← Chapters

တစ်ကိုယ်တော်အစွမ်းပြခြင်း

Vol. 8 Ch. 77

တစ်ကိုယ်တော်အစွမ်းပြခြင်း

Vol. 8 Ch. 77

နောက်ဆုံးတွင် အဝေးမှ မြင်းခွာသံများကို သူတို့ ကြားလိုက်ရလေသည်။

အသံများက ဆူညံရှုပ်ထွေးနေလေသည်။

“အသင့်ပြင်ထားကြ”

ရွှီနင်က အသံများကို သတိထားမိလိုက်သည်။ ထို့နောက် ချက်ချင်းပင် အမိန့်ပေးလိုက်လေသည်။

“မြင်းခွာသံတွေ ရှုပ်ထွေးနေတယ်... အားလုံး သတိထားကြ”

ရွှီနင်က လူတိုင်းကို သတိပေးလိုက်သည်။

ချက်ချင်းဆိုသလိုပင် လူတိုင်းမှာ တိုက်ခိုက်ရန် အသင့်ဖြစ်နေကြပြီ။

သူတို့သည် ချက်ချင်းပင် မြင်းပေါ်တက်လိုက်ကြပြီး ဇက်ကြိုးများနှင့် လက်နက်များကို ကိုင်ဆောင်ကာ အဝေးသို့ လှမ်းမျှော်ကြည့်လိုက်ကြလေသည်။

မကြာမီ လူတစ်စု ပေါ်လာလေသည်။

ထိုအဖွဲ့ထဲတွင် လူတစ်ဒါဇင်ကျော်ပါဝင်ပြီး ခေါင်းဆောင်လုပ်သူမှာ ရွှီနင်၏ ပြိုင်ဘက်ဟောင်းဖြစ်သူ ထန်ရွာမှ ထန်ဖုန်းယင် ဖြစ်နေလေသည်။

ထန်ဖုန်းယင်၏ အနောက်တွင် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ဝင်များနှင့် မြို့စောင့်တပ်သားများ ရှိနေကြသည်။

အစောင့်များ၏ အလယ်တွင် ပိုးထည်များ ဝတ်ဆင်ထားသော လူအချို့သည် မြင်းစီးကာ လိုက်ပါလာကြသည်။

လူများနှင့် မြင်းများမှာ ညစ်ပေနေကြပြီး မျက်နှာများပေါ်တွင် ဖုန်မှုန့်များ ပြည့်နှက်နေလေသည်။

သို့သော် သူတို့၏ လက်နက်များနှင့် အဝတ်အစားများပေါ်တွင် သွေးစက်များ မရှိသလို ဒဏ်ရာရထားသူလည်း မရှိပေ။ တိုက်ပွဲဖြစ်ပွားခဲ့ပုံ မပေါ်ချေ။

မြင်းကို ဒုန်းစိုင်းစီးလာရင်း ထန်ဖုန်းယင်သည် အနောက်၌ တစ်ယောက်ယောက် လိုက်လာခြင်းရှိမရှိကို အကဲခတ်သည့်အလား နောက်သို့ လှည့်ကြည့်လိုက်သည်။

“ထန်ဖုန်းယင်...”

ခေါင်းဆောင်လုပ်သူမှာ ထန်ဖုန်းယင်ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် ရွှီနင် အနည်းငယ် အံ့အားသင့်သွားသည်။

သို့သော် သူ မရပ်တန့်လိုက်ပေ။ ထန်ဖုန်းယင်ကို နှုတ်ဆက်ရန် ရှေ့သို့ မြင်းစီးထွက်သွားလိုက်သည်။

“ရွှီနင်...”

