အခန်း (၇၀၃-၇၀၅)
Vol. 47 Ch. 703-705
အပိုင်း (၇၀၃) မြို့တော်သို့ ပြန်ရောက်ခြင်း (၁)
ညီအစ်ကိုနှစ်ယောက်သည် တစ်နှစ်ကျော်မျှ မတွေ့ရသော်လည်း စိမ်းသက်သွားခြင်းမရှိဘဲ အလွန်ပင် ရင်းနှီးနေကြသည်။
အမတ်မင်းများသည် ထိုမြင်ကွင်းကို ကြည့်ရင်း စိတ်ထဲတွင် ကျေနပ်နေကြသည်။
ဧကရာဇ်အသစ် နန်းတက်သည်မှာ တစ်နှစ်ကျော် ရှိပြီဖြစ်ပြီး သဘောထား နူးညံ့သော်လည်း လိုအပ်လျှင် ပြတ်သားတတ်သည်။ ဒီအတိုင်းသာ ဆက်သွားလျှင် ၃ နှစ် ၅ နှစ်အတွင်း နန်းတွင်းကို အပြည့်အဝ ထိန်းချုပ်နိုင်လိမ့်မည်။ အမတ်မင်းများအနေဖြင့်လည်း နန်းတွင်း တည်ငြိမ်အေးချမ်းသည်ကို လိုလားကြသည်။
လီကျင့်တွင် ညီအစ်ကို ၆ ယောက်ရှိရာ ၃ ယောက်မှာ ကွယ်လွန်သွားပြီ ဖြစ်သည်။ ကျန်ရှိနေသည့် ညီအစ်ကိုအရင်း ၂ ယောက်မှာ ကောင်းမွန်စွာ အသက်ရှင်နေထိုင်နိုင်ရန် မျှော်လင့်ရသည်။ မဟုတ်လျှင် နောင်သမိုင်းမှတ်တမ်းတွင် မည်သို့ ရေးသားဖော်ပြကြမည်နည်း။
လီကျင့်သည် ယောက္ခမနှင့် ညီလေးကို သူနှင့်အတူ နန်းတော်သို့ ပြန်ရန် ဖိတ်ခေါ်လိုက်လေသည်။
လုလင်းနှင့် လီရှန်းတို့ ငြင်းမရသဖြင့် လက်ခံလိုက်ရသည်။ သူတို့သည် သာ့ဝေတိုင်းပြည်အတွက် အသက်စွန့်ပြီး စစ်တိုက်ခဲ့ကြရာ ယခုလို အောင်ပွဲရပြီး ပြန်လာချိန်တွင် အရှင်မင်းကြီး၏ အလေးပေး ဆက်ဆံခံရခြင်းမှာ မဆန်းလှပေ။
လမ်းဘေးဝဲယာတွင် လူအုပ်ကြီး ပြည့်နှက်နေပြီး အောင်ပွဲခံ အော်ဟစ်သံများ ဆူညံနေသည်။
လွန်ခဲ့သည့် တစ်နှစ်က ဖြစ်ပွားခဲ့သည့် ပုန်ကန်မှု၏ အရိပ်မည်းကြီးသည် ပျောက်ကွယ်သွားခဲ့လေပြီ။ မြို့တော်သည် ယခင်ကလိုပင် စည်ကားသိုက်မြိုက်နေပြီး ပြည်သူများသည်လည်း ပွဲလမ်းသဘင် ခုံမင်မြဲ ဖြစ်သည်။
"အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ" ဟူသော အော်ဟစ်သံများသည် လှိုင်းလုံးကြီးများသဖွယ် နားထဲသို့ တိုးဝင်လာလေသည်။
လီရှန်းသည် ခေါင်းပြူကြည့်လိုက်ပြီး လျှာသပ်ကာ ပြောလိုက်သည်။
"လူတွေ အများကြီးပဲ"
လီကျင့်က ပြုံးလျက် ပြောလိုက်သည်။
"မင်းတို့ စစ်နိုင်ခဲ့ပြီး ယန်နဲ့ချူနယ်မြေက ပုန်ကန်မှုတွေကို နှိမ်နင်းနိုင်ခဲ့လို့ ပြည်သူတွေက လာကြည့်ကြတာပေါ့” ထို့နောက် လုလင်းကို လှည့်ကြည့်ပြီး ပြောလိုက်သည်။ "ယွဲ့ဖုနဲ့ မတွေ့ရတာ ကြာပြီဆိုတော့ စိတ်ထဲမှာ အမြဲသတိရနေတာ။ ဒီနေ့မှပဲ တွေ့ရတော့တယ်။ ယွဲ့ဖုက အရင်လိုပဲ ခန့်ညားပြီး ကျန်းမာနေတုန်းပဲ”
သူ့ကိုယ်သူ "ကျန်း" ဟု မသုံးနှုန်းဘဲ "ကျွန်တော်" ဟုသာ သုံးနှုန်းပြောဆိုလေသည်။
လီကျင့်၏ ရင်းနှီးစွာ ဆက်ဆံမှုကြောင့် လုလင်း၏ ရင်ထဲတွင် နွေးထွေးသွားသော်လည်း သတိပေးစကား ဆိုလိုက်သည်။
"အရှင်မင်းကြီး ကျွန်တော်မျိုးကို တိုက်ရိုက်ခေါ်ဝေါ်တာ နန်းတွင်းစည်းကမ်းနဲ့ မညီပါဘူး”
လီကျင့်က တိုးတိုးလေး ရယ်မောလိုက်သည်။
"အခုက လူစိမ်းတွေမှ မရှိတာ။ စကားပြောတာ ပေါ့ပေါ့ပါးပါး ပြောလို့ ရပါတယ်။ စည်းကမ်းတွေကို ဂရုစိုက်မနေပါနဲ့”
"နန်းတော်ရောက်ရင် ယွဲ့ဖု အရင်ဆုံး ကျောင်းဖန်နန်းဆောင်ကို သွားပြီး ရှောင်ယွိနဲ့ တွေ့လိုက်ပါဦး။ ဒီတစ်နှစ်ကျော်လုံး ရှောင်ယွိက ယွဲ့ဖုရဲ့ လုံခြုံရေးကို စိတ်ပူနေတာ။ ယွဲ့ဖုနဲ့ ကိုယ်တိုင် မတွေ့ရမချင်း သူ စိတ်ချမှာ မဟုတ်ဘူး”
ဒီလိုလုပ်ခြင်းကလည်း စည်းကမ်းနဲ့ မညီပေ။
သို့သော် လူတိုင်းတွင် အားနည်းချက် ကိုယ်စီ ရှိကြသည်ချည်းပင်။
ရှင်းယန်ဝမ် လုလင်းသည် စစ်တိုက်ရာတွင် ရဲရင့်ပြီး နန်းတွင်းရေးရာတွင် စေ့စပ်သေချာသော်လည်း သူ၏ တစ်ခုတည်းသော အားနည်းချက်မှာ သမီးဖြစ်သူ လုမင်ယွိပင်။
လီကျင့်က ပြောလိုက်သည်နှင့် လုလင်းသည် စည်းကမ်းများကို ဂရုမစိုက်တော့ဘဲ ချက်ချင်း လက်ခံလိုက်လေသည်။
လီရှန်းကလည်း မျက်နှာပြောင်တိုက်ပြီး တောင်းဆိုလိုက်သည်။
"အစ်ကိုကြီး ကျွန်တော်လည်း အနောက်နန်းဆောင်ကို အရင်သွားပြီး သားအမိနဲ့ မူဖေးကို သွားတွေ့ချင်တယ်”
လီကျင့်က ပြုံးလျက် ခေါင်းညိတ်ခွင့်ပြုလိုက်သည်။
လီရှန်း စိတ်သက်သာရာ ရသွားသည်။
တစ်နှစ်ကျော် မတွေ့ရသည့်အချိန်အတွင်း ဒုတိယအစ်ကိုတော်သည် အိမ်ရှေ့စံဘဝမှ ဧကရာဇ် ဖြစ်လာခဲ့သည်။ အပြန်လမ်းခရီးတစ်လျှောက်လုံး သူသည် ကိုယ့်ကိုယ်ကိုယ် သတိပေးလာခဲ့သည်။ မင်းနဲ့အမတ် ကွာခြားချက်ကို မမေ့ပါနဲ့။ စကားပြောရင် သတိထား။
သို့သော် တွေ့ဆုံပြီးနောက် လီကျင့်၏ ရင်းနှီးဖော်ရွေမှုကြောင့် သူ၏ စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားခဲ့သည်။
လီကျင့်သည် လီရှန်း၏ စိတ်ကို ရိပ်မိပုံရပြီး လီရှန်း၏ လက်ဖမိုးကို ဖွဖွလေး ပုတ်လိုက်သည်တွင် လီရှန်းက ရှက်သွားပြီး ပြန်ပြုံးပြလိုက်သည်။
......
