စွမ်းအင်ပုံဆောင်ခဲအား စုပ်ယူခြင်း
Vol. 8 Ch. 75
“လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက သွေးအရိပ်ဂိုဏ်းက တင့်ယွင်ခရိုင်မှာ မိစ္ဆာဂိုဏ်းသားတွေကို စတင်ပျိုးထောင်ခဲ့တယ်။ သာမန်အရပ်သားတွေရော မဟူရာသံချပ်ကာဝတ်တပ်သားတွေပါ ပါဝင်ပတ်သက်နေကြတယ်”
“အဲဒါကြောင့်လည်း တင့်ယွင်ခရိုင်ရဲ့ ပုန်ကန်မှုက လွယ်လွယ်ကူကူပဲ အောင်မြင်သွားခဲ့တာလေ”
ဝေ့ချန်ချင်းက ဆက်လက်ပြောကြားလေသည်။ “သူတို့က လူတွေကို မိစ္ဆာဂိုဏ်းသားတွေအဖြစ် ပြောင်းလဲပစ်တဲ့ နည်းလမ်းတွေကို ခန်းယွင်ခရိုင်မှာလည်း အသုံးပြုလာကြပြီ။ ကံကောင်းတာက ငါတို့ အချိန်မီ သိလိုက်ရလို့ အခြေအနေကို ထိန်းထားနိုင်ခဲ့တယ်”
“ငါတို့ဖမ်းမိထားတဲ့ မိစ္ဆာဂိုဏ်းသားတွေကို စစ်ဆေးမေးမြန်းချက်အရဆိုရင်တော့ ပုန်းအောင်းနေတဲ့ မိစ္ဆာဂိုဏ်းသားတွေကို ငါတို့ ခြောက်လှန့်နိုင်ခဲ့ပုံရတယ်...”
“ဒါပေမဲ့...”
ဝေ့ချန်ချင်း စကားကို ခေတ္တရပ်လိုက်ပြီး တပ်မှူးများအားလုံး၏ မျက်နှာကို ဝေ့ဝဲကြည့်လိုက်လေသည်။ “ခရိုင်ထဲမှာ ပုန်းအောင်းနေတဲ့ မိစ္ဆာဂိုဏ်းသားတွေ အကုန်လုံးကို ရှင်းလင်းပြီးပြီလားဆိုတာ ငါတို့ မသေချာဘူး။ ဒါ့အပြင် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ထဲကို သူတို့ စိမ့်ဝင်နေပြီးလားဆိုတာကိုလည်း မသေချာသေးဘူး”
ဝေ့ချန်ချင်း ထိုသို့ပြောလိုက်သည်နှင့် အစည်းအဝေးခန်းမအတွင်းရှိ လေထုမှာ အနည်းငယ် တင်းမာသွားတော့သည်။
မိမိဘေးနားရှိ လုပ်ဖော်ကိုင်ဖက်များသည် မိစ္ဆာဂိုဏ်းနှင့် ပတ်သက်ခြင်း ရှိမရှိ မည်သူမျှ မသေချာကြပေ။
ဝေ့ချန်ချင်းက ပြုံးကာ ပြောလိုက်သည်။ “အရမ်းကြီးလည်း စိတ်လှုပ်ရှားမနေကြပါနဲ့။ ဘာပဲဖြစ်ဖြစ် ငါတို့အားလုံးက လုပ်ဖော်ကိုင်ဖက်တွေပဲလေ။ သိပ်ပြီး သံသယလွန်မနေကြပါနဲ့”
“ဒါပေမဲ့ မင်းတို့ အတူတူ အလုပ်လုပ်နေတုန်း သံသယဖြစ်စရာ တစ်ခုခုတွေ့ရင်တော့ အမြန်ဆုံး သတင်းပို့ကြပါ...”
