← Chapters

အခန်း (၇၁၈-၇၂၀)

Vol. 48 Ch. 718-720

အခန်း (၇၁၈-၇၂၀)

Vol. 48 Ch. 718-720

အပိုင်း (၇၁၈) ခရီးရှည် ထွက်ခွာခြင်း (၂)

လက်ဝေခံနယ်မြေသည် မြို့တော်နှင့် ဝေးကွာလှပေသည်။ မြင်းစီးသွားလျှင် တစ်လခန့် ကြာမြင့်မည်။ ယခုကဲ့သို့ မိသားစုလိုက် ရာချီသော မြင်းလှည်းများဖြင့် ဖြည်းညှင်းစွာ သွားလာခြင်း ဖြစ်ရာ နှစ်လခန့်ဖြင့် ရောက်ရှိလျှင်ပင် မဆိုးဟု ဆိုရပေမည်။

သို့သော် လီရှန်းသည် အလျင်လိုခြင်း မရှိချေ။ တောတောင်ရေမြေ သဘာဝအလှများကို ခံစားကြည့်ရှုလိုစိတ်ဖြင့် ဖြည်းညှင်းစွာ သွားလာနေလေသည်။

အနားယူချိန် ရောက်သောအခါ လီရှန်းသည် လီချန်းကို ခေါ်ဆောင်ကာ မြင်းစီးထွက်သွားလေသည်။

လီဝေသည် အားကျစိတ်ဖြင့် လိုက်သွားချင်နေမိသည်။

ကျောက်ယွီက ပြုံးလိုက်ကာ "သားက ငယ်သေးတယ်လေ။ နောက်နှစ်နှစ်လောက် နေရင် စစ်ရှူးကို မြင်းစီးသင်ခိုင်းနော်"

လီဝေသည် လိမ်မာစွာ ခေါင်းညိတ်လိုက်သော်လည်း မျက်လုံးများကတော့ အညိုရောင်မြင်းလေးကို လိုက်လံကြည့်ရှုနေဆဲ ဖြစ်လေသည်။

ကျောက်ယွီသည် ပြုံးလိုက်ပြီး တိတ်ဆိတ်ငြိမ်သက်နေသော လီကျန်းဘက်သို့ လှည့်ကာ အသံကို နူးညံ့စွာဖြင့် ပြောလိုက်လေသည်။ "ကျန်းအာ... နောက်ဆိုရင် သမီးနဲ့ မောင်လေးက ရှန်ညန်တို့နဲ့အတူ နေရမှာနော်။ ရင်ထဲမှာ ဘာဖြစ်ချင်တာရှိရှိ ရှန်ညန်ကို ပြောပြ။ မကြောက်နဲ့နော်... မြိုသိပ်ထားစရာ မလိုပါဘူး"

လီကျန်းက အင်း ဟုထူးလိုက်ပြီး "ကျေးဇူးတင်ပါတယ် ရှန်ညန်" ဟု တိုးတိုးလေး ပြောလိုက်လေသည်။

ပတ်ဝန်းကျင်နှင့် အသားကျလွယ်သော လီဝေနှင့် ယှဉ်လျှင် လီကျန်းသည် ပို၍ သတိထားနေတတ်သည်။

ယခင်က မိခင်အရင်း၏ ရိုက်နှက်မှုကို မကြာခဏ ခံခဲ့ရဖူးသောကြောင့် ဖြစ်တန်ရာ၏။ မူလကတည်းက သတ္တိနည်းသော လီကျန်းသည် ယခုအခါ ပို၍ ကြောက်ရွံ့တတ်လာပြီး လူများကို မျက်လုံးချင်းဆိုင် ကြည့်ရန်ပင် မရဲတော့ပေ။

ကျောက်ယွီသည် ထိုအဖြစ်အပျက်ကို ကြည့်ရင်း စိတ်မကောင်း ဖြစ်မိလေသည်။ သူမသည် မြင်းလှည်းအတွင်းမှ အံဝှက်ကို ဖွင့်လိုက်ပြီး သစ်သီးခြောက်နှင့် အသားခြောက်များကို ထုတ်ယူလိုက်လေသည်။ လီဝေသည် အသားခြောက်များကို လက်နှင့်ပွေ့ပိုက်ထားပြီး ပျော်ရွှင်စွာ စားသောက်နေတော့သည်။

လီကျန်းသည် သစ်သီးခြောက် တစ်ဖတ်ကို ဂရုတစိုက် ကိုင်လိုက်ပြီး တစ်ကိုက်ချင်း စားနေသော်လည်း ခေါင်းမော့မလာချေ။

အလျင်လို၍ မရပေ... ဖြည်းဖြည်းချင်း အဆင်ပြေလာလိမ့်မည်။

ကျောက်ယွီသည်လည်း ချဉ်ဖြုန်းဖြုန်း အရသာရှိသော သစ်သီးခြောက်ကို ယူလိုက်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။

အပြင်ဘက်တွင် မြင်းတစ်ပတ် စီးပြီးသော လီချန်းသည် စိတ်လှုပ်ရှားစွာဖြင့် မြင်းလှည်းပေါ်သို့ ပြန်တက်လာလေသည်။ စားစရာများကို မြင်လိုက်ရသည့်အခါ သွားရေကျသွားပြီး လက်လှမ်းကာ အသားခြောက် အများအပြားကို ယူလိုက်လေသည်။

ကျောက်ယွီက ပြုံးကာ သားဖြစ်သူကို မျက်စောင်းထိုးလိုက်လေသည်။ "သားက အများကြီး ယူသွားလို့ ဘယ်ဖြစ်မလဲ။ နည်းနည်း ပြန်ထားလိုက်" ဟုဆိုကာ လီချန်း၏ လက်ထဲမှ တစ်ဝက်ခန့်ကို ပြန်ယူပြီး လီဝေ၏ လက်ထဲသို့ ထည့်ပေးလိုက်လေသည်။

လီချန်းသည် လီရှန်းနှင့် ကျောက်ယွီတို့၏ တစ်ဦးတည်းသော သားဖြစ်သဖြင့် ငယ်စဉ်ကတည်းက အလိုလိုက်ခံထားရပြီး ဆိုးသွမ်းတတ်သူ ဖြစ်သည်။ မိခင်ဖြစ်သူက လီဝေ ဘက်ပါနေသည်ကို တွေ့လိုက်ရသည့်အခါ ဝမ်းနည်းဒေါသထွက်သွားပြီး အော်ဟစ်ပြောဆိုလိုက်လေသည်။ "သား ဗိုက်ဆာနေတာ... များများ စားချင်တာပေါ့"

ပြောပြောဆိုဆိုဖြင့် လီဝေ၏ လက်ထဲမှ အသားခြောက်များကို ပြန်လုယူလိုက်လေသည်။

လီဝေသည် နှုတ်ခမ်းမဲ့သွားပြီး ငိုကြွေးလေတော့သည်။

ကျောက်ယွီသည် ဒေါသထွက်သွားပြီး လက်လှမ်းကာ လီချန်းကို ရိုက်လိုက်လေသည်။ "မင်း ဘာလို့ ဆိုးနေတာလဲ။ ဗိုက်ဆာရင် ဘူးထဲမှာ အများကြီး ရှိတာပဲ။ ထပ်ယူလိုက်ပေါ့။ ဘာလို့ ဝေထန်တိ လက်ထဲကဟာကို လိုက်လုနေရတာလဲ"

