အခန်း (၃၈၉-၃၉၀)
Vol. 36 Ch. 389-390
အခန်း (၃၈၉)။
ချန်ပီယံမြို့စားက သူ၏လှံကို ထိုးနှက်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး ပျောက်ကွယ် သွားပြီး လှံနှင့် တစ်သားတည်း ဖြစ်သွားပုံရသည်။ ဟုန်ယွိ၏ လူသားအင်မော်တယ် ခန္ဓာကိုယ်၏ မျက်လုံးထဲတွင်မူ သူ၏ရှေ့မှောက်၌ ပြန့်ကားလာသော နက်မှောင်သည့် လှံဦးတစ်ခုကိုသာ မြင်တွေ့ရတော့သည်။
ထို့အပြင် အဆက်မပြတ် ကြီးထွားလာသည့် ထိုနက်မှောင်သော လှံဦးမှာ လက်ခနဲ လင်းလက်သွားပြီးနောက် မရေမတွက်နိုင်သော ဝဲဂယက်များအဖြစ် ပြောင်းလဲသွားသည်။ ၎င်းမှာ လူတစ်ဦး၏ စိတ်ဝိညာဉ်ကို စုပ်ယူတော့မည့်အလား ခံစားရစေပြီး ဟုန်ယွိမှာ လုံးဝ မလှုပ်ရှားနိုင်တော့သလို ခံစားလိုက်ရသည်။
၎င်းမှာ လှံဖျားက သူ၏စိတ်ဝိညာဉ်ကို စုပ်ယူနေသည့် ခံစားချက်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ကို လှုပ်ရှားချင်သော်လည်း လှုပ်ရှား၍ မရတော့ပေ။ အလွန်ပင် ထူးဆန်းပြီး ကြောက်မက်ဖွယ် ကောင်းသော ခံစားချက်ပင် ဖြစ်သည်။
ဤသည်မှာ လောကကြီးကို တုန်လှုပ်စေပြီး တစ္ဆေများကိုပင် ငိုကြွေးစေနိုင်သော လှံပညာ ပင် ဖြစ်သည်။
အမှန်စင်စစ် လှံရောက်လာသောအခါ ချန်ပီယံမြို့စား၏ ခန္ဓာကိုယ်မှာ ပျောက်ကွယ်သွား ခြင်း မဟုတ်ပေ။
ချန်ပီယံမြို့စား၏ အနှစ်သာရ၊ စွမ်းအင်နှင့် စိတ်ဝိညာဉ် အားလုံးကို လှံဦးပေါ်တွင် အလွန် အမင်း သိပ်သည်းလိုက်ခြင်းသာ ဖြစ်သည်။ ဤအချက်က ဟုန်ယွိ၏ အာရုံစိုက်မှုကို လုံးဝ လွဲချော်သွားစေပြီး ချန်ပီယံမြို့စား၏ ခန္ဓာကိုယ်ကို ‘မမြင်’ နိုင်တော့သည့်အထိ ဖြစ်သွားစေခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် လှံဖျားထိပ်မှ ထွက်ပေါ်လာသော ပြင်းထန်သော သိုင်းဆန္ဒ၊ အနှစ်သာရ၊ စွမ်းအင်နှင့် စိတ်ဝိညာဉ်တို့မှာ လည်ပတ်နေပြီး လူတစ်ဦး၏ စိတ်ဝိညာဉ်ကို လုံးဝ စုပ်ယူထားသည်။ ဟုန်ယွိသည် မိုးကြိုးကပ်ဘေး အဆင့်လေး ပညာရှင်တစ်ဦး ဖြစ်သော်လည်း သူ၏ အတွေးစများမှာ တုန်ခါသွားသလို ခံစားလိုက်ရသည်။
ချန်ပီယံမြို့စား၏ လှံချက်မှာ လူသားအင်မော်တယ် သိုင်းတာအို၏ လှုပ်ရှားမှုတစ်ခု ဖြစ်ပြီး သိုင်းသူတော်စင် အထွက်အထိပ်အဆင့်ကိုပင် ကျော်လွန်နေပြီ ဖြစ်သည်။
၎င်းမှာ ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်၏ အကူအညီကြောင့် ဖြစ်သည်မှာ အသေအချာပင်။ မဟုတ်လျှင် ချန်ပီယံမြို့စားသည် သိုင်းသူတော်စင် အထွက်အထိပ် အဆင့်၏ ခွန်အား၊ အရှိန်ဟုန်နှင့် စုစည်းထားသော စိတ်ဝိညာဉ် ရှိနေလင့်ကစား ဤမျှလောက် ပြင်းထန်သော လှံချက်ကို ထုတ်ဖော်နိုင်မည် မဟုတ်ပေ။
“အကန့်သတ်မဲ့ သတ်ဖြတ်ခြင်းလမ်းစဉ်”။
စစ်နတ်ဘုရားရှန့်၏ အနှိုင်းမဲ့ လှံနည်းစနစ်။
ဤလှံနည်းစနစ်မှာ မည်သည့် တစ္ဆေအင်မော်တယ်ကိုမဆို သတ်ဖြတ်နိုင်ရန် လုံလောက် သည်။ မိုးကြိုးကပ်ဘေး အဆင့်ငါး သို့မဟုတ် အဆင့်ခြောက် ပညာရှင်တစ်ဦးပင်လျှင် ခုခံရန် ခက်ခဲပေမည်။
“အရမ်း ပြင်းထန်တာပဲ။ ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်ဟာ ဒဏ္ဍာရီလာ ‘ကောင်းကင်ဘုရင် နဂါးချပ်ဝတ်’နဲ့ ယှဉ်နိုင်တဲ့ အနှိုင်းမဲ့ နတ်ဘုရားချပ်ဝတ်ပဲ ဖြစ်ရမယ်။ ချန်ပီယံမြို့စားရဲ့ လှံတိုက်ချက်က ဟုန်ရွှန်ကျိရဲ့ တိုက်ကွက်ထက်တောင် ပိုပြီး ကြောက်စရာ ကောင်းနေသေးတယ်။ တကယ်လို့ ဟုန်ရွှန်ကျိသာ သူ့သိုင်းပညာကို အပြည့်အဝ သုံးမယ်ဆိုရင် ဒီလောက်အထိ အစွမ်းထက်နိုင်ပါ့မလား ငါ သိချင်မိတယ်...”
