← Chapters

အခန်း (၇၀၆-၇၀၈)

Vol. 48 Ch. 706-708

အခန်း (၇၀၆-၇၀၈)

Vol. 48 Ch. 706-708

အပိုင်း (၇၀၆) ယောက္ခမနှင့် သားမက် (၂)

နောက်တစ်နေ့တွင် ရှင်းယန်ဝမ်သည် နန်းတော်ထဲသို့ စောစောစီးစီး ရောက်ရှိလာလေသည်။

လီကျင့်ကတော့ ယမန်နေ့ညက အရက်သောက်ထားပြီး အိပ်ရာဝင် နောက်ကျခဲ့သဖြင့် ပုံမှန်ထက် နှစ်နာရီခန့် နောက်ကျပြီးမှ အိပ်ရာထလေသည်။

ယောက္ခမဖြစ်သူက ဖူနင်နန်းဆောင်တွင် စောင့်ဆိုင်းနေကြောင်း ကြားသိရသည့်အခါ လီကျင့်သည် အားနာသွားပြီး အလျင်အမြန်ပင် အဝတ်အစားလဲကာ မျက်နှာသစ်လိုက်လေသည်။ လမ်းလျှောက်သည့် အရှိန်သည်လည်း ပုံမှန်ထက် ပိုမြန်နေ၏။

လုလင်းကတော့ စိတ်မလောဘဲ တည်ငြိမ်အေးဆေးစွာ စောင့်ဆိုင်းနေလေသည်။ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာသော နဖူးတွင် ချွေးစို့နေသည့် အရှင်မင်းကြီးကို ဂါရဝပြုလိုက်သည်။ "အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"

အနောက်နန်းဆောင်တွင် မိဖုရားခေါင် တစ်ပါးတည်းသာ ရှိပြီး အရှင်မင်းကြီးသည်လည်း တခြားမိန်းမလှလေးများကို မျက်နှာသာပေးကာ ရှုပ်ရှုပ်ပွေပွေ နေထိုင်ခြင်း မရှိပေ။ သူသည် သမီးနှင့် သားမက်တို့ သင့်မြတ်ချစ်ခင်စွာ နေထိုင်ကြသည်ကို အလွန် ဝမ်းမြောက်မိလေသည်။

လီကျင့်သည် ပြုံးရွှင်စွာဖြင့် လုလင်းကို တွဲထူပေးလိုက်ပြီး မျက်နှာပူပူနှင့် ရှင်းပြလိုက်လေသည်။ "မနေ့ညက အရက်သောက်ထားတာ များသွားလို့ ဒီနေ့ အိပ်ရာထ နောက်ကျသွားတယ်"

ယောက္ခမကတော့ နည်းနည်းလေးမှ စိတ်ထဲမထားဘဲ ပြုံးရွှင်စွာ ပြောလိုက်လေသည်။ "ကျွန်တော်မျိုးလည်း စောင့်နေတာ မကြာသေးပါဘူး"

လီကျင့်သည် ရှက်ရွံ့စွာ ပြုံးလိုက်ပြီး ယောက္ခမဖြစ်သူကို ခေါ်ဆောင်ကာ စာကြည့်ဆောင်သို့ သွားလိုက်လေသည်။

ဤနေရာသည် လီကျင့် စာဖတ်လေ့ရှိသော နေရာဖြစ်ပြီး အတွင်းနန်းဆောင်ကုန်းကုန်းများကို အပြင်ထွက်ခိုင်းလိုက်သဖြင့် ယောက္ခမနှင့် သားမက် နှစ်ယောက်တည်း လွတ်လပ်စွာ စကားပြောဆိုနိုင်လေသည်။ လီကျင့်သည် မိမိကိုယ်ကို ကျန်း ဟု မသုံးနှုန်းတော့ဘဲ ရင်းနှီးစွာ ပြောလိုက်လေသည်။ "ယွဲ့ဖုက အပြင်မှာ စစ်တိုက်နေတာ တစ်နှစ်ကျော်ပြီဆိုတော့ စစ်ပွဲအကြောင်းလေးတွေ ပြောပြပါဦး"

လုလင်းကလည်း စိတ်ဝင်စားစရာ ကောင်းလေသည်။ လီကျင့်က မည်သို့ပင် ခေါ်ဝေါ်စေကာမူ သူကတော့ အရှင်မင်းကြီး ဟုသာ တစ်ခွန်းပြီးတစ်ခွန်း ခေါ်ဝေါ်နေလေသည်။

ဤသို့ဖြင့် သူတို့နှစ်ဦးသည် အချိန်အတော်ကြာ စကားစမြည် ပြောဆိုနေကြလေသည်။

ရှောင်ယွမ်ကုန်းကုန်း ရောက်လာပြီး လျှောက်တင်လိုက်မှသာ စကားဝိုင်း ပြတ်တောက်သွားတော့သည်။ "အရှင်မင်းကြီး... ဝန်ကြီးတချို့က အရေးကြီးတဲ့ နိုင်ငံရေးကိစ္စတွေ လျှောက်တင်စရာ ရှိလို့ပါတဲ့"

သာ့ဝေတိုင်းပြည်သည် နယ်မြေကျယ်ဝန်းသဖြင့် နေ့စဉ်နှင့်အမျှ နိုင်ငံရေးကိစ္စများ ရှုပ်ထွေး များပြားလှသည်။ အရှင်မင်းကြီး တစ်ပါးတည်းဖြင့် ထိုမျှများပြားသော ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် လျှောက်တင်လွှာများကို အမတ်ရုံးသို့ အရင်ဆုံး ပေးပို့ရပြီး အမတ်များက စိစစ်ကာ အရေးကြီးသည်များကို ရွေးချယ်ပြီးမှ အရှင်မင်းကြီးထံ ဆက်သရလေသည်။

အထူးအရေးကြီးသော ကိစ္စရပ်များ ရှိလာပါက ကိုယ်တိုင်ကိုယ်ကျ လျှောက်တင်ပြီး ဆွေးနွေးရလေသည်။ ထို့ကြောင့် နေ့စဉ်လိုလို ညီလာခံအသေးစားများ ရှိနေတတ်သည်။

လီကျင့်သည် အားနာစွာဖြင့် လုလင်းကို ပြောလိုက်လေသည်။ "ကျွန်တော်က ယွဲ့ဖုနဲ့ အချိန်အကြာကြီး စကားပြောချင်နေတာ။ မထင်မှတ်ဘဲ နိုင်ငံရေးကိစ္စတွေ ပေါ်လာပြန်ပြီ"

လုလင်းက ပြုံးကာ ပြောလိုက်၏။ "တိုင်းပြည်အရေးက အဓိက ကျပါတယ်။ ကျွန်တော်မျိုး မြို့တော်ကို ပြန်ရောက်နေပြီဆိုတော့ အရှင်မင်းကြီး တွေ့ချင်တဲ့အချိန်တိုင်း အချိန်မရွေး လာတွေ့လို့ ရပါတယ်"

ဒါလည်း ဟုတ်တာပဲ။

လီကျင့်က ပြုံးလိုက်ပြီး "ယွဲ့ဖုလည်း ချက်ချင်း ပြန်မသွားနဲ့ဦး။ နန်းတော်ထဲ ရောက်တုန်းရောက်ခိုက် ကျောင်းဖန်နန်းဆောင်ကို သွားလိုက်ပါဦး။ နေ့လယ်စာကို ရှောင်ယွိနဲ့အတူ စားလိုက်လေ"

ထိုအကြံပြုချက်သည် လုလင်း၏ ဆန္ဒနှင့် တစ်ထပ်တည်း ကျနေလေသည်။

မနေ့က သားအဖနှစ်ယောက် ပြန်တွေ့ကြသော်လည်း မျက်နှာချင်းဆိုင် စကားအနည်းငယ် ပြောပြီးသည်နှင့် သူက နန်းတွင်းစားပွဲတော် တက်ရောက်ရန် ထွက်သွားခဲ့ရသည်။ ယနေ့ အားလပ်ချိန်တွင် သမီးဖြစ်သူနှင့်အတူ နေ့လယ်စာစားရင်း အချိန်ဖြုန်းရသည်မှာ သူ့အတွက် အကြီးမားဆုံး ဆုလာဘ်ပင် ဖြစ်လေသည်။

