← Chapters

နဂါးအသွင်ပြောင်း ရေကန်

Vol. 4 Ch. 324

နဂါးအသွင်ပြောင်း ရေကန်

Vol. 4 Ch. 324

ဆန်းလျန်သည် ကောင်းကင်ထက်တွင် အလွန် လျင်မြန်စွာ ပျံသန်းနေသည့် အတွက် မည်သူမျှ သူ့ကို နှောင့်ယှက်ရဲခြင်း မရှိတော့ပေ။

ချင်းဆွေမြစ်စောင့် နတ်သမီးဝတ် ကျောင်းတော်သို့ ဆန်းလျန် ပြန်လည် ရောက်ရှိလာသည့် အခါတွင်တော့ သူ့ကို စောင့်မျှော်နေသည့် ဘုရင်မကို တွေ့လိုက် ရလေသည်။

ဘုရင်မသည် ချင်းဆွေ မြစ်စောင့် နတ်သမီးအဖြစ် နတ်ဘုရား တစ်ပါး ဖြစ်လာခဲ့သော်လည်း လွတ်လပ် မှုများ ဆုံးရှုံးခဲ့ရသည့် အတွက် ဆန်းလျန် အနည်းငယ် စိတ်မကောင်း ဖြစ်လိုက်မိသည်။ သို့သော် အခြားဘက်တွင်လည်း သူမ၏ တန်ခိုး စွမ်းအားများမှာ မယုံကြည် နိုင်စရာ ကောင်းလောက်အောင် တိုးတက် လာလေသည်။ အထူးသဖြင့် ချင်းဆွေ မြစ်ကြောင်း တစ်လျှောက်တွင် သူမ၏ တန်ခိုး စွမ်းအားများကို ယှဉ်ပြိုင် နိုင်မည့်သူ မရှိတော့ပေ။

ဆန်းလျန်က ကောင်းကင်ထက်မှ ဆင်းသက်လာပြီး ဘုရင်မကို ပြုံးပြ လိုက်လေသည်။

“အခုဆို ဘုရင်မက ချင်းဆွေ မြစ်စောင့် နတ်သမီး ဖြစ်နေပြီပဲ၊ ဘာလို့ တစ်ယောက်တည်း နေရတာလဲ၊ သိပ်ပြီး အထီးမကျန်ရအောင် အစေခံလေး ဘာလေးတွေ ခေါ်ထားရောပေါ့”

ဘုရင်မ၏ ကျင့်စဉ်လမ်း အဆင့်နှင့်ဆိုလျှင် အထီးကျန်မှုကိုလည်း ဂရုစိုက်မည့်သူ မဟုတ်ပေ။ သို့သော် တစ်ယောက်တည်း နေရသည့် ဘဝက ပျော်စရာတော့ သိပ်မကောင်းလှပေ။

“မင်းပြောမှပဲ သတိရတော့တယ်၊ လွန်ခဲ့တဲ့ နှစ်တွေတုန်းက အခြေအနေ တည်ငြိမ်ဖို့ ကြိုးစား နေရတာနဲ့ ဒီအကြောင်း တွေမစဉ်းစားမိဘူး၊ အခုတော့ နတ်ဘုရား ငယ်လေးတွေကို အစေခံလေး ဘာလေးထားပြီး မိုင်ပေါင်း သုံးသောင်းရှည်တဲ့ ချင်းဆွေမြစ် အတွက် လုပ်စရာရှိတာတွေ လုပ်ပေးဦးမှပဲ”

ဘုရင်မက ဆန်းလျန်ကို ကြည့်ရင်း ပြန်ပြော လိုက်လေသည်။

ချင်းဆွေမြစ်မှာ အလွန် ရှည်လျား ကျယ်ပြန့်သည့် မြစ်ကြီးတစ်ခု ဖြစ်ပြီး မှီတင်း နေထိုင်ကြသည့် သတ္တဝါများလည်း မရေမတွက် နိုင်အောင် များပြားလေသည်။ ဘုရင်မသည် မည်မျှပင် တန်ခိုးစွမ်းအား ကြီးမားပါစေ သတ္တဝါတိုင်းကိုတော့ ကူညီမစနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် အချို့ကိစ္စများကို တာဝန် လွှဲပြောင်း ပေးရန်အတွက် နတ်ဘုရားငယ်များ၊ အစေခံများ ထားရှိသင့်လေသည်။

