← Chapters

အခန်း (၆၉၇-၆၉၉)

Vol. 47 Ch. 697-699

အခန်း (၆၉၇-၆၉၉)

Vol. 47 Ch. 697-699

အပိုင်း (၆၉၇) လီဟောက် Extra(1)

တစ်လခန့် ကြာမြင့်ပြီးနောက်။

"နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ"

လမ်းခရီးတစ်လျှောက် လိုက်ပါပို့ဆောင်လာခဲ့ကြသည့် ရှင်းယန်တပ်သား အယောက်ငါးဆယ်ကျော်သည် ပြိုင်တူ သက်ပြင်းချလိုက်ကြလေသည်။

သူတို့သည် အမိန့်တော်အရ တတိယမင်းသား လီဟောက်ကို နယ်စပ်အထိ လိုက်ပါပို့ဆောင်ပေးခဲ့ကြရခြင်း ဖြစ်သည်။ ဒီခရီးစဉ်သည် အချိန်နှစ်လခန့် ကြာမြင့်ခဲ့လေသည်။ အနောက်မြောက်ဘက်သို့ ဦးတည်သွားလေလေ ရာသီဥတုက ပိုပြီးအေးစက်လာလေလေပင်။

လမ်းခရီးတွင် နှင်းမုန်တိုင်း နှစ်ကြိမ်တိုင်တိုင် ကျရောက်ခဲ့သေး၏။ မြင်းများကို စီးနင်း၍မရတော့သဖြင့် မြင်းများကို ဆွဲကာ လမ်းလျှောက်ခဲ့ကြရသည်။ လမ်းခရီးတွင် စစ်မြင်းဆယ်ကောင်ကျော် သေဆုံးခဲ့ရသည်။ လူများ ဒုက္ခရောက်ခဲ့ရသည်ကိုတော့ ထည့်ပြောစရာပင် လိုမည်မထင်တော့ချေ။

တော်သေးသည်မှာတော့ နောက်ဆုံးတွင် ခရီးဆုံးသို့ ရောက်ရှိလာခဲ့ခြင်းပင်။

ထိုရှင်းယန်တပ်သား ငါးဆယ်ကျော်ကို အသက်လေးဆယ်အရွယ်ရှိ တပ်မှူးတစ်ဦးက ဦးဆောင်လေသည်။ တပ်မှူး၏ အမည်မှာ ဝမ် ဖြစ်ပြီး သိုင်းပညာ ထူးချွန်ကာ ရှင်းယန်တပ်မတော်၏ စစ်သူကြီးများထဲတွင် ထိပ်တန်းစာရင်းဝင်သူ ဖြစ်သည်။

တပ်မှူးဝမ်သည် ကြမ်းတမ်းသည်ဟု ထင်ရသော်လည်း အနုစိတ်ပြီး စေ့စပ်သေချာသူ ဖြစ်သည်။ သူသည် လီဟောက်ကို နယ်စပ်တပ်စခန်းမှ တာဝန်ခံတပ်မှူး၏ လက်ထဲသို့ ကိုယ်တိုင်ကိုယ်ကျ အပ်နှံလိုက်လေသည်။

"ကျွန်တော်မျိုးက စစ်မိန့်အရ အပြစ်ရှိသူ လီဟောက်ကို နယ်စပ်အထိ လိုက်ပါပို့ဆောင်ပေးတာပါ။ ဒါက စစ်မိန့်ပါ တပ်မှူးရှန် စစ်ဆေးကြည့်ပါအုံး"

တပ်မှူးရှန်ဆိုသူသည် အသက်ငါးဆယ်ကျော်အရွယ်ရှိသည့် စစ်သည်ကြီးတစ်ဦး ဖြစ်သည်။ နယ်စပ်တွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သဖြင့် မျက်နှာသည် ကြမ်းတမ်းနေပြီး နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးများ ရှုပ်ပွနေသော်လည်း မျက်လုံးများကတော့ စူးရှတောက်ပနေလေသည်။

တပ်မှူးရှန်သည် စစ်မိန့်ကို လှမ်းယူလိုက်ပြီး သေချာစွာ ဖတ်ရှုစစ်ဆေးလိုက်ကာ ခေါင်းညိတ်လိုက်သည်။

"စစ်မိန့်က မှန်ကန်ပါတယ်။ လမ်းခရီးမှာ ပင်ပန်းလာကြမှာပဲ။ ရက်နည်းနည်းလောက် အနားယူပြီးမှ မြို့တော်ကို ပြန်ကြပါလား"

တပ်မှူးဝမ်က လက်ကိုယှက်ကာ အရိုအသေပြုလိုက်၏။

"ကျွန်တော်တို့တွေ အမိန့်ပြန်ပေးဖို့ ချက်ချင်းပြန်ရမှာမို့လို့ အချိန်မဆွဲတော့ပါဘူး။ ဒီနေရာမှာပဲ နှုတ်ဆက်လိုက်ပါတယ်"

ရှင်းယန်တပ်သား အယောက်ငါးဆယ်ကျော်သည် စစ်မြင်းများပေါ်သို့ တပြိုင်နက်တက်လိုက်ကြပြီး မြင်းခွာသံ တခွာခွာဖြင့် အဝေးသို့ ထွက်ခွာသွားကြရာ မကြာမီမှာပင် အရိပ်အယောင်ပင် မမြင်ရတော့ချေ။

ထိုအချိန်ကျမှ တပ်မှူးရှန်သည် လီဟောက်ဘက်သို့ လှည့်ကြည့်လာခဲ့သည်။

ရှင်းယန်တပ်သားများသည် လီဟောက်ကို စော်ကားနှိမ့်ချခြင်း မရှိခဲ့သလို သူဝတ်ဆင်ရန် ဝမ်းနည်းခြင်းအထိမ်းအမှတ် အဖြူရောင် ဝတ်စုံကိုလည်း ပြင်ဆင်ပေးခဲ့ကြသည်။ လမ်းခရီးတစ်လျှောက်တွင် အစားအသောက် ရိုးရှင်းသော်လည်း လီဟောက်ကို အစာငတ်အောင်တော့ မထားခဲ့ကြပေ။

ထို့ကြောင့်ပင် လီဟောက်သည် ရက်ပေါင်းများစွာ ရေမချိုးရသဖြင့် ညစ်ပတ်ပေရေနေသည်မှလွဲလျှင် ပိန်လှီချိနဲ့သွားခြင်း မရှိချေ။

လီဟောက်သည် ဘွဲ့ထူးဂုဏ်ထူး ရုပ်သိမ်းခံလိုက်ရပြီး သာမန်အရပ်သားအဖြစ် တန်းလျှော့ခံလိုက်ရသူ ဖြစ်သည်။ သို့သော်လည်း အရှင်မင်းကြီး၏ ညီတော်အရင်း ဖြစ်နေသေးသဖြင့် တပ်မှူးရှန်သည် သူ့ကို မစော်ကားရဲဘဲ ယဉ်ကျေးစွာပင် ပြောလိုက်လေသည်။

"ကျွန်တော် သခင်လေးကို နေစရာနေရာ လိုက်ပို့ပေးပါမယ်"

သခင်လေးတဲ့လား။

လီဟောက်သည် ကိုယ့်ကိုကိုယ် လှောင်ပြောင်သည့်အနေဖြင့် နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားတော့သည်။

"တပ်မှူးရှန်က ယဉ်ကျေးလွန်းနေပါပြီ။ ကျွန်တော်က မင်းသားတစ်ပါး မဟုတ်တော့ပါဘူး။ လီဟောက်လို့ပဲ ခေါ်ပါ"

ကောင်းကင်ဘုံက မင်းသားတစ်ပါးသည် ဒီလိုအခြေအနေမျိုးထိ ရောက်ရှိသွားသည့်တိုင် စိတ်ဓာတ်ပြိုလဲမသွားဘဲ ရူးသွပ်မသွားသည်ကို ကြည့်ခြင်းအားဖြင့် စိတ်ဓာတ်ကြံ့ခိုင်သူဖြစ်ကြောင်း သိသာလှပေသည်။

သို့သော်လည်း နယ်စပ်၏ ဆင်းရဲဒုက္ခဟူသည် သာမန်လူများ တွေးတောမှန်းဆနိုင်သည့် အရာမဟုတ်ပေ။ စည်းစိမ်ဥစ္စာများကြားတွင် ကြီးပြင်းလာခဲ့ရသည့် တတိယမင်းသားတစ်ယောက်အနေဖြင့် ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ ဆိုတာကိုတော့ ပြောရခက်လှသည်။

