← Chapters

အခန်း (၃၈၅-၃၈၆)

Vol. 36 Ch. 385-386

အခန်း (၃၈၅-၃၈၆)

Vol. 36 Ch. 385-386

အခန်း (၃၈၅)။

“ဒီစာလုံး ခုနစ်လုံးတည်းနဲ့တင် ဒီလောက်ကြီးမားတဲ့ မှော်စွမ်းအားတွေ ရှိနေတာလား။ ငါ မယုံဘူး... ပျက်စီးစမ်း။”

‘ထာဝရ နတ်ဘုရား ခေါင်းလောင်း’ သံသည် ဟိန်းထွက်သွားပြီး အချိန်စီးဆင်းမှုနှုန်းမှာ နှေးကွေးသွားသည်။ ကြီးမားလှသော ခေါင်းလောင်းကြီးသည် ဟုန်ယွိ၏ ဦးခေါင်း အထက်မှ ကျဆင်းလာပြီး သူ့ကို လွှမ်းခြုံလိုက်သည်။ ၎င်းထဲတွင် ပါဝင်သော ကြီးမားလှ သည့် စွမ်းအားကြောင့် ဟုန်ယွိသည် မိမိ၏ အတွေးစများပင် တစ်နေရာတည်းမှာ ပိတ်မိနေ သကဲ့သို့ ခံစားရပြီး စိတ်ထဲကနေ မဟစ်ကြွေးဘဲ မနေနိုင်ခဲ့ပေ။

ရုတ်တရက် မဟာလေဟာနယ်လက်ဝါးသည် တစ်ဖန် ပြန်လည် ပေါက်ကွဲထွက်လာသည်။

ဟုန်ယွိ၏ အတွေးစ ခုနစ်ခုသည် အရှိန်အဝါ ကြီးမားလှသော ‘ပစ္စုပ္ပန် ဂေါတမဗုဒ္ဓ’ ၏ ခန္ဓာကိုယ်ပွားအဖြစ် ပြောင်းလဲသွားသည်။ သူသည် မဟာလေဟာနယ်လက်ဝါးကို ထိန်းချုပ်ကာ ‘ဉာဏ်ပညာတံဆိပ်တော်’ကို အသုံးပြု၍ ဗုဒ္ဓလက်ဝါးဖြင့် ထာဝရ ခေါင်းလောင်းကြီးကို ရိုက်နှက်လိုက်လေသည်။

ဒေါင်... ဒေါင်... ဒေါင်... ဒေါင်...

ထိုလက်ဝါးရိုက်ချက်သည် ‘ထာဝရ နတ်ဘုရား ခေါင်းလောင်း’ ပေါ်သို့ ကျရောက် သွားသည်။ နောက်ဆုံးတွင် အနှိုင်းမဲ့သော မှော်စွမ်းအားများမှာ အသက်ရှူကျပ်သွား သကဲ့သို့ ဖြစ်ကာ ခေါင်းလောင်းကြီးတစ်ခုလုံး လုံးဝ ဥဿုံ ပျက်စီးသွားတော့သည်။ ၎င်းသည် လေထဲတွင် အဆက်မပြတ် လည်ပတ်နေသော အတွေးစ ခုနစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ရပ်တန့်ခြင်းမရှိဘဲ လည်ပတ်နေသည်။

မှန်ပေသည်။ ၎င်းတို့မှာ အတွေးစ ခုနစ်ခုပင် ဖြစ်သည်။

ထိုအတွေးစတစ်ခုချင်းစီမှာ တစ်လံခန့် အချင်းဝက်ရှိပြီး စက်လုံးများအလား လေထဲတွင် ဝဲပျံနေကြသည်။ ၎င်းတို့အတွင်း၌ အရောင်အမျိုးမျိုးသော အလင်းတန်းများ စီးဆင်းနေပြီး နောက်ဆုံးတွင် အဖြူလည်းမဟုတ်၊ အမည်းလည်းမဟုတ်သည့် ရှုပ်ထွေးသော အရောင် အဖြစ် ပြောင်းလဲသွားသည်။ ထိုအတွေးစ ခုနစ်ခုထံမှ ပြင်းထန်သော စွမ်းအားများ ထွက်ပေါ်နေသည်။

“ဆိုတော့... ဒီစာလုံး ခုနစ်လုံးက မုန့်ရှန်းကျီရဲ့ အတွေးစ ခုနစ်ခုနဲ့ ဖန်တီးထားတာကိုး။ ဒါတွေက မိုးကြိုးကပ်ဘေး ရှစ်ဆင့်ကို ကျော်ဖြတ်ထားတဲ့ ပညာရှင်ရဲ့ အတွေးစတွေလား။ မဟုတ်ဘူး... ဒီစာလုံးတွေကို ရေးခဲ့တာ အနှစ် ၆၀၊ ၇၀ လောက် ရှိပြီ။ အဲဒီတုန်းက မုန့်ရှန်းကျီဟာ အဆင့်ရှစ်ကို မရောက်သေးဘူး။ ဒါကြောင့် ဒါဟာ အဆင့်ခုနစ်ကို ကျော်ဖြတ်ထားတဲ့ အတွေးစတွေပဲ။ ကောင်းပြီ... ဒါဆိုရင် ငါ မင်းတို့ကို ဖိနှိပ်ပြီး လေ့လာရမှာပေါ့။”

သာမန် ကျင့်ကြံသူများအတွက် အတွေးစဆိုသည်မှာ အလွန် အရေးကြီးသည်။ အတွေး တစ်စမျှ ဆုံးရှုံးသွားလျှင်ပင် ပြန်လည် ရရှိရန် မလွယ်ကူပေ။

ဥပမာအားဖြင့် ဟုန်ယွိ၏ စိတ်ဝိညာဉ်ကို အတွေးစပေါင်း ၁၂,၈၀၀ ဖြင့် ဖွဲ့စည်းထားသည်။ အကယ်၍ တစ်စမျှ ပျက်စီးသွားပါက ၎င်းကို ပြန်လည် မွေးဖွားရန် အချိန်အတော်ကြာ အောင် ပြန်လည် ကျင့်ကြံရပေလိမ့်မည်။ ထို့အပြင် ပြန်လည်မွေးဖွားလာသည့် အတွေးစ များသည် အစမှပြန်လည်ကျင့်ကြံရပြီး မိုးကြိုးကပ်ဘေးကိုလည်း ထပ်မံကျော်ဖြတ်ရဦး မည် ဖြစ်သည်။

၎င်းမှာ ကလေးအနည်းငယ် ရှိသည့်အနက် တစ်ယောက် အသတ်ခံရပါက နောက်ထပ် ကလေးတစ်ယောက် ပြန်မွေးပြီး ကြီးပြင်းလာအောင် စောင့်ရသည်နှင့် တူသည်။

‘အတိတ်ကျမ်း’ကို ကျင့်ကြံထားသည့် ဟုန်ယွိအတွက်ပင် ဤသို့ ခက်ခဲပါက အခြား ကျင့်ကြံသူများအတွက်ဆို ပို၍ပင် ပြောစရာ မလိုတော့ပေ။

ဤသည်မှာ လွန်ခဲ့သော အနှစ် ၆၀၊ ၇၀ ခန့်က မုန့်ရှန်းကျီ ချန်ထားခဲ့သော မိုးကြိုးကပ်ဘေး အဆင့်ခုနှစ် အတွေးစများ ဖြစ်နေသည်မှာ သိသာလှသည်။ ဟုန်ယွိသည် ဤအတွေးစ ခုနစ်ခုကို ဖမ်းဆီးပြီး ၎င်းတို့ မည်သို့ အလုပ်လုပ်သည်ကို လေ့လာချင်နေသည်။ ၎င်းတို့ကို သန့်စင်ပြီး မိမိကိုယ်ပိုင်အဖြစ် ပြောင်းလဲနိုင်မလားဟု သူ သိလိုသည်။

အကယ်၍ မိုးကြိုးကပ်ဘေး ခုနစ်ဆင့်ကျော်ဖြတ်ထားသော ပညာရှင်တစ်ဦး၏ အတွေးစ ခုနစ်ခုကိုသာ သန့်စင်နိုင်ပါက, မည်မျှအစွမ်းထက်မည်ကို မသိနိုင်ပေ။ ၎င်းမှာ ဘိုးဘေး ဟုန်လင်၏ အတွေးစပေါင်း ထောင်ချီထက်ပင် ပို၍ တန်ဖိုးရှိလှသည်။

သို့သော် ဟုန်ယွိ စဉ်းစားနေစဉ်မှာပင်... ထိုအတွေးစ ခုနစ်ခုမှာ အနည်းငယ် လည်ပတ်သွား ပြီးနောက် ရုတ်တရက် ပြင်းထန်စွာ လှုပ်ရှားသွားသည်။ ၎င်းတို့သည် ခန်းမ၏ အမိုးကို ဖောက်ထွက်ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် အရိပ်အယောင်မျှ မကျန်အောင် ပျောက်ကွယ်သွားကြတော့သည်။

“နှမြောစရာပဲ။”

ဟုန်ယွိ တစ်လှမ်း နောက်ကျသွားခဲ့သည်။ သူသည် သူ၏ အတွေးစပေါင်း ထောင်ချီကို ထုတ်လွှတ်ကာ ‘အလင်းကန့်သတ်စက်ဝိုင်း အကာအကွယ်’ ဖြင့် ထိုအတွေးစ ခုနစ်ခုကို ပိတ်ဆို့ရန် ပြင်လိုက်သော်လည်း မမီတော့ပေ။ ဟုန်ယွိ၏ မိုးကြိုးကပ်ဘေး အဆင့်လေး ကျော်ဖြတ်ထားသော အတွေးစပေါင်း ထောင်ချီဖြင့် တည်ဆောက်မည့် အကာအကွယ်မှာ ဆန်းကြယ်ကောင်းကင်ဘုံခန်းမနှင့်ပင် ဂုဏ်သတင်း ကျော်ကြားမှု တူညီရာ ၎င်းတို့ကို ပိတ်ဆို့ရန် လုံလောက်သည်။

သို့သော် အခုတော့ ထိုအတွေးစ ခုနစ်ခုမှာ တောင်၏ အတွင်းပိုင်းကို ဖောက်ထွက်ကာ ထွက်ပြေးသွားကြပြီ ဖြစ်ရာ ဟုန်ယွိသည် ဘာမှမတတ်နိုင်ဘဲ လက်မှိုင်ချ ကြည့်နေရုံသာ ရှိတော့သည်။

