← Chapters

အခန်း (၇၁၂-၇၁၄)

Vol. 48 Ch. 712-714

အခန်း (၇၁၂-၇၁၄)

Vol. 48 Ch. 712-714

အပိုင်း (၇၁၂) လီရှန်း (၂)

မိုးချုပ်မှသာ လီရှန်းသည် အိမ်တော်သို့ ပြန်ရောက်လာလေသည်။

ကျောက်ယွီသည် လီရှန်း၏ ပုံစံကို မြင်လိုက်ရသည့်အခါ လန့်သွားပြီး စိုးရိမ်တကြီးဖြင့် လက်ကို ဆုပ်ကိုင်လိုက်လေသည်။ "ရှင် ဘာဖြစ်လာတာလဲ။ ဘယ်သူ အနိုင်ကျင့်လိုက်တာလဲ။ ဒါမှမဟုတ် အရှင်မင်းကြီးက စိတ်ပြောင်းသွားပြီး ရှင် နယ်စားလုပ်တာကို ခွင့်မပြုတော့ဘူးလား"

လီရှန်း၏ မျက်လုံးများ နီရဲနေပြီး မျက်နှာတစ်ခုလုံး ညှိုးငယ်နေကာ စိတ်ဓာတ်ကျနေသော ပုံစံ ပေါက်နေလေသည်။

"မဟုတ်ပါဘူး" လီရှန်း၏ အသံသည် အက်ကွဲနေပြီး "အာ့ကောက ကတိတည်ပါတယ်။ နယ်စားလုပ်ဖို့ ခွင့်ပြုလိုက်ပြီ။ နောက်ရက်အနည်းငယ် ကြာရင် အမိန့်တော် ပြန်တမ်း ထွက်လာတော့မယ်"

ကျောက်ယွီသည် သက်ပြင်းချလိုက်လေသည်။ "ဒါဆိုရင် ဘာဖြစ်လို့လဲ။ နန်းတော်ထဲမှာ ဘယ်သူက ရှင့်ကို အနိုင်ကျင့်ရဲလို့လဲ"

လီရှန်းက လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ငါ ရှို့နဉ်နန်းဆောင်ကို သွားပြီး မယ်တော်ကြီးကျောက်နဲ့ မူဖေးကို သွားတွေ့ခဲ့တယ်။ မူဖေးက သူ နန်းတော်ထဲမှာပဲ နေခဲ့မယ်တဲ့။ ငါနဲ့အတူ နယ်မြေကို မလိုက်တော့ဘူးတဲ့"

ကျောက်ယွီ "..."

ဒီလောက် ကောင်းတဲ့ သတင်းမျိုး ရှိသေးလား။

ကျောက်ယွီ၏ မျက်လုံးများ အရောင်လက်သွားသော်လည်း ပျော်ရွှင်မှုကို ထိန်းချုပ်ထားလိုက်ရသည်။ မဟုတ်လျှင် လီရှန်း စိတ်ဆိုးသွားပေလိမ့်မည်။

သူမနှင့် လီရှန်းသည် ငယ်စဉ်ကတည်းက ချစ်ကြိုက်ခဲ့ကြပြီး လက်ထပ်ပြီးနောက်တွင်လည်း ချစ်ခင်စုံမက်စွာ နေထိုင်ခဲ့ကြသည်။ သို့သော် ယောက္ခမဖြစ်သူ ချင်ထိုက်ဖေးကတော့ မနာလိုဖြစ်ပြီး သူမကို မကြာခဏ အပြစ်ရှာတတ်လေသည်။

ယောက္ခမက စကားနာထိုးလျှင် ချွေးမလုပ်သူက သည်းခံရုံမှလွဲ၍ တခြားနည်းလမ်း မရှိပေ။ နေ့တိုင်း ယောက္ခမနှင့် ရန်ဖြစ်နေ၍ မဖြစ်ချေ။ ချင်ထိုက်ဖေးသည် အလွန်အကျွံ ဆိုးသွမ်းခြင်း မရှိသော်လည်း သူမကို ကြည့်မရ ဖြစ်နေခြင်းသာ။

အခု မြို့တော်ကနေ ထွက်ခွာပြီး နယ်စားအဖြစ် သွားကြမယ်။ ယောက္ခမကတော့ နန်းတော်ထဲမှာ ကျန်နေခဲ့မယ်။ ဒါဆိုရင် နောက်ဆို သူမကို ဘယ်သူကမှ လာပြီး ဆရာလုပ်နိုင်တော့မှာ မဟုတ်ဘူး။ ဘဝက ဘယ်လောက်တောင် ပျော်စရာကောင်းလိုက်သလဲ။

ကျောက်ယွီသည် တွေးလေ ပျော်လေ ဖြစ်နေသော်လည်း ပါးစပ်ကတော့ ဟန်ဆောင်ပြီး ပြောလိုက်လေသည်။ "ကျွန်မတို့က မူဖေးကို ခေါ်သွားပြီး ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်မယ်လို့ စိတ်ကူးထားတာလေ။ အခု မူဖေးက မလိုက်ချင်ဘူးဆိုတော့ ဘယ်လိုလုပ်မလဲ"

လီရှန်း၏ မျက်လုံးများ နီရဲလာပြန်လေသည်။ "ထိုက်ဟွမ်ထိုက်ဖေးက စိတ်ဖောက်ပြန်နေပြီး မူဖေးတစ်ယောက်တည်းကိုပဲ မှတ်မိတော့တာ။ မူဖေးက သူ့ကို တစ်ယောက်တည်း ထားခဲ့ဖို့ စိတ်မပါတော့ ငါတို့ကိုပဲ သွားခိုင်းလိုက်တာ"

ကျောက်ယွီက ဟန်ဆောင်ပန်ဆောင်ဖြင့် အကြံပေးလိုက်လေသည်။ "ဒါဆိုရင် ကျွန်မ အာ့စောင်ကို သွားပြီး အသနားခံကြည့်ရမလား။ ထိုက်ဟွမ်ထိုက်ဖေးကိုပါ ခေါ်သွားခွင့်ပြုဖို့ တောင်းဆိုကြည့်မယ်လေ"

"မဖြစ်ဘူး" လီရှန်းက သက်ပြင်းရှည်ကြီး ချလိုက်ကာ "အာ့ကောနဲ့ ညန်ညန်က သဘောတူမှာ မဟုတ်ဘူး။ ပြီးတော့ ငါက ကိုယ်တိုင်ဆန္ဒအလျောက် နယ်စားလုပ်ဖို့ တောင်းဆိုထားတာက နန်းတွင်းအာဏာကို မက်မောမှု မရှိကြောင်း ပြသချင်လို့လေ။ အခု မယ်တော်ကြီးကျောက်ကိုပါ ခေါ်သွားမယ်ဆိုရင် အာ့ကောနဲ့ ညန်ညန်က ဘယ်လိုထင်မလဲ။ အမတ်တွေက ငါ့ကို ဘယ်လိုမြင်မလဲ"

