အခန်း (၃၂၅)
Vol. 33 Ch. 325
အခန်း။ ၃၂၅
ဝူး... ဝူး... ဝူး...
ဆန်းယွဲ့တောင်၏ ကောင်းကင်ယံထက်တွင် လေတိုးသံများ ဆက်တိုက်ဆိုသလို ပဲ့တင်ထပ်နေတော့သည်။
ထိုအချိန်တွင် မျက်နှာတစ်ခုလုံး ဖြူလျော့နေသော ဟွမ်ရွှမ်သည် သားရဲငှက်ကြီးကို စီးနင်းကာ တောင်ခြေသို့ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့သည်။ သို့သော် လမ်းတစ်လျှောက်တွင် သူ မျှော်လင့်ထားသည့် ကြိုဆိုနှုတ်ဆက်မှုမျိုးကို မတွေ့ရသဖြင့် ဟွမ်ရွှမ်တစ်ယောက် မျက်မှောင်ကြုတ်သွားမိသည်။
"ဘာတွေဖြစ်နေတာလဲ သူတို့ရဲ့ ဂိုဏ်းချုပ်ကြီး ပြန်ရောက်လာတာကို တစ်ယောက်မှ သတိမထားမိကြဘူးလား"
သားရဲငှက်ကြီးပေါ်မှ ခုန်ဆင်းလိုက်သည်နှင့် တွေ့လိုက်ရသော မြင်ကွင်းကြောင့် ဟွမ်ရွှမ်တစ်ယောက် ဆွံ့အသွားရတော့သည်။ ချက်ချင်းဆိုသလိုပင် သူ၏မျက်နှာမှာ ဒေါသနှင့် တုန်လှုပ်မှုတို့ ရောပြွမ်းကာ တွန့်လိမ်သွားပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်တော့သည်။
"တောက်... ဒါ ဘယ်သူလုပ်တာလဲ ဘယ်သူက ငါ့ရဲ့ သားရဲဘုရင်ဂိုဏ်းက လူတွေကို သတ်ရဲတာလဲ"
တောင်ခြေတွင် လူအလောင်းများနှင့် သားရဲအလောင်းများစွာမှာ စုပုံလျက် ရှိနေသည်ကို သူ မြင်လိုက်ရသည်။ ထိုအလောင်းများသည် စတင်ပုပ်ပွနေပြီဖြစ်ကာ အပုပ်နံ့များမှာလည်း လှိုင်နေတော့သည်။ အဆိုပါ လူများထဲတွင် ဟွမ်ရွှမ်နှင့် ရင်းနှီးပြီးသား မျက်နှာများစွာ ပါဝင်နေပြီး သူတို့အားလုံးမှာ သူ၏ သားရဲဘုရင်ဂိုဏ်းဝင်များသာ ဖြစ်ကြသည်။
တစ်ချိန်တည်းမှာပင် တောင်တက်လမ်းတစ်လျှောက်တွင်လည်း ပြင်းထန်သော ဖျက်ဆီးမှု အရာအထင်အရှား ရှိနေပြီး ပတ်ဝန်းကျင်တစ်ခုလုံးတွင် ခြောက်သွေ့နေသော သွေးကွက်များမှာ ပြည့်နှက်နေသည်။ ၎င်းမှာ ဤနေရာတွင် အလွန်ပြင်းထန်သော တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ကြောင်း သက်သေပြနေခြင်းပင်။
ယခုအခါ ဟွမ်ရွှမ်၏ မျက်နှာမှာ ပြာနှမ်းနေတော့သည်။ သူ ခေတ္တအပြင်ထွက်နေစဉ်အတွင်း ဂိုဏ်းတွင် ဤမျှကြီးမားသော အပြောင်းအလဲ ဖြစ်သွားလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
သူ ပြန်လာသည်ကို ကြိုဆိုမည့် ဂိုဏ်းဝင်တစ်ယောက်မှ ရှိမနေခြင်းကို ပြန်တွေးကြည့်ရင်း ဟွမ်ရွှမ်၏ ရင်ထဲတွင် မကောင်းသော အတိတ်နိမိတ်ကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရသည်။
