အခန်း (၄၄၉-၄၅၀)
Vol. 33 Ch. 449-450
အပိုင်း(၄၄၉)
ကျိပိုတုံ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ခမ်းမကြီးတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားတော့သည်။ လူတိုင်း၏ အကြည့်များမှာ စာအုပ်ငါးအုပ်ထံသို့ စုပြုံကျရောက်သွားကြပြီး ကော်ဖြင့် ကပ်ထားသကဲ့သို့ ခွာမရနိုင်အောင် ဖြစ်နေကြသည်။ ယခင်က မည်သို့သော အကြံအစည်များ ရှိခဲ့သည်ဖြစ်စေ ယခုအချိန်တွင်မူ သူတို့၏ စိတ်အာရုံ၌ 'ရအောင်ယူမည်' ဟူသော အတွေးတစ်ခုသာ ကျန်ရှိတော့သည်။
ဤပွဲသို့ တက်ရောက်လာသူတိုင်းမှာ သဘာဝလွန် စွမ်းအားရှင်များ မဟုတ်ကြဘဲ သာမန်လူအများအပြားလည်း ပါဝင်သည်။ သို့သော် ထိုသာမန်လူများပင်လျှင် စာအုပ်များ၏ ဆွဲဆောင်မှုကို အဘယ်ကြောင့် ခံနေရသည်ကို နားမလည်နိုင်သော်လည်း၊ တောလိုက်ခွေးတစ်ကောင်က ယုန်နံ့ရသကဲ့သို့ ပြင်းထန်သော ဗီဇစိတ်ဖြင့် ရယူလိုစိတ်များ တဖွားဖွား ပေါ်ပေါက်နေကြသည်။
ထိုစာအုပ်များတွင် မြင်ရသူကို မိန်းမောသွားစေနိုင်ရုံမက စူးစမ်းလိုစိတ်နှင့် လောဘဇောကိုပါ နှိုးဆွပေးနိုင်သည့် လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်များ ကိန်းအောင်းနေသည်။ စာအုပ်အဖုံးများမှာ ရိုးရိုးရှင်းရှင်းပင် ဖြစ်သော်လည်း အနုပညာလက်ရာမှာမူ တစ်ခါဖူးမျှ မမြင်ဖူးသော ပုံစံမျိုးဖြစ်ကာ အခြားကမ္ဘာတစ်ခုမှ ရောက်ရှိလာသကဲ့သို့ ဤလောကနှင့် တစ်ခြားစီ ဖြစ်နေသည်။
ဤစာအုပ်များသည် အလွန်ပင် မျက်စိကျစရာ ကောင်းလှသော်လည်း မည်သူမျှ မှတ်မိခြင်း မရှိကြပေ။ ဤစာအုပ်ကို ပိုင်ဆိုင်ခွင့်ရမှသာ ယင်းအတွင်း၌ ကိန်းအောင်းနေသော အမှန်တရားကို မြင်တွေ့နိုင်လိမ့်မည်ဟု အားလုံးက ထင်မှတ်နေကြသည်။
တစ်ချိန်တည်း၌ ပါတီပွဲသို့ တက်ရောက်လာသော သဘာဝလွန် စွမ်းအားရှင်များမှာမူ ထိုစာအုပ်များကို မြင်လိုက်ရသည်နှင့် စိတ်အာရုံများ လှုပ်ခတ်သွားကြသည်။ စာအုပ်များမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အရှိန်အဝါများကြောင့် မုန်တိုင်းထဲတွင် မိုးပေါက်များ မှန်နေသကဲ့သို့ ခံစားလိုက်ရသည်။ လူတစ်ယောက်ချင်းစီ မြင်တွေ့ရသည့် မြင်ကွင်းချင်း မတူညီကြသော်လည်း အားလုံးမှာမူ အာဏာ၏ အထွတ်အထိပ်နှင့် သူတို့နှလုံးသားထဲက ကိန်းအောင်းနေသော တောင့်တမှုများဆီသို့သာ ဦးတည်နေကြသည်။
"ငါမရရင်တောင် သူများကိုတော့ မရစေရဘူး..."
စာအုပ်များကို စိုက်ကြည့်နေသူတို့၏ မျက်ဝန်းထဲတွင် ဖုံးကွယ်ထား၍မရသော လောဘရိပ်များ ထင်ဟပ်နေသည်။ မှောင်မိုက်သော ညဦးယံတွင် သားကောင်ကို ချောင်းမြောင်းနေသည့် သားရဲအုပ်တစ်အုပ်အလား ခမ်းမကြီးအတွင်း၌ ချောက်ချားဖွယ်ရာ ကောင်းသော အခြေအနေတစ်ခု ဖြစ်ပေါ်လာတော့သည်။
..
အိုဒက် ရီနိုဗော့ဗ်...
