← Chapters

အခန်း (၄၅၇-၄၅၈)

Vol. 33 Ch. 457-458

အခန်း (၄၅၇-၄၅၈)

Vol. 33 Ch. 457-458

အပိုင်း(၄၅၇)

မာရီယာက ဝင်လာသူကို ကြည့်လိုက်၏။ ထို့နောက် သူမက အစီရင်ခံစာကို ပိတ်ကာ မျက်မှန်ကို အနေအထားပြင်ပြီး ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

"ဘယ်သူများလဲလို့... ငါ့ရဲ့ တူလေးပါလား၊ မတွေ့ရတာ ကြာပြီနော်"

ဝင်လာသော လူငယ်မှာ မာရီယာ၏ တစ်ဦးတည်းသော တူ ၄ဟုဒ် ပင် ဖြစ်သည်။ အမှန်တရား အသင်းတော်ရှိ လူတိုင်းက ဟုဒ်သည် အဒေါ်ဖြစ်သူ၏ အရှိန်အဝါကို သုံးကာ စိတ်ထင်တိုင်း လုပ်နေသော 'အခွင့်ထူးခံ လူကုံထံသား' တစ်ဦးဖြစ်ကြောင်း သိကြသည်။

မာရီယာ ထရပ်ကာ အနားသို့ လျှောက်လာသော ဟုဒ်ကို နွေးထွေးစွာ ဖက်လှဲတကင်း နှုတ်ဆက်လိုက်သည်။ သူမသည် အခရာအဆင့်သို့ ရောက်ရှိနေသည့်တိုင် ဟုဒ်အပေါ် ဆက်ဆံပုံမှာ သူမအနေဖြင့် ဟုဒ်ကို မည်မျှ အလိုလိုက်သည်မှာ ထင်ရှားလှသည်။

ဟုဒ်ကလည်း ပြန်လည်ဖက်လဲတကင်းဖြင့် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"အဒေါ်မာရီယာ... ပြန်လာတာ ကြိုဆိုပါတယ်ဗျာ..."

မာရီယာက လက်လှမ်းပြီး သူ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်၏။

"ငါ မရှိတဲ့ အတောအတွင်း စာတွေကော ကြိုးကြိုးစားစား လုပ်ရဲ့လား"

သူမက ညင်သာစွာ မေးလိုက်သည်။

"ဟုတ်ကဲ့..."

ဟုဒ်က ယုံကြည်မှုအပြည့်ဖြင့် ခေါင်းမော့ကာ ရယ်မောလိုက်သည်။ သို့သော် သူ၏ မျက်နှာမှာ ရုတ်တရက် တည်ကြည်သွား၏။

"အဒေါ်က ကျွန်တော့်ကို အထင်သေးနေတာပဲ... ကျွန်တော် အရင်ကနဲ့ မတူတော့ဘူး"

"ဟုတ်လို့လား..."

မာရီယာက ရှားရှားပါးပါး နွေးထွေးသော အပြုံးတစ်ခု ပြုံးလိုက်သည်။

"မင်းက အသင်းတော်အတွင်းက ကိစ္စတော်တော်များများမှာ အမြင်ကျယ်လာပြီး တခြားပညာရှင်တွေရဲ့ အသိအမှတ်ပြုမှုကိုတောင် ရထားတယ်လို့ ကြားမိပါတယ်... ပြီးတော့ မင်းမှာ အပေါင်းအသင်းကောင်းတွေလည်း ရှိနေတယ်ဆို?"

"ဒါပေါ့..."

ဟုဒ်က မေးစေ့ကို ပင့်လိုက်ပြီး အခိုင်အမာ ပြောလိုက်သည်။

"ကျွန်တော်တို့အားလုံးက စိတ်တူကိုယ်တူ ရဲဘော်တွေလေ..."

‘စိတ်တူကိုယ်တူ ရဲဘော်တွေ...’

မာရီယာ၏ ရင်ထဲတွင် မကောင်းသော နိမိတ်တစ်ခုကြောင့် ထိတ်ခနဲ ဖြစ်သွားသည်။ သို့သော် သူမက ပြုံးလျက်ပင် ဆက်မေးလိုက်သည်။

"ဘယ်လို စိတ်တူကိုယ်တူတာမျိုးလဲ... အဒေါ့်ကို ပြောပြပါဦး"

"ပြောပြမှာပေါ့... အဒေါ့်ကို ဒါလာပြောတာပဲ"

ဟုဒ်က ထိုစကားကို အမှုမဲ့အမှတ်မဲ့ ပြောလိုက်သော်လည်း၊ သူ၏ နွေးထွေးသော အကြည့်မှာ တဖြည်းဖြည်းနှင့် ထူးဆန်းစွာ ရူးသွပ်လာပြီး ဆုတောင်းစာ ရွတ်ဆိုနေသည့်အလား လေသံတိုးတိုးဖြင့် ပြောလိုက်တော့သည်။

"ကျွန်တော်တို့ဟာ စာအုပ်ဆိုင်ပိုင်ရှင် မစ္စတာလင် ရဲ့ အရာခပ်သိမ်းကို သိမြင်နိုင်စွမ်းနဲ့ အရာခပ်သိမ်းကို တတ်စွမ်းနိုင်စွမ်းကို ထာဝရ ယုံကြည်ကိုးကွယ်ကြပါတယ်"

“...”