သားရဲဘုရင်ဂိုဏ်းသည် ရန်သူများ၏ ကျူးကျော်မှုကို ခံလိုက်ရပြီဖြစ်ကြောင်း ထင်ရှားလှသည်။ ထို့ပြင် ထိုရန်သူများ၏ အင်အားမှာလည်း အလွန်အမင်း တောင့်တင်းလှသဖြင့် ဂိုဏ်းဝင်များစွာ အစုလိုက်အပြုံလိုက် သေကျေပျက်စီးခဲ့ရခြင်းပင်။
ဗီဇပြောင်း သင်းခွေချပ်နှင့် သားရဲငှက်ကြီးကို သူ့ဘေးတွင် ကပ်လျက်စောင့်ကြပ်ခိုင်းပြီး ဟွမ်ရွှမ်သည် တောင်ပေါ်သို့ အလွန်သတိထားကာ တရွေ့ရွေ့ တက်လှမ်းသွားတော့သည်။
တောင်ပေါ်သို့ ပိုမိုနက်ရှိုင်းစွာ ရောက်ရှိလာလေလေ သူ၏မျက်နှာမှာ ပို၍ မှောင်မှောင်မည်းမည်း ဖြစ်လာကာ စိတ်ဓာတ်မှာလည်း အဆိုးရွားဆုံးသို့ ရောက်ရှိလာလေဖြစ်သည်။ အကြောင်းရင်းမှာ ရှင်းသည်။ လမ်းတစ်လျှောက် ဘေးဘယ်ညာတွင် သားရဲဘုရင်ဂိုဏ်းဝင်များ၏ အလောင်းများမှာ ပုပ်ပွပျက်စီးနေကြရာ သူ၏ရင်ထဲတွင် ဝမ်းနည်းမှုထက် ဒေါသနှင့် နာကျည်းမှုများသာ ပြည့်နှက်နေတော့သည်။
ဂိုဏ်း၏ အဓိကဂူတည်ရှိရာအထိ သူ လျှောက်လှမ်းလာသော်လည်း အသက်ရှင်ကျန်ရစ်သူ တစ်ဦးတစ်ယောက်မျှ မတွေ့ရဘဲ သူ၏နောက်လိုက်များ၏ အလောင်းများကိုသာ တွေ့မြင်ရခြင်းက သူ၏အမျက်ဒေါသကို ပို၍ မီးလောင်ရာလေပင့် ဖြစ်စေခဲ့သည်။
ထွေထွေထူးထူး ခန့်မှန်းနေစရာ မလိုတော့ပေ။ သားရဲဘုရင်ဂိုဏ်းမှာ အမြစ်ပြတ် ချေမှုန်းခံလိုက်ရပြီ ဖြစ်သည်။
မကြာခင်ကတင် တောင်တန်းအခြေစိုက်စခန်းကို သူ၏ပရိယာယ်ဖြင့် ချောက်ထဲတွန်းပို့နိုင်ခဲ့သည့်အတွက် ဝင့်ကြွားနေခဲ့သော်လည်း ယခုမူ သူ၏ အခြေစိုက်စခန်းမှာ သူ မသိလိုက်ဘဲ ဖျက်ဆီးခံလိုက်ရသည်ကို တွေ့လိုက်ရခြင်းပင်။
"တောက်... ခွေးမသားတွေ ဒါ ဘယ်သူလုပ်တာလဲဆိုတာ ငါသိတဲ့နေ့ကျရင်တော့ မင်းတို့ကို အရှင်မထားဘူး"
ဟွမ်ရွှမ်သည် အံကို တင်းတင်းကြိတ်ကာ ရက်စက်ကြမ်းကြုတ်သော လေသံဖြင့် ကြုံးဝါးလိုက်သည်။
အတိအကျ ထိုအချိန်မှာပင် ဟွမ်ရွှမ်သည် တစ်စုံတစ်ဦးက သူ့အား ချောင်းကြည့်နေသည့် အာရုံကို ရုတ်တရက် ခံစားလိုက်ရသည်။
"ဘယ်သူလဲ အပြင်ထွက်ခဲ့စမ်း"
ဟွမ်ရွှမ်သည် ချက်ချင်း ခေါင်းလှည့်ကြည့်လိုက်ရာ သူ၏မျက်လုံးများမှာ လျှပ်စီးတန်းများအလား စူးရှလျက် ဝေးကွာသော သစ်တောအုပ်ရှိရာသို့ စိုက်ကြည့်လိုက်သည်။
"ကျိ..."
