အခန်း (၇၁၅-၇၁၇)
Vol. 48 Ch. 715-717
အပိုင်း (၇၁၅) ပြဿနာ (၁)
ကျောက်ယွီ နှုတ်ဆက်သွားခြင်းသည် ကြီးမားသော ကပ်ဆိုးတစ်ခု ဖြစ်လာလိမ့်မည်ဟု ဘယ်သူမှ ထင်မှတ်မထားခဲ့ကြပေ။
နှစ်နာရီခန့် ကြာပြီးနောက် ထိုသတင်းသည် လုမင်ယွိ၏ နားထဲသို့ ရောက်ရှိလာလေသည်။
"မုန့်ရှီကို ရိုက်ပြီး သတိလစ်သွားအောင် လုပ်လိုက်တယ်။ ပြီးတော့ အစေခံတွေက အိပ်ခန်းထဲ ပြန်ပို့ပေးလိုက်တယ်။ အခုထိ သတိမရသေးဘူး။ ကလေးနှစ်ယောက်လည်း ငိုလွန်းလို့ မောပြီး အိပ်ပျော်သွားကြပြီ"
ချီယွင်က လေသံတိုးတိုးဖြင့် လျှောက်တင်လေသည်။ "ကျင်းဝမ်က ကျင်းဝမ်ဖေးကို အိမ်တော်ထဲမှာပဲ နေပြီး မုန့်ရှီသားအမိကို စောင့်ရှောက်ဖို့ မှာခဲ့တယ်။ ကျင်းဝမ်ကတော့ နန်းတော်ထဲဝင်ပြီး အရှင်မင်းကြီးဆီမှာ အပြစ်ဝန်ခံဖို့ ထွက်သွားပြီ"
ဒီကျောက်ယွီကတော့လေ... ဒေါသထွက်လာရင် ပါးစပ်ကို မထိန်းတော့ဘူး။
လုမင်ယွိသည် ခေါင်းကိုက်သွားပြီး နားထင်ကို နှိပ်လိုက်မိလေသည်။
အခု ဘယ်လိုလုပ်ကြမလဲ။
ချီယွင်သည် လုမင်ယွိ ဤမျှ စိတ်ပျက်အားငယ်နေသည်ကို တွေ့ရခဲသဖြင့် အလျင်အမြန် နှစ်သိမ့်ပေးလိုက်၏။ "ညန်ညန် စိတ်မပူပါနဲ့။ ပြောရမယ်ဆိုရင် ဒါက သိပ်ကြီးမားတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ကျင်းဝမ်ဖေးက ပါးစပ်ကြမ်းတာလေးပဲ ရှိတာပါ။ သူပြောတာတွေက အမှန်တရားတွေချည်းပါပဲ"
"မုန့်ရှီကလည်း လွန်လွန်းပါတယ်။ ကိုယ်စိတ်ညစ်တာနဲ့ ကလေးတွေကို မဲပြီး ရိုက်နှက်နေတာ။ သနားစရာ လီကျန်းလေး... မျက်နှာရော ခန္ဓာကိုယ်မှာပါ ဒဏ်ရာတွေနဲ့"
လုမင်ယွိသည် မျက်မှောင်ကြုတ်လိုက်ပြီး အတန်ကြာမှ သက်ပြင်းချကာ ပြောလိုက်လေသည်။ "ဖြစ်ပြီးမှတော့ မတတ်နိုင်ဘူး။ မုန့်ရှီ သတိရလာမှပဲ ဆက်ကြည့်ကြတာပေါ့"
ချီယွင်က ခေါင်းညိတ်လိုက်သည်။
သို့သော် ထိုနေ့သန်းခေါင်ယံတွင်ပင် မုန့်ယွင်လော် သေဆုံးသွားကြောင်း သတင်းရောက်ရှိလာခဲ့လေသည်။
သတင်းလာပို့သော နန်းတွင်းသူသည် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေပြီး လုမင်ယွိ၏ ရှေ့တွင် ဒူးထောက်ကာ ငိုကြွေးလျက် လျှောက်တင်လေသည်။ "ဟွမ်ဟုပ်ညန်ညန်... ကျွန်မတို့ ကုတင်ဘေးမှာ တောက်လျှောက် စောင့်ကြည့်နေခဲ့တာပါ။ မျက်စိတစ်မှိတ်တောင် အလွတ်မပေးခဲ့ပါဘူး"
"မထင်မှတ်ဘဲ သူက သေဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်နေတယ်။ ခေါင်းပေါ်က ရွှေဆံထိုးကို ဆွဲနှုတ်ပြီး လည်ပင်းကို ထိုးစိုက်လိုက်တယ်။ ကျွန်မတို့ သိလိုက်တဲ့အချိန်မှာ လည်ပင်းကနေ သွေးတွေ ပန်းထွက်လာပြီး မကြာခင်မှာပဲ အသက်ထွက်သွားပါတယ်"
"ကျွန်မတို့ အပြစ်ရှိပါတယ်။ သခင်မကို ကောင်းကောင်း မစောင့်ရှောက်နိုင်ခဲ့ပါဘူး။ ဟွမ်ဟုပ်ညန်ညန်... အပြစ်ပေးပါ"
လုမင်ယွိသည် တိတ်ဆိတ်နေလေသည်။
လီဟောက် သေဆုံးသွားသည့် သတင်းကို ဖုံးကွယ်ထားရခြင်းမှာ မုန့်ယွင်လော် စိတ်ဓာတ်ကျပြီး သတ်သေသွားမည်ကို စိုးရိမ်သောကြောင့်ပင်။
လဝက်ကျော် ဖုံးကွယ်ထားခဲ့သော်လည်း နောက်ဆုံးတွင် သူမ သိရှိသွားပြီး သေဆုံးသွားခဲ့ရသည်။
သူမ သေတာက ပြဿနာ မဟုတ်။ လီကျန်းနှင့် လီဝေတို့ မောင်နှမနှစ်ယောက် ဘယ်လိုလုပ်ကြမလဲ။
လုမင်ယွိသည် ရန်သူ၏ သားသမီးများကို မွေးစားချင်လောက်အောင် သဘောထားကြီးသူ မဟုတ်ပေ။ သို့သော် လီကျန်းနှင့် လီဝေတို့သည် ငယ်ရွယ်လွန်းသဖြင့် ပြုစုစောင့်ရှောက်မည့်သူ မရှိလျှင် မဖြစ်ပေ။ ဘယ်လို စီစဉ်ပေးရမလဲ။
လီကျင့်သည်လည်း နိုးလာပြီး လမ်းလျှောက်လာကာ တိုးတိုးလေး မေးလိုက်လေသည်။ "ရှောင်ယွိ... ဘာဖြစ်လို့လဲ"
လုမင်ယွိက လီကျင့်ကို တစ်ချက်ကြည့်လိုက်ပြီး တိုးတိုးလေး ပြန်ဖြေလိုက်လေသည်။ "စန်းစောင်က ရွှေဆံထိုးနဲ့ လည်ပင်းကို ထိုးပြီး သတ်သေသွားပြီ"
လီကျင့်သည်လည်း ဘာပြောရမည်မသိ ဖြစ်သွားလေသည်။
အရင်ဘဝတုန်းက လီကျင့်နှင့် မုန့်ယွင်လော်သည် လင်မယားအဖြစ် နှစ်နှစ်ကြာ ပေါင်းသင်းခဲ့ဖူးသည်။ သံယောဇဉ် မရှိသော်လည်း သူစိမ်းတော့ မဟုတ်ပေ။ လီဟောက်သည် သေဒဏ်ကျခံရပြီး ကွမ်ပင်းနယ်စား ပုန်ကန်မှု ဖြစ်ပွားခဲ့သော်လည်း မုန့်ယွင်လော်ကို အပြစ်မပေးဘဲ ချမ်းသာပေးခဲ့သည်။
မထင်မှတ်ဘဲ မုန့်ယွင်လော်က ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့သည်။