မုန့်ရှန်းကျီ၏ အတွေးစများ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ကျောက်တိုင်ပေါ်ရှိ စာလုံး ခုနစ်လုံးမှာလည်း ပျောက်ကွယ်သွားတော့သည်။

ထိုအချိန်မှာပင် ကျောက်တိုင်နောက်ကွယ်မှ ဓားအလင်းတန်း တစ်ခုသည် ဟုန်ယွိ၏ လည်ချောင်းဆီသို့ ရုတ်တရက် ထိုးထွက်လာသည်။ ထိုဓားအလင်းတန်းမှာ အလွန်ပင် သိပ်သည်းနေပြီး မည်သည့် ပြင်းထန်သော အရှိန်အဝါမျှ မရှိပေ။ သို့သော် ၎င်းမှာ စူးတစ်ချောင်းအလား တားဆီး၍မရဘဲ ထိုးဖောက်လာသည်။ ဟုန်ယွိ၏ မဟာ လေဟာနယ်လက်ဝါးမှ ထွက်ပေါ်နေသော ရောင်စုံအလင်းတန်းများကိုပင် ၎င်းက ဖောက်ထွက်လာခဲ့သည်။

“ဟင်…”

ဟုန်ယွိ၏ အတွေးတစ်ချက်ဖြင့် မဟာလေဟာနယ်လက်ဝါးမှာ တစ်ဖန် ပေါက်ကွဲသွားပြီး ထိုဓားအလင်းတန်းကို ဝန်းရံလိုက်သည်။ မဟာလေဟာနယ်လက်ဝါးသည် ဆေဘာ သူတော်စင် ဂွန်ယန်ယုကဲ့သို့ လူသားအင်မော်တယ်တစ်ဦးကိုပင် ခဏမျှ ထိန်းထားနိုင် သည်ဖြစ်ရာ သိုင်းသူတော်စင် တစ်ဦး၏ လုပ်ကြံမှုကိုမူ ပို၍ တာရှည်စွာ ထိန်းထားနိုင်ပေ သည်။

ကျွီ... ကျွီ...

နူးညံ့သော ဓားအလင်းတန်းသည် ခိုင်မာလှသော မဟာလေဟာနယ်လက်ဝါးနှင့် ထိတွေ့ သွားသည်။ ဖန်သားပြင်ကို လက်သည်းဖြင့် ကုတ်ခြစ်သံကဲ့သို့ အသံများ ထွက်ပေါ်လာပြီး မီးပွားများ တဖြတ်ဖြတ် လက်သွားသည်။

ထိုအချိန်မှာပင် နောက်ထပ် အမည်းရောင် အရိပ်လေးခုသည် အသံမထွက်ဘဲ ပေါ်လာ သည်။ သူတို့၏ လှုပ်ရှားမှုမှာ ဖန်ဆင်းခြင်းတာအိုဂိုဏ်း၏ ဝိညာဉ်ကြွက် ဆီပူအိုးတွင်း လှုပ်ရှားမှုထက်ပင် ပို၍ လျှို့ဝှက်ဆန်းပြားလှသည်။ သူတို့သည် ပြင်းထန်စွာ ပြေးဝင်လာ ကြပြီး ဓားအလင်းတန်းများကို စုစည်းလိုက်ကြသည်။ သူတို့ လေးဦးစလုံး၏ ဓားအလင်း တန်းများတွင် မြင့်မြတ်သော ရည်ရွယ်ချက်အတွက် မိမိကိုယ်ကို စတေးရဲသည့် စိတ်ဆန္ဒ များ ကိန်းအောင်းနေပြီး ချက်ချင်းပင် မဟာလေဟာနယ်လက်ဝါး၏ အကာကွယ်ကို ဖောက်ထွက်သွားကြသည်။

သိုင်းသူတော်စင် ငါးယောက်။

လုပ်ကြံသတ်ဖြတ်သူများ မဟာမိတ်အဖွဲ့မှ အကြီးအကဲ ငါးဦးသည် ဓားချက်တစ်ချက် တည်းဖြင့် မဟာလေဟာနယ်လက်ဝါးကို ဆုတ်ဖြဲလိုက်ကြရာ၊ ၎င်းမှာ ဆေဘာသူတော်စင် ဂွန်ယန်ယု ပေးနိုင်သည့် ဒဏ်ရာထက်ပင် ပို၍ ကြီးမားလှသည်။

မပျက်စီးနိုင်သော အင်မော်တယ် မူလဝိညာဉ်၏ မဟာလေဟာနယ်လက်ဝါးမှာ ဆုတ်ဖြဲခံ လိုက်ရသည်။ ဦးခေါင်းနောက်မှ အလင်းကွင်းကိုးကွင်းမှာလည်း အဝတ်စုတ်များအလား လေထဲတွင် လွင့်ပျံသွားပြီးမှ အလင်းကွင်းကိုးကွင်းအဖြစ် ပြန်လည်စုစည်းကာ နောက်သို့ ပျံသန်းသွားကြသည်။ တစ်ခဏအတွင်းမှာပင် လုပ်ကြံသတ်ဖြတ်သူများ မဟာမိတ်အဖွဲ့ သည် သူတို့၏ စွမ်းအားအားလုံးကို အသုံးပြုလိုက်သကဲ့သို့ ဖြစ်သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အခြေအနေမှာ အလွန်ပင် အန္တရာယ်ကြီးမားသွားခဲ့သည်။

ဟုန်ယွိသည် ရင်ထဲတွင် အေးစက်သွားသော်လည်း သူ ထိတ်လန့်မသွားပေ။

“အလင်းအကန့်သတ်စက်ဝိုင်း အကာအကွယ်... သားအိမ်အတွင်း ပုန်းကွယ်ခြင်း လျှို့ဝှက် နည်းစနစ်... ပိတ်ဆို့စမ်း။”

အတွေးစပေါင်း တစ်ထောင်သည် လေထဲသို့ ပျံတက်သွားပြီး ‘သားအိမ်အတွင်း ပုန်းကွယ် ခြင်း စိတ်ဝိညာဉ်အစီအရင်’ တစ်ခုအဖြစ် ပြောင်းလဲသွားကာ လုပ်ကြံသူ ငါးဦးစလုံးကို တစ်ခဏအတွင်း အတွင်း၌ ပိတ်မိသွားစေသည်။

အကြီးအကဲ ငါးဦးမှာ မဟာလေဟာနယ်လက်ဝါးကို ဆုတ်ဖြဲရန် စွမ်းအင်များစွာ သုံးလိုက် ရသဖြင့် ဟုန်ယွိ၏ တုံ့ပြန်မှုမှာ မြန်ဆန်လွန်းလှသည်။ တစ်ခဏအတွင်းမှာပင် သူတို့သည် အဆုံးမဲ့သော အလင်းတန်းများကြားတွင် ပိတ်မိသွားပြီး ဘာမှမမြင်ရတော့ပေ။

လက်ဝါးအရွယ်အစားရှိသော ပုံဆောင်ခဲပြားတစ်ခုသည် လေထဲတွင် ဝဲပျံနေသည်။ ထိုပုံဆောင်ခဲပြား၏ အလယ်တွင် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ရှိနေပြီး ဗုဒ္ဓ၏ လက်ဝါးအလယ် တွင် လုပ်ကြံသူ ငါးဦးမှာ လက်သည်းခွံအရွယ်အစားမျှသာ ရှိတော့ကာ အလွန်ပင် သေးငယ်သွားကြသည်။ ၎င်းမှာ ဟုန်ယွိ၏ ပိတ်ဆို့မှုကြောင့် သူတို့၏ ခန္ဓာကိုယ်များမှာ ချက်ချင်းပင် ကျုံ့သွားသကဲ့သို့ ဖြစ်သွားခြင်း ဖြစ်သည်။

၎င်းမှာ အကာအကွယ် အစီအရင်အတွင်းရှိ သီးခြားဟင်းလင်းပြင်တစ်ခု ဖြစ်သည်။

ဆန်းကြယ်ကောင်းကင်ဘုံခန်းမ ကဲ့သို့ပင် ‘အလင်းအကန့်သတ်စက်ဝိုင်း အကာအကွယ်’ အစီအရင်သည် နတ်ဆိုးများနှင့် အင်မော်တယ်များကို ပိတ်ဆို့ထားနိုင်ပြီး ၎င်းမှာ ဤလောက၏ ထိပ်တန်း တာအိုပညာရပ်တစ်ခု ဖြစ်သည်။

အကြီးအကဲ ငါးဦးကို ပိတ်ဆို့ပြီးနောက် ဟုန်ယွိသည် သူတို့ကို ဆက်လက်ဂရုမစိုက်တော့ ဘဲ လက်ကို ဝှေ့ယမ်းလိုက်သည်။ ပြင်းထန်သော သွေးနီရောင် သွေးစွမ်းအင်များသည် ခန်းမထဲသို့ ကျဆင်းလာသည်။ ‘မဟာကျိနတ်ဘုရားဆေဘာ’ ကို ကိုင်ဆောင်ထားသော ခန့်ညားလှသည့် စစ်နတ်ဘုရားတစ်ပါး ပေါ်ထွက်လာပြီး ဆေဘာကို ဝှေ့ယမ်းကာ အမှောင်ထု၏ အနက်ဆုံးနေရာကို လင်းထိန်သွားစေသည်။

ထိုအမှောင်ထုထဲတွင် ဓားအလင်းတန်း သုံးခုနှင့် မီးခိုးရောင် ဓားသုံးလက်သည် စစ်နတ်ဘုရား၏ ဆေဘာကြီးနှင့် ထိပ်တိုက် တွေ့ဆုံသွားကြသည်။

ဓားသွားချင်း ထိတွေ့သံများမှာ သံစည်ကြီးများကို ထုရိုက်နေသကဲ့သို့ ထွက်ပေါ်လာရာ လူတစ်ယောက်၏ နှလုံးသားကိုပင် ကွဲအက်သွားစေနိုင်လောက်အောင် ပြင်းထန်လှသည်။

မိုးကြိုးကပ်ဘေး အဆင့်လေးကို ကျော်ဖြတ်ပြီးနောက် ဟုန်ယွိ၏ ‘စစ်နတ်ဘုရားကျမ်း’ မှာ ပိုမို တိုးတက်လာခဲ့သည်။ ဤစစ်နတ်ဘုရားမှာ လူသားအင်မော်တယ်တစ်ပိုင်း၏ အရှိန် အဝါမျိုး ရှိနေပြီး၊ ပုံရိပ်ယောင်ဖြစ်နေသေးသော်လည်း သူ၏ ခွန်အားမှာမူ အဆုံးမဲ့နေသကဲ့ သို့ပင်။