လုလင်းသည် ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်လေသည်။ "အပြင်လူက အနောက်နန်းဆောင်ထဲ ဝင်ထွက်တာ စည်းကမ်းနဲ့ မညီပေမယ့် အရှင်မင်းကြီးက ဟွမ်ဟုပ်ညန်ညန်ကို သွားတွေ့ဖို့ ခွင့်ပြုပေးမှတော့ ကျွန်တော်မျိုး မျက်နှာပြောင်တိုက်ပြီး သွားလိုက်ပါ့မယ်"

ထိုအချိန်တွင် လုမင်ယွိသည် နန်းတွင်းရေးရာ ကိစ္စများကို ကိုင်တွယ်ဖြေရှင်းပြီးလောက်ပြီ ဖြစ်သည်။

ဖခင်ဖြစ်သူ ရောက်လာကြောင်း ကြားသိရသည့်အခါ လုမင်ယွိသည် ဝမ်းသာအားရ ဖြစ်သွားပြီး မျက်ဝန်းနက်များထဲတွင် အပြုံးရိပ်များ ယှက်သန်းကာ ကြိုဆိုရန် အလျင်အမြန် ထွက်လာခဲ့၏။

လုလင်းသည် အရာရာကို စေ့စပ်သေချာစွာ လုပ်ဆောင်တတ်သူ ဖြစ်သဖြင့် မျက်နှာသာပေးမှုကို အခွင့်ကောင်းယူပြီး ဘဝင်မြင့်သည့် အပြုအမူမျိုး လုံးဝ မလုပ်ဆောင်ပေ။ အမတ်တစ်ယောက်အနေဖြင့် ဂါရဝပြုရန်သာ တင်းခံနေတော့သည်။ လုမင်ယွိသည် ဖခင်ဖြစ်သူကို မလွန်ဆန်နိုင်သဖြင့် ဂါရဝပြုသည်ကို လက်ခံလိုက်ရပြီးမှ ဖခင်ဖြစ်သူကို တွဲထူလိုက်လေသည်။

သားအဖနှစ်ယောက် နေရာယူကြသည်။

လုမင်ယွိက ပြုံးရွှင်စွာ ပြောလိုက်လေသည်။ "သမီး နေ့လယ်စာ ပြင်ဆင်ခိုင်းလိုက်မယ်။ အဖေ ဒီနေ့ ဒီမှာပဲ နေ့လယ်စာ စားသွားနော်"

လုလင်းကလည်း ပြုံးကာ ပြောလိုက်လေသည်။ "အဖေက ဗိုက်အဆာခံပြီး ပြန်ဖို့ စိတ်ကူးမရှိပါဘူး"

ထိုစကားကြောင့် ဘေးနားရှိ ချီယွင်သည် သဘောကျကာ ပြုံးလိုက်မိလေသည်။ သခင်မလေး၏ မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာနေသည်ကို တွေ့မြင်နေရသည်။

ညန်ညန် ဒီလောက် ပျော်ရွှင်နေတာ မတွေ့ရတာ ကြာပြီ။

သားအဖနှစ်ယောက်သည် စစ်ပွဲအကြောင်း၊ နိုင်ငံရေးအကြောင်းများကို မပြောကြဘဲ မိသားစု အကြောင်းများကိုသာ ပြောဆိုနေကြသဖြင့် အလွန် သက်တောင့်သက်သာ ရှိလှသည်။ မွန်းတည့်ချိန်တွင် သားသမီးသုံးယောက် ရောက်ရှိလာကြပြီး လီကျင့်သည်လည်း ယောက္ခမနှင့်အတူ နေ့လယ်စာစားရန် အထူးတလည် ရောက်ရှိလာခဲ့လေသည်။

လုလင်းသည် ရင်ထဲတွင် ကျေနပ်နှစ်သိမ့်နေမိသည်။

မေးမြန်းနေရခြင်းက ကိုယ်တိုင် မြင်တွေ့ရခြင်းလောက် စိတ်ချရမည် မဟုတ်ပေ။

လီကျင့်သည် ဧကရာဇ်မင်းမြတ် ဖြစ်လာသော်လည်း လုမင်ယွိအပေါ် ထားရှိသည့် သဘောထားမှာ ပြောင်းလဲခြင်း မရှိဘဲ ယခင်အတိုင်းပင် ဖြစ်နေလေသည်။ လုမင်ယွိအတွက် ဟင်းထည့်ပေးလိုက်၊ သားငယ်လေး၏ ပါးစပ်မှ ပေကျံနေသည်များကို လက်ကိုင်ပုဝါဖြင့် သုတ်ပေးလိုက်နှင့် လင်မယားနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြပြီး အမူအရာတိုင်းတွင် နားလည်မှုများ အပြည့်ရှိနေလေသည်။

......

သုံးရက်ကြာပြီးနောက် လုလင်းသည် အမတ်များအားလုံးကို တုန်လှုပ်သွားစေမည့် လျှောက်တင်လွှာတစ်စောင် ဆက်သလိုက်လေသည်။

ရှင်းယန်စစ်တပ်သည် တစ်နှစ်ကျော်ကြာ တိုက်ခိုက်ခဲ့ပြီး ယန်ချူပုန်ကန်မှုကို နှိမ်နင်းကာ ကြီးမားသော အကျိုးဆောင်မှုကို ပြုလုပ်ခဲ့သည်။ ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သည်။ ထုံးစံအရဆိုလျှင် စစ်ပွဲပြီးဆုံးပါက စစ်သည်အသစ်များ စုဆောင်းပြီး စစ်အင်အား ဖြည့်တင်းရမည် ဖြစ်သည်။

သို့သော် လုလင်း၏ လျှောက်တင်လွှာတွင်တော့ ဆန့်ကျင်ဘက် အကြောင်းအရာကို တင်ပြထားလေသည်။ အသက်လေးဆယ်ကျော်နေပြီဖြစ်သော စစ်သည်ဟောင်းများကို နေရပ်ပြန်ပို့ရန် တောင်းဆိုထားခြင်း ဖြစ်သည်။

စစ်တပ်ထဲတွင် အတွေ့အကြုံရင့်ကျက်သော စစ်သည်ဟောင်းတစ်ယောက်သည် စစ်သည်သစ်သုံးယောက်နှင့် ညီမျှလေသည်။ ဖူယန်မြို့စားပင်လျှင် မျက်လုံးပြူးသွားပြီး လုလင်းကို လူအတစ်ယောက်လို ကြည့်နေမိတော့သည်။

ကျောက်မိသားစုစစ်တပ်မှ စေလွှတ်လိုက်သော စစ်သည်နှစ်သောင်း၏ ထက်ဝက်ကျော်မှာ စစ်သည်သစ်များ ဖြစ်ကြသည်။ တကယ့် အထက်တန်းစား စစ်သည်တော်များကို ချန်ထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် စစ်သည်နှစ်သောင်းကို စွန့်လွှတ်လိုက်ရသော်လည်း နှမြောသော်ငြား အထိနာခြင်း မရှိပေ။ နောင်တွင် စစ်အင်အား ဖြည့်တင်းလိုပါက စစ်သည်သစ်များကို စုဆောင်းပြီး စစ်သည်ဟောင်းများနှင့် တွဲဖက်လေ့ကျင့်ပေးလိုက်ရုံသာ။

ရှင်းယန်ဝမ်ကတော့ ရိုးသားလွန်းအားကြီးနေပြီ။ စစ်သည်ဟောင်းတွေ အကုန်လုံးကို လူစုခွဲလိုက်မယ် ဆိုတာက ကိုယ့်လက်ကိုယ် ပြန်ဖြတ်လိုက်သလို ဖြစ်မနေဘူးလား။

နဂါးပလ္လင်ပေါ်တွင် ထိုင်နေသော လီကျင့်သည်လည်း ယောက္ခမ၏ လုပ်ရပ်ကြောင့် တုန်လှုပ်သွားတော့၏။

အရင်တုန်းက ယောက္ခမနဲ့ သားမက် စကားပြောတုန်းက ယောက္ခမက တစ်လုံးမှ မဟခဲ့ပါဘူး။ ဘာလို့ ရုတ်တရက်ကြီး လျှောက်တင်လွှာ တင်လိုက်တာလဲ။

လီကျင့်သည် စိတ်ရှုပ်ထွေးသွားပြီး ဘာပြောရမည်မသိ ဖြစ်နေတော့သည်။

လုလင်းသည် ဆုံးဖြတ်ချက် ချပြီးသားဖြစ်ရာ တည်ငြိမ်အေးဆေးစွာ ပြောလိုက်၏။ "နတ်ရွဦစံ အရှင်မင်းကြီး လက်ထက်တုန်းက ဆယ်နှစ်ကျော်ကြာ စစ်တိုက်ခဲ့ပြီး သာ့ဝေနယ်မြေတွေကို စည်းလုံးညီညွတ်အောင် လုပ်ခဲ့တယ်။ အခု ယန်ချူပုန်ကန်မှုကိုလည်း နှိမ်နင်းပြီးပြီဆိုတော့ တိုင်းပြည်က အေးချမ်းသွားပြီ။ စစ်တပ်မှာ စစ်သည်အင်အား ဒီလောက်အများကြီး မလိုတော့ပါဘူး"