နှစ်နာရီကြာပြီးနောက် လုလင်းသည် ကျောင်းဖန်နန်းဆောင်သို့ ဝင်ရောက်လာခဲ့သည်။
ဤနန်းဆောင်သည် သာ့ဝေတိုင်းပြည် မိဖုရားခေါင်၏ စံမြန်းရာ နန်းဆောင်ဖြစ်သည်။ အနောက်နန်းဆောင်၏ အမြင့်ဆုံး အာဏာကို ကိုယ်စားပြုသည်။ နန်းဆောင်ထဲသို့ ခြေချလိုက်သည်နှင့် လုလင်း၏ ရင်ထဲတွင် လှုပ်ရှားသွားသည်။
မာနကြီးပြီး ခေါင်းမာတတ်သည့် သူ့သမီးလေးက တိုင်းပြည်ကို အုပ်စိုးသည့် မိဖုရားခေါင် ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
"အဖေ!"
ရင်းနှီးသော အသံကို ကြားလိုက်ရပြီး လုလင်း ဘာမှမလုပ်နိုင်ခင်မှာပင် ရိုးရှင်းသော ဝတ်စုံကို ဝတ်ဆင်ထားသည့် မိဖုရားခေါင်သည် သူ့ရင်ခွင်ထဲသို့ ပြေးဝင်လာခဲ့သည်။
လုလင်း၏ ရင်ထဲတွင်လည်း ခံစားချက်များ ပြင်းထန်လာပြီး သမီးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်မိသည်။ ထို့နောက် အလျင်အမြန် လွှတ်လိုက်ပြီး နောက်သို့ နှစ်လှမ်းဆုတ်ကာ အရိုအသေပြုလိုက်သည်။
"ကျွန်တော်မျိုး လုလင်း ဟွမ်ဟုပ်ညန်ညန်ကို ဂါရဝပြုပါတယ်”
လုမင်ယွိသည် ဖခင်နှင့် ပြန်တွေ့ရသည့် ဝမ်းသာပီတိတွင် နစ်မြောနေပြီး ဖခင်ကို ပြုံးလျက် တွဲထူလိုက်ကာ ပြောလိုက်သည်။
"အဖေက သမီးကို ဂါရဝပြုရတယ်လို့ ဘယ်မှာရှိလို့လဲ”
လုလင်းက မတ်တပ်ရပ်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
"ငါ့သမီးက သာ့ဝေတိုင်းပြည်ရဲ့ မိဖုရားခေါင်လေ။ ငါက ဂါရဝပြုချင်လို့ ပြုတာ ဘာဖြစ်လဲ"
လုမင်ယွိ သဘောကျစွာ ရယ်မောလိုက်သည်။
လုလင်းက သမီးကို သေချာကြည့်လိုက်ရာ လုမင်ယွိ၏ မျက်နှာသည် ကြည်လင်ဝင်းပနေပြီး မျက်လုံးများ တောက်ပနေသည်ကို တွေ့ရသဖြင့် အလွန် ဝမ်းသာသွားသည်။
"သမီး ဒဏ်ရာတွေ သက်သာသွားပြီလား"
"သမီး အိပ်ရာထဲမှာ ၃ လလောက် လှဲနေပြီးမှ လမ်းပြန်လျှောက်နိုင်တာ။ ဆေးသောက်တာလည်း တစ်နှစ်လောက် ရှိပြီ။ အားဆေးတွေလည်း အများကြီး စားထားရတာ" လုမင်ယွိက ရယ်ချင်စိတ်ကို ထိန်းရင်း ပြောလိုက်သည်။ "အခုဆို နွားတစ်ကောင်လို သန်မာနေပြီ”
လုလင်း၏ မျက်လုံးများတွင် အပြုံးများ ပြည့်နှက်နေလေသည်။
"ကောင်းတယ် ကောင်းတယ်။ ဒဏ်ရာတွေ သက်သာသွားရင် ပြီးတာပါပဲ”
လုမင်ယွိကလည်း ဖခင်ကို အမြန်ကြည့်လိုက်ပြီး စိတ်မကောင်းစွာဖြင့် ပြောလိုက်သည်။
"အဖေ အသားမည်းသွားတယ်နော်။ ပိန်လည်း ပိန်သွားတယ်”
လုလင်းက ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်လေသည်။
"ငါက စစ်တိုက်ထွက်တာလေ။ အပျော်ခရီးထွက်တာမှ မဟုတ်တာ။ နည်းနည်းပါးပါး ပင်ပန်းတာက ဘာမှမဖြစ်ပါဘူး။ ပြန်ရောက်မှ ကောင်းကောင်းစား ကောင်းကောင်းအိပ်ရင် မကြာခင် ပြန်ပြီး ခန့်ညားလာမှာပါ”
လုမင်ယွိလည်း ဟားတိုက်ရယ်မောလိုက်တော့သည်။
သားအဖနှစ်ယောက် ထိုင်ပြီး စကားပြောဖြစ်ခဲ့ကြသည်။
လုလင်းက အရင်ဆုံး မေးလိုက်၏။ "သမီး မိဖုရားခေါင် ဖြစ်ပြီးတော့ အနောက်နန်းဆောင်မှာ အဆင်ပြေရဲ့လား"
လုမင်ယွိက မျက်ခုံးပင့်ကာ ပြုံးလိုက်ပြီး "မူဟုပ်က ယုံမေ့နန်းဆောင်ကို သူ့သဘောဆန္ဒနဲ့သူ ပြောင်းသွားပြီး ဖုန့်ယင်တံဆိပ်တုံးကို သမီးဆီ ပေးအပ်လိုက်တယ်။ ထိုက်ဖေးတွေ အားလုံးလည်း လိမ္မာကြပါတယ်”
စိတ်ညစ်စရာ ကောင်းသည်မှာ ရူးသွပ်သွားသည့် မယ်တော်ကြီးကျောက် တစ်ယောက်သာ ရှိသည်။ အတင်းပြောတတ်ပြီး ပြဿနာရှာတတ်သည့် ချင်ဖေးသည်လည်း ယခုအခါ ငြိမ်ကုပ်နေပြီး နေ့ရောညပါ မယ်တော်ကြီးကျောက်ကို ပြုစုနေရသည်။
သူမက မိဖုရားခေါင် ဖြစ်နေသော်လည်း စိတ်ပူစရာ ဘာမှမရှိဘဲ နေ့ရက်များသည် အလွန်ပင် စိတ်ချမ်းသာစရာ ကောင်းလှသည်။
လုမင်ယွိ၏ တက်ကြွလန်းဆန်းနေသည့် မျက်နှာကို ကြည့်ရင်း လုလင်း၏ ရင်ထဲတွင် ပိုပြီး ဝမ်းမြောက်လာသည်။ သူက တိုးတိုးလေး ပြောလိုက်၏။
"အရာရာ အဆင်ပြေရင် ကောင်းတာပေါ့။ နောက်လကျရင် အိမ်ရှေ့စံ ခန့်အပ်ပွဲ လုပ်တော့မယ်။ အဖေ အချိန်မီ ပြန်ရောက်လာတာ ကံကောင်းတယ်”
မင်းကြီး၏ ချစ်ခြင်းမေတ္တာကို ပါးစပ်ဖြင့် ဖွင့်ပြောနေစရာ မလိုပေ။ တရားဝင်ဇနီးမှ မွေးဖွားသည့် သားကို စောစောစီးစီး အိမ်ရှေ့စံ ခန့်အပ်လိုက်ခြင်းသည် ဇနီးနှင့် သားသမီးအပေါ်ထားရှိသည့် အနက်ရှိုင်းဆုံး ချစ်ခြင်းမေတ္တာပင်။
