← Chapters

အခန်း (၃၂၃)

Vol. 33 Ch. 323

အခန်း (၃၂၃)

Vol. 33 Ch. 323

အခန်း ၃၂၃

မိုးကြိုးဟိန်းသံမြို့ထဲသို့ အတင်းဝင်ရောက်လာသည်နှင့်အမျှ ယခင်က တည်ငြိမ်အေးချမ်းခဲ့သော အခြေစိုက်စခန်းကြီးမှာ ချက်ချင်းဆိုသလို မြေပြင်ပေါ်က ငရဲဘုံအဖြစ် ပြောင်းလဲသွားခဲ့သည်။

မိုးလိုက်ကာအောက်ရှိ ပျက်စီးယိုယွင်းနေသော အဆောက်အအုံများ၊ အထူးသဖြင့် သစ်သားအိမ်တန်းများသည် သားရဲကြီး၏ ဧရာမခန္ဓာကိုယ်အောက်တွင် တစ်စစီ ပျက်စီးသွားရပြီး သစ်သားချောင်းများမှာလည်း ပတ်ဝန်းကျင်တွင် ဖရိုဖရဲ ပြန့်ကျဲသွားတော့သည်။

လမ်းမများပေါ်တွင် အေးစက်နေသော သွေးစိုစိုအလောင်းများ ပြန့်ကျဲနေပြီး ပြင်းထန်စွာ ဒဏ်ရာရထားသော်လည်း ချက်ချင်းမသေသေးသည့် အသက်ရှင်ကျန်ရစ်သူအချို့မှာ မြေပြင်ပေါ်တွင် နာကျင်စွာ ရုန်းကန်ရင်း အသည်းခိုက်မတတ် အကူအညီတောင်းသံများကို အော်ဟစ်နေကြသည်။

အဝေးတစ်နေရာရှိ အမှောင်ထုကြားထဲတွင်လည်း အခြေစိုက်စခန်းမှ အသည်းအသန် ထွက်ပြေးရန် ကြိုးစားနေကြသည့် အသက်ရှင်ကျန်ရစ်သူများ၏ အော်ဟစ်သံများမှာ ဆူညံနေတော့သည်။

တစ်ချိန်တည်းမှာပင် အိမ်ထဲမှ ထွက်ပြေးရန် အလွန်အမင်း ကြောက်လန့်နေကြသည့် အသက်ရှင်ကျန်ရစ်သူအချို့မှာမူ တံခါးအက်ကြောင်းများနှင့် ပြတင်းပေါက်ကြားမှနေ၍ အပြင်ဘက်ကို စိုးရိမ်တကြီး ချောင်းကြည့်နေကြသည်။

ဝုန်း... ဝုန်း... ဝုန်း...

မိုးကြိုးဟိန်းသံသည် လမ်းမများပေါ်တွင် ဖြည်းညှင်းစွာ လျှောက်လှမ်းနေပြီး ခြေလှမ်းတိုင်းက မြေပြင်ကို ပြင်းထန်စွာ တုန်ခါသွားစေသည်။ အိမ်ထဲတွင် ပုန်းအောင်းနေသော လူများမှာ သားရဲကြီးက သူတို့၏အိမ်ကို လက်သည်းဖြင့် ကုတ်ဖဲ့ဖျက်ဆီးပြီး သူတို့အား အပြင်သို့ ဆွဲထုတ်သွားမည်ကို အလွန်အမင်း ထိတ်လန့်နေကြသည်။

သို့သော် ယခုအချိန်တွင် မိုးကြိုးဟိန်းသံသည် ဤပုရွက်ဆိတ်ငယ်များကဲ့သို့သော လူသားများကို ဂရုစိုက်ရန် အချိန်မရှိပေ။ ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများမှာ တစ်ကိုယ်လုံးကို တုန်ယင်နေစေသည်အထိ နာကျင်လှသည်။

ယခင်က စိမ်းလန်းစိုပြည်ခဲ့သောအမွေးအမှင်များမှာ ယခုအခါ ပြာကျကာ မည်းနက်နေပြီး ခန္ဓာကိုယ်အနှံ့မှ ထွက်နေသော သွေးများနှင့် ရောနှောလျက် ရှိသည်။ ထိုသွေးများကို မိုးရေများက ဆေးကြောချလိုက်သဖြင့် မည်းနက်နေသော သွေးစက်များက မြေပြင်ပေါ်သို့ အဆက်မပြတ် ကျဆင်းနေတော့သည်။