တစ်ချိန်တည်းမှာပင် အထက်ကောင်းကင်၌ ဝဲပျံနေသော သားရဲငှက်ကြီးသည် အော်ဟစ်လိုက်ပြီး သစ်တောအုပ်ဆီသို့ မြားတစ်စင်းအလား ထိုးဆင်းသွားကာ ၎င်း၏ ထက်မြက်သော ခြေသည်းများဖြင့် ရက်စက်စွာ ကုတ်ဖဲ့ရန် ပြင်လိုက်တော့သည်။
"ဂိုဏ်းချုပ်ကြီး ဂိုဏ်းချုပ်ကြီး... ကျနော်ပါ ကျနော့်ကို မသတ်ပါနဲ့ဦး"
ထိုအခိုက်အတန့်တွင် သစ်တောအုပ်ထဲမှ တုန်ရီနေသော အသနားခံသံတစ်ခု ထွက်ပေါ်လာပြီး အဝတ်အစားများ စုတ်ပြတ်သတ်ကာ တောင်းစားသူတစ်ဦးနှင့်တူသော လူရိပ်တစ်ခုသည် အလွန်အမင်း ကြောက်လန့်တကြားဖြင့် အပြင်သို့ ထွက်လာခဲ့သည်။
"မင်းကိုး... မင်း အသက်ရှင်သေးတာပဲ။ ကျန်တဲ့လူတွေရော အကုန်သေကုန်ကြပြီလား"
ထိုထွက်ပေါ်လာသောသူမှာ ဂိုဏ်းအတွင်းရှိ အနည်းငယ်မျှသော ပျံသန်းနိုင်သည့် ဆင့်ကဲပြောင်းလဲသူများထဲမှ တစ်ဦးဖြစ်ရာ ဟွမ်ရွှမ်အနေဖြင့် အခြားသော နောက်လိုက်များထက် သူ့ကို ပို၍ မှတ်မိနေခြင်းဖြစ်သည်။
သေဘေးမှ လွတ်မြောက်သွားသော ဆင့်ကဲပြောင်းလဲသူသည် သက်ပြင်းကို အဝအပြည့်ချလိုက်ပြီးနောက် ပြန်လည်ရောက်ရှိလာသော ဂိုဏ်းချုပ်ကြီးကို မြင်ရသည်မှာ အလွန်စိတ်လှုပ်ရှားနေသည့်ပုံဖြင့် တက်ကြွစွာ လျှောက်လှမ်းလာခဲ့သည်။
"ဂိုဏ်းချုပ်ကြီး နောက်ဆုံးတော့ ဂိုဏ်းချုပ်ကြီး ပြန်လာတာကို စောင့်နေရတာ တန်သွားပါပြီ။ ကျနော်တို့ သားရဲဘုရင်ဂိုဏ်း... သားရဲဘုရင်ဂိုဏ်းက..."
