အခန်း (၅၅၃)
Vol. 45 Ch. 553
“ချန်ကျိုစစ်”
စွင်းထျဲချွေ့သည် ဒေါသတကြီး အော်ဟစ်လိုက်ကာ ချန်ကျဲ့ကို တိုက်ခိုက်ရန်ပြင်သည်။ သို့သော် ချီမုကောကို မြင်လိုက်သည်တွင် စွင်းထျဲချွေ့သည် ချန်ကျဲ့ကို ပြော၏။
“မင်းစောင့်နေလိုက်။ ဒီနေ့ ဘာမှ ရှာမတွေ့ခဲ့ရင် ငါ မင်းကို စီရင်စုအုပ်ချုပ်ရေးမှူးဆီ သွားတိုင်ကြားမယ်”
ချန်ကျဲ့မှ ပြန်ပြောသည်။
“သာ့ချန်အတွက်ဆိုရင် ကျုပ် ဘယ်လိုခြိမ်းခြောက်မှုမျိုးကိုမှ မကြောက်ရွံ့ပါဘူး။ လူကြီးမင်းစွင်းထျဲချွေ့၊ လူကြီးမင်းသာ အပြစ်ကင်းတယ်ဆိုရင် မြန်မြန်လေး လမ်းဖယ်ပေးလိုက်ပါတော့။ အကယ်၍များ လူကြီးမင်းစိတ်ထဲ မသင့်တော်တဲ့ အကြံအစည်တွေ တွေးနေမယ်ဆိုရင်တော့ တပ်မှူးချီမုကောကိုယ်တိုင် လှုပ်ရှားနေဖို့တောင် မလိုစေရဘူး။ ကျုပ်ချန်ကျိုစစ်က သခင်ကြီးယဲ့လုကိုယ်စား ခင်ဗျားကို ဖမ်းဆီးသုတ်သင်ပစ်မှာပါ”
“ကောင်းပြီ ကောင်းပြီလေ ချန်ကျိုစစ်၊ အခု မင်းနဲ့ငါ့ကြားမှာ စာရင်းရှင်းစရာ ရန်ငြိုးရှိသွားပြီပဲ။ ဒီမျန့်ရွှေမှာ မင်းနဲ့ငါ နှစ်ယောက်ထဲက တစ်ယောက်ပဲ ရှင်သန်နိုင်လိမ့်မယ်။ တစ်ယောက်ပဲ ရပ်တည်နိုင်လိမ့်မယ်”
“လူကြီးမင်းစွင်း ပြောလို့ပြီးပြီလားဗျ။ ပြီးပြီဆိုရင် ကျုပ်တို့ရှာဖွေစစ်ဆေးရအောင်လို့ လမ်းလေး ဖယ်ပေးပါဦး”
ထို့နောက် ချန်ကျဲ့သည် အမျက်ဒေါသစွက်လျက် အစောင့်တပ်သားများကို အထဲဝင်စစ်ဆေးရန် အမိန့်ပေးလိုက်သည်။ သို့သော် ချန်ကျဲ့ အမိန့်ပေးလိုက်သည့် တပ်သားများမှာ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်မှ စစ်သည်များဖြစ်လေသည်။ ထိုစစ်သည်များသည် အဘယ်သို့များ ချန်ကျဲ့၏အမိန့်ကို နာခံပါမည်နည်း။ သို့ဖြစ်ရာ မည်သူတစ်ဦးတစ်ယောက်မျှ မလှုပ်ရှားကြပေ။
သို့သော် ချီမုကောသည် ချန်ကျဲ့ကို အလွန်လေးစားသူဖြစ်၏။ ချန်ကျဲ့၏ ဤအပြုအမူမှာ စီရင်စုအုပ်ချုပ်ရေးမှူး၏ စိုးရိမ်ပူပန်မှုများကို အမှန်တကယ် မျှဝေခံစားပေးသူတစ်ဦး၏ အပြုအမူမျိုး ဖြစ်ပေသည်။ နန်ပါးထျန်းကဲ့သို့ ဖုံးကွယ်ထားသည့် အကြံအစည်များဖြင့် ပဋိပက္ခဖြစ်ပွားစေရန် မီးစပျိုးပေးသည့် အပြုအမူမျိုးနှင့် လုံးဝ ကွာခြားပေသည်။
ချီမုကော နန်ပါးထျန်းကို တစ်ချက်ကြည့်လိုက်သည်။
