အခန်း (၇၀၉-၇၁၁)
Vol. 48 Ch. 709-711
အပိုင်း (၇၀၉) ကိုယ်ရံတော်တပ်ဖွဲ့
ရှင်းယန်စစ်တပ်သည် မြန်ဆန်ထိရောက်စွာ အလုပ်လုပ်ဆောင်တတ်ပြီး ခုနစ်ရက်တာ ကာလတိုလေးအတွင်းမှာပင် အစီအစဉ်အားလုံးကို ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့လေသည်။
ယခုအခါ စစ်တပ်အတွင်း၌ ကျန်ရှိနေသော စစ်သည်များသည် လူငယ်၊ လူလတ်များသာ ဖြစ်ပြီး စုစုပေါင်း ငါးသောင်းတိတိ ရှိလေသည်။
ဖူယန်မြို့စားသည် ရှင်းယန်စစ်တပ်၏ လှုပ်ရှားမှုများကို အမြဲတမ်း စောင့်ကြည့်နေခဲ့\။ လုလင်းသည် စစ်သည်ဟောင်း တစ်ထောင်ကျော်ကို ဆက်လက်ထိန်းသိမ်းထားပြီး ထူးချွန်သော စစ်သည်သုံးရာကို မိဖုရားခေါင်ထံသို့ ပေးပို့လိုက်ကြောင်း သိလိုက်ရသည့်အခါ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားတော့သည်။
ဒီလုလင်းက မျက်နှာလည်းရ၊ အကျိုးလည်းရအောင် ယူတတ်တယ်။ ပြီးတော့ ယောက္ခမနဲ့ သားမက် ဆက်ဆံရေးကိုလည်း ကောင်းကောင်း ထိန်းသိမ်းတတ်သေးတယ်။ အပြစ်ရှာချင်ရင်တောင် ရှာလို့မရအောင် စေ့စပ်သေချာလွန်းတယ်။ တကယ်ကို မုန်းစရာ ကောင်းလိုက်တာ။
ဒါပေမဲ့ လူဆိုတာ စိတ်နေစိတ်ထားက အရေးကြီးဆုံးပဲ။ စစ်တိုက်ပြီဆိုရင် ရှင်းယန်စစ်တပ်က ရှေ့ဆုံးကနေ တိုက်ရပြီး သေကြေထိခိုက်မှု အများဆုံး ဖြစ်တာပဲ။ ငါကတော့ မျက်နှာသာပေးမှုနဲ့ အရှင်မင်းကြီး အလိုလိုက်မှုကြောင့် ဖူယန်မြို့စား ဖြစ်လာတာဆိုတော့ လုလင်းနဲ့ ဘာလို့ သွားပြိုင်နေရမှာလဲ။
ထားလိုက်ပါတော့... စစ်တပ်ထဲမှာ ဒုတိယအကြီးဆုံး ဖြစ်နေရတာလည်း လုံလောက်ပါပြီ။
ဖူယန်မြို့စားသည် ကိုယ့်ကိုယ်ကိုယ် ပြန်လည်နှစ်သိမ့်လိုက်ပြီး မကြာမီ စိတ်ပြေသွားတော့သည်။ ညီလာခံကြီးတွင် သူသည် လျှောက်တင်လွှာတစ်စောင် ဆက်သလိုက်ပြီး ရှင်းယန်ဝမ်၏ မြင့်မြတ်သော စိတ်ထားနှင့် သစ္စာရှိမှုကို အမွှမ်းတင်ကာ ချီးကျူးစကားများ ပြောဆိုလိုက်လေသည်။
သူ၏ မြှောက်ပင့်ပြောဆိုမှုများသည် ကြက်သီးထစရာ ကောင်းလောက်အောင်ပင် ပိုလွန်းအားကြီးနေလေ၏။
သို့သော်လည်း နဂါးပလ္လင်ပေါ်တွင် ထိုင်နေသော အရှင်မင်းကြီးကတော့ နှစ်သက်သဘောကျစွာ ပြုံးနေပြီး ပြောလိုက်လေသည်။ "ဖူယန်မြို့စား ပြောတာတွေက ကျန်းရဲ့ စိတ်ဆန္ဒနဲ့ တစ်ထပ်တည်း ကျနေတာပဲ"
အမတ်မင်းများခမျာ လက်မောင်းကို ပွတ်သပ်ချင်စိတ်ကို ထိန်းချုပ်ပြီး ဆက်လက် ချီးကျူးကြရတော့သည်။
ရှင်းယန်ဝမ် လုလင်းသည် စစ်သူကြီးများ၏ ခေါင်းဆောင် ဖြစ်သည့်အလျောက် စစ်သူကြီးများတန်းတွင် ရှေ့ဆုံးမှ ရပ်နေပြီး အရှင်မင်းကြီးနှင့်လည်း အနီးဆုံး ဖြစ်လေသည်။ အနည်းငယ် မော့ကြည့်လိုက်သည်နှင့် လီကျင့်၏ တောက်ပနေသော မျက်ဝန်းနက်များနှင့် ပြုံးရွှင်နေသော နှုတ်ခမ်းထောင့်များကို မြင်တွေ့နိုင်လေသည်။
အရှင်မင်းကြီး ဒီနေ့ တကယ် ပျော်ရွှင်နေတယ် ဆိုတာ သိသာလိုက်တာ။
လုလင်းသည်လည်း စိတ်ထဲတွင် ကျေနပ်နေမိသည်။
အမတ်တစ်ယောက်အနေဖြင့် တရားမျှတပြီး ထက်မြက်သော ရှင်ဘုရင်တစ်ပါးနှင့် တွေ့ဆုံရခြင်းသည် ကြီးမားသော ကံကောင်းခြင်းပင်။
ယောက္ခမတစ်ယောက်အနေဖြင့် ဤကဲ့သို့သော သားမက်မျိုး ရရှိထားခြင်းသည်လည်း ဝမ်းမြောက်စရာ ကိစ္စတစ်ခု ဖြစ်လေသည်။
ညီလာခံ ပြီးဆုံးသောအခါ လီကျင့်သည် ပြုံးရွှင်စွာဖြင့် ကျောင်းဖန်နန်းဆောင်သို့ ပြန်လာခဲ့လေသည်။
ထိုအချိန်တွင် ကလေးများသည် ကျောင်းမဆင်းသေးသဖြင့် လင်မယားနှစ်ယောက် သီးသန့် အချိန်ဖြုန်းနိုင်လေသည်။ လီကျင့်က လေသံတိုးတိုးဖြင့် ရယ်မောကာ ပြောလိုက်လေသည်။ "ယွဲ့ဖုက အလုပ်လုပ်တာ မြန်ဆန်လိုက်တာ။ ရက်ပိုင်းလေးအတွင်းမှာပဲ စစ်သည်ဟောင်းတွေကို နေရာချထားပေးပြီးပြီ။ ဒီနေ့ ဖူယန်မြို့စားက လျှောက်တင်လွှာတင်ပြီး ယွဲ့ဖုကို အကြီးအကျယ် မြှောက်ပင့်သွားသေးတယ်"
လုမင်ယွိသည် ရယ်ချင်သွားတော့သည်။ "ဒီဖူယန်မြို့စားက လေသင့်ရာ ရွက်လွှင့်တတ်တာ မြန်လိုက်တာ"
ဖူယန်မြို့စားသည် မျက်စိလျင်ပြီး အခြေအနေကို သုံးသပ်တတ်သူ ဖြစ်သဖြင့် နန်းတွင်းတွင် အခိုင်အမာ ရပ်တည်နိုင်မည်မှာ သေချာလေသည်။
လီကျင့်က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး "သူက ရိုးရိုးသားသား နေသရွေ့တော့ ကျောက်မိသားစုစစ်တပ်ကို ဆက်လက် ဦးစီးခွင့်ပြုထားမှာပါ"
ဘာပဲပြောပြော ငယ်ငယ်လေးကတည်းက ဦးလေး လို့ ခေါ်လာခဲ့ရတာပဲ။ ဖူယန်မြို့စားက ပုန်ကန်လိုစိတ် မရှိသရွေ့တော့ သူ့ကို စစ်တပ်ရဲ့ ဒုတိယအကြီးအကဲ နေရာမှာ ဆက်ထားဖို့ ဆန္ဒရှိပါတယ်။