အိုဒက် ရီနိုဗော့ဗ် သည် ဗဟိုခရိုင်ရှိ ဗဟိုအေဂျင်စီတစ်ခုမှ ငရဲဘုံအဆင့် အောက်လမ်းမှော်ဆရာတစ်ဦး ဖြစ်ပြီး ကြီးကြပ်ရေးမှူးရာထူးကို ရရှိထားသူဖြစ်သည်။ ထိုအေဂျင်စီ၏ အကြောင်းကို သဘာဝလွန် စွမ်းအားရှင်များ အပါအဝင် လူအနည်းငယ်သာ သိရှိကြသည်။ သို့သော် အမှန်စင်စစ်... ထိုအေဂျင်စီသည် လူသိများသော ဗဟိုရဲတပ်ဖွဲ့နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့မှာ ထိုအေဂျင်စီ၏ လက်အောက်ခံသာ ဖြစ်သည်။
သာမန်အားဖြင့် "ဗဟိုခရိုင်၏ ညွှန်ကြားချက်" ဟု ပြောဆိုကြရာတွင် ထိုဗဟိုခရိုင်ဆိုသည်မှာ ဗဟိုအုပ်ချုပ်ရေးအဖွဲ့ကို ဆိုလိုခြင်းဖြစ်သည်။ သို့သော် လူအများစုကမူ ဗဟိုခရိုင်တွင် နေထိုင်ကြသော မြင့်မြတ်သည့် တော်ဝင်မျိုးနွယ်များနှင့် သဘာဝလွန် စွမ်းအားရှင်များကို ဆိုလိုသည်ဟုသာ ထင်မှတ်နေကြသည်။ အချို့သော သာမန်လူများကမူ ရိုးလ် သယံဇာတ ဖွံ့ဖြိုးရေးကုမ္ပဏီ သည်သာ အမိန့်ပေးနိုင်သည့် အာဏာပိုင်အဖွဲ့အစည်းဟု ထင်မှတ်နေကြသည်။
အိုဒက်သည် ထိုသို့သော ယူဆချက်များကို ကြားရတိုင်း လှောင်ပြုံးပြုံးလေ့ရှိသည်။ တော်ဝင် ပုဂ္ဂိုလ်များ ဆိုသည်မှာ ပုရွက်ဆိတ်များသာဖြစ်ပြီး သဘာဝလွန် စွမ်းအားရှင်များမှာလည်း စုစည်းမှုမရှိသော သဲပွင့်များသဖွယ်သာ ဖြစ်သည်။ သို့သော် ရိုးလ် သယံဇာတနှင့် ပတ်သက်သည့် ယူဆချက်မှာမူ အမှန်တရားနှင့် အနည်းငယ် နီးစပ်နေသည်။ အကြောင်းမှာ ရိုးလ် သယံဇာတ ကုမ္ပဏီသည်လည်း ဗဟိုအုပ်ချုပ်ရေးအဖွဲ့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသောကြောင့် ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ခန့်... နော်ဇင် လူသားတို့၏ တိုင်းပြည်တစ်ခုအဖြစ် ရှိနေစဉ်က ရိုးလ် သယံဇာတ ကုမ္ပဏီသည် မြေအောက် အပျက်အစီးများကို စူးစမ်းလေ့လာရန် စေလွှတ်လိုက်သော အင်အားကြီး စစ်တပ် တစ်ခုသာ ဖြစ်ခဲ့ပြီး အုပ်ချုပ်သူတို့၏ လက်နက်ကိရိယာတစ်ခုမျှသာ ဖြစ်သည်။ နှစ်ပေါင်းတစ်ထောင် ကြာပြီးနောက်တွင်မူ နော်ဇင်သည် လူလုပ်သံမဏိမြို့တော်ကြီး ဖြစ်လာခဲ့သည်။ ထိုစဉ်က အာဏာရှိသူများသည် အရာရာကို ထိန်းချုပ်သည့် ဗဟိုအုပ်ချုပ်ရေးအဖွဲ့ ဖြစ်လာပြီး သံနှင့်သွေးဖြင့် တည်ဆောက်ခဲ့သော ထိုစစ်တပ်ကြီးမှာ ကုမ္ပဏီတစ်ခုအသွင်ဖြင့် တိုးတက်လာခဲ့သည်။
သို့သော် လက်နက်ဆိုသည်မှာ အမြဲတမ်း လက်နက်သာ ဖြစ်သည်။ မည်မျှပင် အစွမ်းထက်သည်ဖြစ်စေ အရှင်သခင်ကိုသာ အလုပ်အကျွေး ပြုရမည်ဖြစ်သည်။ ထိုလက်နက်က အရှင်သခင်အပေါ် မဟုတ်မမှန်သော အတွေးများ မဝင်စေရန်အတွက် ကြီးကြပ်ရေးမှူး ရာထူးကို ထားရှိခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် နှစ်စဉ် ကျိပိုတုံ ကျင်းပမြဲဖြစ်သော သူဌေးကြီးများနှင့် သဘာဝလွန် စွမ်းအားရှင်များ တက်ရောက်သည့် ဤမွေးနေ့ပွဲအား ဗဟိုအုပ်ချုပ်ရေးအဖွဲ့က "အန္တရာယ်ရှိသော ကာလ" ဟု သတ်မှတ်ထားရာ ကြီးကြပ်ရေးမှူးဖြစ်သူ အိုဒက်အနေဖြင့် မပျက်မကွက် တက်ရောက် စောင့်ကြည့်နေရခြင်း ဖြစ်သည်။
...
