အခန်း (၃၈၃-၃၈၄)
Vol. 36 Ch. 383-384
အခန်း (၃၈၃)။
ဤသည်မှာ ဟုန်ယွိအနေဖြင့် နတ်ဘုရားတန်ခိုးရှင် ဘုရင်ယန်တူးကို ဒုတိယအကြိမ် မြင်တွေ့ရခြင်း ဖြစ်သည်။
ပထမတစ်ကြိမ် တွေ့ခဲ့ရစဉ်က 'လျှပ်စီးဖမ်းမြင်း'၏ မှတ်ဉာဏ်များထဲတွင် ဖြစ်သည်။ ထိုစဉ်က ဤဘုရင်သည် ကြောက်မက်ဖွယ်ကောင်းသော သံမဏိချပ်ဝတ်များကို ဝတ်ဆင် ကာ လက်ထဲတွင် ပုဆိန်ကြီးတစ်လက်ကို ကိုင်စွဲထားသည်။ သူသည် ခြေလျင်စစ်သည် များကို ဦးဆောင်ကာ 'ဟွာလျိုနိုင်ငံ'၏ လေးလံသံချပ်ကာဝတ် မြင်းစီးစစ်သည်တော်များ ကို ရင်ဆိုင်တိုက်ခိုက်ခဲ့ပြီး သူတို့ကို တစ်ချက်တည်းနှင့် အပြတ်အသတ် ချေမှုန်းပစ်ခဲ့သည့် ပုဂ္ဂိုလ်ကြီးတစ်ဦးအဖြစ် မြင်တွေ့ခဲ့ရသည်။
ဤနတ်ဘုရားတန်ခိုးရှင် ဘုရင်၏ ဘွဲ့အမည်ကို ကြားလိုက်ရသူတိုင်းသည် သူ့ကို သံမဏိ မျှော်စင်ကြီးတစ်ခုကဲ့သို့ ထွားကြိုင်းတောင့်တင်းသည့် စစ်ဗိုလ်ချုပ်ကြီးတစ်ဦးဟု ထင်မှတ် ကြပေလိမ့်မည်။ သို့သော် သူသည် အမှန်တကယ်တွင် နုပျိုမှုကို ထိန်းသိမ်းရာတွင် ကျွမ်းကျင်ပြီး ပညာရှင်အငွေ့အသက်ကို ပိုင်ဆိုင်ထားသည့် လူငယ်တစ်ဦးဖြစ်ကြောင်း မည်သူမျှ မသိကြပေ။
ဘုရင်ယန်တူးသည် လွန်ခဲ့သော အနှစ် ၂၀ ကပင် အသက် ၃၀ ကျော်အရွယ်၌ သိုင်းသူတော်စင်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေခဲ့သူဖြစ်ပြီး ဧကရာဇ် ယန်ဖန်၏ ဦးလေးငယ်တော်စပ်သူ ဖြစ်သည်။ ယခုအခါ သူသည် အသက် ၅၀ သို့မဟုတ် ၆၀ ဝန်းကျင် ရှိနေပြီဖြစ်သော်လည်း အသက် ၂၀ အစောပိုင်း လူငယ်တစ်ဦးကဲ့သို့ပင် မြင်တွေ့ရပြီး သူ၏အသားအရေမှာ အလွန်ပင် ချောမွေ့လှသည်။
တစ်ချက်ကြည့်ရုံဖြင့် သူသည် စစ်ဗိုလ်ချုပ်တစ်ဦးဟု မည်သူမျှ ထင်မည်မဟုတ်ဘဲ စည်းစိမ် ခံနေသော သူဌေးသားတစ်ဦးဟုသာ ထင်ကြပေလိမ့်မည်။ သို့သော် ဘုရင်ယန်တူး၏ မျက်လုံးများမှာမူ ပင်လယ်ကဲ့သို့ နက်ရှိုင်းလှသည်။ ထိုမျက်လုံးများမှာ ကောင်းကင်တွင် လွတ်လပ်စွာ ပျံသန်းနေသော သိမ်းငှက်များကဲ့သို့ စူးရှတောက်ပနေပြီး မြင်ရသူကို အလို အလျောက် ရိုသေခန့်ညားမှုကို ဖြစ်စေသည်။
သူသည် သိုင်းသူတော်စင် အထွတ်အထိပ်အဆင့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး နိုင်ငံတော်၏ ထောက်တိုင်ကြီးတစ်ခုလည်း ဖြစ်သည်။
“ကျန်းယွမ်... သူတော်စင်ငယ်လေး ရောက်လာပြီပဲ...” ဘုရင်ယန်တူးသည် ဟုန်ယွိ လှေကားထစ်များအတိုင်း တက်လာသည်ကို မြင်သောအခါ ပြုံးလိုက်ပြီး အေးဆေးသော လေသံဖြင့် နှုတ်ဆက်လိုက်သည်။ ဟုန်ယွိသည် ဝတ်ရုံနက်ကို ဝတ်ဆင်ကာ သရဖူး မြင့်မြင့် နှင့် ဓားကို ကိုင်ဆောင်ထားသည်။ (ပညာရှင်သခင်လေးကို ကျန်းယွမ်ဟု သုံးနှုန်းပါမည်)
သူ၏လေသံမှာ အေးဆေးနေသော်လည်း ထိုအသံသည် လေထုထဲတွင် ချက်ချင်းပင် လှိုင်းထသွားပြီး လူတို့၏ နားထဲမှတစ်ဆင့် ဝိညာဉ်ထဲအထိ ထိုးဖောက်ဝင်ရောက်သွား သည်။ ဤသည်မှာ သိုင်းသူတော်စင် အထွတ်အထိပ်အဆင့်၏ ခြိမ်းခြောက်နိုင်သော စွမ်းအားပင် ဖြစ်သည်။
သို့သော် ထိုသို့ ပြောပြီးသည်နှင့်တစ်ပြိုင်နက် ဘုရင်ယန်တူးသည် စကားရပ်သွားပြီး ဟုန်ယွိ၏ ခန္ဓာကိုယ်ကို စူးစိုက်ကြည့်လိုက်သည်။ သူသည် ထူးဆန်းသော အရာတစ်ခုကို တွေ့ရှိသွားပုံရပြီး အလွန်ပင် တုန်လှုပ်သွားလေသည်။
ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ လူသားအင်မော်တယ် ခန္ဓာကိုယ်ဖြစ်သည်။ ချန်ပီယံမြို့စား၏ လက်သီးဆန္ဒများကို သန့်စင်ပြီးနောက် ဤခန္ဓာကိုယ်ပွားကို ဟုန်ယွိက စိတ်ဝိညာဉ်ဖြင့် ထိန်းချုပ်ထားခြင်း ဖြစ်သည်။ မျက်နှာပေါ်ရှိ သွေးစွမ်းအင်များနှင့် ကြွက်သားများမှာလည်း ပြောင်းလဲတိုးတက်နေသဖြင့် ဟုန်ယွိ၏ မူလရုပ်သွင်နှင့် အလွန်တူလှသည်။
ဤသည်မှာ လူသားအင်မော်တယ်များ၏ ထူးခြားသော စွမ်းရည်ဖြစ်ပြီး ခန္ဓာကိုယ် ဖွဲ့စည်းပုံနှင့် ရုပ်ရည်ကို ပြောင်းလဲနိုင်သည်။ ၎င်းမှာ ပုံရိပ်ယောင် မဟုတ်ဘဲ အသက်ဝင်နေ သော အစစ်အမှန် ပြောင်းလဲခြင်း ဖြစ်သည်။
ဟုန်ယွိသည် ဤခန္ဓာကိုယ်ကို အသုံးပြုလိုက်သောအခါ သူ၏ မူလကိုယ်ခန္ဓာနှင့် မည်သို့မျှ ခွဲခြားမရတော့ဘဲ အရပ်အမောင်းမှာလည်း အတူတူပင် ဖြစ်သည်။ ၎င်းမှာ သူ၏ အသက်ဝင်နေသော ကိုယ်ပွားတစ်ခုသဖွယ် ဖြစ်နေ၏။
မူလကကတည်းက ဟုန်ယွိ၏ သိုင်းပညာ အတွေ့အကြုံနှင့် ကျင့်ကြံမှုမှာ မဆိုးလှပေ။ သူသည် သိုင်းသူတော်စင် ကနဦးအဆင့်သာ ရှိသော်လည်း ဤလူသားအင်မော်တယ် ခန္ဓာကိုယ်ပွားကို ထိန်းချုပ်ပြီး သူ၏ သွေးစွမ်းအင်များကို ဖုံးကွယ်ထားလိုက်သောအခါ သာမန် လူတစ်ယောက်နှင့် မခြားတော့ပေ။ အလွန်အစွမ်းထက်သော ပညာရှင်မှလွဲ၍ မည်သူမျှ ရိပ်မိမည်မဟုတ်ပေ။
သို့သော် ယန်တူးက မည်သူနည်း။ သူသည် သိုင်းကျမ်းပေါင်း မည်မျှကို ကျင့်ကြံခဲ့ပြီး လျှို့ဝှက်နည်းစနစ်ပေါင်း မည်မျှ တတ်မြောက်ထားသနည်း။ သူ၏ လူကဲခတ်နိုင်စွမ်းနှင့် အမြင်အာရုံမှာ ဤလောကတွင် ထိပ်တန်းအဆင့် ဖြစ်သည်။ သူကိုယ်တိုင်လည်း လူသား အင်မော်တယ်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည့် အနေအထားတွင် ရှိနေသူ ဖြစ်သည်။ ထို့ကြောင့် သူသည် ဟုန်ယွိ၏ ခန္ဓာကိုယ်ကို တစ်ချက်ကြည့်ရုံဖြင့် မြင်သွားခဲ့ပြီး တုန်လှုပ်သွားရခြင်း ဖြစ်သည်။
