သံယောဇဉ်
Vol. 4 Ch. 321
ဆန်းလျန်သည် ချင်းဆွေ မြစ်စောင့်နတ်သမီးဝတ် ကျောင်းတော်တွင် တစ်လခန့် နေထိုင်ခဲ့လေသည်။ ချန်ကျန့်မေ ကတော့ သေစေခြင်း ကျောင်းတော်သို့ ပြန်လည် ထွက်ခွာ သွားခဲ့ပြီ ဖြစ်သည်။
ချင်းဆွေမြစ် စောင့်နတ်သမီးဝတ် ကျောင်းတော်တွင် ဆန်းလျန်နေရသည်မှာ အကြောင်းအရင်း နှစ်ခု ရှိလေသည်။
ပထမ အချက်မှာ မြစ်စောင့် နတ်သမီး၏ နတ်ဘုရား နယ်မြေတွင် ရော့ရှီလေးကို ခေတ္တ ကာကွယ် ပေးထားရန် ဖြစ်လေသည်။
ဒုတိယ အချက်မှာ လူတစ်ယောက်ကို ကျေးဇူး ပြန်ဆပ်ရန် ဖြစ်လေသည်။
ရော့ရှီလေးသည် မြစ်စောင့်နတ်သမီး၏ နတ်ဘုရား နယ်မြေတွင် ဝိညာဉ် စွမ်းအားများကို အဆက်မပြတ် စုပ်ယူ နေလေသည်။
သူမက နတ်ဘုရား အဘိုးအို သင်ကြားပေးသွားသည့် အိပ်မက် လိပ်ပြာ တန်ခိုးစွမ်းအားကို ကျင့်ကြံနေခြင်း ဖြစ်လေသည်။ ထိုကျင့်စဉ်က သူမ၏ ခန္ဓာကိုယ်ထဲတွင် ကြီးထွားနေသည့် ထျန်းမုန့် နတ်သမီး၏ ဝိညာဉ် အစိတ်အပိုင်းကို လိပ်ပြာများရှိရာ အိပ်မက် အတွင်းသို့ ထည့်သွင်း ထားနိုင်ရန် ကူညီ ပေးလေသည်။
ထို့ကြောင့် ထျန်းမုန့် နတ်သမီး၏ ဝိညာဉ် အစိတ်အပိုင်း အဖြစ် ထည့်သွင်း ပေးထားသည့် နှလုံးသား စည်းချက် ကျင့်စဉ်သည် ရော့ရှီ၏ ဝိညာဉ် အတွင်းပိုင်းတွင် ဖုံးကွယ် သွားလေသည်။
ထိုအချက်ကြောင့်ပင် နောင်တစ်ချိန်တွင် ရော့ရှီသည် ဖော့ဝမ့်အဆင့်သို့ တက်လှမ်း နိုင်မည်ဆိုပါက အခက်အခဲများနှင့် ရင်ဆိုင် ရနိုင်လေသည်။ သို့သော် မည်သို့ပင် ဖြစ်စေ လက်ရှိ အချိန်တွင်တော့ အကောင်းဆုံး အနေအထား ဖြစ်လေသည်။
ရော့ရှီလေးသည် စိတ်ဝိညာဉ် ငြိမ်းအေးခြင်း အဆင့်တွင် တရားထိုင်နေလေသည်။
ဘုရင်မနှင့် ဆန်းလျန်သည် ချင်းဆွေမြစ် ကမ်းနံဘေးတွင် မတ်တတ် ရပ်နေကြလေသည်။
ချင်းဆွေမြစ်နှင့်ပင် နှိုင်းယှဉ် မရနိုင်လောက်အောင် ဘုရင်မ၏ ပုံသဏ္ဌာန်သည် မြင့်မြတ် ခမ်းနားနေလေသည်။ ဘုရင်မ၏ နတ်ဘုရား နယ်မြေမှာလည်း တန်ခိုးစွမ်းအား ကြီးထွားသည်ထက် ကြီးထွား လာပြီ ဖြစ်လေသည်။
မိုင်ပေါင်း သုံးသောင်းပတ်လည်မှ လူနှင့် သတ္တဝါများ၏ ဝတ်ပြု ဆုတောင်းသံများ၏ အကျိုး သက်ရောက်မှုပင် ဖြစ်လေသည်။
