← Chapters

အခန်း (၁၁၇၇-၁၁၇၈)

Vol. 68 Ch. 1177-1178

အခန်း (၁၁၇၇-၁၁၇၈)

Vol. 68 Ch. 1177-1178

အပိုင်း (၁၁၇၇)

ဤသည်မှာ အပြစ်ပြောစရာ မရှိသော မျက်နှာ၏ အဓိပ္ပာယ် ဖွင့်ဆိုချက် အစစ်အမှန်ပင် ဖြစ်သည်။

ထို့အပြင် သူ လျှောက်လာချိန်မှာတော့ နွေးထွေးသော အလင်းရောင်များ ဖြာကျနေသကဲ့သို့ ဖြစ်နေသည်။ သူသည် နွေဦးလေပြေကဲ့သို့ အထူး ရင်းနှီးနွေးထွေးပုံ ပေါ်၏။

တခြားလူများလည်း အံ့သြနေကြ၏။ အဘယ်ကြောင့် ရှန့်ကုန်းဘုရားကျောင်းက ဆရာတော် ကျိခုန်း ရောက်လာရသနည်း။။ သူက ယခင်တုန်းက တစ်ခါမှ မျက်နှာမပြဖူးဘူးချေ။

“ကျိခုန်းက တော်ဝင်ချန်အင်ပါယာကို ဂါရဝပြုပါတယ်။” ကျိခုန်းသည် ရှမ့်လန်ဘက်သို့ လက်အုပ်ချီလိုက်သည်။

ရှမ့်လန် မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်၏။ “ရှမ့်လန်က ဆရာတော်ကို ဂါရဝပြုပါတယ်။”

ထို့နောက် ဆရာတော်ကျိခုန်းက ပြောလိုက်သည်။ “အရှင်ရှမ့်လန်... ကျုပ် ချန်မြို့တော်ကို အရင်သွားပြီးမှ စေတီတောင်ကို လာခဲ့တာပါ။”

ရှမ့်လန် ကြောင်အသွားခဲ့၏။ “ဆရာတော်... ကျုပ် အတွက် လာတာလား။”

ဆရာတော် ကျိခုန်းက ပြောလိုက်သည်။ “ဟုတ်ပါတယ်။”

ရှမ့်လန်က မေးလိုက်၏။ “ဆရာတော်... ဘာကိစ္စ ရှိလို့လဲ။”

အရင်တုန်းက သူသည် သရဲမြို့တော်၌ ရှမ့်လန်၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ရှမ့်လန်က တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်ရဲ့ ဝိညာဉ်ကို ရရှိခဲ့၏။ ကန်ဝမ် သူ့ကို လာရှာမည်ဟု ရှမ့်လန် ထင်ခဲ့သော်လည်း ရောက်မလာခဲ့ချေ။ ယခု ရောက်လာခဲ့ခြင်းမှာ မည်သည့် သဘောနည်း။ ဘာလုပ်ချင်နေသနည်း။

ဆရာတော် ကျိခုန်းက လိုရင်းကို ပြောလိုက်သည်။ “ကျုပ် ကျမ်းစာအုပ် တစ်အုပ် လာပေးတာပါ။”

ထို့နောက် သူသည် လက်စွပ်ထဲမှ စာလိပ်တစ်ခုကို ထုတ်လိုက်သည်။ သာမန် စာလိပ်တစ်ခုသာ ဖြစ်သည်။ ပိုးသား၊ အဝတ်စနှင့်ပင် တူနေ၏။

ရှမ့်လန် လှေကားထစ်များ အတိုင်း ဆင်းလာပြီး ကျမ်းစာအုပ်ကို လက်နှစ်ဖက်ဖြင့် ယူလိုက်သည်။ ဘာပဲဖြစ်ဖြစ် ကျိခုန်း၏ အဆင့်အတန်းက အလွန် မြင့်မား၏။

ယူပြီးနောက် ရှမ့်လန် ချက်ချင်း ဖွင့်ကြည့်လိုက်သည်။ တကယ်ပဲ ကျမ်းစာအုပ် တစ်အုပ် ဖြစ်ပြီး အလွန် နက်နဲကာ ရှားပါးသည်။ သို့သော်ငြား ထိုမှတစ်ပါး ထူးခြားမှု မရှိပုံ ပေါ်သည်။ ဤကျမ်းစာအုပ်မှာ ထူးခြားချက် တစ်ခုခု ရှိနေသည်များလား။ ကန်ဝမ်က ဤကျမ်းစာအုပ် ပေးဖို့ သက်သက်နှင့် ဤမျှဝေးဝေးသို့ လာခဲ့သည်လား။

“ကျေးဇူးတင်ပါတယ် ဆရာတော်။ သေချာ ဖတ်ရှုပါ့မယ်။” ရှမ့်လန်က ပြောလိုက်သည်။

ကျိခုန်း (ကန်ဝမ်) က ပြောလိုက်၏။ “ကျမ်းစာအုပ် ပေးပြီးပြီ ဆိုတော့ ကျုပ်ကို ပြန်ခွင့်ပြုပါအုံး။ နှုတ်ဆက်ပါတယ်။”

ထို့နောက် ဆရာတော် ကျိခုန်း ချက်ချင်း ထွက်ခွာသွား၏။ သူသည် တကယ်ပဲ လက်ဝှေ့ယမ်းပြီး ဘာမှ ယူမသွားဘဲ ထွက်ခွာသွားခြင်း ဖြစ်သည်။ ထိုဖြစ်စဉ် တစ်လျှောက်လုံးတွင် လုံးဝ ရောက်မလာခဲ့သကဲ့သို့ပင်။ အစမှအဆုံး ငါးမိနစ်ပင် မကြာလိုက်ပေ။

‘ကန်ဝမ်... ခင်ဗျားရဲ့ လုပ်ရပ်တွေက ဂိုဏ်းချုပ်ရန်ရဲ့ သံသယကို လွယ်လွယ်လေး နှိုးဆွပေးနိုင်တယ်။ သူက လောကပေါ်မှာ သံသယ အများဆုံး လူ ဖြစ်လောက်တယ်။’

သို့ပေမည့် ဂိုဏ်းချုပ်ရန်၏ အပြုအမူကို ကြည့်ရသည်မှာ ဘာမှ ထူးခြားပုံ မရချေ။ သူက ကျိခုန်းကို ကိုယ်တိုင်တောင် လိုက်ပို့ပေးလိုက်သေး၏။ သို့ပေမည့် အစကနေအဆုံးထိ ဆရာတော် ကျိခုန်းက ဂိုဏ်းချုပ်ရန်နှင့် စကားတစ်ခွန်းမှ မပြောခဲ့ပေ။

ဆရာတော် ကျိခုန်းကို ပြန်ပို့ပြီးနောက် ဂိုဏ်းချုပ်ရန်သည် ဘာမှ မဖြစ်ခဲ့သလို ပြုမူနေသည်။ သူသည် ရှမ့်လန်ကို ဦးညွှတ်ပြီး ပြောလိုက်သည်။ “အရှင်... ဆက်ကြမလား။”

ရှမ့်လန်က ပြောလိုက်၏။ “ကောင်းပြီ။ ဆက်ကြတာပေါ့။”

ထို့နောက် စေတီတောင်၏ သစ္စာဆိုပွဲ အခမ်းအနား တရားဝင် စတင်၏။ မြင်ကွင်း တစ်ခုလုံးသည် အလွန် ခမ်းနားပြီး မြင့်မြတ်နေသည်။ ဤအရာက ရှမ့်လန်ကို ပိုပြီး အံ့သြစေ၏။ ဂိုဏ်းချုပ်ရန် ကပြနေသည့် ပြဇာတ်မှာ အပိုအလုပ်များသာဖြစ်သည်ဟု ရှမ့်လန် မြင်နေသည်။ ‘ငါ့ကို ရုပ်သေးရုပ်တစ်ရုပ်လိုပဲ အသုံးချချင်တာဆိုရင် ဒီလောက်အထိ ခမ်းနားကြီးကျယ်ပြနေဖို့ လိုလို့လား။’