သူသည် ဓားချက်တစ်ချက်တည်းဖြင့် မဟာအကြီးအကဲ သုံးဦး၏ လုပ်ကြံမှုကို တားဆီးနိုင် ခဲ့ပြီး အရှုံးမပေးဘဲ ရင်ဆိုင်နိုင်ခဲ့သည်။

သူ၏ ရဲစွမ်းသတ္တိမှာ အနှိုင်းမဲ့လှသည်။

ဤအချိန်တွင် ဟုန်ယွိသည် သူ၏ တာအိုပညာရပ်အားလုံးကို ထုတ်သုံးထားပြီး လုပ်ကြံသူ အကြီးအကဲ ရှစ်ဦးစလုံးလည်း ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ သို့သော် ဟုန်ယွိ၏ ရင်ထဲတွင် မူ မထင်မရှားသော အရိပ်တစ်ခု ကျန်ရှိနေသေးသည်။ အမှောင်ထုထဲတွင် ပို၍ အစွမ်းထက် သော ရန်သူတစ်ဦး ပုန်းအောင်းနေသကဲ့သို့ သူ ခံစားနေရသည်။

“ဘယ်သူလဲ။”

ဟုန်ယွိသည် မိမိကိုယ်ကို ကာကွယ်ရန် ဓားကို မြှောက်လိုက်ပြီး အနည်းငယ် လှုပ်ရှားလိုက် သည်။

ဝှီး….။

ဝေးကွာလှသော အမှောင်ထုထဲမှ လျှပ်စီးကြောင်းတစ်ခုကဲ့သို့ အလင်းတန်းတစ်ခု လေထု ကို ထိုးခွဲကာ ထွက်ပေါ်လာသည်။ ထိုအလင်းတန်းထဲတွင် အဖြူရောင် ချပ်ဝတ်ကို ဝတ်ဆင်ထားသော လူတစ်ယောက်၏ အရိပ်ကို ဝေဝေဝါးဝါး တွေ့လိုက်ရသည်။ ထိုလူ၏ မျက်နှာကို ရှင်းလင်းစွာ မမြင်ရဘဲ ခန္ဓာကိုယ်တစ်ခုလုံးမှာ ချပ်ဝတ်များဖြင့် ဖုံးအုပ်ထား သည်။ ထိုချပ်ဝတ်မှာ အလွန်ပင် ထူးဆန်းလှပြီး ဂဏန်းအခွံနှင့်တူသလို၊ အသားထဲမှ အရိုးများ ပေါက်ထွက်နေသကဲ့သို့ မြင်ရသည်။

ထိုထူးဆန်းလှသော အဖြူရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသူသည် လက်ထဲတွင် ဓားရှည် တစ်လက်ကို ကိုင်ထားသည်။ သူ၏ ခြေထောက်များသည် မြေပြင်နှင့် မထိဘဲ ပျံသန်းလာ ခြင်း ဖြစ်သည်။ အသက်တစ်ချက်ရှူအတွင်းမှာပင် သူသည် လေကို ထိုးခွဲကာ ဟုန်ယွိ၏ အာရုံကို ဓားဖျားဆီသို့ ဆွဲခေါ်သွားသည်။

ဟုန်ယွိ၏ မျက်လုံးထဲတွင် ထိုဓားဖျားမှ ထွက်ပေါ်လာသော အလင်းစက်မှာ ပိုမို ကြီးထွား လာပြီး တောက်ပသော နေမင်းကြီးတစ်စင်း မြေပြင်ပေါ်သို့ ပြုတ်ကျလာသကဲ့သို့ သူ့ထံသို့ အရှိန်ဖြင့် ကျဆင်းလာသည်။

အနှစ်သာရ၊ စွမ်းအင်နှင့် စိတ်ဝိညာဉ်တို့မှာ တစ်နေရာတည်းတွင် စုစည်းနေပြီး ၎င်းမှာ ဟုန်ရွှန်ကျိ၏ ကောင်းကင်ဘုံမဟာသူတော်စင်လက်ဝါးကဲ့သို့ ဟုန်ယွိကို ဖိအားပေးနေ သည်။

“လူသားအင်မော်တယ်... မဟုတ်ဘူး၊ လူသားအင်မော်တယ် မဟုတ်သေးဘူး။ ဒါက သိုင်းသူတော်စင် အထွတ်အထိပ် အဆင့်ပဲ။ သူဟာ လျှို့ဝှက်နည်းစနစ်တစ်ခုနဲ့ ချပ်ဝတ်ရဲ့ စွမ်းအားကို ပေါင်းစပ်ပြီး လူသားအင်မော်တယ်တစ်ဦးရဲ့ တိုက်ခိုက်မှုမျိုးကို ဖန်တီးလိုက် တာပဲ။”

အတွေးတစ်ချက်ဖြင့် ဟုန်ယွိသည် သူ့လက်ထဲမှ ဓားကို ထိုဓားဖျားနှင့် ထိပ်တိုက်ရင်ဆိုင် ရန် ထိုးလွှတ်လိုက်သည်။ ဤလူသည် လူသားအင်မော်တယ်အဆင့် မဟုတ်သော်လည်း သိုင်းသူတော်စင် အထွတ်အထိပ်အဆင့်တွင် ရှိပြီး ချပ်ဝတ်၏ စွမ်းအားကို အသုံးပြု၍ လူသားအင်မော်တယ်နှင့် ညီမျှသည့် တိုက်ခိုက်မှုကို ပြုလုပ်နိုင်ခြင်း ဖြစ်သည်။

ဟုန်ယွိ၏ ဤခန္ဓာကိုယ်မှာ အစစ်မှန် လူသားအင်မော်တယ် ခန္ဓာကိုယ် ဖြစ်သည်။ ထို့အပြင် နတ်ဘုရားခန္ဓာကိုယ်အဖြစ် မွေးဖွားလာသူ ဖြစ်သဖြင့် အဆုံးမဲ့ ခွန်အားကို ပိုင်ဆိုင်ထားသည်။ သူသည် သူ့ထံသို့ တိုးဝင်လာသော ဓားကို အနည်းငယ်မျှ ထိတ်လန့် ခြင်း မရှိဘဲ ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

ဓားနှစ်လက် ထိတွေ့သွားသော်လည်း မည်သည့် အသံမျှ ထွက်မလာပေ။ ဟုန်ယွိသည် တစ်ဖက်လူ၏ ဓားထံမှ ပြင်းထန်လှသော ခွန်အားကိုသာ ခံစားလိုက်ရပြီး သူ့ကို လွင့်ထွက် သွားစေမည့်အလား ရှိနေသည်။ သို့သော် ထိုလူမှာမူ လေထဲတွင် နှစ်ပတ်ခန့် လွင့်ထွက် သွားပြီးနောက် ရုတ်တရက် ရှေ့သို့ ပြန်လည် တိုးဝင်လာကာ ဖြူဖွေးသော အရိပ်တစ်ခု အဖြစ် အမှောင်ထုထဲသို့ ပြန်လည် တိုးဝင် ပျောက်ကွယ်သွားတော့သည်။

“ကျန်းယွမ်ရဲ့ ခန္ဓာကိုယ်ဟာ တကယ်ကို လူသားအင်မော်တယ် ခန္ဓာကိုယ် ဖြစ်နေတာပဲ။ ကျန်းယွမ်ရဲ့ တာအိုပညာရပ်ဟာလည်း အတွေးတစ်ချက် ကမ္ဘာတစ်ခု ဖန်တီးနိုင်တဲ့အဆင့် အထိ ရောက်နေပြီ။ မိုးကြိုးကပ်ဘေး အဆင့်လေးကို ကျော်ဖြတ်ထားပြီး မဟာ လေဟာနယ်လက်ဝါးနဲ့ အင်မော်တယ် မူလဝိညာဉ်ကိုလည်း ပိုင်ဆိုင်ထားသေးတယ်။ ကျန်းယွမ်ဟာ လုပ်ကြံသတ်ဖြတ်သူများ ခန်းမထဲမှာ လမ်းလျှောက်ဖို့ တကယ်ကို ထိုက်တန်ပါတယ်။”

အဖြူရောင်အရိပ် အမှောင်ထုထဲသို့ ပျောက်ကွယ်သွားပြီးနောက် ယောက်ျားသံလည်း မဟုတ်၊ မိန်းမသံလည်း မဟုတ်သော အသံတစ်ခု ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် လုပ်ကြံသတ်ဖြတ်သူများ မဟာမိတ်အဖွဲ့မှ မဟာ အကြီးအကဲ သုံးဦး သည်လည်း သူတို့၏ ဓားကွက်များကို ရပ်တန့်လိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်များမှာ မြွေတစ်ကောင်အလား အမှောင်ထုထဲသို့ ပြန်လည် ဆုတ်ခွာသွားကြသည်။

ဘန်း….။

‘အလင်းအကန့်သတ်စက်ဝိုင်း အကာအကွယ်’မှာလည်း ပြိုကွဲသွားပြီး အတွေးစပေါင်း တစ်ထောင်သည် ဟုန်ယွိ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်သွားသည်။ အကြီးအကဲ ငါးဦးမှာလည်း လွတ်မြောက်သွားကြပြီး လေးဦးမှာ အမှောင်ထဲသို့ ပြန်လည် ပုန်းကွယ် သွားကြသည်။ ယန်ခိုင် တစ်ဦးတည်းသာ ကျန်ရစ်တော့သည်။

ဟုန်ယွိသည် သူ၏ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။ သူသည် စမ်းသပ်မှုကို အောင်မြင်သွားပြီဖြစ်ကြောင်း သိလိုက်သည်။

“အခုနက လူဟာ လုပ်ကြံသတ်ဖြတ်သူများ မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်လား။”

ဟုန်ယွိသည် ယန်ခိုင်ကို မြင်သောအခါ ဓားကို အိမ်ထဲပြန်ထည့်ပြီး သက်ပြင်းတစ်ချက်ချ ကာ မေးလိုက်သည်။ အစောပိုင်းက တိုက်ပွဲမှာ သူ့အတွက် မလွယ်ကူခဲ့ပေ။ သူ တတ်မြောက်ထားသည့် တာအိုပညာရပ်နှင့် သိုင်းပညာအားလုံးကို ထုတ်သုံးခဲ့ရမှသာ ဤစမ်းသပ်မှုကို ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