မာရီယာ၏ မျက်နှာထက်မှ အပြုံးများ အေးခဲသွား၏။ မျက်မှန်ကို ပင့်တင်ရန် ကြိုးစားနေသည့် သူမ၏ လက်မှာ လမ်းခုလတ်တွင် ရပ်တန့်သွားပြီး ကျောက်ရုပ်တစ်ရုပ်အလား ဖြစ်သွားတော့သည်။

သူမသည် ရှေ့မှ ရင်းနှီးလှသော မိသားစုဝင်လေးကို စိုက်ကြည့်နေမိသော်လည်း၊ ဟုဒ်၏ မျက်နှာအမူအရာမှာ လုံးဝ စိမ်းသက်နေသဖြင့် သူမ၏ ကျောရိုးထဲအထိ ချမ်းစိမ့်သွားသည်။

မာရီယာသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူမ၏ လက်ကို ပြန်ချလိုက်သောအခါ မျက်နှာမှာ အလွန်ပင် တည်ကြည်လေးနက်သွားတော့သည်။ ဤသည်မှာ ဟုဒ် ငယ်ငယ်ကတည်းက ကြောက်ရွံ့ခဲ့ရသော အကြည့်မျိုးဖြစ်သည်။

ဟုဒ် ပြဿနာတစ်ခုခု ရှာတိုင်း မာရီယာက ဤကဲ့သို့ မျက်နှာထားမျိုး လုပ်လေ့ရှိသည်။

"မင်း... အရွယ်မရောက်သေးဘူးလို့ ငါ ထင်တယ်"

မာရီယာက ပြောလိုက်သည်။

"စောစောက အပြင်လူတွေ ရှိနေလို့ ငါ မပြောခဲ့တာ... အခုတော့ မင်းနဲ့ ငါပဲ ရှိတာဆိုတော့ ရှင်းရှင်းလင်းလင်း ပြောဖို့ လိုအပ်လာပြီ... အဲဒီ လင်ကျဲ ဆိုတဲ့လူဟာ... ယုံကြည်လို့ မရဘူး..."

"အလကား စကားတွေ..."

ဟုဒ်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး မာရီယာ၏ စားပွဲကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ သူက လက်နှစ်ဖက်ကို ဘေးသို့ ဖြန့်လိုက်ကာ မျက်လုံးများတွင် ရူးသွပ်မှုများ ပြည့်နှက်လာကာ အံကြိတ်လျက် ပြောလိုက်၏။

"မစ္စတာလင်က ကျွန်တော်တို့ရဲ့ တစ်ဦးတည်းသော..."

စကားပြောနေရင်း တစ်ဝက်တွင် ဟုဒ်သည် မာရီယာ၏ မျက်နှာကို မြင်လိုက်ရပြီး သူ၏ လုပ်ရပ်မှာ မည်မျှ ရိုင်းစိုင်းသွားသည်ကို ရုတ်တရက် သတိဝင်လာသည်။ ဆင်ခြင်တုံတရားက သူ့ကို ပြန်လည် ထိန်းချုပ်လိုက်ပြီး ရှေ့မှ ပုဂ္ဂိုလ်မှာ သူ အလေးစားဆုံးနှင့် အချစ်ဆုံး လူကြီးတစ်ဦး ဖြစ်ကြောင်း သတိပေးလိုက်သည်။

"စိတ်မရှိပါနဲ့... စိတ်မရှိပါနဲ့ အဒေါ်"

သူသည် အခြား လူတစ်ယောက်အလား ပြောင်းလဲသွားသည်။ သူ၏ လက်များကို ပြန်ရုပ်လိုက်ပြီး ဘာလုပ်ရမှန်းမသိဘဲ ရပ်နေတော့သည်။

မာရီယာက ထရပ်ကာ သူမ၏ တူဖြစ်သူ၏ ပုခုံးကို ပုတ်ပေးလိုက်သည်။

"ရပါတယ်။ စိတ်အေးအေးထားပါ ဟုဒ်၊ ငါ သိပါတယ်... မင်းဟာ အဲဒီ လင်ကျဲရဲ့ ထိန်းချုပ်မှုကို ခံထားရတာပဲ... ငါတို့..."