သူသည် စိတ်လှုပ်ရှားလွန်းသဖြင့် စကားပင် ကောင်းကောင်းမထွက်နိုင်ဘဲ ဟွမ်ရွှမ်ကို တုန်တုန်ယင်ယင်ဖြင့် နှုတ်ဆက်နေရှာသည်။
"မြန်မြန်ပြောစမ်း ဒါ ဘယ်သူ့လက်ချက်လဲ"
နောက်ဆုံးတွင် အသက်ရှင်ကျန်ရစ်သူတစ်ဦးကို တွေ့ရှိရသဖြင့် ဟွမ်ရွှမ်သည် အဖြစ်မှန်ကို သိရှိရန် အသည်းအသန် တိုက်တွန်းလိုက်သည်။
"အဲဒါ... ဆင့်ကဲပြောင်းလဲထားတဲ့ ဇွန်ဘီတွေပါ။ အစွမ်းထက်တဲ့ ဇွန်ဘီတွေ လေးကောင်
တောင်မှဗျာ အဆင့် ၄ ရှိတဲ့ ဇွန်ဘီလေးကောင်က ကျနော်တို့ဂိုဏ်းကို အချိန်တိုအတွင်းမှာပဲ ထိုးဖောက်ဝင်ရောက်ခဲ့ကြတာ။ ဆရာကျန်းလည်း တိုက်ပွဲမှာ သေဆုံးသွားခဲ့ရသလို ကျန်တဲ့ ညီအစ်ကိုတွေအားလုံးလည်း ရက်ရက်စက်စက် သတ်ဖြတ်ခြင်း ခံလိုက်ရပါတယ်။
အခြေအနေ မကောင်းတာကို သိသိချင်း ကျနော်သာ မြန်မြန်မပြေးခဲ့ရင် ကျနော်လည်း အဲဒီ ညီအစ်ကိုတွေလိုပဲ ဖြစ်သွားမှာ..."
ယခင်က တည်ငြိမ်နေခဲ့သော ဆင့်ကဲပြောင်းလဲသူသည် သူ၏မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်လျက် တရားခံကို အလျင်အမြန်ပင် ဖွင့်ဟပြောဆိုလိုက်တော့သည်။
"ဘာ... အဆင့် ၄ ဇွန်ဘီတွေ ဟုတ်လား အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ဤစကားကို ကြားလိုက်ရချိန်တွင် ဟွမ်ရွှမ်မှာ လုံးဝကို တုန်လှုပ်ချောက်ချားသွားပြီး သူ့ကို မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေမိသည်။
တောင်တန်းမြို့အတွင်းရှိ ဇွန်ဘီအများစုကို ရှင်းလင်းပြီးသားဖြစ်ရာ ယခုကဲ့သို့ အဆင့် ၄ ဇွန်ဘီတွေက ဘယ်ကနေ ရောက်လာကြတာလဲ။
မြို့စွန်မြို့ဖျား ကျေးလက်ဒေသတွေမှာ အဆင့် ၁ ဒါမှမဟုတ် အဆင့် ၂ ဇွန်ဘီအချို့ ရှိနေခြင်းကပင် ထူးခြားနေပြီ ဖြစ်သည်။ အဆင့် ၄ ဇွန်ဘီဆိုသည်မှာ မဖြစ်နိုင်သလောက်ပင် ၎င်းမှာ တစ်ကောင်တည်းလည်း မဟုတ်ဘဲ လေးကောင်တောင် ဆိုသည်မှာ လုံးဝကို ယုတ္တိမရှိသော ကိစ္စပင်။
"တကယ်ပါ ဂိုဏ်းချုပ်ကြီး ကျနော် ပြောသမျှ အားလုံးဟာ ကျနော့်မျက်စိနဲ့ ကိုယ်တိုင်မြင်ခဲ့တာတွေပါ တစ်ခွန်းမှ မလိမ်ပါဘူး"
ဂိုဏ်းချုပ်ကြီးက မယုံကြည်သကဲ့သို့ ဖြစ်နေသည်ကို မြင်သောအခါ ထိုသူမှာ ပျာပျာသလဲနှင့် ထပ်မံကာ အတည်ပြုပြောဆိုနေတော့သည်။