လီချန်းသည် အရိုက်ခံရသော်လည်း လက်မလွှတ်ဘဲ ခေါင်းမာကာ ပြန်အော်လေသည်။ "သားက ဒါတွေပဲ စားချင်တာ"

ကျောက်ယွီသည် ဒေါသထွက်လွန်းသဖြင့် ထပ်ရိုက်ရန် လက်ရွယ်လိုက်လေသည်။

လီရှန်းသည် မျက်မှောင်ကြုတ်လိုက်ပြီး ကျောက်ယွီကို တားလိုက်လေသည်။ "ပြောစရာရှိရင် ကောင်းကောင်းပြောပါ... ကလေးကို ဘာလို့ ရိုက်နေရတာလဲ"

ထို့နောက် မျက်နှာထားတင်းကာ လီချန်းကို ဆူပူလေတော့သည်။ "မင်းက ဝေထန်တိထက် သုံးနှစ်ကြီးတယ်လေ။ အစ်ကိုကြီး ပီသမှပေါ့။ အသားခြောက် နည်းနည်းလေးနဲ့ လုနေရတယ်လို့... ကြည့်စမ်း မင်းရဲ့ အဖြစ်ကို"

လီချန်းသည် အမေကရိုက်၊ အဖေကဆူနှင့် ခံရသဖြင့် ဝမ်းနည်းကာ မျက်ရည်ကျလာတော့သည်။ သူသည် လက်ထဲမှ အသားခြောက်များကို မြင်းလှည်းပြတင်းပေါက် အပြင်ဘက်သို့ လွှင့်ပစ်လိုက်လေသည်။ "မစားတော့ဘူး"

ကျောက်ယွီသာမက လီရှန်းသည်လည်း သားဖြစ်သူ၏ လုပ်ရပ်ကြောင့် ဒေါသထွက်သွားလေသည်။ မျက်လုံးပြူးကာ အင်္ကျီလက်စကို ပင့်တင်လိုက်ပြီး ရိုက်နှက်ရန် ပြင်လိုက်လေသည်။ "ဒီကောင်စုတ်လေး... ဒီနေ့တော့ မင်းကို ကောင်းကောင်း ဆုံးမမှ ရတော့မယ်"

ထိုအချိန်တွင် လီကျန်းသည် ဘယ်အချိန်က ရောက်လာမှန်းမသိဘဲ လီချန်း၏ ရှေ့မှ ကာလိုက်လေသည်။

သူမသည် ကြောက်လန့်နေကြောင်း သိသာလှသည်။ ခန္ဓာကိုယ်လေးသည် တုန်ရီနေပြီး မျက်လုံးများထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်နေလေသည်။ သို့သော် လီချန်း၏ ရှေ့မှ မဖယ်ဘဲ ခိုင်မာစွာ ရပ်နေပြီး အသံတုန်တုန်ဖြင့် ပြောလိုက်လေသည်။ "စစ်ရှူး... ရိုက်ချင်ရင် သမီးကိုပဲ ရိုက်ပါ။ ချန်းထန်တိကို မရိုက်ပါနဲ့"

"သမီးကို ရိုက်ပါ... သမီးက အနာခံနိုင်ပါတယ်"

စစ်မြေပြင်တွင် လူသတ်ခဲ့ဖူးသော ယောက်ျားရင့်မာကြီး လီရှန်းသည်ပင် လီကျန်း၏ လုပ်ရပ်ကြောင့် နှာဝတွင် မွှန်လာပြီး မျက်လုံးများ နီရဲလာရတော့သည်။

သူသည် လက်ကို ပြန်ချလိုက်ပြီး အသံအက်ကွဲကွဲဖြင့် ပြောလိုက်လေသည်။ "ကျန်းအာ... မကြောက်ပါနဲ့။ စစ်ရှူးက ချန်းထန်တိကို စနေတာပါ။ တကယ် ရိုက်မှာ မဟုတ်ပါဘူး။ စစ်ရှူးက ကလေးတွေကို ဘယ်တော့မှ မရိုက်ဘူး"

ကျောက်ယွီသည်လည်း မျက်ရည်ဝဲလျက် တုန်ရီနေသော လီကျန်းကို ချော့မော့လိုက်လေသည်။ "ဟုတ်တယ် ကျန်းအာ... မကြောက်နဲ့နော်။ စစ်ရှူးက လူရိုက်လေ့မရှိပါဘူး"

လီကျန်းသည် နေရာမှ မရွေ့ဘဲ ပိန်ပါးသော ခန္ဓာကိုယ်လေးဖြင့် လီချန်းကို ဆက်လက် ကာကွယ်ပေးထားလေသည်။

မူလက ငိုနေသော လီဝေသည် အင်္ကျီလက်စဖြင့် မျက်ရည်များကို သုတ်လိုက်ပြီး အကျင့်ပါနေသည့်အတိုင်း အစ်မဖြစ်သူ၏ နောက်ကျောဘက်သို့ တိုးကပ်လာလေသည်။ ထို့နောက် လီချန်းကို တိုးတိုးလေး ပြောလိုက်လေသည်။ "ချန်းထန်တိ... ထိုင်ချလိုက်... သေချာ ပုန်းနေနော်"

လီချန်းသည် လီဝေထက် အသက်ပိုကြီးသူ ဖြစ်သဖြင့် လီကျန်း ဘာလုပ်နေသလဲ ဆိုသည်ကို နားလည်သဖြင့် စောစောက ဒေါသများ အကုန် လွင့်ပျောက်သွားတော့သည်။

ကျန်းထန်ကျဲက သူ့အပေါ် တကယ် ကောင်းတာပဲ။

အစ်မအရင်း တစ်ယောက်က ကာကွယ်ပေးတယ် ဆိုတာ ဒီလိုခံစားချက်မျိုးပါလား။

ထားလိုက်ပါတော့... နောက်ဆိုရင် ငါ့အဖေနဲ့ အမေကို ကျန်းထန်ကျဲနဲ့ တစ်ဝက်ခွဲပြီး မျှဝေပေးလိုက်ပါ့မယ်။

လီချန်းသည် လီကျန်း၏ နောက်ကျောဘက်မှ ခေါင်းပြူထွက်လာပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်လေသည်။ "အဖေနဲ့ အမေ... သား မှားသွားပါတယ်။ နောက်ဆိုရင် သားက ကျန်းထန်ကျဲတို့နဲ့ ရန်မဖြစ်တော့ပါဘူး"

လီဝေကလည်း တစ်ဖက်မှ ခေါင်းပြူထွက်လာလေသည်။ "သားမှာ မုန့်တွေ ရှိတယ်။ ချန်းထန်ကောကို ခွဲကျွေးမယ်"

ကျောက်ယွီနှင့် လီရှန်းတို့သည် ကလေးများကို ကြည့်ရင်း သဘောကျကာ ပြိုင်တူ ရယ်မောလိုက်ကြလေသည်။ လေးလံသော အငွေ့အသက်များ တစ်ခဏချင်း ပျောက်ကွယ်သွားတော့သည်။

ကျောက်ယွီသည် ရှေ့တိုးသွားပြီး လီကျန်းကို ဖက်လိုက်ကာ သနားကြင်နာစွာ ပြောလိုက်လေသည်။ "ကျန်းအာ... လာပါဦး။ ရှန်ညန်နဲ့ အတူတူ လာထိုင်"

လီကျန်းသည် နေသားမကျသေးပေ။ ကျောက်ယွီကို တစ်ချက်ကြည့်လိုက်၊ ပြုံးနေသော ဦးလေးဖြစ်သူကို တစ်ချက်ကြည့်လိုက် လုပ်နေမိသည်။ စစ်ရှူးက ခုနက အကြီးအကျယ် ဒေါသထွက်နေပြီးမှ တကယ် မရိုက်ဘူးပဲ။

ကျောက်ယွီသည် လီကျန်း၏ အမူအရာကို မမြင်ချင်ယောင်ဆောင်လိုက်ပြီး လမ်းတစ်လျှောက်လုံး လီကျန်း၏ လက်ကို ဆုပ်ကိုင်ထားပေးလေသည်။

......