ချန်ပီယံမြို့စား၏ လှံချက် သူ၏ထံသို့ ရောက်လာစဉ် ဟုန်ယွိ၏ စိတ်ထဲတွင် ပေါ်လာသည့် တစ်ခုတည်းသော အတွေးပင် ဖြစ်သည်။
ထို့နောက် သူ၏ ဦးခေါင်းနောက်ကွယ်တွင် ပြင်းထန်သော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ် လာပြီး ကိုးရောင်ခြည် အလင်းတန်းတစ်ခု ပျံထွက်လာသည်။ ၎င်းမှာ မဟာလေဟာနယ် လက်ဝါးအဖြစ် ပြောင်းလဲသွားပြီး ချန်ပီယံမြို့စား၏ လှံကို အားပါသော လက်ဝါးချက်ဖြင့် ဆီးကြိုတိုက်ခိုက်လိုက်သည်။
၎င်းမှာ အန္တရာယ်ကို အလိုအလျောက် အာရုံခံနိုင်ပြီး၊ ကိုယ့်ကိုယ်ကို ကာကွယ်ပေးနိုင်သည့် မဟာလေဟာနယ်လက်ဝါးပင် ဖြစ်သည်။
ဗြိ…၊ ဗြိ…။
ဖန်သားပြင်ကဲ့သို့ တောက်ပနေသော မဟာလေဟာနယ်လက်ဝါးမှာ သေမင်းအလင်း နတ်ဘုရားလှံ၏ ထိပ်ဖျားနှင့် ထိတွေ့လိုက်သည်နှင့် အက်ကွဲသံများ ထွက်ပေါ်လာပြီး နောက် အဝတ်စုတ်များ ဆုတ်ဖြဲခံရသည့်အသံမျိုး မြည်လာသည်။
ဝုန်း…။
ထိတ်လန့်ဖွယ်ကောင်းသည်မှာ မဟာလေဟာနယ်လက်ဝါးမှာ လုံးဝ ဆုတ်ဖြဲခံလိုက်ရခြင်း ပင်။
‘မဟာအောင်မြင်မှု’ အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော မဟာလေဟာနယ်လက်ဝါးသည် မိုးကြိုးကပ်ဘေး အဆင့်သုံး ပညာရှင်တစ်ဦးကို လုံးဝ ယှဉ်နိုင်စွမ်း ရှိသည်။ ၎င်းသည် ဂွန်ယန်ယု၏ ဆေဘာခုတ်ပိုင်းချက်ကိုပင် အချိန်အတော်ကြာ တောင့်ခံနိုင်ခဲ့သည်။ သို့သော် ချန်ပီယံမြို့စား၏ ‘အကန့်သတ်မဲ့ သတ်ဖြတ်ခြင်းလမ်းစဉ်’ လှံချက်ကိုမူ မခုခံနိုင်ခဲ့ ပေ။
ဆုတ်ဖြဲခံလိုက်ရသော မဟာလေဟာနယ်လက်ဝါးမှာ အလင်းကွင်း ကိုးကွင်းအဖြစ် ပြန်လည် ပြောင်းလဲသွားပြီး ဟုန်ယွိ၏ ဦးခေါင်းနောက်သို့ ပျံဝင်သွားသည်။
ချန်ပီယံမြို့စား၏ လှံအရှိန်ဟုန်မှာ လျော့နည်းမသွားပေ။ လှံဖျားက ဟုန်ယွိကို သေအောင် မထိုးရမချင်း ရပ်တန့်မည့်ပုံ မပေါ်ဘဲ ဆက်လက် ထိုးနှက်လာသည်။
“မဟာကျိနတ်ဘုရားဆေဘာ... စစ်နတ်ဘုရားရဲ့ အမှန်တရားလမ်းစဉ်...”
ဝိန်း၊ ဝိန်း၊ ဝိန်း... ရှေးဟောင်း စစ်နတ်ဘုရားတစ်ပါး နိုးထလာသည့်အသံမျိုး မြည်လာ သည်။ ‘မဟာကျိနတ်ဘုရားဆေဘာ’ကို ကိုင်ဆောင်ထားသော စစ်နတ်ဘုရားသည် ဟုန်ယွိ၏ ရှေ့မှောက်သို့ ဆင်းသက်လာသည်။ သူ၏ဆေဘာကြီးမှာ ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ချန်ပီယံမြို့စား၏ ဦးခေါင်းဆီသို့ ခုတ်ပိုင်းလိုက်သည်။
စစ်နတ်ဘုရား၏ အစွမ်းထက်လှသော ဆေဘာအလင်းတန်းမှာ ကြယ်တံခွန်၏ အမြီးကဲ့သို့ ရှည်လျားသော အလင်းတန်းကြီးအဖြစ် ကျန်ရစ်ခဲ့သည်။ ထိုဆေဘာအလင်းတန်း၏ အမြီး ကို မြင်ရသူ မည်သူမဆို တားဆီးဝံ့မည် မဟုတ်ပေ။
ဟုန်ယွိ၏ မဟာလေဟာနယ်လက်ဝါးက လှံအရှိန်ဟုန်ကို တားဆီးလိုက်သည့် တစ်ခဏ အတွင်း သူ၏စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီး စစ်နတ်ဘုရား၏ ‘အစစ်မှန် ဝိညာဉ်’ ကို ပုံဖော်လိုက်ခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဟုန်ယွိသည် အသက်ပြင်းပြင်း နှစ်ချက် ရှူလိုက်သည်။ သူ၏ ဦးခေါင်းနောက်ကွယ်မှ အလင်းကွင်းများမှာ ပြန်လည် တည်ငြိမ်သွားပြီး ပျက်စီးမှုများမှ ပြန်လည် ကောင်းမွန်လာသည်။ သူ၏ ခွန်အားများ ပြန်လည်ပြည့်ဝလာသည်နှင့် သူသည် လေထဲသို့ ခုန်တက်လိုက်သည်။
၎င်းမှာ သူသည် ‘အတိတ်ကျမ်း’ နှင့် ‘အနာဂတ်ကျမ်း’ တို့ကို လေ့ကျင့်ထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့်သာ မဟာလေဟာနယ်လက်ဝါး တိုက်ထုတ်ခံရပြီးနောက် အလင်း လှိုင်းများကို အလျင်အမြန် တည်ငြိမ်စေပြီး သူ၏ နတ်ဘုရားစွမ်းအားကို ချိန်ညှိနိုင်ခဲ့ခြင်း ဖြစ်သည်။
မဟုတ်လျှင် အိမ်ရှေ့စံမင်းသား ယန်ယွမ်ပင်လျှင် မဟာလေဟာနယ်လက်ဝါး ဖျက်ဆီးခံရ ပါက ပြန်လည်ချိန်ညှိရန် နာရီပေါင်းများစွာ ကြာပေလိမ့်မည်။ အသက်တစ်ရှူအတွင်း ပြန်လည် ကောင်းမွန်ပြီး ကောင်းကင်သို့ ပျံတက်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
