← Chapters

အခန်း (၁၁၇၉-၁၁၈၀)

Vol. 68 Ch. 1179-1180

အခန်း (၁၁၇၉-၁၁၈၀)

Vol. 68 Ch. 1179-1180

အပိုင်း (၁၁၇၉)

ဤတောင်းဆိုမှုသည် လွန်ကဲလှသည်။ ဤသည်ကိုပင် သူက သဘောတူသည်လား။ ထိုအရာသည် မဟာဗျူဟာမြောက် အရင်းအမြစ်ဖြစ်ပြီး ရှမ့်လန်က အကုန်လုံးကို တစ်ဦးတည်းပိုင် သိမ်းပိုက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ရှမ့်လန်က ထပ်မံ ပြောလိုက်ပြန်၏။ “အခု တော်ဝင်ရန်အင်ပါယာနဲ့ ချန်အင်ပါယာတို့က ရေနဲ့မီးလို ဖြစ်နေကြပြီ။ ချန်မြို့တော်က တော်ဝင်ရန်အင်ပါယာနဲ့ သိပ်နီးကပ်လွန်းတယ်။ အဲဒီမှာ တပ်စွဲထားတဲ့ စစ်သည် အင်အားက ငါးသောင်းပဲ ရှိတယ်။ လေကြောင်းတပ်ဖွဲ့လည်း အားနည်းနေတယ်။ ဒါက အားနည်းချက် ဖြစ်နေတယ်။ ချန်မြို့တော်ဆီကို နှင်းသိန်းငှက် အကောင်တစ်ထောင် ချက်ချင်း ပို့ဆောင်ပေးပြီး စစ်သေနာပတိ ချောင်ယောင်းအာ လက်ထဲ အပ်နှံလိုက်ပါ။”

ရှမ့်လန် တောင်းဆိုသည်မှာ များလွန်းနေပြီ ဖြစ်၏။ နှင်းသိန်းငှက် တစ်ထောင်ဆိုသည်မှာ မည်မျှကြီးမားသော စစ်အင်အား ဖြစ်သနည်း။ စေတီတောင် လေကြောင်းတပ်ဖွဲ့၏ တစ်စိတ်တစ်ဒေသနီးပါး ရှိပေသည်။ ရှမ့်လန်က ယင်းတို့ကို ချန်မြို့တော်သို့ ပို့ဆောင်ရန် ပေါ့ပေါ့ပါးပါးပင် တောင်းဆိုလိုက်ခြင်း ဖြစ်၏။ အကယ်၍ ပို့လိုက်ပါက စေတီတောင်သည် ယင်းတို့ကို ဘယ်သောအခါမှ ပြန်ရတော့မည် မဟုတ်ပေ။

သို့သော်ငြား နောက်ဆုံးတွင် ဂိုဏ်းချုပ်ရန်သည် တုံ့ဆိုင်းခြင်းမရှိဘဲ ဦးတိုက်လိုက်သည်။ “အရှင် အလိုတော်အတိုင်းပါ။”

ထို့နောက် တစ်နာရီအကြာတွင် နှင်းသိန်းငှက် တစ်ထောင်သည် ချန်မြို့တော် ဦးတည်ရာ ကောင်းကင်ယံသို့ ပျံတက်သွားကြ၏။ ၎င်းတို့အပေါ်တွင် အထူးစစ်သည်များ ပါမသွားဘဲ နှင်းသိန်းငှက်များကို ထိန်းကျောင်းမည့် လေကြောင်းသားရဲစီးတပ်သား တစ်ရာကျော်သာ လိုက်ပါသွားကြသည်။ ဤအရာသည် အလွန်တရာ တုန်လှုပ်ဖွယ်ရာ ကောင်းလွန်းလှ၏။

သူတို့တွေက ရုပ်သေးရုပ်တွေများ ဖြစ်နေကြသည်လား။ ရှမ့်လန် ပြောသမျှ စကားတိုင်းသည် အင်ပါယာ၏ အမိန့်တော်သဖွယ် ဖြစ်နေ၏။ စေတီတောင်သည် မည်သည့် သံသယမှ မရှိဘဲ လိုက်နာဆောင်ရွက်နေပြီး ရှောင်လွှဲရန်လည်း မကြိုးစားပေ။

ထို့အပြင် နံနက်ခင်း ညီလာခံသည် မကြုံစဖူး တရားဝင် ဖြစ်လွန်းလှသည်။ သူတို့သည် နန်းတွင်းရေးရာ များကို အမှန်တကယ် ဆွေးနွေးနေကြခြင်း ဖြစ်၏။ ဂိုဏ်းချုပ်ရန်သည် စေတီတောင် ကာကွယ်ရေး၊ တောင်ပင်လယ်ဒေသမှ အမှောင်ရဲတိုက်ကြီးအကြောင်း၊ လျှို့ဝှက်စခန်းနှင့် ငရဲတပ်တော်သစ် လေ့ကျင့်ရေး ကိစ္စရပ်များကို အစီရင်ခံ တင်ပြသည်။

သူ လူသိရှင်ကြား ပြောနိုင်သည်များကို ပြောပြ၏။ မပြောနိုင်သည်များကို စာလွှာ ရေးသားတင်ပြ၏။ ထို့ကြောင့် ဂိုဏ်းချုပ်ရန် ... မဟုတ်သေးပေ … မဟာဆရာသခင်ရန်သည် နံနက်ခင်း ညီလာခံတွင် လေးနာရီ ကြာအောင် စာလွှာများ ဆက်တိုက် တင်သွင်းနေခဲ့၏။

သူက မည်ကဲ့သို့ သဘာဝလွန် အင်အားစုတစ်ခု၏ ဂိုဏ်းချုပ် ဖြစ်နိုင်ပါ့မည်နည်း။ သူသည် ချန်အင်ပါယာ၏ ကျောထောက်နောက်ခံ အမတ်ကြီးတစ်ဦးနှင့်ပင် တူနေ၏။ သူသည် ဆော့ရွှမ်းထက်ပင် ဝန်ကြီးချုပ် ပီသနေသေး၏။ ဤညီလာခံသည် နေ့လယ်အထိ ကြာမြင့်ခဲ့သော်လည်း မပြီးဆုံးသေးချေ။

“အရှင်... ကျုပ်ဆီမှာ နောက်ဆုံး စာလွှာတစ်စောင် ရှိပါသေးတယ်။” ဂိုဏ်းချုပ်ရန်က ပြောလိုက်သည်။

“ပြောပါ။”

ဂိုဏ်းချုပ်ရန်က ဆက်လက် လျှောက်တင်၏။ “ဝူ၊ ချောင်နဲ့ ရွှဲ့ပြည်နယ်တွေရဲ့ အတွင်းဝန်ရုံးတွေနဲ့ အတိုင်ပင်ခံရုံးတွေက သူတို့ရဲ့ အဓိကအရာရှိတွေကို နုရှောင့်မြို့ဆီ လေ့ကျင့်ရေးအတွက် စေလွှတ်ကြပါ လိမ့်မယ်။ အင်ပါယာ ကျန်းလီက ယဉ်ကျေးမှုကို ဖွင့်လှစ်ပေးချင်ကြောင်း မိန့်ကြားခဲ့ဖူးပါတယ်။ နုရှောင့်မြို့က ရှေ့တန်းရောက်နေပြီး နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲနေတယ်။

တစ်ဖက်မှာတော့ ကျုပ်ရဲ့ စေတီတောင်နန်းဆောင်က အတိုင်းအတာ တစ်ခုအထိ ရှေးရိုးစွဲ ဆန်နေပါသေးတယ်။ ကျုပ်တို့ရဲ့ အရာရှိတချို့က အခုမှ အထောက်အထား ပြောင်းလဲထားကြတာဖြစ်ပြီး စည်းမျဉ်းစည်းကမ်းဟောင်း တွေကို ဖက်တွယ်ထားကြတုန်းပါပဲ။ ဒါကြောင့် စေတီတောင်က လူငယ်အရာရှိ တစ်သုတ်ကို နုရှောင့်မြို့ဆီ စေလွှတ်ပြီး ပညာသင်ယူ လေ့ကျင့်စေချင်ပါတယ်။”

သူက ထိုသုံးနိုင်ငံကို ပူးပေါင်းစေရုံသာမက တစ်သားတည်း ဖြစ်စေချင်နေသည်လား။ သူသည် စေတီတောင်ကို ချန်အင်ပါယာ အတွင်းသို့ ပေါင်းစည်းပစ်လိုပုံ ရ၏။

“ခွင့်ပြုတယ်။” ရှမ့်လန်က ပြောလိုက်သည်။

“ကျေးဇူးကြီးမားလှပါတယ် အရှင်။” ဂိုဏ်းချုပ်ရန်က ဆို၏။

ရှမ့်လန်က မေးလိုက်သည်။ “ရန်ယင်ယင်... ဘယ်အချိန် လာမှာလဲ။”