"ကျွန်တော်မျိုးက စစ်သည်ဟောင်းတွေကို နေရပ်ပြန်ပို့ချင်တာက သူတို့တွေ နှစ်ပေါင်းများစွာ စစ်တိုက်ခဲ့ရတာကို ကိုယ်ချင်းစာလို့ပါ။ အခု သူတို့တွေလည်း အသက်ကြီးကုန်ကြပြီဆိုတော့ နေရပ်ပြန်ပြီး အိမ်ထောင်ပြု၊ သားသမီးမွေးနဲ့ အေးအေးချမ်းချမ်း နေသင့်ပါပြီ"

"စစ်သည်ဟောင်းတွေကို နေရပ်ပြန်ပို့ရင် နေရာချထားရေးအတွက် ငွေကြေးအမြောက်အမြား သုံးစွဲရပါလိမ့်မယ်။ ဒီကိစ္စကို ဝန်ကြီးကောင်းနဲ့ ဝန်ကြီးယန်တို့ တာဝန်ယူ ဆောင်ရွက်ပေးကြပါ"

ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဝန်ကြီးကောင်းသည် အံ့သြမှင်သက်နေရာမှ သတိပြန်ဝင်လာပြီး ချက်ချင်း ပြောလိုက်လေသည်။ "ရှင်းယန်ဝမ် ပြောတာ မှန်ပါတယ်။ ဒါက ကျွန်တော်မျိုးတို့ လုပ်ဆောင်ရမယ့် တာဝန်ပါ။ ပင်ပန်းတယ်လို့ သဘောမထားပါဘူး"

သာ့ဝေတိုင်းပြည် ဘဏ္ဍာတိုက်ထဲမှ ငွေကြေးထက်ဝက်ခန့်သည် စစ်တပ်အတွက် သုံးစွဲနေရခြင်း ဖြစ်သည်။

ဘဏ္ဍာရေးဝန်ကြီးဌာန၏ ရပ်တည်ချက်အရ ပြောရလျှင် စစ်သည်အင်အား နည်းလေ ကောင်းလေပင်။

သို့သော်လည်း စစ်အင်အားကို လျှော့ချလွန်းလျှင်လည်း မဖြစ်ချေ။ တောင့်တင်းခိုင်မာသော စစ်တပ်နှင့် အင်အားမရှိပါက ပုန်ကန်မှုများ ဖြစ်ပေါ်လာလျှင် တိုင်းပြည်ပျက်စီးမည့် အန္တရာယ် ရှိလေသည်။ မည်သို့ ချိန်ညှိရမည်ကတော့ အရှင်မင်းကြီး၏ တာဝန်သာ။

ချောင်ကောလောင်သည် စဉ်းစားချင့်ချိန်ပြီးနောက် ပြောလိုက်လေသည်။ "ကျွန်တော်မျိုး ထင်မြင်တာကတော့ ရှင်းယန်ဝမ် ပြောတာ အကျိုးကြောင်း ဆီလျော်မှု ရှိပါတယ်။ ရှင်းယန်ဝမ်ရဲ့ တောင်းဆိုချက်ကို လက်ခံပြီး စစ်သည်ဟောင်းတွေကို နေရပ်ပြန်ပို့ဖို့ အမိန့်တော် ချမှတ်ပေးတော်မူပါ အရှင်မင်းကြီး"

ထိုသို့ပြောရင်း ဖူယန်မြို့စားကို တစ်ချက်ကြည့်လိုက်လေသည်။

ဖူယန်မြို့စား "..."

ဘာကြည့်တာလဲ။ ငါက အဲဒီလောက် မအဘူး။

ပြီးတော့ ငါက ကျောက်မိသားစုစစ်တပ်ထဲက စစ်သည်နှစ်သောင်းကို ယန်ချူဒေသမှာ တပ်စွဲဖို့ ပေးလိုက်ပြီးပြီ။ ငါ့အသားကို ထပ်လှီးချင်နေသေးတာလား။

ဖူယန်မြို့စားသည် စိတ်ထဲတွင် နှာခေါင်းရှုံ့လိုက်ပြီး ချောင်ကောလောင်၏ အဓိပ္ပာယ်ပါသော အကြည့်ကို မမြင်ချင်ယောင် ဆောင်လိုက်လေသည်။

ဝန်ကြီးလော်သည် ချောင်ကောလောင်နှင့် တစ်ဖွဲ့တည်း ဖြစ်သဖြင့် ချောင်ကောလောင် ပြောလိုက်သည်နှင့် သူလည်း နောက်မကျစေဘဲ ချက်ချင်း ထောက်ခံလိုက်လေသည်။ "ကျွန်တော်မျိုးလည်း ထောက်ခံပါတယ်။ အမိန့်တော် ချမှတ်ပေးတော်မူပါ အရှင်မင်းကြီး"

နဂါးပလ္လင်ပေါ်မှ ဧကရာဇ်မင်းမြတ်သည် ယောက္ခမကို စိုက်ကြည့်နေပြီး မျက်ဝန်းထဲတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ယှက်သန်းနေလေသည်။ သူသည် အတန်ကြာ တိတ်ဆိတ်နေပြီးမှ ပြောလိုက်လေသည်။ "ရှင်းယန်ဝမ်ရဲ့ လျှောက်တင်လွှာကို ကျန်း ခွင့်ပြုလိုက်ပြီ"

အမတ်မင်းများသည် သက်ပြင်းချလိုက်ကြလေသည်။

လုလင်းသည်လည်း စိတ်ထဲတွင် ချီးကျူးလိုက်မိလေသည်။

ဆွေမျိုးတော်စပ်မှုက တစ်ပိုင်း၊ အာဏာက တစ်ပိုင်း ဖြစ်သည်။ အာဏာခိုင်မြဲစေရန်အတွက် လိုအပ်လာလျှင် ရက်စက်သော ဆုံးဖြတ်ချက်များကို ပြတ်သားစွာ ချမှတ်နိုင်ရမည်။

ထိုအချက်ကို နားလည်သဘောပေါက်မှသာ လီကျင့်သည် ပြီးပြည့်စုံသော ဧကရာဇ်မင်းမြတ် တစ်ပါး ဖြစ်လာပေလိမ့်မည်။

...

အပိုင်း (၇၀၇) ယောက္ခမနှင့် သားမက် (၃)

ဘယ်လို။

အဖေက စစ်သည်ဟောင်းတွေကို နေရပ်ပြန်ပို့မယ် ဟုတ်လား။

လုမင်ယွိသည် ထိုသတင်းကို ကြားလိုက်ရသည့်အခါ တုန်လှုပ်သွားပြီး ရုတ်တရက် မတ်တပ်ထရပ်လိုက်မိတော့သည်။ "ချီယွင်... ဒီသတင်းကို ဘယ်သူ လာပို့တာလဲ"

ချီယွင်က တိုးတိုးလေး ပြန်ဖြေလိုက်၏။ "ဒါက ရှောင်ယွမ်ကုန်းကုန်းက အတွင်းနန်းဆောင်ကုန်းကုန်း တစ်ယောက်ကို လွှတ်ပြီး လာပြောခိုင်းတာပါ။ ညီလာခံပြီးတော့ အရှင်မင်းကြီးက ရှင်းယန်ဝမ်ကို ဖူနဉ်နန်းဆောင်မှာ တွေ့မယ်လို့ အမိန့်တော် ပြန်တမ်း ထုတ်လိုက်တယ်။ အရှင်မင်းကြီးက ညန်ညန် သတင်းကြားရင် အထင်လွဲသွားမှာစိုးလို့ တမင်သက်သက် လူလွှတ်ပြီး လာပြောခိုင်းတာပါ"

ဒီကိစ္စက တကယ်ကို ရုတ်တရက် ဆန်လွန်းတယ်။

လုမင်ယွိသည် သူမ၏ ရင်ထဲမှ ခံစားချက်ကို ဖွင့်မပြောပြတတ်အောင် ဖြစ်နေလေသည်။ လည်ချောင်းထဲတွင် တစ်စုံတစ်ရာ ပိတ်ဆို့နေသလိုမျိုး မျိုချလို့လည်း မရ၊ ပြန်ထုတ်လို့လည်း မရ ဖြစ်နေ၏။

