အခန်း (၃၈၇-၃၈၈)
Vol. 36 Ch. 387-388
အခန်း (၃၈၇)။
မိုးရွာပြီးစ သာယာသော နေ့တစ်နေ့ ဖြစ်သည်။
ချီပြည်နယ်၏ ရာသီဥတုမှာ ထူးထူးခြားခြား သာယာနေသည်။ လှိုင်းထန်နေသော ချီမြစ်သည်လည်း တဖြည်းဖြည်း ငြိမ်သက်သွားခဲ့ပြီ။ နီမြန်းနေသော မြစ်ရေများသည် လည်း ကြည်လင်သော အစိမ်းရောင်သို့ ပြောင်းလဲသွားပြီ။ မြစ်ပြင်ကျယ်မှာ အပျိုစင် တစ်ဦးကဲ့သို့ အေးဆေးငြိမ်သက်နေပြီး တောင်ပိုင်းပြည်နယ်၏ ငါးနှင့်ဆန်စပါး ပေါကြွယ်ဝ သော အရသာမျိုးကို ခံစားရစေသည်။
အမှန်စင်စစ် ချီပြည်နယ်၏ မြေသြဇာကောင်းသော လယ်ကွင်းများသည် ချီမြစ်၏ ရေသွင်း စိုက်ပျိုးမှုကြောင့် အလွန်ပင် ဖြစ်ထွန်းပြီး စားနပ်ရိက္ခာ ကြွယ်ဝလှသည်။ အခြားဒေသများ မှ ရိက္ခာတင်ပို့ရန် မလိုဘဲ မိမိဘာသာ ဖူလုံနေသည်။
ထို့အပြင် ချီပြည်နယ်၏ ပိုးစာပင်စိုက်ပျိုးခြင်း၊ ဂွမ်း၊ ချည်ငင်နှင့် ရက်ကန်းလုပ်ငန်းများ ကြောင့် အဝတ်စားအတွက်လည်း အာမခံချက် ရှိသည်။
၎င်းအပြင် ဓားသွန်းခြင်း၊ သံရည်ကျိုခြင်းနှင့် ချပ်ဝတ်တန်ဆာ ထုတ်လုပ်ခြင်း ကဲ့သို့သော လုပ်ငန်းများအပြင်၊ အနောက်ဘက်ဒေသသို့ သွားရာ ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် တည်ရှိနေခြင်းကြောင့် အခွန်အခ များစွာ ရရှိသည်။ ဒေသန္တရ အစိုးရရုံးများအနေဖြင့် ပြည်သူများကို ညှင်းပန်းနှိပ်စက်ရန် မလိုဘဲ မိသားစုတိုင်းမှာ စားဝတ်နေရေး ပြည့်စုံကြ သည်။
ဤသည်မှာ ဟုန်ယွိ ချီပြည်နယ်တွင် ရက်အနည်းငယ်ကြာ နေထိုင်ပြီးနောက် ရရှိလာသည့် အထင်အကရ ပုံရိပ်များပင် ဖြစ်သည်။
ဟုန်ယွိသည် ချီပြည်နယ်ရှိ ‘ဓားမြို့တော်’တွင် နေထိုင်နေခြင်း ဖြစ်သည်။ သူသည် သဲကန္တာရပြည်နယ်သို့ မသွားသေးပေ၊ အကြောင်းမှာ ‘နတ်ဘုရားတန်ခိုးရှင်ဘုရင်’ ဘုရင် ယန်တူးသည် စစ်တပ်များကို စုစည်းရန် ပြန်သွားသောကြောင့် ဖြစ်သည်။ သူက ဟုန်ယွိကို စစ်တပ်တစ်ခု ဦးဆောင်၍ တိုက်ခိုက်ရန် ခွင့်ပြုထားသည်။
ယခုအခါ ဟုန်ယွိနှင့် နတ်ဘုရားတန်ခိုးရှင် ဘုရင်ယန်တူးတို့ကြားတွင် နားလည်မှု တစ်ခု ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် ဟုန်ယွိသည် စစ်တပ်အာဏာ ခွဲဝေယူရန် သဲကန္တာရ ပြည်နယ် စစ်စခန်းသို့ အလျင်စလို မသွားခြင်း ဖြစ်သည်။ နတ်ဘုရားတန်ခိုးရှင် ဘုရင်ယန်တူးကိုသာ အားလုံး စီစဉ်ခွင့် ပေးထားသည်။
သူ၏ လက်ရှိအဆင့်အတန်းအရ စစ်တပ်အာဏာကို ပိုင်ဆိုင်ထားခြင်းမှာ အဓိပ္ပာယ် မရှိတော့ကြောင်း ဟုန်ယွိ သိသည်။ သူသည် ဤအခွင့်အရေးကို အသုံးချကာ ချီပြည်နယ် တွင် နှစ်ရက်ခန့် အနားယူရင်း စစ်ပွဲအတွက် အစစအရာရာ သေချာပြင်ဆင်နေခြင်း ဖြစ်သည်။ ယခုတစ်ကြိမ် အနောက်ဘက်ဒေသရှိ ‘ဟွှာလျှို’နိုင်ငံနှင့် တိုက်ပွဲတွင် သူ၏ မှော်စွမ်းအားများဖြင့် ‘အနှစ်သာရနတ်ဘုရားကျောင်း’၏ ယဇ်ပုရောဟိတ် ဘုန်းတော်ကြီး နှင့် တွေ့လျှင်ပင် အထိအခိုက်မရှိ လွတ်မြောက်နိုင်မည် ဖြစ်သော်လည်း သူ၏ လက်အောက်ခံများအတွက်မူ ထိုသို့ မဟုတ်ပေ။
အနောက်ဘက်ဒေသ တစ်ခုလုံးတွင် နိုင်ငံပေါင်း ရာချီရှိသည်။ နယ်မြေ ကျယ်ပြောပြီး ယဉ်ကျေးမှုများလည်း ကွဲပြားကာ ထူးဆန်းသော ပညာရှင်များလည်း တစ်ဦးပြီးတစ်ဦး ပေါ်ထွက်နေသည်။ ၎င်းမှာ တော်ဝင်ချန်နှင့်ပင် နှိုင်းယှဉ်နိုင်သည်။ ရှည်လျားသော နယ်စပ် တစ်လျှောက်တွင် စစ်တပ်နှစ်ခုမှာ အပြန်အလှန် အကြိတ်အနယ် တိုက်ခိုက်နေကြသည်။ အစွမ်းထက်သော ပညာရှင်များနှင့် တွေ့ဆုံရခြင်းမှာ ထမင်းစားရေသောက်သကဲ့သို့ပင် ရိုးရှင်းနေပြီ။
လူဦးရေ သန်းချီရှိသည့် ထိုသို့သော အနောက်ဘက်ဒေသကြီးတွင် ‘လူသားအင်မော်တယ်’ များ မရှိနိုင်သော်လည်း သိုင်းသူတော်စင်အဆင့် အစွမ်းထက် ပညာရှင်များစွာ ရှိနေသည် မှာ အသေအချာပင်။
ဟုန်ယွိ ရရှိထားသော သတင်းများအရ ‘ဟွာလျှိုနိုင်ငံ’၏ ဘုရင်၊ မင်းသား၊ ဧကရာဇ် အကြံပေးနှင့် စစ်သေနာပတိချုပ် အချို့မှာ အလွန်ပင် အစွမ်းထက်ကြသည်။ ထို့အပြင် သူတို့သည် ‘အနှစ်သာရနတ်ဘုရားကျောင်း’၏ ‘မူလဝိညာဉ်နတ်ဘုရား’ထံမှ နတ်ဘုရား တန်ခိုး ကောင်းချီးများကို ရရှိထားကြသည်။
‘အနှစ်သာရနတ်ဘုရားကျောင်း’၏ အကြီးမြတ်ဆုံးသော နတ်ဘုရားမှာ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်ကို ထိန်းချုပ်ပြီး အရာအားလုံးကို ဖန်ဆင်းသူဟု လူသိများသည့် ‘မူလဝိညာဉ်နတ်ဘုရား’ ပင် ဖြစ်သည်။
ထိုမူလဝိညာဉ်နတ်ဘုရားထံမှ နတ်ဘုရားတန်ခိုးကောင်းချီးကို ရရှိခြင်းမှာ အနှိုင်းမဲ့ သိုင်းပညာစွမ်းအားအပြင် အခြား ထူးဆန်းသော နည်းလမ်းများကိုလည်း ပိုင်ဆိုင်ထားခြင်း ပင် ဖြစ်သည်။ ၎င်းမှာ ဟုန်ယွိ၏ နတ်ဘုရားစွမ်းအားဖြစ်သော မဟာလေဟာနယ်လက်ဝါး နှင့် ဆင်တူသည်။
တစ်ခုတည်းသော ကွာခြားချက်မှာ မဟာလေဟာနယ်လက်ဝါး၏ နတ်ဘုရား ဝိညာဉ် စွမ်းအားမှာ သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေခြင်း ဖြစ်သည်။ ‘အနှစ်သာရနတ်ဘုရား ကျောင်း’၏ ကောင်းချီးပေးမှုဆိုသည်မှာမူ ‘မူလဝိညာဉ်နတ်ဘုရား’က ပေးသနားခြင်း ဖြစ်ပြီး ယာယီသာ ကူညီပေးနိုင်ကာ အချိန်မရွေး ပြန်လည် သိမ်းဆည်းခံရနိုင်သည်။
“လူတွေဟာ သူတို့ရဲ့ ယုံကြည်မှုစွမ်းအားကို စုစည်းပြီး ‘မူလဝိညာဉ်နတ်ဘုရား’ အဖြစ် ဖန်တီးလိုက်ကြတယ်၊ အဲဒီနတ်ဘုရားကလည်း လူတိုင်းရဲ့ ယုံကြည်မှုအပေါ် လက်ဆောင် တစ်ခုလို ပြန်ပေးတယ်။ လူသားတွေက နတ်ဘုရားကို ဖန်တီးကြပြီး၊ အခုတော့ အဲဒီ နတ်ဘုရားက သူတို့ရဲ့အထက်မှာ ထိုင်နေပြီ။ ဒါဟာ ဘယ်လောက်တောင် ဝမ်းနည်းစရာ ကောင်းလဲ... ကိုယ်တိုင်ဖန်တီးထားတဲ့ ထောင်ချောက်ထဲကို ကိုယ်တိုင် ခုန်ဆင်းနေကြတာ ပဲ...”