“ကျန်းယွမ်ရဲ့ ခန့်မှန်းချက် မှန်ပါတယ်။ အဲဒါ ကျုပ်တို့ရဲ့ ခေါင်းဆောင်ပါပဲ။” ယန်ခိုင်က ပုံမှန်အတိုင်း တိတ်ဆိတ်စွာပင် ဖြေကြားသည်။

“အခုနက ချပ်ဝတ်ကရော။” ဟုန်ယွိက မေးသည်။ ထိုအဖြူရောင်ဝတ်စုံ ချပ်ဝတ်မှာ အလွန် ပင် လျှို့ဝှက်ဆန်းပြားလှကြောင်း သိသာသည်။

“ဒါဟာ ကျုပ်တို့ မဟာမိတ်အဖွဲ့ရဲ့ ရတနာ၊ ခေါင်းဆောင်ရဲ့ ပြယုဂ်ဖြစ်တဲ့ ‘အရုဏ်ဦး အရိုးဖြူချပ်ဝတ်’ပါ။ ဒါဟာ ရှေးခေတ်ကတည်းက လက်ဆင့်ကမ်းလာတဲ့ အရာဖြစ်ပြီး ဝတ်ဆင်လိုက်ရင် အရေပြားပေါ်မှာ အရိုးဖြူတွေ ဖုံးအုပ်ထားသလိုပဲ။ ဘယ်လို ဓားမျိုးတွေ၊ လက်နက်တွေမှ မထိုးဖောက်နိုင်သလို လှုပ်ရှားမှုကိုလည်း မထိခိုက်စေဘူး။ ပြီးတော့ ဝတ်ဆင်ထားသူကို အဆုံးမဲ့ ခွန်အားတွေ ပေးစွမ်းနိုင်သလို ရေထဲမှာလည်း နစ်မြုပ် သွားခြင်း မရှိပါဘူး။”

ထိုအချိန်မှာပင် ယောက်ျားသံလည်းမဟုတ်၊ မိန်းမသံလည်းမဟုတ်သော အသံက အမှောင် ထုထဲမှ ထွက်ပေါ်လာသည်။ ၎င်းမှာ မဟာမိတ် ခေါင်းဆောင်၏ အသံပင် ဖြစ်သည်။

“ဒီလို ရှေးဟောင်း နတ်ဘုရား ချပ်ဝတ်မျိုးဟာ အလွန်ကို ရှားပါးပါတယ်။ မဟာမြင့်မြတ် နယ်မြေ ခြောက်ခုမှာတောင် မရှိသလောက်ပါပဲ။ ရှေးခေတ် သူတော်စင် ဧကရာဇ်ရဲ့ ‘နဂါးဘုရင်ချပ်ဝတ်’ကတော့ အကျော်ကြားဆုံးပေါ့။ နောက်တစ်ခုကတော့ စစ်နတ်ဘုရား ရဲ့ ‘ကောင်းကင်ဉီးချိုနတ်ဘုရားချပ်ဝတ်’ပေါ့။ ဒီချပ်ဝတ် နှစ်မျိုးဟာ လေထဲမှာ ပျံသန်းနိုင် သလို အသံထက်မြန်တဲ့ အရှိန်ဟုန်းနဲ့ သွားလာနိုင်တယ်၊ မီးတောင်ချော်ရည်ထဲမှာတောင် နေနိုင်တယ်။ ဝတ်ဆင်ထားသူရဲ့ ခန္ဓာကိုယ်ဟာ မသေနိုင်သလို ဖြစ်သွားပြီး အဆုံးမဲ့ ခွန်အားတွေကိုလည်း ပေးစွမ်းနိုင်တယ်။ ဒါပေမဲ့ ကျုပ်တို့ မဟာမိတ်အဖွဲ့ရဲ့ ‘အရုဏ်ဦး အရိုးဖြူချပ်ဝတ်’ ကတော့ လေထဲမှာ မပျံနိုင်ပေမဲ့ ရေပေါ်မှာ လမ်းလျှောက်လို့ရတယ်။ တစ်ခါ ခုန်လိုက်ရင် ၂ မိုင်၊ ၃ မိုင်လောက်အထိ ရောက်နိုင်သလို အမြင့် ၅ ပေလောက် အထိ လည်း ခုန်နိုင်တယ်။”

မဟာမိတ်ခေါင်းဆောင်၏ အသံက ဆက်လက် ထွက်ပေါ်လာသည်။ “နဂါးဘုရင်ချပ်ဝတ် ကတော့ အခု တော်ဝင်ချန် ဧကရာဇ် ယန်ဖန်ရဲ့ လက်ထဲမှာ ရှိနေတယ်။ ‘ကောင်းကင်ဉီးချို နတ်ဘုရားချပ်ဝတ်’ ကတော့ ပျောက်ဆုံးနေတာ ကြာပါပြီ... ဟုန်ယွိ၊ မင်းဟာ ကျုပ်တို့ မဟာမိတ်အဖွဲ့ရဲ့ ခန်းမထဲကို လမ်းလျှောက်နိုင်ခဲ့ပြီ။ မင်းရဲ့ တာအိုပညာဟာ အဆုံးမဲ့သလို သိုင်းပညာကလည်း ထူးချွန်လှတယ်။ မင်းဟာ လောကရဲ့ ထိပ်တန်း ပညာရှင်တစ်ယောက် ဖြစ်ဖို့ တကယ်ကို ထိုက်တန်ပါတယ်။ မင်းရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းတာအိုကို ရှိခိုးပူဇော်မှု က ကျုပ်တို့ရဲ့ စိတ်ဝိညာဉ်တွေကို သန့်စင်ပေးခဲ့တယ်... ဒါကြောင့် ကျုပ်တို့ မဟာမိတ်အဖွဲ့ က မင်းအတွက် ကတိတစ်ခု ဖြည့်ဆည်းပေးပါ့မယ်။ ယန်ခိုင်... မင်းနဲ့အတူ ယန်ရှီလျူနဲ့ တခြား လုပ်ကြံသူ ရှစ်ယောက်ကို ခေါ်သွားပါ။ မင်းတို့အားလုံး ဧည့်သည်တော် ပညာရှင် ဟုန်ယွိရဲ့ လက်အောက်ခံတွေအဖြစ် တာဝန်ထမ်းဆောင်ပြီး ရန်သူ့ဗိုလ်ချုပ်တွေကို လုပ်ကြံပေးပါ၊ တစ်ချိန်တည်းမှာပဲ သူ့ရဲ့လူတွေကို ကာကွယ်ပေးဖို့ တာဝန်ယူပါ။”

“မဟာမိတ် ခေါင်းဆောင်ကို အထူးပဲ ကျေးဇူးတင်ပါတယ်။” ဟုန်ယွိက လက်နှစ်ဖက်ယှက် ကာ ဂါရဝပြုလိုက်သည်။

ဤသို့ လုပ်ကြံသူပညာရှင်များကို မိမိ၏လက်အောက်ခံအဖြစ် ရရှိခြင်းမှာ သူ့လူများ အတွက် လုံခြုံရေး ပိုမို စိတ်ချရသွားစေသည့်အပြင် ရန်သူများကို သုတ်သင်ရန်အတွက် လည်း အလွန်ပင် အားကိုးရမည် ဖြစ်သည်။ ထို့အပြင် ဤသည်မှာ လုပ်ကြံသတ်ဖြတ်သူ များ မဟာမိတ်အဖွဲ့၏ တရားဝင် ထုတ်ပြန်ချက်လည်း ဖြစ်သည်။

“အနန္တတန်ခိုးရှင် နတ်ဘုရားဘုရင် ယန်တူး... ခင်ဗျားကို ကျုပ်ဘက်ပါအောင် လုပ်ပြီး မင်းသားယု ထီးနန်းတက်နိုင်ဖို့ လမ်းခင်းပေးရမယ်။ ဒါပေမဲ့ တော်ဝင်ချန် ဧကရာဇ် ယန်ဖန် ဆီမှာ ‘နဂါးဘုရင်ချပ်ဝတ်’လို နတ်ဘုရားချပ်ဝတ် ရှိနေတယ်။ ဟုန်ရွှန်ကျိရဲ့ လူသား အင်မော်တယ် ခန္ဓာကိုယ်နဲ့သာ အဲဒီချပ်ဝတ်ကို ဝတ်လိုက်ရင် သူက ဒီလောကမှာ အနှိုင်းမဲ့ ဖြစ်သွားမှာ မဟုတ်ဘူးလား။ ကြည့်ရတာ ‘ကောင်းကင်ဉီးချို နတ်ဘုရားချပ်ဝတ်’ ကို ရမှပဲ သူ့ကို ငါ ယှဉ်နိုင်တော့မယ်။ ဒီခရီးကနေ ငါ အများကြီး ရလိုက်တာပဲ။ ဒီသတင်းကနေ သူတို့ရဲ့ ဝှက်ဖဲတွေကို သိလိုက်ရတာလည်း အမြတ်ပဲ...။”

ဟုန်ယွိသည် ဤခရီးမှ ရရှိခဲ့သည့် အကျိုးကျေးဇူးများအတွက် ကျေနပ်နေမိသည်။

ထိုအချိန်မှာပင် ချီပြည်နယ်၏ အစွန်အဖျား၊ ပန်းချီသူတော်စင် ‘ချန်ဒေါင်ဇီ’၏ အိမ်တော် အပြင်ဘက် တောင်ကုန်းပေါ်တွင် အမည်းရောင် လှိုင်းတစ်ကြောင်းတစ်ခုသည် လေထုကို ထိုးခွဲကာ ဆင်းသက်လာခဲ့သည်။ လက်ထဲတွင် လှံရှည်တစ်လက်ကို ကိုင်ဆောင်ထားသူမှာ သိုင်းပညာတွင် အလွန်တိုးတက်လာပြီး လျှို့ဝှက်ဆန်းပြားသော အစွမ်းများကို နားလည် သွားသည့် ‘ချန်ပီယံမြို့စား’ ပင် ဖြစ်သည်။

“မဟာကျိုးရဲ့ နောက်ဆုံးမျိုးဆက် တတိယမင်းသားက ဒီမှာ ပုန်းနေတာကိုး။ ငါ့လက်က နေ ဘယ်လိုလွတ်မှာလဲ။ မင်းကို ငါ့လက်အောက်ခံအဖြစ် အရင်သိမ်းသွင်းပြီးမှ ဟုန်ယွိနဲ့ ငါ ယှဉ်ပြိုင်ရမယ်။”