ဒါကြောင့် ချင်ထိုက်ဖေးကို မြို့တော်မှာ ထားခဲ့ရုံမှလွဲ၍ တခြားနည်းလမ်း မရှိတော့ပေ။

လီရှန်းသည် အင်္ကျီလက်စဖြင့် မျက်ရည်များကို သုတ်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ထားလိုက်ပါတော့... ငါတို့ အရင် သွားကြတာပေါ့။ မူဖေးက မြို့တော်မှာ နှစ်အနည်းငယ်လောက် ဆက်နေပါစေ။ ထိုက်ဟွမ်ထိုက်ဟုပ်ကလည်း အသက်ကြီးနေပြီ။ စိတ်ကလည်း မမှန်တော့ဘူး ဆိုတော့ ဘယ်လောက်ကြာကြာ နေရဦးမလဲ မသိဘူး။ ထိုက်ဟွမ်ထိုက်ဟုပ် ဆုံးပါးသွားတဲ့အချိန်ကျမှ ငါတို့ မြို့တော်ကို ပြန်လာပြီး အသုဘအခမ်းအနား တက်ရောက်ရင်း မူဖေးကိုပါ တစ်ခါတည်း ခေါ်သွားကြတာပေါ့"

ဘာပဲဖြစ်ဖြစ် သူမ လွတ်လပ်ခွင့်ရသွားတာတော့ အမှန်ပဲ။

ကျောက်ယွီသည် မျက်နှာကြည်လင်သွားပြီး ခေါင်းညိတ်လိုက်၏။ "ဟုတ်သားပဲ။ နှစ်နည်းနည်းလောက် စောင့်လိုက်ရင် မူဖေးနဲ့ ပြန်ဆုံရမှာပါ။ ရှင် အရမ်း ဝမ်းနည်းမနေပါနဲ့"

......

သုံးရက်ကြာပြီးနောက် အရှင်မင်းကြီးသည် အမိန့်တော် ထုတ်ပြန်လိုက်ပြီး လီရှန်းကို ကျင်းဝမ် အဖြစ် ခန့်အပ်ကာ ကျင်းနယ်မြေကို ပေးသနားလိုက်လေသည်။ ထိုနယ်မြေသည် သိပ်မကြီးသော်လည်း ခရိုင်တစ်ခုစာခန့် ရှိလေသည်။ ရေမြေတောတောင် သဘာဝအလှအပများနှင့် ပြည့်စုံပြီး ဆားတွင်းအချို့လည်း ရှိလေသည်။

သံတွင်းနှင့် ကြေးနီတွင်းတော့ မရှိပေ။ ဤအချက်ကိုတော့ အရှင်မင်းကြီး ကပ်စေးနည်းသည်ဟု အပြစ်ပြော၍ မရပေ။ သံနှင့် ကြေးနီတို့သည် လက်နက်ပြုလုပ်ရာတွင် အရေးပါသော ကုန်ကြမ်းများ ဖြစ်သဖြင့် ညီလာခံကသာ ထိန်းချုပ်ထားရသည်။

ဤနယ်မြေသည် လီကျင့် အသေအချာ ရွေးချယ်ပေးထားခြင်း ဖြစ်သည်။ အလွန်အမင်း ချမ်းသာကြွယ်ဝခြင်း မရှိသလို ဆင်းရဲခြင်းလည်း မရှိပေ။ မြို့တော်နှင့် တစ်လခရီး ကွာဝေးလေသည်။ နောင်တွင် ထိုက်ဇီ နန်းတက်လျှင်လည်း ကျင်းဝမ်၏ နယ်မြေကို မျက်စိကျစရာ အကြောင်းမရှိပေ။

လီရှန်းသည် စိတ်ကို တည်ငြိမ်အောင် ထားပြီး အမိန့်တော်ကို လက်ခံလိုက်ကာ ပျော်ရွှင်စွာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်လေသည်။

လီကျင့်သည် ချင်ထိုက်ဖေး နန်းတော်ထဲတွင် နေရစ်ခဲ့မည့် အကြောင်းကို သိပြီးဖြစ်သဖြင့် ပြုံးကာ နှစ်သိမ့်ပေးလိုက်လေသည်။ "မင်း စိတ်ချလက်ချ သွားပါ။ ချင်ထိုက်ဖေးက ထိုက်ဟွမ်ထိုက်ဖေးကို စောင့်ရှောက်ဖို့ နေရစ်ခဲ့မှာဆိုတော့ ငါနဲ့ ဟွမ်ဟုပ်က မင်းတို့အစား သူ့ကို ကောင်းကောင်း စောင့်ရှောက်ပေးပါ့မယ်။ ဘာမှ စိတ်မပူပါနဲ့"

အခြေအနေက ဒီလိုဖြစ်လာမှတော့ ငိုနေလို့လည်း အပိုပဲလေ။

လီရှန်းက လေးနက်စွာ ပြောလိုက်လေသည်။ "ဒါဆိုရင် အာ့ကောနဲ့ အာ့စောင်ကိုပဲ အပ်ပါတယ်"

ထိုအချိန်တွင် ကျောက်ယွီသည်လည်း ကျောင်းဖန်နန်းဆောင်သို့ ရောက်ရှိနေပြီး အာ့စောင်ကို ကျေးဇူးတင်စကား ဆိုရင်း နှုတ်ဆက်နေလေသည်။ "အာ့စောင်... အရှင်မင်းကြီးရဲ့ အမိန့်တော် ထွက်လာပါပြီ။ နောက်ဆယ်ရက်ကြာရင် ကျွန်မတို့ မြို့တော်ကနေ ထွက်ခွာတော့မယ်။ ဒါတွေ အကုန်လုံး အရှင်မင်းကြီးနဲ့ အာ့စောင်ရဲ့ ကျေးဇူးတွေပါ"

လုမင်ယွိက ပြုံးကာ ပြောလိုက်လေသည်။ "ငါတို့ သမီးယောက်မတွေ အတူနေလာတာ နှစ်တွေကြာပြီ။ အမြဲတမ်း သင့်သင့်မြတ်မြတ် ရှိခဲ့ကြတာ။ မင်း ထွက်သွားတော့မယ် ဆိုတော့ ငါ တကယ်ပဲ လွမ်းနေမိမှာ"

ကျောက်ယွီက ပြုံးလိုက်လေသည်။ "နောက်ဆိုရင် ကျွန်မ စာမကြာခဏ ရေးပါ့မယ်။ စာတွေ များလွန်းလို့ဆိုပြီး ငြီးငွေ့မသွားနဲ့နော်"

လုမင်ယွိက ပြုံးလိုက်ပြီး ချင်ထိုက်ဖေး အကြောင်းကို ပြောလိုက်လေသည်။ "ချင်ထိုက်ဖေးက ကိုယ့်သဘောဆန္ဒနဲ့ နေခဲ့မယ်လို့ ထင်မထားမိဘူး"

ချင်ထိုက်ဖေးသည် ဉာဏ်ရည်ထက်မြက်ခြင်း မရှိသလို အမြော်အမြင်လည်း မရှိပေ။ သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်တတ်ပြီး အပျော်အပါး မက်မောသူ ဖြစ်သည်။ ဤမျှ သစ္စာရှိပြီး ကျေးဇူးသိတတ်သူ တစ်ယောက် ဖြစ်လာမည်ဟု ဘယ်သူမှ ထင်မှတ်မထားခဲ့ကြပေ။

တကယ်ကို အံ့သြစရာ ကောင်းလိုက်တာ။

ကျောက်ယွီက ချောင်းဟန့်လိုက်ပြီး "ကျွန်မလည်း ထင်မထားပါဘူး"

တခြားစကားများ မပြောသော်လည်း လုမင်ယွိ နားလည်သဘောပေါက်လေသည်။

လုမင်ယွိသည် တိတ်တဆိတ် ရယ်မောလိုက်ပြီး နူးညံ့စွာ ပြောလိုက်လေသည်။ "စိတ်မပူပါနဲ့။ ငါ ရှိနေသရွေ့ အနောက်နန်းဆောင်မှာ ချင်ထိုက်ဖေးကို ဘယ်သူမှ အနိုင်ကျင့်ရဲမှာ မဟုတ်ပါဘူး။ ရှို့နဉ်နန်းဆောင်ရဲ့ စားဝတ်နေရေးကိုလည်း အကောင်းဆုံး စီစဉ်ပေးထားမှာပါ။ ချင်ထိုက်ဖေး တစ်ခုမှ ဒုက္ခရောက်မှာ မဟုတ်ပါဘူး"