သို့သော်ငြား ဤသို့လုပ်ဆောင်ခြင်းဖြင့် စေတီတောင်တွင် ရှမ့်လန်၏ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို မသိမသာ မြှင့်တင်ပေးရာ ရောက်နေသည်။ အရှေ့တိုင်းလောက၏ သဘာဝအရ လူတစ်ယောက်၏ အဆင့်အတန်းကို ဘုရားသခင်တစ်ပါးကဲ့သို့ မြှင့်တင်ကိုးကွယ်လိုက်ပါက ထိုသူသည် လူအများ၏ နှလုံးသားထဲတွင် အမှန်တကယ်ပင် အမြစ်တွယ်သွားတတ်၏။

အချိန်ကြာလာသည်နှင့်အမျှ ဂိုဏ်းချုပ်ရန်က ရှမ့်လန်ကို ရုပ်သေးရုပ်သဖွယ် ဆက်ဆံနေဦးမည် ဖြစ်သော်လည်း စေတီတောင်ရှိ လူတိုင်း၏ စိတ်အစဉ်တွင်မူ ရှမ့်လန်သည် ဘုရင်တစ်ပါးအဖြစ် စွဲထင်သွားတော့မည်။

ပထမဦးစွာ ဂိုဏ်းချုပ်ရန်သည် လူတိုင်းရှေ့တွင် ရှမ့်လန်ကို သုံးကြိမ် ဒူးထောက်ပြီး ကိုးကြိမ် ဦးတိုက်လိုက်သည်။ စစ်မှန်သော သုံးကြိမ် ဒူးထောက်၊ ကိုးကြိမ် ဦးတိုက်ခြင်းကို စေ့စပ်သေချာစွာ ပြုလုပ်ခဲ့သည်။ ထို့အပြင် ခမ်းနားသော နောက်ခံဂီတလည်း ပါဝင်သည်။

“ဒူးထောက်”

“ဦးညွှတ်”

“ဦးတိုက်”

“ထပ် ဦးတိုက်” မိန်းမစိုးကြီးယွင်ဟိုင်၏ ကွပ်ကဲမှုအောက်တွင် ဂိုဏ်းချုပ်ရန်သည် စေတီတောင်ရှိ လူထောင်ပေါင်းများစွာ ရှေ့တွင် ဤ ခမ်းနားသော အခမ်းအနားကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့၏။

ရှမ့်လန်မှာ ပို၍ပင် အံ့အားသင့်သွားရသည်။ ဟန်ဆောင်ရုံသက်သက်ဆိုလျှင်ပင် ဤမျှအထိ အသည်းအသန် ဖြစ်နေစရာ လိုအပ်သလားဟု သူ သံသယဝင်မိသည်။ စေတီတောင်၏ အကြီးအကဲများကောင်စီ၊ ခန်းမသခင်များနှင့် ဗိုလ်ချုပ်များအားလုံး စုံစုံလင်လင် ရှိနေကြသည့် ရှေ့မှောက်တွင် ဂိုဏ်းချုပ်ရန်က ရှမ့်လန်ကို သုံးကြိမ်တိုင်တိုင် ဒူးထောက်၍ ကိုးကြိမ်တိုင်တိုင် ဦးတိုက်နေခဲ့သည်။

‘ခင်ဗျား တကယ်တမ်း ဘာကို ရည်ရွယ်ပြီး ဒီလောက်အထိ လုပ်နေတာလဲ။’ ရှမ့်လန်တစ်ယောက် စိတ်ထဲမှ မေးခွန်းထုတ်နေမိတော့၏။

ဂိုဏ်းချုပ်ရန် သုံးကြိမ် ဒူးထောက် ကိုးကြိမ် ဦးတိုက်ပြီးနောက် အကြီးအကဲ ၁၃ ဦးသည် ရှမ့်လန် ရှေ့တွင် သုံးကြိမ် ဒူးထောက် ကိုးကြိမ် ဦးတိုက်ပြီး သစ္စာဆိုပွဲ အခမ်းအနား စတင်ကြသည်။ ဤအချိန်တွင် နောက်ခံဂီတ ထပ်မံ ပြောင်းလဲသွားသော်လည်း ယခင်နှင့် အလွန် ကွာခြားသည်။ သေချာ နားမထောင်လျှင် ကြားရတော့မည် မဟုတ်ပေ။

အသေးစိတ် အချက်အလက်တိုင်းသည် အပြစ်ပြောစရာ မရှိပေ။ အရှေ့တိုင်း တော်ဝင်မိသားစု၏ ကျင့်ဝတ်များ အတိုင်း လုံးဝ ပြီးပြည့်စုံနေသည်။ တကယ့်ကို အံ့မခန်းပင်။ ဤရိုးရှင်းသော ဂီတတစ်ခုတည်း ကိုပင်လျှင် နုရှောင့်မြို့မှ မဖန်တီးနိုင်ချေ။ ဤမျှ ပြီးပြည့်စုံသော သီချင်းမျိုးလည်း မရှိချေ။

အကြီးအကဲ ၁၃ ဦး သုံးကြိမ် ဒူးထောက်၊ ကိုးကြိမ် ဦးတိုက်ပြီးနောက် အရန် အကြီးအကဲ ဒါဇင်ပေါင်းများစွာ၊ ခန်းမသခင် ဒါဇင်ပေါင်းများစွာနှင့် ဒုတိယ ခန်းမသခင် ဒါဇင်ပေါင်းများစွာတို့ သုံးကြိမ် ဒူးထောက်၊ ကိုးကြိမ် ဦးတိုက်ကြပြန်သည်။ လူတစ်ရာကျော် ရှမ့်လန်ကို ဦးတိုက်၊ ဒူးထောက်၊ တွားသွားပြီး မကြုံစဖူး အခမ်းအနား တစ်ခုကို ကျင်းပခဲ့ကြသည်။ နောက်ဆုံးတွင် လူတိုင်းက “အရှင် သက်တော်ရာကျော် ရှည်ပါစေ” ဟု အော်ဟစ်လိုက်ကြသည်။

‘ဒီ သစ္စာဆိုပွဲ အခမ်းအနားက နည်းနည်း လေးနက်လွန်းမနေဘူးလား။ ဒီလောက် လုပ်စရာ မလိုပါဘူး။ ဂိုဏ်းချုပ်ရန် ဘာအကြံအစည် ရှိလဲ။’

ထိုအချိန်တွင် အပြင်ဘက်မှ တစ်စုံတစ်ယောက်က ရိုသေစွာ ပြောလိုက်၏။ “အရှင်ကို သတင်းပို့ပါတယ်။ ဂိုဏ်းချုပ်ကို သတင်းပို့ပါတယ်။”

သူ စကားမဆုံးခင် ဂိုဏ်းချုပ်ရန် ဒေါသတကြီး ပြောလိုက်သည်။ “ပါးရိုက်လိုက်စမ်း။ ဒီအချိန်ထိ ကျုပ်ကို ဂိုဏ်းချုပ်လို့ ခေါ်နေတုန်းလား။ ဒီနေ့ကစပြီး စေတီတောင်က အရှင်ရဲ့ ယာယီနန်းတော်ပဲ ဖြစ်တော့မယ်။ သဘာဝလွန် အင်အားစု ဆိုတာ မရှိတော့ဘူး။ ဘာ ဂိုဏ်းချုပ်လဲ။ မဟာဆရာသခင်ပဲ ရှိတော့မယ်။ ဂိုဏ်းချုပ်ရန် မရှိတော့ဘူး။”