ဘုရင်မက အင်္ကျီလက်ကို တစ်ချက် ဝှေ့ယမ်း လိုက်လေရာ သူမ၏ လက်ထဲတွင် ဧကရာဇ် တံဆိပ်တော် ပေါ်လာလေသည်။ ဧကရာဇ် တံဆိပ်တော်မှ ရွှေရောင် တန်ခိုးစွမ်းအားများ တောက်ပ နေလေသည်။
"ဒီနှစ်တွေ အတွင်းမှာ ဧကရာဇ် တံဆိပ်တော်ကို အသုံးပြုပြီး တိုက်ပွဲတွေလည်း ဆင်နွှဲခဲ့သလို ကျင့်စဉ်တွေလည်း ကျင့်ကြံခဲ့တယ်၊ ဒီတံဆိပ်တော်က အခုဆိုရင် တာ့ဝေ့တိုင်းပြည်ရဲ့ ကံကြမ္မာကို ကောင်းကောင်း စောင့်ရှောက်နိုင်တဲ့ ဝိညာဉ် စွမ်းအား ပစ္စည်းတစ်ခု ဖြစ်နေပြီ၊ တာ့ဝေ့တိုင်းပြည်ကို အနည်းဆုံး နှစ်တစ်ထောင်လောက် ကာကွယ် ပေးနိုင်လိမ့်မယ်၊ မင်းကိုပဲ ဒုက္ခပေးရတော့မယ် ဆန်းလျန်၊ ဒီတံဆိပ်တော်ကို ငါ့ရဲ့သား ရွှမ်အော်ဆီကို မင်းပဲ ပြန်သွားပို့ပေးပါလား၊ ငါ သူ့အပေါ် တင်နေတဲ့ အကြွေးတွေကို ဆပ်တဲ့ သဘောပေါ့ကွယ်"
ဆန်းလျန်သည် ချင်းဆွေ မြစ်ရေများကို ငေးကြည့် နေလေသည်။ မြစ်ရေ အဆက်မပြတ် စီးဆင်းနေသကဲ့သို့ အချိန်များကလည်း အကုန် မြန်လိုက်လေခြင်း။ ဖြစ်ပျက်ခဲ့သမျှ အရာတိုင်းအတွက် နောင်တ တစ်ဖန် ရနေရန်ပင် အချိန် မပေးခဲ့နိုင်ပေ။
ဆန်းလျန်က သက်ပြင်း တစ်ချက်ချ လိုက်သည်။
"ကျောက်ရွှမ် နန်းတက်တဲ့ ကိစ္စက ကံတရား အတိုင်း မဟုတ်ဘူး၊ ဒီတစ်ကြိမ် ကံတရားကို ပြောင်းလဲဖို့အတွက် ကျုပ်က သူ့ကို ကူညီလိုက်မယ်ဆိုရင် သူ့အတွက် အကောင်း ဖြစ်လာမလား ၊ အဆိုး ဖြစ်လာမလားဆိုတာ မသေချာဘူး"
ကျောက်ရွှမ်ထံမှ ဧကရာဇ် တံဆိပ်တော်ကို ငှားယမ်းခဲ့သည့် အတွက် ဆန်းလျန်မှာလည်း ကျောက်ရွှမ်ကို အကြွေးတင် နေရသူပင် မဟုတ်ပါလား။
တာ့ဝေ့တိုင်းပြည်တွင် ဖြစ်နေသည့် အခြေအနေများကို ဆန်းလျန်က အနီးစပ်ဆုံး သူခန့်မှန်း လိုက်နိုင်လေသည်။ သို့သော် သူက တိုင်းပြည်၏ မင်းပြောင်းမင်းလွဲ ကိစ္စများတွင် ပါဝင် ပတ်သက် လိုက်ပါက အကောင်း ဖြစ်လာမည်လား၊ အဆိုး ဖြစ်လာမည်လား သိမြင်ရန် ခက်ခဲနေလေသည်။
ဆန်းလျန်တွင် လူများ၏ ကံတရားကို သိမြင်နိုင်ပြီး ပြောင်းလဲ ပေးနိုင်သလို တိုင်းပြည် တစ်ပြည်၏ ကံတရားကို ပြောင်းလဲ ပေးနိုင်စွမ်းလည်း ရှိလေသည်။
