← Chapters

အခန်း (၇၂၄-၇၂၅)

Vol. 48 Ch. 724-725

အခန်း (၇၂၄-၇၂၅)

Vol. 48 Ch. 724-725

အပိုင်း (၇၂၄) အိမ်ပြန်ခရီး (၂)

လီကျင့်၏ မျက်ဝန်းနက်များတွင် အပြုံးရိပ်များ ဝေဆာနေပြီး ကုတင်နားသို့ အမြန်လျှောက်လာလိုက်သည်။ "မင်းက ကလေးတွေကို ခေါ်ပြီး အိမ်ပြန်လာမှတော့ ကိုကလည်း သားမက်တစ်ယောက်အနေနဲ့ ယောက္ခမအိမ်မှာ ရက်နည်းနည်း လာနေပေးရမှာပေါ့"

လီကျင့်သည် အပြာရောင် ဝတ်ရုံကို အထူးသီးသန့် လဲဝတ်ထားလေသည်။ မေးစေ့ပေါ်ရှိ မုတ်ဆိတ်မွှေးများကို ပြောင်စင်အောင် ရိတ်ထားသဖြင့် ငယ်ရွယ်နုပျိုပြီး ချောမောခန့်ညားကာ ယခင်က ပေါ့ပါးသွက်လက်သော ပုံစံမျိုး ပြန်လည်ရရှိနေ=သည်။

လုမင်ယွိ၏ ရင်ထဲတွင် နွေးထွေးသွားပြီး ကိုယ်တိုင် ရှေ့တိုးသွားလိုက်သည်။

လီကျင့်၏ ရယ်သံတိုးတိုးလေးသည် အနမ်းများကြားတွင် ပျောက်ကွယ်သွားတော့သည်။

အချိန်အတော်ကြာမှ သူတို့နှစ်ဦး ခွာလိုက်ကြ၏။

လုမင်ယွိ၏ မျက်လုံးများထဲတွင် မီးတောက်များ တောက်လောင်နေသကဲ့သို့ ဖြစ်နေပြီး လီကျင့်ကို စိုက်ကြည့်နေလေသည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် စကားပြောနေရန် မလိုအပ်တော့ပေ။ လီကျင့်သည် လျင်မြန်စွာ ထရပ်ပြီး တံခါးဂျက်ချလိုက်ကာ အဝတ်အစားများကို ချွတ်ပြီး ကုတင်ပေါ် တက်လိုက်လေသည်။

ချစ်ခင်တွယ်ရစ်ခဲ့ကြသည်။

အချိန်မည်မျှ ကြာသွားသည်မသိ... ခြင်ထောင်အတွင်းမှ အသက်ရှူသံများ ငြိမ်သက်သွားတော့သည်။

လုမင်ယွိသည် လီကျင့်၏ ရင်ခွင်ထဲတွင် မှီကာ နူးညံ့စွာ ပြောလိုက်လေသည်။ "ရှင် ဒီလို တိတ်တိတ်လေး လုအိမ်တော်ကို ရောက်လာတာ ကွပ်ကဲရေးအရာရှိတွေ သိရင် လျှောက်တင်လွှာတင်ကြဦးမယ်"

လီကျင့်က ပျင်းရိစွာ ပြန်ဖြေလိုက်လေသည်။ "သူတို့ ပြောချင်တာ ပြောပါစေ။ ဂရုမစိုက်ပါဘူး"

ဘာပဲပြောပြော အသားပဲ့သွားတာမှ မဟုတ်တာ။

လုမင်ယွိက တိုးတိုးလေး ရယ်မောလိုက်ပြီး သူ့ရင်ဘတ်ပေါ်တွင် မျက်နှာအပ်ကာ ခါးကို ဖက်ထားလိုက်သည်။ "မူဟုပ် ဒီနေ့ ချောင်အိမ်တော် ပြန်သွားတာ အဆင်ပြေရဲ့လား မသိဘူး"

လီကျင့်က မျက်ခုံးပင့်လိုက်ပြီး ပြုံးလိုက်သည်။ "အရမ်း အဆင်ပြေတာပေါ့။ ကို နန်းတော်ထဲက ထွက်လာပြီးတော့ ချောင်အိမ်တော်ကို အရင်သွားပြီး မူဟုပ်ကို နှုတ်ဆက်တယ်။ ပြီးမှ လုအိမ်တော်ကို လာတာ"

သားဝတ္တရား ကျေပွန်သလို လူတွေရဲ့ ပါးစပ်ကိုလည်း ပိတ်လိုက်တာပေါ့။

လုမင်ယွိသည် လီကျင့်၏ စေ့စပ်သေချာမှုကို ကျေနပ်သွားတော့သည်။ "ဒါဆိုရင် ကောင်းတာပေါ့"

ယောက္ခမနှင့် ချွေးမ ဆက်ဆံရေး ကောင်းမွန်နေသည်မှာ နှစ်အနည်းငယ် ကြာခဲ့ပြီ။ သူတို့နှစ်ဦး အချင်းချင်း လေးစားမှု ရှိကြသလို လီကျင့်ကလည်း ကြားထဲကနေ ကောင်းကောင်း ညှိနှိုင်းပေးခဲ့သည်။