ရွှီနင်ကို မြင်လိုက်သည်နှင့် ထန်ဖုန်းယင်ကလည်း ချက်ချင်း မှတ်မိသွားသည်။

“ငါတို့ ဘေးကင်းသွားပြီ”

ရွှီနင်ကို မြင်လိုက်ရသည့်အခိုက်အတန့်တွင် ထန်ဖုန်းယင် သက်ပြင်းချလိုက်နိုင်လေသည်။

ယခင်က ရွှီနင်ကို ရှုံးနိမ့်ခဲ့ပြီး စိမ်းပြာရောင်တံဆိပ်ပြားအဆင့်သို့ လျှော့ချခံခဲ့ရသော်လည်း ထန်ဖုန်းယင်သည် ရွှီနင်အပေါ် အငြိုးအတေး သိပ်မထားခဲ့ပေ။ အမှန်စင်စစ် သူသည် ရွှီနင်၏ အင်အားကို စိတ်ရင်းမှန်ဖြင့် အသိအမှတ်ပြုထားသူ ဖြစ်သည်။

“တပ်ခွဲမှူးရွှီ”

ထန်ဖုန်းယင်သည် မြင်းဇက်ကြိုးကို ဆွဲရပ်လိုက်ပြီး စိုးရိမ်တကြီး ပြောလိုက်သည်။ “ငါတို့နောက်ကို လူ အယောက် ၂၀ ကျော် လိုက်လာတယ်။ လမ်းမှာကျန်ခဲ့တဲ့ မြင်းလှည်းကို ရှာဖို့ သူတို့ ခဏရပ်လိုက်ကြပေမဲ့ အခု ငါတို့နောက်ကို လိုက်မီလာတော့မယ်”

“ကျေးဇူးပဲ... မင်း ဒီလူတွေကို ခရိုင်မြို့ဆီ အရင် ခေါ်သွားနှင့်လိုက်။ ငါတို့က အနောက်ကနေ လိုက်ပြီး ကာကွယ်ပေးမယ်”

ရွှီနင်က တုံဆိုင်းခြင်းမရှိဘဲ ပြောလိုက်သည်။

ထန်ဖုန်းယင် ကြားသောအခါ ခေါင်းညိတ်လိုက်လေသည်။ “ကျေးဇူးအများကြီးတင်ပါတယ်ကွာ”

ထန်ဖုန်းယင်သည် ဇက်ကြိုးကိုဆွဲကာ အဖွဲ့ကို ရှေ့ဆက်ခေါ်သွားလေသည်။

မေပယ်လမ်းကြားကင်းစခန်းမှ အဖွဲ့သည် ထိုအစောင့်အဖွဲ့၏ နောက်မှ လိုက်ပါသွားကြသည်။

“ကြည့်ရတာ တော်တော်လေး ခက်ခဲနေပုံပဲ”

လိုက်ပါပို့ဆောင်ခံရသူများမှာ ဝတ်ရုံရှည်များကို ဝတ်ဆင်ထားကြသဖြင့် မြင်းစီးရာတွင် အဆင်မပြေဖြစ်နေသည်ကို ရွှီနင် သတိထားမိလိုက်သည်။

သူတို့သည် မူလက မြင်းလှည်းဖြင့် လာခဲ့ကြသော်လည်း လမ်းတွင် ရန်သူနှင့် တွေ့ခဲ့ပုံရသည်။ မြင်းလှည်းများမှာ နှေးကွေးလွန်းသဖြင့် အစောင့်များ၏ မြင်းများကိုယူကာ အလျင်အမြန် ထွက်ပြေးခဲ့ရခြင်း ဖြစ်ပေမည်။

‘မြင်းလှည်းကို စွန့်ပစ်ခဲ့ရမှတော့ ပစ္စည်းဥစ္စာ တော်တော်များများ ပါသွားလောက်တယ်။ တကယ်လို့ သူတို့မှာ ပိုက်ဆံမပါလာဘူးဆိုရင် ခန်းယွင်ခရိုင်ကို ဘေးကင်းကင်းနဲ့ ရောက်သွားရင်တောင် သူတို့ဘဝက ခက်ခဲဦးမှာပဲ...’

ချမ်းသာသော ကုန်သည်နှင့် သူတို့မိသားစုများ ခန်းယွင်ခရိုင်သို့ ရောက်ရှိချိန်တွင် ကြုံတွေ့ရမည့် အဖြစ်အပျက်ကို ရွှီနင် ခန့်မှန်းတွေးတောမိလိုက်သည်။

“ဟမ်...”

