အခန်း (၇၂၁-၇၂၃)
Vol. 48 Ch. 721-723
အပိုင်း (၇၂၁) လီရွှီ (၁)
"မူဟုပ်..."
ရင်းနှီးပြီး နှစ်လိုဖွယ်ကောင်းသော အသံလေး နားထဲသို့ ရောက်လာလေသည်။ လုမင်ယွိသည် ပြုံးလျက် လှည့်ကြည့်လိုက်သည်။
စာသင်ချိန် ပြီးဆုံးပြီ ဖြစ်သဖြင့် လီရွှီ၊ လီရွှမ်းနှင့် လီဟန်တို့သည် ကျောင်းဖန်နန်းဆောင်သို့ နေ့လယ်စာ စားရန် ရောက်ရှိလာကြခြင်း ဖြစ်သည်။ အသံကျယ်ကျယ်ဖြင့် အော်ခေါ်သည်မှာ လီဟန်မှလွဲ၍ တခြားသူ မဖြစ်နိုင်ပေ။
ဆယ်နှစ်သား ထိုက်ဇီ လီရွှီသည် ဒီနှစ်ထဲတွင် အရပ်အတော်လေး ရှည်လာလေသည်။ ဆရာကြီးများ၏ ဂရုတစိုက် သင်ကြားပြသမှုအောက်တွင် ပိုမို တည်ငြိမ်ရင့်ကျက်လာသည်။ လမ်းလျှောက်သည့် ပုံစံသည်လည်း အလျင်မလိုဘဲ တည်ငြိမ်နေပြီး အိမ်ရှေ့စံမင်းသား၏ ဟန်ပန် အပြည့်ရှိလေသည်။
လီရွှမ်းသည်လည်း အပျိုဖော်ဝင်စ ပြုလာပြီ ဖြစ်သဖြင့် မျက်နှာသွင်ပြင် ပိုမို ပေါ်လွင်လာသည်။ မျက်ဝန်းနက်များမှာ တောက်ပပြီး အသက်ဝင်နေသည်။ နန်းတွင်း ဝမ်းနည်းခြင်းကာလ ကုန်ဆုံးသွားပြီ ဖြစ်သဖြင့် ယနေ့တွင် တောက်ပသော အနီရောင် နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားလေသည်။ သူမ၏ အသားအရေ ဖြူဝင်းမှုကို ပိုမို ပေါ်လွင်စေပြီး လှပကျက်သရေ ရှိနေလေသည်။
လီဟန်ကတော့ ဝဝကစ်ကစ် လေးထောင့်စပ်စပ် ပုံစံလေး အတိုင်းပင်။ မျက်ခုံးမွှေးထူထူ မျက်လုံးဝိုင်းဝိုင်းဖြင့် ကျောင်းဖန်နန်းဆောင်ထဲ ဝင်သည်နှင့် ပြေးဝင်လာတော့သည်။
လုမင်ယွိသည် ရယ်မောကာ ပြေးဝင်လာသော သားငယ်ကို ဖမ်းထိန်းလိုက်ပြီး "ဖြည်းဖြည်း ပြေးပါ... ချော်လဲနေဦးမယ်" ဟု ပြောလိုက်လေသည်။
လီဟန်က သွားဖြဲပြီး ရယ်ကာ "မူဟုပ်က သားကို ဖမ်းထားမှာပဲလေ" ဟု ပြန်ပြောလိုက်လေသည်။
ထိုအချိန်တွင် လီရွှီနှင့် လီရွှမ်းတို့လည်း ရောက်ရှိလာပြီး ဂါရဝပြု နှုတ်ဆက်ကြလေသည်။ "မူဟုပ်..."
လုမင်ယွိက ပြုံးကာ ပြောလိုက်သည်။ "ဘယ်သူမှ ရှိတာမဟုတ်ဘူး။ ဂါရဝပြုမနေပါနဲ့။ လာ... ထိုင်ကြ"
လီရွှမ်းသည် လျင်မြန်စွာ လျှောက်လာပြီး လုမင်ယွိ၏ ဘေးတွင် ဝင်ထိုင်လိုက်ကာ နှုတ်ခမ်းဆူပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "သာ့ကောကလေ... သမီးနားနားကပ်ပြီး ဖုဟွမ်နဲ့ မူဟုပ်ကို ရိုသေရမယ်၊ ယဉ်ကျေးရမယ် ဆိုပြီး တတွတ်တွတ် လာပြောနေတယ်။ ပြီးတော့ တော်ဝင်မိသားစုက ပြည်သူတွေရဲ့ စံပြ ဖြစ်ရမယ်၊ အနေအထိုင် ဆင်ခြင်ရမယ် ဆိုပြီး လာဆရာလုပ်နေတာ ခေါင်းကို ကိုက်နေတာပဲ"
လီရွှီသည် လူရှေ့တွင် ယဉ်ကျေးသိမ်မွေ့သော ထိုက်ဇီ ဖြစ်သော်လည်း ညီမဖြစ်သူနှင့် တွေ့လျှင်တော့ ခွန်းတုံ့ပြန်ရန် ဝန်မလေးပေ။ "ငါ ပြောတာ ဘယ်နေရာ မှားလို့လဲ။ ဆရာကြီးတွေက အမြဲတမ်း မှာနေတာကို ငါက စေတနာနဲ့ ပြန်ပြောပြတာပါ"
လီရွှမ်းက နှာခေါင်းရှုံ့လိုက်ကာ "ဘယ်သူက နင့်စေတနာကို လိုချင်လို့လဲ။ နင်က ထိုက်ဇီမို့လို့ လူတွေက နင့်ကို စောင့်ကြည့်နေကြတာ။ ငါက မင်းသမီးလေ။ ငါ ဆိုးချင်တိုင်း ဆိုးလို့ရတယ်။ ဖုဟွမ်နဲ့ မူဟုပ်က လက်ခံရင် ဘယ်သူက ဘာပြောရဲမှာလဲ"
လီရွှီ "..."