ဆန့်ကျင်ဘက် သာဓကလည်း ရှိသည်။ ယုံးကျားဧကရာဇ်သည် မုန့်ဖေးကို အလွန်ချစ်ပြီး သားကြီး လီယိကို အလိုလိုက်ခဲ့သော်လည်း အိမ်ရှေ့စံ ခန့်အပ်သည့်အခါတွင် တရားဝင်ဇနီးမှ မွေးဖွားသည့် လီကျင့်ကိုသာ ခန့်အပ်ခဲ့သည်။
နှစ်ပေါင်းများစွာ အလိုလိုက်ခံခဲ့ရသည့် လီယိသည် ထိုအချိန်ကစ၍ စိတ်ဓာတ်များ ကောက်ကျစ်စဉ်းလဲလာခဲ့သည်။
အခြေခံအားဖြင့် ပြောရလျှင် သားအဖချင်း သတ်ဖြတ်သည့် ကြေကွဲစရာ ဇာတ်လမ်းသည် ထို "မျက်နှာလိုက်မှု" မှ စတင်ခဲ့ခြင်းသာ။
လုမင်ယွိက လုလင်းကို ကြည့်ပြီး တိုးတိုးလေး ပြောလိုက်။ "လီကျင့် သမီးအပေါ် ကောင်းတာ သမီး သိပါတယ်။ အဖေ စိတ်ချပါ။ သူ သမီးအပေါ် သစ္စာရှိသရွေ့ သမီးလည်း သူ့အပေါ် သစ္စာရှိမှာပါ”
လုလင်းက ခေါင်းညိတ်လိုက်သည်။ သူက စစ်သည်ဟောင်းများကို အိမ်ပြန်လွှတ်မည့် အကြောင်း မပြောတော့ဘဲ မြေးများကို မေးလိုက်လေသည်။
"ရွှီအာတို့ရော ဘယ်မှာလဲ"
လုမင်ယွိက ပြုံးလျက် ပြောလိုက်သည်။ "ဟန်အာလည်း ဒီနှစ် စာစသင်နေပြီ။ ကလေးသုံးယောက်စလုံး စာသင်ဆောင်မှာ ရောက်နေကြတယ်။ ခဏနေ အတန်းဆင်းတော့မှာပါ”
စကားမဆုံးခင်မှာပင် အပြင်ဘက်မှ လီဟန်၏ ပျော်ရွှင်နေသည့် အသံ ထွက်ပေါ်လာသည်။
"အဘိုး သား လာပြီ”
လုလင်း၏ မျက်လုံးများ ရုတ်တရက် တောက်ပသွားပြီး အမြန် ထရပ်လိုက်သည်။
လီဟန်သည် ဝတုတ်တုတ် ကိုယ်လုံးလေးဖြင့် ပြေးဝင်လာပြီး အဘိုးဖြစ်သူ၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။
လီရွှီနှင့် လီရွှမ်းတို့သည် ယခုနှစ် ၉ နှစ် ရှိပြီဖြစ်ပြီး တစ်ယောက်က ခန့်ညားသည့် လူငယ်လေး ဖြစ်ကာ တစ်ယောက်က လှပပြီး ထက်မြက်သည့် မိန်းမပျိုလေး ဖြစ်လာပြီ။ မောင်နှမနှစ်ယောက် နောက်မှ ဖြည်းဖြည်း လိုက်လာကြပြီး မျက်နှာပေါ်တွင် အပြုံးများဖြင့် နှုတ်ဆက်လိုက်ကြသည်။
"အဘိုး"
လုလင်းက ပျော်ရွှင်စွာဖြင့် လက်တစ်ဖက်က လီဟန်ကို ပွေ့ချီလိုက်ပြီး ကျန်လက်တစ်ဖက်က လီရွှီနှင့် လီရွှမ်း၏ ပခုံးကို ပုတ်လိုက်သည်။
"တစ်နှစ်ကျော်လောက် မတွေ့တာ မြေးတို့ ကြီးလာကြပြီပဲ”
အထူးသဖြင့် လီရွှီ၏ ပြောင်းလဲမှုသည် သိသာထင်ရှားလှသည်။
လီကျင့်က အိမ်ရှေ့စံ ခန့်အပ်ရန် အမိန့်ထုတ်ပြီးနောက် လီရွှီအတွက် ထိုက်ဖူ ၄ ယောက် ခန့်အပ်ပေးခဲ့သည်။ ထိုထိုက်ဖူ ၄ ယောက်စလုံးသည် နာမည်ကျော် ပညာရှိကြီးများ ဖြစ်ကြပြီး နေ့စဉ် အိမ်ရှေ့စံကို သေချာ သင်ကြားပြသပေးကြသည်။
လီရွှီသည် ရေလောင်းပေါင်းသင်ခံရသည့် အပင်ပေါက်လေးလို လျင်မြန်စွာ ကြီးထွားလာခဲ့တော့သည်။
...
အပိုင်း (၇၀၄) မြို့တော်သို့ ပြန်လည်ရောက်ရှိခြင်း (၂)
သားအဖနှစ်ယောက် ပြန်လည်ဆုံတွေ့ကြရာ ပြောမပြတတ်အောင် ဝမ်းသာကြည်နူးနေကြလေသည်။
လုလင်းသည် စားပွဲတော် တက်ရောက်ရန် ပြန်ရဦးမည်ဖြစ်ရာ ကြာကြာနေလို့ မဖြစ်ချေ။ သူသည် နှမြောတသဖြစ်စွာဖြင့် ပြောလိုက်လေသည်။ "နောက်ပိုင်း အားလပ်ချိန်ရမှ ငါ နန်းတော်ထဲဝင်ပြီး မင်းတို့သားအမိကို လာကြည့်ပါ့မယ်"
လုမင်ယွိက ပြုံးကာ ခေါင်းညိတ်လိုက်၏။
လီဟန်က အဘိုးဖြစ်သူနှင့် မခွဲခွာချင်ဖြစ်နေပြီး အတူတူလိုက်ပါ စားသောက်ချင်ကြောင်း ဂျီကျအော်ဟစ်နေတော့သည်။
ရွှီအာကလည်း အမှန်တကယ်တွင် ဝင်ရောက်ဆင်နွှဲချင်နေမိသဖြင့် ချက်ချင်းပင် ပြုံးကာ ပြောလိုက်လေသည်။ "ကျွန်တော်လဲ အတူတူ လိုက်သွားတော့မယ်"
အိမ်ရှေ့စံအရာ ခန့်အပ်သည့် အမိန့်တော်သည် ကျရောက်လာခဲ့ပြီဖြစ်ပြီး တရားဝင်ခန့်အပ်ပွဲ ကျင်းပရန်သာ လိုတော့သည်။ ရွှီအာသည် ထိုက်ဇီနေရာကို ရရှိထားပြီးဖြစ်ရာ အသက်အရွယ် ငယ်ရွယ်နေသေးသော်လည်း နန်းတွင်းစားပွဲတော်သို့ တက်ရောက်ခြင်းက စည်းကမ်းကျော်လွန်သည်ဟု မဆိုနိုင်ပေ။
လုမင်ယွိက ပြုံးကာ ပြောလိုက်လေသည်။ "ကောင်းပြီလေ။ မင်းတို့ညီအစ်ကိုနှစ်ယောက် အဘိုးကို ကောင်းကောင်း ဂရုစိုက်နော်။ သူ့ကို အမူးမလွန်စေနဲ့"
ရွှီအာနှင့် လီဟန်တို့သည် ပျော်ရွှင်စွာဖြင့် ဟုတ် ဟု ပြန်ထူးလိုက်ကြပြီး လုလင်းနှင့်အတူ ထွက်ခွာသွားကြလေသည်။
ရွှမ်းအာကို ကြည့်လိုက်သည့်အခါတွင်တော့ မျက်နှာလေးက စူပုတ်နေတော့သည်။
သူမသည် အသက်အရွယ် ရလာသည်နှင့်အမျှ ကျားမကွဲပြားမှုကို နားလည်လာခဲ့သည်။ သူမက မင်းသမီးတစ်ပါး ဖြစ်နေသဖြင့် အမတ်များ စုဝေးရာ နန်းတွင်းစားပွဲတော်တွင် မျက်နှာပြရန် မသင့်တော်ပေ။ သို့သော်လည်း သူမသည် အဘိုးဖြစ်သူနှင့် ခွဲခွာရမည်ကို နှမြောတသ ဖြစ်နေမိသည်။
