← Chapters

အခန်း (၄၅၁-၄၅၂)

Vol. 33 Ch. 451-452

အခန်း (၄၅၁-၄၅၂)

Vol. 33 Ch. 451-452

အပိုင်း(၄၅၁)

"နှင်းတွေက အရည်မပျော်သေးဘူး..."

လူငယ်မှာ လှည့်ထွက်သွားလေရာ သူ၏ကျောပြင်ပုံရိပ်မှာ တဖြည်းဖြည်းနှင့် ညအမှောင်ထုအတွင်း နစ်ဝင်ပျောက်ကွယ်သွားတော့သည်။ သို့သော် သူထားရစ်ခဲ့သော အနက်အဓိပ္ပာယ်ပြည့်ဝသည့် စကားလုံးများနှင့် နှုတ်ဆက်အကြည့်တို့မှာ သူတို့သားအဖ၏ ရှေ့မှောက်တွင် ဝဲလည်နေဆဲ ရှိနေသကဲ့သို့ပင်။

ကျိသားအဖသည် အေးစက်စက် လေပြင်းအောက်၌ တည်ငြိမ်စွာဖြင့် အတန်ကြာ ရပ်နေမိကြသည်။ လင်ကျဲ၏ အရိပ်အယောင် လုံးဝကွယ်ပျောက်သွားတော့မှသာ သူတို့ချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

ကျိကျစ်ရှို့သည် အဝေးမှ ပင်မတံခါးကြီးမှတစ်ဆင့် တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြသော ဧည့်သည်များကို ကြည့်ရင်း တိတ်ဆိတ်နေမိသည်။ လွန်ခဲ့သော သုံးရက်ပတ်လုံး ဆူညံစည်ကားခဲ့သမျှသည် တဖြည်းဖြည်း မှေးမှိန်သွားကာ ဤစံအိမ်တော်ကြီးကို မူလအတိုင်း ခြောက်ကပ်ငြိမ်သက်ခြင်းများဆီသို့ ပြန်လည်ပို့ဆောင်ပေးနေသည်။

ရုတ်တရက် သူမ၏ နှုတ်ခမ်းဖျားတွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပေါ်လာပြီး ရေရွတ်လိုက်၏။

"လူတစ်ယောက်ဟာ စည်းစိမ်ဥစ္စာကြောင့်ပဲ ပျက်စီးတတ်တယ်... ဒါက မစ္စတာလင် ကျွန်မကို ပြောဖူးတဲ့ စကားလေ"

ကျိပိုတုံက ရင်ပြင်ထဲသို့ ပြန်လှည့်ဝင်ရင်း သက်ပြင်းချကာ မေးလိုက်သည်။

"ငါ့ကို ဒီလို စကားထာတွေနဲ့ပဲ ပြောနေတော့မှာလား... မစ္စတာလင် ဆိုလိုတာက နေ့ခင်းကြောင်တောင်လို ထင်ရှားနေတာပဲ... ငါ နားမလည်မှာ စိုးနေလို့လား"

"လူတွေရဲ့ လောဘဇောဆိုတာ တကယ်ပဲ တိုင်းတာလို့ မရနိုင်ပါလား..."

သူ ညည်းတွားလိုက်လေသည်‌။ နောက်မှလိုက်လာရင်း ကျိကျစ်ရှို့၏ နှုတ်ခမ်းထက်ရှိ အပြုံးက ပို၍ ကျယ်ပြန့်လာသည်။

"ဒါပေမဲ့ သူတို့ရဲ့ ခွန်အားကရော အဲဒီလောဘနဲ့ ထိုက်တန်ရဲ့လားဆိုတာပဲ ကျွန်မ စိုးရိမ်မိတယ်"

...

ဧည့်သည်များ လူစုခွဲသွားကြသောအခါ သုံးရက်ဆက်တိုက် စည်ကားခဲ့သော A16 စံအိမ်တော်ကြီးသည် လုံးဝ ဥဿုံ တိတ်ဆိတ်သွားတော့သည်။ ယနေ့ည၏ ကခုန်သီဆိုမှုများနှင့် ပွဲလမ်းသဘင်များမှာ အိပ်မက်တစ်ခုအလားပင်။

ကျိပိုတုံသည် ဝရံတာစင်္ကြံအတိုင်း လျှောက်လှမ်းလာရင်း နှင်းများစဲသွားသော်လည်း အမှောင်ထု ဖုံးလွှမ်းနေဆဲဖြစ်သော ဥယျာဉ်ပေါ်က ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။ သူ၏မျက်စိထဲတွင်မူ ဤရင်းနှီးပြီးသား မြင်ကွင်းသည် ယခင်နှင့် လုံးဝ ခြားနားနေပြီ ဖြစ်သည်။

သူ အောက်သို့ငုံ့ကာ မိမိ၏ လက်ဖဝါးကို ကြည့်လိုက်သည်။ သဘာဝလွန် စွမ်းအားရှင် တစ်ယောက် ဖြစ်လာပြီးနောက် သူ၏ ခန္ဓာကိုယ်အတွင်း၌ စွမ်းအားများ စုစည်းနေပြီဖြစ်သည်။ ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းတွင် အီသာများ စီးဆင်းနေပြီး တစ်ခုခုကို စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြိုနေသကဲ့သို့ တုန်ခါနေသည်။