တပ်မှူးရှန်သည် ဆက်ပြီးတွေးတောမနေတော့ဘဲ လီဟောက်ကို နေရာချထားပေးရန် ခေါ်ဆောင်သွားလိုက်တော့သည်။

အပြစ်ဒဏ်ပေးပြီး စစ်မှုထမ်းခိုင်းသည်ဆိုမှတော့ နယ်စပ်တပ်စခန်းထဲတွင် နေထိုင်ရမည်မှာ အမှန်ပင်။ နယ်စပ်ဒေသသည် အေးစက်ကြမ်းတမ်းပြီး နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၏ ဘဝသည်လည်း အလွန် ပင်ပန်းဆင်းရဲကြလေသည်။ ဖျင်ကြမ်း ပိတ်စများဖြင့် ဆောက်လုပ်ထားသည့် တဲအိမ်များသည် ရံဖန်ရံခါ တိုက်ခတ်လာသည့် လေအေးများကို မကာကွယ်နိုင်ဘဲ အအေးဓာတ်က လူတို့၏ အရိုးထဲထိ စိမ့်ဝင်သွားစေတတ်သည်။

တဲအိမ်တစ်လုံးတွင် ပုံမှန်အားဖြင့် လူဆယ်ယောက် နေထိုင်ရလေသည်။ ထိုလူဆယ်ယောက်ထဲတွင် အဖွဲ့ခေါင်းဆောင်တစ်ယောက် ပါဝင်လေသည်။

နယ်စပ်တပ်ဖွဲ့ စစ်တိုက်ရသည်မှာ ပုံမှန်ကိစ္စတစ်ခုပင်။ ဒီနေ့တစ်ယောက် ဒဏ်ရာရလိုက် မနက်ဖြန်တစ်ယောက် သေဆုံးလိုက်နှင့် မဆန်းကြယ်တော့ပေ။ စစ်သည်အသစ်များ ရောက်လာမှသာ လူအင်အားကို ပြန်လည်ဖြည့်တင်းနိုင်လေသည်။

တပ်မှူးရှန်သည် လီဟောက်ကို တဲတစ်ခုအတွင်းသို့ နေရာချထားပေးလိုက်သည်။ ထိုတဲထဲတွင် လူခုနစ်ယောက်ရှိပြီး ဝဝ ပိန်ပိန် မျိုးစုံရှိကြသည်။ အဖွဲ့ခေါင်းဆောင်၏ အရပ်အမောင်းမှာ မြင့်မားကြံ့ခိုင်ပြီး မျက်နှာပေါ်တွင် ဓားရာတစ်ခုရှိကာ ရုပ်ရည်က အလွန်ခက်ထန်လေသည်။

လီဟောက် တဲထဲသို့ ဝင်လိုက်သည်နှင့် မျက်လုံးခုနစ်စုံက သူ့ဆီသို့ ပြိုင်တူ စူးစိုက်ကြည့်လာကြတော့သည်။ ထိုအကြည့်များထဲတွင် စူးစမ်းလိုစိတ်၊ အကဲခတ်လိုစိတ်နှင့် မရိုးသားသည့် သဘောထားများပင် ပါဝင်နေလေသည်။

စစ်သည်များသည် ကြမ်းတမ်းကြပြီး ပုံမှန်အားဖြင့် မိန်းမဟူ၍ မြင်တွေ့ရခဲလှသည်။ ရုပ်ရည်သန့်ပြန့်သည့် ယောက်ျားလေး တစ်ယောက်ကို တွေ့လျှင်ပင် ပြဿနာတက်တတ်ကြသည်။ လီဟောက်က အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရုပ်ရည်ကလည်း ချောမောခန့်ညားကာ ငယ်စဉ်ကတည်းက မွေးမြူလာခဲ့သည့် မင်းစိုးရာဇာတို့၏ အရှိန်အဝါက ကြက်အုပ်ကြားက ဗျိုင်းတစ်ကောင်လို ထင်ပေါ်နေတော့သည်။

စစ်သည်များ၏ လောဘတကြီးနှင့် ပူလောင်ပြင်းပြနေသည့် အကြည့်များက လီဟောက်၏ မျက်နှာပေါ်တွင် ဟိုဒီရွေ့လျားနေကြသည်။ ဝက်ဆီဖတ်လို စေးကပ်ပြီး ရွံရှာဖွယ်ကောင်းလှ၏။

လီဟောက်သည် ထိုအကြည့်မျိုးကို ချက်ချင်းနားမလည်လိုက်သော်လည်း စိတ်ထဲတွင်တော့ အလွန်ဒေါသထွက်မိသွားသည်။

သူသည် အေးစက်စွာ တချက်ဝေ့ကြည့်လိုက်ပြီး စစ်သည်များ၏ ကျားရိုင်းတစ်ကောင်လို အကြည့်များအောက်မှာပင် ထောင့်တစ်နေရာသို့ သွားနေလိုက်သည်။

တပ်မှူးရှန်က ချောင်းတစ်ချက်ဟန့်ကာ အဖွဲ့ခေါင်းဆောင်ကို ခေါ်လိုက်လေသည်။

"ကျန်းအာ့လန် ဒါက သခင်လေးလီပဲ။ အရှင်မင်းကြီးက ဘွဲ့ထူးဂုဏ်ထူး ရုပ်သိမ်းပြီး နယ်စပ်ကို ပို့လိုက်တာ။ ဒီနေ့ကစပြီး သခင်လေးလီက မင်းတို့အဖွဲ့ထဲမှာ နေရလိမ့်မယ်။ မင်း သေချာ ဂရုစိုက်ပေးလိုက်အုံး"

ကျန်းအာ့လန်က လူကြမ်းတစ်ယောက်ဖြစ်ပြီး တပ်မှူးရှန်၏ စကားထဲက သွယ်ဝိုက်သော သတိပေးချက်ကို နားမလည်ပေ။ ရင်ဘတ်ကို အားပါပါ ပုတ်လိုက်ပြီး ပြောလိုက်လေသည်။

"တပ်မှူးရှန် စိတ်ချပါ။ ကျွန်တော် ကျန်းအာ့က သူ့ကို သေချာပေါက် ကောင်းကောင်းကြီး စောင့်ရှောက်ပေးလိုက်ပါ့မယ်"

တခြားစစ်သည်များကလည်း "ဟဲဟဲ" ဟု ရယ်မောလိုက်ကြသည်။

တပ်မှူးရှန်က နှုတ်ခမ်းထောင့်ကို တွန့်လိုက်ပြီး လှည့်ထွက်သွားလေတော့သည်။

ထို့နောက်တွင်တော့ စစ်သည်တစ်သိုက်က လီဟောက်ကို ပြိုင်တူ လှည့်ကြည့်လာကြ၏။ ထိုအကြည့်များက သုံးရက်သုံးည ငတ်မွတ်နေသည့် လူတစ်ယောက်က အဆီတဝင်းဝင်းနှင့် ဝက်သားနီချက်ကို ကြည့်နေသကဲ့သို့ပင်။ အဖွဲ့ခေါင်းဆောင်က ပိုပြီး စိတ်လှုပ်ရှားနေကာ လက်နှစ်ဖက်ကို ပွတ်သပ်ရင်း ဝါထိန်နေသည့် သွားများကို ပေါ်အောင် ပြုံးရယ်လိုက်လေသည်။

"မင်း နာမည်ဘယ်လိုခေါ်လဲ။ အရင်တုန်းက ဘာလုပ်ခဲ့တာလဲ"

လီဟောက်က မျက်လုံးကိုမှိတ်ထားပြီး ပြန်ပင်မဖြေခဲ့ချေ။

ကျန်းအာ့လန်၏ မျက်ခုံးများ ထောင်တက်သွားသည်။ ဒီလူသစ်က ရုပ်ချောပြီး သူ့အကြိုက် ဖြစ်သော်လည်း စည်းကမ်းမရှိပေ။ သေချာ နာခံတတ်အောင် အရင်ဆုံး "ဆုံးမ" ပေးရပေမည်။

ကျန်းအာ့လန်သည် အပြုံးကို ရုပ်သိမ်းလိုက်ပြီး ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာကာ လီဟောက်၏ အင်္ကျီကော်လာကို လှမ်းဆွဲလိုက်လေသည်။