လက်ရှိအချိန်တွင် သူကြောက်ရမည့်သူ မည်သူမျှ မရှိပေ။ ထို့ပြင် သူ၏ လုပ်ရပ်များ အတွက် ဝဋ်လည်ခြင်းနှင့် ဘိုးဘွား ဆရာသခင်များထံမှ အပြစ်ပေး ခံရခြင်းများကိုလည်း ကြောက်ရွံ့မိခြင်း မရှိပါ။
သူကိုယ်တိုင်ပင်လျှင် မိုးကောင်းကင်၏ အလိုကို ဆန့်ကျင်ကာ နတ်ဘုရား တစ်ပါးအဖြစ် လျှောက်လှမ်း နိုင်ခဲ့ပြီးပြီ မဟုတ်ပါလား။ လူတစ်ယောက်သည် ကျင့်စဉ်လမ်းကို စတင် လျှောက်လှမ်းပြီ ဆိုကတည်းက ကံကြမ္မာကို ဆန့်ကျင်ခြင်းသာ ဖြစ်လေသည်။
စာအုပ်တစ်အုပ်ကို ရေးသားသလိုပဲ ဖြစ်လေသည်။ စာရေးသူ၏ စိတ်ကူး ဉာဏ်အတိုင်း စာအုပ်မှ ဇာတ်လမ်းသည် ပြောင်းလဲသွားမည်ဖြစ်လေသည်။
ကံကြမ္မာကိုပြောင်းလဲခြင်းကလည်း ထိုနည်းအတူပင် ဖြစ်လေသည်။
ဘုရင်မက နှာခေါင်း တစ်ချက် ရှုံ့လိုက်ရင်း…
"ကောင်းကောင်းဆိုးဆိုး သူရင်ဆိုင် ရမှာပဲပေါ့၊ အကောင်းအဆိုးတွေ ကြားမှာပဲ သူ့ကိုယ်သူ တိုးတက်အောင် ကြိုးစားရမှာပေါ့၊ မဟုတ်လို့ကတော့ သူငါ့သား လုပ်မနေနဲ့တော့"
ဘုရင်မ၏ စကားကြောင့် ဆန်းလျန် ပြုံးလိုက်မိလေသည်။
ဘုရင်မသည် သူ၏ မိသားစုနှင့် ပတ်သက်ပြီး သံယောဇဉ်များ ရှိနေသေးသည် မဟုတ်ပါလား။
ဆန်းလျန်က ဘုရင်မ လက်ထဲမှ ဧကရာဇ် တံဆိပ်တော်ကို လှမ်းယူလိုက်သည်။
"ကျုပ်သွားပြီဗျာ…"
ဟု ပြောလိုက်လေသည်။
တာ့ဝေ့တိုင်းပြည်…
ဘုရင့်နေပြည်တော်...
တာ့ဝေ့ တိုင်းပြည် ဘုရင်မင်းမြတ် ကျောက်ရွှမ်သည် ချင်ကျန့် နန်းဆောင်တွင် ရှိနေလေသည်။
သူက နန်းတက်ပြီးသည့် နောက်ပိုင်း သတိ ဝီရိယဖြင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့လေသည်။
သို့သော် သူမည်မျှပင် ကြိုးစားခဲ့စေကာမူ နန်းတွင်း အရေးတော်ပုံ ဖြစ်ပွားရန် ဦးတည်နေသည့် ဖြစ်ရပ်များကိုတော့ တားဆီးနိုင်ခဲ့ခြင်း မရှိပေ။
ပြဿနာ အရင်းခံမှာ သူ၏ ညီမတော် ဖြစ်သူ ရှင်းယန် မင်းသမီးနှင့် အိမ်ရှေ့စံမင်းသား ကျောက်ရှန့်တို့ပင် ဖြစ်လေသည်။
ရှင်းယန်မင်းသမီးသည် သူမ၏ လက်ထဲတွင် နိုင်ငံရေး ပိုင်ဆိုင်မှု အတော်များများကို ထိန်းချုပ် ထားလေသည်။ ထို့ပြင် သူမသည် ခေါင်းဆောင် နိုင်မှု စွမ်းရည်မြင့်များပြီး နောက်လိုက် များစွာလည်း ရှိလေသည်။
ကျောက်ရွှမ်မှာ တော်ဝင်မိသားစုတွင် မွေးဖွားလာခြင်း ဖြစ်သည့် အတွက် ငယ်စဉ်ကပင် အာဏာအတွက် မိသားစုဝင် အချင်းချင်း သတ်ဖြတ် ကြသည်များနှင့် ရင်းနှီးနေပြီးသား ဖြစ်လေသည်။