ကျိကျစ်ရှို့သည် စာအုပ်ငါးအုပ်ထည့်ထားသော ကြေးဝါသေတ္တာကို ပိုက်လျက် နောက်မှ လိုက်ပါလာသည်။ ဘေးခန်းမှ အိမ်ဖော်များကို နေရာတကာ သိမ်းဆည်းရန် အမိန့်ပေးနေသော အဘိုးကြီး ဘတ္တလာ၏ အသံကို သူမ အထင်အရှား ကြားနေရသည်။ အပြင်ဘက်တွင် အရည်ပျော်ကျနေသော နှင်းစက်သံများပင်လျှင် သူမ၏ နားထဲ၌ ကြည်လင်ပြတ်သားနေတော့သည်။ ဤအသံဗလံ အနိမ့်အမြင့်အားလုံးသည် ရောယှက်နေသော်လည်း နားငြီးစရာ သို့မဟုတ် ကြောက်စရာဟု သူမ မခံစားရပေ။

ကျိပိုတုံသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ ကြည့်ရသည်က... သူသည် ဤစွမ်းအားသစ်ကို ကျင့်သားရရန် အချိန်အနည်းငယ် လိုအပ်ဦးမည် ထင်သည်။ သို့မဟုတ်လျှင်လည်း... လေ့ကျင့်ရန်နှင့် ကျွမ်းကျင်မှုရယူရန် အခွင့်အရေးတစ်ခု လိုအပ်နေသည်။

ရုတ်တရက် ကျိပိုတုံသည် ခြေလှမ်းများကို ရပ်လိုက်ကာ နှုတ်ခမ်းဖျားတွင် မထီမဲ့မြင် အပြုံးတစ်ခု ပေါ်လာ၏။ သူက တည်ငြိမ်စွာဖြင့်ပင် ပြောလိုက်သည်။

"တကယ်လို့ ဒီစာအုပ်ငါးအုပ်ကို မက်မောကြတယ်ဆိုရင်တော့ စည်းကမ်းအတိုင်း နောက်သုံးရက်နေရင် လာယူကြပါ... အဖိုးဖြတ်သူတွေထဲက အမြင့်ဆုံးပေးနိုင်တဲ့သူကပဲ ရမှာဖြစ်ပြီး ကျန်တဲ့နည်းလမ်းတွေနဲ့တော့ မရနိုင်ဘူး... ငါ စီးပွားရေးလုပ်လာတဲ့ တစ်သက်မှာ ဘယ်သူ့ကိုမှ အထူးအခွင့်အရေးပေးလေ့ရှိတဲ့ အကျင့် မရှိဘူး..."

သူ၏အသံမှာ တိတ်ဆိတ်နေသော စင်္ကြံတစ်လျှောက် ပဲ့တင်ထပ်သွားသည်။ ခေတ္တမျှအကြာတွင် ကြမ်းတမ်းသော အမျိုးသားအသံတစ်သံ ပြန်လည် ထွက်ပေါ်လာသည်။

"ဟမ့်... ကျိဥက္ကဋ္ဌကတော့ တကယ်ပဲ ရည်မှန်းချက် ကြီးတာပဲ..."

စင်္ကြံလမ်း၏ အဆုံး အမှောင်ရိပ်ထဲမှ ခေါင်းစွပ်ပါသော ဝတ်ရုံနက်ဝတ်ထားသူတစ်ဦး ရုတ်တရက် ပေါ်ထွက်လာသည်။ ထို့နောက်တွင်မူ အချက်ပေးလိုက်သကဲ့သို့ပင် ဘေးပတ်ဝန်းကျင်မှ လေတိုးသံများနှင့်အတူ သဘာဝလွန် စွမ်းအားရှင် အများအပြားသည် နည်းမျိုးစုံဖြင့် ပေါ်ထွက်လာကြသည်။ အားလုံးမှာ ကျိပိုတုံနှင့် ရင်းနှီးပြီးသား မျက်နှာများပင် ဖြစ်သည်။ သူတို့သည် ပွဲတက်ဝတ်စုံများကိုပင် လဲလှယ်ခြင်းမရှိကြသလို ပုန်းကွယ်နေရန်လည်း စိတ်ကူးမရှိကြပေ။

ကျိပိုတုံက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ ရယ်မောလိုက်၏။

"အားလုံးပဲ ပြန်ကုန်ကြပြီ မှတ်နေတာ... ဒါမှမဟုတ် နှင်းတွေက အရမ်းထူနေလို့ ငါ့ရဲ့ နိမ့်ပါးတဲ့ အိမ်ဂေဟာမှာပဲ နားခိုချင်ကြတာလား"

"ဘဝင်မြင့်မနေနဲ့ ကျိပိုတုံ..."

ရှေ့ဆုံးမှ အောက်လမ်းမှော်ဆရာက ခေါင်းစွပ်ကို ဖယ်ရှားလိုက်ရာ လောဘဇောများ ဖုံးလွှမ်းနေသော ရက်စက်ကြမ်းကြုတ်သည့် မျက်နှာတစ်ခု ပေါ်လာသည်။ သူကား ကြီးကြပ်ရေးမှူး အိုဒက်ပင် ဖြစ်သည်။

ထိုမှော်ဆရာ၏ အကြည့်သည် ကျိကျစ်ရှို့ ကိုင်ထားသော သေတ္တာပေါ်၌သာ စွဲမြဲနေ၏။

"မင်းက စည်းကမ်းကို အရင်ချိုးဖောက်ခဲ့တာ... ရိုးလ် သယံဇာတကို သာမန်လူတွေကပဲ ဦးဆောင်ရမယ်ဆိုတဲ့ စည်းကမ်းရှိပေမဲ့ အခုတော့ မင်းက သဘာဝလွန် စွမ်းအားရှင်တွေရဲ့ အထက်မှာ နေချင်လာပြီပေါ့လေ..."