ဟုန်ယွိ ကောင်းကင်သို့ ပျံတက်သွားစဉ် စစ်နတ်ဘုရား၏ ကြယ်တံခွန်အမြီးကဲ့သို့ တောက်ပလှသော ဆေဘာအလင်းတန်းကြီးကို မြင်လိုက်ရသည်။ တောက်ပသော ဆေဘာအလင်းမှာ ချန်ပီယံမြို့စား၏ ဦးခေါင်းပေါ်သို့ ခုတ်ပိုင်းချလိုက်သည်။
တစ်ချိန်တည်းမှာပင် ချန်ပီယံမြို့စား၏ လှံသည် စစ်နတ်ဘုရား၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားသည်။
သူတို့နှစ်ဦးလုံး အပြန်အလှန် ထိမှန်သွားကြသည်။
“ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်က အဲဒီလောက်ကြီး အစွမ်းထက်လိမ့်မယ် လို့ ငါ မယုံဘူး။ စစ်နတ်ဘုရားရဲ့ ဆေဘာအလင်းဟာ ဘယ်အရာမဆို ဖျက်ဆီးနိုင်တယ်၊ ပြီးတော့ အဲဒီထဲမှာ ကျိမင်းဆက်ရဲ့ လေးလံမူနဲ့ ထက်မြက်မှုတွေ ပါဝင်နေတာ။ ချပ်ဝတ် ပေါ်ကို ခုတ်ပိုင်းချလိုက်တာတောင် မင်းကို မလှုပ်ခါနိုင်ဘူးလား။”
ဤမြင်ကွင်းကို မြင်သောအခါ ဟုန်ယွိ စိတ်ထဲတွင် တွေးလိုက်မိသည်။
သို့သော် နောက်ဆက်တွဲ ဖြစ်ပျက်လာသော အရာများက ဟုန်ယွိ၏ ထင်မြင်ချက်ကို လွဲချော်သွားစေသည်။
‘မဟာကျိနတ်ဘုရားဆေဘာ’၏ ဆေဘာအလင်းမှာ ဟင်းလင်းပြင်ကို ဖြတ်သန်းသွားပြီး၊ ချန်ပီယံမြို့စား၏ ဦးခေါင်းပေါ်သို့ ရောက်သောအခါ မီးပွားများ ပေါက်ကွဲထွက်လာရုံသာ ဖြစ်ပေါ်လာပြီး၊ သံမဏိဓားတစ်လက်က စိန်တုံးကို ခုတ်ပိုင်းလိုက်သည့်အလား အမှတ် အသားလေး တစ်ခုတောင် မကျန်ရစ်ခဲ့ပေ။
စစ်နတ်ဘုရားဓား၏ ဆေဘာအလင်းက ခုတ်ပိုင်းချလိုက်လျှင် သံ သို့မဟုတ် သမဏိတုံး တစ်တုံးပင် ဖြစ်ပါစေ၊ တို့ဖူးတုံးကဲ့သို့ အလွယ်တကူ အပိုင်းပိုင်း ပြတ်သွားမည် ဖြစ်သည်။
ထို့နောက် ချန်ပီယံမြို့စား၏ လှံမှာ တုန်ခါသွားသည်။
ဘုန်း…။
စစ်နတ်ဘုရားမှာ လှံချက်ကြောင့် ပေါက်ကွဲပျက်စီးသွားပြီး သွေးမိုးများအဖြစ် ပြောင်းလဲ သွားသည်။
ဝုန်း.. ခနဲအသံနှင့်အတူ ချန်ပီယံမြို့စားသည် သွေးမိုးများကြားမှ ထွက်ပေါ်လာသည်။ သူ၏ သွေးနီရောင်မျက်လုံး တစ်စုံက ဟုန်ယွိကို စိုက်ကြည့်နေပြီး သူ၏ခန္ဓာကိုယ်ပေါ်မှ အရိုးဆူး များမှာ ပို၍ပင် ကြောက်စရာကောင်းလာသည်။ သူသည် အလွန်ပင် မောက်မာရိုင်းစိုင်း နေပုံရသည်။
သူသည် မြေပြင်ကို ခြေတစ်ဖက်ဖြင့် ခပ်ဖွဖွ ဆောင့်နင်းလိုက်သည်။
ဝုန်း...၊ မြေပြင်မှာ တုန်ခါသွားပြီး ချန်ပီယံမြို့စားသည် အနက်ရောင် မျဉ်းတစ်ကြောင်း အဖြစ် ပြောင်းလဲသွားကာ လေထဲတွင် ဟုန်ယွိနောက်သို့ လိုက်လံတိုက်ခိုက်တော့သည်။ လှံသိုင်းပညာက ပေါက်ကွဲထွက်လာပြီး သူသည် အချက်ပေါင်း ၃၀၀ ကျော် အဆက်မပြတ် ထိုးနှက်တိုက်ခိုက်သည်။
လှံရိပ်များမှာ ကောင်းကင်တွင် ဝေဝေဝါးဝါး အစီအရင်တစ်ခုအဖြစ် ဖွဲ့စည်းသွားပြီး ကြီးမားသော သိုင်းဆန္ဒက ဟုန်ယွိကို လုံးဝ လွှမ်းခြုံသွားသည်။
ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်မှာ ချန်ပီယံမြို့စား၏ ခန္ဓာကိုယ်နှင့် လုံးဝ တစ်သားတည်း ဖြစ်နေသည်။ ၎င်းမှာ လေထဲတွင် အထက်အောက် စိတ်ကြိုက် ပျံသန်း နေပြီး သူ၏အရိပ်ပင် လေထဲတွင် မလှုပ်မယှက် ကျန်ရစ်ခဲ့ရလောက်အောင် မြန်ဆန်လှ သည်။
အရိပ်မှာ ထိုနေရာတွင် ရှိနေဆဲ ဖြစ်သော်လည်း ချန်ပီယံမြို့စားမှာမူ အခြားတနေရာသို့ လွင့်ပျံသွားခဲ့ပြီ ဖြစ်သည်။
ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်မှာ ဤအဆင့်တွင် ကြောက်စရာကောင်း လောက်အောင် မြန်ဆန်လှသည်။
“ပစ္စုပ္ပန်ဗုဒ္ဓ... ပစ္စုပ္ပန်ဗုဒ္ဓလက်ဝါး... ဉာဏ်ပညာ လက်သီးတံဆိပ်...” ကောင်းကင်အလင်း ဦးချို နတ်ဘုရားချပ်ဝတ်ကို အားကိုးပြီး တိုက်ခိုက်လာသော ချန်ပီယံမြို့စားကို ရင်ဆိုင်ရ သော်လည်း ဟုန်ယွိမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။ စုစုပေါင်း ၉,၉၉၉ ခုရှိသော အတွေး အပိုင်းစများမှာ သူ၏ခန္ဓာကိုယ်မှ ပျံထွက်လာပြီး အနည်းငယ် ပေါင်းစပ်လိုက်သည်နှင့် ကောင်းကင်တွင် တထာဂတ ဗုဒ္ဓ၏ အစစ်မှန် ခန္ဓာကိုယ်အဖြစ် ဖွဲ့စည်းသွားသည်။