ချက်ချင်းပဲ မိန်းမစိုး နှစ်ဦး ရှေ့တိုးသွားပြီး ထိုလူကို ရက်စက်စွာ ပါးရိုက်လိုက်ကြသည်။ ထိုလူသည် နာကျင်သော်လည်း မအော်ရဲပေ။ အရိုက်ခံရပြီးနောက် သူ ရိုသေစွာ ပြန်ပြောလိုက်၏။

“အရှင်ကို သတင်းပို့ပါတယ်။ စေတီတောင် မဟာဆရာသခင်ကို သတင်းပို့ပါတယ်။”

ဂိုဏ်းချုပ်ရန် ထပ်ပြောလိုက်သည်။ “ပါးရိုက်လိုက်စမ်း။ စေတီတောင် မရှိတော့ဘူး။ စေတီတောင်နန်းတော်ပဲ ရှိတော့မယ်လို့ ကျုပ် ဘယ်နှခါ ပြောရမလဲ။ ဒီမှာ သခင် တစ်ယောက်တည်းပဲ ရှိတယ်။ အဲဒါ အမြင့်မြတ်ဆုံး အရှင်ပဲ။ အရှင်ကိုပဲ သတင်းပို့ရင် ရပြီ၊ ဘာလို့ ကျုပ်ကို ထည့်ပြောနေရတာလဲ။ ကျုပ်ကို သစ္စာဖောက်မှုနဲ့ အမှုဆင်ချင်တာလား။”

‘ဟမ်... လွန်လွန်းနေပြီ။ ဂိုဏ်းချုပ်ရန်... ခင်ဗျား ဟန်ဆောင်တာ လွန်လွန်းနေပြီ။ သိပ်အန္တရာယ် များတယ်။ စေတီတောင် တစ်ခုလုံးကို ရှမ့်လန်က သခင်ပဲဆိုတဲ့ ခိုင်မာတဲ့ သတင်းစကား ပေးလိုက်သလို ဖြစ်သွားလိမ့်မယ်။’

ဤအချိန်တွင် ရှမ့်လန် အနည်းငယ် ကြောင်အသွားခဲ့သည်။ အရာအားလုံးက သူ ထင်ထားသည်နှင့် ကွာခြားနေသလိုပင်။

‘ဒီဂိုဏ်းချုပ်ရန်က ငါ့ကို ရုပ်သေးရုပ်လို လုံးဝ သဘောထားနေတာမဟုတ်လား။ ငါ့ အဆင့်အတန်းကို ဆက်တိုက် မြှင့်တင်ပေးနေဖို့ လိုလို့လား။ ပြီးတော့ သူက စိတ်မရှည်တဲ့ပုံ ပေါက်နေတယ်။’

အပြင်ဘက်မှ လူက ဆက်လက် ဦးတိုက်ပြီး ပြောလိုက်သည်။ “အရှင်ကို သတင်းပို့ပါတယ်။ တော်ဝင်ရန် အင်ပါယာရဲ့ မင်းသားလျန် လာရောက် တွေ့ဆုံပါတယ်။”

ရှမ့်လန် ကြောင်အသွားခဲ့၏။ ‘မင်းသားလျန် ရောက်လာပြီ ဟုတ်လား။ သူ လာတာ မြန်လိုက်တာ၊ အချိန်ကိုက်ပဲ။ ငါ စေတီတောင်ကို ရောက်တာ နှစ်ရက်တောင် မပြည့်သေးဘူး၊ သူ ရောက်နေပြီ။ မင်းသားလျန် ဘာလုပ်ချင်တာလဲ။ ငါ နဲ့ စေတီတောင် မဟာမိတ် ဖွဲ့တာကို တားဆီးချင်တာလား။’

ရှမ့်လန် ဂိုဏ်းချုပ်ရန်ကို ကြည့်ပြီး ပြောလိုက်သည်။ “မဟာဆရာသခင်... ဒီ မင်းသားလျန်က ခင်ဗျားကို လာရှာတာ ဖြစ်မယ်။”

ဂိုဏ်းချုပ်ရန် ဒူးထောက်ပြီး ဦးတိုက်လိုက်၏။ “အရှင်က အမြင့်မြတ်ဆုံးပါ။ တော်ဝင်ရန် အင်ပါယာက မင်းသားလျန်ကို ဆင့်ခေါ်မလား ဆိုတာ အရှင် သဘော အတိုင်းပါပဲ။”

ရှမ့်လန်နှင့် ဂိုဏ်းချုပ်ရန် နှစ်ယောက်တည်း ရှိသည့် အချိန်မှာ ဂိုဏ်းချုပ်ရန်၏ သဘောထားက ပေါ့ပေါ့ပါးပါး ရှိသော်လည်း လူအများရှေ့တွင်တော့ ရိုသေသည်ဆိုသော စကားလုံးနှင့် မလုံလောက်တော့ချေ။ သူက လုံးဝကို အလွန်အမင်း ရိုသေတဲ့ အရာရှိ တစ်ယောက်လို ဖြစ်နေသည်။

ရှမ့်လန်က ပြောလိုက်၏။ “သူ ရောက်နေပြီ ဆိုတော့ တွေ့လိုက်ကြတာပေါ့။”

“အမိန့်တော် အတိုင်းပါ။”

ဂိုဏ်းချုပ်ရန် ပြန်ဖြေလိုက်သည်။ ထို့နောက် သူ အပြင်ဘက်ကို မျက်နှာမူပြီး ပြောလိုက်သည်။ “အရှင် အမိန့်တော် ရှိသည်။ တော်ဝင်ရန်အင်ပါယာမှ မင်းသားလျန်ကို ဝင်ခွင့်ပြုလိုက်သည်။”

ထို့နောက် နန်းတော် အပြင်ဘက်တွင် အသံလှိုင်းများ ပျံ့နှံ့သွား၏။

“အရှင် အမိန့်တော် ရှိသည်။ တော်ဝင်ရန်အင်ပါယာမှ မင်းသားလျန်ကို ဝင်ခွင့်ပြုလိုက်သည်။”

“အရှင် အမိန့်တော် ရှိသည်။ တော်ဝင်ရန်အင်ပါယာမှ မင်းသားလျန်ကို ဝင်ခွင့်ပြုလိုက်သည်။”

နောက်ဆုံးတော့ ရုပ်ရှင်တွေထဲမှာပဲ မြင်ဖူးတဲ့ မြင်ကွင်းမျိုး ရှမ့်လန် ကြုံတွေ့လိုက်ရ၏။ အင်ပါယာ တစ်ပါး၏ ဆက်ဆံမှုကို သူ အပြည့်အဝ ခံစားလိုက်ရပြီ ဖြစ်သည်။

ခဏအကြာတွင် တော်ဝင်ရန်အင်ပါယာမှ မင်းသားလျန် အသစ် ဝင်လာသည်။ သူ ရှမ့်လန်ကို ဂါရဝ မပြုပေ။ ထိုအစား ဂိုဏ်းချုပ်ရန်ကို လက်သီးဆုပ်ကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်ရန်ကို ဂါရဝပြုပါတယ်။”

ဂိုဏ်းချုပ်ရန် သေသပ်စွာ ပြန်လည် ဂါရဝပြုပြီး ပြောလိုက်သည်။ “မင်းသားလျန်... ကျုပ် ပြင်ဆင်ပေးပါရစေ။ ဒီနေ့ကစပြီး စေတီတောင် မရှိတော့ပါဘူး။ တော်ဝင်ချန်အင်ပါယာရဲ့ စေတီတောင်နန်းတော်ပဲ ရှိပါတော့မယ်။ ဂိုဏ်းချုပ်ရန်ဆိုတဲ့ ဘွဲ့ထူးလည်း မရှိတော့ပါဘူး။ တော်ဝင်ချန်အင်ပါယာရဲ့ အိမ်ရှေ့စံ၊ မဟာဆရာသခင်ရန် ပဲ ရှိပါတော့မယ်။”

မင်းသားလျန် အနည်းငယ် အံ့သြသွား၏။ ‘အဲဒီလောက်တောင် စေ့စပ်သေချာတာလား။’