ထိုစဉ် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သည့်အလား မိုးကြိုးဟိန်းသံသည် ခေါင်းကို မော့လိုက်ပြီး အခြေစိုက်စခန်း၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံရှိရာဘက်သို့ လှမ်းကြည့်ကာ ခပ်တိုးတိုး ဟိန်းဟောက်လိုက်သည်။ နောက်တစ်စက္ကန့်တွင်တော့ ၎င်းသည် ဓာတ်အားပေးစက်ရုံရှိရာသို့ အားယူကာ တရွေ့ရွေ့ လျှောက်လှမ်းသွားသည်။

ဝုန်း... ဝုန်း...

ပိုမိုရူးသွပ်လာသော မိုးကြိုးဟိန်းသံသည် လမ်းတောက်လျှောက်ရှိ အဆောက်အအုံများကို ဖျက်ဆီးပစ်လိုက်ရာ သစ်သားအိမ်များထဲတွင် ပုန်းနေသည့် လူများမှာ အိမ်ပြိုကျမှုကြောင့် ထိတ်လန့်တကြား အော်ဟစ်နေကြသည်။

လူသားများအပေါ် နာကျည်းချက် အမြစ်တွယ်နေသော မိုးကြိုးဟိန်းသံသည် ထိုအသံများကို ကြားရသောအခါ မျက်လုံးများ နီရဲလာပြီး ၎င်း၏ လက်ဝါးကြီးဖြင့် ရက်စက်စွာ ရိုက်ချလိုက်တော့သည်။

ချက်ချင်းဆိုသလိုပင် ဆက်တိုက်ထွက်ပေါ်နေသော အော်ဟစ်သံများမှာ ရုတ်တရက် တိတ်ဆိတ်သွားပြီး မိုးကြိုးဟိန်းသံ၏ လက်ထဲတွင် နောက်ထပ် လူသားအသက် တစ်ဒါဇင်ကျော် ထပ်မံဆုံးရှုံးသွားခဲ့ရပြန်သည်။

မကြာမီမှာပင် သွေးအလိမ်းလိမ်းဖြစ်နေသော မိုးကြိုးဟိန်းသံသည် ဓာတ်အားပေးစက်ရုံအနီးသို့ ရောက်ရှိလာခဲ့သည်။ လျှပ်စစ်စီးကြောင်းများ တဖြန်းဖြန်းမြည်နေသော ဗို့အားမြင့်လျှပ်စစ်ကွန်ရက်ကြီးကို ကြည့်ရင်း ၎င်း၏ ရက်စက်လှသော မျက်လုံးများတွင် စိတ်လှုပ်ရှားမှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ရုတ်တရက်ဆိုသလို ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးသည် ဗို့အားမြင့်လျှပ်စစ်ကွန်ရက်သို့ ချဉ်းကပ်လိုက်ရာ တစ်ကိုယ်လုံးတွင် လျှပ်စီးများ လက်ခနဲ ဖြစ်သွားတော့သည်။

ဝုန်း...

မျက်စိတစ်မှိတ်အတွင်းမှာပင် ဗို့အားမြင့်ကွန်ရက်မှ လျှပ်စစ်အလင်းတန်းများသည် ရေစီးကြောင်းများအလား မိုးကြိုးဟိန်းသံ၏ ခန္ဓာကိုယ်ဆီသို့ တဟုန်ထိုး စီးဝင်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ထွက်ပေါ်စေသည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ စူးရှတောက်ပသော လျှပ်စစ်အလင်းတန်းများဖြင့် လွှမ်းခြုံသွားခဲ့သည်။

ခန္ဓာကိုယ်အတွင်း စီးဆင်းလာသော ပြည့်ဝလှသည့် မိုးကြိုးစွမ်းအင်များကို ခံစားမိလိုက်သောအခါ မိုးကြိုးဟိန်းသံသည် ၎င်း၏အင်အားကို မြှင့်တင်ရန်နှင့် ဒဏ်ရာများကို အမြန်ဆုံးကုသရန် ထိုစွမ်းအင်များကို စုပ်ယူရန် ကြိုးစားတော့သည်။

"ဝူး..."