အိုဒက်၏ လက်စွပ်အတွင်းမှ မှော်ဓားမြှောင်တစ်စင်း ထွက်ပေါ်လာကာ တိုက်ခိုက်မည့် အနေအထားကို ပြင်လိုက်သည်။

"မင်းမှာ ဒီစာအုပ်ငါးအုပ်ကို ပိုင်ဆိုင်ဖို့ အရည်အချင်း မရှိဘူး..."

သူက ဟိန်းဟောက်လိုက်သည်။

ကျိပိုတုံက နှာခေါင်းရှုံ့လိုက်၏။

"ငါ့မှာ အရည်အချင်း ရှိ၊ မရှိ ဆိုတာက မင်း ဆုံးဖြတ်ရမယ့် ကိစ္စမဟုတ်ဘူး"

အိုဒက်၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။

"ဒါဆိုရင် မင်းက ဗဟိုအုပ်ချုပ်ရေးအဖွဲ့ရဲ့ အမိန့်ကို လူသိရှင်ကြား ဖီဆန်ပြီး ရိုးလ် သယံဇာတရဲ့ မူလတာဝန်ကို သစ္စာဖောက်တော့မယ်ပေါ့ ဟုတ်လား"

ကျိပိုတုံက သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်သည်။

"တာဝန်... မင်းတို့လို သဘာဝလွန် စွမ်းအားပရှင်တွေရဲ့ ခွေးအဖြစ် အသုံးတော်ခံရတာကို ပြောတာလား... မျိုးဆက်တစ်ခုပြီးတစ်ခု ရိုးလ် သယံဇာတရဲ့ ဥက္ကဋ္ဌတိုင်းဟာ မင်းတို့အတွက် ခွေးတွေဖြစ်ခဲ့ရတာပဲ... မင်းတို့ရဲ့ စောင့်ကြည့်မှုအောက်မှာ၊ ငါ့အတွက် သတ်မှတ်ပေးထားတဲ့ ကံကြမ္မာအတိုင်း ထိန်းချုပ်ခံနေရသရွေ့ ငါ့ဘဝဟာ ဘယ်တော့မှ နာလန်ထူမှာ မဟုတ်ဘူး"

သူ ကျစ်ကျစ်ပါအောင် ဆုပ်ထားသော မိမိ၏ လက်သီးများကို ကြည့်လိုက်သည်။

"ငါ တော်လောက်ပြီ..."

အိုဒက်က လှောင်ပြုံးပြုံးလိုက်၏။

"တော်လောက်ပြီ ဟုတ်လား... ဒီလောက် မြင့်မားတဲ့ ဂုဏ်ဒြပ်နဲ့ မကုန်နိုင်တဲ့ စည်းစိမ်ဥစ္စာတွေ၊ သာမန်လူတွေ အိပ်မက်တောင် မမက်ရဲတဲ့ ဘဝမျိုးကို ရထားပါရက်နဲ့ မင်းက မလုံလောက်သေးဘူးတဲ့လား... မင်းရဲ့ လောဘက အတိုင်းအဆ မရှိတော့ဘူး ထင်တယ်... မင်း တကယ်ပဲ ဟိုစာအုပ်ဆိုင်ရဲ့ မှော်ဝင် တိုက်တွန်းမှုတွေကို ခံထားရပြီပဲ... မင်းလို အဖျက်ပိုးကို ငါ သုတ်သင်ပစ်ရမယ်..."

စကားပင် မဆုံးသေးမီ အိုဒက်သည် အမည်းရောင် အရိပ်တစ်ခုအသွင် ပြောင်းလဲကာ ရှေ့သို့ တိုးဝင်သွားတော့၏။ သူသည် ကျိပိုတုံ၏ နောက်ကျောဘက်သို့ ချက်ချင်းဆိုသလို ရောက်ရှိသွားပြီး မှော်ဓားမြှောင်ကို မြှောက်ကာ ဂါထာကို ရွတ်ဆိုလိုက်သည်။ တစ်ချိန်တည်းမှာပင် အခြားသော သဘာဝလွန် စွမ်းအားရှင်များကလည်း အလယ်တွင် ပိတ်မိနေသော ကျိသားအဖထံသို့ သူတို့၏ စွမ်းအင်များကို အသီးသီး ထုတ်လွှတ်လိုက်ကြသည်။

သူတို့ အနီးသို့ ချဉ်းကပ်လာသည့် ခဏတွင်ပင်...

"မင်း ပြောတာ မှန်တယ်... လူ့နှလုံးသားရဲ့ လောဘဇောဆိုတာ တကယ်ပဲ အတိုင်းအဆ မရှိဘူး"

ကျိပိုတုံ ခေါင်းကို မော့လိုက်ရာ သူ့ မျက်နှာပေါ်တွင် တွန့်လိမ်လှုပ်ရှားနေသော အမည်းရောင် အကြောများသည် ရုန်းကန်နေသည့် ပိုးကောင်မည်းများအလား ထင်ဟပ်လာလေ၏။ သူ၏ နှုတ်ခမ်းဖျားတွင် ကြောက်မက်ဖွယ်ကောင်းသော အပြုံးတစ်ခု ပေါ်ပေါက်လာပြီး ပြောလိုက်သည်။

"မင်းတို့တင် မဟုတ်ဘူး... ငါလည်း အတူတူပဲ"

ဖြန်း...