အမေဘက်ကိုပဲ ဘက်လိုက်နေရင် လင်မယားချင်း စိတ်ဝမ်းကွဲနိုင်တယ်။ မိန်းမဘက်ကိုပဲ ဘက်လိုက်နေရင်လည်း အမေက စိတ်မကောင်း ဖြစ်နိုင်တယ်။

လီကျင့်ကတော့ လူနေတတ်သူ ဖြစ်သဖြင့် အမေ့ရှေ့ရောက်ရင် အမေ့အလိုလိုက်၊ မိန်းမရှေ့ရောက်ရင် မိန်းမနဲ့ တစ်သားတည်း ရှိနေတတ်သည်။ ယောက္ခမနှင့် ချွေးမ စိတ်သဘောထား ကွဲလွဲမှု ရှိလျှင်လည်း လီကျင့်က ကြားထဲက ဝင်ဖြန်ဖြေပေးလိုက်သည်နှင့် အဆင်ပြေသွားတတ်သည်။

လီကျင့်သည် ခေါင်းငုံ့ကာ မက်မွန်ပွင့်ကဲ့သို့ လှပနေသော လုမင်ယွိကို ကြည့်လိုက်ပြီး "မင်း ဒီနေ့ အိမ်ပြန်ရောက်တော့ အရမ်း ပျော်နေတာပဲ။ နောက်ဆိုရင် နှစ်တိုင်း ပြန်လာနေပါ"

လုမင်ယွိက တိုးတိုးလေး ရယ်မောလိုက်ကာ "ကျွန်မက ဟွမ်ဟုပ်လေ။ နှစ်တိုင်း အိမ်ပြန်လာနေရင် လူတွေက အရှင်မင်းကြီး မိန်းမကြောက်တယ်လို့ ဝိုင်းရယ်ကြလိမ့်မယ်။ မကြောက်ဘူးလား"

လီကျင့်က ယုံကြည်မှုရှိစွာ ပြောလိုက်၏။ "သူတို့တွေ ကွယ်ရာမှာပဲ ပြောရဲကြတာပါ။ ဘယ်သူက ကို့ရှေ့မှာ ပြောရဲလို့လဲ"

လုမင်ယွိသည် သဘောကျကာ ရယ်မောလိုက်လေသည်။

အရှင်မင်းကြီး မိန်းမကြောက်တယ် ဆိုတဲ့ ကောလာဟလက အရင်ကတည်းက ရှိပြီးသားပါ။ လီကျင့် ထိုက်ဇီ ဖြစ်စဉ်ကတည်းက လူတွေက လှောင်ပြောင်ခဲ့ကြတာ။ အခု ဧကရာဇ် ဖြစ်လာတော့ ဘယ်သူမှ ရှေ့မှာ ထုတ်မပြောရဲကြတော့ဘူး။ ကွယ်ရာမှာတော့ ပြောချင်ပြောကြမှာပေါ့။

ဒါပေမဲ့ အမတ်တွေကလည်း အနေအထိုင် တတ်ကြပါတယ်။ နောက်ပြောင်ရင်တောင် နည်းနည်းပါးပါးလောက်ပဲ ပြောကြတာ။ မလွန်ရဲကြပါဘူး။

လီကျင့်ကလည်း ရယ်စရာ အနေနဲ့ပဲ သဘောထားပြီး စိတ်ထဲ မထည့်ပါဘူး။

လုမင်ယွိကလည်း သိပ်ဂရုမစိုက်ချေ။

ငယ်ငယ်ကတည်းက ကျားမကြီး ဆိုပြီး နာမည်ကြီးခဲ့တာပဲလေ။ လီကျင့်နဲ့ လက်ထပ်ပြီးတော့လည်း သူမရဲ့ စိတ်ထားကို လူတိုင်း သိကြတာပဲ။ နူးညံ့သိမ်မွေ့ဟန် ဆောင်နေစရာ မလိုပါဘူး။

ဟန်ဆောင်လို့လည်း မရဘူး။ ဟန်ဆောင်စရာလည်း မလိုဘူး။

သူတို့လင်မယား ချစ်ချစ်ခင်ခင် နေကြတာ သူတို့ကိစ္စပဲလေ။ ဘယ်သူမှ ဝင်ပါပိုင်ခွင့် မရှိဘူး။ တစ်ဦးတည်းသော ဝင်ပါခွင့်ရှိတဲ့ မယ်တော်ကြီးချောင်ကလည်း ဘယ်တော့မှ ဝင်မရှုပ်ပါဘူး။

အနည်းငယ် စနောက်ပြီးနောက် လုမင်ယွိက ပြောလိုက်လေသည်။ "ရှင်နဲ့ တိုင်ပင်စရာ ကိစ္စတစ်ခု ရှိတယ်"