ရွှီနင်သည် သူ့အနောက်မှ မြင်းခွာသံများကို ရုတ်တရက် ကြားလိုက်ရသည်။

လိုက်လံတိုက်ခိုက်သော လူများမှာ ရောက်လာကြချေပြီ။

“ဒီလောက်အကြာကြီး လိုက်လာတာတောင် လက်မလျှော့ကြသေးဘူးလား”

ရွှီနင်က ဇက်ကြိုးကို ကိုင်လျက် ထောင်ချင်းဖင်၊ ဆုန့်ဝေယီနှင့် အခြားသူများကို ပြောလိုက်သည်။ “မင်းတို့က အစောင့်အဖွဲ့နောက်ကို ဆက်လိုက်သွားကြ၊ ငါ ဒီမှာပဲ နေရစ်ခဲ့မယ်”

“ဆရာ”

ဆုန့်ဝေယီက ချက်ချင်း တုံ့ပြန်လိုက်သည်။ “ကျွန်တော် ဆရာနဲ့အတူ နေခဲ့မယ်”

“ကျွန်တော်ရောပဲ”

ထောင်ချင်းဖင်ကလည်း အမြန်ပြောလိုက်သည်။

“မင်းတို့နေခဲ့ရင် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်နေလိမ့်မယ်”

ရွှီနင်က ဂရုမစိုက်သလို ပြောလိုက်သည်။

အမှန်တကယ်တွင်လည်း ရွှီနင်တစ်ယောက်တည်းဆိုလျှင် လုံလောက်ပေသည်။

သူသည် ချီလှုပ်ရှားမှုနယ်ပယ်သို့ ရောက်နေပြီဖြစ်ရာ ပိုမြင့်သော နယ်ပယ်မှ ပြိုင်ဘက်များနှင့် မတွေ့ဆုံသရွေ့ မည်သူကမျှ သူ့ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။ ရန်သူ အယောက် ၂၀ ကျော် ရှိနေလျှင်တောင် ရွှီနင်အတွက် ပြဿနာမရှိချေ။

“အင်း...”

ထောင်ချင်းဖင်နှင့် ဆုန့်ဝေယီတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသော်လည်း အမိန့်ကို မလွန်ဆန်နိုင်ဘဲ လက်ခံလိုက်ရသည်။ “ဂရုစိုက်ပါ ဆရာ”

ထောင်ချင်းဖင်နှင့် ဆုန့်ဝေယီတို့သည် လှည့်ထွက်သွားကြပြီး အစောင့်အဖွဲ့နောက်သို့ အမီလိုက်သွားကြသည်။

ရွှီနင်သည် စစ်မြင်းကို စီးလျက် လမ်းအလယ်တွင် ပိတ်ရပ်ကာ လိုက်လာသော လူများကို စောင့်ဆိုင်းနေလိုက်သည်။

မကြာမီ ရွှီနင်၏ မြင်ကွင်းထဲသို့ လူတစ်စု ဝင်ရောက်လာသည်။

ထန်ဖုန်းယင် ပြောခဲ့သည့်အတိုင်းပင် လူ အယောက် ၂၀ ကျော် ရှိလေသည်။

ထိုလူများသည်လည်း အနက်ရောင် သံချပ်ကာများကို ဝတ်ဆင်ထားကြသော်လည်း ရင်ဘတ်ပေါ်တွင် သွေးစွန်းနေသော ခြစ်ရာသုံးခု ပါရှိသည်။

“ရှေ့မှာ လူတစ်ယောက် ပိတ်ရပ်နေတယ်”

ပုန်ကန်သူစစ်သားခေါင်းဆောင်က ရွှီနင်ကို သတိထားမိလိုက်သည်။

“မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့က တပ်ခွဲမှူးတစ်ယောက်ပဲ”

လိုက်လံတိုက်ခိုက်သူများ၏ ခေါင်းဆောင်မှာလည်း မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့မှ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ ရွှီနင်က သူ့ဝတ်စုံကို ကြည့်ပြီး မှတ်မိလိုက်သည်။

“ဘယ်လိုလုပ်မလဲ ခေါင်းဆောင်... ရပ်လိုက်ကြမလား”

