်းမှီကာ သူ၏ နှလုံးခုန်သံကို ငြိမ်သက်စွာ နားထောင်ရင်း တဖြည်းဖြည်း အိပ်ပျော်သွားတော့သည်။

လူတစ်ယောက်၏ စစ်မှန်သော နှလုံးသားကို အမြဲတမ်း ပါးစပ်ဖျားတွင် တင်ထားစရာ မလိုပေ။

အချိန်ကြာလာသည်နှင့်အမျှ ရွှေအစစ်သည် မီးအစစ်ကို ခံနိုင်ရည်ရှိကြောင်း သက်သေပြလိမ့်မည်။

……

နောက်တစ်နေ့တွင် ဧကရာဇ်သည် မနက်ခင်း ညီလာခံသို့ တစ်နာရီ နောက်ကျမှ ရောက်ရှိလာသည်။

ကျင်းလွမ်နန်းဆောင်မှ မှူးမတ်များသည် စောင့်ဆိုင်းရင်းဖြင့် စိတ်ထဲတွင် တီးတိုး ဝေဖန်နေကြသည်။

သို့သော် ဧကရာဇ်နှင့် မိဖုရားခေါင်တို့ ချစ်ခင်စုံမက်ခြင်းသည် တိုင်းပြည်အတွက် ကောင်းသောအရာပင်။ မည်သည့်နေရာက ရောက်လာမှန်းမသိသော မိန်းမလှလေးတစ်ယောက်ကို အချစ်လွန်ပြီး ညီလာခံ နောက်ကျခြင်း မဟုတ်သည့်အတွက် သူတို့အနေဖြင့် ပါးစပ်ပိတ်နေခြင်းက ပိုကောင်းပေလိမ့်မည်။

လီကျင့်သည် ခြေလှမ်းသွက်သွက်ဖြင့် ဝင်ရောက်လာပြီး သူ့ကိုယ်သူ ဝန်ခံလိုက်၏။ "ကျန်း ဒီမနက် နည်းနည်း အိပ်ရာထ နောက်ကျသွားလို့ ညီလာခံ နောက်ကျသွားတယ်။ နောက်တစ်ခါ မဖြစ်စေရဘူး!"

တကယ်တမ်းတော့ အပျော်အပါး မက်လို့ နေမှာပေါ့!

မှူးမတ်များအားလုံး နှုတ်ခမ်းမဲ့လိုက်ကြသည်။

ချောင်ကောလောင်က ချောင်းတစ်ချက် ဟန့်လိုက်ပြီး "တစ်ခါတလေ နောက်ကျတာ ကိစ္စမရှိပါဘူး။ အရှင်မင်းကြီးက ကိုယ့်ကိုယ်ကိုယ် စည်းကမ်းတင်းကြပ်တာ သာ့ဝေတိုင်းပြည်အတွက် ကံကောင်းခြင်း ဖြစ်သလို ကျွန်တော်မျိုးတို့ မှူးမတ်တွေအတွက်လည်း ကံကောင်းခြင်းပါပဲ"

ထို့နောက် တိုင်းရေးပြည်ရာများကို လျင်မြန်စွာ လျှောက်တင်ကာ လူအများ၏ အာရုံကို တိုတောင်းသော အချိန်အတွင်း လွှဲပြောင်းလိုက်လေသည်။

မှူးမတ်များကလည်း ဝိုင်းဝန်း ပံ့ပိုးပေးကြသည်။ ဧကရာဇ် ညီလာခံ နောက်ကျသည့် ကိစ္စသည် ထိုကဲ့သို့ပင် ပေါ့ပေါ့ပါးပါး ပြီးဆုံးသွားလေသည်။

ညီလာခံ တစ်ဝက်ကျိုးချိန်တွင် သတင်းကောင်းတစ်ခု ရောက်ရှိလာသည်။

"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်" ယခု ဖူနဉ်နန်းဆောင်၏ အတွင်းနန်းဆောင်မှူး ဖြစ်နေသော ရှောင်ယွမ်ကုန်းကုန်းသည် ဝမ်းသာအားရ မျက်နှာထားဖြင့် အလျင်အမြန် ဝင်ရောက်လာသည်။ "ရှင်းယန်ဝမ်က ယန်ဒေသမှာ စစ်ပွဲနိုင်ပြီး ယန်စစ်သည် ၁၀၀၀ ကျော်ကို သုတ်သင်နိုင်ခဲ့ပါတယ်"

လီကျင့်သည် အလွန် ဝမ်းသာသွားပြီး ချက်ချင်းပင် အမိန့်ပေးလိုက်သည်။ "သတင်းပို့တဲ့သူ ဘယ်မှာလဲ။ နန်းဆောင်ထဲ ဝင်ခွင့်ပြုလိုက်။ ကျန်း ကိုယ်တိုင် မေးမြန်းချင်တယ်"