"ကျောက်ယွီက ပါးစပ်မထိန်းနိင်ဘဲ လီဟောက် သေသွားတဲ့အကြောင်း ပြောမိလိုက်တာ။ အဲဒါနဲ့ သူက စိတ်ဓာတ်ကျပြီး အသက်ဆက်မရှင်ချင်တော့တာ နေမှာပါ" လုမင်ယွိက သက်ပြင်းချလိုက်လေသည်။
"သူကတော့ သေသွားပြီ။ ကလေးနှစ်ယောက်က မိဘမဲ့ ဖြစ်ကျန်ရစ်ခဲ့တယ်။ ဘယ်လိုလုပ်ကြမလဲ"
လီကျင့်သည် "နန်းတော်ထဲ ခေါ်ထားလိုက်တာပေါ့" ဟု ပြောလုနီးပါး ဖြစ်သွားသော်လည်း လုမင်ယွိ၏ မျက်နှာကို ကြည့်ပြီး စကားကို ပြန်မျိုချလိုက်ရသည်။
လုမင်ယွိကတော့ ထိုသို့လုပ်ရန် ဆန္ဒမရှိကြောင်း ထင်ရှားနေသည်။
တကယ်တော့ သူလည်း အဲဒီလောက် သဘောထားမကြီးပါဘူး။
ကလေးတွေကို အိမ်တော်ထဲမှာ ဆက်ထားလို့ ရပါတယ်။ ဒါပေမဲ့ နေ့တိုင်း မျက်စိရှေ့မှာ မြင်နေရရင် လီဟောက်ကို သတိရနေမှာပေါ့။
ပြီးတော့ လီကျန်းက သိတတ်နေပြီ။ မိဘတွေ ဘာကြောင့် သေသွားလဲဆိုတာ သိနေပြီ။ သူ့ကို နန်းတော်ထဲ ခေါ်ထားရင် သူတို့လင်မယားအတွက်ရော ကလေးအတွက်ပါ ရက်စက်ရာကျနေလိမ့်မယ်။
လီဝေကတော့ ငယ်သေးလို့ ဘာမှမသိသေးပေမယ့် ကြီးလာရင် သိလာမှာပဲ။ အဲဒီကျရင် ဘယ်လိုဆက်ဆံရမလဲ။
လီကျင့်သည်လည်း မျက်မှောင်ကြုတ်လိုက်မိလေသည်။
လင်မယားနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ တိတ်ဆိတ်နေကြလေသည်။ အတန်ကြာမှ လုမင်ယွိက ပြောလိုက်လေသည်။ "ဒီကိစ္စကို ခဏထားလိုက်ပါဦး။ အခုလောလောဆယ် စန်းစောင်ရဲ့ အသုဘကို စီစဉ်ပေးရမယ်"
လီကျင့်က ခေါင်းညိတ်လိုက်သည်။
မိုးလင်းသောအခါ လုမင်ယွိသည် အမိန့်တော် ထုတ်ပြန်လိုက်ပြီး နန်းတွင်းရေးရာဌာနကို အသုဘအခမ်းအနား စီစဉ်ခိုင်းလိုက်လေသည်။
လီဟောက်သည် ရာထူးချခံရပြီး မုန့်ယွင်လော်သည်လည်း သာမန်အရပ်သူ ဖြစ်သွားပြီ ဖြစ်သည်။ ထို့ကြောင့် အသုဘကို ကြီးကျယ်ခမ်းနားစွာ ကျင်းပရန် မလိုပေ။ ခုနစ်ရက်ထားပြီး သင့်တော်သော သင်္ချိုင်းမြေနေရာတွင် မြှုပ်နှံလိုက်ရုံသာ။
မုန့်ယွင်လော်၏ သေဆုံးမှု သတင်းသည် အနောက်နန်းဆောင် တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။ ထိုက်ဖေးများသည် မိဖုရားခေါင်နှင့် မယ်တော်ကြီးချောင်တို့က လူလွှတ်ပြီး ဝမ်းနည်းကြောင်း ပြောကြားသည်ကို တွေ့လိုက်ရသဖြင့် သူတို့လည်း ဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့ကြလေသည်။
လုမင်ယွိက ချီယွင်ကို စေလွှတ်လိုက်လေသည်။
ချီယွင်သည် နှစ်နာရီကျော် ကြာမှ ပြန်ရောက်လာခဲ့သည်။ သူမ၏ မျက်လုံးများသည် နီရဲနေပြီး ငိုထားကြောင်း သိသာနေသည်။
လုမင်ယွိသည်လည်း စိတ်မကြည်မလင် ဖြစ်နေပြီး တိုးတိုးလေး မေးလိုက်လေသည်။ "မြို့တော်က ဈာပနပွဲလာတဲ့ ကတော်တွေ ရောက်ပြီလား"
"ရောက်ပါပြီ" ချီယွင်၏ အသံသည် အက်ကွဲနေပြီး "ညန်ညန်က ကျွန်မကို လွှတ်လိုက်တယ် ဆိုတာ သိတာနဲ့ တစ်ပြုံတစ်ခေါင်းကြီး ရောက်လာကြပါတယ်။ အသုဘကတော့ အထိုက်အလျောက် စည်ကားပါတယ်"
ခဏရပ်ပြီးနောက် ချီယွင်က သက်ပြင်းချလိုက်လေသည်။ "လီကျန်းလေးက ငိုလွန်းလို့ သတိလစ်သွားတယ်။ လီဝေလေးက ငယ်သေးပေမယ့် အဖြူရောင်ဝတ်စုံလေး ဝတ်ပြီး ခေါင်းရင်းမှာ ဒူးထောက်နေတာ မြင်ရတာ သနားစရာ ကောင်းလိုက်တာ"
"ကျွန်မလည်း မနေနိုင်လို့ လိုက်ငိုမိတယ်"
လုမင်ယွိသည် တိတ်ဆိတ်နေဆဲ။
ချီယွင်က ဆက်ပြောလိုက်လေသည်။ "ကျင်းဝမ်ဖေးလည်း အရမ်း ငိုနေတယ်"
"အကုန်လုံး သူ ပါးစပ်သရမ်းလို့ ဖြစ်ရတာ" လုမင်ယွိသည် ကျောက်ယွီ၏ နာမည်ကို ကြားလိုက်ရသည်နှင့် ဒေါသထွက်လာပြီး "သူသာ လီဟောက် သေသွားတဲ့အကြောင်း မပြောရင် မုန့်ယွင်လော်က ဘာမှမသိဘဲ နောက်ထပ် နှစ်အနည်းငယ်လောက် ဆက်ရှင်သန်နိုင်ဦးမှာ"
အနည်းဆုံးတော့ လီကျန်းနဲ့ လီဝေ ကြီးပြင်းလာတဲ့အထိ နေရဦးမှာပေါ့။
ချီယွင်သည် လုမင်ယွိ ဒေါသထွက်နေသည်ကို တွေ့လိုက်ရသဖြင့် နှစ်သိမ့်ပေးလိုက်၏။ "ဖြစ်ပြီးမှတော့ ညန်ညန်လည်း စိတ်မဆိုးပါနဲ့တော့။ ကျွန်မ အထင်တော့ ကျင်းဝမ်ဖေးလည်း နောင်တရနေမှာပါ"
လူတစ်ယောက် သေဆုံးရသည့် တရားခံ ဖြစ်သွားသဖြင့် ကျောက်ယွီ၏ စိတ်ထားအရဆိုလျှင် မည်မျှ ခံစားနေရမည်ကို ခန့်မှန်းကြည့်နိုင်သည်။
လုမင်ယွိ၏ ဒေါသများ အနည်းငယ် လျော့ပါးသွားပြီး စိတ်ပျက်လက်ပျက် ပြောလိုက်တော့သည်။ "ထားလိုက်ပါတော့... လူလည်း သေသွားပြီဆိုတော့ ပြောနေလည်း ဘာမှထူးမှာ မဟုတ်ဘူး။ နောက်ရက်နည်းနည်းကြာရင် သူတို့လင်မယား မြို့တော်ကနေ ထွက်ခွာတော့မှာ။ နောက်ဆို ပြန်တွေ့ရဖို့ မလွယ်တော့ဘူး။ စိတ်ဆိုးမနေတော့ပါဘူး"
......