လင်ကျဲ ပေါ်လာကတည်းက သူသည် အထက်လူကြီးများထံ သတင်းပို့ထားပြီးဖြစ်သည်။ လင်ကျဲနှင့် ပတ်သက်သော အချက်အလက်များကို လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်က ပိတ်ပင်ထားသော်လည်း ဗဟိုအုပ်ချုပ်ရေးအဖွဲ့မှာမူ ထိုအချက်အလက်များကို ကြည့်ရှုခွင့် အာဏာရှိသည်။ ထိုစာအုပ်ဆိုင်ပိုင်ရှင်သည် ဗဟိုအုပ်ချုပ်ရေးအဖွဲ့က အထူးအာရုံစိုက် စောင့်ကြည့်နေရသူ ဖြစ်သည်။ နောက်ပိုင်းတွင် ဂရက် လင်ကျဲထံ အကူအညီတောင်းခြင်း အပါအဝင် ထူးခြားသော အခြေအနေများ ဖြစ်ပေါ်တိုင်း အိုဒက်က အစီရင်ခံခဲ့သည်။ သို့သော် အထက်မှ ပြန်ကြားချက်မှာ ပုံမှန်အတိုင်းသာ ဆက်လက်စောင့်ကြည့်ရန် ဖြစ်သည်။
အိုဒက်သည် အထက်လူကြီးများ၏ ရည်ရွယ်ချက်ကို နားမလည်နိုင်သဖြင့် ကျိပိုတုံနှင့် လင်ကျဲတို့၏ လှုပ်ရှားမှုများကိုသာ သတိကြီးစွာဖြင့် စောင့်ကြည့်နေခဲ့သည်။ ပွဲပြီးခါနီးအချိန်အထိ အရာအားလုံး အေးအေးဆေးဆေး ပြီးဆုံးသွားတော့မည်ဟု သူ ထင်မှတ်ထားခဲ့သည်။ သို့သော် ယခုကဲ့သို့ အခြေအနေတစ်ခု ဖြစ်လာလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
‘ရိုးလ် သယံဇာတ ကုမ္ပဏီနှင့် စာအုပ်ဆိုင် ပူးပေါင်းဆောင်ရွက်ကြတော့မယ် ဟုတ်လား...’
အိုဒက်၏ မျက်လုံးများ ပြူးကျယ်သွား၏။ သူ၏ ပထမဆုံးသော အတွေးမှာ ဗဟိုအုပ်ချုပ်ရေးအဖွဲ့ထံ သတင်းပို့ရန် ဖြစ်သည်။ သူ၏ စိတ်ထဲတွင်လည်း "ဒီတစ်ခါတော့ ငါ အကြီးအကျယ် နာမည်ရတော့မှာပဲ" ဟု တွေးတောမိနေသည်။
အထက်လူကြီးများသည် ကျိပိုတုံတွင် မကောင်းသော ရည်ရွယ်ချက်များ ရှိနေသည်ဟု အမြဲ သံသယရှိခဲ့သော်လည်း ကျိပိုတုံက အမြဲတမ်း ပါးနပ်စွာ ဖုံးကွယ်ထားနိုင်ခဲ့သည်။ သူ၏ သမီးဖြစ်သူမှာလည်း လွန်ခဲ့သော လပိုင်းလောက် ကတည်းက သေဆုံးသွားသင့်သူဖြစ်သော်လည်း ထိုလျှို့ဝှက်ဆန်းကြယ်သော စာအုပ်ဆိုင်နှင့် မမျှော်လင့်ဘဲ ပတ်သက်မိသွားခဲ့သည်။
သို့သော် အထက်လူကြီးများအနေဖြင့် ကျိကျစ်ရှို့ စာအုပ်ဆိုင်နှင့် ဆက်ဆံရေး ရှိနေခြင်းကို ခွင့်လွှတ်ပေးနိုင်လျှင်ပင်... ရိုးလ် သယံဇာတ ကုမ္ပဏီက ထိုစာအုပ်ဆိုင်ပိုင်ရှင်နှင့် တရားဝင် ပူးပေါင်းဆောင်ရွက်မှုကိုမူ မည်သည့်နည်းနှင့်မျှ ခွင့်ပြုမည် မဟုတ်ပေ။
ဤသတင်းကိုသာ အထက်သို့ ချက်ချင်းအစီရင်ခံလိုက်ပါက ကျိပိုတုံ၏ ယုတ်မာသောအကြံအစည်များကို ဗဟိုအုပ်ချုပ်ရေးအဖွဲ့က ဖော်ထုတ် ဖမ်းဆီးနိုင်မည် ဖြစ်ပြီး ကြီးကြပ်ရေးမှူး အိုဒက်အတွက်လည်း အကြီးမားဆုံးသော ဂုဏ်ပြုဆုလာဘ် ဖြစ်လာပေလိမ့်မည်။ သို့သော်.. ထိုအတွေးတို့သည် စာအုပ်ငါးအုပ်ကို မြင်လိုက်ရသည့် ခဏတွင်ပင် လွင့်စဉ်ပျောက်ကွယ်သွားတော့သည်။
"ဒါတွေက..."