အသားများကို ဆွဲဖြဲလိုက်သည့် အသံကြီး ထွက်ပေါ်လာသည်။ လောဘဇောကြောင့် မျက်စိမှောင်နေသော ငရဲဘုံအဆင့် သဘာဝလွန် စွမ်းအားရှင် တစ်ဦးမှာ သူ၏ ဝမ်းဗိုက်ကို မမြင်ရသော လက်ဖဝါးတစ်ခုက ထိုးဖောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သွေးများမှာ စင်္ကြံလမ်းတစ်လျှောက် ပန်းထွက်သွားပြီး သူ၏ ဝမ်းတွင်းကလီစာများမှာ ထိုအပေါက်မှတစ်ဆင့် အပြင်သို့ လျှံကျလာတော့သည်။

ထိုသူ၏ မျက်နှာတွင်မူ ဝေဒနာကို ခံစားရသည့် အရိပ်အယောင်ပင် မပေါ်သေးဘဲ ရက်စက်မှုနှင့် အံ့အားသင့်မှုတို့ တစ်ဝက်စီသာ ရှိနေသေးသည်။ သူသည် မိမိ၏ ဝမ်းဗိုက်မှ ကြီးမားသော အပေါက်ကြီးကို ငုံ့ကြည့်ရင်း ယိုင်နဲ့သွား၏။ သို့သော် သူ မြေပြင်ပေါ်သို့ မလဲကျမီမှာပင် နောက်ထပ် စက္ကန့်ပိုင်းအတွင်း သူ၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်းအပြတ်ပြတ် အဆွဲဖြဲခံလိုက်ရပြီး ခြေလက်အင်္ဂါ အပိုင်းအစများမှာ မြေပြင်ပေါ်သို့ ပြန့်ကျဲကျရောက်သွားတော့သည်။

စင်္ကြံလမ်းတစ်လျှောက် သွေးမိုးများ ရွာသွန်းဖြိုးနေသည့်အလား ထင်မှတ်ရလေ၏။

အိုဒက်၏ သူငယ်အိမ်တို့မှာ စိုးရိမ်တုန်လှုပ်မှုကြောင့် ကျုံ့ဝင်သွားလေသည်။ အခြားသော သဘာဝလွန် စွမ်းအားရှင်များသည်လည်း ကြောက်လန့်တကြားဖြင့် ခြေလှမ်းများ တန့်သွားကြသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ထွက်ပြေးရန် မရွေးချယ်ကြပေ။ အကြောင်းမှာ ထိုကြေးဝါသေတ္တာထဲမှ စာအုပ်ငါးအုပ်၏ ဆွဲဆောင်မှုက သူတို့၏ အသက်ဘေးထက်ပင် ပို၍ ပြင်းထန်နေသောကြောင့် ဖြစ်သည်။

***

အပိုင်း(၄၅၂)

"ကျိပိုတုံက တကယ်ပဲ သဘာဝလွန် စွမ်းအားရှင် ဖြစ်သွားပြီပဲ"

ထိုအတွေးသည် အိုဒက်၏ ဦးနှောက်အတွင်း လျှပ်လက်သလို ဖြတ်ပြေးသွားသည်။ ဤသည်မှာ စာအုပ်ဆိုင်ပိုင်ရှင်၏ လက်ချက်ဖြစ်ကြောင်း ထင်ရှားလှသည်။ သတင်းပေးချက်များအရ လင်ကျဲနှင့် ကျိပိုတုံတို့ နှစ်ဦးတည်း ရှိနေခဲ့သည်မှာ နာရီအနည်းငယ်မျှသာ ရှိသေးသည်။ သို့သော် ယခုအခါ ကျိပိုတုံသည် ငရဲဘုံအဆင့် ရှိသော စွမ်းအားရှင်တစ်ဦးကို မျက်စိတစ်မှိတ်အတွင်း အမှုန့်ချေပစ်နိုင်သည့် စွမ်းအားကို ပိုင်ဆိုင်နေပြီဖြစ်သည်။

ဗဟိုအုပ်ချုပ်ရေးအဖွဲ့က အထူးအလေးထား စောင့်ကြည့်ခဲ့ခြင်းမှာ အကြောင်းမဲ့ မဟုတ်ခဲ့ပေ။

"ဒါကို မင်းက အားကိုးနေတာလား..."

အိုဒက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မင်း တကယ်ပဲ ဗဟိုအုပ်ချုပ်ရေးအဖွဲ့ကို သစ္စာဖောက်လိုက်ပြီပေါ့... မင်း သေရတော့မယ်... ရိုးလ် သယံဇာတကို သဘာဝလွန် စွမ်းအားရှင်တစ်ယောက်က ထိန်းချုပ်တာကို ငါတို့ လုံးဝ ခွင့်မပြုနိုင်ဘူး... မင်းရော... ဟို လင်ကျဲပါ အသေပဲ..."

"မစ္စတာလင်က မပြန်ခင် နှင်းတွေ မအရည်ပျော်သေးဘူးလို့ ပြောခဲ့တယ်... မင်းတို့လို ခေတ်ဟောင်းက အကြွင်းအကျန် အမှိုက်တွေကို ရည်ရွယ်တာ ဖြစ်မှာပေါ့... ဟက်... ဗဟိုအုပ်ချုပ်ရေးအဖွဲ့က ငါ့ကို ခွင့်ပြုဖို့ မလိုပါဘူး... သူတို့ စိတ်ရှိသလောက်သာ ဒေါသထွက်နေလိုက်ကြစမ်းပါ"

ကျိပိုတုံ ရပ်မြဲအတိုင်း ရပ်နေစဉ်မှာပင် မမြင်ရသော အင်အားတစ်ခုက လေထုထဲသို့ တစ်ဖန် တိုးဝင်သွားပြီး အခြားသော စွမ်းအားရှင်တစ်ဦးကို ထက်ပိုင်း ပိုင်းဖြတ်ပစ်လိုက်ပြန်သည်။ သူက လက်နှစ်ဖက်ကို ဘေးသို့ ဆန့်တန်းလိုက်ပြီး ကြေညာလိုက်၏။