ဘေးနားရှိ စစ်သားတစ်ဦးကလည်း မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့၏ တပ်ခွဲမှူးတစ်ဦး လမ်းပိတ်ရပ်နေသည်ကို တွေ့လိုက်ရသဖြင့် အလျင်အမြန် မေးမြန်းလိုက်ခြင်း ဖြစ်သည်။

မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့၏ တပ်ခွဲမှူးတစ်ဦးဆိုသည်မှာ အနည်းဆုံး သာမန်လူသားနယ်ပယ် စတုတ္ထအဆင့် ရှိသူဖြစ်သည်။

ပုန်ကန်သူစစ်သားများအဖွဲ့ထဲတွင် ထိုကဲ့သို့သောလူကို ယှဉ်ပြိုင်နိုင်လောက်အောင် စွမ်းအားကြီးသူ တစ်ဦးမှ မရှိကြပေ။

ခေါင်းဆောင်သည် အခြေအနေကို ချိန်ဆပြီးနောက် နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်သည်။ “ဆုတ်မယ်”

အမှန်တကယ်တွင် လမ်းပိတ်ရပ်နေသော ရွှီနင်သည် တပ်ခွဲမှူးအစစ် ဟုတ်မဟုတ် သို့မဟုတ် ၎င်းတို့အားခြိမ်းခြောက်ရန် တပ်ခွဲမှူးဝတ်စုံကို ဝတ်ဆင်ထားခြင်းလား ဆိုသည်ကို ခေါင်းဆောင်မှာ မသေချာပေ။

ရွှီနင်မှာ ငယ်ရွယ်လွန်းနေသောကြောင့် ဖြစ်သည်။

သို့သော် သူတို့သည် အစောင့်အဖွဲ့နောက်သို့ အချိန်ကြာမြင့်စွာ လိုက်လံတိုက်ခိုက်နေခဲ့ကြသဖြင့် ခန်းယွင်ခရိုင်မှ စစ်ကူများ ရောက်လာမည်ကို စိုးရိမ်နေကြသည်။ အကယ်၍ စစ်ကူရောက်လာပါက သူတို့ အန္တရာယ်ရှိနိုင်ပေသည်။

“ဆုတ်ကြဟေ့”

ခေါင်းဆောင်က ထပ်မံ အော်ဟစ်လိုက်သည်။

သူ အနည်းငယ် စိတ်ပျက်မိသွားသည်။

ပြိုင်ဘက်တစ်ယောက်တည်းကို မြင်ရုံဖြင့် ပြန်ဆုတ်ခွာရသည်မှာ သတိထားလွန်းအားကြီးရာ ရောက်နေသည်ဟု သူ ခံစားလိုက်ရသည်။

“သူတို့ ပြန်ဆုတ်နေကြတာလား”

တစ်ဖက်လူသည် ဤမျှပြတ်သားလိမ့်မည်ဟု ရွှီနင် ထင်မထားခဲ့ပေ။

သို့သော် ရွှီနင်မှာတော့ ၎င်းတို့အား လွှတ်ပေးရန် ဆန္ဒမရှိပေ။

ခန်းယွင်ခရိုင်သည် စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေချိန်ဖြစ်ရာ ပုန်ကန်သူများကို သတ်ဖြတ်ခြင်းသည် စစ်မှုထမ်းကောင်းမှုမှတ်တမ်း ဖြစ်လာပေလိမ့်မည်။

“သွားစို့”

ရွှီနင်သည် မြင်းကို မောင်းနှင်ကာ သူတို့နောက်သို့ လိုက်လေတော့သည်။

“ခေါင်းဆောင်... ဟိုတပ်ခွဲမှူးက ကျွန်တော်တို့နောက်ကို လိုက်လာနေတယ်”

ပုန်ကန်သူစစ်သားတစ်ဦးမှာ ထိတ်လန့်တကြားဖြင့် အော်ပြောလိုက်သည်။

လူအယောက် ၂၀ ကျော်အား တစ်ယောက်တည်း ရင်ဆိုင်ရန် အသင့်ပြင်ထားမှတော့ သူသည် တပ်ခွဲမှူးအစစ် ဖြစ်ရပေမည်။