ဂိုဏ်းချုပ်ရန်က ဆက်ပြောသည်။ “မင်းသားလျန်... ခင်ဗျား ဘာပြောချင်လဲ ဆိုတာ ကျုပ် သိပါတယ်။ ခင်ဗျား ဘာဆွေးနွေးချင်လဲ ဆိုတာလည်း သိပါတယ်။ ဒါပေမဲ့ မလိုတော့ပါဘူး။ ကျုပ်တို့ ကြားမှာ ဆွေးနွေးစရာ မရှိတော့ပါဘူး။ ခင်ဗျားက ကျုပ်တို့ရဲ့ သစ္စာဆိုပွဲ အခမ်းအနားကို သက်သေအဖြစ် လာတက်ရောက်တဲ့ သံတမန် တစ်ယောက်ဆိုရင် ကြိုဆိုပါတယ်။ ဒါပေမဲ့ ဆွေးနွေးညှိနှိုင်းဖို့ လာတာ ဆိုရင်တော့ ပြန်ကြွပါတော့။ ပြီးတော့ အရှင်ကို မလေးမစား မလုပ်ပါနဲ့။ မဟုတ်ရင် စေတီတောင်နန်းတော်ရဲ့ ဓားက ထက်မြက်နေတုန်းပဲ ဆိုတာ သိစေရလိမ့်မယ်။”

ပြောပြီးနောက် ဂိုဏ်းချုပ်ရန်သည် လက်ကို နဂါးဓားရိုးပေါ်တွင် တင်လိုက်၏။

‘သောက်ကျိုးနည်း... ဒါ... ခင်ဗျားက ရှမ့်လန်ရဲ့ သစ္စာအရှိဆုံး လက်အောက်ငယ်သား ဖြစ်ဖို့ ကြိုးစားနေတာလား။’

မင်းသားလျန် အနည်းငယ် အံ့သြသွားသည်။ ထို့နောက် သူ ပြုံးပြီး ပြောလိုက်သည်။ “စိတ်ဝင်စားစရာပဲ၊ စိတ်ဝင်စားစရာပဲ။ ဒါဆိုရင် ကျုပ်က ဧည့်သည် အနေနဲ့ ဒီသစ္စာဆိုပွဲ အခမ်းအနားကို သက်သေခံပေးပါ့မယ်။”

ဂိုဏ်းချုပ်ရန် ဒူးထောက်ပြီး ဦးတိုက်လိုက်၏ “အရှင်... သစ္စာဆိုပွဲ အခမ်းအနား ဆက်ကြမလား။”

ရှမ့်လန်က ပြောလိုက်သည်။ “ဆက်မယ်။”

ထို့နောက် ခမ်းနားထည်ဝါသော သစ္စာဆိုပွဲ အခမ်းအနား ဆက်လက် ကျင်းပ၏။

တစ်နာရီကျော် ကြာပြီးနောက် သစ္စာဆိုပွဲ အခမ်းအနား ပြီးဆုံးသွားခဲ့သည်။ ထင်ထားသည့် အတိုင်းပင် တော်ဝင်ရန် အင်ပါယာမှ မင်းသားလျန်သည် တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

နောက်ဆုံးတွင် ဂိုဏ်းချုပ်ရန်က ကြည်လင်ပြတ်သားသော အသံဖြင့် ကြေညာလိုက်၏။ “အားလုံးပဲ။ ဒီနေ့ကစပြီး စေတီတောင်နန်းတော်ပဲ ရှိတော့မယ်၊ စေတီတောင် မရှိတော့ဘူး။ ဒီမှာရှိနေတဲ့ သူတွေအားလုံးက စေတီတောင် အကြီးအကဲတွေ၊ ခန်းမသခင်တွေ မဟုတ်ကြတော့ဘူး။ တော်ဝင်ချန်အင်ပါယာနဲ့ အရှင်ရဲ့ လက်အောက်ငယ်သားတွေ ဖြစ်သွားကြပြီ။”

ဂိုဏ်းချုပ်ရန်၏ ဦးဆောင်မှုအောက်တွင် လူတစ်ထောင်ကျော် ရှမ့်လန်ကို ဦးတိုက်ပြီး အော်ဟစ်လိုက်ကြသည်။ “အရှင် သက်တော်ရာကျော် ရှည်ပါစေ”

မင်းသားလျန် ပြုံးလိုက်ပြီး ပြောလိုက်၏။ “အရှင် ရှမ့်လန်... ကျုပ်နဲ့ စေတီတောင်ကြားမှာ ဆွေးနွေးစရာ နေရာ မရှိတော့ဘူးနဲ့ တူတယ်။ နှုတ်ဆက်ပါတယ်။”

ထို့နောက် မင်းသားလျန်အသစ်သည် ချက်ချင်း ထွက်ခွာသွားသည်။

သစ္စာဆိုပွဲ အခမ်းအနား ပြီးနောက် နိုင်ငံတော် ညစာစားပွဲ အချိန် ရောက်လာသည်။

ထိုအချိန်တွင် ရှမ့်လန် ရုတ်တရက် ပြောလိုက်၏။ “မဟာဆရာသခင်... ကျုပ် အမိန့်တော် ပြန်တမ်း တစ်စောင် ထုတ်ချင်တယ်။ ဖြစ်မလား။”

ဂိုဏ်းချုပ်ရန် ချက်ချင်း ဒူးထောက်ပြီး ပြောလိုက်သည်။ “အရှင်ရဲ့ အမိန့်တော်မှန်သမျှ ကျေးကျွန် နာခံပါ့မယ်။ ကျေးဇူးပြုပြီး အမိန့်တော် ထုတ်ပြန်ပါ အရှင်”

ရှမ့်လန်က ပြောလိုက်၏။ “နုရှောင့်မြို့ရဲ့ အိပ်မက်ဆိုးကျောက်တုံး ထောက်ပံ့မှု ပြတ်လပ်နေပြီ။ ဒါပေမဲ့ သုတေသန လုပ်ငန်းတွေကို တစ်ရက်လေးတောင် ရပ်ထားလို့ မရဘူး။ မဟာဆရာသခင်... အိပ်မက်ဆိုး ကျောက်တုံး တစ်သုတ်လောက် နုရှောင့်မြို့ဆီ ပို့ပေးပါ။”

ဂိုဏ်းချုပ်ရန် ဦးတိုက်ပြီး ပြောလိုက်သည်။ “အမိန့်တော် အတိုင်းပါ။”

ထို့နောက် သူ မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်၏။ “အရှင် အမိန့်တော် ရှိသည်။ တောင်ပင်လယ် အမှောင်ရဲတိုက် အနေဖြင့် အိပ်မက်ဆိုးကျောက်တုံး အားလုံးကို နုရှောင့်မြို့သို့ ချက်ချင်း ပို့ဆောင်ရမယ်။”

အပိုင်း (၁၁၇၈)

ထို့နောက် ဂိုဏ်းချုပ်ရန်သည် ဤအမိန့်တော်ပြန်တမ်းကို ကိုယ်တိုင် ရေးသားလိုက်သည်။ ပြီးနောက် သူသည် ရှမ့်လန်အား လက်နှစ်ဖက်ဖြင့် ကမ်းပေးပြီး ပြောလိုက်သည်။

“အရှင်... ကျေးဇူးပြုပြီး ကြည့်ရှုပေးပါ။ ဒီ အမိန့်တော် ပြန်တမ်းမှာ ထည့်သွင်းစဉ်းစားရမယ့် အချက်များ ရှိပါသလား။”

ရှမ့်လန်က ပြောလိုက်၏။ “ကောင်းတယ်။ မဟာဆရာသခင်ရဲ့ လက်ရေးက သိပ်လှတာပဲ။”

“ချီးကျူးတဲ့ အတွက် ကျေးဇူးတင်ပါတယ် အရှင်”