မာရီယာ ထိုသို့ ပြောလိုက်သည်နှင့် ဟုဒ်၏ နောင်တရနေသော မျက်နှာမှာ ရုတ်ချည်းပင် သားရဲတစ်ကောင်အသွင် ပြောင်းလဲသွားပြီး တစ်စုံတစ်ခုက လှုံ့ဆော်လိုက်သည့်အလား ဖြစ်သွားသည်။ သူသည် မာရီယာ၏ လက်ကို ပုတ်ထုတ်လိုက်ပြီး သရော်လိုက်သည်။

"အဒေါ် ဘာမှ နားမလည်ဘူး... မိုက်မဲလိုက်တာ... မစ္စတာလင်က ကျွန်တော်တို့အားလုံးကို ကယ်တင်ဖို့ ရောက်လာတာ... သူက ကျွန်တော်တို့ကို ဘဝသစ် ပေးခဲ့တာ... သူသာ မရှိရင် ကျွန်တော်တို့ဟာ 'အမှန်တရား' ဆိုတဲ့ ရွှံ့ညွန်ထဲကနေ ဘယ်တော့မှ ရုန်းထွက်နိုင်မှာ မဟုတ်သလို၊ ကိုယ့်ရဲ့ ဉာဏ်ပညာဟာ စစ်မှန်တဲ့ စွမ်းအားဆိုတာကိုလည်း ဘယ်တော့မှ သိမှာမဟုတ်ဘူး..."

ဟုဒ် ပုတ်ထုတ်လိုက်သဖြင့် မာရီယာ၏ လက်ကောက်ဝတ်မှာ နာကျင်သွား၏။ ဤစကားများကို ကြားလိုက်ရသောအခါ သူမ၏ မျက်နှာမှာ အလွန်ပင် တင်းမာသွားပြီး အခရာအဆင့်၏ စွမ်းအားလှိုင်းများ ရုံးခန်းအတွင်း ပြည့်နှက်လာတော့သည်။

ဟုဒ်သည် ငယ်စဉ်ကတည်းက အဒေါ်မာရီယာကို ချစ်သလို ကြောက်လည်း ကြောက်ရသူဖြစ်သည်။ သူမ၏ တင်းမာသော အကြည့်နောက်တွင် ပြင်းထန်သော ဝေဖန်မှုများ ပါလာတတ်သည်ကို သူ ကောင်းကောင်း သိထားသည်။

သူ ပြန်လည် တုံ့ပြန်လိုက်သော်လည်း မာရီယာ၏ အကြည့်ကြောင့် တစ်ဖန် ထိတ်လန့်သွားပြန်သည်။ သူသည် အမြန် နောက်ဆုတ်လိုက်ပြီး ခေါင်းကို ငုံ့လိုက်၏။

"တောင်းပန်ပါတယ် အဒေါ်... တောင်းပန်ပါတယ်... ကျွန်တော် ဆိုလိုတာက... အဒေါ် အဲဒီလို မပြောသင့်ဘူးလို့... သူ့ရဲ့ မြင့်မြတ်မှုကို ဘယ်သူမှ သံသယ မဝင်သင့်ဘူး"

တစ်ချိန်တည်းမှာပင် သူ၏ မျက်နှာမှာ မသိမသာ ယုတ်မာကြမ်းတမ်းသော အသွင်သို့ ပြန်လည် ပြောင်းလဲသွားပြန်သည်။ သူ၏ မျက်ခုံးနှစ်ခုကြားမှာ တွန့်လိမ်နေပြီး အရေပြားအောက်မှ တစ်စုံတစ်ခု ပေါက်ထွက်လာတော့မည့်အလား ဖြစ်နေသည်။

ဟုဒ်၏ နာကျင်နေသော အမူအရာကို မြင်လိုက်ရသောအခါ မာရီယာမှာ မှင်သက်သွား၏။ သူမသည် အောက်ပိုင်းခရိုင်တွင် တွေ့ခဲ့ရသော အရာများကို ရုတ်တရက် သတိရသွားသည်။

ထိုအရာများကို လူသားဟု ခေါ်နိုင်သေးလျှင်ပေါ့...။

သူမ၏ စုံစမ်းချက်များနှင့် လွန်ခဲ့သော လအနည်းငယ်က ကြားသိခဲ့ရသမျှအရ အားလုံးသည် ယခု ဟုဒ် ဖြစ်နေသကဲ့သို့ပင် ဖြစ်သည်။ ပထမဆုံးအနေဖြင့် သူတို့၏ ဦးနှောက်မှာ ဗီဇပြောင်းလဲလာပြီး သူတို့၏ သိမြင်နားလည်မှုနှင့် ဆင်ခြင်တုံတရားတို့ လုံးဝ ပြောင်းလဲသွားကြသည်။ ထို့နောက် သူတို့၏ ခန္ဓာကိုယ်သည်ပင် မသိမသာ အမှောင်ထုအတွက် အာဟာရများ ဖြစ်လာတော့သည်။ နောက်ဆုံးတွင် သူတို့၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာများ ပြောင်းလဲသွားကာ မိမိကိုယ်ကိုယ် မဟုတ်တော့ဘဲ အမှောင်ထု၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားကြတော့သည်။

မာရီယာ ဖြည်းဖြည်းချင်း မျက်နှာလွှဲလိုက်၏။ သူမအနေဖြင့်ပင် မထိန်းချုပ်နိုင်သော ဟုဒ်၏ ကြည့်မကောင်းလှသည့် အခြေအနေကို သူမ မကြည့်ချင်တော့ပေ။

"ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်စမ်းပါဦး ဟုဒ်ရယ်..."