ခဏအကြာတွင် စစ်သတင်း လာပို့သူသည် ကျင်းလွမ်နန်းဆောင်ထဲသို့ ဝင်ရောက်လာသည်။

ထိုသူသည် အရပ်မြင့်မြင့် ဗလတောင့်တောင့်နှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး မျက်လုံးများက တောက်ပနေကာ အသံမှာလည်း ခေါင်းလောင်းထိုးသံကဲ့သို့ ကျယ်လောင်လေသည်။ သူသည် လုလင်း အယုံကြည်ရဆုံး ကိုယ်ရံတော်တစ်ဦး ဖြစ်သည်။ လီကျင့်သည် တစ်ချိန်က ယောက္ခမနှင့်အတူ စစ်တိုက်ခဲ့ဖူးသဖြင့် ထိုကိုယ်ရံတော်နှင့် မစိမ်းသက်လှဘဲ နာမည်ကိုပင် တန်းခေါ်လိုက်သည်။ "လာကြဦး၊ လျောင်ဖေးကို ထိုင်ခုံပေးလိုက်ကြ"

ကိုယ်ရံတော် လျောင်ဖေးသည် အံ့အားသင့် ဝမ်းသာသွားပြီး ဒူးထောက်ကာ ဦးခိုက်အရိုအသေ ပြုလိုက်၏။

ရှောင်ယွမ်ကုန်းကုန်း ကိုယ်တိုင် သယ်လာပေးသော ထိုင်ခုံကိုလည်း ကိုယ်ရံတော်က ငြင်းဆန်ကာ မတ်တပ်ရပ်လျက်သာ ပြန်လည်လျှောက်တင်လေသည်။ "ကျွန်တော်မျိုးက စည်းကမ်းဖောက်ဖျက်ဖို့ မဝံ့ရဲပါဘူး။ စစ်သူကြီးရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက်အောင် မလုပ်နိုင်ပါဘူး။ အရှင်မင်းကြီး ခွင့်လွှတ်ပေးပါ"

ရှင်းယန်ဝမ်သည် စစ်တပ်ကို တင်းတင်းကြပ်ကြပ် အုပ်ချုပ်ပြီး စစ်စည်းကမ်းကို အလေးထားသည်။

ကိုယ်ရံတော်တစ်ယောက်ကပင် ဤမျှ စည်းကမ်းသေဝပ်ပြီး မှူးမတ်များနှင့် ဧကရာဇ်ရှေ့တွင် တည်ငြိမ်နေသည်မှာ အံ့ဩစရာပင်။

လူတိုင်းက စိတ်ထဲတွင် ရှင်းယန်ဝမ်ကို ချီးကျူးလိုက်ကြပြီး နားစွင့်နေကြသည်။

ရှင်းယန်ဝမ်သည် စစ်တပ်ကြီးကို ဦးဆောင်ပြီး ယန်ချူဒေသသို့ ရောက်ရှိသွားသည်။ သူသည် စစ်တပ်ကို ချက်ချင်း မခွဲဘဲ အင်အားစုစည်းကာ ယန်နယ်မြေထဲက ယန်စစ်သားများကို အရင်ဆုံး ရှင်းလင်းခဲ့သည်။ ဒီရက်ပိုင်းအတွင်း အောင်ပွဲသတင်းများ ဆက်တိုက် ရောက်ရှိလာခဲ့သည်။

မြို့တော်ရှိ ပြည်သူများ၏ စိတ်နှလုံးသည်လည်း လျင်မြန်စွာ တည်ငြိမ်သွားသည်။ ဧကရာဇ်အသစ် နန်းပလ္လင်ပေါ်တွင် မြဲမြံစွာ ထိုင်နိုင်ခြင်းသည် ရှင်းယန်ဝမ်၏ အကျိုးဆောင်မှု အများဆုံးပင်။

ယခု တိုက်ပွဲတွင် ရှင်းယန်ဝမ်သည် ယန်စစ်သားများကို အပြီးအပိုင် ချေမှုန်းနိုင်ခဲ့ပြီး ယန်ဒေသကို တည်ငြိမ်စေခဲ့သည်။ နောက်တစ်ဆင့် အနေဖြင့် ချူဒေသကို ငြိမ်ဝပ်ပိပြားအောင် ဆက်လက် ချီတက်ရမည်။

ဤစစ်ပွဲတွင် ကျောက်မိသားစုတပ်ကလည်း အများကြီး ကူညီခဲ့သည်။ စစ်ဆေးရေးမှူးအဖြစ် လိုက်ပါသွားသော စတုတ္ထမင်းသားသည် ကိုယ်တိုင်ကိုယ်ကျ ယန်စစ်သူကြီး၏ ခေါင်းကို ဖြတ်နိုင်ခဲ့ပြီး ကြီးမားသော အကျိုးဆောင်မှု ပြုလုပ်ခဲ့သည်။