“သခင်မလေးက မနက်ဖြန် မနက်လောက်ဆိုရင် စေတီနန်းဆောင်ဆီ ပြန်ပို့လာလောက်ပါပြီ။” ဂိုဏ်းချုပ်ရန်က ဖြေကြား၏။

သူသည် သူမကို ခေါ်ဝေါ်သည့်ပုံစံကို တိုက်ရိုက် ပြောင်းလဲလိုက်ပြီး ရန်ယင်ယင်ဟု မခေါ်တော့ချေ။ သမီးတော်ဟုလည်း မသုံးနှုန်းတော့ဘဲ “သခင်မလေး” ဟုသာ သုံးနှုန်းတော့သည်။ ဤသည်မှာ ရှမ့်လန်၏ မြင့်မြတ်သော အဆင့်အတန်းကို အလေးပေးသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ ဤဂိုဏ်းချုပ်ရန်သည် ဘာကိုများ ကြိုးစား လုပ်ဆောင်နေသနည်း။

… …

နေလုံးကြီးသည် အနောက်ဘက်သို့ ဝင်ရောက်သွားခဲ့လေပြီ။ စေတီတောင်၏ လျှို့ဝှက် မြေအောက်လှိုဏ်ဂူ အတွင်း၌ဖြစ်၏။ ထိုနေရာသည် အလွန်တရာ နက်ရှိုင်းသော မြေအောက်လှိုဏ်ဂူတစ်ခု ဖြစ်ပြီး ဂိုဏ်းချုပ်ရန် တစ်ဦးတည်းသာ ဝင်ရောက်နိုင်သည့် တားမြစ်နယ်မြေ တစ်ခုလည်း ဖြစ်၏။

အနက်ရှိုင်းဆုံး လျှို့ဝှက်အခန်းသို့ ရောက်ရှိပြီးနောက် သူသည် ကျောက်တံခါးကို ဖွင့်လိုက်၏။ အတွင်း၌ လူငယ်အလောင်းတစ်ခု လဲလျောင်းနေသည်။ ထိုအလောင်းသည် အပြည့်အဝ အေးခဲနေပြီး အလွန် ရင်းနှီးသော ချောမောသည့် မျက်နှာသွင်ပြင် ရှိသည်။

ဤနေရာရှိ အပူချိန်သည် အလွန် နိမ့်ကျလှ၏။ ဂိုဏ်းချုပ်ရန်သည် မှန်ကြီးတစ်ချပ်ကို ထုတ်ယူကာ သူ့ကိုယ်သူ ပြန်ကြည့်လိုက်သည်။ သူသည် ချန်အင်ပါယာ၏ မဟာဆရာသခင် ဝတ်ရုံကို ချွတ်လိုက်၏။ ထို့နောက် ပိုးသား အတွင်းခံကို ချွတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို ဖော်ထုတ်လိုက်၏။

သူသည် အသက် ၇၀ ကျော်နေပြီ ဖြစ်သော်လည်း အသက် ၄၀၊ ၅၀ အရွယ်ခန့်သာ ထင်မှတ်ရ၏။ နောက်ထပ် ဆယ်စုနှစ် အနည်းငယ်ခန့် ဆက်လက် အသက်ရှင်နိုင်ဦးမည့်ပုံ ပေါက်နေ၏။ သို့သော်ငြား ဝတ်ရုံအောက်မှ သူ၏ ခန္ဓာကိုယ်သည် ကြည့်ရဆိုးဝါးလွန်းလှသည်။ သူ၏ ရင်ဘတ်နှင့် ဝမ်းဗိုက်တို့သည် မဲနက်ပုပ်သိုးနေပြီး ပေါက်ထွက်တော့မည့်အတိုင်း ရှိနေ၏။ ထို့အပြင် အသားများ ပုပ်သိုးနေခြင်း မဟုတ်ပေ။ ပြည်တည်ခြင်း၊ အနာဖြစ်ခြင်းမျိုး မရှိဘဲ သက်သက်မဲ့ မဲနက်ပုပ်သိုးနေခြင်းသာ ဖြစ်သည်။

ဂိုဏ်းချုပ်ရန်သည် သူ၏ ပုပ်သိုးနေသော ရင်ဘတ်နှင့် ဝမ်းဗိုက်ကို နာကျင်စွာ ကြည့်လိုက်၏။ သူက တုန်တုန်ယင်ယင်ဖြင့် မေးလိုက်၏။ “နောင်တော် ကျိခုန်း... ကျုပ် ဘယ်လောက်အထိ အသက်ရှင်နိုင်အုံးမှာလဲ။”

… …

ချောမောသော မျက်နှာထားနှင့် ထိပ်ပြောင်လူတစ်ဦးသည် အမှောင်ထုထဲမှ ထွက်ပေါ်လာခဲ့၏။ သူသည် ရှန့်ကုန်းဘုရားကျောင်း၏ ကျောင်းထိုင်ဖြစ်ပြီး တော်ဝင်ကပ်ဘေးနန်းဆောင်၏ နောက်ဆုံးကျန်ရစ်သူ ဉာဏ်ကြီးရှင် ကန်ဝမ်ပင် ဖြစ်၏။

သူသည် ဂိုဏ်းချုပ်ရန်၏ မေးခွန်းကို တိုက်ရိုက် မဖြေကြားချေ။ ထိုအစား သူက လူငယ်အလောင်းနားသို့ လျှောက်သွားပြီး နှလုံးသားနေရာရှိ အပေါက်ကို လက်ဖြင့် ဖွဖွလေး ထိုးကြည့်လိုက်သည်။ ထို့နောက် တိုးညှင်းစွာ သက်ပြင်းချလိုက်မိ၏။

“ဒီမြွေငယ်လေးက ရေနဂါးအဖြစ် ပြောင်းလဲသွားပြီး ရုတ်တရက် သေဆုံးသွားရတာ နှမြောစရာ ကောင်းတယ်။ သူ့ရဲ့ အံ့ဖွယ်ကောင်းတဲ့ ဘဝက ရုတ်တရက် နိဂုံးချုပ်သွားသလိုပါပဲ။”

ကန်ဝမ်က ဆက်ပြောလိုက်သည်။ “ရင်ဝူမင် သေဆုံးသွားချိန်မှာ ရင်ကလန်က သူတို့ရဲ့အခွင့်အရေးကို ဆုံးရှုံးလိုက် တာပဲ။ ရင်ကွမ်းက သိုင်းပညာမှာ ပိုသန်မာပေမဲ့ တခြားကဏ္ဍတွေမှာတော့ ရင်ဝူမင်ထက် အများကြီး နိမ့်ကျတယ်။”

ဂိုဏ်းချုပ်ရန်က မကျေမနပ်ဖြင့် ပြောလိုက်၏။ “နောင်တော် ကျိခုန်း... ကျုပ် မေးနေတာက ကျုပ် ဘယ်လောက် အသက်ရှင်ရအုံးမှာလဲလို့ပါ။”

ကန်ဝမ်က ဖြေလိုက်သည်။ “တစ်နှစ်လောက် ရှိမှာပေါ့။ ညီလေးရန်... မင်း ရထားတာနဲ့ ရောင့်ရဲသင့်ပါတယ်။ မင်းက လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်တည်းက သေဆုံးသင့်ခဲ့တာပါ။ ဒါပေမဲ့ အခုချိန်ထိ အသက်ရှင်နေနိုင်ခဲ့တယ်။ မင်းက အချိန်ကာလ နှစ် ၃၀ ကျော်ကို ခိုးယူထားပြီးပြီပဲ။”

ထို့နောက် သူ၏မျက်လုံးများက ရင်ဝူမင်၏ အလောင်းပေါ်သို့ ကျရောက်သွားပြန်ပြီး ထပ်မံ ပြောဆိုလိုက် ပြန်သည်။ “နှမြောစရာ... နှမြောစရာ ကောင်းလိုက်လေခြင်း။”

ဂိုဏ်းချုပ်ရန်က ဆိုလိုက်၏။ “ကန်ဝမ်... ခင်ဗျား ပြီးခဲ့တဲ့တစ်ခေါက်က ပေးခဲ့တဲ့ ဝိညာဉ်ဆေးကြောခြင်း အစီအရင် အကြောင်းလေ။”

ကန်ဝမ်က ပြောလိုက်သည်။ “ပြဿနာ မရှိပါဘူး။ မင်း အောင်မြင်ခဲ့တယ် မဟုတ်လား။ ရှမ့်လန်ရဲ့ လက်အောက်ငယ်သား နာကျည်းမှုကို လမ်းလျှောက်အလောင်းကောင်အဖြစ် ပြောင်းလဲနိုင်ခဲ့တယ် မဟုတ်လား။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တုန်းကလည်း မင်းရဲ့ မိန်းမကို လမ်းလျှောက်အလောင်းကောင်အဖြစ် အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့တာပဲ။ အစပိုင်းတုန်းက ငါ ပေးခဲ့တဲ့ စိတ်စွမ်းအင်ကျင့်စဉ်နဲ့ နောက်ပိုင်းပေးတဲ့ ဝိညာဉ်ဆေးကြောခြင်း အစီအရင်တွေမှာ ဘာပြဿနာမှ မရှိပါဘူး။”

