တာအိုဆရာ... ခဏလောက်စောင့်ပါဦး
Vol. 4 Ch. 322
ကျောက်ရှန့်သည် ကောင်းကင်ထက်သို့ မော့ကြည့်ပြီး သက်ပြင်း တစ်ချက် ချလိုက်လေသည်။
သူ့လက်ထဲတွင် ကိုင်ထားသည့် ရတနာဓားကို ကြမ်းပြင်ပေါ်သို့ ပစ်ချ လိုက်လေသည်။
"ချင်းရှ ၊ မင်းနဲ့ကျုပ်နဲ့က အရင် သိကျွမ်း ခင်မင်ခဲ့ကြတာပါ ၊ ဘာလို့ ဒီလိုလုပ်ရတာလဲ"
ရတနာဓားသည် ကြမ်းပြင်ထက်သို့ ကျသွားလေသည်။ ကျောက်ရှန့်သည် သူ၏ပုန်ကန်မှု အရေးနိမ့် သွားပြီ ဖြစ်ကြောင်း သဘောပေါက် သွားလေသည်။
ဆန်းလျန်သာ ပါဝင် ပတ်သက်ခြင်း မရှိလျှင် ကျောက်ရှန့် အနေဖြင့် အရေးတော်ပုံ မအောင်မြင် နိုင်စရာ အကြောင်းမရှိပေ။
ကျောက်ရှန့်ထံမှ ဧကရာဇ် တန်ခိုးစွမ်းအား ဖြစ်သည့် ခရမ်းရောင် တန်ခိုးစွမ်းအားများသည် နဂါး တစ်ကောင်အသွင်သို့ ကူးပြောင်း သွားလေသည်။ ခရမ်းရောင် နဂါးသည် သွားများကို ဖြဲကာ ဆန်းလျန်ဆီသို့ အရှိန်ပြင်းစွာ ဝင်ရောက် လာလေသည်။
ဆန်းလျန်က တည်ငြိမ်စွာ ရပ်နေပြီး ခရမ်းရောင် တန်ခိုးစွမ်းအားများ သူ့ထံသို့ ဝင်ရောက် လာသည်ကို ကြည့်နေလေသည်။ ခရမ်းရောင် တန်ခိုးစွမ်းအားများသည် ချက်ချင်းပင် ပျောက်ကွယ် သွားလေသည်။
ခရမ်းရောင် တန်ခိုးစွမ်းအားများ ပျောက်ကွယ် သွားသည်နှင့် ကျောက်ရှန့်၏ ရင်ထဲတွင် ခံစားချက် တစ်ခုကို နက်နက်ရှိုင်းရှိုင်း ခံစား လိုက်ရလေသည်။ သူ့ဘဝတွင် လမ်းပျောက် သွားသကဲ့သို့ ဖြစ်သွားပြီ ဖြစ်လေသည်။
ဆန်းလျန်က ကျောက်ရှန့်ကို ကြည့်ပြီး ခေါင်းတစ်ချက် ခါယမ်းလိုက်သည်။
ဆန်းလျန်က သူ၏ အင်္ကျီလက်ထဲမှ ဧကရာဇ် တံဆိပ်တော်ကို ထုတ်ယူလိုက်သည်။ တံဆိပ်တော်သည် ရွှေရောင်များ တလက်လက် တောက်ပနေပြီး တန်ခိုးအာဏာနှင့်လည်း ပြည့်စုံ နေလေသည်။
ဧကရာဇ် တံဆိပ်တော်သည် ဆန်းလျန်၏ လက်ထဲမှ ပျံသန်း ထွက်ခွာသွားပြီး ကျောက်ရွှမ်၏ လက်ဖဝါး ထက်ဆီသို့ ရောက်ရှိ သွားလေသည်။ ဧကရာဇ် တံဆိပ်တော်ထံမှ ပူနွေးသည့် စွမ်းအား တစ်ခုသည် ကျောက်ရွှမ်၏ ကိုယ်ထဲသို့ စီးဆင်း ဝင်ရောက် သွားလေသည်။ အနန္တ တန်ခိုးစွမ်းအား ထုကြီးသည် သူ၏ ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက် လာသည့် အလား ကျောက်ရွှမ်မှာ အားအင်များ ချက်ချင်း ပြည့်ဖြိုး လာသလို ခံစားလိုက်ရသည်။
