← Chapters

တုံ့ပြန်ခြင်း

Vol. 8 Ch. 76

တုံ့ပြန်ခြင်း

Vol. 8 Ch. 76

“ထောင်ကျင်... ဘာဖြစ်လို့လဲ”

ထောင်ကျင်၏ စိတ်လှုပ်ရှားနေပုံကို မြင်လိုက်ရသဖြင့် လုပ်ဖော်ကိုင်ဖက် အမျိုးသမီးက မေးလိုက်သည်။

“ဘာမှမဟုတ်ပါဘူး... နည်းနည်း ပင်ပန်းနေလို့ပါ... ငါ အခုပဲ ပြန်နားတော့မယ်”

ထောင်ကျင်သည် စိတ်ကို အမြန်ငြိမ်သက်အောင်လုပ်ပြီး အတင်းကာရော ပြုံးပြလိုက်သည်။

ပုံမှန်အတိုင်းပင် ကိုယ်လက်သန့်စင်ပြီးနောက် ထောင်ကျင် အိပ်ရာဝင်လိုက်လေသည်။

အစောပိုင်းက ပြင်းထန်သော လေ့ကျင့်မှုများ ပြုလုပ်ထားသဖြင့် ထောင်ကျင်၏ အခန်းဖော်မှာ အိပ်ပျော်နေပြီဖြစ်သည်။ ထောင်ကျင်ကမူ မျက်လုံးဖွင့်လျက် အမိုးကို ငေးကြည့်နေမိသည်။

ဒေါက်...

တိုးညှင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ ကျောက်ခဲလေးတစ်လုံးဖြင့် တံခါးကို ပစ်ပေါက်လိုက်သကဲ့သို့ပင်။

ထောင်ကျင် ချက်ချင်း ထထိုင်လိုက်သည်။ သူမသည် အခန်းဖော်ကို ကြည့်လိုက်ရာ အိပ်ပျော်နေဆဲဖြစ်ကြောင်း သေချာသွားသည်။

ခမောက်ဆောင်းထားသောထိုလူ သူမကို လာရှာခြင်းဖြစ်မည်ဟု ထောင်ကျင် သေချာပေါက် တွေးလိုက်မိသည်။

‘ငါ အပြင်ထွက်သင့်လား’

ထောင်ကျင်သည် သေချာစွာ ချင့်ချိန်စဉ်းစားလိုက်သည်။

အမှန်တကယ်ဆိုရလျှင် သူမသည် ထိုခမောက်ဆောင်းထားသူကို မတွေ့ချင်ပေ။ သို့သော် ထိုလူသည် သူရောက်နေကြောင်း သတိပေးသည့်အနေဖြင့် တမင်သက်သက် ကိုယ်ယောင်ပြခဲ့မှန်း သူမ ကောင်းကောင်းကြီး သိနေသည်။

ထိုလူက သူမကို တွေ့ချင်နေခြင်း ဖြစ်သည်။

ခဏမျှ စဉ်းစားပြီးနောက် ထောင်ကျင်သည် အဝတ်အစားလဲကာ အပြင်ထွက်ရန် ရွေးချယ်လိုက်သည်။

ထိုလူ အခန်းထဲဝင်လာပြီး အခန်းဖော် နိုးသွားမည်ကို သူမ စိုးရိမ်မိသောကြောင့် ဖြစ်သည်။

ထောင်ကျင် တံခါးကို ဖွဖွလေး ဖွင့်လိုက်သည်။

ထိုလူသည် ခြံဝင်းထောင့်ရှိ အရိပ်ထဲတွင် ရပ်နေသည်။

ထောင်ကျင် ထွက်လာသည်ကို မြင်သောအခါ ထိုလူက သူ့နောက်လိုက်ခဲ့ရန် လက်ဟန်ပြလိုက်သည်။

ထောင်ကျင် အံကိုကြိတ်ကာ လိုက်ပါသွားလေသည်။

နောက်ဆုံးတွင် သူတို့နှစ်ဦး လူသူကင်းမဲ့သော နေရာတစ်ခုသို့ ရောက်ရှိသွားကြသည်။

“နင် ဘာလိုချင်လို့လဲ... မိစ္ဆာဂိုဏ်းက ကောင်စုတ်ရဲ့”