ချန်ပီယံမြို့စား၏ မျက်လုံးများတွင် ကြောက်မက်ဖွယ်ရာ အလင်းတန်းများ လက်ခနဲ လင်းလက်သွားလေသည်။

အခန်း (၃၈၆)။

“ဟုန်ယွိက အခု ငါ့ရဲ့ ‘ကောင်းကင်တိုင် နတ်ဘုရားကျောက်တုံး’ ကို လုယူသွားပြီး လူသား အင်မော်တယ် သန္ဓေသားကိုပါ ပေါက်ဖွားနိုင်ခဲ့ပြီ။ ဒါကြောင့် သူ့ခွန်အားတွေ အဆမတန် တိုးတက်လာခဲ့တာပဲ။ သူ့နောက်ကွယ်မှာလည်း အတွေးတစ်ချက် ကမ္ဘာတစ်ခုကို ဖန်တီးနိုင်တဲ့ အဆင့်လေး မိုးကြိုးကပ်ဘေး ပညာရှင်တစ်ယောက်လည်း ရှိနေသေးတယ်။ အခု ငါ့ဆီမှာ ကောင်းကင်အလင်းဉီးချို နတ်ဘုရားချပ်ဝတ်ရှိနေပြီဆိုတော့ လျှပ်စီးလက်လို မြန်မြန်ပျံသန်းနိုင်ပြီး ငါသွားချင်တဲ့နေရာကို စိတ်ကြိုက် သွားနိုင်လာပြီ။ ဘယ်သူမှ ငါ့ကို အန္တရာယ်မပေးနိုင်တော့ပေမဲ့ သူ့နောက်ကွယ်က ပညာရှင်တွေကို ရင်ဆိုင်ဖို့တော့ ဒါက မလုံလောက်သေးဘူး။ ငါ့အတွက် အစွမ်းထက်တဲ့ လက်အောက်ခံတွေ ရှာဖို့ လိုအပ်နေပြီ။”

ချန်ပီယံမြို့စားသည် ချန်မျိုးနွယ်စု အိမ်တော်နောက်ဘက်ရှိ တောင်ထိပ်ပေါ်သို့ ဆင်းသက် လိုက်စဉ်, သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ မျက်လုံးသူငယ်အိမ်ကဲ့သို့ နက်မှောင်နေသော ချပ်ဝတ်ဖြင့် ဖုံးလွှမ်းနေသည်။ ၎င်းမှာ ရှေးဟောင်း နတ်ဆိုးနတ်ဘုရားတစ်ပါး အလား သူ၏ အရေပြားပေါ်တွင် ကပ်တွဲနေလေသည်။

ဤကောင်းကင်အလင်းဉီးချို နတ်ဘုရားချပ်ဝတ်သည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အပြစ်အနာ အဆာမရှိ ဖုံးအုပ်ထားသည်။ သူ၏ မျက်လုံးရှေ့၌ပင် သွေးကဲ့သို့ နီမြန်းပြီး အလင်းမှိန်မှိန်ထွက်နေသော ပါးလွှာသည့် အမြှေးပါးတစ်ခု ရှိနေသည်။

၎င်းမှာ ချပ်ဝတ်တွင်ပါသော ‘မျက်ကြည်လွှာ အကာအကွယ်’ ပင် ဖြစ်သည်။ ၎င်းသည် မျက်လုံးကို ကာကွယ်ပေးရုံသာမက မြားများနှင့် ဒူးလေးများ ဖောက်ထွက်ခြင်းမှလည်း တားဆီးပေးနိုင်သည်။ တာအိုပညာရပ်မှ မီးစွမ်းအင်များကပင် ၎င်းကို မထိခိုက်နိုင်ပေ။ ထို့အပြင် တောင်တန်းကျောက်ဆောင်များကို ဖောက်ထွင်းမြင်နိုင်စွမ်းနှင့် အမှောင်ထဲတွင် မြင်နိုင်စွမ်းလည်းရှိရာ အလွန်ပင် ဆန်းကြယ်လှသည်။

ရှေးခေတ် နတ်ဘုရားချပ်ဝတ်တစ်ခုမှာ မည်သို့လျှင် သာမန် ဖြစ်နိုင်ပါမည်နည်း။

“ကောင်းကင်အလင်း အရိုးဆူးတွေ ထွက်စမ်း။”

ချန်ပီယံမြို့စားက အေးစက်စွာ ရယ်မောလိုက်သည်။ သူ အနည်းငယ် အားစိုက်လိုက်သည် နှင့် ချပ်ဝတ်ပေါ်မှ အက်ကွဲသံများ ထွက်ပေါ်လာသည်။ သူ၏ ကျောပြင်၊ လက်မောင်း၊ ခြေထောက်နှင့် ပခုံးများပေါ်မှ ချွန်ထက်သော အရိုးဆူးများ တစ်ခုပြီးတစ်ခု ထွက်ပေါ် လာသည်။ ချပ်ဝတ်တစ်ခုလုံးမှာ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသွားတော့သည်။

ယခုအချိန်တွင် သူသည် အစစ်မှန် တိုက်ခိုက်ရေး နတ်ဆိုးနတ်ဘုရားတစ်ပါးအလား ဖြစ်နေပြီ။

ခန္ဓာကိုယ်တစ်ခုလုံး အရိုးဆူးများဖြင့် ဖုံးလွှမ်းထားသဖြင့် သူသည် မည်သည့်သိုင်းပညာကို မှ အသုံးမပြုဘဲ တစ်စုံတစ်ဦးကို ပစ်တိုက်လျှင်ပင် မည်သူမျှ တားဆီးနိုင်မည် မဟုတ်ပေ။

“ဒီချပ်ဝတ်ဟာ ‘နဂါးဘုရင်ချပ်ဝတ်’ ကိုတောင် ယှဉ်နိုင်တဲ့ အနှိုင်းမဲ့ နတ်ဘုရား ချပ်ဝတ်ပဲ။ နှမြောစရာကောင်းတာက နဂါးဘုရင်ချပ်ဝတ်က တော်ဝင်ချန် ဧကရာဇ် ယန်ဖန်ရဲ့ လက်ထဲမှာ ရှိနေတာပဲ။ အဲဒီချပ်ဝတ်ကိုသာ ငါရပြီး၊ ငါ့ရဲ့ လူသားအင်မော်တယ် ခန္ဓာ ကိုယ်ပွားကို ဝတ်ဆင်ပေးနိုင်မယ်ဆိုရင် မုန့်ရှန်းကျီတောင် ငါ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ အခုတော့ အားလုံးက အချည်းနှီး ဖြစ်သွားရပြီ...။”

ချန်ပီယံမြို့စားသည် အံကြိတ်လိုက်ရာ အသံပင် ထွက်လာသည်။ ထို့နောက် သူ ပြန်လည် တည်ငြိမ်သွားသည်။

“ငါ့လို အဆင့်အတန်း၊ အတွေ့အကြုံနဲ့ ဗဟုသုတ ကြွယ်ဝတဲ့သူက ဒီလိုနေရာမျိုးမှာ ဘာအဆင့်တန်းမှ မရှိတဲ့ ဟုန်ယွိရဲ့ အနိုင်ကျင့်တာ ခံရမယ်လို့ ဘယ်သူ ထင်မှာလဲ။ ကြည့်ရ တာ အဆုံးမဲ့ စကြာဝဠာထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာတွေ အများကြီး ရှိနေသေးတာ ပဲ။ နောက်နောင် ငါ ပေါ့ပေါ့တန်တန် မနေတော့ဘူး။ ဟန်ယွဲ့... ဟန်ယွဲ့... ငါ့ရဲ့မိန်းမလေး အလကား သေသွားတာမျိုး မဖြစ်စေရဘူး။ ဟုန်ယွိ... မင်း ငါ့မိန်းမကို ထိခဲ့တဲ့အတွက် မင်းရဲ့မိန်းမကို အဆပေါင်း ထောင်ချီ ငါ ပြန်ပေးဆပ်ခိုင်းမယ်။”

ရင်ထဲမှ ခံစားချက်များကို ဖွင့်ထုတ်ပြီးနောက် ချန်ပီယံမြို့စားမှာ တည်ငြိမ်သွားသည်။ သူသည် သက်ပြင်းရှည်ကြီး တစ်ချက်ချကာ ဟစ်ကြွေးလိုက်သည်။

ထိုပြင်းထန်သော ဟစ်ကြွေးသံမှာ တောင်ခြေရှိ အိမ်တော်တစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားတော့သည်။

...

ထိုဟစ်ကြွေးသံသည် အောက်ခြေရှိ လူများကို ချက်ချင်း သတိပေးလိုက်သကဲ့သို့ ဖြစ်သွား သည်။ သို့သော် အိမ်တော်တစ်ခုလုံးတွင် မည်သည့် ရုန်းရင်းဆန်ခတ်မှုမျှ မရှိပေ။ အချက်ပေးခေါင်းလောင်းသံပင် ထွက်မလာဘဲ အားလုံးမှာ စနစ်တကျ ရှိနေသည်။

“အင်း... ဒါဟာ ပန်းချီသူတော်စင်ရဲ့ ချန်မျိုးနွယ်စုပဲ။ သူတို့က ကောင်းကောင်း လေ့ကျင့် ထားပြီး တည်ငြိမ်ကြတာပဲ။” ချန်ပီယံမြို့စား၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး အောက်ခြေရှိ အိမ်တော်မှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။ ထိုအလင်းတန်းများသည် လုံးဝန်းချောမွေ့နေပြီး လျှပ်စီးစီးဆင်းသံများ ထွက်ပေါ်နေကာ ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်နေသည်။

ထို့နောက် ထိုအလင်းတန်းများသည် အဝါရောင် ဝတ်ရုံကို ဆင်မြန်းထားပြီး ခရမ်းရွှေရောင် သရဖူ ဆောင်းထားသော လူငယ်တစ်ဦးအဖြစ် စုစည်းသွားသည်။ သူကား မဟာကျိုး မင်းဆက်၏ နောက်ဆုံးမျိုးဆက် တတိယမင်းသားပင် ဖြစ်သည်။