ရွှမ်းအာ၏ စိတ်ဆန္ဒများသည် မျက်နှာပေါ်တွင် အထင်းသား ပေါ်လွင်နေလေရာ လုမင်ယွိ မြင်တွေ့လိုက်ရသည်တွင် သနားမိသလို ရယ်ချင်သလိုလည်း ဖြစ်သွားတော့သည်။ သူမသည် လက်လှမ်းလိုက်ပြီး သမီးဖြစ်သူ၏ လက်ကို ဆုပ်ကိုင်လိုက်လေသည်။ "ရွှမ်းအာ... မူဟုပ်က သမီးကို ယုံမေ့နန်းဆောင် ခေါ်သွားပြီး မယ်တော်ကြီးချောင်နဲ့အတူ နေ့လယ်စာစားဖို့ အဖော်ပြုခိုင်းမလို့။ ကောင်းတယ်မလား"
ရွှမ်းအာသည် နုံးချည့်ညှိုးငယ်စွာဖြင့် အင်း ဟုသာ ပြန်ထူးလိုက်လေသည်။
လုမင်ယွိသည် သမီးဖြစ်သူကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေ၏။ "စိတ်မကောက်ပါနဲ့တော့။ ရွှီအာရဲ့ ခန့်အပ်ပွဲအခမ်းအနား ပြီးသွားရင် မူဟုပ်က မင်းတို့မောင်နှမတွေကို နန်းတော်အပြင်ဘက် ခေါ်သွားပေးမယ်လေ။ ဟုတ်ပြီလား"
ရွှမ်းအာ၏ မျက်လုံးများ အရောင်လက်သွားပြီး စိတ်ရှုပ်ထွေးမှုများ အားလုံး ချက်ချင်း လွင့်ပျောက်သွားတော့သည်။ "မူဟုပ် ပြောတာ တကယ်လား"
ဟွမ်ဟုပ်ဖြစ်လာရင် နန်းတော်ထဲမှာပဲ အမြဲတမ်း နေရပြီး အလွယ်တကူ အပြင်ထွက်လို့ မရဘူး မဟုတ်လား။ မယ်တော်ကြီးချောင်လိုမျိုး နှစ်ပေါင်းများစွာ နန်းတော်တံခါးဝကနေ ခြေတစ်လှမ်းမှတောင် အပြင်မထွက်ရဘဲ နေရမှာလေ။
လုမင်ယွိက မျက်ခုံးပင့်လိုက်ပြီး သူမ၏ မျက်ဝန်းနက်များထဲတွင် အပြုံးရိပ်များ သမ်းလို့နေသည်။ "တကယ်ပေါ့။ အဲဒီကျရင် မူဟုပ်က သမီးတို့ကို မြင်းစီးပြီး အမဲလိုက်ထွက်ဖို့ ခေါ်သွားပေးမယ်"
ရွှမ်းအာသည် ပျော်ရွှင်လွန်းသဖြင့် ရင်ထဲတွင် ပန်းများပွင့်ဝေသွားသကဲ့သို့ ခံစားလိုက်ရပြီး မိခင်ဖြစ်သူ၏ လည်ပင်းကို တင်းကျပ်စွာ ဖက်တွယ်ထားလိုက်တော့သည်။ "မူဟုပ် ကတိပေးပြီးပြီနော်။ သမီးကို မလိမ်ရဘူး"
"မူဟုပ် သမီးကို ဘယ်တုန်းက လိမ်ဖူးလို့လဲ" လုမင်ယွိက တိုးတိုးလေး ရယ်မောလိုက်လေသည်။ "စိတ်ချပါ... မူဟုပ် သမီးရဲ့ဖုဟွမ်ကို ပြောလိုက်ရင် ရပါပြီ။ သမီးရဲ့ဖုဟွမ်က မူဟုပ်တို့ကို တားမှာမဟုတ်ပါဘူး"
ရွှမ်းအာက ရယ်မောကာ ပြန်ပြောလိုက်၏။ "အဲဒါတော့ ဟုတ်သားပဲ။ မူဟုပ် ပြောတဲ့စကားဆိုရင် ဖုဟွမ်က ဘယ်တုန်းကမှ မငြင်းဖူးဘူး"
လုမင်ယွိသည် ပြုံးလိုက်ပြီး ရွှမ်းအာကို ခေါ်ဆောင်ကာ မယ်တော်ကြီးချောင်ကို အဖော်ပြုပေးရန် ယုံမေ့နန်းဆောင်သို့ ထွက်ခွာလာခဲ့လေသည်။
......
ထိုအချိန်တွင် ရှို့နင်နန်းဆောင်၌ ငိုကြွေးသံများ ဖုံးလွှမ်းလျက်ရှိနေသည်။
လီရှန်းသည် ချင်ထိုက်ဖေး၏ ရှေ့မှောက်တွင် ဒူးထောက်လိုက်ပြီး ခေါင်းကို ကြမ်းပြင်နှင့်ဆောင့်ကာ အရိုအသေ ဂါရဝပြုလိုက်လေသည်။ "မူဖေး... သားတော် ဘေးကင်းစွာ ပြန်ရောက်ပါပြီ"
ချင်ထိုက်ဖေးသည် ဝမ်းသာလွန်းသဖြင့် မျက်ရည်ကျလာကာ သားဖြစ်သူကို ဖက်ထားပြီး အားပါးတရ အော်ဟစ်ငိုကြွေးတော့သည်။ "မင်း နောက်ဆုံးတော့ ပြန်ရောက်လာခဲ့ပြီပဲ။ ဒီတစ်နှစ်ကျော်လုံးလုံး ငါလေ နေ့ရောညပါ မင်းရဲ့ဘေးကင်းရေးကိုပဲ စိတ်ပူနေခဲ့ရတာ။ မကြာခဏဆိုသလိုပဲ အိပ်မက်ဆိုးတွေ မက်တယ်။ အိပ်မက်ထဲမှာ မင်းကို လူတွေဝိုင်းထားတာ မက်လိုက်၊ မြားတွေနဲ့ ပစ်သတ်ခံရတာ မက်လိုက်နဲ့"
လီရှန်း "..."
'ငါ့အတွက် ကောင်းတာလေး မျှော်လင့်ပေးလို့ မရဘူးလား'
လီရှန်းသည် နှုတ်ခမ်းထောင့်များ လှုပ်ခတ်သွားပြီး စိတ်ရှည်လက်ရှည်ဖြင့် သည်းထန်စွာ ငိုကြွေးနေသည့် မိခင်ဖြစ်သူကို နှစ်သိမ့်ပေးလိုက်ရလေသည်။ ဘေးနားတွင်ရှိနေသည့် ကျောက်ယွီသည်လည်း မျက်ရည်များ တသွင်သွင် စီးကျနေပြီး မျက်ရည်စများကို အင်္ကျီလက်စဖြင့် မကြာခဏ သုတ်ပစ်နေရသည်။
ခုနစ်နှစ်အရွယ် လီချန်းသည် ခေါင်းလေးပြူကာ စူးစမ်းကြည့်ရှုနေလေသည်။ သူသည် ဖခင်အရင်းကို ပထမဆုံးအကြိမ် တွေ့ဖူးသကဲ့သို့ ဖြစ်နေတော့၏။
လီရှန်းသည် အခွင့်အရေးရခိုက် သားဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီး သားဖြစ်သူ၏ ပုံစံကြောင့် ဒေါသထွက်ရင်း ရယ်ချင်သွားတော့သည်။ "လီချန်း... မင်း ဘာကြည့်နေတာလဲ။ အဖေအရင်းကိုတောင် မမှတ်မိတော့ဘူးလား"
လီချန်းက လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်လေသည်။ "မှတ်တော့ မှတ်မိပါတယ်။ ဒါပေမဲ့ မတွေ့တာ အရမ်းကြာနေတော့ ကြည့်ရတာ နည်းနည်း စိမ်းနေလို့ပါ"
လီရှန်း "..."
