← Chapters

မမျှော်လင့်သော

Vol. 4 Ch. 323

မမျှော်လင့်သော

Vol. 4 Ch. 323

ဆန်းလျန်မှာ အသံကို ကြားလိုက်ရသည့် အခါ ကြက်သေ သေသွားလေသည်။ ထို့နောက် သူက လေထဲတွင် ရပ်တန့် လိုက်မိလေသည်။ သန့်စင်သည့် တန်ခိုးစွမ်းအား အခိုးအငွေ့ တစ်ခုသည် ဆန်းလျန်၏ အောက်ဘက်ဆီမှ ပျံသန်း တက်လာပြီး ချက်ချင်းပင် ဆန်းလျန်ရှေ့သို့ ရောက်လာ လေသည်။

ဆန်းလျန်သည် ဗဟုသုတနှင့် ပြည့်စုံသူ ဖြစ်သည့် အတွက် ထိုအခိုး အငွေ့များမှာ မည်သည့်အရာ ဖြစ်သည်ကို ချက်ချင်း သိလိုက်လေသည်။

လောကတွင် ထိပ်တန်းအဆင့် အသွင်ပြောင်းပညာ နှစ်မျိုးသာ ရှိလေသည်။

ပထမတစ်မျိုးမှာ ဗုဒ္ဓဘာသာမှ အသွင်ပြောင်း ပညာဖြစ်ပြီး"နှလုံးသား အသွင်ပြောင်းပညာ" ဟု ခေါ်ဆိုလေသည်။ အတွေးတစ်ချက် စိတ်ညွှတ် လိုက်ရုံဖြင့် လောကတစ်ခွင် သွားချင်သည့် နေရာကို ချက်ချင်း ရောက်နိုင်လေသည်။ သို့သော် လူတိုင်းတော့ ထိုကျင့်စဉ်ကို မကျင့်ကြံနိုငပေ။ ဗုဒ္ဓဘာသာ ကျင့်စဉ်လမ်းတွင် အဆင့်အမြင့်ဆုံး ရောက်ရှိသူသာလျှင် ကျင့်ကြံနိုင်မည် ဖြစ်လေသည်။

ဒုတိယ တစ်မျိုးမှာ တာအိုလမ်းစဉ်မှ အသွင်ပြောင်း ပညာ ဖြစ်လေသည်။ "နတ်ဘုရား အခိုးအငွေ့ အသွင်ပြောင်းပညာ" ဖြစ်လေသည်။ ထိုပညာသည် တာအို လမ်းစဉ်တွင် အမြန်ဆုံး ခရီးသွားပညာပင် ဖြစ်လေသည်။

နှလုံးသား အသွင်ပြောင်း ပညာနှင့် နတ်ဘုရား အခိုးအငွေ့ အသွင်ပြောင်း ပညာ နှစ်မျိုးစလုံး လျင်မြန်မှုမှာ မတိမ်းမယိမ်းပင် ဖြစ်လေသည်။

နတ်ဘုရား အခိုးအငွေ့ အသွင်ပြောင်းပညာကို လောက နတ်ဘုရား တစ်ပါးဖြစ်မှသာလျှင် ကျင့်ကြံ နိုင်လေသည်။ ချင်းရွှမ် နတ်တံခါးတွင် ကျင့်စဉ်ပေါင်း များစွာ ထိန်းသိမ်းထားသည့်တိုင် ထိုပညာကို အသေးစိတ် ဖော်ပြထားခြင်း မရှိပေ။

သို့သော် ဆန်းလျန်ကတော့ ထိုပညာ၏ ဝိသေသ လက္ခဏာများကို သိရှိထားသူ ဖြစ်သည့် အတွက် မြင်သည်နှင့် သတိထားလိုက် မိလေသည်။

အခိုးအငွေ့များ ကြားထဲတွင် သန့်စင်သည့် အစိမ်းရောင် ဝတ်ဆင်ထားသည့် တာအိုဆရာ တစ်ယောက်ကို မြင်တွေ့ လိုက်ရလေသည်။ ထိုသူသည် စစ်မှန်သည့် ကျင့်စဉ်လမ်းကို ကျင့်ကြံနေသည့် တာအိုကျင့်ကြံသူ တစ်ယောက် ဖြစ်လေသည်။ သို့သော် ဆန်းလျန်က ထိုသူ၏ ဇာစ်မြစ်ကို ခန့်မှန်းနိုင်ခြင်း မရှိပေ။