ညရောက်သောအခါ ခရီးသည်နားခိုဆောင်တွင် တည်းခိုကြလေသည်။

လီဝေသည် လီကျန်းနှင့် အတူအိပ်မည်ဟု ဇွတ်တောင်းဆိုလေသည်။ လီချန်းကတော့ အသက်ကြီးနေပြီ ဖြစ်သဖြင့် အစ်မဝမ်းကွဲနှင့် အတူအိပ်ရန် ရှက်သောကြောင့် အခန်းထဲတွင် ကုတင်ကျဉ်းလေး တစ်လုံး ချပေးလိုက်ရသည်။ တစ်နေကုန် ခရီးသွားထားရသဖြင့် အားလုံး ပင်ပန်းနွမ်းနယ်ကာ အိပ်ပျော်သွားကြလေသည်။

ကျောက်ယွီသည် ပင်ပန်းနေသော်လည်း အိပ်မပျော်နိုင် ဖြစ်နေ၏။ သူမသည် လီရှန်းနှင့် ဖက်ကာ လေသံတိုးတိုးဖြင့် စကားပြောလိုက်လေသည်။

"တို့တွေ ဒီတစ်ခေါက် ထွက်သွားပြီးရင် ဘယ်တော့ ပြန်လာရမလဲ မသိဘူးနော်" လီရှန်းက သက်ပြင်းချကာ ပြောလိုက်လေသည်။ "မူဖေးကို မြို့တော်မှာ တစ်ယောက်တည်း ထားခဲ့ရတာ စိတ်မကောင်းဘူး"

ကျောက်ယွီက တိုးတိုးလေး ပြန်ပြောလိုက်သည်။ "ဒါက မတတ်သာလို့ပါပဲ။ ငရဲကြီးမယ်ဆိုရင်လည်း ပြောရတော့မယ်။ ထိုက်ဟွမ်ထိုက်ဟုပ်က အသက်ကြီးပြီး ရောဂါလည်း ရှိနေတော့ သိပ်ကြာကြာနေရတော့မှာ မဟုတ်ပါဘူး။ နှစ်နည်းနည်းလောက် သည်းခံပြီး စောင့်လိုက်ရင် မူဖေးနဲ့ ပြန်ဆုံရမှာပါ"

ခဏရပ်ပြီးနောက် သူမက သက်ပြင်းချလိုက်ပြန်သည်။ "တကယ့် ဝဋ်ကြွေးပါပဲ။ ဒီနှစ်နှစ်အတွင်း ကျန်းအာလေး ဘယ်လောက်တောင် အရိုက်ခံခဲ့ရလဲ မသိဘူး။ သူက ကလေးပဲ ရှိသေးတာတောင် မောင်လေးကို ကာကွယ်ပေးတတ်နေပြီ"

လီရှန်း၏ မျက်လုံးများထဲတွင် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွားလေသည်။ "စန်းစောင်က မိခင်တစ်ယောက် မပီသလိုက်တာ။ ကိုယ့်သားသမီးအရင်းကို ဘယ်လိုလုပ် ရက်ရက်စက်စက် ရိုက်ရက်ရတာလဲ"

"သူက အသက်ဆက်ရှင်ချင်စိတ် မရှိတော့တာလေ" ကျောက်ယွီသည် ပြောရင်းနှင့် နောင်တရကာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိပြန်သည်။ "အားတင်းထားတဲ့ စိတ်ကလေး တစ်ခုတည်းနဲ့ နေနေခဲ့တာ။ လီဟောက် သေပြီဆိုတဲ့ သတင်းကြားလိုက်တာနဲ့ အဲဒီစိတ်ကလေး ပျက်စီးသွားတော့တာပေါ့"

"သူကတော့ အေးအေးဆေးဆေး သေသွားပြီ။ ကလေးနှစ်ယောက်ပဲ ဒုက္ခရောက်ကျန်ခဲ့တာ"

"နောက်ဆိုရင် ကျန်းအာနဲ့ ဝေအာကို ကျွန်မရဲ့သားသမီးအရင်းလို သဘောထားပြီး ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်သွားပါ့မယ်"

လီရှန်းက အင်း ဟုထူးလိုက်ပြီး ပြုံးကာ သတိပေးလိုက်သည်။ "မင်းကလည်း အရမ်း မပိုနဲ့ဦး။ ငါတို့ရဲ့ လီချန်းက ငယ်ငယ်ကတည်းက တစ်ယောက်တည်း စားလာရတာ။ ဒီနေ့ သူ ဆိုးတာက မင်းက ဘက်လိုက်လွန်းလို့လေ"

"ဒီလိုလုပ်တာက သူတို့မောင်နှမတွေ အချင်းချင်း ဆက်ဆံရေးအတွက် မကောင်းဘူး။ မင်းက မျှမျှတတ ဆက်ဆံရင် ရပါပြီ။ ကျန်းအာက လိမ်မာတယ်။ ဝေအာကိုတော့ သေချာ ပြုပြင်ပေးရမယ်"

"သူတို့ကို လူကြီးလူကောင်းဖြစ်အောင် ပြုစုပျိုးထောင်ပေးနိုင်ရင် စန်းကောတို့ လင်မယားအပေါ် တာဝန်ကျေရာရောက်သလို အရှင်မင်းကြီးနဲ့ ဟွမ်ဟုပ်ညန်ညန်ရဲ့ စိတ်ဒုက္ခကို ဖြေရှင်းပေးရာလည်း ရောက်တာပေါ့"

...

အပိုင်း (၇၁၉) လီကျန်း (၁)

နှစ်လကြာပြီးနောက်။

နောက်ဆုံးတွင် လက်ဝေခံနယ်မြေသို့ ရောက်ရှိလာလေသည်။

ကျင်းနယ်မြေမှ အရာရှိအကြီး အငယ်တို့သည် သတင်းကြားသိထားသဖြင့် ကြိုဆိုရန် အဆင်သင့် ဖြစ်နေကြလေသည်။ လီရှန်းသည် နယ်စားဝတ်စုံကို အထူးတလည် ဝတ်ဆင်ထားပြီး လွန်ခဲ့သော နှစ်လအတွင်း မုတ်ဆိတ်မွှေးများ ထားထားသဖြင့် ခန့်ညားထည်ဝါပြီး အာဏာရှိသော ပုံစံ ပေါက်နေလေသည်။

"ကျင်းဝမ်ရယ်ကို ဂါရဝပြုပါတယ်" အရာရှိ နှစ်ဆယ်ကျော်ခန့် ပြိုင်တူ အရိုအသေပြုကြလေသည်။