သူမ ခါးသီးစွာ ပြောလိုက်သည်။

"မင်းသာ ဒီလိုမျိုး ကြီးပြင်းလာမယ်ဆိုရင် မင်း အရင်ကလိုပဲ ကျန်ရစ်နေခဲ့တာကို ငါ ပိုလိုလားတယ်"

"ငါ တစ်ခုတော့ ပြောရမယ်... မင်း အမြဲ ပြောနေတဲ့ အဲဒီ လင်ကျဲ ဆိုတဲ့လူဟာ လူလိမ်တစ်ယောက်ပဲ... သူက နတ်ဘုရား မဟုတ်ဘူး..."

ဟုဒ်၏ ဦးနှောက်ထဲတွင် တဝီဝီ မြည်ဟည်းသွားသည်။

‘စော်ကားလိုက်တာ... မလေးမစား လုပ်လိုက်တာ... နတ်ဘုရားတစ်ပါးကို မင်းက ဘယ်လိုတောင် စော်ကားရဲရတာလဲ...’

ဟုဒ်၏ မျက်ခုံးနှစ်ခုကြားရှိ တတိယမျက်လုံးမှာ ရုတ်တရက် ပွင့်အာလာသည်။ သူသည် လက်စွပ်အတွင်းမှ ဓားမြှောင်တစ်စင်းကို ဆွဲထုတ်လိုက်ပြီး မာရီယာထံသို့ အဟုန်ဖြင့် ပြေးဝင်သွားတော့၏။

မာရီယာ အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ သူမသည် နောက်သို့ပင် လှည့်မကြည့်ဘဲ သူမ၏ အခရာအဆင့် စွမ်းအားကို ထုတ်ဖော်လိုက်ရာ ဟုဒ်မှာ ချက်ချင်းပင် သူမ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားသည်။ သို့သော် မာရီယာသည် အနည်းငယ် နောက်ကျသွားခဲ့သည်။ ဟုဒ်၏ ဓားမြှောင်သည် မဆိုင်းမတွ ရှေ့သို့ ထိုးစိုက်လာခဲ့ရာ သူမ၏ ရှည်လျားသော ဆံပင်နက် အနည်းငယ်ကို ဖြတ်တောက်သွားခဲ့သည်။

မာရီယာသာ အချိန်မီ မရှောင်တိမ်းနိုင်ခဲ့ပါက အခရာအဆင့် ပညာရှင်တစ်ဦး၏ အားအနည်းဆုံး အစိတ်အပိုင်းဖြစ်သော သူမ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ ဒဏ်ရာရသွားပေလိမ့်မည်။

မာရီယာ၏ မျက်ဝန်းထဲတွင် စောစောက ရှိနေခဲ့သော ဝမ်းနည်းမှုနှင့် ဒေါသတရားများ ပျောက်ကွယ်သွားသည်။ ဟုဒ်သည် သူ၏ ယုတ်မာသော မျက်လုံးများဖြင့် သူမကို ဆက်လက် တိုက်ခိုက်ရန် ကြိုးစားနေသည်ကို မြင်သောအခါ သူမသည် သက်ပြင်းချလိုက်ပြီး လက်ကို ဝှေ့ယမ်းကာ ခပ်ဖွဖွ ရိုက်ချလိုက်သည်။

ဟုဒ်သည် အော်ဟစ်ကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး သွေးများ နေရာအနှံ့ ပန်းထွက်လာတော့သည်။ မာရီယာသည် သူ၏ လက်တစ်ဖက်ကို ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။

ဤအရာအားလုံးမှာ စက္ကန့်ပိုင်းအတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ ပါးလွှာသော အရေပြား ပိုက်တစ်ခုကို အတင်းအဓမ္မ ဆွဲဖြဲလိုက်သကဲ့သို့ ပြတ်တောက်သွားသော နေရာမှ တွန့်လိမ်နေသည့် လက်တံ မြောက်မြားစွာ ထွက်ပေါ်လာသည်။ ဟုဒ်၏ ခန္ဓာကိုယ်မှာ ပျော့အိနေသော သတ္တဝါတစ်ကောင်၏ အသိုက်အအုံ ဖြစ်နေသည့်အလားပင်။

***

အပိုင်း(၄၅၈)

‘ဒါ... ဒါက ဘာကြီးလဲ...’

အောက်ပိုင်းခရိုင်တွင် သူမ မြင်တွေ့ခဲ့ရသော အရာများ၏ ပုံရိပ်မှာ သူမ၏ အာရုံထဲသို့ ပြန်လည် ဝင်ရောက်လာသည်။ ထိုအရာများကို မြင်လိုက်ရခြင်းက အခရာအဆင့် ရောက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သူမကို အော့အန်ချင်စိတ် ပေါ်ပေါက်လာစေသည်။

ဟုဒ်သည် မြေပြင်ပေါ်တွင် နာကျင်စွာ အော်ဟစ် ညည်းတွားနေသည်။ မာရီယာ၏ မျက်နှာတွင် သနားဂရုဏာများ ရှိနေသော်လည်း လက်ရှိ အခြေအနေက သူမကို အမှန်တကယ်ပင် ကူကယ်ရာမဲ့သလို ခံစားရစေသည်။

"ငါ မင်းကို လက်မလျှော့ဘူး ဟုဒ်... အဒေါ် မင်းကို ကုပေးမယ်..."