"တာအိုရောင်းရင်း၊ ကျုပ်ကို ဘာလို့ တားရတာလဲ"

ဆန်းလျန်က မေးလိုက်တော့ အစိမ်းရောင်ဝတ် တာအိုဆရာက ရယ်မောလိုက်ရင်း…

"မိတ်ဆွေ၊ မင်းတော့ အဖြစ်ဆိုးကြီး တစ်ခုနဲ့ ကြုံရတော့မယ်"

ဆန်းလျန်က အစိမ်းရောင် ဝတ်တာအို ဆရာကို တစ်ချက် အကဲခတ် လိုက်သည်။ အဘယ်ကြောင့် ယဉ်ကျေးမှု မရှိစွာဖြင့် ထိုမျှ ရိုင်းစိုင်းသည့် စကားကို တည့်ထိုးကြီး လာပြော ရပါသနည်း။

သို့သော် ဆန်းလျန်က ချက်ချင်းပင် ထိုသူ၏ စကားကို ပြန်လည် ချေပလိုက်သည်။

"အဖြစ်ဆိုးနဲ့ ကြုံရတော့မယ်ဆို ခင်ဗျား ဝေးဝေး ရှောင်နေပေတော့၊ တော်ကြာ ခင်ဗျားပါ အချောင် ခံနေရဦးမယ်"

အစိမ်းရောင် တာအို ဆရာက ရယ်မော လိုက်ရင်း…

"ဟုတ်တယ်၊ အမှန်ပဲ"

အစိမ်းရောင်ဝတ် တာအိုဆရာ၏ စကားမဆုံးခင်မှာပင် ပေါက်ကွဲသံကြီး တစ်ခု ကြားလိုက်ရပြီး လေထဲတွင် ဧရာမ လက်ကြီး တစ်ဖက်ထွက်ပေါ်လာလေသည်။ ထိုလက်ကြီးမှာ အလွန်ကြီးမား သန်မာပြီး နေကိုပင် ဖုံးကွယ် ထားနိုင်စွမ်း ရှိလေသည်။

အစိမ်းရောင်ဝတ် တာအိုဆရာ၏ တန်ခိုးစွမ်းအားမှာ အလွန်မြင့်မား လေသည်။ ဆန်းလျန် မသိလိုက်ခင်မှာပင် ထိုတာအိုဆရာသည် အခိုးအငွေ့များ အဖြစ် ပြောင်းလဲကာ ထွက်ပြေး ပျောက်ကွယ် သွားလေတော့သည်။ သို့သော် အစိမ်းရောင်ဝတ် တာအိုဆရာက သူထွက်ပြေး မသွားခင် သူ၏ တန်ခိုးစွမ်းအားကို အသုံးပြုကာ ဆန်းလျန်ကို မလှုပ်နိုင်အောင် ချုပ်နှောင် သွားခဲ့လေသည်။ ထို့ကြောင့် ဆန်းလျန်မှာ ဧရာမ လက်ကြီးကို မရှောင်နိုင်တော့ဘဲ ရင်ဆိုင် လိုက်ရလေတော့သည်။

ဆန်းလျန်က ဒြပ်စင် စွမ်းအား ငါးမျိုးကို စုစည်း လိုက်လေသည်။ ထို့နောက် မီးခိုးရောင် အခိုးအငွေ့ စီးကြောင်း အဖြစ် ပြောင်းလဲကာ ဧရာမ လက်ကြီးကို ရင်ဆိုင် တိုက်ခိုက် လိုက်လေသည်။

ဆန်းလျန်၏ တန်ခိုး စွမ်းအားများသည် ဧရာမ လက်ကြီးကို အရှိန်ပြင်းစွာဖြင့် ထိခိုက် သွားလေသည်။

ကြီးမားသည့် ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံး တုန်ခါ သွားလေသည်။ ပတ်ဝန်းကျင်တွင် အသက်ဓာတ် စွမ်အားများစွာ ပျက်စီး ကုန်လေသည်။

အမြင့်ဆုံးသော တန်ခိုး စွမ်းအားနှစ်ခုမှာ တစ်ခုနှင့် တစ်ခု ချေဖျက်သွားပြီး ပတ်ဝန်းကျင် တစ်ခုလုံး မြူမှုန်တစ်စ မရှိတော့အောင် ကြည်လင် သွားလေသည်။