ချီမုကောသည် ပုံမှန်အားဖြင့် နန်ပါးထျန်းကို သံသယဝင်လိမ့်မည် မဟုတ်ပေ။ သို့သော် ဒီနေ့ သူအပြင်ထွက်လိုက်သည်နှင့် နန်ပါးထျန်း၏လက်အောက်ငယ်သားတစ်ဦး ထွက်ပြေးသွားခဲ့သည်။ ချီမုကောသည် ဘာမှမပြောခဲ့သော်ငြား သူ၏စိတ်နှလုံးထဲတွင် နန်ပါးထျန်းအပေါ် သံသယမျိုးစေ့ ပေါက်ဖွားသွားခဲ့ပေသည်။
အဲဒါက တမင် အချိန်ဆွဲတာများလား။
ချန်ကျဲ့၏လှုပ်ရှားမှုများသည် အတော်လေး ထက်မြက်သည်ဟု ဆိုရပေမည်။ သူလျှိုတစ်ဦးကို အသုံးပြု၍ အဓိကကျသည့် လူ၏စိတ်တွင် သံသယမျိုးစေ့အား အချိန်ကိုက် စိုက်ပျိုးပေးနိုင်ခဲ့သည်။
သံသယမျိုးစေ့ အမြစ်တွယ်သွားပါက သစ်သီးဖြစ်ထွန်းလာမည်မှာ မလွဲမသွေပင်။
ယခုကဲ့သို့ပင် ချီမုကော၏အမြင်၌ နန်ပါးထျန်း၏လှုပ်ရှားလုပ်ဆောင်မှုများသည် ချန်ကျဲ့ကို ရန်သူကဲ့သို့ သဘောထား၍ ချန်ကျဲ့ကို အန္တရာယ်ပြုနေခြင်းသာ ဖြစ်နေပေလိမ့်မည်။ နန်ပါးထျန်းကို အနည်းနှင့်အများ သံသယဝင်နေလိမ့်မည်။
သို့သော်ငြား နန်ပါးထျန်းသည်တော့ ချီမုကောမှ သူ့အား သံသယဝင်နေခြင်းကို သတိမထားမိပါချေ။
ထိုရလဒ်သည် ချန်ကျဲ့လိုချင်သည့်အတိုင်း အတိအကျဖြစ်ပါ၏။ စင်မြင့်တစ်ခု ပြင်ဆင်လျက် မြင့်သွန်းလှသည့် သစ်ပင်ကြီးကို တစ်ဆင့်ပြီးတစ်ဆင့် ဖြိုလှဲသွားလိုခြင်း ဖြစ်သည်။
နန်ပါးထျန်းသည် မျန့်ရွှေစီရင်စုတွင် အုပ်စိုးလာခဲ့သည်မှာ နှစ်ပေါင်းနှစ်ဆယ်ကျော် ကြာမြင့်ခဲ့ပြီးဖြစ်သည်။ သူ၏မွေးစားအဖေ ဖန်းရှစ်ကျုံးသည် နန်ပါးထျန်းကို မဖြိုလှဲနိုင်ခဲ့ပေ။ လျိုလောင်ကွေ့သည်လည်း မဖြိုလှဲနိုင်ပေ။ စီရင်စုအုပ်ချုပ်ရေးမှူးပင်လျှင် နန်ပါးထျန်းအား မမှီခိုခြင်းငှာ မတတ်နိုင်ခဲ့ချေ။ သို့ဖြစ်ရာ ဤသို့ အထင်ကရပုဂ္ဂိုလ်ကြီးအား ဖြိုလှဲရန်အတွက် ကြီးမားစေ့စပ်သော အကြံအစည်နှင့် အစီအစဉ်များကို လိုအပ်ပေသည်။ သို့မှသာ အမြစ်မှ အလုံးစုံ ဆွဲနုတ်ဖြိုလှဲနိုင်လိမ့်မည်။
နန်ပါးထျန်းသည် ချီမုကော၏ မျက်လုံးအကြည့်များကြောင့် စိတ်ရှုပ်ထွေးသွားရ၏။ ထို့ကြောင့် ပါးစပ်ပိတ်နေလိုက်သည်။ ထို့နောက် ချီမုကောမှ ပြောသည်။
“ရှာကြ”
ချီမုကော၏ အမိန့်ပေးမှုအောက်၌ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်စစ်သည်များသည် ပန်းပဲရုံထဲသို့ ပြေးဝင်သွားကြသည်။
ထိုအချိန်၌ စွင်းထျဲချွေ့သည် ချန်ကျဲ့ကို စူးရဲစွာ စိုက်ကြည့်လျက် ပြောသည်။
“ချန်ကျိုစစ် ဘာမှရှာမတွေ့ခဲ့ရင် ဒီကိစ္စ ဒီအတိုင်း အဆုံးမသတ်စေရဘူး”
“ဟား ညီနောင်စွင်းရယ်”
