အခန်း (၆၉၄-၆၉၆)
Vol. 47 Ch. 694-696
အပိုင်း (၆၉၄) Extra - မိဖုရားခေါင် (၃)
ရှင်းယန်ဝမ်သည် ယန်ဒေသတွင် စစ်ပွဲကြီးနိုင်လာသော သတင်းကောင်းမှာ နန်းတော်ထဲတွင် လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။
အနောက်နန်းဆောင်မှ ထိုက်ဖေးများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ကျောင်းဖန်နန်းဆောင်သို့ လာရောက်ကာ ဂုဏ်ပြုစကား ဆိုကြသည်။
ယခင် ဧကရာဇ်မင်းသည် နတ်ရွာစံသွားပြီ ဖြစ်သဖြင့် ယခုအခါ ဧကရာဇ်သစ် လီကျင့်၏ ခေတ်ကာလ ရောက်ရှိလာခဲ့လေပြီ။ လုမင်ယွိသည်လည်း အလယ်နန်းဆောင်၏ မိဖုရားခေါင် ဖြစ်လာခဲ့ပြီ။ ထိုက်ဖေးများအနေဖြင့် အေးအေးဆေးဆေး နေချင်ကြလျှင် မိဖုရားခေါင်နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိရန် လိုအပ်လေသည်။
အထူးသဖြင့် ယန်ထိုက်ဖင်သည် အလွန် မျက်နှာချိုသွေးကောင်းသူ ဖြစ်သည်။
သူမ၏ သားဖြစ်သူ လီမင်သည် အသက်တစ်နှစ်ကျော်သာ ရှိသေးပြီး လမ်းလျှောက်၍ပင် မကောင်းသေးပေ။ ကလေးကို မယ်တော်ကြီးချောင်က ယုံမေ့နန်းဆောင်တွင် ခေါ်ယူစောင့်ရှောက်ထားသည်။ လုမင်ယွိသည် နေ့စဉ် မယ်တော်ကြီးချောင်ထံသို့ သွားရောက် ဂါရဝပြုလေ့ရှိသဖြင့် လီမင်ကို အမြဲလိုလို တွေ့မြင်နေရသည်။
လုမင်ယွိက လက်တစ်ဖက် ကြွလိုက်ရုံနှင့် လီမင်သည် ဘေးကင်းစွာ ကြီးပြင်းလာနိုင်လိမ့်မည်။ အခြေအနေက လူကို ဖိအားပေးနေသည် ဖြစ်ရာ ယန်ထိုက်ဖင် အနေဖြင့် ခေါင်းမငုံ့လို့ မရတော့ပေ။
ယန်ထိုက်ဖင်သည် မျက်နှာတွင် အပြုံးများ အပြည့်ဆင်မြန်းလျက် ရှင်းယန်ဝမ်ကို မနားတမ်း ချီးကျူးစကား ဆိုနေတော့သည်။
လုမင်ယွိသည် စိတ်ကြည်နေသဖြင့် ယန်ထိုက်ဖင်ကို ကြည့်ရသည်မှာ မျက်စိထဲတွင် အနည်းငယ် အဆင်ပြေနေပြီး ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်သည်။ "ပန်ကုံး မနေ့က ယုံမေ့နန်းဆောင်ကို သွားပြီး ဂါရဝပြုရင်း လျို့တိကို တွေ့ခဲ့တယ်။ သူက လေးငါးလှမ်းလောက်တောင် လျှောက်နိုင်နေပြီ။ ကျန်းမာသန်စွမ်းပြီး အရမ်းချစ်ဖို့ကောင်းတာပဲ"
သားအကြောင်း ကြားလိုက်ရသည်နှင့် ယန်ထိုက်ဖင်၏ မျက်နှာသည် ဝင်းပသွားပြီး တရစပ် ပြန်ပြောလိုက်သည်။ "ဒါတွေအားလုံးက မယ်တော်ကြီး ကောင်းကောင်း ကျွေးမွေးစောင့်ရှောက်ထားလို့ပါ"
သူမလည်း သဘောပေါက် နားလည်သွားပြီ ဖြစ်သည်။ သားဖြစ်သူကို မယ်တော်ကြီးနားမှာ ထားတာက သူမနားမှာ ထားတာထက် ပိုကောင်းသည်။ မယ်တော်ကြီးသည် စိတ်သဘောထား နူးညံ့ပြီး ကလေးအပေါ် ရက်စက်မည့်သူ မဟုတ်။ လုမင်ယွိကလည်း မယ်တော်ကြီးကို မျက်နှာထောက်ပြီး ကလေးကို စောင့်ရှောက်ပေးလိမ့်မည်။
ကလေး ဘေးကင်းစွာ ကြီးပြင်းလာဖို့သာ အဓိက ဖြစ်ပြီး မျက်စိရှေ့မှာ ရှိမနေတာက အရေးမကြီးပေ။
ဝမ်ထိုက်ဖေးကလည်း ပြုံးလျက် ဝင်ပြောသည်။ "မယ်တော်ကြီးက ကြင်နာသနားတတ်ပါတယ်။ ယုံမေ့နန်းဆောင်မှာ နေခွင့်ရတာ မင်အာအတွက် ကံကောင်းခြင်းပါပဲ"
ယုံးကျားဧကရာဇ် နတ်ရွာစံသွားပြီးနောက် အနောက်နန်းဆောင်ရှိ ကိုယ်လုပ်တော်များ အားလုံးသည် ရာထူးတစ်ဆင့်စီ တိုးမြှင့်ခြင်း ခံရသည်။ ယန်ထိုက်ဖင်ကဲ့သို့ပင် ဘွဲ့အမည် မပြောင်းလဲသော်လည်း 'ထိုက်' ဟူသော စကားလုံး တစ်လုံး ပိုလာခဲ့သည်။ ဝမ်ကျဲယွီသည်လည်း ထိုက်ဖေးအဖြစ်သို့ ရာထူးတိုးမြှင့်ခံရသည်။
မယ်တော်ကြီးချောင်ပြီးလျှင် ချင်ထိုက်ဖေးနှင့် ဝမ်ထိုက်ဖေးတို့သည် ရာထူးအကြီးဆုံး ဖြစ်သည်။ ရာထူးတိုးလာသည်နှင့်အမျှ စားဝတ်နေရေးနှင့် အသုံးအဆောင်များသည် ယခင်ကထက် ပိုမို ကောင်းမွန်လာခဲ့သည်။
ဝမ်ထိုက်ဖေးသည် အမြဲတမ်း မယ်တော်ကြီးချောင်၏ လူဖြစ်ခဲ့ပြီး အရေးကြီးသည့် အချိန်တိုင်းတွင် ရှေ့ထွက်ကာ မယ်တော်ကြီးချောင်ဘက်မှ ကာကွယ်ပေးလေ့ရှိသည်။ လုမင်ယွိနှင့် ဆက်ဆံရေးမှာလည်း အမြဲတမ်း ကောင်းမွန်ခဲ့သည်။ ယန်ထိုက်ဖင် အနေဖြင့် မနာလိုဖြစ်နေရုံမှလွဲ၍ ဘာမှ မတတ်နိုင်ပေ။
လုမင်ယွိ၏ ဝမ်ထိုက်ဖေးအပေါ် ထားရှိသည့် သဘောထားသည် သိသိသာသာပင် ပိုမို ရင်းနှီးပြီး ပေါ့ပါးလေသည်။ သူမက ပြုံးလျက် ပြောလိုက်၏။ "ပန်ကုံး မူဟုပ်ဆီကို သွားပြီး ဂါရဝပြုမလို့ စိတ်ကူးနေတာ။ ဝမ်ထိုက်ဖေးလည်း အားနေရင် ပန်ကုံးနဲ့အတူ ယုံမေ့နန်းဆောင်ကို လိုက်ခဲ့ပါလား"
ဝမ်ထိုက်ဖေးက ဝမ်းသာအားရ လက်ခံလိုက်သည်။