ထိုနေ့ညနေတွင် ကျောက်ယွီသည် နန်းတော်ထဲသို့ ဝင်ရောက်လာလေသည်။
ကျောက်ယွီသည် တစ်နေကုန် ငိုထားသဖြင့် မျက်လုံးများ နီရဲရောင်ရမ်းနေပြီး ဆံပင်များ ဖရိုဖရဲ ဖြစ်နေကာ မျက်နှာတစ်ခုလုံး ညှိုးငယ်နေလေ၏။
"အာ့စောင်..." ကျောက်ယွီ၏ အသံသည် အက်ကွဲနေပြီး "ကျွန်မကြောင့် အကုန် ဒုက္ခရောက်ကုန်ပြီ။ ကျွန်မသာ မပြောခဲ့ရင် စန်းစောင်လည်း သေမှာ မဟုတ်ဘူး။ ကျွန်မက စန်းစောင်ကို သတ်လိုက်တာပါပဲ"
ပြောရင်းနှင့် မျက်နှာကို အင်္ကျီလက်စဖြင့် အုပ်ကာ ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။
ကျောက်ယွီ၏ ပုံစံကို မြင်လိုက်ရသည့်အခါ လုမင်ယွိသည် အပြစ်တင်ချင်စိတ်များ ပျောက်ဆုံးသွားပြီး သက်ပြင်းချလိုက်မိတော့သည်။ "အခုမှ ပြောနေလည်း ဘာထူးမှာလဲ"
"သူလည်း သေသွားပြီ။ နောက်ရက်နည်းနည်းကြာရင် မြေချတော့မှာ။ နင် ကိုယ့်ကိုယ်ကိုယ် ဘယ်လောက် အပြစ်တင်တင် သူက ပြန်ရှင်လာမှာ မဟုတ်ဘူး"
"အရမ်းလည်း ဝမ်းနည်းမနေပါနဲ့တော့။ ပြန်ပြီး ကောင်းကောင်း အနားယူလိုက်ပါ။ နောက်ရက်နည်းနည်းကြာရင် နင်တို့လင်မယား နယ်မြေကို သွားရတော့မှာလေ"
ကျောက်ယွီက ရှိုက်သံများကြားမှ ပြောလိုက်လေသည်။ "ကျွန်မတို့ တိုင်ပင်ပြီးပါပြီ။ စန်းစောင် မြေချပြီးမှပဲ ခရီးထွက်တော့မယ်"
ဒါက နောက်ဆုံးအနေနဲ့ တာဝန်ကျေအောင် လုပ်ပေးတာပေါ့။
လုမင်ယွိလည်း ခေါင်းညိတ်လိုက်၏။ "ကောင်းပြီလေ"
ကျောက်ယွီသည် မျက်ရည်များကို သုတ်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "နောက်ထပ် ကိစ္စတစ်ခု တောင်းဆိုချင်လို့ပါ"
"လီကျန်းနဲ့ လီဝေ မောင်နှမနှစ်ယောက်က မိဘမဲ့ ဖြစ်ကျန်ရစ်ခဲ့တာ သနားစရာ ကောင်းပါတယ်။ အာ့စောင်က နန်းတွင်းရေးရာတွေကို စီမံခန့်ခွဲရတဲ့အပြင် ကလေးသုံးယောက်ကိုလည်း ပြုစုစောင့်ရှောက်ရသေးတယ်ဆိုတော့ အချိန်မပေးနိုင်လောက်ဘူး။ ကျွန်မကတော့ အားနေတာဆိုတော့လေ..."
"ကျွန်မ အဲဒီကလေးနှစ်ယောက်ကို ခေါ်သွားချင်ပါတယ်"
...