ဤတထာဂတ ဗုဒ္ဓသည် လေထဲတွင် ပေါ်လာသည်နှင့် သူ၏ ခန္ဓာကိုယ်ပေါ်မှ အပ်စိုက်မှတ် ၁၀၈ ခုမှာ အဆက်မပြတ် လက်ခနဲ ဖြစ်သွားသည်။
ဤအပ်စိုက်မှတ် ၁၀၈ ခုမှာ ‘ပစ္စုပ္ပန်ဗုဒ္ဓကျမ်း’ တစ်ဝက်တွင် မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ အပ်စိုက်အမှတ်များ ဝင်းလက်သွားသည်နှင့် ကောင်းကင်နှင့် မြေကြီးကြားမှ တစ်စုံတစ်ခု ပွင့်သွားသကဲ့သို့ အားကောင်းသော အမည်မသိ စွမ်းအားတစ်ခုမှာ ပြင်းထန် စွာ စီးဆင်းလာကာ ပစ္စုပ္ပန်ဗုဒ္ဓ၏ ခန္ဓာကိုယ်ကို အပြည့်အဝ ဖြည့်တင်းပေးလိုက်ပြီး၊ ပစ္စုပ္ပန် ဗုဒ္ဓမှာ ပြည့်ဖြိုးပြီး ခိုင်မာကာ ထုထည်အပြည့် ရှိနေသည်။
ဝုန်း…
အပ်စိုက်မှတ်နေရာများကို ဖွင့်လိုက်ပြီးနောက် ပစ္စုပ္ပန်ဗုဒ္ဓသည် ကောင်းကင်ကြယ်တာရာ များနှင့် မြေကြီး၏ အစွမ်းများကို ရရှိလိုက်သည်။ ယခုအခါ ပစ္စုပ္ပန်ဗုဒ္ဓ၏ စွမ်းအားမှာ အထွဋ်အထိပ်သို့ ရောက်ရှိသွားပြီဖြစ်ရာ ပြင်းထန်စွာ ဆင်းသက်လာပြီး ‘ဉာဏ်ပညာ လက်သီးတံဆိပ်’ဖြင့် ချန်ပီယံမြို့စားကို မိုင်ပေါင်းများစွာ အဝေးအထိ ရိုက်ထုတ်လိုက် တော့သည်။
ဤပြင်းထန်လှသော လက်ဝါးချက်မှာ မီးတောင်ပေါက်ကွဲမှုကဲ့သို့ ကောင်းကင်နှင့် မြေကြီး ကို တုန်ခါသွားစေသည်။
ပစ္စုပ္ပန်ဗုဒ္ဓ နတ်ဘုရား စိတ်ဝိညာဉ်မှာ ‘ပစ္စုပ္ပန်ဗုဒ္ဓလက်ဝါး’ မှ စုစည်းလာခြင်းဖြစ်ပြီး ၎င်း၏ စွမ်းအားမှာ ဤမျှအဆင့်အထိ ရောက်ရှိသွားခြင်း ဖြစ်သည်။
“ကံမကောင်းတာက မင်းဟာ ‘ပစ္စုပ္ပန်ဗုဒ္ဓကျမ်းစာ’ တစ်ခုလုံးကို မရထားတာ သေချာ တယ်၊ ပြီးတော့ မင်းက ဒီတိုက်ကွက်တစ်ခုတည်းကိုပဲ သိထားတယ်။ တကယ်လို့ မင်းသာ ‘ပစ္စုပ္ပန်ဗုဒ္ဓကျမ်းစာ’ ရဲ့ တံဆိပ်တော်တွေနဲ့ အပ်စိုက်မှတ်နေရာ အားလုံးကို ကျင့်ကြံထား ပြီး ဒီ‘နတ်ဘုရား သန္ဓေသား’ကို ကြီးထွားအောင် လုပ်နိုင်ခဲ့မယ်ဆိုရင် ငါ ကောင်းကင် အလင်းဦးချို နတ်ဘုရားချပ်ဝတ်ကို ဝတ်ထားရင်တောင် မင်းကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အခု မင်းရဲ့စိတ်ဝိညာဉ်က ‘ပစ္စုပ္ပန်ဗုဒ္ဓကျမ်းစာ’ ကို အတုယူထားရုံပဲ ရှိတာ၊ မင်းက ငါ့ရဲ့ ပြိုင်ဘက် ဖြစ်နိုင်ပါ့ဦးမလား။”
ပစ္စုပ္ပန်ဗုဒ္ဓ၏ ပြင်းထန်သော စွမ်းအားကြောင့် နောက်သို့ လွင့်စဉ်သွားပြီးနောက် ချန်ပီယံ မြို့စားက အော်ပြောလိုက်သည်။ သူသည် လုံးဝ အထိအခိုက် မရှိပေ။
ကြည့်ရသည်မှာ လောကတွင် မည်သည့်အရာကမျှ သူ့ကို မထိခိုက်နိုင်သကဲ့သို့ပင်။
အော်ပြောသံနှင့်အတူ ချန်ပီယံမြို့စားသည် သူ၏လှံကို တည့်တည့်မတ်မတ် ကိုင်လိုက်ပြီး သူ၏ခန္ဓာကိုယ်မှာ တောက်ပနေသော အနက်ရောင် အလင်းတန်းကြီးအဖြစ် ပြောင်းလဲ ကာ နောက်တစ်ကြိမ် ရှေ့သို့ ထိုးနှက်လာပြန်သည်။
“ကောင်းကင်ပြိုလဲ မြေကြီးအက်ကွဲ”၊ “ကျယ်ပြောကောင်းကင် လောင်ကျွမ်းမီး”၊ “ကခုန် နေသောနေမီးလျှံ”၊ “သက်တန့်ရှည် နေမင်းထိုးဖောက်”၊ “ကောင်းကင်ချောက် ကမ်းပါး နတ်ဘုရားအလင်း”၊ “ငရဲကိုးထပ် ကျောက်စိမ်းရေတံခွန်”နှင့် “အဆုံးမဲ့ သေဆုံးခြင်း လမ်းစဉ်”။
ချန်ပီယံမြို့စားသည် အရှိန်ပြင်းပြင်းဖြင့် ပြေးဝင်လာစဉ်မှာပင် သေမင်းအလင်း နတ်ဘုရား လှံ၏ သတ်ဖြတ်ခြင်းဗျူဟာ ခုနစ်သွယ်ကို တစ်ပြိုင်နက်တည်း အသုံးပြုလိုက်သည်။
သူ၏ လှံနည်းစနစ်ထဲမှ သတ်ဖြတ်ခြင်းဗျူဟာ ခုနစ်သွယ်မှာ တစ်ခုနှင့်တစ်ခု ချိတ်ဆက် နေပြီး အပြည့်အဝ ဖော်ပြနေသည်။ ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်၏ ပြင်းထန်သော စွမ်းအားနှင့်အတူ ကြီးမားလှသော သိုင်းဆန္ဒ၊ သတ်ဖြတ်လိုသော စိတ်ဆန္ဒ တို့မှာ ဟင်းလင်းပြင်ကို ဖုံးလွှမ်းသွားသည်။ နောက်ဆုံးတွင် ၎င်းတို့မှာ အမှတ်တစ်ခု တည်းတွင် စုစည်းသွားပြီး ဟုန်ယွိ၏ ဝိညာဉ်မှ ပြောင်းလဲထားသော ပစ္စုပ္ပန်ဗုဒ္ဓ၏ လက်ဝါး ကို ဖောက်ထွက်သွားတော့သည်။