ကျောက်ရွှမ်မှာ ချက်ချင်းပင် ပြန်လည် ငယ်ရွယ် သွားလေသည်။ ဖြူဖွေးနေသည့် ဆံပင်များမှာ ချက်ချင်းပင် အနက်ရောင်သို့ ပြောင်းလဲ သွားလေသည်။
ကျောက်ရှန့်က ခမည်းတော် ဖြစ်သူ၏ အခြေအနေကို အကဲခတ် နေလေသည်။ သူက ဖခင်ဖြစ်သူ ပြန်လည် ငယ်ရွယ် သွားသည့် အသွင်အပြင်ကို ကြည့်ရင်း စိတ်ရှုပ်ထွေး နေလေသည်။
ဖခင် ကွယ်လွန်သည့် အချိန်စောင့်နေပြီးမှ နန်းတက် ရမည်ဆိုလျှင်တောင် သူ၏အသက်မှာ အလွန် ကြီးနေလောက်ပေပြီ။
"ချင်းရှသခင်လေး၊ ကျေးဇူးတင်ပါတယ်"
ကျောက်ရွှမ်က ဆန်းလျန်ကို ကြည့်လိုက်ပြီး လေးနက်သည့် လေသံဖြင့် ပြောလိုက်သည်။
သူ ဆန်းလျန်ကို ပြောလိုက်သည့် ကျေးဇူးတင် စကားသည် အလွန်မှ ရိုးသားလွန်းလေသည်။
ဆန်းလျန် အချိန်ကိုက် ရောက်ရှိ လာခြင်း အတွက်လည်း သူအံ့သြ နေမိလေသည်။
အမှန်တော့ ကျောက်ရွှမ်သာ ကျောက်စိမ်းပြားလေးကို ကိုင်ပြီး ဆန်းလျန်က မတမ်းတလျှင် ဆန်းလျန်က ရောက်မလာရန် ဆုံးဖြတ် ထားလေသည်။ သူက တာ့ဝေ့ တိုင်းပြည်၏ ကံကြမ္မာကို အရှိအတိုင်း ထားလိုက်ရန် ဆုံးဖြတ် ထားလေသည်။ သို့သော် ကျောက်ရွှမ်က သူ့ကို တမ်းတလိုက်သည့် အတွက် သူက တာ့ဝေ့ နန်းတွင်းရေးရာကို ပါဝင် ပတ်သက်လိုက်ခြင်း ဖြစ်လေသည်။
ဆန်းလျန်က ပြုံးလိုက်ရင်း...
"မင်းကြီး ပုန်ကန်သူ အားလုံးကို ကျုပ်ထိန်းချုပ် ထားလိုက်ပါပြီ၊ မင်းကြီးရဲ့ လူတွေ မကြာခင် ရောက်လာ ကြပါတော့မယ် ၊ အခုတော့ ကျုပ်ကို ခွင့်ပြုပါဦး"
ဆန်းလျန်က သူ့တာဝန် ပြီးသွားပြီ ဖြစ်သည့် အတွက် ထွက်ခွာသွားရန် ပြင်ဆင်လိုက်သည်။ သူက တော်ဝင် မိသားစု၏ ပြဿနာများတွင် ထပ်မံ ပါဝင် ပတ်သက်လိုခြင်း မရှိပေ။
ယခုတော့ တော်ဝင် မိသားစုထဲတွင် ခမည်းတော်နှင့် သားတော်ကြား သံသယများ ပွားများခဲ့ပြီ ဖြစ်လေသည်။
ဆန်းလျန် အနေဖြင့်လည်း မည်သူက မှားပြီး မည်သူက မှန်သည်ကို ပြောရ ခက်နေလေသည်။ ဆန်းလျန်သည် အတိတ်ဘဝ ခေတ်ပေါ် လောကတွင် နေထိုင်စဉ်က ဖတ်ခဲ့ရသည့် ကဗျာတစ်ပုဒ်ကိုပင် သတိရလိုက် မိသည်။