"သုံးနှစ် ဝမ်းနည်းခြင်း ကာလလည်း ကုန်ဆုံးသွားပြီဆိုတော့ လီထန်ကို နန်းတော်ထဲ ခေါ်ပြီး စာသင်ခိုင်းရင် ကောင်းမလားလို့"

ဒီသုံးနှစ်အတွင်းမှာ လျန်ရှီက အိမ်ပြင်မထွက်ခဲ့ဘူး။ မနှစ်က လီရှန်းတို့ လင်မယားကို နှုတ်ဆက်ဖို့ ထွက်ခဲ့တာကလွဲရင်ပေါ့။ လီထန်က အိမ်တော်ထဲမှာပဲ နေပြီး မိခင်ကို ပြုစုစောင့်ရှောက်ရင်း စာလေ့လာနေခဲ့တာ။ အိမ်တော်မှာ ဆရာခေါ်ပြီး သင်ပေးတယ် ဆိုပေမယ့် နန်းတော်ထဲက ဆရာကြီးတွေနဲ့တော့ ဘယ်ယှဉ်လို့ရမလဲ။

ပြီးတော့ ဒါက အရေးကြီးတဲ့ သင်္ကေတ တစ်ခုပဲ။ လီထန် နန်းတော်ထဲ ဝင်ထွက်ခွင့် ရတယ်ဆိုတာ အတိတ်က ကိစ္စတွေကို အပြီးတိုင် ကျေအေးလိုက်ပြီလို့ ဆိုလိုတာပဲ။

လီထန်အကြောင်း ပြောလိုက်တာနဲ့ သေဆုံးသွားတဲ့ လီယိနဲ့ ယုံးကျားဧကရာဇ်ကို သတိရမိစေတယ်။

လီကျင့်၏ မျက်ဝန်းထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ဖြတ်ပြေးသွားပြီး ခဏမျှ တိတ်ဆိတ်နေကာ ပြောလိုက်လေသည်။ "ကောင်းပြီလေ... ပြီးတော့ ဝူတိရဲ့ သား လီကျွယ်ကိုပါ တစ်ခါတည်း ခေါ်ပြီး စာသင်ခိုင်းလိုက်ပါ"

လုမင်ယွိက ခေါင်းညိတ်လိုက်လေသည်။ "ငါလည်း အဲဒီလို စိတ်ကူးထားတာ"

နယ်မြေကို ရောက်သွားတဲ့ လီချန်း၊ လီကျန်းနဲ့ လီဝေတို့ကို လီရှန်းတို့ လင်မယားက ဂရုစိုက်ပေးနေမှာပါ။ မြို့တော်မှာ ကျန်ခဲ့တဲ့ လီထန်နဲ့ လီကျွယ်ကတော့ လီကျင့်ရဲ့ တူတွေ ဖြစ်နေတာပဲ။ ဂရုစိုက်ပေးသင့်တာပေါ့။

သူတို့ကို နှစ်နည်းနည်းလောက် စာသင်ပေးပြီး အလုပ်အကိုင်လေး ဘာလေး ပေးလိုက်ရင် ကောင်းတာပေါ့။

......

လီကျင့်သည် မနက်ဖြန် ညီလာခံ တက်ရမည် ဖြစ်သဖြင့် မနက်မိုးမလင်းမီ နန်းတော်သို့ ပြန်သွားခဲ့သည်။

လီကျင့် တိတ်တဆိတ် ရောက်လာသည့် ကိစ္စကို လုလင်းမှလွဲ၍ ကျန်လူများက နောက်တစ်နေ့ကျမှ သိရှိကြလေသည်။

မနက်စောစောတွင် လုရွှမ်းသည် ကလေးတစ်သိုက်ကို ခေါ်ဆောင်ကာ မြင်းစီးအမဲလိုက် ထွက်သွားခဲ့သည်။ ယောက်ျားသားများက အလုပ်သွားကြသဖြင့် အိမ်တော်ထဲတွင် အမျိုးသမီးများသာ ကျန်ရစ်ပြီး လုမင်ယွိကို အဖော်ပြုပေးနေကြလေသည်။

ရှန်းလန်သည် လုမင်ယွိ၏ မက်မွန်ပွင့်ကဲ့သို့ လှပသော မျက်နှာကို ကြည့်ပြီး စနောက်လိုက်လေသည်။ "အရှင်မင်းကြီးက ညန်ညန်နဲ့ တစ်ရက်မှ မခွဲနိုင်ဘူး ထင်တယ်။ အိမ်ပြန်ရောက်တာ ပထမဆုံးရက်မှာပဲ လိုက်လာတော့တာပဲ"

"ဒီပုံစံအတိုင်းဆိုရင် နေ့တိုင်း လာမလား မသိဘူးနော်"

