အခန်း (၃၂၁)
Vol. 33 Ch. 321
အခန်း။ ၃၂၁
ဝုန်း... ဝုန်း... ဝုန်း...
မျက်စိတစ်မှိတ်အတွင်းမှာပင် မိုးကြိုးဟိန်းသံသည် အလုံးအရင်းနှင့် ကျရောက်လာသော တိုက်ကွက်များကြား၌ နစ်မြုပ်သွားတော့သည်။
ရေတွက်၍မရနိုင်သော လက်နက်ကြီး၏ကျည်များသည် သားရဲကြီးနှင့် ထိတွေ့သည်နှင့် တပြိုင်နက် ပေါက်ကွဲထွက်သွားပြီး ခဏချင်းအတွင်းမှာပင် မီးတောက်များ ကောင်းကင်သို့ ပန်းထွက်သွားကာ ပြင်းထန်လှသော ပေါက်ကွဲအားလှိုင်းများက ပတ်ဝန်းကျင်ကို ရိုက်ခတ်သွားသည်။ ပူပြင်းလှသော အပူရှိန်လှိုင်းများက ၎င်း၏ အသားများကို လောင်ကျွမ်းစေခဲ့သည်။
ထို့အပြင် မီးလုံးများ၊ လျှပ်စီးတန်းများနှင့် အခြားသော အထူးစွမ်းအားရှင် တိုက်ကွက်များစွာသည်လည်း ထိုအခိုက်အတန့်၌ပင် တိကျစွာ ကျရောက်လာပြီး ပေါက်ကွဲသွားကာ စူးရှတောက်ပသော စိတ်ဝိညာဉ်အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။
နားကွဲမတတ် ဆူညံလှသော ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာပြီး မြေပြင်တစ်ခုလုံး တုန်ဟည်းသွားသည်။ အဆက်မပြတ် ရွာသွန်းနေသော မိုးရေများသည်လည်း ပြင်းထန်သော အပူလှိုင်းကြောင့် အငွေ့ပျံသွားရကာ မီတာ ရာဂဏန်းခန့်ရှိသော နေရာလွတ်တစ်ခုအတွင်း၌ မိုးတစ်စက်မှ မရှိသော လေဟာနယ်အခြေအနေကို ခေတ္တဖြစ်ပေါ်စေခဲ့သည်။
"ဝူး..."
နောက်တစ်စက္ကန့်တွင် မီးလျှံများနှင့် စိတ်ဝိညာဉ်အလင်းတန်းများ ရောယှက်နေသော စစ်မြေပြင်အလယ်မှ မိုးကြိုးဟိန်းသံ၏ နာကျင်စွာ အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။ ၎င်းအသံထဲတွင် အတိုင်းအဆမဲ့သော ဒေါသများ ကိန်းအောင်းနေသည်။
သူ ဒဏ်ရာရသွားပြီဟ။
မိုးကြိုးဟိန်းသံ၏ နာကျင်လှသော အော်ဟစ်သံကို ကြားလိုက်ရချိန်တွင် မြို့ရိုးပေါ်ရှိ လူများအားလုံး ဝမ်းသာအားရ ဖြစ်သွားကြသည်။ သားရဲကြီး ဒဏ်ရာရသွားပြီဖြစ်ကြောင်း သူတို့ အသေအချာ သိလိုက်ကြရသည်။
ထိုအချိန်မှာပင် မီးလျှံများမှာ တဖြည်းဖြည်း ကွယ်ပျောက်သွားခဲ့သည်။
ယခုအခါ မိုးကြိုးဟိန်းသံမှာ အတော်လေး အထိနာနေသော ပုံစံရှိနေသည်။ ယခင်က ချောမွတ်တောက်ပခဲ့သော ၎င်း၏ အမွေးအမှင်များမှာ အလုံးအရင်းနှင့် တိုက်ခိုက်မှုကြောင့် မီးကျွမ်းကာ မည်းနက်နေပြီဖြစ်သည်။ အချို့သော နေရာများတွင် အသားများမှာ စုတ်ပြတ်သတ်နေပြီး လက်နက်ကြီး အစအနများ စိုက်ဝင်နေကာ သွေးများ တစိမ့်စိမ့် ထွက်နေတော့သည်။
အထူးခြားဆုံးမှာ မိုးကြိုးဟိန်းသံ၏ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာပေါ်တွင် နက်ရှိုင်းလှသော သွေးစိုစို ဓားရာကြီးတစ်ခု ထင်ကျန်နေခြင်းပင်။ ၎င်းမှာ မျက်လုံးနှစ်လုံးကြားမှ နဖူးပြင်ကို ဖြတ်လျက် စောင်းစောင်းကြီး ဖြစ်ပေါ်နေသည်။
ထိုဒဏ်ရာမှ သွေးများ တရဟော စီးကျနေပြီး မိုးကြိုးဟိန်းသံ၏ မျက်နှာတစ်ခုလုံးကို သွေးချင်းနီရဲသွားစေကာ ၎င်းအား ယခင်ကထက် ပိုမိုရက်စက်ကြမ်းကြုတ်သော ပုံစံပေါက်သွားစေတော့သည်။
"ဝူး..."