လီရွှီသည် ရင်ထဲတွင် မွန်းကျပ်သွားလေသည်။
ထိုက်ဇီ ဖြစ်ပြီးနောက်ပိုင်း သူ့ကို စောင့်ကြည့်နေသူများ ယခင်ကထက် ဆယ်ဆမက များပြားလာသည်။ ဖခင်ဖြစ်သူ၏ မျှော်လင့်ချက်များလည်း မြင့်မားလာသည်။ မနှစ်က စတင်ပြီး သူ့ကို ဖူနဉ်နန်းဆောင်သို့ ခေါ်ယူကာ စာရေးစာချီ လုပ်ခိုင်းသလို အမတ်မင်းများ ဆွေးနွေးသည်ကို နားထောင်စေခဲ့သည်။
အမတ်မင်းများက "ထိုက်ဇီက တကယ်ပဲ ဉာဏ်ကောင်းပြီး တည်ငြိမ်တာပဲ" ဟူသော အကြည့်များဖြင့် ကြည့်တတ်ကြသည်။
သူလည်း ပျော်ရွှင်သော်လည်း ဖိအားများ ပိုများလာသလို ခံစားရလေသည်။
တစ်ခါတစ်ရံ ပင်ပန်းသည်ဟု ခံစားရသော်လည်း မိဘများကို မပြောပြရဲပေ။ ညီမဖြစ်သူကို ရံဖန်ရံခါ ပြောပြတတ်သည်။ လီရွှမ်းသည် စိတ်ကြည်နေလျှင် နှစ်သိမ့်ပေးတတ်သော်လည်း ယခုကဲ့သို့ စိတ်မကြည်လျှင်တော့ ပြန်ပက်တတ်လေသည်။
လီရွှမ်းသည် စကားနိုင်သွားသဖြင့် ကျေနပ်သွားသော်လည်း လီရွှီ စိတ်မကောင်း ဖြစ်နေသည်ကို တွေ့လိုက်ရသည့်အခါ နောင်တရသွားမိသည်။ သူမသည် ချောင်းဟန့်လိုက်ပြီး ပြန်ချော့လိုက်လေသည်။ "ငါက ဒီအတိုင်း လျှောက်ပြောတာပါ။ သာ့ကော စိတ်ထဲမထားပါနဲ့"
လီရွှီက ရယ်ချင်သလို ဖြစ်သွားလေသည်။ "ငါက နင့်ထက် နှစ်နာရီလောက်ပဲ ပိုကြီးတာလေ။ အမြဲတမ်း အလျှော့ပေးနေရမှာလား"
လီရွှမ်းက ချွဲနွဲ့ကာ ပြောလိုက်လေသည်။ "နင်က ယောက်ျားလေးလေ။ မိန်းကလေးနဲ့ ဘာလို့ လာပြိုင်နေမှာလဲ"
မောင်နှမနှစ်ယောက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဖြစ်နေကျပင်။
လုမင်ယွိသည် ထိုအဖြစ်အပျက်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ နေ့လယ်စာ စားပြီးနောက် လီရွှမ်းနှင့် လီဟန်ကို နေ့လယ်စာ အိပ်ခိုင်းလိုက်ပြီး လီရွှီကို သီးသန့် ချန်ထားခဲ့လိုက်လေသည်။
"ရွှီအာ... သားမှာ စိတ်ညစ်စရာ ရှိနေတာလား" လုမင်ယွိက နူးညံ့စွာ မေးလိုက်လေသည်။
လီရွှီက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး "မရှိပါဘူး" ဟု ပြန်ဖြေလိုက်လေသည်။
လိမ်နေပြန်ပြီ။
လုမင်ယွိသည် သားဖြစ်သူကို သနားသွားပြီး လက်ကို ဆုပ်ကိုင်လိုက်ကာ "ဘာဖြစ်လို့လဲ။ မူဟုပ်ကို ဖုံးကွယ်ထားစရာ မလိုပါဘူး။ ဒီနေ့ သား စိတ်မကြည်တာ မူဟုပ် ရိပ်မိပါတယ်"
သားကြီးလာရင် အမေနဲ့ သိပ်မရင်းနှီးတော့ဘူး ဆိုသလိုပင်။ လီရွှီ ခုနစ်နှစ်သား အရွယ်ကတည်းက မိခင်ဖြစ်သူနှင့် သိပ်မနီးကပ်တော့ပေ။ ယခု မိခင်ဖြစ်သူက လက်ကိုကိုင်ပြီး ဂရုတစိုက် မေးမြန်းလာသည့်အခါ လီရွှီ၏ ရင်ထဲတွင် ဝမ်းနည်းမှုများ လှိုင်တက်လာတော့သည်။
"မူဟုပ်..." လီရွှီသည် ခေါင်းငုံ့ထားပြီး နှင်းရိုက်ထားသော ခရမ်းသီးကဲ့သို့ ညှိုးငယ်စွာ ပြောလိုက်လေသည်။ "သား ပင်ပန်းတယ်။ မနှစ်ကစပြီး ဆရာကြီးတွေက စာသင်တာ မြန်လာသလို အိမ်စာတွေလည်း ပိုများလာတယ်။ စာသင်ချိန်မှာ သား စိတ်မလွင့်ရဲဘူး။ အာရုံစိုက်ပြီး နားထောင်မှ နားလည်တာ"
"နေ့တိုင်း အိမ်စာတွေက တခြားသူတွေထက် နှစ်ဆ ပိုများတယ်။ ဖုဟွမ်ကလည်း ဖူနဉ်နန်းဆောင်ကို ခေါ်ပြီး နိုင်ငံရေး ဆွေးနွေးတာတွေ နားထောင်ခိုင်းတယ်။ တစ်ခါတလေ သားကို ဝင်ဆွေးနွေးခိုင်းသေးတယ်။ သား ပြောတာ မကောင်းရင် ဖုဟွမ် မျက်နှာပျက်မှာစိုးလို့ အမြဲတမ်း သေချာနားထောင်ပြီး စဉ်းစားနေရတယ်"
"နေထိုင်သွားလာတာကအစ လူတွေက စောင့်ကြည့်နေကြတာ။ စကားတစ်ခွန်းမှ မှားလို့မရဘူး။ အမြဲတမ်း သတိထားနေရတယ်"
"ကြာလာတော့ သား ပင်ပန်းလာတယ်"
ပြောပြီးသည်နှင့် လီရွှီသည် မော့ကြည့်လိုက်ပြီး မိခင်ဖြစ်သူ စိတ်ဆိုးမည်ကို စိုးရိမ်နေမိသည်။
လုမင်ယွိသည် ရင်ထဲတွင် နာကျင်သွားပြီး သားဖြစ်သူကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ကာ "သား ပင်ပန်းရင် ဘာလို့ စောစောမပြောတာလဲ"
သူက ဆယ်နှစ်သား ကလေးပဲ ရှိသေးတာလေ။
ဒီလောက်ငယ်တဲ့ အရွယ်မှာ ဒီလောက်ကြီးမားတဲ့ ဖိအားတွေကို ထမ်းထားရတာ ဘယ်လွယ်မလဲ။
လီရွှီ၏ မျက်လုံးများ နီရဲလာပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "သား မပြောရဲဘူး။ ဖုဟွမ်နဲ့ မူဟုပ် စိတ်ပျက်သွားမှာ ကြောက်တယ်။ အမတ်တွေက သားအပေါ် အထင်သေးသွားမှာ ကြောက်တယ်"