လုမင်ယွိက ဘာမှပြန်မပြောဘဲ ပြုံးနေလိုက်လေသည်။

တကယ် လာမှာလား။

လုမင်ဖန်တို့ကလည်း ဝိုင်းရယ်ကြလေသည်။

လုမင်ယွဲ့က အားကျစွာ ပြောလိုက်လေသည်။ "စစ်ကျဲနဲ့ စစ်ကျဲဖူတို့က အချစ်ဆုံးပဲ။ လီယန် ဆိုတဲ့ကောင်ကတော့လေ... မနေ့ညက စစ်တပ်ဌာနကို သွားပြီး ဘာတွေ လုပ်နေလဲ မသိဘူး။ တစ်ညလုံး ပြန်မလာဘူး"

လုမင်ယွိက ရယ်မောကာ "စစ်တပ်ဌာနက အခုတလော တပ်ရင်းတွေ နေရာချထားရေးအတွက် အလုပ်ရှုပ်နေတာလေ။ လီယန်က အလုပ်ရှုပ်နေလို့ပါ။ တကယ်လို့ သူ အပျော်အပါး လိုက်စားရင် ငါ့ကိုပြော... ငါကိုယ်တိုင် သူ့ခြေထောက်ကို ရိုက်ချိုးပေးမယ်"

လီကျင့် နန်းတက်တာ သုံးနှစ်ရှိပြီဆိုတော့ အာဏာခိုင်မြဲလာပြီ။ ဒီနှစ်မှာ စစ်တပ် ပြုပြင်ပြောင်းလဲရေး စတင်လုပ်ဆောင်နေပြီ။ အရင်တုန်းက ဒေသခံတွေ စစ်သားစုဆောင်းပြီး မြို့တော်က စစ်သူကြီးတွေ စေလွှတ်ပြီး အုပ်ချုပ်ခိုင်းတာ။ အဲဒီတော့ စာရင်းလိမ်ပြီး လစာထုတ်စားတာတွေ ရှိခဲ့တယ်။

အခုတော့ စစ်တပ်ဌာနက အမိန့်ထုတ်ပြီး တပ်ရင်းတွေကို လေ့ကျင့်ရေး ပိုလုပ်ခိုင်းတယ်။ သုံးနှစ်တစ်ခါ နေရာပြောင်းခိုင်းတယ်။ တပ်မှူးတွေကို မြို့တော်ကနေ တိုက်ရိုက် ခန့်အပ်တာမျိုး၊ ဒါမှမဟုတ် တပ်ရင်းထဲက အရာရှိငယ်တွေကို ရာထူးတိုးပေးတာမျိုး လုပ်ဆောင်နေတယ်။

ဒီအမိန့်ကြောင့် စစ်တပ်ဌာန တစ်ခုလုံး အလုပ်ရှုပ်နေကြတာ။ လီယန်က အနာဂတ် စစ်တပ်ဌာန ဒုတိယဝန်ကြီး ဖြစ်လာမယ့်သူဆိုတော့ အလုပ်ရှုပ်မှာပေါ့။

လုမင်ယွဲ့က ညည်းတွားရုံသာ ညည်းတွားလိုက်ခြင်း ဖြစ်သည်။ လုမင်ယွိ၏ စကားကို ကြားလိုက်ရသည့်အခါ ချက်ချင်း ပြန်ပြောလိုက်လေသည်။ "လီယန်က အပျော်အပါး မလိုက်စားပါဘူး။ အလုပ်ကြိုးစားပါတယ်"

လုမင်ယွိက သဘောကျကာ ရယ်မောလိုက်လေသည်။

ညနေစောင်းသောအခါ ကလေးများသည် သားကောင်များ သယ်ဆောင်ကာ ပြန်ရောက်လာကြလေသည်။

လီရွှီသည် မြင်းပေါ်မှ ခုန်ဆင်းလိုက်ပြီး တောဆိတ်တစ်ကောင်ကို ကိုင်ကာ လုမင်ယွိအား ပြသလိုက်၏။ "မူဟုပ်... ဒါ သားကိုယ်တိုင် ပစ်ထားတာ။ ဒီည မူဟုပ်အတွက် စားဖိုမှူးကို ကင်ခိုင်းလိုက်မယ်"

လုမင်ယွိက ပြုံးကာ ပြောလိုက်လေသည်။ "ကောင်းပြီ"

အိမ်ပြန်လာတာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါပဲ။

ရွှီအာကို ကြည့်ပါဦး... မျက်နှာလေး နီရဲပြီး ချွေးတွေ ထွက်နေပေမယ့် မျက်လုံးတွေက တောက်ပနေတာ။ ဒီအရွယ် ကလေးတစ်ယောက် ရှိသင့်ရှိထိုက်တဲ့ တက်ကြွလန်းဆန်းမှုမျိုး ရှိနေပြီ။

လီရွှမ်းကလည်း အမွှေးအမျှင် စုံလင်လှပသော တောကြက်တစ်ကောင်ကို ကိုင်ကာ ကြွားဝါလိုက်လေသည်။ "ဒီတောကြက်ကို ဟင်းရည်လုပ်သောက်ရင် အရမ်း ကောင်းမှာပဲ"

