← Chapters

အခန်း (၄၅၉-၄၆၀)

Vol. 33 Ch. 459-460

အခန်း (၄၅၉-၄၆၀)

Vol. 33 Ch. 459-460

အပိုင်း(၄၅၉)

အတန်ကြာ တိတ်ဆိတ်နေပြီးနောက်မှ မာရီယာ သက်ပြင်းချနိုင်တော့သည်။ သူမသည် မြေပြင်ပေါ်ရှိ သွေးများကို ကြည့်လိုက်ရာ ၎င်းတို့သည် တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားသည်ကို တွေ့ရသည်။ ရုံးခန်းထဲမှ ထွက်ခွာသွားသော မမြင်ရသည့် သတ္တဝါတစ်ကောင်အလားပင်... ။မာရီယာ အနည်းငယ် စိတ်အေးသွားပြီး ကုလားထိုင်တွင် ပြန်ထိုင်လိုက်သည်။

ခဏမျှ အနားယူပြီးနောက် မာရီယာ လက်ကို မြှောက်လိုက်ရာ လက်ဝါးပေါ်တွင် အလင်းပြန်နေသော လက်စွပ်ပုံစံ အရာဝတ္ထုတစ်ခု ပေါ်လာသည်။ ၎င်း၏ မျက်နှာပြင်ပေါ်တွင် ရှေးဟောင်း စာလုံးများ ဖျော့တော့စွာ ရှိနေပြီး အလယ်တွင် ကျိုးပဲ့နေသော ကျောက်တုံး အပိုင်းအစလေး တစ်ခု လွင့်မြောနေသည်။

မာရီယာသည် ထိုအရာကို ကြည့်ရင်း ရိုသေကိုင်းရှိုင်းသော အမူအရာ ပေါ်လာသည်။ ကျောက်တုံးအပိုင်းအစလေးမှာ အနီရင့်ရောင် အလင်းများ ထွက်ပေါ်နေပြီး ၎င်းပေါ်တွင် ထူးဆန်းသော သင်္ကေတများစွာ ထွင်းထုထားသည်။ သို့သော် အစိတ်အပိုင်း အများအပြား ပျောက်ဆုံးနေသဖြင့် ထိုသင်္ကေတများကို အဓိပ္ပာယ်ဖော်ရန် မဖြစ်နိုင်ပေ။ သို့သော်ငြားလည်း ထိုအရာကို ကြည့်ရုံဖြင့် အမှောင်ထုကြားတွင် နွေးထွေးသော မီးပုံလေးတစ်ခု၏ ရှေ့တွင် ရပ်နေရသကဲ့သို့ ခံစားရစေသည်။

သူမသည် ထိုအရာကို ပြန်သိမ်းလိုက်ပြီး ကုလားထိုင်တွင် နောက်မှီလျက် မျက်လုံးများကို မှိတ်ထားလိုက်သည်။ အောက်ပိုင်းခရိုင်မှ မှတ်ဉာဏ်များ ပြန်လည် ဝင်ရောက်လာသည်။ ထိုကာလအတွင်း နေ့တိုင်း စိတ်ပိုင်းဆိုင်ရာ ပြိုလဲလုနီးပါး ဖြစ်ခဲ့ရသော ခံစားချက်မှာ သူမ၏ စိတ်ထဲတွင် ထင်ရှားနေဆဲပင်။

ဤ မူလစုန်းမ၏ အမှတ်တရ ပစ္စည်းသာ မရှိခဲ့ပါက မာရီယာသည် အောက်ပိုင်းခရိုင်တွင် လွန်ခဲ့သော အချိန်ကတည်းက အသက်ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။

ရာဇီယယ် စီစဉ်ခဲ့သော ပေါက်ကွဲမှုသည်လည်း မာရီယာ၏ အသက်ကို နီးပါး နှုတ်ယူသွားခဲ့သည်။ မဟုတ်သေး... သူမ တစ်ကြိမ် သေဆုံးခဲ့ပြီးပြီဟုပင် ဆိုနိုင်သည်။ သို့သော် ဤအရာကသာ သူမကို ပြန်လည် ရှင်သန်လာစေခဲ့ခြင်း ဖြစ်သည်...