သူသည် စကားနည်းပြီး အေးစက်နေတတ်သော လုပ်ကြံသတ်ဖြတ်သူ မဟုတ်ပေ။ သူ၏ ရိုးရှင်းမှုများကြားတွင် ဘုရင်တစ်ပါး၏ အရှိန်အဝါ ရှိနေသည်။
ဘုရင်ယန်တူး ရိပ်မိသွားသည်နှင့် တစ်ပြိုင်နက် ကျောက်နန်းဆောင်အတွင်း ထိုင်နေကြ သော လူအချို့၏ မျက်လုံးများတွင်လည်း ထူးဆန်းသော အလင်းတန်းများ လက်ခနဲ ဖြစ်သွားသည်။ သို့သော် ချက်ချင်းပင် ပြန်လည် ငြိမ်သက်သွားကြသည်။
ထိုလူများထဲတွင် လူသုံးယောက်၏ မျက်လုံးများမှာမူ လှိုင်းတစ်ချက်မျှ မထခဲ့ပေ။ သူတို့သည် ထိုကျောက်နန်းဆောင်နှင့် တစ်သားတည်း ဖြစ်နေသကဲ့သို့ပင်။ အချင်းချင်း မြင်နေရသော်လည်း မည်သည့်ခံစားချက်မျှ မရှိကြချေ။
“အို... ဒီလူသုံးယောက်စလုံးက 'နင်ဂျာဘုန်းတော်ကြီး' ထက်တောင် အစွမ်းထက်ပုံရ တယ်။ သူတို့တွေက လုပ်ကြံသတ်ဖြတ်သူများ မဟာမိတ်အဖွဲ့ရဲ့ မဟာအကြီးအကဲ သုံးယောက် ဖြစ်ရမယ်။ ကျန်တဲ့ ယန်ခိုင်အပါအဝင် လေးယောက်ကတော့ အကြီးအကဲ ငါးယောက် အဖွဲ့ဝင်တွေပေါ့။ အကြီးအကဲ ငါးယောက်၊ မဟာအကြီးအကဲ သုံးယောက်... အားလုံးက သိုင်းသူတော်စင် တွေချည်းပဲ။ ဒီအင်အားက တကယ်ကို ကြောက်စရာ ကောင်းလွန်းတယ်။ အံ့သြစရာ မရှိတော့ပါဘူး၊ တော်ဝင်ချန် တည်ထောင်သူက ဒီမဟာမိတ်အဖွဲ့ကို သတိထားခဲ့ရလို့ ချီပြည်နယ်ဆိုတဲ့ နာမည်ကိုတောင် ပြောင်းလဲပေး ခဲ့ရတာကိုး။”
ဤအင်အားစုကို မြင်လိုက်ရသောအခါ ဟုန်ယွိ၏ စိတ်ဝိညာဉ်မှာ တစ်ချက် တုန်သွား သည်။ သမိုင်းမှတ်တမ်းများတွင် ပါဝင်နိုင်ရန်အတွက် သူတို့သည် သာမန်အထက်တန်းလွှာ မိသားစုများနှင့် တကယ်ပင် ကွာခြားလှသည်။
သို့သော်လည်း သိုင်းသူတော်စင် ရှစ်ယောက်ရှိနေခြင်းက ဟုန်ယွိကို အေးစက်သွားစေ သည်။ ၎င်းမှာ ချန်ပီယံမြို့စားက ဆေးလုံးများဖြင့် အတင်းမြှင့်တင်ထားသော အဆင့်မျိုး မဟုတ်ဘဲ ခက်ခက်ခဲခဲ ကျင့်ကြံလာကြသူများ ဖြစ်သည်။ ဤကဲ့သို့သော လူမျိုးမှာ အကြောက်ရဆုံး ဖြစ်သည်။
“ဒီမဟာမိတ်ထဲမှာ တာအိုပညာရှင်တွေကော ရှိလား။ မဟာမိတ်ခေါင်းဆောင်က ဘယ်သူ ဖြစ်မလဲ။ ဘာလို့ ဒီမှာ မရှိတာလဲ။” ဟုန်ယွိက တွေးတောရင်း ဘုရင်ယန်တူး၏ ဘေးနားရှိ တာအိုသခင်နှစ်ပါးကို ကြည့်လိုက်သည်။
ထိုတာအိုသခင်နှစ်ပါးမှာ တာအိုပညာရှင်များ ဖြစ်ကြောင်း သိသာလှသည်။ သူတို့၏ ခန္ဓာကိုယ်မှာ မဟာဆရာသခင်အဆင့်တွင် ရှိသော်လည်း သူတို့၏ စိတ်ဝိညာဉ်မှာမူ နက်ရှိုင်းစွာ ပုန်းအောင်းနေသည်။ သူတို့သည် 'ရွှေပင့်ကူဘုရင်'ထက် မနိမ့်သော စွမ်းအား ရှိကြောင်း ဟုန်ယွိ ခံစားမိသည်။
အကယ်၍ ဤနေရာမှ လူများသာ သေချာ စီစဉ်ထားမည်ဆိုလျှင် မိုးကြိုးကပ်ဘေး နှစ်ဆင့် ကျော်ဖြတ်ထားသော 'ဘိုးဘေးဟုန်လင်'ကဲ့သို့ ပညာရှင်မျိုးကိုပင် သတိလက်လွတ် ဖြစ်နေစဉ် တစ်ခဏအတွင်း သတ်ပစ်နိုင်သည်။ ဟုန်ရွှန်ကျိပင်လျှင် အသတ်ခံရနိုင်သည်။
ဤအင်အားသည် လူသားအင်မော်တယ် မပါဝင်သေးသဖြင့် ထိုစဉ်က ဒိုင်ဇင်ဘုရား ကျောင်း၏ အင်အားနှင့် မယှဉ်နိုင်သော်လည်း နီးပါးအစွမ်းရှိသည်။ ထိုစဉ်တုန်းက ဒိုင်ဇင် ဘုရားကျောင်း၏ အင်အားက ဘုန်းတော်ကြီး 'ယင်ယွဲ့' ဆိုသည့် လူသားအင်မော်တယ် အပြင်၊ သိုင်းသူတော်စင် အထွတ်အထိပ်ဖြစ်သည့် ကောင်ကင်ဘုရင်လေးပါး ရှိသည်။ ထို့ပြင်, 'ဗောဓိသတ္တ သိုင်းသူတော်စင်ငယ်' ဆယ်ယောက်ကျော်လည်း ရှိသေးသည်။ မဟာ ဆရာသခင်အဆင့် ၆၀ ကျော် ၇၀ နှင့် ရှင်တန်သိုင်းသခင်အဆင့် အထွတ်အထိပ် ရဟန္တာ ၅၀၀ ရှိခဲ့သည်။
သို့သော် ဤလုပ်ကြံသတ်ဖြတ်သူများ မဟာမိတ်အဖွဲ့၏ အကူအညီကြောင့်သာ ဘုရင် ယန်တူးသည် အန္တရာယ်များသော အနောက်ဘက်ဒေသတွင် စစ်တပ်တစ်ခု တည်ဆောက် ပြီး အနှစ်သာရနတ်ဘုရားကျောင်းနှင့် ဟွာလျှိုနိုင်ငံများ၏ ကျူးကျော်မှုကို ကာကွယ်နိုင်ခဲ့ ခြင်း ဖြစ်သည်။
အနောက်ဘက်ဒေသတွင် နိုင်ငံပေါင်း ရာနှင့်ချီရှိသလို မြင့်မြတ်နယ်မြေတစ်ခုဖြစ်သည့် အနှစ်သာရ နတ်ဘုရားကျောင်းလည်း ရှိသည်။ သူတို့မှာ ကိုယ်ပိုင် ထွန်းကားသည့် ယဉ်ကျေးမှုနှင့် ပညာရှင်တွေ ရှိကြသည်။ သူတို့သည် နှစ်စဉ် နယ်စပ်ကို ကျူးကျော်လေ့ ရှိပြီး၊ အကယ်၍ ဘုရင်ယန်တူး တစ်ယောက်တည်းသာဆိုရင် ထိုကျူးကျော်မူကို ကာကွယ် ရန်မှာ မဖြစ်နိုင်ပေ။ အနှစ်သာရနတ်ဘုရားကျောင်း၏ ယဇ်ပုရောဟိတ် ဘုန်းတော်ကြီး သည် ဘုရင်ယန်တူးကို အကြိမ်တစ်ထောင်လောက်တောင် သတ်ပစ်နိုင်သည်။
ဘုရင်ယန်တူးသည် သိုင်းသူတော်စင် အထွတ်အထိပ် ဖြစ်နေဦးတော့၊ လူသားအင်မော် တယ် အထွတ်အထိပ်တောင်မှ ကိုယ်ပွား မခွဲထုတ်နိုင်ရင် ခက်ခဲလိမ့်မည်။ ဘုရင်ယန်တူး သည် 'မုန့်ရှန်းကျီ'ကဲ့သို့ ပုဂ္ဂိုလ်မျိုး မဟုတ်ပေ။
သို့သော် ဘုရင်ယန်တူး၏ ဘေးနားတွင် ပုန်းအောင်းနေသည့် သိုင်းသူတော်စင် အကူအညီ များစွာ ရှိနေသဖြင့် ယဇ်ပုရောဟိတ် ဘုန်းတော်ကြီးကိုယ်တိုင် လာလျှင်တောင် အသတ်ခံ ရနိုင်သည့် အကျိုးဆက်ကို ထည့်တွက်ရလိမ့်မည်။
ထိုစဉ်တုန်းက 'ဖန်ရှန်းတာအိုဂိုဏ်း' က မိုးကြိုးကပ်ဘေး ပညာရှင် 'ရှောင်ချန်းဖုန်း' သည် ဒိုင်ဇင်ဘုရားကျောင်းမှ ကောင်းကင်ဘုရင်လေးပါး၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ဟစ်ကြွေးသံ တစ်ချက်တည်းနှင့်တင် သူသည် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။ ဟစ်ကြွေးသံ နှင့်ပင် ဤသို့ဖြစ်သည်ဆိုလျှင်၊ တကယ့် ဓားပညာနှင့် အထိုးခံရပါက ပိုတောင် ဆိုးဦးမည်။