သို့သော် မမျှော်လင့်ဘဲ မိုးကြိုးဟိန်းသံ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ယင်သွားပြီး နာကျင်စွာ အော်ဟစ်လိုက်ရသည်။ ၎င်းသည် နောက်သို့ ခြေလှမ်းအနည်းငယ် ယိုင်နဲ့သွားပြီး သွေးများစွာကို ဝေါခနဲ အန်ထုတ်လိုက်ရကာ ခန္ဓာကိုယ်မှာလည်း ဟန်ချက်ပျက်သွားတော့သည်။

အခြေစိုက်စခန်းမှ အပြင်းအထန် တိုက်ခိုက်မှု နှစ်ကြိမ်စလုံးကို ခံယူခဲ့ရပြီးနောက် မိုးကြိုးဟိန်းသံမှာ အပြင်ပန်း ဒဏ်ရာများသာမက အတွင်းကလီစာများပါ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရနေခဲ့ခြင်း ဖြစ်သည်။ ၎င်းတွင် အလွန်ထူထဲသော အဆီပြင်ကြီး ရှိနေသော်လည်း အဆက်မပြတ် ကျရောက်ခဲ့သော ကျည်ဆန်ဗုံးဆန်များ၏ ဒဏ်ကြောင့် အတွင်းကလီစာများမှာ ပျက်စီးနေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် မိုးကြိုးစွမ်းအင်ကို အတင်းအကျပ် စုပ်ယူရန် ကြိုးစားလိုက်ချိန်တွင် ဒဏ်ရာများကို သွားရောက်ထိပါးစေပြီး အတွင်းပိုင်းကို ပိုမိုထိခိုက်သွားစေခဲ့ခြင်း ဖြစ်သည်။

မိုးကြိုးဟိန်းသံက စွမ်းအင်မြှင့်တင်ရန် ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိလာချိန်မှာပင် ဟွမ်ရွှမ်သည်လည်း သားရဲငှက်ကြီးကို စီးနင်းကာ သားရဲကြီး၏ အထက်ကောင်းကင်ယံသို့ တိတ်တဆိတ် ရောက်ရှိလာခဲ့သည်။

သွေးအလိမ်းလိမ်းနှင့် အချိန်မရွေး ပြိုလဲသွားနိုင်သည့် အခြေအနေဖြစ်နေသော မိုးကြိုးဟိန်းသံကို ကြည့်ရင်း ဟွမ်ရွှမ်၏ မျက်လုံးများမှာ လောဘဇောဖြင့် တောက်ပလာပြီး နှလုံးခုန်သံများပင် မြန်လာခဲ့သည်။

သူ့၏ ပန်းတိုင်ကို နောက်ဆုံးတော့ သူ ရောက်ရှိခဲ့ပြီဖြစ်သည်။ တောင်တန်းအခြေစိုက်စခန်း၏ အသေခံခုခံမှုကြောင့် မိုးကြိုးဟိန်းသံသည် ယခုအခါ ၎င်း၏ အားအနည်းဆုံး အခြေအနေသို့ ရောက်ရှိနေခြင်းပင်။

"ငါ့ရဲ့ ကြိုးစားမှုတွေက အလကားမဖြစ်သွားဘူးပဲ။ မင်းကိုသာ ငါထိန်းချုပ်နိုင်ရင် ငါက ဒီကမ္ဘာရဲ့ ဘုရားသခင် ဖြစ်လာတော့မှာ"

မိုးကြိုးဟိန်းသံကို ထိန်းချုပ်ပြီးနောက်ပိုင်း ဖြစ်လာမည့် သူ၏အနာဂတ်ကို စိတ်ကူးယဉ်ရင်း ဟွမ်ရွှမ်၏ နှုတ်ခမ်းတွင် ရူးသွပ်သော အပြုံးတစ်ခု ပေါ်လာသည်။ နောက်တစ်ခဏတွင် သူ၏ ထိန်းချုပ်မှုအောက်၌ ဧရာမ စိတ်ဝိညာဉ်စွမ်းအားများသည် အပ်ချည်မျှင်တန်းများအလား စုစည်းသွားပြီး မိုးကြိုးဟိန်းသံ၏ ဦးနှောက်ဆီသို့ တဟုန်ထိုး ပစ်လွှတ်လိုက်တော့သည်။