လက်က အင်္ကျီကို ထိရုံရှိသေး ဒူးခေါင်းက ပြင်းထန်စွာ နာကျင်သွားတော့သည်။

ကျန်းအာ့လန်သည် ရှောင်ချိန်ပင်မရလိုက်ဘဲ အော်ဟစ်ကာ လဲကျသွားလေသည်။

ကျန်ရှိနေသည့် စစ်သည်များကလည်း လန့်ဖျပ်သွားကြပြီး ရုပ်ပျက်ဆင်းပျက် ပြုံးကာ ဝင်လုံးကြတော့သည်။ ဒီ "မျက်နှာချောလေး" က ဘယ်လောက်ပဲ တော်နေပါစေ လက်သီးနှစ်ဖက်က လက်လေးဖက်ကို ယှဉ်နိုင်မှာ မဟုတ်ဘူးလေ။ ဒီနေ့တော့ သူ့ကို တသက်လုံး မမေ့နိုင်မယ့် "သင်ခန်းစာ" ပေးရမယ်။

မကြာမီမှာပင် စစ်တဲထဲတွင် လက်သီးထိုးသံများနှင့် နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။

ဒီလှုပ်ရှားမှုက တခြားစစ်သည်များ၏ အာရုံကို ဖမ်းစားလိုက်နိုင်လေသည်။ လူတိုင်းက ခေါင်းပြူပြီး လှမ်းကြည့်ကြတော့သည်။

"ကျန်းအာ့လန်တို့အဖွဲ့ဆီ လူသစ်ရောက်လာပြန်ပြီဟေ့"

"အရင်တခေါက်က ရောက်လာတဲ့ကောင်ဆို နှစ်ဝက်တောင် မခံလိုက်ဘူး။ ဒီတစ်ယောက်ကရော ဘယ်လောက်ကြာကြာ ခံမလဲမသိဘူး"

"အသံတွေ နားထောင်ကြည့်ရတာ ဒီလူသစ်က သိုင်းကွက် နည်းနည်းရပုံပဲ"

"ဟက်... သိုင်းတော်တော့ရော ဘာလုပ်ရမှာလဲ။ ခုနစ်ယောက်ကို တစ်ယောက်တည်း ဘယ်နိုင်ပါ့မလဲ။ ပြီးတော့ အဆီတဝင်းဝင်း ဝက်သားတုံးကို လူခုနစ်ယောက်က နေ့ရောညပါ စောင့်ကြည့်နေမှာလေ။ တနေကုန် မအိပ်ဘဲ နေနိုင်မှာကျနေတာပဲ။ တချိန်ချိန်တော့ လက်လွန်သွားမှာပဲ"

"တိုးတိုးနေကြစမ်းပါ။ ငါတို့ အရင်ဆုံး ပွဲကောင်းကြည့်ရအောင်။ လူသစ်က ငြိမ်ကျသွားပြီဆိုရင် ငါတို့လည်း ဝေစုရချင်ရမှာပေါ့"

ဘယ်တဲထဲကမှန်းမသိဘဲ ကြက်သီးထဖွယ် ရယ်မောသံများ ထွက်ပေါ်လာတော့သည်။

ဒီလိုအခြေအနေမျိုးက နယ်စပ်တပ်ဖွဲ့ထဲတွင် မကြာခဏ ဖြစ်လေ့ရှိသည်။

မြို့တော်က တော်ဝင်ကိုယ်ရံတော်တပ်ဖွဲ့ပဲဖြစ်ဖြစ်၊ ရှင်းယန်တပ်ဖွဲ့နှင့် ကျောက်မိသားစုတပ်ဖွဲ့ပဲဖြစ်ဖြစ် ရိက္ခာလုံလောက်ကြသည်။ လစဉ် နားရက်တစ်ရက် ရသဖြင့် အပျော်အပါးလိုက်စား၍ ရသေးသည်။ နယ်ခြားစောင့်တပ်ဖွဲ့များ၏ ဘဝကတော့ သိပ်မဆိုးလှပေ။

ဆင်းရဲပြီး ပင်ပန်းသည်မှာ နယ်စပ်တပ်ဖွဲ့သာ ဖြစ်လေသည်။ ရာသီဥတုက ဆိုးရွားပြီး မကြာခဏ နှင်းမုန်တိုင်း ကျရောက်တတ်သဖြင့် အေးခဲလုမတတ်ပင်။ ပတ်ဝန်းကျင် မိုင်ရာချီအတွင်းတွင် လူအရိပ်အယောင် မရှိသဖြင့် မိန်းမဟူ၍ ပိုမိုဝေးကွာလှသည်။

ထို့ကြောင့် တပ်ဖွဲ့ထဲတွင် ခန္ဓာကိုယ် သေးသွယ်ပြီး ရုပ်ရည်ချောမောသူများမှာ ကံဆိုးမိုးမှောင် ကျတတ်ကြလေသည်။

ဝုန်း!

အသံအကျယ်ကြီးနှင့်အတူ တောင့်တင်းကြံ့ခိုင်သည့် စစ်သည်တစ်ယောက် တဲထဲမှ လွင့်ထွက်လာပြီး သွေးများ အန်ချလိုက်လေသည်။

မကြာခင်မှာပင် စစ်သည်အချို့ ဆက်တိုက်ဆိုသလို လွင့်ထွက်လာကြတော့သည်။ နောက်ဆုံးမှ ထွက်လာသူမှာ အဖွဲ့ခေါင်းဆောင် ကျန်းအာ့လန် ဖြစ်သည်။ သူက အထိုးခံရဆုံးဖြစ်ပြီး မျက်နှာတစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းနေကာ သွားနှစ်ချောင်းပင် ကျွတ်ထွက်သွားလေသည်။ သွေးများနှင့်အတူ သွားများကို ထွေးထုတ်လိုက်ရင်း နာကျင်စွာ အော်ဟစ်ညည်းညူနေတော့သည်။

ဒီလှုပ်ရှားမှုကြောင့် ပွဲကောင်းကြည့်နေကြသည့် ဘေးပတ်ဝန်းကျင်က စစ်သည်များ အံ့သြမှင်သက်သွားကြပြီး ညစ်ညမ်းစွာ နောက်ပြောင်နေသည့် အသံများ တိခနဲ ရပ်တန့်သွားကြသည်။

လီဟောက်သည် စစ်တဲတစ်ခုလုံးက လူများကို မှောက်သွားအောင် ထိုးကြိတ်လိုက်သော်လည်း စိတ်အခြေအနေ မကောင်းမွန်ချေ။ ပိုလို့ပင် မျက်နှာပျက်လာခဲ့သည်။

ဒီလိုအခြေအနေထိ ရောက်ရှိသွားရပြီး တိမ်လွှာထက်မှ ရွှံ့နွံအိုင်ထဲသို့ ပြုတ်ကျသွားရသကဲ့သို့ ခံစားချက်မျိုးပင်။ အလင်းရောင်မရှိသည့် မျှော်လင့်ချက်မဲ့ခြင်းများနှင့် ရှေ့ဆက်စရာလမ်းမရှိသည့် အမှောင်ထုများသည် လေလုံသည့် ပိုက်ကွန်သဖွယ် သူ့ကို လွှမ်းခြုံထားတော့သည်။

......

အပိုင်း (၆၉၈) လီဟောက် Extra (2)

လီဟောက်သည် လက်ရဲဇက်ရဲနှင့် ပြတ်သားသူဖြစ်ရာ ခေါင်းပြူကြည့်နေကြသည့် စစ်သည်အားလုံးကို တခါတည်း ကြောက်လန့်သွားအောင် ခြိမ်းခြောက်နိုင်ခဲ့လေသည်။ စစ်သည်များအားလုံးလည်း ချက်ချင်း ခေါင်းပြန်သွင်းသွားကြတော့သည်။

စစ်သည်ခုနစ်ယောက်စလုံး ဒဏ်ရာရထားကြပြီး တချို့က ဒဏ်ရာပြင်းထန်ကာ တချို့က ဒဏ်ရာမပြင်းလှသော်လည်း မျက်နှာတွင်တော့ ဖူးရောင်နေကြသည်။ ဒဏ်ရာအပြင်းထန်ဆုံးသူကတော့ ခြေထောက်ကျိုးသွားသူဖြစ်ပြီး ခြေထောက်ကိုကိုင်ကာ မရပ်မနား အော်ဟစ်နေလေသည်။

မကြာမီမှာပင် သတင်းကြားပြီး တပ်ဆေးမှူး ရောက်ရှိလာကာ ခြေထောက်ကျိုးသွားသူကို ဆေးကုသပေးလေသည်။

အပြင်ဘက်တွင် ရာသီဥတု အလွန်အေးနေသဖြင့် လူနာကို တဲထဲသို့သာ သယ်ဆောင်လာခဲ့ရသည်။ ဒဏ်ရာရထားကြသည့် စစ်သည်အချို့ကလည်း လီဟောက်ကို ကြောက်နေကြပြီဖြစ်သော်လည်း မတတ်သာသည့်အဆုံး ခေါင်းမာမာဖြင့်ပင် ခြေထောက်ကျိုးသွားသူကို တွဲကူကာ ဝင်လာခဲ့ကြရသည်။ သွားနှစ်ချောင်းကျွတ်သွားပြီး မျက်နှာတစ်ပြင်လုံး သွေးများပေကျံနေသည့် ကျန်းအာ့လန်သည်လည်း အံကိုကြိတ်ကာ တဲထဲသို့ ဝင်လာခဲ့လေသည်။

လီဟောက်သည် ထောင့်တစ်နေရာတွင် ထိုင်နေပြီး မျက်နှာထားတင်းမာစွာဖြင့် အေးစက်စက် ပြောလိုက်လေသည်။

"နောက်ဆို ငါ့အနားမကပ်ကြနဲ့။ မဟုတ်ရင် နောက်တခါကျရင် မင်းတို့ရဲ့ ခွေးအသက်ကို ယူပစ်မယ်!"