ဒဏ်ရာများမှ နာကျင်မှုသည် ဒေါသကြီးလှသော မိုးကြိုးဟိန်းသံကို ရူးသွပ်သွားစေရန် တွန်းပို့လိုက်သကဲ့သို့ပင်။ ၎င်းသည် ကောင်းကင်ယံသို့ မော့ကြည့်ကာ ဟိန်းဟောက်လိုက်ရာ ၎င်း၏အသံမှာ ပဲ့တင်ထပ်သွားပြီး တစ်ကိုယ်လုံးတွင်လည်း လျှပ်စီးများ ဝန်းရံသွားတော့သည်။
ထိုအခိုက်အတန့်တွင် လျှပ်စီးတန်းများသည် အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားပြီး မပြတ်တမ်းထွက်ပေါ်နေသော မိုးခြိမ်းသံများနှင့်အတူ မိုးသည်းနေသော ညဉ့်ကောင်းကင်ယံကို ခရမ်းရောင်အလင်းများဖြင့် လင်းထိန်သွားစေသည်။
"တိုက်ခိုက်ကြ မြန်မြန်လုပ်ကြစမ်း"
မိုးကြိုးဟိန်းသံတစ်ယောက် သောင်းကျန်းလာသည်ကို မြင်လိုက်ရသောအခါ မြို့ရိုးပေါ်ရှိ တပ်မှူးသည် ထိတ်လန့်တကြား အော်ဟစ်လိုက်တော့သည်။
ချက်ချင်းဆိုသလိုပင် ဆင့်ကဲပြောင်းလဲသူတစ်စုမှာ ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ကြပြန်သည်။ တိုက်ကွက်တိုင်းသည် ညဉ့်အမှောင်ထုကို ထိုးခွဲကာ မိုးကြိုးဟိန်းသံဆီသို့ ဦးတည်သွားကြသည်။ စစ်သည်တော်များကလည်း လက်နက်များကို အဆက်မပြတ်ပစ်ခတ်ကြရာ ကျည်ဆန်များသည် မိုးလိုက်ကာကြီးတစ်ခုအလား သားရဲကြီးကို လွှမ်းခြုံသွားပြီး မီးတောက်များပါသည့် ဒုံးကျည်များမှာလည်း ဥက္ကာခဲများအလား ကျရောက်သွားသည်။
ဝုန်း...
ယခုအခါ မိုးကြိုးဟိန်းသံမှာ လုံးဝဥဿုံ ရူးသွပ်စွာ သောင်းကျန်းနေပြီဖြစ်သည်။ ၎င်း၏ လွှမ်းမိုးထားသော အရှိန်အဝါသည် မြေပြင်တစ်ခုလုံးကို ရိုက်ခတ်သွားပြီး မြို့ရိုးပေါ်ရှိ လူသားများကို အသက်ရှူရကျပ်လောက်သည့် ဖိအားများကို ပေးနေတော့သည်။
၎င်း၏ ဧရာမပါးစပ်ကြီးကို ဖွင့်လိုက်ပြီး လျှပ်စစ်စီးကြောင်းများကို မှုတ်ထုတ်လိုက်ရာ ရှေ့တွင် မိုးကြိုးတံတိုင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။ အခြေစိုက်စခန်းမှ လွှတ်တင်လိုက်သော တိုက်ကွက်များသည် ထိုမိုးကြိုးတံတိုင်းနှင့် ထိတွေ့ပြီးနောက် နားကွဲမတတ် ဆူညံလှသော ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာတော့သည်။
ထို့နောက်တွင်တော့ မိုးကြိုးဟိန်းသံထံမှ ထွက်ပေါ်လာသော လျှပ်စီးများသည် အဆုံးအစမရှိသည့်အလား တိုးထွက်လာပြီး ၎င်း၏ရှေ့တွင် မိုးကြိုးပင်လယ်ကြီးတစ်ခုကို ဖန်တီးလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မိုးကြိုးဟိန်းသံ၏ ကမ္ဘာတုန်ဟည်းလောက်သော ဟိန်းဟောက်သံနှင့်အတူ မိုးကြိုးစွမ်းအင်များ သောင်းကျန်းလာပြီး ထိုမိုးကြိုးပင်လယ်ကြီးသည် မြို့ရိုးဆီသို့ တိုက်ရိုက်တိုးဝင်လာတော့သည်။
ဝုန်း... ဝုန်း... ဝုန်း...