မည်မျှပင် စွမ်းအားကြီးလှသည်ဆိုစေ ထိုစာအုပ်ဆိုင်ပိုင်ရှင်သည် မူလစုန်းမ၏ စွမ်းအားကို ယှဉ်နိုင်လိမ့်မည် မဟုတ်ကြောင်း သူမ ယူဆထားသည်။

မျက်လုံးမှိတ် အနားယူနေသော မာရီယာသည် ရုတ်တရက် သူမ၏ ကောင်းကင်ပြာရောင် မျက်ဝန်းများကို ဖွင့်လိုက်ပြီး အသက်ကို ပြင်းပြင်း ရှူလိုက်သည်။ အမှန်တရား အသင်းတော်အတွက်ပဲဖြစ်ဖြစ်၊ ဟုဒ်အတွက်ပဲဖြစ်ဖြစ် သူမ ထိုစာအုပ်ဆိုင်သို့ သွားကို သွားရမည်။

...

လင်ကျဲသည် စာအုပ်ဆိုင်ထဲရှိ အသစ်ဝယ်ထားသော ဆိုဖာပေါ်တွင် ပျင်းရိစွာ ထိုင်ရင်း တီဗီဖန်သားပြင်ပေါ်မှ ဝေဝါးနေသော ပုံရိပ်များကို ကြည့်နေမိသည်။

နော်ဇင်တွင် နောက်ဆုံးအကြိမ် ဆီးနှင်းများ အပြင်းအထန် ကျဆင်းပြီးနောက် ရာသီဥတုမှာ တဖြည်းဖြည်း ပြန်လည် နွေးထွေးလာသည်။ သို့သော် ဆက်တိုက်ဆိုသလို မိုးရွာသွန်းခဲ့သည့် ရက်များကြောင့် လင်ကျဲ အချိန်ဖြုန်းရန် အမြဲကြည့်လေ့ရှိသော တီဗီစက်ဟောင်းလေးမှာ လိုင်းဖမ်းမမိဘဲ ပုံရိပ်များ ဝေဝါးနေခြင်း ဖြစ်နိုင်သည်။

လင်ကျဲသည် ရီမုကို ကိုင်ကာ ထရပ်လိုက်ပြီး တီဗီစက်၏ နောက်ကျောကို အချက်အလက် အနည်းငယ် ပုတ်လိုက်သည်။ ဝေဝါးနေသော လိုင်းများမှာ ချက်ချင်းပင် ကြည်လင်သွားပြီး သတင်းကြေညာသူ၏ အသံကိုလည်း ဆုံးအောင် ကြားလိုက်ရတော့သည်။

"သတင်းများအရ ဗဟိုခရိုင်မှာ တည်ရှိပြီးတော့ လူသိများတဲ့ ပညာရှင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အမှန်တရား အသင်းတော်ရဲ့ အတွင်းပိုင်း ဓာတ်ခွဲခန်းတွေထဲမှာ အကြီးအကျယ် မြေပြိုကျမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်ရှင်... လက်ရှိအချိန်အထိ ပျက်စီးဆုံးရှုံးမှု အတိုင်းအတာနဲ့ ထိခိုက်ဒဏ်ရာရသူ ဦးရေကို အတည်မပြုနိုင်သေးပါဘူး... ကျွမ်းကျင်သူတွေရဲ့ ပြောကြားချက်အရ အဲ့တာက မြေနိမ့်ဆင်းခြင်းကြောင့် ဖြစ်ပွားရခြင်း ဖြစ်တယ်လို့ သိရပါတယ်ရှင်..."

လင်ကျဲသည် သတင်းထောက်၏ ခွဲခြမ်းစိတ်ဖြာချက်ကို ကြားသောအခါ မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။

‘မြေနိမ့်ဆင်းခြင်း ဟုတ်လား... ဘာတွေလဲဟ... အဇီးရဲ့ ဘူမိဗေဒ အခြေအနေတွေက တစ်နေ့ထက်တစ်နေ့ ပိုပြီး ထူးဆန်းလာပါလား...’

အစပိုင်းတွင် လင်ကျဲသည် နှင်းမုန်တိုင်းများနှင့် ငလျင်များမှာ အဆိုးရွားဆုံးဟု ထင်ခဲ့သော်လည်း ယခုကဲ့သို့ ‘မြေနိမ့်ဆင်းခြင်း' ဆိုသည့် စကားလုံးမျိုး ရှိလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

‘အင်းလေ... ဒါက လူလုပ်ထားတဲ့ မြို့ကြီးတစ်မြို့ပဲ မဟုတ်လား... အောက်ခြေ အုတ်မြစ်တွေ ပြဿနာရှိတာကတော့ သိပ်တော့ ထူးဆန်းတဲ့ ကိစ္စမဟုတ်ပါဘူး... ပြီးတော့ အောက်ပိုင်းခရိုင်က မြေအောက်မှာ ရှိတာဆိုတော့ မြေကြီးတွေက အခေါင်းပေါက် ဖြစ်နေမှာပဲ၊ အဲဒီတော့ ပြိုကျတာက ဖြစ်နိုင်ပါတယ်...’