မာရီယာက ရေရွတ်ရင်း အိတ်ကပ်ထဲမှ ကြည်လင်သော ဆေးရည်ပြွန်တစ်ခုကို ထုတ်ယူကာ ဟုဒ်၏ လည်ပင်းသို့ အမြန် ထိုးသွင်းလိုက်သည်။

မေ့ဆေးမိသွားသော သားရဲတစ်ကောင်ကဲ့သို့ ဟုဒ်မှာ တဖြည်းဖြည်း ငြိမ်သက်သွားပြီး သတိလစ်သွားတော့သည်။ သို့သော် ဖြတ်တောက်ခံထားရသော လက်မှာမူ ကိုယ်ပိုင်အသိရှိနေသည့်အလား လက်တံများဖြင့် ဆက်လက် ရုန်းကန်နေဆဲပင်။ ဟုဒ်၏ တတိယမျက်လုံးမှာလည်း ပိတ်မသွားဘဲ မာရီယာကို စိုက်ကြည့်နေဆဲ ဖြစ်သည်။

မာရီယာသည် ရုံးခန်းအတွင်းရှိ ပရမ်းပတာ ဖြစ်နေမှုများကို ကြည့်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်လေသည်။

"စာအုပ်ဆိုင်ပိုင်ရှင်... ရှင် ဘယ်သူလဲဆိုတာ ကျွန်မ သေချာပေါက် ဖော်ထုတ်မယ်...”

ဒေါက်... ဒေါက်... ဒေါက်...

နောက်ထပ် တံခါးခေါက်သံများက မာရီယာ၏ အတွေးစကို ဖြတ်တောက်လိုက်ပြန်သည်။ မာရီယာက ဝင်ခဲ့ရန် မပြောမီမှာပင် တစ်ဖက်လူက တံခါးကို အားမနာတမ်း တွန်းဖွင့်လိုက်သည်။ တံခါးမှာ အနည်းငယ် ပွင့်ဟသွားပြီး ရင်းနှီးလှသော ရွံစရာကောင်းသည့် မျက်နှာတစ်ခုက ချောင်းကြည့်နေသည်ကို မာရီယာ မြင်လိုက်ရသည်။

"ဒါကတော့ မြင်လို့ သိပ်မကောင်းလှဘူးပဲ၊ လေးစားရပါသော ဥက္ကဋ္ဌ မာရီယာ..."

အင်ဒရူးက နွေးထွေးစွာ ပြောလိုက်သည်။

"ကျွန်တော့်ကို ကူညီခွင့် ပြုမလား..."

မာရီယာသည် စောစောက ဟန်ဆောင်အပြုံးကို ဖယ်ရှားလိုက်ပြီး ပြတ်သားစွာ မေးလိုက်သည်။

"ငါ့တူကို အဲဒီ စာအုပ်ဆိုင်ပိုင်ရှင်နဲ့ ဆက်သွယ်ပေးလိုက်တာ နင်လား..."

"မဟုတ်ပါဘူး... မဟုတ်ပါဘူး... မင်း ငါ့ကို စွပ်စွဲတာ လွဲနေပြီ"

အင်ဒရူးက ပြုံးလျက်ပင် လင်းထိန်နေသော ရုံးခန်းထဲသို့ ဝင်လာသည်။

"ဟုဒ်က သူ့ဘာသာသူ မစ္စတာလင်နဲ့ ဆက်သွယ်ခဲ့တာပါ... အဲဒီတုန်းက ငါတောင် ခွင့်လွှတ်မှု မရသေးဘူး... ပြီးတော့ သူက ရွေးချယ်ခံလိုက်ရတာ... ဒါဟာ မင်းအနေနဲ့ ဂုဏ်ယူ ဝမ်းမြောက်ရမယ့် ကိစ္စပါ"

မာရီယာ၏ မျက်လုံးများ မှေးစင်းသွား၏။ သူမ အလွန်အမင်း ဒေါသထွက်နေသော်လည်း တည်ငြိမ်စွာပင် အခရာအဆင့်၏ ဖိအားများကို အင်ဒရူးအပေါ် သက်ရောက်စေလိုက်သည်။

အင်ဒရူး၏ ခန္ဓာကိုယ်မှာ စတင် တုန်ယင်လာ၏။ သူ အံကြိတ်ကာ အတင်း ပြုံးလိုက်သည်။

"မင်း အခရာအဆင့် ဖြစ်နေရင်လည်း ဘာဖြစ်လဲ... မစ္စတာလင်အတွက်တော့ မင်းဟာ အနည်းငယ် ပိုကြီးတဲ့ ပုရွက်ဆိတ်တစ်ကောင်မျှသာပဲ... ငါ့အကြံကို နားထောင်ပြီး အရှုံးပေးလိုက်ပါတော့... မင်း ငါတို့ကို ဘယ်တော့မှ မနိုင်ဘူး၊ ဘာလို့လဲဆိုတော့ သူက ငါတို့ကို နိုင်စေချင်လို့ပဲ"

မာရီယာသည် သူမ၏ လက်များကို ဝတ်ရုံအိတ်ကပ်ထဲသို့ ထည့်ကာ စားပွဲဆီသို့ လျှောက်သွားရင်း လှောင်ပြောင်လိုက်သည်။

"ဟုတ်လို့လား..."