တတိယမင်းသားသည် စိတ်ဝိညာဉ်အသွင်ဖြင့် ပေါ်ထွက်လာပြီးနောက် တောင်ထိပ်ပေါ် တွင် ရပ်နေသည့် ချပ်ဝတ်တွင် အရိုးဆူးများဖြင့် ဖုံးလွှမ်းထားပြီး လက်ထဲတွင် လှံရှည် တစ်လက် ကိုင်ဆောင်ထားကာ ဦးခေါင်းတွင် ကွေးညွတ်သော ဦးချိုတစ်စုံ ရှိနေပြီး၊ မျက်လုံးများမှ သွေးနီရောင်အလင်းများ ထွက်နေသော ချန်ပီယံမြို့စားကို လှမ်းကြည့် လိုက်သည်။ ချန်ပီယံမြို့စားထံမှ ထွက်ပေါ်နေသော ဖိအားကြောင့် တတိယမင်းသား၏ မျက်နှာအမူအရာ ပျက်သွားတော့သည်။

“ကောင်းကင်အလင်းဉီးချို နတ်ဘုရားချပ်ဝတ်။ သေမင်းအလင်း နတ်ဘုရားလှံ။”

မျက်နှာအမူအရာ ပျက်သွားပြီးနောက် တတိယမင်းသားသည် အတွေ့အကြုံရှိသူပီပီ ထိုဒဏ္ဍာရီလာ နတ်ဘုရားလက်နက် နှစ်ခုကို ချက်ချင်း မှတ်မိသွားသည်။

“မဟာကျိုးရဲ့ မျိုးဆက်ပီပီ ဒီလှံနဲ့ချပ်ဝတ်ကို မှတ်မိသားပဲ။” ချန်ပီယံမြို့စားက ခေါင်းညိတ် လိုက်ရာ သူ၏ ခန္ဓာကိုယ်ပေါ်မှ အရိုးဆူးများ လက်ခနဲ ဖြစ်သွားသည်။ “ခင်ဗျား ဒီလောက် အစွမ်းထက်လိမ့်မယ်လို့ ကျုပ် မထင်ထားဘူး။ မိုးကြိုးကပ်ဘေး အဆင့်သုံးအထိတောင် ကျင့်ကြံထားတာလား။ မဟာနတ်ဆိုးအင်မော်တယ် ရှစ်ဦးထဲက တစ်ဦးဖြစ်တဲ့ ဥဒေါင်း ဘုရင်တောင် ခင်ဗျားအဆင့်မှာပဲ ရှိတာ။ လွန်ခဲ့တဲ့ အနှစ် ၆၀ ကဆို ခင်ဗျားဟာ တစ္ဆေ အင်မော်တယ်အဆင့်တောင် မရှိသေးဘူးလို့ ကျုပ်ကြားဖူးတယ်။ ကြည့်ရတာ ခင်ဗျား လည်း ကံကောင်းမှုတွေ ကြုံတွေ့ခဲ့ရပုံပဲ။”

“မင်း ဘယ်သူလဲ။”

ချန်ပီယံမြို့စား၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ချပ်ဝတ်ဖြင့် ဖုံးအုပ်ထားသဖြင့် တတိယမင်းသား သည် သူ၏ မျက်နှာကို ရှင်းလင်းစွာ မမြင်ရပေ။ ထို့ပြင် ဤချပ်ဝတ်မှာ စစ်နတ်ဘုရား၏ အရှိန်အဝါများ ရှိနေသဖြင့် မည်သည့် အတွေးစမျှ အနားသို့ မကပ်နိုင်ပေ။

အနားကပ်လာသူမှန်သမျှ အသတ်ခံရမည်သာ။ ရှေးခေတ် စစ်နတ်ဘုရား၏ ဂုဏ်သိက္ခာကို စော်ကား၍ မရပေ။

“ကျုပ်က ဖန်ဟွမ်အသက်ဝိညာဉ်ဓားကို ပိုင်ဆိုင်ထားတဲ့သူပဲ။” ချန်ပီယံမြို့စားက ပြုံးလိုက်သည်။

“မင်းက တော်ဝင်ချန်ရဲ့ ချန်ပီယံမြို့စားလား။ လူငယ် စစ်နတ်ဘုရားလား၊” တတိယ မင်းသား၏ မျက်နှာမှာ ပို၍ ပျက်သွားတော့သည်။

“တော်ဝင်ချန် ချန်ပီယံမြို့စား ဟုတ်လား။ ဒါဟာ တော်ဝင်မိသားစုက ပေးထားတဲ့ ဘွဲ့တစ်ခု သက်သက်ပါ။ ကျုပ်က ရှေးခေတ်က နံပါတ်တစ် နတ်ဘုရားလက်နက်ဖြစ်တဲ့ ဖန်ဟွမ်အသက်ဝိညာဉ်ဓားကို ကိုင်ဆောင်ပြီး ဒီလောကကို အုပ်စိုးမယ့်သူပဲ။ အနာဂတ်မှာ ချန်ပီယံမြို့စားဆိုတဲ့ နာမည်က ကျုပ်ကို ဘယ်လိုလုပ် ကန့်သတ်ထားနိုင်မှာလဲ။ မဟာကျိုး မင်းဆက်ရဲ့ ကံကြမ္မာက ကုန်ဆုံးသွားပြီ။ ခင်ဗျား ကျုပ်ဆီမှာ ခိုလှုံပါ၊ ကျုပ်တို့ အတူတူ ပူးပေါင်းပြီး ကြီးကျယ်တဲ့ အလုပ်တွေကို လုပ်ကြတာပေါ့။”

ချန်ပီယံမြို့စားက သူ၏လှံဖြင့် တတိယာမင်းသားကို ချိန်ရွယ်လိုက်ပြီး သူ၏ စကားလုံး များမှာ အေးစက်သော သတ်ဖြတ်ခြင်း အငွေ့အသက်များ ပါဝင်နေသည်။

“မင်းမှာ ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိနေတာ ငါ သိပါတယ်။ ဖန်ဟွမ်အသက်ဝိညာဉ်ဓား ရဲ့ မျက်နှာသာပေးမှုကိုတောင် မင်း ရထားတာပဲ။ ဒါပေမဲ့ တော်ဝင်ချန် နန်းတော်က မင်းကို သံသယရှိပုံရတယ်။ ဒါကြောင့်လည်း ဧကရာဇ် ယန်ဖန်က မင်းကို ‘ယန်အန်း’ ဆိုတဲ့ နာမည် ပေးထားတာပေါ့။ ‘အန်း’ ဆိုတာ ငြိမ်ငြိမ်နေဖို့ ပြောတာပဲ။ မင်းရဲ့ စိတ်ရင်းကို ယန်ဖန်နဲ့ ဟုန်ရွှန်ကျိတို့ မမြင်ဘူးလို့ မင်း ထင်နေတာလား။ သူတို့က ဒီလောကမှာ အကောက်ကျစ် ဆုံးနဲ့ အနက်နဲဆုံး ဘုရင်နဲ့ ဝန်ကြီးတွေပဲ။ မဟုတ်ရင် သူတို့အနေနဲ့ ဒီနှစ်တွေတလျှောက် လုံး မုန့်ရှန်းကျီရဲ့ လုပ်ကြံမူတွေကို ဘယ်လိုလုပ် တားဆီးနိုင်မှာလဲ။”

တတိယမင်းသားက ချန်ပီယံမြို့စားကို သတိကြီးစွာဖြင့် ကြည့်လိုက်သည်။ ချန်ပီယံ မြို့စား၏ ကျော်ကြားမှုမှာ လောကအနှံ့ ပျံ့နှံ့နေပြီ ဖြစ်သည်။ ဖန်ဟွမ်အသက်ဝိညာဉ်ဓား ကို ကိုင်ဆောင်ထားသူကို မည်သူမျှ မပေါ့ဆရဲပေ။

ထို့အပြင်၊ ဤလူသည် သေမင်းအလင်းနတ်ဘုရားလှံနှင့် ကောင်းကင်အလင်းဉီးချို နတ်ဘုရားချပ်ဝတ်ကိုလည်း ပိုင်ဆိုင်ထားသေးသည်။

...

“ယန်အန်း... ယန်အန်း... နာမည်တစ်ခုတည်းနဲ့ ကျုပ်ကို ဘယ်လိုလုပ် ကန့်သတ်နိုင်မှာ လဲ။” ချန်ပီယံမြို့စားက အေးစက်စွာ ပြုံးသည်။ “ပြောစမ်း၊ ခင်ဗျားကို စဉ်းစားဖို့ အမွှေးတိုင် တစ်တိုင်စာ အချိန်ပေးမယ်။ လမ်းနှစ်သွယ် ရှိတယ်။ ပထမတစ်ခုက ကျုပ်ဆီမှာ ခိုလှုံဖို့၊ ဒုတိယတစ်ခုကတော့ သေဖို့ပဲ။”

“မင်းရဲ့ ရက်စက်မှုကို ငါ သိပါတယ်။ ဒါပေမဲ့ မင်းက အစွမ်းထက်သလို ငါ့နောက်မှာလည်း ပံ့ပိုးပေးမယ့်သူ ရှိတယ်... ချန်ပီယံမြို့စား။ ပြီးတော့ မင်းရဲ့ လောကအပေါ် အမြင်က မှားနေတယ်။ ဖန်ဟွမ်အသက်ဝိညာဉ်ဓားက မင်းကို သခင်အဖြစ် ရွေးချယ်တာဟာ ရှေးခေတ် သူတော်စင် ဧကရာဇ်ရဲ့ မျက်နှာသာပေးမှုကြောင့်လို့ မင်းထင်နေတာလား။ ဒါဟာ မင်းရဲ့ ကံကောင်းမှုသက်သက်ပဲ။ ရှေးခေတ် သူတော်စင် ဧကရာဇ်တွေဟာ အဆုံးမဲ့ စကြာဝဠာထဲမှာ ပုန်းကွယ်နေတဲ့ ကမ္ဘာငယ်တွေအဖြစ် ပြောင်းလဲသွားကြပြီ။ အဲဒီ ဖန်ဟွမ် အသက်ဝိညာဉ်ဓားက ကောင်းကင်ပေါ်ကနေ ကျလာတာကို မင်းက ကောက်ရလိုက်တာပဲ ရှိတာ။”