"ဒီနေ့ကစပြီး ရိုးလ် သယံဇာတဟာ ဗဟိုအုပ်ချုပ်ရေးအဖွဲ့ကနေ ခွဲထွက်ပြီး လွတ်လပ်တဲ့ လမ်းစဉ်ကို လျှောက်လှမ်းတော့မယ်... မင်းတို့ မြင်ကြရဲ့လား... လွတ်လပ်ခြင်းခေတ်ဦး ရောက်ရှိ လာပြီ... ငါတို့ရဲ့ ကံကြမ္မာကို ငါတို့ဘာသာ ထိန်းချုပ်မယ်... တိုက်ပွဲကတော့ အဖြေထွက်သွားပါပြီ... ဆောင်းရာသီ ကုန်ဆုံးလို့ နွေဦးရောက်လာတာကို ဘယ်သူမှ တားလို့မရဘူး... နေရောင်ခြည် လင်းလက်လာတာနဲ့အမျှ နှင်းတွေကတော့ မုချ အရည်ပျော်ရမှာပဲ"

ကျိပိုတုံ၏ စကားအဆုံးတွင် လူအုပ်ကြားမှ မုဆိုး တစ်ဦးသည် နှလုံးသားထဲမှ လောဘဇောနှင့် သွေးညှီနံ့တို့၏ လှုံ့ဆော်မှုကြောင့် ရှေ့သို့ အဟုန်ဖြင့် ပြေးထွက်လာတော့သည်။ တခဏချင်းမှာပင် သူ၏ ဆင်ခြင်တုံတရားတို့မှာ ညစ်ညမ်းသောသွေးများ၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး သားရဲတစ်ကောင်အသွင် ပြောင်းလဲကာ မြန်ဆန်လှသော အရိပ်တစ်ခုအလား တိုးဝင်လာသည်။

သူ၏ ခွန်အားနှင့် အဟုန်မှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ကျိပိုတုံ၏ တိုက်ကွက်ကိုပင် ရှောင်တိမ်းနိုင်ခဲ့သည်။ ကျိပိုတုံ၏ အာရုံသည် ထိုပြိုင်ဘက်ထံသို့ ခေတ္တမျှ ရောက်ရှိသွားသည်။

ထိုအခိုက်တွင် အိုဒက်သည် လက်တစ်ဖက်ကို ရုတ်တရက် မြှောက်လိုက်ရာ ဝတ်ရုံနက် လက်စွပ်အတွင်းမှ အဖြူရောင် အရိုးများဖြင့် ပြုလုပ်ထားသော ထူးဆန်းသည့် လက်သုံးခေါင်းလောင်းလေးတစ်ခု ပေါ်ထွက်လာသည်။ ဤသည်မှာ အောက်ပိုင်းခရိုင်ရှိ ရှေးဟောင်းမျိုးနွယ်စုတစ်ခု၏ ကိုးကွယ်မှုဆိုင်ရာ ပစ္စည်းတစ်ခုဖြစ်ပြီး အခရာအဆင့် တစ်ပိုင်း ရှိသော ထူးခြားပစ္စည်းတစ်ခု ဖြစ်သည်။ ယင်းမှ ထွက်ပေါ်လာသော အသံမှာ ဖျက်ဆီးခြင်းအဆင့် ရှိသူများပင်လျှင် မခံမရပ်နိုင် ဖြစ်ရသည်။

"မင်းရဲ့ စိတ်ကူးယဉ်အိပ်မက်တွေဟာ အချည်းနှီးပဲဆိုတာ ငါ နားလည်အောင် လုပ်ပေးမယ်"

အိုဒက်က လှောင်ပြုံးဖြင့် ခေါင်းလောင်းကို လှုပ်ခတ်လိုက်သည်။

"မင်းက ငါ့ရဲ့ ရာထူးတက်ဖို့အတွက် ခြေနင်းတုံးတစ်ခု ဖြစ်ဖို့ပဲ တန်တယ်"

စင်္ကြံလမ်းတစ်ခုလုံးမှာ ပုံပျက်ပန်းပျက် ဖြစ်သွားကာ စိတ်အာရုံ လှည့်စားမှုများအတွင်းသို့ ကျရောက်သွားတော့သည်။ ပတ်ဝန်းကျင်တစ်ခုလုံးတွင် မှန်ချပ်ပေါင်းများစွာက အလင်းကို ရောင်ပြန်ဟပ်နေသကဲ့သို့ ရှိနေပြီး အစစ်နှင့် အတုကို ခွဲခြား၍ မရနိုင်တော့ပေ။

"ရာထူးတက်ဖို့ ဟုတ်လား... ဟား ဟား... ဒါဆို ဒီစာအုပ်ငါးအုပ်ကိုရော မင်းက ဗဟိုအုပ်ချုပ်ရေးအဖွဲ့ကို တကယ်ပဲ အပ်နှံမှာလား... အိုဒက်... မင်းသာ ဗဟိုအုပ်ချုပ်ရေးအဖွဲ့အပေါ် တကယ် သစ္စာရှိတယ်ဆိုရင် အထက်ကို တိုက်ရိုက် သတင်းပို့ရမှာပေါ့၊ အခုလို တစ်ယောက်တည်း လာမှာမဟုတ်ဘူး"

ကျိပိုတုံက သရော်လိုက်သည်။

"ဒီအချိန်အထိ မင်းရဲ့ လောဘအတွက် ဆင်ခြေရှာနေတုန်းပဲလား... မင်းတို့လို လူစားမျိုးတွေကတော့ တကယ်ကို ကယ်မရတော့ဘူး... ဒီလို အမှိုက်တွေ ငါတို့ကမ္ဘာမှာ ရှိနေဖို့ လိုသေးလို့လား... ဒီလောကကြီးရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပစ်တာကမှ ပိုကောင်းဦးမယ်..."