စစ်မြေပြင်တွင် တစ်နှစ်ကျော်ကြာ နေထိုင်ခဲ့ရသဖြင့် အသားများ မည်းနက်သွားပြီး ပိန်ကျသွားသည်မှာ ထူးဆန်းသည့်ကိစ္စ မဟုတ်ပေ။ ကလေးအမြင်တွင်တော့ မျက်နှာပြောင်းသွားသကဲ့သို့ ဖြစ်နေပေလိမ့်မည်။
ကျောက်ယွီသည် မူလက ငိုကြွေးနေသော်လည်း ထိုစကားကို ကြားလိုက်ရသည့်အခါ မရယ်ဘဲ မနေနိုင်တော့ချေ။ သူမသည် လက်လှမ်းကာ လီချန်း၏ နောက်စေ့ကို ပုတ်လိုက်လေသည်။ "လျှောက်ပြောမနေနဲ့။ မြန်မြန်သွားပြီး မင်းအဖေကို ဦးချလိုက်"
လီချန်းက အင်း ဟုထူးလိုက်ပြီး လျှောက်သွားကာ ဒူးထောက်လိုက်လေသည်။ ထို့နောက် သွက်လက်စွာဖြင့် သုံးကြိမ် ဦးချလိုက်ပြီး ဖခင် ဟု ခေါ်လိုက်လေသည်။
ကျောက်ယွီသည် သမီးနောက်တစ်ယောက် ထပ်မွေးချင်ခဲ့သော်လည်း လီချန်းကို မွေးဖွားပြီးနောက်တွင် ဗိုက်ထဲ၌ မည်သည့် လှုပ်ရှားမှုမျှ မရှိတော့ချေ။ တစ်ဦးတည်းသော သားဖြစ်သူ လီချန်းအပေါ်တွင် သူမသည် အလိုလိုက် အကြိုက်ဆောင်ထားလေသည်။
လီရှန်းသည်လည်း သားဖြစ်သူကို အလိုလိုက်သူ ဖြစ်လေသည်။ လီချန်း ဦးချလိုက်စဉ်က နဖူးလေး နီရဲသွားသည်ကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် စိတ်မကောင်းဖြစ်သွားပြီး သားဖြစ်သူကို ဆွဲယူကာ ဂရုတစိုက် မေးမြန်းလေတော့သည်။
ချင်ထိုက်ဖေးသည် တစ်ယောက်တည်း ဆက်လက်မငိုကြွေးနိုင်တော့ဘဲ မျက်ရည်များကို သုတ်လိုက်ကာ ရှိုက်သံဖြင့် ပြောလိုက်၏။ "ဘယ်လိုပဲပြောပြော နောက်ဆုံးတော့ ကိုယ်လက်အင်္ဂါ စုံစုံလင်လင်နဲ့ ပြန်ရောက်လာခဲ့ပြီပဲ။ နောက်ဆိုရင် သာ့ဝေတိုင်းပြည်မှာ တိုက်စရာစစ်ပွဲတွေ မရှိသလောက် ဖြစ်သွားပြီ။ စစ်ပွဲရှိရင်တောင် မင်းက လူမိုက်လိုမျိုး ရှေ့ကနေ တိုးမထွက်နဲ့။ သာ့ဝေမှာ စစ်သူကြီးတွေ အများကြီးရှိတာပဲ။ မင်းက အသက်နဲ့ရင်းပြီး တိုက်စရာ ဘယ်မှာလိုလို့လဲ"
လီရှန်းက ချင်ထိုက်ဖေးကို စနောက်သလိုလိုဖြင့် နှစ်သိမ့်စကား ပြောလိုက်လေသည်။ "မူဖေး ပြောတာ တစ်ခုတော့ မှန်တယ်။ နောက်ဆိုရင် သာ့ဝေမှာ တိုက်စရာစစ်ပွဲ မရှိတော့ဘူး။ ကျွန်တော် အသက်နဲ့ရင်းချင်ရင်တောင် အခွင့်အရေး ရှိမှာမဟုတ်တော့ဘူး။ အေးအေးဆေးဆေး နေလို့ရပြီ"
ခဏရပ်ပြီးနောက် သူက ဆက်ပြောလိုက်သည်။ "ကျွန်တော် ထိုက်ဟွမ်ထိုက်ဟုပ်(မယ်တော်ကြီးကျောက်)ကို သွားပြီး ဂါရဝပြုချင်တယ်"
ချင်ထိုက်ဖေးသည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "မင်းရဲ့ ထိုက်ဟွမ်ထိုက်ဟုပ်က ငါဘယ်သူလဲဆိုတာလောက်ပဲ မှတ်မိတော့တာ။ ကျန်တဲ့လူတွေကို သိပ်မမှတ်မိတော့ဘူး။ ပြီးတော့ သူနဲ့စကားပြောရင်လည်း အရမ်းသတိထားရတယ်။ မင်းရဲ့ဖုဟွမ် ဒါမှမဟုတ် လီယိအကြောင်း လုံးဝမပြောမိစေနဲ့"
ကွယ်လွန်သူ ယုံးကျားဧကရာဇ် သို့မဟုတ် လီယိအကြောင်းကို ပြောလိုက်သည်နှင့် မယ်တော်ကြီးကျောက်သည် စိတ်ထိခိုက်ပြီး ရောဂါပြန်ထတတ်လေသည်။
လီရှန်းသည် ဖခင်နှင့် အစ်ကိုကြီးတို့၏ နာမည်ကို ကြားလိုက်ရသည့်အခါ ရင်ထဲတွင် နာကျင်သွားပြီး ခေါင်းညိတ်ကာ လက်ခံလိုက်လေသည်။
ကျောက်ယွီသည် သားဖြစ်သူကိုခေါ်ကာ အပြင်တွင် စောင့်ဆိုင်းနေလိုက်ပြီး လီရှန်းသည် ချင်ထိုက်ဖေးနှင့်အတူ မယ်တော်ကြီးကျောက်၏ အိပ်ဆောင်ထဲသို့ ဝင်ရောက်သွားလေသည်။
မယ်တော်ကြီးကျောက်၏ နေ့စဉ်နေထိုင်မှု ဘဝသည် ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ခြင်း ခံထားရသဖြင့် ဝတ်ဆင်ထားသော အဝတ်အစားများမှာ သန့်ရှင်းသပ်ရပ်နေသည်။ သို့သော် ခေါင်းပေါ်တွင်တော့ ရွှေငွေလက်ဝတ်ရတနာများ မရှိဘဲ ကြည်လင်နေသော ကျောက်စိမ်းဆံထိုး တစ်ချောင်းသာ ရှိလေသည်။
ကျောက်စိမ်းဆံထိုးသည် လူကို ဒဏ်ရာမရစေနိုင်ပေ။ ရွှေဆံထိုးကဲ့သို့သော အရာများ ဝတ်ဆင်ထားပါက ထိုက်ဟွမ်ထိုက်ဟုပ် ရူးသွပ်သွားသည့်အချိန်တွင် ကိုယ့်ကိုယ်ကိုယ် ထိခိုက်မိမည်ကို စိုးရိမ်ရလေသည်။
"မယ်တော်ကြီး... မြေးတော် ပြန်ရောက်ပါပြီ" လီရှန်းသည် ဒူးထောက်ကာ သုံးကြိမ် ဦးချလိုက်လေသည်။
မယ်တော်ကြီးသည် အတန်ကြာအောင် သေချာစိုက်ကြည့်နေပြီးနောက် ရုတ်တရက် သဘောပေါက်သွားသည့်ဟန်ဖြင့် "မင်းက ရှောင်စစ် (နံပါတ်လေး) မလား"
လီရှန်းကို မှတ်မိသွားလေသည်။
ချင်ထိုက်ဖေးသည် ဝမ်းသာအားရ ဖြစ်သွားသလို စိုးရိမ်ထိတ်လန့်သွားပြီး လီရှန်းကို မျက်စပစ်ပြလိုက်လေသည်။ စကားမှား မပြောမိစေရန် သတိပေးလိုက်ခြင်း ဖြစ်သည်။
လီရှန်း၏ မျက်လုံးထဲတွင် မျက်ရည်စများ ဝဲတက်လာပြီး အသံက ပို၍ နူးညံ့ပျော့ပျောင်းသွားတော့သည်။ "ဟုတ်ပါတယ် မယ်တော်ကြီး... ကျွန်တော်က ရှောင်စစ် ပါ"
ထိုက်ဟွမ်ထိုက်ဟုပ်သည် လက်လှမ်းလိုက်ပြီး လီရှန်း၏ မျက်နှာကို ပွတ်သပ်လိုက်လေသည်။ "ဘာလို့ ဒီလောက်တောင် ပိန်သွားရတာလဲ။ ပိုက်ဆံမရှိတော့လို့လား။ အိုက်ကျားဆီမှာ ကိုယ်ပိုင်စုထားတဲ့ ငွေတွေရှိတယ်။ အကုန်လုံး မင်းအတွက် သိမ်းထားပေးတယ်"
လီရှန်းမှာ မျက်ရည်ကျလုနီးပါး ဖြစ်သွားရတော့သည်။