အပိုင်း (၇၁၆) ပြဿနာ (၂)
လုမင်ယွိသည် ကြောင်အသွားပြီး ကျောက်ယွီကို ကြည့်လိုက်မိတော့သည်။
ကျောက်ယွီ၏ မျက်လုံးများမှာ မက်မွန်သီးကဲ့သို့ ရောင်ရမ်းနေပြီး အသံသည်လည်း အက်ကွဲနေလေသည်။ "အာ့စောင်... ဒီကိစ္စကို ကျွန်မ ခင်ပွန်းနဲ့ မတိုင်ပင်ရသေးပါဘူး။ ကျွန်မသဘောနဲ့ကျွန်မ ဆုံးဖြတ်လိုက်တာပါ"
"ကျွန်မက သူတို့မောင်နှမနှစ်ယောက်ရဲ့ ဒေါ်လေးအရင်းပါ။ နောက်ဆိုရင် သူတို့ကို ကိုယ့်သားသမီးအရင်းလို သဘောထားပြီး ပြုစုပျိုးထောင်သွားပါ့မယ်။ နည်းနည်းလေးမှ စိတ်မဆင်းရဲစေရပါဘူး"
ဒါက အကြံကောင်း တစ်ခုပါပဲ။
စည်းကမ်းပိုင်းအရ ကြည့်မယ်ဆိုရင် ဦးလေးနဲ့ ဒေါ်လေးက တူ၊ တူမတွေကို ပြုစုစောင့်ရှောက်တာ သင့်တော်ပါတယ်။
ခံစားချက်ပိုင်းအရ ကြည့်မယ်ဆိုရင် ကျောက်ယွီက မုန့်ယွင်လော် သေဆုံးရမှုအတွက် အပြစ်ရှိစိတ် ဖြစ်နေတယ်။ ဒါကြောင့် လီကျန်းတို့ မောင်နှမအပေါ် ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးမှာ သေချာတယ်။ လီရှန်းက အမြော်အမြင် ရှိသလို ကျောက်ယွီကလည်း စိတ်ထားနူးညံ့တယ်။ ကလေးတွေကို ဒုက္ခရောက်အောင် လုပ်မှာ မဟုတ်ပါဘူး။
ပိုအရေးကြီးတာက ကလေးနှစ်ယောက် မြို့တော်ကနေ ဝေးရာကို ထွက်သွားပြီး ဘဝသစ် စတင်နိုင်ကြတာပါပဲ။ အိမ်တော်ထဲမှာ ပိတ်လှောင်ခံထားရပြီး စိတ်ဓာတ်ကျနေရတာထက်စာရင် အများကြီး ပိုကောင်းပါတယ်။
လုမင်ယွိသည် သိပ်အကြာကြီး စဉ်းစားမနေဘဲ ခေါင်းညိတ်လိုက်လေသည်။ "ကောင်းပြီ... နင့်ရဲ့ ဆန္ဒကို ငါ ခွင့်ပြုတယ်"
"နောက်ဆိုရင် ကလေးနှစ်ယောက်ကို နင့်လက်ထဲ အပ်လိုက်ပါပြီ။ သူတို့ရဲ့ စားဝတ်နေရေးအတွက် ကုန်ကျစရိတ်ကို နန်းတွင်းရေးရာဌာနကနေ ကျခံပေးပါ့မယ်။ တစ်နှစ်တစ်ခါ ငွေပို့ပေးမယ်"
ဒါကလည်း မိဖုရားခေါင်ရဲ့ ဂုဏ်သိက္ခာအတွက်ပါပဲ။ မဟုတ်ရင် လူတွေက မိဖုရားခေါင်က ကလေးတွေကို ပစ်ထားတယ်လို့ အတင်းပြောကြလိမ့်မယ်။
ကျောက်ယွီသည် ငွေရေးကြေးရေး ကိစ္စကို ငြင်းဆန်မနေတော့ဘဲ ခေါင်းညိတ်လိုက်လေသည်။ "ကျေးဇူးတင်ပါတယ် အာ့စောင်... သူတို့ကိုယ်စား ကျေးဇူးတင်ပါတယ်"
လုမင်ယွိ၏ ဒေါသများ ပြေလျော့သွားပြီး ကျောက်ယွီ၏ သနားစရာကောင်းသော ပုံစံကို ကြည့်ပြီး စိတ်မကောင်း ဖြစ်လာတော့သည်။ သူမသည် ကျောက်ယွီ၏ လက်ကို ဆုပ်ကိုင်လိုက်ကာ "မင်းလည်း ဒီကိစ္စအတွက် အရမ်း ခံစားမနေပါနဲ့တော့"
"ပြောရမယ်ဆိုရင် သူကိုယ်တိုင်က အသက်မရှင်ချင်တော့တာလေ။ သေချင်နေတဲ့လူကို ဘယ်သူက တားလို့ရမှာလဲ"
"နင်က ပါးစပ်မထိန်းနိုင်ဘဲ စကားနည်းနည်း ပိုပြောလိုက်မိတာပါ။ တကယ်တမ်း အပြစ်တင်ရမယ်ဆိုရင် ကွမ်ပင်းနယ်စားကို သတ်ခဲ့တဲ့ ငါ့ကို အပြစ်တင်ရမှာ။ လီဟောက်ကို နယ်စပ်ပို့ခဲ့တဲ့ အရှင်မင်းကြီးကို အပြစ်တင်ရမှာ"
ကျောက်ယွီသည် လန့်သွားပြီး မျက်ရည်သုတ်ရန်ပင် မေ့သွားတော့သည်။ "အာ့စောင်... ဒီလို မပြောပါနဲ့"
"မနင် ကြောက်မနေပါနဲ့" လုမင်ယွိ၏ မျက်ဝန်းများသည် တောက်ပနေပြီး အသံသည် တည်ငြိမ်နေလေ၏။ "ဒါက အမှန်တရားပဲလေ။ နောင်ကျရင် ကလေးတွေ မေးလာခဲ့ရင်နင် အမှန်အတိုင်း ပြောပြလိုက်ပါ"
"လီဟောက်က လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်တယ်။ ကွမ်ပင်းနယ်စားက ပုန်ကန်တယ်။ ဒါတွေက သေဒဏ်ပေးရမယ့် ပြစ်မှုတွေပဲ။ သူတို့ ဒီလို ဇာတ်သိမ်းသွားရတာ သူတို့ရဲ့ လုပ်ရပ်တွေကြောင့်ပါပဲ"
"ငါ့လိပ်ပြာ ငါလုံသလို အရှင်မင်းကြီးလည်း လိပ်ပြာလုံပါတယ်။ နောင်ကျရင် သူတို့ ကြီးပြင်းလာလို့ အငြိုးထားချင်ရင်လည်း ထားပါစေ"
ကျောက်ယွီသည် စိုးရိမ်တကြီးဖြင့် ပြောလိုက်လေသည်။ "မဟုတ်ပါဘူး... သူတို့က လိမ်မာတဲ့ ကလေးတွေပါ။ အရှင်မင်းကြီးနဲ့ အာ့စောင်ကို အငြိုးထားမှာ မဟုတ်ပါဘူး"
လုမင်ယွိက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။ "အငြိုးထားတာ မထားတာက အရေးမကြီးပါဘူး။ တကယ်တော့ နင်က သူတို့ကို ခေါ်သွားပေးလို့ ငါလည်း ဝန်ထုပ်ဝန်ပိုး ပေါ့သွားတာပါ။ မဟုတ်ရင် ငါက သူတို့ရဲ့ အဒေါ်အနေနဲ့ လစ်လျူရှုထားလို့ မရဘူးလေ။ နန်းတော်ထဲမှာ ခေါ်ထားရင်လည်း သူတို့အတွက် စိတ်ချမ်းသာစရာ ဖြစ်မှာ မဟုတ်ဘူး"