စွင်းထျဲချွေ့သည် ဒေါသူပုန်ထနေဆဲဖြစ်လေရာ လျိုလောင်ကွေ့သည် ရှေ့ထွက်လာပြီး စွင်းထျဲချွေ့အား ပခုံးမှ ဆွဲဖက်လိုက်သည်။
“ညီနောင်စွင်းရာ ကျိုစစ်က ငယ်ရွယ်သေးတော့ နည်းနည်း မဆင်မခြင်လုပ်ဆောင်တတ်လို့ပါ။ လူငယ်လေးက မလုပ်သင့်တဲ့အရာကို လုပ်မိတာရှိခဲ့ရင် ကျုပ်ကပဲ အကြီးတစ်ယောက်အနေနဲ့ သူ့အစား တောင်းပန်ပါတယ်ဗျာ”
“ညီနောင်စွင်းကလည်း သဘောထားကြီးကြီးထားပေးပြီး ဒီကလေးကို ဗွေမယူလိုက်ပါနဲ့။ အဆုံးသတ်ကျ သူကလည်း စီရင်စုအုပ်ချုပ်ရေးမှူးရဲ့ စိုးရိမ်ပူပန်မှုတွေကို မျှဝေဖြေရှင်းပေးဖို့ ကြိုးစားနေတာပဲ မဟုတ််လား”
စွင်းထျဲချွေ့မှ ပြန်ပြောသည်။
“ဒါပေမဲ့ သူ ကျုပ်ကို ဒီလို မတရားစွပ်စွဲလို့မရဘူးလေ”
လျိုလောင်ကွေ့မှ ပြန်ချေပသည်။
“ဒါက ဘယ်လိုများ မတရားစွပ်စွဲခံရတာ ဖြစ်မှာတဲ့လဲ။ ညီနောင်စွင်းက မိန်ဂိုဏ်းအတွက် လက်နက်သွန်းလုပ်ပေးနေတာမှ မဟုတ်ဘဲ၊ ဟုတ်တယ်မလား”
“ကျုပ်က ရူးနေလို့လား။ ကောင်းကောင်းမွန်မွန် နေနေရင်းနဲ့ ဘာကိစ္စ သူပုန်အုပ်စုနဲ့ သွားပတ်သက်ရမှာလဲ”
“ဒါဆိုဖြေရှင်းပြီးပြီပဲလေ။ ညီနောင်စွင်းက မိန်ဂိုဏ်းနဲ့ မပူးပေါင်းခဲ့ဘူးဆိုရင် ဒီလိုရှာဖွေစစ်ဆေးလိုက်တာ ညီနောင်စွင်းကို တခြားသူတွေ အတင်းအဖျင်းပြောမယ့်အရေးကနေ ကာကွယ်ပေးပြီး ညီနောင်စွင်းက အပြစ်ကင်းစင်ကြောင်း အမည်ရှင်းလင်းပေးလိုက်တာပါပဲ။ အခု ကိစ္စက ဒီအခြေအနေရောက်နေပြီဆိုမှတော့ ဒီပန်းပဲရုံကို အချိန်ဆွဲနေမယ့်အစား အခုချက်ချင်း စစ်ဆေးခိုင်းလိုက်တာက အကောင်းဆုံးပါပဲ။ ရုတ်တရက်ရောက်လာပြီး ချက်ချင်းရှာဖွေစစ်ဆေးတာဆိုတော့ နောင်အနာဂတ်အတွက်လည်း သံသယကင်းကင်းနဲ့ အေးချမ်းတာပေါ့”
ထိုအခါ စွင်းထျဲချွေ့မှ ပြောသည်။
“အင်းး အစ်ကိုလျိုပြောတာ မှန်ပါတယ်လေ။ ကျုပ်မှာလည်း ဘာမှ ဖုံးကွယ်စရာ မရှိပါဘူး”
စွင်းထျဲချွေ့မှ ကြေညာလိုက်သည်။
“ဒါဆိုလည်း ကောင်းပါပြီ။ မင်းတို့ သေချာရှာဖွေစစ်ဆေးလိုက်ကြပါ”
စွင်းထျဲချွေ့၏ စကားအဆုံး၌ လျိုလောင်ကွေ့မှ ထပ်ပြောသည်။
“အာ ဒီလိုမှပေါ့။ ဟားဟား ညီနောင်စွင်းက တကယ့်ကို ကျိုးကြောင်းဆီလျော်တဲ့သူပါပဲ”
လျိုလောင်ကွေ့သည် ပြုံးရယ်လျက် ဆက်ပြော၏။
“အစ်ကိုလျို ကျုပ်က ရှာဖွေစစ်ဆေးတာကို ဟန့်တားချင်လို့ မဟုတ်ရပါဘူး။ ဒါပေမဲ့ ချန်ကျိုစစ်က လူကို မှားယွင်းစွပ်စွဲတာတော့… တကယ် စိတ်ရှုပ်ရတယ်…”