လီဟန်သည်လည်း ယုန်တစ်ကောင် ပွေ့ပိုက်ကာ ရောက်လာလေသည်။ "မူဟုပ်... သား ယုန်တစ်ကောင် ပစ်မိတယ်"

လုရွှမ်းက လုမင်ယွိကို မျက်စပစ်ပြလိုက်လေသည်။ လုမင်ယွိ သေချာကြည့်လိုက်တော့ ယုန်က မြားနှစ်စင်း ထိထားတာ တွေ့လိုက်ရတယ်။

သို့ပေသိ ဒါက လီဟန်၏ ပျော်ရွှင်မှုကို မထိခိုက်စေချေ။

လုမင်ယွိက ပြုံးလိုက်တော့သည်။ "ဒီလောက် အကောင်တွေ အများကြီး ရထားတာဆိုတော့ ဒီည ငါတို့ စားတော်ပွဲပြီး တွေ့တော့မှာပေါ့"

...

အပိုင်း (၇၂၅) ဖခင်မေတ္တာ (ဇာတ်သိမ်း)

ထိုနေ့ညတွင် လုအိမ်တော်အတွင်း၌ အသားကင်နံ့များ သင်းပျံ့လျက်ရှိလေသည်။

လီကျင့် ရောက်ရှိလာချိန်တွင် လူတိုင်းက အရက်သုံးခွက်ခန့် သောက်ထားပြီး ပျော်ရွှင်စွာ စားသောက်နေကြသည်။

လီကျင့်သည် သာမန်ဝတ်စုံကို ဝတ်ဆင်ထားပြီး အရိုအသေပြုရန် ပြင်နေသော လူများကို ပြုံးကာ တားဆီးလိုက်လေသည်။

"ဂါရဝပြုမနေပါနဲ့တော့။ ဆက်ပြီး စားသောက်ကြပါ" ဟုပြောကာ လုမင်ယွိ၏ ဘေးတွင် ဝင်ထိုင်လိုက်လေသည်။

လီရွှီသည် အသားကင်ပန်းကန် တစ်ချပ်ကို ကိုင်ကာ လျှောက်လာပြီး ပြုံးလျက် ပြောလိုက်၏။ "ဖုဟွမ်... ဒါက သားကိုယ်တိုင် ပစ်ထားတဲ့ တောဆိတ်သားလေ။ ထင်းရှူးကိုင်းနဲ့ ကင်ထားတာဆိုတော့ မွှေးနေတာပဲ။ မြည်းကြည့်ပါဦး"

လီရွှီ၏ မျက်နှာလေးက တောက်ပနေသည်ကို တွေ့လိုက်ရသည့်အခါ လီကျင့်သည် ပျော်ရွှင်သွားပြီး ပြုံးကာ ပြောလိုက်တော့သည်။ "မမြည်းကြည့်လည်း သိပါတယ်။ ဒါက လောကမှာ အကောင်းဆုံး အရသာပဲ နေမှာ"

လီရွှီသည် ဖခင်၏ ချီးကျူးစကားကြောင့် မျက်နှာလေး နီရဲသွားလေသည်။

လီရွှမ်းသည်လည်း အားကျမခံ ကြက်ပေါင်းဟင်းရည် တစ်ခွက်ကို ကိုင်ကာ လျှောက်လာလေသည်။ "ဖုဟွမ်... ဒါက သမီး ပစ်ထားတဲ့ တောကြက်လေ။ ဟင်းရည်က အရမ်းချိုတာ။ သောက်ကြည့်ပါဦး"

လီကျင့်သည် သမီးဖြစ်သူ၏ စကားကြောင့် ကျေနပ်သွားပြီး တစ်ငုံသောက်ကြည့်လိုက်ရာ တကယ်ပင် အရသာရှိလှသည်။

ထို့နောက် လီဟန်သည်လည်း ယုန်သားကင် တစ်ပန်းကန် ကိုင်ကာ ရောက်လာလေသည်။ "ဖုဟွမ်... ဒါက သားပစ်ထားတဲ့ ယုန်သား။ သားကိုယ်တိုင် ကင်ထားတာ"

ယုန်သားကင်က မည်းတူးနေပြီး တူးနံ့တောင် ရနေတယ်။

လီကျင့်သည် သားသမီးများကို အလိုလိုက်တတ်သူ ဖြစ်သော်လည်း ဤယုန်သားကင်ကို စားရမလား မစားရဘူးလား တွေးနေမိသည်။ လီဟန်က မျက်လုံးလေး ကလယ်ကလယ်ဖြင့် ကြည့်နေလေ၏။ "ဖုဟွမ်... ဘာလို့ မစားတာလဲ"

လီရွှမ်းက ပါးစပ်ပိတ်ကာ ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။ "မောင်လေးက အသားမကင်တတ်ဘဲ ဇွတ်ကင်တာလေ။ အပုံလိုက်ကြီး ကင်ထားတာ ဘယ်သူမှ မစားကြဘူး။ အခု ဖုဟွမ်ကို လာချွဲပြီး စားခိုင်းနေတာ"