"တစ်ချိန်တုန်းက… ဧကရာဇ် သုံးပါးနှင့် သူရဲကောင်း ငါးယောက် ရှိလေတယ်…။ သူရဲကောင်း ငါးယောက်ဟာ တိုက်ပွဲများစွာ ဆင်နွှဲခဲ့ပြီး ဂုဏ်သရေများ ကျော်စောခဲ့ကြတယ်…။ သမိုင်းတစ်လျှောက် အမည်များစွာ မှတ်တမ်း တင်ထားခဲ့သော်လည်း မြောက်ပိုင်း အရပ်တွင် မရေမတွက် နိုင်သည့် သင်္ချိုင်း ဂူများ ရှိနေခဲ့ပြီ…။ အနည်းငယ်သော ပိုင်ဆိုင်မှုလေးအတွက် တိုက်ခိုက်ကြရင်း… ပိုပြီး ကြီးမားသည့် အန္တရာယ် ကိုတော့ မမြင်နိုင် ဖြစ်ခဲ့ကြလေတယ်…"
ဆန်းလျန်၏ ကဗျာ ရွတ်ဆိုသံသည် တာ့ဝေ့တိုင်းပြည်၏ ဘုရင့် နန်းတော်တစ်ခွင်တွင် ပျံ့လွင့် သွားလေသည်။ ဆန်းလျန် ရွတ်ဆိုသည့် ကဗျာသည် ကျောက်ရွှမ်၏ နှလုံးသားကို ရိုက်ခတ် သွားလေသည်။ ကျောက်ရွှမ်သည် ဝမ်းနည်း သွားမိလေသည်။ ဆန်းလျန်၏ ခြေဖဝါးအောက်တွင် အဖြူရောင် တိမ်တိုက် တစ်ခုပေါ်လာပြီး ကောင်းကင်ထက်သို့ ပျံသန်း ပျောက်ကွယ် သွားလေတော့သည်။
ကျောက်ရွှမ်က သားတော်ဖြစ်သူ ကျောက်ရှန့်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ အနည်းငယ်သော ပိုင်ဆိုင်မှုလေး အတွက် တိုက်ခိုက်ကြရင်း… ပိုပြီး ကြီးမားသည့် အန္တရာယ်ကိုတော့ မမြင်နိုင် ဖြစ်ခဲ့ကြလေတယ်… ဆိုသည့် ဆန်းလျန်ရွတ်ဆိုသွားသည့် ကဗျာစာပိုဒ်ကို သတိရလိုက် မိသည်။
သူ၏ ရင်ထဲတွင် နာကျင်ခံစားလိုက်မိလေသည်။
အိမ်ရှေ့စံ မင်းသား ကျောက်ရှန့်သည် ကြမ်းပြင်ထက်တွင် ပစ်ချထားသည့် သူ၏ ရတနာဓားကို ကောက်ယူ လိုက်ကာ သူ၏ ဝမ်းဗိုက်ဆီသို့ ထိုးစိုက် ချလိုက်လေသည်။
ထိုအချိန်မှ စတင်ကာ ကျောက်ရွှမ်သည် တိုင်းပြည်ကို အထူး သတိ ဝီရိယ ထားကာ အုပ်ချုပ် ခဲ့လေသည်။
ဆန်းလျန်သည် အိမ်ရှေ့စံ မင်းသား ကျောက်ရှန့် သူ့ကိုယ်သူ သတ်သေသွားသည်ကို အဝေး တစ်နေရာ ကောင်းကင်ထက်မှ လှမ်းမြင် လိုက်ရလေသည်။ သို့သော် သူ့ရင်ထဲတွင် မည်သည့် ခံစားချက်မှ ဖြစ်ပေါ်မိခြင်းမရှိပေ။