ထို့ထက်ပို၍ ပြောရလျှင်၊ ဒိုင်ဇင်ဘုရားကျောင်းမှ ကောင်းကင်ဘုရင်လေးပါးသည် လုပ်ကြံ သတ်ဖြတ်ခြင်း၊ ပုန်းကွယ်ခြင်းနှင့် သည်းခံခြင်း အပိုင်းတွင် ဤလုပ်ကြံသတ်ဖြတ်သူများကို မယှဉ်နိုင်ကြချေ။
အကယ်၍ ဟုန်ယွိသာ အနှစ်သာရဘုရားကျောင်း၏ ယဇ်ပုရောဟိတ် ဘုန်းတော်ကြီး ဖြစ်ပြီး၊ ဘုရင်ယန်တူး၏ ဘေးတွင် ဤမျှ လူများစွာ ပုန်းနေမှန်း သိပါက သူကိုယ်တိုင် ထွက်လာပြီး သတ်လိမ့်မည် မဟုတ်ပေ။
“ကံကောင်းတာက ဒီလူတွေဟာ ဘုရင်ယန်တူးနဲ့ မဟာမိတ်ဖွဲ့ထားရုံပဲ။ မဟုတ်ရင် ဧကရာဇ် ယန်ဖန်တောင် ခေါင်းကိုက်ရလိမ့်မယ်။” ဟုန်ယွိ တွေးလိုက်သည်။
…
ဟုန်ယွိသည် အတွေးများစွာကို ဖျတ်ခနဲ စဉ်းစားပြီးနောက် လှေကားထစ်များမှတစ်ဆင့် ရင်ပြင်ရှေ့သို့ ရောက်လာခဲ့သည်။
“နတ်ဘုရားတန်ခိုးရှင်ကို... ဟုန်ယွိ ဂါရဝပြုပါတယ်။” ဟုန်ယွိက လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်လိုက်သည်။
“ဒီလောက်ထိ ယဉ်ကျေးနေစရာ မလိုပါဘူး။” ဘုရင်ယန်တူးက ပြန်ပြောသည်။ သူသည် ဟုန်ယွိကို ခြိမ်းခြောက်ရန် ပြင်ဆင်ထားသော်လည်း ယခုအခါ အခြေအနေမှာ ပြောင်းလဲ သွားသဖြင့် သူ၏ အစီအစဉ် ပျက်သွားခဲ့သည်။ သို့သော် သူသည် သာမန်လူ မဟုတ်သဖြင့် ချက်ချင်းပင် စိတ်ကို ပြန်လည် တည်ငြိမ်စေနိုင်သည်။
“ဒါကတော့ ချန်ဟွမ်းတာအိုသခင်နဲ့ ဝမ်ရှန်းတာအိုသခင်တို့ပဲ။ လွန်ခဲ့တဲ့ အနှစ် ၆၀ က ဝမ်ရှန်းဂိုဏ်းဟာ အနှစ်သာရနတ်ဘုရားကျောင်းရဲ့ ဖျက်ဆီးခြင်း ခံခဲ့ရတယ်။ အဲဒီတုန်းက ဒီတာအိုသခင်နှစ်ပါးကို ငါ့ရဲ့နတ်ဘုရားတန်ခိုးရှင် စစ်တပ်နဲ့ ငါ သွားကယ်ခဲ့တာ။ အခုတော့ သူတို့က ငါ့စစ်တပ်ရဲ့ အကြံပေးတွေပေါ့။ သူတို့ရဲ့ တာအိုကျင့်စဉ်တွေက နက်နဲလှသလို ဧကရာဇ်ကလည်း သူတို့ကို ပထမအဆင့် မြို့စားဘွဲ့တွေ ပေးအပ်ထားတယ်” ဘုရင် ယန်တူးက မိတ်ဆက်ပေးသည်။
“ချန်ဟွမ်းနဲ့ ဝမ်ရှန်းလား။ တစ်ချိန်က ထင်ရှားခဲ့တဲ့ ဝမ်ရှန်းဂိုဏ်းပေါ့။ သူတို့ရဲ့ 'ပုံရိပ် တစ်ထောင်ပန်းချီကား' ဆိုတာ တကယ့် ရတနာကြီးတစ်ခုပဲ” ဟုန်ယွိက မှတ်မိသွားသည်။
“ကျန်းယွမ်ကို ဂါရဝပြုပါတယ်” တာအိုသခင်နှစ်ပါးက နှုတ်ဆက်သည်။ သူတို့၏ မျက်နှာ တွင် ထူးဆန်းသော အမူအရာ ရှိနေသည်။ ဟုန်ယွိ၏ သွေးစွမ်းအင်မှာ အလွန် ပြင်းထန်လှ သဖြင့် အကယ်၍ အစွမ်းထုတ်လိုက်မည်ဆိုလျှင် သူတို့၏ စိတ်ဝိညာဉ်များမှာ ခန္ဓာကိုယ် ထဲမှ လွင့်ထွက်သွားလိမ့်မည်ဟုပင် ခံစားနေရသည်။
လူသားအင်မော်တယ် ပညာရှင်များသည် အလွန်မင်း ပြင်းထန်လှသော သွေးနှင့် ချီစွမ်းအင် ကို ပိုင်ဆိုင်ကြသည်။ အကယ်၍ သူတို့သည် တစ္ဆေအင်မော်တယ်အဆင့် ကျင့်ကြံသူ တစ်ဦးနှင့် နီးကပ်စွာ ရှိနေပါက ထိုပြင်းထန်သော သွေးစွမ်းအင်များသည် စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်ထဲမှ တိုက်ရိုက် လွင့်ထွက်သွားစေနိုင်သည်။
အကယ်၍, သာမန်လူတစ်ဦးသာ ဆိုလျှင်မူ ထိုအရှိန်အဝါကြောင့် စိတ်ခြောက်ခြားခြင်းမျိုး ဖြစ်သွားပေလိမ့်မည်။
အကယ်၍ သန့်စင်သော ယန်စိတ်ဝိညာဉ်ကို ပိုင်ဆိုင်သည့် မိုးကြိုးကပ်ဘေး ကျော်ဖြတ် ပြီးသူ ဖြစ်ပါက ထိုသို့ စိတ်ဝိညာဉ် လွင့်အောင် မလုပ်နိုင်သော်လည်း ချန်ဟွမ်းနှင့် ဝမ်ရှန်း တို့သည် စိတ်ဝိညာဉ်စွမ်းအား ကြီးမားကြသော်ငြား မိုးကြိုးကပ်ဘေးကိုမူ မကျော်ဖြတ်ရ သေးပေ။
“အစတုန်းကတော့ သဲကန္တာရဒေသမှာ စစ်ပွဲတွေ ပြင်းထန်နေလို့ ငါ အုပ်ချုပ်နေတဲ့ စစ်တပ်ကနေ မထွက်ခွာချင်ခဲ့ဘူး။ ဒါပေမဲ့ ကံကောင်းတာက ချန်ဟွမ်းနဲ့ ဝမ်ရှန်းတို့ရဲ့ မှော်ရတနာတွေဟာ မျက်စိတစ်မှိတ်အတွင်း မိုင်ပေါင်းထောင်ချီ ခရီးနှင်နိုင်လို့ အဆင်ပြေ သွားတာ။ ဒါကြောင့်လည်း မင်းနဲ့ အနောက်ဘက်ဒေသ စစ်ရေးကိစ္စတွေ ဆွေးနွေးဖို့ ငါ အမြန်လာခဲ့တာပါ။”
နတ်ဘုရားတန်ခိုးရှင် ဘုရင်ယန်တူးက ယဉ်ကျေးပျူငှာစွာ ဆိုလိုက်သည်။
မူလကမူ ဟုန်ယွိ၏ အဆင့်အတန်းမှာ ဘုရင်ယန်တူးထံမှ ဤမျှ ယဉ်ကျေးမှုကို ရရန် မထိုက်တန်သေးပေ။ သို့သော် အရာအားလုံးက အစွမ်းအစပေါ်တွင်သာ မူတည်နေသည်။ ယခုအခါ ဟုန်ယွိက တုန်လှုပ်ဖွယ်ရာ အစွမ်းများကို ပြသခဲ့ပြီးဖြစ်ရာ ယန်တူးပင်လျှင် သူ၏ သဘောထားကို မပြောင်းလဲဘဲ မနေနိုင်တော့ပေ။
“မင်းသားက အနောက်ဘက်ဒေသကို နှစ်ပေါင်းများစွာ စောင့်ရှောက်ခဲ့တာပါ။ မင်းသားရဲ့ စစ်ရေးအောင်မြင်မှုတွေကလည်း အထင်ကြီးစရာပါပဲ။ မင်းသားရှိနေလို့လည်း အနောက် ဘက် ဒေသက လူရိုင်းတွေ နယ်စပ်ကို မကျော်ရဲကြတာ။ ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာ သဲကန္တာရဒေသနဲ့ ချီပြည်နယ်တို့ ငြိမ်းချမ်းခဲ့သလို ကုန်သွယ်ရေးလမ်းကြောင်းတွေလည်း ပိုပြီး ချောမွေ့ခဲ့ပါတယ်။ မင်းသားရဲ့ အားထုတ်မှုတွေကို လျစ်လျူရှုလို့ မရပါဘူး။ နောင်တစ်ချိန်မှာ ဟုန်ယွိက စာအုပ်တစ်အုပ် ရေးဖြစ်ခဲ့ရင် မင်းသားရဲ့ ဂုဏ်သတင်းကို သေချာပေါက် ထည့်သွင်းပါ့မယ်။” (ဧကရာဇ်၏ဉီးရီးတော်ဆိုတော့ ဝမ်ယဲ့ကို မင်းသားဟု သုံးနှုန်း လိုက်ပါသည်။
ဟုန်ယွိသည် ယန်တူးကို မျက်နှာချင်းဆိုင်ကာ လေးနက်စွာ ပြောလိုက်သည်။ သူ၏ စကားများက သူ့ရင်ထဲမှလာခြင်း ဖြစ်သည်။ နတ်ဘုရားတန်ခိုးရှင် ဘုရင်ယန်တူးသည် နယ်မြေကို ကာကွယ်ခဲ့ပြီး ပြည်သူကို အေးချမ်းစေကာ ပြည်ပကျူးကျော်သူများကို အောင်မြင်စွာ တားဆီးနိုင်ခဲ့သည်မှာ အမှန်ပင်။
“အိုး...”