လျှပ်စီး၏အရှိန်မှာ အလွန်တရာ မြန်ဆန်လှသဖြင့် မျက်တောင်တစ်ခတ်အတွင်းမှာပင် မြို့ရိုးပေါ်သို့ ရောက်ရှိလာသည်။ လူသားများ၏ ထိတ်လန့်နေသော မျက်ဝန်းများရှေ့မှာတင် ထိုမိုးကြိုးများသည် ရေပုံးဖြင့် မှောက်ချလိုက်သည့်အလား မြို့ရိုးတစ်ခုလုံးပေါ်သို့ တရဟော ကျဆင်းလာပြီး တစ်မြို့ရိုးလုံးကို လျှပ်စစ်များဖြင့် စိုရွှဲသွားစေတော့သည်။
"အား..."
လျှပ်စီးပင်လယ်ကြီးအတွင်း နစ်မြုပ်သွားသော မြို့ရိုးပေါ်မှ လူသားများသည် နာကျင်စွာ အော်ဟစ်ရုန်းကန်ကြသော်လည်း ခဏအကြာတွင် ထိုအော်ဟစ်သံများမှာ ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။ သူတို့၏ ခန္ဓာကိုယ်များသည် တွန့်လိမ်ခြောက်ကပ်ပြီး မည်းနက်နေသော အလောင်းများအဖြစ်သို့ ပြောင်းလဲသွားကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မြို့ရိုးပေါ်ရှိ ခုခံရေးတပ်ဖွဲ့တစ်ခုလုံးကို မိုးကြိုးဟိန်းသံက အပြတ်အသတ် ချေမှုန်းလိုက်ပြီဖြစ်ကာ ဆင့်ကဲပြောင်းလဲသူများနှင့် စစ်သည်တော်အားလုံး သေကျေပျက်စီးသွားကြရသည်။
ရုတ်တရက်ဆိုသလို စစ်မြေပြင်တစ်ခုလုံးတွင် သည်းထန်စွာရွာသွန်းနေသော မိုးသံမှလွဲ၍ အခြားမည်သည့်အသံမျှ မကြားရတော့ဘဲ တိတ်ဆိတ်သွားတော့သည်။
အခြေစိုက်စခန်း၏ အထက်ကောင်းကင်ယံတွင် သားရဲငှက်ကြီးပေါ်၌ ရပ်လျက် ဤမြင်ကွင်းကို စောင့်ကြည့်နေသော ဟွမ်ရွှမ်သည် ကောက်ကျစ်ရက်စက်သော အပြုံးကို ပြုံးလိုက်ပြီး သူ၏ရယ်သံမှာ သွေးအေးလွန်းလှသည်။
"ဟဲဟဲ... သေတာ ကောင်းတာပေါ့"
"မင်းတို့ကိုယ်မင်းတို့ပဲ အပြစ်တင်ကြစမ်း ရွေးစရာရှိတာကို အဲဒီ ထျန်းဆိုတဲ့ကောင်ဘက်က ရပ်တည်ပေးခဲ့တာကိုး အဲဒီကောင်ကို ကူညီတဲ့သူမှန်သမျှ အကုန်သေရမယ်"
ဟွမ်ရွှမ်၏ အေးစက်သော မျက်ဝန်းများတွင် လူသတ်လိုစိတ်များ ပြည့်နှက်နေသည်။
သူ့အမြင်တွင် ဤလူများသည် သူ၏လက်စားချေမှုလမ်းကြောင်းပေါ်ရှိ အတားအဆီးများသာဖြစ်သည်။ အကယ်၍ ဤလူအမြောက်အမြားသာ ထျန်းဆိုသောသူ၏ အမိန့်ကို မနာခံခဲ့ကြပါက သူသည် လက်စားချေရန် ဤမျှအထိ ကြာရှည်စောင့်ဆိုင်းနေရမည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ သူ၏လက်စားချေမှုကို အဟန့်အတားလုပ်သူမှန်သမျှ သေထိုက်သူများသာ ဖြစ်သည်။
ဝီ... ဝီ... ဝီ...