မင်းသမီးလေးသည် နေ့စဉ် လီရွှမ်းတို့နှင့်အတူ စာသင်ဆောင်တွင် စာသင်ကြားလျက်ရှိသည်။ ဝမ်ထိုက်ဖေးသည် နေ့ဘက်တွင် အားလပ်နေသဖြင့် ယုံမေ့နန်းဆောင်သို့ သွားရောက်ကာ မယ်တော်ကြီးချောင်ကို အဖော်ပြုပေးလေ့ရှိသည်။
ယန်ထိုက်ဖင်သည်လည်း လိုက်ပါချင်သော်လည်း လုမင်ယွိက သူမကို ခေါ်မပြောသဖြင့် မျက်နှာပြောင်တိုက်ပြီး လိုက်သွား၍ မဖြစ်ချေ။ ထို့ကြောင့် စိတ်မပါတပါဖြင့် ထရပ်ကာ နှုတ်ဆက်ပြီး ပြန်ထွက်သွားရတော့သည်။
လုမင်ယွိနှင့် ဝမ်ထိုက်ဖေးတို့သည် ယုံမေ့နန်းဆောင်သို့ အတူတူ ထွက်ခွာလာခဲ့ကြ၏။ နန်းဆောင်တံခါးဝသို့ ရောက်သည်နှင့် အပြင်သို့ ထွက်လာသော မယ်တော်ကြီးချောင်နှင့် ပက်ပင်းတိုးလေသည်။
မယ်တော်ကြီးချောင်၏ ခေါင်းပေါ်မှ ဆံပင်ဖြူများကို သေချာ ဆေးဆိုးထားသဖြင့် တိမ်တိုက်သဖွယ် နက်မှောင်သော ဆံကေသာကို ပြန်လည်ရရှိထားသော်လည်း မျက်လုံးထောင့်မှ အရေးအကြောင်းများကိုမူ ဖုံးဖိ၍ မရနိုင်တော့ပေ။
ယုံးကျားဧကရာဇ် မြှုပ်နှံသင်္ဂြိုဟ်ခြင်း ခံရသည်မှာ လအနည်းငယ်သာ ရှိသေးသဖြင့် မယ်တော်ကြီးချောင်သည် ခင်ပွန်းသည်အတွက် ဝမ်းနည်းခြင်းဝတ်စုံ (အဖြူရောင် ဝတ်စုံ) ဝတ်ဆင်ထားပြီး တစ်ကိုယ်လုံးတွင် လက်ဝတ်ရတနာ တစ်ခုမှ ဆင်မြန်းထားခြင်း မရှိပေ။ မျက်လုံးထဲမှ အပြုံးရိပ်များကမူ အလွန်ပင် နူးညံ့သိမ်မွေ့နေသည်။ "ရှင်းယန်ဝမ်က စစ်ပွဲနိုင်လာတယ်ဆိုတော့ အိုက်ကျား ကြားရတာ ဝမ်းသာလိုက်တာ။ ကျောင်းဖန်နန်းဆောင်ကို လာပြီး ဟွမ်ဟုပ်ကို ဂုဏ်ပြုစကား ပြောမလို့ လုပ်နေတာ"
လုမင်ယွိက ပြုံးလိုက်ပြီး "ကြည့်ရတာ ကျွန်မနဲ့ မူဟုပ်ရဲ့ စိတ်က တစ်ထပ်တည်း ကျနေတာပဲ။ ဒီလို ဝမ်းသာစရာကိစ္စကို ကျွန်မကလည်း မူဟုပ်ကို ကိုယ်တိုင်ကိုယ်ကျ လာပြောချင်နေတာလေ"
ပြောရင်းဖြင့် မယ်တော်ကြီးချောင်၏ လက်မောင်းကို တွဲလိုက်သည်။
ဝမ်ထိုက်ဖေးက မယ်တော်ကြီးချောင်၏ ကျန်လက်မောင်းတစ်ဖက်ကို တွဲကူလိုက်သည်။ မယ်တော်ကြီးချောင်သည် စိတ်လက်ပေါ့ပါးစွာဖြင့် ပျော်ရွှင်စွာ လှည့်ပြန်လိုက်သည်။ အတွင်းနန်းဆောင်သို့ ရောက်ပြီး ထိုင်လိုက်သည်နှင့် မယ်တော်ကြီးချောင်က ဂရုတစိုက် မေးမြန်းလိုက်သည်။ "ရှင်းယန်ဝမ်က ယန်ဒေသမှာ ဆက်တိုက် စစ်ပွဲတွေ နိုင်ပြီးတော့ အခု ချူဒေသကို ချီတက်သွားပြီဆိုတော့ မြို့တော်ကို မကြာခင် ပြန်ရောက်လာတော့မှာပေါ့နော်"
လုမင်ယွိ၏ မျက်ဝန်းများတွင် အပြုံးရိပ်များ သမ်းနေသည်။ "ဒါကတော့ ချူဒေသက စစ်ပွဲ အခြေအနေပေါ် မူတည်တာပေါ့။ တကယ်လို့ အဆင်ပြေချောမွေ့မယ်ဆိုရင် ၂ လ ၃ လ လောက်နေရင် မြို့တော်ကို ပြန်ရောက်လာမှာပါ"
မယ်တော်ကြီးချောင်သည် မျက်မှောင်များ ပြေလျော့သွားပြီး ပြုံးကာ ပြောလိုက်သည်။ "ဒါဆိုရင် အရမ်းကောင်းတာပေါ့။ ရှင်းယန်ဝမ် မြို့တော်မှာ မရှိတော့ အိုက်ကျား စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်နေတာ"
ဝမ်ထိုက်ဖေးသည် ဝင်မပြောဘဲ ဘေးတွင် ထိုင်ကာ ပြုံးပြီး နားထောင်နေလေသည်။ တစ်ခါတစ်ရံတွင် ကျက်သရေရှိလှပနေသော လုမင်ယွိကို ကြည့်ရင်း စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချမိသည်။
လုမင်ယွိသည် အနောက်နန်းဆောင်တွင် ဤမျှ တည်ငြိမ်သော နေရာတစ်ခု ရရှိထားခြင်းမှာ ပထမအချက် အနေဖြင့် သူမကိုယ်တိုင်က ထက်မြက်ပြီး အရည်အချင်းရှိကာ အကြိမ်ကြိမ် အကျိုးဆောင်နိုင်ခဲ့သောကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာ ဧကရာဇ်သစ် လီကျင့်က လုမင်ယွိအပေါ် နက်ရှိုင်းသော သံယောဇဉ်ရှိသောကြောင့် ဖြစ်သည်။ တတိယအချက်မှာတော့ လုမင်ယွိတွင် အလွန်တော်သော ဖခင်တစ်ယောက် ရှိနေသောကြောင့် ဖြစ်သည်။
ကွမ်းပင်းနယ်စား ပုန်ကန်ထကြွခဲ့သော်လည်း လုမင်ယွိ၏ ဓားချက်ဖြင့် အသက်ပျောက်ခဲ့ရသည်။ ဖူယန်မြို့စားမှာမူ ယခုအချိန်တွင် ခေါင်းမဖော်ရဲဘဲ ကြောက်ရွံ့စွာ နေထိုင်နေရသည်။ လျန်ညီအစ်ကိုထဲမှ ဒုတိယမြောက်ညီဖြစ်သူသည် တော်ဝင်ကိုယ်ရံတော် တပ်မှူးကြီးအဖြစ် ရာထူးတိုးမြှင့်ခံရသော်လည်း ငယ်ရွယ်သူဖြစ်သဖြင့် ဂုဏ်သတင်း အရှိန်အဝါ မကြီးမားသေးပေ။
ရှင်းယန်ဝမ်သည် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်အဖြစ် ထိုက်တန်သူ ဖြစ်သည်။ အဝေးတစ်နေရာတွင် မိုင်ထောင်ချီ စစ်ချီတက်နေသော်လည်း မြို့တော်သို့ ပြန်ရောက်လာသည်နှင့် ပင်လယ်ထဲမှ ကျောက်တိုင်ကြီးသဖွယ် တည်ငြိမ်ခိုင်ခံ့သွားစေလိမ့်မည်။