ဟုန်ယွိ၏ စကားကို ကြားသောအခါ ယန်တူး၏ မျက်ခုံးများက လှုပ်ခါသွားပါသည်။ စာပေလောကတွင် 'သူတော်စင်ငယ်' အဖြစ် ဘွဲ့ထူးရထားသူ ဟုန်ယွိ၏ စာပေများသည် တစ်ကမ္ဘာလုံးသို့ ပြန့်နှံ့သွားနိုင်ကြောင်း သူ ကောင်းကောင်း သိထားသည်။
ဟုန်ယွိ စကားပြောနေစဉ် ဘုရင်ယန်တူးနှင့် မျက်လုံးချင်း ဆုံလိုက်ကြရာ နှစ်ဦးစလုံး၏ အကြည့်များမှာ ချက်ချင်းပင် ပျော့ပြောင်းသွားကြသည်။
“သူဟာ တကယ်ပဲ လူကြီးလူကောင်း ပုံစံရှိတာပဲ။ ဒီလို စာပေမှာ ထူးချွန်တဲ့ လူငယ်တွေ ဟာ မာန်မာနကြီးတတ်ကြတယ်လို့ ငါ ထင်ထားခဲ့တာ။ ဒါပေမဲ့ ဟုန်ယွိက ဒီလောက်အထိ နှိမ့်ချတတ်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ဟုန်ရွှန်ကျိရဲ့ လွှမ်းမိုးလိုစိတ်တွေနဲ့ 'ကောင်းကင်ဘုံသေမင်းဘီး'ကို ကိုင်ဆောင်ထားတဲ့ သူ့လက်အောက်ကနေ ဒီလို နှိမ့်ချ တတ်တဲ့ ပါရမီရှင်မျိုး ဘယ်လိုလုပ် ထွက်လာတာပါလိမ့်။”
“အထူးသဖြင့် သိုင်းပညာမှာလည်း သူတို့နှစ်ယောက်စလုံးဟာ ပါရမီရှင်တွေပဲ။ ဖန်းယွမ် ရော ချန်ပီယံမြို့စားတို့ရောပေါ့။ အထူးသဖြင့် ချန်ပီယံမြို့စားဆိုရင် ငါ့စစ်တပ်ကို လက်ဝါး ကြီးအုပ်ချင်ရုံတင်မကဘူး ငါ့မိန်းမကိုတောင် မျက်စိကျနေသေးတယ်။ နှမြောစရာပဲ၊ အဲဒီ လူက ခန့်မှန်းရ ခက်လွန်းလို့ ငါ ဘာမှ မလုပ်နိုင်သေးဘူး။” ဘုရင်ယန်တူးသည် တွေးတောနေမိသည်။
နတ်ဘုရား တန်ခိုးရှင် ဘုရင်ယန်တူး၏ ဇနီး 'ရှဲ့ဖင်းဖင်း' မှာလည်း လျှို့ဝှက်ဆန်းပြားသော အမျိုးသမီး ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
…
“ကျန်းယွမ်... ဒီနေ့တော့ ကျုပ်တို့ လုပ်ကြံသတ်ဖြတ်သူများ မဟာမိတ်အဖွဲ့ရဲ့ အကြီးအကဲ ငါးယောက်နဲ့ မဟာအကြီးအကဲ သုံးယောက်တို့က ကျန်းယွမ်အတွက် ဧည့်ခံပွဲလေးတစ်ခု ပြင်ဆင်ထားပါတယ်။ ကျန်းယွမ်ရဲ့ စာပေတွေက ရှေးပညာရှင် သူတော်စင်အပါး တစ်ရာ ကိုတောင် တုန်လှုပ်စေခဲ့တယ်လို့ ကြားရပါတယ်။ ကျုပ်တို့ဟာ လုပ်ကြံသတ်ဖြတ်သူတွေ ဖြစ်ပေမဲ့ စာပေတော်တဲ့သူတွေကိုတော့ အမြဲ လေးစားပါတယ်။ ဒါကြောင့် အပြင်မှာ အရက်ဝိုင်း ပြင်ထားပါတယ်။” ယန်ခိုင်က ဆိုသည်။
ခမ်းနားလှသော ခန်းမကြီး၏ ရှေ့တွင် ကြီးမားလှသော စန္ဒကူးစားပွဲနှင့် ထိုင်ခုံများကို ဟင်းလင်းပြင်တွင် ခင်းကျင်းထားသည်။
“မိုးကြိုးပစ်ပြီးစဆိုတော့ လေက တော်တော်ပြင်းတယ်။ အပြင်မှာဆိုရင် စားသောက်ရတာ အဆင်မပြေလောက်ဘူး။ ခန်းမထဲမှာပဲ ကျင်းပရင် မကောင်းဘူးလား။” ဟုန်ယွိက ခန်းမကြီးကို ကြည့်ကာ အကြံပြုလိုက်သည်။
ဤခန်းမကြီးမှာ တောင်၏ အတွင်းပိုင်းအထိ ဖောက်လုပ်ထားခြင်း ဖြစ်ပြီး အလွန်တရာ ကျယ်ဝန်းကာ နက်ရှိုင်းလှသည်။ ခန်းမ၏ အနက်ဆုံးနေရာတွင်မူ မည်သို့မျှ မမြင်နိုင်သော အမှောင်ထုသာ ရှိတော့ပြီး မည်သည့်နေရာကို ဦးတည်သွားမှန်း မသိနိုင်ပေ။ ကျောက်တိုင်ကြီးများက ခန်းမကြီးကို ထောက်မပေးထားကြသည်။
ခန်းမ၏ ထိပ်တွင် 'လုပ်ကြံသတ်ဖြတ်သူများ ခန်းမ' ဟူသော ဆိုင်းဘုတ်ကြီး ရှိနေသည်။ ထိုစာလုံးကြီး သုံးလုံးမှာ သွေးစက်များ စီးကျနေသကဲ့သို့ အရှိန်အဝါမျိုး ရှိနေပြီး မြင်ရသူ တိုင်းကို ရန်သူကို ကိုယ်တိုင် သတ်ဖြတ်လိုက်ရသကဲ့သို့ ရဲစွမ်းသတ္တိမျိုး ပေးစွမ်းသည်။
မဟာမိတ်အဖွဲ့၏ မဟာအကြီးအကဲ သုံးယောက်မှာမူ ဓားများကို ပိုက်လျက် ခန်းမ၏ လှေကားထစ်များပေါ်တွင် တံခါးစောင့်များအလား ထိုင်နေကြသည်။
“ညီလေးဟုန် မသိသေးလို့ပါ။ ဒီခန်းမရှေ့မှာ ဧည့်ခံပွဲ ကျင်းပပေးတာဟာ အမြင့်ဆုံး ဂုဏ်ပြုမှုပဲ။ မဟာမိတ်အဖွဲ့ရဲ့ အကြီးအကဲ မဟုတ်ရင် ဒီခန်းမရှေ့ကို ခြေသုံးလှမ်းထက် ပိုတိုးခွင့် မရှိဘူး။ ငါတောင် ချွင်းချက် မဟုတ်ဘူး။” ယန်တူးက ရယ်မောကာ ပြောသည်။
“အော်... ဒီလိုကိုး” ဟုန်ယွိက ခေါင်းညိတ်လိုက်သည်။ သူသည် ခန်းမအတွင်းပိုင်းသို့ ဝှေ့ယမ်း အကဲခတ်ကြည့်လိုက်ရာ ကျောက်တိုင်ကြီးအချို့ပေါ်တွင် မထင်မရှား စာလုံးအချို့ကို တွေ့လိုက်ရသည်။
ထိုစာလုံးများမှာ ကျောက်သားထဲတွင် တစ်ခုခုနှင့် ထွင်းထုထားသကဲ့သို့ရှိပြီး ကောင်းကင် တာအိုအလား အရှိန်အဝါကြီးမားလှသည်။
ထိုစာလုံးများမှာ 'မုန့်ရှန်းကျီ ဤနေရာသို့ လာရောက်ခဲ့သည်' ဟူ၍ ဖြစ်သည်။ ထိုစာလုံး ခုနစ်လုံးမှာ ကောင်းကင်တာအို၏ အနှိုင်းမဲ့ အစွမ်းကို ထင်ဟပ်နေသည်။
“အဲဒါ ဘာလဲ။” ဟုန်ယွိက မေးလိုက်သည်။
“ဒီလုပ်ကြံသတ်ဖြတ်သူများ ခန်းမထဲဝင်ပြီး တစ်ပတ်ပတ်နိုင်တဲ့သူ၊ ပြီးတော့ အသက်ရှင် လျက် ပြန်ထွက်လာနိုင်တဲ့သူဟာ ငါတို့ မဟာမိတ်အဖွဲ့ဆီကနေ ကတိတစ်ခု ရလိမ့်မယ်။ ဒါဟာ မုန့်ရှန်းကျီ ချန်ထားခဲ့တဲ့ အရာပဲ။ အဲဒီတုန်းက သူဟာ ဒီထဲဝင်ပြီး ဘာမှမဖြစ်ဘဲ ပြန်ထွက်သွားနိုင်ခဲ့တယ်။ ငါတို့ မဟာမိတ်အဖွဲ့က တော်ဝင်ချန်အစိုးရကို ကူညီပြီး မဟာကျိုးမင်းဆက်က အုပ်ချုပ်ရေးမှူးတွေကို သတ်ပေးခဲ့တာလည်း အဲဒီကတိကြောင့် ပဲ။”