ချီယွင်သည် သခင်မလေး၏ မျက်နှာပျက်ယွင်းနေသည်ကို တွေ့လိုက်ရသောအခါ စိုးရိမ်တကြီးဖြင့် နှစ်သိမ့်ပေးလိုက်လေသည်။ "ညန်ညန် စိတ်မပူပါနဲ့။ ရှင်းယန်ဝမ်ရဲ့ စိတ်ထားအရဆိုရင် အကြောင်းမဲ့သက်သက် ဒီလို လျှောက်တင်လွှာမျိုး တင်မှာ မဟုတ်ပါဘူး။ သေချာပေါက် ကြိုတင်စဉ်းစားထားပြီးသား ဖြစ်မှာပါ"

ဟုတ်တာပဲ။

လုမင်ယွိသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး ဖြည်းညှင်းစွာ ပြန်ထိုင်လိုက်လေသည်။ "အဖေက သူ့မှာ ဒီလိုအစီအစဉ် ရှိတယ်ဆိုတာ ငါ့ကို တစ်ခွန်းမှ မပြောပြခဲ့ဘူး"

ချီယွင်သည် လုမင်ယွိ၏ ဘေးတွင် နေထိုင်ခဲ့ပြီး ကြီးမားသော ကိစ္စရပ်များကို ကြုံတွေ့ခဲ့ရသဖြင့် သူမ၏ အမြင်သည် သာမန် နန်းတွင်းသူများနှင့် မတူတော့ချေ။ "ကျောက်မိသားစုစစ်တပ်က အင်အား ခြောက်သောင်းကနေ လေးသောင်း ဖြစ်သွားပြီ။ တော်ဝင်ကိုယ်ရံတော်တပ်ကလည်း အင်အား မလုံလောက်တော့ဘူး။ အခု သုံးသောင်းလောက်ပဲ ရှိတော့တယ်။ မုန့်မိသားစုစစ်တပ်က ကျန်ရစ်တဲ့ စစ်သည်တွေကိုတော့ တချို့က နေရပ်ပြန်ပို့ပြီး တချို့က တခြားစစ်တပ်တွေဆီ ပို့လိုက်တယ်။ တကယ်လို့ ရှင်းယန်စစ်တပ်က အင်အား တစ်သိန်းလောက် ရှိနေသေးရင်တော့ သိပ်အဆင်မပြေဘူးလေ"

ဒါက လုလင်း သစ္စာရှိ မရှိ ဆိုတဲ့ ပြဿနာ မဟုတ်ဘူး။

သမီးဖြစ်သူက ဟွမ်ဟုပ်၊ မြေးဖြစ်သူက ထိုက်ဇီ ဖြစ်နေသည့်တိုင် လုမိသားစု၏ စစ်အင်အား ဤမျှ ကြီးမားနေပါက ရှင်ဘုရင်က အင်အားနည်းပြီး အမတ် အင်အားကြီးသည့် အခြေအနေမျိုး ဖြစ်ပေါ်လာနိုင်သည်။ ၎င်းသည် တော်ဝင်မိသားစု အာဏာစက်အတွက် အလွန် အန္တရာယ်များလေသည်။

လီကျင့်သည် လုမိသားစု၏ သားမက် ဖြစ်သော်လည်း သာ့ဝေတိုင်းပြည်၏ ဧကရာဇ်မင်းမြတ် ဖြစ်သည်။ ဧကရာဇ်မင်းမြတ် တစ်ပါးအနေဖြင့် အာဏာချိန်ခွင်လျှာ ညီမျှအောင် ထိန်းညှိတတ်ရမည်။

လုလင်းသည် ကိုယ်တိုင် လျှောက်တင်လွှာတင်ပြီး စစ်အင်အား လျှော့ချရန် တောင်းဆိုခြင်းဖြင့် နောင်လာမည့် ပြဿနာများနှင့် သံသယများကို ရှောင်ရှားနိုင်လိမ့်မည်။

ဤအကြောင်းတရားသည် ရှုပ်ထွေးခြင်း မရှိပေ။ လုမင်ယွိသည်လည်း သဘာဝကျစွာ နားလည်သဘောပေါက်လေသည်။ ရင်ထဲမှ ဒေါသများ ပျောက်ကွယ်သွားပြီး ဝမ်းနည်းကြေကွဲမှုနှင့်အတူ ကြည်နူးမှုတို့ အစားထိုး ဝင်ရောက်လာလေသည်။

အဖေ ဒီလိုလုပ်တာ အကုန်လုံး ငါ့အတွက်ပဲ။

"ချီယွင်..." လုမင်ယွိ၏ အသံသည် တုန်ရီနေပြီး "ငါက တကယ်ပဲ သမီးလိမ္မာ မဟုတ်ပါဘူး။ ဒီနှစ်တွေမှာ အဖေက ငါ့အတွက် အမြဲတမ်း စိတ်ပူပင်ခဲ့ရတယ်။ အဖေ့ကျေးဇူးကို ငါ ပြန်ဆပ်နိုင်တာကတော့ အရမ်း နည်းလွန်းပါတယ်"

ချီယွင်က ပြန်ပြောလိုက်လေသည်။ "ကိုယ့်သားသမီးအတွက် စိတ်ပူပင်ရတာလည်း ပျော်ရွှင်စရာ ကိစ္စတစ်ခုပါပဲ။ ကျွန်မ အမြင်အရဆိုရင်တော့ ရှင်းယန်ဝမ်က ပျော်ရွှင်နေမှာပါ"

လုမင်ယွိ၏ စိတ်ထဲတွင် လှိုင်းထန်နေပြီး အချိန်အတော်ကြာသည်အထိ မငြိမ်သက်နိုင်အောင် ဖြစ်နေလေသည်။

......

ယုံမေ့နန်းဆောင်မှ မယ်တော်ကြီးချောင်သည် နှစ်နာရီခန့် ကြာပြီးနောက် သတင်းကြားသိလိုက်ရလေသည်။

ဟွေ့အန်းကုန်းကျူသည် မယ်တော်ကြီးချောင်နှင့်အတူ စကားစမြည် ပြောဆိုနေစဉ် နန်းတွင်းသူတစ်ယောက် ဝင်ရောက်လာပြီး မယ်တော်ကြီးချောင်၏ နားနားကပ်ကာ တီးတိုး လျှောက်တင်လိုက်လေသည်။ မယ်တော်ကြီးချောင်သည် အံ့အားသင့်သွားပြီး အသက်ရှူမှားသွားမတတ် ဖြစ်သွားတော့သည်။

ဟွေ့အန်းကုန်းကျူသည် သေချာ မကြားလိုက်ရသော်လည်း မယ်တော်ကြီးချောင်၏ တုန်လှုပ်သွားသော ပုံစံကို မြင်လိုက်ရသဖြင့် အလျင်အမြန် မေးလိုက်၏။ "မူဟုပ်... ဘာဖြစ်လို့လဲ"

မယ်တော်ကြီးချောင်သည် ခဏမျှ တိတ်ဆိတ်နေပြီးမှ ရှင်းယန်ဝမ် လျှောက်တင်လွှာတင်သည့် ကိစ္စကို ဟွေ့အန်းကုန်းကျူအား ပြောပြလိုက်လေသည်။

ဟွေ့အန်းကုန်းကျူသည်လည်း အံ့သြသွားပြီး ပါးစပ်မှ လွှတ်ခနဲ ထွက်သွားလေသည်။ "ရှင်းယန်ဝမ်က နောက်တစ်လှမ်း တိုးဖို့အတွက် နောက်တစ်လှမ်း ဆုတ်လိုက်တာတော့ မဟုတ်ပါဘူးနော်"

မယ်တော်ကြီးချောင်သည် သတိပြန်ဝင်လာပြီး ပွင့်လင်းလွန်းအားကြီးသည့် ဟွေ့အန်းကုန်းကျူကို မျက်စောင်းထိုးလိုက်ကာ "လျှောက်ပြောမနေနဲ့။ ရှင်းယန်ဝမ်က တိုင်းပြည်အပေါ် သစ္စာရှိတယ်။ ကိုယ်တိုင် လျှောက်တင်လွှာတင်ပြီး စစ်သည်ဟောင်းတွေကို နေရပ်ပြန်ပို့ဖို့ တောင်းဆိုတာ။ အရှင်မင်းကြီးကလည်း ရှင်းယန်ဝမ်ရဲ့ တောင်းဆိုချက်ကို ခွင့်ပြုလိုက်ပြီ"