ဝေ့ချန်ချင်း ပြောလိုက်၏။
“ကဲ... ငါတို့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကတော့ ဒါပါပဲ”
ဝေ့ချန်ချင်းက ဆက်ပြောသည်။ “ခြုံပြောရရင် ရန်သူက တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေပြီ။ မြို့ထဲက သံသယဖြစ်စရာ လှုပ်ရှားမှုတွေကို သတိထားစောင့်ကြည့်ကြ။ မိစ္ဆာဂိုဏ်းနဲ့ ပတ်သက်တယ်လို့ သံသယရှိတဲ့သူတွေကို လွတ်မြောက်ခွင့် မပေးဘဲ ချက်ချင်း ဖမ်းဆီးစစ်ဆေးကြ”
“လက်ရှိအခြေအနေကို ကိုင်တွယ်ဖို့အတွက် ငါတို့အနေနဲ့ ကင်းစခန်းတွေရဲ့ အရွယ်အစားကို လျှော့ချပြီး တပ်စခန်းတွေမှာရှိတဲ့ မဟူရာသံချပ်ကာဝတ်တပ်သား အရေအတွက်ကို တိုးမြှင့်မယ်”
“တရားစီရင်ပိုင်ခွင့် နယ်မြေအကျယ်အဝန်းက ဘယ်လောက်ပဲရှိရှိ ကင်းစခန်းတစ်ခုမှာ လူ ၇ ယောက်ထက် ပိုနေရင် ပိုတဲ့လူတွေကို တိုက်ပွဲပြင်ဆင်ဖို့အတွက် တပ်စခန်းကို ပြောင်းရွှေ့တာဝန်ပေးမယ်။ ဒါ့အပြင် ကင်းစခန်းတစ်ခုမှာရှိတဲ့ မြို့စောင့်တပ်သား အရေအတွက်ကလည်း ၃၀ အောက်ပဲ ရှိရမယ်။ မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့လိုပဲ ပိုနေတဲ့ မြို့စောင့်တပ်သားတွေက တိုက်ပွဲပြင်ဆင်ဖို့အတွက် မြို့စောင့်တပ်စခန်းမကြီးဆီ ဝင်ရောက်ရမယ်”
ရွှီနင် ဂရုတစိုက် နားထောင်နေမိသည်။
‘ကင်းစခန်းတွေကို လျှော့ချပြီး စစ်တပ်ရဲ့ အင်အားကို တိုးချဲ့တာပဲ...’
ရွှီနင် နားထောင်ရင်း တွေးတောနေမိလေသည်။
သူအပါအဝင် မေပယ်လမ်းကြားတွင် မဟူရာသံချပ်ကာဝတ်တပ်သား စုစုပေါင်း ၆ ဦးသာ ရှိသဖြင့် မည်သူ့ကိုမျှ လွှဲပြောင်းပေးရန် မလိုပေ။
သို့သော် မြို့စောင့်တပ်သား ၄၀ ခန့် ရှိနေသဖြင့် ၁၀ ဦးခန့်ကို လျှော့ချရပေလိမ့်မည်။
ဤကိစ္စကို ရွှီနင် ကိုယ်တိုင် စီမံစရာမလိုဘဲ ဖုန်ဆစ်ကွားကို လွှဲပေးလိုက်ရုံသာ။
“ဒါ့အပြင် ဒီရက်ပိုင်း ချိုးယွင်ခရိုင်မှာရှိတဲ့ ချမ်းသာတဲ့ ကုန်သည်တချို့နဲ့ အရာရှိမိသားစုတချို့က ထွက်ပြေးဖို့ ကြိုးစားနေကြတယ်။ တချို့က ငါတို့နဲ့ အဆက်အသွယ် ရပြီးပြီ။ သူတို့က မိသားစုပိုင်ဆိုင်မှုတွေ အကုန်ယူပြီး ခန်းယွင်ခရိုင်ကို လာကြလိမ့်မယ်”
ဝေ့ချန်ချင်းက ထပ်ပြောပြန်သည်။ “ဒါက ခန်းယွင်ခရိုင်အတွက်တော့ အကျိုးရှိတဲ့ ကိစ္စပဲ... စစ်ပွဲကာလမှာ ရိက္ခာရင်းမြစ်တွေရော သိုင်းပညာရင်းမြစ်တွေပါ အရေးကြီးတယ်လေ”
ဝေ့ချန်ချင်းက ဤထွက်ပြေးလာသူများကို အသုံးချရန် စီစဉ်နေကြောင်း တပ်မှူးများအားလုံး နားလည်လိုက်ကြသည်။