သို့သော် သူက ရှင်းယန် မင်းသမီးကို သုတ်သင် ပစ်ရန်အထိ မလုပ်ရက်ခဲ့ပေ။
ထို့ကြောင့် သူက ရှင်းယန် မင်းသမီးနှင့် အိမ်ရှေ့စံကြားတွင် တတ်နိုင်သမျှ ညှိနှိုင်း ပေးထား ခဲ့လေသည်။
ထို့ပြင် အိမ်ရှေ့စံ တစ်ပါး ဖြစ်လာရန်မှာလည်း လွယ်သည့် ကိစ္စမဟုတ်ပေ။ သားတော် ဖြစ်သူ အိမ်ရှေ့စံမင်းသား ကျောက်ရှန့်မှာ အလွန်မှ စိတ်ဓာတ် ခိုင်မာသူ ဖြစ်လေသည်။ ကျောက်ရှန့်ကို အာဏာကုန် လွှဲပေးမိပါကလည်း ကျောက်ရှန့်သည် သူ၏ ဧကရာဇ်ပလ္လင်ကို ခြိမ်းခြောက်လာမည် ဖြစ်လေသည်။ သို့သော် ကျောက်ရှန့်ကို အာဏာ အနည်းငယ်သာ ပေးပြန်လျှင်လည်း သားဖြစ်သူက သူ့ကို အထင်အမြင် လွဲသွားမည် ဖြစ်လေသည်။
ထို့ကြောင့် ရှင်းယန် မင်းသမီးနှင့် အိမ်ရှေ့စံမင်းသား အင်အားမျှ နေခြင်းက သူ့ကိုလည်း စိတ်သက်သာရာ ရစေလေသည်။
သို့သော်…
အိမ်ရှေ့စံ မင်းသား ပုန်ကန် လိမ့်မည်ဟု ကျောက်ရွှမ် မျှော်လင့်ထားခဲ့မိခြင်း မရှိပေ။
အိမ်ရှေ့စံ မင်းသားသည် ထင်မှတ် မထားသည့် အချိန်တွင် ဘုရင့်နေပြည်တော်သို့ ဝင်ရောက် သိမ်းပိုက်ခဲ့လေသည်။ ရှင်းယန် မင်းသမီးမှာလည်း အိမ်ရှေ့စံမင်းသား၏ လက်တွင်းသို့ ကျရောက် သွားခဲ့ပြီ ဖြစ်လေသည်။ မင်းသမီး ရှင်းရန်သာ ရှိလျှင် အိမ်ရှေ့စံသည် ဘုရင့်နေပြည်တော်အထိ ကျူးကျော် သိမ်းပိုက် ရဲလိမ့်မည် မဟုတ်ပေ။
အိမ်ရှေ့စံသည် အရာရာကို အကွက်ကျကျဖြင့် သေသေချာချာ စီစဉ်ခဲ့ခြင်း ဖြစ်လေသည်။
ဤသည်မှာ သူ၏သားပင် ဖြစ်ပြီး အလွန်မှ တော်လွန်းသည်။
ကျောက်ရွှမ်သည် ထီးနန်းကို စွန့်လွှတ်ရခြင်းအတွက် ပြဿနာ မရှိသည့်တိုင် သားဖြစ်သူ၏ ပုန်ကန်မှုကိုတော့ မကျေနပ်ခဲ့ပေ။ ထို့ပြင် ကျောက်ရှန့်က သူ့ကို ပုန်ကန် လိမ့်မည်ဟုလည်း မည်သည့်အခါမှ မျှော်လင့်ထားခဲ့မိခြင်း မရှိပေ။
ယခုကဲ့သို့ အာဏာ လုနန်းသိမ်းသည့် ကိစ္စမျိုးသည် အဖေနှင့် သားကြားတွင် မည်မျှ ဝမ်းနည်းစရာ ကောင်းလိုက်ပါသနည်း။
ချင်ကျန့် နန်းဆောင်ရှေ့တွင် အိမ်ရှေ့စံမင်းသား ကျောက်ရှန့်၏ တပ်များကို ဘုရင့် ကိုယ်ရံတော်တပ်သည် အပြင်းအထန် ခုခံနေရလေသည်။ သို့သော် ရေရှည်တွင် ခုခံနိုင်ခြင်း မရှိတော့ပေ။