တတိယမင်းသားသည် ခဏမျှ တိတ်ဆိတ်သွားပြီးမှ ပြန်ပြောလိုက်သည်။

“အို…၊ ဒါဆို ခင်ဗျားက ကျုပ်ဆီမှာ ခိုလှုံဖို့ ငြင်းဆန်လိုက်တာပေါ့။ ခင်ဗျားနောက်ကွယ်က လူဆိုတာ မဟာကျိုးကို တည်ထောင်ခဲ့တဲ့ ဘိုးဘေးကြီး မဟုတ်လား။ သူ အပြင်ထွက် မလာရဲတာ ကျုပ် သိတာပေါ့။ ကျုပ်ရဲ့ ဖန်ဟွမ်အသက်ဝိညာဉ်ဓားကို သူ ရင်မဆိုင်ရဲဘူး။” ချန်ပီယံမြို့စား၏ မျက်လုံးများတွင် ချက်ချင်း တိုက်ခိုက်တော့မည်အလား သတ်ဖြတ်လို သော အလင်းတန်း များ ပေါ်လာသည်။

“အရင်ဆုံး မတိုက်ခိုက်နဲ့ဦး၊ ငါ့စကားကို နားထောင်ပါဦး။” တတိယမင်းသားက အလျင်အမြန် ပြောလိုက်သည်။ “ကမ္ဘာငယ်တွေရဲ့ လျှို့ဝှက်ချက်ကို ငါ ပြောပြပါ့မယ်။”

“ကမ္ဘာငယ်လေးဆိုတာ မဟာကမ္ဘာကြီးလိုပဲ နေ၊ လ၊ ကြယ်၊ ကုန်းမြေ၊ တောင်တန်းတွေ၊ မြစ်တွေနဲ့ ရာသီဥတုတွေ အသက်ရှိတွေရှိတဲ့ နေရာတစ်ခုပဲ။ ဒါပေမဲ့ မဟာကမ္ဘာကြီး လောက်တော့ မကျယ်ပြောဘူး။ ကျုပ်ကို မသိဘူးလို့ ခင်ဗျား ထင်နေတာလား။ ကျုပ်ဆီမှာ ဖန်ဆင်းရှင်ဗူးသီးဆိုတဲ့ ကမ္ဘာငယ်တစ်ခု ရှိပြီးသားပဲ။ ခင်ဗျား ကျုပ်ကို လိမ်လို့ မရဘူး။”

ချန်ပီယံမြို့စားက နှာခေါင်းရှုံ့လိုက်သည်။

ဖန်ဆင်းရှင်ဗူးသီးတို့ ‘စကြာဝဠာအိတ်’ တို့ထဲက ဟင်းလင်းပြင်ဆိုသည်မှာ တည်ငြိမ်သော နေရာလွတ်သက်သက်သာ ဖြစ်သည်။

သို့သော် "ကမ္ဘာငယ်တစ်ခု"ကမူ ထိုအရာများနှင့် မတူပေ။ ၎င်းတွင် နေ၊ လ၊ ကြယ်များရှိပြီး ရာသီဥတု အပြောင်းအလဲနှင့် သက်ရှိများပင် ပေါက်ဖွားရှင်သန်နိုင်သည်။ ၎င်းသည် စကြာဝဠာအိတ်ထက် အဆပေါင်း ထောင်သောင်းချီ၍ ပိုမို ကြီးမားသည်။

တစ်ခုတည်းသော ကွာခြားချက်မှာ ကမ္ဘာငယ်လေးအတွင်း၌ မိုးကြိုးလျှပ်စီး မရှိခြင်းပင်။ ရှေးဟောင်း ဒဏ္ဍာရီများအရ အစွမ်းထက်သော ပညာရှင်များသည် ကမ္ဘာဦးကတည်းက ကမ္ဘာငယ်များကို ဖန်တီးခဲ့ကြသည်။

“ရှေးခေတ် သူတော်စင် ဧကရာဇ်တွေလို ‘ယန်စိတ်ဝိညာဉ်’အဆင့် ပညာရှင်တွေဟာ အနှစ် သောင်းချီပဲ အသက်ရှည်နိုင်ကြတယ်။ အချိန်ကြာလာတာနဲ့အမျှ သူတို့ရဲ့ စိတ်ဝိညာဉ်တွေ က ယိုယွင်းလာတတ်တယ်။ တစ္ဆေအင်မော်တယ်တွေဆိုရင်လည်း အများဆုံး နှစ်ထောင်ချီ ပဲ အသက်ရှည်နိုင်တယ်။ ဒါကြောင့် ဒီကမ္ဘာမှာ နှစ်သုံးထောင်, နှစ်ငါးထောင် အသက်ရှည် တဲ့ ကျင့်ကြံသူတွေ ရှိမနေတာပေါ့။ မသေမျိုးအဖြစ်ကို ထိန်းချုပ်နိုင်တဲ့ ယန်စိတ်ဝိညာဉ် ပညာရှင်တွေကတော့ သူတို့ဟာ သူတို့ရဲ့ ခန္ဓာကိုယ်ကို ကမ္ဘာငယ်တစ်ခု အဖြစ် ပြောင်းလဲ ပြီး အဆုံးမဲ့ စကြာဝဠာထဲမှာ ပုန်းအောင်းကာ စွမ်းအားကို ဖြည်းဖြည်းချင်း ပြန်လည်စုစည်း ပြီး၊ ပြန်လည်ရှင်သန်ဖို့ ဒါမှမဟုတ် နိဗ္ဗာနနယ်ပယ်ကို တက်လှမ်းဖို့ စောင့်ဆိုင်းနေတတ် ကြတယ်။”

ချန်ပီယံမြို့စားက တတိယမင်းသားကျိုးကို လူအတစ်ယောက်လို ကြည့်လိုက်သည်။

“မဟာကမ္ဘာကြီးရဲ့ နိယာမတွေကို ကျုပ် မသိဘူးလို့ ခင်ဗျား ထင်နေတာလား။”

“မင်း ဒီလောက် သိလိမ့်မယ်လို့ ငါ မထင်ထားဘူး။” တတိယမင်းသားကျိုး၏ ခန္ဓာကိုယ်မှာ တုန်ရင်သွားသော်လည်း သူ ပြန်လည် တည်ငြိမ်သွားသည်။ “ဒါပေမဲ့ ချန်ပီယံမြို့စား... မင်းဟာ သိုင်းပညာကိုပဲ ကျင့်ကြံထားတာ။ လူသားအင်မော်တယ် အဆင့်အထိ ရောက်ရင် တောင် မင်းရဲ့ အသက်တမ်းက နှစ်ပေါင်း နှစ်ရာလောက်ပဲ ရှိမယ်။ မိုးကြိုးကပ်ဘေး မကျော်ဖြတ်ရသေးတဲ့ တစ္ဆေအင်မော်တယ် တစ်ယောက်ကတောင် အနှစ်ငါးရာ အသက်ရှည်နိုင်တယ်။ နှစ်ငါးရာကျော်ရင်တော့ သူတို့စိတ်ဝိညာဉ်လည်း အနည်းငယ် ယိုယွင်းလာမှာပဲ။ ခန္ဓာကိုယ် ပျက်ဆီးခြင်းမရှိဘဲ မိုးကြိုးကပ်ဘေး အဆင့်ကိုးအထိ ကျော်ဖြတ်နိုင်ရင်တော့ အနှစ် ငါးထောင်အထိ အသက်ရှည်နိုင်တယ်။ ပြန်လည် ဝင်စားဖို့ မလိုအပ်တော့ဘူး။ မင်းရဲ့စိတ်ဓာတ်နဲ့ဆို, မင်းက သက်တမ်းအကြောင်း ဂရုမစိုက်ဘူးဆို တာ ငါ မယုံဘူး။ မင်းလည်း ထာဝရ အသက်ရှည်ချင်မှာပဲ။ အဲဒီအတွက် နည်းလမ်းတစ်ခုပဲ ရှိတယ်။”

“ဘာနည်းလမ်းလဲ။” ချန်ပီယံမြို့စားမှာ စိတ်ဝင်စားသွားပြီး သူ၏လှံကို အနည်းငယ် ပြန်ရုပ်လိုက်သည်။

“ပထမတစ်နည်းကတော့ သိုင်းပညာမှာ ‘လေဟာနယ် ချိုးဖျက်ခြင်း’ နယ်ပယ်အထိ ကျင့်ကြံနိုင်ဖို့ပဲ။ အဲဒီအဆင့်ရဲ့ အသက်တမ်းဟာ မိုးကြိုးကပ်ဘေး အဆင့်ကိုးအထိ ကျော်ဖြတ်ထားတဲ့ ပညာရှင်တစ်ယောက်နဲ့ အတူတူပဲ။ သူ့စိတ်ဝိညာဉ်ဟာလည်း အနှစ် သုံးထောင်ကနေ ငါးထောင်အထိ မသေမျိုးအဖြစ် တည်တံ့နေနိုင်မှာပါ။ ဒါပေမဲ့...” တတိယမင်းသားကျိုးက အနည်းငယ် ပြုံးလိုက်ပြီး “ဟီးဟီး... မြို့စားက သိုင်းပညာ ကျင့်ကြံသူတစ်ယောက် ဖြစ်တာကြောင့် ဒီအကြောင်းကို ကျွန်တော့်ထက်တောင် ပိုသိမှာ ပါ။ လေဟာနယ်ကို ချိုးဖျက်နိုင်ဖို့ ဘယ်လောက်တောင် ခက်ခဲလဲဆိုတာ မြို့စားလည်း သိမှာပါ။”

“ခင်ဗျားပြောတာ မှန်တယ်၊ လေဟာနယ်ကို ချိုးဖျက်ဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ ကျုပ် သဘာဝအတိုင်း သိထားတာပေါ့။” ချန်ပီယံမြို့စားက ခေါင်းညိတ်လိုက်ပြီး သူ၏ လေသံမှာ တင်းမာသွားကာ “ပြောစမ်း…၊ နောက်ထပ် နည်းလမ်းတစ်ခုက ဘာလဲ။”

“နောက်ထပ် နည်းလမ်းတစ်ခု ရှိပါသေးတယ်၊ အဲဒါကတော့ ‘ယန်စိတ်ဝိညာဉ်’အဆင့် ပညာရှင်တစ်ဦးရဲ့ အတွေးစကို ရှာဖွေပြီး သန့်စင်ဖို့၊ ဝါးမျိုဖို့နဲ့ မင်းရဲ့ ခန္ဓာကိုယ်ထဲကို ပေါင်းစပ်ပစ်ဖို့ပဲ။ အဲဒီလိုလုပ်နိုင်ရင် မင်းဟာ ချက်ချင်းပဲ လူသားအင်မော်တယ် အဆင့်ကို ချိုးဖျက်သွားနိုင်ပြီး မင်းရဲ့ အသက်တမ်းကလည်း အနည်းဆုံး အနှစ် တစ်ထောင်လောက် အထိ အဆမတန် တိုးသွားလိမ့်မယ်။ ပြီးတော့ လေဟာနယ်ကို ချိုးဖျက်နိုင်ဖို့လည်း မျှော်လင့်ချက် ရှိလာမှာပေါ့...”