ဂိုဏ်းချုပ်ရန်က ပြောလိုက်၏။ “ဒါပေမဲ့ ကျုပ် ရှမ့်လန်ရဲ့ မှတ်ဉာဏ်ကို ဖျက်ဆီးပြီး သူ့စိတ်ကို ဖျက်ဆီးဖို့ ကျရှုံးခဲ့တယ်။”

ကန်ဝမ်က ဖြေရှင်းချက် ပေးလိုက်သည်။ “ဘာလို့လဲဆိုတော့ သူ့မှာ ဦးနှောက် နှစ်လုံး ရှိနေလို့ပဲ။ သူ့ရဲ့ မှတ်ဉာဏ်တွေကို တခြား ဦးနှောက်တစ်ခုဆီ လုံးဝ ရွှေ့ပြောင်း သိမ်းဆည်းထားနိုင်တယ်။ ဒါကြောင့် မင်းက တစ်လုံးကို ဖျက်ဆီးလိုက်လည်း အလကားပဲ။”

ဂိုဏ်းချုပ်ရန်က အံ့သြစွာ မေးလိုက်၏။ “လူတစ်ယောက်မှာ ဦးနှောက် နှစ်လုံး ရှိနိုင်တာလား။ ဒါ မဖြစ်နိုင်ဘူး။”

ကန်ဝမ်က ပြန်ပြောလိုက်သည်။ “ဒီလောကကြီးမှာ ထူးဆန်းတဲ့ အရာတွေ အများကြီး ရှိတယ်။”

ဂိုဏ်းချုပ်ရန်၏ အကြည့်သည် ရင်ဝူမင်၏ မျက်နှာပေါ်သို့ ကျရောက်သွားပြီး နာကျင်နေပုံရ၏။

“ဒါက အပြည့်စုံဆုံး ခန္ဓာကိုယ်ပဲ။ ငယ်ရွယ်ပြီး လုံလောက်တဲ့ စွမ်းအားလည်း ရှိတယ်။ ပြီးတော့ ဒါက ကျုပ်ရဲ့ ဆက်ခံသူ ဖြစ်နေတာလည်း တိုက်ဆိုင်နေတယ်။ ကျုပ်သာ ဒီခန္ဓာကိုယ်ထဲ ကူးပြောင်းဝင်ရောက်လိုက်ရင် စေတီတောင်ကို အဆင်ပြေချောမွေ့စွာ လွှဲပြောင်းရယူနိုင်မယ့်အပြင် ချန်နိုင်ငံသစ်ကိုလည်း ဆက်ခံနိုင်မှာပဲ။”

ဂိုဏ်းချုပ်ရန်က ညည်းတွားလိုက်သည်။ “အခုတော့ အရာအားလုံး အလကား ဖြစ်သွားရပြီ။ အားလုံး သဲထဲရေသွန် ဖြစ်သွားပြီ။”

ဤစကားကို ကြားလိုက်ရသူတိုင်း ဆံပင်မွေးများ ထောင်ထသွားပြီး ခန္ဓာကိုယ်များ တုန်လှုပ်သွားကြ ရပေမည်။ ဂိုဏ်းချုပ်ရန်သည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းပြီး ယုတ်မာသော ပူးပေါင်း ကြံစည်မှုကို ပေါ့ပေါ့ပါးပါးပင် ဖွင့်ဟပြောဆိုလိုက်ခြင်း ဖြစ်၏။

ယခင်က ရှမ့်လန် အပါအဝင် လူအများအပြားသည် ဂိုဏ်းချုပ်ရန်က ရင်ဝူမင်အား အဘယ်ကြောင့် ဤမျှ ကောင်းမွန်စွာ ဆက်ဆံခဲ့သနည်းဟု တွေးတောခဲ့ဖူးကြ၏။ ရင်ဝူမင်သည် ကျန်းလီ ပျောက်ဆုံးသွားပြီးနောက် ချက်ချင်းလိုလို စေတီတောင်၏ သခင်ငယ် ဖြစ်လာခဲ့သည်။ နှစ်ပေါင်း မည်မျှ ကြာခဲ့ပြီနည်း။ အနည်းဆုံး အနှစ် ၂၀ ခန့် ရှိပေမည်။

ရှမ့်လန် ဤလောကသို့ ရောက်ရှိလာပြီးနောက် ရင်ဝူမင်သည် စေတီတောင်၏ သခင်ငယ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ထိုအချိန်က ရှမ့်လန် အလွန် အံ့အားသင့်ခဲ့ရဖူး၏။ အဘယ်ကြောင့်နည်း။ ရင်ဝူမင်သည် ချန်နိုင်ငံသစ်၏ သခင်ငယ် တစ်ဦးမျှသာ ဖြစ်သည်။ ဂိုဏ်းချုပ်ရာထူးကို ဆက်ခံရန် သူ၌ မည်သည့် အခွင့်အရေး ရှိသနည်း။

နောက်ပိုင်းတွင် ဂိုဏ်းချုပ်ရန်သည် သူ၏သမီးကို ရင်ဝူမင်နှင့် စေ့စပ်ပေးလိုက်ပြီး သားမက်ဖြစ်သူက ဆက်ခံသူ ဖြစ်လာသည်ဟု ကောလာဟလ သတင်းများ ထွက်ပေါ်လာခဲ့သည်။ သို့သော်ငြား မည်သို့ပင် ကြည့်စေကာမူ ရှမ့်လန်သည် ရန်ယင်ယင်နှင့် ပို၍ သင့်တော်၏။ ပထမအချက်အနေဖြင့် သူ၏ နောက်ခံက ပို၍ မြင့်မြတ်ပြီး၊ ဒုတိယအချက် အနေဖြင့် သူ၏ သိုင်းပညာ နိမ့်ကျသောကြောင့် ထိန်းချုပ်ရန် ပို၍ လွယ်ကူသည်။

အရေးအကြီးဆုံးမှာ ရှမ့်လန်သည် ကျော်ကြားသော သမားတော်တစ်ဦး ဖြစ်နေခြင်းပင်။ သူသည် ရန်ယင်ယင်ကို အမှန်တကယ် ကုသပေးနိုင်ပြီး ကလေးရနိုင်စေရန် ပြုလုပ်ပေးနိုင်ခြေ အများဆုံး ရှိ၏။ ထို့အပြင် သူသည် ကောင်းကင်ကိုအာခံနိုင်မည့် သွေးမျိုးဆက်နှင့် မျိုးဆက်သစ် တစ်ဦးကို မွေးထုတ်ပေးနိုင်ပြီး စေတီတောင်၏ သခင်သစ် ဖြစ်လာစေနိုင်ပေ၏။

ထို့ထက် ပို၍ အရေးကြီးသည်မှာ ရှမ့်လန်သည် “နဂါးနောင်တ” ကိုလည်း ပစ်လွှတ်နိုင်စွမ်း ရှိ၏။ မည်သို့ပင် ကြည့်စေကာမူ ရှမ့်လန်သည် ဂိုဏ်းချုပ်ရန်အတွက် အကောင်းဆုံး သားမက်လောင်း ဖြစ်သည်။ သို့သော်ငြား ဂိုဏ်းချုပ်ရန်သည် သူ၏ စိတ်ကို တစ်ခါမှ မပြောင်းလဲခဲ့ပေ။ သူသည် ရင်ဝူမင်ကိုသာ ဆက်ခံသူအဖြစ် အမြဲ သတ်မှတ်ခဲ့ပြီး သဘာဝလွန်ညီလာခံသို့ စေတီတောင် ကိုယ်စားပြုအဖြစ်ပင် တက်ရောက်စေခဲ့သည်။

အထူးဆန်းဆုံးအချက်မှာ ရင်ကွမ်းသည် အမှန်တရားကို ဖုံးကွယ်ထားပြီး ဂိုဏ်းချုပ်ရန်ကို နှစ်ကြိမ်တိုင်တိုင် လိမ်ညာခဲ့ဖူးသည်။ သို့သော်ငြား ဂိုဏ်းချုပ်ရန်သည် သူ့ကို ခွင့်လွှတ်ပေးခဲ့ပြီး ရင်ဝူမင်ကို အားသွန်ခွန်စိုက် ဆက်လက် ထောက်ခံအားပေးခဲ့၏။ သူသည် စေတီတောင်နှင့် ချန်နိုင်ငံသစ် (ရင်အင်ပါယာ) တို့၏ ပေါင်းစည်းရေးကိုပင် အရှိန်အဟုန်မြင့် မြှင့်တင်ခဲ့သေး၏။