ထို့နောက် ကောင်းကင်ထက်တွင် ရွှေရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် ဘုရင်တစ်ပါး ထွက်ပေါ် လာလေသည်။ ထိုသူ၏ မျက်ဝန်းများက ဓားသွားကဲ့သို့ အေးစက် ထက်ရှ နေပြီး နှာခေါင်းက ကောက်ကောက်နှင့် ဖြစ်လေသည်။ ထိုသူ၏ ခန္ဓာကိုယ်မှ ကိုယ်ယောင် ကိုယ်ဝါများ တောက်ပနေပြီး လေထု တစ်ခုလုံးမှာ တုန်ခါ နေလေသည်။

ထိုဘုရင်၏ ခန္ဓာကိုယ်မှာ သာမန် လူသားများထက် ကြီးမား ထွားကျိုင်းနေပြီး အလွန်မှ ဂုဏ်သရေ ရှိသည့် နတ်ဘုရား တစ်ပါးနှင့် တူနေလေသည်။

သို့သော် နတ်ဘုရား တစ်ပါးတော့ မဟုတ်ပေ။

နတ်မိစ္ဆာ ဘုရင်တစ်ပါး ဖြစ်လေသည်။ ထိုနတ်မိစ္ဆာ ဘုရင်၏ တန်ခိုးစွမ်းအားများမှာ ခေါင်းကိုးလုံး မင်းကြီးထက်ပင် သာလွန် နေသေးသည်။

ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် နတ်မိစ္ဆာဘုရင်သည် သူ့ရှေ့မှ ဆန်းလျန်ကို စိုက်ကြည့် နေလေသည်။ ဆန်းလျန်ထံမှ ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားများ ဖြာထွက် နေလေသည်။ နတ်မိစ္ဆာဘုရင်က ဆန်းလျန်မှာ လောက နတ်ဘုရား တစ်ပါးမှန်း ရိပ်မိ လိုက်လေသည်။ သို့သော် ဆန်းလျန်၏ အသက်အရွယ်မှာ လောက နတ်ဘုရား တစ်ပါးဖြစ်ရန် အတွက် ငယ်ရွယ် လွန်းသေးသည်ဟု သူက တွေးနေမိလေသည်။

သူ့ဘဝတွင် ထိုမျှငယ်ရွယ်သည့် လောက နတ်ဘုရားတစ်ပါးကို တွေ့မြင်ခဲ့ဖူးခြင်း မရှိပေ။

“မင်းက အရူးတာအိုဆရာနဲ့ ဘယ်လို ပတ်သက်နေတာလဲ”

ရွှေရောင်ဝတ် နတ်မိစ္ဆာ ဘုရင်က ဆန်းလျန်ကို စိုက်ကြည့်ပြီး မေးလိုက်လေသည်။

သူ၏ အကြည့်များက ဓားသွား တစ်ခုအလား ထက်ရှနေပြီး ဆန်းလျန်သာ သာမန်ကျင့်ကြံသူ တစ်ယောက်ဆိုလျှင် ဝိညာဉ်ပါ မကျန်အောင် တစ်စစီ ပေါက်ကွဲ ပျက်စီး သွားရပေလိမ့်မည်။

“အဲဒီ တာအိုဆရာကို ကျုပ်မသိဘူး”

ဆန်းလျန်က သိပ်ရှည်ရှည် ဝေးဝေး မပြောဘဲ ခပ်ပြတ်ပြတ်ပင် ပြန်ဖြေ လိုက်သည်။

ရွှေရောင် ဝတ်ရုံ ဝတ်ဆင်ထားသည့် နတ်မိစ္ဆာ ဘုရင်သည် ဆန်းလျန်ကို သေသေချာချာ ကြည့်နေလေသည်။ ထို့နောက် သူက ခေါင်းတစ်ချက် ညိတ်လိုက်ပြီး ပျောက်ကွယ် သွားလေတော့သည်။