လီဟန်သည် ရှက်သွားပြီး ပြန်အော်လေသည်။ "ဘယ်သူပြောလဲ။ ခုနက လျို့ရှူးတောင် အများကြီး စားသွားသေးတယ်"

လုရွှမ်းသည် ဘယ်အချိန်က ရောက်လာမှန်းမသိဘဲ အားနည်းသော အသံဖြင့် ဝင်ပြောလိုက်လေသည်။ "နှစ်ချောင်းပဲ စားရသေးတယ်။ အိမ်သာ သုံးခေါက်လောက် ပြေးလိုက်ရပြီ။ ယုန်သားစားချင်တဲ့သူ ရှိရင် သမားတော်ဆီက ဝမ်းပိတ်ဆေး အရင်တောင်းထားကြနော်"

လူတိုင်း တဟားဟား ရယ်မောလိုက်ကြလေသည်။

လီဟန်သည် ငယ်သေးသော်လည်း သိက္ခာကို တန်ဖိုးထားသူ ဖြစ်သဖြင့် အလှောင်ခံရသည့်အခါ မျက်ရည်ဝဲလာလေသည်။

လီကျင့်သည် သားဖြစ်သူကို သနားသွားပြီး အံကြိတ်ကာ ယုန်သားကင် ပန်းကန်ကို ယူလိုက်လေသည်။ ထို့နောက် အားပါးတရ စားသောက်ရင်း ချီးကျူးလိုက်လေသည်။ "ယုန်သားက မွှေးလိုက်တာ။ ဟန်အာရဲ့ လက်ရာက တော်တော်ကောင်းတာပဲ"

လီဟန်သည် အင်္ကျီလက်စဖြင့် မျက်ရည်များကို သုတ်လိုက်ပြီး တိုးတိုးလေး မေးလိုက်လေသည်။ "တကယ် ကောင်းတာလား"

အပြင်က တူးနေပြီး အထဲက မကျက်သေးဘူး။ ဆားကလည်း တစ်နေရာမှာ ငန်လိုက်၊ တစ်နေရာမှာ ပေါ့လိုက်နဲ့။ လီကျင့်ကတော့ မျက်နှာမပျက်ဘဲ ကုန်အောင် စားပြလိုက်သည်။

လုမင်ယွိသည် ရယ်ချင်သလို သနားသလို ဖြစ်သွားပြီး ချီယွင်ကို မျက်စပစ်ပြလိုက်လေသည်။ ချီယွင်သည် သဘောပေါက်စွာဖြင့် သမားတော်ဆီကနေ အစာကြေဆေး သွားတောင်းပေးလေသည်။

ဆေးသောက်တာ အချိန်မီသွားလို့ တော်သေးသည်။ မဟုတ်လျှင်တော့ လီကျင့်တစ်ယောက် တစ်ညလုံး အိမ်သာတက်ရပြီး မနက်ဖြန် ညီလာခံတက်နိုင်မှာ မဟုတ်ပေ။

"အရှင်မင်းကြီးက ကလေးတွေကို အလိုလိုက်လွန်းတယ်" ရှန်းလန်က ပြုံးကာ ပြောလိုက်လေသည်။ "လျို့တိတောင် ဝမ်းသွားနေတာကို အရှင်မင်းကြီးက သိရက်နဲ့ ကုန်အောင် စားလိုက်သေးတယ်"

လုမင်ယွိကလည်း သက်ပြင်းချလိုက်လေသည်။ "မနေ့ညက ကလေးတွေ အိပ်ပျော်သွားတော့ သူ ဆေးသုံးလုံးလောက် သောက်လိုက်ရတယ်။ ညဘက် လေးငါးခါလောက် ထရတယ်။ မနက်ကျတော့ ခြေထောက်တောင် မခိုင်ချင်တော့ဘူး"

"ကျွန်မလည်း သူ့ကို ပြောလိုက်တယ်။ နောက်ဆို ကလေးတွေကို အရမ်း အလိုမလိုက်ပါနဲ့လို့"

လီကျင့်က ပြုံးကာ ပြန်ပြောလိုက်လေသည်။ "ရှောင်ယွိ... ဖုဟွမ်က ကိုယ့်ကို သိပ်မချစ်ဘူးလေ။ ငယ်ငယ်တုန်းက ကိုယ် ဝမ်းနည်းခဲ့ရဖူးတယ်။ ဖုဟွမ်ရဲ့ အချစ်ကို ရဖို့အတွက် အရာရာ ကြိုးစားခဲ့ရတယ်။ ဒါပေမဲ့ ဖုဟွမ်က သာ့ကောနဲ့ စန်းတိတို့ကိုပဲ ပိုချစ်ခဲ့တာ"

"ဖခင်တစ်ယောက်ရဲ့ လစ်လျူရှုခြင်းကို ခံရတာ ဘယ်လောက် နာကျင်ရလဲဆိုတာ ကို သိတယ်။ ဒါကြောင့် ကို့သားသမီးတွေကို အဲဒီလို မခံစားစေချင်ဘူး"