“ကောင်းတာပေါ့ဗျာ၊ အင်း… ကြည့်ရတာ ကျုပ်သာ မိုးကောင်းကင် တရားစီရင်မှုကို မကျော်ဖြတ် နိုင်ခဲ့ဘူးဆိုရင် ဘုရင်မလောက်တောင် အသက်ရှည်နိုင်မယ် မထင်ဘူး”

ဆန်းလျန်က ပြောလိုက်သည်။

ဆန်းလျန်၏ စကားကြောင့် ဘုရင်မက ပြုံးရုံသာပြုံးနေပြီး စကား ပြန်မပြောပေ။ ဆန်းလျန်က သူမကို နှစ်သိမ့်နေသည်ဟု ထင်မှတ်လိုက်မိလေသည်။

ချင်းရွှမ် နတ်တံခါးတွင် လောကကို ကျော်လွန်ပြီး မိုးကောင်းကင် နတ်ဘုရားအဖြစ် အဆင့်တက်ရောက် သွားကြသည့် လောကနတ်ဘုရား များစွာ ရှိလေသည်။

ဆန်းလျန်၏ အရည်အချင်းမှာလည်း ထိုပုဂ္ဂိုလ်များထက် မသာလျှင်တောင် မလျော့ပေ။ ဆန်းလျန် အနေဖြင့် မိုးကောင်းကင် နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်ခြေမှ ကိုးဆယ် ရာခိုင်နှုန်းခန့် မသေချာလျှင်တောင်မှ ရှစ်ဆယ်ရာခိုင်နှုန်း ခန့်သေချာ သလောက်ရှိလေသည်။

ဘုရင်မသည် တာအိုကျင့်စဉ် အစစ်အမှန်ဖြင့် နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့သူ မဟုတ်ပါ။ သို့သော် တာအို ကျင့်စဉ်များ အကြောင်းကိုတော့ အကျွမ်းတဝင် သိရှိ နားလည်ထားသူ ဖြစ်လေသည်။

ချန်ကျန့်မေ ကျင့်ကြံခဲ့သည့် သဏ္ဌာန်မဲ့ ဓားသိုင်းပညာသည် နတ်ဘုရား တစ်ပါးအဖြစ် အဆင့် တက်ရောက် နိုင်ရန် ခက်ခဲသည့် ပညာရပ် တစ်ခုဖြစ်လေသည်။ အမှန်တကယ် ထူးချွန်သည့် ပါရမီရှင် ဖြစ်မှသာ သဏ္ဌာန်မဲ့ ဓားသိုင်းပညာဖြင့် နတ်ဘုရား တစ်ပါးအဖြစ် တက်လှမ်းနိုင်မည် ဖြစ်လေသည်။

ဆန်းလျန်သည် ချန်ကျန့်မေထက် အရင် နတ်ဘုရား အဆင့်ကို တက်ရောက် နိုင်ခဲ့သည့်တိုင် အမှန်တကယ်တွင် ချန်ကျန့် မေလောက်တော့ ထက်မြက်ခြင်း မရှိလှပေ။

မည်သို့ပင်ဖြစ်စေ ဆန်းလျန်နှင့် ချန်ကျန့်မေ အပါအဝင် အခြားသော ဟိုင်သန်းအဆင့် ကျင့်ကြံသူများလည်း ပေါ်ထွက်လာပြီ ဖြစ်သည့် အတွက်ကြောင့် ချင်းရွှမ် နတ်တံခါးသည် ပြန်လည် ဦးမော့လာခဲ့ပြီ ဖြစ်လေသည်။

အမှန်တော့ ရှေးယခင် အချိန်များစွာ ကတည်းကပင် အဓိက ကျင့်စဉ် ပညာပေါင်း တစ်ရာ့ ရှစ်မျိုးရှိသည့် ချင်းရွှမ် နတ်တံခါးသည် အဓိက နတ်ဘုရား ကျောင်းတော်ကြီး လေးခုတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည့် ကျောင်းတော်ကြီး တစ်ခု ဖြစ်လေသည်။ ယွမ်ကျိုးနယ်တွယ် ကျင့်ကြံသူ မှန်လျှင် ချင်းရွှမ် နတ်တံခါး အကြောင်း မသိသည့်သူ မရှိပေ။

ရွှမ်ထျန်း နတ်ဘုရား ဂိုဏ်းပင်လျှင် ရှန်ဆန်းကျန်းရန် လုကျိုးယွမ် ပေါ်ထွက် လာပြီးသည့် နောက်မှ ချင်းရွှမ် နတ်တံခါးကို အမီ လိုက်လာနိုင်ခဲ့ခြင်း ဖြစ်လေသည်။