ဤသည်မှာ ရိုးရှင်းစွာပင် ထူးဆန်းလွန်းနေသည်။ ဂိုဏ်းချုပ်ရန်သည် သူတော်စင် တစ်ပါးလား။ သူသည် အမှန်တကယ်ပင် ထိုမျှလောက် သဘောထားကြီးသည်လား။ လုံးဝ မဟုတ်ချေ။

ဤလူသည် လောကတွင် အတ္တအကြီးဆုံးနှင့် အယုတ်မာဆုံး လူစား ဖြစ်ပေသည်။ ယခုတွင်မူ အမှန်တရား ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။

ဂိုဏ်းချုပ်ရန်သည် ရင်ဝူမင်၏ ခန္ဓာကိုယ်ကို ပူးကပ် ဝင်ရောက် စီးနင်းရန်အတွက် နှစ်ပေါင်း ၂၀ ကျော်ကြာ ပြုစု ပျိုးထောင်ခဲ့ခြင်း ဖြစ်၏။ ဂိုဏ်းချုပ်ရန်၏ အစီအစဉ်အရ သူ သေဆုံးခါနီးအချိန်တွင် ရင်ဝူမင်၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ဝင်ရောက်ပူးကပ်မည် ဖြစ်သည်။ သူသည် စေတီတောင်၏သခင် ဖြစ်လာရုံသာမက ချန်နိုင်ငံသစ်၏ ဘုရင်လည်း ဖြစ်လာမည်။

ဤသည်မှာ ရိုးရှင်းစွာပင် လောက၌ အကြီးမားဆုံးနှင့် တွက်ချေအကိုက်ဆုံး အရောင်းအဝယ်တစ်ခု ဖြစ်လာနိုင်ခဲ့ပေသည်။

ထို့ကြောင့် ဂိုဏ်းချုပ်ရန်သည် လွန်ခဲ့သည့် ဆယ်စုနှစ်များစွာအတွင်း ရင်ဝူမင်အတွက် တတ်နိုင်သမျှ အရာအားလုံး ကို ပြုလုပ်ပေးခဲ့၏။ ဤစီမံကိန်းသည် တော်ဝင်ကပ်ဘေးနန်းဆောင်၏ နည်းလမ်းနှင့် အလွန် တူညီသော်လည်း ပိုမို ပြည့်စုံသေချာမှု ရှိ၏။

ယခင် တော်ဝင်ကပ်ဘေးနတ်ဘုရားများသည် သူတို့၏ စိတ်ဝိညာဉ်ဆိုင်ရာ မှတ်ဉာဏ်များနှင့် ဉာဏ်ပညာများ ကိုသာ လက်ဆင့်ကမ်းခဲ့ကြခြင်း ဖြစ်၏။ သူတို့သည် ဆက်ခံသူ၏ ခန္ဓာကိုယ်ကို ပူးကပ်ခြင်း၊ လမ်းလျှောက် အလောင်းကောင်အဖြစ် ပြောင်းလဲခြင်းနှင့် ကိုယ်ပိုင်ဝိညာဉ်ဖြင့် အစားထိုးခြင်းတို့ကို မပြုလုပ်ခဲ့ကြချေ။

ဂိုဏ်းချုပ်ရန် ပြုလုပ်လိုသည်မှာ ရင်ဝူမင်၏ ခန္ဓာကိုယ်ကို လုံးဝ ပူးကပ်ရန် ဖြစ်သည်။ သူသည် ရင်ဝူမင်၏ ဝိညာဉ်ကို ချေမှုန်းဖျက်ဆီးပစ်လိုပြီး ဂိုဏ်းချုပ်ရန်၏ဝိညာဉ်က ဤခန္ဓာကိုယ်သစ်ကို အပြည့်အဝ ထိန်းချုပ် မောင်းနှင လိုခြင်း ဖြစ်၏။ ဤအကြံအစည်သည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည်။

သို့သော်ငြား သူ၏စီမံကိန်းအားလုံးကို ရှမ့်လန်က ဖျက်ဆီးပစ်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။ တစ်ဦးချင်း ယှဉ်ပြိုင် တိုက်ခိုက်ရာတွင် ရင်ဝူမင်သည် ချက်ချင်း သေဆုံးသွားခဲ့ရ၏။ ထိုအချိန်က ဂိုဏ်းချုပ်ရန်၏ နာကျင်မှု သည် ရင်ကွမ်းထက်ပင် များစွာ ပိုမိုကြီးမားခဲ့၏။

ရင်ကွမ်းသည် ဆက်ခံသူတစ်ဦး ဆုံးရှုံးလိုက်ရခြင်းသာ ဖြစ်သော်လည်း သူ၏ စိတ်ခံစားမှုနှင့် မျှော်လင့်ချက် အားလုံးကိုမူ နဂါးဥတွင် ရင်းနှီးမြှုပ်နှံထားခဲ့သည်။

အခြားတစ်ဖက်ရှိ ဂိုဏ်းချုပ်ရန်မှာမူ သူ၏ ကျန်ရှိနေသော ဘဝတစ်ခုလုံးကို ရင်ဝူမင်ထံတွင် ရင်းနှီး မြှုပ်နှံထားခဲ့ခြင်း ဖြစ်၏။ ထိုခန္ဓာကိုယ်သည် သူ၏ နောက်ထပ် ဆယ်စုနှစ်များစွာ အသုံးပြုမည့် ခန္ဓာကိုယ် ဖြစ်၏။ နောက်ဆုံးတွင် ထိုခန္ဓာကိုယ်ကို ရှမ့်လန်က ထိုကဲ့သို့ သတ်ဖြတ်ပစ်ခဲ့၏။

သူသည် သေချင်လောက်အောင်ပင် နာကျင်ခံစားခဲ့ရ၏။ ထို့နောက် သူက ပူးကပ်ခြင်းကို ဆက်လက် ပြုလုပ်နိုင်ရန် မျှော်လင့်ချက်ဖြင့် ရင်ဝူမင်၏ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်ရန် အစွမ်းကုန် ကြိုးစားခဲ့၏။ သို့သော်ငြား သူ ကျရှုံးသွားခဲ့သည်မှာ ယုံမှားသံသယ ဖြစ်ဖွယ် မရှိချေ။

ပူးကပ်ခံရသူသည် အသိစိတ်နှင့် မှတ်ဉာဏ်များ ဆုံးရှုံးသွားမည် ဖြစ်သော်လည်း သေဆုံး၍ မရကြောင်း ကန်ဝမ်က ရှင်းလင်းစွာ ပြောပြခဲ့ဖူး၏။ ပိုမို ရှင်းလင်းစွာ ဆိုရလျှင် ပူးကပ်ခံရသူသည် စိတ်ဝိညာဉ်ပျောက်ဆုံး သွားမည် ဖြစ်သော်လည်း အသက်ဝိညာဉ် ဆုံးရှုံး၍ မဖြစ်ပေ။

ရင်ဝူမင်၏ ဝိညာဉ်သည် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သကဲ့သို့ နှလုံးသားသည်လည်း ပေါက်ထွက်သွားခဲ့ပြီ ဖြစ်သည်။ ဤခန္ဓာကိုယ်ကို အသုံးပြု၍ မရနိုင်တော့ချေ။ သို့ဆိုလျှင် ဂိုဏ်းချုပ်ရန် မည်သို့ လုပ်ဆောင်မည်နည်း။ ထို့နောက် သူသည် လူမဆန်သော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်၏။

သူ၏ ပစ်မှတ်မှာ ရန်ယင်ယင် ဖြစ်လာခဲ့သည်။

အပိုင်း (၁၁၈၀)

သူမသည် သူ၏ သွေးသားရင်း ဟုတ်သည်၊ မဟုတ်သည်ကို ထားလိုက်ပါတော့။ မည်သို့ပင်ဆိုစေကာမူ သူမသည် သူ၏သမီး ဖြစ်နေဆဲပင်။ အနည်းဆုံးတော့ သူမကို ငယ်စဉ်တည်းက ကျွေးမွေးစောင့်ရှောက် လာခဲ့သည် မဟုတ်ပါလား။

ဂိုဏ်းချုပ်ရန်သည် အလွန် လောဘကြီးသူ ဖြစ်သောကြောင့် မည်သူ့ကိုမဆို ရမ်းသမ်း ပူးကပ်မည် မဟုတ်ချေ။ သူ ပူးကပ်မည့်သူသည် အချက်သုံးချက်နှင့် ပြည့်စုံရန် လိုအပ်ပေသည်။ ပထမအချက် ထိုလူသည် နောက်ထပ် ဆယ်စုနှစ် အနည်းငယ် ဆက်လက် ရှင်သန်နိုင်ရန် လုံလောက်သော ငယ်ရွယ်မှု ရှိရမည်။