အိုဒက်သည် ဆက်သွယ်ရေး မှော်ဂါထာကို ရွတ်ဆိုနေရင်း တန့်သွားကာ စာအုပ်များထံသို့သာ အကြည့်တို့ စူးစိုက် သွားတော့သည်။ သူ၏ မျက်ဝန်းအစုံသည် အံ့အားသင့်မှုမှသည် ဝေခွဲမရဖြစ်ခြင်း၊ ထိုမှတစ်ဆင့် ထိတ်လန့်တုန်လှုပ်ခြင်းသို့ ကူးပြောင်းသွားပြီး နောက်ဆုံးတွင်မူ အတောမသတ်နိုင်သော လောဘရိပ်များ ဖုံးလွှမ်းသွားတော့သည်။
ခေတ္တမျှအကြာတွင် သူသည် မြှောက်ထားသောလက်ကို ပြန်ချလိုက်ပြီး ဆက်သွယ်ရေးမှော်ဂါထာကို ရပ်တန့်လိုက်ကာ စာအုပ်များကိုသာ စိုက်ကြည့်ရင်း နောက်ကွယ်ရှိ အမှောင်ရိပ်ထဲသို့ တဖြည်းဖြည်း ဆုတ်ခွာကာ ပျောက်ကွယ်သွားတော့သည်။ သူသည် အစကတည်းက ထောင့်တစ်နေရာတွင် ရှိနေခြင်းဖြစ်၍ သူ၏တိတ်ဆိတ်သော လှုပ်ရှားမှုမှာ မည်သူ့အာရုံကိုမျှ ဆွဲဆောင်ခြင်း မရှိခဲ့ပေ။ တစ်ချိန်တည်းမှာပင် ခန်းမအတွင်းရှိ အခြားသော သဘာဝလွန် စွမ်းအားရှင် အများအပြားမှာလည်း သူနှင့်မခြား အလားတူပင် ပြုမူနေကြသည်ကို သူ အာရုံခံမိနေသည်။
...
အထက်လမ်းမှော်ဆရာ မိသားစုဝင်တစ်ဦးအဖြစ် ပွဲတက်ရောက်လာသော ဖရန်ကာသည် ခမ်းမ၏ ဒေါင့်တစ်နေရာတွင် ထိုင်နေရင်း ဂယောက်ဂယက်ဖြစ်နေသော စိတ်ဖြင့် ပတ်ဝန်းကျင်ကို နားမလည်နိုင်စွာ ကြည့်ရှုနေမိသည်။ လက်ရှိလေထုသည် တစ်မျိုးတစ်မည် ထူးခြားနေသည်ကို သူမ ခံစားမိသော်လည်း ဘာဖြစ်နေသည်ကိုမူ သေချာမသိပေ။
ရိုးလ် သယံဇာတ ကုမ္ပဏီနှင့် စာအုပ်ဆိုင်တို့ ပူးပေါင်းဆောင်ရွက်ခြင်းမှာ ဟိုးလေးတကျော် ဖြစ်စရာကိစ္စဖြစ်သော်လည်း ဘေးပတ်ဝန်းကျင်ရှိ လူများ၏ တုံ့ပြန်ပုံမှာ အလွန်ပင် ထူးဆန်းနေသည်။ ဘေးနားရှိ လူများမှာ ကျောက်ရုပ်များသကဲ့သို့ တောင့်တင်းနေပြီး သူတို့၏မျက်နှာတွင် ကြောက်မက်ဖွယ်ကောင်းသော အပြုံးများ ပေါ်ပေါက်နေသည်ကို မြင်လိုက်ရသောအခါ သူမသည် ကြောက်လန့်တကြား နောက်သို့ တွန့်ဆုတ်သွားမိသည်။
"ဒီစာအုပ်တွေထဲမှာ တစ်ခုခု ထူးခြားနေလို့လား..."
ထိုသို့တွေးမိသည်နှင့် သူမသည် သတ္တိကိုမွေးကာ ရှေ့တွင်ရှိနေသော သူမ၏ အဖော်ဖြစ်သူ အစောင့်အရှောက်၏ ဘေးမှကျော်၍ စာအုပ်များကို လှမ်းကြည့်လိုက်သည်။ ကံဆိုးစွာပင်... သူမ၏ သာမန်မျက်စိဖြင့် အစွမ်းကုန် ကြည့်သော်ငြားလည်း အနီးဆုံးရှိ စာအုပ်၏ ခေါင်းစဉ်ကိုသာ မနည်းဖတ်လိုက်ရသည်။
"ဂန္ထဝင်... အိမ်ချက်... ဟင်းလျာ... တစ်ထောင်..."