လင်မယားနှစ်ယောက် စကားစမြည် ပြောဆိုနေကြစဉ် လုမင်ယွိက ရုတ်တရက် ပြောလိုက်၏။ "ဒါနဲ့... အဖေက စစ်သည်ဟောင်းတွေထဲက အတော်ဆုံး လူသုံးရာကို ရွေးထုတ်ပြီး ကျွန်မရဲ့ လယ်ယာကို ပို့ပေးလိုက်တယ်။ လုယိကတော့ အဲဒီစစ်သည်သုံးရာကို ရလိုက်လို့ ပျော်နေတာ ပြောမနေနဲ့တော့"
လီကျင့်က ပြုံးကာ ပြောလိုက်လေသည်။ "စစ်သည်ဟောင်းတစ်ယောက်က စစ်သည်သစ် ဆယ်ယောက်ကျော်ကို ဦးဆောင်နိုင်တယ်။ အရင်က မင်းရဲ့ ကိုယ်ရံတော်တပ်ဖွဲ့မှာ လူအင်အား ငါးထောင်ပဲ ရှိတာလေ။ အခု စစ်သည်ဟောင်းတွေ ရောက်လာပြီဆိုတော့ စစ်သည်သစ်တွေကို ထပ်စုဆောင်းပြီး နှစ်နှစ်၊ သုံးနှစ်လောက် လေ့ကျင့်ပေးလိုက်ရင် တကယ့် အထက်တန်းစား စစ်တပ်တစ်ခု ဖြစ်လာမှာပဲ။ ဒါပေမဲ့ လူအင်အား အရမ်းများရင် ထင်ရှားလွန်းပြီး နန်းတွင်းအမတ်တွေက ဝေဖန်ကြလိမ့်မယ်။ ဒါကြောင့် နောက်ဆိုရင် မင်းရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ကို လူအင်အား တစ်သောင်းလောက်ပဲ ထားလိုက်ပါ"
လုမင်ယွိ၏ အပြုံးများ ရပ်တန့်သွားပြီး လီကျင့်ကို ကြည့်လိုက်လေသည်။
သူ့စကားတစ်ခွန်းတည်းနဲ့ သူမရဲ့ စစ်အင်အားက နှစ်ဆတိုးသွားပြီ။
ပြီးတော့ သူမရဲ့ ကိုယ်ရံတော်တပ်ဖွဲ့က တကယ့် အထက်တန်းစား စစ်သည်တွေချည်းပဲ။ စစ်ရေးဗျူဟာ ကျွမ်းကျင်ပြီး တိုက်ရည်ခိုက်ရည်လည်း ကောင်းတယ်။ လူအင်အား တစ်သောင်းဆိုရင် သာမန်စစ်သည် သုံးလေးသောင်းနဲ့ ညီမျှနေပြီ။ တော်ဝင်ကိုယ်ရံတော်တပ်ဖွဲ့နဲ့တောင် ယှဉ်လို့ရနေပြီ။
ဒီလောက်ကြီးမားတဲ့ စစ်အင်အားကို သူမရဲ့လက်ထဲ ထည့်ပေးထားရတာ လီကျင့် တကယ်ပဲ စိတ်ချလို့လား။
လီကျင့်သည် ပွင့်လင်းရိုးသားစွာ ပြန်ကြည့်လိုက်လေသည်။ "ရှောင်ယွိ... ကိုယ် သဘောမတူရင် ကိုယ်တိုင် ထုတ်ပြောမှာ မဟုတ်ပါဘူး။ မင်း လုယိကို အမိန့်ပေးပြီး စစ်သည်သစ်တွေ စုဆောင်းခိုင်းလိုက်ပါ"
မင်းကို ဘာပဲပေးပေး... မင်းလက်ထဲမှာ စစ်တပ်ရှိနေတာလောက် မင်းကို စိတ်လုံခြုံမှု ပေးနိုင်မှာ မဟုတ်ဘူးလေ။
ဒါကြောင့် မင်း အလိုချင်ဆုံး အရာကို ငါ ပေးမယ်။
လုမင်ယွိသည် လီကျင့်ကို ကြည့်ရင်း နှာခေါင်းများ ရှုံ့မဲ့သွားပြီး မျက်ရည်ဝဲလာမိလေသည်။
လီကျင့်သည် လက်လှမ်းကာ လုမင်ယွိကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး တိုးတိုးလေး ရယ်မောလိုက်လေသည်။ "မင်း ဝမ်းသာမနေနဲ့ဦး... တကယ်တော့ ကိုယ် ဒီလိုလုပ်တာ ကိုယ်ကျိုးအတွက်လည်း ပါတယ်။ မင်းလက်ထဲမှာ ဒီလောက် အင်အားတောင့်တင်းတဲ့ စစ်တပ်ရှိနေရင် တော်ဝင်ကိုယ်ရံတော်တပ်ဖွဲ့နဲ့ ကျောက်မိသားစုစစ်တပ်ကိုလည်း ထိန်းချုပ်ထားလို့ ရတာပေါ့။ နောင်ကျရင် အရေးပေါ် အခြေအနေ ကြုံလာရင် အသုံးဝင်လာမှာ သေချာတယ်။ စစ်တပ်က မင်းလက်ထဲမှာ ရှိတာနဲ့ ကိုယ့်လက်ထဲမှာ ရှိတာ ဘာမှ မကွာပါဘူး"
ကွာခြားတာတော့ အများကြီးပါပဲ။
လီကျင့် ဒီလိုပြောတာက သူမကို အကာအကွယ် ပေးချင်လို့ပါ။ နောက်ကျရင် အမတ်တွေက ကန့်ကွက်လာရင်လည်း ဒီအကြောင်းပြချက်နဲ့ သူတို့ပါးစပ်ကို ပိတ်လို့ရတာပေါ့။
လုမင်ယွိသည် နှာခေါင်းရှုံ့လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "လီကျင့်... ရှင် ငါ့အပေါ် ဒီလောက် ကောင်းနေရင် ငါ့ကို အကျင့်ပျက်အောင် လုပ်သလို ဖြစ်နေပြီ"
လီကျင့်က တိုးတိုးလေး ရယ်မောလိုက်ကာ "ကိုယ် ကျေနပ်လို့ လုပ်တာလေ... ဘယ်သူ ဂရုစိုက်ရမှာလဲ"
လုမင်ယွိသည် သဘောကျကာ ရယ်မောလိုက်ပြီး ခေါင်းမော့ကာ လီကျင့်ကို အားပါးတရ နမ်းလိုက်လေသည်။ "ကောင်းပြီလေ... ရှင်တောင် ပေးရဲမှတော့ ကျွန်မက ဘာလို့ မယူရဲရမှာလဲ။ ခဏနေရင် ကျွန်မ လုယိကို အမိန့်ပေးလိုက်မယ်။ စစ်သည်အင်အား တစ်သောင်းအထိ တိုးချဲ့ခိုင်းလိုက်မယ်။ နောက်ဆိုရင် ကျွန်မရှေ့မှာ ဘယ်သူမဆို အသံကျယ်ကျယ် ပြောချင်ရင်တောင် ကိုယ့်ကိုယ်ကိုယ် ပြန်ချိန်ဆရတော့မယ်"
လီကျင့်က ချက်ချင်း ဝင်ပြောလိုက်လေသည်။ "ကို အပါအဝင်ပေါ့"
လုမင်ယွိသည် အောင့်ထား၍ မရတော့ဘဲ ရယ်မောလိုက်မိလေသည်။
လီကျင့်သည် ခေါင်းငုံ့ကာ သူမ၏ နှုတ်ခမ်းထောင့်လေးကို ဖွဖွလေး နမ်းလိုက်လေသည်။
ထိုအချိန်တွင် တံခါးအပြင်ဘက်မှ ခြေသံများ ကြားလိုက်ရပြီး မကြာမီ တံခါးခေါက်သံ ထွက်ပေါ်လာလေသည်။ "ဖုဟွမ်... မူဟုပ်"
ထိုအသံစူးစူးလေးသည် လီဟန်၏ အသံပင်။ ရွှီအာနှင့် ရွှမ်းအာတို့သည်လည်း ကျောင်းဆင်းပြီဖြစ်သဖြင့် အနည်းငယ် နောက်ကျပြီး ရောက်လာကြလေသည်။
လီကျင့်သည် ပြုံးလိုက်ပြီး လုမင်ယွိ၏ လက်ကို တွဲကာ တံခါးသွားဖွင့်ပေးလိုက်လေသည်။ မိသားစုငါးယောက်သည် ပျော်ရွှင်စွာဖြင့် နေ့လယ်စာ အတူစားသုံးကြလေသည်။
လင်မယားနှစ်ယောက်သည် နားလည်မှု ရှိကြသဖြင့် ကလေးများရှေ့တွင် ထိုကိစ္စကို ထုတ်မပြောကြပေ။
......