ကျောက်ယွီသည် ရှက်ရွံ့စွာဖြင့် လေသံတိုးတိုး ပြောလိုက်လေသည်။ "ကျွန်မသာ ပါးစပ်မသရမ်းရင် စန်းစောင်လည်း အခုလို စောစောစီးစီး သေသွားမှာ မဟုတ်ဘူး။ ကျွန်မ သူတို့မောင်နှမအပေါ် အပြစ်ရှိတယ်လို့ ခံစားရတယ်။ နောက်ဆိုရင် သူတို့ကို ကောင်းကောင်း စောင့်ရှောက်ပေးပြီး အပြစ်ပြန်ဆပ်ပါ့မယ်"
လုမင်ယွိက တိုးတိုးလေး ပြောလိုက်သည်။ "မိုးချုပ်နေပြီ... ပြန်တော့လေ။ ဒီကိစ္စကို လီရှန်းနဲ့ သေချာ တိုင်ပင်လိုက်ဦး။ တကယ်လို့ လီရှန်းက သဘောမတူဘူးဆိုရင်လည်း ခေါင်းမာပြီး ဇွတ်မလုပ်နဲ့နော်"
ကျောက်ယွီက ခေါင်းညိတ်ပြလိုက်သည်။
စိတ်ရောလူပါ ပင်ပန်းနွမ်းနယ်နေသော ကျောက်ယွီသည် မြင်းလှည်းစီးကာ အိမ်တော်သို့ ပြန်လာခဲ့လေသည်။
သူတို့၏ အိမ်တော်နှင့် အသုဘအခမ်းအနား ကျင်းပနေသော တတိယမင်းသားအိမ်တော်သည် ကပ်လျက် တည်ရှိလေသည်။ တံတိုင်းတစ်ချပ်သာ ခြားနားသော်လည်း ဝမ်းနည်းပက်လက် ငိုကြွေးသံများကို ကြားနေရသည်။
ကျောက်ယွီသည် မျက်လုံးများ နီရဲလာပြန်လေသည်။
လီရှန်းသည် ဒေါသထွက်နေသော်လည်း ကျောက်ယွီ၏ ပုံစံကို မြင်လိုက်ရသည့်အခါ ဒေါသများ ပျောက်ကွယ်သွားပြီး သက်ပြင်းချကာ နှစ်သိမ့်ပေးလိုက်ရသည်။ "မငိုပါနဲ့တော့... စန်းစောင်က ကိုယ့်ဘာသာ သတ်သေသွားတာပါ။ မင်းနဲ့ သိပ်မဆိုင်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မနေပါနဲ့တော့"
ကျောက်ယွီသည် လီရှန်း၏ ရင်ခွင်ထဲတွင် မှီကာ ငိုကြွေးလိုက်လေသည်။ "နောက်ဆိုရင် ကျွန်မ ပါးစပ်မထိန်းနိုင်တဲ့ အကျင့်ကို ပြင်ပါ့မယ်"
လီရှန်းသည် သက်ပြင်းချလိုက်ပြီး ကျောက်ယွီ၏ ကျောကုန်းကို ပုတ်ပေးလိုက်လေသည်။
ကျောက်ယွီသည် ငိုကြွေးပြီးနောက် လုမင်ယွိနှင့် ပြောခဲ့သော ကိစ္စကို ပြောပြလိုက်တော့သည်။ "... ကျွန်မ ရှင်နဲ့မတိုင်ပင်ဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်လိုက်မိတယ်။ အာ့စောင်ကို ပြောပြီးသွားပြီ။ ကျွန်မတို့ ကလေးနှစ်ယောက်ကို နယ်မြေအထိ ခေါ်သွားပြီး အတူတူ နေကြမယ်လေ။ ဘယ်လိုလဲ"
လီရှန်း "..."
ကိုယ့်တူ၊ တူမအရင်းတွေကို ဒုက္ခပေးတယ်လို့ သဘောထားလို့ ဘယ်ဖြစ်မလဲ။
လီရှန်းသည် သက်ပြင်းကို မျိုချလိုက်ပြီး "ကောင်းပြီလေ... ဒါပေမဲ့ မင်း သေချာ စဉ်းစားပြီးပြီလား။ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတာ ထမင်းကျွေးရုံနဲ့ ပြီးတာ မဟုတ်ဘူး။ နောက်ဆိုရင် ငါက နယ်မြေအုပ်ချုပ်ရေး ကိစ္စတွေနဲ့ အလုပ်ရှုပ်နေမှာဆိုတော့ အိမ်တွင်းရေး ကိစ္စတွေကို မင်းပဲ တာဝန်ယူရမှာ။ ကလေးသုံးယောက်ကို တစ်ပြိုင်တည်း ထိန်းနိုင်ပါ့မလား"
ကျောက်ယွီက မျက်ရည်များကို သုတ်လိုက်လေသည်။ "ထိန်းနိုင်ပါတယ်"
ဘယ်လောက်ပဲ ပင်ပန်းပါစေ... သူမ သည်းခံပြီး လုပ်ဆောင်သွားမှာပါ။
လီရှန်းသည် ကျောက်ယွီကို ကြည့်ကာ ပြောလိုက်တော့သည်။ "ကောင်းပြီလေ... ဒါ မင်းကိုယ်တိုင် ပြောတာနော်။ နောက်မှ ပင်ပန်းလို့ဆိုပြီး ငါ့ကို လာမငြီးနဲ့"
......
ခုနစ်ရက် ထားပြီးနောက် မုန့်ယွင်လော်၏ ရုပ်အလောင်းကို မြေချလိုက်ကြသည်။
အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသော လီကျန်းနှင့် လီဝေတို့သည် အုတ်ဂူရှေ့တွင် ဒူးထောက်ကာ မိခင်ဖြစ်သူကို ဦးချကန်တော့ပြီး စက္ကူပိုက်ဆံများ မီးရှို့ပေးနေသည်။
လီကျန်းသည် ရက်ပေါင်းများစွာ ငိုကြွေးထားသဖြင့် လည်ချောင်းနာပြီး မျက်လုံးများ ရောင်ရမ်းနေလေသည်။ ယခုအခါ မျက်ရည်မထွက်နိုင်တော့ဘဲ ငူငူငိုင်ငိုင်ဖြင့် ဒူးထောက်နေလေသည်။ လီဝေသည် အဝါရောင်စက္ကူများကို မီးထဲသို့ တစ်ရွက်ချင်း ပစ်ထည့်နေလေသည်။
လီရှန်းနှင့် ကျောက်ယွီတို့သည်လည်း ဘေးတွင် ရပ်နေရင်း စိတ်မကောင်း ဖြစ်နေရသည်။
သနားစရာ လီဝေလေး... မိဘနှစ်ပါးစလုံး ဆုံးပါးသွားတာ ဘယ်လောက် ဝမ်းနည်းစရာ ကောင်းလဲဆိုတာတောင် နားမလည်ရှာဘူး။
လီချန်နှင့် ယွီရှီတို့၏ သားအဖြစ် မွေးစားခံရသော လီကျွယ်တို့သည်လည်း အုတ်ဂူရှေ့တွင် ဒူးထောက်နေကြသည်။ သူတို့သည် တူ၊ တူမများ ဖြစ်ကြသဖြင့် လိုက်ပို့ပေးကြခြင်း ဖြစ်သည်။
နှစ်နှစ်နီးပါး အိမ်ပြင်မထွက်သော လျန်ရှီသားအမိသည်လည်း ရောက်ရှိလာကြသည်။
လျန်ရှီသည် မုန့်ယွင်လော်၏ အုတ်ဂူကို ကြည့်ရင်း မျက်ရည်ကျလေသည်။ လီထန်သည် အုတ်ဂူရှေ့တွင် ဒူးထောက်ကာ ရိုသေစွာ ဦးချကန်တော့ပြီး လီဝေနှင့်အတူ စက္ကူပိုက်ဆံများ မီးရှို့ပေးလေသည်။