လူတစ်ယောက်သည် တစ်ကြိမ်သာ အသက်ရှင်နိုင်ပြီး အပင်များသည် ဆောင်းဦးရာသီ အထိသာ အသက်ရှင် နိုင်လေသည်။ ဘုရင်တစ်ပါးသည် မည်မျှပင် အောင်မြင်မှု ရရှိပါစေ နောက်ဆုံးတွင် အရိုးစုဘဝဖြင့်သာ ဇာတ်သိမ်းရမည် ဖြစ်လေသည်။
ဆန်းလျန်သည် နတ်ဘုရား တစ်ပါး ဖြစ်သွားပြီးသည့် နောက်ပိုင်း ကိစ္စရပ် အတော်များများတွင် ခံစားချက် သိပ်မထားတတ်တော့ပေ။
ဆန်းလျန်သည် ယခင်ကနှင့် မတူတော့ဘဲ ပြောင်းလဲ သွားခဲ့ပြီ ဖြစ်လေသည်။
ထို့ပြင် ဆန်းလျန်သည် လမ်းပျောက် သလိုလည်း ခံစားနေရသည်။
ဆန်းလျန် နတ်ဘုရား တစ်ပါးအဖြစ် အဆင့် တက်ရောက်နိုင်ခြင်းသည် ကြီးမားသည့် အောင်မြင်မှုကြီး တစ်ခု ဖြစ်လေသည်။ သို့သော် နောက်ထပ် နှစ်ပေါင်း တစ်ထောင့်ငါးရာ ကြာလျှင် မိုးကောင်းကင် တရားစီရင်မှုကို ရင်ဆိုင်ရဦးမည် ဖြစ်လေသည်။ ထိုတရား စီရင်မှုကိုသာ ကျော်ဖြတ် နိုင်ခြင်း မရှိပါက နတ်ဘုရား တစ်ပါးဖြစ်ခြင်း သည်လည်း အလကားပင် ဖြစ်လေသည်။
လောက နတ်ဘုရားများ မိုးကောင်းကင် တရားစီရင် ခံရသည်မှာ သဘာဝပင် ဖြစ်လေသည်။ နတ်ဘုရားများသည် မည်မျှပင် တန်ခိုးစွမ်းအား ကြီးမားကြပါစေ မိုးကောင်းကင် တရားစီရင်မှုကို ရှောင်လွှဲနိုင်ခြင်း မရှိကြပေ။ အနည်းငယ် နှောင့်နှေး သွားရန်သာ အချိန်ဆွဲထားနိုင်ကြလေသည်။
ဆန်းလျန်သည် ဒြပ်စင် စွမ်းအား ငါးမျိုးကို အပြည့်အဝ နားလည် ထားသည့်တိုင် နောင်တစ်ချိန်တွင် မည်သည့် အရာများကို ရင်ဆိုင် ရဦးမည်ကို မသိနိုင်ပေ။
ဒြပ်စင် စွမ်းအား ငါးမျိုးသည် အလွန်နက်နဲ သိမ်မွေ့လေသည်။ ဆန်းလျန်သည် နတ်ဘုရား တစ်ပါး ဖြစ်လာသည့်တိုင် ဒြပ်စင် စွမ်းအား ငါးမျိုးကို အပေါ်ယံမျှသာ နားလည် နိုင်သေးသည်။ ဒြပ်စင် စွမ်းအား ငါးမျိုး၏ အသေးစိတ် အချက်အလက်များကို သိရှိနိုင်ရန် အတွက် အချိန်များစွာ လေ့လာမှု ပြုလုပ်ရန် လိုအပ် လေသည်။
ဒဏ္ဍာရီထဲမှ နတ်ဘုရားများမှာ နှစ်ပေါင်း တစ်ရာ ကြာသည်အထိ တစ်ကိုယ်တည်း တရားကျင့်ကြံ ကြသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