ရုတ်တရက် မစာအကြီးအကဲ သုံးယောက်ထဲမှ တစ်ဦးက စကားပြောလိုက်သည်။
ထိုမဟာအကြီးအကဲသည် သူမဓားကို ပိုက်ကာ မြေပြင်ပေါ်တွင် ထိုင်နေပြီး သူမ၏ အရှိန်အဝါမှာ ကျောက်တောင်ကြီးနှင့် တစ်သားတည်း ဖြစ်နေသည်။ သူမ စကားမပြောမ ချင်း မည်သူမျှ သတိမထားမိနိုင်ပေ။ သူမ စကားပြောလိုက်မှသာ အသံမှာ ကြည်လင်နေပြီး အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း သိလိုက်ရသည်။
အခန်း (၃၈၄)။
“လုပ်ကြံသတ်ဖြတ်သူများ ခန်းမကို တစ်ခေါက်ဝင်ရုံနဲ့ မဟာမိတ်အဖွဲ့ဆီက ကတိတစ်ခု ရမှာလား။ လုပ်ကြံသတ်ဖြတ်သူတို့ရဲ့တာအိုက ရဲစွမ်းသတ္တိလမ်းစဉ်ပဲ။ ငါ ဒီကတိကို မရရင် တောင်မှ၊ စစ်မှန်တဲ့ ရဲစွမ်းသတ္တိက ဘာလဲဆိုတာကို နားလည်ဖို့ ဒီခရီးကို သွားရမယ်။”
လုပ်ကြံသတ်ဖြတ်သူများ မဟာမိတ်အဖွဲ့မှ မဟာအကြီးအကဲ၏ စကားကို ကြားသောအခါ ဟုန်ယွိသည် တခဏမျှ တိတ်ဆိတ်သွားသည်။ ထို့နောက် သူမ တစ်ခုခုကို ကြံစည်နေသ လားဟု အကဲခတ်သည့်အလား စူးစိုက်ကြည့်လိုက်သည်။
သို့သော် ထိုမဟာအကြီးအကဲမှာမူ စကားပြောပြီးသည်နှင့် လှုပ်ရှားမှု မရှိတော့ပေ။ သူမ သည် ဓားကို ပိုက်ကာ လှေကားထစ်ပေါ်တွင် ထိုင်နေပြီး သူမ၏ မျက်လုံးများကို မှိတ်ထား ကာ အရှိန်အဝါမှာ တောင်၏ ကျောက်ဆောင်များနှင့် တစ်သားတည်း ဖြစ်နေသည်။ သူမသည် ကျောက်ရုပ်တစ်ရုပ်အလား ငြိမ်သက်နေပြီး သူမ၏ မီးခိုးရောင် ဝတ်စုံမှာ တောင်လေပြင်းများကြားတွင်ပင် လုံးဝ တုန်ခါခြင်း မရှိပေ။
ထိုအမျိုးသမီး အကြီးအကဲမှာ အသက် ၃၀ ခန့် ရှိပုံရပြီး ရုပ်ရည်မှာ သာမန်မျှသာ ဖြစ်ကာ ရုပ်ဆိုးသည်လည်းမဟုတ်၊ လှပသည်လည်း မဟုတ်ပေ။ သူမသည် မျက်နှာကိုပါ ဖုံးအုပ်ထားနိုင်သည့် မီးခိုးရောင် ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် သူမ ဘယ်ကိုသွားသွား မည်သူမျှ သတိထားမိလိမ့်မည် မဟုတ်ပေ။
အခြား မဟာအကြီးအကဲ နှစ်ဦးမှာမူ မီးခိုးရောင် ဝတ်ရုံဝတ်ထားသည့် သာမန် သက်လတ် ပိုင်း အမျိုးသား နှစ်ဦး ဖြစ်သည်။ သူတို့သည်လည်း ခန်းမကြီး၏ တံခါးစောင့်များအလား ငြိမ်သက်စွာ ထိုင်နေကြသည်။
သို့သော် ဟုန်ယွိကမူ သူတို့၏ သိုင်းပညာ ကျင့်ကြံမှုမှာ နတ်ဘုရားတန်ခိုးရှင် ဘုရင် ယန်တူးထက် မနိမ့်ကြောင်း သိထားသည်။ သူတို့အားလုံးမှာ သိုင်းပညာ၏ အထွတ်အထိပ် သို့ ရောက်ရှိနေသည့် သိုင်းသူတော်စင်များ ဖြစ်ကြသည်။
“ကြည့်ရတာ ငါသာ ခန်းမထဲကို ဝင်လိုက်ရင် ဒီမဟာအကြီးအကဲ သုံးယောက်နဲ့ အကြီးအကဲ ငါးယောက်တို့ရဲ့ လုပ်ကြံမှုကို ခံရတော့မှာပဲ။ ငါ့မှာ လူသားအင်မော်တယ် ခန္ဓာကိုယ် ရှိနေပေမဲ့လည်း၊ သိုင်းပညာ သက်သက်နဲ့တင် ဒီပညာရှင် ရှစ်ယောက်ရဲ့ လုပ်ကြံမှုကို ရင်ဆိုင်ဖို့ဆိုတာ မလွယ်ဘူး။ ဟုန်ရွှန်ကျိ ဆိုရင်တော့ ဖြစ်နိုင်ကောင်း ဖြစ်နိုင် လိမ့်မယ်၊ ဒါပေမဲ့ ငါ့အတွက်တော့ မဖြစ်နိုင်သေးဘူး။” ဟုန်ယွိက စိတ်ထဲမှ တွက်ချက် လိုက်သည်။
ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ လူသားအင်မော်တယ် အဆင့်ဖြစ်သော်လည်း သူ၏ သိုင်းပညာ အတွေ့အကြုံမှာမူ အလွန်ပင် နုနယ်သေး၏။ တစ်သက်လုံး သိုင်းပညာကို စွဲစွဲမြဲမြဲ ကျင့်ကြံ လာသည့် 'နင်ဂျာဘုန်းတော်ကြီး'ကိုပင် မယှဉ်နိုင်သလို ဘုရင်ယန်တူးကိုလည်း မယှဉ်နိုင် ပေ။ ထို့အတူ ဤမဟာ အကြီးအကဲ သုံးယောက်ကိုလည်း မယှဉ်နိုင်သည်မှာ အမှန်ပင်။
သိုင်းပညာ အတွေ့အကြုံဆိုသည်မှာ တစ်သက်လုံး သိုင်းလောကထဲတွင် နစ်မြုပ်နေပြီး စိတ်ပျံ့လွင့်မှုကင်းစွာဖြင့် နားလည်သဘောပေါက်ရသောအရာ ဖြစ်သည်။ ဟုန်ယွိသည် ယခုအခါ လူသားအင်မော်တယ် ခန္ဓာကိုယ်ကို ရရှိထားသော်လည်း သူ၏ သိုင်းဆန္ဒမှာမူ သိုင်းသူတော်စင် အဆင့်တွင်သာ ရှိသေးသည်။ ၎င်းမှာ ဟုန်ရွှန်ကျိ၏ ခိုင်မာလှသော ရုပ်ခန္ဓာကိုယ်နှင့် သိုင်းဆန္ဒကို မယှဉ်နိုင်သေးပေ။
ဟုန်ရွှန်ကျိသာဆိုလျှင် ဤမဟာအကြီးအကဲ သုံးယောက်၏ လုပ်ကြံမှုကို ရင်ဆိုင်ကောင်း ရင်ဆိုင်နိုင်လိမ့်မည် ဖြစ်သော်လည်း ဟုန်ယွိကမူ ကိုယ့်ကိုယ်ကို မစွမ်းသာသေးကြောင်း သိထားသည်။
တိုက်ခိုက်ရေး အတွေ့အကြုံပိုင်းတွင် ဟုန်ယွိသည် အလွန်ပင် နုနယ်နေသေးသည်။
ထို့အပြင် ဤ 'လုပ်ကြံသတ်ဖြတ်သူများ ခန်းမ' အတွင်းသို့ ဝင်ရခြင်း၏ အန္တရာယ်မှာ ထိုထက်မက ကြီးမားလှသည်။
ခန်းမ၏ အတွင်းပိုင်းတွင် ကျောက်တိုင်ကြီးများမှာ အစီအရီ တန်းစီလျက်ရှိနေပြီး၊ ဝေးကွာလှသော အမှောင်ထုထဲသို့ ထိုးဝင်သွားသည်။ အနက်ဆုံးနေရာသည် ကမ္ဘာငယ် လေးတစ်ခုအလား လုံးဝ မှောင်မည်းနေသည်။ ဤအငွေ့အသက်မှာပင် မြင်ရသူကို ကြက်သီးထစေပြီး ရှေ့သို့ မတိုးရဲအောင် ခြိမ်းခြောက်နေသကဲ့သို့ ရှိသည်။ ထို့အပြင် အတွင်း၌လည်း မရေမတွက်နိုင်သော အန္တရာယ်များ ပုန်းအောင်းနေမည်မှာ အသေအချာ ပင်။