ဤသည်မှာ အနောက်ဘက်ဒေသသို့ သွားရောက်ခဲ့သည့် ဝါရင့်ဘုန်းတော်ကြီးတစ်ပါး ရေးသားခဲ့သော မှတ်စုတစ်ခု ဖြစ်သည်။ ၎င်းမှာ အနောက်ဘက်ဒေသရှိ ‘အနှစ်သာရ နတ်ဘုရားကျောင်း’၏ ကျိုးကြောင်းဆီလျော်မှု မရှိပုံကို ဆွေးနွေးထားခြင်း ဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုသော် နတ်ဘုရားဆိုသည်မှာ လူသားတို့ ဖန်တီးထားသော အရာတစ်ခု ဖြစ်သည်။ သို့သော် နတ်ဘုရားကို ဖန်ဆင်းပြီးနောက် လူသားတို့သည် ထိုနတ်ဘုရားကို ကိုးကွယ်ရခြင်း၊ ညွှန်ကြားမှုကို ခံယူရခြင်းနှင့် အမြတ်ထုတ်ခံရခြင်းတို့မှာ ဝမ်းနည်းဖွယ်ရာ ပင်။
ယခုရက်အနည်းငယ်အတွင်း ဟုန်ယွိသည် ‘ဟွာလျှိုနိုင်ငံ’နှင့် အနောက်ဘက်ဒေသ အကြောင်းကိုလည်း အထူးတလည် လေ့လာခဲ့သည်။ အနောက်ဘက်ဒေသ၏ ယဉ်ကျေးမှု နှင့် ပတ်သက်သော စာအုပ်အချို့ကို ‘ဒိုင်ဇင်ဘုရားကျောင်းတော်’မှ ဝါရင့်ဘုန်းတော်ကြီး များက လက်ဆင့်ကမ်းခဲ့ခြင်း ဖြစ်သည်။ သူ၏ စကြာဝဠာထဲတွင်လည်း အနောက်ဘက် ဒေသ၏ သိုင်းပညာ၊ စစ်ရေး၊ နိုင်ငံရေးနှင့် သမိုင်းကြောင်းများကို မှတ်တမ်းတင်ထားသော စာအုပ်များစွာ ရှိသည်။
အနောက်ဘက်ဒေသ၏ ယဉ်ကျေးမှုမှာ အနှစ် ငါးထောင်၊ ခြောက်ထောင်မက ကြာမြင့်နေ ပြီ ဖြစ်သည်။ ၎င်းမှာ တော်ဝင်ချန်ကဲ့သို့ ရှေးမကျသော်လည်း သမိုင်းဝင် စာရွက်စာတမ်း များစွာ ရှိသည်။ အားလုံးကို မှတ်တမ်းတင်မည်ဆိုလျှင် အခန်းပေါင်းများစွာ ပြည့်သွားနိုင် လောက်သည်။
သို့သော် ယခုအချိန်တွင်မူ ဟုန်ယွိသည် လိုအပ်သည်များကိုသာ ရွေးချယ်ဖတ်ရှုနေခြင်း ဖြစ်သည်။
စာကြည့်ခန်းထဲတွင် ဟုန်ယွိသည် စာဖတ်နေရင်း သူ၏လက်ထဲမှ တောက်ပနေသော အတွေးစ ထောင်ပေါင်းများစွာမှာ စိတ်ကြိုက် ပြောင်းလဲနေကြသည်။ ၎င်းတို့မှာ ပူဇော်ရာ ယဇ်ပလ္လင်များနှင့် ဆွမ်းအုပ်များကဲ့သို့ ရှိနေပြီး အလယ်တွင် ဗုဒ္ဓရုပ်ပွားတော်၏ အသွင် သဏ္ဌာန်ကို မထင်မရှား တွေ့မြင်နေရသည်။
ဟုန်ယွိသည် စာဖတ်နေရင်း ‘အလင်းအကန့်သတ်စက်ဝိုင်း ခန္ဓာကိုယ်အကာအကွယ်’ အစီအရင်ကို လေ့ကျင့်နေခြင်း ဖြစ်သည်။
၎င်းမှာ အမြင့်ဆုံး ပိတ်လှောင်ခြင်း နည်းစနစ်တစ်ခု ဖြစ်သည်။ ‘အတိတ်ကျမ်း’ ထဲတွင် ၎င်းသည် မဟာနတ်ဆိုး နတ်ဘုရားငါးပါး၏ မှော်စွမ်းအားများကိုပင် ကျော်လွန်သည်။
အတွေးစ ထောင်ပေါင်းများစွာကို ကျပန်းပေါင်းစပ်ပြီး ဆက်သွယ်ထားသည်။ အတွေးစ တစ်ခုချင်းစီကို ပုံရိပ်ယောင်ဖော်ပြီး လည်ပတ်စေသည်။ ရှုပ်ထွေးသော ပေါင်းစပ်မှု ထောင်ပေါင်းများစွာ ပြုလုပ်ပြီးနောက်မှ ဤမဟာအကာအကွယ်ကို ဖွဲ့စည်းနိုင်ခြင်း ဖြစ်သည်။
၎င်းမှာ အလွန်ပင် ရှုပ်ထွေးလှသော တာအိုပညာရပ်တစ်ခု ဖြစ်သည်။
၎င်းအစီအရင်ကို အသုံးပြုသည့်အခါ အတွေးစ ထောင်ပေါင်းများစွာကို မတူညီသော နည်းလမ်းများဖြင့် ပုံဖော်ရပြီး၊ မတူညီသော နည်းလမ်းများဖြင့် စီစဉ်ပေါင်းစပ်ရသည်။ ထို့နောက် အလွန်တရာ ဟန်ချက်ညီသော တုန်ခါမှုတစ်ခုဖြင့် စနစ်တကျ ဝိုင်းရံပိတ်ဆို့ရ ခြင်း ဖြစ်သည်။ ကမ္ဘာငယ် အလွှာပေါင်းများစွာသည် တစ်ခုပေါ်တစ်ခု အလွှာလိုက် ထပ်ဆင့်သွားပြီး၊ ထိုမှတစ်ဆင့် မယုံကြည်နိုင်လောက်သော ပိတ်လှောင်ခြင်းစွမ်းအားကို ထုတ်လွှတ်ခြင်း ဖြစ်သည်။
၎င်းမှာ စစ်တပ်တစ်ခုနှင့် တူလှသည်။ အကယ်၍ နတ်ဘုရားတစ်ပါးကဲ့သို့ တနစ်တကျ လေ့ကျင့်ထားလျှင် စစ်သည်ထောင်ဂဏန်းမျှနှင့် ရန်သူ့စစ်တပ် သိန်းဂဏန်းကို အနိုင်ယူ နိုင်သကဲ့သို့ပင်။
သမိုင်းမှတ်တမ်းများအရ စစ်သည် တစ်သောင်းမျှနှင့် စစ်တပ် တစ်သန်းကို အနိုင်ယူခဲ့သည့် မှတ်တမ်းများပင် ရှိခဲ့သည်။
“ဒီ‘အလင်းအကန့်သတ်စက်ဝိုင်း ခန္ဓာကိုယ်အကာအကွယ်’က တကယ်ကို အံ့သြဖို့ကောင်း တာပဲ။ ငါသာ စွမ်းအားအပြည့်နဲ့ ထုတ်သုံးမယ်ဆိုရင် ‘အမှောင်နတ်ဘုရား’ လို အစွမ်းထက် တဲ့ တည်ရှိမှုမျိုးကိုတောင် တိုက်ခိုက်စရာမလိုဘဲ တိုက်ရိုက် ပိတ်ဆို့ထားနိုင်မယ်... ။”
သူ လေ့ကျင့်ကြည့်လေ၊ ဤမဟာအကာအကွယ်၏ အံ့သြဖွယ်ကောင်းပုံကို ပို၍ ခံစားရလေဖြစ်ပြီး ၎င်းနှင့် ပိုမို ရင်းနှီးလာလေ ဖြစ်သည်။