ထိုအချိန်တွင် အရပ်အမောင်း မတူညီသော ကလေးသုံးယောက် ရောက်ရှိလာကြသည်။
လီရွှီ၊ လီရွှမ်းနှင့် လီဟန်တို့ မောင်နှမသုံးယောက်ပင်။
အရှင်မင်းကြီးနှင့် မိဖုရားခေါင်တို့သည် နန်းတော်ထဲမှ ထွက်လာရန် အဆင်မပြေသောကြောင့် ကလေးသုံးယောက်ကို စေလွှတ်လိုက်ခြင်း ဖြစ်သည်။ လီရွှီသည် သားကြီးဖြစ်ရုံသာမက သာ့ဝေတိုင်းပြည်၏ ထိုက်ဇီလည်း ဖြစ်သဖြင့် သူကိုယ်တိုင် လာရောက် ပို့ဆောင်ပေးခြင်းသည် ဂုဏ်ယူစရာ ကိစ္စတစ်ခုပင်။
လီရွှီ၊ လီရွှမ်းနှင့် လီဟန်တို့သည် ဒူးထောက်လိုက်ပြီး သုံးကြိမ် ဦးချကန်တော့လိုက်ကြသည်။
ငူငူငိုင်ငိုင် ဖြစ်နေသော လီကျန်းသည် နောက်ဆုံးတွင် လှုပ်ရှားလာပြီး မျက်လုံးများ နီရဲလျက် လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ကျေးဇူးတင်ပါတယ် ထန်ကော၊ ထန်ကျဲနဲ့ ထန်တိ"
*ထန်= အဖေဖက်ကဝမ်းကွဲ
လီကျန်းသည် နန်းတော်ထဲတွင် စာသင်ဖူးသဖြင့် လီရွှမ်းနှင့် အရင်းနှီးဆုံး ဖြစ်သည်။ သို့သော် လွန်ခဲ့သော တစ်နှစ်ကျော် ကာလအတွင်း အိမ်တော်ထဲတွင် အကျယ်ချုပ် ကျခံနေရသဖြင့် လီရွှမ်းနှင့် မတွေ့ရသည်မှာ ကြာပြီဖြစ်သည်။
ယနေ့ ပြန်တွေ့ကြသောအခါ လီကျန်း၏ ပိန်လှီပြီး နွမ်းနယ်နေသော ပုံစံကို မြင်လိုက်ရသဖြင့် လီရွှမ်း လန့်သွားပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "ထန်မေ့... မိခင် ဆုံးပါးသွားတာ အရမ်း ဝမ်းနည်းစရာ ကောင်းပါတယ်။ ကျန်းမာရေး ဂရုစိုက်နော်"
လီကျန်း၏ ရင်ထဲတွင် ခါးသီးနေပြီး ပြုံးဖို့ပင် အားမရှိတော့ဘဲ တိတ်တဆိတ် ခေါင်းညိတ်လိုက်လေသည်။
လီရွှီသည်လည်း ပိန်လှီနေသော လီကျန်းကို သနားကြင်နာစွာ ကြည့်လိုက်ပြီး ပြောလိုက်လေသည်။ "နောက်ဆိုရင် အခက်အခဲ ရှိရင် ထန်ကောကို ပြောနော်။ ထန်ကော ကူညီပေးမယ်"
လီကျန်း၏ မျက်လုံးထဲမှ မျက်ရည်များ စီးကျလာပြီး ရှိုက်ကြီးတငင် ပြောလိုက်၏။ "ကျေးဇူးတင်ပါတယ် ထန်ကော"
လီဝေသည် မတ်တပ်ထရပ်လိုက်ပြီး ဟိုကြည့်ဒီကြည့် လုပ်ကာ မေးလိုက်လေသည်။ "မမ... သူတို့က ဘယ်သူတွေလဲဟင်။ သား မသိပါဘူး"
လီဝေသည် မွေးစကတည်းက အပြင်လူများနှင့် သိပ်မတွေ့ဖူးပေ။ လွန်ခဲ့သော နှစ်နှစ်အတွင်း အိမ်တော်ထဲတွင် ပိတ်လှောင်ခံထားရသဖြင့် လီရွှီတို့ကို တစ်ခါမှ မမြင်ဖူးချေ။
လီကျန်းသည် မျက်ရည်များကို သုတ်လိုက်ပြီး လီဝေ၏ လက်ကို ဆွဲကာ တစ်ယောက်ချင်း မိတ်ဆက်ပေးလိုက်လေသည်။ လီဝေသည် လိမ်မာစွာဖြင့် လိုက်ခေါ်လေသည်။ ကလေးသံလေးကြောင့် ဝမ်းနည်းဖွယ် အငွေ့အသက်များ အနည်းငယ် လျော့ပါးသွားတော့သည်။
...
အပိုင်း (၇၁၇) ခရီးထွက်ခွာခြင်း (၁)
မိုးမချုပ်မီ လီရွှီ၊ လီရွှမ်းနှင့် လီဟန်တို့ နန်းတော်သို့ ပြန်ရောက်လာကြသည်။
လီရွှီနှင့် လီရွှမ်းသည် ယနေ့ ကြုံတွေ့ခဲ့ရသည်များကို တစ်ယောက်တစ်လှည့်စီ ပြောပြနေကြသော်လည်း ပုံမှန်ဆိုလျှင် ဆော့ကစားတတ်သော လီဟန်ကတော့ တိတ်ဆိတ်ငြိမ်သက်နေပြီး အတွေးလွန်နေလေသည်။
လုမင်ယွိသည် သားငယ်ကို ထူးဆန်းစွာ ကြည့်ရင်း သနားမိသဖြင့် ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ကာ နူးညံ့စွာ မေးလိုက်လေသည်။ "သားလေး... ဘာလို့ စကားမပြောတာလဲ။ ဒီနေ့ လန့်သွားလို့လား"
လီဟန်သည် မိခင်ဖြစ်သူ၏ အင်္ကျီကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "မူဟုပ်... ကျန်းထန်ကျဲနဲ့ ဝေထန်တိတို့ရဲ့ အမေ သေသွားပြီတဲ့။ သူတို့မှာ အမေမရှိတော့ဘူးဆိုတော့ သနားစရာ ကောင်းလိုက်တာ"
လီရွှီနှင့် လီရွှမ်းတို့သည်လည်း သက်ပြင်းချလိုက်ကြပြီး မျက်နှာများ ညှိုးငယ်သွားကြသည်။
သူတို့သည် လီကျန်းနှင့် အတူ ကြီးပြင်းလာခဲ့ကြသဖြင့် သံယောဇဉ် ရှိကြသည်။ ယနေ့ လီကျန်း၏ သနားစရာ ကောင်းသော ပုံစံကို မြင်လိုက်ရသည့်အခါ စိတ်မကောင်း ဖြစ်နေကြခြင်း ဖြစ်သည်။
လုမင်ယွိသည် ဘာမှမပြောဘဲ လီဟန်၏ ကျောကုန်းကို ပုတ်ပေးလိုက်လေသည်။
ခဏကြာသောအခါ လီဟန်က တိုးတိုးလေး ထပ်မေးပြန်လေသည်။ "သူတို့က စစ်ရှူးတို့နဲ့အတူ လိုက်သွားမှာလား"
လုမင်ယွိက အင်း ဟုဖြေလိုက်လေသည်။
လီဟန်သည် ခေါင်းမော့လိုက်ပြီး မျက်လုံးဝိုင်းလေးများဖြင့် ကြည့်လိုက်လေသည်။ "ဒါပေမဲ့ စစ်ရှူးတို့က အရမ်းဝေးတဲ့နေရာကို သွားမှာဆို။ သူတို့က ဘာလို့ နန်းတော်ထဲ လာပြီး သားတို့နဲ့ အတူတူ မနေကြတာလဲ"
လုမင်ယွိ "..."