သို့သော် မျှတမှုတော့ ရှိပေသည်။ ထွက်ပြေးလာသူများ ခန်းယွင်ခရိုင်သို့ ရောက်ရှိလာပါက အကာအကွယ် ရရှိကြမည် ဖြစ်သည်။
“နောက်ပိုင်းကျရင် တပ်စခန်းအရံအင်အားစုထဲက အဖွဲ့တချို့ကို ချိုးယွင်ခရိုင်ကနေ ထွက်ပြေးလာမယ့်သူတွေကို ဘေးကင်းကင်းနဲ့ ခေါ်ဆောင်လာဖို့ တာဝန်ပေးမယ်။ တစ်ချိန်တည်းမှာပဲ ကင်းစခန်းတွေကိုလည်း အသင့်အနေအထား ရှိနေဖို့ စီစဉ်ရမယ်”
“အားလုံးပဲ အမိန့်ကို လေးလေးနက်နက် လိုက်နာဆောင်ရွက်ကြဖို့ ငါမျှော်လင့်ပါတယ်”
“ဟုတ်ကဲ့ပါ”
တပ်မှူးများက ပြန်လည်ဖြေကြားလိုက်ကြသည်။
…
အစည်းအဝေးပြီးဆုံးသွားသောအခါ ရွှီနင်သည် ကင်းစခန်းသို့ ပြန်ရောက်လာပြီး ယနေ့အစည်းအဝေးမှ မှာကြားချက်များကို ပြန်လည်ပြောပြလိုက်သည်။
ကင်းစခန်းရှိ လူအားလုံးသည်လည်း အခြေအနေ မတည်ငြိမ်မှန်း သိကြသဖြင့် တာဝန်ကို လေးနက်စွာ ထမ်းဆောင်ကြလေသည်။
ရွှီနင်ကိုယ်တိုင်ပင် မေပယ်လမ်းကြားတွင် မိစ္ဆာဂိုဏ်းသားများ ရှိမနေစေရန် သံသယဖြစ်ဖွယ် နေရာများကို ကိုယ်တိုင် လိုက်လံစစ်ဆေးခဲ့သည်။
သုံးရက် ကုန်လွန်သွားပြီးနောက်…
ရွှီနင် အိမ်ပြန်ရောက်သောအခါ ကြွေအိုးထဲရှိ ရင်းမြစ်တစ်ထောင်ပိုးကောင်လေးသည် စွမ်းအင်ပုံဆောင်ခဲတစ်ခုကို အမှန်တကယ် စွန့်ထုတ်ထားသည်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားရသည်။
ဤအရာက ရွှီနင်ကို အတော်လေး ပျော်ရွှင်အံ့သြသွားစေခဲ့သည်။
ဝေ့ပင်လင်နှင့် ဝေ့ဇစ်ချန်တို့ ပြောစကားအရဆိုလျှင် ရင်းမြစ်တစ်ထောင်ပိုးကောင်သည် စွမ်းအင်ပုံဆောင်ခဲ ထုတ်လုပ်ရန် ၁၀ ရက်ကျော် ကြာမြင့်တတ်သည်။
ယခုမူ ရင်းမြစ်တစ်ထောင်ပိုးကောင်လေး ဥမှပေါက်ပြီး သုံးရက်အကြာတွင် ပထမဆုံး စွမ်းအင်ပုံဆောင်ခဲကို ထုတ်ပေးခဲ့လေပြီ။
အခန်းထဲတွင် ဆီမီးအိမ် ထွန်းညှိထားလေသည်။
ရွှီနင်က ကြွေအိုးကို စားပွဲပေါ်သို့ တင်လိုက်သည်။
ကြွေအိုးထဲတွင် အဖြူရောင် ရင်းမြစ်တစ်ထောင်ပိုးကောင်လေးသည် မလှုပ်မယှက် ငြိမ်သက်နေသည်။ သေချင်ယောင် ဆောင်နေသလား၊ အိပ်ပျော်နေသလား ဆိုသည်ကိုတော့ ရွှီနင် မသိပေ။
အဖြူရောင်ပိုးကောင်လေး၏ ဘေးတွင် ဆန်စေ့အရွယ်အစားခန့်ရှိသော ကြည်လင်သည့် ပုံဆောင်ခဲလေး တစ်ခု ရှိနေသည်။
ဤပုံဆောင်ခဲ၏ ပုံသဏ္ဌာန်မှာ ဝေ့ပင်လင် ပြောပြခဲ့သည့်အတိုင်း တစ်ထပ်တည်း တူညီနေ၏။
‘စွမ်းအင်ပုံဆောင်ခဲတွေကို စုပ်ယူလို့ ရမလား မသိဘူး...’