လီကျင့်က ထိုအကြောင်း ပြောနေစဉ်တွင် သူ့မျက်လုံးထဲမှာ မျက်ရည်များ ဝဲနေသည်ကို တွေ့လိုက်ရသည်။

တချို့ဒဏ်ရာတွေက ဘယ်တော့မှ မကျက်သေးပါဘူး။

သူ မရခဲ့တဲ့ ဖခင်မေတ္တာကို သူ့သားသမီးတွေကို အပြည့်အဝ ပေးချင်နေတာပါ။

လုမင်ယွိသည် ရင်ထဲတွင် စိုစွတ်သွားပြီး ဘာမှ ဆက်မပြောတော့ပေ။

ဤအကြောင်းအရာများကို လုမင်ယွိသည် လူရှေ့တွင် ထုတ်ပြောမည် မဟုတ်ပေ။ ရှန်းလန်သည်လည်း စကားလမ်းကြောင်း လွှဲလိုက်လေသည်။ "လျို့တိက ဒီနေ့လည်း ကလေးတွေကို ခေါ်ပြီး မြင်းစီးထွက်သွားပြန်ပြီ"

"သူတို့က စာသင်နေရလို့ မနားရတာ ကြာပြီလေ။ အခုမှ အပြင်ထွက်ခွင့်ရတာဆိုတော့ ကစားပါစေလေ" လုမင်ယွိက ပြုံးကာ ပြောလိုက်လေသည်။

ရှန်းလန်က သက်ပြင်းချလိုက်ကာ "ဟုတ်ပါရဲ့။ သားလေးက နန်းတော်ထဲမှာ အတန်းဖော် လုပ်နေရတာဆိုတော့ အိမ်စာတွေ များတယ်လို့ ညည်းနေတယ်။ ထိုက်ဇီဆိုရင် သူ့ထက် နှစ်ဆ ပိုများတယ်တဲ့။ တကယ် ပင်ပန်းတဲ့သူက ထိုက်ဇီပါ"

သရဖူ ဆောင်းချင်ရင်တော့ အလေးချိန်ကို ခံနိုင်ရမှပေါ့။

ထိုက်ဇီ ဖြစ်ရတာ လွယ်ကူတဲ့ ကိစ္စ မဟုတ်ပါဘူး။

လုမင်ယွိက သက်ပြင်းချလိုက်လေသည်။ "ကျွန်မလည်း ရွှီအာကို သနားပါတယ်။ အရှင်မင်းကြီးနဲ့ တိုင်ပင်ပြီးပြီ။ ဒီတစ်ခေါက် ပြန်ရောက်ရင် သူ့ရဲ့ အိမ်စာတွေကို လျှော့ခိုင်းလိုက်မယ်"

ရှန်းလန်က ထောက်ခံလိုက်သည်။ "ရှေ့လျှောက် နေ့ရက်တွေ အများကြီး ကျန်ပါသေးတယ်။ အရမ်း လောမနေပါနဲ့"

လုမင်ဖန်းက ရုတ်တရက် ပြုံးကာ ပြောလိုက်လေသည်။ "ဒီရက်ပိုင်း ကျွန်မ အကဲခတ်မိသလောက်ဆိုရင် ထိုက်ဇီနဲ့ ဖန်းမိသားစု သမီးလေးက တော်တော် ရင်းနှီးနေကြတယ်နော်"

လီရွှမ်းနဲ့ လုစစ်ယွမ်တို့ မောင်နှမဝမ်းကွဲ နှစ်ယောက်လည်း ရင်းနှီးကြပါတယ်။ မကြာခဏဆိုသလို အတူတူ ကစားကြပြီး စကားတွေ ပြောနေကြတာ။

ကလေးတွေက ငယ်သေးတော့ အချစ်အကြောင်း နားမလည်ကြသေးပါဘူး။ ဒါပေမဲ့ ငယ်ငယ်ကတည်းက အတူကြီးပြင်းလာကြတာ ဆိုတော့ သံယောဇဉ်က တခြားသူတွေနဲ့ မတူဘူးပေါ့။

လုမင်ယွိသည် ပြုံးလိုက်ပြီး ရှန်းလန်ကို ကြည့်လိုက်ကာ ပြောလိုက်လေသည်။ "ကလေးတွေက ငယ်ပါသေးတယ်။ စောင့်ကြည့်ကြတာပေါ့"

လုမင်ဖန်းကလည်း သဘောပေါက်စွာ ပြုံးလိုက်လေသည်။

ရှင်းယန်ဝမ်အိမ်တော်က ချမ်းသာကြွယ်ဝပြီး အာဏာရှိတယ်။ နောက်ထပ် သမက်တစ်ယောက် ထပ်ရရင် လုမိသားစုအတွက် ကောင်းတာပေါ့။

ဒါပေမဲ့ ဒါကလည်း ကလေးတွေရဲ့ သဘောထားအပေါ် မူတည်ပါတယ်။ လုမင်ယွိက သူ့သမီးကို အတင်းအကျပ် စီစဉ်ပေးမယ့်သူ မဟုတ်ပါဘူး။

......