အခန်း..(၃၉၀)။
ဖျစ်….၊ ဖျစ်….။
မြေပြိုသကဲ့သို့ပင် အတွေးစ ၉,၉၉၉ ခုဖြင့် ဖွဲ့စည်းထားသော ပစ္စုပ္ပန်ဗုဒ္ဓမှာ ပြိုကျပျက်စီး သွားပြီး မရေမတွက်နိုင်သော ကြည်လင်တောက်ပသည့် အလင်းကိုယ်ထည်များအဖြစ် ပြောင်းလဲသွားသည်။ ဝုန်းခနဲ အသံနှင့်အတူ ၎င်းမှာ အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားသည်။ မည်သည့်နေရာကို ရောက်သွားမှန်း မည်သူမှ မသိနိုင်ပေ။
သို့သော် ချန်ပီယံမြို့စားသည် ဤအသေးအဖွဲကိစ္စကို ဂရုမစိုက်ပေ။ အမှန်တော့ သူ ဂရုစိုက်ရန်လည်း အချိန်မရှိပေ။ သူ၏ ပစ်မှတ်မှာ ဟုန်ယွိ၏ ခန္ဓာကိုယ် ဖြစ်သည်။
ပစ္စုပ္ပန်ဗုဒ္ဓကို အနိုင်ယူပြီးနောက် ချန်ပီယံမြို့စား၏ ခန္ဓာကိုယ်ပေါ်မှ အရိုးဆူးများမှာ ပြင်းထန်စွာ တုန်ခါသွားသည်။ ဝုန်း! ဝုန်း! ၎င်းမှာ နတ်နဂါးတစ်ကောင်က ကောင်းကင်တွင် သူ၏ အကြေးခွံများကို ခါယမ်းလိုက်သဖြင့် လေပြင်းများ၊ တိမ်တိုက်များနှင့် မိုးကြိုးများ ထွက်ပေါ်လာသကဲ့သို့ ပြင်းထန်သော တုန်ခါမူကို ဖြစ်ပေါ်စေသည်။
အရိုးဆူးများ ဤသို့ တုန်ခါသွားသည်နှင့်အတူ ချန်ပီယံမြို့စား၏ သေမင်းအလင်း နတ်ဘုရားလှံက နောက်တစ်ကြိမ် ချိန်ရွယ်လိုက်ပြီး လုံးဝ ဖြောင့်တန်းနေသော အနက်ရောင် မျဉ်းတစ်ကြောင်းအဖြစ် ဟုန်ယွိကို တိုက်ခိုက်လိုက်သည်။
“လာစမ်း”
ဟုန်ယွိကလည်း ဟစ်ကြွေးလိုက်ပြီး သူ၏ဦးခေါင်းနောက်ကွယ်မှ သက်တန့် အလင်းကွင်း မှာ ပို၍ ကျယ်ပြန့်လာသည်။ သူသည် သူ၏ခန္ဓာကိုယ်ကို တွန်းအားပေးကာ သူ၏ဓားကို တည့်မတ်အောင် ကိုင်လိုက်ပြီး ချန်ပီယံမြို့စား၏ လှံဦးကို တိုက်ရိုက် ဆီးကြို တိုက်ခိုက် လိုက်သည်။
သူသည် မူလက သိုင်းပညာ အတွေ့အကြုံ မလုံလောက်ခဲ့သော်လည်း လုပ်ကြံသတ်ဖြတ် သူများခန်းမတွင် တခဏာသာ လေ့ကျင့်ပြီးနောက် လှံလမ်းစဉ်၏ သိမ်မွေ့မှုများကို မြင်တွေ့ခဲ့ရသည်။ သူ၏သိုင်းဆန္ဒမှာ တဖြည်းဖြည်း ပိုမို ခိုင်မာလာခဲ့ပြီး ယခုရက်ပိုင်း အတွင်း အများကြီး တိုးတက်လာခဲ့သည်။ ယခုအခါ လူသားအင်မော်တယ် ခန္ဓာကိုယ်ပွား ၏ အကူအညီဖြင့် သူသည် ချန်ပီယံမြို့စားနှင့် ကောင်းကောင်းကြီး ယှဉ်ပြိုင်တိုက်ခိုက် နိုင်ပြီ ဖြစ်သည်။
ချန်ပီယံမြို့စား၏ သိုင်းပညာ အတွေ့အကြုံမှာ ဟုန်ယွိထက် ပို၍ ကြွယ်ဝလှသည်။ ဤသည်မှာ ဟုန်ယွိကိုယ်တိုင်ပင် ဝန်ခံရမည့် အချက်ပင် ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်...
ဓားနှင့်လှံတို့မှာ လေထဲတွင် ထိပ်တိုက် တွေ့ဆုံသွားကြသည်။
ဓားနှင့်လှံ တွေ့ဆုံရာဗဟိုချက်မှ အက်ကွဲကြောင်းများ စတင်ပြန့်နှံ့သွားသည်။ လူသား အင်မော်တယ် နှစ်ဦး ထိပ်တိုက်တွေ့ဆုံမှု၏ စွမ်းအားမှာ အနှိုင်းမဲ့ စကြဝဠာကြီး၏ အကာအကွယ်ကိုပင် ဆုတ်ဖြဲပစ်တော့မည့်အလား ရှိနေသည်။
ဟုန်ယွိတွင် အစစ်မှန် လူသားအင်မော်တယ် စွမ်းအား ရှိသော်လည်း ချန်ပီယံမြို့စားမှာမူ ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်၏ စွမ်းအားကို အားကိုးနေခြင်း ဖြစ်သည်။ သူတို့နှစ်ဦးလုံးသည် လူသားအင်မော်တယ် စွမ်းအားကို ပိုင်ဆိုင်နေကြသည်။
လှံနှင့် ဓားမှာ အကြိမ်ပေါင်း ထောင်ချီ၍ တွေ့ဆုံမိကြပြီး လေထဲတွင် အက်ကွဲကြောင်းများ တစ်ခုပြီးတစ်ခု ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သူတို့၏ ခန္ဓာကိုယ်များမှာ နောက်သို့ လွင့်စဉ်သွားကာ ဟန်ချက်ပျက်သွားကြသည်။
ဟုန်ယွိမှာ နောက်သို့ သုံးလေးမိုင်ခန့် လွင့်စဉ်သွားပြီး ချန်ပီယံမြို့စားမှာမူ လေးငါးမိုင်ခန့် လွင့်စဉ်သွားသည်။
ရှူး...