မမျှော်လင့်ဘဲ ထိုအချိန်မှာပင် တောင်တန်းအခြေစိုက်စခန်းအတွင်းမှ ခပ်တိုးတိုး စက်သံအချို့ ထွက်ပေါ်လာသည်။
ထိုအသံကြောင့် ဟွမ်ရွှမ်သည် လှည့်ကြည့်လိုက်ရာ ညဉ့်အမှောင်ထဲတွင် အနီရောင်အစက်အချို့သည် အလွန်ငြိမ်သက်သောအရှိန်ဖြင့် ကောင်းကင်သို့ တဖြည်းဖြည်း တက်လာနေသည်ကို တွေ့လိုက်ရသည်။
၎င်းမှာ ဟယ်လီကော်ပတာ တစ်စင်းပင်။ ယခုကဲ့သို့ အကျပ်အတည်းအချိန်တွင် ထွက်ပြေးရန် ကြံစည်နေခြင်းဖြစ်ကြောင်း သိသာလှသည်။
"ခွေးမသားတွေ... ထွက်ပြေးမလို့လား ငါ့ဆီက ခွင့်ပြုချက်ကော တောင်းပြီးပြီလား"
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဟွမ်ရွှမ်၏ အကြည့်များမှာ စူးရှသွားပြီး အေးစက်စွာ ရယ်မောလိုက်သည်။ ၎င်းမှာ တောင်တန်းအခြေစိုက်စခန်းမှ သတ္တုချောက်ခြားနေသော အဆင့်မြင့်အရာရှိများ ထွက်ပြေးရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။
ဟွမ်ရွှမ်အနေဖြင့် သဋတို့ကို လွယ်လွယ်နှင့် လွတ်မြောက်ခွင့်ပေးမည် မဟုတ်ပေ။ သူ၏ စိတ်အာရုံကို လှုပ်ရှားလိုက်သည်နှင့် သားရဲငှက်ကြီးမှာ အတောင်ပံများကို ခတ်ထုတ်လိုက်ပြီး လေပြင်းများကို ဖန်တီးကာ ကျဆင်းနေသော မိုးစက်များကို လွင့်စင်သွားစေသည်။
နောက်တစ်စက္ကန့်တွင် သားရဲငှက်ကြီးမှာ လေးညှို့မှ ပစ်လွှတ်လိုက်သော မြားတစ်စင်းအလား ဟွမ်ရွှမ်ကို သယ်ဆောင်ကာ ဟယ်လီကော်ပတာနောက်သို့ အရှိန်အဟုန်ဖြင့် လိုက်လံတိုက်ခိုက်တော့သည်။
ရှူး... ရှူး... ရှူး...
ခဏချင်းအတွင်းမှာပင် သားရဲငှက်ကြီးသည် မိုးလိုက်ကာအထပ်ထပ်ကို ထိုးဖောက်ကာ ဟယ်လီကော်ပတာနှင့် အနီးကပ်ဆုံးအကွာအဝေးသို့ ရောက်ရှိသွားသည်။
"ဟားဟားဟား... ထွက်ပြေးချင်တာလား ငရဲမှာပဲ သွားသေကြစမ်း"
ရှေ့မှ ဟယ်လီကော်ပတာကို ကြည့်ရင်း ဟွမ်ရွှမ်၏ မျက်နှာမှာ ပိုမိုရူးသွပ်ရက်စက်လာကာ မရိုးနိုင်သော ရယ်မောသံနှင့်အတူ သူစီးနင်းထားသော သားရဲငှက်ကြီးမှာ တောက်ပလှသော ရွှေရောင်အမွေးဓားသွားအစုအဝေးကို ပစ်လွှတ်လိုက်တော့သည်။
ထိုအချိန်တွင် လူအများအပြား တင်ဆောင်ထားသော ဟယ်လီကော်ပတာသည် မြို့ပြင်ဘက်သို့ အသည်းအသန် ပျံသန်းနေခြင်းဖြစ်သည်။ အနောက်မှ ဧရာမ ပုံရိပ်ကြီး ချဉ်းကပ်လာသည်ကို မြင်လိုက်ရသောအခါ အဆင့်မြင့်အရာရှိအားလုံး ကျောချမ်းသွားကြသည်။
"အဲဒါ ဘာကြီးလဲ"
"မကောင်းတော့ဘူး အဲဒါ သားရဲကြီးတစ်ကောင်ပဲ..."