ကျောက်ရွှမ်သည် ဆန်းလျန် ပေးခဲ့သည့် ကျောက်စိမ်း ပြားလေးကို လက်ထဲတွင် ကိုင်ထားပြီး ဆန်းလျန်၏ အမည်ကို တီးတိုး ရေရွတ်လိုက်လေသည်။
ကျောက်စိမ်းပြားလေးမှ အပူငွေ့များ ထွက်လာလေသည်။ ဆန်းလျန် အချိန်မီ ရောက်လာ နိုင်မည်လားဆိုသည်ကို မသိနိုင်သည့်တိုင် သူ့အတွက် နောက်ဆုံး အားကိုးရာကို ပြုလုပ်ခဲ့ခြင်း ဖြစ်လေသည်။
ထို့ပြင် အိမ်ရှေ့စံ မင်းသားသည် ဧကရာဇ် တံဆိပ်တော်ကို ဆန်းလျန် ယူဆောင် သွားသည်ဆိုသည့် အချက်ကို သိရှိခြင်း မရှိပါ။ ထိုအကြောင်းကိုသာ အိမ်ရှေ့စံမင်းသား ကျောက်ရှန့် သိရှိပါက နန်းလုမည့်အစီအစဉ်သည် အနည်းငယ် နှောင့်နှေး သွားမည် ဖြစ်လေသည်။
သူ့ထံတွင် ဧကရာဇ် တံဆိပ်တော် အတုတစ်ခု ပြုလုပ်ထားသော်လည်း အတုမှန်း သိသာလေသည်။ တကယ်တမ်း နန်းတက်သည့် နန်းတက်ပွဲတွင် ဧကရာဇ် တံဆိပ်တော်အတုနှင့် နန်းတက်ရန်မှာ မည်သို့မှ မဖြစ်နိုင်ပေ။
ရတနာ ဓားရှည်ကို ကိုင်ထားသည့် အိမ်ရှေ့စံ မင်းသား ကျောက်ရှန့်သည် ချင်ကျန့် နန်းဆောင် အတွင်းသို့ ဝင်ရောက် လာလေသည်။
ဘုရင်မင်းမြတ် ကျောက်ရွှမ်သည် အိမ်ရှေ့စံမင်းသား ကျောက်ရှန့်ကို စိုက်ကြည့်ရင်း ပြုံးလိုက်လေသည်။
"ငါကိုယ်တော်ရဲ့ အသက်ကို ယူမယ့်သူက ငါကိုယ်တော်ရဲ့ သားတော်လေး ရှန့်အော်တဲ့လား"
ကျောက်ရှန့်က မျက်မှောင်တစ်ချက် ကြုတ်မိသွားသည်။ ထို့နောက်သူက ခမည်းတော်ကို လေးစားစွာဖြင့်ပင် စကားဆိုလိုက်သည်။
"သားတော်က ခမည်းတော်ဘေးက မကောင်းတဲ့ သူတွေကို ဖယ်ရှား ပစ်ချင်တာပါ၊ ရှင်းယန် မင်းသမီးက ပုန်ကန်ဖို့ ကြိုးစားနေပါပြီ၊ ဒါကြောင့် သူမပုန်ကန်ခင် သားတော်က ထီးနန်းကို ရအောင် ယူရတာပါ၊ မင်းကြီးကို စိတ်အနှောင့်အယှက် ဖြစ်သွားစေတာ စိုးရွံ့မိပါတယ်၊ မင်းကြီးကို ခေါ်ဆောင် သွားဖို့ ကိုယ်ရံတော်တွေ အမြန် လွှတ်ပေးလိုက်ပါ့မယ်"
ကျောက်ရွှမ် သက်ပြင်း ချလိုက်လေသည်။
"မင်းဘယ်တုန်းကများ ဒီလောက် ယဉ်ကျေး သွားတာပါလိမ့်"
"သားတော် စိုးရွံ့မိပါတယ်"
ကျောက်ရှန့် ပြန်ပြော လိုက်လေသည်။
"ဒီတိုင်းပြည်ဟာ အနှေးနဲ့အမြန် မင်းလက်ထဲ ရောက်လာမှာပါ၊ ဘာလို့ အရမ်း အလျင် လိုနေရတာလဲ"