သူ၏လေသံက အလွန် ရက်စက်ပြီး အေးစက်လွန်းလှသဖြင့် ကျောရိုးထဲထိ စိမ့်ဝင်သွားစေသည်။

ကျန်းအာ့လန်သည် တံတွေးထွေးချလိုက်ချင်သော်လည်း လီဟောက်၏ လူသတ်ချင်နေသည့် မျက်လုံးများနှင့် ဆုံလိုက်ရသောအခါ သတ္တိများ ပျောက်ဆုံးသွားပြီး နှာခေါင်းရှုံ့ရုံသာ တတ်နိုင်တော့သည်။

လီဟောက်သည် တဖက်သို့လှည့်သွားပြီး မျက်လုံးများကို မှိတ်ထားလိုက်၏။

ထိုအချိန်တွင် သူ့ခေါင်းထဲ၌ သေဆုံးသွားသည့် ညီအရင်း လီချန်၏ မျက်နှာပေါ်လာပြီး မကြာမီ ယုံးကျားဧကရာဇ်၏ ဖြူလျော်နေသော မျက်နှာနှင့် ပထမမင်းသား၏ မျက်နှာတို့အဖြစ် ပြောင်းလဲသွားပြန်သည်။

နောက်ဆုံးတွင်တော့ ယှဉ်တွဲရပ်နေသည့် အရိပ်နှစ်ခု ပေါ်လာခဲ့သည်။

တစ်ယောက်က နဂါးဝတ်စုံကို ဝတ်ဆင်ထားပြီး ကျန်တစ်ယောက်က ဇာမဏီဝတ်စုံကို ဝတ်ဆင်ထားသည်။ သူတို့နှစ်ဦးသည် လက်ချင်းချိတ်ကာ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြုံးနေကြလေသည်။

ဒီမြင်ကွင်းသည် သူစိတ်ကူးယဉ်လိုက်သည့် ပုံရိပ်များသာ ဖြစ်သော်လည်း အလွန်ထင်ရှားပြတ်သားပြီး လက်တွေ့ဆန်လွန်းနေသည်။

မယားလုယူသည့် ရန်ကြွေးသည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကြီးမားလှသည်။ သူ့ရန်သူက ထီးနန်းရရှိသွားပြီဖြစ်ပြီး အာဏာပိုင်စိုးသည့် ဘုရင်တစ်ပါး ဖြစ်နေပြီ။ သူကတော့ ဒီအခြေအနေထိ ရောက်ရှိသွားပြီဖြစ်ကာ ပြန်လည်ထူထောင်နိုင်စရာ အကြောင်းမရှိတော့ပေ။

လီကျင့်က သူ့ကို သေမိန့်ပေးနိုင်သော်လည်း ထိုသို့မလုပ်ခဲ့ပေ။ သူ့အသက်ကို ချမ်းသာပေးပြီး နယ်စပ်သို့ ပို့လိုက်ခြင်းသည် စေတနာကောင်းနှင့် မဟုတ်သည်မှာ သေချာသည်။ သူက လီဟောက်ကို သေတာထက်ဆိုးသည့် ဘဝမျိုးနှင့် နေစေချင်ပြီး နေ့စဉ် နောင်တရစိတ်များနှင့် နေထိုင်စေချင်သည့် သဘောပင်။

လုမင်ယွိ ... မင်းလည်း ဒါမျိုးကို လိုချင်ခဲ့တာလား။

မင်းက လီကျင့်အတွက်ဆို အသက်ပေးပြီး ချစ်ပြခဲ့ပေမဲ့ ငါ့အပေါ်ကျတော့ ဘာလို့ ဒီလောက် ရက်စက်ရတာလဲ!

ရင်းနှီးပြီးသားဖြစ်သော်လည်း ဝေးကွာလွန်းလှသည့် နာမည်တစ်ခုသည် လီဟောက်၏ နှုတ်ခမ်းဖျားတွင် တိုးတိတ်စွာ ထွက်ပေါ်လာခဲ့၏။ ထက်မြက်သည့် ဓားတစ်ချောင်း သူ့ရင်ဘတ်ထဲသို့ စိုက်ဝင်သွားသကဲ့သို့ နာကျင်ရပြီး သွေးများ စီးကျလာသလို ခံစားလိုက်ရသည်။

နှလုံးသားထဲထိ နာကျင်ရသည်။

ထိုနေ့ညတွင် ဒဏ်ရာ သိပ်မပြင်းသည့် စစ်သည်တစ်ယောက်သည် တိတ်တဆိတ် ချဉ်းကပ်လာပြီး နေ့လယ်က ကိစ္စအတွက် လက်စားချေရန် ကြိုးစားလေသည်။

အိပ်ပျော်နေသည်ဟု ထင်ရသည့် လီဟောက်သည် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး လျှပ်စီးလက်သလို လျင်မြန်စွာပင် ထိုစစ်သည်၏ လည်ပင်းကို ညှစ်လိုက်လေသည်။ အားပါလွန်းသဖြင့် ခဏအတွင်းမှာပင် ထိုစစ်သည်၏ မျက်နှာသည် ခရမ်းရောင်သန်းလာပြီး အသက်ရှူရပ်လုနီးပါး ဖြစ်သွားတော့သည်။

ခြေထောက်ကျိုးသွားသဖြင့် မလှုပ်ရှားနိုင်သည့်သူမှလွဲ၍ ကျန်ရှိနေသည့် စစ်သည်များ လန့်နိုးလာကြပြီး အော်ဟစ်ကြတော့သည်။

"လွှတ်လိုက်စမ်း!"

"ဒါ စစ်တပ်ထဲနော်။ မင်းက လူသတ်ရဲတယ်ပေါ့! ဒါ စစ်ဥပဒေကို ချိုးဖောက်တာပဲ။ ခေါင်းဖြတ်ခံရမှာနော်!"

လီဟောက်၏ မျက်လုံးများ နီရဲနေပြီး မှောင်မိုက်နေသည့် ညဉ့်နက်သန်းခေါင်တွင် လူသားစားသည့် ဝံပုလွေတစ်ကောင်လို ဖြစ်နေတော့သည်။ သူက လက်ကို ဆက်ပြီးအားစိုက်လိုက်ရာ ထိုစစ်သည်မှာ အသက်ရှူရပ်သွားတော့သည်။

လီဟောက် လက်လွှတ်လိုက်သည်နှင့် စစ်သည်၏ အလောင်းသည် ကြမ်းပြင်ပေါ်သို့ 'ဒုန်း' ခနဲ ပြိုလဲကျသွားတော့သည်။ လီဟောက်သည် နီရဲနေသည့် မျက်လုံးများဖြင့် ကြောက်လန့်တကြား ဖြစ်နေကြသည့် စစ်သည်များကို ဝေ့ကြည့်လိုက်လေသည်။

"ဘယ်သူ သေချင်သေးလဲ။ လာစမ်းပါ"

ကျန်းအာ့လန်သည်လည်း တကိုယ်လုံး တုန်ယင်နေတော့သည်။

သူတို့သည် စစ်တိုက်ဖူးကြပြီး လူသတ်ဖူးသူများ ဖြစ်ကြသည်။ သို့သော်လည်း ကိုယ့်လူအချင်းချင်း ဒီလောက်ထိ ရက်စက်စွာ သတ်ဖြတ်သည်ကိုတော့ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။

ချောမောသည့် မျက်နှာလေးသည် အသက်နှုတ်ယူမည့် ငရဲမင်းနှင့် တူနေသဖြင့် ဘယ်သူမှ ဆက်ကြည့်ရဲစွမ်း မရှိကြတော့ချေ။