လုမင်ယွိသည် နှာခေါင်းရှုံ့လိုက်ပြီး လီရွှီ၏ ကျောကုန်းကို ပုတ်ပေးလိုက်လေသည်။ "အဓိပ္ပာယ် မရှိတာတွေ မတွေးပါနဲ့။ သား ပင်ပန်းရင် ပြောလေ။ အိမ်စာတွေ လျှော့ခိုင်းမယ်။ ဖူနဉ်နန်းဆောင် သွားရတဲ့ အကြိမ်ရေ လျှော့ခိုင်းမယ်။ သားအပေါ် ဘယ်သူက စိတ်ပျက်ရမှာလဲ"
"ထားလိုက်တော့... သား ဘာမှ စဉ်းစားမနေနဲ့တော့။ မူဟုပ် သားဖုဟွမ်ကို ပြောလိုက်မယ်"
လီရွှီသည် ဝမ်းသာသွားသော်လည်း စိုးရိမ်တကြီး မေးလိုက်လေသည်။ "ဖုဟွမ် စိတ်ဆိုးမလား ဟင်"
လုမင်ယွိက မျက်ခုံးပင့်လိုက်လေသည်။ "သူ စိတ်ဆိုးရဲလို့လား"
လီရွှီသည် သဘောကျကာ ရယ်မောလိုက်လေသည်။
လုမင်ယွိသည် သားဖြစ်သူ၏ မျက်နှာကို ပွတ်သပ်ပေးလိုက်ပြီး နူးညံ့စွာ ပြောလိုက်လေသည်။ "နောက်ဆိုရင် စိတ်ထဲမှာ ဘာရှိရှိ ထုတ်ပြော။ မူဟုပ် အကုန် ရှင်းပေးမယ်"
လီရွှီက ပျော်ရွှင်စွာဖြင့် ခေါင်းညိတ်လိုက်လေသည်။
ထိုနေ့ညတွင် လီကျင့် ပြန်ရောက်လာသောအခါ လုမင်ယွိသည် မျက်နှာထားတင်းကာ စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရလေသည်။
လီကျင့်သည် လန့်သွားပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်လိုက်လေသည်။ "ငါ ဘာအမှား လုပ်မိလို့လဲ"
လုမင်ယွိက မျက်စောင်းထိုးလိုက်ပြီး "မနောက်နဲ့... ရှင်နဲ့ ပြောစရာ ရှိတယ်" ဟုဆိုကာ လီရွှီ ပြောသည့် စကားများကို ပြန်ပြောပြလိုက်လေသည်။
လီကျင့်သည်လည်း မျက်မှောင်ကြုတ်လိုက်မိလေသည်။
"ရှင်က ရွှီအာကို တော်တဲ့ ထိုက်ဇီတစ်ယောက် ဖြစ်စေချင်တယ် ဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမဲ့ သူက ဆယ်နှစ်သား ကလေးပဲ ရှိသေးတယ် ဆိုတာ မမေ့ပါနဲ့။ ဒီလောက် ဖိအားတွေ ပေးနေရင် ကြာလာရင် သူ ခံနိုင်တော့မှာ မဟုတ်ဘူး"
"အလျှော့အတင်း ရှိမှ ဖြစ်မှာပေါ့"
လီကျင့်က သက်ပြင်းချလိုက်လေသည်။ "ကို့အမှားပါ။ ကိုက စိတ်လောပြီး သူ့ကို အများကြီး မျှော်လင့်ထားမိတယ်။ မနက်ဖြန်ကျရင် ဆရာတွေကို ပြောပြီး သူ့ရဲ့ အိမ်စာ သုံးပုံတစ်ပုံ လျှော့ခိုင်းလိုက်မယ်။ နိုင်ငံရေး ဆွေးနွေးပွဲကိုလည်း ငါးရက်မှ တစ်ခါပဲ လာခိုင်းတော့မယ်"
လုမင်ယွိက ခေါင်းညိတ်လိုက်လေသည်။ "ကောင်းတယ်။ ပြီးတော့ သူ မနားရတာ ကြာပြီ။ နန်းတော်အပြင် ထွက်ပြီး စိတ်ပြေလက်ပျောက် အနားယူခိုင်းစေချင်တယ်"
လီရွှီ နန်းတော်အပြင် မထွက်ရသည်မှာ ကြာပြီဖြစ်သည်။
လီကျင့်က ချက်ချင်း သဘောတူလိုက်လေသည်။ "ကောင်းပြီလေ... သူ့ကို လုအိမ်တော်မှာ ရက်နည်းနည်းလောက် သွားနေခိုင်းလိုက်မယ်" ခဏရပ်ပြီး သူက ဆက်ပြောလိုက်လေသည်။ "မင်းလည်း အိမ်မပြန်ရတာ ကြာပြီဆိုတော့ ကလေးတွေကို ခေါ်ပြီး ပြန်နေလိုက်လေ"
...
အပိုင်း (၇၂၂) လီရွှီ (၂)
မိဖုရားခေါင်အဖြစ် ခန့်အပ်ခံရပြီးနောက် လုမင်ယွိသည် နန်းတော်အပြင်သို့ မထွက်သည်မှာ သုံးနှစ်ရှိပြီ ဖြစ်သည်။
လီကျင့် ပြောလိုက်သည်နှင့် လုမင်ယွိသည် စိတ်လှုပ်ရှားသွားသော်လည်း အနည်းငယ် တုံ့ဆိုင်းစွာ ပြောလိုက်လေသည်။ "နန်းတွင်းစည်းကမ်းအရ ဟွမ်ဟုပ်က အပြင်ထွက်ခွင့် မရှိဘူးလေ"
မယ်တော်ကြီးချောင် ဟွမ်ဟုပ်ဖြစ်ခဲ့စဉ်က နန်းတော်အပြင်သို့ မထွက်ရသည်မှာ ဆယ်နှစ်ကျော် ရှိခဲ့သည်။
လီကျင့်သည် မျက်ခုံးပင့်လိုက်ပြီး ပြုံးလိုက်၏။ "စည်းကမ်းဆိုတာ လူတွေ သတ်မှတ်တာပဲ။ အရင်တုန်းက ကိုတို့က နေရာမရတော့ သည်းခံနေရတာ။ အခု ဘယ်သူက ကိုတို့ကို လာတားရဲလို့လဲ။ မင်း စိတ်ချလက်ချ အိမ်ပြန်ပါ"
"မူဟုပ်လည်း သူ့မောင်နှမတွေနဲ့ မတွေ့ရတာ ကြာပြီ။ ကို ကိုယ်တိုင် မူဟုပ်ကို သွားပြောပြီး ချောင်အိမ်တော်မှာ ရက်နည်းနည်းလောက် သွားနေခိုင်းလိုက်မယ်"
ဟုတ်သားပဲ... နန်းတော်ထဲမှာရော အပြင်မှာပါ အရှင်မင်းကြီးက အကြီးဆုံးလေ။ လီကျင့်က မိခင်နဲ့ မိန်းမကို အိမ်ပြန်လွှတ်ပေးချင်တယ်ဆိုရင် ဘယ်အမတ်က လာတားရဲလို့လဲ။
ဒါမှ လွတ်လပ်တဲ့ ဘဝလို့ ခေါ်တာပေါ့။
လုမင်ယွိသည် ဟန်ဆောင်ငြင်းဆန်မနေတော့ဘဲ ပြုံးရွှင်စွာ ပြောလိုက်လေသည်။ "ကောင်းပြီလေ... ဒါဆိုရင် ကျွန်မ ကလေးတွေကို ခေါ်ပြီး လုအိမ်တော်မှာ ဆယ်ရက်လောက် သွားနေလိုက်မယ်။ မူဟုပ် ကိစ္စကိုတော့ ရှင် စီစဉ်ပေးလိုက်ပါ"
နောက်တစ်နေ့မနက်တွင် လီရွှီ၊ လီရွှမ်းနှင့် လီဟန်တို့ ဂါရဝပြုရန် ရောက်လာသည့်အခါ ထိုသတင်းကောင်းကို ကြားသိလိုက်ရလေသည်။
လီဟန်သည် ပျော်ရွှင်လွန်းသဖြင့် သုံးပေခန့် မြင့်အောင် ခုန်ပေါက်လိုက်လေသည်။ "မူဟုပ် တကယ် ပြောတာနော်။ သားတို့ တကယ် အပြင်ထွက်ရမှာလား"
