အခန်း (၇၀၀-၇၀၂)
Vol. 47 Ch. 700-702
အပိုင်း (၇၀ဝ) Extra: အိမ်ရှေ့စံ ခန့်အပ်ခြင်း (၁)
လီဟောက် သေဆုံးသည့် သတင်းကို သိရှိသူမှာ အလွန်နည်းပါးလှသည်။
လုမင်ယွိသည် မယ်တော်ကြီးချောင် စံမြန်းရာ ယုံမေ့နန်းဆောင်သို့ သွားရောက်ကာ ထိုအကြောင်းကို လျှောက်တင်လိုက်၏။ မယ်တော်ကြီးချောင်သည် ထိုသတင်းကို ကြားရသောအခါ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လုမင်ယွိကို အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။
"ဒီကိစ္စကို မုန့်ရှီကို မသိစေနဲ့ဦး။ သူ့စိတ်ထဲမှာ မျှော်လင့်ချက်လေး ရှိနေမှပဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာမျိုး မလုပ်မှာ”
မဟုတ်လျှင် မုန့်ယွင်လော်သာ သေဆုံးသွားပါက လီကျန်းနှင့် လီဝေတို့ မောင်နှမမှာ မည်သို့ ဖြစ်သွားပါမည်နည်း။ လီဟောက်သည် မည်မျှပင် သေထိုက်သူ ဖြစ်စေကာမူ သူ၏ သားသမီးများမှာမူ အပြစ်ကင်းကြပါသည်။ လုမင်ယွိကလည်း လေသံတိုးတိုးဖြင့်ပင် ပြန်လည်လျှောက်တင်လိုက်သည်။
"ကျွန်မလည်း မူဟုပ် တွေးသလိုပါပဲ။ ဒီသတင်းကို အခုချိန်မှာ ကျွန်မနဲ့ အရှင်မင်းကြီး၊ နောက်ပြီး မူဟုပ်တို့ သုံးယောက်ပဲ သိတာပါ။ မူဟုပ်လည်း ဒီလျှို့ဝှက်ချက်ကို လုံခြုံအောင် ထိန်းသိမ်းပေးစေချင်ပါတယ်”
မယ်တော်ကြီးချောင်သည်လည်း ခေါင်းညိတ်ပြလိုက်လေသည်။ ထိုအချိန်မှစ၍ သူတို့သည် လီဟောက်အကြောင်းကို ထပ်မံ၍ မပြောကြတော့ပေ။ လီကျင့်တွင် ညီအစ်ကို ၆ ယောက် ရှိခဲ့ရာ ယခုအခါ ၃ ယောက်မှာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ကျန်ရှိနေသည်မှာ လီရှန်းနှင့် ညီအစ်ကိုများထဲတွင် အငယ်ဆုံးဖြစ်သည့် ဆဋ္ဌမမင်းသားသာ ဖြစ်တော့သည်။
လီရှန်းသည် ရှင်းယန်ဝမ် လုလင်းနှင့်အတူ ချူနယ်မြေတွင် စစ်တိုက်နေပြီး အကျိုးဆောင်မှုများစွာ ပြုလုပ်နိုင်ခဲ့သည်။ အသက်ငယ်ရွယ်သေးသည့် ဆဋ္ဌမမင်းသား လီမင်မှာမူ မယ်တော်ကြီးချောင်၏ အနားတွင် ကြီးပြင်းနေပြီး ယခုအခါ ၂ နှစ် ပြည့်တော့မည်။ သူသည် အလွန်တက်ကြွပြီး အဆော့သန်သဖြင့် မယ်တော်ကြီးချောင်၏ အထီးကျန်နေသည့် စိတ်ကို ဖြေဖျောက်ပေးနိုင်ခဲ့လေသည်။
တစ်လအကြာတွင် ချူနယ်မြေမှ စစ်နိုင်သည့် သတင်းစကား ရောက်ရှိလာခဲ့သည်။ ချူနယ်မြေတွင် အပြတ်အသတ် အောင်ပွဲရရှိခဲ့ခြင်း ဖြစ်သည်။ လီကျင့်သည် အလွန်ဝမ်းမြောက်သွားပြီး အမတ်များလည်း ပျော်ရွှင်နေကြ၏။ သာ့ဝေတိုင်းပြည်သည် နှစ်အနည်းငယ်မျှ အနားယူခဲ့ရသော်လည်း စစ်ပွဲတစ်ခု တိုက်လိုက်တိုင်း စုဆောင်းထားသည့် ဘဏ္ဍာများမှာ ကုန်ခမ်းလုနီးပါး ဖြစ်သွားရသည်။ သို့သော်လည်း ယန်နယ်မြေနှင့် ချူနယ်မြေမှ သူပုန်များကို အမြစ်ပြတ် နှိမ်နင်းနိုင်ခဲ့သဖြင့် နောင်တွင် ထိုဒေသများမှာ အေးချမ်းသွားတော့မည်။
ထိုအချိန်တွင် ဖူယန်မြို့စားသည် အမိန့်တော်တစ်ရပ်ကို တောင်းခံသည့် လျှောက်လွှာတစ်စောင် တင်သွင်းလာခဲ့သည်။ ထိုလျှောက်လွှာတွင် ကျောက်မိသားစုတပ်ဖွဲ့ဝင်များကို ချူနယ်မြေတွင် နောင်၌ ဆူပူသောင်းကျန်းမှုများ မဖြစ်ပေါ်စေရန်အတွက် အခြေချစောင့်ရှောက်စေလိုကြောင်း လျှောက်ထားခဲ့ခြင်း ဖြစ်သည်။ ထိုလုပ်ရပ်က ဖူယန်မြို့စားသည် သစ္စာရှိသည့် အမတ်တစ်ဦးဖြစ်ကြောင်း သက်သေပြနေသကဲ့သို့ပင် ဖြစ်သွားတော့သည်။
ဖူယန်မြို့စားသည် မိမိ၏ တပ်အင်အား ၃ ပုံ ၁ ပုံကို စွန့်လွှတ်လိုက်ခြင်းဖြစ်ရာ သူ၏ သစ္စာရှိမှုကို လူတိုင်းက အသိအမှတ်ပြုကြလေသည်။ အမတ်များအားလုံးကလည်း သူ့ကို ချီးကျူးနေကြသဖြင့် ရှင်းယန်ဝမ်၏ အောင်ပွဲသတင်းပင် အနည်းငယ် မှေးမှိန်သွားရသည်။ လီကျင့်က လုမင်ယွိကို ပြုံးလျက် ပြောလိုက်သည်။
"ဖူယန်မြို့စားက တကယ်ပဲ လျှောခနဲနေအောင် ကျွမ်းကျင်တဲ့ မြေခွေးအိုကြီး တစ်ကောင်ပါပဲ”
လုမင်ယွိကလည်း အေးအေးဆေးဆေးပင် ပြန်လည်ဖြေကြားလိုက်သည်။
"သူက အခြေအနေကို သိတတ်လွန်းလို့ ကိုယ့်အသားကို ကိုယ်လှီးပြီး ပေးနေတာပဲ။ ရှင်ကလည်း အားနာမနေနဲ့၊ လက်ခံလိုက်ရုံပေါ့”