"မလောနဲ့ ငါ မင်းကို ယုံပါတယ်။ ဒါပေမဲ့ ဒီကိစ္စမှာ သံသယဖြစ်စရာတွေက အရမ်းများနေလို့ပဲ။ ဥပမာ ဒီစိုက်ခင်းတွေထဲက ဟင်းသီးဟင်းရွက်တွေ အကုန်လုံး ဘယ်ရောက်ကုန်တာလဲ"
ဟွမ်ရွှမ်၏ မျက်နှာမှာ ပို၍ပင် ညှိုးမှိန်သွားသည်။ သူသည် လက်ကိုမြှောက်ကာ ထိုဆင့်ကဲပြောင်းလဲသူကို စကားဖြတ်လိုက်ပြီး ဘာမှမရှိတော့ဘဲ ပြောင်သလင်းခါနေသည့် ဟင်းသီးဟင်းရွက်စိုက်ခင်းများဆီသို့ အကြည့်ပို့လိုက်သည်။
ထိုစကားကို ကြားသောအခါ ဆင့်ကဲပြောင်းလဲသူမှာလည်း နားမလည်နိုင်သလို လှမ်းကြည့်
လိုက်ပြီးနောက် ကွက်လပ်ဖြစ်နေသည့် စိုက်ခင်းများကို မြင်ကာ မှင်တက်သွားတော့သည်။
"ဒါ... ဒါကတော့ ဂိုဏ်းချုပ်ကြီး... ကျနော်လည်း မသိပါဘူး။ အဲဒီတုန်းက ကျနော်က အသည်းအသန် ထွက်ပြေးခဲ့ရတာပါ။ အခြေအနေငြိမ်မှ ဆန်းယွဲ့တောင်ကို တိတ်တဆိတ် ပြန်လာပြီး အစွန်အဖျားမှာပဲ ကပ်နေရဲတာ။ ဒါကြောင့် ဒီစိုက်ခင်းတွေ ဘာဖြစ်သွားလဲဆိုတာ ကျနော် သေချာမသိပါဘူး"
"ဒီစိုက်ခင်းတွေကို ကြည့်ရတာ တစ်စုံတစ်ယောက်က လာပြီး ရိတ်သိမ်းသွားတာ အထင်အရှားပဲ..."
ဟွမ်ရွှမ်သည် မျက်လုံးကို အနည်းငယ် မှေးလိုက်ပြီး သူ၏ အကြည့်များမှာ တစ်စုံတစ်ခုကို ခန့်မှန်းနေသည့်အလား လှုပ်ရှားသွားသည်။
"သွားစို့... အထဲဝင်ကြည့်ရအောင်"
သူ၏ မျက်ဝန်းထဲတွင် စူးရှသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီးနောက် ဂူအတွင်းသို့ အလျင်အမြန် လျှောက်လှမ်းသွားတော့သည်။ ဘာလုပ်ရမှန်းမသိဖြစ်နေသော ဆင့်ကဲပြောင်းလဲသူမှာလည်း သူ၏နောက်မှ အပြေးအလွှား လိုက်ပါသွားခဲ့သည်။
ခဏချင်းအတွင်းမှာပင် ဟွမ်ရွှမ်သည် ဂူတစ်ခုလုံးကို ပတ်ကြည့်ပြီးနောက် ဂိုဒေါင်တစ်ခုလုံး ပြောင်သလင်းခါနေပြီး အရင်းအမြစ်များစွာ ဆုံးရှုံးနေသည်ကို တွေ့လိုက်ရသည်။ သူကိုယ်တိုင်၏ ဂိုဏ်းချုပ်ဂူပင်လျှင် မွှေနှောက်ခံထားရကာ စားပွဲပေါ်မှ မိုးကြိုးဟိန်းသံနှင့် ပတ်သက်သော စာရွက်စာတမ်းများပင် ပျောက်ဆုံးနေခဲ့ပြီ ဖြစ်သည်။
ဂူအတွင်း ထိုင်နေသော ဟွမ်ရွှမ်၏ မျက်ဝန်းများမှာ အေးစက်လှသည်။ ဤကိစ္စသည် သာမန်ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီများ၏ လက်ချက်ထက် ပိုမိုရှုပ်ထွေးနေကြောင်း သူ ခံစားလိုက်ရသည်။