ကျိပိုတုံ၏ တိုက်ခိုက်မှုကြောင့် ကိုယ်လက်အင်္ဂါ ပြတ်တောက်လျက် မြေပြင်ပေါ်တွင် အသက်ငင်နေကြသော စွမ်းအားရှင်များသည် ရင်ခွဲမတတ် အော်ဟစ်ညည်းတွားနေကြပြီး ခေါင်းလောင်းသံနှင့် ရောယှက်ကာ နားမခံသာအောင် ဖြစ်နေတော့သည်။

အိုဒက်သည် မိမိ နားထောင်လိုသော နာကျင်စွာ အော်ဟစ်သံကို ကြားရတော့မည်ဟု အသင့်ပြင်ထားသော်လည်း ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားကာ ခြေလှမ်းများ တန့်သွားတော့သည်။ အဘယ်ကြောင့်နည်း။ ကျိပိုတုံသည် ရုတ်ချည်း ပျောက်ကွယ်သွားသောကြောင့်ပင်။

သို့မဟုတ်လျှင်လည်း သူသည် အခြားအရာတစ်ခုအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်ပေလိမ့်မည်။

ညကောင်းကင်ယံကို ကျောခိုင်းထားသည့် ကျိပိုတုံ၏ ခန္ဓာကိုယ်သည် အဆမတန် ကြီးမားလာပြီး အိုဒက်၏အပေါ်သို့ အရိပ်ကြီး မိုးကျလာတော့သည်။ သူ ဝတ်ဆင်ထားသော သပ်ရပ်သည့် ဝတ်စုံမှာလည်း ဆွဲဖြဲခြင်း ခံလိုက်ရပြီး ထွားကြိုင်းလှသော ဘီလူးသတ္တဝါကြီးတစ်ကောင် ဖြစ်သွားသည်။ ကျိပိုတုံ၏ မျက်လုံးများသည်လည်း ကြီးမားလှပြီး ယင်းမျက်ဝန်းအတွင်း၌ ပွက်ပွက်ဆူနေသော ရေမျက်နှာပြင်ကဲ့သို့ ပိုးကောင်များစွာ တွန့်လိမ်လှုပ်ရှားနေကြသည်။

"မင်း... မင်း... မင်းက ဘာကြီးလဲ"

အိုဒက်သည် အလွန်တရာပင် ထိတ်လန့်တုန်လှုပ်သွား၏။ သူ၏ ဦးနှောက်မှာ အလုပ်ပင် မလုပ်နိုင်တော့ပေ။

‘မဟုတ်ဘူး... ဒါက သဘာဝလွန် စွမ်းအားရှင် အဆင့် မဟုတ်တော့ဘူး... အမေရေ... အဲဒီစာအုပ်ဆိုင်ပိုင်ရှင်က ဘာတွေ လုပ်လိုက်တာလဲ...’

"ဟမ့်... ဟား ဟား ဟား..."

ကျိပိုတုံ၏ ကျေနပ်အားရစွာ ရယ်မောသံမှာ အသံပေါင်းများစွာ ထပ်နေသကဲ့သို့ ထွက်ပေါ်လာသည်။

"အခု မြင်နေရတဲ့ ငါက မင်းတို့မျက်စိထဲမှာ သာမန်လူတစ်ယောက် ဖြစ်နေတုန်းပဲလား... ကြီးကြပ်ရေးမှူး... မင်း ငါ့ကို စောင့်ကြည့်လာတာ နှစ်တွေ အတော်ကြာပြီပဲ... အခုရော ဝပြီလား"

ထို့နောက် ထိုကြီးမားလှသော သတ္တဝါကြီး၏ ဝမ်းဗိုက်မှာ တဖြည်းဖြည်း ပွင့်အာလာပြီး သူ၏ ခန္ဓာကိုယ်မှာ သားရေကဲ့သို့ ပြားချပ်ကာ ရှည်လျားသွား၏။ ဝမ်းဗိုက်တစ်ခုလုံး ပွင့်ထွက်သွားသောအခါ အတွင်း၌ ကလီစာများကို မတွေ့ရဘဲ လက်အစုံပေါင်းများစွာကိုသာ တွေ့လိုက်ရတော့သည်။

"ကဲ... လာကြည့်စမ်းပါဦး၊ အနီးကပ်ပေါ့..."

"အား..."

အိုဒက် စူးရှစွာ အော်ဟစ်လိုက်တော့သည်။ စာအုပ်ငါးအုပ်ကြောင့် ဝေဝါးနေသော သူ၏ ဆင်ခြင်တုံတရားတို့သည် နောက်ဆုံးတွင် ပြန်လည် နိုးထလာခဲ့ပြီ ဖြစ်သော်လည်း နောက်ကျသွားခဲ့လေပြီ။ သူသည် ဤငရဲခန်းမှ အသည်းအသန် ထွက်ပြေးရန် ကြိုးစားသော်လည်း ကျိပိုတုံ၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသော လက်ပေါင်းများစွာက သူ့ကို ဆွဲကိုင်ကာ အတွင်းသို့ ဆွဲသွင်းသွားတော့သည်။

ကျိပိုတုံက ခနဲ့တဲ့တဲ့ ပြုံးလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို ပြန်လည် ပိတ်လိုက်ရာ မူလပုံစံသို့ ပြန်လည် ကျုံ့ဝင်သွားတော့၏။ သူသည် သွေးချင်းချင်းနီနေသော စင်္ကြံလမ်းကို တစ်ချက်ကြည့်ကာ ရေရွတ်လိုက်သည်။

"မစ္စတာလင်ရဲ့ စာအုပ်တွေကို အလကား မောင်ပိုင်စီးဖို့ ကြိုးစားရင်တော့... ထိုက်တန်တဲ့ အဖိုးအခကို ပေးရမှာပဲ..."