ဖရန်ကာသည် ခေါင်းစဉ်ကို တစ်လုံးချင်း ဖတ်ကြည့်ရင်း ဇဝေဇဝါ ဖြစ်သွားတော့သည်။ သူမသည် မျက်လုံးကို အကြိမ်ကြိမ် ပွတ်ကြည့်ကာ မှားမဖတ်မိကြောင်း သေချာအောင် လုပ်လိုက်ရသည်။ ရိုးလ် သယံဇာတ ကုမ္ပဏီနှင့် ထိုစာအုပ်ဆိုင်တို့ ပူးပေါင်းပြီး ဟင်းချက်နည်းစာအုပ် ရောင်းကြတော့မည်လော။
သူမအနေဖြင့် ဝေဖန်စရာများ ရှိနေသော်လည်း အမှန်တကယ်ပင် ဟင်းချက်နည်းစာအုပ်များ ရောင်းမည်ဆိုလျှင်လည်း ပြောစရာမရှိလှပေ။ လျှို့ဝှက်ဆန်းကြယ်သော စာအုပ်ဆိုင်ပိုင်ရှင်သည် ရိုးလ် သယံဇာတ ကုမ္ပဏီ၏ စိတ်ရင်းမှန်ကို စမ်းသပ်နေခြင်းလည်း ဖြစ်နိုင်သည်ဟု သူမ တွေးမိလိုက်သည်။
ဖရန်ကာသည် သူမ၏ အင်္ကျီစကို ဆုပ်ကိုင်ရင်း ဘေးမှအဖော်ဖြစ်သူအား တိုးတိုးလေး မေးလိုက်သည်။
"မိုက်... အဲဒီစာအုပ်ဆိုင်ပိုင်ရှင်က ဘယ်သူလဲဟင်"
ရှေ့မှလူငယ် လှည့်ကြည့်လာ၏။ သူသည် ခန့်ညားချောမောသော မျက်နှာရှိသော်လည်း စိတ်ဓာတ်ခိုင်မြဲသော စွမ်းအားကြီး မုဆိုးတစ်ဦးဖြစ်ကြောင်း ဖရန်ကာ သိသည်။ သူ၏ ကိုယ်ထဲတွင် ဟင်းလင်းပြင်ကို ပုံဖျက်နိုင်ပြီး ကမ္ဘာပေါ်ရှိ အကွာအဝေးအားလုံးကို ဆက်သွယ်ပေးနိုင်သည့် အခရာအဆင့် အိမ်မက်သားရဲ 'မိုဘီးယပ်စ်မြွေ' ၏ သွေးများ စီးဆင်းနေသည်။
ဖရန်ကာတွင် သဘာဝလွန် စွမ်းအား မရှိသလောက် နည်းပါးသော်လည်း သူမသည် မိသားစုအကြီးအကဲ၏ တစ်ဦးတည်းသော သွေးရင်းဖြစ်သောကြောင့် အစောင့်အရှောက် အများဆုံး ရရှိထားခြင်းဖြစ်သည်။
ယခုအချိန်တွင် မိုက်၏ မျက်ဝန်းများသည် မြွေမျက်လုံးများကဲ့သို့ ဖြစ်လာပြီး ပါးပြင်နှင့် လည်ပင်းတဝိုက်တွင် ခရမ်းရင့်ရောင် အကြောများ ထောင်ထလာကာ အကြေးခွံများ ဖုံးလွှမ်းလာသည်။ သူသည် ထိန်းချုပ်မှု လွတ်ကင်းတော့မည့်ပုံ ပေါ်နေသော်လည်း သူ၏အရေပြားပေါ်တွင် မှော်စာလုံးများ ပေါ်ပေါက်လာကာ သံကြိုးများသဖွယ် တားဆီးထားသောကြောင့်သာ ဆင်ခြင်တုံတရား အနည်းငယ် ကျန်ရှိနေခြင်း ဖြစ်သည်။
ရှူး... ရှူး...
မိုက် အားယူကာ ဒူးထောက်လိုက်ပြီး နာကျင်နေသော မျက်နှာဖြင့် သူ၏သခင်မလေးကို ကြည့်လိုက်သည်။ သူသည် မိမိကိုယ်ကိုယ် ထိန်းချုပ်ရန် ကြိုးစားနေသော်လည်း ဗီဇစိတ်၏ တောင့်တမှုကိုမူ မတွန်းလှန်နိုင်ပေ။
"သူက... အခရာအဆင့်ပဲ... ကျွန်တော် မြင်လိုက်ရတယ်... စာအုပ်... လိုချင်တယ်..."
သူက တုန်ရီနေသော အသံဖြင့် အခြားသူများကဲ့သို့ပင် လောဘဇောများဖြင့် မေးလိုက်သည်။
"သခင်မလေး... စာအုပ်တစ်အုပ် လိုချင်သလား"
ဖရန်ကာမှာမူ 'အခရာအဆင့်' ဆိုသည်မှာ ဘာကိုဆိုလိုမှန်း စဉ်းစားနေဆဲဖြစ်သည်။ သူမသည် ဟင်းချက်နည်းစာအုပ်ကို ကြည့်ရင်း ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းညိတ်ပြလိုက်သည်။ မြင့်မြတ်သော အထက်လမ်းမှော်ဆရာ မိသားစုမှ ဖြစ်သော်လည်း မှော်ပညာတွင် ပါရမီမပါခြင်းမှာ ရှက်စရာကောင်းလှသော်လည်း သူမသည် ဟင်းချက်ခြင်းကို ပို၍ စိတ်ဝင်စားသူ မဟုတ်ပါလား။
"ကောင်းပြီလေ"
ဖရန်ကာက စိတ်မပါသလို ဟန်ဆောင်ကာ လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်သည်။
"စာအုပ်တစ်အုပ်ပဲနော်၊ ပြီးတော့ ဒါက မင်းရဲ့ အကြံဉာဏ်လို့ပဲ အိမ်ပြန်ရောက်ရင် ပြောလိုက်မယ်..."