ရုတ်တရက် သူ၏စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ “ငါသာ ‘ဆန်းကြယ် ကောင်းကင်ဘုံခန်းမ’ရဲ့ ‘အမှောင်ထုအကန့်သတ်စက်ဝိုင်း ခန္ဓာကိုယ်အကာအကွယ်’ ကို သာ သင်ယူနိုင်မယ်ဆိုရင် ငါ့ရဲ့စိတတ်ဝိညာဉ်ဟာ အမှောင်တစ်ဝက်၊ အလင်းတစ်ဝက် ဖြစ်သွားမှာပဲ။ အဲဒီ ပိတ်လှောင်မှု နှစ်မျိုးလုံးကို ပေါင်းစပ်လိုက်ရင် ငါဟာ လောကမှာ အနှိုင်းမဲ့ ဖြစ်သွားမှာ မဟုတ်ဘူးလား။”
“မဆန်းပါဘူး။ ဒါကြောင့်လည်း ‘ယင်းရှာ’က ‘အတိတ်ကျမ်းစာ’ ကို ကျင့်ကြံပြီးတဲ့နောက် မှာ ‘အမှောင်ဆန်းကြယ်ကောင်းကင်မှတ်တမ်း’ကို အဲလောက်အထိ ဂရုစိုက်နေတာကိုး။ သူမရဲ့ အနှစ် ၃၀၀ ကျင့်ကြံမှု အတွေ့အကြုံအရ ဒါကို သတိထားမိတာ သဘာဝကျပါ တယ်။ ဒါပေမဲ့ ‘ဆန်းကြယ်ကောင်းကင်ဘုံခန်းမ’ရဲ့ ခန်းမသခင်၊ ‘ကောင်းကင်မြွေဘုရင်မ’ တို့နဲ့ ပူးပေါင်းပြီး မုန့်ရှန်းကျီကို သွားသတ်ဖို့ဆိုတာကတော့ ကျားရေခွံကို ကျားဆီက ပြန်တောင်းနေတာနဲ့ အတူတူပါပဲ။ အမြတ်ထက် အရှုံးက ပိုများနိုင်တယ်။ ငါ့ရဲ့ အခု ခွန်အားနဲ့ဆိုရင် သူတို့ထဲက တစ်ယောက်ကိုပဲ ယှဉ်နိုင်ဦးမယ်၊ နှစ်ယောက်လုံးကိုတော့ မလွယ်ဘူး။ ပြီးတော့ ဥဒေါင်းဘုရင်၊ ကောင်းကင်နဂါးဂိုဏ်းက တာအိုသခင်တို့လည်း ရှိသေးတယ်... ‘ဆန်းကြယ်ကောင်းကင်ဘုံခန်းမ’ မှာလည်း အင်အားစုတွေ အများကြီး ရှိတာ။ ငါ့တောင်ပံတွေက မစုံလင်သေးဘူး။”
အကယ်၍ ‘အမှောင်ထုအကန့်သတ်စက်ဝိုင်း’ နှင့် ‘အလင်းအကန့်သတ်စက်ဝိုင်း’ ခန္ဓာကိုယ် အကာအကွယ် အစီအရင် နှစ်ခုကို ပေါင်းစပ်နိုင်လျှင်၊ အလင်းနှင့် အမှောင်ကို ပေါင်းစပ်နိုင်လျှင် သူ၏ တာအိုပညာရပ်မှာ အလွန်တိုးတက်လာမည်ကို ဟုန်ယွိ သိသည်။ သို့သော် ယခုအချိန်မှာ ‘ဆန်းကြယ်ကောင်းကင်ဘုံခန်းမ’၏ ခန်းမသခင်နှင့် ပူးပေါင်းရန် အချိန်မဟုတ်သေးပေ။
ဟုန်ယွိသည် စာဖတ်ရင်း သူ၏ တာအိုပညာရပ်များကို လေ့ကျင့်နေစဉ် ပြတင်းပေါက်မှ နေ၍ လုပ်ကြံသတ်ဖြတ်သူများ မဟာမိတ်အဖွဲ့မှ အကြီးအကဲများဖြစ်သော ယန်ခိုင်နှင့် ယန်ရှီလျူတို့ လမ်းလျှောက်လာသည်ကို မြင်လိုက်ရသည်။ သူတို့နှစ်ဦးမှာ လက်တစ်ဖက် တွင် ‘ကောင်းကင်ကံကြမ္မာနတ်ဘုရားဒူးလေး’ကို ကိုင်ထားပြီး အခြားလက်တစ်ဖက်တွင် ခိုင်ခံ့သော သံမဏိကြေးခွံချပ်ဝတ်တစ်ခုကို ကိုင်ထားကြသည်။
သူတို့နှစ်ဦး ရောက်လာသည်ကို မြင်သောအခါ ဟုန်ယွိသည် အလျင်အမြန် ထရပ်လိုက်ပြီး အပြင်သို့ ထွက်လာခဲ့သည်။
ရွှီး….။
‘ကောင်းကင်နတ်ဘုရားဒူးလေး’ကို အသက်သွင်းလိုက်သည်နှင့် စက်ယန္တရားသံ မြည်လာ ပြီး လေကြောင်းတစ်ခု မှုတ်ထုတ်လိုက်သည်။ တစ်ချက်တည်းနှင့်ပင် ဒူးလေးသည် ခြေလှမ်း ၂၀၀ ခန့် ဝေးသောနေရာရှိ ချပ်ဝတ်ကို အပေါက် ၁၀ ပေါက် ဖြစ်သွားအောင် ဖောက်ထွက်သွားတော့သည်။
“ဒါ ချီပြည်နယ်က သွန်းလုပ်ထားတဲ့ ‘အလင်းရောင်ခြည်ချပ်ဝတ်’ မဟုတ်လား။ ဒီလောက် ခိုင်ခံ့တဲ့ ချပ်ဝတ်ကိုတောင် ဖောက်ထွက်သွားတာပဲ။”
ဟုန်ယွိသည် အနည်းငယ် အံ့အားသင့်သွားပြီး သက်ပြင်းချလိုက်သည်။
“ဓားသွန်းခြင်း၊ ချပ်ဝတ်သွန်းခြင်း၊ သံရည်ကျိုခြင်း... ဒါတွေဟာ စစ်ရေးပညာရှင်တွေ အတွက် မရှိမဖြစ်လိုအပ်တဲ့ လက်နက်ကောင်းတွေပဲ။ လုပ်ကြံသတ်ဖြတ်သူများ မဟာမိတ် အဖွဲ့က ‘ပျော့ပြောင်းကျောက်စိမ်းသံမဏိ’ကို သွန်းလုပ်နိုင်မလားဆိုတာ ငါ သိချင်မိတယ်။ တကယ်လို့ သူတို့သာ အဲဒီသံမဏိကို သွန်းလုပ်နိုင်မယ်ဆိုရင် ဒီ ‘ကောင်းကင် နတ်ဘုရား ဒူးလေး’ ကို အတုယူပြီး အလားတူ လက်နက်မျိုး သွန်းလုပ်နိုင်မှာပဲ။”
ဟုန်ယွိသည် ချီမြစ်ဘေးရှိ အိမ်တော်တွင် နေထိုင်ရင်း သူ၏လက်ထဲမှ ‘ကောင်းကင် နတ်ဘုရားဒူးလေး’ ကို လေ့လာနေခြင်း ဖြစ်သည်။
ဤဒူးလေးမှာ ဆန်းကြယ်သော ဖွဲ့စည်းပုံ ရှိသည်။ မြား ၁၀ စင်းကို တစ်ပြိုင်နက် ပစ်လွှတ် လိုက်သောအခါ အခြေလှမ်း ၅၀၀ အကွာရှိ သစ်ပင်တစ်ပင်ကိုပင် ဖောက်ထွက်သွား နိုင်သည်။ ၎င်းမှာ အစွမ်းထက်သော လေးများထက်ပင် ပိုမို အစွမ်းထက်လှသည်။