ရွှေရောင် ဝတ်ရုံ ဝတ်ဆင်ထားသည့် နတ်မိစ္ဆာ ဘုရင် ရပ်နေခဲ့သည့် နေရာတွင် လေထုတစ်ခုလုံး တုန်ခါ သွားလေသည်။ အဘယ်ကြောင့်ဆိုသော် နတ်မိစ္ဆာဘုရင်၏ မြန်နှုန်းကို လေထုက မထိန်း နိုင်သောကြောင့် ဖြစ်လေသည်။

ဆန်းလျန် ယခုတော့ သဘောပေါက် သွားပြီ ဖြစ်သည်။

ရွှေရောင် ဝတ်ရုံ ဝတ်ဆင်ထားသည့် နတ်မိစ္ဆာဘုရင်သည် အစိမ်းရောင်ဝတ် တာအိုဆရာ နောက်သို့ လိုက်လာခြင်း ဖြစ်လေသည်။ အစိမ်းရောင်ဝတ် တာအိုဆရာက နတ်မိစ္ဆာဘုရင်ကို မျက်ခြေဖြတ် ထွက်ပြေးနိုင်ရန် အတွက် ဆန်းလျန်ကို အသုံးချသွားခြင်း ဖြစ်လေသည်။

ဆန်းလျန်သာ လောကနတ်ဘုရား တစ်ပါး မဟုတ်ခဲ့လျှင် နတ်မိစ္ဆာဘုရင်၏ အကြည့် အောက်တွင်ပင် အသက်ပျောက် သွားနိုင်လေသည်။

ရွှေရောင် ဝတ်ရုံ ဝတ်ဆင်ထားသည့် နတ်မိစ္ဆာဘုရင် မည်သူဖြစ်သည်ကို ဆန်းလျန် ခန့်မှန်း မိလေသည်။

ထိုနတ်မိစ္ဆာဘုရင်သည် ကြောက်မက်ဖွယ် ကောင်းသော နတ်မိစ္ဆာ မျိုးနွယ်ဝင် တစ်ဦး ဖြစ်ပြီး ကျင့်ကြံသူ လောကတွင် သူ့ကို “မိုးမြေနတ်ဘုရား” ဟု ခေါ်ဆိုကြလေသည်။ သူသည် နတ်မိစ္ဆာ ဘုရင်များကြားတွင် ထိပ်တန်း အဆင့် နတ်မိစ္ဆာ ဘုရင်တစ်ပါး ဖြစ်လေသည်။

ကျော်ကြားသည့် လောက နတ်ဘုရားများပင် သူ့ကို ထိပ်တိုက် ရင်မဆိုင်ရဲလောက်အောင် တန်ခိုးစွမ်းအား ကြီးမားသူ ဖြစ်လေသည်။ သူက မိုးနှင့်မြေတွင် အလျင်မြန်ဆုံးသော နတ်မိစ္ဆာ ဘုရင်တစ်ပါး ဖြစ်လေသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် သူနှင့်ပြဿနာ ဖြစ်ပါက မည်သို့မျှ လွတ်လမ်းမရှိနိုင်ပေ။

သို့သော် အစိမ်းရောင်ဝတ် တာအိုဆရာမှာ မည်သူမှန်း ဆန်းလျန် မသိခဲ့ပေ။

အစိမ်းရောင်ဝတ် တာအို ဆရာမှာ နတ်ဘုရား အခိုးအငွေ့ ကျင့်စဉ်ကို ကျင့်ကြံထားပြီး သူ၏ ကျင့်စဉ်လမ်းမှာလည်း စစ်မှန် လေသည်။ သို့သော် ထိုသူသည် အမှန်တကယ်ပင် ထူးဆန်းသည့် သူတစ်ယောက် ဖြစ်သည့်အပြင် ယွမ်ကျိုးနယ်မှ ကျင့်ကြံသူ တစ်ယောက်လည်း မဟုတ်ပေ။

ချင်းရွှမ်နတ်တံခါးမှ မှတ်တမ်းများ ထဲတွင်တော့ အခြားသော ဒေသများမှ ကျင့်ကြံသူများ၏ စာပေအချို့ကို မှတ်တမ်း တင်ထားလေသည်။ ယွမ်ကျိုးနယ်မှ မဟုတ်၊ အခြားသော ဒေသများတွင်လည်း ကျင့်ကြံသူများ၊ နတ်ဘုရားများ များစွာ ရှိကြလေသည်။ သို့သော် အခြားဒေသမှ ကျင့်ကြံသူများမှာ ယွမ်ကျိုးနယ်သို့ လာရောက် လည်ပတ်ကြခြင်း သိပ်မရှိကြပေ။