ဒီလောက်ကြီးမားတဲ့ ကိစ္စကြီးကို ဘယ်လိုလုပ် ဟန်ဆောင်လုပ်လို့ ရမှာလဲ။

ဟွေ့အန်းကုန်းကျူသည် စကားမှားသွားကြောင်း သိလိုက်ရသဖြင့် ရှက်ရွံ့စွာ ပြောလိုက်လေသည်။ "ကျွန်မက ဒီအတိုင်း လျှောက်ပြောလိုက်တာပါ။ တခြားသဘော မရှိပါဘူး"

မယ်တော်ကြီးချောင်က မျက်နှာထား တင်းလိုက်လေသည်။ "အိုက်ကျားရဲ့ ရှေ့မို့လို့ တော်သေးတာပေါ့။ ဟွမ်ဟုပ် ရှေ့မှာသာ ဒီလိုပြောရင် မင်း မျက်နှာ အညိုမဲစွဲသွားမှာ သေချာတယ်"

ဟွေ့အန်းကုန်းကျူသည် ပါးစပ်ပိတ်ကာ ငြိမ်နေလိုက်တော့သည်။

မယ်တော်ကြီးချောင်သည် စဉ်းစားလိုက်ပြီး သက်ပြင်းချကာ ပြောလိုက်၏။ "အားကျင့်က တကယ့် မိန်းမကောင်းကို ရထားတာပဲ။ ပြီးတော့ ယောက္ခမကောင်း တစ်ယောက်လည်း ရထားသေးတယ်"

ရှင်းယန်ဝမ်သည် ကိုယ်တိုင် လျှောက်တင်လွှာတင်ပြီး အရှင်မင်းကြီးနှင့် တိုင်းပြည်၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးခဲ့သလို သစ္စာရှိမှုကိုလည်း ပြသခဲ့သည်။ ဤကဲ့သို့သော ယောက္ခမကောင်းမျိုး လောကတွင် ဒုတိယတစ်ယောက် ရှာတွေ့နိုင်မည် မဟုတ်ပေ။

ဟွေ့အန်းကုန်းကျူသည်လည်း အားကျနေမိသည်။ "ဒီလို အဖေမျိုး ရှိတာ ဟွမ်ဟုပ်က တကယ် ကံကောင်းတာပဲ"

ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်တော့လည်း... မင်းသမီးတစ်ပါး ဖြစ်ပေမယ့် ကိုယ့်အဖေအရင်းကတော့... ထားပါတော့လေ။ မပြောတာပဲ ကောင်းပါတယ်။

မယ်တော်ကြီးချောင်သည် ချက်ချင်း မတ်တပ်ထရပ်လိုက်လေသည်။ "အိုက်ကျား ကျောင်းဖန်နန်းဆောင်ကို သွားလိုက်ဦးမယ်" ဟွေ့အန်းကုန်းကျူကလည်း အလျင်အမြန် ထရပ်လိုက်လေသည်။ "ကျွန်မလည်း မူဟုပ်နဲ့အတူ လိုက်မယ်"

မယ်တော်ကြီးချောင်သည် သမီးဖြစ်သူကို အလိုမကျစွာ ကြည့်လိုက်ပြီး "မင်း ပါးစပ်က ဘာစကားတွေ ထွက်လာမလဲ မသိဘူး။ အိုက်ကျား တစ်ယောက်တည်းပဲ သွားလိုက်မယ်"

ဟွေ့အန်းကုန်းကျူ "..."

မယ်တော်ကြီးချောင်သည် တစ်ယောက်တည်း ကျောင်းဖန်နန်းဆောင်သို့ ထွက်ခွာသွားလေသည်။

ထိုအချိန်တွင် လုမင်ယွိ၏ စိတ်အခြေအနေသည် အတော်လေး တည်ငြိမ်သွားပြီ ဖြစ်သည်။

မယ်တော်ကြီးချောင် အထူးတလည် ရောက်လာသည်ကို တွေ့လိုက်ရသောအခါ လုမင်ယွိ၏ ရင်ထဲတွင် နွေးထွေးသွားလေသည်။ "မူဟုပ် ကိစ္စရှိရင် လူလွှတ်ပြီး လာပြောခိုင်းလိုက်ရင် ရတာပဲကို။ အာရှီက ယုံမေ့နန်းဆောင်ကို လာခဲ့မှာပေါ့။ ဘာလို့ ကိုယ်တိုင်ကိုယ်ကျ လာရတာလဲ"

မယ်တော်ကြီးချောင်သည် လုမင်ယွိ၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ရှင်းယန်ဝမ် လျှောက်တင်လွှာတင်တဲ့ကိစ္စကို အိုက်ကျားလည်း ကြားတယ်။ စိတ်ပူသွားလို့ ချက်ချင်း ရောက်လာတာ"

"ရှင်းယန်ဝမ်က တိုင်းပြည်အပေါ် သစ္စာရှိတယ် ဆိုတာ လူတိုင်း အသိပဲ။ အရှင်မင်းကြီးကလည်း ကျေးဇူးကန်းတတ်တဲ့သူ မဟုတ်ပါဘူး။ နောင်ကျရင် ရှင်းယန်ဝမ်ကို ကောင်းကောင်း ဆက်ဆံမှာပါ။ ပြီးတော့ မင်းနဲ့ ထိုက်ဇီကိုလည်း ဘယ်တော့မှ မျက်နှာပျက်အောင် လုပ်မှာ မဟုတ်ဘူး"

ရှင်းယန်ဝမ်သည် သမီးအတွက် စဉ်းစားပေးသလို မယ်တော်ကြီးချောင်သည်လည်း သားအတွက် စဉ်းစားပေးခြင်း ဖြစ်သည်။ ချွေးမဖြစ်သူ စိတ်မကောင်း ဖြစ်မည်စိုးသဖြင့် အပြေးအလွှား လာရောက် နှစ်သိမ့်ပေးခြင်းပင်။

လုမင်ယွိသည် ရင်ထဲတွင် နွေးထွေးသွားပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "အစတုန်းက ဒီကိစ္စကို ကြားတော့ အာရှီလည်း အရမ်း အံ့သြသွားတယ်။ အဖေက အာရှီကို တစ်ခွန်းမှ မပြောပြခဲ့ဘူး။ သူ ရုတ်တရက်ကြီး ဒီလို လျှောက်တင်လွှာတင်လိုက်လိမ့်မယ်လို့ ထင်မထားမိဘူး"

"အဖေ့ကို အာရှီ ယုံကြည်ပါတယ်။ သူ ဒီလိုလုပ်တာ အကြောင်းရင်း ရှိမှာပါ"

"အရှင်မင်းကြီးကိုလည်း အာရှီ ယုံကြည်ပါတယ်။ သူက သဘောထားကြီးပြီး ထက်မြက်တဲ့ ဧကရာဇ်မင်းမြတ် တစ်ပါးပါ။ အမတ်တွေရဲ့ သစ္စာရှိမှုကို ဘယ်တော့မှ လစ်လျူရှုမှာ မဟုတ်ပါဘူး"

မယ်တော်ကြီးချောင်၏ မျက်လုံးများထဲတွင် ကျေနပ်အားရမှုများ ပေါ်လာလေသည်။ "မင်း နားလည်ပေးနိုင်ရင် အိုက်ကျား စိတ်ချပါပြီ"

......