ညီအစ်ကိုတွေထဲတွင် သူသည် မယ်တော်ကြီးကျောက်၏ အချစ်ဆုံးမြေး ဖြစ်ခဲ့သည်။ ငယ်စဉ်က သူသည် ရှို့နင်နန်းဆောင်သို့ မကြာခဏ ဝင်ထွက်သွားလာခဲ့ရသည်။ ကြီးပြင်းလာပြီး ဇနီးသည်နှင့် လက်ထပ်သည့်အချိန်တွင်လည်း မယ်တော်ကြီးကျောက်သည် ဘက်လိုက်မှုကို ဗြောင်ကျကျ ပြသခဲ့ပြီး မင်္ဂလာဆောင်သည့်နေ့တွင် လက်ဆောင်များစွာ ပို့ဆောင်ပေးကာ သူ့ကို မျက်နှာပန်းလှစေခဲ့သည်။
သူ့အနေဖြင့် မယ်တော်ကြီးကျောက်အပေါ် ထားရှိသည့် သံယောဇဉ်သည်လည်း အခြားညီအစ်ကိုများထက် ပိုမိုနက်ရှိုင်းလေသည်။
"ဘာလို့ ငိုနေတာလဲ" ထိုက်ဟွမ်ထိုက်ဟုပ်က ရေရွတ်လိုက်ပြီး လီရှန်း၏ မျက်နှာကို ထပ်မံပွတ်သပ်လိုက်ပြန်သည်။ "ဟေ... မင်းကိုပဲ တွေ့ပြီး မင်းဖုဟွမ်ကို မတွေ့ပါလား။ မင်းဖုဟွမ်က အိုက်ကျားဆီ လာမတွေ့တာ ကြာလှပြီ"
ထို့နောက် ရုတ်တရက် ထရပ်လိုက်ပြီး အပြင်သို့ ပြေးထွက်ရန် ပြုလုပ်လေတော့သည်။ ပါးစပ်မှလည်း ယုံးကျားဧကရာဇ်၏ နာမည်ကို အော်ဟစ်နေလေသည်။
ချင်ထိုက်ဖေးသည် ကြိုတင်သတိထားနေသဖြင့် ရုတ်တရက် ရူးသွပ်သွားသော ထိုက်ဟွမ်ထိုက်ဟုပ်ကို အလျင်အမြန် ပြေးကာ တားဆီးလိုက်၏။ နန်းတွင်းအပျိုတော် အချို့သည်လည်း ပြေးဝင်လာပြီး မယ်တော်ကြီးကျောက်ကို ဝိုင်းဝန်း တားဆီးလိုက်ကြလေသည်။
မယ်တော်ကြီးကျောက်သည် ရုန်းကန်နေရင်း ဒေါသတကြီး အော်ဟစ်လိုက်လေသည်။ "သွား... အကုန်လုံး ထွက်သွားကြ။ အိုက်ကျားက သားတော်ကို တွေ့ချင်တာ။ မင်းတို့က ဘာလို့ အိုက်ကျားကို လာတားနေကြတာလဲ"
နန်းတွင်းအပျိုတော် အချို့သည် ကုတ်ဖဲ့ဆွဲယမ်းခြင်း ခံလိုက်ရပြီး တစ်ယောက်ဆိုလျှင် မျက်နှာပေါ်တွင် လက်သည်းရာများဖြင့် သွေးစများ ထွက်လာကာ အတော်လေး ကြည့်ရဆိုးသွားခဲ့သည်။
မယ်တော်ကြီးကျောက်နှင့် အနီးဆုံးတွင် ရှိနေသည့် ချင်ထိုက်ဖေး တစ်ယောက်တည်းသာ ဒဏ်ရာတစ်စုံတစ်ရာ မရရှိခဲ့ပေ။
စိတ်ဖောက်ပြန်နေလျှင်တောင်မှ မယ်တော်ကြီးကျောက်သည် သူမ၏ အချစ်ဆုံး တူမကို မှတ်မိနေသေးပုံရသည်။
လီရှန်းသည် နှာခေါင်းရှုံ့လိုက်မိပြီး ယောက်ျားရင့်မာကြီး ဖြစ်သော်လည်း မျက်ရည်တချို့ ကျဆင်းလာခဲ့ရလေတော့သည်။
...
အပိုင်း (၇၀၅) ယောက္ခမနှင့် သားမက် (၁)
ယနေ့ နန်းတွင်းစားပွဲတော်သည် စစ်ပွဲမှ ပြန်လည်ရောက်ရှိလာသော ရှင်းယန်ဝမ်နှင့် လီရှန်းတို့အတွက် ရည်ရွယ်ကျင်းပပေးခြင်း ဖြစ်လေသည်။ တပ်မတော်အတွင်းမှ အဆင့်ငါးနှင့်အထက် ရှိသော စစ်သူကြီးများသည် တက်ရောက်ခွင့်ရရှိကြရာ ကျန်းကျုံးလည်း အပါအဝင် ဖြစ်လေသည်။
နဂါးဝတ်ရုံတော် ဆင်မြန်းထားသော မယားညီအစ်ကိုတော်စပ်သူ လီကျင့်ကို ရုတ်တရက် တွေ့လိုက်ရသောအခါ ကျန်းကျုံးသည် နေသားမကျသလို ခံစားလိုက်ရသည်။ သိထားတာက တစ်ပိုင်း၊ မျက်မြင်ကိုယ်တွေ့ မြင်ရတာက တစ်ပိုင်းဖြစ်ပြီး စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်နေမိသည်။
စားပွဲတော်တွင် ကျန်းကျုံးသည် အထူးပင် လိမ်လိမ်မာမာ နေထိုင်နေလေသည်။
လီကျင့်သည် အမူအရာမပျက်ဘဲ ကျန်းကျုံး၏ ကျုံ့ကျုံ့လေး ဖြစ်နေသော ပုံစံကို အကဲခတ်ကြည့်ရှုရင်း စိတ်ထဲတွင် တိတ်တဆိတ် ရယ်မောနေမိသည်။ ဤအစ်ကိုကြီးသည် သာမန်အချိန်များတွင် သွက်လက်ပြီး ဟာသဉာဏ်ရွှင်ကာ စကားပြော အလွန်ကောင်းသူ ဖြစ်သည်။ ယနေ့ ဤကဲ့သို့သော ပုံစံမျိုး ဖြစ်နေသည်မှာ အလွန်ပင် ရှားပါးလှသည်။
အရက်သုံးခွက် သောက်ပြီးနောက် လီကျင့်သည် ကိုယ်တိုင် ခွက်မြှောက်ကာ လုလင်းကို ဂုဏ်ပြုစကား ဆိုလိုက်၏။
လုလင်းသည် အလျင်အမြန် ထရပ်ပြီး ကျေးဇူးတင်စကား ဆိုလေသည်။
လီကျင့်က ပြုံးကာ ပြောလိုက်လေသည်။ "အများအမြင်အရ ပြောရရင် ရှင်းယန်ဝမ်က စစ်တပ်ကို ဦးဆောင်ပြီး ပုန်ကန်မှုကို နှိမ်နင်းနိုင်ခဲ့တယ်။ သာ့ဝေတိုင်းပြည်ရဲ့ ကြီးမားတဲ့ အကျိုးဆောင်ပုဂ္ဂိုလ်ကြီး ဖြစ်တဲ့အတွက် ကျန်းက အရက်တစ်ခွက်နဲ့ ဂုဏ်ပြုသင့်ပါတယ်။ ပုဂ္ဂိုလ်ရေးအရ ပြောရရင် ကျန်းက သားမက်တစ်ယောက်အနေနဲ့ ယောက္ခမကို အရက်တစ်ခွက်နဲ့ ဂုဏ်ပြုတာက ဘာမှ မဟုတ်ပါဘူး။ ယွဲ့ဖု... သားမက်က ဒီခွက်ကို အရင် သောက်လိုက်ပါ့မယ်"
အမတ်မင်းများ ရှေ့မှောက်တွင် ယောက္ခမ ဟု တစ်ခွန်းပြီးတစ်ခွန်း ခေါ်ဝေါ်နေသည်မှာ မည်မျှ ရင်းနှီးကြောင်း ပြောနေစရာပင် မလိုတော့ချေ။
လုလင်း၏ ရင်ထဲတွင်လည်း နွေးထွေးသွားပြီး "အရှင်မင်းကြီးက ဒီလိုပြောလာမှတော့ ကျွန်တော်မျိုးလည်း အားမနာတော့ပါဘူး" ဟုဆိုကာ မော့သောက်လိုက်လေသည်။ ယောက္ခမနှင့် သားမက် နှစ်ယောက်သားသည် သုံးခွက်ဆက်တိုက် သောက်လိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြလေသည်။
အရှင်မင်းကြီးက မိမိ၏ ယောက္ခမအပေါ် ရင်းနှီးပုံကို ကြည့်ပြီး လူတိုင်းက အားကျမနာလို ဖြစ်နေကြတော့သည်။
ချောင်ကောလောင်ပင်လျှင် ရင်ထဲ၌ မနာလိုစိတ် အနည်းငယ် ဖြစ်ပေါ်လာမိသည်။
သူသည် အရှင်မင်းကြီး၏ အဘိုးဖြစ်သော်လည်း အရှင်မင်းကြီးက လူရှေ့သူရှေ့တွင် ဤမျှ ရင်းရင်းနှီးနှီး ခေါ်ဝေါ်ခြင်းမျိုး မကြုံဖူးချေ။