ကျောက်ယွီသည် ကျေးဇူးတင်စကား ဆိုလိုက်ပြီး အဓိပ္ပာယ်ပါသော စကားတစ်ခွန်း ပြောလိုက်လေသည်။ "နောင်တစ်ချိန် ကျွန်မတို့ မြို့တော်ကို ပြန်လာရမယ့် အခွင့်အရေး ကြုံလာရင် မူဖေးကိုပါ တစ်ခါတည်း ခေါ်သွားခွင့်ပြုဖို့ တောင်းဆိုချင်ပါတယ်"

ထိုအခွင့်အရေး ဆိုသည်မှာ ဘာကို ဆိုလိုကြောင်း လုမင်ယွိ နားလည်လေသည်။

လုမင်ယွိက ခေါင်းညိတ်လိုက်လေသည်။ "ကောင်းပြီလေ"

ထိုစကားကို ကြားလိုက်ရသည့်အခါ ကျောက်ယွီသည် စိတ်အေးသွားပြီး မျက်နှာဝင်းပသွားလေသည်။ "ကျေးဇူးတင်ပါတယ် အာ့စောင်... အာ့စောင်ရဲ့ သဘောထားကြီးမှုက တကယ်ကို လေးစားစရာ ကောင်းပါတယ်"

လုမင်ယွိက ရယ်မောလိုက်ပြီး "ဒီနေ့ နင့် ပါးစပ်မှာ ပျားရည်သုတ်လာတာလား။ ပြောလိုက်ရင် အကောင်းတွေချည်းပဲ"

ကျောက်ယွီက မျက်လုံးမှိတ်ပြလိုက်ကာ "ကျွန်မက ရင်ထဲရှိတာ ပြောတာပါ။ အာ့စောင်ကို တမင်သက်သက် မြှောက်ပင့်နေတာ မဟုတ်ပါဘူး"

ခဏရပ်ပြီးနောက် သူမက လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ကျွန်မမှာ တောင်းဆိုစရာ ကိစ္စတစ်ခု ရှိသေးတယ်"

"ကျွန်မ ဒီကနေ ထွက်သွားရင် ဘယ်တော့ ပြန်ရောက်မလဲ မသိနိုင်တော့ဘူး။ မသွားခင် သာ့စောင်နဲ့ စန်းစောင်ကို သွားတွေ့ချင်လို့ပါ"

ပြောပြီးနောက် သူမသည် စိုးရိမ်တကြီးဖြင့် လုမင်ယွိကို ကြည့်လိုက်လေသည်။

လုမင်ယွိသည် ဒေါသထွက်ခြင်း မရှိပေ။ "ငါ့ကို ဘာလို့ ကြည့်နေတာလဲ။ သွားချင်ရင် သွားလိုက်လေ"

ကျောက်ယွီသည် သက်ပြင်းချလိုက်ပြီး မျက်လုံးများ အရောင်လက်သွားလေ၏။ "အာ့စောင်... တကယ်ပဲ စိတ်မရှိဘူးလား"

လုမင်ယွိက မျက်ခုံးပင့်လိုက်လေသည်။ "အနိုင်ရသူက ငါလေ။ မိဖုရားခေါင် ပလ္လင်ပေါ်မှာ ထိုင်နေတာကလည်း ငါပဲ။ သူတို့ကို သတ်ချင်ရင် ငါအတွက် စကားတစ်ခွန်း ပြောလိုက်ရုံနဲ့ လုံလောက်တယ်။ အသက်ရှင်ခွင့် ပေးထားတာကလည်း ငါရဲ့သဘောပဲ။ ဘာကို စိတ်ရှိရမှာလဲ"

ဒါလည်း ဟုတ်တာပဲ။

ကျောက်ယွီသည် နှာခေါင်းကို ပွတ်သပ်လိုက်ပြီး ရှက်ရွံ့စွာ ရယ်မောလိုက်လေသည်။ "တကယ်တော့ ကျွန်မ သူတို့ကို သွားတွေ့ချင်နေတာ ကြာပြီ။ ဒါပေမဲ့ အာ့စောင် စိတ်ဆိုးမှာ ကြောက်လို့ မပြောရဲတာ"

လီကျင့် နန်းတက်လာသည်မှာ သုံးနှစ်ထဲသို့ ရောက်ရှိလာခဲ့ပြီ။

မြို့တော်တွင် ဖြစ်ပွားခဲ့သော သွေးထွက်သံယို တိုက်ပွဲကြီးသည်လည်း တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားခဲ့ပြီ။ ပြည်သူများသည် အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နေကြပြီး မြို့တော်ကြီးသည် သာယာဝပြောနေပြီ ဖြစ်သည်။ အိမ်တော်ထဲတွင် အကျယ်ချုပ် ကျခံနေရသော လျန်ရှီသားအမိနှင့် မုန့်ရှီသားအမိတို့ကိုလည်း လူတွေ မေ့လျော့ကုန်ကြပြီ။

ကျောက်ယွီကတော့ သံယောဇဉ်ကြီးသူပီပီ မသွားခင် သွားရောက်နှုတ်ဆက်ချင်နေမိသည်။ ယခုအချိန်တွင် ထုတ်ပြောလိုက်ခြင်းက လုမင်ယွိ၏ သဘောထားကို စမ်းသပ်ခြင်းလည်း ဖြစ်လေသည်။

လုမင်ယွိက ပြုံးလိုက်ပြီး "အရင်တုန်းက လူတွေ အများကြီး သေခဲ့ပြီးပြီ။ နောက်ဆိုရင် အားလုံး ဘေးကင်းကင်းနဲ့ ရှင်သန်နိုင်ကြမှာပါ"

...

အပိုင်း (၇၁၃) လျန်ရှီ

လုမင်ယွိ၏ စကားနှစ်ခွန်းက ကျောက်ယွီ၏ ရင်ထဲတွင်ရှိသော အပူမီးများကို ငြိမ်းအေးစေခဲ့သည်။

ကျောက်ယွီu ပြုံးလိုက်လေသည်။ "အာ့စောင် ပြောတာ မှန်ပါတယ်။ အခုလို အေးအေးချမ်းချမ်း ရှိနေတာ အကောင်းဆုံးပါပဲ။ မနက်ဖြန်ကျရင် သာ့စောင်နဲ့ စန်းစောင်ကို သွားတွေ့လိုက်ပါ့မယ်"

အထုပ်အပိုး ပြင်ဆင်ခြင်းကို အောက်ခြေဝန်ထမ်းများက တာဝန်ယူ လုပ်ဆောင်ပေးကြသည်။

နောက်တစ်နေ့တွင် ကျောက်ယွီသည် ပထမမင်းသားအိမ်တော်သို့ သွားရောက်ခဲ့လေသည်။

လီယိကို သာမန်အရပ်သားအဖြစ် တန်းလျှော့လိုက်သော်လည်း သူ၏ အိမ်တော်ကိုတော့ ပြန်လည်သိမ်းဆည်းခြင်း မပြုခဲ့ပေ။ လျန်ရှီနှင့် လီထန် သားအမိနှစ်ယောက်သည် အိမ်တော်တွင် ဆက်လက်နေထိုင်နေကြသည်။