ဒုတိယအချက် ထိုလူ၏ ခန္ဓာကိုယ်သည် လုံလောက်သော သန်မာမှု ရှိရမည်။ သူ့ကဲ့သို့ သန်မာရန် ခဲယဉ်းသော်လည်း ထိုလူသည် ထိပ်တန်းကျွမ်းကျင်သူ တစ်ဦး ဖြစ်ရမှာဖြစ်ပြီး အားနည်းသူ မဖြစ်စေရပေ။ တတိယအချက်နှင့် အရေးအကြီးဆုံး အချက်မှာ ထိုလူသည် စေတီတောင်ကို မည်သည့် အတားအဆီးမှ မရှိဘဲ ဆက်ခံနိုင်သူ ဖြစ်ရမည်။

ဤအချက်သုံးချက်နှင့် ကိုက်ညီသူမှာ နှစ်ဦးသာ ရှိ၏။ တစ်ဦးမှာ ရင်ဝူမင် ဖြစ်ပြီး အခြားတစ်ဦးမှာ ရန်ယင်ယင် ဖြစ်၏။ အမှန်စင်စစ် ဂိုဏ်းချုပ်ရန်အတွက် ရွေးချယ်စရာ မရှိချေ။ ရွေးချယ်စရာ မရှိလျှင် မည်သူက အမျိုးသမီး တစ်ယောက် ဖြစ်ချင်ပါမည်နည်း။ သို့သော်ငြား အသက်ရှင်သန်ရေးနှင့် အာဏာအတွက်ဆိုလျှင် အမျိုးသမီး တစ်ယောက် ဖြစ်လာရခြင်းသည် လက်မခံနိုင်စရာ မဟုတ်ချေ။

သို့သော်ငြား ရန်ယင်ယင်၏ ခန္ဓာကိုယ်သည် အလွန်ထူးခြားနေပြီး ဂိုဏ်းချုပ်ရန်၏ စီမံကိန်းထဲတွင် မပါဝင်ခဲ့ပေ။ ထို့ကြောင့် သူသည် ရန်ယင်ယင်၏ ခန္ဓာကိုယ်ထဲတွင် လောကနံပါတ်တစ် ကူပိုးကောင်ကို ကာလကြာရှည်စွာ မွေးမြူထားခဲ့၏။ ထို့အပြင် သူမ၏ ခန္ဓာကိုယ်သည် ဖန်သားကဲ့သို့ ကြည်လင်နေပြီး အလင်းရောင်နှင့် ထိတွေ့၍ မရနိုင်ချေ။ သူမသည် မြေအောက်သင်္ချိုင်းတွင်သာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရ၏။

သို့ဆိုလျှင် မည်သို့ ဖြစ်နိုင်မည်နည်း။ ထို့ကြောင့် ဂိုဏ်းချုပ်ရန်သည် ရှေးဦးစွာ ဝိညာဉ်ဆေးကြောခြင်း နည်းစနစ် နှင့် ဝိညာဉ်ဆေးကြောခြင်း ဂါထာကို အသုံးပြုကာ သမီးဖြစ်သူ၏ အသိစိတ်နှင့် မှတ်ဉာဏ်များကို ဖျက်ဆီးပြီး ရုပ်သေးရုပ်အဖြစ် ပြောင်းလဲပစ်ခဲ့သည်။

ထို့နောက် သူမ၏ ခန္ဓာကိုယ်ထဲမှ လောကနံပါတ်တစ် ကူပိုးကောင်ကို ထုတ်ယူရန် ကြိုးစားခဲ့၏။ သို့သော်ငြား သူ ကျရှုံးခဲ့ပြီး လောကနံပါတ်တစ် ကူပိုးကောင်၏ ဘေးထွက်ပစ္စည်းကိုသာ ရရှိခဲ့၏။ သို့တိုင်အောင် ထိုဘေးထွက်ပစ္စည်းသည်ပင်လျှင် အံ့မခန်း ဆန်းကြယ်ပြီး စွမ်းအားကြီးမားနေ၏။

ဆယ်မီလီလီတာ ပမာဏမျှဖြင့် လူပေါင်းထောင်ချီကို သတ်ဖြတ်နိုင်စွမ်း ရှိ၏။ သူသည် ထိုကူပိုးကောင်ကို တော်ဝင်ရန်အင်ပါယာအား ဟန့်တားရန် မဟာဗျူဟာမြောက် လက်နက်အဖြစ် အသုံးပြုခဲ့၏။ သို့သော်ငြား လောကနံပါတ်တစ် ကူပိုးကောင်၏ ဘေးထွက်ပစ္စည်းကို ရယူခြင်းသည် ဂိုဏ်းချုပ်ရန်၏ မူလရည်ရွယ်ချက် မဟုတ်ချေ။

သူသည် ရန်ယင်ယင်ကို ကုသပြီး သာမန်လူတစ်ယောက်၏ ခန္ဓာကိုယ်အဖြစ် ပြန်လည်ရောက်ရှိစေလိုခြင်း ဖြစ်သည်။ ထိုသို့ ဖြစ်လာမှသာ သူသည် သူမကို ပူးကပ်နိုင်မည် ဖြစ်၏။ သို့သော်ငြား သူ မည်မျှပင် ကြိုးစားစေကာမူ မအောင်မြင်ခဲ့ချေ။ ထို့နောက်တွင် သူသည် ရှမ့်လန်ကို သတိရသွားခဲ့၏။ ရှမ့်လန်သည် ရန်ယင်ယင်ကို ကုသပေးမည်ဟု မရေမတွက်နိုင်အောင် ကြွားလုံးထုတ်ခဲ့ဖူးသည်။ ထို့အပြင် သူသည် အံ့ဖွယ်အမှု အများအပြားကိုလည်း ဖန်တီးခဲ့ဖူးသည် မဟုတ်ပါလား။

ထို့ကြောင့် ဂိုဏ်းချုပ်ရန်သည် ရှမ့်လန်အပေါ် မျှော်လင့်ချက် ထားရှိခဲ့၏။ ထို့ကြောင့်ပင် ရန်ယင်ယင်ကို ရှမ့်လန်နှင့် စေ့စပ်ပေးခဲ့ခြင်း ဖြစ်၏။ ဂိုဏ်းချုပ်ရန်သည် မျက်လုံးတစ်ဖက် မှိတ်ထားပေးခဲ့ပြီး ရန်ယင်ယင်ကို ချန်မြို့တော်မှ ထွက်ခွာခွင့်ပြုကာ နုရှောင့်မြို့သို့ ပြန်သွားစေခဲ့သည်။ သူသည် လူများကို စေလွှတ်၍ သူမအား လမ်းတွင် တားဆီးဟန်ပင် ဆောင်ခဲ့သေး၏။

လက်တွေ့တွင်မူ သူသည် ရန်ယင်ယင် ကုသမှု ခံယူရန် နုရှောင့်မြို့သို့ ရောက်ရှိမည့်အချိန်ကို မစောင့်နိုင်အောင် ဖြစ်နေခဲ့၏။ လောကတွင် ရန်ယင်ယင်ကို ကုသနိုင်သူ တစ်ဦးရှိလျှင် ထိုသူသည် ရှမ့်လန်သာ ဖြစ်လိမ့်မည်ဟု သူ ခံစားမိ၏။ ထို့ကြောင့်ပင် ရန်ယင်ယင်သည် နုရှောင့်မြို့၌ ရှစ်လကြာ နေထိုင်ခဲ့ရခြင်း ဖြစ်သည်။ ဂိုဏ်းချုပ်ရန် သည် သူ၏ သမီးအကြောင်းကို လုံးဝ မေ့လျော့သွားသကဲ့သို့ နေခဲ့သည်။

သို့သော်ငြား လွန်ခဲ့သည့် လဝက်ခန့်က အချိန်တန်ပြီဟု ခံစားလိုက်ရသောကြောင့် ဂိုဏ်းချုပ်ရန် ကိုယ်တိုင် နုရှောင့်မြို့သို့ သွားရောက်ခဲ့၏။ နောက်ဆုံးတွင် ရန်ယင်ယင် အမှန်တကယ် ပျောက်ကင်းသွားသည်ကို တွေ့ရှိလိုက်ရသောကြောင့် သူ အလွန် အံ့အားသင့် ဝမ်းမြောက်သွားခဲ့ရသည်။ သူမ၏ ဖန်သားကဲ့သို့ အရေပြားများ ပျောက်ကွယ်သွားပြီး နေရောင်ခြည်ကို ပြန်လည် ခံယူနိုင်ပြီ ဖြစ်၏။

ထို့အပြင် သူမသည် အသိစိတ်ကင်းမဲ့နေသော လမ်းလျှောက်အလောင်းကောင် တစ်ကောင် ဖြစ်နေဆဲပင်။ ဤသည်မှာ ရိုးရှင်းစွာပင် ပြီးပြည့်စုံလွန်းနေ၏။ သို့သော်ငြား ရန်ယင်ယင်၏ ခန္ဓာကိုယ်၌ ကြီးမားသော ပြောင်းလဲမှုကြီး ဖြစ်ပေါ်လာလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။