“ငါတို့တော့ ဒုက္ခရောက်ပြီ”

ပုန်ကန်သူခေါင်းဆောင်မှာ စိတ်တိုသွားရသည်။ သူသည် ရွှီနင်ကို လှည့်ကြည့်လိုက်ပြီး အံကြိတ်ကာ ပြောလိုက်၏။ “မပြေးနဲ့တော့... ပြန်လှည့်ပြီး သူ့ကို တိုက်ခိုက်ကြမယ်”

ဤသို့ဆုံးဖြတ်လိုက်ခြင်းမှာ ခေါင်းဆောင်အနေဖြင့် မိုက်ရူးရဲဆန်လွန်းရာ မရောက်ပေ။

သူတို့ဘက်တွင် လူ ၂၀ ကျော်ရှိပြီး ကြွက်သားနှင့်အရိုးအဆစ်နယ်ပယ် သိုင်းပညာရှင် သုံးဦး ပါဝင်နေသည်။

တစ်ယောက်ချင်း ယှဉ်တိုက်လျှင် အနိုင်ရရန် လုံးဝ မဖြစ်နိုင်သော်လည်း လက်ရှိတွင် သူတို့၏ အင်အားက နိမ့်ကျနေပါလျက်နှင့် လူအင်အား အသာစီးရထားလေသည်။

အင်အားချင်း ကွာခြားမှု ကြီးမားသော်လည်း ပြိုင်ဘက်က သာမန်လူသားနယ်ပယ် ကိုးဆင့်မြောက် ဖြစ်နေလျှင်ပင် တစ်ပြိုင်နက်တည်း တိုက်ခိုက်နိုင်သော လူအရေအတွက်မှာ အကန့်အသတ်ရှိသည်။

ထို့အပြင် ခေါင်းဆောင်နှင့် အခြားသူများသည် အထူးတိုက်ခိုက်ရေးလေ့ကျင့်မှုများကို ပြုလုပ်ထားကြသည်။ စစ်ဗျူဟာပုံစံ အခင်းအကျင်း မှန်ကန်ပါက ချီနယ်ပယ်သိုင်းပညာရှင်တစ်ဦးကို သေချာပေါက် သတ်ဖြတ်နိုင်ပေလိမ့်မည်။

ရွှီနင်မှာ ငယ်ရွယ်လွန်းသဖြင့် သူသည် ချီနယ်ပယ်သို့ မကြာသေးမီကမှ ရောက်ရှိထားသူ ဖြစ်မည်ဟု သူတို့ ယူဆလိုက်ကြသည်။

“နေရာယူကြ... တိုက်ခိုက်ဖို့ ပြင်”

ခေါင်းဆောင်က အော်ဟစ်လိုက်သည်။

“ပြန်တိုက်မယ်ပေါ့လေ...”

ရန်သူများ ပြန်လှည့်လာပြီး သတ်ဖြတ်လိုသော အရှိန်အဝါဖြင့် သူ့ဆီသို့ ပြေးဝင်လာသည်ကို ရွှီနင် မြင်လိုက်ရသည်။

ရွှီနင် ထိတ်လန့်မသွားပေ။ သူသည် လေးရှည်ကို ကောက်ကိုင်လိုက်ပြီး မြားတောင့်ထဲမှ မြားအချို့ကို ယူကာ လေးကြိုးကို ဆွဲတင်လိုက်သည်။

သူ၏ လေးမြားပညာကို မသုံးဖြစ်သည်မှာ ကြာပြီဖြစ်သော်လည်း ယခုတစ်ကြိမ် ပြန်ထုတ်သုံးရန် စိတ်ကူးလိုက်သည်။

ရွှပ်...