ထောင်ကျင် ချက်ချင်း မေးလိုက်သည်။

သူမ၏ရင်ထဲတွင် အလွန်အမင်း စိုးရိမ်ထိတ်လန့်နေမိသည်။ ကြွက်သားများ တင်းမာနေပြီး ခံစစ်အနေအထားဖြင့် ရပ်လိုက်သည်။

“ငါက မိစ္ဆာဂိုဏ်းက ကောင်စုတ်ဆိုရင်တောင် မင်းက ငါ့ဆီက မိစ္ဆာသိုင်းကျမ်းကို လက်ခံခဲ့တယ် မဟုတ်လား”

ခမောက်ဆောင်းထားသူက ခေါင်းမော့လိုက်သည်။ သူ့မျက်နှာပေါ်တွင် အနက်ရောင်မျက်နှာဖုံး တပ်ဆင်ထားသည်။

ထိုလူက ထောင်ကျင်ကို ကျေနပ်အားရစွာ ကြည့်လိုက်သည်။

“နင့်မှာ ဘာသက်သေ ရှိလို့လဲ”

ထောင်ကျင် ခြေလှမ်းတစ်ဝက်ခန့် နောက်ဆုတ်သွားသည်။

ထိုစကားကို ကြားသောအခါ ခမောက်ဆောင်းထားသူက နောက်ပြောင်သည့်လေသံဖြင့် ပြောလိုက်သည်။ “မင်းလိုလူက မိစ္ဆာသိုင်းကျမ်းရဲ့ မြှူဆွယ်မှုကို တွန်းလှန်နိုင်မယ်လို့ ငါတကယ် မထင်ထားဘူး...”

ထောင်ကျင် နှုတ်ခမ်းဆူလိုက်သည်။ ထိုလူ ဘာကိုဆိုလိုမှန်း သူမ ကောင်းကောင်းကြီး သိနေသည်။

“ထောင်ကျင်... သွေးအရိပ်နတ်ဆိုးကျမ်းကို စမ်းကျင့်ကြည့်ဖို့ ငါအကြံပေးချင်တယ်။ စကျင့်လိုက်တာနဲ့ မင်းရဲ့ တိုးတက်နှုန်းမြန်ဆန်မှုအပေါ် သေချာပေါက် စွဲလမ်းသွားမှာပါ”

ထိုလူ၏စကားများက မက်မောလောက်စရာ ဖြစ်နေသည်။ “အဝါရောင်သတ္ထုပြားအဆင့်ကနေ စိမ်းပြာရောင်သတ္ထုပြားအဆင့်ကို လျှောကျသွားတာ မင်းအတွက် ဘယ်လောက်ခက်ခဲမလဲဆိုတာ ငါသိပါတယ်”

ဤစကားကြောင့် ထောင်ကျင် ဒေါသထွက်သွားပြီး စိတ်အနှောင့်အယှက် ဖြစ်လာတော့သည်။

“မိစ္ဆာသိုင်းကျမ်းကို ကျင့်ဖို့ လာစည်းရုံးတာဆိုရင်တော့ ပြန်လိုက်တာ ကောင်းမယ်”

ထောင်ကျင် စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။ “ငါ့ကို စည်းရုံးလို့မရလို့ သတ်ချင်တယ်ဆိုရင်လည်း သတ်လိုက်တော့။ အပိုစကားတွေ ပြောနေစရာ မလိုဘူး”