လီရွှမ်းသည်လည်း ပြုံးပျော်နေလေသည်။ "မူဟုပ်က ဘယ်တုန်းက လိမ်ဖူးလို့လဲ"
လုမင်ယွိက တိုးတိုးလေး ရယ်မောလိုက်ပြီး မျက်လုံးများ အရောင်လက်နေသော လီရွှီကို ကြည့်လိုက်လေသည်။ "မူဟုပ် မင်းတို့ဖုဟွမ်နဲ့ တိုင်ပင်ပြီးပြီ။ မင်းတို့ကို ခေါ်ပြီး လုအိမ်တော်မှာ ဆယ်ရက်လောက် သွားနေကြမယ်။ အဲဒီဆယ်ရက်အတွင်း မူဟုပ် မင်းတို့ကို မြင်းစီးသင်ပေးမယ်၊ အမဲလိုက်ထွက်မယ်"
လီရွှီသည်လည်း စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘဲ ဝမ်းသာအားရ ပြောလိုက်လေသည်။ "တကယ်လား... သား အခုချက်ချင်း အထုပ်အပိုး ပြင်ခိုင်းလိုက်တော့မယ်"
လီရွှမ်းကလည်း အလျင်စလို ဝင်ပြောလိုက်လေသည်။ "ဟုတ်တယ် ဟုတ်တယ်... အခုချက်ချင်း ပြင်လိုက်ရင် ညနေကျရင် ထွက်လို့ရပြီ"
လုမင်ယွိက ရယ်မောလိုက်လေသည်။ "အရမ်း မလောကြပါနဲ့ဦး။ ဒီနေ့ စာသင်ရဦးမယ်လေ။ ပြီးတော့ လုအိမ်တော်ကိုလည်း ကြိုပြီး သတင်းပို့ထားရဦးမယ်။ သူတို့ဘက်က ပြင်ဆင်စရာရှိတာ ပြင်ဆင်ရအောင်လို့။ မနက်ဖြန်ကျမှ သွားကြမယ်"
ဟွမ်ဟုပ်ညန်ညန်က ထိုက်ဇီ၊ မင်းသမီး၊ မင်းသားတို့ကို ခေါ်ဆောင်ပြီး အိမ်ပြန်မည်ဆိုသည်မှာ သာမန်ကိစ္စ မဟုတ်ပေ။ လုအိမ်တော်ဘက်က ကြိုတင်ပြင်ဆင်ထားမှ ဖြစ်မည်။
သို့သော်လည်း ဒီသတင်းလေးက မောင်နှမသုံးယောက်ကို ပျော်ရွှင်စေဖို့ လုံလောက်ပေသည်။
လီရွှီသည် ပြုံးရွှင်စွာဖြင့် စာသင်ဆောင်ထဲသို့ ဝင်ရောက်သွားလေသည်။
အတန်းဖော်များ ဖြစ်ကြသော လုစစ်ယွမ်နှင့် ဝူလိတို့သည် ရောက်ရှိလာကြလေသည်။
လုစစ်ယွမ်သည် လီရွှီထက် တစ်နှစ်ကြီးပြီး အရပ်ပိုရှည်ကာ အသားညိုညိုနှင့် ချောမောသူ ဖြစ်သည်။ ဝူလိသည် လီရွှီထက် တစ်နှစ်ငယ်ပြီး အရပ်ပုသော်လည်း သန့်ပြန့်သော ရုပ်ရည်ရှိကာ ယဉ်ကျေးသိမ်မွေ့သူ ဖြစ်သည်။
သူတို့နှစ်ယောက်သည် လီရွှီနှင့် ဆွေမျိုးတော်စပ်သူများ ဖြစ်ကြသည်။ လုစစ်ယွမ်သည် လုမိသားစု၏ မြေးဦးဖြစ်ပြီး ဝူလိသည် ဟွေ့အန်းကုန်းကျူနှင့် ဝူဖုမာတို့၏ သားဖြစ်သည်။ သူတို့သည် ငယ်စဉ်ကတည်းက အတူကြီးပြင်းလာကြသဖြင့် ညီအစ်ကိုအရင်းကဲ့သို့ ချစ်ခင်ကြလေသည်။
"ဒီနေ့ ဘာကိစ္စထူးလို့ ထိုက်ဇီက ဒီလောက် ပျော်နေရတာလဲ" လုစစ်ယွမ်က ပြုံးကာ မေးလိုက်လေသည်။
ဝူလိကလည်း ပြုံးလိုက်လေသည်။ "ထိုက်ဇီ ဒီလောက် ပျော်နေတာ မမြင်ရတာ ကြာပြီ"
လီရွှီသည် ထိုက်ဇီဖြစ်လာပြီးနောက် တည်ငြိမ်ရင့်ကျက်သွားသဖြင့် ပျော်ရွှင်တက်ကြွမှု နည်းပါးသွားသည်မှာ အမှန်ပင်။
လီရွှီက သွားဖြဲပြီး ရယ်လိုက်လေသည်။ "မူဟုပ်က ငါတို့ကို ခေါ်ပြီး လုအိမ်တော်မှာ ဆယ်ရက်လောက် သွားနေမယ်တဲ့"
လုစစ်ယွမ်၏ မျက်လုံးများ အရောင်လက်သွားပြီး "ဝိုး... မိုက်လိုက်တာ" ဟု အော်ပြောလိုက်လေသည်။
ထိုက်ဇီက လုအိမ်တော်မှာ သွားနေရင် သူလည်း ကျောင်းပိတ်ရပြီပေါ့။
ဆယ်ကျော်သက်အရွယ် ကောင်လေးတွေဆိုတာ စာသင်ခန်းထဲမှာ ပိတ်လှောင်ခံထားရတာ ကြာရင် စိတ်မွန်းကျပ်တာပဲလေ။ သူလည်း မြင်းစီးထွက်ချင်နေတာ ကြာပြီ။
လုစစ်ယွမ်သည် စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။ "ထိုက်ဇီ လုအိမ်တော် ရောက်ရင် ကျွန်တော် လိုက်ပို့ပေးမယ်။ မြင်းစီးပြီး အမဲလိုက်ထွက်ကြမယ်"
လီရွှီသည် မျက်လုံးထဲတွင် အပြုံးရိပ်များ သမ်းနေသော်လည်း လေးနက်စွာ ပြောလိုက်လေသည်။ "ငါတို့ မြင်းစီးမြားပစ် သင်ထားတာ ကြာပြီဆိုတော့ လက်တွေ့စမ်းသပ်ကြည့်ရအောင်"
ဝူလိသည်လည်း စိတ်ဝင်စားသွားပြီး လက်ပွတ်ကာ ပြောလိုက်လေသည်။ "ကောင်းလိုက်တာ... ကျွန်တော်ရော လိုက်လို့ ရမလား"
လီရွှီက ခေါင်းညိတ်လိုက်လေသည်။ "ရတာပေါ့။ မင်း အိမ်ပြန်ရောက်ရင် ကူးမူကို ပြောပြီး အထုပ်အပိုး ပြင်ထားလိုက်။ မနက်ဖြန်ကျရင် လုအိမ်တော်ကို တန်းလာခဲ့လိုက်။ ငါတို့ ပြောင်ကောရဲ့ အဆောင်မှာ အတူတူ နေကြမယ်"
လုစစ်ယွမ်က ရယ်မောလိုက်လေသည်။ "ကောင်းတယ်... လူများလေ ပျော်စရာကောင်းလေပဲ"
သုံးယောက်သား ပြောဆိုနေကြသည်မှာ အရှိန်ရနေပြီ ဖြစ်သည်။ လီဟန်သည် ဝင်ပြောခွင့်မရဘဲ အစ်ကိုဖြစ်သူကို မော့ကြည့်နေရင်း အခွင့်အရေးရသည်နှင့် ဝင်ပြောလိုက်လေသည်။ "သာ့ကော... သားလည်း သာ့ကောနဲ့ အတူနေမယ်"
အပြင်ထွက်ပြီး ပျော်ပါးကြမယ့်အချိန်မှာ ဘယ်သူက အမြီးလေးကို သယ်သွားချင်မှာလဲ။