ဒီကိစ္စက ပြောပြရရင် ရှည်ဦးမယ်။
လုမင်ယွိသည် လီဟန် နားလည်အောင် ဘယ်လို ရှင်းပြရမလဲ စဉ်းစားမရ ဖြစ်နေလေသည်။
လီရွှီသည် မျက်ခုံးပင့်လိုက်ပြီး လေသံတိုးတိုးဖြင့် ဝင်ပြောလိုက်လေသည်။ "စန်းရှူးက အမှားကြီး ကျူးလွန်ခဲ့လို့ နယ်စပ်မှာ သေဆုံးသွားခဲ့ပြီ။ စန်းရှန်ညန်က ဦးလေးသုံး သေသွားတာကို သိလိုက်ရလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာလေ။ ကျန်းထန်မေ့နဲ့ ဝေထန်တိက မြို့တော်မှာ ဆက်နေရင် စိတ်ထိခိုက်စရာ အမှတ်တရတွေ ရှိနေလိမ့်မယ်။ ဒါကြောင့် မြို့တော်ကနေ ထွက်ခွာပြီး နေရာအသစ်မှာ ဘဝသစ် စတင်တာက ပိုကောင်းပါတယ်"
လီရွှမ်းကလည်း ဆက်ပြောလိုက်လေသည်။ "နောက်နှစ်အနည်းငယ် ကြာလို့ သူတို့ ကြီးပြင်းလာရင် ဖုဟွမ်က အမိန့်တော် ထုတ်ပြန်ပြီး သူတို့ကို မြို့တော် ပြန်ခေါ်လို့ ရတာပဲ။ အဲဒီကျရင် မင်း သူတို့ကို တွေ့ချင်ရင် တွေ့လို့ ရပါတယ်"
လီဟန်သည် စိတ်သက်သာရာ ရသွားတော့သည်။
လုမင်ယွိသည် လီရွှီနှင့် လီရွှမ်းကို ပြောလိုက်လေသည်။ "နောက်သုံးရက်ကြာရင် မင်းတို့ဦးလေးနဲ့ ဒေါ်လေး ခရီးထွက်တော့မယ်။ မင်းတို့မောင်နှမတွေ မူဟုပ်ကိုယ်စား သွားပို့ပေးကြပါ"
မောင်နှမနှစ်ယောက်က ပြိုင်တူ လက်ခံလိုက်ကြလေသည်။
လီဟန်သည်လည်း စိတ်ညစ်စရာများကို မေ့သွားပြီး အော်ပြောလိုက်လေသည်။ "သားလည်း လိုက်မယ်"
လုမင်ယွိသည် မတားဆီးတော့ဘဲ မှာကြားလိုက်လေသည်။ "သား လိုက်သွားရင် အစ်ကိုကြီးနဲ့ အစ်မကြီး စကား နားထောင်ရမယ်နော်။ ပြဿနာ မရှာရဘူး"
လီဟန်သည် ခေါင်းကို တွင်တွင်ညိတ်လိုက်ပြီး ပြောလိုက်လေသည်။ "စိတ်ချပါ မူဟုပ်... သား လိမ်မာပါတယ်"
......
သုံးရက်ကြာပြီးနောက် လီရွှီ၊ လီရွှမ်းနှင့် လီဟန်တို့သည် မြို့တံခါးဝသို့ သွားရောက်ပြီး လီရှန်းတို့ကို လိုက်ပို့ကြလေသည်။
နယ်စားပယ်စားများ နယ်မြေသို့ သွားရောက်ခြင်းသည် သာ့ဝေတိုင်းပြည် သမိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်လေသည်။ ယနေ့ လိုက်ပါပို့ဆောင်သူများထဲတွင် ချောင်ကောလောင်နှင့် ဝန်ကြီးခြောက်ပါး၊ ရှင်းယန်ဝမ်၊ ဖူယန်မြို့စားတို့ ပါဝင်ကြသည်။ လီထန်နှင့် လီကျွယ်တို့လည်း ရောက်ရှိနေကြလေသည်။
လူကြီးများ စကားပြောနေကြစဉ် ကလေးများကလည်း အချင်းချင်း နှုတ်ဆက်နေကြလေသည်။
"ချန်းထန်တိ..." လီရွှီက လေးနက်စွာ ပြောလိုက်လေသည်။ "လမ်းခရီးမှာ ဂရုစိုက်နော်။ ကျင်နယ်မြေ ရောက်ရင် စာရေးဖို့ မမေ့နဲ့ဦး"
လီချန်းသည် နန်းတော်တွင် စာသင်ကြားနေရသဖြင့် လီရွှီနှင့် အလွန် ရင်းနှီးလေသည်။ ယခု ခွဲခွာရတော့မည် ဖြစ်သဖြင့် လီရွှီ၏ စကားကို ကြားလိုက်ရသည့်အခါ မျက်ရည်ဝဲလာလေသည်။ "ဟုတ်ကဲ့... ထန်ကောလည်း ကျွန်တော့်ဆီ စာရေးနော်"
လီရွှမ်းသည် လီကျန်း၏ ရှေ့သို့ လျှောက်သွားပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "ကျန်းထန်မေ့... စစ်ရှူးနဲ့ စစ်ရှန်ညန်က အရမ်း သဘောကောင်းပါတယ်။ နောက်ဆိုရင် သူတို့ကို မိဘအရင်းလို သဘောထားလိုက်နော်"
ပိန်လှီနေသော လီကျန်းသည် မျက်ရည်ဝဲလာသော်လည်း မငိုမိအောင် ထိန်းထားလိုက်လေသည်။ "ရွှမ်းထန်ကျဲလည်း ဂရုစိုက်ပါ"
လီဟန်သည် လူကြီးတစ်ယောက်လို လီဝေ၏ လက်ကို ဆွဲကိုင်လိုက်လေသည်။ "ဝေထန်တိ... သား လိမ်မာရမယ်နော်။ မဆော့ရဘူး"
လီဝေက နားမလည်သလို မေးလိုက်လေသည်။ "မင်းက ဘယ်သူလဲ"
လီဟန် စိတ်ဆိုးသွားလေသည်။ "လွန်ခဲ့တဲ့ သုံးရက်ကပဲ တွေ့ထားတာလေ။ မေ့သွားပြီလား။ ငါက မင်းရဲ့ ဟန်ထန်ကောလေ"
ပြောရင်းနှင့် ရင်ကော့လိုက်လေသည်။ နန်းတော်ထဲတွင် သူက အငယ်ဆုံး ဖြစ်နေသဖြင့် အမြဲတမ်း အစ်ကိုကြီး၊ အစ်မကြီး စကား နားထောင်နေရတာ။ အခုမှ သူ့ထက် ငယ်တဲ့ကောင်ကို တွေ့တော့ ဆရာလုပ်ရတာပေါ့။
လီဝေက မကျေမနပ်ဖြင့် အင်း ဟုထူးလိုက်လေသည်။
နှုတ်ဆက်ပွဲသည် တစ်နာရီခန့် ကြာမြင့်ပြီးနောက် ခရီးထွက်ခွာရန် အချိန်ကျရောက်လာလေသည်။
လီရှန်းသည် လက်နှစ်ဖက်ယှက်ကာ အော်ပြောလိုက်လေသည်။ "ကျွန်တော်တို့ ခရီးထွက်တော့မယ်။ အားလုံးပဲ ဂရုစိုက်ကြပါ"