ဟုန်ယွိသည် ခန်းမရှေ့တွင် တိတ်ဆိတ်စွာ ရပ်နေသည်ကို မြင်သောအခါ ဘုရင်ယန်တူးက ပြုံးလိုက်ပြီး “ဘာဖြစ်လို့လဲ။ ကျန်းယွမ်က မုန့်ရှန်းကျီရဲ့ လမ်းစဉ်ကို လိုက်ပြီး ခန်းမထဲကို ဝင်ချင်နေတာလား။” မေးလိုက်သည်။
“ဟုတ်တယ်” ဟုန်ယွိက ခေါင်းညိတ်ရင်း သူ၏ရှေ့မှ 'လုပ်ကြံသတ်ဖြတ်သူများ ခန်းမ' ဟူသော စာလုံးကြီး သုံးလုံးကို စိုက်ကြည့်လိုက်သည်။
“လောကမှာရှိတဲ့ ပါရမီရှင်တိုင်းက ဒီခန်းမထဲကို ဝင်ပြီး မဟာမိတ်အဖွဲ့ရဲ့ ကတိကို ရချင် ကြတာပဲ။ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ဒီလောကရဲ့ နံပါတ်တစ် စစ်သူကြီး 'ချန်ပီယံ မြို့စား 'လည်း ဝင်ဖို့ ကြိုးစားခဲ့ဖူးတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် သူ မဝင်ဖြစ်ခဲ့ဘူး။ ကျန်းယွမ်အနေနဲ့ မဝင်တာ ပိုကောင်းပါလိမ့်မယ်။ ပညာရှင်ဆိုတာ အန္တရာယ်ရှိတဲ့ နေရာ ကို မသွားဘူးလေ။ 'သူတော်စင်ငယ်' တစ်ယောက်အနေနဲ့ ဒီလို စွန့်စားတာက ပညာရှိရာ မရောက်ဘူး။ ပြီးတော့ ကျန်းယွမ်က ငါနဲ့အတူ အနောက်ဘက်ဒေသ ကျူးကျော်မှုကို ကာကွယ်ရဦးမယ့် တာဝန်တွေလည်း ရှိသေးတယ်။”
နတ်ဘုရားတန်ခိုးရှင် ဘုရင်ယန်တူးက အေးဆေးတည်ငြိမ်သည့် လေသံဖြင့် ဆိုသည်။ သူ၏ စကားမှာ စိန်ခေါ်ခြင်း မဟုတ်ဘဲ ဟုန်ယွိကို အမှန်တကယ် စိတ်ပူ၍ တားမြစ်ခြင်း ဖြစ်သည်။ သူတို့ကဲ့သို့ အဆင့်အတန်းရှိသူများအဖို့ တစ်ဖက်လူကို စိန်ခေါ်နှိုးဆော်နေ ခြင်းမှာ အသုံးမဝင်သဖြင့် ယန်တူးကဲ့သို့ လူမျိုးမှာ ထိုကဲ့သို့ မိုက်မဲသော အလုပ်ကို လုပ်လိမ့်မည် မဟုတ်ပေ။
ဟုန်ယွိက ယန်တူးကို ခေါင်းညိတ်ပြလိုက်ပြီး “မင်းသားရဲ့ စေတနာကို ဟုန်ယွိ ကျေးဇူးတင်ပါတယ်” ဆိုလိုက်သည်။
“အမွှေးတိုင် ယူလာခဲ့ပါ... ငါ 'ရှေးခေတ်လုပ်ကြံသတ်ဖြတ်သူတာအို'ကို ပူဇော်ချင်တယ်။” ဟုန်ယွိက ရုတ်တရက် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
“ကောင်းပါပြီ။” ယန်ခိုင်က ဆိုသည်။ သူ၏ နောက်ကွယ်မှ 'ယန်ရှီလန်' သည် ဟုန်ယွိကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် အမွှေးတိုင်အိုး၊ ကြေးဇလုံနှင့် ပူဇော်စရာ ပစ္စည်းများကို ယူဆောင်လာခဲ့သည်။
ဟုန်ယွိသည် ကြေးဇလုံထဲတွင် လက်ကို ဆေးကြောကာ ဝတ်စုံကို သပ်ရပ်အောင် ပြုပြင် ပြီးနောက် အမွှေးတိုင်ကို ကိုယ်တိုင် ထွန်းညှိလိုက်သည်။ ထို့နောက် ခန်းမရှေ့တွင် ဒူးထောက်ကာ ဂါရဝပြုလိုက်သည်။
“ကျွန်တော်ဟုန်ယွိဟာ ငယ်စဉ်ကတည်းက စာပေတွေကို လေ့လာခဲ့တယ်။ သမိုင်းစာအုပ် ထဲက 'လုပ်ကြံသတ်ဖြတ်သူများ အတ္ထုပ္ပတ္တိ' ကို ဖတ်မိတိုင်း ကျွန်တော့်ရင်ထဲက သွေးတွေ ဆူပွက်ခဲ့ရတယ်။” ဟုန်ယွိ၏ အသံမှာ ကောင်းကင်နှင့် မြေကြီးကြားတွင် ဟိန်းထွက်သွား သည်။
“လုပ်ကြံသူတို့၏ လမ်းစဉ်... တစ်ကိုယ်တည်း လူအများအပြားကို ရင်ဆိုင်ရဲခြင်းသည် ရဲစွမ်းသတ္တိပင်။” “လုပ်ကြံသူတို့၏ လမ်းစဉ်... မြင့်မြတ်သော ရည်ရွယ်ချက်အတွက် ကိုယ့်ခန္ဓာကို စတေးရဲခြင်းသည် ရဲစွမ်းသတ္တိပင်။” “လုပ်ကြံသူတို့၏ လမ်းစဉ်... ခြေလှမ်း ငါးလှမ်းအတွင်း သွေးစွန်းစေပြီး ဧကရာဇ်ကိုပင် တုန်လှုပ်စေခြင်းသည် ရဲစွမ်းသတ္တိပင်။”
“ဒီနေ့မှာတော့ ကျွန်တော်ဟာ ရှေးခေတ် လုပ်ကြံသတ်ဖြတ်သူ၊ ရဲစွမ်းသတ္တိရှိသူတို့ရဲ့ လမ်းစဉ်ကို ပူဇော်ပါတယ်။ ဒီကမ္ဘာလောကမှာရှိတဲ့ လူတိုင်း ရဲရင့်တဲ့ နှလုံးသား ရှိကြပါစေ။ အာဏာရှိသူတွေကို ကြောက်ရွံ့စေပြီး မတရားတာတွေ မလုပ်ရဲကြပါစေနဲ့။ ဒီလောကမှာ မတရားမူတွေ မရှိကြပါစေနဲ့။ ဒီနေ့မှာတော့ ကျွန်တော်ဟုန်ယွိဟာ ခန်းမရှေ့မှာ ရှေ့ဆောင်လမ်းဖောက်သူကို ပူဇော်ပါတယ်။ ကျွန်တော်ဟုန်ယွိမှာ ပူဇော်စရာ ဘာမှ မရှိပေမဲ့ ကျွန်တော့်ရဲ့ ရိုးသားဖြူစင်တဲ့ စိတ်ဝိညာဉ်နဲ့ပဲ ပူဇော်လိုက်ပါတယ်။ ဒီလမ်းစဉ်ဟာ မျိုးဆက်တစ်ခု ပြီးတစ်ခု တည်တံ့ပါစေ။ ဘယ်တော့မှ အစားထိုးမခံရပါစေနဲ့။”
“လုပ်ကြံသတ်ဖြတ်ခြင်းလမ်းစဉ် မပျောက်ကွယ်သရွေ့ ရဲရင့်သူတွေ မပျောက်ကွယ်ဘူး။ ရဲရင့်သူတွေ မပျောက်ကွယ်သရွေ့ လူသားလမ်းစဉ်ဟာ အမြဲ ထွန်းကားနေလိမ့်မယ်။...”
ဟုန်ယွိ၏ အသံမှာ ကြည်လင်ပြတ်သားလှပြီး လုပ်ကြံသတ်ဖြတ်သူများ ခန်းမကြီး၏ ရှေ့တွင် ပဲ့တင်ထပ်နေသည်။ ပူဇော်ပြီးနောက် ဟုန်ယွိသည် ကျောက်ကြမ်းပြင်ပေါ်တွင် ဦးတိုက်လိုက်ရာ သံချောင်းချင်း ရိုက်သံကဲ့သို့ ကျယ်လောင်သော အသံ ထွက်ပေါ်လာ သည်။
ဤသို့ ဦးတိုက်ခြင်းမှာ ရဲစွမ်းသတ္တိ၏ စစ်မှန်သော အဓိပ္ပာယ်ကို ပူဇော်ခြင်း ဖြစ်သည်။ ရဲရင့်သော နှလုံးသားများ ဤလောကတွင် ထွန်းကားလာစေရန် သူ မျှော်လင့်သည်။ သူ ဦးတိုက်လိုက်သည့် အကြိမ်တိုင်းတွင် ဟုန်ယွိ၏ စိတ်ဝိညာဉ်ထဲမှ အတွေးစလေးများသည် ပိုမို ကြည်လင်တောက်ပလာကာ၊ ဖြောင့်မတ်ပြီး အားကောင်းလာသကဲ့သို့ ခံစားရသည်။
“လုပ်ကြံသတ်ဖြတ်ခြင်းလမ်းစဉ် မပျောက်ကွယ်သရွေ့ ရဲရင့်သူတွေ မပျောက်ကွယ်ဘူး။ ရဲရင့်သူတွေ မပျောက်ကွယ်သရွေ့ လူသားလမ်းစဉ်ဟာ အမြဲ ထွန်းကားနေလိမ့်မယ်။...”