အမှန်စင်စစ် လီကျင့်သည် စစ်သည်များ ငှားရမ်းစဉ်ကတည်းက ကျောက်မိသားစုတပ်ဖွဲ့ကို ပြန်ပေးရန် စိတ်ကူးမရှိခဲ့ပေ။ ကွမ်းပင်းနယ်စား ပုန်ကန်ခဲ့သည့် သာဓက ရှိနေသဖြင့် စစ်သူကြီးများကို ထိန်းချုပ်ကန့်သတ်ရန်မှာ မဖြစ်မနေ လုပ်ဆောင်ရမည့် ကိစ္စပင်။ လီကျင့်သည် ညီလာခံတွင် ဖူယန်မြို့စား၏ လျှောက်ထားချက်ကို သဘောတူလိုက်ပြီး သူ့ကို များစွာ ချီးကျူးဂုဏ်ပြုလိုက်လေသည်။ ထို့နောက် ချူနယ်မြေသို့ အမိန့်တော်ကို ပေးပို့လိုက်တော့သည်။
ဒီအောင်ပွဲကို အခွင့်ကောင်းယူပြီး လီကျင့်သည် ညီလာခံတွင် အိမ်ရှေ့စံခန့်အပ်မည့် ကိစ္စကို စတင်ပြောဆိုလာခဲ့သည်။
"ကျန်းက အိမ်ရှေ့စံ ခန့်အပ်ချင်တယ်။ အမတ်မင်းတို့ ဘယ်လို ထင်ကြလဲ”
အမတ်များ အားလုံး အံ့အားသင့်သွားကြလေသည်။ ယခင်က ယုံးကျားဧကရာဇ်သည် အိမ်ရှေ့စံ ခန့်အပ်ရန် အလွန်ပင် နှောင့်နှေးခဲ့ဖူးသည်။ သားတော်များ အားလုံး အရွယ်ရောက်ပြီး အိမ်ထောင်ကျသည့်တိုင်အောင်မှ တရားဝင် ဇနီးမှ မွေးဖွားသည့် လီကျင့်ကို အိမ်ရှေ့စံအဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ ယခုမူ လီကျင့်သည် နန်းတက်သည်မှာ တစ်နှစ်သာ ရှိသေးပြီး သူကိုယ်တိုင်မှာလည်း အားအင်ပြည့်ဝနေသည့် အချိန်တွင် အဘယ်ကြောင့် အိမ်ရှေ့စံ ခန့်အပ်ချင်ရသနည်း။
လီကျင့်က တည်ငြိမ်အေးဆေးသည့် လေသံဖြင့် ဆက်လက်မိန့်ကြားလိုက်၏။
"တိုင်းပြည်မှာ အိမ်ရှေ့စံ ရှိနေမှပဲ လူတွေရဲ့ စိတ်က တည်ငြိမ်မှာပါ။ နောက်ပြီး အိမ်ရှေ့စံ နန်းဆောင်ကို တည်ထောင်ပြီးရင်လည်း ထိုက်ဖူကို အိမ်ရှေ့စံကို သေသေချာချာ သင်ကြားပြသခိုင်းလို့ ရတာပေါ့။ ဒါက တိုင်းပြည်အတွက်ရော နန်းတော်အတွက်ရော ကောင်းတဲ့ ကိစ္စပဲလေ”
အရှင်မင်းကြီးက အိမ်ရှေ့စံ ခန့်အပ်ချင်နေမှတော့ အမတ်များအနေဖြင့် တားဆီးရန် အကြောင်းမရှိပေ။ ဤသည်မှာ ယုံးကျားဧကရာဇ် လက်ထက်ကနှင့် မတူပေ။ ထိုစဉ်က သားကြီးဖြစ်သော်လည်း ကိုယ်လုပ်တော်မှ မွေးဖွားသူနှင့် ထူးချွန်သည့် တတိယမင်းသားတို့ ရှိနေသဖြင့် လီကျင့်သည် အိမ်ရှေ့စံ ဖြစ်လာရန် အလွန်ပင် ကြိုးပမ်းခဲ့ရသည်။ ယခုမူ အနောက်နန်းဆောင်တွင် လုမိဖုရားခေါင် တစ်ပါးတည်းသာ ရှိပြီး လီကျင့်တွင် သားတော် နှစ်ယောက်နှင့် သမီးတော် တစ်ယောက် ရှိရာ အားလုံးမှာ တရားဝင် ဇနီးမှ မွေးဖွားသူများသာ ဖြစ်ကြသည်။ အိမ်ရှေ့စံ ခန့်အပ်မည်ဆိုလျှင် သားကြီးဖြစ်သည့် လီရွှီမှာ အသင့်တော်ဆုံး ဖြစ်သည်။
ချောင်ကောလောင်သည် စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး ရှေ့သို့ တစ်လှမ်းတက်ကာ လျှောက်တင်လိုက်သည်။
"အရှင်မင်းကြီးမှာ အိမ်ရှေ့စံ ခန့်အပ်ဖို့ ဆန္ဒရှိနေမှတော့ ကျွန်တော်မျိုးက ရဲရဲဝံ့ဝံ့ လျှောက်တင်ပါရစေ။ ကျွန်တော်မျိုးရဲ့ အမြင်မှာတော့ သားကြီးဖြစ်တဲ့ လီရွှီဟာ အလွန်ပဲ ထက်မြက်ပြီး တည်ငြိမ်ရုံသာမက မိဘအပေါ်မှာလည်း အလွန်သိတတ်တဲ့သူ ဖြစ်တဲ့အတွက် အိမ်ရှေ့စံအဖြစ် ခန့်အပ်သင့်ပါတယ်!"
ဝန်ကြီးလော်ကလည်း ချက်ချင်းပင် ထောက်ခံလိုက်သည်။ "ချောင်ကောလောင် ပြောတာဟာ ကျွန်တော်မျိုးရဲ့ စိတ်ထဲမှာ ရှိနေတဲ့အတိုင်းပါပဲ။ သားကြီး လီရွှီဟာ အိမ်ရှေ့စံအဖြစ် အသင့်တော်ဆုံးပါပဲ” ဝန်ကြီးယွီကလည်း လက်ကိုယှက်ကာ လျှောက်တင်လိုက်သည်။ "ကျွန်တော်မျိုးလည်း ထောက်ခံပါတယ်!"
ထို့နောက် အမတ်များစွာကလည်း တညီတညွတ်တည်း ထောက်ခံကြလေသည်။ လီရွှီသည် ယခုအခါ ၈ နှစ် ရှိပြီဖြစ်ပြီး သူ၏ ထက်မြက်မှုမှာ လူတိုင်း သိရှိပြီးသား ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ယုံးကျားဧကရာဇ်၏ ဈာပနတွင် လီရွှီသည် မိုးထဲရေထဲ၌ ဒူးထောက်ကာ ဂါရဝပြုခဲ့ပုံမှာ လူတိုင်းကို အလွန်ပင် စိတ်လှုပ်ရှားစေခဲ့သည်။ ထို့ကြောင့် အမတ်အားလုံးက လီရွှီကို အိမ်ရှေ့စံအဖြစ် ခန့်အပ်ရန် သဘောတူခဲ့ကြခြင်း ဖြစ်သည်။ လီဟန်မှာမူ ယခုမှ ၃ နှစ်ကျော်သာ ရှိသေးပြီး စာပင် စ,မသင်ရသေးပေ။ အစဉ်အလာအရ ကြည့်လျှင်လည်း သူ့အတွက် အလှည့်မကျသေးပေ။