"ထိုက်ဟုပ်ညန်ညန်ကို လျှောက်တင်ပါတယ်" အပျိုတော်တစ်ယောက်က ပြုံးရွှင်စွာဖြင့် လာရောက် သတင်းပို့သည်။ "ချင်ထိုက်ဖေး ရောက်ရှိနေပါတယ်"
မယ်တော်ကြီးချောင်နှင့် လုမင်ယွိတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ခေါင်းညိတ်ပြလိုက်သည်။ "ဝင်ခွင့်ပြုလိုက်ပါ"
လွန်ခဲ့သော လအနည်းငယ်အတွင်း ချင်ထိုက်ဖေးသည် ရှို့နင်နန်းဆောင်တွင်သာ နေထိုင်ပြီး ကျောက်ထိုက်ဟွမ်ထိုက်ဟုပ် (ဘွားတော်)ကို ပြုစုစောင့်ရှောက်နေခဲ့သဖြင့် အပြင်ထွက်လေ့ မရှိပေ။ ယခင်က စကားပြောရတာ ကြိုက်ပြီး ရယ်မောပျော်ပါးတတ်သော ချင်ရှီနှင့် လုံးဝ ကွာခြားသွားပြီ ဖြစ်သည်။
ဒုက္ခဆင်းရဲနှင့် နာကျင်မှုများသည် လူတစ်ယောက်ကို အချိန်တိုအတွင်း ရင့်ကျက်လာစေသည်။
ယခင်က ချင်ထိုက်ဖေးသည် ထိုက်ဟွမ်ထိုက်ဟုပ်ကို အားကိုးပြီး မယ်တော်ကြီးချောင်ကိုပင် ဂရုမစိုက်ခဲ့ပေ။ ယခုအခါ ထိုက်ဟွမ်ထိုက်ဟုပ်သည် စိတ်ဖောက်ပြန်ကာ ရူးကြောင်ကြောင် ဖြစ်နေပြီ။ သားဖြစ်သူ လီရှန်းကလည်း ယန်ချူဒေသသို့ ကိုယ့်သဘောနှင့်ကိုယ် စစ်ထွက်သွားပြီး နောင်တစ်ချိန် နယ်မြေအပိုင်စားရပြီး အဆင်ပြေစေရန်အတွက် အသက်နှင့်ရင်းကာ ကြိုးစားနေရသည်။ ထို့ကြောင့် ချင်ထိုက်ဖေးသည်လည်း ညတွင်းချင်း တခြားလူပြောင်းသွားခဲ့ရသည်။
အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသော ချင်ထိုက်ဖေး၏ ခေါင်းပေါ်တွင်လည်း ဆံပင်ဖြူများ ပေါက်နေပြီး မျက်နှာက ညိုမဲကာ မျက်ဝန်းများ မှေးမှိန်နေသည်။ ကြည့်ရသည်မှာ မယ်တော်ကြီးချောင်ထက်ပင် ပိုမို အိုစာနေသယောင် ရှိသည်။ "ချန်ချဲ့ ထိုက်ဟုပ်ညန်ညန်ကို ဂါရဝပြုပါတယ်။ မိဖုရားခေါင်ကို ဂါရဝပြုပါတယ်"
အားလုံးက မုဆိုးမဘဝတူတွေ ဖြစ်ကြသဖြင့် မယ်တော်ကြီးချောင် အနေဖြင့်လည်း မည်သူ့ကိုမှ အနိုင်ကျင့်လိုစိတ် မရှိပေ။ "ထပါ၊ ဒီနားလာထိုင်ပြီး စကားပြောကြတာပေါ့"
ချင်ထိုက်ဖေးက တိုးတိုးလေး ကျေးဇူးတင်စကား ဆိုပြီး ဝမ်ထိုက်ဖေး၏ ဘေးတွင် ဝင်ထိုင်လိုက်၏။
ဝမ်ထိုက်ဖေးသည် အနည်းငယ် နေရခက်သွားပြီး ချက်ချင်း ထရပ်ကာ နေရာဖယ်ပေးလိုက်သည်။ "ချင်ထိုက်ဖေး ဒီမှာ ထိုင်ပါ"
ဝါရင့်မှုနှင့် ရာထူးအရ ဆိုလျှင် ချင်ထိုက်ဖေးက သူမထက် ပိုမြင့်သည်။ အကယ်၍ ချင်ထိုက်ဖေးကို အောက်ဘက်ခုံတွင် ထိုင်ခိုင်းလိုက်လျှင် သူမက မာန်မာနကြီးပြီး ရိုင်းပြရာ ကျပေလိမ့်မည်။
ချင်ထိုက်ဖေးက ပြုံးလိုက်ကာ "ရှင်နဲ့ ကျွန်မက အတူတူပဲ ထိုက်ဖေးတွေပဲလေ။ ဘယ်သူက ထိုက်ဟုပ်နဲ့ နီးနီးဝေးဝေး ထိုင်ထိုင် ကိစ္စမရှိပါဘူး။ ရှင်က ကျွန်မကို အားနာမနေပါနဲ့၊ မြန်မြန် ထိုင်လိုက်ပါ"
လုမင်ယွိသည် မျက်ခုံးပင့်လိုက်ပြီး ချင်ထိုက်ဖေး၏ မျက်နှာကို စိုက်ကြည့်လိုက်သည်။
ချင်ထိုက်ဖေး၏ အပြောင်းအလဲက တကယ် မသေးလှပေ။
ချင်ထိုက်ဖေးသည် ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်ရဲသည့် သတ္တိ ရှိလာသည်။ "ထိုက်ဟုပ်ညန်ညန်(မယ်တော်ကြီး)နဲ့ ဟွမ်ဟုပ်ညန်ညန်ကို ရယ်စရာဖြစ်အောင် လုပ်မိပါပြီ။ ကျွန်မ အရင်တုန်းက ဆရာကြီးလုပ်ခဲ့တဲ့ ပုံစံတွေကို အခု ပြန်စဉ်းစားကြည့်ရင် ကိုယ့်ကိုယ်ကိုယ်တောင် မျက်နှာပူမိတယ်"
မယ်တော်ကြီးချောင်က ပြုံးလိုက်ပြီး ဝမ်ထိုက်ဖေးကို လှမ်းပြောလိုက်သည်။ "ချင်ထိုက်ဖေးက မင်းကို ထိုင်စေချင်နေတာပဲ၊ ထိုင်လိုက်ပါတော့"
ဝမ်ထိုက်ဖေးသည် ထိုအခါမှ တုန်တုန်ယင်ယင်နှင့် ထိုင်လိုက်လေသည်။
ချင်ထိုက်ဖေး ဤမျှ နှိမ့်ချဆက်ဆံနေရသည်မှာ အကြောင်းရင်း ရှိသည်။ သူမသည် လုမင်ယွိကို မျှော်လင့်တကြီး ကြည့်လိုက်ကာ "ဟွမ်ဟုပ်ညန်ညန်၊ ချန်ချဲ့ မျက်နှာပြောင်တိုက်ပြီး မေးပါရစေ။ ယန်ဒေသမှာ စစ်ပွဲနိုင်ပြီဆိုတော့ ချူဒေသမှာကော ဘယ်လောက်ကြာဦးမှာလဲဟင်"
တကယ်တမ်း သူမ မေးချင်သည်မှာ သူမ၏သား ဘယ်တော့လောက် ပြန်လာမလဲ ဆိုသည်ကိုပင်။
လုမင်ယွိက ပြုံးလျက် ပြန်ဖြေလိုက်သည်။ "စစ်တိုက်တယ် ဆိုတာက ဘယ်လောက်ကြာမယ်ဆိုတာ ဘယ်သူမှ တပ်အပ် မပြောနိုင်ပါဘူး။ ဒါပေမဲ့ ပန်ကုံး အမြင်အရ ပြောရရင်တော့ အလွန်ဆုံး နောက်ထပ် နှစ်ဝက်လောက်နေရင် စစ်တပ်ကြီး မြို့တော်ကို ပြန်ရောက်လာမှာပါ"
ခဏရပ်ပြီးနောက် သူမက ဆက်ပြောသည်။ "ဒီတစ်ခေါက် ယန်ဒေသမှာ စစ်ပွဲနိုင်တာက စစ်တိက ပုန်ကန်သူခေါင်းဆောင်ကို သတ်နိုင်ခဲ့လို့ အကျိုးဆောင်မှု ကြီးမားပါတယ်။ ပြန်ရောက်လာရင် အကျိုးဆောင်မှုအလိုက် ဆုချတဲ့အထဲမှာ စစ်တိက ပထမဆုံးပဲ ဖြစ်မှာပါ"
...