လီကျင့်သည် နားထောင်ရင်းဖြင့် ကျေနပ်အားရကာ "ကောင်းတယ်" ဟူ၍ သုံးကြိမ်တိုင်တိုင် ပြောလိုက်လေသည်။

မှူးမတ်များကလည်း ပြုံးရွှင်နေကြသည်။ တစ်ယောက်က ရှင်းယန်ဝမ်၏ ရဲရင့်မှုကို ချီးကျူးလိုက်၊ နောက်တစ်ယောက်က ကျောက်မိသားစုတပ်၏ စွမ်းရည်ကို ချီးကျူးလိုက်နှင့် စတုတ္ထမင်းသား အကြောင်းကိုတော့ သိပ်မပြောကြပေ။

လီကျင့်သည် မှူးမတ်များ၏ စိတ်ထဲက အကြံအစည်လေးကို မသိချင်ယောင်ဆောင်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ "ဒီစစ်ပွဲမှာ စစ်တိက အကျိုးဆောင်မှု ကြီးကြီးမားမား လုပ်ခဲ့တာပဲ။ စစ်တပ်ကြီး ပြန်ရောက်လာရင် ကုသိုလ်အလိုက် ဆုချီးမြှင့်တဲ့အထဲမှာ စစ်တိကို ထိုက်ထိုက်တန်တန် ဆုချရမယ်"

ကြည့်ရတာ ဧကရာဇ်က စတုတ္ထမင်းသားအပေါ် တော်တော်လေး သံယောဇဉ်ရှိပုံရသည်။ မျက်နှာထားတွင် ဝမ်းသာမှုများသာ ရှိပြီး ဟန်ဆောင်သည့် အရိပ်အယောင် လုံးဝ မတွေ့ရပေ။

မှူးမတ်များလည်း တိတ်တဆိတ် သက်ပြင်းချလိုက်ကြသည်။

ရှင်းယန်ဝမ် စစ်ပွဲနိုင်သည့် သတင်းကောင်းသည် ကျောင်းဖန်နန်းဆောင်သို့ ရောက်ရှိလာရာ လုမင်ယွိသည် ပျော်ရွှင်ဝမ်းမြောက်နေတော့သည်။ လီရွှီနှင့် လီရွှမ်းတို့သည် စာသင်ဆောင်သို့ သွားရောက် ပညာသင်ကြားနေကြသဖြင့် သားငယ် လီဟန်သာ သူမဘေးတွင် ရှိနေသည်။

"မူဟုပ်" လီဟန်သည် ရက်အနည်းငယ် သင်ကြားပေးပြီးနောက်မှ နှုတ်ကျိုးကာ ခေါ်တတ်လာခြင်း ဖြစ်သည်။ "ဘာလို့ ဒီလောက် ပျော်နေရတာလဲ"

လုမင်ယွိက ပြုံးလိုက်ပြီး လီဟန်ကို ရင်ခွင်ထဲ ပွေ့ဖက်ကာ သားဖြစ်သူကို အားပါးတရ နမ်းလိုက်သည်။ "သားရဲ့ အဘိုးက စစ်ပွဲနိုင်လာလို့ မူဟုပ် ပျော်တာပေါ့"

လီဟန်သည် စစ်တိုက်သည်က ဘာမှန်း နားမလည်သော်လည်း မိခင်ဖြစ်သူ စိတ်ပျော်ရွှင်နေသည်ကို မြင်သောအခါ အခွင့်ကောင်းယူပြီး ပူဆာလိုက်သည်။ "မူဟုပ်၊ သား မြင်းအစစ် လိုချင်တယ်"

ဝါးမြင်းစီးရတာက မြင်းအစစ် စီးရတာလောက် ဘယ်မှာ ခန့်ညားလို့လဲ!

အစ်ကိုနှင့် အစ်မတို့ မြင်းစီးသင်နေသည်ကို သူ အရမ်းအားကျနေပြီး သူလည်း သင်ချင်နေသည်။

လုမင်ယွိက ရယ်မောလိုက်ပြီး လီဟန်၏ နှာခေါင်းလေးကို လက်ညှိုးနှင့် တို့ထိလိုက်ကာ "သားက ငယ်လွန်းသေးတယ်။ နောက် ၂ နှစ်လောက်နေရင် မင်းကို မြင်းတစ်ကောင် လက်ဆောင်ပေးမယ်။ ပြီးရင် ကိုယ်တိုင် မြင်းစီးသင်ပေးမယ်"

...

All Chapters