ဂိုဏ်းချုပ်ရန်သည် အမိန့်တော် ပြန်တမ်းကို ဖြန့်ပြီး စားပွဲပေါ် တင်လိုက်သည်။ “အရှင်... ကျေးဇူးပြုပြီး တံဆိပ်တုံး ထုပေးပါ။”

ရှမ့်လန်သည် သူ့ကိုယ်ပိုင် တံဆိပ်တုံးကို ထုတ်ပြီး အမိန့်တော် ပြန်တမ်းပေါ်တွင် ထုနှိပ်လိုက်၏။

ဤအရာက စည်းကမ်း ဖောက်ခြင်းမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ရှေးဟောင်း တရုတ်ပြည်မှ အင်ပါယာတွေလည်း အမိန့်တော် ပြန်တမ်းတွေမှာ ကိုယ်ပိုင် တံဆိပ်တုံး သုံးရသည်ကို ကြိုက်နှစ်သက်ကြသောကြောင့်ပင်။ ဥပမာအားဖြင့် နာမည်ကျော် ရှီချွမ် အဘိုးအို ဖြစ်သည်။

ယေဘုယျအားဖြင့် အမိန့်တော် ပြန်တမ်း တစ်စောင်တွင် တံဆိပ်တုံး နှစ်ခု လိုအပ်၏။ တစ်ခုက အင်ပါယာ တံဆိပ်တုံး၊ နောက်တစ်ခုက တရားဝင် တံဆိပ်တုံး။ မဟုတ်ရင် အမိန့်တော် ပြန်တမ်းလို့ သတ်မှတ်လို့ မရပေ။

ဂိုဏ်းချုပ်ရန်သည် မြေကြီးပေါ်တွင် ဒူးထောက်ပြီး ပြောလိုက်သည်။ “တော်ဝင်ချန်အင်ပါယာရဲ့ အရာရှိ မရှိပါဘူး။ ကျေးကျွန် စိုးရွံမိပါတယ်။ စေတီတောင်နန်းတော်ရဲ့ တံဆိပ်တုံးကို ထုနှိပ်ခွင့် ပြုပါ။ အရှင် ဆုံးဖြတ်ပေးပါ။”

‘ဒီလောက် တရားဝင်တယ် ဟုတ်လား။’

“ကောင်းပြီ။” ရှမ့်လန် ပြောလိုက်၏။

ထို့နောက် ဂိုဏ်းချုပ်ရန်သည် တံဆိပ်တုံး တစ်ခုကို ဂရုတစိုက် ထုတ်ပြီး အမိန့်တော် ပြန်တမ်းပေါ်တွင် ထုနှိပ်လိုက်သည်။ တကယ်ပဲ စေတီတောင်နန်းတော်ရဲ့ တရားဝင် တံဆိပ်တုံး ဖြစ်နေသည်။

‘ခင်ဗျား တကယ် တစ်ခုခုပဲ။ ဒီတံဆိပ်တုံးကိုတောင် ကြိုထွင်းထားတာပဲ။’

အမိန့်တော် ပြန်တမ်း အသက်ဝင်ပြီး အမှောင်ရဲတိုက်မှ အိပ်မက်ဆိုးကျောက်တုံး သင်္ဘောတစ်စင်း နုရှောင့်မြို့သို့ ရောက်ရှိသွားသည်နှင့် အမိန့်တော်ပြန်တမ်းသည် အာဏာတည်သွားပေလိမ့်မည်။ စေတီတောင်နန်းတော် တံဆိပ်တုံးသည်လည်း အာဏာတည်သွားပေလိမ့်မည်။ အမိန့်တော်ပြန်တမ်းကို တံဆိပ်တုံး ထုပြီးနောက် သေတ္တာတစ်ခုထဲ ထည့်ကာ ဖယောင်းဖြင့် ပိတ်လိုက်၏။

“ဝူကျွယ်... ဒီ အမိန့်တော် ပြန်တမ်းကို အမှောင်ရဲတိုက်ဆီ ယူသွားပြီး အိပ်မက်ဆိုးကျောက်တုံးတွေကို နုရှောင့်မြို့ဆီ အမြန်ဆုံး ပို့ပေးဖို့ ပြောလိုက်ပါ။ နှောင့်နှေးရင် ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်။” ဂိုဏ်းချုပ်ရန်က ပြောလိုက်သည်။

“အမိန့်တော် အတိုင်းပါ။” ဝူကျွယ် ဦးညွှတ်လိုက်၏။

သူသည် သေတ္တာကို လက်နှစ်ဖက်ဖြင့် ယူပြီး ဦးညွှတ်လိုက်သည်။ “ခွင့်ပြုပါအုံး။”

ဝူကျွယ် ဆက်တိုက် နောက်ဆုတ်သွားသည်။ နန်းတော် တံခါးပေါက်မှ ထွက်ပြီးနောက် သူသည် ရှေးဟောင်း လင်းယုန်ကို ချက်ချင်း စီးနင်းကာ တောင်ပင်လယ်ဆီသို့ ပျံသန်းထွက်ခွာသွား၏။

အရာအားလုံး ပြီးစီးသွားချိန်မှာတော့ ယွင်ဟိုင်က မေးလိုက်သည်။ “အရှင်... စားပွဲ စကြမလား။”

“စမယ်။”

ရှမ့်လန် ခေါင်းညိတ်လိုက်၏။

မိန်းမစိုးကြီး ယွင်ဟိုင် အော်ဟစ်လိုက်သည်။ “အရှင် အမိန့်တော် ရှိသည်။ စားပွဲ စတင်စေ။”

ထို့နောက် ဂီတသံ ပြောင်းလဲသွားပြန်သည်။ ခမ်းနားထည်ဝါနေဆဲ ဖြစ်သော်လည်း ယခင်ကလောက် မလေးနက်တော့ပေ။ ထိုအစား ပိုမို ရွှင်လန်းဖွယ် ကောင်းလာသည်။ သို့နှင့် တော်ဝင်ချန်နိုင်ငံတော် ညစာစားပွဲ ဆိုသည်မှာ စတင်လေတော့သည်။ လူတိုင်းလိုလို ရှမ့်လန်ကို မြှောက်ပင့်ပြောဆိုနေကြပြီး သူ့အောင်မြင်မှုများကို ကောင်းကင်ထိအောင် ချီးကျူးနေကြ၏။

ဂိုဏ်းချုပ်ရန်သည် ရှမ့်လန်၏အရှိန်အဝါကို လုယူရန် မကြိုးစားပေ။ သူသည် အစွမ်းထက်သော အရာရှိ တစ်ဦးနှင့်ပင် မတူပေ။ ညစာစားပွဲ ပြီးဆုံးချိန်မှာတော့ ရှမ့်လန် စမ်းသပ် မေးမြန်းလိုက်သည်။ “မဟာဆရာသခင်... ကျုပ်ရဲ့ ရှေးဟောင်း နဂါးသေတ္တာ စေတီတောင်မှာ ရှိလား။”

နဂါးသေတ္တာက မည်မျှ အရေးကြီးသနည်း။ ဂိုဏ်းချုပ်ရန် ငြင်းမလား။ စေတီတောင်က ဤရှေးဟောင်း ရတနာကို ကိုယ်ပိုင် သိမ်းပိုက်ဖို့ စဉ်းစားနေမှာ သေချာသည်။

ဂိုဏ်းချုပ်ရန်က ပြန်ဖြေလိုက်၏။ “ရှိပါတယ် အရှင်။ ရင်ကွမ်းကြောင့် နဂါးသေတ္တာ ညစ်ညမ်းသွားခဲ့ပါတယ်။ ကျုပ် သန့်ရှင်းရေး လုပ်ခိုင်းထားပါတယ်။”