ချက်ချင်းဆိုသလိုပင် အောက်ဘက်ရှိ မိုးကြိုးဟိန်းသံမှာ အနှောင့်အယှက်ဖြစ်သွားပြီး မိုးကြိုးစွမ်းအင်ကို ထပ်မံစုပ်ယူရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ ယင်းအစား ထိန်းမနိုင်သိမ်းမရဖြစ်သွားသော မိုးကြိုးစွမ်းအင်များသည် ၎င်း၏ခန္ဓာကိုယ်ပတ်လည်တွင် ပေါက်ကွဲထွက်သွားသဖြင့် ၎င်းမှာ သွေးများစွာကို ထပ်မံအန်ထုတ်လိုက်ရတော့သည်။

"ဝူး..."

မိုးကြိုးဟိန်းသံသည် အစွန့်ဆုံးအထိ ဒေါသထွက်သွားခဲ့ပြီဖြစ်သည်။ ၎င်း၏ပတ်ဝန်းကျင်တွင် ရက်စက်ကြမ်းကြုတ်သော စွမ်းအင်လှိုင်းများ ဝေ့ဝဲနေပြီး တစ်စုံတစ်ဦးက ၎င်းအား နှောင့်ယှက်နေကြောင်း သိရှိသွားသည်။ ၎င်းသည် တရားခံကို လိုက်လံရှာဖွေရာမှ အထက်

ကောင်းကင်ယံရှိ ဟွမ်ရွှမ်ကို ချက်ချင်းပင် တွေ့ရှိသွားတော့သည်။

"သေစမ်း..."

"ဘာလို့ အခုထိ အလုပ်မဖြစ်သေးတာလဲ"

ဗြစ်... ဖူး

အထက်ရှိ ဟွမ်ရွှမ်သည် ကြမ်းတမ်းလှသော စိတ်ဝိညာဉ်စွမ်းအားများ တဟုန်ထိုး တိုးထွက်လာသည်ကို ခံစားလိုက်ရသည်။ ၎င်းစွမ်းအားများသည် သူ၏စိတ်ဝိညာဉ်စွမ်းအားများကို တိုက်ရိုက်ချေမှုန်းပစ်လိုက်ပြီး သူဖြန့်ကျက်ထားသော စိတ်ဝိညာဉ်မျှင်တန်းများကို တစ်ခုပြီးတစ်ခု ဖြတ်တောက်ပစ်လိုက်သည်။ ဟွမ်ရွှမ်သည် မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရကာ သွေးတစ်လုပ်ကို တိုက်ရိုက်အန်ထုတ်လိုက်ရသည်။ သူ၏မျက်နှာမှာ ဖြူလျော့သွားပြီး သားရဲငှက်ကြီးပေါ်တွင် ယိုင်နဲ့စွာ တုန်ယင်နေတော့သည်။

ဤအခိုက်အတန့်တွင် ဟွမ်ရွှမ်၏ စိတ်အခြေအနေမှာ အဆိုးရွားဆုံးသို့ ရောက်ရှိသွားသည်။

သူသည် အစွမ်းကုန်ကြိုးစားခဲ့ရသည်။ အသက်ဘေးကို ရင်းပြီး မိုးကြိုးဟိန်းသံကို တောင်တန်းအခြေစိုက်စခန်းဆီသို့ လမ်းပြခေါ်ဆောင်လာခဲ့ရသလို တောင်တန်းစခန်းမှ လူများအားလုံး အသည်းအသန် ခုခံရင်း သားရဲကြီးကို အထိနာအောင် လုပ်ဆောင်စေခဲ့သည်။ နောက်ဆုံးအဆင့်အနေဖြင့် ၎င်းကို သိမ်းပိုက်ရန် ပြင်ဆင်လိုက်ချိန်တွင်မှ ကံကြမ္မာက မျက်နှာသာမပေးဘဲ မိုးကြိုးဟိန်းသံ၏ ခံနိုင်ရည်ကို လျှော့တွက်မိခဲ့ခြင်းကြောင့် သူ၏အစီအစဉ်မှာ ပျက်ပြားသွားခဲ့ရပြီဖြစ်သည်။

"တောက် ဘာလို့ ဒီလိုဖြစ်သွားတာလဲ... မင်းလို သားရဲစုတ်က"