ပြေးနိုင်လွှားနိုင်သူများ အားလုံး အပြင်သို့ ထွက်ပြေးသွားကြတော့သည်။

ခြေထောက်ကျိုးနေသည့် စစ်သည်တစ်ယောက်သာ မလှုပ်ရှားနိုင်ဘဲ ကျန်ရစ်ခဲ့သည်။ လည်ပင်းညှစ်သတ်ခံလိုက်ရသည့် အလောင်းနှင့် မျက်နှာချင်းဆိုင် ဖြစ်နေသဖြင့် ကြောက်လန့်လွန်းကာ ဆီးပါထွက်ကျသွားပြီး တဲတစ်ခုလုံး ဆီးနံ့များဖြင့် နံစော်သွားတော့သည်။

အိပ်ပျော်နေသည့် တပ်မှူးရှန်သည် မကြာမီ နိုးလာပြီး စိတ်ထဲတွင် မကောင်းတော့မှန်း သိလိုက်ကာ အလျင်အမြန် ရောက်ရှိလာခဲ့သည်။

လီဟောက်သည် ခံစားချက်မရှိသည့် မျက်နှာဖြင့် တဲထဲတွင် ထိုင်နေလေသည်။ သူ့ရှေ့တွင် အသက်မရှိတော့သည့် အလောင်းတစ်ခုနှင့် ကြောက်လန့်တကြား အော်ဟစ်ငိုကြွေးနေသည့် ခြေထောက်ကျိုးနေသော စစ်သည်တစ်ယောက် ရှိနေသည်။

တပ်မှူးရှန်၏ မျက်ခုံးများ တွန့်ချိုးသွားပြီး ပြောလိုက်လေသည်။

"စစ်တပ်ထဲမှာ ရံဖန်ရံခါ လက်ရည်စမ်းကြတာ ကိစ္စမရှိပေမဲ့ လက်လွန်ပြီး လူသတ်မိတာကတော့ သာမန်ကိစ္စ မဟုတ်ဘူး။ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမှာ။ သခင်လေးလီ ကိုယ့်ဒုက္ခကိုယ်ရှာတာပဲဗျာ"

လီဟောက်က လှုပ်ပင်မလှုပ်ဘဲ အေးစက်စက် ပြောလိုက်လေသည်။

"ခင်ဗျား ကြိုက်သလို စီရင်ပါ။ သူတို့ကိုတော့ ထွက်သွားခိုင်းလိုက်"

တပ်မှူးရှန် "..."

စစ်ဥပဒေအရဆိုလျှင် ခေါင်းဖြတ်သတ်ရလိမ့်မည်။

သို့သော်လည်း ဒီသခင်လေးလီသည် အရှိန်အဝါ ကျဆင်းနေပြီ ဆိုသော်ငြား မင်းမျိုးမင်းနွယ် ဖြစ်နေသေးသည်။ သူလို နယ်စပ်တပ်မှူးလေးတစ်ယောက်က လီဟောက်ကို ဘယ်လိုလုပ် ထိပါးရဲပါမည်နည်း။ မြို့တော်က အရှင်မင်းကြီးသာ ကြားသွားလျှင် သူ့အသက်အန္တရာယ် ရှိလာနိုင်သည်။

အပြစ်မပေးဘဲ နေ၍လည်း မဖြစ်ပြန်ပေ။ ဒီလိုကိစ္စမျိုး ပျံ့နှံ့သွားလျှင် စစ်သည်များ စစ်ဥပဒေကို လိုက်နာတော့မည် မဟုတ်ဘဲ စစ်တပ်တစ်ခုလုံး ရှုပ်ထွေးကုန်တော့မည်။

တပ်မှူးရှန်သည် သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး လေးနက်စွာ ပြောလိုက်လေသည်။

"လာကြစမ်း သခင်လေးလီကို ခေါ်သွားကြ"

......

နောက်တစ်နေ့တွင် လီဟောက်ကို မိုင်တစ်ရာခန့် ဝေးကွာသည့် နယ်စပ်မြို့လေးတစ်မြို့သို့ ပို့ဆောင်လိုက်လေသည်။

ထိုမြို့လေးသည် နယ်စပ်မြို့ငယ်လေးတစ်မြို့ဖြစ်ပြီး မြို့ရိုးများက မညီမညာဖြစ်ကာ မြင့်လည်းမမြင့် ထူလည်းမထူပေ။ တာတာလူမျိုးများက တစ်နှစ်လျှင် အနည်းဆုံး နှစ်ကြိမ်သုံးကြိမ်ခန့် လာရောက် တိုက်ခိုက်လေ့ရှိသည်။

လူငယ်လူရွယ်များက မနေချင်ကြသဖြင့် ထွက်ခွာသွားကြရာ မြို့လေးထဲတွင် သက်ကြီးရွယ်အိုများနှင့် ကလေးများ အမျိုးသမီးများသာ ကျန်ရစ်ခဲ့ကြသည်။ မြို့စောင့်တပ်ဖွဲ့ဝင် အယောက်တစ်ရာကျော်သာ ရှိပြီး ထိုအထဲမှ ထက်ဝက်ခန့်မှာ ဒဏ်ရာရထားသူများ ဖြစ်ကြသည်။

ကျန်တစ်ဝက်မှာတော့ လီဟောက်ကဲ့သို့ စစ်ဥပဒေ ကျူးလွန်ပြီး အပို့ခံရသူများ ဖြစ်ကြသည်။ တာတာလူမျိုးများ ဝင်ရောက်စီးနင်းသည့် တနေ့တွင် အသက်ပေးလိုက်ရမည့်သူများ ဖြစ်သည်။

ပထမလ ကျော်လွန်သွားပြီးနောက် ရာသီဥတုက တဖြည်းဖြည်း နွေးထွေးလာသည်။ မြို့တော်တွင်သာ ဆိုလျှင် မြင်းစီးပြီး အပန်းဖြေထွက်ကြသည့် အချိန်အခါမျိုး ဖြစ်သည်။ ဒီနေရာတွင်တော့ ရေခဲပြင်ကြီး ဖြစ်နေဆဲပင်။ မြို့ရိုးပေါ်ကနေ လှမ်းကြည့်လိုက်လျှင် အဆုံးမရှိသည့် ရေခဲပြင်ကြီးကိုသာ မြင်တွေ့ရလိမ့်မည်။

လေတိုက်ခတ်မှု ပြင်းထန်ပြီး အရိုးခိုက်အောင် အေးသောကြောင့် ဘယ်သူမှ မြို့ရိုးပေါ်တွင် တာဝန်မကျချင်ကြပေ။

လီဟောက် ရောက်လာပြီးနောက် မြို့ရိုးစောင့်သည့် တာဝန်ကို မိမိသဘောဆန္ဒအလျောက် ယူလိုက်လေသည်။

နယ်စပ်မြို့လေးက အရမ်းအေးလွန်းသဖြင့် စစ်တပ်က ထုတ်ပေးသည့် ဝါဂွမ်းအင်္ကျီကို မဝတ်ဆင်ဘဲ မနေနိုင်ပေ။

နေ့တိုင်း မြို့ရိုးပေါ်တွင် ရပ်ပြီး အဝေးကို ငေးကြည့်နေတတ်သည်။ မကြာမီမှာပင် ချောမောသည့် မျက်နှာလေးသည် လေဒဏ်ကြောင့် ကြမ်းတမ်းသွားတော့သည်။ လက်နှင့်ခြေထောက်များတွင်လည်း နှင်းကိုက်နာများ ဖြစ်ပေါ်လာပြီး ရာသီဥတု သာယာသည့် အချိန်တွင် ယားယံပြီး နာကျင်ရလေသည်။

တခြားစစ်သည်များကလည်း မကြာခဏ စုဝေးပြီး အတင်းပြောတတ်ကြသည်။

"ဒီလူသစ် လီစန်းက သိုင်းပညာ အရမ်းကောင်းပြီး စိတ်ကြီးတယ်ဟ။ နောက်ကြောင်းကလည်း မသေးဘူးတဲ့။ ပြစ်ဒဏ်သင့်ပြီး စစ်မှုထမ်းရတာ။ နယ်စပ်ရောက်တာ တစ်ရက်ပဲ ရှိသေးတယ် လူသတ်ပစ်လိုက်လို့ ဒီကို အပို့ခံလိုက်ရတာ"

"သူ့နောက်ခံက ဘာပဲဖြစ်ဖြစ် ဒီရောက်လာမှတော့ ပြန်ထွက်သွားဖို့ စိတ်မကူးနဲ့တော့။ သေရင်တောင် ဒီမှာပဲ မြှုပ်ရမှာ။ မြေအောက်ရောက်မှ လေအေး ဆက်ရှူပေါ့ကွာ"