“ဒါဆို ကျုပ် အခန်းထဲ ပို့ပေးပါ။” ရှမ့်လန်က ပြောလိုက်သည်။

“အမိန့်တော် အတိုင်းပါ။” ဂိုဏ်းချုပ်ရန် မငြင်းခဲ့ပေ။

“ဪ … ဒါနဲ့ ရင်ရင် ဘယ်မှာလဲ။” ရှမ့်လန် မေးလိုက်၏။

“သူ မြေအောက် သင်္ချိုင်းဂူထဲမှာ ရှိနေတုန်းပါ။ အဲဒီမှာ အကြာကြီး နေရတာ သူ့ကျန်းမာရေး အတွက် ကောင်းတယ်လို့ ကျုပ် ထင်ပါတယ်။”

“သူ့ကို ပြန်ခေါ်လာခဲ့”

ရှမ့်လန် ထပ်မံ စမ်းသပ်လိုက်သည်။ “သူ့အရေပြားက အကြည်ရောင် မဟုတ်တော့ဘူး၊ နေရောင်ကိုလည်း မကြောက်တော့ဘူး။”

ဂိုဏ်းချုပ်ရန် ဦးညွှတ်လိုက်၏။ “သူ့ကို ပြန်ခေါ်လာဖို့ လူလွှတ်လိုက်ပါ့မယ်။”

ဂိုဏ်းချုပ်ရန် မငြင်းသေးချေ။

… …

ညစာစားပွဲ ပြီးနောက် ရှမ့်လန်သည် အနားယူရန် သူ့အဆောင်သို့ ပြန်လာခဲ့သည်။ ဂိုဏ်းချုပ်ရန်နှင့် စေတီတောင် အကြီးအကဲများ၊ ခန်းမသခင်များ အားလုံး ထွက်ခွာသွားကြသည်။

စေတီတောင်နန်းတော် တစ်ခုလုံးတွင် ရှမ့်လန်၊ မိန်းမစိုး တစ်ထောင်နှင့် နန်းတွင်းအပျိုတော် ထောင်ပေါင်းများစွာသာ ရှိသည်။ သူသည် တကယ်ပဲ ဤနေရာ၏ အမြင့်မြတ်ဆုံး သခင် ဖြစ်သည်။ အစမှ အဆုံးထိ သူ ပြောသမျှ စကားတိုင်းကို စေတီတောင် တစ်ခုလုံးက လုံးဝ နာခံခဲ့သည်။ မနာခံမှု လုံးဝ မရှိခဲ့ပေ။

‘ဒါ တကယ် ထူးဆန်းတယ်။ သူက ရုပ်သေးရုပ်နဲ့ လုံးဝ မတူဘူး။ တကယ်ပဲ အာဏာရှင် အင်ပါယာ တစ်ပါးလို ဖြစ်နေတယ်။ ဒီ ဂိုဏ်းချုပ်ရန်က ဘာလုပ်ချင်နေတာလဲ။’

သို့သော်ငြား သူသည် ဤ အာရုံလွဲစေသော အတွေးများကို ဖယ်ရှားလိုက်သည်။ ရှမ့်လန်အတွက် အရေးကြီးဆုံး အရာမှာ မင်းသမီး ရန်ယင်ယင်ကို ကယ်တင်ပြီး နှိုးထလာအောင် လုပ်ဖို့ဖြစ်၏။ ထို့အပြင် ကန်ဝမ်.. သူက ရှမ့်လန်ကို ကျမ်းစာအုပ် တစ်အုပ်ပေးဖို့ သက်သက်နှင့် ဤမျှဝေးဝေး လာခဲ့သည်လား။

ရှမ့်လန်သည် ကျမ်းစာအုပ်ကို ကောက်ယူပြီး သေချာ လေ့လာကြည့်လိုက်သည်။ သာမန် ကျမ်းစာအုပ် တစ်အုပ်သာ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ သို့သော်ငြား X-ray ဖြင့် စကင်န်ဖတ်ကြည့်လိုက်ချိန်မှာတော့ မတူညီကြောင်း ချက်ချင်း တွေ့ရှိလိုက်ရ၏။

‘ဒီကျမ်းစာအုပ်ထဲမှာ သိုင်းပညာ တစ်ခုခု ဝှက်ထားတာလား။ မဟုတ်ဘူး။ သိုင်းပညာလို့ ပြောလို့ မရဘူး။ ဝိညာဉ်ရေးရာ လျှို့ဝှက် စာအုပ် တစ်အုပ်နဲ့ ပိုတူတယ်။ ရှေးဟောင်း စာအုပ် တစ်အုပ်လို ကျမ်းစာအုပ်ထဲမှာ ထွင်းထုထားတာ။ စာလုံးရေ သောင်းချီ ပါဝင်ပြီး ရှုပ်ထွေးတဲ့ ပုံတွေ ပါတယ်။’

ရှမ့်လန် အကြမ်းဖျဉ်း ဖတ်ရှုလိုက်ချိန်မှာတော့ ဤသည်မှာ အလွန် နက်နဲသော စိတ်စွမ်းအင် ကျင့်စဉ် နည်းစနစ် တစ်ခု ဖြစ်ကြောင်း အံ့သြစွာ တွေ့ရှိလိုက်ရသည်။ ၎င်း၏ လုပ်ဆောင်ချက်မှာ အလွန် ရိုးရှင်းသည်။ လူတစ်ယောက်၏ ဝိညာဉ်ကို ပြန်လည် ရှင်သန်လာစေရန် ဖြစ်သည်။ ထို့အပြင် ဤနည်းစနစ်၏ နာမည်က “ရှင်ပြန်ထမြောက်ခြင်း ကျမ်းစာ” ဖြစ်သည်။

ဤအရာက ပထမတွဲသာ ရှိသေး၏။ သူ၏ သီအိုရီများသည် အလွန်မြင့်မားသော်လည်း နားလည်ဖို့ ရိုးရှင်းသည်။ လူတစ်ယောက် သေဆုံးခြင်းဟူသည် အဆုံးစွန်၌ ဝိညာဉ်သေဆုံးခြင်း (သို့မဟုတ်) ခေတ်စကားဖြင့်ဆိုသော် ဦးနှောက် သေဆုံးခြင်းသာ ဖြစ်သည်။ နှလုံး ထိုးဖောက်ခံရ၍ သေဆုံးခြင်းမှာပင် နှလုံးက ဦးနှောက်သို့ သွေးမပို့နိုင်တော့သောကြောင့် ဦးနှောက်သေဆုံးသွားရခြင်း ဖြစ်၏။

ထို့ကြောင့် ဝိညာဉ်မသေသရွေ့ လူသည် မသေနိုင်ဟု ဆိုနိုင်ရာ တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၏ ဝိညာဉ်သည်လည်း ဤသဘောတရားကြောင့်ပင် နှစ်ပေါင်းထောင်ချီ လက်ဆင့်ကမ်းလာနိုင်ခဲ့ခြင်း ဖြစ်သည်။

“ရှင်သန်နေသော သေခြင်းတရားကျမ်းစာ”၏ သီအိုရီအရ လူတစ်ယောက် သေဆုံးပြီးနောက် ဝိညာဉ်ပျောက်ကွယ် သွားသော်လည်း ဦးနှောက်အတွင်း၌ မရေမတွက်နိုင်သော အမှတ်အသားများ ကျန်ရှိနေတတ်၏။

ထိုကျမ်းစာ၏ ဝိညာဉ်ရေးရာ နည်းစနစ်မှာ အားကောင်းသည့် စိတ်စွမ်းအင်ကို အသုံးချကာ ဦးနှောက်ကို လှုံ့ဆော်ပြီး လူတစ်ယောက်လုံးကို ပြန်လည်ရှင်သန်လာစေခြင်းပင် ဖြစ်သည်။ အသီးအရွက်ကဲ့သို့ ဘာတစ်ခုမှ လုပ်၍မရနိုင်သော၊ အိပ်ရာထဲ ထာဝစဉ်လှဲနေသော လူတစ်ယောက်ကို ပြန်လည်နိုးထစေခြင်းမှာ အနိမ့်ဆုံး အဆင့်မျှသာ ရှိသေးပြီး၊ အမြင့်ဆုံးအဆင့်မှာမူ ခန္ဓာကိုယ်နှင့် ဦးနှောက်မပုပ်သိုးသရွေ့ သေဆုံးပြီးသူကိုပင် “သေရွာပြန်” (သို့မဟုတ်) “ရုပ်သေးရုပ်” အဖြစ် ပြန်လည်ရှင်သန်စေနိုင်သည်။