အရင်တုန်းက ‘နင်ဂျာဘုန်းတော်ကြီး’သည် ‘အထွဋ်ထိပ်ကောင်းကင်နယ်မြေ’၏ ငွေဒင်္ဂါး တင်လာသည့် မြင်းရထားများကို ကြားဖြတ်တားဆီးရန် သွားစဉ်က ပညာရှင်များစွာ၏ ဝိုင်းဝန်းပစ်ခတ်ခြင်းကို ခံခဲ့ရပြီး အသက်ပင် ဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။ သူ၏ ‘နက်ရွှေ ရောင်ဝတ်ရုံ’ နှင့် ‘ငွေငါးမန်းချပ်ဝတ်’တို့ပင် ဖောက်ထွက်ခြင်း ခံခဲ့ရသည်။ ထိုဒူးလေး၏ အစွမ်းမှာ မည်မျှ ကြီးမားကြောင်း သိသာလှသည်။
ယခုအခါ သူသည် ဓားနှင့် ချပ်ဝတ်သွန်းလုပ်ခြင်း၏ ဗဟိုချက်ဖြစ်သော ချီပြည်နယ်သို့ ရောက်နေသဖြင့် ဤနတ်ဘုရားဒူးလေးကို ပညာရှင်များကို ပြသကာ သွန်းလုပ်နိုင်ခြင်း ရှိ၊ မရှိ သိချင်နေခြင်း ဖြစ်သည်။ အကယ်၍ တော်ဝင်ချန် စစ်တပ်တစ်ခုလုံးကို ဤဒူးလေးများ တပ်ဆင်ပေးနိုင်လျှင် အနောက်ဘက်ဒေသကို သိမ်းပိုက်ရန်မှာ အလွန်လွယ်ကူသွားမည် ဖြစ်သည်။
“ကျုပ်တို့ဆီမှာလည်း ‘ပျော့ပြောင်းကျောက်စိမ်းသံမဏိ’ သွန်းလုပ်နည်းနဲ့ လိုအပ်တဲ့ ပစ္စည်းတွေလည်း ရှိတယ်။ ဒါပေမဲ့ ဒီ ‘ကောင်းကင်ကံကြမ္မာ နတ်ဘုရားဒူးလေး’ ရဲ့ ဖွဲ့စည်းပုံက အရမ်း ရှုပ်ထွေးလွန်းတယ်။ အထဲမှာ ဂီယာတွေ၊ သံပတ်တွေနဲ့ စပရိန်တွေက အသေအချာ ချိတ်ဆက်ထားတာ။ တိကျတဲ့ ပုံစံထုတ်လုပ်နည်း မရှိဘဲနဲ့တော့ သွန်းလုပ်ဖို့ ခက်ခဲတယ်။ ချန်ပီယံမြို့စားရဲ့ ‘ဆန်းကြယ်ကောင်းကင် ကုန်သွယ်ရေးအဖွဲ့’က ဒီလက်နက်ကို ဘယ်လိုလုပ်လိုက်လဲတော့ မသိဘူး။ တကယ်လို့ သုံးနှစ်ကနေ ငါးနှစ်အထိ လေ့လာမယ်ဆိုရင်တော့ ပုံစံတူသွန်းလုပ်နိုင်ကောင်းပါရဲ့။ ဒါပေမဲ့ အချိန်တိုအတွင်းတော့ မဖြစ်နိုင်ဘူး။”
ယန်ရှီလျူက ဒူးလေးကို ကြည့်ရင်း ပြောလိုက်သည်။ သူသည် ကောင်းစွာ လေ့ကျင့်ထား သော လုပ်ကြံသူတစ်ဦး ဖြစ်သော်လည်း ဤမျှ အစွမ်းထက်သော ဒူးလေးကို မြင်သောအခါ မအံ့သြခြင်းဘဲ မနေနိုင်ပေ။
“သုံးနှစ်ကနေ ငါးနှစ်ဆိုတာ အရမ်းကြာလွန်းတယ်။ မင်းတို့ လုပ်ကြံသတ်ဖြတ်သူများ မဟာမိတ်အဖွဲ့က ‘အရုဏ်ဦး အရိုးဖြူချပ်ဝတ်’လိုမျိုး ချပ်ဝတ်တွေကို သွန်းလုပ်နိုင်လား။” ဟုန်ယွိက မေးလိုက်သည်။
“သခင်လေးကတော့ နောက်နေပြန်ပြီ။” ယန်ခိုင်က ပြောလိုက်သည်။ “အရုဏ်ဦး အရိုးဖြူ ချပ်ဝတ်’ ဆိုတာ ရှေးဟောင်း နတ်ဘုရားချပ်ဝတ်တစ်ခုပါ။ ကြီးမားတဲ့ မှော်စွမ်းအားတွေ၊ နည်းစနစ်တွေနဲ့ မရေတွက်နိုင်တဲ့ ရတနာတွေ မရှိဘဲနဲ့တော့ ဆယ်စုနှစ်ချီ ကြိုးစားရင် တောင် သွန်းလုပ်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။ အခုထိ ဘယ်သူမှ မသွန်းလုပ်နိုင်သေးပါဘူး။ သခင်လေးက လူတိုင်းကို အဲဒီချပ်ဝတ် ဝတ်စေချင်လို့လား။ အဲဒါဆိုရင်တော့ တော်ဝင်ချန် စစ်တပ်ဟာ တစ်ကမ္ဘာလုံးကို သိမ်းပိုက်ပြီးသား ဖြစ်နေမှာပေါ့။ ကောင်းကင်ဘုံရဲ့ အပြင်ဘက်အထိတောင် တိုက်ခိုက်သွားနိုင်လောက်တယ်။”
“အဲလို ဆိုလိုတာ မဟုတ်ပါဘူး...” ဟုန်ယွိ ခေတ္တ တိတ်ဆိတ်သွားပြီး “ဒါပေမဲ့ မင်းတို့ မဟာမိတ်အဖွဲ့က ဓားနဲ့ ချပ်ဝတ်တွေ သွန်းလုပ်တာပဲ။ ထူးခြားတဲ့ မှော်ချပ်ဝတ်တွေတော့ ရှိမှာပေါ့။ ငါ့ရဲ့ နက်ရွှေရောင်သင်္ကန်းဝတ်ရုံနဲ့ ငွေငါးမန်းချပ်ဝတ်တွေက မှော်စွမ်းအား ရှိကောင်းရှိနိုင်ပေမဲ့ သာမန်ပစ္စည်းတွေပဲ။ စစ်ရေးကိစ္စဆိုတာ အန္တရာယ်များတယ်။ ကောင်းမွန်တဲ့ ချပ်ဝတ်တွေ ရှိနေရင် အမြဲတမ်း ပိုကောင်းတာပေါ့။”
ဟုန်ယွိ၏ လက်ရှိခန္ဓာကိုယ်မှာ သူ၏ အစစ်မှန်ခန္ဓာကိုယ် ဖြစ်သည်။
သူသည် သိုင်းသူတော်စင် အဆင့်တွင် ရှိသော်လည်း လူသားအင်မော်တယ် ခန္ဓာကိုယ်ပွား နှင့် မယှဉ်နိုင်သေးပေ။ လုပ်ကြံသတ်ဖြတ်သူများ မဟာမိတ်အဖွဲ့၏ ကြောက်မက်ဖွယ် ကောင်းသော လုပ်ကြံခြင်း နည်းစနစ်များကို မြင်ဖူးထားသဖြင့် သူကိုယ်တိုင်လည်း မည်သည့်အချိန်တွင် လုပ်ကြံခံရမည်ကို အာမမခံနိုင်ပေ။
အနောက်ဘက်ဒေသရှိ ‘အနှစ်သာရနတ်ဘုရားကျောင်း’ နှင့် ‘ဟွာလျှိုနိုင်ငံ’ တို့တွင်လည်း အစွမ်းထက်သော လုပ်ကြံသူများကို လေ့ကျင့်ပေးသည့် စနစ်တစ်ခု ရှိနေကြောင်း သိထားရမည်။
“ကျန်းယွမ်...” ယန်ခိုင်က တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ်မှာပင်...