ဇွန်ဘီတွေက ဒီလိုရိက္ခာတွေကို ဘာလုပ်ဖို့ ယူသွားမှာလဲ။ သူတို့က ဒါတွေကို စားနိုင်လို့လား။
နောက်တစ်ခဏတွင် ဟွမ်ရွှမ်၏ အကြည့်မှာ ဘေးတွင်ရပ်နေသော ထိုသူ့ထံသို့ ရောက်ရှိသွားပြန်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ငါ ဂိုဏ်းမှာ မရှိတဲ့အချိန်အတွင်း ငါတို့ဆီမှာ ရန်သူရှိခဲ့လား"
"ရန်သူလား... မရှိသင့်ပါဘူး။ အော်... ဒါနဲ့ ကျနော် သူတို့တွေ စကားပြောနေတာ ကြားမိသလောက်ဆိုရင် တောင်တန်းမြို့ကို အဆင့် ၃ ရှိတဲ့ ဆင့်ကဲပြောင်းလဲသူ တစ်ယောက် ရောက်လာတယ်ဆိုပဲ။ ဆရာက သူ့ကို စည်းရုံးဖို့ လူလွှတ်လိုက်ပေမဲ့ ရက်အတော်ကြာတဲ့အထိ သတင်းမကြားရတော့ဘူး။ လွှတ်လိုက်တဲ့ ညီအစ်ကိုတွေ တစ်ခုခုဖြစ်သွားပုံပဲ..."
ထိုသူသည် ခဏမျှ စဉ်းစားပြီးနောက် ဝေခွဲမရသည့် လေသံဖြင့် ပြန်ပြောလိုက်သည်။
အဆင့် ၃ ဆင့်ကဲပြောင်းလဲသူ တစ်ယောက် ဟုတ်လား။
ဟွမ်ရွှမ်၏ မျက်မှောင်ကြုတ်မှုမှာ ပို၍ နက်ရှိုင်းသွားသည်။ ထို့နောက် သူ၏ အမူအရာမှာ ဒေါသကြောင့် ပြန်လည် မည်းမှောင်သွားပြီး အေးစက်စွာ ပြောလိုက်သည်။
"ဘယ်သူပဲဖြစ်ဖြစ် ငါ့ရဲ့ သားရဲဘုရင်ဂိုဏ်းကို အမြစ်ဖြတ်ရဲရင်တော့ ကြီးလေးတဲ့ တန်ဖိုးကို ပြန်ပေးဆပ်စေရမယ်"
သားရဲဘုရင်ဂိုဏ်းသည် ကမ္ဘာပျက်ကပ် စတင်ကတည်းက သူ တည်ဆောက်ခဲ့ရသည့် ဘဝတစ်ခုလုံးပင်။ ၎င်းကို အကြောင်းပြချက်မရှိဘဲ ဖျက်ဆီးခံလိုက်ရခြင်းကို သူ လုံးဝ လက်မခံနိုင်ပေ။
သတ်ဖြတ်ပြီးရင် အေးအေးဆေးဆေး ထွက်ပြေးလို့ရမယ်လို့ ထင်နေရင်တော့ အဲဒါ စိတ်ကူးယဉ်တာပဲ ဖြစ်လိမ့်မယ်။
နောက်တစ်ခဏတွင် ဟွမ်ရွှမ်၏ အမိန့်အရ ဗီဇပြောင်း သင်းခွေချပ်သည် ဂူအပြင်ဘက် မြေအောက်မှ ထွက်ပေါ်လာပြီး ဂူထဲသို့ ဝင်ကာ အနံ့ခံကြည့်လိုက်သည်။ ၎င်းသည် ဂိုဒေါင်အတွင်း ကျန်ရှိနေသော ဇွန်ဘီများ၏ အငွေ့အသက်ကို မှတ်သားလိုက်သည်။
ထို့နောက် ဗီဇပြောင်း သင်းခွေချပ်သည် ဂူပြင်သို့ ပြန်ထွက်ကာ မြေအောက်သို့ တိုးဝင်သွားပြီး ဇွန်ဘီများ ချန်ထားခဲ့သော ခြေရာများအတိုင်း နောက်ယောင်ခံ၍ လိုက်ပါသွားတော့သည်။