ထိုအရာရှိများထဲတွင် ရာထူးအကြီးဆုံးမှာ အဆင့်လေး မြို့ဝန်နှင့် အဆင့်လေး တပ်မှူးတို့ ဖြစ်ကြပြီး အနိမ့်ဆုံးမှာ အဆင့်ခုနစ် ခရိုင်အုပ်ချုပ်ရေးမှူး ဖြစ်သည်။ ပြောရလျှင် ဝန်ကြီးဌာန လက်အောက်ရှိ အရာရှိများလောက်တောင် အရေအတွက် မများပေ။

သို့သော် လီရှန်း ကျေနပ်ပါသည်။

နယ်မြေ သေးငယ်သော်လည်း ဒါက သူ့ပိုင်နက်ပင်။

"အားလုံးပဲ ထကြပါ" လီရှန်းသည် ခန့်ညားထည်ဝါသော်လည်း ဖော်ရွေသော အမူအရာဖြင့် နှုတ်ဆက်လိုက်ပြီး တစ်ယောက်ချင်းစီ၏ ရာထူးများကို မေးမြန်းလေသည်။

အရာရှိများသည်လည်း ကျင်းဝမ်ရယ်အပေါ် ပထမအမြင် ကောင်းမွန်ကြလေသည်။

ကျင်းဝမ်ရယ်သည် ဧကရာဇ်မင်းမြတ်၏ ညီတော်အရင်း ဖြစ်ပြီး စစ်မြေပြင်တွင် အကျိုးဆောင်ဖူးသူ ဖြစ်သည်။ ညီအစ်ကို မောင်နှမ သံယောဇဉ် ကြီးမားပြီး ကိုယ်တိုင်ဆန္ဒအလျောက် နယ်စားအဖြစ် လာရောက်တာဝန်ထမ်းဆောင်သူ ဖြစ်သည်။ ဤမျှ ဉာဏ်ရည်ထက်မြက်ပြီး စိတ်ထားပြည့်ဝသူကို လေးစားရပေမည်။

ထို့အပြင် ကျင်းဝမ်ရယ်သည် ခန့်ညားထည်ဝါသော ပုံစံကို ပြသထားသော်လည်း စကားပြောရာတွင် နူးညံ့သိမ်မွေ့ပြီး ရင်းနှီးဖော်ရွေလေသည်။ မောက်မာသော၊ ဒေါသကြီးသော ပုံစံမျိုး မရှိပေ။

လီရှန်းသည် အရာရှိများနှင့် မိတ်ဆက်နေစဉ် ကျောက်ယွီသည် ကလေးများကို ခေါ်ဆောင်ကာ ယာယီအိမ်တော်တွင် နေရာချထားလေသည်။

နှစ်လကြာ အတူတူ ခရီးသွားခဲ့ကြသဖြင့် ကလေးသုံးယောက်သည် တစ်ခါတစ်ရံ ရန်ဖြစ်တတ်သော်လည်း သံယောဇဉ် ပိုမိုနက်ရှိုင်းလာကြလေသည်။ တကယ့် မောင်နှမအရင်းများကဲ့သို့ ဖြစ်နေကြလေသည်။

လီချန်းသည် စိတ်ဝင်စားစွာဖြင့် ဟိုကြည့်ဒီကြည့် လုပ်ရင်း မေးလိုက်လေသည်။ "မေမေ... ဒါက နောက်ဆို သားတို့ နေရမယ့်နေရာလား"

"ဟုတ်တယ်... လောလောဆယ် ဒီမှာ အရင်နေကြတာပေါ့" ကျောက်ယွီသည် ပျော်ရွှင်စွာ ပြုံးလိုက်ပြီး "ကျင်းဝမ်အိမ်တော် ဆောက်နေတုန်းဆိုတော့ နောက်ထပ် တစ်နှစ်၊ နှစ်နှစ်လောက်ကြာမှ ပြီးမှာ။ အဲဒါကြောင့် ဒီမှာ ခဏနေရမယ်"

"ဒီအိမ်တော်က မြို့ဝန်က ဖယ်ပေးထားတာလေ။ ကျင်းဝမ်အိမ်တော် ပြီးသွားမှပဲ ပြောင်းကြတာပေါ့"

မြို့တော်ရှိ စတုတ္ထမင်းသားအိမ်တော်နှင့် ယှဉ်လျှင် ဤအိမ်တော်သည် သိပ်မကြီးကျယ်သော်လည်း အဆောင်ငါးဆောင် ပါဝင်ပြီး ကျယ်ဝန်းသဖြင့် လုံလောက်လေသည်။

လီချန်းသည် အသက်ကြီးလာပြီ ဖြစ်သော်လည်း မိဘများနှင့် အတူနေလေ့ရှိသဖြင့် ပူဆာတော့သည်။ "မေမေ... သား တစ်ယောက်တည်း မနေချင်ဘူး။ မေမေတို့နဲ့ တစ်ဆောင်တည်း အတူနေချင်တယ်"

ကျောက်ယွီသည် သားကို အလိုလိုက်သူ ဖြစ်သဖြင့် ရယ်မောကာ လက်ခံလိုက်လေသည်။

လီဝေကတော့ ယခုအခါ လီချန်း၏ နောက်လိုက်လေး ဖြစ်နေပြီ။ လီချန်း ဘယ်သွားသွား လိုက်သွားပြီး လီချန်း ဘာပြောပြော လိုက်ပြောတတ်သည်။ "သားလည်း ချန်းထန်ကောနဲ့ အတူနေမယ်"

ကျောက်ယွီ လက်ခံရန် ပြင်လိုက်စဉ်မှာပင် လီကျန်းသည် လီဝေကို မျက်စပစ်ပြလိုက်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "ရှန်ညန်... မောင်လေးကို သမီးနဲ့ပဲ အတူထားလိုက်ပါ"

ရှန်ညန်က သူတို့အပေါ် ကောင်းတာ မှန်ပါတယ်။ ဒါပေမဲ့ သူတို့ကလည်း အနေအထိုင် တတ်ရမယ်လေ။ အရာရာတိုင်း လီချန်းနဲ့ လိုက်ပြိုင်နေလို့ ဘယ်ဖြစ်မလဲ။ လီဝေ ပြောတာက သိပ်အဆင်မပြေဘူး။

ကျောက်ယွီသည် လီကျန်း၏ သတိထားနေသော ပုံစံကို မြင်လိုက်ရသည့်အခါ စိတ်မကောင်း ဖြစ်သွားတော့သည်။

လီကျန်းက ငယ်ငယ်လေးနဲ့ ရင့်ကျက်လွန်းနေတာ သနားစရာ ကောင်းလိုက်တာ။

ခရီးတစ်လျှောက်လုံး သူမသည် လီကျန်းနှင့် စကားပြောခဲ့သည်။ အကျိုးကျေးဇူးတော့ ရှိပါသည်။ လီကျန်းသည် ခေါင်းမော့ကြည့်ရဲလာပြီ။ သို့သော် စကားပြောရာတွင် သတိထားခြင်းနှင့် ကြောက်ရွံ့ခြင်းများကိုတော့ ချက်ချင်း ပြုပြင်၍ မရနိုင်သေးပေ။