လီရွှီက ချောင်းဟန့်လိုက်ပြီး တိုးတိုးလေး ချော့ပြောလိုက်လေသည်။ "မင်းက ငယ်သေးတယ်လေ။ မြင်းမစီးတတ်သေးဘူး။ မူဟုပ်က မင်းကို အိမ်ပြင်ပေးထွက်မှာ မဟုတ်ဘူး။ မင်းက လုအိမ်တော်ထဲမှာပဲ ကစားနေနော်"
လီဟန်သည် နှုတ်ခမ်းဆူလိုက်ပြီး စိတ်မကျေမနပ် ဖြစ်သွားလေသည်။
ထိုအချိန်တွင် ဆရာကြီး ဝင်လာလေသည်။
လီရွှီသည် အပြုံးများကို ရုပ်သိမ်းလိုက်ပြီး မတ်တပ်ထရပ်ကာ ဂါရဝပြုလိုက်လေသည်။ လုစစ်ယွမ်နှင့် ဝူလိတို့လည်း လိုက်ပါ ဂါရဝပြုကြသည်။ လီဟန်သည် အနည်းငယ် နောက်ကျမှ ထရပ်သော်လည်း ဆရာကြီးက အပြစ်မယူပေ။
တစ်ချက်က မင်းသားလေး ငယ်သေးလို့။ နှစ်ချက်က ထိုက်ဇီကိုတော့ စည်းကမ်းတင်းကျပ်ရပေမယ့် မင်းသားငယ်ကိုတော့ သိပ်တင်းကျပ်စရာ မလိုပါဘူးလေ။
လီယိနဲ့ လီဟောက်တို့ရဲ့ သင်ခန်းစာ ရှိနေတာပဲ။ မင်းသားတွေက သာမန်လောက်ပဲ တော်ရင် ရပြီ။
တစ်ဖက်တွင်လည်း လီရွှမ်းသည် အတန်းဖော်များကို သတင်းကောင်း ပြောပြနေလေသည်။
အတန်းဖော် ဖန်းနဉ်သည် ပန်းချီကားထဲမှ ရုန်းထွက်လာသကဲ့သို့ လှပပြီး ယဉ်ကျေးသိမ်မွေ့သူ ဖြစ်သည်။ သူမက ပြုံးလိုက်သောအခါ သွားလေးများ ပေါ်လာလေသည်။ "ဒါဆိုရင် ငါတို့လည်း ဆယ်ရက်လောက် ကျောင်းပိတ်ရတော့မယ်ပေါ့"
နောက်ထပ် အတန်းဖော် တစ်ယောက်ကတော့ ကျောက်ယွိအာ ဖြစ်သည်။ သူမသည် ရှစ်နှစ်သာ ရှိသေးပြီး ကျောက်ရွေ့၏ သမီးကြီး ဖြစ်သည်။
ကျောက်ယွိအာသည် ဒေါ်လေးဖြစ်သူ ကျောက်ယွီနှင့် တူလေသည်။ မျက်နှာလေးက သွယ်လျပြီး ချစ်စရာကောင်းသည်။ ပြုံးလိုက်လျှင် ပါးချိုင့်လေးနှစ်ဖက် ပေါ်လာတတ်သည်။ "ငါလည်း ကျောင်းပိတ်ချင်နေတာ ကြာပြီ"
လီရွှမ်းက စိတ်အားထက်သန်စွာဖြင့် ဖိတ်ခေါ်လိုက်လေသည်။ "နင်တို့ အိမ်မှာနေရတာ မပျင်းဘူးလား။ ငါနဲ့အတူ လုအိမ်တော်ကို လိုက်ခဲ့လေ။ အဲဒီကျရင် ငါတို့ မြင်းစီးပြီး အမဲလိုက်ထွက်ကြမယ်"
လုမင်ယွိ မိဖုရားခေါင်ဖြစ်လာပြီးနောက်ပိုင်း မြို့တော်ရှိ အထက်တန်းစား မိန်းကလေးများသည် သိုင်းပညာ သင်ယူလာကြလေသည်။ ဖန်းနဉ်နှင့် ကျောက်ယွိအာတို့သည် ငယ်စဉ်ကတည်းက မြင်းစီးမြားပစ် သင်ယူခဲ့ကြသူများ ဖြစ်သည်။ လေးနှင့်မြားကို ကောင်းကောင်း မကိုင်နိုင်သေးသော်လည်း ယုန်၊ တောကြက် စသည်တို့ကိုတော့ ပစ်ခတ်နိုင်စွမ်း ရှိကြသည်။
လီရွှမ်းက ပြောလိုက်သည်နှင့် သူတို့နှစ်ယောက် စိတ်ဝင်စားသွားကြလေသည်။
ဖန်းနဉ်က စဉ်းစားလိုက်ပြီး ပြောလိုက်လေသည်။ "ငါ အိမ်ပြန်ရောက်ရင် အမေ့ကို ပြောပြလိုက်မယ်။ အမေ ခွင့်ပြုရင် မနက်ဖြန် လုအိမ်တော်ကို လာခဲ့မယ်"
ကျောက်ယွိအာက ယုံကြည်မှုရှိစွာ ပြောလိုက်လေသည်။ "ငါ့အဖေက ငါ့ကို အချစ်ဆုံးပဲ။ ငါ ပြောလိုက်ရင် သေချာပေါက် ခွင့်ပြုမှာ"
လီရွှမ်းက မျက်ခုံးပင့်လိုက်ပြီး ပြုံးလိုက်၏။ "ကောင်းပြီ... ဒါဆိုရင် အတည်ပဲနော်"
......
နောက်တစ်နေ့မနက်တွင် လုမင်ယွိသည် ကလေးသုံးယောက်ကို ခေါ်ဆောင်ကာ နန်းတော်မှ ထွက်ခွာလာခဲ့လေသည်။
ရှေ့တွင် ကိုယ်ရံတော် တစ်ထောင်က လမ်းရှင်းပေးပြီး နောက်တွင် ကိုယ်ရံတော် တစ်ထောင်က လိုက်ပါစောင့်ရှောက်ပေးလေသည်။ ဤမျှ ကြီးကျယ်ခမ်းနားသော စီစဉ်မှုဖြင့် ထွက်လာသည်ကို တိုးတိုးတိတ်တိတ် နေပါဟု ပြော၍ မရနိုင်ပေ။
လုအိမ်တော် တံခါးမကြီး ပွင့်နေပြီး လုလင်းသည် လူများကို ဦးဆောင်ကာ စောင့်ကြိုနေလေသည်။
လုမင်ယွိသည် မြင်းလှည်းပေါ်မှ ဆင်းလိုက်ပြီး ရင်းနှီးသော မျက်နှာများကို မြင်လိုက်ရသည့်အခါ ရင်ထဲတွင် နွေးထွေးသွားတော့သည်။
အရင်ဘဝတုန်းက လူမှားချစ်ခဲ့မိပြီး လူမှားလက်ထပ်ခဲ့မိလို့ အဖေ စစ်မြေပြင်မှာ သေဆုံးခဲ့ရတယ်။ မောင်နှမတွေလည်း ဒုက္ခရောက်ခဲ့ရတယ်။ ဒီဘဝမှာတော့ မိသားစုဝင်တွေ အကုန်လုံး ကျန်းမာပျော်ရွှင်စွာ ရှိနေကြတယ်။
ဒီဘဝက တကယ် ပြည့်စုံလွန်းပါတယ်။
"ဟွမ်ဟုပ်ညန်ညန်၊ ထိုက်ဇီ၊ ကုန်းကျူနဲ့ ရှောင်ဟွမ်ဇီ(မင်းသားငယ်လေး)တို့ကို ကြိုဆိုပါတယ်" လုလင်းသည် ရှေ့တိုးလာပြီး လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်လိုက်လေသည်။
လုမင်ယွိသည် ပြုံးလိုက်ပြီး ဖခင်ကို တွဲထူလိုက်ကာ အစ်မကြီးနှင့် အစ်ကို၂တို့ကို နှုတ်ဆက်လိုက်လေသည်။ "အားလုံး ထကြပါ။ အိမ်ထဲဝင်ပြီးမှ စကားပြောကြတာပေါ့"
လူတိုင်း မတ်တပ်ထရပ်လိုက်ကြပြီး လုမင်ယွိတို့ သားအမိကို ခြံရံကာ လုအိမ်တော်ထဲသို့ ဝင်ရောက်သွားကြတော့သည်။
...