တွေးလို့မပြီးသေးခင်မှာပင် လီကျင့်က ပြုံးရွှင်စွာ ခွက်မြှောက်လိုက်သည်ကို တွေ့လိုက်ရသည်။ "အဘိုးက တိုင်းပြည်အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းပြီး အကျိုးဆောင်ခဲ့တာကြောင့် ကျန်းက အဘိုးကို သုံးခွက်တိတိ ဂုဏ်ပြုပါရစေ"
ချောင်ကောလောင်၏ မျက်နှာသည် ချက်ချင်း ဝင်းပသွားပြီး ဟားဟား ရယ်မောလိုက်လေသည်။ "ကျွန်တော်မျိုးက သာ့ဝေရဲ့ အမတ်ချုပ်ကြီး ဖြစ်တဲ့အတွက် နိုင်ငံရေးတာဝန်တွေကို ထမ်းဆောင်ရတာက ဝတ္တရားပါပဲ။ အရှင်မင်းကြီးရဲ့ ချီးကျူးမှုကို မခံယူဝံ့ပါဘူး"
လီကျင့်က ပြုံးကာ ပြောလိုက်လေသည်။ "ကျန်း အရင် သောက်လိုက်ပါ့မယ်။ အဘိုးက အသက်ကြီးပြီဆိုတော့ အရင်လို အရက်မသောက်နိုင်တော့ဘူး။ အဆင်ပြေသလိုပဲ သောက်ပါ"
ချောင်ကောလောင်သည် မြေးဖြစ်သူ၏ မြှောက်ပင့်မှုကို ခံလိုက်ရသဖြင့် ပျော်ရွှင်စွာ ရယ်မောပြီး သုံးခွက်ဆက်တိုက် သောက်လိုက်လေသည်။
လုလင်းသည် ထိုအဖြစ်အပျက်ကို ကြည့်ရင်း တိတ်တဆိတ် ရယ်မောနေမိသည်။
ဒီချောင်ကောလောင်က အသက်ကြီးနေပြီ ဖြစ်တာတောင် မနာလို ဖြစ်နေသေးတယ်။ စောစောက လီကျင့်က ယောက္ခမလို့ ခေါ်လိုက်တုန်းက ချောင်ကောလောင် နှာခေါင်းရှုံ့လိုက်တာကို တွေ့လိုက်ရသေးတယ်။ ဘယ်သူမှ မမြင်ဘူးလို့ ထင်နေလားမသိ။
အရှင်မင်းကြီးနှင့် ချောင်ကောလောင်တို့ သောက်ပြီးကြသောအခါ ကျန်ရှိသော အမတ်မင်းများသည် ရှင်းယန်ဝမ်နှင့် ချောင်ကောလောင်တို့ကို ဝိုင်းဝန်း ဂုဏ်ပြုကြသဖြင့် စားပွဲတော်သည် စည်ကားသွားတော့သည်။
လီရှန်းသည် ထိုင်ပြီး အစ်ကိုဖြစ်သူ လာရောက်ဂုဏ်ပြုမည်ကို စောင့်ဆိုင်းမနေတော့ဘဲ အလျင်အမြန် ထရပ်ကာ ပြုံးလျက် ပြောလိုက်လေသည်။ "ညီတော်က အရှင်မင်းကြီးကို သုံးခွက် ဂုဏ်ပြုပါရစေ။ ညီတော် အရင် သောက်လိုက်ပါ့မယ်"
လီကျင့်က ပြုံးရွှင်စွာဖြင့် တားဆီးလိုက်သည်။ "နေပါဦး... ကျန်းရဲ့ အရက်သောက်နိုင်စွမ်းကို မင်း မသိတာလည်း မဟုတ်ဘူး။ ဒီလိုဆက်သောက်ရင် မကြာခင် မူးလဲသွားလိမ့်မယ်။ ငါတို့ညီအစ်ကိုတွေ တစ်ခွက်လောက် သောက်ရင် ရပါပြီ"
ညီအစ်ကိုများထဲတွင် လီကျင့်သည် အရက်သောက်နိုင်စွမ်း အနည်းဆုံးဖြစ်သည်။
အရက်သောက်နိုင်စွမ်း အကောင်းဆုံးကတော့ လီယိ ဖြစ်ပြီး ဒုတိယက လီဟောက် ဖြစ်သည်။
လီယိနှင့် လီဟောက်တို့ နှစ်ယောက်လုံး သေဆုံးသွားကြပြီ ဖြစ်သည်။ အတိတ်က အကြောင်းများကို ထည့်မပြောတော့ချေ။
လီရှန်းသည် ရင်ထဲက ဝမ်းနည်းစိတ်ကို မြိုသိပ်ထားလိုက်ပြီး ပြုံးကာ လက်ခံလိုက်လေသည်။ ထို့နောက် အရှင်မင်းကြီးနှင့်အတူ တစ်ခွက် သောက်လိုက်လေသည်။ လီကျင့်သည် ဤမျှသောက်ပြီးသည်နှင့် အနည်းငယ် မူးဝေစပြုလာပြီး မျက်လုံးများက ကျန်းကျုံး၏ မျက်နှာပေါ်သို့ ရောက်ရှိသွားလေသည်။
ကျန်းကျုံးသည် အစပိုင်းက ကြောက်ရွံ့ထိတ်လန့်နေခဲ့သော်လည်း ယခုအခါတွင်တော့ စိတ်သက်သာရာ ရသွားပြီဖြစ်သဖြင့် ပြုံးကာ မတ်တပ်ထရပ်ပြီး ခွက်မြှောက်လိုက်လေသည်။ "ကျွန်တော်မျိုးလည်း အရှင်မင်းကြီးကို တစ်ခွက် ဂုဏ်ပြုပါရစေ"
လီကျင့်က နှစ်လိုစွာ ပြုံးလိုက်ပြီး "ကောင်းပြီ"
အပျော်အပါး လာရောက်ဆင်နွှဲကြသော ရွှီအာနှင့် လီဟန်တို့သည် လီကျင့်၏ ဘယ်ညာတစ်ဖက်စီတွင် ထိုင်နေကြသည်။ လူအများက ခွက်ချင်းတိုက်ကာ သောက်စားနေကြပြီး အလွန် စည်ကားလှသည်။ ရွှီအာသည် ငယ်ရွယ်သေးသဖြင့် အရက်သောက်ရန် မသင့်တော်သောကြောင့် လက်ဖက်ရည်ကိုသာ မော့သောက်နေလေသည်။
လီဟန်ကတော့ လက်ဖက်ရည်ခွက်ကို ကိုင်ကာ ခြေတိုလေးများဖြင့် ဒုန်းဒုန်းဒုန်း ပြေးသွားပြီး လုလင်း၏ ရှေ့သို့ ရောက်သွားလေသည်။ "အဘိုး... မြေးက အဘိုးကို သုံးခွက် ဂုဏ်ပြုပါရစေ"
လူအများက သဘောကျကာ ဝိုင်းရယ်ကြပြီး ရင်ထဲတွင် အားကျနေကြတော့သည်။
ကြည့်စမ်းပါဦး... ရှင်းယန်ဝမ်က သိုင်းပညာ ထူးချွန်တယ်။ လက်အောက်မှာ စစ်သည်အင်အား သောင်းချီရှိတယ်။ သမီးက မိဖုရားခေါင်၊ သားမက်က ဧကရာဇ်မင်းမြတ်၊ မြေးအရင်းက အိမ်ရှေ့စံ...။
တကယ်ကို အားကျလို့ မဆုံးနိုင်ပါဘူး။
လုလင်းသည်လည်း လီဟန်ကြောင့် သဘောကျကာ ဟားဟား ရယ်မောလိုက်ပြီး အရက်ခွက်ကို ကိုင်ကာ လီဟန်နှင့် ခွက်ချင်းတိုက်လိုက်လေသည်။ လီဟန်သည် ပျော်ရွှင်စွာဖြင့် သုံးငုံသောက်လိုက်ပြီး ကျေနပ်အားရစွာ လက်ဖက်ရည်ခွက်ကို ကိုင်ကာ ပြန်လာခဲ့လေသည်။
ရွှီအာက ပြုံးလိုက်ပြီး လုလင်း၏ ရှေ့သို့ လျှောက်သွားလေသည်။ "မြေးက အရက်အစား လက်ဖက်ရည်နဲ့ပဲ အဘိုးကို တစ်ခွက် ဂုဏ်ပြုပါရစေ။ အဘိုးလည်း အရမ်းကြီး မသောက်နဲ့နော်။ မဟုတ်ရင် ပြန်ရောက်တဲ့အခါ ကျွန်တော်တို့ ညီအစ်ကိုတွေ မူဟုပ်ကို ဘယ်လိုပြန်ပြောရမလဲ မသိဘူး"
လုလင်းသည် နူးညံ့သိမ်မွေ့ပြီး ချောမောသော မြေးလေးကို ကြည့်ကာ ဝမ်းသာပီတိဖြစ်ပြီး ဂုဏ်ယူနေမိတော့သည်။ "ကောင်းပါပြီ... အဘိုးက ထိုက်ဇီ ပြောတဲ့အတိုင်း နားထောင်ပါ့မယ်"
အမတ်မင်းများ : အားကျတယ်ဆိုတဲ့ စကားလုံးကို ပြောရတာ မောနေပြီ။
......