သူမသည် လျှောက်သွားပြီး လီကျန်း၏ လက်ကို ဆုပ်ကိုင်ကာ ပြုံးလိုက်ပြီး "ရှန်ညန်တို့ ဒီမှာနေတာ ကြာမှမကြာတာ။ အလွန် တစ်နှစ်လောက်ပဲ နေရမှာ။ အဆောင် ခွဲနေစရာ မလိုပါဘူး။ ဒီအဆောင်မှာ အရှေ့ဘက်ခန်းနဲ့ အနောက်ဘက်ခန်း ရှိတယ်။ ဧည့်သည်အိပ်ခန်းတွေလည်း အများကြီး ရှိတယ်။ သမီးနဲ့ ဝေအာလည်း ဒီမှာပဲ နေကြပေါ့"

လီဝေသည် ဝမ်းသာအားရ ခုန်ပေါက်ကာ အော်ဟစ်လိုက်လေသည်။

လီကျန်း၏ မျက်လုံးများ အရောင်လက်သွားသော်လည်း အသံကတော့ တိုးတိုးလေး ဖြစ်နေဆဲ။ "ရှန်ညန်ကို ဒုက္ခပေးသလို ဖြစ်နေမှာစိုးလို့ပါ"

"မဖြစ်ပါဘူး" ကျောက်ယွီသည် လီကျန်းကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်လေသည်။ "ရှန်ညန်က လူများတာ ကြိုက်တယ်။ ကလေးတွေ များလေ ကောင်းလေပဲ။ ပြီးတော့ သမီးက လိမ်မာပြီး သိတတ်တော့ ရှန်ညန်က သမီးကို အရမ်းချစ်တာ"

ဒီလိုစကားမျိုးကို လွန်ခဲ့တဲ့ နှစ်လအတွင်း ရှန်ညန်က နေ့တိုင်း ပြောခဲ့တာ။

ရှန်ညန်ရဲ့ ရင်ခွင်က မွှေးပြီး နွေးထွေးလိုက်တာ။

မှတ်မိတဲ့ အရွယ်ကတည်းက ဘယ်သူကမှ သူ့ကို ဒီလို မဆက်ဆံဖူးဘူး။

အဖေကတော့ သူ့အပေါ် နည်းနည်း ဂရုစိုက်ပေမယ့် အိမ်မှာရှိတဲ့အချိန် နည်းပါးတယ်။ မောင်လေး မွေးလာပြီးနောက်ပိုင်း အဖေ့မေတ္တာတွေကို တစ်ဝက်လောက် ခွဲပေးလိုက်ရတယ်။ အမေကတော့ ပိုဆိုးတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ အော်ဟစ်ဆူပူပြီး ရိုက်နှက်တာပဲ လုပ်ခဲ့တာ။

သူ့ကို ဒီလိုပွေ့ဖက်ပေးမယ့်သူ မရှိတာ ကြာပြီ။

လီကျန်း၏ မျက်လုံးများထဲတွင် မျက်ရည်များ ဝဲတက်လာပြီး အသံတုန်တုန်ဖြင့် ပြောလိုက်၏။ "ရှန်ညန်... ရှန်ညန်က သမီးအပေါ် အရမ်းကောင်းတာပဲ။ သမီး ရှန်ညန်ကို အရမ်းချစ်တယ်"

ဒါက လီကျန်း ပထမဆုံးအကြိမ် ခံစားချက်ကို ဖွင့်ပြောခြင်းပင်။

ကျောက်ယွီသည် အံ့သြဝမ်းသာ ဖြစ်သွားပြီး လီကျန်း၏ မျက်ရည်များကို သုတ်ပေးကာ ရယ်မောလိုက်လေသည်။ "ကျန်းအာလေး... မငိုနဲ့တော့။ သမီးက ချန်းအာထက် တစ်နှစ်ပဲ ကြီးတာလေ။ ကလေးပဲ ရှိပါသေးတယ်။ နေ့တိုင်း ပျော်ပျော်ရွှင်ရွှင် နေရမယ်။ လိုချင်တာရှိရင် ပြော။ လုပ်ချင်တာရှိရင် လုပ်"

"ဘာကိစ္စပဲဖြစ်ဖြစ် ရှန်ညန် တာဝန်ယူတယ်။ ရှန်ညန် မနိုင်ရင် သမီးရဲ့စစ်ရှူး ရှိသေးတယ်လေ"

လီကျန်းသည် မျက်လုံးများ နီရဲလျက် နှာခေါင်းရှုံ့လိုက်ပြီး ခေါင်းကို တွင်တွင်ညိတ်လိုက်တော့သည်။

......

ကျောက်ယွီသည် ပြောသည့်အတိုင်း လုပ်ဆောင်လေသည်။ သူမသည် အရှေ့ဘက် အခန်းတွင် နေထိုင်ပြီး အနောက်ဘက် အခန်းကို ရှင်းလင်းကာ လီကျန်းနှင့် လီဝေကို တစ်ခန်း၊ လီချန်းကို တစ်ခန်း ပေးလိုက်လေသည်။

ဘာပဲဖြစ်ဖြစ် ကလေးတွေက ငယ်သေးတာပဲ။ ပြီးတော့ မောင်နှမဝမ်းကွဲတွေ ဆိုတော့ အတူနေလည်း ဘာမှ မဖြစ်ပါဘူး။ ကြီးလာမှပဲ ခွဲနေကြတာပေါ့။

လီရှန်းက သိသွားသည့်အခါ ကျောက်ယွီကို စနောက်လေသည်။ "မင်းက ကျန်းအာကိုတော့ အထူးဂရုစိုက်နေပါလား"

ကျောက်ယွီက ပြုံးကာ သက်ပြင်းချလိုက်ပြီး "အစတုန်းကတော့ အားနာစိတ်နဲ့ သူတို့ကို ကောင်းကောင်းမွန်မွန် ထားပေးချင်တာပါ။ ဒါပေမဲ့ နှစ်လလောက် အတူနေပြီးတော့ ကျန်းအာကို တကယ် ချစ်သွားပြီ"

"ရှစ်နှစ်သမီးလေးက ရင့်ကျက်ပြီး လိမ်မာလိုက်တာ။ မောင်လေးကို လူကြီးတစ်ယောက်လို ထိန်းကျောင်းပေးတယ်။ ချန်းအာ ဆိုးတာကိုလည်း သည်းခံပေးတယ်"

"ကျွန်မက သမီးလိုချင်နေတာ ကြာပြီလေ။ ဗိုက်က အဆင်မပြေလို့ မွေးလို့မရတာ။ အခု ကျန်းအာ ရောက်လာတော့ သမီးအရင်း ရလိုက်သလိုပဲ။ ဘယ်လိုလုပ် မချစ်ဘဲ နေနိုင်မှာလဲ"

လီရှန်းက ရယ်မောလိုက်ကော "အရင်တုန်းက မင်းနဲ့ စန်းစောင်တို့ ရန်ဖြစ်ကြရင် မင်းက စန်းစောင်ကို ရွဲ့ပြီး ကျန်းအာက မျက်လုံးသေးတယ်၊ ဝူတိနဲ့ တူတယ် ဘာညာ ပြောခဲ့တာတွေ မေ့သွားပြီလား"

ဘယ်မေ့ပါ့မလဲ။

ကျောက်ယွီသည် အတိတ်ကို ပြန်တွေးမိပြီး ရယ်မောလိုက်၏။ ထို့နောက် မျက်နှာထားတင်းကာ လီရှန်းကို မျက်စောင်းထိုးလိုက်လေသည်။ "အဲဒါ ဦးလေးအရင်း ပြောရမယ့် စကားလား။ တို့ကျန်းအာလေးက အခု လှနေပြီ။ မျက်လုံးကြီးတာ သေးတာ အဓိက မဟုတ်ဘူး။ အသက်ပါဖို့က အဓိကပဲ။ မျက်လုံးကြီးပြီး အသက်မပါရင် သေနေတဲ့ ငါးမျက်လုံးနဲ့ ဘာထူးမှာလဲ"