ထိုကိစ္စသည် ပျံ့နှံ့မသွားဘဲ လီကျင့်နှင့် လုမင်ယွိတို့သည်လည်း အသံတိတ် နေလိုက်ကြသည်။
ဘာပဲပြောပြော မိဖုရားခေါင်က စစ်သည် တစ်သောင်းကို ဦးစီးတယ်ဆိုတာ မကြုံဖူးတဲ့ ကိစ္စလေ။ အမတ်တွေ သိသွားရင် ဝေဖန်မှုတွေ မြင့်တက်လာပြီး လုမင်ယွိကို ဒုက္ခရောက်အောင် လုပ်ကြလိမ့်မယ်။ အကောင်းဆုံးကတော့ ခဏလောက် ဖုံးကွယ်ထားပြီး လုယိကို တိတ်တိတ်လေး စစ်သည်စုဆောင်းခိုင်းလိုက်တာပဲ။
နှစ်နှစ်၊ သုံးနှစ်လောက်ကြာလို့ စစ်တပ်က အင်အားတောင့်တင်းလာပြီဆိုရင်တော့ ဘယ်သူက ဘာပြောပြော ဂရုစိုက်စရာ မလိုတော့ဘူး။
လုယိသည် လျှို့ဝှက်အမိန့် ရရှိပြီးနောက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကာ ချက်ချင်းပင် စစ်သည်စုဆောင်းခြင်း လုပ်ငန်းကို စတင်လိုက်လေသည်။
အခြားသူများကို ဖုံးကွယ်ထားသော်လည်း လုလင်းကိုတော့ ဖုံးကွယ်ထားခြင်း မရှိပေ။
လုလင်းသည် စစ်တပ်ထဲတွင် ရှိနေစဉ် လုမင်ယွိ၏ စာကို လက်ခံရရှိလေသည်။ စာဖတ်ပြီးနောက် သူ၏ မျက်နှာတွင် အပြုံးပန်းများ ဝေဆာသွားပြီး စိတ်ချလက်ချ ရယ်မောလိုက်လေသည်။
လုဖေးသည်လည်း သိချင်စိတ် ပြင်းပြလာသဖြင့် တိုးတိုးလေး မေးလိုက်၏။ "ဟွမ်ဟုပ်ညန်ညန်က စာထဲမှာ ဘာတွေ ရေးထားလို့ ယိဖု ဒီလောက် ပျော်နေရတာလဲ"
လုလင်းသည် စာကို လုဖေးထံ ပေးလိုက်ကာ "မင်း ဖတ်ကြည့်ရင် သိလိမ့်မယ်"
လုဖေးသည် စာကို ဖတ်ကြည့်လိုက်ရာ တစ်ဝက်လောက် ရောက်သည်နှင့် မျက်လုံးပြူးသွားပြီး လုလင်းကို မော့ကြည့်လိုက်လေသည်။ လုလင်းက ရယ်မောလိုက်ပြီး မျက်လုံးဖြင့် အချက်ပြကာ တည်ငြိမ်ရန် ပြောလိုက်လေသည်။
လုဖေးသည် ဟနေသော ပါးစပ်ကို ပိတ်လိုက်ပြီး စာကို အမြန်ဆုံး ဖတ်ရှုလိုက်လေသည်။ ထို့နောက် သက်ပြင်းချကာ ပြောလိုက်တော့သည်။ "အရှင်မင်းကြီးက ညန်ညန်အပေါ် ဒီလောက် ကောင်းမှတော့ ညန်ညန်ရဲ့ မေတ္တာတွေ အလဟဿ မဖြစ်တော့ဘူးပေါ့။ ယိဖုရဲ့ ပေးဆပ်မှုတွေလည်း အရာထင်ပါတယ်"
လုလင်းသည်လည်း ပြုံးကာ သက်ပြင်းချလိုက်လေသည်။ "ဒီကိစ္စက ငါ့ကိုတောင် အံ့သြသွားစေတယ်။ အရှင်မင်းကြီးရဲ့ စိတ်သဘောထားက နတ်ရွာစံ အရှင်မင်းကြီးထက်တောင် ပိုပြီး ပြည့်ဝသေးတယ်"
"ဒါက ဘယ်လိုလုပ် နှိုင်းယှဉ်လို့ ရမှာလဲ" လုဖေးက ချက်ချင်း ဝင်ပြောလိုက်လေသည်။ "နတ်ရွာစံ အရှင်မင်းကြီးက စစ်တိုက်တာတော့ တော်ပါတယ်။ ဒါပေမဲ့ သားမယားအပေါ်မှာတော့ အရမ်း အေးစက်လွန်းတယ်။ အရှင်မင်းကြီးက ဒီအချက်မှာ နတ်ရွာစံ အရှင်မင်းကြီးထက် ဆယ်ဆ အဆတစ်ရာ သာပါတယ်"
ယုံးကျားဧကရာဇ်က မုန့်ဖေး သားအမိကိုတော့ တကယ် ချစ်ရှာပါတယ်။ တရားဝင် မိဖုရားခေါင်ကြီးနဲ့ သားတော်အရင်းကိုတော့ ပြောမနေပါနဲ့တော့။
အခုလို အဖြစ်ဆိုးနဲ့ ကြုံရတာ သူ့အပြစ်နဲ့သူပါပဲ။
လုဖေးသည် စိတ်ထဲတွင် ကျိတ်ပြီး မကျေမနပ် ဖြစ်နေသော်လည်း ထုတ်မပြောဘဲ နေလိုက်လေသည်။
လုလင်းသည် နန်းတော်ရှိရာ ဘက်သို့ မျှော်ကြည့်ရင်း စိတ်ကြည်နူးနေမိသည်။
နောက်ရက်အနည်းငယ် ကြာရင် ထိုက်ဇီ ခန့်အပ်ပွဲ အခမ်းအနား ကျင်းပတော့မှာပဲ။
...