သူမ၏စကားကြောင့် ခမောက်ဆောင်းထားသူက စိတ်ပျက်သွားပုံ မရပေ။

“ငါတို့က လျဲ့ဝုစီရင်စုက သွေးအရိပ်ဂိုဏ်းကဆိုတာ မင်းသိမှာပါ” ထိုလူက ခြိမ်းခြောက်သလိုလို မြှူဆွယ်သလိုလိုဖြင့် ပြောလိုက်သည်။ “တင့်ယွင်ခရိုင်ကို ငါတို့ ထိန်းချုပ်ထားပြီးပြီ။ ချိုးယွင်ခရိုင်နဲ့ ခန်းယွင်ခရိုင်ကိုလည်း မကြာခင် ငါတို့ ထိန်းချုပ်တော့မှာ။ အဲဒီအချိန်ရောက်ရင် အခြေအနေမှန်ကို သုံးသပ်ပြီး သွေးအရိပ်ဂိုဏ်းထဲ ဝင်ဖို့ ငါအကြံပေးချင်တယ်။ ခန်းယွင်ခရိုင်ကို သိမ်းပိုက်ပြီးတဲ့အခါကျရင် မင်းအတွက် အခွင့်အရေးကောင်းတွေ ရမှာပါ”

ပုံမှန်မဟုတ်သော အပြုအမူများကို သတိထားကြရန်နှင့် မိစ္ဆာဂိုဏ်းနှင့် ပတ်သက်ဆက်နွှယ်သည်ဟု သံသယရှိသူ မည်သူ့ကိုမဆို အမြန်ဆုံး သတင်းပို့ကြရန် အထက်လူကြီးများက အမိန့်ထုတ်ထားပြီး ဖြစ်သည်။

ခမောက်ဆောင်းထားသူ ဘာလိုချင်နေသလဲဆိုတာ ထောင်ကျင် သိလိုက်သည်။ ခန်းယွင်ခရိုင်အတွင်း၌ သူမကို သွေးအရိပ်ဂိုဏ်း၏ သူလျှိုအဖြစ် လုပ်စေချင်နေခြင်း ဖြစ်သည်။

“ငါ သွေးအရိပ်ဂိုဏ်းထဲ မဝင်နိုင်ဘူး”

ထောင်ကျင်က သူမ၏သဘောထားကို ထပ်မံထုတ်ဖော် ပြောကြားလိုက်သည်။

“ပါရမီရှင်တစ်ယောက် ပြန်ဖြစ်လာဖို့ထက် အနောက်မှာ ကျန်ရစ်ခဲ့မယ့်လမ်းကို ရွေးမယ်ပေါ့လေ”

ခမောက်ဆောင်းထားသူက မဲ့ပြုံးပြုံးလိုက်သည်။

ထိုစကားလုံးများက ထောင်ကျင်၏ နှလုံးသားကို ထိုးစိုက်လိုက်သလိုပင်။

သို့သော် သူမ အံကြိတ်ကာ ထပ်ပြောလိုက်သည်။ “ငါ သွေးအရိပ်ဂိုဏ်းထဲ မဝင်ဘူး”

ထိုစကားကို ကြားသောအခါ ခမောက်ဆောင်းထားသူသည် ထောင်ကျင်ကို စိုက်ကြည့်နေသည်။

“မင်းက ဒီလောက် ခေါင်းမာမယ်လို့ မထင်ထားဘူး” ထိုလူက ပြုံးလိုက်သော်လည်း မကြာမီ သူ့လေသံ ပြောင်းလဲသွားသည်။ “ဒါဆိုရင်လည်း ငါက အကြမ်းနည်း သုံးရတော့မှာပေါ့”

“နင် ဘာလုပ်မလို့လဲ”

ထောင်ကျင် အန္တရာယ်ကို အာရုံခံမိလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ခမောက်ဆောင်းထားသူက ထောင်ကျင်၏အရှေ့သို့ ရောက်လာသည်။

‘မြန်လိုက်တာ’