အပိုင်း (၇၂၃) အိမ်ပြန်ခရီး (၁)
မိဖုရားခေါင်နေရာကို သုံးနှစ်ကြာ ရယူခဲ့ပြီးနောက်တွင် လုမင်ယွိသည် အလိုလိုနေရင်း မိဖုရားခေါင်တစ်ပါး၏ တည်ငြိမ်ခန့်ညားသော အငွေ့အသက်ကို ပိုင်ဆိုင်ထားလေသည်။
ယခုအချိန်တွင် လုမင်ယွိသည် စိတ်ပျော်ရွှင်နေသဖြင့် မျက်ဝန်းများထဲတွင် အပြုံးရိပ်များ ဝေဆာနေပြီး မိန်းမပျိုလေးတစ်ယောက်ကဲ့သို့ ပြန်လည် နုပျိုလန်းဆန်းနေလေသည်။
လုလင်းသည် သမီးဖြစ်သူ၏ ပုံစံကို ကြည့်ပြီး နှစ်သက်အားရစွာ ပြုံးလိုက်လေသည်။
သူမ၏ အိမ်ထောင်ရေး အဆင်ပြေခြင်း ရှိမရှိ ဆိုသည်ကို မေးနေစရာပင် မလိုတော့ချေ။ လုမင်ယွိ၏ ကြည်လင်ဝင်းပနေသော မျက်နှာက သက်သေပြနေလေသည်။ မိဖုရားခေါင်ဘဝသည် မည်မျှ စိတ်ချမ်းသာစရာ ကောင်းသည်ကို သိသာနေလေသည်။
လီကျင့်ကို ချစ်ပေးခဲ့ရတာ အလကားမဖြစ်ပါဘူးလေ။
လုမင်ယွိသည် ထိပ်ဆုံးထိုင်ခုံတွင် ဝင်မထိုင်ဘဲ ဖခင်ဖြစ်သူကို ထိုင်ခိုင်းလိုက်လေသည်။ "သမီးက အိမ်ပြန်လာတဲ့ ဧည့်သည်လေ။ အဖေက အောက်မှာ သွားထိုင်ရင် သင့်တော်ပါ့မလား။ အဖေ အပေါ်မှာ ထိုင်ပါ။ မဟုတ်ရင် သမီး အခုချက်ချင်း နန်းတော်ထဲ ပြန်လိုက်မယ်"
လုလင်းသည် ရယ်မောလိုက်ကာ "ကောင်းပါပြီ... ဒီတစ်ခေါက်တော့ သမီးအလိုကျ လိုက်လျောပေးလိုက်ပါ့မယ်"
လုမင်ယွိသည် ကျေနပ်သွားပြီး လုလင်း၏ ဘေးတွင် ဝင်ထိုင်လိုက်ကာ မောင်နှမများကို နေရာချထားပေးလိုက်လေသည်။ ထို့နောက် တူ၊ တူမများက တစ်ယောက်ပြီးတစ်ယောက် ဂါရဝပြု နှုတ်ဆက်ကြလေသည်။
လီရွှီ၊ လီရွှမ်းနှင့် လီဟန်တို့ အကြောင်း ပြောမနေတော့ပေ။ လုစစ်ယွမ်သည်လည်း လီရွှီ၏ အတန်းဖော် ဖြစ်သဖြင့် နေ့စဉ်လိုလို နန်းတော်ထဲ ဝင်ထွက်နေသူ ဖြစ်ရာ လုမင်ယွိနှင့် ရင်းနှီးပြီးသား ဖြစ်လေသည်။
လုမင်ဖန်းနှင့် ကျန်းကျုံးတို့၏ သားကြီး ကျန်းသာ့ပေါင်သည် လူပျိုပေါက် ဖြစ်နေပြီ။ လုမင်ယွိ၏ ရှေ့တွင် ရပ်လိုက်သည်နှင့် လုမင်ယွိ၏ မျက်လုံးများ အရောင်လက်သွားပြီး ရယ်မောလိုက်လေသည်။ "သုံးနှစ်လောက် မတွေ့ရတာ သာ့ပေါင်က လူချောလေး ဖြစ်နေပြီပဲ"
ကျန်းသာ့ပေါင်သည် ၁၈နှစ် ရှိပြီဖြစ်ပြီး ဖခင်ဖြစ်သူ ကျန်းကျုံးထက်ပင် အရပ်ပိုရှည်နေပြီ ဖြစ်သည်။ မျက်ခုံးထူထူ မျက်လုံးကျယ်ကျယ်နှင့် တက်ကြွရွှင်လန်းနေသော သူသည် လက်နှစ်ဖက်ကို ယှက်ကာ ပြုံးလျက် ပြောလိုက်လေသည်။ "ယီမူ... ကျွန်တော် စစ်တပ်ထဲ ဝင်တာ နှစ်နှစ်ကျော်ပြီလေ။ အခု အဆင့်၇ တပ်မှူး ဖြစ်နေပြီ။ ကလေး မဟုတ်တော့ပါဘူး"
သူက သာ့ပေါင် ဆိုတဲ့ နာမည်ကို မခေါ်ဖို့ သွယ်ဝိုက်ပြီး ပြောလိုက်ခြင်းပင်။
လူတိုင်းက သဘောကျကာ ဝိုင်းရယ်ကြလေသည်။
လုမင်ယွိသည် လိုက်လျောညီထွေစွာ ပြုံးပြီး ပြင်ခေါ်လိုက်လေသည်။ "တပ်မှူးကျန်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ထူးချွန်တာကို တွေ့ရတော့ ဝမ်းသာပါတယ်။ ဒါနဲ့... တပ်မှူးကျန်းက စေ့စပ်ပြီးပြီလို့ ကြားတယ်။ ဘယ်တော့လောက် မင်္ဂလာဆောင်မှာလဲ"
ကျန်းသာ့ပေါင်သည် ရှက်သွေးဖြာသွားပြီး လူကြီးများ၏ စနောက်မှုအောက်တွင် အရှုံးပေးကာ ထွက်ပြေးသွားတော့သည်။
ကျန်းရှောင်းပေါင်သည်လည်း ၁၅နှစ် ရှိပြီဖြစ်ပြီး သွက်လက်ချက်ချာသော လူငယ်လေး ဖြစ်နေပြီ။
လုမင်ဟွားနှင့် ကျိုးလီတို့၏ သားသမီးနှစ်ယောက်သည်လည်း ဆယ်ကျော်သက် အရွယ် ရောက်နေကြပြီ။ လုမင်ယွဲ့ကတော့ အိမ်ထောင်ကျတာ ကြာပြီဖြစ်သော်လည်း ခင်ပွန်းသည်နှင့် အတူနေရချိန် နည်းပါးသဖြင့် မနှစ်ကမှ သားတစ်ယောက် မွေးဖွားခဲ့သည်။ ယခု လမ်းလျှောက်တတ်စ အရွယ်လေး ဖြစ်လေသည်။
ရှန်းလန်သည်လည်း မနှစ်က သမီးလေးတစ်ယောက် မွေးဖွားထားပြီး စကားပြောတတ်စ အရွယ်လေး ဖြစ်လေသည်။