အပိုင်း (၇၁၀) ထိုက်ဇီ
ခြောက်ရက်အကြာတွင် ကျင်းလွမ်နန်းဆောင်၌ ထိုက်ဇီခန့်အပ်ပွဲ အခမ်းအနားကို ကြီးကျယ်ခမ်းနားစွာ ကျင်းပလေသည်။
အိမ်ရှေ့စံအရာ ခန့်အပ်ခြင်းသည် တိုင်းပြည်အတွက် အရေးကြီးသော ကိစ္စရပ်ဖြစ်ရာ အခမ်းအနားကို အခမ်းအနားဌာနမှ လပေါင်းများစွာ ကြိုတင်ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ ဝန်ကြီးလော်သည် အခမ်းအနားကို ကြီးမှူးကျင်းပပြီး အမတ်မင်းများအားလုံး စုံလင်စွာ တက်ရောက်ကြသည်။
ခန့်အပ်ပွဲ ပြီးဆုံးပြီးနောက် အရှင်မင်းကြီးသည် ထိုက်ဇီကို ခေါ်ဆောင်ကာ ဘိုးဘေးဘီဘင်များအား ကန်တော့ပွဲ ပြုလုပ်လေသည်။
ခန့်အပ်ပွဲ အခမ်းအနားသည် နေ့လယ်ပိုင်း တစ်ဝက်ကျော်ကြာမြင့်ခဲ့သည်။ ညနေစောင်းချိန်တွင်တော့ နန်းတော်အတွင်း၌ ကြီးကျယ်ခမ်းနားသော စားပွဲတော်ကို ကျင်းပလေသည်။
ထိုက်ဇီဝတ်ရုံတော် အဝါရောင်ကို ဆင်မြန်းထားသော ထိုက်ဇီအသစ်စက်စက် လီရွှီသည် ငယ်ရွယ်နုနယ်သေးသော်လည်း တည်ငြိမ်ရင့်ကျက်သော ပုံစံရှိလေသည်။ အရှင်မင်းကြီး၏ ဘေးတွင် ရပ်နေသော သူ၏ ပုံစံသည် ကြီးထွားစ သစ်ပင်ငယ်လေး တစ်ပင်နှင့် တူနေလေတော့သည်။
လုလင်းသည် မြေးဖြစ်သူကို ကြည့်ကာ နှုတ်ခမ်းထောင့်များမှ အပြုံးကို ဖုံးကွယ်ထား၍ မရတော့ချေ။
ဖူယန်မြို့စားသည် လုလင်းနှင့် တစ်ဝိုင်းတည်း အတူထိုင်ပြီး ပြုံးကာ ခွက်မြှောက်လိုက်ပြီး "ရှင်းယန်ဝမ်... ခင်ဗျားကို တစ်ခွက် ဂုဏ်ပြုပါရစေ"
လုလင်းသည် ဝမ်းသာအားရ ခွက်မြှောက်လိုက်ပြီး ဖူယန်မြို့စားနှင့် ခွက်ချင်းတိုက်ကာ မော့သောက်လိုက်လေသည်။
ဖူယန်မြို့စားသည် ခွက်အနည်းငယ် သောက်ပြီးနောက် အနည်းငယ် မူးဝေလာကာ ပြုံးလျက် ပြောလိုက်၏။ "ကျွန်တော် တစ်သက်လုံး ဘယ်သူ့ကိုမှ စိတ်ပါလက်ပါ အထင်ကြီး လေးစားခဲ့တာ မရှိဘူး။ အရင်တုန်းက မုန့်ဟွေး ရှိတုန်းကဆိုရင် ကျွန်တော့်ကို အမြဲတမ်း ဖိနှိပ်ထားခဲ့ပေမယ့် ကျွန်တော် သူ့ကို နည်းနည်းလေးမှ မလေးစားခဲ့ဘူး။ ဒါပေမဲ့ ရှင်းယန်ဝမ်ကိုတော့ ကျွန်တော် တကယ် လေးစားသွားပြီဗျာ"
ထို့နောက် လုလင်းအတွက် ကိုယ်တိုင် အရက်ထပ်ငှဲ့ပေးလိုက်လေသည်။ "စကားတွေ အများကြီး မပြောတော့ဘူး။ ဒီအရက်တစ်ခွက်နဲ့ပဲ အကုန် ပြောလိုက်ပါတော့မယ်"
လုလင်းက အရက်အိုးကို လုယူလိုက်ပြီး ဖူယန်မြို့စားအတွက် ပြန်ငှဲ့ပေးလိုက်ကာ "ခင်ဗျား ပြောတာတွေက ပိုလွန်းအားကြီးပါတယ်။ တကယ်တော့ ကျွန်တော်က မာနကြီးပြီး ဘယ်သူ့ကိုမှ အထင်မကြီးတတ်ဘူး။ တစ်တိုင်းပြည်လုံးမှာ ကျွန်တော် အထင်ကြီးတဲ့သူ သုံးလေးယောက်ပဲ ရှိတယ်။ အဲဒီအထဲမှာ ခင်ဗျားက ပထမဆုံးပဲ"
ဖူယန်မြို့စားက တဟားဟား ရယ်မောလိုက်၏။ "ရှင်းယန်ဝမ်ရဲ့ ချီးကျူးစကားကို ကြားရတာ ဒီနေ့တော့ မူးအောင် သောက်မှ ဖြစ်တော့မယ်"
နှစ်ယောက်သား ခွက်ချင်းတိုက်ကာ မော့သောက်လိုက်ကြလေသည်။
သူတို့နှစ်ဦးသည် အားရပါးရ သောက်စားနေကြပြီး အခြားအမတ်မင်းများသည်လည်း ပျော်ရွှင်စွာဖြင့် ခွက်ချင်းတိုက်နေကြလေသည်။
အိမ်ရှေ့စံအရာ ခန့်အပ်ခြင်းသည် တိုင်းပြည်တစ်ပြည်လုံးအတွက် ဝမ်းမြောက်စရာ ကိစ္စရပ်တစ်ခု ဖြစ်ပြီး တိုင်းပြည်၏ အနာဂတ်အတွက် မျှော်လင့်ချက် ရောင်ခြည်သမ်းလာခြင်းလည်း ဖြစ်သည်။ လီရွှီသည် မိဖုရားခေါင်၏ သားတော်ကြီး ဖြစ်ပြီး ဉာဏ်ရည်ထက်မြက်ကာ တည်ငြိမ်ရင့်ကျက်သူ ဖြစ်သည်။ ဤကဲ့သို့သော ထိုက်ဇီမျိုး ရရှိထားခြင်းသည် အမတ်မင်းများအတွက် ဂုဏ်ယူစရာပင်။
ဝန်ကြီးလော်နှင့် ချောင်ကောလောင်တို့သည် တစ်ဝိုင်းတည်း အတူထိုင်နေကြသည်။ သူတို့နှစ်ဦး၏ အသက်ပေါင်းလိုက်လျှင် တစ်ရာကျော် ရှိနေပြီဖြစ်သည်။ ချောင်ကောလောင်၏ ဆံပင်များ ဖြူဖွေးနေပြီး ဝန်ကြီးလော်ကတော့ အနည်းငယ် ငယ်ရွယ်သော်လည်း မုတ်ဆိတ်မွှေးများ ဖြူနေလေပြီ။
"ကောလောင်... အခုဆိုရင် တိုင်းပြည်က အေးချမ်းသာယာနေပြီ။ ထိုက်ဇီလည်း ခန့်အပ်ပြီးပြီ" ဝန်ကြီးလော်က လေသံတိုးတိုးဖြင့် ပြုံးကာ ပြောလိုက်လေသည်။ "ကျွန်တော်တို့ အမတ်တွေ အခုချက်ချင်း အနားယူလိုက်ရင်တောင် ကျေနပ်စရာ ကောင်းနေပြီ"
ချောင်ကောလောင်က မျက်ခုံးပင့်လိုက်ပြီး ပြုံးလိုက်လေသည်။ "ငါက မင်းထက် ငါးနှစ်လောက် ပိုကြီးတာတောင် အနားယူဖို့ မစဉ်းစားသေးဘူး။ မင်းက ဘာလို့ အနားယူချင်နေတာလဲ"