အရှင်မင်းကြီးသည် ရှင်းယန်ဝမ်ကို ဖူနဉ်နန်းဆောင်သို့ ခေါ်ဆောင်ပြီး စာကြည့်ဆောင်ထဲတွင် နှစ်နာရီကြာအောင် လျှို့ဝှက် ဆွေးနွေးခဲ့ကြလေသည်။ ဘာတွေ ပြောခဲ့ကြသည်ကို မည်သူမျှ မသိကြပေ။

ထိုနေ့ညနေတွင် အရှင်မင်းကြီးသည် ရှင်းယန်ဝမ်ကို ဖူနဉ်နန်းဆောင်တွင် ညစာစားရန် ဖိတ်ကြားခဲ့လေသည်။

အမတ်တစ်ယောက်အနေဖြင့် ဤမျှ ကြီးမားသော ဂုဏ်ပြုမှုကို ရရှိခြင်းသည် ရှင်းယန်ဝမ် တစ်ယောက်တည်းသာ ရှိလေသည်။

ဖူယန်မြို့စားသည် ထိုသတင်းကို ကြားသိရသည့်အခါ အားကျသလို မနာလိုလည်း ဖြစ်မိလေသည်။

သူလည်း ကျောက်မိသားစုစစ်တပ်မှ စစ်သည်နှစ်သောင်းကို စွန့်လွှတ်ခဲ့ရတာပဲ။ အဲဒီတုန်းက အရှင်မင်းကြီးက သူ့ကို ချီးကျူးစကား ပြောခဲ့ပြီး သူ့သား ကျောက်ရွေ့ကို ကိုယ်ရံတော်တပ်မှူး ရာထူး တိုးပေးခဲ့ရုံသာ ရှိတာ။ ဒီလောက်ကြီးမားတဲ့ မျက်နှာသာပေးမှုမျိုး မရရှိခဲ့ပါဘူး။

ရှင်းယန်ဝမ် ပြန်သွားပြီးနောက် အရှင်မင်းကြီးသည် ကျောင်းဖန်နန်းဆောင်သို့ ရောက်ရှိလာလေသည်။

လုမင်ယွိသည် ကုတင်ဘေးတွင် ထိုင်နေပြီး မျက်လုံးများ နီရဲနေသော ခင်ပွန်းသည်ကို ကြည့်လိုက်၏။ "ရှင် ဒီနေ့ ငိုခဲ့တာလား"

လီကျင့်က အင်း ဟုထူးလိုက်ပြီး လုမင်ယွိ၏ ဘေးတွင် ဝင်ထိုင်ကာ သူမ၏ လည်ပင်းပေါ်တွင် ခေါင်းမှီလိုက်ပြီး ခါးကို ဖက်ထားလိုက်လေသည်။ သူသည် သူမ၏ ကိုယ်သင်းနံ့ကို ပြင်းပြင်းရှူရှိုက်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ရှောင်ယွိ... ယွဲ့ဖုက ကိုယ့်အပေါ် တကယ် ကောင်းတာပဲ"

"ဒီနေ့ ကိုယ် ယွဲ့ဖုနဲ့ စကားအကြာကြီး ပြောဖြစ်တယ်။ စိတ်ထိခိုက်စရာ အကြောင်းတွေ ပြောမိတော့ ကိုယ် မနေနိုင်ဘဲ ငိုမိတယ်။ ဒီညနေ ယွဲ့ဖုနဲ့အတူ အရက်သောက်တော့လည်း ကိုယ် ထပ်ငိုမိပြန်တယ်"

"ဖုဟွမ် ရှိတုန်းက ကိုယ့်ကို အမြဲတမ်း လစ်လျူရှုခံခဲ့ရတယ်။ အရှေ့နန်းဆောင် တည်ငြိမ်ဖို့အတွက် ကိုယ် သည်းခံပြီး မြို့တော်အပြင်ဘက်ကို ထွက်ပြီး တာဝန်ထမ်းဆောင်ခဲ့ရတယ်"

"တစ်ခါတလေ ကိုယ် တွေးမိတယ်။ ကိုယ်က မတော်လို့ ဖုဟွမ်က ကိုယ့်ကို မချစ်ဘဲ အစ်ကိုကြီးနဲ့ ညီလေးကို ပိုချစ်တာလားလို့လေ"

"ယွဲ့ဖုက ကိုယ့်အပေါ် ဖုဟွမ်ထက် ပိုကောင်းတယ်။ သူက ကိုယ့်အတွက် အရာရာ စဉ်းစားပေးတယ်။ ကိုယ့်ကို အခက်တွေ့အောင် မလုပ်ဘူး။ ဒီနေ့ လျှောက်တင်လွှာတင်တဲ့ကိစ္စက ကိုယ့်ကို ပိုပြီး စိတ်ထိခိုက်စေတယ်"

"ဒီလို ယောက္ခမမျိုး ရထားတာ ကိုယ့်အတွက်တော့ ဘဝဆက်တိုင်း ရရှိခဲ့တဲ့ ကုသိုလ်ကြောင့်ပါပဲ"

...

အပိုင်း (၇၀၈) နေရာချထားခြင်း

ရှင်းယန်ဝမ်အိမ်တော်။

လုလင်းသည် နန်းတော်ထဲမှ ထွက်ခွာလာပြီးနောက် မြင်းကို ဖြည်းညှင်းစွာ စီးနင်းကာ အိမ်တော်သို့ ပြန်လာခဲ့လေသည်။ အဝေးမှနေ၍ အိမ်တော်တံခါးဝတွင် ရင်းနှီးနေသော လူတစ်ယောက် ရပ်စောင့်နေသည်ကို လှမ်းမြင်လိုက်ရ\။

ထိုသူသည် အရပ်ရှည်ပြီး စစ်သူကြီးများ၏ ရဲရင့်ပြတ်သားသော အငွေ့အသက်မျိုး ရှိလေသည်။ သူ၏ မျက်ဝန်းများသည် သိမ်းငှက်တစ်ကောင်ကဲ့သို့ စူးရှထက်မြက်နေပြီး ညအမှောင်ထဲတွင် အရောင်လက်နေလေသည်။

ထိုသူသည် မွေးစားသား လုဖေးပင်။

"ယိဖု..." လုဖေးသည် အလျင်အမြန် လျှောက်လာပြီး လုလင်းအတွက် မြင်းဇက်ကြိုးကို ကိုင်ပေးကာ မြင်းပေါ်မှ ဆင်းရန် ကူညီပေးလိုက်သည်။

လုလင်းသည် ဒီည အရက် အတော်များများ သောက်ထားလေသည်။ သို့သော် လမ်းတစ်လျှောက်တွင် လေအေးများ တိုက်ခတ်လာသဖြင့် အမူးပြေသွားခဲ့ပြီ ဖြစ်သည်။ ယခုအချိန်တွင်တော့ အနည်းငယ် မူးဝေရုံသာ ရှိတော့သည်။

မွေးစားသားသည် ဤမျှ လိမ်မာသိတတ်သဖြင့် လုလင်းသည် ဝမ်းသာပီတိဖြစ်ကာ လုဖေး၏ အကူအညီဖြင့် မြင်းပေါ်မှ ဆင်းလိုက်လေသည်။

ပြင်းထန်သော အရက်နံ့သည် နှာခေါင်းထဲသို့ တိုးဝင်လာလေသည်။ လုဖေးသည် ရယ်ချင်သွားပြီး မေးလိုက်၏။ "ယိဖုက နန်းတော်ထဲမှာ အရက် ဘယ်လောက်တောင် သောက်လာတာလဲ"

လုလင်းက တိုးတိုးလေး ရယ်မောလိုက်ကာ "အရှင်မင်းကြီး ကိုယ်တိုင် ငှဲ့ပေးတဲ့ အရက်ကို ငါက မသောက်လို့ ဘယ်ဖြစ်မလဲ"

ကြည့်ရတာ ယောက္ခမနဲ့ သားမက်နှစ်ယောက် တူတူသောက်ခဲ့ကြပုံရတယ်။

ယိဖုတောင် ဒီလောက် မူးနေမှတော့ လီကျင့်က သေချာပေါက် မူးနေလောက်ပြီ။

လုဖေးသည် သဘောထားကြီးသူ ဖြစ်သဖြင့် လီကျင့်၏ အရက်သောက်နိုင်စွမ်းကို လှောင်ပြောင်ခြင်း မပြုဘဲ လုလင်းကို တွဲကူကာ အိမ်ထဲသို့ ခေါ်ဆောင်သွားလေသည်။ လုလင်း အဝတ်အစားလဲပြီး အိပ်ရာဝင်သည်အထိ ကိုယ်တိုင်ကိုယ်ကျ ပြုစုပေးလေသည်။ လုလင်းသည် အိပ်ရာပေါ်သို့ လှဲလိုက်သည်နှင့် အမူးပြန်ထလာပြီး စကားများ ပိုပြောလာလေသည်။

"ဒီတစ်ခေါက် ငါက စစ်သည်ဟောင်းတွေကို နေရပ်ပြန်ပို့ဖို့ ကိုယ်တိုင် တင်ပြလိုက်တော့ အရှင်မင်းကြီးက အရမ်း စိတ်ထိခိုက်သွားတယ်။ ဒီည အရက်သောက်ရင်းနဲ့ အရှင်မင်းကြီးက ငါ့ကို ရင်ဖွင့်စကားတွေ အများကြီး ပြောပြတယ်။ နတ်ရွာစံ အရှင်မင်းကြီးနဲ့ သေဆုံးသွားတဲ့ လီယိ၊ လီချန်တို့ အကြောင်းတွေ ပြောပြီး ငိုတောင် ငိုလိုက်သေးတယ်။ ကြည့်ရတာ သနားစရာ ကောင်းသား"