အဓိကတံခါးကြီးကို ပိတ်ထားသော်လည်း ဘေးတံခါးနှင့် အနောက်တံခါးများမှ ဝင်ထွက်သွားလာခွင့် ရှိလေသည်။ အိမ်တော်အတွင်း၌လည်း အစေခံများ ရှိနေပြီး စားဝတ်နေရေး ပြည့်စုံလုံလောက်ကာ အစေခံများ၏ လစာကိုလည်း ပုံမှန်ပေးချေလျက် ရှိသည်။

ဤအခြေအနေကို သိရှိသူတိုင်းက အရှင်မင်းကြီးနှင့် မိဖုရားခေါင်တို့၏ သဘောထားကြီးမှုကို ချီးကျူးကြလေသည်။

လီယိသည် ဖခင်အရင်းကို သတ်ဖြတ်ရန် ကြံစည်ခဲ့သည့် ပြစ်မှုကြီးကို ကျူးလွန်ခဲ့သော်လည်း လျန်ရှီသားအမိကို ကွပ်မျက်လိုက်လျှင် မည်သူမျှ ဝင်ရောက် အသနားခံမည့်သူ ရှိမည်မဟုတ်ပေ။ ယခုကဲ့သို့ ချမ်းသာကြွယ်ဝစွာ နေထိုင်ခွင့် ရရှိနေခြင်းသည် အရှင်မင်းကြီး၏ ကြင်နာမှုကြောင့် ဖြစ်သလို လျန်တပ်မှူးကြီးနှင့် လျန်စစ်သူကြီးတို့၏ နိုင်ငံတော်အပေါ် သစ္စာစောင့်သိခဲ့မှုကြောင့်လည်း ဖြစ်သည်။ ထိုကျေးဇူးတရားများကို လျန်ရှီသားအမိက ခံစားခွင့်ရရှိနေခြင်းပင်။

မုန့်ရှီသားအမိသည်လည်း တတိယမင်းသားအိမ်တော်တွင် နေထိုင်ကြသော်လည်း တံခါးအားလုံးကို ပိတ်ထားပြီး စားဝတ်နေရေးကို တစ်ဝက်လျှော့ချထားလေသည်။

ဒီတစ်နှစ်ကျော် ကာလအတွင်း လျန်ရှီသားအမိသည် အိမ်တော်ထဲကနေ အပြင်မထွက်ခဲ့ကြပေ။

အကျယ်ချုပ် ကျခံနေရသူများအနေဖြင့် တိတ်ဆိတ်ငြိမ်သက်စွာ နေထိုင်ခြင်းကသာ ဘေးကင်းလုံခြုံမှုကို ပေးစွမ်းနိုင်လိမ့်မည်။

လီရှန်းနှင့် ကျောက်ယွီ လင်မယားသည် ဘေးတံခါးမှတစ်ဆင့် အိမ်တော်ထဲသို့ ဝင်ရောက်လာကြသည်။ လျန်ရှီသည် လီထန်ကို ခေါ်ဆောင်ကာ ဧည့်ခန်းမဆောင် ရှေ့တွင် စောင့်ကြိုနေလေသည်။

တစ်ယောက်ကိုတစ်ယောက် မြင်လိုက်ရသည့်အခါ ရင်ထဲတွင် ဝမ်းနည်းကြေကွဲမှုများ ဖြစ်ပေါ်လာမိသည်။

လျန်ရှီသည် ဖခင်၊ အစ်ကိုနှင့် ခင်ပွန်းတို့အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ ဆယ်နှစ်အရွယ် လီထန်သည်လည်း အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားလေသည်။

"သာ့စောင်..." ကျောက်ယွီသည် လျန်ရှီ၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။ "မတွေ့တာ ကြာပြီနော်။ ကျွန်မ သာ့စောင်အတွက် အမြဲတမ်း စိတ်ပူနေခဲ့တာ"

တစ်နှစ်ကျော် မတွေ့ရသော်လည်း လျန်ရှီသည် ပိန်ကျသွားခြင်း မရှိပေ။ အသားအရေ ပြည့်ဖြိုးနေပြီး ကျန်းမာရွှင်လန်းနေကာ မျက်လုံးများက တည်ငြိမ်နေလေသည်။

သူမတို့ကြားတွင် မုန်းထားစရာ အကြောင်းမရှိသဖြင့် ရင်းရင်းနှီးနှီး ရှိခဲ့ကြသည်။ ယခု ပြန်တွေ့ရသည့်အခါ ကျောက်ယွီသည် စိတ်ထိခိုက်ပြီး မျက်ရည်ဝဲလာသလို လျန်ရှီသည်လည်း မျက်ရည်များ ဝဲတက်လာတော့သည်။ "ငါ့ကို သတိရပေးလို့ ကျေးဇူးပါပဲ။ ငါတို့သားအမိက အိမ်ထဲမှာပဲ နေနေကြတာပါ။ စားဝတ်နေရေးလည်း ပြည့်စုံပါတယ်။ အေးအေးဆေးဆေးပါပဲ"

ကျောက်ယွီ၏ မျက်လုံးများ နီရဲလာလေသည်။ "အဆင်ပြေရင် ပြီးတာပါပဲ"

လီရှန်းသည်လည်း စိတ်မကောင်းဖြစ်နေပြီး လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "သာ့စောင်... အရှင်မင်းကြီးက အမိန့်တော် ထုတ်ပြန်လိုက်ပါပြီ။ နောက်ရက်အနည်းငယ် ကြာရင် ကျွန်တော်တို့ မြို့တော်ကနေ ထွက်ခွာပြီး နယ်စားအဖြစ် သွားကြတော့မယ်။ ဒီနေ့ သာ့စောင်ကို လာနှုတ်ဆက်တာပါ"

လျန်ရှီသည် အိမ်ပြင်မထွက်သော်လည်း သတင်းများကို သိရှိထားပြီး ဖြစ်၏။ သူမက တိုးတိုးလေး ပြောလိုက်လေသည်။ "စစ်တိ ဆန္ဒပြည့်ဝသွားတာ ဝမ်းသာပါတယ်။ နယ်မြေကို ရောက်ရင် ကောင်းကောင်းမွန်မွန် အုပ်ချုပ်ပြီး အေးအေးချမ်းချမ်း နေပါ"

လီရှန်းက ခေါင်းညိတ်လိုက်ကာ "သာ့စောင်လည်း ဂရုစိုက်ပါ"

ထို့နောက် သူ၏ မျက်လုံးများက လီထန်၏ ကိုယ်ပေါ်သို့ ရောက်ရှိသွားလေသည်။

လီထန်သည် ထိုက်ဇီ လီရွှီထက် တစ်နှစ်ကြီးလေသည်။ ယခုအချိန်တွင် အရပ်ရှည်လာပြီး ခန္ဓာကိုယ် ပိန်ပါးသော်လည်း မျက်နှာလေးက ချောမောခန့်ညားနေသည်။ ကလေးဆန်သော အမူအရာများ ပျောက်ကွယ်သွားပြီး တည်ငြိမ်ရင့်ကျက်နေလေသည်။ "စစ်ရှူး(စတုတ္ထဦးလေး)... စိတ်ချပါ။ ကျွန်တော် မေမေ့ကို ကောင်းကောင်း စောင့်ရှောက်ပါ့မယ်"

လီရှန်း၏ မျက်လုံးများထဲတွင် ချီးကျူးမှုများ ပေါ်လာပြီး လီထန်၏ ပခုံးကို ပုတ်လိုက်လေသည်။ "ကောင်းတယ်... စစ်ရှူး မင်းကို ယုံတယ်။ မင်းက သားလိမ္မာလေး ဖြစ်လာမှာ သေချာတယ်"