“ဒီလို စစ်မှန်တဲ့ စေတနာမျိုးဟာ ပညာရှင် သူတော်စင်ပေါင်းတစ်ရာကို တုန်လှုပ်စေခဲ့တဲ့ စာပေတွေကို ရေးသားနိုင်သူနဲ့ တကယ့်ကို ထိုက်တန်ပါတယ်။” ဟုန်ယွိ၏စကားများကို ကြားသောအခါ ဘုရင်ယန်တူး၏ မျက်နှာမှာ ပိုမို တည်ကြည်သွားပြီး သူ၏ ရင်ထဲတွင် လည်း သွေးများ ဆူပွက်လာသကဲ့သို့ ခံစားလိုက်ရသည်။
ဟုန်ယွိ၏ စကားများကို ကြားသောအခါ မဟာမိတ်အဖွဲ့မှ မဟာအကြီးအကဲ သုံးဦးသည် လည်း မတ်တတ်ရပ်လိုက်ကြသည်။ သူတို့၏ မျက်လုံးများတွင် ထူးဆန်းသော ခံစားချက် များဖြင့် အရောင်လက်သွားသည်။ ဟုန်ယွိ၏ စကားများမှတစ်ဆင့် သူတို့သည် 'လုပ်ကြံ သတ်ဖြတ်ခြင်းလမ်းစဉ်'၏ စစ်မှန်သော အဓိပ္ပာယ်နှင့် ရဲစွမ်းသတ္တိ၏ အနှစ်သာရကို ရှာဖွေတွေ့ရှိသွားပုံရသည်။
“ဟုန်ယွိ... တကယ်လို့ ကျုပ်တို့တွေဟာ ကျင့်ကြံမှုမှာ အောင်မြင်ပြီး အနှောင်အဖွဲ့တွေကို ဖြတ်ကျော်ကာ လူသားအင်မော်တယ် နယ်ပယ်ထဲကို ခြေလှမ်းနိုင်ခဲ့မယ်ဆိုရင်၊ အဲဒါဟာ ဒီနေ့ မင်းရဲ့စကားတွေကြောင့်ပဲ ဖြစ်လိမ့်မယ်။ ကျုပ်တို့မှာ မင်းကို ပြန်ပေးဆပ်ဖို့ ဘာမှ မရှိပါဘူး၊ ဒါကြောင့် ကျုပ်တို့ရဲ့ ကျေးဇူးတင်မှုကို ပြသတဲ့အနေနဲ့ မင်းကို ပြန်ပြီး ဦးတိုက် ဂါဝရပြုပါရစေ။”
မဟာမိတ်အဖွဲ့မှ မဟာအကြီးအကဲ သုံးဦး၊ ယန်ခိုင်နှင့် အခြား အကြီးအကဲ ငါးဦးစလုံးသည် ဟုန်ယွိ ခန်းမရှေ့တွင် ဒူးထောက်နေသည်ကို မြင်သောအခါ သူတို့လည်း မတ်တတ်ရပ်ပြီး ဟုန်ယွိကို ပြန်လည် ဒူးထောက်ကာ ဦးတိုက်လိုက်ကြသည်။
“လုပ်ကြံသတ်ဖြတ်သူတို့ရဲ့ လမ်းစဉ်ကို အတူတူ အကောင်အထည် ဖော်ကြတာပေါ့။ ရှေးခေတ် ရဲစွမ်းသတ္တိကို အတူတူ အမွေဆက်ခံကြတာပေါ့...။”
ဟုန်ယွိသည်လည်း ဒူးထောက်ကာ သူတို့ကို ပြန်လည် ဂါရဝပြုလိုက်သည်။ နောက်ဆုံး တွင် သူတို့ ကိုးဦးစလုံးသည် 'လုပ်ကြံသတ်ဖြတ်သူများ ခန်းမ' ကို ဦးတည်ကာ ဒူးထောက် ဦးတိုက်လိုက်ကြသည်။
လုပ်ကြံသူတို့၏ လမ်းစဉ်၊ လူသားတို့၏ သွေးနှင့် ရဲစွမ်းသတ္တိ….၊ မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်းလာသည့်အရာ….၊ ၎င်းသည် အာဏာရှင်များကို ကြောက်ရွံ့စေပြီး မတရား တာတွေ မလုပ်ရဲအောင် တားဆီးပေးသည်။ ဤလောကတွင် မတရားမူရှိလျှင်, ဓားကို ဆွဲထုတ်ပြီး တရားမျှတမှုကို ရှာဖွေရဲသည့် သတ္တိမျိုးကို ဦးတိုက်ရန် မထိုက်ဘူးလော့။
ဟုန်ယွိနှင့် အကြီးအကဲ ရှစ်ဦးတို့သည် ဦးတိုက်ပြီးနောက် တစ်ပြိုင်နက်တည်း မတ်တတ် ရပ်ကာ တဟားဟား ရယ်မောလိုက်ကြသည်။
ထို့နောက် အကြီးအကဲ ရှစ်ဦးစလုံးသည် 'လုပ်ကြံသတ်ဖြတ်သူများ ခန်းမ' အတွင်းမှ ပြန်လည် ဆုတ်ခွာသွားကြပြီး အမှောင်ထုထဲတွင် ကိုယ်ယောင်ဖျောက်လိုက်ကြသည်။
“ဟုန်ယွိ... မင်း ခန်းမထဲကို ဝင်ပြီး ငါတို့ရဲ့ ကတိတစ်ခုကို ရချင်တယ်ဆိုရင် ဝင်လာခဲ့ တော့။ မင်းမှာ ရဲစွမ်းသတ္တိတော့ ရှိပြီ၊ ဒါပေမဲ့ ခွန်အားရော ရှိရဲ့လား။ မှတ်ထားပါ၊ ငါတို့တွေ လုံးဝ အလျှော့ပေးမှာ မဟုတ်ဘူးနော်။”
အစောပိုင်းက စကားပြောခဲ့သော အမျိုးသမီး အကြီးအကဲ၏ အသံသည် ခန်းမကြီး၏ အနက်ဆုံး အမှောင်ထုထဲမှ ထွက်ပေါ်လာသည်။
“အလျှော့ပေးဖို့ မလိုပါဘူး။ တကယ်လို့ ခင်ဗျားတို့ အလျှော့ပေးမယ်ဆိုရင် အဲဒါဟာ ရှေးဟောင်း လုပ်ကြံသူတို့ရဲ့ လမ်းစဉ်နဲ့ ကျုပ်ရင်ထဲက ရဲစွမ်းသတ္တိကို စော်ကားလိုက်တာ ပဲ။ ဒီနေ့ ကျုပ် ခန်းမထဲကို ဝင်တာဟာ မဟာမိတ်အဖွဲ့ရဲ့ ကတိကို လိုချင်လို့ မဟုတ်ဘူး၊ လုပ်ကြံသူတွေရဲ့ ရဲစွမ်းသတ္တိကို လေးစားလို့ ဝင်တာ... အားလုံးပဲ၊ သေခြင်းနဲ့ ရှင်ခြင်းကြား မှာ အတူတူ ယှဉ်ပြိုင်ကြတာပေါ့။”
ဟုန်ယွိက တဟားဟား ရယ်မောလိုက်ပြီးနောက် သူ၏ဝတ်ရုံကို ခါလိုက်ကာ ခန်းမထဲသို့ လှမ်းဝင်လိုက်သည်။
ဟုန်ယွိ ခန်းမထဲသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ကြီးမားလှသော ကျောက်တံခါးကြီး သည် မမြင်ရသော အင်အားတစ်ခုကြောင့် ဖြည်းညင်းစွာ ပိတ်သွားသည်။ အတွင်းထဲမှ အငွေ့အသက် တစ်စက်မှ အပြင်သို့ ထွက်မလာတော့ပေ။
ဘုရင်ယန်တူးပင်လျှင် တံခါးပိတ်သွားပြီးနောက် ခန်းမအတွင်းမှ လှုပ်ရှားမှု တစ်ခုမှ မခံစားရတော့ပေ။
“အဆင့်တန်း... ရဲစွမ်းသတ္တိ... ဒီနေ့မှပဲ ငါ နားလည်တော့တယ်။ ဟုန်ယွိလို လူမျိုးက သူတစ်ပါးအောက်မှာ ဘယ်လိုလုပ် ပုန်းနေမှာလဲ။ သူက နဂါးတစ်ကောင်လိုပဲ။ ငါ ယန်တူးဟာ လူအမျိုးမျိုးကို မြင်ဖူးတယ်။ ငှက်တွေ ပျံနိုင်တယ်ဆိုတာ ငါ သိတယ်၊ ငါးတွေ ရေကူးနိုင်တယ်ဆိုတာ ငါ သိတယ်၊ သားရဲတွေ ပြေးနိုင်တယ်ဆိုတာကိုလည်း ငါ သိတယ်။ ပြေးနိုင်တဲ့ သားရဲကို ပိုက်နဲ့ ဖမ်းလို့ရတယ်၊ ရေးကူးနိုင်တဲ့ ငါးကို ငါးမျှားတံနဲ့ ဖမ်းလို့ရတယ်၊ ပျံနိုင်တဲ့ ငှက်ကို မြှားနဲ့ ပစ်လို့ရတယ်။ ဒါပေမဲ့ နဂါးဆိုတာ ဘယ်လိုမျိုးလဲ ငါ မသိဘူး။ ဒီဟုန်ယွိဟာ တကယ့်ကို နဂါးလို လူမျိုးပဲ...”
ယန်တူးသည် သူ့ဘာသာ ရေရွတ်ရင်း သက်ပြင်းချလိုက်သည်။
“ဇနီးသည်ဆီ စာတစ်စောင် ပို့လိုက်ပါ။ ဟုန်ယွိနဲ့ ပတ်သက်တဲ့ ငါတို့ရဲ့ အစီအစဉ်တွေကို ပြန်ပြီး ပြင်ဆင်ရမယ်လို့ ပြောလိုက်တော့။”
“ဟုတ်ကဲ့ပါ။” ယန်တူး၏ စကားကို ကြားသောအခါ တာအိုသခင် နှစ်ပါးသည် သူတို့၏ ဝတ်ရုံထဲမှ စက္ကူကြိုးကြာရုပ်လေးများကို ထုတ်ယူကာ လေထဲသို့ မှုတ်ထုတ်လိုက်ပါသည်။ စက္ကူကြိုးကြာရုပ်လေးများသည် တိမ်တိုက်များထဲသို့ ပျံတက်ပြီး ပျောက်ကွယ်သွားကြ သည်။
“လုပ်ကြံသတ်ဖြတ်သူများ ခန်းမထဲမှာ ဘယ်လို ရင်သပ်ရှုမောဖွယ် တိုက်ပွဲမျိုး ဖြစ်နေမလဲ ဆိုတာ သိချင်မိပါရဲ့။”
ကျွီ...