ထောင်ကျင် ထိတ်လန့်သွားသည်။

သူမ ရှောင်တိမ်းချင်သော်လည်း နောက်ကျသွားခဲ့ချေပြီ။

ခမောက်ဆောင်းထားသူသည် အိတ်ကပ်ထဲမှ အမှုန့်အိတ်ငယ်လေးကို ထုတ်ယူကာ ထောင်ကျင်အပေါ်သို့ ဖြူးချလိုက်သည်။

ထောင်ကျင်က မထင်မှတ်ထားသဖြင့် အမှုန့်အများအပြားကို ရှူရှိုက်မိလိုက်သည်။

“ဒါ ဘာတွေလဲ”

ထောင်ကျင် ပါးစပ်နှင့် နှာခေါင်းကို အမြန်အုပ်လိုက်သည်။

ရင်ဘတ်နှင့် ဝမ်းဗိုက်ကြားတွင် ပူလောင်သော ခံစားမှုတစ်ခု ဖြစ်ပေါ်လာသည်။

“အဆိပ်ပဲ”

ထိုလူက ပြန်ဖြေလိုက်သည်။

ထောင်ကျင် ကြားလိုက်ရသောအခါ တင်းမာစွာ ပြုံးလိုက်သည်။ “ငါ့ကို သတ်ရင်တောင် ငါက မိစ္ဆာဂိုဏ်းထဲ ဝင်မှာမဟုတ်ဘူး”

“မဟုတ်ဘူး... မင်း အထင်လွဲနေပြီ” ထိုလူက ရှင်းပြသည်။ “ဒီအဆိပ်က မင်းကို မသေစေပါဘူး။ ဆယ်ရက်အတွင်း မင်းရဲ့ သွေးကြောတွေကို လုံးဝ ဖျက်ဆီးပစ်မှာ။ ပြီးရင် မင်းက သိုင်းပညာ လေ့ကျင့်လို့မရတော့တဲ့ လူရာမဝင်သူတစ်ယောက် ဖြစ်သွားလိမ့်မယ်”

ထောင်ကျင်၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားသည်။

‘လူရာမဝင်တဲ့သူ ဟုတ်လား’

“ဒါပေမဲ့ အဲဒီအဆိပ်က အမြဲတမ်း ရှိနေမှာ မဟုတ်ပါဘူး။ သွေးအရိပ်နတ်ဆိုးကျမ်းကို လေ့ကျင့်လိုက်တာနဲ့ အဆိပ်ကို မောင်းထုတ်နိုင်ပြီး မင်းကိုယ်မင်း ကာကွယ်နိုင်မှာပါ”

ခမောက်ဆောင်းထားသူက အခြေအနေကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ပုံရသည်။ “မင်း သံသယ ရှိနေဦးမယ်ဆိုပေမယ့် နောက်ရက်နည်းနည်းကြာရင် ငါပြောတာ အမှန်ပဲဆိုတာ သိလာပါလိမ့်မယ်”

“ရှင်...”

ထောင်ကျင် ဒေါသထွက်သွားသည်။

သူမကဲ့သို့ လူတစ်ယောက်အဖို့ သွေးကြောများ ပျက်စီးပြီး သိုင်းပညာ မလေ့ကျင့်နိုင်သော သာမန်လူတစ်ယောက် ဖြစ်သွားခြင်းသည် သေဆုံးသွားသည်နှင့် မခြားပေ။

“စကားပြောတာ တော်လောက်ပြီ မိန်းကလေးထောင်ကျင်”

ခမောက်ဆောင်းထားသူက ခုန်တက်လိုက်ပြီး တံတိုင်းအပေါ်သို့ ရောက်သွားသည်။ “နောက်တစ်ခါ ပြန်တွေ့တဲ့အခါ မင်းက ငါတို့လူတစ်ယောက် ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်”

ခမောက်ဆောင်းထားသူ ပျောက်ကွယ်သွားတော့သည်။

ထောင်ကျင်၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေသည်။

‘သွေးအရိပ်နတ်ဆိုးကျမ်းကို လေ့ကျင့်မလား၊ သွေးကြောတွေ အပျက်စီးခံမလား’

‘ရွေးချယ်ရတာ အရမ်းခက်ခဲတာပဲ’

‘ငါ ဘာလုပ်သင့်သလဲ...’