မိုးချုပ်သွားမှသာ နန်းတွင်းစားပွဲတော် ပြီးဆုံးသွားလေသည်။
အမတ်မင်းများ တစ်ယောက်ပြီးတစ်ယောက် ပြန်လည် ထွက်ခွာသွားကြသည်။
ရှစ်ပုံပုံ တစ်ပုံခန့် မူးနေပြီဖြစ်သော လီကျင့်သည် လုလင်း၏ အင်္ကျီလက်စကို အတင်းဆွဲထားပြီး ပြန်ခွင့်မပေးချေ။ "ကျန်းက ယွဲ့ဖုကို မတွေ့ရတာ ကြာပြီမို့လို့ လွမ်းနေတာ။ မိုးချုပ်နေပြီဆိုတော့ ယွဲ့ဖုက ဖူနင်နန်းဆောင်မှာ တစ်ညလောက် အိပ်လိုက်ပါ။ ကျန်းနဲ့ ယွဲ့ဖု မီးထွန်းပြီး စကားပြောကြတာပေါ့"
မျက်နှာချောချောသည် နီရဲနေပြီး စကားပြောရာတွင်လည်း မပီသတော့ချေ။ မျက်လုံးများကတော့ တောက်ပနေလေသည်။
လုလင်းက ရယ်မောလိုက်ကာ "အမတ်တစ်ယောက်က နန်းတော်ထဲမှာ အိပ်တာ စည်းကမ်းနဲ့ မညီပါဘူး။ ပြီးတော့ အရှင်မင်းကြီးက အရက်တွေ အများကြီး သောက်ထားတာဆိုတော့ စောစော နားသင့်တယ်။ မနက်ဖြန် မနက်ကျမှ ကျွန်တော်မျိုး နန်းတော်ထဲ ဝင်ခဲ့ပါ့မယ်။ အဲဒီကျမှ အရှင်မင်းကြီး အမူးပြေရင် ပြောချင်သလောက် ပြောလို့ရပါတယ်"
လီကျင့်က အင်္ကျီလက်စကို ဆွဲထားပြီး မလွှတ်သော်လည်း လုလင်းသည် ပြတ်သားစွာဖြင့် နှုတ်ဆက်ကာ ထွက်ခွာသွားလေသည်။
ဘုရင်နှင့် အမတ်သည် ကွာခြားမှု ရှိသည်။
အမတ်တစ်ယောက်အနေဖြင့် အမတ်၏ တာဝန်ဝတ္တရားကို စောင့်ထိန်းရမည်။ မျက်နှာသာပေးမှုကို အခွင့်ကောင်းယူပြီး ဘဝင်မြင့်တတ်သူများသည် မည်သည့်အခါမျှ ဇာတ်သိမ်း မကောင်းတတ်ချေ။
လုလင်း ထွက်သွားပြီးနောက် လီကျင့်ကို ကျောင်းဖန်နန်းဆောင်သို့ တွဲပို့ပေးကြလေသည်။
လုမင်ယွိသည် လီကျင့်၏ ကိုယ်ပေါ်မှ ပြင်းထန်သော အရက်နံ့ကို ရှူရှိုက်မိပြီး ဒေါသထွက်သလို ရယ်ချင်သလို ဖြစ်သွားလေသည်။ "ကိုယ့်အကြောင်း ကိုယ်မသိဘူးလား။ ဘာလို့ အတင်း ဇွတ်သောက်နေရတာလဲ"
ကိုယ်တိုင်ကိုယ်ကျ လီကျင့်ကို အမူးပြေဆေးရည် တိုက်လိုက်ပြီး ရေချိုးခန်းထဲသို့ ပွေ့ချီသွားလေသည်။
ရှောင်ယွမ်ကုန်းကုန်း "..."
ဟွမ်ဟုပ်ညန်ညန်က လက်တစ်ဖက်တည်းနဲ့ အရှင်မင်းကြီးကို ပေါ့ပါးစွာ ပွေ့ချီသွားလိုက်တာပဲ။ ဒီမြင်ကွင်းက ကြည့်ရတာ အဆင်ပြေနေသလို ထူးခြားတဲ့ သဟဇာတဖြစ်မှုနဲ့ လှပမှုတောင် ရှိနေသေးတယ်။
ရှောင်ယွမ်ကုန်းကုန်းသည် ရေချိုးခန်း အပြင်ဘက်တွင် တိတ်တဆိတ် စောင့်နေလိုက်သည်။
ရေချိုးခန်းထဲမှ ထူးဆန်းသော အသံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည့်အခါ ရှောင်ယွမ်ကုန်းကုန်းသည် မျက်နှာမပျက်ဘဲ နောက်သို့ မီတာအနည်းငယ် ဆုတ်လိုက်ပြီး ရေချိုးခန်းတွင် စောင့်နေကြသော နန်းတွင်းသူ နန်းတွင်းသားများကိုပါ အဝေးသို့ မောင်းထုတ်လိုက်လေသည်။
ရေချိုးခန်းထဲသို့ ရေနွေး နှစ်ကြိမ် ထပ်ဖြည့်ပေးရလေသည်။
နှစ်နာရီခန့် ကြာပြီးနောက် ရေချိုးပြီးသော ဟွမ်ဟုပ်ညန်ညန်နှင့် အမူးပြေသွားသော အရှင်မင်းကြီးတို့သည် လက်ချင်းချိတ်ကာ ထွက်လာကြလေသည်။ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးရွှင်ရင်း အိပ်ဆောင်ထဲသို့ ဝင်ရောက်သွားကြလေသည်။
"ကိုက ယွဲ့ဖုကို နန်းတော်ထဲမှာ တစ်ညလောက် အိပ်ခိုင်းချင်တာ။ ယောက္ခမက ဘယ်လိုမှ လက်မခံဘူး" လီကျင့်က လုမင်ယွိကို ဖက်ထားပြီး သူမ၏ လည်ပင်းပေါ်တွင် ခေါင်းမှီကာ ပြောလိုက်လေသည်။ ပြောလိုက်သည့် စကားသံနှင့်အတူ ထွက်ပေါ်လာသော လေပူများသည် လုမင်ယွိ၏ နားနောက်ဘက်ကို လာရောက် ရိုက်ခတ်နေလေသည်။
လုမင်ယွိ၏ နားနောက်ဘက်တွင် နီရဲသွားပြီး လက်လှမ်းကာ လီကျင့်ကို တွန်းထုတ်လိုက်ရင်း မျက်စောင်းထိုးလိုက်လေသည်။
လီကျင့်က တိတ်တဆိတ် ရယ်မောလိုက်လေသည်။ "စိတ်ချပါ... ကို အခု စိတ်ရှိပေမယ့် အားမရှိတော့ပါဘူး"
လုမင်ယွိက ရယ်မောကာ နှာခေါင်းရှုံ့ပြလိုက်၏။
အနည်းငယ် စနောက်ပြီးနောက် လုမင်ယွိက ပြောလိုက်လေသည်။ "အဖေ လုပ်တာ မှန်ပါတယ်။ ရှင်ကလည်း... သီးသန့်နေရင် ရင်းနှီးတာက တစ်ပိုင်းပေါ့။ လူရှေ့သူရှေ့မှာတော့ အရမ်း မသိသာစေနဲ့လေ။ အမတ်တွေ မနာလိုဖြစ်ပြီး အဖေ့ကို အငြိုးထားကြလိမ့်မယ်"
လီကျင့်က စဉ်းစားလိုက်ပြီး ရယ်မောလိုက်လေသည်။ "မပြောနဲ့တော့... ဒီနေ့ အဘိုးတောင် မနာလို ဖြစ်သွားသေးတယ်။ ကိုက လူအများရှေ့မှာ ယွဲ့ဖုလို့ ခေါ်ပြီး ယွဲ့ဖုကို သုံးခွက် ဂုဏ်ပြုလိုက်တုန်းက အဘိုး မျက်နှာပျက်သွားတာလေ။ ကို အဘိုးကို သုံးခွက် ဂုဏ်ပြုလိုက်မှ အဘိုး ပြုံးနိုင်တော့တယ်"
အသက်ကြီးနေပြီ ဖြစ်သော်လည်း ကလေးတစ်ယောက်လို မနာလိုဖြစ်ပြီး စိတ်ကောက်နေသေးတယ်။
လုမင်ယွိသည် ထိုမြင်ကွင်းကို မြင်ယောင်ပြီး အသံထွက် ရယ်မောလိုက်မိလေတော့သည်။
...