ရွှီနင် မျှော်လင့်တကြီး ဖြစ်နေသည်။
သူသည် ကြည်လင်သော ပုံဆောင်ခဲလေးကို လက်ဖြင့် ဂရုတစိုက် ကောက်ယူလိုက်သည်။
—
စွမ်းအင် ရှာတွေ့သည် - ၁ ယူနစ်
စုပ်ယူမည်လား။
လုပ်မည်/မလုပ်ပါ
—
‘စုပ်ယူလို့ ရတာပဲဟ’
ရလဒ်က ရွှီနင်ကို စိတ်ပျက်စေခြင်း မရှိခဲ့ပေ။
စွမ်းအင် ၁ ယူနစ်သာ ရသော်လည်း ရွှီနင် ဂရုမစိုက်ပေ။
အစောပိုင်းကာလတွင် ရင်းမြစ်တစ်ထောင်ပိုးကောင်သည် ရက်အနည်းငယ်ကြာတိုင်း စွမ်းအင်ပုံဆောင်ခဲတစ်ခု ထုတ်ပေးလေ့ရှိသည်။
လူအများစုအတွက်မူ စွမ်းအင်ပုံဆောင်ခဲများကို ဝိညာဉ်ဆေးပင်နှင့် ဆေးလုံးများ သုံးစွဲရာတွင် အညစ်အကြေးသန့်စင်ရန် အသုံးပြုကြသည်။
သို့သော် ရွှီနင်အတွက်မူ စွမ်းအင်ပုံဆောင်ခဲများကို စွမ်းအင်ယူနစ်အဖြစ် ပြောင်းလဲနိုင်သရွေ့ သူ့အင်အားကို များစွာ တိုးတက်စေမည် ဖြစ်သည်။
ရင်းမြစ်တစ်ထောင်ပိုးကောင်၏ စွန့်ထုတ်နှုန်းအရဆိုလျှင် တစ်လကို စွမ်းအင် ၁၀ ယူနစ်၊ သို့မဟုတ် အနည်းဆုံး ၆ ယူနစ်ခန့် ရရှိနိုင်သည်။
ထို့အပြင် ပိုးကောင်လေး ကြီးထွားလာသည်နှင့်အမျှ စွန့်ထုတ်လိုက်သော စွမ်းအင်ပုံဆောင်ခဲများ၏ အရည်အသွေးလည်း မြင့်တက်လာပေမည်။
ထိုအခါ သူ စွမ်းအင်ပိုရလာလိမ့်မည်။
“စွမ်းအင် စုပ်ယူမည်”
ရွှီနင် စွမ်းအင် ၁ ယူနစ်ကို စုပ်ယူလိုက်သည်။
—
အမည် - ရွှီနင်
သိုင်းပညာ - နွေဦးလေပြည်ကျင့်စဉ် (သာမန်လူသားနယ်ပယ် ပဉ္စမအဆင့် - ချီလှုပ်ရှားမှုနယ်ပယ်)+
မူလအသက်ရှူနည်း ခန္ဓာကျင့်စဉ် (ပြီးပြည့်စုံသော အဆင့်)
လေပြင်းမုန်တိုင်းဓားနည်းစနစ် (ပြီးပြည့်စုံသော အဆင့်)
ပေါ့ပါးငှက်မွှေးလေးအတတ်ပညာ (အခြေခံအဆင့်)+
ရရှိနိုင်သော စွမ်းအင် - ၃ ယူနစ်
—
ရွှီနင် သိုင်းပညာမျက်နှာပြင်ကို ကြည့်ရင်း စိတ်လှုပ်ရှားမိသွားသည်။
‘ငါ ဒီကမ္ဘာကို ရောက်လာတာ နှစ်ဝက်ကျော်လောက်ပဲ ရှိသေးတယ်။ လွန်ခဲ့တဲ့ နှစ်ဝက်တုန်းက ငါက လေပြင်းမုန်တိုင်းဓားနည်းစနစ်ရဲ့ အခြေခံအဆင့်မှာပဲ ရှိသေးတာ’
‘အခုတော့ ပြင်ပသိုင်းပညာ နှစ်ခုကို ပြီးပြည့်စုံတဲ့အဆင့်ထိ ရောက်အောင် ကျင့်ကြံနိုင်ခဲ့ပြီး အတွင်းအားကျင့်စဉ်မှာလည်း သာမန်လူသားနယ်ပယ်ရဲ့ ပဉ္စမအဆင့် ချီလှုပ်ရှားမှုနယ်ပယ်ကို ရောက်နေပြီ’
ပြန်စဉ်းစားကြည့်လိုက်သောအခါ ဖော်ပြမပြနိုင်လောက်အောင် ကျေနပ်မှုကို ခံစားလိုက်ရသည်။
…
ခန်းယွင်ခရိုင်…
မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့၊ တပ်စခန်း အမှတ် (၃)…
တပ်စခန်း အမှတ် (၃) တွင် လေ့ကျင့်ရေးများကို နေ့စဉ်ရက်ဆက် ပြုလုပ်လျက်ရှိသည်။
လူသစ်များသည် စစ်ပွဲအတွက် ပြင်ဆင်နေကြရသဖြင့် လာမည့်တိုက်ပွဲတွင် ရန်သူကို အနိုင်ယူပြီး အသက်ရှင်သန်နိုင်ရန် ကြိုးစားလေ့ကျင့်နေကြရသည်။
သူတို့၏ တိုးတက်မှုကို သေချာစေရန်အတွက် စားဖိုမှူးများ ချက်ပြုတ်ထားသော အစားအစာများတွင် ဝိညာဉ်ဆေးပင်များကို ဖြည့်စွက်ထည့်သွင်းပေးထားသည်။
ဤအရာကြောင့် လူသစ်များ ပိုမိုသန်မာမလာနိုင်သော်လည်း လေ့ကျင့်ရေးကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာများကို လျင်မြန်စွာ သက်သာပျောက်ကင်းစေနိုင်သည်။
ညဘက် လေ့ကျင့်ရေး ပြီးဆုံးသွားပြီးနောက်…
ထောင်ကျင်တစ်ယောက် သူမ၏ သူငယ်ချင်းများနှင့်အတူ အခန်းသို့ ပြန်လာခဲ့သည်။
မိစ္ဆာကျင့်စဥ်စာအုပ်ကို လက်ခံရရှိပြီးချိန်မှစ၍ ထောင်ကျင်တစ်ယောက် ကြောက်ရွံ့မှုဖြင့် နေထိုင်ခဲ့ရသည်။
ခရိုင်မြို့တော်တွင် မိစ္ဆာဂိုဏ်းသားများ အဖမ်းခံနေရသည်ဟု ကြားသိရတိုင်း ထောင်ကျင်တစ်ယောက် ကြောက်လန့်တကြားဖြင့် အိပ်မက်ဆိုးများ မက်ကာ လန့်နိုးလာတတ်သည်။
သို့သော် အချိန်ကြာမြင့်လာသည်အထိ သူမကို ဒုက္ခပေးမည့်သူ ပေါ်မလာခဲ့ပေ။ သွေးအရိပ်နတ်ဆိုးကျင့်စဉ်ကို ပေးခဲ့သော ဦးထုပ်နှင့်လူပင် ပေါ်မလာခဲ့ချေ။
“နောက်ရက်နည်းနည်းကြာရင် တပ်စခန်း အမှတ် (၃) ကနေ အရေးကြီးပုဂ္ဂိုလ်တွေကို သွားကြိုဖို့ ချိုးယွင်ခရိုင်ကို တပ်ဖွဲ့တစ်ဖွဲ့လွှတ်မယ်လို့ ကြားတယ်”
“ငါကြားတာတော့ ဒီတာဝန်ကို တိုက်ခိုက်ရေးအတွေ့အကြုံရအောင် လူသစ်တွေကိုပဲ ပို့မယ်တဲ့...”
ထောင်ကျင်၏ ဘေးနားရှိ လုပ်ဖော်ကိုင်ဖက် အမျိုးသမီးများ စကားပြောနေကြသည်။
ထောင်ကျင် နားထောင်ရင်း ဝင်ပြောရန် ပြင်လိုက်သည်။
သို့သော် ရုတ်တရက် အခန်းထဲ၌ ဦးထုပ်ဆောင်းထားသော လူတစ်ယောက် ရပ်နေသည်ကို ထောင်ကျင် သတိထားမိလိုက်သည်။
ထောင်ကျင်၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားပြီး နှလုံးခုန်နှုန်း မြန်လာသည်။
ချက်ချင်းဆိုသလိုပင် ထိုလူက အခန်းထဲမှ ခုန်ထွက်ကာ ပျောက်ကွယ်သွားလေသည်။
‘သူတို့ လာကြပြီ...’
ထောင်ကျင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။