ထောင်ကျင် စိတ်ရှုပ်ထွေးနေသည်။ ‘ငါတကယ်ပဲ မိစ္ဆာဂိုဏ်းထဲ ဝင်ရတော့မှာလား’

ချက်ချင်းပင် ထောင်ကျင်သည် ပခုံးပေါ်တွင် ကြီးမားသော ဖိအားများကို ခံစားလိုက်ရသည်။

…

ရက်အနည်းငယ် ကြာပြီးနောက်…

နံနက်ခင်းစောစော၌…

မေပယ်လမ်းကြား ကင်းစခန်း…

ရွှီနင်၊ ထောင်ချင်းဖင်နှင့် ဆုန့်ဝေယီတို့သည် မြို့စောင့်တပ်သား ၁၅ ဦးနှင့်အတူ မြို့ထဲမှထွက်ခွာရန် အဆင်သင့် ဖြစ်နေကြသည်။

မနေ့က ချိုးယွင်ခရိုင်မှ ခန်းယွင်ခရိုင်သို့ ပြောင်းရွှေ့လာမည့် သူဌေးများကို သွားရောက်ကြိုဆို ကာကွယ်ပေးရမည့် တာဝန်ကို သူတို့ လက်ခံရရှိခဲ့သည်။

စစ်တပ်က သူတို့ကို လိုက်ပါပို့ဆောင်ရန် အဖွဲ့ငယ်တစ်ခု စေလွှတ်လိုက်ပြီဖြစ်ရာ ရွှီနင်နှင့် အခြားသူများက ခန်းယွင်ခရိုင်မှ ထွက်ခွာပြီး လမ်းတစ်ဝက်တွင် သွားရောက်ကြိုဆိုရုံသာ ဖြစ်သည်။

“အားလုံး အဆင်သင့် ဖြစ်ကြပြီလား”

မေပယ်လမ်းကြား ကင်းစခန်းရှေ့တွင် ရွှီနင်သည် ပေါ့ပါးသော သံချပ်ကာကို ဝတ်ဆင်ထားပြီး စစ်မြင်းပေါ်တွင် ဓားရှည်နှင့် လေးကို လွယ်ထားသည်။

သူသည် ဝေ့ပင်လင်၏ မြင်းကို ပြန်ပေးခဲ့ပြီးဖြစ်ရာ ဤစစ်မြင်းမှာ အထက်မှ သူ့ကို ချထားပေးခြင်း ဖြစ်သည်။

“အဆင်သင့်ပါပဲ”

ထောင်ချင်းဖင်၊ ဆုန့်ဝေယီနှင့် မြို့စောင့်တပ်သား ၁၅ ဦးတို့က ပြန်ဖြေလိုက်ကြသည်။

“သွားကြစို့”

ရွှီနင်က မြင်းကို ရှေ့ဆုံးမှ စီးပြီး အဖွဲ့ကို ဦးဆောင်ကာ မြို့ထဲမှ ထွက်ခွာလာခဲ့သည်။

မကြာမီ သူတို့အားလုံး မြို့တံခါးအပြင်ဘက်သို့ ရောက်ရှိလာကြသည်။

ခန်းယွင်ခရိုင်၏ ခံတပ်များကို တည်ဆောက်နေဆဲ ဖြစ်သည်။ ယခင်က ထွက်ပြေးတိမ်းရှောင်လာကြသော အခြားခရိုင်မှ လူများသည် ဝမ်းစာအတွက် အလုပ်ရှုပ်နေကြသည်။

သူတို့ကို မြို့ထဲဝင်ခွင့် မပြုသေးသဖြင့် ညဘက်အနားယူသည့်အခါ မြို့ပြင်တွင် ယာယီစခန်းချ နေထိုင်ကြရသည်။