အိမ်ရှေ့စံ ခန့်အပ်သည့် ကိစ္စမှာ တိုင်းပြည်၏ ကြီးကျယ်သော ကိစ္စဖြစ်သဖြင့် တညီတညွတ်တည်း ဖြစ်နေသည့်တိုင်အောင် ချက်ချင်း လက်ငင်းတော့ မပြီးမြောက်နိုင်ပေ။ လဝက်ခန့် ကြာပြီးနောက် လီကျင့်သည် သားကြီး လီရွှီကို အိမ်ရှေ့စံအဖြစ် ခန့်အပ်ရန် အမိန့်တော် ထုတ်ပြန်လိုက်သည်။ အိမ်ရှေ့စံ ခန့်အပ်ပွဲ အခမ်းအနားကိုတော့ လာမည့်နှစ် ၅ လပိုင်းတွင် ပြုလုပ်ရန် သတ်မှတ်လိုက်သည်။ ဤသည်မှာ လုလင်းနှင့် လီရှန်းတို့ ပြန်ရောက်လာမည့် အချိန်ကို စောင့်ဆိုင်းခြင်းပင်။ ဒီလို ကြီးကျယ်သော အခမ်းအနားတွင် လီရွှီ၏ အဘိုးဖြစ်သူနှင့် ဦးလေးဖြစ်သူတို့ မရှိဘဲ မဖြစ်နိုင်ပေ။
အမိန့်တော် ထွက်ပေါ်လာပြီးနောက် အနောက်နန်းဆောင်မှ မိဖုရားများ ဖြစ်ကြသည့် ထိုက်ဖေးများသည် လုမင်ယွိ၏ ကျောင်းဖန်နန်းဆောင်သို့ လာရောက် ဂုဏ်ပြုကြလေသည်။ လုမင်ယွိသည် ထုံးစံအတိုင်း ရိုးရှင်းသည့် နန်းတွင်းဝတ်စုံကိုသာ ဝတ်ဆင်ထားပြီး အလှကုန်များလည်း သိပ်မသုံးထားသော်လည်း သူမ၏ မျက်နှာမှာတော့ အလွန်ပင် တောက်ပနေလေသည်။ သူမသည် ပွင့်လန်းနေသည့် ပန်းတစ်ပွင့်ကဲ့သို့ အလွန်ပင် လှပနေတော့သည်။
"ဟွမ်ဟုပ်ညန်ညန်ကို ဂုဏ်ပြုပါတယ်" ဟု ဝမ်ထိုက်ဖေးက ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။ "အရှင်မင်းကြီးက အိမ်ရှေ့စံကို စောစောစီးစီး ခန့်အပ်လိုက်တာဟာ တကယ်ပဲ အံ့သြစရာပါပဲ။ ဒါက နန်းတော်အတွက် ကြီးကျယ်တဲ့ ဝမ်းသာစရာ ကိစ္စတစ်ခုပါပဲ။ ချန်ချဲ့တို့လည်း ညန်ညန်ဆီကနေ အောင်ပွဲခံ အရက်တစ်ခွက်လောက်တော့ သောက်ချင်မိပါတယ်"
ချင်ဖေးသည် မယ်တော်ကြီးကျောက်၏ အနားတွင် ရှိနေတတ်သဖြင့် အပြင်သို့ သိပ်မထွက်နိုင်ပေ။ ထို့ကြောင့် အနောက်နန်းဆောင်ရှိ မိဖုရားများထဲတွင် ဝမ်ထိုက်ဖေးမှာ ခေါင်းဆောင်ကဲ့သို့ ဖြစ်နေတော့သည်။
သူတို့ထဲမှ အများစုမှာ အရွယ်ငယ်ရွယ်ကြပြီး အချို့မှာ လုမင်ယွိထက်ပင် ငယ်ကြသေးသည်။ သို့သော်လည်း ယုံးကျားဧကရာဇ် ကွယ်လွန်သွားပြီဖြစ်ရာ သူတို့မှာ မုဆိုးမများ ဖြစ်သွားကြရပြီ။
ချင်ဖေးတွင် သားတော် ရှိပြီး ဝမ်ထိုက်ဖေးတွင်လည်း သမီးတော် တစ်ယောက် ရှိသဖြင့် သူတို့မှာ မျှော်လင့်ချက် ရှိသေးသော်လည်း ကျန်ရှိနေသည့် သားသမီးမရှိသော မိဖုရားများမှာမူ နန်းတော်ထဲတွင်သာ တစ်သက်လုံး ဖြတ်သန်းသွားရတော့မည် ဖြစ်သည်။ နန်းတော်ထဲတွင် အေးအေးချမ်းချမ်း နေထိုင်နိုင်ရန်အတွက် ဟွမ်ဟုပ်ညန်ညန်ကို ဖားရမည်မှာတော့ အမှန်ပင်။
လုမင်ယွိသည် စိတ်အခြေအနေ ကောင်းမွန်နေသဖြင့် ထိုမိဖုရားများကို ယခင်ကထက် ပို၍ ကြင်နာစွာ ဆက်ဆံလိုက်သည်။
"ဒီလို ဝမ်းသာစရာ ကိစ္စမျိုးကို နန်းတွင်း စားသောက်ပွဲ လုပ်ပြီး ဂုဏ်ပြုသင့်တာပေါ့။ နေ့ကောင်းတဲ့ ရက်ကို ရွေးမနေတော့ပါဘူး။ ပန်ကုံးက အခုပဲ မီးဖိုဆောင်ကို အမိန့်ပေးလိုက်မယ်။ ဒီနေ့ အားလုံးပဲ ဒီမှာနေပြီး ပျော်ပျော်ပါးပါး စားသောက်ကြတာပေါ့”
ထို့နောက် သူမက ချီယွင်ကို ပြုံးလျက် ပြောလိုက်သည်။ "မင်း ယုံမေ့နန်းဆောင်ကို သွားပြီး မူဟုပ်ကိုလည်း လာဖို့ ဖိတ်ကြားလိုက်အုံး”
စကားပင် မဆုံးသေးမီမှာပင် အစေခံတစ်ဦးက ပြုံးလျက် ဝင်ရောက် သတင်းပို့လေသည်။ "ဟွမ်ဟုပ်ညန်ညန်ကို လျှောက်တင်ပါတယ်။ မယ်တော်ကြီး ရောက်ရှိလာပါပြီ”
လုမင်ယွိလည်း ပြုံးလျက်ပင် ကြိုဆိုရန် ထရပ်လိုက်သည်။ မယ်တော်ကြီးချောင်သည် မုဆိုးမ ဖြစ်သွားသည်မှာ တစ်နှစ် ရှိပြီဖြစ်သဖြင့် အပြင်သို့ သိပ်မထွက်သော်လည်း ယနေ့တွင်တော့ လီရွှီ အိမ်ရှေ့စံ ဖြစ်လာသည့် သတင်းကြောင့် အလွန်ပင် ဝမ်းမြောက်နေပုံရသည်။
"မူဟုပ်" လုမင်ယွိက ပြုံးလျက် ဂါရဝပြုလိုက်သည်။ "ကျွန်မက မူဟုပ်ကို လာဖိတ်ခိုင်းမလို့ ပြင်နေတာ၊ မူဟုပ်က ကိုယ်တိုင် ရောက်လာခဲ့ပြီပဲ”
မယ်တော်ကြီးချောင်က ပြုံးလျက် ပြန်လည်ပြောကြားလိုက်သည်။ "ဒီလို ဝမ်းသာစရာ ကိစ္စမျိုးကို အိုက်ကျားက မလာဘဲ နေလို့ ဖြစ်မလား။ ဒီနေ့ဟာ တကယ်ပဲ မင်္ဂလာရှိတဲ့ နေ့တစ်နေ့ပါပဲ။ နန်းတော်ထဲမှာ စားသောက်ပွဲ မလုပ်ဖြစ်တာလည်း ကြာပြီဆိုတော့ ဒီညတော့ ပျော်ပျော်ပါးပါး လုပ်ကြတာပေါ့”
ဝမ်ထိုက်ဖေးကလည်း ပြုံးလျက် ပြောလိုက်သည်။ "ညန်ညန်ကလည်း ဒီလိုပဲ စိတ်ကူးထားတာပါ။ မယ်တော်ကြီးနဲ့ ညန်ညန်တို့ ယောက္ခမနဲ့ ချွေးမဟာ တကယ်ပဲ စိတ်ချင်း ဆက်နေကြတာပဲ”
လုမင်ယွိနှင့် မယ်တော်ကြီးချောင်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြလေတော့သည်။
...