ထို့နောက် သူမသည် စားပွဲအံဆွဲထဲမှ ဟောင်းနွမ်းနေသော မှတ်စုစာအုပ်တစ်အုပ်ကို ထုတ်ကာ အင်ဒရူး၏ ရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။ သူမ၏ မျက်မှန်မှ ရောင်ပြန်ဟပ်နေသော အလင်းတန်းအောက်တွင် ရန်စလိုသော အကြည့်များ ရှိနေသည်။

"နင်ကတော့ ဘာကိုမှ မကြောက်ဘူးပေါ့... ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ ဒီလိုမျိုး မှတ်စုစာအုပ် တစ်အုပ်အတွက်နဲ့ စာအုပ်ဆိုင်ပိုင်ရှင်က မှောင်ခိုသမားတစ်ယောက်ကို ကာကွယ်ပေးခဲ့တယ်လို့ ငါ ကြားထားတယ်... သူက ဒါကို တော်တော် စိတ်ဝင်စားပုံရတယ်... ကဲ... ပြောစမ်းပါဦး၊ အချိန်တန်ရင် သူက နင့်ဘက်က ရပ်တည်မလား၊ ငါ့ဘက်က ရပ်တည်မလား ဆိုတာကို..."

...

မာရီယာသည် မိမိကိုယ်မိမိ လုံးဝ အသာစီးမရသည့် အခြေအနေသို့ ရောက်နေသည်ဟု မခံစားရသည့်အလား တည်ငြိမ်လှသော ထောင်လွှားမှုမျိုး ရှိနေဆဲ ဖြစ်သည်။

အင်ဒရူး၏ လက်ရှိခွန်အားမှာ အခရာအဆင့် နှင့် အလှမ်းဝေးနေသေးသည်။ မာရီယာ၏ ဖိအားအောက်တွင် သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းက အန္တရာယ်ရှိနေကြောင်း သတိပေးနေသည်။ သို့သော် သူသည် မာရီယာ၏ ကောင်းကင်ပြာရောင် မျက်ဝန်းများကို ကြောက်ရွံ့မှု အစအနမျှမရှိဘဲ စိုက်ကြည့်နေဆဲဖြစ်ပြီး ရုတ်တရက်ပင် ဟက်ဟက်ပက်ပက် ရယ်မောလိုက်တော့သည်။

"ဟား ဟား ဟား ဟား..."

မာရီယာ၏ မျက်နှာ အေးစက်သွား၏။ အင်ဒရူး အဘယ်ကြောင့် ရယ်နေရသလဲဆိုသည်ကို သူမ နားမလည်နိုင်သကဲ့သို့ တည်ငြိမ်စွာပင် ဆက်လက် တိတ်ဆိတ်နေလိုက်သည်။

"ဟင်း... ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ ဥက္ကဋ္ဌ မာရီယာ..."

အင်ဒရူးက အပြုံးမပျက်ဘဲ သူ၏ လက်နှစ်ဖက်ကို ဖြန့်လိုက်သည်။

"မင်းဆီမှာရှိတဲ့ မှတ်စုစာအုပ်က မစ္စတာလင် တကယ်လိုချင်နေတဲ့ အရာဖြစ်ပြီး၊ အဲဒါကို ရတဲ့အတွက် မင်းကို ဆုလာဘ်အနေနဲ့ ထောက်ပံ့ပေးမယ်ဆိုရင်လည်း ငါ့ဘက်က ဘာကန့်ကွက်စရာမှ မရှိပါဘူး..."

"နောက်ဆုံးတော့ မင်းရဲ့ အရည်အချင်းနဲ့ မစ္စတာလင်ကို ပေးနိုင်မယ့် လက်ဆောင်တွေက ငါ မလုပ်နိုင်တဲ့ အရာတွေပဲလေ..."

အင်ဒရူးက တော်ဝင်မျိုးနွယ်တို့၏ ယဉ်ကျေးမှုအတိုင်း မာရီယာကို အရိုအသေပေးလိုက်သည်။

"မစ္စတာလင်သာ စိတ်ကျေနပ်ပြီး မင်းက ဒါနဲ့ ထိုက်တန်တယ်လို့ ခံစားရမယ်ဆိုရင် မင်းဟာ သေချာပေါက် အမှန်တရား အသင်းတော်ရဲ့ ဥက္ကဋ္ဌ ဖြစ်နေမှာပါ... အဲဒီအခါကျရင် ငါက မင်းရဲ့ နယ်ရုပ်လေးပဲ လုပ်ပေးပါ့မယ်..."