ထိုအချက်သည်ပင် ကွမ်းချင်း နတ်ဘုရား ဂိုဏ်းအနေဖြင့် ချင်းရွှမ်နတ်တံခါးကို အမီ မလိုက်နိုင်ရသည့် အကြောင်းရင်း ဖြစ်လေသည်။

ကွမ်းချင်း နတ်ဘုရားဂိုဏ်းတွင် နတ်ဘုရား ငါးပါး ပေါ်ထွက်လာသည့်တိုင် ချင်းရွှမ် နတ်တံခါးကဲ့သို့ ကြွယ်ဝသည့် အတွေ့အကြုံနှင့် ကျင့်စဉ် ပညာရပ်များ မရှိပေ။ ကွမ်းချင်း နတ်ဘုရားဂိုဏ်းတွင် တာအိုကျင့်စဉ်ကျမ်း ဆယ်ခုကျော်ခန့်သာ ရှိလေသည်။ ထိုဆယ်ခု ကျော်ထဲတွင်မှ ပြီးပြည့်စုံသည့် ကျင့်စဉ် အစစ်အမှန်သည် ဆယ်ခုပင် မပြည့်ပေ။

ဘုရင်မက လက်တစ်ဖက် ဝှေ့ယမ်းလိုက်ပြီး တန်ခိုးစွမ်းအား တစ်ခုကို ဖော်ထုတ် လိုက်လေသည်။ ဆန်းလျန်က ဘုရင်မ ထုတ်လွှတ်လိုက်သည့် တန်ခိုးစွမ်းအားများကို ခုခံခြင်း မရှိဘဲ လက်ခံ ယူလိုက်လေသည်။ သိပ်မကြာမီပင် သူတို့သည် ဘုရင်မ၏ နတ်ဘုရား တန်ခိုးစွမ်းအား တံခါး အတွင်းရှိ နတ်ဘုရား နယ်မြေသို့ ရောက်ရှိ သွားလေတော့သည်။

နတ်ဘုရား နယ်မြေ ဆိုသည်မှာ နတ်ဘုရားများ တရား အလင်းပွင့်ရာ နယ်မြေ ကဲ့သို့သော နယ်မြေ တစ်ခု ဖြစ်လေသည်။ ထိုနေရာသည် ဗလာနယ် တစ်ခုအလား မိုးနှင့်မြေတွင် သီးခြား ဖြစ်တည် နေသည့် နေရာတစ်ခု ဖြစ်လေသည်။

ဘုရင်မကဲ့သို့ နတ်ဘုရား အပ်နှင်းခြင်း ပညာဖြင့် နတ်ဘုရား တစ်ပါး ဖြစ်လာသူသည် ဆန်းလျန်ကဲ့သို့ တာအို ကျင့်စဉ်လမ်းဖြင့် နတ်ဘုရား တစ်ပါး ဖြစ်လာသည့် သူထက် နတ်ဘုရား နယ်မြေ ဖန်တီးရန် ပိုပြီး လွယ်ကူလေသည်။

ဆန်းလျန်မှာတော့ သူ၏ ကိုယ်ပိုင် နတ်ဘုရား နယ်မြေ တစ်ခုကို ဖန်ဆင်းနိုင်ခြင်း မရှိသေးပါ။

ဘုရင်မ၏ နတ်ဘုရား နယ်မြေ အလယ်တွင် ရော့ရှီလေး တရား ထိုင်နေလေသည်။ သူမ၏ ဘေးပတ်ပတ်လည်တွင် ချင်းဆွေ မြစ်ကမ်း တစ်လျှောက်မှ အသက်ဓာတ် စွမ်းအားများ ဝန်းရံ နေလေသည်။

ရော့ရှီလေးသည် တင်ပျဉ်ခွေ ထိုင်နေပြီး မျက်လုံးများကို မှိတ်ထားလေသည်။ သူမသည် အသက် ခုနစ်နှစ်ခန့် အရွယ် ကလေးမလေး တစ်ယောက်၏ ပုံသဏ္ဌာန် ဖြစ်နေသော်လည်း အလွန်မှ တည်ငြိမ် ရင့်ကျက် နေလေသည်။ သူမကို ကြည့်ရသည်မှာ ဝိညာဉ်ကမ္ဘာမှ နတ်သမီးလေး တစ်ပါးနှင့်ပင် ဆင်တူလေသည်။

သူမခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် တန်ခိုးစွမ်းအားများက အိပ်မက် ဆန်လေသည်။ ဆန်းလျန်နှင့် ဘုရင်မမှာ တန်ခိုး စွမ်းအား ကြီးမားသည့် နတ်ဘုရားများသာ မဟုတ်လျှင် ထိုအိပ်မက် ဆန်သည့် တန်ခိုး စွမ်းအားများသည် သူတို့၏ အတွေးများကိုပင် ထင်ယောင်ထင်မှား ဖြစ်စေမည် ဖြစ်လေသည်။

နတ်ဘုရား အဘိုးအို၏ အိပ်မက် လိပ်ပြာ ကျင့်စဉ်မှာ ထူးခြားသည့် ကျင့်စဉ်တစ်ခု ဖြစ်လေသည်။

အိပ်မက် လိပ်ပြာ ကျင့်စဉ်ကို ထိုက်ဝေ့ထိုင် ခန်းမဆောင်တွင် ဆန်းလျန် လေ့လာ ခဲ့ဖူးသော်လည်း ထိုကျင့်စဉ်သည်။ ပြည့်စုံခြင်း မရှိသေးပေ။

ကျင့်စဉ်ကျမ်း စာအုပ်ထဲတွင် ရေးသားထားသည်မှာ မည်မျှပင် အောင်မြင်မှု ရပါစေ ဘဝသည် အိပ်မက် တစ်ခုအလားပင် ဖြစ်သည် ဟူ၍ ဖြစ်လေသည်။ သေခြင်းတရား၊ ဝမ်းနည်း ပူဆွေးရခြင်းများ၊ ခံစားချက်များ၊ အရာအားလုံးသည် အတုယောင်များသာ ဖြစ်လေသည်။

လူတစ်ယောက်သည် အရာအားလုံးမှာ အတုအယောင်များသာ ဖြစ်သည်ဟု လက်ခံ နားလည် သွားနိုင်လျှင် မည်သည့် ဘေးအန္တရာယ်ပင် ကျရောက်ပါစေ နာကျင်ခံစားရမည် မဟုတ်တော့ပေ။

သို့သော် မိုးကောင်းကင် နတ်ဘုရား တစ်ပါးပင်လျှင် ထိုအဆင့်သို့ ရောက်ရှိအောင် ကျင့်ကြံနိုင်မည် မဟုတ်ပေ။

ရော့ရှီသည် သူမ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့် လိုက်လေသည်။

သူမ၏ မျက်ဝန်းများသည် အလွန် အပြစ်ကင်းစင် လှလေသည်။

သူမက ဆန်းလျန်ကို မြင်သည်နှင့် ဝမ်းသာ အားရဖြင့် ခေါ်လိုက်သည်။

"ဦးဦး…"

ဆန်းလျန်က ရယ်မော လိုက်ရင်း…

"ကြည့်စမ်း၊ သမီးအခုတော့ အရမ်းကို အဆင်ပြေနေတာပဲ၊ ကဲ.. သမီးရဲ့ ဒေါ်လေးကိုလည်း နှုတ်ဆက် စကား ပြောလိုက်ပါဦး ၊ ဦးဦးတို့ တောင်ပေါ်ကို ပြန်ကြမယ်လေ"

"ဆန်းလျန်၊ ဒီနေရာက ရော့ရှီအတွက် အန္တရာယ် ကင်းပါတယ် ၊ မင်းအပြီး နေချင်ရင်တောင် နေလို့ ရတယ်နော်"

ဘုရင်မက ဆန်းလျန်ကို နောက်ပြောင် လိုက်သည်။

ဘုရင်မ၏ စကားကြောင့် ရော့ရှီလေးက တခစ်ခစ်ဖြင့် ရယ်မော လိုက်လေသည်။

အမြဲတမ်း မျက်နှာထား တင်းတင်းဖြင့် နေတတ်သည့် ဘုရင်မသည် ထိုသို့ နောက်ပြောင် တတ်လိမ့်မည်ဟု ဆန်းလျန် ထင်မထားမိပေ။

ဆန်းလျန်ကလည်း တောင်ပေါ်သို့ ချက်ချင်း မပြန်သေးပါ။

သူက ဘုရင်မနှင့် တာအို ကျင့်စဉ်လမ်း အကြောင်းကို ရက်အနည်းငယ် ဆွေးနွေးနေပြီးမှ ချင်းရွှမ်သို့ ပြန်ခဲ့လေသည်။