ကန်ဝမ်က ရှမ့်လန်အား ဤကျမ်းစာ၏ ပထမတွဲကို ပေးအပ်လိုက်ခြင်းမှာ လိုအပ်နေချိန်တွင် ကူညီ လိုက်ခြင်းပင် ဖြစ်သည်။ လက်ရှိတွင် ရှမ့်လန်သည် ဂိုဏ်းချုပ်ရန်၏ ဖျက်ဆီးမှုကြောင့် စိတ်ဝိညာဉ် ပျောက်ဆုံးကာ လမ်းလျှောက်အလောင်းကောင်ကဲ့သို့ ဖြစ်နေသော မင်းသမီးရန်ယင်ယင်ကို ကယ်တင်ရန် နည်းလမ်းရှာနေရ၏။

ထိုသို့ ကယ်တင်ရန်အတွက် အိပ်မက်ဆိုးကျောက်တုံးနှင့် အားကောင်းသော စိတ်စွမ်းအင်တို့ လိုအပ်နေချိန်တွင် တော်ဝင်ကပ်ဘေးနန်းဆောင်၏ နောက်ဆုံးကျန်ရစ်သူ ဉာဏ်ကြီးရှင်ကန်ဝမ်က ဤကျမ်းစာကို ပို့ဆောင် ပေးလာခြင်းမှာ အိပ်ငိုက်နေစဉ် ခေါင်းအုံးလာပေးသကဲ့သို့ အချိန်ကိုက် ဖြစ်နေတော့သည်။ ရှမ့်လန်၏ ယူဆချက် အများစုမှာ အတည်ပြုနိုင်ခဲ့ပြီဖြစ်ပြီး ရန်ယင်ယင်ကို ကယ်တင်မည့် အချက်အလက်များမှာလည်း ကျမ်းစာ၏ ပထမတွဲတွင် ရှင်းလင်းစွာ ပါရှိနေသည်။

‘ခင်ဗျားက စိတ်ဖတ်တတ်တာလား၊ ကျုပ် ရန်ယင်ယင်ကို ကယ်ချင်နေမှန်း သိလို့ ဒီကျမ်းစာကို ပို့လိုက်တာလား။’

ရှမ့်လန်က တွေးလိုက်မိသည်။ သရဲမြို့တော်တွင်ရှိစဉ်ကပင် ကန်ဝမ်သည် ရှမ့်လန်၏ လျှို့ဝှက်ချက်များနှင့် သူသည် ဤလောကသားမဟုတ်ကြောင်းကိုပါ သိရှိနေခဲ့ရာ ထိုသူမှာ အမှန်တကယ်ပင် နတ်ဆိုးဆန်ပြီး ခန့်မှန်းရ ခက်ခဲလှသည်။ အရေးကြီးဆုံးမှာ ထိုသူသည် မိတ်ဆွလား၊ ရန်သူလား မသိသည့် အချက်ပင်။

ထို့အပြင် ရှမ့်လန်၏ ထင်မြင်ယူဆချက်အရ ရှမ့်လန်၏ လှုပ်ရှားမှုတိုင်းကို လျှို့ဝှက်စောင့်ကြည့်နေသူ တစ်ဦးဦးတော့ ရှိရမည် မဟုတ်ပါလား။ ယခင်က မြေအောက်သင်္ချိုင်းတွင် ခမ်းနားထည်ဝါသော စစ်သည်တော် အမျိုးသမီး ရန်ထောင်သည် သူ့အား အချိန်ပြည့် စောင့်ကြည့်ခဲ့ဖူး၏။ သူ၏ အခန်းဘေးတွင်လည်း အမွှာညီအစ်ကိုက ရှမ့်လန်၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေခဲ့ဖူးသည် မဟုတ်ပါလား။

သို့သော်ငြား ယခုအချိန်၌ ရှမ့်လန်သည် ရှင်သန်နေသော သေခြင်းတရားကျမ်းစာကို လေ့လာနေချိန်တွင် ပေတစ်ရာ ပတ်လည်၌ လူရိပ်လူယောင် တစ်ခုမှ မတွေ့ရချေ။ မည်သူမှ သူ့အား စောင့်ကြည့်မနေသကဲ့သို့ မည်သူမှ လည်း ခိုးနားထောင်ခြင်း မရှိပေ။ ရှေးဟောင်းနဂါးသေတ္တာကိုလည်း သန့်ရှင်းရေး ပြုလုပ်ပြီး ရှမ့်လန်၏ အိပ်ခန်းထဲတွင် ထားရှိထား၏။

သူ့အခြေအနေသည် အကျယ်ချုပ် ကျနေသူနှင့် မတူသကဲ့သို့ ရုပ်သေးရုပ်တစ်ရုပ်နှင့်လည်း တူမနေပြန်ချေ။ သို့ရာတွင် ရှမ့်လန်သည် ထိုအတွေးများကို ဦးနှောက် အနောက်ဘက်သို့ ပို့ထားလိုက်ပြန်၏။ သူသည် မျက်မှောက်တွင် ရှိနေသည့် ရည်မှန်းချက်ဖြစ်သော မင်းသမီး ရန်ယင်ယင်အား ကယ်တင်ရေးကိုသာ အာရုံစိုက်လိုက်သည်။

ဂိုဏ်းချုပ်ရန်၏ ပြောစကားအရ မင်းသမီး ရန်ယင်ယင်သည် နှစ်ရက်အတွင်း နန်းဆောင်သို့ ရောက်ရှိလာမည် ဖြစ်သည်။ လောလောဆယ်တွင်မူ စိတ်အေးချမ်းသာစွာ အိပ်စက်လိုက်ခြင်းက အကောင်းဆုံး ဖြစ်ပေမည်။

… …

နောက်တစ်နေ့ နံနက်တွင် ရှမ့်လန် နိုးထလာပြီးနောက် နန်းတွင်းအခြွေအရံများနှင့် မိန်းမစိုး ဒါဇင်ပေါင်းများစွာသည် မျက်နှာသစ်ပေးရန် အသင့်စောင့်ဆိုင်းနေကြ၏။

နံနက်စာ သုံးဆောင်ရန် အချိန် ကျရောက်လာပြီ ဖြစ်၏။ ဤသည်မှာ မကြုံစဖူး ဇိမ်ခံမှုမျိုး ဖြစ်ပြီး နုရှောင့်မြို့တွင် သူ ရရှိခဲ့သည့် ဆက်ဆံရေးထက် များစွာ သာလွန်ကောင်းမွန်နေ၏။ ရှမ့်လန်သည် ဇိမ်ကျသော ဘဝကို နှစ်သက်သူ ဖြစ်သော်လည်း ဤမျှလောက် ခမ်းနားထည်ဝါမှုကိုမူ မကြုံတွေ့ခဲ့ဖူးပေ။

မိန်းမစိုး ယွင်ဟိုင်က မေးမြန်းလိုက်သည်။ “အရှင်... ဒီနေ့ မနက် ညီလာခံ ကျင်းပမှာလား။”

‘မနက်ညီလာခံ ဟုတ်လား။ အဆင့်မြင့်တဲ့ ကစားပွဲပါပဲ။ ကျုပ် နုရှောင့်မြို့မှာတုန်းကတောင် မနက် ညီလာခံ မလုပ်ခဲ့ဘူး။ ခင်ဗျားတို့က စေတီတောင်ကို ကျုပ် ရှမ့်လန်ရဲ့ ယာယီနန်းတော်အဖြစ် တကယ် ပြောင်းလဲ ပေးတော့မှာလား။’