ကျောက်ယွီက နိုင်ရာစားတတ်သူ ဖြစ်သဖြင့် လီရှန်းသည် ပြန်မပြောတော့ဘဲ ရယ်မောကာ ထောက်ခံလိုက်လေသည်။ "ဟုတ်ပါပြီဗျာ... ကျင်းဝမ်ဖေး ပြောတာ အကုန် မှန်ပါတယ်"

ကျောက်ယွီသည် သဘောကျကာ ရယ်မောလိုက်ပြီး မျက်စောင်းထိုးလိုက်လေသည်။

လီရှန်း၏ ရင်ထဲတွင် အချစ်စိတ်များ တဖွားဖွား ပေါ်လာပြီး ဇနီးသည်ကို ဖက်ကာ နမ်းလိုက်လေသည်။

လင်မယားနှစ်ယောက်၏ ကြည်နူးမှုများကို အသေးစိတ် ပြောပြရန် မလိုတော့ပေ။

အနောက်ဘက် အခန်းထဲတွင် လီဝေသည် စောင်ထဲသို့ တိုးဝင်ကာ လီကျန်း၏ လက်ကို ကိုင်ပြီးမှ အိပ်ပျော်သွားလေသည်။

နေရာသစ်ကို ရောက်လာသဖြင့် စိတ်လှုပ်ရှားမှုများ ကုန်ဆုံးသွားပြီးနောက် ကြောက်ရွံ့မှုများ ကျန်ရစ်ခဲ့သည်။ လီကျန်းသည် လီဝေ၏ ကျောကုန်းကို ပုတ်ကာ ချော့သိပ်လိုက်လေသည်။

လီဝေ အိပ်ပျော်သွားသောအခါ လီကျန်းသည် ခြင်ထောင်မိုးကို ငေးကြည့်နေမိသည်။ ထို့နောက် သူမသည် ကိုယ့်ကိုယ်ကိုယ် တိတ်တဆိတ် ကတိပေးလိုက်သည်။ ဒီနေ့ကစပြီး အဖေနဲ့ အမေကို မေ့လိုက်တော့မယ်။ စစ်ရှူးနဲ့ ရှန်ညန်က ငါတို့မောင်နှမအပေါ် ဒီလောက်ကောင်းတာ... နောက်ဆိုရင် စစ်ရှူးနဲ့ ရှန်ညန်က ငါတို့ရဲ့ မိဘအရင်းပဲ။

...

အပိုင်း (၇၂၀) လီကျန်း (၂)

နေ့ရက်များက တရွေ့ရွေ့ ကုန်ဆုံးလာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်နှစ် ကြာသွားလေပြီ။

"ချန်းအာ... ဒီကို လာခဲ့" ကျောက်ယွီသည် မျက်နှာထား တင်းနေပြီး ပေတံကို ကိုင်ကာ လီချန်း၏ လက်ဖဝါးကို ရိုက်ချလိုက်လေသည်။

ဖြောင်းခနဲ အသံနှင့်အတူ လီချန်းသည် နာကျင်လွန်းသဖြင့် အသက်ရှူပင် မှားသွားလေသည်။ မျက်လုံးထဲတွင် မျက်ရည်များ ဝဲတက်လာလေသည်။

သာမန်အချိန်ဆိုလျှင် လီချန်းသည် ချွဲနွဲ့ပြီး အပြစ်မှ လွတ်အောင် ရှောင်ရှားတတ်သည်။ သို့သော် ယနေ့ မိခင်ဖြစ်သူ၏ မျက်နှာထားကို ကြည့်ပြီး တစ်ခွန်းမှ မဟရဲတော့ပေ။

ကျောက်ယွီသည် ထပ်ရိုက်လိုက်ပြန်သည်။ "မင်း မှားတယ်ဆိုတာ သိပြီလား"

လီချန်းသည် နှာခေါင်းရှုံ့လိုက်ပြီး တိုးတိုးလေး ဝန်ခံလိုက်လေသည်။ "သား မှားမှန်း သိပါပြီ အမေ။ စိတ်မဆိုးပါနဲ့တော့။ နောက်ဆို မဆိုးတော့ပါဘူး"

ကျောက်ယွီသည် ဒေါသထွက်လွန်းသဖြင့် ထပ်ရိုက်လိုက်လေသည်။ "ဝေထန်တိက မင်းထက် သုံးနှစ်ငယ်တယ်။ မြင်းလောက်တောင် အရပ်မမြင့်သေးဘူး။ မင်းက လူကြီးတွေ စောင့်ရှောက်ပေးလို့သာ မြင်းစီးသင်ခွင့် ရတာလေ။ မင်းက ဘာသတ္တိနဲ့ ဝေထန်တိကို တိတ်တိတ်လေး ခိုးခေါ်သွားပြီး မြင်းစီးသင်ပေးတာလဲ"

"ဝေထန်တိက ဒဏ်ရာသိပ်မပြင်းလို့ တော်သေးတာပေါ့။ တကယ်လို့ တစ်ခုခု ဖြစ်သွားရင် ငါ မင်းကို အသေသတ်မှာ"

လီချန်းသည် ဝမ်းနည်းစွာဖြင့် ငိုပြောလိုက်လေသည်။ "ဝေထန်တိက လိုက်ချင်တယ်ဆိုပြီး ပူဆာနေလို့ သား ခေါ်သွားလိုက်မိတာပါ။ သူ မြင်းပေါ်က ပြုတ်ကျမယ်လို့ သား ထင်မထားမိဘူး"

လီချန်းသည် မနှစ်က စတင်ပြီး မြင်းစီးသင်နေပြီး လီရှန်းသည် သားအတွက် ယဉ်ပါးသော မြင်းတစ်ကောင်ကို အထူးတလည် ရွေးချယ်ပေးထားခြင်းဖြစ်သည်။

လီချန်းသည် မြင်းကွင်းထဲတွင် နှစ်ပတ်ခန့် ပတ်စီးနိုင်ရုံဖြင့် ဘဝင်မြင့်နေပြီး လီဝေ၏ ရှေ့တွင် မကြာခဏ ကြွားလုံးထုတ်တတ်လေသည်။ လီဝေသည် အားကျစိတ်ဖြစ်ပေါ်လာပြီး မြင်းစီးလိုက်ပို့ရန် ပူဆာလေတော့သည်။

လီချန်းက လူကြီးများ မသိအောင် လီဝေကို ခိုးခေါ်သွားခဲ့သည်။

လီဝေသည် မြင်းပေါ်ရောက်သည်နှင့် ပြုတ်ကျလေတော့သည်။ ကံကောင်းထောက်မစွာဖြင့် တင်ပါးဖြင့် ကျသဖြင့် မြင်းခွာနှင့် အတက်မခံလိုက်ရပေ။ ဒဏ်ရာလည်း မပြင်းထန်ပေ။ မဟုတ်လျှင် မတွေးရဲစရာပင်။

ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ခြင်းက ထမင်းကျွေးရုံနှင့် တာဝန်ကျေပြီဆိုသည့်စကားက အမှန်ပင်။ ဒီတစ်နှစ်အတွင်းတွင် ကျောက်ယွီက လီကျန်းတို့ မောင်နှမအပေါ် အာရုံစိုက်ထားရပြီး လီချန်းထက် မလျော့ချေ။