အပိုင်း (၇၀၁) အိမ်ရှေ့စံ ခန့်အပ်ခြင်း (၂)
လုမင်ယွိသည် ကျောင်းဖန်နန်းဆောင်တွင် စားသောက်ပွဲ ကျင်းပနေပြီး ဟွေ့အန်းကုန်းကျူနှင့် ကျင့်အန်းကုန်းကျူတို့လည်း ရောက်ရှိလာကြသည်။
ဟွေ့အန်းကုန်းကျူသည် ဝူလိကို မွေးစားပြီးနောက် ဝူမိသားစု ဆွေမျိုးအဝေးမှ သမီးငယ်လေးတစ်ဦးကိုလည်း ထပ်မံမွေးစားခဲ့သည်။ သားသမီးအရင်းများ မဟုတ်ကြသော်လည်း သူမတွင် သားတစ်ယောက် သမီးတစ်ယောက် ရှိပြီဖြစ်သည်။
လီကျင့် နန်းတက်လာသောအခါ ဟွေ့အန်းကုန်းကျူသည်လည်း မျက်နှာပွင့်လန်းလာသည်။ သူမ၏ခင်ပွန်း ဝူဖုမာသည်လည်း ရာထူးတိုးမြှင့်ခြင်း ခံရပြီး ယခုအခါ စက်မှုလက်မှုဝန်ကြီးဌာနတွင် အဆင့်မြင့် အရာရှိတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။ စက်မှုလက်မှုဝန်ကြီးဌာနမှ ဒုဝန်ကြီး အငြိမ်းစားယူလိုက်လျှင် ဝူဖုမာသည် ထိုနေရာကို ဆက်ခံရမည်မှာ သေချာသလောက်ပင်။
အိမ်ရှေ့စံနန်းဆောင်မှ အရာရှိများ ဖြစ်ကြသည့် ဖန်းဇီကျန်းနှင့် ကျိုးလီတို့မှာ ငယ်ရွယ်သေးပြီး လုပ်သက်မများသေးသဖြင့် ဝန်ကြီးဌာန ၆ ခုတွင် အဆင့် ၅ အရာရှိများအဖြစ် တာဝန်ထမ်းဆောင်နေကြသည်။
ကျောက်ရွေ့သည် တော်ဝင်ကိုယ်ရံတော်တပ်ဖွဲ့တွင် လျန်အာ့လန်၏ လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်နေသည်။ သူ၏ အရည်အချင်းအရ အဆင့် ၄ တော်ဝင်ကိုယ်ရံတော် အရာရှိ ဖြစ်လာခြင်းသည် အရှင်မင်းကြီး၏ အထူးဂရုစိုက်မှုနှင့် ကျောက်မိသားစုအပေါ် လျော်ကြေးပေးခြင်းတစ်မျိုး ဖြစ်ကြောင်း သိသာလှသည်။
တုန်းပင်ကျွင်း၏ သားဖြစ်သူ လီယန်သည် အလုပ်တာဝန်များကို ကျေပွန်သလို စစ်တိုက်ရာတွင်လည်း ထူးချွန်သူ ဖြစ်ပြီး လီကျင့်၏ ယုံကြည်အားထားရဆုံးသူလည်း ဖြစ်သည်။ လီကျင့်သည် လီယန်၏ ဆန္ဒကို မေးမြန်းပြီးနောက် စစ်ဘက်ရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်စေခဲ့သည်။
နှစ်အနည်းငယ်ကြာ လေ့ကျင့်ပေးပြီးနောက် စစ်ဘက်ရေးရာဝန်ကြီး ယန် အငြိမ်းစားယူသည့်အခါ လီယန်သည် ထိုနေရာကို ဆက်ခံရလိမ့်မည်။
ဟွေ့အန်းကုန်းကျူသည် စိတ်တိုင်းကျ နေထိုင်ရသဖြင့် ကိုယ်ခန္ဓာပြည့်ဖြိုးလာပြီး သူမ၏ အသားအရေမှာလည်း လူတိုင်း အားကျလောက်အောင် ကြည်လင်ဝင်းပနေသည်။
ကျင့်အန်းကုန်းကျူမှာမူ မိဘနှစ်ပါးစလုံး ကွယ်လွန်သွားသဖြင့် စိတ်ထိခိုက်ပြီး အပြင်းအထန် ဖျားနာခဲ့ရာ နှစ်ဝက်ခန့် နားနေခဲ့ရသည်။ ယခုအခါ သူမသည် မိုးမခကိုင်းလေးလို ပိန်သွယ်နေပြီး မျက်နှာမှာလည်း ညှိုးနွမ်းနေလေသည်။
စိတ်ဆင်းရဲစရာများ ကြုံတွေ့နေရသော်လည်း ဘဝကို ဆက်လက်ဖြတ်သန်းရပေမည်။ သူမသည် ဝမ်းနည်းပူဆွေးနေသော်လည်း တစ်သက်လုံး မင်းသမီးအိမ်တော်ထဲတွင် ပုန်းအောင်းနေ၍ မဖြစ်ပေ။ လုမင်ယွိသည် နန်းတွင်းသူတစ်ဦးကို စေလွှတ်ကာ ကျင့်အန်းကုန်းကျူကို နန်းတော်သို့ ဖိတ်ခေါ်ခဲ့သဖြင့် ကျင့်အန်းကုန်းကျူလည်း ပြင်ဆင်ပြီး နန်းတော်သို့ လာရောက်ခဲ့သည်။
လုမင်ယွိသည် သဘောထားသေးသိမ်သူ မဟုတ်သဖြင့် ပထမမင်းသား၏ အပြစ်များကို ကျင့်အန်းကုန်းကျူအပေါ် ပုံချခြင်း မရှိခဲ့ပေ။
သမီးယောက်မများ တွေ့ဆုံကြသည့်အခါ ကျင့်အန်းကုန်းကျူက အရိုအသေပြုလိုက်သည်။ လုမင်ယွိက သူမကို ကိုယ်တိုင် တွဲထူပေးရင်း ကြင်နာစွာ ပြောလိုက်သည်။
"သေသွားတဲ့သူတွေလည်း သေသွားပါပြီ။ အတိတ်က ကိစ္စတွေလည်း ပြီးသွားပါပြီ။ ကျန်းမာရေးကို ဂရုစိုက်ပါ။ ညီမလေးက ငယ်ပါသေးတယ်။ အားမငယ်ပါနဲ့။ အားရင် နန်းတော်ထဲ လာလည်ပေါ့။ ဒီနေရာက ညီမလေးရဲ့ မိဘအိမ်ပဲလေ။ ဘယ်အချိန်လာလာ ရပါတယ်။ အားနာမနေပါနဲ့”
တိုတောင်းသော စကားလုံးအနည်းငယ် ဖြစ်သော်လည်း နွေးထွေးမှုကို ပေးစွမ်းနိုင်ခဲ့သည်။
ကျင့်အန်းကုန်းကျူ၏ မျက်ဝန်းအိမ်များ နီရဲလာပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"ဟွမ်ဟုပ်ညန်ညန်ကို ကျေးဇူးတင်ပါတယ်”
လုမင်ယွိက ပြုံးလျက် ပြန်ပြောလိုက်၏။ "တခြားသူတွေက အစ်မကို ဟွမ်ဟုပ်ညန်ညန်လို့ ခေါ်ကြပေမဲ့ ညီမလေးက ဘာလို့ လိုက်ခေါ်နေတာလဲ။ အရင်လိုပဲ အာ့စောင်လို့ပဲ ခေါ်ပါ"
ပြောရင်းနှင့် သူမသည် ကျင့်အန်းကုန်းကျူကို သူမဘေးတွင် ထိုင်ခိုင်းလိုက်သည်။
ကျင့်အန်းကုန်းကျူသည် ကျေးဇူးတင်စိတ်များ ပြည့်နှက်နေတော့သည်။