အပိုင်း (၆၉၅) Extra - ရူးသွပ်ခြင်း
သူမ၏သားကို ကြီးမားတဲ့ အကျိုးဆောင်မှုတွေ လုပ်စေချင်တာ မဟုတ်ပါဘူး။
သူမ လိုချင်တာက သားလေး ဘေးဘေးကင်းကင်းနဲ့ လက်ခြေအကောင်းတိုင်း ပြန်ရောက်လာဖို့ပဲ။
ချင်ထိုက်ဖေးက စိတ်ထဲမှာ တီးတိုးရေရွတ်နေသော်ငြား မျက်နှာပေါ်မှာတော့ ကျေနပ်အားရသော အပြုံးတစ်ခုကို ဆင်မြန်းထားသည်။ "သူက အရှင်မင်းကြီးရဲ့ ညီတော်ရင်းလေ။ သာ့ဝေတိုင်းပြည်အတွက် အလုပ်အကျွေးပြုတာက သူ့တာဝန်ပဲ။ အကျိုးဆောင်မှု ယူရဲပါ့မလား"
လုမင်ယွိသည် ချင်ထိုက်ဖေး၏ စိတ်ကို ကောင်းစွာ နားလည်သော်လည်း ချင်ထိုက်ဖေးကို နှစ်သိမ့်ပေးဖို့ စိတ်ကူးမရှိသလို လိုအပ်သည်ဟုလည်း မထင်ပေ။ ထို့ကြောင့် ပြုံးရုံသာ ပြုံးပြလိုက်သည်။
မယ်တော်ကြီးချောင်ကတော့ စိတ်နူးညံ့သူမို့ ဝင်ပြောလိုက်သည်။ "မင်း စိတ်မပူပါနဲ့။ စတုတ္ထမင်းသားက ကံကောင်းပါတယ်။ ဘေးမသီ ရန်မခဘဲ ပြန်ရောက်လာမှာပါ"
ချင်ထိုက်ဖေးက ပြုံးလိုက်ကာ "ထိုက်ဟုပ်ညန်ညန်ရဲ့ ဆုတောင်းအတိုင်း ပြည့်ပါစေ။ ချန်ချဲ့ သတင်းကောင်းကို စောင့်နေပါ့မယ်"
ချင်ထိုက်ဖေးသည် မိနစ် ၃၀ ခန့် စကားစမြည် ပြောဆိုပြီးနောက် မွန်းတည့်ချိန် ရောက်သောအခါ နှုတ်ဆက်ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ "နေ့လယ်စာ စားချိန် ရောက်နေပြီ။ ချန်ချဲ့ ရှို့နင်နန်းဆောင်ကို ပြန်ပြီး ထိုက်ဟွမ်ထိုက်ဟုပ် (ဘွားတော်) ကို နေ့လယ်စာ ကျွေးရဦးမယ်"
မယ်တော်ကြီးချောင်က ပြုံးပြီး ခွင့်ပြုလိုက်သည်။ "ထိုက်ဟွမ်ထိုက်ဟုပ်က မင်းကိုပဲ အားကိုးနေတာ။ မင်း ပင်ပန်းရပြီ"
ရူးသွပ်နေသော မယ်တော်ကြီးကျောက်ကို တွေးမိပြီး ချင်ထိုက်ဖေး၏ အပြုံးတွင် ခါးသီးမှုအချို့ ရောနှောသွား၏။
မယ်တော်ကြီးကျောက်သည် ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် စည်းစိမ်ချမ်းသာနှင့် ဂုဏ်အသရေကို ခံစားခဲ့ရသော်လည်း အိုမင်းလာချိန်တွင် သားဖြစ်သူ သေဆုံးကာ မြေးဦးကို ကိုယ်တိုင်သတ်ပြီးနောက် ကိုယ်တိုင် ရူးသွပ်သွားခဲ့ရသည်။ တကယ်ကို သနားစရာ ကောင်းလှသည်။
အနောက်နန်းဆောင်သည် နိမ့်ကျသူကို နင်းပြီး မြင့်မားသူကို မြှောက်ပင့်သည့် နေရာမျိုး ဖြစ်သည်။ လီကျင့် နန်းတက်ပြီးနောက် ကျောင်းဖန်နန်းဆောင်နှင့် ယုံမေ့နန်းဆောင်သို့ ဂါရဝပြုရန် လာရောက်သူများမှာ တစ်ယောက်ပြီးတစ်ယောက် လူမပြတ်ချေ။ သို့သော် ရှို့နင်နန်းဆောင်မှာမူ တိတ်ဆိတ်ခြောက်ကပ်နေသည်။
ပြောရရင်တော့ "ထိုက်ဟွမ်ထိုက်ဟုပ် ကျန်းမာရေးပြန်ကောင်းအောင် အနားယူနေတာကို မနှောင့်ယှက်ရဲပါဘူး" ဆိုတဲ့ အကြောင်းပြချက်တွေပေါ့။ တကယ်တမ်းကျတော့ မယ်တော်ကြီးကျောက် အာဏာကျသွားလို့ မျက်နှာလိုက်တတ်တဲ့သူတွေက ရှို့နင်နန်းဆောင်ကို မသွားချင်ကြတော့တာ။
ချင်ထိုက်ဖေးသည် အတွေးပေါင်းစုံဖြင့် လျှောက်လာရင်း ခြေလှမ်းများ ပိုမို နှေးကွေးလာ၏။
ရှို့နင်နန်းဆောင်သို့ မရောက်မီမှာပင် နန်းဆောင်မှ အပျိုတော်များသည် အဝေးကနေ ပြေးထွက်လာကြပြီး စိုးရိမ်ပူပန်သော မျက်နှာများဖြင့် တိုးတိုးလေး ပြောကြသည်။ "ထိုက်ဖေးညန်ညန်၊ ထိုက်ဟွမ်ထိုက်ဟုပ်က ရုတ်တရက် ထဖောက်ပြီး အော်ဟစ်ငိုယိုနေပါတယ်။ ရှို့နင်နန်းဆောင် အပြင်ကို ထွက်ပြေးမလို့ လုပ်နေလို့ ကျွန်တော်မျိုးမတို့ တားလို့ မရတော့ပါဘူး"
ချင်ထိုက်ဖေး၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး ပူပန်မှုများ ပျောက်ကွယ်သွားကာ ရှို့နင်နန်းဆောင်ထဲသို့ အမြန် ပြေးဝင်သွားလိုက်သည်။
"ထွက်သွား! နင်တို့အားလုံး အိုက်ကျားကို ဘာလို့ တားနေကြတာလဲ! အကုန် ထွက်သွားကြ!" မယ်တော်ကြီးကျောက်၏ ဒေါသတကြီး အော်ဟစ်သံသည် အားကောင်းမောင်းသန် ထွက်ပေါ်နေပြီး လက်များကိုလည်း ဝှေ့ယမ်းနေသည်။ အပျိုတော်အချို့မှာ ပါးရိုက်ခံရသူကခံရ၊ ဆံပင်ဆွဲခံရသူကခံရနှင့် ပြန်လည်းမလုပ်ရဲ၊ ရှောင်လည်းမရှောင်ရဲဘဲ တော်တော်လေး ဒုက္ခရောက်နေကြသည်။
ချင်ထိုက်ဖေးက အမြန် ပြေးဝင်သွားပြီး နူးညံ့စွာ ခေါ်လိုက်သည်။ "ယိမူ (ဒေါ်လေး)"
ရင်းနှီးသော အသံကို ကြားလိုက်ရသည်နှင့် မယ်တော်ကြီးကျောက်၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။
အပျိုတော်များအားလုံး သက်ပြင်းချလိုက်ကြပြီး မသိမသာ နောက်ဆုတ်သွားကြသည်။
ချင်ထိုက်ဖေးသည် အပျိုတော်များကို ဂရုမစိုက်နိုင်တော့ဘဲ မယ်တော်ကြီးကျောက်၏ လက်မောင်းကို တွဲကူလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "ယိမူ၊ နေ့လယ်စာ စားချိန် ရောက်ပြီ။ ကျွန်မ ယိမူကို ထမင်းခွံ့ကျွေးမယ်လေ နော်"
'ထိုက်ဟွမ်ထိုက်ဟုပ်' ဆိုသည့် အခေါ်အဝေါ်ကို လုံးဝ မခေါ်ရဲပေ။
တစ်ခါတစ်ရံ အပျိုတော်တစ်ယောက်ယောက်က ပါးစပ်မှားပြီး ခေါ်မိလျှင် မယ်တော်ကြီးကျောက်သည် ချက်ချင်း ထဖောက်တတ်သည်။ ထို့ကြောင့် ရှို့နင်နန်းဆောင်မှ အပျိုတော်များသည် 'ထိုက်ဟုပ်ညန်ညန်' ဟုသာ ဆက်လက် ခေါ်ဝေါ်နေကြသည်။