သူမ၏ မျက်နှာ ပြောင်းလဲသွားသည်။ မျက်လုံးများ ပြောင်းလဲသွားပြီး ကျောပြင်တွင် အရိုးဆူးများပင် ပေါက်လာခဲ့၏။ ဤကြီးမားသော ပြောင်းလဲမှုသည် အစပျိုးခြင်းမျှသာ ရှိသေးပြီး သူမသည် အဆင့်တက်ရန် အခက်အခဲနှင့် ကြုံတွေ့နေရခြင်း ဖြစ်သည်။ အနာဂတ်တွင် ပိုမို တုန်လှုပ်ဖွယ်ရာ ကောင်းသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာဦးမည်။

သို့သော်ငြား ရန်ယင်ယင် ပြောင်းလဲပြီးနောက် ပိုမို သန်မာလာသောကြောင့် ဂိုဏ်းချုပ်ရန်သည် ဤပြောင်းလဲမှုကို မြင်တွေ့ရသည်မှာ အလွန် ပျော်ရွှင်မိ၏။ အကယ်၍ သူသာ သူမကို ပူးကပ်နိုင်ခဲ့ပါက ဤကောင်းကင်ကိုအာခံနိုင်မည့် ခန္ဓာကိုယ်ကို ရရှိပိုင်ဆိုင်နိုင်မည် မဟုတ်ပါလား။

သို့သော်ငြား သူသည် ရန်ယင်ယင်ကို ပြန်လည် ခေါ်ဆောင်လာချိန်တွင် ကန်ဝမ်က သူ၏ စိတ်ကူးယဉ် အိပ်မက်များကို ချက်ချင်း ရိုက်ချိုးပစ်ခဲ့၏။

“မင်း ရန်ယင်ယင်ကို ပူးကပ်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ ဘာလို့လဲ ဆိုတော့ သူက လူသား မဟုတ်တော့လို့ပဲ။”

သို့သော်ငြား ဂိုဏ်းချုပ်ရန် မယုံကြည်ခဲ့ချေ။ ရန်ယင်ယင်သည် ရှေးဟောင်းလူသား ဖြစ်နေလျှင်ပင် ပူးကပ်ရန် မဖြစ်နိုင်စရာ မရှိပေ။

ကန်ဝမ်က လှောင်ပြောင်လိုက်သည်။ “ရှေးဟောင်းလူသားတစ်ယောက်ရဲ့ စိတ်စွမ်းအင်က သာမန်လူ တစ်ယောက် ထက် ဆယ်ဆကနေ အဆတစ်ရာလောက် ပိုများတယ်။ ဒါ့အပြင် ဦးနှောက်တည်ဆောက်ပုံ ကလည်း မတူညီဘူး။ တကယ်တော့ ရန်ယင်ယင်က ရှေးဟောင်းလူသားတောင် မဟုတ်ဘူး။ ပိုပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ မျိုးစိတ်တစ်ခုပဲ။ မင်းက သူ့ကို ပူးကပ်ချင်နေတာလား။ သေလမ်းရှာနေတာပဲ။”

“မင်း ဖျက်ဆီးခဲ့တာက ရန်ယင်ယင်ရဲ့ အပေါ်ယံမှတ်ဉာဏ်နဲ့ အသိစိတ်လောက်ပဲ ရှိတယ်။ ရှေးဟောင်း မျိုးနွယ်စု ရဲ့ အသိစိတ်အနေနဲ့ သူက သုညကနေ ပြန်စလိမ့်မယ်။ သူ နိုးထလာတာနဲ့ တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာလိမ့်မယ်။ သာမန်လူသားတစ်ယောက်ရဲ့ ဝိညာဉ်က သူကို ဖိနှိပ်ထားနိုင်မှာ မဟုတ်ဘူး။ မင်းက သူ့ကို ပူးကပ်ချင်တာလား။ သူရဲ့ အသိစိတ်ကြောင့် မင်း ချက်ချင်း ပျက်စီးသွား လိမ့်မယ်။”

ထိုအချိန်က ဂိုဏ်းချုပ်ရန်သည် အမှန်တကယ်ပင် မျှော်လင့်ချက်မဲ့ခြင်းကို ခံစားလိုက်ရ၏။ သူ ပူးကပ်ရန် အချက်အလက်များနှင့် ကိုက်ညီသူ နှစ်ဦးစလုံး အဆင်မပြေတော့ချေ။ သူသည် နာကျည်းမှုကို ပူးကပ် ရတော့မည်လား။ ထိုသို့ဆိုလျှင်လည်း သူ့အနေဖြင့် ငြင်းဆန်စရာ မရှိပေ။ သူ ဆက်လက် အသက်ရှင်ရမည် ဖြစ်ပြီး ချန်နိုင်ငံသစ် သို့မဟုတ် စေတီတောင်ကိုမူ ဆက်ခံနိုင်တော့မည် မဟုတ်ချေ။

ပူးကပ်ခြင်း ဆိုသည်မှာ လုံးဝ ပေါက်ကြား၍ မဖြစ်သော ကိစ္စရပ် ဖြစ်သည်။ နာကျည်းမှုကို ပူးကပ်ပြီးနောက် စေတီတောင်ရှိ လူတိုင်းကို “ကျုပ်က ဂိုဏ်းချုပ်ရန်ပါ” ဟု ပြောပြကာ လူတိုင်းက ဆက်လက် ထောက်ခံပြီး သစ္စာစောင့်သိကြမည်ဟု မျှော်လင့်ရမည်လား။

မျှော်လင့်ချက်မဲ့သော အခိုက်အတန့်များစွာပြီးနောက် ပိုမို တုန်လှုပ်ဖွယ်ကောင်းသော သတင်းတစ်ပုဒ် ရောက်ရှိလာခဲ့၏။ ရင်ကွမ်း သေဆုံးသွားပြီဖြစ်ပြီး ရှမ့်လန်၏ လက်ချက်ဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ အဓိပ္ပာယ်မှာ ချန်နိုင်ငံသစ် (တော်ဝင်ရင်အင်ပါယာ) တစ်ခုလုံး ရှမ့်လန်၏ လက်ထဲသို့ ကျရောက်သွားခြင်း ဖြစ်၏။ ရှမ့်လန်သည် စတုရန်းကီလိုမီတာ ၄.၅ သန်း ကျယ်ဝန်းသော နယ်မြေ၊ လူဦးရေ သန်းပေါင်း ရာချီနှင့် စစ်သည် သန်းပေါင်းများစွာကို ထိန်းချုပ်လိုက်နိုင်ခြင်းပင် ဖြစ်သည်။

ထိုအခါ ဂိုဏ်းချုပ်ရန် တုန်လှုပ်သွားပြီး ရှမ့်လန်အပေါ် အကြည့်ရောက်သွားမိ၏။ ရှမ့်လန်ကို ပူးကပ်မည်လား။ ဖြစ်နိုင်ပါမည်လား။ ဤသည်မှာ သူ့သတ်မှတ်ချက်များနှင့် လုံးဝ မကိုက်ညီချေ။ ပထမအချက် ရှမ့်လန်သည် အလွန် အားနည်းသည်။ ဒုတိယအချက် သူသည် စေတီတောင်ကို ဆက်ခံနိုင်မည် မဟုတ်ပေ။

သို့သော်ငြား သေချာစွာ စဉ်းစားပြီးနောက် ရှမ့်လန်သည် အားမနည်းကြောင်း သူ သဘောပေါက်လိုက်၏။ ရှမ့်လန်၌ ရင်ဝူမင်ကဲ့သို့ ထိပ်တန်းကျွမ်းကျင်သူကို ချက်ချင်း သတ်ဖြတ်နိုင်သော အံ့ဖွယ် ရှေးဟောင်းတော်ဝင် လက်နက်ကိရိယာ ရှိနေ၏။

ဂိုဏ်းချုပ်ရန်သည် ရှမ့်လန်၏ နဂါးဓားကို ရယူရန် နည်းလမ်းပေါင်းစုံ ကြိုးစားခဲ ဖူးသည်။ နှစ်ဝက်ကျော်ကြာ လေ့လာပြီးနောက် ၎င်းသည် အသုံးမဝင်ကြောင်းနှင့် မည်သည့် စွမ်းအားကိုမှ ထုတ်ဖော်နိုင်ခြင်း မရှိကြောင်း သူ သိရှိခဲ့ရ၏။ ယခုအချိန်၌ နဂါးဓားသည် သူ၏ လက်ထဲတွင် ရှိနေသည်။