မိုက်က ခေါင်းငုံ့ကာ သူ၏နှုတ်ခမ်းဖျားမှ အပြုံးကို ဖုံးကွယ်ထားလိုက်သည်။
"ဟုတ်ကဲ့ပါ သခင်မလေး"
***
အပိုင်း(၄၅၀)
"စာအုပ်ငါးအုပ်တောင်လား..."
ဂရက်သည် ထိုစာအုပ်ငါးအုပ်ကို ကြည့်ရင်း အံ့အားသင့်လွန်းသဖြင့် စိတ်ပျက်အားငယ်နေမှုများပင် လွင့်စဉ်သွားတော့သည်။ အချိန်ပြန်လည်နောက်ပြန်ဆုတ်သွားသည့် မြင်ကွင်းကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပြီးနောက် ဂျိုးဇက်နှင့် ဝယ်လ်တို့ နှစ်ဦးသား အတူတူသေဆုံးသွားခဲ့ကြပြီဟုသာ အားလုံးက ထင်မှတ်ထားခဲ့ကြသည်။ မေလီဆာ ဘေးကင်းရာသို့ ရောက်ရှိသွားသည်ဟူသော သတင်းတစ်ခုသာ ကြားသိရသဖြင့် ဂရက်ကဲ့သို့ စိတ်ဓာတ်ကြံ့ခိုင်သူပင်လျှင် ဤဝေဒနာကို မနည်းခံစားနေရသည်။
သူသည် မစ္စတာလင်ထံမှ မည်သည့်အရာကိုမျှ ထပ်မံတောင်းဆိုရန် သတ္တိမရှိတော့ဘဲ လွန်ခဲ့သော နှစ်ရက်လုံးလုံး ဝေဝေဝါးဝါးဖြင့်သာ ဖြတ်သန်းခဲ့ရသည်။ ဆရာဂျိုးဇက် မသေဆုံးသေးပါစေနှင့်ဟု ဆုတောင်းနေခဲ့သော်လည်း ယခုမြင်တွေ့လိုက်ရသော စာအုပ်ငါးအုပ်က သူ့ကို ထိတ်လန့်တုန်လှုပ်စေလျက် သတိပြန်ဝင်လာစေသည်။
ဂရက်၏ အတွေးတို့မှာ ထိုစဉ်က သူဝင်သွားခဲ့သော ဘေးခန်းဆီသို့ ပြန်လည်ရောက်ရှိသွားသည်။ မစ္စတာလင်နှင့် ကျိပိုတုံတို့ ထိုစဉ်က ဆွေးနွေးနေခဲ့ကြသည်မှာ ဤအကြောင်းအရာများပင်လော။ သို့သော် ထိုစဉ်က သူအပါအဝင် လူတိုင်းမှာ ဂျိုးဇက်၏ ကံကြမ္မာကိုသာ အာရုံရောက်နေခဲ့ကြသဖြင့် သတိမထားမိခဲ့ကြပေ။ မည်သူက ထင်မှတ်ထားမည်နည်း... ။ ဤနတ်ဆိုးသဖွယ် ပုဂ္ဂိုလ်က စာအုပ်ငါးအုပ်ကို တစ်ပြိုင်နက်တည်း ထုတ်ပြလာရုံမက နောင်တွင်လည်း အသုတ်လိုက် ထုတ်ဝေဖြန့်ချိတော့မည်ဟု။
"သူ တကယ်ပဲ ဘာလုပ်ချင်နေတာလဲ"
ဂရက် တစ်ကိုယ်လုံး တုန်ယင်လာသည်။ နော်ဇင်မြို့တော်ကြီးတစ်ခုလုံး ဖရိုဖရဲဖြစ်သွားမည့် အခြေအနေကို သူ ပြေးမြင်နေမိသည်။
"ငါ ဒါကို လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်ကို အမြန်ဆုံး အစီရင်ခံရမယ်..."