ဝုန်း...
မျက်စိတစ်မှိတ်အတွင်း ရွှေရောင်အမွေးဓားသွားများစွာ ထိမှန်သွားပြီးနောက် ဟယ်လီကော်ပတာသည် ကောင်းကင်ထက်၌ပင် ပေါက်ကွဲသွားကာ မီးလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ အပျက်အစီးများနှင့် အလောင်းများက အရပ်ရပ်သို့ လွင့်စင်ကျဆင်းသွားတော့သည်။
"ဂျိ... ဂျိ... ဂျိ... သေကြစမ်း အကုန်သေကြစမ်း"
မီးတောက်နေသော အပျက်အစီးများ အောက်သို့ ထိုးဆင်းသွားသည်ကို ကြည့်ကာ ဟွမ်ရွှမ်သည် ကျေနပ်အားရသော အမူအရာကို ပြသနေသည်။
တစ်ချိန်တည်းမှာပင် မြို့ရိုးပေါ်မှ အတားအဆီးများကို အောင်မြင်စွာ ဖယ်ရှားပြီးနောက် မိုးကြိုးဟိန်းသံသည် မြို့တံတိုင်းကြီး၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
"ဝူး..."
မြို့ရိုးအတားအဆီးနှင့် ရင်ဆိုင်ရသောအခါ မိုးကြိုးဟိန်းသံသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ၎င်း၏ ဧရာမလက်ဝါးကြီးများဖြင့် မြို့တံတိုင်းကို မနားတမ်း ရိုက်ပုတ်တော့သည်။ လျှပ်စီးတန်းများမှာလည်း နေရာအနှံ့ ပျံ့လွင့်နေသည်။
တားဆီး၍မရသော ထိုလက်ဝါးရိုက်ချက်များကြောင့် မြို့ရိုးနှင့် မြေပြင်တစ်ခုလုံးမှာ ပြင်းထန်စွာ တုန်ခါနေပြီး နားကွဲမတတ် ဆူညံလှသော ပေါက်ကွဲသံကြီးများသည် မြို့ထဲရှိ အသက်ရှင်ကျန်ရစ်သူများ၏ နားထဲသို့ ပဲ့တင်ထပ်ဝင်ရောက်သွားရာ လူအများအပြားမှာ မူးဝေထိုင်းမှိုင်းကာ တုန်လှုပ်ချောက်ချားကုန်ကြသည်။
အသက်ရှင်ကျန်ရစ်သူ အမြောက်အမြားမှာ မိုးထဲလေထဲမှတစ်ဆင့် မြို့ရိုးထက်တွင် ပေါ်ထွက်လာသော ဧရာမ ဦးခေါင်းကြီးကို မြင်လိုက်ရသောအခါ အားလုံး၏ မျက်နှာတွင် မျှော်လင့်ချက်ကင်းမဲ့သော အမူအရာများ ပေါ်လွင်လာတော့သည်။
မြို့ရိုးပေါ်ရှိ အစိုးရဆင့်ကဲပြောင်းလဲသူများနှင့် စစ်သည်တော်များပင် မတားဆီးနိုင်ခဲ့သော ဤမျှကြောက်စရာကောင်းသည့် သတ္တဝါကြီးကြောင့် တောင်တန်းအခြေစိုက်စခန်း ပျက်စီးရန်မှာ မိနစ်ပိုင်းမျှသာ လိုတော့သည်။ ထိုအချိန်ကျလျှင် သူတို့အားလုံးမှာ သေမင်းကို စောင့်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။