ချင်ထိုက်ဖေးကတော့ ယခင်က ရင်းနှီးစွာ ခေါ်ဝေါ်ခဲ့သည့် အတိုင်းသာ ခေါ်လိုက်သည်။
မယ်တော်ကြီးကျောက်သည် 'ယိမူ' ဟူသော အသံကို ကြားလိုက်ရသည်နှင့် မျက်နှာထား လျော့ကျသွားပြီး အသံလည်း ငြိမ်သက်သွားသည်။ "အိုက်ကျား တကယ် ဗိုက်ဆာနေပြီ။ ထမင်းပြင်ခိုင်းလိုက်တော့"
ချင်ထိုက်ဖေးသည် ဆံပင်ဖြူဖွေးကာ ခါးကိုင်းနေပြီး တုန်တုန်ယင်ယင် ပြောဆိုနေသော မယ်တော်ကြီးကျောက်ကို ကြည့်ရင်း ရင်ထဲတွင် နာကျင်လာသော်လည်း မျက်နှာပေါ်တွင် အပြုံးတစ်ခုကို အတင်းညှစ်ထုတ်လိုက်ရသည်။ "ဟုတ်ကဲ့၊ ကျွန်မ သွားပြင်ခိုင်းလိုက်ပါ့မယ်"
မယ်တော်ကြီးကျောက်၏ ရူးသွပ်မှု ဝေဒနာသည် တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာသည်။ နေ့စဉ် သတိကောင်းနေချိန်မှာလည်း ပိုနည်းလာသည်။ ဘယ်အချိန်များ ထဖောက်မလဲ ဆိုတာ မသိနိုင်တော့ပေ။
ချင်ထိုက်ဖေး ရှိနေမှသာ မယ်တော်ကြီးကျောက်သည် အနည်းငယ် ငြိမ်သက်သွားတတ်သည်။ ရူးသွပ်နေချိန်တွင်လည်း ချင်ထိုက်ဖေးက ချော့မော့၍ ရသည်။
ချင်ထိုက်ဖေးသည် အစပိုင်းတွင် နေ့ဘက်၌ လာရောက် အဖော်ပြုပြီး ညဘက်တွင် ကိုယ့်နန်းဆောင်သို့ ပြန်အိပ်သည်။ လွန်ခဲ့သော တစ်လက မယ်တော်ကြီးကျောက်သည် သန်းခေါင်ယံအချိန်တွင် ရှို့နင်နန်းဆောင် အပြင်ဘက်သို့ ထွက်ပြေးရန် ကြိုးစားခဲ့သည်။ ထို့ကြောင့် ချင်ထိုက်ဖေးသည် ရှို့နင်နန်းဆောင်သို့ ပြောင်းရွှေ့လာပြီး မယ်တော်ကြီးကျောက်၏ အိပ်ခန်းထဲတွင် ခုတင်ကျဉ်းလေး တစ်လုံး ချကာ ညစဉ် အိပ်စက်ရင်း အချိန်မရွေး ပြုစုစောင့်ရှောက်နိုင်ရန် စီစဉ်လိုက်သည်။
"ယိမူ အသား ကြိုက်တယ်မလား။ ဒီနေ့ ချက်ထားတဲ့ ဝက်သားနီချက်က အရမ်းစားကောင်းတယ်။ ယိမူ များများစားနော်" ချင်ထိုက်ဖေးက ပြုံးလျက် ဝက်သားတုံးကို ညှပ်ယူကာ မယ်တော်ကြီးကျောက်၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။
မယ်တော်ကြီးကျောက်သည် အသားကို စားလိုက်ပြီး ချင်ထိုက်ဖေးကို ရယ်မောပြလိုက်သည်။ "စားကောင်းတယ်"
တံတွေးများပင် ပါးစပ်ထောင့်မှ ကျဆင်းလာလုမတတ် ဖြစ်နေသည်။
ချင်ထိုက်ဖေး၏ ရင်ထဲတွင် ထပ်မံ နာကျင်သွားရပြန်သည်။ လက်ကိုင်ပဝါဖြင့် မယ်တော်ကြီးကျောက်၏ ပါးစပ်ထောင့်ကို သုတ်ပေးရင်း ချော့မော့လိုက်သည်။ "ယိမူ ကြိုက်ရင် နောက်ထပ် တစ်တုံး ထပ်ထည့်ပေးမယ်နော်"
အသားနှစ်တုံးနှင့် ထမင်းအနည်းငယ် စားပြီးနောက် မယ်တော်ကြီးကျောက်သည် ရုတ်တရက် ဆက်မစားတော့ပေ။ ရှေ့မှ ပန်းကန်ခွက်ယောက်များကို ကြမ်းပြင်ပေါ်သို့ ဆွဲချလိုက်ရာ ပန်းကန်တစ်လုံးသည် ချင်ထိုက်ဖေး၏ ကိုယ်ပေါ်သို့ ထိမှန်သွားသည်။
ပန်းကန်ထဲမှ ဟင်းရည်ပူများသည် ချင်ထိုက်ဖေး၏ ခြေသလုံးကို စင်သွားပြီး ပန်းကန်က ကြမ်းပြင်ပေါ်ကျကာ ကွဲသွားသည်။ ကွဲသွားသော အပိုင်းအစများသည် ခြေထောက်ပေါ်သို့ ကျရောက်သွားသော်လည်း ကံကောင်းစွာဖြင့် ဖိနပ်နှင့် ခြေအိတ် ခံနေသဖြင့် အရေပြားကို ထိခိုက်မှု မရှိခဲ့ပေ။
ချင်ထိုက်ဖေးသည် လေအေးတစ်ချက် ရှိုက်လိုက်ပြီး နာကျင်မှုနှင့် ဒေါသတို့ ရောနှောကာ အော်လိုက်မိတော့သည်။ "ယိမူ ဘာလုပ်တာလဲ"
မယ်တော်ကြီးကျောက်သည် မတ်တပ်ထရပ်ကာ ပတ်ချာလည် လှည့်ပတ်ပြီး အော်ဟစ်နေတော့သည်။
ထားလိုက်ပါတော့!
ရူးသွပ်နေတဲ့လူနဲ့ ဘာသွားပြီး ဖက်ပြိုင်နေမှာလဲ။
ချင်ထိုက်ဖေးသည် နာကျင်မှုကို အောင့်အီးသည်းခံရင်း သန့်ရှင်းသော အဝတ်အစားများ သွားလဲကာ ခြေသလုံးမှ အပူလောင်သွားသော နေရာကို ဆေးလိမ်းလိုက်သည်။ ထို့နောက် စိတ်ကို တင်းကာ မယ်တော်ကြီးကျောက်၏ ဘေးတွင် ဆက်လက် အဖော်ပြုပေးနေလိုက်သည်။
ဤကိစ္စက ကြည့်လိုက်လျှင်တော့ ဘာမှ မဟုတ်သော်လည်း တကယ်တမ်းကျတော့ လူတစ်ယောက်၏ စိတ်ဓာတ်ခိုင်မာမှုနှင့် သည်းခံနိုင်စွမ်းကို အကြီးအကျယ် စမ်းသပ်နေခြင်းပင်။
မယ်တော်ကြီးကျောက် ဘယ်အချိန် ထဖောက်မည်၊ ထဖောက်လျှင် ဘာလုပ်မည် ဟူသည်ကို မည်သူမှ မသိနိုင်ချေ။ ဆွဲဆိတ် ရိုက်နှက်သည်က သက်သာသေးသည်။ တစ်ခါကဆိုလျှင် အပျိုတော်တစ်ယောက်၏ လက်မောင်းကို ကိုက်ဖြတ်ပစ်လုမတတ် လုပ်ခဲ့ဖူးလေသည်။
သည်လိုလူမျိုးကို ပြုစုစောင့်ရှောက်ရခြင်းက အဆုံးမရှိသော သည်းခံစိတ်ကို ပေးဆပ်ရခြင်းပင်။
တစ်ခါတလေတော့ ချင်ထိုက်ဖေးလည်း သည်းမခံနိုင်တော့ဘဲ ကိုယ့်နန်းဆောင်ကိုယ် ပြန်ပြေးချင်စိတ် ပေါက်မိလေသည်။
ဥပမာ ယခုချိန်လိုမျိုးတွင် ဖြစ်သည်။ မယ်တော်ကြီးကျောက်က ချင်ထိုက်ဖေး၏ အင်္ကျီလက်ကို ဆွဲပြီး ရှို့နင်နန်းဆောင် အပြင်ထွက်ရန် ဂျီကျနေလေသည်။ ချင်ထိုက်ဖေးက ခြေထောက်လည်း နာ၊ ခေါင်းလည်း ကိုက်နေသည့်ကြားက အဆွဲခံနေရတော့ ဒေါသထွက်လာပြီး အသံကျယ်ကျယ်ဖြင့် အော်လိုက်မိတော့သည်။ "ယိမူက ဘယ်ကို သွားချင်နေတာလဲ"
မယ်တော်ကြီးကျောက်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။ "အိုက်ကျား ဝမ်ဟွားနန်းဆောင်ကို သွားမလို့။ အရှင်မင်းကြီးကို မတွေ့ရတာ ကြာပြီ"
ချင်ထိုက်ဖေး "......"