ဝန်ကြီးလော်က စဉ်းစားလိုက်ပြီး ပြုံးလိုက်လေသည်။ "ဟုတ်သားပဲ... အိမ်ရှေ့စံနန်းဆောင်က အမတ်တွေက ငယ်ရွယ်သေးတော့ နေရာပေးလို့ မရသေးဘူး။ ကျွန်တော်တို့ လူအိုကြီးတွေ နောက်ထပ် သုံးလေးငါးနှစ်လောက် ဆက်ပြီး တောင့်ခံထားရဦးမယ်။ သူတို့တွေ အရည်အချင်း ပြည့်လာတဲ့အချိန်ကျမှ ကျွန်တော်တို့ အနားယူကြတာပေါ့"
ဝန်ကြီးလော် ရည်ညွှန်းသော သူများမှာ ဖန်းဇီကျန်း၊ ကျိုးလီ၊ လီယန် အစရှိသူတို့ ဖြစ်ကြသည်။ သူတို့သည် အရှင်မင်းကြီး နန်းမတက်ခင်ကတည်းက ယုံကြည်ရသော လက်ရုံးများ ဖြစ်ကြသည်။ သို့သော် လုပ်သက်နုသေးသဖြင့် ရာထူးကြီးကြီးမားမား မရရှိသေးပေ။
နောက်နှစ်အနည်းငယ် ကြာသောအခါ အရှင်မင်းကြီး အာဏာခိုင်မြဲလာသည့်အချိန်ကျမှ သူတို့ကို ရာထူးတိုးပေးပြီး နေရာချထားပေးမည်မှာ သေချာလေသည်။
ဤအချက်ကို အမတ်မင်းများအားလုံး နားလည်သဘောပေါက်ထားကြသည်။
ရှင်ဘုရင်တစ်ပါး နန်းတက်လျှင် ထိုရှင်ဘုရင်၏ လူယုံများက နေရာရလာစမြဲပင်။
ဝန်ကြီးလော်နှင့် ချောင်ကောလောင်တို့သည် ယခင်က ထိုက်ဇီ၏ ဆရာများ ဖြစ်ကြသဖြင့် ယခု အရှင်မင်းကြီး နန်းတက်လာသောအခါ သူတို့၏ နေရာသည် ခိုင်မြဲနေခြင်း ဖြစ်သည်။
ဝန်ကြီးလော်သည် အရက်အနည်းငယ် သောက်ပြီးနောက် အသံကို နှိမ့်ကာ ပြောလိုက်၏။ "ကောလောင်... ကျွန်တော် သတင်းတစ်ခု ကြားထားတယ်။ ဟွမ်ဟုပ်ညန်ညန်ရဲ့ လယ်ယာမှာ လူသစ်တွေ အများကြီး ရောက်နေတယ်တဲ့"
လုယိ စစ်သည်စုဆောင်းသည့်ကိစ္စကို တိုးတိုးတိတ်တိတ် လုပ်ဆောင်နေသော်လည်း စောင့်ကြည့်နေသူများကတော့ သိရှိကြလေသည်။ ထိုသတင်းသည် နားစွင့်နေသူများအတွက် လျှို့ဝှက်ချက် မဟုတ်ပေ။
ချောင်ကောလောင်သည် လှုပ်ရှားမှု ရပ်တန့်သွားသော်လည်း မျက်နှာအမူအရာ မပျက်ပေ။ "ဟွမ်ဟုပ်ညန်ညန်က သာ့ဝေတိုင်းပြည်အတွက် ကြီးမားတဲ့ အကျိုးဆောင်မှုတွေ လုပ်ခဲ့တာပဲ။ ကိုယ်ရံတော် နည်းနည်းလောက် ထပ်မွေးထားတာက ဘာမှ မဟုတ်ပါဘူး"
လီကျင့်သည် မနေ့က ချောင်ကောလောင်ကို ဖူနင်နန်းဆောင်သို့ ခေါ်ယူပြီး ထိုကိစ္စကို ကြိုတင်ပြောပြထားခြင်း ဖြစ်သည်။
ချောင်ကောလောင်သည် သိပ်သဘောမကျသော်လည်း ဘာမှ ပြောခွင့်မရှိပေ။ ယခုအချိန်တွင် အရှင်မင်းကြီးနှင့် ဟွမ်ဟုပ်ညန်ညန်အတွက် ဖုံးဖိပေးရမည်သာ။
ဝန်ကြီးလော်သည် လူပါးဝနေပြီဖြစ်သဖြင့် ချောင်ကောလောင်၏ စကားကို ကြားလိုက်သည်နှင့် ချက်ချင်း ပြုံးကာ ပြောလိုက်၏။ "ဟုတ်သားပဲ။ ဒီလိုကိစ္စမျိုးက ကျွန်တော်တို့ စိတ်ပူရမယ့်ကိစ္စ မဟုတ်ပါဘူး။ ဒီနေ့က ထိုက်ဇီခန့်အပ်ပွဲ အခမ်းအနား ကျင်းပတဲ့ နေ့ထူးနေ့မြတ်ပဲ။ စိတ်ပျက်စရာတွေ မပြောကြေး။ လာပါ... နောက်တစ်ခွက်လောက် သောက်ရအောင်"
......
အနောက်နန်းဆောင်တွင်လည်း စားပွဲတော် ကျင်းပလျက် ရှိသည်။
လုမင်ယွိသည် ဒီနေ့ စိတ်ကြည်နူးနေသဖြင့် အရက်အနည်းငယ် သောက်ထားလေသည်။ အရက်ရှိန်ကြောင့် မျက်နှာလေးသည် မက်မွန်ပွင့်ကဲ့သို့ နီရဲနေပြီး မျက်ဝန်းများသည် ပုံမှန်ထက် ပို၍ တောက်ပကာ လခြမ်းကွေးလေးသဖွယ် ပြုံးရွှင်နေလေသည်။
ဟွေ့အန်းကုန်းကျူ၏ ရယ်သံသည် အကျယ်လောင်ဆုံး ဖြစ်လေသည်။ "အချိန်ကုန်တာ မြန်လိုက်တာ။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ကျွန်မတို့ ရွှီအာလေးက ထိုက်ဇီ ဖြစ်သွားပြီ"
ကျင့်အန်းကုန်းကျူက ပြုံးလိုက်ပြီး ဝင်ပြောလေသည်။ "ဟုတ်ပါရဲ့။ ရွှီအာလေး မွေးတုန်းက အချိန်ကိုတောင် မှတ်မိသေးတယ်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ကြီးပြင်းလာလိုက်တာ"
မယ်တော်ကြီးချောင်သည် ဘေးနားရှိ မြေးမလေး လီရွှမ်းကို ဖက်ထားပြီး ပျော်ရွှင်စွာ ပြောလိုက်လေသည်။ "ရွှမ်းအာတောင် အပျိုကြီး ဖြစ်တော့မယ်"
ကိုးနှစ်အရွယ် လီရွှမ်းသည် ကလေးဘဝမှ ကျော်လွန်လာပြီး ဆံပင်ကို နှစ်ဖက်ခွဲကာ သပ်ရပ်စွာ စည်းနှောင်ထားလေသည်။ ကျောက်မျက်ရတနာ ဆံထိုးလေးများက တောက်ပနေပြီး ရဲရင့်သွက်လက်မှုနှင့်အတူ ချစ်စရာကောင်းသော ဟန်ပန်လေး ရှိနေလေသည်။
တစ်ဖက်တွင် ရှိနေသော လီဟန်သည် အားကျမခံ အော်ပြောလိုက်လေသည်။ "အဘွားတော်... သားကျတော့ရော"
မယ်တော်ကြီးချောင်က ပြုံးပြီး လီဟန်၏ နှာခေါင်းလေးကို တို့ထိလိုက်လေသည်။ "မင်းကတော့လေ... အရမ်းမစားနဲ့။ ကြည့်ပါဦး... မင်းရဲ့ ခန္ဓာကိုယ်လေးက ဘယ်လောက်တောင် ဝလာလဲဆိုတာ"
လူတိုင်းက ပါးစပ်ပိတ်ကာ ရယ်မောလိုက်ကြလေသည်။
လီဟန်သည် ဖြူဖြူဖွေးဖွေး ဝဝကစ်ကစ်လေး ဖြစ်ပြီး အလွန် ချစ်စရာကောင်းသည်။ သို့သော် မယ်တော်ကြီးချောင်ကပင် ဝသည်ဟု ပြောလာပြီ ဆိုလျှင်တော့ တကယ် အဝလွန်နေပြီ ဖြစ်သည်။