လီထန်သည် ဦးလေးဖြစ်သူ၏ ချီးကျူးစကားကြောင့် ရှက်သွေးဖြာသွားလေသည်။

သူ့ထက် သုံးနှစ်ငယ်သော လီချန်းကတော့ ပိုပြီး သွက်လက်လေသည်။ သူသည် ပြေးသွားပြီး လီထန်၏ လက်ကို ဆွဲလိုက်ကာ "သာ့ကော... ကျွန်တော် အဖေနဲ့အတူ နယ်မြေကို လိုက်သွားရတော့မယ်။ နောက်ဆိုရင် ကျွန်တော် သာ့ကောဆီ စာရေးမယ်နော်။ စာပြန်ရမယ်"

လီထန်ကလည်း ပြုံးကာ ခေါင်းညိတ်လိုက်သည်။

လျန်ရှီက ပြုံးရွှင်စွာ ပြောလိုက်လေသည်။ "မတ်တတ်ရပ်မနေကြပါနဲ့။ အိမ်ထဲဝင်ပြီး စကားပြောကြတာပေါ့။ နေ့လယ်စာ စားဖို့ ပြင်ဆင်ခိုင်းထားတယ်။ ရိုးရှင်းလွန်းလို့ အားမနာကြပါနဲ့နော်"

ကျောက်ယွီက မျက်ရည်စများကို သုတ်လိုက်ပြီး ပြုံးကာ ပြောလိုက်၏။ "အရက်ကောင်းကောင်းလေး ပြင်ဆင်ထားပေးပါ။ ဒီနေ့ ကျွန်မ သာ့စောင်နဲ့အတူ သောက်ချင်လို့"

လျန်ရှီက ရယ်မောလိုက်ပြီး "ငါ့ရဲ့ အရက်သောက်နိုင်စွမ်းကို နင် မသိတာလည်း မဟုတ်ဘူး။ အများဆုံး သုံးခွက်ပဲ။ ထားပါတော့လေ။ အရက်ကောင်းကောင်းလေး ပြင်ဆင်ပေးပါ့မယ်။ နင်တို့ပဲ များများသောက်ကြပေါ့"

နေ့လယ်စာကို ဝိုင်းဖွဲ့စားသောက်ကြပြီး ပျော်ရွှင်ကြည်နူးစရာ ကောင်းလှသည်။

စားသောက်ပြီးနောက် လီရှန်းတို့ လင်မယားသည် ကလေးကို ခေါ်ဆောင်ကာ နှုတ်ဆက် ထွက်ခွာကြလေသည်။

လျန်ရှီသည် သူတို့ကို ဘေးတံခါးအထိ လိုက်ပို့ပေးပြီး အားနာစွာ ပြောလိုက်လေသည်။ "ငါ အပြင်ထွက်ဖို့ အဆင်မပြေလို့ ဒီအထိပဲ လိုက်ပို့ပေးပါရစေ။ စစ်တိနဲ့ စစ်တိမေ့... ခရီးလမ်းက ဝေးလွန်းတော့ ဘယ်တော့မှ ပြန်တွေ့ရမလဲ မသိနိုင်ဘူး။ ဂရုစိုက်ကြပါနော်"

နှမြောတသစွာ နှုတ်ဆက်ပြီးနောက် လီရှန်းတို့ မိသားစု ထွက်ခွာသွားကြလေသည်။

ခဏအကြာ လမ်းလျှောက်ပြီးနောက် ကျောက်ယွီသည် နောက်လှည့်ကြည့်လိုက်မိ၏။ လျန်ရှီသည် တံခါးဝတွင် ရပ်နေဆဲဖြစ်ပြီး သူတို့ ထွက်ခွာသွားရာ လမ်းဘက်သို့ ငေးကြည့်နေလေသည်။

"သာ့စောင်က ဒီလောက် စိတ်ဓာတ်ခိုင်မာမယ်လို့ ထင်မထားမိဘူး။ ဘယ်သူ့ကိုမှ အပြစ်မတင်ဘဲ သားနဲ့အတူ အေးအေးချမ်းချမ်း နေထိုင်နေတာ တကယ် လေးစားစရာပဲ" ကျောက်ယွီက သက်ပြင်းချကာ ပြောလိုက်လေသည်။ "သူ့ကို တွေ့ပြီးမှ ကျွန်မ စိတ်အေးသွားတော့တယ်"

တွေ့ဆုံစတွင် စိတ်လှုပ်ရှားပြီး မျက်ရည်ကျခဲ့သော်လည်း နောက်ပိုင်းတွင် တည်ငြိမ်အေးဆေးစွာ နေထိုင်ခဲ့သည်။ ထိုစိတ်ထားသည် ဟန်ဆောင်ထားခြင်း မဟုတ်ပေ။

လီရှန်းကလည်း သက်ပြင်းချလိုက်ကာ "ဟုတ်တယ်... သာ့စောင်ရဲ့ ကြံ့ခိုင်မှုက ငါတောင် အံ့ဩရတယ်။ ပြီးတော့ လီထန်ကလည်း ငယ်ငယ်လေးနဲ့ လိမ်မာပြီး သိတတ်တယ်။ သာ့စောင်ရဲ့ ဘဝနောက်ဆုံးအချိန်တွေမှာ အားကိုးစရာ ရှိတာပေါ့"

ကျောက်ယွီက လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "ကျွန်မ အမြင်အရဆိုရင် အာ့ကောနဲ့ အာ့စောင်က ရက်စက်တဲ့သူတွေ မဟုတ်ပါဘူး။ အခု လီထန်က အဖေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ကာလမို့လို့ပါ။ နောက်တစ်နှစ်၊ နှစ်နှစ်လောက်ကြာရင် သူ့ကို နန်းတော်ထဲ ခေါ်ပြီး စာသင်ခိုင်းလိမ့်မယ် ထင်တယ်"

လီထန်သည် ရာထူးဆက်ခံခွင့် မရှိသော်လည်း လီမိသားစု၏ သွေးသားရင်း ဖြစ်သည်။ နန်းတော်ထဲ ဝင်ခွင့်ပြု မပြု၊ ရာထူးပေး မပေး ဆိုသည်မှာ အရှင်မင်းကြီးနှင့် မိဖုရားခေါင်တို့၏ သဘောထားအပေါ်တွင်သာ မူတည်လေသည်။

လီရှန်းလည်း သက်ပြင်းချလိုက်မိသည်။ "အဲဒီလို ဖြစ်ပါစေလို့ ဆုတောင်းပါတယ်"

......