သို့သော် ယနေ့ ကြုံတွေ့လိုက်ရသည့် အဖြစ်အပျက်သည် လောကတွင် ဆန်းလျန်ကဲ့သို့ အလွန်တော်သည့် ကျင့်ကြံသူများ ရှိနေသေးကြောင်း ဆန်းလျန်ကို သတိပေးလိုက်သလို ဖြစ်သွားလေသည်။ အစိမ်းရောင်ဝတ် တာအိုဆရာရော၊ ရွှေရောင် ဝတ်ရုံ ဝတ်ဆင်ထားသည့် နတ်မိစ္ဆာရောပါ ဆန်းလျန်နှင့် အရည်အချင်း တူညီသည့် သူများ ဖြစ်ကြလေသည်။

သို့သော် ထိုသို့သော အရည်အချင်း ရှိသူများမှာ သိပ်ပြီး များများစားစား မရှိကြပေ။

ဆန်းလျန် အနေဖြင့် နတ်ဘုရားတစ်ပါး ဖြစ်သွားသည့်တိုင် ကျင့်ကြံမှုများကို ရပ်တန့် မနေသင့်ပေ။ မဟုတ်ပါက ပြိုင်ဘက်များ အလယ်တွင် အလွယ်တကူ အသက်ဆုံးရှုံး သွားနိုင်လေသည်။

အစိမ်းရောင် တာအိုဆရာ ပြောသည့် “တာအိုဆရာ၊ ခဏလောက် စောင့်ပါဦး” ဆိုသည့် စကားကို ဆန်းလျန် ပြန်စဉ်းစား နေခဲ့မိလေသည်။ ထိုစကားကြောင့် ဆန်းလျန်မှာ ကြက်သေ သေသွားစေပြီး ကောင်းကင်ထက်တွင် ပျံသန်းနေခြင်းကို ရပ်တန့် လိုက်မိခြင်း ဖြစ်လေသည်။

သူပြောလိုက်သည့် စကားတွင် ကျိန်စာ တစ်ခု ပါဝင်ပြီး ဆန်းလျန်၏ စိတ်ပိုင်းဆိုင်ရာကို ထိန်းချုပ် နိုင်ခဲ့ပုံ ရလေသည်။

ထို့ပြင် ရွှေရောင် ဝတ်ရုံ ဝတ်ဆင်ထားသည့် နတ်မိစ္ဆာ ဘုရင်က အစိမ်းရောင် တာအိုဆရာကို “အရူး တာအိုဆရာ” ဟု ခေါ်ပြီး အဘယ်ကြောင့် လိုက်လံ ဖမ်းဆီး နေရပါသနည်း။

ဆန်းလျန် နားမလည်နိုင်ဆုံး အချက်မှာ အရူး တာအိုဆရာသည် အဘယ့်ကြောင့် သူနှင့် ရွှေရောင် ဝတ်ရုံ ဝတ်ဆင်ထားသည့် နတ်မိစ္ဆာဘုရင်၏ ပြဿနာကြားတွင် ဆန်းလျန်ကို ဆွဲထည့်ခဲ့ ပါသနည်း။

ဆန်းလျန်မှာ စဉ်းစားရင်းဖြင့်ပင် အဖြေမရ ဖြစ်နေရလေသည်။ နောက်ဆုံးတော့ မစဉ်းစားဘဲ နေရန် ဆုံးဖြတ် လိုက်လေသည်။

ထို့နောက်သူက ကောင်းကင်ထက်တွင် အရှိန်မြှင့်ပြီး ပျံသန်းလိုက်သည်။

ရော့ရှီလေးကို ချင်းရွှမ်နတ်တံခါးသို့ ပြန်ခေါ်သွားရန် ဆုံးဖြတ် လိုက်သည်။ ရော့ရှီလေး၏ ဘ၀ လုံခြုံစိတ်ချ ရပြီဆိုလျှင် သူလည်း လေနှင့် လျှပ်စီး တောင်ပံ အသွင်ပြောင်းပညာကို ပြီးမြောက်အောင် ကျင့်ကြံရန် ဆုံးဖြတ်ချက် ချလိုက်လေသည်။

***

All Chapters