လီဟန်သည် ထိုစကားကို ကြားလိုက်ရသည့်အခါ မျက်နှာပျက်သွားပြီး ရှေ့မှ အရသာရှိသော အစားအစာများကို ကြည့်ကာ စိတ်ညစ်သွားတော့၏။ "ဒါတွေ အကုန်လုံးက သား ကြိုက်တာတွေချည်းပဲ။ တစ်ခုမှ မလျှော့နိုင်ဘူး"
လုမင်ယွိသည် သဘောကျကာ လီဟန်ကို လက်လှမ်းခေါ်လိုက်ပြီး ဟင်းခွက်တစ်ခွက် ထည့်ပေးလိုက်လေသည်။ "အသား လျှော့စားပြီး အသီးအရွက် များများစား"
လီဟန်သည် အသားကြိုက်ပြီး အသီးအရွက် မကြိုက်ပေ။ မိခင်ဖြစ်သူက အသီးအရွက်များ အပြည့်ထည့်ပေးလိုက်သည်ကို တွေ့လိုက်ရသောအခါ စိတ်ဓာတ်ကျသွားလေသည်။ သို့သော် မငြင်းရဲသဖြင့် ဖြည်းဖြည်းချင်း စားသောက်နေရင်း အသားတုံးများကို လှမ်းကြည့်နေမိသည်။
စားပွဲတော် ပြီးခါနီးတွင် ထိုက်ဇီ ရောက်ရှိလာပြီး မယ်တော်ကြီးချောင်နှင့် လုမင်ယွိတို့ကို ဂါရဝပြုလိုက်လေသည်။
မယ်တော်ကြီးချောင်က ပြုံးရွှင်စွာ ပြောလိုက်လေသည်။ "ရွှီအာ... ထပါတော့"
လုမင်ယွိ၏ မျက်လုံးများသည် သားဖြစ်သူအပေါ် ရောက်ရှိနေပြီး ရင်ထဲတွင် ကြည်နူးမှုနှင့် ဂုဏ်ယူမှုများ ပြည့်နှက်နေလေသည်။
ဒါက သူမနှင့် လီကျင့်တို့၏ သားကြီး၊ သူမ ဂရုတစိုက် ပြုစုပျိုးထောင်ခဲ့သော သား၊ သာ့ဝေတိုင်းပြည်၏ အိမ်ရှေ့စံမင်းသား။
ဟွေ့အန်းကုန်းကျူသည် သားနားသော တူဖြစ်သူကို ကြည့်ကာ ချစ်မဝဖြစ်နေပြီး ပြုံးလျက် ပြောလိုက်လေသည်။ "ရွှီအာ... ဒီဘက်ကို လာပါဦး။ ဒီနေ့ ထိုက်ဇီဝတ်စုံနဲ့ ကြည့်ရတာ အရမ်း ခန့်ညားတာပဲ။ ကူးမူကို သေချာ ကြည့်ခွင့်ပေးပါဦး"
ဟွေ့အန်းကုန်းကျူသည် စိတ်မြန်လက်မြန် ရှိပြီး ပါးစပ်ကြမ်းသော်လည်း စိတ်ထားကောင်းမွန်သူ ဖြစ်သည်။ တူ၊ တူမများကို အလွန် ချစ်ခင်လေသည်။ ရွှီအာသည်လည်း ဟွေ့အန်းကုန်းကျူနှင့် ရင်းနှီးသဖြင့် ပြုံးကာ အနားသို့ သွားလိုက်လေသည်။
ဟွေ့အန်းကုန်းကျူသည် တူဖြစ်သူကို သေချာကြည့်ရှုပြီး မျက်နှာချောချောလေးကို ပွတ်သပ်လိုက်လေသည်။ "ထိုက်ဇီက တကယ် ချောတာပဲ"
ရွှီအာသည် ရှက်သွေးဖြာသွားပြီး ပြောလိုက်လေသည်။ "ကူးမူက ကြည့်ရင် အကုန်ကောင်းနေတာပဲ။ ရုပ်ရည်ပိုင်းမှာဆိုရင် ကျွန်တော်က ဝမ်းကွဲညီလေးလောက် မချောပါဘူး"
ဟွေ့အန်းကုန်းကျူက ရယ်မောလိုက်၏။ "အဲဒီကောင်လေးက ရုပ်ပဲချောတာ။ စာလည်း မတော်ဘူး။ သိုင်းပညာလည်း မလိုက်စားဘူး။ အပေါ်ယံပဲ ရှိတာပါ။ တို့တူလေးကမှ တကယ့် အစစ်"
ရွှီအာ၏ မျက်နှာလေးမှာ နီရဲသွားလေသည်။
လူတိုင်းက သဘောကျကာ ရယ်မောလိုက်ကြတော့သည်။
...
အပိုင်း (၇၁၁) လီရှန်း (၁)
ထိုက်ဇီခန့်အပ်ပွဲ အခမ်းအနား ပြီးဆုံးပြီးနောက်တွင် လီရှန်းသည် အရှင်မင်းကြီးအား သွားရောက် ဂါရဝပြုခဲ့သည်။
"ညီတော် အရှင်မင်းကြီးကို ဂါရဝပြုပါတယ်" လီရှန်းသည် လေးစားသမှုဖြင့် ဦးညွှတ် ဂါရဝပြုလိုက်၏။
ယခင်က စကားပြော ရယ်မောပြီး ပျော်ပျော်ပါးပါး နေတတ်သော စတုတ္ထမင်းသားသည် ယခုအခါ စည်းကမ်းတကျ နေထိုင်တတ်ပြီး တည်ငြိမ်ရင့်ကျက်သွားလေသည်။ အပြစ်ပြောစရာ မရှိအောင် ပြည့်စုံသော်လည်း ညီအစ်ကိုနှစ်ယောက်ကြားတွင် မသိမသာ ဝေးကွာသွားသလို ခံစားနေရသည်။
လီကျင့်သည် စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။
လီယိ၊ လီဟောက်၊ လီချန်တို့သည် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွားခဲ့ကြသည်။ သူတို့ သေဆုံးရခြင်းမှာ သူတို့၏ လုပ်ရပ်များကြောင့် ဖြစ်သော်လည်း လီကျင့်နှင့် လီရှန်းတို့ကြားတွင် နက်ရှိုင်းသော စည်းတစ်ခုကို ခြားနားစေခဲ့သည်။
လီရှန်းက ဤမျှ သတိထား ဆက်ဆံနေသည်ကို လီကျင့် မည်သို့မျှ မတတ်နိုင်တော့ပေ။
"စစ်တိ ထပါ" လီကျင့်သည် တွဲမထူတော့ဘဲ ပြောလိုက်လေသည်။ "ငါ့ဘေးနားကို လာထိုင်ပါဦး။ ငါတို့ ညီအစ်ကိုတွေ စကားပြောကြတာပေါ့"
လီရှန်းသည် အမိန့်ကို နာခံပြီး အနားသို့ လျှောက်လာကာ ထိုင်လိုက်လေသည်။ ညီအစ်ကိုနှစ်ယောက်သည် သုံးပေခန့်သာ ကွာဝေးပြီး မျက်နှာချင်းဆိုင် ကြည့်နေကြလေသည်။
ရှင်ဘုရင်တစ်ပါးအတွက် ဤအကွာအဝေးသည် အလွန် ယုံကြည်ရသော သူများနှင့်သာ နေထိုင်လေ့ရှိသည့် အကွာအဝေး ဖြစ်သည်။ သာမန် အမတ်တစ်ယောက်ဆိုလျှင် ရှင်ဘုရင်၏ ဘေးတွင် ဤမျှ နီးကပ်စွာ ထိုင်ခွင့်ရမည် မဟုတ်ပေ။
လီရှန်း၏ ရင်ထဲတွင် နွေးထွေးသွားပြီး တိုးတိုးလေး ခေါ်လိုက်လေသည်။ "အာ့ကော"
လီကျင့်က ခပ်မဲ့မဲ့ ပြုံးလိုက်လေသည်။ "မင်း ငါ့ကို အာ့ကော လို့ မခေါ်ရဲတော့ဘူး ထင်နေတာ"