လျန်ရှီသည် ဘေးတံခါးဝတွင် အချိန်အတော်ကြာ ရပ်နေမိ၏။

လီရှန်းတို့ လင်မယား ပျောက်ကွယ်သွားသည်မှာ ကြာပြီ ဖြစ်သော်လည်း သူမသည် နေရာမှ မရွေ့ဘဲ အပြင်ဘက် လမ်းမကြီးကို ငေးကြည့်နေမိသည်။

တံခါးအပြင်ဘက်နှင့် အတွင်းဘက်သည် ခြေလှမ်းအနည်းငယ်သာ ကွာခြားသော်လည်း သူမအတွက်တော့ ကောင်းကင်နှင့် မြေကြီးပမာ ဝေးကွာနေလေသည်။

တကယ်တော့ သူမ အပြင်ထွက်လျှင်လည်း လုမင်ယွိက အပြစ်တင်မည် မဟုတ်ပေ။ သို့သော် သူမ၏ စိတ်က လက်မခံနိုင်ခြင်းသာ။ အသက်ရှင်ခွင့် ရနေခြင်းသည်ပင် ကံကောင်းခြင်း ဖြစ်နေသည်။ သူမ အနေဖြင့် ပိုမို လိုချင်တပ်မက်၍ မဖြစ်ပေ။

"အမေ..." ရင်းနှီးနေသော အသံလေး နားထဲသို့ ရောက်လာလေသည်။

လျန်ရှီသည် သတိပြန်ဝင်လာပြီး လှည့်ကြည့်လိုက်လေသည်။ "သား... ဘယ်တုန်းက ရောက်နေတာလဲ"

လီထန်က တိုးတိုးလေး ဖြေလိုက်လေသည်။ "ရောက်နေတာ ကြာပါပြီ။ အမေက ငြိမ်ပြီး ရပ်နေတော့ သားလည်း မခေါ်ရက်လို့ပါ"

ခဏရပ်ပြီးနောက် သူက ဆက်ပြောလိုက်သည်။ "ကျွန်တော် အမေ့ကို အဖော်ပြုပြီး လမ်းလျှောက်ပေးမယ်လေ။ အဝေးကြီး မသွားဘဲ ဒီနားတစ်ဝိုက်လောက်ပဲ သွားကြမလား"

လျန်ရှီက မဲ့ပြုံးပြုံးလိုက်၏။ "မသွားတော့ပါဘူး။ ဒီနေ့ နည်းနည်းသွားရင် မနက်ဖြန် ပိုပြီး ဝေးဝေးသွားချင်လာလိမ့်မယ်။ အစမဖော်တာ ကောင်းပါတယ်။ အိမ်ထဲ ပြန်ဝင်ကြစို့"

လီထန်သည် အလွန် လိမ်မာသော ကလေး ဖြစ်သည်။ မိခင်က မသွားချင်ဘူးဟု ပြောလျှင် သူက ခေါင်းညိတ်လက်ခံပြီး မိခင်ကို တွဲကူကာ အိမ်ထဲသို့ ပြန်ဝင်လေသည်။

လျန်ရှီသည် သားဖြစ်သူအတွက် ဝမ်းသာသလို စိတ်လည်းမကောင်း ဖြစ်မိလေသည်။ "သား... အိမ်ထဲမှာပဲ နေရတာ ပျင်းနေပြီလား။ အဝတ်အစားလဲပြီး အပြင်ထွက် လည်ချင်ရင် လည်လေ။ အမေ့ကို အမြဲတမ်း စောင့်နေစရာ မလိုပါဘူး"

လီထန်က ပြန်ပြောလိုက်သည်။ "အမေ မပျင်းရင် သားလည်း မပျင်းပါဘူး"

လျန်ရှီသည် မျက်ရည်ဝဲလာပြီး "သားလိမ္မာလေး... မင်း ဒုက္ခရောက်ရရှာပြီ"

လီထန်သည် မကြာသေးမီက အရပ်ရှည်လာပြီး မိခင်နှင့် မတိမ်းမယိမ်း ဖြစ်နေပြီ။ "အမေက သားအပေါ် ဒီလောက်ကောင်းတာ... သား ဘယ်တုန်းကမှ ဒုက္ခရောက်တယ်လို့ မခံစားရပါဘူး"

လျန်ရှီ၏ မျက်လုံးများထဲမှ မျက်ရည်များ စီးကျလာသော်လည်း နှုတ်ခမ်းထောင့်များကတော့ ကျေနပ်အားရစွာ ပြုံးနေလေတော့သည်။

...

အပိုင်း (၇၁၄) မုန့်ရှီ

နောက်တစ်နေ့တွင် လီရှန်းနှင့် ကျောက်ယွီတို့သည် သားဖြစ်သူကို ခေါ်ဆောင်ကာ တတိယမင်းသားအိမ်တော်သို့ သွားရောက်ခဲ့ကြလေသည်။

တတိယမင်းသားအိမ်တော် တံခါးဝတွင် တော်ဝင်ကိုယ်ရံတော်များ စောင့်ကြပ်လျက်ရှိပြီး တံခါးပေါ်တွင် ထူထဲလေးလံသော သံသော့ခလောက်ကြီး ခတ်ထားလေသည်။

"တံခါးဖွင့်ပေးပါဦး..." လီရှန်းသည် တံခါးစောင့် ကိုယ်ရံတော်ကို ယဉ်ကျေးစွာ ပြောလိုက်လေသည်။ "ကျွန်တော်တို့ စန်းစောင်ကို ဝင်တွေ့ချင်လို့ပါ"

ကိုယ်ရံတော်သည် ရိုသေစွာ ပြန်နှုတ်ဆက်လိုက်ပြီး သော့ထုတ်ကာ တံခါးဖွင့်ပေးလိုက်လေသည်။ ဤတံခါးကို မဖွင့်သည်မှာ ကြာမြင့်ပြီဖြစ်သဖြင့် ကိုယ်ရံတော်အချို့ ဝိုင်းဝန်းတွန်းဖွင့်လိုက်သည့်အခါ လေးလံသော တံခါးကြီးသည် ကျွီကျွီအသံမြည်လျက် ပွင့်သွားလေတော့သည်။

အိမ်တော်ထဲသို့ ဝင်လိုက်သည်နှင့် မမြင်ရသော ဖိစီးမှုအငွေ့အသက်များ ဆီးကြိုတိုက်ခတ်လာ၏။

မုန့်ယွင်လော်နှင့် လီကျန်း၊ လီဝေ မောင်နှမနှစ်ယောက်ကို တွေ့လိုက်ရသည့်အခါတွင်တော့ ထိုမွန်းကျပ်မှုက ပို၍ ပြင်းထန်လာတော့သည်။

မုန့်ယွင်လော်သည် ဝမ်းနည်းခြင်းအထိမ်းအမှတ် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ ခန္ဓာကိုယ်သည် ပိန်ခြောက်နေပြီး မျက်လုံးများသည် ပုံမှန်ထက် ပိုမိုပြူးကျယ်နေကာ အသက်ကင်းမဲ့နေသော ရေကန်သေတစ်ခုကဲ့သို့ ဖြစ်နေလေသည်။

လီကျန်းသည်လည်း အတော်လေး ပိန်ကျသွားပြီး မေးစေ့လေး ချွန်နေကာ မျက်လုံးများထဲတွင် ဒဏ်ရာရထားသော သမင်ငယ်လေးကဲ့သို့ ကြောက်ရွံ့မှုများ ပြည့်နှက်နေလေသည်။ လက်ဝါးအရွယ်အစားပင် မရှိသော မျက်နှာလေးပေါ်တွင် ထင်ရှားသော အညိုအမည်းကွက်ကြီး တစ်ခု ရှိနေလေသည်။

လီဝေသည်လည်း ယခင်ကကဲ့သို့ မိုးမမြင်လေမမြင် ဆော့ကစားတတ်သော ပုံစံမရှိတော့ဘဲ အစ်မဖြစ်သူ၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ရှိနေလေသည်။

လီရှန်းသည် မြင်လိုက်ရသည်နှင့် စိတ်မကောင်းဖြစ်သွားပြီး ဒေါသလည်းထွက်မိကာ မုန့်ယွင်လော်ကို ကြည့်ရင်း မနေနိုင်ဘဲ မေးလိုက်လေသည်။ "စန်းစောင်... ကျန်းအာရဲ့ မျက်နှာက ဒဏ်ရာက ဘယ်လိုရတာလဲ"