...

စံအိမ်တော်၏ ပင်မတံခါးကြီးမှ ထွက်လာချိန်အထိ ဂရက်သည် မှင်သက်မိနေဆဲ ဖြစ်သည်။ သူ ခြေလှမ်းများကို ရပ်တန့်ကာ နောက်သို့ ပြန်လှည့်ကြည့်လိုက်မိသည်။ အခြားသော ဧည့်သည်တော်များ၏ မျက်နှာထက်တွင် သူ အာရုံခံ၍ မရနိုင်သော ထူးဆန်းသည့် အလင်းရောင်များ ယှက်သန်းနေကြသည်။ သူတို့သည် ပွဲလမ်းသဘင် ပြီးဆုံးသွားသဖြင့် တကယ့်ကို ပျော်ရွှင်နေကြပုံ ပေါ်သော်လည်း၊ အမှန်စင်စစ်တွင်မူ လူတိုင်းသည် အရသာရှိလှသော အသားတစ်တုံးကို ကိုက်ခဲလိုသည့်အလား သူတို့၏ နှုတ်ခမ်းများကို လောဘတကြီး လျှက်နေကြခြင်း ဖြစ်သည်။

အေးစက်သော လေပြင်းတစ်ချက် အဝှေ့တွင် ဂရက် တစ်ကိုယ်လုံး တုန်တက်သွားသည်။ ထို့နောက် သူသည် စံအိမ်တော်၏ အတွင်းပိုင်းဆီသို့ ခေါင်းကို ရုတ်တရက် လှည့်ကြည့်လိုက်ပြီး အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်မိသည်။

စက္ကန့်ပိုင်းမျှသာ ကြာသော်လည်း အလွန်ပြင်းထန်သော စွမ်းအင် လှုပ်ခတ်မှု ခုနစ်ခု၊ ရှစ်ခုခန့်ကို သူ အာရုံခံလိုက်မိသည်။ သို့သော် ခဏချင်းမှာပင် အားလုံး ပျောက်ကွယ်သွားပြီး အားအကောင်းဆုံး တစ်ခုသာ ကျန်ရစ်တော့သည်။ ယခုမူ ထိုတစ်ခုပင်လျှင် အစအန ပျောက်သွားပြီ ဖြစ်သည်။

ဂရက် စိတ်ကူးကြည့်၍ ရပါသည်။ ထိုခဏ၌ စိတ်မထိန်းနိုင်ဘဲ စာအုပ်ငါးအုပ်ကို လုယူရန် ကြိုးစားခဲ့သော သဘာဝလွန် စွမ်းအားရှင် အချို့ရှိခဲ့ပေလိမ့်မည်။ ထို့နောက်... သူတို့အားလုံး သေဆုံးသွားခဲ့ပြီ။

"ဒါက စဉ်းစားရ သိပ်မခက်ပါဘူး... ကျိပိုတုံက စာအုပ်ဆိုင်နဲ့ ပူးပေါင်းတယ်လို့ လူသိရှင်ကြား ကြေညာခဲ့တာဟာ သူခိုးတွေကို မကြောက်လို့ပဲ... ဒီလူတွေကတော့ ဟိုစာအုပ်ငါးအုပ်ကြောင့် သူတို့ရဲ့ ဆင်ခြင်တုံတရားတွေ လုံးဝ ပျက်စီးကုန်ကြပြီ..."

နောက်ထပ် သုံးရက်အကြာတွင် A16 စံအိမ်တော်၌ နောက်ထပ် သွေးချောင်းစီးပွဲတစ်ခု ဖြစ်လာဦးမည်မှာ သေချာသလောက်ပင်။

ဂရက် ခေါင်းကို ခါယမ်းရင်း မျက်နှာ ပျက်သွားမိ၏။ တစ်ချိန်တည်း၌ ကိုယ့်ကိုယ်ကိုလည်း သံသယ ဝင်လာခဲ့သည်။ သူကိုယ်တိုင်ပင်လျှင် ထိုစာအုပ်ဆိုင်ပိုင်ရှင်၏ လွှမ်းမိုးမှုကို ခံထားရသည်လား။ သို့မဟုတ်လျှင် သူသည် အဘယ်ကြောင့် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်အပေါ် သံသယစိတ်များ စတင် ပေါ်ပေါက်နေရသနည်း။

"ဒါနဲ့... မစ္စတာလင်ကို ရှာဖို့ ဘေးခန်းထဲ ပြေးဝင်သွားကတည်းက ဖစ်ချ်ကို မတွေ့မိတော့ဘူး..."

ဂရက်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း ရေရွတ်လိုက်သည်။

"သူက အခရာအဆင့်ရဲ့ မှတ်ဉာဏ်အချို့ကို ရခဲ့ပြီး သူကိုယ်တိုင်က မီးလျှံဓားလမ်းစဉ်ရဲ့ စမ်းသပ်ခံ သတ္တဝါတစ်ကောင်ဆိုတာ သိသွားကတည်းက တစ်ခုခု မှားနေတာ... သူ ဘယ်များ သွားနေပါလိမ့်"

"ပြီးတော့ ရှာလော့... နေဦး၊ သူ ဘယ်ရောက်သွားတာလဲ..."