"ဟေ့ကောင်! ပါးစပ်ပုပ်တာတွေ မပြောစမ်းနဲ့။ နှစ်မကူးခင်လေးတင် တာတာတွေ လာသွားတာ။ နောက်ထပ် သုံးလေးငါးလလောက်မှ ထပ်လာမှာ။ ငါတို့ အသက်ရှင်ဖို့ ရက်နည်းနည်း ကျန်သေးတယ်"

ထိုကဲ့သို့ အတင်းအဖျင်း စကားသံများက လီဟောက်၏ နားထဲသို့ ပြတ်တောင်းပြတ်တောင်း ဝင်ရောက်လာလေသည်။

လီဟောက်ကတော့ နှုတ်ဆိတ်နေဆဲပင်။

သူက စကားပြောလေ့ မရှိပေ။ ကြာလာတော့ "အ,နေတဲ့ လီစန်း" ဟု နာမည်ပြောင် ပေးကြလေသည်။ တစ်ယောက်က သူ့ရှေ့တွင် ရိုင်းရိုင်းစိုင်းစိုင်း ခေါ်လိုက်သဖြင့် လီဟောက်က သေလုမြောပါး ထိုးကြိတ်လိုက်ရာ နောက်ပိုင်းတွင် ဘယ်သူမှ သူ့ရှေ့တွင် မခေါ်ရဲကြတော့ပေ။

လေးလအကြာတွင် တာတာမြင်းစီးသူရဲ နှစ်ရာကျော် မြို့တံခါးကို လာရောက် တိုက်ခိုက်ကြလေသည်။

မြို့ထဲက ပြည်သူများက သတ်ဖြတ်သံများကို ကြားလိုက်ရသဖြင့် မျက်နှာများ ဖြူလျော်သွားကြပြီး မြေအောက်ခန်းထဲတွင် ပုန်းအောင်းနေကြလေသည်။ တာတာမြင်းစီးသူရဲများသည် ဝင်ရောက်စီးနင်းပြီး လုယက်သတ်ဖြတ်ကာ ပြန်လည်ထွက်ခွာသွားကြလေသည်။ မျိုးဖြုတ်သတ်ဖြတ်သည်အထိတော့ မလုပ်ကြပေ။

မြို့စောင့်တပ်ဖွဲ့များကတော့ ပုန်းလို့လည်းမရ ဆုတ်ခွာလို့လည်း မရပေ။ တိုက်ပွဲတိုင်းတွင် အသေအပျောက် များပြားလှသည်။ စစ်ကူရောက်လာသည့် အချိန်တိုင်းတွင် အလောင်းများ ပုံနေသည်ကိုသာ တွေ့ရလေ့ရှိသည်။

ဒီတစ်ကြိမ်တွင် မြို့ငယ်လေး၌ မီးခိုးအချက်ပြမှု မြင်လိုက်ရသဖြင့် နယ်စပ်တပ်ဖွဲ့က စစ်သည်များကို စုစည်းပြီး စစ်ကူလိုက်လာခဲ့သည်။ တပ်မှူးရှန် ကိုယ်တိုင် ဦးစီးပြီး လာခဲ့ခြင်း ဖြစ်သည်။

ထိုအခါ တပ်မှူးရှန် မြင်တွေ့လိုက်ရသည်မှာ တာတာမြင်းစီးသူရဲ အလောင်းများ ပြန့်ကျဲနေပြီး သွေးများဖြင့် ရဲရဲတောက်နေကာ ခြေတစ်လှမ်းမျှ နောက်မဆုတ်ဘဲ ရပ်နေသည့် သခင်လေးလီကိုပင်။

......

အပိုင်း (၆၉၉) လီဟောက် Extra (3)

ဒီတိုက်ပွဲတွင် နယ်စပ်တပ်ဖွဲ့ဝင် အယောက်ငါးဆယ်ကျော် ကျဆုံးခဲ့ပြီး တာတာမြင်းစီးသူရဲ တစ်ရာနီးပါး သေဆုံးဒဏ်ရာရခဲ့ကြသည်။

မြို့တံခါးကို မဖောက်နိုင်ခဲ့သလို မြို့ထဲက ပြည်သူများလည်း ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ပေ။

လီဟောက်သည် တစ်ကိုယ်လုံး သွေးများပေကျံနေပြီး ဒဏ်ရာ ငါးချက်ခြောက်ချက်လောက် ရခဲ့သော်လည်း အသက်အန္တရာယ် စိုးရိမ်ရသည့် ဒဏ်ရာမျိုး မဟုတ်ခဲ့ပေ။ စစ်ဆေးမှူးပေးသည့် ဆေးဝါးများကို လိမ်းလိုက်ပြီး ဆယ်ရက်လောက် ကြာတော့ ပြန်ကောင်းသွားခဲ့သည်။

သူသည် စစ်မှုထမ်းကောင်း ဖြစ်ခဲ့သော်လည်း ဆုချီးမြှင့်ခြင်းတော့ မခံရပေ။

အပြစ်ဒဏ်သင့်ပြီး စစ်မှုထမ်းနေရသူ ဖြစ်သဖြင့် ရာထူးတိုးခွင့် မရှိသလို ဆုချီးမြှင့်ခံရမည့် အရည်အချင်းလည်း မရှိပေ။

သို့သော်လည်း ဒီကိစ္စပြီးနောက် မြို့ထဲက နယ်စပ်တပ်ဖွဲ့ဝင်များသည် သူ့ကို လေးစားသမှုနှင့် ကြောက်ရွံ့သမှုဖြင့် ကြည့်လာကြသည်။ ဘယ်သူမှ အတင်းအဖျင်း မပြောရဲကြတော့ဘဲ သူ့ကိုမြင်လျှင် အလိုလို ရှောင်သွားကြလေသည်။

သူကတော့ နှုတ်ဆိတ်နေဆဲပင်။ ဘယ်သူနဲ့မှ စကားမပြောဘဲ နေ့တိုင်း မြို့ရိုးပေါ်တွင် ရပ်ကာ အဝေးတစ်နေရာကို ငေးမောကြည့်နေတတ်သည်။

တာတာမြင်းစီးသူရဲများသည် စစ်ရှုံးပြီး ပြန်သွားရသဖြင့် မကျေနပ်ကြပေ။ ဆောင်းဦးပေါက်ချိန်တွင် တာတာလူမျိုးများ တကျော့ပြန် လာရောက်တိုက်ခိုက်ကြပြန်သည်။ ဒီတစ်ခါတွင်တော့ မြင်းစီးသူရဲ တစ်ထောင်ကျော် ပါလာခဲ့သည်။

မြင်းခွာသံများ ဆူညံနေပြီး အော်ဟစ်သံများက မိုးထိအောင် ကျယ်လောင်နေကာ ဖုန်လုံးကြီးများက လိပ်တက်လာနေသည်။

လီဟောက်သည် မြို့ရိုးပေါ်တွင် ရပ်ကာ ကြမ်းတမ်းခက်ထန်သည့် တာတာမြင်းစီးသူရဲများကို ကြည့်ရင်း လက်ထဲက ဓားရှည်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်၏။

ဒီလပိုင်းအတွင်း နယ်စပ်မြို့လေးသို့ စစ်သည်အချို့ ထပ်မံရောက်ရှိလာခဲ့ရာ စုစုပေါင်း သုံးရာခန့် ရှိနေပြီဖြစ်သည်။ လာရောက်တိုက်ခိုက်သည့် ရန်သူအင်အားက ငါးဆလောက် များပြားပြီး တစ်ယောက်ချင်းစီတိုင်းက ရဲရင့်ကြလေသည်။ ဒီနယ်စပ်မြို့လေးကို ကာကွယ်ဖို့ဆိုတာ ပြောသလောက် မလွယ်ကူပေ။

သို့သော်လည်း ရန်သူလာတိုက်သည့်အခါ သာ့ဝေတိုင်းပြည်၏ စစ်သည်တစ်ယောက်အနေဖြင့် ခြေတစ်လှမ်းမှ နောက်မဆုတ်ရပေ။

လီဟောက်သည် အရင်ဆုံး မီးခိုးအချက်ပြကို မီးရှို့လိုက်ပြီးနောက် ဓားရှည်ကို ကိုင်ကာ မြို့ရိုးအောက်သို့ ပြေးဆင်းသွားပြီး မြို့ရိုးပေါ် တက်လာလုနီးပါး ဖြစ်နေသည့် တာတာမြင်းစီးသူရဲများကို ခုတ်ချလိုက်လေသည်။