လေးလံလှသော ကျောက်တံခါးကြီးသည် ဖြည်းညင်းစွာ ပိတ်သွားပြီး အလင်းရောင် အားလုံးကို ပိတ်ဆို့လိုက်သည်။ ခန်းမတစ်ခုလုံးသည် အမှောင်ထုထဲသို့ ကျဆင်းသွားသည်။ အလင်းရောင် အစအနမျှ မရှိဘဲ မှောင်မိုက်သော ကမ္ဘာတစ်ခုအလား ဖြစ်သွားသည်။
အပြင်ဘက်မှ အသံများလည်း ခန်းမထဲသို့ မရောက်နိုင်တော့ပေ။ သို့သော် ဟုန်ယွိ၏ မျက်လုံးများမှာမူ အရာအားလုံးကို ရှင်းလင်းစွာ မြင်နေရသည်။
ပထမဦးစွာ သူသည် ခုခံရန် မပြင်ဆင်သေးဘဲ သူ၏ ရှေ့မှ ကျောက်တိုင်ပေါ်ရှိ စာလုံး ခုနစ်လုံးကို ကြည့်လိုက်သည်။ 'မုန့်ရှန်းကျီ ဤနေရာသို့ လာခဲ့သည်' ဟူသော စာလုံးများမှာ ထိုလူကိုယ်တိုင် ကောင်းကင်တာအိုကို ထိန်းချုပ်ထားသည့်အလား ခန့်ညားလှ၏။
“မုန့်ရှန်းကျီ... ခင်ဗျားက ကောင်းကင်တာအိုကို ထိန်းချုပ်နိုင်တယ်ဆိုရင်ရော ဘာဖြစ်လဲ။ လူတစ်ယောက်ရဲ့ ရင်ထဲက ရဲစွမ်းသတ္တိကိုရော ခင်ဗျား ဖိနှိပ်နိုင်မှာတဲ့လား။ ခင်ဗျား ဒီလို စာမျိုး ရေးထားခဲ့တာဟာ ရဲစွမ်းသတ္တိကို စော်ကားတာပဲ... ဒီနေ့ ကျုပ် အဲဒီစာလုံးတွေကို ဖျက်ပစ်မယ်။ လုပ်ကြံသူတို့ရဲ့ လမ်းစဉ်က ရဲစွမ်းသတ္တိကို အညစ်အကြေး မတင်ပါစေနဲ့။”
ဟုန်ယွိ ပြောလိုက်သည်နှင့် သူ၏ လက်ချောင်းပေါ်တွင် အလင်းစက်တစ်ခု လက်သွား သည်။ ၎င်းမှာ တဖိတ်ဖိတ် တောက်ပနေသော အတွေးစတစ်ခု ဖြစ်သည်။ လျှပ်စီးကြောင်း များ တဖျတ်ဖျတ် လက်နေသော်လည်း အထဲတွင် ကျယ်ပြောလှသော ဟင်းလင်းပြင်၏ စိတ်ဆန္ဒများ ပါဝင်နေသည်။
၎င်းမှာ မိုးကြိုးကပ်ဘေး အဆင့်လေး၏ အတွေးစတစ်ခုပင် ဖြစ်သည်။
ဟုန်ယွိ၏ လက်ထဲမှ အတွေးစလေးများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ စုစုပေါင်း အတွေးစခုနစ်ခုသည် ကျောက်တိုင်ပေါ်ရှိ စာလုံး ခုနစ်လုံးဆီသို့ ဦးတည်ကာ ထိုစာလုံးများကို ဖျက်ဆီးရန် ပျံသန်းသွားကြသည်။
သို့သော် ထိုအတွေးစ ခုနစ်ခုသည် ကျောက်တိုင်ကို ထိခါနီးတွင် 'မုန့်ရှန်းကျီ ဤနေရာသို့ လာခဲ့သည်' ဟူသော စာလုံးကြီး ခုနစ်လုံးမှ ရုတ်တရက် အပြာရင့်ရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး အတွေးစများကို တားဆီးလိုက်သည်။
ထိုအချိန်မှာပင် အပြာရောင်အလင်းတန်းများသည် မရေမတွက်နိုင်သော ဓားငယ်လေးများ အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ၎င်းတို့သည် လေထုထဲတွင် စုစည်းသွားပြီး 'ကောင်းကင်တာအို နတ်ဆိုးချိတ်ပိတ်ဓား'နှင့် တူသည့် ဓားကြီးတစ်လက် ဖြစ်သွားသည်။ ထိုဓားကြီးသည် ပြင်းထန်သော အရှိန်ဖြင့် ဟုန်ယွိကို ခုတ်ပိုင်းလိုက်လေသည်။
ဝေါ…။
ဤစာလုံး ခုနစ်လုံးတွင် အနှိုင်းမဲ့ မှော်စွမ်းအင်များ ကိန်းအောင်းနေခြင်း ဖြစ်သည်။ ၎င်းတို့ကို စော်ကား၍ မရပေ။
ဤသည်မှာ ကမ္ဘာပေါ်တွင် နံပါတ်တစ် ဖြစ်သော တိုင်ရှန်တာအို ဂိုဏ်းချုပ်၏ ဂုဏ်သိက္ခာ ပင် ဖြစ်သည်။ သူ၏စာလုံးများကိုပင် စော်ကားခြင်းကို ခွင့်မပြုပေ။ စော်ကားသူသည် သေရပေမည်။
ကောင်းကင်တာအိုကို စော်ကားသူမှန်သမျှ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားရမည်။
ဟုန်ယွိသည် အနည်းငယ် အံ့သြသွားသော်လည်း သူ၏ လက်ထဲမှ နတ်ဘုရားဓားကို ဝှေ့ယမ်းလိုက်ရာ ဓားချီတစ်ခုသည် လေထုကို ထိုးခွဲကာ သူ့ထံသို့ ခုတ်ပိုင်းလာသော အပြာရောင် ဓားကြီးနှင့် ထိပ်တိုက် တွေ့ဆုံသွားသည်။
ဘုန်း…၊ ဓားနှစ်လက် အပြင်းအထန် ထိပ်တိုက် တွေ့ဆုံသွားရာ အရာအားလုံး ပျက်စီးသွား သည်။ အပြာရောင် ဓားကြီးမှာလည်း မရေမတွက်နိုင်သော အပြာရောင် ကြယ်စင်စု အစအနများအဖြစ် ပြောင်းလဲကာ လေထဲတွင် လွင့်ပျံနေသည်။
သို့သော် ထိုကျိုးပဲ့သွားသော ဓားအစနများသည် မြေပြင်ပေါ်သို့ ပြုတ်ကျမသွားဘဲ၊ ထိုသို့ ပျက်စီးသွားပြီးနောက် ရုတ်တရက် စေတီတစ်ဆူအဖြစ် ပြန်လည် စုစည်းသွားသည်။ ထိုစေတီ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဟင်းလင်းပြင်၏ အတားဆီးများကို ဖြတ်ကျော်သွားပုံရပြီး၊ ကြီးထွားလာကာ၊ ဟင်းလင်းပြင်တစ်ခုလုံးကို လုံးဝ ခဲသွားစေကာ လေထုတစ်စက်မှ မစီးဆင်းနိုင်တော့ပေ။ ထို့နောက် ဟုန်ယွိကို ပြင်းထန်စွာ လွှမ်းခြုံလိုက် တော့သည်။
“စကြာဝဠာစေတီ။”
ဟုန်ယွိ၏ ရင်ထဲတွင် တုန်လှုပ်သွားသည်။ ဤသည်မှာ တိုင်ရှန်တာအိုဂိုဏ်း၏ 'စကြဝဠာ' အခန်းမှ အင်မော်တယ် ရတနာတစ်ခု၏ အစစ်မှန် ပုံစံဖြစ်ကြောင်း သူ ချက်ချင်း မှတ်မိလိုက်သည်။ ၎င်းတွင် အနှိုင်းမဲ့ စွမ်းအားများ ပါဝင်နေသည်။
တခါတုန်းက ဆုမုသည် ဟုန်ယွိ၏ ရှေ့တွင် ဤစေတီကို ထုတ်ပြဖူးသော်လည်း ယခု 'စကြာဝဠာစေတီ'၏ စွမ်းအားမှာမူ စုမု ပြသခဲ့စဉ်ကထက် အဆပေါင်းများစွာ သာလွန် သည်။ ၎င်းမှာ ဟုန်ယွိကို မခုခံနိုင်လောက်သည့် အရှိန်အဝါမျိုး ပေးစွမ်းနေသည်။
“သူ ချန်ထားခဲ့တဲ့ စာလုံးတွေမှာတောင် ဒီလို မှော်စွမ်းအားမျိုး ရှိနေတာလား။ မဟာ လေဟာနဘ် လက်ဝါး... စေတီကို ဖယ်ရှားပစ်စမ်း။”
ဟုန်ယွိသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ သူ၏ ဦးခေါင်းနောက်မှ အလင်းကွင်း ကိုးကွင်း ထွက်ပေါ်လာသည်။ သူ၏ အင်မော်တယ် မူလဝိညာဉ် ထွက်ပေါ်လာပြီးနောက် အနာဂတ်ဗုဒ္ဓရုပ်ပွားတော်မှာလည်း မထင်မရှား ပေါ်လာသည်။ ဗုဒ္ဓ၏ကျမ်းစာများက လေထဲတွင် ပြည့်နှက်သွားပြီး ရွှေရောင်အလင်းတန်းများ စီးဆင်းသွားကာ တခဏအတွင်း ကြီးမားလှသော လက်ဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုလက်ဝါးကြီးသည် ကျဆင်းလာသော စကြာဝဠာစေတီကို ဖမ်းဆီးကာ အပေါ်သို့ ပြန်လည် တွန်းတင်လိုက် သည်။
စကြာဝဠာစေတီနှင့် လက်ဝါးကြီးတို့ ထိပ်တိုက် တွေ့ဆုံသွားရာ လေဟာနယ် လှိုင်းလုံးများ သည် အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။
ဘုန်း…။
စကြာဝဠာစေတီသည် မဟာလေဟာနယ် လက်ဝါး၏ တွန်းတင်ခြင်းကို ခံလိုက်ရပြီး၊ ပြင်းထန်သော ညှစ်ထုတ်မှုကြောင့် အပြာရောင် ကြယ်စင်အစအနများအဖြစ် တစ်ဖန် ပြန်လည် ပျက်စီးသွားပြန်သည်။ ထို့နောက် သာယာကြည်လင်သော ခေါင်းလောင်းသံကြီး သည် လုပ်ကြံသတ်ဖြတ်သူများ ခန်းမကြီးတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။
'ထာဝရ နတ်ဘုရားခေါင်းလောင်း'က တစ်ဖန် ပြန်လည် ကျဆင်းလာပြန်ပြီ ဖြစ်သည်။
ဟုန်ယွိအနေဖြင့် ခန်းမထဲသို့ ဝင်လိုက်သည်နှင့် လုပ်ကြံသတ်ဖြတ်သူများ မဟာမိတ်အဖွဲ့ ၏ အကြီးအကဲ ရှစ်ဦးနှင့် မရင်ဆိုင်ရသေးမီ မုန့်ရှန်းကျီ ချန်ထားခဲ့သော စာလုံးများ၏ စွမ်းအားကို အရင်ဆုံး ယှဉ်ပြိုင်ရလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ပေ။