“ကောင်းပါပြီ ကောင်းပါပြီ။ ငါတို့က စိတ်သဘောထားကျယ်ပြောတဲ့ လူကြီးတွေပဲ။ လူငယ်လေးကို မတွက်ကပ်နေရအောင်ပါ”
လျိုလောင်ကွေ့သည် ပြုံးရယ်လျက် စွင်းထျဲချွေ့နှင့်အတူ ခြံဝင်းထဲသို့ စကားတပြောပြောဖြင့် ဝင်သွားတော့သည်။
ချန်ကျဲ့လည်း စွင်းထျဲချွေ့တို့နောက်သို့လိုက်၍ ခြံဝင်းထဲ ဝင်ခဲ့သည်။ ထိုစဉ် ရှောင်ဟူမှ တီးတိုးပြော၏။
“ဒီလူကြီးက အတော် သရုပ်ဆောင်တော်တာပဲ”
ချန်ကျဲ့ ရယ်လိုက်သည်။
“မျန့်ရွှေထဲမှာ ဒီလောက်အချိန်အကြာကြီး ဘယ်သူမှ သံသယအဝင်မခံရအောင် ရှောင်တိမ်းနေထိုင်လာနိုင်ခဲ့တဲ့သူက ငတုံးဖြစ်နေမယ်လို့ မင်းက ထင်လို့လား”
သူတို့နှစ်ဦးသည် စကားပြောရင်း ပန်းပဲရုံထဲ ဝင်လာခဲ့ကြသည်။ ပန်းပဲရုံထဲ၌ စစ်သည်များသည် ပန်းပဲဆရာအားလုံးကို နံရံတွင်ကပ်ကာ စီတန်းရပ်နေစေသည်။
စစ်သည်များသည် ပန်းပဲရုံတစ်ခုလုံးနီးပါးကို ရှာဖွေပြီးစီးလုနီးဖြစ်သဖြင့် အမျိုးအစားစုံလင်သော စိုက်ပျိုးရေးသုံးကိရိယာများမှာ နေရာအနှံ့ ရှုပ်ပွပြန့်ကြဲနေလေပြီ။
စိုက်ပျိုးရေးသုံးပစ္စည်းကိရိယာများ ရှုပ်ပွပြန့်ကြဲနေသည်ကို မြင်သောအခါ စွင်းထျဲချွေ့သည် မျက်နှာရှုံ့မဲ့သွားပြီး ပြောလာသည်။
“တပ်မှူးချီမုကော ခင်ဗျားပြောတဲ့ လက်နက်တွေဆိုတာက ဒီတူရွင်းတွေ ပေါက်ပြားတွေတော့ မဟုတ်လောက်ပါဘူးနော်”
ထိုအခါ ချီမုကောမှ ပြန်ပြောသည်။
“သေချာပေါက် မဟုတ်ဘူးပေါ့။ ဒီပစ္စည်းတွေက လက်နက်လို့ မသတ်မှတ်နိုင်ပါဘူး”
ထိုအခါ စွင်းထျဲချွေ့ ခဏတိတ်သွား၏။ ထို့နောက် လူတစ်ယောက်မှ အော်ပြောလာသည်။
“ဒီကိုလာကြည့်ကြဦး။ ဒီမှာလက်နက်တွေရှိနေတယ်”
ထိုစကားတွင် ချီမုကောသည် စွင်းထျဲချွေ့ကို ကြည့်လိုက်သည်။
“ပန်းပဲဆရာကြီးစွင်း ခင်ဗျားတစ်ချက်ကြည့်ပါဦး”
စွင်းထျဲချွေ့၏ မျက်နှာအမူအရာပြောင်းလဲသွားခဲ့သည်။ သို့တိုင် သူသည် လက်နက်တွေ့သည်ဟူသည့် အခန်းထဲသို့ လိုက်လံကြည့်ရှုခဲ့သည်။
ထိုအခန်းထဲတွင် လက်နက်များကို သပ်သပ်ရပ်ရပ် စီရီထည့်ထားသည့် သေတ္တာတစ်လုံးရှိနေ၏။ ၎င်းလက်နက်များအပေါ်ရှိ တံဆိပ်ပြားများကို မြင်တွေ့လိုက်ရသည်တွင် အားလုံး တိတ်ဆိတ်သွားခဲ့သည်။
ပထမတံဆိပ်ပြား - ငါးဖမ်းကုန်သည်အဖွဲ့။
ဒုတိယတံဆိပ်ပြား - ချောင်ကုန်သည်အဖွဲ့။
တတိယတံဆိပ်ပြား - စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်။