တောက်လောင်နေသော ဒေါသများ ရုတ်တရက် ပျောက်ကွယ်သွားသည်။
မိခင်တစ်ယောက်က ရူးသွပ်နေရင်တောင် သားကိုတော့ သတိရနေတုန်းပါပဲလား။
ဒါပေမဲ့ မယ်တော်ကြီးကျောက် ဘယ်လောက်ပဲ သောင်းကျန်းသောင်းကျန်း ယုံးကျားဧကရာဇ်ကတော့ ပြန်မလာနိုင်တော့ပါဘူး။ သူက တော်ဝင်သင်္ချိုင်းဂူထဲမှာ မြှုပ်နှံခံထားရပြီလေ။
သူ ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူး။
ချင်ထိုက်ဖေး၏ မျက်ဝန်းအိမ်များ နီရဲလာပြီး မျက်ရည်များ စီးကျလာတော့သည်။
မယ်တော်ကြီးကျောက်သည် ကြောင်အသွားပြီး ချင်ထိုက်ဖေး၏ မျက်ဝန်းထောင့်မှ မျက်ရည်များကို လက်ဖြင့် သုတ်ပေးကာ ရေရွတ်လိုက်သည်။ "ဘာလို့ ငိုနေတာလဲ။ မင်း မသွားခိုင်းရင် ငါ မသွားတော့ပါဘူး"
ချင်ထိုက်ဖေးသည် ငယ်စဉ်ကတည်းက မိဘနှစ်ပါး ဆုံးပါးသွားခဲ့သဖြင့် ကျောက်မိသားစုအိမ်တွင် နေထိုင်ခဲ့ရသည်။ နောက်ပိုင်းတွင် လီမိသားစု အိမ်တော်သို့ ရောက်ရှိလာခဲ့ပြီး မယ်တော်ကြီးကျောက် လက်ပေါ်တွင် ကြီးပြင်းလာခဲ့သည်ဟု ဆိုနိုင်သည်။
မယ်တော်ကြီးကျောက်တွင် သမီးမရှိသဖြင့် သူမကို သမီးအရင်းသဖွယ် သဘောထားကာ တကယ် ကောင်းမွန်ခဲ့သည်။ ဒီနှစ်တွေအတွင်း သူမ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံစွာ နေထိုင်နိုင်ခဲ့ခြင်းမှာ မယ်တော်ကြီးကျောက်၏ အကာအကွယ်ကြောင့်ပင်။
ရူးသွပ်နေတာတောင် မယ်တော်ကြီးကျောက်က သူမကို မှတ်မိနေသေးသည်။
ချင်ထိုက်ဖေးသည် မယ်တော်ကြီးကျောက်ကို ဖက်ကာ ခဏကြာ ငိုကြွေးလိုက်ပြီး မျက်ရည်များကို အမြန် သုတ်လိုက်၏။ ထို့နောက် နူးညံ့စွာ ပြောလိုက်လေသည်။ "ယိမူက ဘုရားစာ နားထောင်ရတာ ကြိုက်တယ်မလား။ ကျွန်မ ယိမူကို အိပ်ခန်းထဲ ခေါ်သွားပြီး ဘုရားစာ ဖတ်ပြမယ်နော်"
မယ်တော်ကြီးကျောက်က ပြန်လည် ပျော်ရွှင်သွားသည်။ "ကောင်းပြီလေ"
ချင်ထိုက်ဖေး၏ အင်္ကျီလက်ကို ဆွဲကာ အိပ်ခန်းထဲသို့ ခေါ်ဆောင်သွားသည်။
အားနည်းနည်း ပြင်းသွားသဖြင့် ချင်ထိုက်ဖေးခမျာ ယိုင်သွားတော့သည်။
ချင်ထိုက်ဖေးသည် အသံမထွက်ဘဲ ခြေလှမ်းသွက်သွက် လိုက်ပါသွားပြီး သူမ၏ လက်သည် မယ်တော်ကြီးကျောက်၏ လက်ကို မြဲမြံစွာ ဆုပ်ကိုင်ထားလေတော့သည်။
...
အပိုင်း (၆၉၆) Extra - နှစ်သစ်ကူး
နှစ်သစ်ကူးကာလသည် မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာခဲ့သည်။
ဤနှစ်သစ်သည် ယုံးကျားဧကရာဇ် နတ်ရွာစံပြီးနောက် ပထမဆုံးကြုံရသည့် နှစ်သစ်ကူးလည်း ဖြစ်သည်။ နန်းတော်တစ်ခုလုံးသည် ယခင်ဧကရာဇ်အတွက် ဝမ်းနည်းပူဆွေးနေရသဖြင့် မီးပုံးများ ထွန်းညှိခြင်းမရှိသလို အရောင်အသွေးစုံလင်စွာ ဝတ်ဆင်ခြင်းလည်း မရှိကြပေ။ မြင်ရသမျှ နေရာတိုင်းတွင် ဖြူစင်ရှင်းသန့်လျက်သာ ရှိနေလေသည်။
နန်းတော်တွင် ကြီးကျယ်ခမ်းနားသော စားပွဲသောက်ပွဲများ မရှိဘဲ ရိုးရှင်းသော မိသားစု ညစာစားပွဲသာ ပြင်ဆင်ထားသည်။ လီကျင့်သည် ဧကရာဇ်တစ်ပါး ဖြစ်သော်လည်း ကိုယ်လုပ်တော်များ၊ အချစ်တော်များ မရှိပေ။ အနောက်နန်းဆောင်တွင် မိဖုရားခေါင်တစ်ပါးတည်းသာ ရှိသည်။ ထို့ပြင် လီရွှီ၊ လီရွှမ်းနှင့် လီဟန်ဟူသော သားသမီးသုံးယောက်၊ မယ်တော်ကြီးချောင်၊ ဝမ်ထိုက်ဖေးနှင့် ရှောင်ကုန်းကျူ၊ နောက်ပြီး ငယ်ရွယ်သော လီမင်တို့သာ ရှိကြသည်။
ညစာစားပြီးနောက်တွင် ဂီတဖျော်ဖြေမှုများ မရှိဘဲ အားလုံးဝိုင်းဖွဲ့ စကားပြောကြပြီး လူစုခွဲလိုက်ကြသည်။
နှစ်သစ်ကူး ပထမရက်တွင် မြို့တော်ရှိ အဆင့် ၃ နှင့်အထက် ကတော်များသည် နန်းတော်သို့ ဝင်ရောက်ကာ ဂါရဝပြုကြသည်။
လုမင်ယွိသည် ရိုးရှင်းသော နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားပြီး မိတ်ကပ်မလိမ်းထားသော်လည်း မျက်နှာသည် ကြည်လင်ဝင်းပနေ၏။ သူမသည် ဇာမဏီပလ္လင်ပေါ်တွင် တည်ငြိမ်စွာ ထိုင်နေပြီး အကြည့်တစ်ချက်ဖြင့်ပင် သြဇာအာဏာ လွှမ်းမိုးနေသည်။ ကတော်များသည် မိဖုရားခေါင်၏ ကြီးမားသော အောင်မြင်မှုများကို ပြန်လည်အမှတ်ရကာ ဂါရဝပြုသည့်အခါ ပို၍ ရိုသေလေးစားကြလေသည်။
"ချောင်လောင်ဖူးရန် (သခင်မကြီး)၊ ထိုင်ပါရှင်" လုမင်ယွိက ပြုံးလျက် ဖိတ်ခေါ်လိုက်ရာ ဘေးမှ အပျိုတော်သည် အလိုက်တသိဖြင့် သွားရောက်တွဲကူပြီး ချောင်သခင်မကြီးကို ထိုင်ခုံသို့ ပို့ဆောင်ပေးလိုက်သည်။
ကျောင်းဖန်နန်းဆောင်တွင် နေရာအကန့်အသတ်ရှိသဖြင့် ထိုင်ခွင့်ရသူများမှာ ဂုဏ်သရေရှိသော ကတော်ကြီးများသာ ဖြစ်သည်။