လင်ကျဲသည် ယုတ္တိရှိရှိ တွေးတောရင်း မိမိကိုယ်မိမိ ယုံကြည်အောင် ဖျောင်းဖျလိုက်သည်။ သို့သော် ယခုတစ်ခေါက်တွင် အမှန်တရား အသင်းတော်က တိုက်ရိုက် ထိခိုက်သွားခြင်း ဖြစ်သည်။

‘အင်ဒရူး ၊ ဟုဒ် နဲ့ ပရိုင်မာတို့ရော ဘာဖြစ်သွားသေးလဲ မသိဘူး...’

ထိုသို့ တွေးမိလိုက်သည်နှင့် လင်ကျဲသည် သူ၏ ပုံမှန်ဖောက်သည် သုံးဦးအတွက် စိတ်ပူသွားသဖြင့် သူတို့ထံ ဆက်သွယ်ရန် ဖုန်းကို ထုတ်လိုက်သည်။ သို့သော် ဖုန်းမခေါ်မီမှာပင် တီဗီသတင်းမှ ဆက်လက် ကြေညာချက်ကို ကြားလိုက်ရသည်။

"လက်ရှိမှာ အမှန်တရား အသင်းတော်ဟာ အင်တာဗျူးတွေကို လက်ခံခြင်း မရှိသေးဘဲ ဆက်သွယ်ရေး လိုင်းတွေကိုလည်း ယာယီ ဖြတ်တောက်ထားကြောင်း သိရပါတယ်ရှင်..."

ခေတ္တမျှ တွေးတောပြီးနောက်တွင် လင်ကျဲသည် ကျိကျစ်ရှို့ထံသို့ ဖုန်းခေါ်ရန် ဆုံးဖြတ်လိုက်သည်။ သူမသည်လည်း ဗဟိုခရိုင်တွင် နေထိုင်သူဖြစ်သဖြင့် အခြေအနေကို ပို၍ ကောင်းကောင်း သိနိုင်ပေလိမ့်မည်။ ထို့အပြင် ဆွေးနွေးစရာ အခြားကိစ္စတစ်ခုလည်း ရှိနေသေးသဖြင့် လင်ကျဲအတွက် ဖုန်းခေါ်ရန် ခိုင်လုံသော အကြောင်းပြချက် ရှိနေသည်။

ဖုန်းမြည်သံ တစ်ချက်ခေါ်လိုက်ရုံဖြင့် ကျိကျစ်ရှို့က ရိုသေလေးစားစွာ ပြန်လည် ထူးလိုက်၏။

"မစ္စတာလင်... ကျွန်မ ဘာများ ကူညီပေးရမလဲရှင်"

...

ဆက်သွယ်ရေးစက်မှတစ်ဆင့် ကြားနေရသော ကျိကျစ်ရှို့၏ အသံမှာ အနည်းငယ် ဝေဝါးနေသော်လည်း သူမ၏ လေသံထဲတွင် ကိန်းအောင်းနေသည့် ရိုသေကိုင်းရှိုင်းမှုမှာမူ အထင်အရှားပင် ရှိနေဆဲ ဖြစ်သည်။ လင်ကျဲ၏ ဖုန်းခေါ်ဆိုမှုကို သူမဘက်မှ ချက်ချင်းလက်ခံလိုက်ပုံကို ကြည့်ခြင်းဖြင့် သူမအနေနှင့် မည်သို့မျှ ပေါ့ပေါ့တန်တန် မဆက်ဆံရဲကြောင်း ထင်ရှားလှပေသည်။

‘အင်း... ငါ့အတွက် လုပ်ပေးတာပဲလေ...’