ကန်ဝမ်က ပြောလိုက်၏။ “ထပ်ပြီး ကြိုးစားနေစရာ မလိုတော့ဘူး။ ဒီရှေးဟောင်းတော်ဝင်ဓားကို ရှမ့်လန် တစ်ယောက်တည်းပဲ သုံးနိုင်တယ်။ ရှမ့်လန်က အဲဒါကို နဂါးဓားလို့ နာမည်ပေးထားတယ်။ သူ့မှာ နဂါးနှလုံးသားနဲ့ ရှေးဟောင်းဘုရင်လက်စွပ်လည်း ရှိသေးတယ်။ အဲဒါတွေ ပေါင်းစပ်လိုက်မှသာ ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်ဖော်နိုင်ပြီး ရင်ဝူမင်လို ပြိုင်ဘက်ကင်း ကျွမ်းကျင်သူကို ချက်ချင်း သတ်ဖြတ်နိုင်မှာ။”

ဂိုဏ်းချုပ်ရန်က ပြောလိုက်သည်။ “ဒါကြောင့် ရှမ့်လန်က အားမနည်းဘူးပေါ့။”

ကန်ဝမ်က ပြန်ပြောလိုက်၏။ “သူ့ရဲ့ စိတ်စွမ်းအင် လုံလောက်စွာ သန်မာနေသရွေ့ သူက ပြိုင်ဘက်ကင်း ဖြစ်နေလိမ့်မယ်။ ရှေးဟောင်းလောကတုန်းက ကျန်းမင်းဆက်မှာ အဲဒီလို လောကထိပ်တန်း ကျွမ်းကျင်သူမျိုး ရှိခဲ့ဖူးတယ်။ သူက ရှမ့်လန်နဲ့ တစ်ပုံစံတည်းပဲ။ ကြက်တစ်ကောင်ကို ဖမ်းချုပ်ဖို့တောင် ခွန်အားမရှိပေမဲ့ သူ့ရဲ့ ကိရိယာတွေနဲ့ စိတ်စွမ်းအင်ကို အားကိုးပြီး အတားအဆီးမရှိ လှုပ်ရှားနိုင်ခဲ့တယ်။”

ဂိုဏ်းချုပ်ရန်က ညည်းတွားလိုက်သည်။ “တကယ်တော့ ကျုပ်မှာ တခြားရွေးချယ်စရာ မရှိတော့ပါဘူး။”

သူ့တွင် အခြား ရွေးချယ်စရာ မရှိတော့သည်မှာ အမှန်ပင်။ သူ၏ ရင်ဘတ်နှင့် ဝမ်းဗိုက်သည် ပုပ်သိုးလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ကန်ဝမ်၏ အဆိုအရ သူသည် အများဆုံး တစ်နှစ်ခန့်သာ နေရတော့မည်။ ထို့အပြင် ရှမ့်လန်၏ ခန္ဓာကိုယ်ကို ရယူခြင်းသည် အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပုံရ၏။

သူတစ်ဦးတည်းသာ နဂါး၏နောင်တကို ပစ်လွှတ်နိုင်သည်။ သူတစ်ဦးတည်းသာ နဂါးဓားကို အသုံးပြုနိုင်သည်။ သူတစ်ဦးတည်းသာ ရှေးဟောင်းဘုရင်လက်စွပ်ကို ဝတ်ဆင်နိုင်သည်။ သူတစ်ဦးတည်းသာ ဝူ၊ ချောင်နှင့် ရွှဲ့ပြည်နယ်များကို အမိန့်ပေးနိုင်ပြီး သူတစ်ဦးတည်းသာ နုရှောင့်မြို့ကို ထိန်းချုပ်နိုင်သည်။

အရှေ့လောကတစ်ခုလုံးတွင် ရှမ့်လန်သည် တော်ဝင်ရန်အင်ပါယာ အင်ပါယာပြီးလျှင် အစွမ်းထက်ဆုံး ပုဂ္ဂိုလ် ဖြစ်သည်ဟု ဆိုနိုင်သည်။ ရှမ့်လန်၏ ခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်သည်နှင့် ဂိုဏ်းချုပ်ရန်သည် လောကတစ်ဝက် ကို အုပ်စိုးလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သွားမည်။

သို့သော်ငြား သူသည် စေတီတောင်ကို အုပ်စိုးနိုင်မည် မဟုတ်ချေ။ စေတီတောင်တစ်ခုလုံးသည် ချန်အင်ပါယာ၏ အမိန့်ကို နာခံမည် မဟုတ်ပေ။ သို့သော်ငြား ဂိုဏ်းချုပ်ရန်အနေဖြင့် စေတီတောင်ကို လက်လွှတ်လိုက်ရမည်လား။ မဖြစ်နိုင်ချေ။ ဤသည်မှာ နှစ်ပေါင်း ထောင်ချီ တည်ရှိခဲ့သော သူ၏ မိသားစု အခြေခံအုတ်မြစ် ဖြစ်သည်။ သူ မည်သို့ လက်လွှတ်ခံနိုင်မည်နည်း။

ဂိုဏ်းချုပ်ရန်သည် လောဘကြီးလွန်းသူ ဖြစ်သောကြောင့် သူ့ပိုင်ဆိုင်မှုကို မည်သူမှ လာရောက် လုယူသွား၍ မဖြစ်စေရပေ။ မည်သို့ လုပ်ဆောင်ရမည်နည်း။ ထို့ကြောင့် ဂိုဏ်းချုပ်ရန်သည် အလွန် ဆန်းကြယ်သော အကြံအစည်တစ်ခုကို တွေးမိလိုက်၏။

သူသည် စေတီတောင်ကို ဖယ်ရှားပြီး ချန်အင်ပါယာ၏ စေတီတောင်နန်းဆောင်အဖြစ် ပြောင်းလဲပစ်မည်။ စေတီတောင်တစ်ခုလုံး ရှမ့်လန်အပေါ် အပြည့်အဝ သစ္စာစောင့်သိစေရန် သစ္စာဆိုပွဲ အခမ်းအနား ကျင်းပမည်။ ထို့အပြင် သူကိုယ်တိုင် စံပြအဖြစ် ဦးဆောင်ကာ သစ္စာအရှိဆုံးအရာရှိအဖြစ် ပြုမူနေထိုင်မည်။ စေတီတောင် တစ်ခုလုံးအတွက် စံနမူနာ ပြသမည်။

သူ့တွင် ရည်မှန်းချက် တစ်ခုတည်းသာ ရှိ၏။ ယင်းမှာ အချိန်တိုအတွင်း ရှမ့်လန်၏ အဆင့်အတန်းကို မြှင့်တင်ရန် ဖြစ်သည်။ သူ့အဆင့်အတန်းကို အင်ပါယာအဖြစ်ပင် တင်မြှောက်ကောင်း တင်မြှောက်ပေလိမ့်မည်။ ထို့အပြင် ရှမ့်လန်နှင့် ရန်ယင်ယင်တို့၏ လက်ထပ်ပွဲကိုလည်း လက်တွေ့အကောင်အထည် ဖော်လိုသေး၏။ ရှမ့်လန်ကို စေတီတောင်၏ သားမက်အစစ် ဖြစ်လာစေလိုသည်။

ဤနည်းအားဖြင့် အနာဂတ်တွင် ဂိုဏ်းချုပ်ရန်က ရှမ့်လန်၏ ခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်ချိန်မှာတော့ မည်သည့် အတားအဆီးမှ မရှိဘဲ စေတီတောင်ကို လွှဲပြောင်းရယူနိုင်မည် ဖြစ်၏။ သို့သော်ငြား အချိန်က အလွန် ကပ်လွန်းနေသည်။ ဤသည်မှာ ထမင်းတစ်ဝက်ကျက် အိုးကဲ့သို့ ဖြစ်နေ၏။

ဝက်မွေးခြင်း၊ ကြက်မွေးခြင်းနှင့် တူ၏။ အနည်းဆုံးတော့ လဝက်မှ တစ်နှစ်ခန့် အချိန်ယူရပေမည်။ ကြက်တစ်ကောင် ကို တစ်လအတွင်း အပြီးအစီး မွေးမြူလိုလျှင် ဖြစ်နိုင်ပါမည်လား။

ဟုတ်ပေ၏။ တကယ်ဖြစ်နိုင်သည်။ KFC ဆိုင်မှ မွေးမြူသော ကြက်များသည် အကောင်ပေါက်သည်မှ သတ်ဖြတ်ချိန်ထိ ၃၅ ရက်သာ ယူရသည်။ (broiler chicken ကြက်မျိုးဖြစ်မည် ထင်ပါတယ် - ဘာသာပြန်သူ)

ထို့ကြောင့် စေတီတောင်၏ ဉာဏ်ကြီးရှင် မဟာပညာကျော် ဆရာကြီးရန်သည် KFC တွင် ကြက်မွေးမြူခြင်းကို စတင်လိုက်လေတော့သည်။ သူသည် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို အသုံးပြု၍ ရှမ့်လန်အား အချိန်တိုအတွင်း စေတီတောင်၏ အဓိပတိ ဖြစ်လာစေရန် ပြုလုပ်၏။