သို့သော် သူ ချက်ချင်းပင်တွေဝေသွားသည်။ ဆရာဂျိုးဇက်ကိုယ်တိုင်ပင်လျှင် မစ္စတာလင်ကို စမ်းသပ်ရန်နှင့် စိတ်ကျေနပ်အောင် ထားရန်အတွက် အသုံးချခံ နယ်ရုပ်တစ်ခု ဖြစ်ခဲ့ရသည် မဟုတ်ပါလား။ ထိုသို့သော အခြေအနေမျိုးတွင် မျှော်စင်ကရော တကယ်ပဲ အရေးစိုက်ပါဦးမည်လော။
"မဟုတ်သေးပါဘူး... ငါ ဘာတွေ တွေးနေတာလဲ"
ဂရက်သည် ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်ပြီး အံကိုကြိတ်ကာ ဆက်သွယ်ရေးကိရိယာကို ဖွင့်လိုက်သည်။ သူ့ဘေးတွင်ရှိသော ရှာလော့ကမူ သူမ၏စာအုပ်ကို ရင်ဝယ်ပိုက်ထားရင်း ဂရက်ကို ကြည့်ကာ ပြုံးလိုက်သည်။
"အပိုတွေ အားမထုတ်စမ်းပါနဲ့... ဘယ်သူမှ ကယ်တင်ရှင်လုပ်ပြီး ရောက်လာမှာ မဟုတ်ဘူး... ကမ္ဘာပျက်မယ့်နေ့ ရောက်လာရင် လူတိုင်းက ကိုယ့်ကိုယ်ကိုယ်ပဲ ကယ်ချင်ကြတာ... ဘယ်သူကမှ အလကားနေရင်း အနစ်နာခံမှာ မဟုတ်ဘူး"
ဂရက်က အေးစက်စွာ ပြန်ပြောလိုက်သည်။
"ဝယ်လ်လည်း သေပြီ၊ ကျန်နေတဲ့ အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်းဝင်တွေကိုလည်း မကြာခင် ဖမ်းဆီးတော့မှာ... မင်းက ဘယ်လိုစိတ်နဲ့များ သရော်စကားတွေ ပြောနေနိုင်ရတာလဲ"
ရှာလော့က အပြုံး မပျက်ပေ။
"သေဆုံးခြင်းဆိုတာ ထာဝရ မဟုတ်ပါဘူး... အရှင်ဝယ်လ်သာ ဘုရားသခင်ရဲ့ ရင်ခွင်ကို ပြန်သွားခဲ့ရင် ငါကပဲ ဆက်ခံသူအဖြစ် အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်းကို ဆက်ပြီး အုပ်ချုပ်သွားမှာပါ... ငါ ဒီကနေ ထွက်သွားနိုင်တာနဲ့ အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်းက ဆက်ရှိနေဦးမှာပဲ... အခုချိန်က မင်းလို အလုပ်သင်သူရဲကောင်းတစ်ယောက်အတွက် စစ်မှန်တဲ့ သူရဲကောင်းတစ်ယောက် ဖြစ်လာဖို့ အခွင့်ကောင်းပဲ မဟုတ်လား"
သူမ၏ နှုတ်ခမ်းဖျားတွင် လှောင်ပြုံးတစ်ခု ပေါ်လာ၏။
"နင် ငါ့ကို တားရဲလား"
"..."
ဂရက်သည် အံကြိတ်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သော်လည်း ရှာလော့ကို တားဆီးနိုင်စွမ်း မိမိတွင် မရှိသည်ကိုမူ ဝန်ခံရပေလိမ့်မည်။
"တစ်နေ့ကျရင် ဘယ်လမ်းစဉ်က မှန်ကန်တယ်ဆိုတာ နင် နားလည်လာပါလိမ့်မယ်"
...
လူအုပ်ကြားတွင် ပုန်းအောင်းနေသော အက်ရှ် ကုန်သည်ကြီးများ အသင်းမှ သူလျှိုတစ်ဦးသည် သူ၏ ဆက်သွယ်ရေးကိရိယာပေါ်တွင် အချက်ပြအချို့ကို တိတ်တဆိတ် ရိုက်နှိပ်ကာ အထူးမှော်အစီအရင်ဖြင့် သတင်းပို့လိုက်သည်။
မိုင်ပေါင်းများစွာ ဝေးကွာသော အရပ်ရှိ အက်ရှ် ကုန်သည်ကြီးများ အသင်းမှ အမှောင် အဲ့လ်ဖ် လူကြီးများသည် ထိုသတင်းစကားများကို စုစည်းနေကြသည်။
"အဲဒီစာအုပ်ဆိုင်ပိုင်ရှင်က ရိုးလ် သယံဇာတနဲ့ ပူးပေါင်းလိုက်ပြီ ဟုတ်လား... ပြီးတော့ ဝယ်လ်ကလည်း သေပြီတဲ့..."
မှောင်မိုက်သော မြေအောက်ခန်းအတွင်း၌ အမျိုးသားတစ်ဦးက အံ့အားသင့်စွာ မေးလိုက်သည်။
"ဘာတွေ ဖြစ်ကုန်တာလဲ... ချယ်ရီရဲ့ စွမ်းအင်တွေက အဲဒီစာအုပ်ဆိုင်က ရတာဆို... အခု သူက ချယ်ရီကို စွန့်ပစ်လိုက်ပြီလား"
"ကျိမိသားစုရဲ့ သာမန်နယ်ရုပ် နှစ်ကောင်က ဒီလို ကံကြမ္မာမျိုး ရလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး..."
အခြားသော အိုမင်းနေသည့် အသံတစ်သံကလည်း ဝင်ပြောသည်။
"မျိုးနွယ်စုရဲ့ မိခင်ကြီး သေဆုံးပြီးနောက်ပိုင်း ငါတို့ အမှောင် အဲ့လ်ဖ်တွေရဲ့ ကံကြမ္မာက ပိုပြီးတော့တောင် မှေးမှိန်လာသလိုပဲ..."
"ဒါက ငါတို့အတွက် သိပ်တော့ မဆိုးပါဘူး... ချယ်ရီမှာ အားကိုးရာ မရှိတော့ဘူးဆိုရင် ငါတို့အတွက် ပိုလွယ်သွားတာပေါ့..."
အမျိုးသမီးတစ်ဦးက တဟားဟား ရယ်မောလိုက်သည်။
"သူက သွေးနှောတစ်ယောက်ပဲလေ၊ အက်ရှ် ကုန်သည်ကြီးများ အသင်းကို အမိန့်ပေးဖို့ ဘယ်လို အရည်အချင်းမျိုး ရှိလို့လဲ"
"ဒါဆိုရင်တော့ ချယ်ရီ ပြန်လာတာနဲ့ ငါတို့ စတင် လှုပ်ရှားကြတာပေါ့"
ပထမ အမျိုးသားက ပြန်ပြောလိုက်လေ၏။
...