ယခင်ကရော ယခုပါ ကျိကျစ်ရှို့သည် သူ့အပေါ် အလွန်အမင်း ရိုသေလွန်းနေသည်ဟု လင်ကျဲ ခံစားနေရသည်။ ယခင်က သူလုပ်ဆောင်ပေးခဲ့ဖူးသည့် ကိစ္စရပ်များကြောင့် သခင်မလေးကျိသည် သူ့အပေါ် တစ်နည်းတစ်ဖုံ အမှီသဟဲ ပြုချင်စိတ် ရှိနေခြင်းကြောင့်ဟုလည်း ယူဆ၍ ရနိုင်သည်။ သို့သော်လည်း ယခုမူ နှစ်ဦးနှစ်ဖက် စာချုပ်ချုပ်ဆိုထားသည့် မိတ်ဖက်များ ဖြစ်နေပြီဖြစ်ရာ ဤမျှအထိ လိုက်လျောနေစရာ မလိုတော့ဟု သူ ထင်မိသည်။ သူတို့ ညှိနှိုင်းကြစဉ်ကပင် ကျိပိုတုန်သည် ဘာမှ ဝန်လေးခြင်း မရှိဘဲ ချက်ချင်းပင် လိုက်လျောပေးခဲ့သည် မဟုတ်ပါလား။

လင်ကျဲမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်မိသော်လည်း သူရရှိသည့် အကျိုးအမြတ်များမှာမူ လက်တွေ့ကျကျပင် ရှိနေပေသည်။ စားသောက်ပွဲတွင် ဖရက်ဒ်မိသားစု ပျက်သုဉ်းသွားသည်ကို မြင်တွေ့ရစဉ်က ကျိကျစ်ရှို့၏ မျက်နှာတွင် ထူးထူးခြားခြား စိတ်လှုပ်ရှားမှု မရှိခဲ့သည်ကို ပြန်လည်အမှတ်ရမိပြီး လင်ကျဲ အချို့ကို ခန့်မှန်းမိလိုက်သည်။ သို့သော် ကျိကျစ်ရှို့ကိုယ်တိုင်က ဘာမှ ထုတ်မပြောသဖြင့် သူကလည်း မသိကျိုးကျွံပင် ပြုနေလိုက်တော့သည်။

"ထွေထွေထူးထူးတော့ မဟုတ်ပါဘူး..."

လင်ကျဲက ခပ်ဖွဖွ ရယ်မောရင်း ပြောလိုက်သည်။

"သခင်မလေးကျိတို့ရှိနေတဲ့ ဧရိယာ (A) မှာ အမှန်တရား အသင်းတော်ရဲ့ မြေနိမ့်ကျဆင်းမှု ဖြစ်ပေါ်တယ်ဆိုတာ တီဗွီမှာ တွေ့လိုက်လို့လေ... အဲ့တာ ခင်ဗျားတို့များ ထိခိုက်မှု ရှိမလားလို့ စိတ်ပူမိလို့ပါ"

‘မြေနိမ့်ကျဆင်းမှု' ဆိုသည့် ပညာရပ်ဆိုင်ရာ အသုံးအနှုန်းကို သူ ပြောလိုက်တိုင်း မရယ်ဘဲ မနေနိုင်အောင် ဖြစ်ရသည်။ ဤသည်မှာ ပညာရှင်များက သာမန်အရပ်သားများကို လှည့်ဖြားရန် သုံးသည့် စကားလုံးသက်သက် မဟုတ်ပါလား။ အမှန်တရား အသင်းတော်သည် တစ်စုံတစ်ရာသော လျှို့ဝှက်လက်နက်ကို စမ်းသပ်နေခြင်းများလားဟု သူ တွေးမိသည်။

လင်ကျဲ၏ စကားထဲတွင် ဟာသနှောနေသည်ကို ကျိကျစ်ရှို့ ကြားလိုက်ရ၏။ 'လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်' နှင့် 'အမှန်တရား အသင်းတော်' တို့၏ အသုံးအနှုန်းများကို မစ္စတာလင်က ရယ်စရာဟု သတ်မှတ်နေခြင်း ဖြစ်မည်ဟု သူမ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောမိသည်။ ‘မြေနိမ့်ကျဆင်းမှု' ဆိုသည့် အသုံးအနှုန်းကို သူတို့ ဘယ်လိုတောင် ကြံကြံဖန်ဖန် စဉ်းစားမိကြသနည်း။

ပြောရလျှင် အမှန်တရား အသင်းတော်သည် ဗဟိုအုပ်ချုပ်ရေးအဖွဲ့၏ အကြီးမားဆုံးသော အကူအညီပေးရေး အဖွဲ့အစည်းတစ်ခု ဖြစ်ခဲ့ဖူးသည်။ ထို့ကြောင့် ရိုးလ် သယံဇာတ နှင့် ဗဟိုအုပ်ချုပ်ရေးအဖွဲ့တို့ တရားဝင် လမ်းခွဲပြီးနောက် အန္တရာယ် တစ်စုံတစ်ရာ ရှိမရှိကို မစ္စတာလင်က စိုးရိမ်ပေးနေခြင်း ဖြစ်နိုင်ပေသည်။