"နတ်ရွာစံ အရှင်မင်းကြီးက အရာရာ တော်ပေမယ့် အိမ်တွင်းရေးမှာတော့ အရမ်း ညံ့ဖျင်းတယ်။ တရားဝင် မိဖုရားခေါင်ကြီးနဲ့ သားတော်အရင်းကိုတော့ လစ်လျူရှုပြီး မုန့်မိသားစု သားအမိကိုပဲ အလိုလိုက်ခဲ့တယ်။ အဲဒီတော့ လီယိက ဘဝင်မြင့်ပြီး မဖြစ်သင့်တာတွေ ဖြစ်ကုန်တာပေါ့"

"သားဆိုးရင် အဖေမှာ တာဝန်ရှိတယ်တဲ့။ အခုလို အဖြစ်ဆိုးနဲ့ ကြုံရတာ နတ်ရွာစံ အရှင်မင်းကြီး မြေအောက်ကနေ သိရင် နောင်တရနေလောက်ပြီ"

လုဖေးက လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "သားသမီး ဆုံးမတဲ့နေရာမှာတော့ နတ်ရွာစံ အရှင်မင်းကြီးက ယိဖုကို ဘယ်မီပါ့မလဲ"

ဖခင်တစ်ယောက်က သားသမီးအပေါ် ထားရှိသည့် မေတ္တာကို ပါးစပ်ဖြင့် ပြောနေစရာ မလိုပေ။ လုပ်ရပ်ဖြင့် သက်သေပြလျှင် လုံလောက်လေသည်။

ယိဖုသည် လုမင်ယွိကို အချစ်ဆုံး ဖြစ်သော်လည်း သူတို့ မွေးစားသားသမီးများ အပေါ်တွင်လည်း ကောင်းမွန်စွာ ဆက်ဆံပေးပြီး အရာရာ ဂရုစိုက်ပေးလေသည်။ သူတို့ မောင်နှမများသည် သွေးသားမတော်စပ်ကြသော်လည်း အချင်းချင်း ရင်းနှီးချစ်ခင်ကြပြီး ယုံကြည်မှု ရှိကြသည်။ တစ်ယောက်အတွက် တစ်ယောက်က အမာခံ ကျောထောက်နောက်ခံများ ဖြစ်ကြလေသည်။

လုလင်းသည် ထိုစကားကို ကြားလိုက်ရသည့်အခါ သဘောကျကာ ပြုံးလိုက်တော့၏။ "ဒါတော့ ဟုတ်တယ်။ ငါ့သားသမီးတွေက တစ်ယောက်ထက် တစ်ယောက် ပိုပြီး လိမ်မာကြတယ်။ ကွယ်လွန်သူ အရှင်မင်းကြီးက ဒီလိုကံမျိုး ဘယ်ရှိပါ့မလဲ"

လုဖေးသည်လည်း ပြုံးလိုက်ပြီး ကုတင်ဘေးတွင် ထိုင်ကာ ယိဖုကို စောင်ခြုံပေးရင်း တိုးတိုးလေး မေးလိုက်လေသည်။ "ယိဖု... အရှင်မင်းကြီးက အမိန့်တော် မထုတ်ပြန်သေးဘူး။ စစ်သည်ဟောင်းတွေကို နေရပ်ပြန်ပို့တဲ့ကိစ္စ ခဏလောက် ဆိုင်းငံ့ထားလို့ မရဘူးလား"

လုလင်းသည် လုဖေးကို တစ်ချက်ကြည့်လိုက်လေသည်။ "စစ်တပ်ထဲမှာ တစ်ယောက်ယောက်က ပြဿနာရှာနေလို့လား"

လုဖေးက သက်ပြင်းချလိုက်လေသည်။ "အသက်လေးဆယ်ကျော်တဲ့သူတွေက နေရပ်ပြန်ရင် ငွေအမြောက်အမြား ရမယ်။ အိမ်ပြန်ပြီး မိန်းမယူ ကလေးမွေးလို့ ရမယ်ဆိုတော့ ဝမ်းသာနေကြတယ်။ ဒါပေမဲ့ ပြန်မသွားချင်တဲ့သူတွေလည်း ရှိတယ်။ သူတို့က အိမ်နဲ့ဝေးနေတာ ကြာပြီဆိုတော့ အိမ်မှာ ဆွေမျိုးသားချင်းတွေ မရှိတော့ဘူးတဲ့။ ဒါကြောင့် ပြန်မသွားချင်ကြဘူး"

လုလင်းသည် ခဏမျှ စဉ်းစားလိုက်ပြီး ပြောလိုက်လေသည်။ "ပြန်ချင်တဲ့သူတွေကို အကုန်လုံး ပြန်ပို့လိုက်။ တကယ် ပြန်မသွားချင်တဲ့သူတွေကိုတော့ ရှင်းယန်စစ်တပ်ထဲကနေ အရင် ထုတ်လိုက်။ ပြီးရင် လုမိသားစုပိုင် လယ်ယာတွေမှာ နေရာချထားပေးလိုက်။ နောက်ကျမှ အိမ်တော်ထဲမှာ အလုပ်လုပ်ဖို့ ရွေးချယ်လိုက်မယ်"

လုအိမ်တော်မှ ကိုယ်ရံတော်များနှင့် အိမ်တော်ထိန်းများသည် ထိုနည်းလမ်းဖြင့် ရောက်ရှိလာကြသူများ ဖြစ်ကြသည်။

ဒဏ်ရာရပြီး အလုပ်ကြမ်း မလုပ်နိုင်တော့လျှင်တောင် လုမိသားစုက သူတို့ကို တစ်သက်လုံး ကျွေးမွေးစောင့်ရှောက်ထားလေသည်။

လုလင်းသည် စစ်တပ်ကို တင်းကျပ်စွာ အုပ်ချုပ်သော်လည်း ရှင်းယန်စစ်တပ်အတွင်း သူ၏ ဩဇာအာဏာကို မထိခိုက်စေဘဲ ပိုမိုခိုင်မာစေသည်။ အကြောင်းမှာ တင်းကျပ်မှုအောက်တွင် ကြင်နာမှု ရှိနေသောကြောင့်ပင်။

လုဖေးက ခေါင်းညိတ်လိုက်၏။

လုလင်းက ပြုံးကာ ထပ်မံမှာကြားလိုက်လေသည်။ "အစိုးရကပေးတဲ့ ငွေတွေကို တစ်ပြားမှ မယူဘဲ သူတို့ကို အကုန်ပေးလိုက်။ ပြီးတော့ ငါတို့ လုအိမ်တော်က ငွေတွေကို ထုတ်ပြီး တစ်ယောက်ကို ငွေအသပြာငါးဆယ်စီ ထပ်ဆောင်းပေးလိုက်ပါ"

"ဒီကိစ္စကို အရင်ဆုံး အသံမထွက်ဘဲ လုပ်ထားလိုက်။ မဟုတ်ရင် ဟိုကောင်စုတ်လေးတွေက မပြန်ဘဲ ကပ်နေကြဦးမယ်"

လုဖေးက ရယ်မောလိုက်ပြီး ခေါင်းညိတ်လိုက်လေသည်။ ထို့နောက် လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ယိဖု... နောက်ဆိုရင် ကျွန်တော်တို့ ရှင်းယန်စစ်တပ်မှာ စစ်သည်ငါးသောင်းပဲ ကျန်တော့မယ်။ ယိဖု တကယ်ပဲ နောင်ရေးအတွက် မပူဘူးလား"

လုလင်းသည် မွေးစားသား၏ မျက်လုံးများကို စိုက်ကြည့်ပြီး ဖြည်းညှင်းစွာ ပြောလိုက်လေသည်။ "နည်းနည်းလေးမှ မပူဘူးဆိုရင်တော့ လိမ်ရာကျမှာပေါ့။ ဒါပေမဲ့ လူဆိုတာ ထမင်းနင်မှာ ကြောက်လို့ ထမင်းမစားဘဲ နေလို့မှ မရတာ။ နေ့တိုင်း ဟိုလူ့ကို သံသယဝင် ဒီလူ့ကို သံသယဝင်နေရင် နောင်ရေး မပြောနဲ့။ လက်ရှိမှာတင် စိတ်ချမ်းသာမှာ မဟုတ်တော့ဘူး"