ဟုန်ယွိသည် လေထဲတွင် ဟန်ချက်ပြန်ထိန်းလိုက်ပြီးနောက် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။ ဤသို့ အသက်ရှူလိုက်ခြင်းဖြင့် သူ၏ ခွန်အားများကို ချက်ချင်း ပြန်လည် ရရှိလိုက်သည်။ သူ၏ လူသားအင်မော်တယ် ခန္ဓာကိုယ်ပင်လျှင် ခုနက ထိပ်တိုက်တွေ့ဆုံမှု ကို မခံနိုင်ဘဲ အသက်ရှူသွင်းရန် လိုအပ်နေခြင်း ဖြစ်သည်။
သို့သော် သူ အသက်ရှူနေစဉ်မှာပင် ချန်ပီယံမြို့စားသည် အနက်ရောင် မျဉ်းတစ်ကြောင်း အဖြစ် ပြောင်းလဲကာ တိုက်ခိုက်လာပြန်သည်။
စူးရှလှသော လှံဆန္ဒ၊ ‘အကန့်သတ်မဲ့ သတ်ဖြတ်ခြင်းလမ်းစဉ်’၊ လှံဖျားတွင် ပြန့်ကားလာ သော အနက်ရောင် အမှတ်အသား၊ စိတ်ဝိညာဉ်ကို စုပ်ယူမည့် သိုင်းဆန္ဒနှင့် လှံ၏ စိတ်ဝိညာဉ်တို့မှာ ဟုန်ယွိ၏ မျက်လုံးထဲတွင် နောက်တစ်ကြိမ် ပေါ်လာပြန်သည်။
“သူက ဘာလို့ အသက်ရှူသွင်းပြီး ခွန်အား ပြန်ဖြည့်ဖို့ မလိုအပ်တာလဲ။ ကောင်းကင် အလင်းဦးချို နတ်ဘုရားချပ်ဝတ်က တကယ်ပဲ အဲဒီလောက်ကြီး အစွမ်းထက်တာလား။”
ဟုန်ယွိ အံ့အားသင့်သွားသည်။ ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်ကို ဝတ်ဆင် ထားပြီးနောက် သူ၏ခွန်အားများမှာ အသက်ရှူသွင်းရန်ပင် မလိုလောက်အောင် အလျင်အမြန် ပြန်လည်ပြည့်ဝလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“ဒါဆိုရင်လည်း...”
ချန်ပီယံမြို့စား၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ ဟုန်ယွိသည် ရုတ်တရက် ခုန်တက် လိုက်ပြီး သူ၏ခန္ဓာကိုယ် တစ်ခုလုံးကို မဟာလေဟာနယ်လက်ဝါးဖြင့် တွန်းအားပေးကာ အလွန်ပါးလွှာသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး အဝေးသို့ အရှိန်ပြင်းပြင်းဖြင့် ပျံထွက်သွားတော့သည်။
“မင်းက ထွက်ပြေးချင်တာလား။ ကောင်းကင်အလင်းဦးချို ချပ်ဝတ်ထက် ပိုမြန်အောင် မင်း ပျံနိုင်မယ် ထင်လို့လား။”
ချန်ပီယံမြို့စားက သူ၏လှံချက်မှာ ဟုန်ယွိကို မထိမှန်သောအခါ နှာခေါင်းရှုံ့လိုက်သည်။ သူသည်လည်း ခုန်တက်လိုက်ပြီး သူ၏ခန္ဓာကိုယ်မှာ အနက်ရောင် မျဉ်းတစ်ကြောင်းအဖြစ် ပြောင်းလဲကာ နောက်မှ ထပ်ကြပ်မကွာ လိုက်လံတိုက်ခိုက်တော့သည်။
“ဒီလူက အဲဒီနေ့က မိုးကြိုးကပ်ဘေးကို ရင်ဆိုင်ခဲ့တဲ့သူပဲ။ ဒါဆို သူက မိုးကြိုးကပ်ဘေး အဆင့်လေးကို ကျော်ဖြတ်ထားတာပေါ့၊ ပြီးတော့ သူက အဲလောက်မြန်မြန် ပြန်ကောင်း လာတယ်။ ‘ပစ္စုပ္ပန်ဗုဒ္ဓကျမ်း’ ၊ ဒါ ‘ပစ္စုပ္ပန်ဗုဒ္ဓကျမ်း’ပဲ။ လုံးဝ မမှားနိုင်ဘူး။ ဒါဆို အဲဒီလူက ဟုန်ယွိပေါ့၊ အဲဒါဆိုရင်တော့ သူ့ကို ငါ သတ်ရမယ်။ ဟွန့်…”
တတိယမင်းသားကျိုးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး မြေပြင်ကို ဆောင့်နင်းကာ သူ၏ခန္ဓာကိုယ်မှာ သက်တန့်တစ်ခုအဖြစ် ပြောင်းလဲပြီး နောက်မှ လိုက်သွားတော့သည်။
ခုနက ဟုန်ယွိနှင့် ချန်ပီယံမြို့စားတို့၏ တိုက်ခိုက်မှုမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့နှစ်ဦးလုံးမှာ ပျံထွက်သွား ကြပြီ ဖြစ်သည်။ တတိယမင်းသားကျိုးမှာ ထိပ်တန်းပညာရှင်၊ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူသည် ချန်ပီယံမြို့စားနှင့် ပူးပေါင်းရန် ပြင်ဆင်နေသော်လည်း ဟုန်ယွိ၏ ‘ပစ္စုပ္ပန်ဗုဒ္ဓ’ ပေါ်လာသောအခါ သူ ချက်ချင်းပင် တည်ငြိမ်သွားခဲ့သည်။
သူတို့နှစ်ဦး ပျံထွက်သွားပြီးနောက်မှ သူသည် ပြင်းထန်စွာ လိုက်လံတိုက်ခိုက်တော့ခြင်း ဖြစ်သည်။
အသေအချာပင် သူသည် ဟုန်ယွိကို မှတ်မိသည်။ သူသည် ထိုနေ့က မိုးကြိုးကပ်ဘေးတွင် ရင်ဆိုင်ခဲ့သူပင် ဖြစ်သည်။
“မင်း ပြေးလွတ်နိုင်မယ် ထင်နေလား။”
“ကောင်းကင်ပြိုလဲ မြေကြီးအက်ကွဲ၊ စစ်နတ်ဘုရား သူရဲကောင်းဝိညာဉ်... ဆန်းကြယ်သော မူလနတ်ဘုရားအလင်း၊ ကောင်းကင်ဦးချို နတ်ဘုရားချပ်ဝတ်...”