လုမင်ယွိ ဒီလိုလုပ်ရခြင်းမှာ သူမ၏ ဂုဏ်သတင်းကို တည်ဆောက်လိုသောကြောင့် ဖြစ်ကြောင်း ကျင့်အန်းကုန်းကျူ သိပေသည်။ နန်းတော်ထဲတွင် လူအများအပြား သေဆုံးခဲ့ကြသည်။ သေဆုံးရခြင်း အကြောင်းရင်းများ မတူကြသော်လည်း ဘုရင်နှင့် မိဖုရားအပေါ် အပြစ်ပုံချလိုသူများ ရှိနေနိုင်သည်။ အချို့သော အတင်းအဖျင်း ပြောတတ်သူများက "မိဖုရားခေါင်က ရက်စက်တယ်၊ ဘုရင်က အပေါ်ယံပဲ ကြင်နာတာ" ဟု ပြောဆိုနေကြနိုင်သည်။
လုမင်ယွိ လူရှေ့တွင် ဒီလို ပြုမူနေခြင်းမှာ သူမ၏ ဂုဏ်သတင်းအတွက်ပင်။
သို့သော်လည်း သူမအတွက်တော့ ဒါက ကောင်းသော ကိစ္စတစ်ခုပင်။ အနည်းဆုံးတော့ မိဖုရားခေါင်၏ ကြင်နာမှုကို ရရှိခြင်းက မိဘနှင့် အစ်ကိုကို ဆုံးရှုံးလိုက်ရသည့် မင်းသမီးတစ်ပါးအတွက် ဘဝကို ပိုမိုလွယ်ကူစေနိုင်သည်။
လောကကြီးတွင် အဆင်ပြေနေသူကို ကူညီသူသာ များပြားပြီး ဒုက္ခရောက်နေသူကို ကူညီသူမှာ ရှားပါးလှသည်။
လုမင်ယွိ၏ ကြင်နာမှုသည် အေးခဲနေသည့် နှင်းပြင်ထဲမှ မီးသွေးခဲလေးနှယ်ပင်။
ကျင့်အန်းကုန်းကျူ၏ အလိုက်သိမှုကို မြင်တွေ့ရသဖြင့် လုမင်ယွိ ကျေနပ်သွားသည်။
သေသင့်သူများ သေကုန်ကြပြီ။ ကျန်ရစ်သူများ ကောင်းမွန်စွာ နေထိုင်သင့်သည်။ မုန့်ယွင်လော်တို့ သားအမိကိုပင် သူမက စောင့်ရှောက်ပေးချင်နေသည်။ မဟုတ်လျှင် တစ်ယောက်ပြီးတစ်ယောက် သေဆုံးကုန်ပါက သူမနှင့် လီကျင့်၏ ဂုဏ်သိက္ခာ ထိခိုက်နိုင်လေသည်။
ဟွေ့အန်းကုန်းကျူက အခြေအနေကို နားလည်သဖြင့် ရည်ရွယ်ချက်ရှိရှိ စနောက်လိုက်သည်။
"ကြည့်ပါဦး ဟွမ်ဟုပ်ညန်ညန်က ကျင့်အန်းမေ့မေ့ကို ငါ့ထက် ပိုပြီး ရင်းရင်းနှီးနှီး ဆက်ဆံနေတာ”
လုမင်ယွိက ပေါ့ပါးစွာပင် ပြန်ပြောလိုက်သည်။
"ကျင့်အန်းက တကယ်ပဲ လိမ္မာပြီး ချစ်စရာကောင်းတာကိုး။ လူတိုင်း ချစ်ကြတာပေါ့”
ဟွေ့အန်းကုန်းကျူ၏ အနိုင်မခံ အရှုံးမပေးတတ်သည့် စိတ်ဓာတ်မှာ နှစ်ပေါင်းများစွာ မပြောင်းလဲသေးပေ။ စနောက်နေလျှင်ပင် မျက်လုံးအဝိုင်းသားနှင့် ပြန်ပြောတတ်သည်။
"လူတွေက ကိုယ့်မှာမရှိတာကို ပိုသဘောကျတတ်ကြတယ် ဆိုတာ တကယ်ပဲကိုး”
လုမင်ယွိက ရယ်မောရင်း ဟွေ့အန်းကုန်းကျူကို မျက်စောင်းထိုးလိုက်၏။
အားလုံးက ရယ်မောလိုက်ကြသည်။
တစ်နှစ်ကြာ ဝမ်းနည်းပူဆွေးခဲ့ပြီးနောက် ဝမ်းနည်းမှုများ ပျောက်ကွယ်လုနီးပါး ဖြစ်သွားပြီ။ နန်းတော်ထဲတွင် ဒီလို စည်ကားသိုက်မြိုက်မှုမျိုး မရှိခဲ့တာ ကြာပြီ။ အားလုံးက ပျော်ရွှင်စွာ စကားပြောဆို ရယ်မောနေကြရာ နှစ်သစ်ကူးပွဲတော်ထက်ပင် ပိုမိုစည်ကားနေတော့သည်။
လီရွှီတို့ မောင်နှမ သုံးယောက်လည်း ရောက်ရှိလာကြသည်။
အားလုံး၏ အကြည့်များက လီရွှီဆီသို့ ရောက်သွားကြ၏။
လီရွှီသည် ယခုနှစ် ၈ နှစ် ရှိပြီဖြစ်ပြီး အရပ်အမောင်း ပိုရှည်လာသည်။ ချောမောသည့် မျက်နှာလေးတွင် အသက်အရွယ်နှင့် မလိုက်အောင် တည်ငြိမ်မှုများ ရှိနေသည်။ လူအများ၏ အာရုံစိုက်မှုကို ခံရသဖြင့် မျက်နှာလေး အနည်းငယ် နီရဲနေသော်လည်း တည်ငြိမ်နေဆဲပင်။
မယ်တော်ကြီးချောင်က ပျော်ရွှင်စွာ လက်ယပ်ခေါ်လိုက်သည်။
"ရွှီအာ အဘွားဆီ လာပါဦး။ အဘွား မြေးလေးကို သေချာ ကြည့်ပါရစေဦး”
လီရွှီက ပြုံးလျက် ထူးလိုက်ပြီး ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။
လီရွှမ်းနှင့် လီဟန်တို့လည်း မယ်တော်ကြီးချောင်၏ ရှေ့သို့ ရောက်သွားကြသည်။
မယ်တော်ကြီးချောင်က လီရွှီ၏ လက်ကိုကိုင်ပြီး မရပ်မနား ချီးကျူးနေသည်ကို မြင်သောအခါ လီရွှမ်းက မနာလို ဖြစ်သွားပြီး နှုတ်ခမ်းဆူကာ ပြောလိုက်သည်။
"အဘွားတော်က မျက်နှာလိုက်လိုက်တာ။ သမီးကို ချစ်တယ်ဆိုတာ ညာတာပဲ။ အစ်ကိုကြီးကိုပဲ အချစ်ဆုံး”
အသက်အရွယ် ကြီးပြင်းလာသည်နှင့်အမျှ လီရွှမ်းနှင့် လီရွှီတို့၏ ရုပ်ရည်သွင်ပြင်မှာ ကွဲပြားလာကြသည်။ လီရွှီက သိမ်မွေ့ပြီး တည်ငြိမ်ကာ လီကျင့်၏ ငယ်ဘဝနှင့် တူသည်။ လီရွှမ်းကတော့ မျက်လုံးဝိုင်းဝိုင်းနှင့် တက်ကြွလန်းဆန်းကာ လုမင်ယွိ၏ ငယ်ဘဝနှင့် အလွန်တူသည်။
မယ်တော်ကြီးချောင် အချစ်ဆုံးကတော့ မြေးဦး ဖြစ်သည်။ သို့သော် နှုတ်ကတော့ ထုတ်မပြောရဲပေ။
မဟုတ်လျှင် လီရွှမ်း စိတ်ကောက်သွားလိမ့်မည်။
မယ်တော်ကြီးချောင်က လီရွှမ်း၏ လက်ကို ချက်ချင်း ဆွဲယူလိုက်ပြီး ချော့မော့လိုက်၏။
"ဘယ်ဟုတ်မလဲ။ အဘွားက သမီးကို ချစ်တာ ရွှီအာကို ချစ်တာနဲ့ အတူတူပါပဲ။ အဘွားရဲ့ စုဆောင်းထားတဲ့ ပစ္စည်းတွေကို သိမ်းထားပြီး သမီး ကြီးလာရင် မင်္ဂလာလက်ဖွဲ့အဖြစ် ပေးမယ်နော်”