လုအိမ်တော်တွင် ဆယ်ရက်ခန့် နေထိုင်ပြီးနောက် လုမင်ယွိသည် ကလေးများကို ခေါ်ဆောင်ကာ နန်းတော်သို့ ပြန်လာခဲ့လေသည်။

မယ်တော်ကြီးချောင်သည်လည်း ချောင်အိမ်တော်မှ ပြန်ရောက်လာပြီ ဖြစ်သည်။ အိမ်ပြန်ပြီး မိသားစုနှင့် တွေ့ဆုံခဲ့ရသဖြင့် မယ်တော်ကြီးချောင်သည် စိတ်ပျော်ရွှင်နေပြီး ပိုမို နုပျိုလန်းဆန်းလာသည့်နှယ်။

လုမင်ယွိသည် ကလေးများကို ခေါ်ဆောင်ကာ ယုံမေ့နန်းဆောင်သို့ သွားရောက် ဂါရဝပြုလေသည်။ မယ်တော်ကြီးချောင်က ပြုံးရွှင်စွာ ပြောလိုက်လေသည်။ "အိုက်ကျားက မြေးတွေကို လွမ်းနေတာ။ ဒီည ယုံမေ့နန်းဆောင်မှာပဲ ညစာစားကြမယ်။ အရှင်မင်းကြီးကိုပါ ဖိတ်လိုက်မယ်"

လုမင်ယွိက လက်ခံလိုက်သည်။

ညစာစားပြီးနောက် လင်မယားနှစ်ယောက်သည် ကလေးများကို ခေါ်ဆောင်ကာ ပြန်လာခဲ့ကြလေသည်။

လီရွှီသည် တက်ကြွလန်းဆန်းနေပြီး လီကျင့်ကို ပြောလိုက်၏။ "ဖုဟွမ်... မနက်ဖြန် သား စာသင်ဆောင်ကို သွားတက်တော့မယ်။ အိမ်စာတွေ လျှော့စရာ မလိုပါဘူး။ သား ကြိုးစားပြီး လေ့လာပါ့မယ်။ ဖုဟွမ်ကို စိတ်ပျက်အောင် မလုပ်ပါဘူး"

လရောင်အောက်တွင် လီရွှီ၏ မျက်ဝန်းများသည် တောက်ပနေပြီး ယုံကြည်မှုများ ပြည့်နှက်နေလေသည်။

လီကျင့်က ပြုံးလိုက်ပြီး သားဖြစ်သူ၏ ပခုံးကို ပုတ်ပေးလိုက်ကာ "ဖုဟွမ် မင်းကို ယုံပါတယ်။ တကယ်လို့ မင်း ပင်ပန်းတယ်လို့ ခံစားရရင် မျိုသိပ်မထားနဲ့။ ဖုဟွမ်ကို ပြောပြ။ ဖုဟွမ် အကုန် ဖြည့်ဆည်းပေးမယ်"

ဖခင်ဖြစ်သူ၏ မျက်လုံးထဲတွင် ချစ်ခင်မှုနှင့် ဂုဏ်ယူမှုများ ပြည့်နှက်နေလေသည်။

လီရွှီသည် ရင်ထဲတွင် နွေးထွေးသွားပြီး ရင်ကော့ကာ ဖြေလိုက်လေသည်။ "ဟုတ်ကဲ့ ဖုဟွမ်... သား မှတ်ထားပါ့မယ်"

ဖုဟွမ်က ငါ့အပေါ် တကယ်ကောင်းတာပဲ။

လီရွှမ်းနှင့် လီဟန်တို့သည် အားကျမခံ တိုးဝင်လာကြလေသည်။ လီကျင့်သည် ရယ်မောကာ တစ်ယောက်ချင်းစီကို ချော့မော့လိုက်လေသည်။ လီဟန်က အိပ်ချင်ပြီဟု ပြောလာသဖြင့် လီကျင့်သည် သားဖြစ်သူ လေးလံသည်ကို ဂရုမစိုက်ဘဲ ပွေ့ချီလိုက်လေသည်။

လုမင်ယွိသည် ထိုမြင်ကွင်းကို ကြည့်ရင်း ပြုံးလိုက်မိလေသည်။

ထို့နောက် သူမသည် ရှေ့တိုးသွားပြီး လီကျင့်၏ လက်မောင်းကို တွဲလိုက်လေသည်။

မိသားစုငါးယောက်သည် လရောင်အောက်တွင် လျှောက်လှမ်းသွားကြလေသည်။ ပျော်ရွှင်ဖွယ် ရယ်သံများသည် လရောင်အောက်တွင် ပျံ့လွင့်နေပြီး အချိန်အတော်ကြာသည်အထိ ပျောက်ကွယ်မသွားဘဲ ကျန်ရစ်နေလေတော့သည်။

...

(ပြီးပါပြီ)

…

All Chapters