မုန့်ယွင်လော်သည် ဘာမှပြန်မပြောပေ။

ကျောက်ယွီသည်လည်း သနားလွန်းသဖြင့် လီကျန်းနှင့် လီဝေကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး နူးညံ့စွာ မေးလိုက်လေသည်။ "ကျန်းအာ... စစ်ရှန်ညန်(စတုတ္ထဒေါ်လေး)ကို ပြောပြစမ်း။ သမီးအမေ ရိုက်လိုက်တာလား"

လီကျန်း၏ ကိုယ်လုံးလေးသည် တုန်ရီသွားပြီး အသံများလည်း တုန်နေလေသည်။ "မ... မဟုတ်ပါဘူး။ အမေ မရိုက်ပါဘူး။ သမီးဘာသာ လမ်းလျှောက်ရင်း ချော်လဲပြီး မျက်နှာပွန်းသွားတာပါ။ ပျောက်ခါနီးပါပြီ"

လေးနှစ်အရွယ် လီဝေသည် စကားပီသစွာ ပြောတတ်နေပြီ ဖြစ်သည်။ "ချော်လဲတာ မဟုတ်ပါဘူး။ အမေ ရိုက်လိုက်တာ"

လီကျန်းသည် လီဝေ၏ ပါးစပ်ကို အလျင်အမြန် လှမ်းပိတ်လိုက်လေသည်။ "မောင်လေး... လျှောက်မပြောနဲ့။ အမေ မရိုက်ဘူး"

အမေ ဒေါသထွက်သွားရင် ဦးလေးတို့ ပြန်သွားတာနဲ့ သူမ အရိုက်ခံရတော့မယ်။

အိမ်တော်တံခါး ပိတ်လိုက်ပြီးကတည်းက အမေဖြစ်သူ၏ စိတ်အခြေအနေသည် ပိုဆိုးလာခဲ့သည်။ ခုနလေးတင် ငူငူငိုင်ငိုင် ဖြစ်နေပြီး နောက်တစ်ခဏတွင် ဒေါသတကြီး ဖြစ်လာကာ မောင်နှမနှစ်ယောက်စလုံးကို ရိုက်နှက်တတ်သည်။

မောင်လေးက ငယ်သေးသဖြင့် အရိုက်မခံနိုင်ပေ။ ထို့ကြောင့် သူမက အမြဲတမ်း ရှေ့ကကာပေးထားသဖြင့် အရိုက်ခံရသည့် အကြိမ်အရေအတွက် မနည်းတော့ချေ။ ခန္ဓာကိုယ်နှင့် မျက်နှာပေါ်တွင် အညိုအမည်းများ စွဲနေပြီး ဒဏ်ရာအဟောင်း မပျောက်သေးခင် ဒဏ်ရာအသစ် ရနေတတ်သည်။

လီဝေက ငယ်သေးသဖြင့် မလိမ်တတ်ပေ။ သူသည် အော်ဟစ်ငိုကြွေးရင်း ပြောလိုက်လေသည်။ "သား လျှောက်ပြောတာ မဟုတ်ဘူး။ တကယ်ပဲ အမေ ရိုက်တာ။ အမေက မမကို အမြဲတမ်း ရိုက်တယ်။ သားကိုလည်း ရိုက်တယ်"

လီရှန်း၏ မျက်နှာထားသည် မိုးမရွာမီ တိမ်မည်းများ ဖုံးလွှမ်းနေသကဲ့သို့ အုံ့မှိုင်းသွားလေတော့သည်။

ကျောက်ယွီသည် ဒေါသထွက်လွန်းသဖြင့် မုန့်ယွင်လော်ကို မျက်စောင်းထိုးကာ ပြောလိုက်လေသည်။ "စန်းစောင်... ဒီလောက် ကိစ္စတွေ ဖြစ်ပြီးမှတော့ စန်းစောင် စိတ်ညစ်နေမှာ နားလည်ပါတယ်။ ဒါပေမဲ့ ကလေးတွေအပေါ် ဒေါသပုံချလို့ မဖြစ်ဘူးလေ။ ကြည့်စမ်းပါဦး... ကလေးနှစ်ယောက် သနားစရာ ကောင်းနေတာကို"

အမေအရင်း ရှိတဲ့ ကလေးတွေက မိထွေးနဲ့နေရတဲ့ လီထန်လောက်တောင် ကောင်းကောင်း မနေရပါလား။

မုန့်ယွင်လော်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ဒေါသတကြီး ပြောဆိုလေတော့သည်။ "ငါတို့သားအမိ ကိစ္စ နင် ဝင်ပါစရာ မလိုဘူး"

"နင်တို့လင်မယားက ဘေးကရပ်ကြည့်ပြီး ပြောရတာ လွယ်တာကိုး။ ငါ့အဖေနဲ့အမေ သေပြီ။ ငါ့ဆွေမျိုးတွေ အကုန် အသတ်ခံလိုက်ရပြီ။ ငါ့ယောက်ျားလည်း နယ်စပ်ကို အပို့ခံရပြီး ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူး"

"ငါ ဒီလို အသက်ရှင်နေရတာ ဘာအဓိပ္ပာယ် ရှိဦးမှာလဲ။ သေသွားတာကမှ ပိုကောင်းဦးမယ်"

မုန့်ယွင်လော်သည် ရုတ်တရက် အော်ဟစ်လိုက်ပြီး မျက်ရည်များ ဒလဟော စီးကျလာလေသည်။

သနားစရာကောင်းသူတိုင်းတွင် မုန်းတီးစရာကောင်းသည့် အချက် ရှိစမြဲပင်။

ကျောက်ယွီသည်လည်း ဒေါသထွက်လွန်းသဖြင့် စဉ်းစားမနေဘဲ ပါးစပ်ထဲရှိရာ ပြောချလိုက်မိသည်။ "နင်သေချင်ရင် တစ်ယောက်တည်း သေလေ။ ကလေးနှစ်ယောက်ကို ဘာလို့ နှိပ်စက်နေတာလဲ"

လီရှန်း လန့်သွားပြီး ကျောက်ယွီ၏ စကားကို ဖြတ်ပြောလိုက်လေသည်။ "မင်း လျှောက်မပြောနဲ့။ သားသမီးနှစ်ယောက် ရှိနေတာပဲ။ စန်းစောင် ကောင်းကောင်း အသက်ရှင်ရမှာပေါ့။ ဘာ သေတာလဲ။ ဒီလိုစကားမျိုး လျှောက်မပြောရဘူး"

လီဟောက် သေဆုံးသွားသည့် သတင်းကို မုန့်ယွင်လော် မသိအောင် ဖုံးကွယ်ထားခြင်း ဖြစ်သည်။ သူမ စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားမည် စိုးသောကြောင့် ဖြစ်သည်။

လီကျန်းတို့ မောင်နှမမှာ အဖေမရှိတော့သည့်အတွက် အမေပါ မရှိတော့လျှင် မဖြစ်ပေ။

သို့သော် ကျောက်ယွီသည် ဒေါသထွက်နေသဖြင့် စိတ်မထိန်းနိုင်ဘဲ ဆက်ပြောလိုက်မိသည်။ "လီဟောက်က ဝူတိကို သတ်ခဲ့တယ်။ အာ့ကောကိုလည်း သတ်ဖို့ ကြံစည်ခဲ့တယ်။ နယ်စပ်မှာ အသေဆိုးနဲ့ သေသွားတာ သူနဲ့ တန်ပါတယ်"