လီဟောက်၏ ကိုယ်ကျိုးမငဲ့ဘဲ တိုက်ခိုက်မှုသည် စစ်သည်များ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးလိုက်နိုင်လေသည်။ ကျန်ရှိနေသည့် နယ်စပ်တပ်ဖွဲ့ဝင်များသည်လည်း ဒေါသတကြီး အော်ဟစ်လိုက်ကြပြီး ဓားများကို ဝှေ့ယမ်းကာ ဝင်ရောက်တိုက်ခိုက်ကြတော့သည်။

နှစ်နာရီကြာ တိုက်ခိုက်ပြီးနောက် မြို့တံခါး ကျိုးပေါက်သွားပြီး တာတာမြင်းစီးသူရဲများ ဝင်ရောက်လာကြတော့သည်။

လီဟောက်၏ ကိုယ်ပေါ်တွင် သွေးများ ပေကျံနေသော်လည်း အများစုမှာ သူများသွေးများသာ။ သူကိုယ်တိုင်ကတော့ ဒဏ်ရာအနည်းငယ်သာ ရထားပြီး ရှေ့ဆုံးကနေ ဓားရှည်ကို ကိုင်ကာ မားမားမတ်မတ် ရပ်နေသည်မှာ သတ်ဖြတ်ခြင်းနတ်ဘုရား တစ်ပါးနှယ်ပင်။

တာတာမြင်းစီးသူရဲများထဲမှ တစ်ယောက်က အော်ပြောလိုက်သည်။

"သူပဲ! ငါတို့ ခေါင်းဆောင်ကို သတ်သွားတဲ့ကောင်က ဒီကောင်ပဲ!"

တာတာလူမျိုး ဆယ်ဂဏန်းလောက်က ရက်စက်စွာ ပြုံးရင်း ဝိုင်းလာကြတော့သည်။ သူတို့၏ တိုက်ကွက်များက သိပ်မကောင်းလှသော်လည်း အားသန်ကြပြီး ကိုယ်တိုင် ဒဏ်ရာရရင်ရပါစေ လီဟောက်ကို ဓားတစ်ချက်လောက် ခုတ်ရဖို့ ကြိုးစားကြတော့သည်။

လီဟောက်သည် ငါးယောက် ခြောက်ယောက်လောက်ကို ဆက်တိုက် သတ်ဖြတ်လိုက်သော်လည်း ရန်သူအင်အား များလွန်းသဖြင့် တချက်အလစ်တွင် ကျောကုန်းကို ဓားခုတ်ခံလိုက်ရလေသည်။

ဓားဒဏ်ရာက အရိုးထိအောင် နက်ပြီး သွေးများ ပန်းထွက်လာတော့သည်။

လီဟောက်သည် ရပ်မသွားသလို ထွက်လည်းမပြေးဘဲ ဆက်လက်တိုက်ခိုက်နေလေသည်။

မကြာမီ သူ့ကျောကုန်းက သွေးများ ပိုမိုစီးကျလာပြီး တကိုယ်လုံး သွေးများဖြင့် ရဲရဲတောက်နေတော့သည်။ မျက်လုံးများ ပြာဝေလာပြီး လက်အားများ ယုတ်လျော့လာသည်။ ဒါက သွေးထွက်လွန်ပြီး အားကုန်ခမ်းတော့မည့် လက္ခဏာပင်။

ဒီတိုင်းဆက်သွားရင် ဒီနေ့ ဒီနေရာမှာပဲ သေရတော့မှာပဲ!

သေသွားလည်း ကောင်းတာပါပဲ။

အမေရင်းနဲ့ ညီရင်းလည်း သေဆုံးသွားကြပြီ။ အဖေရင်းလည်း သေသွားပြီ။ ဒီတသက် လက်စားချေဖို့ မျှော်လင့်ချက် မရှိတော့ဘူး။ အသက်ရှင်နေရတာက လမ်းလျှောက်နေတဲ့ အလောင်းကောင်လိုပဲ ဝေဒနာခံစားနေရတာ။ စစ်မြေပြင်မှာ သိက္ခာရှိရှိ သေရတာကမှ တန်ဖိုးရှိသေးတယ်။ သိမ်ငယ်စရာ မလိုတော့ဘူး။

ညာဘက်ပခုံးမှ ပြင်းထန်သည့် နာကျင်မှုတစ်ခု ပျံ့နှံ့လာသည်။ ညာဘက်ပခုံး ဓားခုတ်ခံလိုက်ရပြီး ဒဏ်ရာနက်ကာ သွေးများ ဒလဟော စီးကျလာသည်။

ဒီတိုက်ခိုက်မှုက လီဟောက်၏ သွေးဆာစိတ်ကို နိုးထစေခဲ့သည်။

သူက စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး ဘယ်လက်ဖြင့် ဓားကိုကိုင်ကာ အားကုန်သုံးပြီး ခုတ်ပိုင်းလိုက်ရာ လူနှစ်ယောက် ဆက်တိုက် သေဆုံးသွားတော့သည်။ ဘေးပတ်ဝန်းကျင်က တာတာမြင်းစီးသူရဲများလည်း သွေးဆာလာကြပြီး မျက်လုံးများ နီရဲကာ အော်ဟစ်ရင်း လက်နက်များကို ဝှေ့ယမ်းလာကြသည်။

အားအင်ကုန်ခမ်းသွားသည့်အချိန်တွင် ရင်ဘတ်ကို ဓားတစ်ချက် ထိုးစိုက်ခံလိုက်ရပြီး သွေးအိုင်ထဲသို့ လဲကျသွားတော့သည်။

မသေခင်လေးမှာ လီဟောက် ဘာတွေ တွေးနေခဲ့လဲဆိုတာ ဘယ်သူမှ မသိနိုင်တော့ပေ။

သူ့မျက်လုံးများ ထာဝရ မှိတ်သွားခဲ့ပြီ။

ဒီတဘဝတာ အချစ်အမုန်း ရန်ငြိုးရန်စများ အားလုံး အရာမထင်ဘဲ ဖြစ်သွားခဲ့ရပြီ။

သူ့ဘဝ ပြီးဆုံးသွားခဲ့ပြီ။

......

လဝက်လောက် ကြာပြီးနောက် လီဟောက် သေဆုံးသည့် သတင်း မြို့တော်သို့ ရောက်ရှိလာခဲ့သည်။

လီကျင့်သည် အရေးကြီးစာလွှာများကို ဖတ်ရှုစစ်ဆေးနေစဉ် နယ်စပ်မှ အရေးပေါ်စာ ရောက်လာသဖြင့် လုပ်လက်စကို ရပ်ထားလိုက်သည်။

ရှောင်ယွမ်ကုန်းကုန်းက စာကို လီကျင့်ထံ ဆက်သလိုက်၏။ လီကျင့်က စာကိုဖွင့်ဖတ်လိုက်ပြီး မျက်လုံးများ စူးရဲသွားကာ အတော်ကြာအောင် စကားမပြောဘဲ နေလိုက်သည်။

ရှောင်ယွမ်ကုန်းကုန်းက လီကျင့်ကို ပြုစုလာသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်၍ လီကျင့်၏ မျက်နှာအမူအရာ ပုံမှန်မဟုတ်သည်ကို မြင်သည်နှင့် တစ်ခုခု ဖြစ်ပြီမှန်း သိလိုက်ပြီး သတိထားကာ မေးလိုက်လေသည်။

"အရှင်မင်းကြီး နယ်စပ်မှာ တစ်ခုခုဖြစ်လို့လား"

လီကျင့်က "အင်း" ဟု ဖြေလိုက်ပြီး မျက်နှာက ရေကန်လို တည်ငြိမ်နေလေသည်။

ရှောင်ယွမ်ကုန်းကုန်းက လီကျင့်၏ မျက်နှာရိပ်မျက်နှာကဲကို ကြည့်ပြီး ဆက်မမေးရဲတော့ပေ။ လီကျင့်က သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး စာလွှာကို ချကာ ကျောင်းဖန်နန်းဆောင်သို့ ထွက်ခွာသွားလေသည်။

ဧကရာဇ်နှင့် မိဖုရားခေါင်တို့သည် ချစ်ခင်ကြင်နာကြပြီး အနောက်နန်းဆောင်တွင် လုမိဖုရားခေါင် တစ်ပါးတည်းသာ ရှိလေသည်။ လီကျင့်သည် နေ့ဘက်တွင် ဖူနဉ်နန်းဆောင်၌ အလုပ်လုပ်ပြီး ညဘက်တွင် ကျောင်းဖန်နန်းဆောင်၌ အိပ်စက်လေ့ရှိသည်။ တခါတရံ နေ့ဘက် အားလပ်လျှင်လည်း နေ့လယ်စာ အတူစားလေ့ရှိသည်။