ရှမ့်လန်က ဆိုလိုက်၏။ “ကောင်းပြီလေ... ဒါဆိုရင် မနက် ညီလာခံ ကျင်းပကြတာပေါ့။”

… …

ထို့နောက်တွင် ရှမ့်လန်သည် အမှန်တကယ်ပင် မနက်ညီလာခံကို ကျင်းပခဲ့၏။ ဤသည်မှာ သူ၏ ဘဝတွင် ပထမဆုံးအကြိမ် ညီလာခံ ကျင်းပဖူးခြင်း ဖြစ်၏။ ဂီတသံများနှင့် လုပ်ငန်းစဉ်များသည် ရွှဲ့ပြည်နယ်မှ နင်ယွမ်ရှန်း ညီလာခံတက်စဉ်ကထက်ပင် ပိုမိုကျွမ်းကျင်ပိုင်နိုင်ကြ၏။ ထို့အပြင် ဤသည်မှာ ညီလာခံအငယ်စား တစ်ခုမျှသာ ရှိသေးသည်။

ခမ်းနားထည်ဝါသော ခန်းမဆောင်ကြီးထဲတွင် ရှမ့်လန်သည် နဂါးဝတ်ရုံနှင့် သရဖူကို ဝတ်ဆင်ထား၏။

မှူးမတ်ပေါင်း ရာချီတို့သည် သူ့အောက်တွင် တန်းနှစ်တန်း စီတန်းလျက် ရှိကြသည်။ “အရှင်ကို ဂါရဝပြုပါတယ်။ အရှင် သက်တော်ရာကျော် ရှည်ပါစေ။”

မိန်းမစိုး ယွင်ဟိုင်က ကြေညာလိုက်၏။ “လျှောက်တင်စရာ ရှိလျှင် လျှောက်တင်နိုင်ပြီး မရှိရင် ညီလာခံ သိမ်းပါမယ်။”

တရားလွှတ်တော်ချုပ်သို့ အစီရင်ခံမည့်သူ တကယ် ရှိ၊ မရှိ ရှမ့်လန် သိလိုလှသည်။ ထို့အပြင် စေတီတောင်၏ အငွေ့အသက်များကို ဖျောက်ဖျက်ထားကြောင်းလည်း သူ သတိထားမိလိုက်သည်။

ရှိနေသူအားလုံးသည် ချန်အင်ပါယာ၏ မှူးမတ်ဝတ်ရုံများကို ဝတ်ဆင်ထားကြ၏။ ငရဲတပ်တော်မှ စစ်သည်အားလုံးသည်လည်း ချန်အင်ပါယာ၏ တံဆိပ်များကို ဝတ်ဆင်ထားကြ၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤနေရာသည် စစ်မှန်သော ချန်နန်းတော်ဟု ခံစားရစေ၏။ ချန်မြို့တော်ရှိ နန်းတော်ထက်ပင် ပို၍ တရားဝင် ဆန်နေသေး၏။

ဂိုဏ်းချုပ်ရန်က လျှောက်တင်လိုက်သည်။ “ကျုပ်မှာ လျှောက်တင်စရာ ရှိပါတယ်။”

ရှမ့်လန်က ပြန်ပြောလိုက်၏။ “ပြောပါ။”

ဂိုဏ်းချုပ်ရန်သည် တန်းစီထားသော လူအုပ်ထဲမှ ထွက်လာပြီး ဦးညွှတ်လျက် ဆိုလိုက်သည်။ “အရှင်... ကျုပ်တို့ စေတီနန်းဆောင် ပြုပြင်ဖွဲ့စည်းမှု ပြီးစီးပါပြီ။ ဒါက မူလ စေတီတောင်ရဲ့ အရာရှိများကို ရာထူးနေရာ ချထားပေးရန် ကျုပ် တစ်ညလုံး အချိန်ယူ စီစဉ်ထားသည့် အမည်စာရင်းပါ။”

ထို့နောက် မိန်းမစိုးယွင်ဟိုင်က ဂိုဏ်းချုပ်ရန်၏ စာလွှာကို ယူလိုက်၏။ ထိုအထဲတွင် အမည်ပေါင်း တစ်ထောင်ခန့် ပါရှိ၏။ သူတို့အားလုံးသည် စေတီတောင်မှ အရေးပါသော ပုဂ္ဂိုလ်များ ဖြစ်ကြ၏။

ဂိုဏ်းချုပ်ရန်က ဆက်လက် ပြောကြားလိုက်သည်။ “အရှင် သဘောတူတယ်ဆိုရင် အမည်စာရင်း မိတ္တူ နှစ်စောင်ကို ချန်မြို့တော်နှင့် နုရှောင့်မြို့သို့ ပေးပို့လိုက်ပါမယ်။ နန်းရင်းဝန်ရုံးနှင့် အင်ပါယာ အတိုင်ပင်ခံရုံးတို့ရဲ့ အရာရှိများကို စေတီတောင်နန်းဆောင်သို့ စေလွှတ်ပြီး အရာရှိ ခန့်အပ်ခြင်းနှင့် ဖယ်ရှားခြင်းတို့ကို လမ်းညွှန်မှု ပြုလုပ်စေလိုပါတယ်။”

ရှမ့်လန်က ပြန်ဖြေလိုက်၏။ “ကောင်းပြီ... ခွင့်ပြုလိုက်မယ်။”

ချက်ချင်းပဲ စေတီနန်းဆောင်မှ အထူးစစ်သည်ဆယ်ဦးကျော်သည် တရားဝင် အမိန့်စာများနှင့်အတူ ချန်မြို့တော် နှင့် နုရှောင့်မြို့ဆီသို့ ပျံသန်းထွက်ခွာသွားကြ၏။ အရာရာသည် အလွန်တရာ တရားဝင် ဆန်လွန်းနေ၏။ ရှမ့်လန်၏ ချင်အင်ပါယာထက်ပင် ပို၍ စနစ်ကျနေသေးသည်။

ရှမ့်လန် ရုတ်တရက် မေးလိုက်၏။ “မဟာဆရာသခင်... ရန်တန်ရှောင် ချန်မြို့တော်က ထွက်ခွာလာတုန်းက နဂါးအရှိန်အဝါ သုံးစုံ ယူဆောင်သွားခဲ့တယ် မဟုတ်လား။”

ဂိုဏ်းချုပ်ရန်က ပြန်ဖြေ၏။ “ဟုတ်ပါတယ်။ စေတီတောင်က ချန်အင်ပါယာနှင့် အပြည့်အဝ မပူးပေါင်း ရသေးသောကြောင့် နဂါးအရှိန်အဝါ သုံးစုံကို စေတီတောင်အတွက် မဟာဗျူဟာမြောက် အရင်းအမြစ်များ အဖြစ် သတ်မှတ်ထားခဲ့ပါတယ်။ အခု သစ္စာဆိုပွဲ အခမ်းအနား ပြီးစီးသွားပြီ ဖြစ်တာကြောင့် အရင်းအမြစ်များ အားလုံးကို အရှင် စိတ်တိုင်းကျ စီမံနိုင်ပါပြီ။”

ရှမ့်လန်က အမိန့်ပေးလိုက်သည်။ “ဒါဆိုရင် နှစ်စုံကို ချန်မြို့တော်ဆီ ပို့ပြီး ကျန်တစ်စုံကို နုရှောင့်မြို့ဆီ ပို့လိုက်ပါ။”

ဂိုဏ်းချုပ်ရန်က ပြန်လျှောက်တင်၏။ “ကောင်းပါပြီ။ ချက်ချင်း စီစဉ်လိုက်ပါမယ်။”

All Chapters