သူ မြားတစ်စင်း ပစ်လွှတ်လိုက်သည်။

မြားသည် စစ်သားတစ်ဦး၏ လည်ပင်းကို တဲ့တိုး ဖောက်ဝင်သွားပြီး ထိုစစ်သားမှာ မြင်းပေါ်မှ ချက်ချင်း ပြုတ်ကျသွားလေသည်။

သူ၏ ပေါ့ပါးငှက်မွေးလေးမြားနည်းစနစ်မှာ အခြေခံအဆင့်တွင်သာ ရှိသေးသော်လည်း ရွှီနင်သည် ယခုအခါ ချီလှုပ်ရှားမှုနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤအဆင့်တွင် သူ၏ ခွန်အားနှင့် တိကျမှုတို့သည် အလွန်တိုးတက်လာခဲ့ပြီ ဖြစ်သည်။

ထို့အပြင် လေပြင်းမုန်တိုင်းဓားနည်းစနစ်တွင် ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရှိထားသဖြင့် ရွှီနင်သည် သူ့ပတ်ဝန်းကျင်ရှိ လေစီးဆင်းမှုကို အလွန်အမင်း အာရုံခံနိုင်စွမ်း ရှိလေသည်။

ထို့ကြောင့် ရွှီနင်၏ အခြေခံအဆင့် လေးမြားပညာသည်ပင်လျှင် သေစေနိုင်သော စွမ်းအား ရှိနေတော့သည်။

ရွှပ်...

ရွှပ်...

မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် မြားများမှာ လေထဲသို့ ပျံသန်းထွက်ခွာသွားကြသည်။

စစ်သားများသည် တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်ကြသည်။

စစ်သားများ၏ တိုက်ခိုက်ရေးပုံစံ အခင်းအကျင်းသည် ယခုအခါ လုံးဝ ပျက်စီးသွားလေပြီ။

“ခေါင်းဆောင်... လူခွဲပြီး ထွက်ပြေးကြရအောင်”

နောက်ဆုံးတွင် တစ်စုံတစ်ယောက်မှာ စိတ်ဓာတ်ကျသွားပြီး အော်ပြောလိုက်သည်။

သူတို့သည် သတ္တိရှိကြသော်လည်း ပြန်လည်မတိုက်ခိုက်နိုင်ခင်မှာပင် အဖွဲ့သား ထက်ဝက်ကျော်မှာ အသတ်ခံလိုက်ရခြင်း ဖြစ်သည်။

သူတို့၏ စစ်ဗျူဟာပုံစံ ပျက်စီးသွားသည်နှင့် ဒီတပ်ခွဲမှူးငယ်လေး၏ လက်ချက်ဖြင့် သေချာပေါက် အသတ်ခံရပေတော့မည်။

ခေါင်းဆောင်မှာ ဒေါသထွက်လွန်း၍ အံကိုကြိတ်ထားလိုက်သည်။ “ဆုတ်ကြ”

အမိန့်ရသည်နှင့် တပ်ဖွဲ့သည် လူစုကွဲသွားပြီး အလျင်အမြန် ထွက်ပြေးကြတော့သည်။

လူတိုင်းသည် မတူညီသော လမ်းကြောင်းများဆီသို့ ဦးတည်ထွက်ပြေးကြသည်။ သူတို့၏ လှုပ်ရှားမှုများမှာ အလွန်ကျွမ်းကျင်လှသည်။ ထွက်ပြေးရန်အတွက် ယခင်ကတည်းက လေ့ကျင့်ထားခဲ့ပုံ ရလေသည်။

ထိုအခြေအနေကို မြင်သောအခါ ရွှီနင်မှာ ချက်ချင်း လိုက်လံတိုက်ခိုက်လေသည်။

ကျန်ရစ်သော စစ်သားများမှာ ပုန်ကန်သူအဖွဲ့၏ ခေါင်းဆောင်ပိုင်းများ ဖြစ်ကြသည်။

ရွှပ်... ရွှပ်... ရွှပ်...

ရွှီနင်သည် မြင်းပေါ်တွင် ရောက်နေသော်လည်း မြားများကို တိကျစွာ ပစ်ခတ်နိုင်ဆဲပင်။

ရွှီနင်သည် စစ်သားခေါင်းဆောင်နှင့် နီးကပ်လာခဲ့သည်။

သူ လေးကြိုးကို ထပ်မံ ဆွဲတင်လိုက်သည်။

ရွှပ်...

သူ နောက်ထပ် မြားတစ်စင်း ပစ်လွှတ်လိုက်လေသည်။

All Chapters