ယခုအချိန်က နေ့လယ်စာစားချိန် ကျော်လွန်နေပြီဖြစ်သော်လည်း လီကျင့် ရုတ်တရက် ရောက်လာသဖြင့် လုမင်ယွိ အံ့သြသွားလေသည်။

"ရှင် ဘယ်လိုလုပ် ရုတ်တရက် ရောက်လာတာလဲ။ ညီလာခံမှာ အရေးကြီးကိစ္စ ရှိလို့လား"

လီကျင့်က ဘာမှပြန်မပြောဘဲ လက်ထဲက စာကို လုမင်ယွိလက်ထဲ ထည့်ပေးလိုက်လေသည်။

လုမင်ယွိက လီကျင့်၏ တည်ငြိမ်နေသည့် မျက်နှာကိုကြည့်ပြီး ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားတော့သည်။

ယန်နယ်မြေ စစ်ပွဲက အဆင်ပြေခဲ့ပြီး သုံးလအတွင်း သူပုန်များကို နှိမ်နင်းနိုင်ခဲ့သည်။ ထို့နောက်တွင် လုလင်းက ချူနယ်မြေသို့ စစ်ချီသွားခဲ့သည်။ ချူနယ်မြေ စစ်ပွဲက ထင်ထားသည်ထက် ပြင်းထန်လိမ့်မည်ဟု ဘယ်သူမှ မထင်ထားခဲ့ကြပေ။ လုလင်းက ချူနယ်မြေတွင် စစ်တိုက်နေသည်မှာ နှစ်ဝက်ကျော် ကြာခဲ့ပြီဖြစ်ပြီး အသာစီးရနေသော်လည်း အသေအပျောက် မနည်းလှပေ။ ယခုအချိန်ထိ မြို့တော်သို့ ပြန်မရောက်သေးပေ။

လုမင်ယွိသည် ဖခင်ရင်း၏ လုံခြုံရေးကို အမြဲစိတ်ပူနေသဖြင့် ယခုလို အချိန်မျိုးတွင် တွေးချင်ရာတွေးမိတော့သည်။

ရှင်းယန်တပ်မတော် စစ်ရှုံးသွားတာတော့ မဟုတ်ပါဘူးနော်။

ဒါမှမဟုတ် လီရှန်း တစ်ခုခု အမှားလုပ်မိလို့လား။

လုမင်ယွိသည် စာကို အမြန်ဖောက်လိုက်ပြီး ဖတ်ကြည့်လိုက်ရာ လီဟောက် သေဆုံးကြောင်း သတင်းကို တွေ့လိုက်ရလေသည်။

လုမင်ယွိလည်း အတော်ကြာအောင် တိတ်ဆိတ်သွားလေသည်။ စာရွက်ပေါ်တွင် အကြည့်များ စူးစိုက်နေမိသည်။ မှင်ရောင် စာလုံးများကြားမှ ဓားဒဏ်ရာများဖြင့် သေဆုံးနေပြီး အလောင်းပင် ပြန်မရသည့် လီဟောက်ကို မြင်ယောင်လာသကဲ့သို့ပင်။

နားနားတွင် သက်ပြင်းချသံ တိုးတိုးလေး ကြားလိုက်ရသည်။ ထို့နောက်တွင် ရင်းနှီးသည့် လက်မောင်းတစ်စုံက သူမကို ပွေ့ဖက်လိုက်ပြီး လီကျင့်က နားနားကပ်ကာ ပြောလိုက်လေသည်။

"ရှောင်ယွိ ... လီဟောက် သေသွားပြီ"

နောက်ဆုံးတော့ လီဟောက် သေသွားပြီပဲ။

လုမင်ယွိသည် လေပူများကို မှုတ်ထုတ်လိုက်ပြီး နှစ်ပေါင်းများစွာ စုပုံနေခဲ့သည့် ဒေါသနှင့် နာကြည်းမှုများကိုပါ မှုတ်ထုတ်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။

"ဟုတ်တယ် စစ်မြေပြင်မှာ သေတာဆိုတော့ သိက္ခာရှိရှိ သေသွားတာပေါ့။ သန့်သန့်ရှင်းရှင်း လူပြန်ဝင်စားလို့ ရတာပေါ့။ ကျွန်မတို့လည်း သူ့အပေါ် တာဝန်ကျေခဲ့ပါပြီ"

လီဟောက် လုပ်ခဲ့သည့် မကောင်းမှုများနှင့်ဆိုလျှင် အဆိပ်ခွက် တစ်ခွက်တိုက်ပြီး သတ်လိုက်လျှင်လည်း ဘယ်သူမှ လီဟောက်ဘက်ကနေ မကျေမနပ် ဖြစ်ကြမည် မဟုတ်ပေ။

သို့သော်လည်း လီကျင့်က လီဟောက်ကို အဲဒီလို မသတ်ချင်ခဲ့ပေ။ လုမင်ယွိကလည်း လီကျင့်ကို ညီရင်းအစ်ကို သတ်ဖြတ်သူဟူသော နာမည်ဆိုးနှင့် မကျော်ကြားစေချင်ခဲ့ပေ။ ထို့ကြောင့် လီဟောက်ကို နယ်စပ်သို့ စစ်မှုထမ်းရန် ပို့လိုက်ခြင်း ဖြစ်သည်။

ချမ်းသာမှုသာ ခံစားခဲ့ဖူးသည့် လီဟောက်က နယ်စပ်၏ အေးစက်ကြမ်းတမ်းမှုကို မည်သို့ ခံနိုင်ရည်ရှိပါမည်နည်း။

တာတာမြင်းစီးသူရဲများနှင့် မတွေ့ရင်တောင် လီဟောက်က နှစ်အနည်းငယ်လောက်သာ ခံနိုင်မှာဖြစ်သည်။

အခုလို သေသွားတော့လည်း ပြတ်သားသွားတာပေါ့။

အတိတ်က ရန်ကြွေးတွေ အားလုံး ဒီမှာတင် ပြီးဆုံးသွားပြီ။

လီကျင့်က လက်ကိုလွှတ်လိုက်ပြီး လုမင်ယွိကို စိုက်ကြည့်ကာ မေးလိုက်လေသည်။

"လီဟောက် သေတဲ့သတင်းကို မုန့်ယွင်လော်တို့ သားအမိကို ပြောပြသင့်လား"

လုမင်ယွိက လှစ်ဟရုံ ပြောလိုက်သည်။

"လီဟောက် လုပ်ခဲ့တဲ့ မကောင်းမှုတွေက သားသမီးတွေနဲ့ မဆိုင်ပါဘူး။ သတင်းကို ခဏလောက် ဖုံးထားလိုက်ပါအုံး"

မုန့်ယွင်လော်ကို လီဟောက် အသက်ရှင်နေသေးတယ်လို့ ထင်ပါစေတော့။ နယ်စပ်မှာ ဆင်းရဲဒုက္ခ ရောက်နေတယ် ဆိုရင်တောင် ရုတ်တရက် သေဆုံးသွားသည့် သတင်းထက်တော့ သာပါသေးတယ်။ မဟုတ်ရင် မုန့်ယွင်လော် ခံနိုင်ရည်မရှိဘဲ သေချင်စိတ်တွေ ပေါက်ကုန်မှာ စိုးရိမ်ရတယ်။ လီကျန်းနှင့် လီဝေ မောင်နှမနှစ်ယောက်ပဲ ကျန်ရစ်ခဲ့ရင်တော့ သနားစရာ ကောင်းလွန်းပါတယ်။

လီကျင့်က ခေါင်းညိတ်လိုက်လေသည်။

"ကောင်းပြီလေ"

အပြစ်ဒဏ်သင့်ပြီး စစ်မှုထမ်းနေရသည့် လီဟောက်၏ အသက်အန္တရာယ်ကို ဘယ်သူမှ စိတ်မဝင်စားကြပေ။

အမှန်တကယ်တော့ လီကျင့် နန်းတက်ပြီး လီဟောက် နယ်စပ်သို့ အပို့ခံလိုက်ရကတည်းက လီဟောက်၏ ဇာတ်သိမ်းက သေချာနေပြီးသားပင်။ သေရမည့်သူ တစ်ယောက်ကို မည်သူကများ ဂရုစိုက်နေပါမည်နည်း။

...

All Chapters