လီရှန်းသည် ရှက်ရွံ့စွာဖြင့် ခေါင်းကုတ်လိုက်ပြီး "ကျွန်တော့်ကို အပြစ်မတင်ပါနဲ့။ ဘုရင်နဲ့ အမတ် ဆိုတာ စည်းခြားထားတာပဲလေ။ ကျွန်တော်က အရင်လို လျှောက်ပြော လျှောက်လုပ်နေရင် ကွပ်ကဲရေးအရာရှိတွေက အပြစ်တင်ကြမှာပေါ့။ အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်လို့ပါ"
ဒီလေသံကမှ အရင်က လီရှန်းရဲ့ ပုံစံ အစစ်အမှန်ပဲ။
လီကျင့်၏ မျက်ဝန်းနက်များထဲတွင် အပြုံးရိပ်များ သမ်းလာပြီး ပြောလိုက်လေသည်။ "အမတ်တွေ ရှိနေတဲ့အချိန်မှာတော့ မင်းက ရိုရိုသေသေ နေပေါ့။ အခု ငါတို့ညီအစ်ကိုနှစ်ယောက်တည်း ရှိတာပဲ။ ဟန်ဆောင်မနေပါနဲ့။ ပြောစရာရှိတာ ပြောပါ"
လီရှန်းသည် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သဖြင့် ချက်ချင်း ပြုံးကာ ပြောလိုက်လေသည်။ "အရင်တုန်းက ကျွန်တော် ရှင်းယန်ဝမ်နဲ့အတူ ယန်ချူဒေသကို သွားပြီး ပုန်ကန်မှုကို နှိမ်နင်းခဲ့တုန်းက အာ့ကော ကတိပေးခဲ့တယ်လေ။ ကျွန်တော် မြို့တော်ကို ပြန်ရောက်ရင် နယ်စားအဖြစ် ခန့်အပ်ပြီး နယ်မြေတစ်ခု ပေးမယ်ဆို"
"အစတုန်းက ရှင်းယန်ဝမ်က စစ်သည်ဟောင်းတွေကို နေရပ်ပြန်ပို့တဲ့ကိစ္စနဲ့ အလုပ်ရှုပ်နေလို့၊ ပြီးတော့ ထိုက်ဇီခန့်အပ်ပွဲ အခမ်းအနား ရှိနေလို့ ကျွန်တော် ဝင်မပြောဘဲ နေခဲ့တာ။ အခု အကုန်လုံး ပြီးသွားပြီဆိုတော့ အာ့ကောကို လာသတိပေးတာပါ"
လီရှန်းသည် ပြုံးဖြီးဖြီး လုပ်ကာ ပြောလိုက်လေသည်။
လီကျင့်သည် လီရှန်းကို စိုက်ကြည့်ရင်း နှမြောတသ ဖြစ်စွာ မေးလိုက်လေသည်။ "မင်း တကယ်ပဲ မြို့တော်မှာ မနေချင်တော့ဘူးလား"
လီရှန်းက ပြတ်သားစွာ ပြန်ဖြေလိုက်၏။ "မနေတော့ပါဘူး။ စောစောစီးစီး နယ်စားအဖြစ် သွားတာ ပိုကောင်းပါတယ်။ အဲဒါမှ အာ့ကောက ကျွန်တော့်ကို သတိရနေမှာ"
လီကျင့်သည် ရယ်ချင်သလို ငိုချင်သလို ဖြစ်သွားပြီး လီရှန်းကို ရိုက်ရန် လက်ရွယ်လိုက်လေသည်။ "ငါက ဘယ်တုန်းက မင်းကို သတိမရဘဲ နေဖူးလို့လဲ။ ပြောလိုက်ရင် ကျေးဇူးကန်းတဲ့ ကောင်လိုလို ဘာလိုလိုနဲ့"
ခဏရပ်ပြီးနောက် လီကျင့်က သက်ပြင်းချလိုက်လေသည်။ "ထားပါတော့လေ။ ဒါက ငါ မင်းကို ပေးထားတဲ့ ကတိပဲ။ ငါ မဖျက်ပါဘူး"
"မင်း ခဏလောက် စောင့်ဦး။ ငါ မင်းအတွက် သင့်တော်တဲ့ နယ်မြေတစ်ခု ရွေးပေးမယ်။ ပြီးတော့ ရှောင်လျို့က ငယ်သေးပေမယ့် သူ့ကိုပါ တစ်ခါတည်း နယ်စားအဖြစ် ခန့်အပ်ပေးလိုက်မယ်"
လီရှန်းသည် ဝမ်းသာအားရ ဖြစ်သွားပြီး ကျေးဇူးတင်စကား ပြောလိုက်လေသည်။ "ကျေးဇူးတင်ပါတယ် အာ့ကော"
လီမင်သည် လီရှန်းကြောင့် အကျိုးခံစားခွင့် ရရှိသွားခြင်း ဖြစ်သည်။ သုံးနှစ်သား ကလေးတစ်ယောက်သည် အသက်ရှင်နိုင်မည်လား ဆိုသည်ပင် မသေချာသေးဘဲ နယ်စားဘွဲ့ ရရှိခြင်းသည် ထူးခြားသော အခွင့်အရေး ဖြစ်လေသည်။
ကိစ္စပြီးပြတ်သွားပြီ ဖြစ်သဖြင့် လီရှန်းသည် စိတ်ပျော်ရွှင်သွားပြီး အစ်ကိုဖြစ်သူကို အကြီးအကျယ် မြှောက်ပင့်ပြောဆိုတော့သည်။
လီကျင့်သည် ဒေါသထွက်သလို ရယ်ချင်သလို ဖြစ်သွားပြီး လီရှန်းကို မျက်စောင်းထိုးလိုက်ကာ "မြှောက်ပင့်မနေနဲ့တော့"
"ဒါက နဂါးကို မြှောက်ပင့်တာလေ" လီရှန်းက သွားဖြဲပြီး ရယ်လိုက်လေသည်။
လီကျင့်သည်လည်း တဟားဟား ရယ်မောလိုက်တော့၏။
......
လီရှန်းသည် ဖူနဉ်နန်းဆောင်တွင် နေ့လယ်စာ စားပြီးနောက် ရှို့နင်နန်းဆောင်သို့ သွားရောက်ကာ မယ်တော်ကြီးကျောက်နှင့် ချင်ထိုက်ဖေးတို့ကို ဂါရဝပြုလေသည်။ ထို့နောက် နယ်စားအဖြစ် ထွက်ခွာတော့မည့် အကြောင်းကို ချင်ထိုက်ဖေးအား ပြောပြလိုက်လေသည်။
ချင်ထိုက်ဖေးသည် လောဘစိတ်များ ကုန်ခမ်းနေပြီ ဖြစ်သဖြင့် သားဖြစ်သူ၏ မျက်နှာကို ပွတ်သပ်ရင်း တိုးတိုးလေး ပြောလိုက်၏။ "မြို့တော်ကနေ ဘေးကင်းကင်းနဲ့ ထွက်သွားနိုင်တာလည်း ကံကောင်းခြင်း တစ်မျိုးပါပဲ"
လီဟောက်ကို ကြည့်လေ။ နယ်စပ်သို့ အပို့ခံရပြီး တစ်နှစ်မပြည့်ခင်မှာပင် အသတ်ခံလိုက်ရသည်။ အလောင်းတောင် ပြန်မရခဲ့ဘူး။ သနားစရာ ကောင်းလိုက်တာ။
လီဟောက်နှင့် ယှဉ်လိုက်လျှင် လီရှန်းသည် နယ်စားအဖြစ် ခန့်အပ်ခံရပြီး အေးချမ်းစွာ နေထိုင်ခွင့် ရရှိသည်မှာ ကံကောင်းလွန်းနေပြီ။
လီရှန်းသည် မိခင်ဖြစ်သူ၏ သဘောပေါက်လွယ်သော ပုံစံကို နေသားမကျသဖြင့် မေးလိုက်လေသည်။ "မူဖေးက ဘာလို့ ကျွန်တော့်ကို မတားတာလဲ"
"ရှင်ဘုရင် ပြောင်းသွားပြီလေ။ မင်းက မြို့တော်မှာ နေပြီး ဘာလုပ်ဦးမှာလဲ"