"လီကျင့်က သံယောဇဉ်ကြီးတဲ့သူဆိုတာ ငါ ယုံကြည်တယ်။ သူက ရှောင်ယွိအပေါ် တကယ်ချစ်တာပါ။ ငါ့အပေါ်မှာလည်း တကယ် လေးစားမှု ရှိပါတယ်"

"လီကျင့်က ငါ့ကို စိတ်ပျက်အောင် မလုပ်ပါစေနဲ့လို့ ဆုတောင်းပါတယ်"

လုဖေး၏ မျက်လုံးများ အရောင်လက်သွားပြီး လေးနက်စွာ ပြောလိုက်လေသည်။ "သူသာ စစ်မေ့ကို သစ္စာဖောက်ရဲရင် ကျွန်တော်တို့ လုမိသားစု တစ်ခုလုံးက စစ်မေ့ဘက်ကနေ ရပ်တည်ပေးမှာပါ"

လုလင်းသည် ရင်ထဲတွင် နွေးထွေးသွားပြီး ပြုံးကာ လုဖေး၏ လက်ဖမိုးကို ပုတ်လိုက်လေသည်။ "မင်းမှာ ဒီလိုစိတ်ဓာတ် ရှိတာ ကောင်းပါတယ်။ အရမ်း စိတ်မပူပါနဲ့။ ရှောင်ယွိက အနိုင်ကျင့်ခံမယ့်သူ မဟုတ်ပါဘူး။ သူ့ကို အနိုင်ကျင့်ချင်ရင်တောင် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ရဦးမယ်"

ဒါလည်း ဟုတ်တာပဲ။

လုဖေးက သွားများပေါ်သညအထိ ရယ်လိုက်လေသည်။

......

နောက်တစ်နေ့တွင် သားအဖနှစ်ယောက်သည် ရှင်းယန်စစ်တပ်သို့ ပြန်သွားကြလေသည်။

နောက်ထပ် နှစ်ရက် ကြာသောအခါ အရှင်မင်းကြီးသည် အမိန့်တော် ထုတ်ပြန်လိုက်ပြီး ရှင်းယန်စစ်တပ်မှ အသက်လေးဆယ်ကျော်သော စစ်သည်ဟောင်းများကို နေရပ်ပြန်ပို့ရန် ခွင့်ပြုလိုက်လေသည်။ အစိုးရမှ တစ်ယောက်လျှင် ငွေအသပြာငါးဆယ် ထောက်ပံ့ပေးမည်။

လုလင်းသည် မိမိပိုင်ငွေများကို ထုတ်ယူကာ စစ်သည်ဟောင်း တစ်ယောက်လျှင် ငွေလျန်ငါးဆယ် ထပ်မံပေးအပ်လိုက်လေသည်။ စုစုပေါင်း တစ်ယောက်လျှင် ငွေလျန်တစ်ရာ ရရှိကြလိမ့်မည်။ ထိုငွေပမာဏသည် နေရပ်ပြန်ပြီး အိမ်ဆောက်၊ မိန်းမယူရန် လုံလောက်လေသည်။

စစ်သည်ဟောင်း အများစုသည် ပျော်ရွှင်စွာဖြင့် ငွေများကို ထုတ်ယူကာ နေရပ်ပြန်သွားကြလေသည်။ စစ်သည်စာရင်းမှတ်တမ်းတွင် နာမည်များ တစ်ခုပြီးတစ်ခု ပယ်ဖျက်လိုက်ရာ စုစုပေါင်း တစ်သောင်းလေးထောင်ကျော် ရှိလေသည်။

ကျန်ရှိသော စစ်သည်ဟောင်း တစ်ထောင်ကျော်ကတော့ ပြန်မသွားချင်ကြပေ။ ထိုအထဲမှ ထက်ဝက်ကျော်မှာ ဒဏ်ရာရထားသူများ ဖြစ်ကြသည်။ တချို့က ခြေထောက်ဒဏ်ရာကြောင့် လမ်းမလျှောက်နိုင်သဖြင့် ပြန်၍ မရတော့ချေ။ တချို့က လက် သို့မဟုတ် ခန္ဓာကိုယ်တွင် ဒဏ်ရာရထားသဖြင့် အလုပ်ကြမ်း မလုပ်နိုင်ကြတော့ပေ။

ထိုစစ်သည်ဟောင်းများကို လုမိသားစုပိုင် လယ်ယာများတွင် နေရာချထားပေးပြီး သက်သာသော အလုပ်များကို လုပ်ကိုင်စေလေသည်။ လစဉ် လစာငွေ ရရှိကြပြီး သိပ်မများသော်လည်း ဝမ်းစာဖူလုံရန် လုံလောက်လေသည်။

တချို့သော စစ်သည်ဟောင်းများသည် ဆွေမျိုးသားချင်း မရှိတော့သဖြင့် ပြန်စရာနေရာ မရှိကြပေ။

တချို့ကတော့ ကိုယ်လက်အင်္ဂါ စုံလင်ပြီး ကျန်းမာကြသော်လည်း စစ်တပ်ထဲတွင် နေသားကျနေပြီ ဖြစ်သဖြင့် သာမန်အရပ်သား ဘဝကို မလိုချင်ကြတော့ပေ။

ထိုစစ်သည်ဟောင်းများသည် လုအိမ်တော်သို့ ဝင်ရောက်ကာ ကိုယ်ရံတော်များ အဖြစ် အမှုထမ်းကြလေသည်။

လုလင်းသည် ထိုအထဲမှ ထူးချွန်သော စစ်သည် သုံးရာခန့်ကို ရွေးချယ်ပြီး လုမင်ယွိ၏ လယ်ယာသို့ ပို့ဆောင်ပေးလိုက်လေသည်။ လူအင်အား နည်းသော်လည်း ထိုစစ်သည် သုံးရာသည် တိုက်ရည်ခိုက်ရည် ပြည့်ဝပြီး အတွေ့အကြုံ ရင့်ကျက်သူများ ဖြစ်ကြသည်။ တစ်ယောက်လျှင် စစ်သည်သစ် ဆယ်ယောက်၊ အယောက်နှစ်ဆယ်ကို ဦးဆောင်နိုင်စွမ်း ရှိကြလေသည်။

ကျန်းကျုံးသည် ထိုစစ်သည် သုံးရာကို လာရောက်ပို့ဆောင်ပေးရာ လုလင်းက ဝမ်းမြောက်ဝမ်းသာ ဖြစ်ကာ ကျေးဇူးတင်စကား ဆိုလိုက်လေသည်။

ထိုက်ဇီဖေး၏ ကိုယ်ရံတော်တပ်ဖွဲ့သည် ကျန်းနန်ဒေသတွင် အထိနာခဲ့သဖြင့် ယခု စစ်သည်ဟောင်း သုံးရာကို ဖြည့်တင်းလိုက်ပါက စစ်သည်သစ် ထောင်ချီကို အလွယ်တကူ စုဆောင်း လေ့ကျင့်ပေးနိုင်မည် ဖြစ်သည်။

ကျန်းကျုံးက လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ဒါက ယွဲ့ဖုက သီးသန့် မှာလိုက်လို့ လာပို့ပေးတာပါ။ ဒီကိစ္စလေးကို တိုးတိုးတိတ်တိတ်ပဲ ထားလိုက်ပါ"

လုယိသည် လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ပြီး ပြုံးကာ ပြန်ပြောလိုက်လေသည်။ "ဒါပေါ့... တိတ်တိတ်လေး နေမှ ကြီးပွားမှာပေါ့"

ထိုက်ဇီဖေး ကိုယ်ရံတော်တပ်ဖွဲ့ကို ယခုအခါ ဟွမ်ဟုပ် ကိုယ်ရံတော်တပ်ဖွဲ့ ဟု ပြောင်းလဲခေါ်ဝေါ်သင့်ပြီ ဖြစ်သည်။ ဤတပ်ဖွဲ့သည် လူအင်အား နည်းပါးပြီး ငါးထောင်ခန့်သာ ရှိသော်လည်း တိုက်ရည်ခိုက်ရည်မှာ စစ်သည်နှစ်သောင်းနှင့် ညီမျှလေသည်။

ထို့အပြင် ဤတပ်ဖွဲ့သည် ဟွမ်ဟုပ်ညန်ညန်အပေါ် လုံးဝ သစ္စာရှိကြလေသည်။

ဘာပဲပြောပြော ကိုယ့်လက်ထဲမှာ စစ်အင်အား ရှိနေခြင်းကသာ စိတ်အချရဆုံးပင်။

...

All Chapters