"ကျင်းဝမ်ရယ်... လမ်းခရီး အဆင်ပြေပါစေ" အမတ်မင်းများက ပြိုင်တူ နှုတ်ဆက်လိုက်ကြလေသည်။
လီရှန်းသည် မြို့တံခါးကြီးကို နောက်ဆုံးတစ်ခေါက် လှမ်းကြည့်လိုက်ပြီး သက်ပြင်းချကာ မြင်းလှည်းပေါ် တက်လိုက်သည်။ ကျောက်ယွီနှင့် ကလေးသုံးယောက်လည်း မြင်းလှည်းပေါ် တက်လိုက်ကြလေသည်။
မြင်းလှည်းတန်းကြီးသည် ဖြည်းညှင်းစွာ စတင်ထွက်ခွာလေတော့သည်။ ကိုယ်ရံတော် တစ်ထောင်သည် မြင်းလှည်းတန်းကို ဝိုင်းရံကာ လိုက်ပါသွားကြလေသည်။
လီရှန်းသည် မြင်းလှည်းပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေမိ၏။
ကျောက်ယွီက လေသံတိုးတိုးဖြင့် "အရင်တုန်းကတော့ မြို့တော်ကနေ မြန်မြန် ထွက်သွားချင်နေတာ။ အခု တကယ် ထွက်သွားရတော့မယ် ဆိုတော့ စိတ်မကောင်း ဖြစ်မိတယ်"
ကိုယ့်ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခု မြို့တော်မှာ ကျန်ရစ်ခဲ့သလို ခံစားနေရတယ်။
လီရှန်းသည် ကျောက်ယွီကို ဖက်ထားလိုက်လေသည်။ လင်မယားနှစ်ယောက်သည် ခေါင်းချင်းမှီကာ နှစ်သိမ့်ပေးနေကြလေသည်။
လီချန်းကတော့ မိဘနှစ်ပါး၏ စိတ်ကူးယဉ်သော ပုံစံကို မြင်ဖူးနေကျ ဖြစ်သည်။ လီဝေကတော့ ငယ်သေးသဖြင့် ဘာမှနားမလည်ဘဲ ဟိုကြည့်ဒီကြည့် လုပ်နေလေ၏။
လီကျန်းကတော့ ခေါင်းငုံ့ထားပြီး အားငယ်စိတ်များ ဝင်ရောက်လာပြန်သည်။
ကြီးလာသည်အထိ သူမ သွားဖူးသည့် နေရာဟူ၍ နန်းတော်နှင့် အဘိုးအိမ်သာ ရှိသည်။ ယခု မိဘနှစ်ပါးစလုံး မရှိတော့သဖြင့် သူမနှင့် မောင်လေးသည် အားကိုးရာမဲ့ ဖြစ်နေကြရသည်။ ကံကောင်းထောက်မစွာဖြင့် ဦးလေးနှင့် ဒေါ်လေးက သဘောထားပြည့်ဝပြီး သူတို့ကို ခေါ်ဆောင်သွားပေးခဲ့သည်။
ယခုအချိန်တွင် မြင်းလှည်းပေါ် ထိုင်ရင်း မြို့တော်နှင့် တဖြည်းဖြည်း ဝေးကွာလာသည်ကို ခံစားနေရသည်။ သူမ ရောက်ဖူးခြင်း မရှိသော နေရာအသစ်တစ်ခုသို့ သွားရောက်ရတော့မည်။ ရင်ထဲတွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေမိသည်။
"မမ..." လီဝေသည် သူမကို မှီတွယ်လာပြီး လက်ကို လာဆွဲလေသည်။
လီကျန်းသည် သတိဝင်လာပြီး လီဝေ၏ လက်ကို ပြန်ဆုပ်ကိုင်ကာ နှစ်သိမ့်ပေးလိုက်လေသည်။ "မြင်းလှည်းစီးရတာ မနေတတ်လို့လား။ မကြောက်နဲ့နော်... မမ ရှိတယ်"
လီဝေက အင်း ဟုထူးလိုက်ပြီး ခေါင်းမှီထားလိုက်လေသည်။
ကျောက်ယွီသည် လှည့်ကြည့်လိုက်ရာ လီကျန်းတို့ မောင်နှမနှစ်ယောက် ပူးကပ်နေကြသည်ကို တွေ့လိုက်ရသဖြင့် နှာဝတွင် မွှန်သွားရပြန်၏။
လီဝေက လေးနှစ်မပြည့်သေးဘူး။ လီကျန်းကလည်း ရှစ်နှစ်ပဲ ရှိသေးတယ်။ အခုချိန်မှာ မောင်လေးကို လူကြီးတစ်ယောက်လို ထိန်းကျောင်းပေးနေရတာ မြင်ရတာ သနားစရာ ကောင်းလိုက်တာ။
"ကျန်းအာ... ဝေအာ..." ကျောက်ယွီသည် လက်ကမ်းပေးလိုက်ပြီး "ဒေါ်လေးဆီ လာခဲ့" ဟု ခေါ်လိုက်လေသည်။
ဒေါ်လေးက အရပ်မရှည်သော်လည်း အပြုံးချိုပြီး ရင်ခွင်က နွေးထွေးသည်။ ကိုယ်သင်းနံ့ သင်းသင်းလေးလည်း ရနေသည်။
လီဝေသည် ထိုကဲ့သို့ အဖက်ခံရခြင်း မရှိသည်မှာ ကြာပြီဖြစ်သဖြင့် ကျောက်ယွီ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ မေမေ ဟု ယောင်ယမ်းပြီး ခေါ်လိုက်မိလေသည်။
လီကျန်း ကြားလိုက်သဖြင့် အလျင်အမြန် ပြင်ပေးလိုက်လေသည်။ "စစ်ရှန်ညန်လို့ ခေါ်ရမှာလေ"
လီဝေသည် ဝမ်းနည်းသွားပြီး မော့ကြည့်ကာ "သား တစ်ခွန်းလောက် ခေါ်လို့ မရဘူးလား" ဟု မေးလိုက်လေသည်။
ကျောက်ယွီ မျက်ရည်ဝဲလာပြီး အသံတုန်တုန်ဖြင့် ပြောလိုက်လေသည်။ "ဝေအာ... မေမေလို့ ခေါ်ချင်ရင် ခေါ်လေ"
ကလေးဆိုတာ အကဲခတ် ကောင်းပါတယ်။ ဘယ်သူက ကိုယ့်ကို ချစ်လဲဆိုတာ သိတာပေါ့။ လီဝေသည် ပျော်ရွှင်စွာဖြင့် မေမေ ဟု ခေါ်လိုက်လေသည်။ ကျောက်ယွီက ထူးလိုက်ပြီး လီဝေ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်လေသည်။
လီချန်း မနေနိုင်တော့ဘဲ မနာလို ဖြစ်လာကာ အမေလုရန် ပြေးဝင်လာလေသည်။
လီရှန်းသည် မျက်စိလျင်ပြီး သားဖြစ်သူကို ဖမ်းဆွဲကာ ရင်ခွင်ထဲ ထည့်ထားလိုက်လေသည်။ "မင်း မဆော့နဲ့။ ခဏနေရင် မြင်းလှည်းရပ်ရင် အဖေ မင်းကို မြင်းစီးသင်ပေးမယ်"
ထိုအခါမှ လီချန်းလည်း ငြိမ်ကျသွားတော့သည်။
...