ချင်ထိုက်ဖေးက မဲ့ပြုံးပြုံးလိုက်လေသည်။ "အရင်တုန်းက မင်းဖုဟွမ် ရှိတုန်းကဆိုရင် မယ်တော်ကြီးကျောက်က ငါတို့သားအမိကို ကျောထောက်နောက်ခံ ပေးထားတာကြောင့် ငါလည်း လောဘတက်ခဲ့ဖူးတယ်။ အခု ပြန်စဉ်းစားကြည့်တော့ ဖူယန်မြို့စားက သတ္တိနည်းလို့ တော်သေးတာပေါ့။ မဟုတ်ရင် သူ ပုန်ကန်လိုက်တာနဲ့ မင်းပါ ဒုက္ခရောက်မှာ သေချာတယ်"
"ထိုက်ဟွမ်ထိုက်ဟုပ်သာ ကျန်းမာနေရင် ငါ မင်းနဲ့အတူ လိုက်ခဲ့မှာ"
လီရှန်းသည် လန့်သွားပြီး ချက်ချင်း မေးလိုက်လေသည်။ "မူဖေးက ကျွန်တော်နဲ့အတူ လိုက်မနေဘူးလား။ ဘယ်ဖြစ်မလဲ"
နယ်စားပယ်စားများသည် အမိန့်တော် မရရှိဘဲ နယ်မြေကနေ ထွက်ခွာခွင့် မရှိပေ။
သူ ထွက်သွားရင် မိခင်ကိုပါ ခေါ်သွားပြီး ပြုစုစောင့်ရှောက်ဖို့ စိတ်ကူးထားတာလေ။
ချင်ထိုက်ဖေးသည် သားဖြစ်သူကို ကြည့်ရင်း မျက်ရည်ဝဲလာကာ အသံတုန်တုန်ဖြင့် ပြောလိုက်လေသည်။ "ငါ လိုက်သွားရင် ထိုက်ဟွမ်ထိုက်ဟုပ်ကို ဘယ်သူ ပြုစုမှာလဲ"
"သူက အခု ဘယ်သူ့ကိုမှ မမှတ်မိတော့ဘူး။ ငါ့တစ်ယောက်တည်းကိုပဲ မှတ်မိတာ။ ထမင်းစား၊ ရေချိုး၊ အဝတ်အစားလဲ အကုန်လုံး ငါပဲ လုပ်ပေးရတာ။ ညဘက် အိပ်ရင်တောင် ငါ့ကို ရှာနေတတ်တယ်။ သူ ရူးသွပ်လာရင်လည်း ငါပဲ ထိန်းနိုင်တာ"
"ဒီနှစ်တွေမှာ ငါတို့သားအမိ နန်းတော်ထဲမှာ အေးအေးချမ်းချမ်း နေနိုင်ခဲ့တာ မယ်တော်ကြီးကျောက်ရဲ့ ကျေးဇူးကြောင့်ပဲ။ ငါက သူ့ကို ပစ်ထားခဲ့ပြီး ထွက်သွားရင် လူစိတ်ရှိပါဦးမလား"
လီရှန်းသည် စိတ်ရှုပ်ထွေးသွားပြီး ချင်ထိုက်ဖေး၏ လက်ကို ဆုပ်ကိုင်လိုက်ကာ ဘာပြောရမှန်း မသိတော့ချေ။ "ကျွန်တော်က မူဖေးကို ခေါ်သွားဖို့ပဲ စဉ်းစားထားတာ။ မူဖေး မလိုက်ရင် နောက်ဆို ကျွန်တော်တို့ သားအမိ ပြန်တွေ့ဖို့ မလွယ်တော့ဘူး။ မဖြစ်ဘူး မူဖေး... မူဖေး ကျွန်တော်နဲ့အတူ လိုက်ခဲ့ရမယ်"
ချင်ထိုက်ဖေးသည် ဝမ်းနည်းပက်လက် ငိုကြွေးကာ လီရှန်းကို ဖက်ထားလိုက်ပြီး "အားရှန်း... ငါလည်း မင်းနဲ့ မခွဲချင်ပါဘူး"
"ဒါပေမဲ့ ငါ လိုက်သွားလို့ မဖြစ်ဘူး။ မယ်တော်ကြီးကျောက် အသက်ရှင်နေသရွေ့ ငါ သူ့ကို ပြုစုရမယ်"
လီရှန်းသည် ရင်ကွဲပက်လက် ခံစားလိုက်ရပြီး မိခင်ဖြစ်သူကို ဖက်ကာ မျက်ရည်ကျလာတော့သည်။ "ဒါဆိုရင် ကျွန်တော် အာ့ကောကို သွားပြောမယ်။ ထိုက်ဟွမ်ထိုက်ဟုပ်ကိုပါ ကျွန်တော်နဲ့အတူ ခေါ်သွားခွင့်ပြုဖို့ တောင်းဆိုမယ်။ အဲဒီကျရင် မူဖေးကိုရော ထိုက်ဟွမ်ထိုက်ဟုပ်ကိုရော ကျွန်တော် လုပ်ကျွေးပြုစုမယ်"
ဒီစကားက ပြောရင်းနှင့်ပင် ကိုယ့်ကိုယ်ကိုယ်တောင် မျှော်လင့်ချက် မရှိမှန်း သိလိုက်ရ၏။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
အရှင်မင်းကြီးက တိုင်းပြည်ကို တရားမျှတမှုနဲ့ အုပ်ချုပ်တာ။ လီကျင့်က မယ်တော်ကြီးကျောက်အပေါ် သံယောဇဉ် ဘယ်လောက်ရှိလဲဆိုတာ ထားလိုက်ပါတော့။ နယ်စားတစ်ယောက်က မယ်တော်ကြီးကျောက်ကို ခေါ်သွားဖို့ ခွင့်ပြုပါ့မလား။
တလွဲတွေးမယ်ဆိုရင် မယ်တော်ကြီးကျောက်ကို အကြောင်းပြပြီး ပုန်ကန်ဖို့ ကြိုးစားနေတာလို့တောင် ထင်သွားနိုင်တယ်။
ဒီကိစ္စက လုံးဝ မဖြစ်နိုင်ဘူး။
ချင်ထိုက်ဖေးသည် လန့်ဖျပ်သွားပြီး မျက်ရည်များကို အလျင်အမြန် သုတ်လိုက်လေသည်။ "လျှောက်မပြောနဲ့။ ဒီလိုစကားမျိုး လုံးဝ မပြောရဘူး။ မဟုတ်ရင် မင်းတောင် ထွက်သွားလို့ မရဘဲ နေဦးမယ်"
"အရှင်မင်းကြီးနဲ့ ဟွမ်ဟုပ်က သာမန်လူတွေ မဟုတ်ဘူး။ အထူးသဖြင့် လုမင်ယွိက မင်းကို တစ်ချက်ကြည့်လိုက်ရုံနဲ့ မင်း ကြက်သီးထသွားလိမ့်မယ်"
"မင်း ပြန်ရောက်တာနဲ့ အထုပ်အပိုးတွေ ပြင်ပြီး စောစောစီးစီး ထွက်သွားတော့"
လီရှန်း၏ မျက်လုံးထဲမှ မျက်ရည်များ စီးကျလာပြီး အသံအက်ကွဲကွဲဖြင့် ပြောလိုက်လေသည်။ "မူဖေး... ကျွန်တော် ဘယ်လိုလုပ် မူဖေးကို တစ်ယောက်တည်း ထားခဲ့ပြီး ထွက်သွားရက်မှာလဲ"
ချင်ထိုက်ဖေးသည် လက်လှမ်းကာ သားဖြစ်သူ၏ မျက်ရည်များကို သုတ်ပေးလိုက်ပြီး ငိုနေသည်ထက် ပိုပြီးရှုံ့မဲ့နေသော အပြုံးဖြင့် ပြောလိုက်လေသည်။ "အားရှန်း... မင်းမှာ ဒီလို စိတ်ထားလေး ရှိတာနဲ့တင် ငါ ကျေနပ်ပါပြီ"
"ငါက ရှို့နဉ်နန်းဆောင်မှာ နေပြီး ထိုက်ဟွမ်ထိုက်ဟုပ်ကို ပြုစုရမယ်။ စားရေးသောက်ရေး နေထိုင်ရေး အကုန်လုံး အကောင်းဆုံး စီစဉ်ပေးထားတာဆိုတော့ ငါ ဘာမှ ဒုက္ခရောက်မှာ မဟုတ်ပါဘူး။ မင်း စိတ်ချလက်ချ သွားလိုက်ပါ"
...