အောက်ဘက်ရှိ မိုးကြိုးဟိန်းသံကို ကြည့်ရင်း ဟွမ်ရွှမ်သည် အလွန်အမင်း မကျေမနပ် ဖြစ်နေသည်။ အချိန်နှင့် လုပ်အားများစွာ ဖြုန်းတီးခဲ့သော်လည်း ဘာမှဖြစ်မလာသည့်အပြင် မိုးကြိုးဟိန်းသံ၏ အမုန်းတရားများကိုပါ အပြည့်အဝ ရရှိသွားခဲ့သည်။

"ဝူး..."

ယခုအခါ ဒေါသအထွတ်အထိပ်သို့ ရောက်နေသော မိုးကြိုးဟိန်းသံသည် ဟွမ်ရွှမ်ကို မြင်လိုက်ရချိန်တွင် မသေမချင်း ရန်သူနှင့် တွေ့လိုက်ရသည့်အလား တုံ့ပြန်တော့သည်။ ၎င်း၏ ဟိန်းဟောက်သံမှာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှပြီး တစ်ချိန်တည်းမှာပင် လျှပ်စီးတန်းများသည် မှောင်မိုက်သော ကောင်းကင်ယံကို လင်းထိန်သွားစေကာ ဟွမ်ရွှမ်နှင့် သားရဲငှက်ကြီးရှိရာသို့ အံ့ဩဖွယ်အရှိန်ဖြင့် ပစ်ခတ်လိုက်တော့သည်။

"ကျိ..."

သားရဲငှက်ကြီးသည် ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး အတောင်ပံများကို ခတ်ထုတ်ကာ အမြင့်သို့ ပျံတက်လိုက်သည်။ ဟွမ်ရွှမ်မှာလည်း မျက်နှာပျက်သွားပြီး ဟန်ချက်ပင် ပျက်လုနီးပါး ဖြစ်သွားခဲ့သည်။

"တစ်နေ့ကျရင် မင်းကို ငါ့လက်အောက် ရောက်စေရမယ်"

မကျေမနပ်ဖြစ်နေသော ဟွမ်ရွှမ်သည် အံကို တင်းတင်းကြိတ်ကာ မိုးကြိုးဟိန်းသံကို နောက်ဆုံးတစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက် သားရဲငှက်ကြီးကို စေခိုင်းကာ မိုးသည်းထန်သော ညဉ့်အမှောင်ထဲသို့ အမြန်ဆုံး မောင်းနှင်ထွက်ခွာသွားပြီး အရိပ်အယောင် ပျောက်ကွယ်သွားတော့သည်။ အနောက်တွင်တော့ မိုးကြိုးဟိန်းသံ၏ ဒေါသတကြီး ဟိန်းဟောက်သံများသာ ကျန်ရစ်ခဲ့သည်။

သားရဲငှက်ကြီး၏ ဧရာမအတောင်ပံများသည် မိုးလိုက်ကာကြီးကို ထိုးခွဲကာ လေထုထဲတွင် ပျံသန်းနေစဉ် ဟွမ်ရွှမ်၏ အကြည့်များက တစ်နေရာသို့ ရောက်ရှိသွားသည်။

"ဂိုဏ်းထဲမှာ အခြေအနေတွေ ဘယ်လိုရှိနေပြီလဲ မသိဘူး။ ငါ ပြန်သွားဖို့ အချိန်တန်ပြီ ထင်တယ်..."

ဟွမ်ရွှမ်သည် သားရဲဘုရင်ဂိုဏ်းသို့ ပြန်သွားပြီး ဒဏ်ရာများကို ကုသရန် ဆုံးဖြတ်လိုက်သည်။ မိုးကြိုးဟိန်းသံနှင့် ပတ်သက်၍မူ သူသည် စိတ်ရှည်လက်ရှည် စောင့်နိုင်သည်။ သူ၏လက်အောက်တွင် ရှိသော ဗီဇပြောင်း သင်းခွေချပ်သည် ခြေရာခံရာ၌ အလွန်ထူးချွန်သဖြင့် ရန်သူ၏ တည်နေရာကို အမြဲတမ်း တိကျစွာ ရှာဖွေပေးနိုင်သောကြောင့်ပင်။

All Chapters