ဥပမာအားဖြင့် ချောင်သခင်မကြီးသည် လက်ရှိ ဝန်ကြီးချုပ် ချောင်ကောလောင်၏ ဇနီးမယားကြီး ဖြစ်သလို မယ်တော်ကြီး၏ မိခင်ရင်း၊ လက်ရှိ ဧကရာဇ်၏ အဘွားတော်လည်း ဖြစ်သည်။ ထို့အပြင် နိုင်ငံတော် အဆင့် ၁ ကတော်ဘွဲ့ ရရှိထားသူ ဖြစ်သဖြင့် ထိုင်ခွင့်ရရန် ထိုက်တန်ပေသည်။
လုမင်ယွိ ကိုယ်တိုင် ဖိတ်ခေါ်သည့်အတွက် ချောင်သခင်မကြီးသည် ဟန်လုပ်ငြင်းဆန်မနေတော့ဘဲ ကျေးဇူးတင်စကား ဆိုကာ အပျိုတော်၏ အကူအညီဖြင့် မိဖုရားခေါင်၏ အောက်ဘက်တွင် ဝင်ထိုင်လိုက်သည်။
ထို့နောက် ဆက်လက်ဝင်ထိုင်သူများမှာ ဖူယန်မြို့စားကတော်နှင့် တုန်ပင်ကျွင်းဝမ်ဖေးတို့ ဖြစ်သည်။
ဖူယန်မြို့စားကတော်သည် ခင်ပွန်းသည်၏ အကြိမ်ကြိမ် သတိပေးမှုကြောင့် ယနေ့ နန်းတော်သို့ လာရာတွင် အလွန် လိမ္မာယဉ်ကျေးနေသည်။ မိဖုရားခေါင်ကို ကျေးဇူးတင်စကား ဆိုပြီးနောက် သတိကြီးစွာဖြင့် ဝင်ထိုင်လိုက်ကာ ပြုံးရုံသာ ပြုံးနေပြီး စကားမပြောဘဲ နေလိုက်သည်။
တုန်ပင်ကျွင်းဝမ်၏ သား လီယန်သည် အကြိမ်ကြိမ် အမှုထမ်းခဲ့ပြီး ဧကရာဇ်အသစ်၏ ယုံကြည်အားကိုးရသော လက်ရုံးတစ်ဆူ ဖြစ်သည်။ လုမင်ယွဲ့သည်လည်း တုန်ပင်ကျွင်းဝမ် အိမ်တော်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် လုမင်ယွိသည် တုန်ပင်ကျွင်းဝမ်ဖေးကို မျက်နှာသာပေးကာ နူးညံ့စွာ ပြောလိုက်သည်။ "တုန်ပင်ကျွင်းဝမ်ဖေး၊ ထိုင်ပါ"
တုန်ပင်ကျွင်းဝမ်ဖေးသည် ဝမ်းသာအားရ ဖြစ်သွားပြီး "ကျေးဇူးတင်ပါတယ် ဟွမ်ဟုပ်ညန်ညန်" ဟု ပြောကာ ထိုင်လိုက်သည်။
ယနေ့တွင် လုမင်ယွဲ့လည်း နန်းတော်သို့ ရောက်ရှိနေသည်။ ယောက္ခမကို တွဲကူပေးရင်း ဇာမဏီပလ္လင်ပေါ်ကို မော့ကြည့်လိုက်သည်။
လုမင်ယွိက လုမင်ယွဲ့ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
လုမင်ယွဲ့သည် နှုတ်ခမ်းစူကာ ပြုံးလိုက်သည်။ ဤကဲ့သို့သော အခမ်းအနားမျိုးတွင် စကားများများ ပြောရန် မသင့်တော်သဖြင့် ယောက္ခမဘေးတွင် ငြိမ်သက်စွာ ရပ်နေလိုက်သည်။ လုမင်ယွိနှင့် ခြေလှမ်း ၂ လှမ်းခန့်သာ ကွာဝေးလေသည်။
ထို့နောက် ဝန်ကြီးကတော်များ အသီးသီး ဝင်ထိုင်ကြသည်။
ထိုအထဲတွင် အထင်ရှားဆုံးမှာ ရှန်းလန် ဖြစ်သည်။
ကတော်အများစုမှာ အသက် ၄၀၊ ၅၀ ကျော်များ ဖြစ်ကြပြီး ဆံပင်ဖြူနေသော အသက် ၆၀ ကျော်များလည်း မနည်းလှပေ။ ရှန်းလန်တစ်ယောက်တည်းသာ အသက် ၂၀ ကျော်မျှသာ ရှိသေးပြီး မျက်ခုံးကွေးကွေး မျက်လုံးဝိုင်းဝိုင်းလေးနှင့် အလွန် လှပနေသည်။
သို့သော် သူမက ကံကောင်းသူ ဖြစ်နေသည်လေ။ လုမိသားစု၏ ချွေးမဖြစ်ပြီး မိဖုရားခေါင်၏ ယောက်မအရင်း ဖြစ်နေသည်။ မိဖုရားခေါင်က တမင်မြှောက်ပင့်ပေးလိုသဖြင့် ရှန်းလန်ကို သူမ၏ ဘေးနားတွင် ထိုင်ခိုင်းလိုက်ရာ နေရာသည် ဖူယန်မြို့စားကတော်ထက်ပင် ပိုမြင့်နေသေးသည်။
ဖူယန်မြို့စားကတော်တောင်မှ ပြုံးပြနေရသည် ဆိုတော့ ကျန်တဲ့သူတွေက ဘာပြောစရာ ရှိတော့မလဲ။
မွန်းတည့်ချိန် နန်းတွင်းစားပွဲတွင် ဟင်းလျာများသည် ပူပူနွေးနွေးနှင့် အရသာရှိလှသည်။
ရှန်းလန်သည် နန်းတော်သို့ လာရောက် ဂါရဝပြုသည်မှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း ယခုတစ်ခေါက် စားသောက်ပွဲတွင် သိသိသာသာ ကွာခြားမှုကို ခံစားမိလိုက်၏။
သူမသည် လုမင်ယွိကို တိုးတိုးလေး ပြောလိုက်သည်။ "နှစ်တိုင်း နန်းတော်ထဲ လာစားရင် ဟင်းတွေက အေးစက်နေပြီး ဘယ်လောက်ကောင်းကောင်း အရသာမရှိဘူး။ ဒီနှစ်ကတော့ ပူပူနွေးနွေးလေး စားရတယ်"
လုမင်ယွိက ပြုံးလိုက်သည်။ "စားဖိုဆောင်က ဂရုတစိုက် လုပ်ပေးထားတာပဲ။ ဆုချရမယ်"
လုမင်ယွိ၏ မိဖုရားခေါင်ဘဝသည် အဆင်ပြေချောမွေ့ပြီး အနောက်နန်းဆောင်ကို ထိန်းချုပ်ထားနိုင်သည်မှာ သိသာထင်ရှားလှသည်။ ဘယ်သူမှ ပေါ့လျော့ရဲခြင်း မရှိကြပေ။
သမီးယောက်မနှစ်ယောက် အကြည့်ချင်းဖလှယ်ကာ ပြုံးလိုက်ကြသည်။
စားပွဲပြီးဆုံးပြီးနောက် လုမင်ယွိသည် ရှန်းလန်နှင့် လုမင်ယွဲ့ကို ဆက်နေခိုင်းလိုက်ပြီး ကျန်ကတော်များအားလုံး နှုတ်ဆက်ပြန်သွားကြသည်။
ရှန်းကတော် (ရှန်းလန်၏မိခင်) သည် စိတ်ပျော်ရွှင်နေသဖြင့် ခြေလှမ်းများ ပေါ့ပါးသွက်လက်နေသည်။
လုမင်ယွိက မိဖုရားခေါင် ဖြစ်လာပြီး ရှင်းယန်ဝမ်က စစ်တိုက်ထွက်နေသည်။ လုဖေးက ရှင်းယန်စစ်တပ်ကို ထိန်းချုပ်ထားသည်။ လုမိသားစုသည် ချမ်းသာကြွယ်ဝမှု အထွတ်အထိပ်သို့ ရောက်ရှိနေပြီး သမီးဖြစ်သူ ရှန်းလန်လည်း မျက်နှာပွင့်လန်းနေသည်။
မိခင်တစ်ယောက်အနေဖြင့် ဝမ်းသာပီတိ ဖြစ်ရသည်။