ရုတ်တရက် ဟုန်ယွိက မျက်မှောင်ကြုတ်လိုက်သည်။
“ယူလူလက်ဆီမှာ တစ်ခုခု ဖြစ်နေပြီ... ငါ ထင်တဲ့အတိုင်းပဲ၊ ချန်ပီယံမြို့စားက ငါ့ကို လက်စားချေချင်ရင် သူမကို အရင်ရှာမှာပဲ။” ဟုန်ယွိက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။
တစ်ချိန်တည်းမှာပင် ‘ဓားမြို့တော်’ ၏ အပြင်ဘက် လျှို့ဝှက်သော နေရာတစ်ခုတွင် ချန်ပီယံမြို့စားသည် အဝါရောင် ဝတ်စုံဝတ်ထားသော လူတစ်ဦးသည် ယူလူလက်၏ ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့သည်။
“ယူလူလက်... ဟုန်ယွိက မင်းကို အခွင့်ကောင်းယူသွားပြီလား။”
ဤသည်မှာ ချန်ပီယံမြို့စားသည် ယူလူလက်၏ ရှေ့တွင် ပေါ်လာစဉ် ပထမဆုံး ပြောလိုက် သည့် စကားပင် ဖြစ်သည်။
အခန်း (၃၈၈)။
“မြို့စားမင်း... ရှင် ဘယ်လိုများ ဒီလိုစကားမျိုး ပြောနိုင်ရတာလဲ။”
ချန်ပီယံမြို့စား၏ မေးခွန်းကို ကြားလိုက်ရသောအခါ ယူလူလက်၏ မျက်နှာမှာ ချက်ချင်း ပင် ဖြူလျော့သွားသော်လည်း ခဏအတွင်း ပုံမှန်ပြန်ဖြစ်သွားသည်။ သူမသည် ချန်ပီယံ မြို့စား၏ နောက်ကွယ်မှ တတိယမင်းသားကျိုးကို ကြည့်လိုက်ပြီး စကားပြောရန် တုံ့ဆိုင်းနေမိသည်။
“ဘာဖြစ်လို့လဲ။ အရင်က ငါတို့ ဒီလိုပဲ နောက်ပြောင်နေကျ မဟုတ်ဘူးလား။” ယူလူလက် မျက်နှာ ပျက်သွားသည်ကို ချန်ပီယံမြို့စား သတိထားမိလိုက်သည်။ သူ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီးမှ ပြုံးလိုက်ကာ “ငါ့ရဲ့ မျက်လုံးတွေနဲ့ဆိုရင် မင်းဟာ အပြစ်ကင်းစင်နေဆဲဆိုတာ ငါ မြင်နိုင်ပါတယ်။ မင်း ငါ့ကို သစ္စာမဖောက်ခဲ့ပါဘူး၊ မဟုတ်ရင် ငါ မင်းကို လာရှာမှာ မဟုတ်ဘူး။”
“ဒါပေမဲ့...” ချန်ပီယံမြို့စား၏ အမူအရာက ပြောင်းလဲသွားပြန်ပြီး “လူလူ ... မင်းက လွင်ပြင်ဒေသက လာတဲ့ အမျိုးသမီးတစ်ယောက်ပဲ၊ ပွင့်လင်းပြီး လွတ်လပ်တဲ့ စရိုက်ရှိသူ ပါ။ အခုကျမှ ဘာလို့ ဒီလောက် စိုးရိမ်ပူပန်နေရတာလဲ။ ဟုန်ယွိဆီက အနှစ်မရှိတဲ့ ယဉ်ကျေးမှုတွေနဲ့ ကျင့်ဝတ်တွေကို မင်း သင်ယူနေတာလား။”
“မြို့စားက ဘယ်လိုတွေ ပြောနေတာလဲ။ ကျွန်မက ဟုန်ယွိရဲ့ လွှမ်းမိုးမှုကို ဘယ်လိုလုပ် ခံရမှာလဲ။” ယူလူလက်သည် ခဏမျှ တိတ်ဆိတ်သွားပြီးမှ ချန်ပီယံမြို့စားနောက်က တတိယမင်းသားကျိုးကို ကြည့်လိုက်သည်။ “မြို့စား... ဒါ ရှင့်ရဲ့ ပညာရှင်အသစ်လား။ သူက ဒဏ္ဍာရီလာ မိုးကြိုးကပ်ဘေး အဆင့်သုံးအထိ ကျော်ဖြတ်ထားတဲ့သူပဲ။ ကြည့်ရတာ မြို့စားက နောက်ထပ် ကံကောင်းမှုတွေ ကြုံခဲ့ရပုံပဲ။”
“အဟမ်း...” တတိယမင်းသားကျိုးက ချောင်းဟန့်လိုက်ပြီး ချန်ပီယံမြို့စား၏ နောက်ကွယ် မှ ထွက်လာသည်။ သူက ယူလူလက်ကို စိုက်ကြည့်ပြီး “မိန်းကလေး... ကျုပ်က မြို့စားရဲ့ လက်အောက်ခံ မဟုတ်ပါဘူး၊ မိတ်ဖက် တစ်ယောက်ပါ။ ပြီးတော့ မင်းက မျက်စိအမြင် တော်တော်စူးတာပဲ၊ ငါ မိုးကြိုးကပ်ဘေး သုံးဆင့်ကို ဖြတ်ကျော်ထားတာကိုတောင် တစ်ချက်ကြည့်ရုံနဲ့ သိတယ်ဆိုတော့။ မင်းဆီမှာ ထူးခြားတာတစ်ခုခု ရှိနေပုံရတယ်။ မင်းဟာ တစ္ဆေအင်မော်တယ်အဆင့်ကို မရောက်သေးပေမဲ့ မိုးကြိုးကပ်ဘေး အဆင့်နှစ်ကို ဖြတ်ကျော်ထားတဲ့ ပညာရှင်တစ်ယောက်ရဲ့ အတွေးစတွေကို စုပ်ယူထားတာပဲ။”
“ရှင်က မြို့စားမင်းရဲ့ လက်အောက်ခံ မဟုတ်ဘူးလား။” ယူလူလက်မှာ အံ့အားသင့်သွား ပုံရပြီး ခန္ဓာကိုယ်ကို အနည်းငယ် နောက်ဆုတ်လိုက်သည်။ ထို့နောက် ချန်ပီယံမြို့စားကို ကြည့်ကာ “မြို့စားမင်း... ရှင့်ရဲ့ လုပ်ဟန်တွေ ဘာလို့ ပြောင်းလဲသွားရတာလဲ။ ရှင်ဟာ ဘယ်တုန်းကမှ သူတစ်ပါးနဲ့ မပူးပေါင်းခဲ့ဘူး၊ ရန်သူတွေကို အင်အားသုံးပြီး နှိမ်နင်းတာက ရှင့်ရဲ့ အာဏာပြတဲ့ ပုံစံပဲလေ။ အခုကျမှ ဘာလို့ သူတစ်ပါးနဲ့ ပူးပေါင်းနေတာလဲ။ ပူးပေါင်းဆောင်ရွက်တဲ့သူတွေဟာ ယုံကြည်လို့ မရဘူးဆိုတာ ရှင် သိသင့်ပါတယ်။ အစစ်အမှန် အညံ့ခံတဲ့ လက်အောက်ခံတွေကပဲ ယုံကြည်လို့ ရတာပါ။ ဖန်ရှင်းတာအိုဂိုဏ်း ကလည်း ဒီလိုပါပဲ၊ သူ အခု နန်းတော်ထဲမှာ ပုန်းနေပြီး အပြင်မထွက်လာရဲတော့ဘူး။”
“ခေတ်ကာလတွေ ပြောင်းလဲသွားပြီ။” ချန်ပီယံမြို့စားက တည်ငြိမ်စွာ ပြောလိုက်သည်။ “ဟုန်ယွိကလည်း ပါရမီရှင်တစ်ယောက်ပဲ။ ငါ ဘယ်ပါရမီရှင်ကိုမှ အထင်မသေးတော့ဘူး။ ယူလူလက်... ငါ့ရဲ့ စိတ်ဓာတ်တွေ ဟုန်ယွိကြောင့် ပျက်စီးသွားပြီလို့ မထင်ပါနဲ့။ အမှန်တော့ ငါ သင်ခန်းစာ ရခဲ့တာပါ။ ယွမ်တူးနိုင်ငံမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ငါ ကိုးရက်တိုင်တိုင် တရားထိုင်ခဲ့ပြီး အမှန်တရားတွေ အများကြီးကို နားလည်ခဲ့တယ်။ သံမဏိလို မာကြောမူ ဟာ ကြာရှည် မခံသလို၊ နူးညံ့မှုကလည်း အကာကွယ်မပေးနိုင်ဘူး။ နှလုံးသားထဲမှာ ဝှက်ထားတဲ့ ထက်မြက်မှုတွေကမှ ပိုပြီး အစွမ်းထက်တာ။”
“အဲဒီလိုလား... မြို့စားမင်းရဲ့ သိုင်းပညာတွေ အများကြီး တိုးတက်လာတာ ကျွန်မ မြင်နိုင်ပါတယ်။ မြို့စား လူသားအင်မော်တယ် အဆင့်ကိုများ ရောက်သွားပြီလား။ ယူလူလက်က ခဏမျှ တိတ်ဆိတ်သွားပြန်သည်။ “ဒါပေမဲ့ မြို့စား, ဒီတစ်ခါ ဟုန်ယွိကို ရင်ဆိုင်ဖို့ဆို အတားအဆီးလေးအချို့ ရှိနေမယ်ထင်တယ်...”