တတိယမင်းသားကျိုးက အားတက်သရောလေသံဖြင့် ပြောဆိုလိုက်သည်။

“ခင်ဗျား နောက်နေတာလား။ ‘ယန်စိတ်ဝိညာဉ်’ အဆင့်ဆိုတာ ထာဝရ အင်မော်တယ် တစ်ပါး ဖြစ်နေပြီ၊ အချုပ်အနှောင် အားလုံးကိုလည်း ဖောက်ထွက်ထားပြီးသားပဲ။ သူ့ရဲ့ အတွေးစတစ်ခုကို ရနိုင်ပါ့မလား။ ရခဲ့ရင်တောင်မှ ခင်ဗျား သန့်စင်နိုင်ပါ့မလား။”

ချန်ပီယံမြို့စား၏ ခန္ဓာကိုယ်တစ်ခုလုံးမှ သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်လာ သည်။

“အဲဒါက အတိအကျ မှန်တယ်လို့ ပြောလို့မရဘူး။” ချန်ပီယံမြို့စားက ထပ်မံ တိုက်ခိုက် တော့မည့်အမူအရာကို မြင်သောအခါ တတိယမင်းသားကျိုးက အလျင်အမြန် ဆက်ပြော လိုက်သည်။ “မုန့်ရှန်းကျီရဲ့ လိုက်လံဖမ်းဆီးမှုကနေ လွတ်မြောက်ဖို့အတွက် မဟာကျိုး မင်းဆက်ကို တည်ထောင်သူဟာ ‘အစွန်းရောက် ဧကရာဇ် ပြောင်းပြန်လှန်ခြင်း နည်းစနစ်’ ကို အသုံးပြုခဲ့ပြီး အလယ်အလတ်တန်းစား ကမ္ဘာတစ်ခုနဲ့ တစ်ကြိမ် ထိတွေ့ခဲ့ဖူးတယ်။ ဒါ့အပြင် မဟာကျိုးမင်းဆက်ဟာ နတ်ဘုရားလက်နက်ကို အနှစ် နှစ်ရာလောက် တာဝန်ယူ ထိန်းသိမ်းခဲ့တာဆိုတော့ ငါတို့က အများကြီး သိထားတာပေါ့။ ရှေးဟောင်းမှတ်တမ်းတွေ အရ ‘ယန်စိတ်ဝိညာဉ်’ ပညာရှင်တွေဟာ ကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲသွားပြီးတဲ့နောက် သူတို့ရဲ့ အသိစိတ်တွေဟာ လုံးဝဥဿုံ အိပ်ပျော်သွားတတ်ကြတယ်၊ နှစ်ပေါင်း သိန်းချီတဲ့ အထိ ပြန်နိုးလာမှာ မဟုတ်ဘူး။ အဲဒီ အလယ်အလတ်တန်းစား ကမ္ဘာတိုင်းမှာ ‘ယန်စိတ်ဝိညာဉ်’ ပညာရှင်တွေ ချန်ထားခဲ့တဲ့ အသိစိတ်ကင်းမဲ့နေတဲ့ အတွေးစတွေ ကျန်ရှိနေသေးတယ်။ မင်းသာ အဲဒီအတွေးစတွေကို ရခဲ့ရင် အနည်းငယ် သန့်စင်လိုက်ရုံနဲ့ မင်းရဲ့ခန္ဓာကိုယ်ထဲကို ထည့်သွင်းပေါင်းစပ်နိုင်ပြီး မင်းရဲ့ မှော်စွမ်းအားတွေက အဆမတန် တိုးတက်လာလိမ့်မယ်။ မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကလည်း အချုပ်အနှောင်တွေကို ဖောက်ထွက်သွားလိမ့်မယ်။”

“ဒီလိုမျိုးလည်း ရှိသေးတာပဲလား။” ချန်ပီယံမြို့စား၏ စိတ်ထဲတွင် လှုပ်ရှားသွားသည်။

သူ စိတ်မလှုပ်ရှားဘဲ မနေနိုင်ပေ။ အင်မော်တယ်လမ်းစဉ်ကို မကျင့်ကြံဘဲ သိုင်းပညာ သက်သက်ဖြင့်ဆိုလျှင် သူ၏ အသက်တမ်းမှာ အလွန်ဆုံး နှစ်ပေါင်း နှစ်ရာသာ ရှိပေမည်။ ဤအချက်သည် သူ၏ရင်ထဲတွင် အမြဲတမ်း ဆူးငြှောင့်တစ်ခုလို စူးနေခဲ့သည်။

မည်သူကရော အသက်ပိုရှည်ရှည် မနေချင်ဘဲ ရှိပါမည်နည်း။

ခွန်အားနှင့် သတ်ဖြတ်နိုင်စွမ်းတို့သည် ရှည်လျားသော အသက်တမ်းနှင့် နှိုင်းယှဉ်လျှင် ပြောပလောက်စရာ မရှိပေ။ အသက်ရှင်နေမှသာ အရာအားလုံး ရရှိနိုင်မည် ဖြစ်သည်။

“ဒါက လုံးဝကို အမှန်တရားပါ။ ပြီးတော့ ငါသိထားသလောက်ဆို တော်ဝင်ချန် ဧကရာဇ် ယန်ဖန်နဲ့ ဟုန်ရွှန်ကျိတို့ဟာ စီမံကိန်းတစ်ခုကို အကောင်အထည် ဖော်နေကြတယ်။ သူတို့လည်း အလယ်အလတ်တန်းစား ကမ္ဘာတစ်ခုကို ရှာဖွေချင်နေကြတာ။ ပြီးတော့ ကမ္ဘာ့အကာအကွယ်ကို ထိုးဖောက်ပြီး ကမ္ဘာအောက်ခြေရဲ့ အစိတ်အပိုင်းတစ်ခု လုံးဝ မဖြစ်သေးတဲ့ ‘ယန်စိတ်ဝိညာဉ်’ အတွေးစတွေကို ရှာဖွေချင်နေကြတာ။ တကယ်လို့, သူတို့ သာ ခြေတစ်လှမ်း အရင်ဦးသွားရင်တော့... ဟီးဟီး။”

တတိယမင်းသားကျိုးက ချောင်းတစ်ချက် ဟန့်လိုက်သည်။

“အလယ်အလတ်တန်းစား ကမ္ဘာတစ်ခုကို ရှာဖွေဖို့နဲ့ ကမ္ဘာ့အကာအကွယ်ကို ချိုးဖောက် ဖို့ဆိုတာ သာမန်ကိစ္စတော့ မဟုတ်ဘူး။ မဟုတ်ရင်... လောကကြီးမှာ ဒီလောက်လွယ်ကူ တဲ့ အရာမျိုး ရှိမှာ မဟုတ်ဘူး။”

ချန်ပီယံမြို့စားသည် သူ၏ ‘သေမင်းအလင်း နတ်ဘုရားလှံ’ ကို ပြန်သိမ်းလိုက်သည်။

“မှန်ပါတယ်၊ အဲဒါက အရမ်းကို ခက်ခဲပါတယ်၊ မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ရတာထက် မလျော့ဘူး။ ဒါကြောင့်လည်း ကျွန်တော်က မြို့စားမင်းနဲ့ ပူးပေါင်းချင်တာပေါ့။ မြို့စားမင်း ရဲ့ ဖန်ဟွမ်အသက်ဝိညာဉ်ဓားရဲ့ စွမ်းအားနဲ့ဆိုရင် ကျွန်တော်တို့ ကမ္ဘာ့အကာအကွယ်ကို ချိုးဖောက်နိုင်မှာပါ။”

တတိယမင်းသားကျိုးက ပြောလိုက်သည်။

“ဒါဆိုရင် ကျုပ်တို့ ပူးပေါင်းဖို့ ဖြစ်နိုင်ခြေ ရှိတာပဲ၊ ဒါပေမဲ့ ခင်ဗျား အခု ကျုပ်ရဲ့ အမိန့်တချို့ ကိုတော့ နာခံရမယ်။ ဒီလို ပူးပေါင်းဆောင်ရွက်မှုမျိုးက တစ်ရက် နှစ်ရက်နဲ့ ပြီးသွားမှာ မဟုတ်ဘူး။ အခု ကျုပ်အတွက် လူတစ်ယောက်ကို ရှင်းထုတ်ဖို့ ကူညီပေးဦး။”

“ဘယ်သူ့ကို ဖယ်ရှားရမှာလဲ။” တတိယမင်းသားကျိုးက မေးလိုက်သည်။

“ဟုန်ယွိ” ချန်ပီယံမြို့စားက အေးစက်စွာ ပြုံးလိုက်သည်။ “ဒါပေမဲ့ အဲဒီမတိုင်ခင် ကျုပ် လုပ်ကြံသတ်ဖြတ်သူများ မဟာမိတ်အဖွဲ့ဆီ အရင်သွားရမယ်။ အရင်တုန်းက ကျုပ်ဟာ လုပ်ကြံသတ်ဖြတ်သူများ မဟာမိတ်အဖွဲ့ဆီ သွားပြီး သူတို့ကို သိမ်းသွင်းချင်ခဲ့တာ၊ ဒါပေမဲ့ နတ်ဘုရားတန်ခိုးရှင် ဘုရင်ယန်တူးရဲ့ဇနီး ရှဲ့ဖင်းဖင်းရဲ့ ထောင်ချောက်ထဲ ကျရောက်ခဲ့ ရတယ်။ ဒီမိန်းမက ကျုပ်ကို ပထမဆုံးအကြိမ် အရှုံးနဲ့ ရင်ဆိုင်ရအောင် လုပ်ခဲ့တယ်၊ ဒါပေမဲ့ ကျုပ် ဂရုမစိုက်ပါဘူး။ မိန်းမတစ်ယောက်ရဲ့ လက်ထဲမှာ အနည်းငယ် အရှုံးပေးလိုက်ရတာ နဲ့ သူ့ကို ကစားပေးလိုက်ရတာက ကိစ္စမရှိပါဘူး။ ဒီတစ်ခါတော့ သူ့ကို ကျုပ်ရဲ့ မောင်းမ ဆောင်ထဲကို မဖြစ်မနေ သိမ်းသွင်းရမယ်။”

All Chapters