ဒီလိုမှပေါ့။
လီရွှမ်းက ရယ်မောလိုက်သည်။
"သမီးကိုချည်းပဲ မပေးပါနဲ့။ မောင်လေးအတွက်လည်း ချန်ထားပေးပါဦး။ မဟုတ်ရင် သူ မိန်းမမရဘဲ နေပါဦးမယ်”
လုမင်ယွိတို့ အားလုံး ရယ်မောလိုက်ကြသည်။
ဟွေ့အန်းကုန်းကျူက ထက်မြက်သည့် တူမလေးကို သဘောကျလွန်းသဖြင့် အတင်းဆွဲဖက်လိုက်ပြီး ပြောလိုက်၏။
"ရွှမ်းအာ ကူးမူ(အဖေဖက်ကကြီးတော်)လည်း ရတနာတွေ အများကြီး စုထားတယ်။ နောက်ကျရင် သမီးကိုပဲ ပေးမယ်”
လီရွှမ်းက ပျော်ရွှင်စွာ ကျေးဇူးတင်လိုက်သည်။
"ကျေးဇူးတင်ပါတယ် ကူးမူ။ ကူးမူက သမီးအပေါ် တကယ်ကောင်းတာပဲ”
လုမင်ယွိက ပြုံးလျက် လီရွှမ်းကို မျက်စောင်းထိုးလိုက်သည်။
"မကပ်ဖားနဲ့။ ကူးမူရဲ့ ပစ္စည်းတွေက ရှန်းအာအတွက် ထားရမှာ”
ဟွေ့အန်းကုန်းကျူ မွေးစားထားသည့် သမီးလေး၏ နာမည်မှာ ဝူရှန်း ဖြစ်ပြီး ၄ နှစ် ရှိပြီ ဖြစ်သည်။
ဟွေ့အန်းကုန်းကျူက မကျေနပ်သည့်ပုံစံဖြင့် ပြောလိုက်၏။
"ငါက ရွှမ်းအာကို ပေးချင်တာလေ။ နင်က ဘာလို့ လာတားနေတာလဲ။ အနောက်နန်းဆောင်ကိုသာ နင်အုပ်ချုပ်တာ။ ငါ့ပစ္စည်း ငါကြိုက်သလို စီမံမှာပေါ့”
သမီးယောက်မ နှစ်ယောက်သည် ဆက်ဆံရေး ကောင်းမွန်သော်လည်း ရံဖန်ရံခါ စကားများတတ်ကြသည်။
ဒီနေ့ စိတ်အခြေအနေ ကောင်းနေသဖြင့် လုမင်ယွိက ဟွေ့အန်းကုန်းကျူနှင့် အပြိုင်မငြင်းတော့ဘဲ ရယ်မောကာ ပြောလိုက်လေသည်။
"ဆက်ပြောနေရင် အမြတ်ထွက်ပြီး ဈေးကိုင်သလို ဖြစ်နေတော့မယ်။ တော်ပါပြီ ပန်ကုံး ဘာမှမပြောတော့ပါဘူး”
ဟွေ့အန်းကုန်းကျူလည်း သဘောကျစွာ ရယ်မောလိုက်သည်။
မယ်တော်ကြီးချောင်က တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
ချွေးမကလည်း ထက်မြက်ပြီး တော်သည်။ သမီးကလည်း အိမ်တွင်းမင်းမူတတ်သည့် စိတ်ရှိသည်။ သူတို့နှစ်ယောက် ရန်ဖြစ်လျှင် ခေါင်းကိုက်စရာပင်။
လီရွှမ်းက လူအများ၏ အာရုံစိုက်မှုကို ခံရသော်လည်း လီရွှီက စိတ်မဆိုးဘဲ လီရွှမ်းနှင့် တိုးတိုးလေး စကားပြောနေလေသည်။ လီဟန်က မောင်နှမနှစ်ယောက် သူ့ကို ပစ်ထားသည်ကို မကျေနပ်သဖြင့် ကြားထဲသို့ အတင်းတိုးဝင်ပြီး စကားပြောနေသည်။
လုမင်ယွိသည် ထိုမြင်ကွင်းကို ကြည့်ရင်း ရင်ထဲတွင် ကြည်နူးသွားပြီး ပြုံးလိုက်မိလေသည်။
......
အပိုင်း (၇၀၂) အိမ်ရှေ့စံ ခန့်အပ်ခြင်း (၃)
အိမ်ရှေ့စံခန့်အပ်မည့် သတင်းသည် ချူနယ်မြေသို့ ရောက်ရှိလာလေသည်။
လုလင်းသည် သူ၏ ဝမ်းသာပီတိကို ဖုံးကွယ်မထားဘဲ လီရှန်းကို ပြုံးလျက် ပြောလိုက်၏။
"အရှင်မင်းကြီးက ဒီလောက် စောစောစီးစီး အိမ်ရှေ့စံ ခန့်အပ်မယ်လို့ မထင်ထားမိဘူး”
လွန်ခဲ့သည့် တစ်နှစ်ကျော်ကာလအတွင်း လီရှန်းသည် တိုက်ပွဲဝင်ရန် အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီး အကျိုးဆောင်မှုများစွာ ပြုလုပ်နိုင်ခဲ့သည်။ မင်းသားတစ်ပါး ဖြစ်သော်လည်း မာနမကြီးဘဲ အရာရာတွင် အလျော့ပေးတတ်သဖြင့် လုလင်းနှင့် လီရှန်းတို့၏ ဆက်ဆံရေးမှာ အလွန်ကောင်းမွန်လှသည်။
လီရှန်း၏ မျက်နှာထားမှာ အနည်းငယ် ရှုပ်ထွေးသွားပြီး တိုးတိုးလေး ပြောလိုက်သည်။
"အာ့ကောက အရင်တုန်းက အိမ်ရှေ့စံ မခန့်အပ်ခံရလို့ စိတ်ဒဏ်ရာ ရခဲ့တာလေ။ သူကိုယ်တိုင် ထီးနန်းရတော့ သူ့သား ရွှီအာကို သူခံစားခဲ့ရသလို မဖြစ်စေချင်လို့ စောစောစီးစီး အိမ်ရှေ့စံအဖြစ် ကြေညာလိုက်တာ နေမှာပါ"
လုမိသားစုသာ အစွမ်းကုန် မကူညီခဲ့လျှင် လီကျင့်၏ အိမ်ရှေ့စံ ဖြစ်လာမည့် လမ်းခရီးမှာ ပိုမို ကြမ်းတမ်းခက်ခဲပေလိမ့်မည်။
ယခု လီကျင့် အမိန့်ထုတ်ပြန်ပြီး အိမ်ရှေ့စံ ခန့်အပ်ကာ တတိုင်းပြည်လုံးကို ကြေညာလိုက်ခြင်းမှာ ပြည်သူလူထု၏ စိတ်ကို တည်ငြိမ်စေရန် ရည်ရွယ်သည်သာမက ယောက္ခမအိမ်တော်ကို ကျေးဇူးဆပ်သည့် သဘောလည်း သက်ရောက်လေသည်။ နောင်တွင် နန်းတော်ထဲ၌ အခြားမိန်းမလှများ ရောက်လာပြီး တခြားသားသမီးများ မွေးဖွားလာခဲ့လျှင်လည်း အိမ်ရှေ့စံရာထူးသည် သားဦးဖြစ်သည့် လီရွှီအတွက်သာ ဖြစ်ကြောင်း သေချာစေလိုခြင်း ဖြစ်သည်။
ဒီအချက်ကို လီရှန်း ထုတ်မပြောသော်လည်း လုလင်းက ကောင်းကောင်း နားလည်လေသည်။
လုလင်းက ပြုံးလျက် ပြောလိုက်၏။
"အိမ်ရှေ့စံ ခန့်အပ်ပွဲ အခမ်းအနားကို နောက်နှစ် ၅ လပိုင်းမှာ လုပ်မှာ။ ကျွန်တော်တို့လည်း မြန်မြန်ဆန်ဆန် ပြင်ဆင်ပြီး မြို့တော်ကို စောစောပြန်ရအောင်”