“လူသားအင်မော်တယ် အဆင့်ကို ရောက်ဖို့ဆိုတာ အချိန်ကိစ္စပဲ ရှိပါတော့တယ်။ ဒါပေမဲ့ မင်းပြောတဲ့ အတားအဆီးလေးအချို့ဆိုတာက ဘာလဲ။” ချန်ပီယံမြို့စား၏ မျက်လုံးများက ဝင်းလက်သွားပြီး မေးလိုက်သည် “ဟုန်ယွိရဲ့ ခွန်အားတွေ ထပ်တိုးလာပြန်ပြီလား။ မင်း ဟုန်ယွိအနားမှာ အကြာကြီး နေခဲ့တာဆိုတော့ သူ့နောက်ခံနဲ့ ခွန်အားကို ရှင်းရှင်း လင်းလင်း သိမှာပေါ့။ ပြောစမ်းပါဦး၊ သူ့နောက်ကွယ်မှာ ဘယ်သူ ရှိနေတာလဲ။”
ယူလူလက်က ပြန်လည် တိတ်ဆိတ်သွားပြန်သည်။ သူမသည် ချန်ပီယံမြို့စားကို အဖြေ မပေးပေ။
“ဘာလဲ။ မင်း သူ့ရဲ့ ခွန်အားကို မသိသေးဘူးလား။” ချန်ပီယံမြို့စား၏ မျက်နှာတွင် မကျေနပ်သည့် အရိပ်အယောင် ပေါ်လာသော်လည်း ချက်ချင်း ပြန်ပျောက်သွားသည်။ သူက လေသံအေးအေးဖြင့် ပြောသည် “မင်းကို ငါ အပြစ်မတင်ပါဘူး။ ဟုန်ယွိက ကောက်ကျစ်စဉ်းလဲတဲ့လူပဲ၊ သူ မင်းကို ယုံမှာ မဟုတ်ဘူး။ ဒါကြောင့် မင်းကို ဟုန်ယွိ အနားမှာ ဆက်ပြီး မထားတော့ဘူး။ ငါ့မိန်းမကို အန္တရာယ်တောထဲ မထည့်ထားနိုင်ဘူး။ ရန်သူကို နှိမ်နင်းဖို့အတွက် ငါ့မိန်းမတွေကို ဘယ်တော့မှ အသုံးမချဘူး။ ငါက ‘ငွေငါးမန်း’ ကို အားကိုးနေတဲ့ ဟုန်ယွိနဲ့ မတူဘူး။”
“မြို့စားက တကယ့်ကို အချစ်ကြီးသူပါ၊ ကျွန်တော် ချီးကျူးပါတယ်။”
တတိယမင်းသားကျိုးက မထူးခြားသလို ချီးကျူးလိုက်ပြီး “ဒါပေမဲ့ ဒီဟုန်ယွိက စာပေ လောကမှာ တော်တော် နာမည်ကြီးတာပဲ။ သူ့ကို လက်အောက်ခံအဖြစ် ရအောင်လုပ်နိုင် ရင် ငါတို့ရဲ့ နောင်လာမယ့် လုပ်ငန်းကြီးအတွက် အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်။ ဟုန်ရွှန်ကျိနဲ့ ယန်ဖန်တို့ရဲ့ ရင်ဘတ်ပေါ်မှာ ဓားတစ်လက် တင်ထားသလို ဖြစ်သွားမှာပေါ့။ မြို့စားအနေနဲ့ အခြေအနေအရပ်ရပ်ကို ဦးစားပေးလို့ ငါ မျှော်လင့်ပါတယ်။”
“ကျုပ်ကိစ္စမှာ ခင်ဗျား ဝင်စွက်ဖက်ဖို့ လိုလို့လား။” ချန်ပီယံမြို့စားက လှည့်ကြည့်ပြီး တတိယမင်းသားကျိုးကို နှာခေါင်းရှုံ့လိုက်သည်။
“မြို့စားရဲ့ ကိစ္စတွေကို မြို့စားပဲ ဆုံးဖြတ်ရမှာပါ။ ငါက အကြံပေးရုံသက်သက်ပါပဲ။” တတိယမင်းသားကျိုးက သည်းခံနိုင်စွမ်းရှိသူပီပီ စိတ်မဆိုးဘဲ ပြုံးလျက် နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ကာ အပြင်သို့ ထွက်သွားသည်။ “မြို့စားမင်း လုပ်စရာ ရှိတာ ဆက်လုပ်ပါ၊ ငါ အစောင့်အဖြစ် နေပေးပါ့မယ်။”
“ဒါမှဟုတ်သေးတယ်။” ချန်ပီယံမြို့စားက ခပ်ပေါ့ပေါ့ ပြောလိုက်သည်။ ထို့နောက် သူက ယူလူလက်ကို ကြည့်ကာ “ရှီဒီ ဘယ်မှာလဲ။ သူ့ကို ဒီခေါ်လာခဲ့။ မင်းတို့ အားလုံးကို အတည်တကျ နေရာချပေးပြီးရင် ဟုန်ယွိကို ငါ ကောင်းကောင်းကြီး ရှင်းပစ်မယ်။”
“မြို့စားမင်း ဟုန်ယွိကို မရှင်းခင် လုပ်ကြံသတ်ဖြတ်သူများ မဟာမိတ်အဖွဲ့ဆီ သွားပြီး သူတို့ဆီက ကတိကဝတ်တစ်ခု ယူထားတာ ပိုကောင်းလိမ့်မယ်။” အပြင်ဘက်သို့ ရောက်နေသော တတိယမင်းသားကျိုးက တစ်ဖန် ဝင်ပြောပြန်သည်။
“ဟွန့်။”
ထိုအသံကို ကြားလိုက်ရသောအခါ ချန်ပီယံမြို့စားက နှာခေါင်းရှုံ့လိုက်ပြီး သူ၏လှံကို ရုတ်တရက် ထိုးနှက်လိုက်သည်။
ထိုလှံချက်မှာ လျှပ်စီးတန်းတစ်ခုကဲ့သို့ မြန်ဆန်လှသည်။ လှံ၏ အရှိန်အဝါအတွင်းတွင် ရှေးဟောင်း စစ်နတ်ဘုရားတစ်ပါး၏ ပုံရိပ်ကို မထင်မရှား မြင်တွေ့လိုက်ရသည်။
ဤလှံချက်သည် နိယာမများကို လုံးဝ ပုံပျက်သွားစေ၏။ ဟင်းလင်းပြင်၏ အချုပ်အနှောင် များကို ချိုးဖျက်လိုက်ပုံရသည်။ လေထုထဲတွင် အရိပ်မျှပင် မကျန်ရစ်ဘဲ လှံသည် တတိယ မင်းသားကျိုး၏ ရင်ဘတ်ကို တိုက်ရိုက် ဖောက်ထွက်သွားပြီး ကျောဘက်မှ ထွက်လာ သည်။
ထို့နောက် ချန်ပီယံမြို့စားက ပြုံးလိုက်ပြီး လှံကို ပြင်းထန်စွာ ခါယမ်းလိုက်သည်။
ဝုန်း…။
တတိယမင်းသားကျိုး၏ ခန္ဓာကိုယ်မှာ တောက်ပနေသော အတွေးစ ခုနစ်ထောင်ကျော် အဖြစ် ပေါက်ကွဲသွားပြီး လေထဲတွင် လွင့်ပျံနေတော့သည်။ အတွေးစ တစ်ခုချင်းစီမှ ချန်ပီယံမြို့စားထံ ပြေးဝင်ချင်နေသကဲ့သို့ ဒေါသတကြီး ဟိန်းဟောက်သံများ ထွက်ပေါ် လာသည်။ သို့သော် ချန်ပီယံမြို့စား၏ အရှိန်အဝါကို ကြောက်ရွံ့သဖြင့် အနားသို့ မကပ်ရဲကြပေ။
“မင်းက ဝင်ပြောရဲသေးတာလား။ မင်းရဲ့စိတ်ဝိညာဉ် ပျက်စီးသွားရုံတင် မကဘူး၊ မင်းရဲ့ အတွေးစတွေကိုပါ ငါ တစ်ခုချင်းစီ ဖျက်ဆီးပစ်ဦးမှာ။ သေမင်းအလင်း နတ်ဘုရားလှံရဲ့ တိုက်ခိုက်မူကို မင်း ခံနိုင်မယ် ထင်နေတာလား။”
ချန်ပီယံမြို့စားက အေးစက်စွာ ပြောလိုက်သည်။ သူ ပြောရင်း လှံကို ဝှေ့ယမ်းလိုက်ရာ လှံဖျားက တုန်ခါသွားပြီး အတွေးစများဆီသို့ ဦးတည်သည့် လှံရိပ် ထောင်ပေါင်းများစွာ အဖြစ် ပြောင်းလဲသွားတော့သည်။
တတိယမင်းသားကျိုးသည် ဤမြင်ကွင်းကို မြင်သောအခါ သူ၏ အတွေးစ များဆီသို့ ထိုးနှက်လာမည့် လှံရိပ်များကို ကြည့်ရင်း စူးရှစွာ အော်ဟစ်လိုက်မိသည်။ သူသည် တုန်တုန်ရင်ရင်ဖြင့် နောက်သို့ အပြင်းအထန် ပျံသန်းသွားပြီး ဆယ်ပေခန့် အကွာတွင် လူပုံစံ ပြန်လည် စုစည်းလိုက်ရသည်။
သူ၏ ခန္ဓာကိုယ်မှာ စိတ်ဝိညာဉ်ဖြင့် ပုံဖော်ထားခြင်းသာ ဖြစ်သော်လည်း သာမန်လူများ၏ မျက်လုံးထဲတွင်မူ အစစ်မှန် ခန္ဓာကိုယ်နှင့် မခြားနားပေ။ သာမန် ကျင့်ကြံသူများသည် သိုင်းသူတော်စင်အဆင့်သို့ ရောက်လျှင်ပင် သူတို့၏ မူလခန္ဓာကိုယ်ကို သေချာစွာ ဝှက်ထားကြသည်။ အကြောင်းမှာ မူလခန္ဓာကိုယ်မှာ အလွန်ပင် နုနယ်လှသောကြောင့် ဖြစ်သည်။
မိုးကြိုးကပ်ဘေး တစ်ပိုင်းအဆင့် ပညာရှင်တစ်ဦး၏ စိတ်ဝိညာဉ်မှာ သာမန်လူနှင့် ခွဲမရ အောင် တူနေပြီ။ ဟုန်ယွိသည်လည်း အရင်က ထိုသို့ ဖော်ပြလေ့ရှိသည်။ သိုင်းသူတော်စင် အဆင့် မဟုတ်သူများမှာ ၎င်းကို မမြင်နိုင်ပေ။
မိုးကြိုးကပ်ဘေးအဆင့်သုံးအထိ ဖြတ်ကျော်ထားသော ပညာရှင်ဆိုလျှင် ပို၍ ကြောက်စရာ ကောင်းသည်။ အထွက်ထိပ် သိုင်းသူတော်စင် တစ်ဦးပင်လျှင် သေသေချာချာ အာရုံခံကြည့် မှသာ စိတ်ဝိညာဉ်ဖြစ်ကြောင်း သိနိုင်သည်။
ယူလူလက်သည် မိုးကြိုးကပ်ဘေး အဆင့်နှစ် ပညာရှင်တစ်ဦး၏ အတွေးစ များကို ရထားသောကြောင့်သာ တတိယမင်းသားကျိုး၏ အဆင့်ကို သိမြင်နိုင်ခြင်း ဖြစ်သည်။
သို့သော် ယခုအခါ ဤဂုဏ်သိက္ခာကြီးမားသော မိုးကြိုးကပ်ဘေး အဆင့်သုံးပညာရှင်မှာ ချန်ပီယံမြို့စား၏ လှံချက်ကို ပြန်ပင် မတိုက်ခိုက်နိုင်ပေ။ ကံကောင်းသည်မှာ ချန်ပီယံ မြို့စားသည် တစ်ချက် ထိုးနှက်ပြီးနောက် လှံရိပ်များကို ပြန်ရုပ်သိမ်းလိုက်ခြင်းပင် ဖြစ်သည်။
သူသည် လှံကို သူ၏ကျောနောက်တွင် ဝှက်ထားလိုက်ပြီး တတိယမင်းသားကျိုးကို ထပ်မကြည့်တော့ပေ။
“အကန့်သတ်မဲ့ သတ်ဖြတ်ခြင်းလမ်းစဉ်... မင်းက စစ်နတ်ဘုရား ‘ရှန့်ရဲ့ အမြင့်ဆုံး သတ်ဖြတ်ခြင်းအကွက်ကို နားလည်သွားပြီပေါ့။ ကြည့်ရတာ မင်း လူသားအင်မော်တယ် အဆင့်ကို ရောက်ဖို့ အလွှာပါးလေးတစ်ခုပဲ လိုတော့တာပဲ။ မင်းဟာ အထွက်အထိပ် သိုင်းသူတော်စင်တွေထဲမှာ အစွမ်းအထက်ဆုံးပဲ။ အဲဒီ အလွှာပါးလေးကို ဖောက်ထွက် နိုင်တာနဲ့ မင်း လူသားအင်မော်တယ် ဖြစ်လာတော့မှာ...”