ဘုရင်မသည် ဆန်းလျန်နှင့် ရော့ရှီ ထွက်ခွာ သွားသည်နှင့် သူမ၏ ဝတ်ကျောင်းတော်တွင် အစေခံများ ထားရှိရန် စတင် ဆောင်ရွက် လေတော့သည်။

ဘုရင်မသည် ချင်းဆွေမြစ်ကြောင်း တစ်လျှောက်တွင် လှည့်လည် သွားလာခဲ့ရာ ရေမိစ္ဆာများစွာနှင့် ဆုံတွေ့ ခဲ့ရလေသည်။ ရေမိစ္ဆာများမှာ ကျင့်ကြံခြင်း အတွေ့အကြုံလည်း ရှိသလို တန်ခိုး စွမ်းအားလည်း ရှိကြလေသည်။

ထို့ပြင် မြစ်ကြောင်း တစ်လျှောက်တွင် အချို့သော ရေမိစ္ဆာဂိုဏ်းများမှာ မိုးမြေ စွမ်းအားများကို စုပ်ယူပြီး သူတို့၏ တန်ခိုး စွမ်းအားများကို ပြန်လည် ထုတ်လွှတ် နေသည်ကိုလည်း တွေ့ခဲ့ရလေသည်။ ဘုရင်မသည် ထိုအချက်ကို သိပ်ပြီး ကျေနပ်ခြင်းမရှိပေ။ အဘယ်ကြောင့် ဆိုသော် အချို့ရေ မိစ္ဆာများ၏ တန်ခိုး စွမ်းအားများက မသန့်စင်သောကြောင့် ဖြစ်လေသည်။

သို့သော် ရေမိစ္ဆာများထံတွင် လူသတ်လိုသည့် အငွေ့အသက်များ သိပ်မတွေ့ရပေ။ သူတို့သည် ကောင်းမွန်စွာဖြင့် အေးအေးဆေးဆေး နေကြသူများသာ ဖြစ်လေသည်။ ဘုရင်မသည် ရေမိစ္ဆာ အနည်းငယ်ကို ဖမ်းဆီး လာခဲ့လေသည်။ သူမက ရေမိစ္ဆာများကို အသေးစိတ် မေးမြန်း ကြည့်ရာ ထိုရေမိစ္ဆာများမှာ မဟူရာ အဏ္ဏဝါ တိုင်းပြည်မှ ဖြစ်ကြောင်း သိခွင့်ရခဲ့သည်။

ထိုမဟူရာ အဏ္ဏဝါ တိုင်းပြည်မှာ ပင်လယ် ရေအောက်တွင် တည်ရှိသည့် တိုင်းပြည် တစ်ခုဖြစ်ပြီး တိုင်းပြည်ကို အုပ်ချုပ်သည့် ဘုရင်မှာ အဏ္ဏာဝါ လူသားတစ်ယောက် ဖြစ်လေသည်။ ထိုအဏ္ဏဝါ လူသားသည် အသက်ထောင်နှင့် ချီရှည်လျားသည့် အဆင့်မြင့် ကျင့်ကြံသူ ရေမိစ္ဆာ တစ်ပါး ဖြစ်လေသည်။

သို့သော် နဂါးတစ်ကောင် ရောက်လာပြီး ထိုအဏ္ဏဝါ လူသားကို သတ်ဖြတ်ကာ မဟူရာ အဏ္ဏဝါ တိုင်းပြည်၏ ထီးနန်းကို သိမ်းပိုက် ခဲ့လေသည်။ ထိုနဂါးဘုရင်သည် အလွန် ရက်စက် ကြမ်းကြုတ်သူ ဖြစ်သည့်အတွက် ရေမိစ္ဆာများမှာ ထိုမဟူရာ အဏ္ဏဝါ တိုင်းပြည်မှ ထွက်ပြေး လာကြခြင်း ဖြစ်လေသည်။

ထို့ပြင် ဘုရင်မသည် အခြားသော သတင်းတစ်ခုလည်း ရထားသေးသည်။

ထိုနဂါးဘုရင်သည် သူ၏ ပိုက်နက်ကို ချဲ့ထွင်ရန် အတွက် အရှေ့ပင်လယ်မှ နဂါးတိုင်းပြည်၏ "နဂါးအသွင်ပြောင်း ရေကန်"ကို တိုက်ခိုက် သိမ်းပိုက်ရန် စီစဉ်နေသည် ဆိုသည့် သတင်းပင် ဖြစ်လေသည်။

***

All Chapters