"မစ္စတာလင်... ဘယ်လို သဘောရပါသလဲ..."
ကျိပိုတုံသည် စာအုပ်ငါးအုပ်ကို ကိုယ်တိုင် ကိုင်ဆောင်ထားသည်။ အားလုံးကို ပြသပြီးနောက် ထိုစာအုပ်များကို အထူးပြုလုပ်ထားသော ခန့်ညားသည့် ကြေးဝါသေတ္တာအတွင်းသို့ ထည့်သွင်းလိုက်သည်။ ထိုလုပ်ရပ်မှာ အလွန်ပင် ခမ်းနားထည်ဝါလှသည်။
သူ ထင်မှတ်ထားသည့်အတိုင်းပင်... ဤလူများသည် ကျိသခင်မလေး၏ မွေးနေ့အတွက် စိတ်ရင်းဖြင့် ဆုတောင်းပေးရန် လာကြခြင်း မဟုတ်ပေ။ အားလုံးမှာ သွေးနံ့ရသည့် ငါးမန်းများကဲ့သို့ပင် ရိုးလ် သယံဇာတ ကုမ္ပဏီ၏ အခြေအနေကို စုံစမ်းရန်နှင့် အကျိုးအမြတ်အတွက်သာ လာခဲ့ကြခြင်း ဖြစ်သည်။
လင်ကျဲသည် အကျိုးအမြတ်အပေါ်တွင်သာ မျက်စိကျနေကြသော ဧည့်သည်များကို ကြည့်ရင်း ပြုံးလိုက်၏။
"ကောင်းပါပြီ၊ ခင်ဗျား သင့်တော်သလိုသာ စီစဉ်ပါ... ဒီစာအုပ်တွေက ရောင်းရလွယ်မယ်လို့ ကျွန်တော် ထင်ပါတယ်... ဘာပဲဖြစ်ဖြစ် ဒါတွေက နားလည်ရလွယ်တဲ့ စာအုပ်တွေပဲလေ"
"တကယ်လို့ ဒီစာအုပ်တွေကို ကြိုက်တဲ့သူတွေ များလာရင် ကျွန်တော့်ဆီမှာ ထပ်လာယူလို့ ရပါတယ်... ဘယ်လိုပဲဖြစ်ဖြစ် စိတ်ဝင်စားဖို့ကောင်းတဲ့ ဒီစာအုပ်တွေကို လူအများအပြား ဖတ်ရှုခံစားနိုင်ကြဖို့ ကျွန်တော် မျှော်လင့်ပါတယ်"
ကျိပိုတုံသည် စင်အောက်ရှိ ဆာလောင်နေသော ဝံပုလွေအုပ်ကဲ့သို့ စာအုပ်များကို လောဘတကြီး စိုက်ကြည့်နေကြသူများကို တစ်ချက်ကြည့်လိုက်သည်။
"စိတ်မပူပါနဲ့... မစ္စတာလင် စိတ်ကျေနပ်စေရမယ်လို့ ကျွန်တော် အာမခံပါတယ်"
ထို့နောက် ကျိပိုတုံက မွေးနေ့ပွဲ အောင်မြင်စွာ ပြီးဆုံးကြောင်း ကြေညာလိုက်သည်။ ခမ်းမကြီးအတွင်းရှိ လူအုပ်မှာ ခေတ္တမျှ ဆူညံပွက်လောရိုက်နေပြီးမှ တဖြည်းဖြည်း လူစုခွဲသွားကြတော့သည်။
လင်ကျဲနှင့် ကျိပိုတုံတို့သည် ဘေးခန်းတွင် ခေတ္တမျှ စကားစမြည် ထပ်မံပြောဆိုကြပြီးနောက် ကောင်းကင်ယံ၏ အရောင်ကို ကြည့်ကာ လင်ကျဲက ထရပ်လိုက်သည်။
"ကဲ... သွားချိန်တန်ပြီ... မစ္စတာကျိနဲ့ သခင်မလေးကျိတို့ကို ကျေးဇူးအများကြီး တင်ပါတယ်... ဒီမှာ သုံးရက်တာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခွင့်ရခဲ့လို့ ဝမ်းသာပါတယ်"
"ဒါ ကျွန်တော်တို့/ကျွန်မတို့ ဂုဏ်ယူရမယ့် ကိစ္စပါ"
ကျိသားအဖက ပြိုင်တူ ပြန်ပြောကြသည်။ သူတို့က လင်ကျဲကို တံခါးဝအထိ လိုက်လံပို့ဆောင်ကြ၏။
"ဟော... နှင်းစဲသွားပြီပဲ..."
လင်ကျဲက ကောင်းကင်ကို မော့ကြည့်လိုက်ပြီး အံ့အားသင့်စွာ ပြောလိုက်သည်။
ထို့နောက် သူက လှည့်ကြည့်ကာ ပြုံးလျက် လက်ပြလိုက်၏။
"ဒီအထိ ပို့ပေးရင် ရပါပြီ... နှင်းတွေက အရည်ပျော်သေးဘူးဆိုတော့ ဂရုစိုက်ကြပါဦး"
***