ရောင်စုံအလင်းတန်းတစ်ခုမှာ ကောင်းကင်တွင် ရှေ့ကနေ အရှိန်အဟုန်ဖြင့် ပျံသန်းနေပြီး အနက်ရောင် မျဉ်းတစ်ကြောင်းမှာ နောက်မှ လိုက်လံတိုက်ခိုက်နေကာ ပို၍ ပို၍ နီးကပ် လာသည်။ အသေအချာပင် ချန်ပီယံမြို့စားသည် နောက်မှ လိုက်နေခြင်းဖြစ်ပြီး ဟုန်ယွိ သည် ရှေ့မှ ထွက်ပြေးနေခြင်း ဖြစ်သည်။ သူတို့နှစ်ဦးမှာ မည်မျှ အကွာအဝေးအထိ ပျံသန်းခဲ့သည်ကို မသိနိုင်ဘဲ တစ်ဦးနှင့်တစ်ဦး လိုက်တမ်းပြေးတမ်း ကစားနေကြသည်။
တစ်နာရီပြည့်သောအခါ ချန်ပီယံမြို့စားသည် ကောင်းကင်အလင်းဦးချို နတ်ဘုရား ချပ်ဝတ်၏ စွမ်းအားအားလုံးကို အသုံးပြုလိုက်သည်။ သူ၏ချပ်ဝတ်ပေါ်မှ အရိုးဆူးများမှာ အဆက်မပြတ် တုန်ခါနေပြီး ပြုတ်ကျတော့မည့်အလား အသံများ မြည်နေသည်။ သူ၏ အရှိန်မှာလည်း ရုတ်တရက် တိုးလာသည်။
ဤသို့ဖြင့် သူသည် ဟုန်ယွိ၏ နောက်နားသို့ ကပ်သွားတော့သည်။
ကောင်းကင်တွင် ဟုန်ယွိကို လိုက်မှီသွားသည်နှင့် ချန်ပီယံမြို့စားမှာ စစ်ဝံပုလွေ တစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်သည်။ ထို့နောက် သူ၏လှံဖြင့် ဟုန်ယွိ၏ ကျောပြင် ကို ထိုးနှက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသော မဟာလေဟာနယ် လက်ဝါး၏ ရောင်စုံအလင်းတန်းမှာ လှံ၏ အရှိန်အဝါကြောင့် ပျက်ပြယ်သွားတော့သည်။
လှံသည် မဟာလေဟာနယ်လက်ဝါး၏ အကာအကွယ်ကို ဖောက်ထွက်ပြီး ဟုန်ယွိ၏ ခန္ဓာကိုယ်ကို ထိုးမိတော့မည့် အချိန်မှာပင် ဟုန်ယွိသည် ရုတ်တရက် ရှေ့သို့ အရှိန်ပြင်းပြင်း ဖြင့် တိုးထွက်လိုက်သည်။ ကြည်လင်သော အလင်းတန်းတစ်ခု ပေါ်လာပြီး သူ၏ခန္ဓာကိုယ် တစ်ခုလုံးမှာ စကြာဝဠာအိတ်ထဲသို့ ဝင်သွားတော့သည်။
“ဟင်… မင်းက ငါ့ကို စကြာဝဠာအိတ်ထဲကို ဆွဲခေါ်ချင်တာလား။ အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ကောင်းကင်အလင်း နတ်ဘုရားချပ်ဝတ်က ငါ့စိတ်ကြိုက် လှုပ်ရှားနိုင်တာ။ ငါ ကြိုက်တဲ့အချိန် ဝင်ထွက်နိုင်သလို၊ ကြိုက်တဲ့အချိန် ရပ်တန့်နိုင်တယ်။” ချန်ပီယံမြို့စား သည် သူ၏ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး လေထဲတွင် ရပ်တန့်လိုက်သည်။
ထို့နောက် သူ၏ မျက်ကြည်လွှာမှာ လက်ခနဲ ဖြစ်သွားပြီး ချပ်ဝတ်၏ မျက်ကြည်လွှာမှ သွေးရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ထိုခဏမှာပင် သူသည် မိုင်ပေါင်းများစွာ ကျယ်ပြန့်သော ဟင်းလင်းပြင်အတွင်းတွင် ဟိုဟို ဒီဒီ သွားလာနေသော မထင်မရှား စိမ်းဖန့်ဖန့် အလင်းတန်းလေးတစ်ခုကို မြင်လိုက်ရသည်။
စစ်နတ်ဘုရားချပ်ဝတ်၏ မျက်ကြည်လွှာမှာ ဟင်းလင်းပြင်ကိုပင် ဖောက်ထွင်းမြင်နိုင်စွမ်း ရှိနေသည်။
ဝုန်း…။
ဟင်းလင်းပြင်ကို ဖောက်ထွင်းမြင်လိုက်ရပြီး စကြာဝဠာအိတ် သွားရာလမ်းကြောင်းကို သိလိုက်ရသောအခါ ချန်ပီယံမြို့စားသည် နှာခေါင်းရှုံ့လိုက်ပြီး သူ၏ခန္ဓာကိုယ်ကို လှုပ်ရှား လိုက်သည်။ သူသည် ဟင်းလင်းပြင်အတွင်းသို့ အရှိန်ပြင်းပြင်းဖြင့် ဝင်ရောက်သွားပြီး ရုတ်တရက် သူ၏လှံကို ရှေ့သို့ ထိုးနှက်လိုက်သည်။
ဘုန်း…။
ဤလှံချက်သည် ဟင်းလင်းပြင်အတွင်းမှ ထွက်ပေါ်လာသော ဟုန်ယွိ၏ ဓားနှင့် ထိပ်တိုက် တွေ့ဆုံသွားသည်။
ဝှီး…။ ဟုန်ယွိ၏ဓားမှာ အလွန်ပင် လိမ္မာပါးနပ်လှသည်။ ၎င်းသည် ချန်ပီယံမြို့စား၏ လှံကို ကျော်ဖြတ်သွားပြီး ချပ်ဝတ်ကို တိုက်ရိုက် ထိမှန်သွားသည်။
သို့သော် ရှုံးနိမ့်ခြင်းအသံမျိုးသာ ထွက်ပေါ်လာသည်။
ဟုန်ယွိ၏ နတ်ဘုရားဓားသည် ချန်ပီယံမြို့စား၏ ချပ်ဝတ်ကို မဖောက်နိုင်ခဲ့ပေ။
သူ၏ ဓားချက်မှာ မအောင်မြင်သဖြင့် ဟုန်ယွိသည် နောက်တစ်ကြိမ် ဟင်းလင်းပြင်အတွင်း တွင် ပုန်းကွယ်လိုက်ပြန်သည်။