ဆန်းလျန် အနေဖြင့် ဒြပ်စင် စွမ်းအားငါးမျိုးကို အသေးစိတ် နားလည်ရန် အတွက် ထိုသို့ တရား ကျင့်ကြံရန်လည်း အချိန်မရပါ။ နောက်ဆယ်နှစ်နေလျှင် လင်ထိုင် တာအိုပြိုင်ပွဲ စတင်တော့မည် ဖြစ်လေသည်။
ဆန်းလျန်သည် မိုးကောင်းကင် ထက်တွင် ပျံသန်းနေရင်း အတွေးထဲတွင် နစ်မျောလျက် ရှိလေသည်။
ကောင်းကင်ထက်တွင် ပျံသန်းနေသည့် ဆန်းလျန်ကို မည်သည့် သတ္တဝါ၊ မည်သည့်နတ်မိစ္ဆာမှ နှောင့်ယှက်ရဲခြင်း မရှိကြပေ။ အဘယ်ကြောင့် ဆိုသော် ဆန်းလျန်သည် နတ်ဘုရား တန်ခိုး စွမ်းအားများကို ဖြန့်ကြက် ထားသောကြောင့် ဖြစ်လေသည်။ ထို့ကြောင့် သဘာဝ သက်ရှိ သတ္တဝါ များမှာလည်း ဆန်းလျန် အနားသို့ ကပ်ရဲခြင်း မရှိဘဲ အဝေးမှပင် ရှောင်ခွာ သွားကြလေသည်။
မည်သည့် အနှောင့်အယှက်မှ မကြုံတွေ့ရသည့် အတွက်လည်း ဆန်းလျန်က စိတ်ချမ်းသာ နေခဲ့လေသည်။
လောကကြီးက ကျယ်ပြော လွန်းလှပြီး ကျင့်စဉ်လမ်းကို လိုက်လျှောက်ကြသည့် သတ္တဝါများလည်း များစွာ ရှိလေသည်။ အချို့သော တောင်များတွင် သူတို့ကိုယ် သူတို့ တောင်စောင့်နတ် သို့မဟုတ် တောင်ဘုရင်ဟု သတ်မှတ် ထားသည့် ဝိညာဉ်များ၊ နတ်မိစ္ဆာများ များစွာ ရှိလေသည်။ ထိုသူများမှာ ရက်စက် ကြမ်းကြုတ်တတ်ပြီး ဖြတ်သန်း သွားလာသူများကို အန္တရာယ် ပြုတတ် ကြလေသည်။
သို့သော် ဆန်းလျန်က နတ်ဘုရား တန်ခိုးစွမ်းအားများကို ထုတ်လွှတ် ထားသည့် အတွက် လောက နတ်ဘုရားတစ်ပါး ဖြတ်သန်း သွားလာခြင်း ဖြစ်သည်ကို သတိပြုမိကြကာ အန္တရာယ် မပြုရဲဘဲ ရှိကြလေသည်။
ဆန်းလျန်က အလွန် လျင်မြန်သည့် အရှိန်ဖြင့် ပျံသန်းနေခြင်း မဟုတ်ပါ။ အေးအေးဆေးဆေးနှင့် ဖြည်းဖြည်းမှန်မှန် ပျံသန်းနေခြင်း ဖြစ်လေသည်။
ဝိညာဉ် စွမ်းအားမြင့်မားသည့် ကျင့်ကြံသူ အချို့ကတော့ ဆန်းလျန်၏ နောက်မှ လိုက်ပါ လာကြလေသည်။ သူတို့ကို ဆန်းလျန်က တပည့်အဖြစ် လက်ခံလေမည်လား ဟူသည့် အတွေးဖြင့် လိုက်ပါ လာကြခြင်း ဖြစ်လေသည်။
ဤသည်မှာ ယွမ်ကျိုးနယ် ကျင့်ကြံသူ လောကတွင် ဖြစ်လေ့ဖြစ်ထရှိသည့် ကိစ္စပင် ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် စစ်မှန်သည့် တာအိုကျင့်စဉ်ကို တွေ့ရှိနိုင်ရန်မှာ အလွန်မှ ခက်ခဲသည် မဟုတ်ပါလား။