လီရှန်းသည် ရှုပ်ထွေးနေသည့် စိတ်ကို ငြိမ်သက်အောင် ထားလိုက်ပြီး ဝမ်းမြောက်စွာ ပြောလိုက်သည်။
"ကောင်းပါပြီ”
စစ်နိုင်ပြီးသည့်တိုင်အောင် လက်စသတ်ရမည့် ကိစ္စများ ရှိနေသေးသည်။
ဖူယန်မြို့စား၏ လျှောက်လွှာကို သတိရသွားပြီး လီရှန်းက ချီးကျူးစကား ဆိုလိုက်၏။
"ဖူယန်မြို့စားက ကျောက်မိသားစုတပ်ဖွဲ့ကို ချူနယ်မြေမှာ ထားခဲ့ဖို့ သူ့သဘောဆန္ဒနဲ့သူ လျှောက်ထားတာဟာ တကယ်ပဲ မြင့်မြတ်တဲ့ စိတ်ထားပါပဲ”
လုလင်း၏ မျက်လုံးများ တောက်ပသွားပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်လေသည်။
"ဒါက ဖူယန်မြို့စားရဲ့ ပါးနပ်မှုပဲ။ လောကကြီးမှာ ရေဆန်ကို မလှော်ဘဲ ရေစီးအတိုင်း လိုက်တာကမှ အကောင်းဆုံး နည်းလမ်းပဲလေ။ မင်းသားတို့ ယောက္ခမနဲ့ သားမက် နှစ်ယောက်စလုံးဟာ တကယ်ပဲ ရှားပါးတဲ့ လူတော်တွေပါပဲ”
ဤသည်မှာ လီရှန်းက ကိုယ်တိုင်ဆန္ဒပြုပြီး ယန်နှင့်ချူနယ်မြေသို့ စစ်ဆေးရေးမှူးအဖြစ် လိုက်ပါလာခြင်းကို ချီးကျူးလိုက်ခြင်းပင်။
မင်းတစ်ပါးနှင့် အမတ်တစ်ပါး ဆိုသည်မှာ ကွဲပြားခြားနားလှသည်။
မင်းသားဘဝတုန်းကတော့ စိတ်တိုင်းကျ နေလို့ရတာပေါ့။ ဘာပဲဖြစ်ဖြစ် ထီးနန်းပေါ်မှာ ထိုင်နေတာက ကိုယ့်အဖေအရင်းပဲလေ။ အခုတော့ အစ်ကိုရင်းက ဘုရင်ဖြစ်နေပြီ ဆိုတော့ ညီဖြစ်သူအနေနဲ့ ကိုယ့်နေရာကိုယ် သိဖို့ လိုတာပေါ့။
လီရှန်းက ရယ်မောလိုက်ကာ "ရှင်းယန်ဝမ် ဒီလောက်ကြီး ချီးကျူးနေတာ ကျွန်တော် လက်မခံရင် ရိုင်းရာကျနေမှာပေါ့။ ဒါကြောင့် မျက်နှာပြောင်တိုက်ပြီး လက်ခံလိုက်ပါမယ်”
စနောက်ပြီးနောက် လီရှန်းသည် ကျောက်တပ်ဖွဲ့ကို နေရာချထားပေးရန် ထွက်ခွာသွားလေသည်။
စစ်တဲအပြင်တွင် စောင့်နေသည့် ကျန်းကျုံးက တဲထဲသို့ ဝင်လာပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"အရှင်မင်းကြီးက တကယ်ပဲ အိမ်ရှေ့စံ ခန့်အပ်တော့မှာလား"
"အမိန့်တော်ကို တတိုင်းပြည်လုံး ကြေညာပြီးပြီ။ စစ်တပ်ထဲကိုတောင် အမိန့်တော် ပို့လာပြီးပြီပဲ။ ဘယ်လိုလုပ် အမှားဖြစ်နိုင်မှာလဲ" လုလင်းက သမီးကြီး၏ ခင်ပွန်းဖြစ်သူကို ရင်းနှီးစွာ ပြောလိုက်သည်။ "အရှင်မင်းကြီးက လက်တွေ့ကျကျ လုပ်ပြပြီး လုမိသားစုကို စိတ်ချစေချင်လို့လေ”
ကျန်းကျုံးက "ဟဲဟဲ" ဟု ရယ်မောလိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
"မုန့်မိသားစုတပ်ဖွဲ့က လက်ကျန်စစ်သည် နှစ်သောင်းလောက်ပဲ ရှိတော့တယ်။ ကျောက်မိသားစုတပ်ဖွဲ့က လေးသောင်းပဲ ကျန်တော့တယ်။ နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့ကလည်း အများကြီး ကျဆုံးသွားပြီ။ ကျွန်တော်တို့ ရှင်းယန်တပ်မတော်ကသာ အင်အားအတောင့်တင်းဆုံးပဲ။ ဒီတစ်ခါလည်း အများကြီး အကျိုးဆောင်နိုင်ခဲ့သေးတယ်။ အရှင်မင်းကြီးက ကျွန်တော်တို့ကို အားကိုးနေရတာဆိုတော့ ရွှီအာကို အိမ်ရှေ့စံ ခန့်အပ်တာ သင့်တော်တာပေါ့”
လုလင်း၏ အပြုံးများ ပျောက်ကွယ်သွားပြီး ကျန်းကျုံးကို စိုက်ကြည့်ကာ ပြောလိုက်၏။
"ဒီလိုစကားမျိုးကို ငါတို့ချင်းပဲ ပြောလို့ရမယ်။ သူများရှေ့မှာဆိုရင် သတိထားပြီး နှိမ့်ချပြောရမယ်။ မာနကြီးပြီး ဘဝင်မြင့်နေတယ် ဆိုတဲ့ သတင်းထွက်လာရင် မင်းခြေထောက်ကို ရိုက်ချိုးပစ်မယ်"
ကျန်းကျုံးက ချက်ချင်း တည်ငြိမ်သွားပြီး ပြောလိုက်သည်။
"ယွဲ့ဖု စိတ်ချပါ။ အဲဒီလောက်တော့ ကျွန်တော် သိပါတယ်။ ဝမ်းသာလွန်းလို့ ယွဲ့ဖုရှေ့မှာ ပြောမိတာပါ။ နောက်ဆို ဘယ်သူ့ရှေ့မှ မပြောတော့ပါဘူး”
လုလင်း၏ မျက်နှာထား ပြန်လည် နူးညံ့သွားပြီး အသံလည်း ပျော့ပျောင်းသွားလေသည်။
"ရှောင်ယွိက သာ့ဝေတိုင်းပြည်ရဲ့ မိဖုရားခေါင် ဖြစ်နေပြီ။ ရွှီအာကလည်း မကြာခင် အိမ်ရှေ့စံ ဖြစ်တော့မယ်။ ရှင်းယန်တပ်မတော်က အင်အားတောင့်တင်းနေရင် လူတွေက မကောင်းမြင်နိုင်တယ်”
"ဖူယန်မြို့စားက ဘာလို့ သူ့တပ်ဖွဲ့ထဲက လူနှစ်သောင်းကို ပေးလိုက်တာလဲ။ သူက အင်အားကြီးလွန်းရင် ဘုရင်က သံသယဝင်မှာ ကြောက်လို့လေ”
"အခု စစ်ပွဲတွေလည်း ငြိမ်းသွားပြီဆိုတော့ စစ်သည်တွေ အများကြီး မလိုတော့ဘူး။ မြို့တော်ပြန်ရောက်ရင် အသက် ၄၀ ကျော်တဲ့ စစ်သည်တွေကို အိမ်ပြန်လွှတ်ဖို့ လျှောက်လွှာတင်ရမယ်။ နောက်ပြီး စစ်သည်သစ်လည်း ထပ်မခေါ်တော့ဘူး”
ကျန်းကျုံး အံ့အားသင့်သွားသည်။
"ယွဲ့ဖု!"