လုမင်ယွိ၏ မျက်လုံးများက မောင်ငယ်လေး လုရွှမ်း၏ ကိုယ်ပေါ်သို့ ရောက်ရှိသွားလေသည်။
လုရွှမ်းသည် အကြည့်မခံနိုင်သဖြင့် ချောင်းဟန့်လိုက်လေသည်။ "အစ်မလေး... ကျွန်တော့်ကို မကြည့်ပါနဲ့။ ကျွန်တော် အသက်ကြီးနေပြီ ဆိုတာ သိပါတယ်။ အာ့စောင်ကို ပြောပြီး သတို့သမီး ရှာခိုင်းထားပါတယ်"
ဟုတ်တာပေါ့။
လုရွှမ်းက ၂၂နှစ် ရှိနေပြီဖြစ်သော်လည်း အိမ်ထောင်မကျသေးပေ။ ဒီခေတ်အခါမှာတော့ လူပျိုကြီးလို့ ခေါ်ရင်တောင် မမှားချေ။
လုမင်ယွိက ပြုံးပြီး မျက်စောင်းထိုးလိုက်ကာ "နင့်ပါးစပ်က ပြောထွက်သေးတယ်နော်။ ဒီလောက် အသက်ကြီးတဲ့အထိ မိန်းမမယူသေးတော့ အဖေနဲ့ ငါတို့က စိတ်ပူရတာပေါ့"
လုရွှမ်းသည် ခေါင်းကုတ်လိုက်ပြီး သွားဖြဲကာ ရယ်လိုက်လေသည်။ "အခုမှ အသိဝင်လာလို့ပါ"
ရှန်းလန်က ပြုံးလိုက်ပြီး လုရွှမ်း၏ လျှို့ဝှက်ချက်ကို ဖွင့်ချလိုက်လေသည်။ "နှစ်စတုန်းက ကျွန်မ သူ့ကို မင်္ဂလာဆောင်ဖို့ ပြောတော့ သူက အကြောင်းအမျိုးမျိုးပြပြီး ငြင်းနေတာ။ လွန်ခဲ့တဲ့ တစ်လလောက်ကမှ ရုတ်တရက်ကြီး ရောက်လာပြီး ဝန်ကြီးယောင်အိမ်တော်ကို ကမ်းလှမ်းပေးဖို့ လာပူဆာနေတယ်"
လုမင်ယွိ စိတ်ဝင်စားသွားပြီး မေးလိုက်လေသည်။ "ဟေ... လျို့တိက ချစ်သူရသွားပြီပေါ့"
လုမင်ယွဲ့က ဖြတ်ပြောလိုက်လေသည်။ "ဟုတ်တယ်... လျို့တိက တရားစီရင်ရေးဌာနမှာ အလုပ်လုပ်ရင်း ဝန်ကြီးယောင်ရဲ့ သဘောကျမှုကို ခံခဲ့ရတယ်။ လွန်ခဲ့တဲ့ တစ်လလောက်က ဝန်ကြီးယောင်က သူ့ကို အိမ်ခေါ်သွားတော့ ဝန်ကြီးယောင်ရဲ့ သမီးကြီးနဲ့ တွေ့ပြီး ကြိုက်သွားတာလေ။ ပြန်ရောက်တာနဲ့ အာ့စောင်ကို အတင်းပူဆာပြီး ကမ်းလှမ်းခိုင်းတော့တာပဲ"
"အာ့စောင်က အောင်သွယ်တော် လွှတ်ပြီး ကမ်းလှမ်းလိုက်တယ်။ ယောင်မိသားစုက စဉ်းစားနေတုန်းမို့လို့ အကြောင်းမပြန်သေးဘူး။ ဒါပေမဲ့ လျို့တိကတော့ တက်ကြွနေလိုက်တာ။ ဒီတစ်လအတွင်း ယောင်အိမ်တော်ကို လေးငါးခေါက်လောက် ရောက်ပြီးပြီ။ ဝန်ကြီးယောင်က မမောင်းထုတ်မှတော့ သေချာသလောက် ရှိနေပါပြီ"
လုရွှမ်း "..."
လုမင်ယွိ ရယ်မောလိုက်၏။ "ဒါဆို ကောင်းတာပေါ့။ မဟုတ်ရင် သာ့ပေါင်တောင် မိန်းမယူတော့မယ်။ ဦးလေးက လူပျိုကြီး လုပ်နေရင် ရှက်စရာကြီး"
လူတိုင်း ဟားဟား ရယ်မောလိုက်ကြလေသည်။
ပုံမှန်ဆိုလျှင် မျက်နှာပြောင်တတ်သော လုရွှမ်းသည် ယခုအခါ ရှက်သွေးဖြာကာ မျက်နှာနီရဲနေလေသည်။
လုမင်ယွိသည် ထိုမြင်ကွင်းကို ကြည့်ရင်း ကျေနပ်သွားမိလေသည်။
အရင်ဘဝတုန်းက လုရွှမ်းတစ်ယောက် ခြေထောက်တစ်ဖက် ကျိုးသွားပြီး တစ်သက်လုံး တစ်ယောက်တည်း နေထိုင်ခဲ့ရတာ။ ဒီဘဝမှာတော့ ရာထူးတက်လမ်း ဖြောင့်ဖြူးနေပြီး တရားစီရင်ရေးဝန်ကြီးရဲ့ သမီးနဲ့ လက်ထပ်ရဖို့ ရှိနေတယ်။
မောင်နှမတွေ အကုန်လုံး ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်ရတာ သူမအတွက်တော့ အကြီးမားဆုံး ဆုလာဘ်ပါပဲ။
လူကြီးများ စကားပြောနေစဉ် ကလေးများကလည်း အငြိမ်မနေကြပေ။
ကလေးများသည် အုပ်စုနှစ်စု ကွဲသွားကြသည်။ အကြီးတန်းတွင် ကျန်းသာ့ပေါင်က ခေါင်းဆောင်ဖြစ်ပြီး လီရွှီသည် ထိုက်ဇီ ဖြစ်သော်လည်း ဘဝင်မမြင့်ဘဲ ပြောင်ကော ဟု ရင်းရင်းနှီးနှီး ခေါ်ဝေါ်လေသည်။
အငယ်တန်းတွင်တော့ လီဟန်က ခေါင်းဆောင် ဖြစ်လေသည်။
လီဟန်သည် နန်းတော်ထဲတွင် အငယ်ဆုံး ဖြစ်သဖြင့် အစ်ကို၊ အစ်မများ၏ စကားကို နားထောင်နေရသူ ဖြစ်သည်။ ယခု သူ့ထက်ငယ်သော မောင်နှမဝမ်းကွဲလေးများ ရောက်လာသည့်အခါ စကားပီပီသသ မပြောတတ်သေးသော်လည်း သူကတော့ ကျေနပ်အားရစွာဖြင့် ခေါင်းဆောင်လုပ်ကာ ဦးဆောင်နေလေသည်။