“ဟွန့်…” ချန်ပီယံမြို့စားက နောက်တစ်ကြိမ် နှာခေါင်းရှုံ့လိုက်ပြန်သည်။ သူ၏ ခန္ဓာကိုယ် မှာ တုန်ခါသွားပြီး အခြားတစ်ဖက်သို့ လှည့်လိုက်သည်။ သူ၏လှံကို လေထဲသို့ မြှောက်ကာ ထိုးနှက်လိုက်ရာ ဟင်းလင်းပြင်အတွင်းမှ အခုလေးတင် ထွက်လာသော ဟုန်ယွိကို တိုက်ရိုက် ထိုးမိသွားတော့သည်။
ဤလှံချက်မှာ မဟာလေဟာနယ်လက်ဝါးကို ဖောက်ထွက်သွားပြီး ဟုန်ယွိ၏ ပုခုံးကို ပြင်းထန်စွာ ထိုးမိသွားသည်။
“သေစမ်း” ချန်ပီယံမြို့စားသည် သူ၏လှံကို ခါယမ်းလိုက်ရန် ပြင်လိုက်သည်။
ရုတ်တရက် အဆုံးမရှိသော ကြည်လင်တောက်ပသည့် ရောင်ခြည်အလင်းများ အထက်မှ ဆင်းသက်လာပြီး ပူဇော်ရာ ယဇ်ပလ္လင်ကဲ့သို့ အစီရင်ခံတစ်ခုအဖြစ် ဖွဲ့စည်းသွားကာ မြေပြင်ကို ဖုံးလွှမ်းသွားပြီး ချန်ပီယံမြို့စားကို အထဲတွင် ပိတ်လှောင်လိုက်တော့သည်။
“အလင်းအကန့်သတ်မဲ့စက်ဝိုင်း ခန္ဓာကိုယ်အကာအကွယ်။”
“အစီအရင်တစ်ခုလား။ ပိတ်လှောင်တာလား။ ဒါက ငါ့ကို ပိတ်လှောင်ထားနိုင်မယ် ထင်နေ တာလား။” အစီရင်အတွင်း ပိတ်လှောင်ခံထားရသော ချန်ပီယံမြို့စားသည် ပြင်းထန်စွာ ဟိန်းဟောက်လိုက်သည်။ “စစ်နတ်ဘုရား စစ်သည်တော်ဝိညာဉ်၊ ကောင်းကင်အလင်းနှင့် မြေကြီးပျက်သုဉ်းခြင်း၊ ဖျက်ဆီးစမ်း။”
ဝုန်း…။
သူ့ကို ပိတ်လှောင်ထားသော အကာအကွယ်မှာ တစ်ခဏအတွင်းမှာပင် ပြိုကျပျက်စီးသွား တော့သည်။
“ယင်းရှာ”
ဟုန်ယွိက ရုတ်တရက် အော်ခေါ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ချန်ယင်းရှာသည် စကြာဝဠာအိတ်ထဲမှ ထွက်လာပြီး အကာအကွယ် အစီအရင်ကို အခုလေးတင် ဖျက်ဆီးလိုက်သော ချန်ပီယံမြို့စားထံသို့ လက်နှစ်ဖက်လုံး မြှောက်လိုက်သည်။ ယမ်းငွေ့နံ့များ ပြည့်နှက်နေသော ဓားတို ကိုးလက်မှာ ပျံထွက်လာပြီး ချန်ပီယံမြို့စားနှင့် ထိပ်တိုက် တွေ့ဆုံသွားကြသည်။ ဓားများမှာ ချန်ပီယံမြို့စား၏ ပတ်ပတ်လည်တွင် ဝိုင်းရံလိုက်ပြီး ပြင်းထန်စွာ ပေါက်ကွဲသွားတော့သည်။
ဝုန်း…၊ ဝုန်း…။
ဤဓားတိုများသည် ဖန်ရှင်းတာအိုဂိုဏ်း၏ “အမေနှင့်သားမီးလျှံဘီးမိုးကြိုးဓား”များပင် ဖြစ်သည်။ ၎င်းတို့ကို ပင်လယ်ပြင်တွင် ရှောင်ယန်ဝိညာဉ်သခင်လေး ‘ရှောင်ရှောနန်’ ထံမှ ရရှိခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင်မူ ၎င်း၏အရသာကို ကောင်းကောင်းကြီး မြည်းစမ်းခွင့် ပေးလိုက်ရခြင်း ဖြစ်သည်။
ပြင်းထန်သော ပေါက်ကွဲမှုကြောင့် ချန်ပီယံမြို့စားမှာ တုန်ခါသွားသော်လည်း သူ၏ ချပ်ဝတ်မှာမူ လုံးဝ မလှုပ်ခတ်ပေ။ ယင်းအစား အရိုးဆူးများမှာ ပို၍ပင် ထက်မြက်လာ သည်။
သို့သော် ချန်ယင်းရှာက ထိုမျှဖြင့်ပင် ရပ်တန့်မသွားပေ။ သူမသည် လက်နှစ်ဖက်လုံးကို ဝှေ့ယမ်းလိုက်ရာ ‘အင်မော်တယ်ပစ္စည်း အဝါရောင်ကျောက်စိမ်း’မှာ ပျံထွက်လာသည်။ ထိုအထဲမှ ပြင်းထန်လှသော မိုးကြိုးများမှာ ချန်ပီယံမြို့စား၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက် သွားတော့သည်။
ချန်ပီယံမြို့စား၏ ချပ်ဝတ်မှာ ထိခိုက်မှုမရှိဘဲ နဂိုအတိုင်း ရှိနေဆဲ ဖြစ်သည်။ သို့သော် သူ၏ခန္ဓာကိုယ်မှာမူ မိုးကြိုးပေါက်ကွဲမှုကြောင့် နောက်တစ်ကြိမ် တုန်ခါသွားရပြန်သည်။
“နှစ်ဦးပေါင်း မဟာလေဟာနယ်လက်ဝါး။”
ဤအခွင့်အရေးကို အသုံးချကာ ဟုန်ယွိသည် ရုတ်တရက် မဟာလေဟာနယ်လက်ဝါးကို ထုတ်ဖော်လိုက်သည်။ တစ်ချိန်တည်းမှာပင် ချန်ယင်းရှာကလည်း မဟာလေဟာနယ် လက်ဝါးတစ်ခုကို ထုတ်ဖော်လိုက်သည်။
ကြီးမားသော လက်ဝါးနှစ်ခုမှာ အလယ်တွင် ပေါင်းစပ်သွားပြီး ပြင်းထန်စွာ တွန်းထုတ် လိုက်တော့သည်။
ဘန်း…။
ချန်ပီယံမြို့စားသည် သူ၏ဟန်ချက် ပျက်သွားပြီး စကြာဝဠာအိတ်၏ ကြည်လင်သော အလင်းတန်းအတွင်းသို့ ချက်ချင်းပင် ကျဆင်းသွားတော့သည်။
သူသည် စကြာဝဠာအိတ်ထဲသို့ လွင့်စဉ်ဝင်ရောက်သွားတော့သည်။
စာစဉ် (၃၆)။ ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။