နောင်အနာဂတ် ဘာဖြစ်မလဲ ဆိုတာကတော့ နောက်မှ တွေးတာပေါ့။ လောလောဆယ်တော့ ပူစရာ ဘာမှ မရှိသေးဘူးလေ။
……
ကျောင်းဖန်နန်းဆောင်တွင် လုမင်ယွိသည် ရှန်းလန်နှင့် လုမင်ယွဲ့တို့ကို ဟင်းချိုရည် တိုက်နေလေသည်။ "အာ့စောင်၊ ဝူမေ့၊ ဒီ ကွေ့ဟွား ယွမ်ရှောင်မုန့်ကို ချီယွင် ကိုယ်တိုင် လုပ်ထားတာ။ ပူတုန်းလေး သောက်လိုက်ကြ"
ရှန်းလန်က အားနာမနေဘဲ ပြုံးရွှင်စွာ သောက်လိုက်သည်။
လုမင်ယွဲ့က တစ်ပန်းကန်သောက်ပြီး နောက်ထပ် တစ်ပန်းကန် ထပ်တောင်းသည်။
လုမင်ယွိက ရယ်မောကာ စလိုက်သည်။ "ဝူမေ့က အရင်လိုပဲ စားနိုင်တုန်းပါလား"
လုမင်ယွဲ့က မျက်လုံးလေး ကလယ်ကလယ် လုပ်ပြသည်။ "ချီယွင် ကိုယ်တိုင်လုပ်တဲ့ မုန့်ရည်ကို သောက်ရဖို့ မလွယ်ဘူးလေ။ များများ သောက်ထားမှ။ ဒီတစ်ခါ လွတ်သွားရင် နောက်တစ်ခါ ဘယ်တော့မှ ပြန်သောက်ရမလဲ မသိဘူး"
ဘေးနားမှ ချီယွင်က ပြုံးလိုက်သည်။ "ဝူရှောင်ကျဲ (သခင်မလေး ၅) က ကျွန်မကို စနေပြန်ပြီ"
လုမင်ယွဲ့က ပြန်ပြောသည်။ "ကျွန်မက စနေတာ မဟုတ်ပါဘူး။ ချီယွင်က ဟွမ်ဟုပ်ညန်ညန်ရဲ့ ယုံကြည်အားကိုးရဆုံး လူယုံဆိုတာ ဘယ်သူမှ မသိဘဲ နေမလား။ သာမန်လူဆိုရင် မျက်နှာလိုမျက်နှာရ လုပ်ဖို့တောင် ခက်တာ။ အခုလို ကိုယ်တိုင်လုပ်တဲ့ မုန့်ရည် သောက်ရတာ တကယ် ကံကောင်းတာပါ"
အားလုံးက သဘောကျပြီး ရယ်မောလိုက်ကြသည်။
ချီယွင်သည် ငယ်စဉ်ကတည်းက လုမင်ယွိကို ပြုစုခဲ့ပြီး သခင်နှင့် ကျွန်တို့၏ သံယောဇဉ်သည် နက်ရှိုင်းလှသည်။ လုမိသားစု၏ အမြင်တွင် ချီယွင်သည် မိသားစုဝင်တစ်ယောက်လို ဖြစ်နေပြီ။
စကားစမြည် ပြောပြီးနောက် လုမင်ယွိက ရှန်းလန်ကို ဂရုတစိုက် မေးမြန်းလိုက်သည်။ "အစ်ကိုနဲ့ မတွေ့ရတာ ကြာပြီ။ သူ နေကောင်းရဲ့လား"
မိဖုရားခေါင် ဖြစ်လာသည့်အခါ အဆင်မပြေမှုများလည်း ရှိလာသည်။ ဥပမာ - အရင်လိုမျိုး စိတ်ရှိတိုင်း အိမ်ပြန်လို့ မရတော့။ လုဖေးသည် ပြင်ပမှ အရာရှိ ဖြစ်သဖြင့် အထူးခွင့်ပြုချက် မရှိဘဲ အနောက်နန်းဆောင်သို့ ဝင်ရောက်ခွင့် မရှိပေ။
ရှန်းလန်ကလည်း ပြုံးလျက် ဖြေသည်။ "သူ စားကောင်းအိပ်ပျော်ပါပဲ။ ကျန်းမာရေး ကောင်းပါတယ်။ ဘာမှ စိတ်ပူစရာ မရှိပါဘူး" ခဏရပ်ပြီး အသံတိုးတိုးဖြင့် ဆက်ပြောသည်။ "နှစ်သစ်ကူးမတိုင်ခင်က အိမ်ခဏပြန်လာပြီး နှစ်သစ်ကူးရက်မှာ ပြန်မလာတော့ဘူးလို့ ပြောသွားတယ်။ စစ်တပ်ထဲမှာ လူရှိနေမှ ဖြစ်မှာမို့လို့တဲ့"
လုလင်းက စစ်တိုက်ထွက်သွားပြီး ကျန်းကျုံးလည်း လိုက်ပါသွားသည်။ ရှင်းယန်စစ်တပ်ထဲတွင် စစ်သည် ၅ သောင်း ကျန်ရှိနေပြီး နေ့စဉ် လေ့ကျင့်ပေးရမည် ဖြစ်သဖြင့် လူလွတ်မရပေ။
လုမင်ယွိက ခေါင်းညိတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။ "အာ့ကောလည်း ပင်ပန်းရှာပါတယ်။ အာ့စောင်လည်း ပင်ပန်းပြီ"
နှစ်သစ်ကူးချိန်မှာတောင် လင်မယားချင်း မတွေ့ရဘူး။
ရှန်းလန်က မျက်စောင်းထိုးလိုက်ကာ "ဟွမ်ဟုပ်ညန်ညန် ပြောနေတာတွေက စိမ်းကားလိုက်တာ။ သူက စစ်သူကြီးလေ။ သူ့တာဝန် သူထမ်းဆောင်ရမှာပေါ့။ ကျွန်မက အိမ်မှာ အေးအေးဆေးဆေး စားလိုက်အိပ်လိုက်နဲ့ နေရတာပဲဟာ။ နန်းတော်ထဲ လာရင်လည်း ဟွမ်ဟုပ်ညန်ညန်ဘေးမှာ ထိုင်ရသေးတယ်။ ဒီလောက် ကောင်းစားနေတာကို ပင်ပန်းတယ်လို့ ညည်းရင် မိုးကြိုးပစ်ခံရမှာပေါ့"
ရှန်းလန်သည် အမြဲတမ်း သူတစ်ပါးကို စာနာနားလည်ပေးတတ်သည်။
လုမင်ယွိ၏ ရင်ထဲ နွေးထွေးသွားပြီး စကားဆက်မပြောတော့ပေ။
မိသားစုချင်း ကျေးဇူးတင်စကားတွေ အများကြီးပြောနေရင် စိမ်းကားရာ ကျနေလိမ့်မယ်။
သူမသည် ယခုအခါ မိဖုရားခေါင် ဖြစ်နေပြီမို့ ကိုယ့်မိသားစုကို ပြန်လည် စောင့်ရှောက်ပေးသင့်တာ အမှန်ပင်။
လုမင်ယွဲ့က တိုးတိုးလေး မေးလိုက်၏။ "စစ်ကျဲ၊ လီဟောက် နယ်နှင်ဒဏ်ခံရတဲ့လမ်းမှာ လိုက်ပို့တာက ရှင်းယန်စစ်တပ်က လူတွေမလား။ လမ်းမှာ မတော်တဆမှုတွေ ဘာတွေ မဖြစ်နိုင်ဘူးလား"
လီဟောက်သာ လမ်းမှာ 'မတော်တဆ' ဖြစ်သွားခဲ့ရင် အဲဒီအပြစ်က လုမင်ယွိခေါင်းပေါ် ရောက်လာမှာပဲ။
ဒါပေမဲ့ လုမင်ယွိရဲ့ ပြတ်သားမှုနဲ့ လီဟောက်အပေါ် မုန်းတီးမှုကို ကြည့်ရင် ဒီလောက် နာမည်ပျက်တာလောက်ကို ဂရုစိုက်နေမှာ မဟုတ်ပါဘူး။
လုမင်ယွိ၏ မျက်ဝန်းများ အရောင်လက်သွားပြီး အေးစက်စက် ပြောလိုက်တော့၏။ "လီဟောက်က လမ်းမှာ ဘာမှ ဖြစ်မှာ မဟုတ်ဘူး။ နယ်စပ်ရောက်မှ သူကျူးလွန်ခဲ့တဲ့ အပြစ်တွေအတွက် တဖြည်းဖြည်း ပြန်ပေးဆပ်ရမှာ!"
...