တတိယမင်းသားကျိုးက ထိတ်လန့်တကြား ပြောလိုက်သည်။
ကောင်းကင်အလင်းဉီးချို နတ်ဘုရားချပ်ဝတ် ဝတ်ဆင်ထားပြီး သေမင်းအလင်း နတ်ဘုရား လှံကို ကိုင်ဆောင်ထားသည့် လူသားအင်မော်တယ် တစ်ဦးဆိုသည်မှာ မည်သည့် အဓိပ္ပာယ်နည်း။ ၎င်းမှာ ဤလောကတွင် အနှိုင်းမဲ့ ဖြစ်သွားခြင်းပင် ဖြစ်သည်။
“မဟာကျိုးမင်းဆက်ရဲ့ မျိုးဆက်ပီပီ ‘အကန့်သတ်မဲ့ သတ်ဖြတ်ခြင်းလမ်းစဉ်’ အကြောင်း ကို ခင်ဗျား သိထားတာပဲ။”
ချန်ပီယံမြို့စားက လေသံမာမာဖြင့် ပြောလိုက်သည်။ “နောင်ခါ ကျုပ် စကားပြောနေရင် ဝင်မပြောနဲ့။ ကျုပ် စကားပြောနေတဲ့အခါ ဘေးကနေ တစ်တွတ်တွတ် ပြောနေတာကို ကျုပ် တကယ် မကြိုက်ဘူး။”
“မြို့စားမင်းက တကယ်ကို အစွမ်းထက်တာပဲ။ ကြည့်ရတာ ငါတို့ရဲ့ စီမံကိန်းက သေချာပေါက် အောင်မြင်တော့မှာပဲ။”
တတိယမင်းသားကျိုး၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူသည် မည်သည့်အခါ မှ စိတ်မဆိုးတတ်သူအလား ကျောခိုင်းလှည့်ထွက်သွားသည်။
“မြို့စား... ဒီလူက အရမ်းကို လျှို့ဝှက်နက်နဲတယ်၊ ရှင် သတိထားသင့်တယ်။” ယူလူလက် က သတိပေးလိုက်သည်။
“ငါ သတိထားမှာပါ၊ ဒါပေမဲ့ ဒီလူက ငါ့အတွက် အသုံးဝင်နေသေးတယ်။” ချန်ပီယံမြို့စားက ခေါင်းညိတ်သည်။ “ရှီဒီကို အရင်သွားရှာလိုက်၊ ဟုန်ယွိရဲ့ ကိစ္စမှာ မင်း ဝင်မပါနဲ့တော့။”
ယူလူလက်သည် ခဏမျှ တိတ်ဆိတ်သွားပြီးမှ ရုတ်တရက် ပြောလိုက်သည်။ “အမှန်တော့ ကျွန်မ ဟုန်ယွိရဲ့ နောက်ခံကို သိပါတယ်။ ဒါပေမဲ့ မြို့စား... ကျွန်မ မြင်တာကတော့ ဟုန်ယွိဟာ တကယ်ကို တရားမျှတတယ်၊ သတ္တိရှိတယ်၊ သနားကြင်နာတတ်ပြီး ဉာဏ်ပညာ ရှိတယ်။ ပြီးတော့ သူက ရိုသေကိုင်းရှိုင်းပြီး ယဉ်ကျေးတယ်။ သူ့ရဲ့ လှုပ်ရှားမှု တိုင်းက အလွန်ကို ကြော့ရှင်းပါတယ်။ ကျွန်မ ‘ရိုရန်အင်ပါယာ’မှာ ပညာသင်နေတုန်းက ရှေးခေတ် သူတော်စင်တွေက ဘယ်လိုမျိုးလဲဆိုတာ ဘယ်တော့မှ နားမလည်ခဲ့ဘူး။ ဒါပေမဲ့ ဟုန်ယွိကို မြင်လိုက်ရတဲ့ အချိန်ကစပြီး ဒီလူဟာ ရှေးခေတ် သူတော်စင်တွေရဲ့ ဝိသေသ လက္ခဏာအချို့ ရှိနေတယ်လို့ ကျွန်မ ခံစားရတယ်။ မြို့စားမင်းအနေနဲ့ ရန်ငြိုးတွေကို ဖျောက်ပစ်ပြီး သူနဲ့ရန်သူ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်... မကြာသေးခင်ကပဲ ကျွန်မ ဟုန်ယွိရဲ့ စာအုပ်တွေကို ဖတ်ပြီး ကျင့်ဝတ်တွေကို သင်ယူခဲ့တယ်၊ အဲဒီကနေ အများကြီး သိခဲ့ရတယ်။”
“ဘာ။”
ယူလူလက်၏ စကားကို ကြားလိုက်ရသောအခါ ချန်ပီယံမြို့စားမှာ လျှပ်စီး အပစ်ခံလိုက် ရသလို ဖြစ်သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရင်သွားပြီး မျက်နှာတွင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အမူအရာ ပေါ်လာသည်။
“ယူလူလက်... မင်း ငါ့ကို သစ္စာဖောက်ရဲတယ်ပေါ့။ မင်းရဲ့ ခန္ဓာကိုယ်က ငါ့ကို သစ္စာမဖောက်သေးပေမဲ့ မင်းရဲ့ နှလုံးသားကတော့ သစ္စာဖောက်သွားပြီ” ချန်ပီယံမြို့စား၏ အသံမှာ ပြင်းထန်လာသည်။ “ငါ အသက်ရှင်လာတဲ့ တစ်လျှောက်မှာ ဘယ်မိန်းမကမှ ငါ့ကို သစ္စာမဖောက်ဖူးဘူး... မင်းက ပထမဆုံးပဲ... ကောင်းပြီ၊ အရမ်းကောင်းတယ်။”
ချန်ပီယံမြို့စား၏ ခန္ဓာကိုယ်မှ ပြင်းထန်သော သတ်ဖြတ်လိုသည့် အရှိန်အဝါများ ပေါက်ကွဲ ထွက်လာသည်။ ယူလူလက်မှာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ချန်ပီယံ မြို့စားကို ထိတ်လန့်တကြား ကြည့်နေမိသည်။
ထိုအချိန်တွင် အပြင်ဘက်မှ အေးဆေးတည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာသည်။ “အဝေးကနေ မိတ်ဆွေတစ်ယောက် ရောက်လာတာဟာ တကယ်ကို ပျော်ရွှင်စရာပါပဲ... ချန်ပီယံမြို့စား၊ မင်း ဘာလို့ ငါ့ဆီကို အလောတကြီး လာလည်နေရတာလဲ။”
ကြည်လင်သော အလင်းတန်းများ လက်ခနဲ လင်းလက်သွားခဲ့ပြီး ဟင်းလင်းပြင်တွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။ ထိုအထဲမှ ဟုန်ယွိ၏ အသံ ထွက်ပေါ်လာပြီးနောက် သူသည် လက်ထဲတွင် ဓားရှည်တစ်လက်ကို ကိုင်ဆောင်လျက် ပေါ်လာသည်။ သူ၏ နက်ရွှေရောင်သင်္ကန်းဝတ်ရုံမှာ ပညာရှိတစ်ဦး၏ ဝတ်ရုံကဲ့သို့ ရှိနေပြီး ငွေရောင်သရဖူကို ဆောင်းထားသည်။
“ဟုန်ယွိ... မင်းပဲ။”
ချန်ပီယံမြို့စားသည် အမြန်လှည့်ကြည့်လိုက်ပြီး သူ ယခုအချိန်အထိ ကြုံတွေ့ခဲ့ဖူးသမျှ အားအကောင်းဆုံး ရန်သူကို ကြည့်လိုက်သည်။ သူ၏ လက်ထဲမှ နတ်ဘုရားလှံမှာ တည့်တည့်မတ်မတ် ရှိနေပြီဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ပြင်းထန်သော အင်အားတစ်ခုက သူ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။