သူသည် ဦးနှောက်ဆေးသည့် နည်းလမ်းကို အသုံးပြု၍ စေတီတောင်မှ အကြီးအကဲများနှင့် ခန်းမဆောင်သခင်များ အားလုံးကို ရှမ့်လန်အပေါ် သစ္စာဆိုစေခဲ့၏။ သူသည် သစ္စာဆိုပွဲကျင်းပပြီး သုံးကြိမ် ဦးတိုက်ကာ ကိုးကြိမ် ဦးညွှတ်လျက် ရှမ့်လန်၏ အချက်အလက်အားလုံးကို သဘောတူခဲ့၏။ မည်မျှပင် ပြင်းထန်ပြီး အကြောင်းမဲ့ ဖြစ်နေပါစေ၊ သူ အားလုံးကို သဘောတူခဲ့သည်။

အတိုချုပ်ပြောရလျှင် ရှမ့်လန်၏ ပါးစပ်မှ ထွက်လာသမျှ စကားတိုင်းကို အင်ပါယာ အမိန့်တော် ဖြစ်လာစေလိုခြင်း ဖြစ်သည်။ အမှန်စင်စစ် ဤအရာသည်လည်း အလွန် အလောတကြီး ဖြစ်လွန်းလှသည်။ သုံးနှစ်မှ ငါးနှစ်ခန့် ကြားကာလ အချိန်ရလျှင် ကောင်းပေမည်။ သို့သော်ငြား ဂိုဏ်းချုပ်ရန်၌ ထိုမျှလောက် အချိန် မရှိတော့ချေ။ သူ့တွင် တစ်နှစ်ပင် မကျန်တော့ပေ။

ထို့ကြောင့် ဤကာလအတွင်း ရှမ့်လန်သည် သူဌေးတစ်ဦးထက် ပိုနေ၏။ သူသည် အင်ပါယာ တစ်ပါးကဲ့သို့ ဖြစ်နေ၏။ ခေါ်သံတစ်ချက်ဖြင့် သူသည် စေတီတောင်တစ်ခုလုံး၏ အထွတ်အထိပ်အင်ပါယာ ဖြစ်လာ၏။ ဤသည်မှာ ဂိုဏ်းချုပ်ရန်၏ စီမံကိန်း ဖြစ်ပေသည်။

ဤ ဂုဏ်းချုပ်ရန် ဆိုသူသည် အမှန်တကယ်ပင် အံ့မခန်း ဖြစ်၏။ သူသည် လူတိုင်း၏ ထင်မြင်ယူဆချက်များကို အကြိမ်ကြိမ် မှောက်လှန်ပစ်ခဲ့၏။ လူတစ်ယောက်သည် ဤမျှ ယုတ်မာ၊ ဆိုးသွမ်း၊ အရှက်မဲ့ပြီး ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု မည်သူမှ ထင်မှတ်ထားမည် မဟုတ်ချေ။

ရင်ကွမ်းသည် လုံးဝ အဖြစ်ဆိုးနှင့် ကြုံတွေ့ရသူ ဖြစ်သည်။ သူသည် သစ္စာရှိသော လက်အောက်ငယ်သား ဖြစ်လုနီးပါး ဖြစ်ခဲ့သော်လည်း အရေးကြီးသော အခိုက်အတန့်တွင် သေရမည်ကို ကြောက်ရွံ့ပြီး တော်ဝင်ရန် အင်ပါယာကို မခုခံရဲခဲ့ချေ။ ရလဒ်အနေဖြင့် အညံ့ခံသော သူရဲဘောကြောင်သူ ဖြစ်လာခဲ့ရသည်။

ဒူးထောက်လိုက်သည်နှင့် တပြိုင်နက် လူအများစုသည် ပြန်လည် မတ်တတ်မရပ်နိုင်ကြတော့ချေ။ အပေါ်ယံတွင် ရင်ကွမ်းသည် ရည်မှန်းချက်ကြီးပြီး ရက်စက်သောသူတစ်ဦး ဖြစ်သည်။ လက်တွေ့တွင်မူ သူသည် သူရဲဘောကြောင်သူ တစ်ဦးသာ ဖြစ်၏။

ခြေလှမ်း တစ်ချက်အမှားကြောင့် ဆက်တိုက် အမှားများ ကျူးလွန်မိခဲ့၏။ နောက်ဆုံးတွင် သူသည် ကျန်းကလန် တစ်ခုလုံးကို သတ်ဖြတ်ခဲ့ပြီး လောက၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရသော သစ္စာဖောက်တစ်ဦး ဖြစ်လာခဲ့ရသည်။

ထို့ကြောင့် ဂိုဏ်းချုပ်ရန်နှင့် နှိုင်းယှဉ်လျှင် နိုင်ငံရေး အာဏာစွမ်းအားတွင် ဖြစ်စေ၊ ဉာဏ်နီဉာဏ်နက်တွင် ဖြစ်စေ ရင်ကွမ်းသည် များစွာ နိမ့်ကျလွန်းလှ၏။

ယခင်က ချန်နိုင်ငံသစ်နှင့် စေတီတောင် ပူးပေါင်းချိန်တွင် နှစ်ဖက်စလုံးသည် အပေါ်ယံ၌ တန်းတူညီမျှ ရှိပုံရ၏။ လက်တွေ့တွင်မူ စစ်မှန်သော ခေါင်းဆောင် တစ်ဦးတည်းသာ ရှိပြီး ထိုသူမှာ ဂိုဏ်းချုပ်ရန် ဖြစ်သည်။

ရင်ကွမ်းသည် ဟိတ်ဟန်ထုတ်တတ်သူ၊ မာနကြီးသူ ဖြစ်ပြီး အင်ပါယာတစ်ပါးကဲ့သို့ ဖြစ်ရန် အသည်းအသန် ကြိုးစားနေသူ တစ်ဦးသာ ဖြစ်၏။

ကန်ဝမ်က ပြောလိုက်သည်။ “ညီလေးရန်... နောက်တစ်ဆင့်အနေနဲ့ မင်းက ရှမ့်လန်ရဲ့ အဆင့်အတန်းကို အသည်းအသန် မြှင့်တင်ပေးပြီး သူ့ကို အင်ပါယာလို ကိုးကွယ်အောင် လုပ်ဆောင်တော့မှာပေါ့။ သူ့ရဲ့ အထွတ်အထိပ် နေရာကို လူတိုင်းရဲ့ နှလုံးသားထဲမှာ စွဲထင်သွားအောင် လုပ်တော့မှာ မဟုတ်လား။”

“ဟုတ်တယ်။” ဂိုဏ်းချုပ်ရန်က ပြန်ဖြေ၏။

ကန်ဝမ်က ဆက်ပြောသည်။ “အဲဒါရဲ့ အဓိပ္ပာယ်က ရှမ့်လန် ပြောတဲ့စကားတိုင်းကို ဘယ်သူမှ မငြင်းဆန်နိုင်တော့ဘူး ဆိုတဲ့ သဘောပဲ။ အဲဒါတွေက အင်ပါယာ အမိန့်တော် ဖြစ်လာလိမ့်မယ်။”

“မှန်ပါတယ်။” ဂိုဏ်းချုပ်ရန်က ဖြေ၏။

ကန်ဝမ်က မေးလိုက်ပြန်သည်။ “သူက စေတီတောင်ကနေ ထွက်သွားချင်တယ် ဆိုရင်ရော...”

ဂိုဏ်းချုပ်ရန်က ဖြေရှင်းချက် ပေးလိုက်၏။ “သူ စေတီတောင်ကနေ ထွက်သွားလို့ မရဘူးဆိုပြီး ကျုပ်တို့ ကြိုတင် သဘောတူညီမှု ရယူထားပါတယ်။”

ကန်ဝမ်က ဆိုလိုက်သည်။ “ရှမ့်လန်က သဘောတူညီချက်ကို လိုက်နာမယ့်သူမျိုးလား။ သူက အထွတ်အထိပ် အင်ပါယာလေ။ သူ ပြောသမျှ စကားတိုင်းက အမိန့်တော် ဖြစ်နေပြီ။ သူက စေတီတောင်ကနေ ထွက်ခွာပြီး ချန်မြို့တော် ဒါမှမဟုတ် နုရှောင့်မြို့ကို ပြန်ချင်တယ်ဆိုရင် မင်း ဘာလုပ်မလဲ။ သူ့ကို တားဆီးမှာလား။ ဒါဆိုရင် မင်းအတွက် ဖန်တီးပေးထားတဲ့ ရွှေရောင်ခန္ဓာကိုယ်ကြီးက ချက်ချင်း ပျက်စီးသွားလိမ့်မယ်။”

All Chapters