စကားမဆုံးခင်မှာပင် မုန့်ယွင်လော်သည် ပြေးဝင်လာပြီး ကျောက်ယွီ၏ အင်္ကျီကော်လာကို ဆွဲကိုင်လိုက်လေသည်။ သူမ၏ မျက်လုံးများသည် သားရဲတစ်ကောင်ကဲ့သို့ နီရဲနေလေသည်။ "နင် ဘာပြောလိုက်တာလဲ။ ကျောက်ယွီ... နင် ခုနကစကား ပြန်ပြောစမ်း။ လီဟောက်က နယ်စပ်မှာ ရှိနေတာ မဟုတ်ဘူးလား။ သူက ကောင်းကောင်းမွန်မွန် ရှိနေတာကို ဘာလို့ သေပြီလို့ ပြောရတာလဲ။ နင် ကျိန်စာတိုက်နေတာလား"

ထိုအခါမှ ကျောက်ယွီသည် စကားမှားသွားကြောင်း သိလိုက်ရပြီး ကြောက်လန့်တကြား ချွေးစေးများ ပြန်လာကာ လီရှန်းကို အကူအညီတောင်းသည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်။

လီရှန်းသည်လည်း ဒေါသထွက်သွားပြီး ကျောက်ယွီကို မျက်စောင်းထိုးလိုက်သော်လည်း လေပြည်လေညင်းဖြင့် ဖျောင်းဖျလိုက်လေသည်။ "စန်းစောင်... သူ့ကို အရင်လွှတ်ပေးလိုက်ပါ။ ဖြည်းဖြည်း ပြောကြတာပေါ့"

မုန့်ယွင်လော်သည် မကြားချင်ယောင်ဆောင်ပြီး ဆက်လက် အားစိုက်ထားလေသည်။ "ကျောက်ယွီ... နင် မြန်မြန်ပြော။ လီဟောက် ဘာဖြစ်သွားတာလဲ"

သူမ၏ အားက သန်မာလွန်းသဖြင့် ကျောက်ယွီကို နှလုံးသွေးရပ်မတတ် လှုပ်ခါနေလေသည်။ ကျောက်ယွီသည် အသက်ရှူကျပ်လာတော့သည်။ "လွှတ်... ငါ့ကို လွှတ်"

လီရှန်းသည် အခြေအနေ မကောင်းမှန်း သိလိုက်သဖြင့် အားနာမနေတော့ဘဲ ပြေးဝင်သွားကာ မုန့်ယွင်လော်ကို တွန်းထုတ်လိုက်လေသည်။ မုန့်ယွင်လော် ယိုင်နဲ့သွားစဉ် ကျောက်ယွီ အသက်ရှူချောင်သွားသည်။ သို့သော် မုန့်ယွင်လော်က ရူးသွပ်နေသော နွားသိုးတစ်ကောင်ကဲ့သို့ ပြန်ပြေးဝင်လာပြန်သည်။

လီရှန်းသည် မတတ်သာသည့်အဆုံး လက်ဝါးစောင်းဖြင့် ရိုက်ကာ မုန့်ယွင်လော်ကို သတိလစ်သွားစေလိုက်သည်။

လီကျန်းသည် မျက်လုံးများ နီရဲလာပြီး ရှိုက်ငိုလေတော့သည်။

လီဝေသည် နားမလည်သဖြင့် လီကျန်း၏ လက်မောင်းကို ဆွဲကာ မေးလိုက်လေသည်။ "မမ... ဘာလို့ ငိုတာလဲ။ မျက်နှာ နာလို့လား"

လီကျန်းသည် ရှိုက်ကြီးတငင်ဖြင့် လီဝေကို ဖက်ထားလိုက်လေသည်။ "မောင်လေး... အဖေ သေသွားပြီတဲ့"

ကလေးတစ်ယောက်အတွက် နှစ်နှစ်နီးပါး မတွေ့ရသော လူတစ်ယောက်အပေါ် မှတ်ဉာဏ်များ ဝေဝါးနေပြီဖြစ်သည်။ လီဝေသည် ကြောင်တောင်တောင်ဖြင့် အင်း ဟုထူးလိုက်ပြီး လီကျန်း၏ မျက်ရည်များကို သုတ်ပေးလိုက်လေသည်။

မျက်ရည်များက သုတ်လေ များလေပင်။

လီကျန်းသည် မောင်ဖြစ်သူကို ဖက်ကာ ငိုကြွေးတော့သည်။

လီချန်းသည် ထိုမြင်ကွင်းကို ကြည့်ရင်း စိတ်မကောင်းဖြစ်ကာ မျက်လုံးများ နီရဲလာပြီး လက်ကိုင်ပုဝါ ထုတ်ပေးလိုက်လေသည်။ "ကျန်းထန်ကျဲ... အရမ်း ဝမ်းနည်းမနေပါနဲ့"

လီရှန်းသည် နားထင်ကို ဖိနှိပ်လိုက်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေသော ကျောက်ယွီကို စိတ်ပျက်လက်ပျက် ကြည့်လိုက်လေသည်။ "မလာခင်ကတည်းက ငါ မှာခဲ့သားပဲ။ လျှောက်မပြောပါနဲ့လို့။ အခု ကြည့်စမ်း... ဘယ်လို လုပ်ကြမလဲ"

မုန့်ယွင်လော် သတိရလာရင် ဘယ်လိုတွေ သောင်းကျန်းဦးမလဲ မသိနိုင်ပေ။

လီကျန်းတို့ မောင်နှမနှစ်ယောက်လည်း ပိုပြီး သနားစရာ ကောင်းသွားပြီ။

ကျောက်ယွီသည် နောင်တရလွန်းသဖြင့် ကိုယ့်ပါးကိုယ် ပြန်ရိုက်ချင်စိတ် ပေါက်နေမိသည်။ "အကုန်လုံး ကျွန်မအပြစ်တွေပါ။ ကျွန်မ ပါးစပ်သရမ်းမိလို့ အမှန်တရားကို ထုတ်ပြောမိလိုက်တယ်။ ကျွန်မအပြစ်ပါ"

ဖြစ်ပြီးမှတော့ နောင်တရနေလည်း အလကားပင်။

လီရှန်းသည် သက်ပြင်းချကာ မုန့်ယွင်လော်ကို အိပ်ခန်းထဲသို့ တွဲပို့ခိုင်းပြီး အစေခံများကို စောင့်ကြည့်ခိုင်းလိုက်သည်။ ထို့နောက် ကလေးနှစ်ယောက်ကို နှစ်သိမ့်ပေးရန် လျှောက်သွားလိုက်သည်။

လီကျန်းသည် ရှိုက်သံများကြားမှ မေးလိုက်လေသည်။ "စစ်ရှူး... စစ်ရှူး... သမီးအဖေ တကယ် သေသွားပြီလားဟင်"

လီရှန်း ရင်ထဲ နာကျင်သွားပြီး အင်း ဟု တိုးတိုးလေး ဖြေလိုက်လေသည်။

လီကျန်းသည် ဆက်လက် ငိုကြွေးနေပြီး လီဝေလည်း လိုက်ငိုလေတော့သည်။

ကျောက်ယွီသည် နောင်တရကာ ဝမ်းနည်းပက်လက် ဖြစ်နေပြီး ရှေ့တိုးသွားကာ မောင်နှမနှစ်ယောက်ကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်လေသည်။ ပိန်ပါးသော ကိုယ်လုံးလေးနှစ်ခုသည် ကျောက်ယွီ၏ ရင်ခွင်ထဲတွင် ငိုကြွေးရင်း တုန်ရီနေကြရှာတော့သည်။

...

All Chapters