ရှင်းယန်တပ်မတော်ထဲတွင် အသက် ၄၀ ကျော်သည့် ဝါရင့်စစ်သည် တစ်သောင်းနှစ်သောင်းခန့် ရှိသည်။ သူတို့အားလုံးက တိုက်ပွဲအတွေ့အကြုံ ရင့်ကျက်သူများ ဖြစ်ကြသည်။ သူတို့ကို အိမ်ပြန်လွှတ်ပြီး စစ်သည်သစ် ထပ်မဖြည့်လျှင် ရှင်းယန်တပ်မတော်၏ အင်အား လျော့နည်းသွားလိမ့်မည်။
လုလင်းက သားမက်ကို နှစ်သိမ့်သည့်အနေဖြင့် ကြည့်လိုက်ကာ "စိတ်မလှုပ်ရှားပါနဲ့။ ဒီကိစ္စကို ငါ သေချာ စဉ်းစားပြီးပါပြီ”
"ကွမ်းပင်းနယ်စား ပုန်ကန်တဲ့ ကိစ္စက ဂယက်ရိုက်ခတ်မှု ကြီးမားတယ်။ ငါသာ ဘုရင်ဖြစ်ရင် မြို့တော်ကို ခြိမ်းခြောက်နိုင်တဲ့ တပ်ဖွဲ့မျိုးကို ဘယ်တော့မှ ထားမှာမဟုတ်ဘူး”
"ဖူယန်မြို့စားက ဒီအချက်ကို မြင်လို့ သူ့သဘောဆန္ဒနဲ့သူ လျှောက်လွှာတင်ပြီး အင်အားလျှော့ချလိုက်တာ။ ဒါမှ သူ့သစ္စာတရားကို ပြသရာရောက်သလို အနေခက်မယ့် အခြေအနေမျိုးတွေကိုလည်း ရှောင်ရှားနိုင်မှာ”
"ငါက အရှင်မင်းကြီးရဲ့ ယောက္ခမ ဖြစ်နေပေမဲ့ ငါ့သမီးနဲ့ သားမက်ကို အခက်တွေ့အောင် မလုပ်သင့်ဘူး။ ဒီကိစ္စတွေကို အရှင်မင်းကြီးက ပါးစပ်ဟပြီး မပြောခင် ကိုယ့်ဖာသာကိုယ် အရင်လုပ်မှရမယ်”
"ရှင်းယန်တပ်မတော်ရဲ့ အင်အားကို နောက်ပိုင်း ငါးသောင်းဝန်းကျင်လောက်ပဲ ထားမယ်”
မုန့်မိသားစုတပ်ဖွဲ့နှင့် တိုက်ပွဲတွင် ရှင်းယန်တပ်မတော်မှ လူနှစ်သောင်းခန့် ကျဆုံးခဲ့သည်။ လွန်ခဲ့သည့် တစ်နှစ်ကျော်အတွင်း နောက်ထပ် တစ်သောင်းခန့် ထပ်မံကျဆုံးခဲ့သည်။ မြို့တော်သို့ ပြန်ရောက်ပြီး ဝါရင့်စစ်သည်များကို အိမ်ပြန်လွှတ်လိုက်လျှင် ငါးသောင်းဝန်းကျင်သာ ကျန်တော့မည်။
ကျန်းကျုံးသည် စိတ်ထဲတွင် မကျေမနပ် ဖြစ်နေသော်လည်း ဘာမှမပြောဘဲ နေလိုက်သည်။ ခဏကြာမှ မေးလိုက်သည်။
"အရှင်မင်းကြီးက ယွဲ့ဖုကို မယုံလို့လား"
လုလင်းက တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။ "ယောက္ခမနဲ့ သားမက် ဆက်ဆံရေးက တကဏ္ဍ၊ တိုင်းပြည်ရေးရာက တကဏ္ဍပဲ။ စစ်အင်အား လျှော့ချရမယ် ဆိုတာက ကြာရင် ဖြစ်လာမယ့် ကိစ္စပဲ”
ဒါက ယုံတာ မယုံတာနဲ့ မဆိုင်ဘူး။ မဖြစ်မနေ လုပ်ရမယ့် ကိစ္စပဲ။
ဘုရင်တစ်ပါးအနေနဲ့ အမတ်တွေကို မထိန်းချုပ်နိုင်ရင် ဒါကမှ တကယ့်ပြဿနာ။
ကျန်းကျုံးက သက်ပြင်းချလိုက်ကာ "ယွဲ့ဖုက ဆုံးဖြတ်ပြီးပြီဆိုတော့ ကျွန်တော်လည်း ဘာမှမပြောတော့ပါဘူး။ ကျွန်တော်ကတော့ အသက် ၄၀ မပြည့်သေးဘူး။ ကျွန်တော့်ကိုတော့ အိမ်ပြန်မလွှတ်နဲ့နော်”
လုလင်းက ရယ်မောလိုက်ပြီး ကျန်းကျုံး၏ ပခုံးကို ပုတ်လိုက်သည်။
"တော်ပါတော့ကွာ ညည်းမနေပါနဲ့။ သာ့ပေါင်အာတို့ ညီအစ်ကိုနှစ်ယောက်လည်း မငယ်တော့ဘူး။ မြို့တော်ပြန်ရောက်ရင် သူတို့ကို စစ်တပ်ထဲခေါ်ပြီး သေချာလေ့ကျင့်ပေးရမယ်”
သားအကြောင်း ကြားရတော့ ကျန်းကျုံး စိတ်ပျော်သွားပြီး ခေါင်းညိတ်လိုက်သည်။
......
နှစ်လအကြာတွင် စစ်သည်တော်များ မြို့တော်သို့ ပြန်လည်ရောက်ရှိလာကြသည်။
၄ လပိုင်း အစ၊ နွေဦးရာသီ ပန်းများ ပွင့်လန်းနေချိန်တွင် လုလင်း ဦးဆောင်သော စစ်သည်တော်များသည် အောင်ပွဲခံကာ ပြန်ရောက်လာကြသည်။
အရှင်မင်းကြီးက အမတ်များနှင့်အတူ မြို့တံခါးဝသို့ ထွက်ကြိုလေသည်။
လီကျင့် ကိုယ်တိုင် ထွက်ကြိုလိမ့်မည်ဟု လုလင်း မထင်ထားခဲ့သဖြင့် စိတ်လှုပ်ရှားသွားပြီး မြင်းပေါ်မှဆင်းကာ အရိုအသေပြုလိုက်သည်။
"ကျွန်တော်မျိုး လုလင်း အရှင်မင်းကြီးကို ဂါရဝပြုပါတယ်”
လီကျင့်က ပြုံးလျက် လုလင်းကို တွဲထူလိုက်ကာ "ရှင်းယန်ဝမ် ထပါဦး။ ဒီတစ်နှစ်ကျော်အတွင်း ရှင်းယန်ဝမ်က ယန်နဲ့ချူနယ်မြေမှာ သူပုန်တွေကို နှိမ်နင်းပေးခဲ့တာ ကျေးဇူးအများကြီးတင်ပါတယ်။ ကျန်း ကိုယ်တိုင် လာကြိုတာ သင့်တော်ပါတယ်”
"ကျန်းက နန်းတော်ထဲမှာ စားသောက်ပွဲ ပြင်ဆင်ခိုင်းထားပါတယ်။ ခင်ဗျားတို့ကို ကြိုဆိုတဲ့အနေနဲ့ပါ”
လုလင်းက ကျေးဇူးတင်စကား ဆိုလိုက်သည်။
လီကျင့်က လုလင်းကို တွဲထူရင်း အသံကို နှိမ့်ကာ ရယ်မောပြောလိုက်သည်။
"ယွဲ့ဖုကလည်း ထပ်ပြီး အရိုအသေ မပြုပါနဲ့တော့။ အိမ်ပြန်ရောက်ရင် ရှောင်ယွိက ကျွန်တော့်နားရွက်ကို ဆွဲလိမ့်မယ်”
လုလင်းက ရယ်မောလိုက်ပြီး မတ်တပ်ရပ်လိုက်၏။
ဘေးနားရှိ လီရှန်းကလည်း ပြုံးလျက် လာရောက် နှုတ်ဆက်လေသည်။
လီကျင့်က လီရှန်းကို တွဲထူရင်း သေချာကြည့်လိုက်သည်။ "စစ်တိက တစ်နှစ်ကျော်လောက် ခွဲသွားတာ အခုဆိုရင် အများကြီး ရင့်ကျက်တည်ငြိမ်လာပါလား”
လီရှန်းက မနေနိုင်ဘဲ ပြန်ပြောလိုက်သည်။ "အာ့ကောက ကျွန်တော့်ထက် ၃ နှစ်ပဲ ကြီးတာပါ။ စကားပြောတာကတော့ လူကြီးလိုပဲ”
လီကျင့်က ဟားတိုက်ရယ်မောလိုက်ကာ "အာ့ကော မှားသွားပါတယ်။ စိတ်မဆိုးပါနဲ့ကွာ။ နန်းတွင်းစားသောက်ပွဲကျရင် အာ့ကောက တောင်းပန်တဲ့အနေနဲ့ အရက်များများ သောက်ပေးပါ့မယ်”
"ဒါဆိုရင်တော့ ဖြစ်တာပေါ့"
လီရှန်းက သွားဖြဲပြီး ပြုံးလိုက်သည်။ ညီအစ်ကိုနှစ်ယောက် အပြန်အလှန် ကြည့်ပြီး ပြုံးလိုက်ကြလေတော့သည်။
...