သူ ရုတ်တရက် သတိပြန်ဝင်လာကာ လူအုပ်ကို တိုးဝှေ့ရင်း ရှာလော့ကို လိုက်လံ ရှာဖွေတော့သည်။ သူမသည် စောစောလေးကအထိ သူ့ဘေးမှာ ရှိနေခဲ့သော်လည်း သူ အာရုံလွတ်သွားသည့် ခဏအတွင်းမှာပင် ပျောက်ကွယ်သွားခဲ့သည်။

"တောက်... လွတ်သွားပြီ"

ဂရက် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ ပွဲပြီးလျှင် သူသည် မျှော်စင်ထံ တစ်ဖန် ဆက်သွယ်ရန် စီစဉ်ထားပြီး ဖြစ်သည်။ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်ကလည်း 'နှင်းပွင့်' ဟု အမည်ဝှက်ပေးထားသော ဝယ်လ်၏ လက်ထောက်ကို ဖမ်းဆီးရန် လူလွှတ်မည် ဖြစ်သည်။ သို့သော် ယခုကဲ့သို့ အရေးကြီးသော အချိန်တွင်မှ သူမကို လွတ်သွားစေခဲ့သည်။

ဂရက်သည် ခြံစည်းရိုး နံရံတစ်ခုကို ဒေါသတကြီး ထုရိုက်လိုက်သည်။ သူ၏ မျက်နှာမှာ အလွန် ကြည့်ရဆိုးနေသလို စိတ်ဓာတ်လည်း အကြီးအကျယ် ကျဆင်းနေမိသည်။ ဆရာဖြစ်သူ၏ ကံကြမ္မာကိုလည်း မသိရသေး၊ ယခုကဲ့သို့ ရိုးရှင်းသော တာဝန်ကိုပင် သူ မကျေပွန်ခဲ့ပေ...

သူ စိတ်ပျက်အားငယ်နေစဉ် အပေါ်သို့ မော့ကြည့်လိုက်ရာ မျက်နှာချင်းဆိုင် ဒေါင့်တစ်နေရာတွင် အေးစက်စက် အလှရှိသော တော်ဝင်မျိုးနွယ် အမျိုးသမီးငယ်တစ်ဦးက သူ့ကို ပြုံးကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူမသည် ဂါဝန်စကို လက်ဖြင့် အသာအယာ မ ကာ သူ့ကို ရိုသေစွာ နှုတ်ဆက်လိုက်သည်။

ယခုအခါ သူမ၏ ရင်ခွင်ထဲတွင် စာအုပ်ကို ပိုက်မထားတော့သဖြင့် ထိုစာအုပ်၏ ပုံသဏ္ဌာန်မှာ အထင်အရှား ပေါ်လွင်နေသည်။ စာအုပ်၏ အနားသတ်များမှာ ရှာလော့၏ အဝတ်အစားများ၊ အရေပြားများနှင့် အသားမျှင်များဖြင့် တစ်သားတည်း ဆက်စပ်နေတော့သည်။ စာအုပ်၏ အလယ်ဗဟိုတွင်မူ စူးရှသော သွားများဖြင့် ပြည့်နှက်နေသည့် ပါးစပ်တစ်ခု ရှိနေပြီး အတွင်း၌ မြွေတစ်ကောင်အလား လှုပ်ရှားနေသော လျှာနှစ်ခွကြီးတစ်ခုက တိုက်ခိုက်ရန် အခွင့်အရေးကို စောင့်ဆိုင်းနေသည်။

ထိုလျှာမှ စေးကပ်သော အရည်များ စီးကျလာပြီး မြေပြင်ပေါ်သို့ ကျရောက်သည့်အခါ ရှူးရှူးရှဲရှဲ အသံများနှင့်အတူ လောင်ကျွမ်းသွားတော့သည်။ ဂရက်မှာ ထိတ်လန့်တုန်လှုပ်သွားကာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။

သို့သော် ထူးဆန်းသော အလင်းရောင်တစ်ခုက သူ၏ အာရုံကို ဖမ်းစားသွားသည်။ ယခင်က မည်သည့် လက်ဝတ်ရတနာမျှ ဝတ်ဆင်လေ့မရှိသော သူမ၏ လက်ချောင်းတွင် ယခုအခါ လှပပြီး ထူးခြားသည့် လက်စွပ်တစ်ကွင်း ရှိနေသည်။ ပိုးတောင်မာပုံစံ ကျောက်မျက်ရတနာမှာ အလွန်ပင် မျက်စိကျစရာ ကောင်းလှသည်။

ရှာလော့သည် သူမ၏ လျှာကို ထုတ်ပြလိုက်ရာ ယင်းပေါ်တွင် ရေးထွင်းထားသော တယ်လီပို့ မှော်အစီအရင် ကို တွေ့လိုက်ရသည်။

"ငါတို့ ပြန်တွေ့ကြတာပေါ့... ဂျိုးဇက်ကိုလည်း ငါ့ကိုယ်စား နှုတ်ဆက်လိုက်ဦး... နောက်တစ်ခါကျရင်တော့ သူ ဒီလောက် ကံကောင်းမှာ မဟုတ်တော့ဘူး..."

ထိုအမျိုးသမီးငယ်၏ အမြဲတမ်း အေးစက်နေသော အသံသည် ယခုအခါ အသက်ကြီးပိုင်း အမျိုးသားတစ်ဦး၏ အသံနှင့် ထူးဆန်းစွာ ရောယှက်နေသကဲ့သို့ ခံစားရသည်။

"မင်း..."

ဂရက် သတိဝင်လာကာ ရှေ့သို့ တိုးဝင်ရန် ကြိုးစားသော်လည်း အမျိုးသမီးငယ်မှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

***

All Chapters