မာရီယာက သရော်လိုက်သည်။

"အင်း... ဒါဆို နင့်ရဲ့ အယူအဆက အမှန်တရား အသင်းတော်ရဲ့ တရားဝင်ဥက္ကဋ္ဌဆိုတာ စာအုပ်ဆိုင်ပိုင်ရှင်ရဲ့ အတည်ပြုချက် ရရမယ်ပေါ့... ဘယ်အခြေခံနဲ့လဲ... နင်တို့တွေကတော့ အဲဒီလူရဲ့ ဦးနှောက်ဆေးတာကို တကယ်ပဲ အပြည့်အဝ ခံလိုက်ရပြီပဲ..."

အင်ဒရူး၏ အပြုံးမှာ ထူးဆန်းစွာ ရူးသွပ်လာ၏။

"ဘယ်အခြေခံနဲ့လဲ ဟုတ်လား... အရှင်သခင်ရဲ့ မြင့်မြတ်မှုဟာ ဘာနဲ့မှ နှိုင်းယှဉ်လို့မရဘူး ဆိုတဲ့ အခြေခံနဲ့ပေါ့..."

"ရူးသွပ်နေတဲ့ လူမိုက်ပဲ"

မာရီယာက ခေါင်းခါလိုက်၏။ အင်ဒရူးသည် မာရီယာ၏ ဆုံးဖြတ်ချက်အပေါ် အတော်ပင် သဘောကျပုံရပြီး ငြင်းဆိုခြင်း မပြုသည့်အပြင် ထောက်ခံသည့်အနေဖြင့် ခေါင်းပင် ညိတ်ပြလိုက်သည်။

"ဒါပေမဲ့ ကံမကောင်းတာက..."

"ဘာက ကံမကောင်းတာလဲ..."

မာရီယာက မေးလိုက်သည်။ အင်ဒရူးကို အကျိုးအကြောင်းပြောပြ၍ မရနိုင်မှန်း သူမ သိသည်။ သတင်းအချက်အလက် ပိုရရန်အတွက် သူ ဘယ်လောက်အထိ ပြောပြမလဲဆိုသည်ကိုသာ သူမ စောင့်ကြည့်ရမည်။

"ကံမကောင်းတာက... မင်းက မစ္စတာလင်ကို လုံးဝ မယုံကြည်တာပဲ..."

အင်ဒရူးက ပြောလိုက်သည်။

"မင်းက ဒီမှတ်စုစာအုပ်ကို သုံးပြီး ဘာကိုမှ တောင်းဆိုချင်တာလည်း မဟုတ်ဘူး၊ မစ္စတာလင်ဆီက အကျိုးအမြတ် ရဖို့လည်း မမျှော်လင့်ဘူး... အဲဒီအစား မင်းမှာ တခြား ရည်ရွယ်ချက် တစ်ခု ရှိနေတယ်..."

"ဒါပေမဲ့ မစ္စတာလင်က ကြီးမြတ်ပြီး သဘောထားကြီးတဲ့ တည်ရှိမှုမျိုးပါ... မင်းလို ယုံကြည်ခြင်း ကင်းမဲ့တဲ့သူမျိုး ဖြစ်နေရင်တောင် သူ့ကို ဆုတောင်းမယ်ဆိုရင် တုံ့ပြန်မှု ရလိမ့်မယ်၊ စွမ်းအားတွေ ရလိမ့်မယ်"

အင်ဒရူးက ဆက်ပြောသည်။

"ဒါကြောင့် ဒါဟာ တရားမျှတမှု မရှိလွန်းဘူး..."

"ပိုပြီး တရားမျှတသွားအောင်... ဒီပူဇော်သက္ကာရကို မစ္စတာလင်ဆီ ငါပဲ ယူသွားပေးသင့်တယ်လို့ မင်း မထင်ဘူးလား..."

အင်ဒရူးက သူ၏လက်ကို ရင်ဘတ်ပေါ် တင်လိုက်သည်။

"ဒီမှတ်စုစာအုပ်ကို ငါ့လက်ထဲ အပ်လိုက်စမ်းပါ..."

‘ငါ ထင်ထားတဲ့အတိုင်းပဲ...’

မာရီယာက အင်ဒရူးကို ခံစားချက်ကင်းမဲ့စွာ စိုက်ကြည့်နေမိသည်။ အခရာအဆင့်၏ အကြည့်ကြောင့် အင်ဒရူးမှာ ကြက်သီးမွေးညင်း ထသွားသော်လည်း သူ၏ နေရာတွင်ပင် ခိုင်ခိုင်မာမာ ရပ်နေဆဲ ဖြစ်သည်။

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် မာရီယာက ရေရွတ်လိုက်သည်။

"အိမ်မက်ပဲ မက်နေလိုက်..."

အင်ဒရူး၏ မျက်လုံးများ မှေးစင်းသွား၏။

"မစ္စတာလင်က ဒီမှတ်စုစာအုပ်ကို လေ့လာချင်နေတယ်ဆိုတာ သိရဲ့သားနဲ့၊ ငါ နင့်ကို သတ်ပြီး လုယူသွားမှာကို မကြောက်ဘူးလား..."

‘သေချာတာပေါ့၊ ငါကိုယ်တိုင် သတ်မှာမဟုတ်ဘူး၊ ရာဇီယယ်က သတ်မှာ...’