ထိုအချိန်တွင် အိမ်တော်ထိန်းကြီး လုကျား ရောက်လာပြီး လျှောက်တင်လိုက်လေသည်။ "ဟွမ်ဟုပ်ညန်ညန်... ဝူအိမ်တော်က သခင်လေး၊ ဖန်းသခင်မလေးနဲ့ ကျောက်သခင်မလေးတို့ ရောက်လာကြပါတယ်"
လုမင်ယွိသည် အံ့သြသွားပြီး လီရွှီနှင့် လီရွှမ်းကို ကြည့်လိုက်လေသည်။
လီရွှီက ပြုံးကာ ပြောလိုက်လေသည်။ "လိထန်ကောက သားတို့ လုအိမ်တော်မှာ လာနေမယ်ဆိုတာ ကြားတော့ သူလည်း လိုက်နေချင်တယ်တဲ့"
"ဟုတ်တယ်... နဉ်ကျဲနဲ့ ယွိအာမေ့မေ့လည်း လာချင်တယ်တဲ့" လီရွှမ်းက ရယ်မောကာ ပြောလိုက်လေသည်။ "လူများတော့ ပိုပျော်စရာ ကောင်းတာပေါ့"
ရှန်းလန်က ချက်ချင်း ပြောလိုက်လေသည်။ "ဧည့်သည်တွေကို စောင့်ခိုင်းလို့ မဖြစ်ဘူး။ ကျွန်မ သွားကြိုလိုက်ဦးမယ်"
ဝူလိသည် ဟွေ့အန်းကုန်းကျူ၏ သား၊ ဖန်းနဉ်သည် ဖန်းဇီကျန်းနှင့် ချောင်ဝမ်တို့၏ သမီး၊ ကျောက်ယွိအာသည် ဖူယန်မြို့စားအိမ်တော်မှ သမီး။ တစ်ယောက်ထက် တစ်ယောက် ဂုဏ်ရှိန်ကြီးမားသူများ ဖြစ်ကြသဖြင့် ပေါ့ဆ၍ မဖြစ်ပေ။
လုမင်ယွိသည် ကိုယ်တိုင် ထွက်ကြိုရန် အဆင်မပြေသဖြင့် ပြုံးကာ ခေါင်းညိတ်လိုက်၏။ "အာ့စောင်ကိုပဲ ဒုက္ခပေးရတော့မယ်"
ခဏကြာသောအခါ ဝူလိ၊ ဖန်းနဉ်နှင့် ကျောက်ယွိအာတို့ ဧည့်ခန်းမဆောင်ထဲသို့ ဝင်ရောက်လာကြသည်။ လူစုံပြီ ဖြစ်သဖြင့် ပိုမို စည်ကားသွားလေသည်။
......
လီရွှီသည် လုစစ်ယွမ်နှင့် ကြိုတင်ချိန်းဆိုထားပြီး ဖြစ်သဖြင့် ဝူလိကိုပါ ခေါ်ဆောင်ကာ လုစစ်ယွမ်၏ အဆောင်တွင် အတူတူ နေထိုင်ကြလေသည်။
လီရွှမ်း၊ ဖန်းနဉ်နှင့် ကျောက်ယွိအာတို့သည် အဆောင်တစ်ခုတွင် အတူနေကြသည်။
လီဟန်သည် မိခင်နှင့် အတူမနေတော့ဘဲ ဦးလေးဖြစ်သူ လုရွှမ်း၏ အဆောင်သို့ ပြေးသွားလေသည်။
လုမင်ယွိသည် ငယ်စဉ်က နေထိုင်ခဲ့သော အခန်းသို့ ပြန်ရောက်လာပြီး ကုတင်ပေါ်တွင် လှဲကာ သက်ပြင်းချလိုက်လေသည်။ "ဟူး... သူတို့သုံးယောက် မျက်စိရှေ့မှာ မရှိတော့ နားအေးပါးအေး ရှိသွားတာပဲ"
ချီယွင်သည် သဘောကျကာ ရယ်မောလိုက်၏။ "ညန်ညန် လုအိမ်တော် ပြန်ရောက်ပြီဆိုတော့ ရက်နည်းနည်းလောက် စိတ်လွတ်ကိုယ်လွတ် နားနေလို့ ရပြီပေါ့"
လီရွှီတို့က မြင်းစီးအမဲလိုက် ထွက်ကြမှာလေ။ လုရွှမ်းက စိတ်မချလို့ မနက်ဖြန် လိုက်သွားပေးလိမ့်မယ်။ အဲဒီတော့ လုမင်ယွိက အေးဆေး နေလို့ရပြီပေါ့။
လုမင်ယွိက ပြုံးကာ ပြောလိုက်လေသည်။ "အိမ်ထောင်ကျတာ ကြာပြီ။ မင်းသားအိမ်တော်မှာ နေဖူးတယ်။ အိမ်ရှေ့စံနန်းဆောင်မှာ နေဖူးတယ်။ အခု ကျောင်းဖန်နန်းဆောင်မှာ နေနေတယ်။ ဒါပေမဲ့ ပြန်စဉ်းစားကြည့်လိုက်တော့ ကိုယ့်အခန်းလေးမှာ နေရတာလောက် ဘယ်နေရာမှ စိတ်မလွတ်လပ်ဘူး"
ဒါကတော့ ပြောနေစရာ လိုသေးလို့လား။
နန်းတော်ထဲမှာ ဆိုရင် မိဖုရားခေါင်အနေနဲ့ စည်းကမ်းထိန်းသိမ်းရသေးတယ်။ စိတ်ရှိတိုင်း နေလို့မရဘူးလေ။
လုအိမ်တော်မှာကျတော့ ပြောချင်တာ ပြော၊ လုပ်ချင်တာ လုပ်။ ဘယ်သူ့မျက်နှာမှ ကြည့်နေစရာ မလိုဘူး။
ချီယွင်သည် သဘောပေါက်စွာ ပြုံးလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ညန်ညန်ကို ပြောရရင်... ကျွန်မလည်း ဒီကိုပြန်ရောက်တော့ စိတ်လွတ်လပ်သွားသလို ခံစားရတယ်"
စကားပြောနေစဉ် တံခါးခေါက်သံ ကြားလိုက်ရလေသည်။
မိုးချုပ်နေပြီ... ဒီအချိန်ကြီး ဘယ်သူလာတာလဲ။
လုမင်ယွိ အံ့သြသွားစဉ် ချီယွင်က တံခါးသွားဖွင့်ပေးလိုက်လေသည်။ ဧည့်သည်ကို မြင်လိုက်ရသည့်အခါ ချီယွင်သည် ပြုံးကာ အခန်းပြင်သို့ ထွက်သွားပေးလိုက်တော့သည်။ လုမင်ယွိသည်လည်း အံ့သြဝမ်းသာ ဖြစ်သွားလေတော့သည်။ "လီကျင့်... ရှင် ဘယ်လိုလုပ် ရောက်လာတာလဲ"
...