ကျောက်ရွှမ်က အိမ်ရှေ့စံကို အေးစက်စွာဖြင့် စိုက်ကြည့်ရင်း ပြောလိုက်လေသည်။
ဘုရင်မင်းမြတ်၏ အေးစက်စက် အကြည့်နှင့် ရင်ဆိုင် ရသော်လည်း အိမ်ရှေ့စံက ကြောက်ရွံ့ သွားခြင်း မရှိသလို အကြည့်ကိုလည်း ရှောင်လွှဲခဲ့ခြင်း မရှိပါ။
"မင်းကြီးက တိုင်းပြည် အတွက် အလုပ်တွေ မနားမနေ လုပ်ခဲ့တဲ့သူပါ၊ မင်းကြီး စိတ်ဖိစီးမှုတွေ များပြီး ပင်ပန်းနေတာကို ကျွန်တော်မျိုး မကြည့်ရက် တော့ပါဘူး၊ ကျွန်တော်မျိုးကိုသာ တာဝန်တွေ လွှဲယူခွင့် ပေးလိုက်ပါတော့၊ ကျန်တဲ့ သက်တမ်းတစ်လျှောက် မင်းကြီး အပူအပင် မရှိဘဲ အေးချမ်းစွာ နေထိုင် သွားနိုင်ပါတယ်"
ကျောက်ရွှမ်က သက်ပြင်း တစ်ချက် ချလိုက်လေသည်။
"မင်းက အရာအားလုံးကို ကြိုတင် ကြံစည်ထားခဲ့တာပဲ၊ ဒါပေမဲ့ ဒီတိုင်းပြည်က ငါကိုယ်တော် ပေးအပ်မှ မင်းရဲ့ တိုင်းပြည်ဖြစ်လာမှာပါ၊ ငါကိုယ်တော်က မပေးအပ်ဘူး ဆိုရင် မင်းဘယ်တော့မှ ဘုရင်ဖြစ်လာမှာ မဟုတ်ဘူး ၊ မင်းနားလည်လား"
"ကျုပ်နားမလည်ဘူး…"
ကျောက်ရှန့်က ခမည်းတော် ဖြစ်သူကို အော်ပြောလိုက်သည်။ ထို့နောက် သူက ကျောက်ရွှမ်ကို စိုက်ကြည့် နေလေသည်။
ကျောက်ရွှမ်သည် တစ်ချိန်တုန်းက မယ်တော် ဖြစ်သူ ဘုရင်မထံမှ ထီးနန်း သိမ်းယူခဲ့သည့် အကြောင်းကို သတိရလိုက် မိသည်။ သို့သော် အဖြစ်အပျက်က ဆင်တူရုံမျှသာ ရှိလေသည်။
"အိမ်ရှေ့စံမင်းသား၊ တကယ်တော့ မင်းက "နားလည်ပါတယ်" လို့ ပြောလိုက်သင့်တာ"
အသံတစ်သံ ထွက်ပေါ် လာလေသည်။
ရုတ်တရက် အလင်းတန်းတစ်ချက် လင်းလက် သွားပြီး သားမွေးဝတ်ရုံ ဝတ်ဆင်ထားပြီး ကြယ်စင် သရဖူကို ဆောင်းထားသည့် လူငယ်လေး တစ်ယောက်သည် ချင်ကျန့် နန်းဆောင် အတွင်းသို့ ဝင်ရောက် လာလေသည်။
ချင်ကျန့် နန်းဆောင် အပြင်ဘက်တွင် တိုက်ခိုက် နေသည့် တိုက်ပွဲမှာ ရုတ်တရက် ရပ်တန့်သွားပြီး စစ်သည်တော်များမှာ လှုပ်ရှားနိုင်ခြင်း မရှိကြတော့ပေ။
"ချင်းရှသခင်လေး၊ မင်းက အချိန်ကိုက် ရောက်လာတာပဲ"
ကျောက်ရှန့်က ပြောလိုက်လေသည်။
လူငယ်လေးက ရယ်မောလိုက်ရင်း…
"အချိန်ကိုက် ရောက်လာတာ မဟုတ်ပါဘူး ၊ ကျုပ်က ဟိုးအရင် ကတည်းက ဒီမှာ ရှိနေခဲ့တာပါ"
***