"ဟမ့်..."

မာရီယာက အင်ဒရူး၏ အေးစက်စက် မျက်လုံးများကို တည့်တည့်စိုက်ကြည့်ကာ သရော်လိုက်သည်။

"စမ်းကြည့်လေ... ရာဇီယယ်က စမ်းပြီးပြီ မဟုတ်လား... သူသာ အောင်မြင်ခဲ့ရင် ငါ အောက်ပိုင်းခရိုင်ကနေ ပြန်ရောက်လာမှာ မဟုတ်ဘူး..."

အင်ဒရူး ခေတ္တ တိတ်ဆိတ်သွား၏။ သူသည် စာအုပ်ဆိုင်ပိုင်ရှင်ထံမှ စွမ်းအားအချို့ ရရှိထားသော်လည်း ဤအမျိုးသမီးကို ရင်ဆိုင်ရန်မှာ အနည်းငယ် ခက်ခဲနေသေးသည်။

သို့သော် အင်ဒရူး တစ်ခု သေချာသွားသည်မှာ မာရီယာသည် အခရာအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ဝယ်လ် နှင့် ဂျိုးဇက် တို့ကဲ့သို့ သဘာဝလွန် နယ်ပယ် ကိုမူ မကျွမ်းကျင်သေးပေ။

မဟုတ်လျှင် ယခုကဲ့သို့ အနီးကပ် ရန်စမှုမျိုးကို စကားလုံးများဖြင့်သာ ပြန်လည် တုံ့ပြန်နေမည် မဟုတ်ပေ။

"လေးစားရပါသော ဥက္ကဋ္ဌ မာရီယာ... မင်း ဘာတွေ ပြောနေတာလဲဆိုတာ ငါ နားမလည်ပါဘူး... မက်ရှင်းလု ပြိုကျတာက မတော်တဆမှု တစ်ခုပါပဲ..."

အင်ဒရူးက ပြုံးလိုက်သည်။ မာရီယာကို ဘာက ဤမျှ သတ္တိရှိစေသလဲဆိုသည်ကို သူ မသေချာသော်လည်း၊ မက်ရှင်းလုထဲရှိ စက်ကိရိယာ အကြောင်းကိုတော့ သူ လုံးဝ ထုတ်မပြောနိုင်ပေ။

"သုံးလအကြာမှာ မဲပေးမယ်လို့ မင်း ပြောခဲ့တာဆိုတော့၊ အဲဒီအချိန်အထိ ငြိမ်းငြိမ်းချမ်းချမ်း စောင့်ကြတာပေါ့..."

ထို့နောက် သူ မြေပြင်ပေါ်မှ ဟုဒ်ကို မလိုက်သည်။ ဟုဒ်မှာ သတိလစ်နေသော်လည်း သူ၏ ညာဘက်လက်မှာမူ တွန့်လိမ်နေသော လက်တံများ ဖြစ်နေဆဲပင်။ ၎င်းတို့သည် ဟုဒ်၏ ခန္ဓာကိုယ်အတွင်း ပုန်းအောင်းနေပြီး သူ၏ ကိုယ်ခန္ဓာကို ထိန်းချုပ်ထားသော အာရုံငါးပါးကင်းမဲ့သည့် ပျော့အိအိ သတ္တဝါများသဖွယ် ဖြစ်နေသည်။

"တော်လောက်ပြီ ဟုဒ်..."

အင်ဒရူးက လှုပ်ရှားနေသော လက်တံများကို အသာအယာ ပုတ်ပေးလိုက်သည်။ ၎င်းတို့သည် တဖြည်းဖြည်း ငြိမ်သက်သွားပြီး လက်အသစ်တစ်ခုအဖြစ် ပြန်လည် ဖြစ်ပေါ်လာတော့သည်။ စုတ်ပြတ်နေသော အင်ဒရူး၏ အဝတ်အစားများမှအပ ဟုဒ်၏ လက်မှာ တစ်ခါမျှ ကျိုးဖူးသည့် ပုံစံမျိုး မရှိတော့ပေ။

မာရီယာသည် အင်ဒရူးက သူမ၏ 'တူ' အား ကိုင်တွယ်နေပုံကို တိတ်ဆိတ်စွာ ကြည့်နေမိသည်။ သူမ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရုံမှအပ ဘာမျှ မလုပ်နိုင်ပေ။ သူမ၏ တစ်ဦးတည်းသော မိသားစုဝင်ကို ပြန်လည်လုယူချင်သော်လည်း၊ ဟုဒ် ပြန်နိုးလာသည့်အခါ သူမ မသိသော သူစိမ်းတစ်ယောက် ဖြစ်နေမည်ကို ပို၍ ကြောက်လန့်နေမိသည်။

"နှုတ်ဆက်ပါတယ် ဥက္ကဋ္ဌ မာရီယာ..."

အင်ဒရူးသည် ဟုဒ်ကို ခေါ်ဆောင်ကာ ရုံးခန်းထဲမှ ထွက်ခွာသွားတော့သည်။

***

All Chapters