ကျောက်ယွီသည် သားဖြစ်သူကို ဆူပူကြိမ်းမောင်းပြီးနောက် လီချန်း ငိုကြွေးနေသည်ကို တွေ့လိုက်ရသည့်အခါ စိတ်မကောင်း ဖြစ်မိပြန်သည်။

သို့သော် သူမသည် စိတ်ကို တင်းထားလိုက်ပြီး ဆက်ပြောလိုက်လေသည်။ "မင်း အပြစ်လုပ်ထားတာဆိုတော့ ကဗျာစာအုပ်ကို အခေါက်တစ်ရာ ကူးရေးရမယ်။ ကျေနပ်လား"

လီချန်းသည် ရှိုက်ကြီးတငင်ဖြင့် ဖြေလိုက်လေသည်။ "ကျေနပ်ပါတယ်"

ကျောက်ယွီသည် မျက်နှာထား တင်းထားဆဲပင်။ "ငါ ဝေထန်တိကို သွားကြည့်မလို့။ မင်းပါ လိုက်ခဲ့"

လီချန်းသည် ခေါင်းညိတ်ပြီး လိုက်ပါသွားလေသည်။

သားအမိနှစ်ယောက် အနောက်ဘက် အခန်းသို့ ရောက်ရှိလာကြသည်။

လီဝေသည် တင်ပါး နာနေသဖြင့် မှောက်လျက် အနေအထားဖြင့် ကုတင်ပေါ်တွင် နေနေရလေသည်။ သမားတော်က ဆေးထည့်ပေးနေလေသည်။ လီကျန်းသည် ဘေးတွင် ရပ်နေပြီး မျက်လုံးများ နီရဲကာ ငိုထားပုံရလေသည်။

မောင်နှမနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အားကိုးပြီး နေထိုင်ကြတာလေ။ လီဝေ ဒဏ်ရာရလာတော့ လီကျန်း လန့်သွားမှာ အမှန်ပဲ။

ကံကောင်းလို့ ဒဏ်ရာမပြင်းထန်တာ။

ကျောက်ယွီတို့ ရောက်လာသည်နှင့် လီကျန်းသည် မျက်ရည်များကို သုတ်လိုက်ပြီး လျှောက်လာကာ "ရှန်ညန်... ဒီနေ့ ဖြစ်တဲ့ကိစ္စက မောင်လေးအပြစ်ပါ။ သူက ဇွတ်ပူဆာနေလို့ ချန်းအာက မငြင်းနိုင်ဘဲ ခေါ်သွားရတာပါ။ မြင်းပေါ်က ပြုတ်ကျတာလည်း သူ လှုပ်လို့ ပြုတ်ကျတာပါ။ ချန်းအာ အပြစ် မဟုတ်ပါဘူး"

ကျောက်ယွီသည် စိတ်မကောင်း ဖြစ်သွားပြီး လီကျန်း၏ မျက်နှာလေးကို ပွတ်သပ်လိုက်လေသည်။ "သမီးက ဒီကောင်စုတ်လေးအတွက် ရှေ့နေ လိုက်မနေပါနဲ့။ ရှန်ညန် သူ့ကို ရိုက်ပြီးပြီ။ အပြစ်လည်း ပေးထားတယ်။ နောက်ဆို သူ ဝေထန်တိကို ခိုးခေါ်သွားရဲတော့မှာ မဟုတ်ဘူး။ သမီးလည်း ဝမ်းနည်းမနေပါနဲ့တော့။ ဝေထန်တိ ဒဏ်ရာက မပြင်းထန်ပါဘူး။ ရက်နည်းနည်းလောက် နားလိုက်ရင် ပျောက်သွားမှာပါ"

လီကျန်းက ဟုတ် ဟုထူးလိုက်ပြီး ဆက်ပြောလိုက်လေသည်။ "ရှန်ညန်... ချန်းအာကို ဆူပြီးပြီဆိုတော့ ထပ်ပြီး အပြစ်မပေးပါနဲ့တော့။ မဟုတ်ရင် သမီးတို့မောင်နှမ ချန်းအာကို မျက်နှာပြရဲတော့မှာ မဟုတ်ဘူး"

လီကျန်းသည် အကဲခတ်ကောင်းပြီး ခံစားလွယ်သူ ဖြစ်သည်။ သာမန်အချိန်ဆိုလျှင် ဘာမှ မတောင်းဆိုတတ်ပေ။ ယခု သနားစရာ မျက်နှာလေးဖြင့် တောင်းပန်နေသည်ကို တွေ့လိုက်ရသည့်အခါ ကျောက်ယွီ မငြင်းရက်တော့ပေ။

"ကောင်းပြီလေ" ကျောက်ယွီသည် လီချန်းကို ကြည့်လိုက်လေသည်။ "ကျန်းထန်ကျဲက မင်းအတွက် အသနားခံပေးနေလို့ ဒီတစ်ခေါက် ခွင့်လွှတ်ပေးလိုက်မယ်။ ကဗျာစာအုပ် အခေါက်တစ်ရာ ကူးရမယ့် အပြစ်ဒဏ်ကိုတော့ မှတ်ထားလိုက်ဦးမယ်။ နောက်တစ်ခါ ထပ်မှားရင် တစ်လုံးမှ မလျှော့ဘူး"

လီချန်းသည် လီကျန်းကို ကျေးဇူးတင်စွာ ကြည့်လိုက်ပြီး ရင်ကော့ကာ ပြောလိုက်လေသည်။ "အမေ စိတ်ချပါ... သား နောက်တစ်ခါ မလုပ်တော့ပါဘူး"

ကျောက်ယွီသည် မျက်စောင်းထိုးလိုက်ပြီး ကုတင်နားသို့ လျှောက်သွားကာ လီဝေ၏ ဒဏ်ရာကို ကြည့်ရှုလေသည်။

လီဝေသည် ငါးနှစ်သားအရွယ် ရောက်နေပြီဖြစ်သဖြင့် ရှက်တတ်နေပြီ။ တင်ပါးလေးကို လှုပ်ယမ်းကာ ကြည့်ခွင့်မပေးချေ။ "ရှန်ညန်... သား မနာတော့ပါဘူး။ မကြည့်ပါနဲ့"

ကျောက်ယွီသည် ရယ်ချင်သလို ဖြစ်သွားပြီး "ငါက မင်းရဲ့ တင်ပါးကို အရမ်း ကြည့်ချင်နေတယ်များ မှတ်နေလား။ ဒီတစ်ခါတော့ မင်း မှတ်လောက်ပြီပေါ့။ မင်းက ငါးနှစ်ပဲ ရှိသေးတာ။ နောက်နှစ်နှစ်လောက်နေလို့ အရပ်ရှည်လာရင် မင်း မသင်ချင်ရင်တောင် စစ်ရှူးက သင်ပေးမှာပါ။ ဘာလို့ ဒီလောက် လောနေရတာလဲ"

လီဝေသည် အဆူခံရသဖြင့် ငြိမ်ကျသွားသော်လည်း ရုတ်တရက် အီးပေါက်ချလိုက်လေသည်။

ဘူ!