လောက နတ်ဘုရားတစ်ပါး အဖြစ် တက်လှမ်းနိုင်ရန် အခွင့်အရေး ဆိုသည်မှာ အဓိက နတ်ဘုရား ကျောင်းတော်ကြီး လေးခုသို့ ဝင်ခွင့်ရနိုင်မှသာ မျှော်လင့်ချက် ရှိနိုင်မည် ဖြစ်လေသည်။
အခြားသော ကျင့်ကြံသူ ဂိုဏ်းအငယ်များ ဖြစ်သည့် ကြာပန်းစိမ်းဂိုဏ်း၊ ချင်းကျန်း ဂိုဏ်းတို့မှလည်း လောက နတ်ဘုရား များပေါ် ထွက်ခဲ့ဖူးပါသည်။ သူတို့၏ ကျင့်စဉ် လမ်းများမှာလည်း စစ်မှန်သည့် ကျင့်စဉ်လမ်းများ ဖြစ်ကြလေသည်။ သို့သော် ထိုကျင့်ကြံသူ ဂိုဏ်းလေးများသည် လူနည်းစု အတွက်သာ သင့်တော်သည်။
ကျင့်ကြံသူအားလုံးသည် ထိပ်တန်း အဆင့် ကျင့်စဉ်များဖြင့် နတ်ဘုရား တစ်ပါးအဖြစ်သို့ တက်လှမ်း လိုကြသူများသာ ဖြစ်လေသည်။
သို့သော် ကျင့်ကြံသူ အများစုသည် သူတို့ကိုယ် သူတို့ မည်သည့် ကျင့်စဉ်ဖြင့် သင့်တော်သည် ဆိုသည့် အချက်ကိုပင် သိရှိကြခြင်း မရှိကြပေ။
စိတ်စွမ်းအား မြင့်မားသော နတ်ဘုရားများသာလျှင် ကျင့်ကြံသူများ၏ ဇာစ်မြစ်ကို အလွယ်တကူ သိမြင်နိုင်ပြီး ကျင့်စဉ်လမ်းနှင့် ပတ်သက်သည့် တိကျသော အကြံဉာဏ်များ ပေးနိုင်လေသည်။
လောကနတ်ဘုရား တစ်ပါး ဖြစ်လာရန်မှာ လွယ်ကူသည့် ကိစ္စတော့ မဟုတ်ပေ။ ယွမ်ကျိုးနယ်တွင်ပင် လူသိများသည့် လောက နတ်ဘုရား ဆို၍ ဆယ်ပါးမျှသာ ရှိလေသည်။
လောက နတ်ဘုရား ဆယ်ပါးဆိုသည့် အရေအတွက်မှာ နှစ်ပေါင်း နှစ်ထောင် အတွင်း ပေါ်ထွက်ခဲ့သည့် အရေအတွက် ဖြစ်လေသည်။
ဆန်းလျန်သည် နတ်ဘုရား တစ်ပါးဖြစ်လာသည့် နောက်ပိုင်း ကျင့်စဉ် ပညာများကို ဖြန့်ဝေ သင်ကြား ပေးလိုစိတ် ထက်သန်ခဲ့ပါသည်။ သို့သော် ကျင့်စဉ်လမ်းနှင့် ပတ်သက်ပြီး အခြားသူများကို သင်ကြား ပေးရန်မှာ အလွန်ပင် ခဲယဉ်းသည့် ကိစ္စဖြစ်လေသည်။ ကျင့်စဉ်လမ်းနှင့် ပတ်သက်ပြီး ပါရမီ မရှိသူများကို သင်ကြား ပေးပြန်ပါကလည်း အလဟဿ အချည်းအနှီး ဖြစ်ရမည် ဖြစ်လေသည်။
ဆန်းလျန်သည် ကောင်းကင်ထက်တွင် အချိန်အတန်ကြာ ပျံသန်း နေခဲ့လေသည်။
ရုတ်တရက်…
သူ့နားထဲတွင် စကားသံ တစ်သံကို ကြားလိုက်ရလေသည်။
"တာအိုဆရာ၊ ခဏလောက်စောင့်ပါဦး"
***