သေမင်းအလင်း နတ်ဘုရားလှံမှ ထွက်ပေါ်လာသော အလင်းတန်းများသည် သူ၏ ခန္ဓာကိုယ်ကို ချက်ချင်းပင် ဖုံးအုပ်သွားပြီး၊ တစ်ကိုယ်လုံးတွင် နက်မှောင်သော အရိုးခွံများ ဖြင့် ဖုံးအုပ်သွားကာ ဦးခေါင်းတွင် ဦးချိုများရှိသော ရှေးဟောင်းနတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲသွားလေသည်။
သွေးနီရောင်မျက်လုံး တစ်စုံက ဟုန်ယွိကို စိုက်ကြည့်နေပြီး ချန်ပီယံမြို့စား၏ မျက်နှာတွင် ရက်စက်ကြမ်းကြုတ်သော အမူအရာ ပေါ်လာသည်။
“ဟင်..၊ ဒါက ဘယ်လို မှော်ရတနာလဲ။” ချန်ပီယံမြို့စား ရုတ်တရက် အသွင်ပြောင်းသွား သည်ကို မြင်သောအခါ ဟုန်ယွိသည် အနည်းငယ် အံ့အားသင့်သွားပြီး သူ၏ အကြည့်မှာ စူးရှသွားသည်။
“ဒါကို မင်း မထင်ထားဘူး မဟုတ်လား။ ယွမ်တူးနိုင်ငံမှာ ငါ မင်းကို ရှုံးခဲ့ပေမဲ့ ငါ ကိုးရက် တိုင်တိုင် တရားထိုင်ခဲ့ပြီး စစ်နတ်ဘုရားရှန့်ရဲ့ စစ်မှန်တဲ့ သတ်ဖြတ်ခြင်း နည်းစနစ်ကို နားလည်ခဲ့တယ်။ အဲဒီကနေတစ်ဆင့် သေမင်းအလင်း နတ်ဘုရားလှံထဲက ကောင်းကင် အလင်းဉီးချို နတ်ဘုရားချပ်ဝတ်ကို ငါ အသက်သွင်းနိုင်ခဲ့ပြီ။ ငါ့ရဲ့ ခွန်အားတွေ အများကြီး တိုးလာခဲ့ပြီ။” ချန်ပီယံမြို့စားက သူ၏လှံဖြင့် ဟုန်ယွိကို ချိန်ရွယ်လိုက်ရာ သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် နတ်ဆိုးအရှိန်အဝါများ လည်ပတ်နေသည်။ “အခုအချိန်အထိတော့ ဟုန်ယွိ... မင်းဟာ ကံကြမ္မာက သတ်မှတ်ပေးထားတဲ့ ငါ့ရန်သူပဲဆိုတာ ငါ ဝန်ခံရလိမ့်မယ်။ ငါ မင်းကို တကယ် ချီးကျူးပါတယ်... မင်းဟာ ငါ့ကို အရှုံးပေးရအောင် လုပ်နိုင်တဲ့ ပထမဆုံးလူပဲ။ မင်းလို ရန်သူမျိုးရှိတာဟာ ငါ့ရဲ့ တိုးတက်မှုအတွက်လည်း အထောက်ကူ ဖြစ်စေတယ်။ မင်း ငါ့ကို ဒီလောက်မြန်မြန် ရှာတွေ့လိမ့်မယ်လို့ ငါ မထင်ထားဘူး။ မင်း ယူလူလက်ဆီမှာ အတွေးစ တစ်ခုခု တွယ်ကပ်ထားခဲ့တာပဲ ဖြစ်ရမယ်။ ငါ ထင်တဲ့အတိုင်းပဲ၊ ယူလူလက်က ငါ့ကို သစ္စာဖောက်ခဲ့တာပဲ...”
ချန်ပီယံမြို့စားက ဟုန်ယွိကို ကြည့်ပြီး ပြောလိုက်သည့် စကားများမှာ ပိုးအိမ်မှ ဖောက်ထွက်လာသည့် လိပ်ပြာတစ်ကောင်ကဲ့သို့ ရင့်ကျက်မူအသစ်တစ်ခုကို ဖော်ပြနေ သည်။
“အဲဒီလိုလား...” ဟုန်ယွိက ပြုံးလိုက်သော်လည်း သူ၏ စိတ်ထဲတွင် လှုပ်ရှားသွားသည်။ ကောင်းကင်အလင်းဉီးချို နတ်ဘုရားချပ်ဝတ်ကို မြင်သောအခါ သူ စိတ်လှုပ်ရှားသွားရခြင်း ဖြစ်သည်။ “မင်း တကယ်ပဲ နောက်ထပ်တစ်ကြိမ် တိုးတက်လာခဲ့တာပဲ။ ပါရမီရှင်ဆိုတဲ့ အတိုင်းပဲ။ ပြီးတော့ မင်းက အကူအညီတစ်ယောက်ကိုတောင် ဖိတ်ခေါ်လာနိုင်သေးတယ်။ ပြီးတော့ သူက မဟာကျိုးမင်းဆက်ရဲ့ မျိုးဆက် တတိယမင်းသားကျိုးပဲ ဖြစ်ရမယ်။”
“မှန်တယ်၊ အဲဒီမင်းသားပါပဲ။” တတိယမင်းသားကျိုးက ဟုန်ယွိကို အကဲခတ်လိုက်သည်။ သူ အနည်းငယ် စဉ်းစားလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် မြင့်မြတ်သော အငွေ့အသက်များ စီးဆင်းလာသည်။
“မဟာကျိုးမင်းဆက်ဟာ ပျက်သုဉ်းသွားခဲ့တာ ကြာလှပြီ။ ဒါဟာ လောကလူသားအားလုံး ရဲ့ စုပေါင်းဆန္ဒဖြစ်တဲ့ ကောင်းကင်ဘုံရဲ့ အလိုတော်ပဲ။ မင်းသား... မင်းသားက ဘာလို့ ကြိုးစားနေရသေးတာလဲ။” ဟုန်ယွိက သက်ပြင်းချလိုက်သော်လည်း သူ၏ နှလုံးသားထဲ တွင် အေးစက်သော အလင်းတန်းများ လင်းလက်သွားခဲ့သည်။ “ကြည့်ရတာ မိုးကြိုး ကပ်ဘေးတုန်းက ‘ယင်းရှာ’ကို ဝါးမျိုချင်တဲ့လူက ခင်ဗျားပဲပေါ့။ တကယ်တော့ ရှာရ ခက်နေတဲ့ အရာကို အလွယ်တကူ ရှာတွေ့လိုက်ရသလိုပဲ။ ကောင်းပြီ၊ အခုပဲ ဒီကိစ္စကို အဆုံးသတ်ကြတာပေါ့။ ကျုပ်ကို မစော်ကားရင် ကျုပ်ကလည်း ဘယ်သူကိုမှ မစော်ကား ဘူး။ ဒါပေမဲ့ ဒီလူက ကျုပ်မိန်းမကို သတ်ဖို့ ကြိုးစားခဲ့တာဆိုတော့ သူ့ကို ကျုပ် အပြတ်ရှင်း ပစ်ရမယ်။”
ဟုန်ယွိက အေးဆေးစွာ ပြောလိုက်သော်လည်း ပြင်းထန်သော သတ်ဖြတ်လိုသည့် အငွေ့သက်များမှာ အတွေးစ တစ်ခုအဖြစ် စုစည်းသွားပြီး သူ၏ ခန္ဓာကိုယ်အတွင်း တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။
ရုတ်တရက် ချန်ပီယံမြို့စား၏ မျက်လုံးများ ဝင်းလက်သွားပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ ချပ်ဝတ်မှာ တုန်ခါသွားပြီး အရိုးဆူးများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ သူ၏ လှံမှာ လည်း ပြင်းထန်စွာ လှုပ်ရှားသွားသည်။
ရှူး….။
လှံ၏ အလင်းတန်းတစ်ခုသည် အခြေလှမ်း သုံးရာကျော် အကွာအဝေးကို တိုက်ရိုက် ဖြတ်ကျော်သွားပြီး ဟုန်ယွိ၏ လည်ပင်းကို ထိုးနှက်လိုက်တော့သည်။
သူသည် ကောင်းကင်အလင်းဉီးချို နတ်ဘုရားချပ်ဝတ်ကို ဝတ်ဆင်ထားသောကြောင့် ဤလှံချက်မှာ တတိယမင်းသားကျိုးကို လုပ်ကြံစဉ်ကထက် များစွာ ပို၍ ပြင်းထန်လှသည်။