အနံ့ဆိုးတစ်ခု ထွက်ပေါ်လာလေသည်။

ကျောက်ယွီသည် အနံ့ဆိုးမိသွားလေသည်။

လီကျန်းနှင့် လီချန်းတို့သည် နှာခေါင်းပိတ်ကာ ရယ်မောကြလေသည်။

လီဝေသည် ရှက်လွန်းသဖြင့် ခေါင်းအုံးထဲတွင် ခေါင်းမြှုပ်ထားလိုက်တော့သည်။ ကျောက်ယွီသည် ရယ်မောလိုက်ပြီး လီဝေ၏ ဒဏ်ရာမရှိသော တင်ပါးတစ်ဖက်ကို ရိုက်လိုက်လေသည်။ "ကောင်စုတ်လေး"

......

လီဝေသည် ကုတင်ပေါ်တွင် ငါးရက်ခန့် နားပြီးနောက် ခြောက်ရက်မြောက်နေ့တွင် ကုတင်ပေါ်မှ ဆင်းနိုင်ခဲ့သည်။

လီကျန်းသည် စိတ်မချသဖြင့် လီဝေ၏ နောက်မှ တကောက်ကောက် လိုက်နေတော့၏။

လီဝေသည် စိတ်မရှည်တော့ဘဲ နှုတ်ခမ်းဆူကာ ပြောလိုက်လေသည်။ "ကျွန်တော် နေကောင်းသွားပါပြီဆို။ တင်ပါးလည်း မနာတော့ဘူး။ မမက ဘာလို့ လိုက်နေရတာလဲ"

"မင်းက စကားများလိုက်တာ" လီကျန်းက ဝင်ပြောပေးလို့ သူ ကဗျာစာအုပ် အခေါက်တစ်ရာ ကူးရမယ့်ဘေးက လွတ်သွားတာလေ။ လီချန်းသည် ကျေးဇူးသိတတ်သူ ပီပီ လီကျန်းဘက်မှ ဝင်ပြောပေးလေသည်။ "ကျန်းထန်ကျဲက မင်းကို စိတ်ပူလို့ လိုက်ကြည့်နေတာလေ။ မင်းက ကျေးဇူးမကန်းနဲ့"

ကိစ္စတစ်ခုက တခြားကိစ္စတစ်ခုကို ဖုံးသွားတယ်ဆိုတာ ဒါမျိုးကိုး။

လီချန်း ဝင်ပြောလိုက်သည်နှင့် လီဝေ ငြိမ်ကျသွားပြီး လိမ်မာစွာ စာဖတ်နေတော့သည်။

လီရှန်းသည် ကလေးများအတွက် ဒေသခံ ပညာရှိတစ်ဦးကို ငှားရမ်းပြီး စာသင်ပေးထားလေသည်။ သို့သော် လီဝေသည် ဖခင်ဖြစ်သူလောက် ဉာဏ်မကောင်းသဖြင့် စာဖတ်နှုန်း နှေးကွေးပြီး သာမန်အဆင့်သာ ရှိလေသည်။

လီချန်းကတော့ နန်းတော်တွင် စာသင်ခဲ့စဉ်က အမြဲတမ်း အတန်းထဲတွင် အောက်ဆုံးအဆင့် ရလေ့ရှိသည်။ ယခု သူ့ထက် ညံ့သော လီဝေ ရောက်လာသဖြင့် ကျေနပ်အားရနေလေသည်။

လီကျန်းသည် သူတို့နှစ်ယောက် ပြောဆိုနေသည်ကို ကြားလိုက်ရသဖြင့် ပြုံးလိုက်မိသည်။

သူမသည် အသက်ကြီးလာပြီ ဖြစ်သဖြင့် မောင်လေးများနှင့် အတူရောပြီး စာမသင်သင့်တော့ပေ။ ထို့ကြောင့် ကျောက်ယွီက ကိုယ်တိုင် စာသင်ပေးသလို နာမည်ကြီး တေးဂီတဆရာတစ်ဦးကို ခေါ်ယူပြီး စောင်းတီးသင်ပေးလေသည်။ နှစ်ဝက်လောက် သင်ကြားပြီးနောက် သူမသည် စောင်းတီးတတ်လာသည်။

သူမသည် ပန်းထိုးရတာကိုလည်း ဝါသနာပါလေသည်။ ကျောက်ယွီက သူမအတွက် ပန်းထိုးကျွမ်းကျင်သော အစေခံတစ်ယောက် ပေးထားသဖြင့် အားလပ်ချိန်များတွင် ပန်းထိုးလေ့ကျင့်လေသည်။ ယခုအခါ ပစ္စည်းအသေးလေးများကို ထိုးတတ်နေပြီ။

လီဝေနှင့် လီချန်းတို့ စီးသော ခြေအိတ်များကို သူမ ကိုယ်တိုင် ချုပ်ပေးထားခြင်း ဖြစ်သည်။

စာသင်ချိန် ပြီးဆုံးသောအခါ ကလေးသုံးယောက်သည် နေ့လယ်စာ စားရန် ထွက်လာကြလေသည်။

ကျောက်ယွီသည် ထမင်းဟင်းများကို အဆင်သင့် ပြင်ဆင်ထားလေသည်။ စားပွဲဝိုင်းပေါ်တွင် အသားဟင်း လေးခွက်၊ အရွက်ဟင်း လေးခွက် စုစုပေါင်း ရှစ်ခွက် ရှိပြီး အငွေ့တထောင်းထောင်း ထနေ၏။ ယနေ့ လီရှန်းလည်း အားလပ်သဖြင့် အတူတူ လာစားလေသည်။

ငါးယောက်သား ဝိုင်းဖွဲ့စားသောက်နေကြသည်မှာ သာမန် မိသားစုလေး တစ်စုကဲ့သို့ပင်။

ကျောက်ယွီသည် ထုံးစံအတိုင်း ကလေးများအတွက် ဟင်းထည့်ပေးလေသည်။ အထူးသဖြင့် လီကျန်း၏ ပန်းကန်လုံးထဲတွင် သူမကြိုက်သော ငါးနှင့် ပုစွန်များ အပြည့်ထည့်ပေးထားလေသည်။

လီကျန်းက သူမ ကြိုက်တတ်သည့်အရာများကို ထုတ်မပြောဖူးချေ။ ကျောက်ယွီက အကြိမ်ကြိမ် စောင့်ကြည့်ပြီးမှ လီကျန်း ငါးနှင့် ပုစွန် ကြိုက်မှန်း သိသွားခြင်းပင်။ ထို့နောက်ပိုင်း ထမင်းဝိုင်းတွင် ငါးဟင်းနှင့် ပုစွန်ဟင်း မပါသည်က မရှိသလောက်ပင်။

"ကျေးဇူးတင်ပါတယ် ရှန်ညန်" လီကျန်းသည် အရင်လို ရှက်ရွံ့ခြင်း မရှိတော့ဘဲ ပြုံးရွှင်စွာ ကျေးဇူးတင်စကား ဆိုလိုက်လေသည်။

ကျောက်ယွီသည် ထိုမြင်ကွင်းကို ကြည့်ရင်း ရင်ထဲတွင် ကြည်နူးသွားလေသည်။

ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတာ မလွယ်ကူပါဘူး။ သူမ ကြိုးစားခဲ့ရတာတွေ အရာထင်ပြီး လီကျန်းလေး တဖြည်းဖြည်း ရွှင်လန်းတက်ကြွလာတာကို မြင်ရတာ တကယ် ဝမ်းသာစရာပါပဲ။

...

All Chapters