ကံကောင်းသည်မှာ နွေဦးကာလ ဖြစ်နေခြင်းပင်။ အကယ်၍ ဆောင်းတွင်းသာဆိုလျှင် လူများမှာ အေးခဲသေဆုံးကုန်လောက်သည်။

ခန်းယွင်ခရိုင်၏ လုပ်ရပ်မှာ ရက်စက်ရာကျသလို ရှိသော်လည်း ဤလူများကို မြို့ပြင်၌ ထားရှိခြင်းသည် မြို့တွင်းရှိလူများကို ကာကွယ်မှုတစ်မျိုး ပေးခြင်းလည်း ဖြစ်သည်။ သို့သော် ဒုက္ခသည်များအပေါ် ဆက်ဆံပုံမှာ လွန်လွန်ကဲကဲ ရက်စက်ကြမ်းကြုတ်ခြင်း မရှိပေ။ ဥပမာအားဖြင့် ဒုက္ခသည်များကြားမှ ကလေးငယ်များကို မြို့ထဲသို့ ဝင်ခွင့်ပြုပြီး စောင့်ရှောက်ထားပေးလေသည်။

ရွှီနင်တို့အဖွဲ့သည် မြင်းများကို လျင်မြန်စွာမောင်းနှင်လာကြသည်။

ချိန်းဆိုထားသောနေရာအရ သူတို့သည် အနည်းဆုံး နှစ်နာရီခန့် ခရီးနှင်ရမည် ဖြစ်သည်။

ခွပ်... ခွပ်... ခွပ်...

မြင်းခွာသံများ ပဲ့တင်ထပ်နေသည်။

သူတို့သည် တောင်ပေါ်လမ်းများကို ဖြတ်ကျော်ပြီး မြစ်များကို ကူးဖြတ်လာခဲ့ကြသည်။

နောက်ဆုံးတွင် နှစ်နာရီခန့်အကြာ၌ ချိန်းဆိုထားသော နေရာသို့ ရောက်ရှိလာကြသည်။

၎င်းမှာ လူသူအရောက်အပေါက်နည်းသော တောအုပ်ကြီးတစ်ခု ဖြစ်သည်။

“ဟိုဘက်က လာပို့မယ့်အဖွဲ့ မရောက်သေးဘူးနဲ့တူတယ်”

ရွှီနင် အဝေးသို့ လှမ်းကြည့်လိုက်သော်လည်း မည်သူ့ကိုမျှ မတွေ့ရပေ။

ဤနေရာသည် အတော်လေး လူသူကင်းမဲ့နေသည်။ အနီးအနားတွင် ရွာများ၊ လူနေအိမ်များ မရှိချေ။

“ခဏ နားကြမယ်။ ရေလေးဘာလေးသောက်ပြီး မုန့်စားကြတာပေါ့”

ရွှီနင်က နောက်မှ လက်အောက်ငယ်သားများကို ပြောလိုက်သည်။

ရွှီနင်၏ အမိန့်ရသည်နှင့် လူတိုင်း မြင်းပေါ်မှဆင်းကာ မှီစရာ သစ်ပင်များကို ရှာဖွေလိုက်ကြသည်။

အချိန်ကြာမြင့်စွာ မြင်းစီးလာရသဖြင့် လူတိုင်း အနည်းငယ် ပင်ပန်းနေကြပြီဖြစ်သည်။

နောက်ထပ် နာရီဝက်ခန့် ကုန်လွန်သွားသည်။

“သူတို့ ဘယ်ရောက်နေကြတာလဲ”

ထောင်ချင်းဖင်က မေးလိုက်သည်။

လာပို့မည့်အဖွဲ့မှာ ယခုအချိန်ဆို ရောက်နေသင့်ပြီဖြစ်သည်။

ရွှီနင်က နေရှိရာအရပ်ကို ကြည့်လိုက်သည်။

“စိတ်မပူပါနဲ့... စောင့်ကြည့်ကြတာပေါ့”

All Chapters