ကျိကျစ်ရှို့က လေသံအေးအေးဖြင့် ပြန်လည် ဖြေကြားလိုက်၏။

"စိတ်ပူပေးတာ ကျေးဇူးတင်ပါတယ်ရှင်... လောလောဆယ်တော့ ကျွန်မတို့ ဘေးကင်းပါတယ်... အန္တရာယ် မရှိပါဘူး... အခက်အခဲလေး တစ်ခုရှိတာက လူအင်အား နည်းနည်း လိုအပ်နေတာပါပဲ... ဒါပေမဲ့ အမှန်တရား အသင်းတော်နဲ့ ဆက်သွယ်ထားပြီးပြီဆိုတော့ မကြာခင် အဆင်ပြေသွားမယ်လို့ ယုံကြည်ပါတယ်"

သူမ၏ ရှေ့ဆက်မည့် 'မျိုးနွယ်စုသစ် ဖန်တီးရေး' အစီအစဉ်အတွက် 'လူသား' အမြောက်အမြား လိုအပ်သည်။ အမှန်တရား အသင်းတော်၏ ဉာဏ်ရည်တု လူသား စီမံကိန်းသည် ထိုကိစ္စအတွက် အဓိက သော့ချက်ပင် ဖြစ်သည်။

"အဲဒါဆိုရင်တော့ ကောင်းတာပေါ့"

လင်ကျဲက မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားလိုက်သည်။

‘လူအင်အား မလုံလောက်ဘူးလား... ပြီးတော့ အမှန်တရား အသင်းတော်နဲ့ ဆက်သွယ်ထားတယ်ဆိုတော့ ဒါက ပညာရှင်တွေ ဆွေးနွေးဖြေရှင်းရမယ့် ဘူမိဗေဒဆိုင်ရာ ပြဿနာတစ်ခု တကယ်ပဲ ဖြစ်နေတာလား...’

"အမှန်တရား အသင်းတော်ကတော့ အဲဒီကိစ္စတွေမှာ ကျွမ်းကျင်ပြီးသားပဲလေ... သူတို့ရဲ့ အရည်အချင်းကိုတော့ ကျွန်တော် ယုံကြည်ပါတယ်"

မည်သို့ပင်ဆိုစေ၊ သူတို့တွင် ခြေတုလက်တုနှင့် ကိုယ်လက်အင်္ဂါ ပြန်လည်ရှင်သန်စေသည့် နည်းပညာများပင် ရှိသည် မဟုတ်ပါလား။ အမှန်တရား အသင်းတော်၏ လေ့လာမှုများသည် အနည်းငယ် သွေဖည်နေတတ်သော်လည်း နော်ဇင်တွင်မူ သူတို့က ထိပ်တန်းကပင် ဖြစ်သည်။ အကယ်၍ သူတို့ပင် ဘာမှ မလုပ်နိုင်ပါက တကယ့်ကို ဒုက္ခရောက်စရာ ဖြစ်ပေလိမ့်မည်။

"မစ္စတာလင်ရဲ့ ယုံကြည်မှုကို ရရှိထားတာနဲ့တင် လုံလောက်ပါပြီ..."

ကျိကျစ်ရှို့က တောက်ပသော အပြုံးဖြင့် ပြောလိုက်သည်။

"ဒါနဲ့ မစ္စတာလင်... ကျွန်မ အရင်က ပြင်ဆင်ပေးထားတဲ့ အိမ်ကြီးကို မစ္စတာလင်ရဲ့အမည်ပေါက်အဖြစ် ဘယ်အချိန်မဆို လွှဲပြောင်းပေးလို့ ရပါတယ်ရှင်"

လင်ကျဲ အံ့အားသင့်သွားခဲ့၏။

"အဲဒါကို အခုထိ သိမ်းထားပေးလိမ့်မယ်လို့ ကျွန်တော် မထင်ထားဘူး..."

"ဒါပေါ့ရှင်... မစ္စတာလင်ရဲ့ ညွှန်ကြားချက်ကို ကျွန်မ ဘယ်လိုလုပ်ပြီး မလိုက်နာဘဲ နေရဲပါ့မလဲ"

ကျိကျစ်ရှို့က ရိုးရိုးသားသားပင် ဆိုသည်။

"ဪ... ကောင်းပါပြီ... အရင်ကတော့ ဗဟိုခရိုင်မှာ ဌာနခွဲတစ်ခု ဖွင့်ပြီး မွန်းကို ဦးစီးခိုင်းမလားလို့ စဉ်းစားမိသေးတယ်... ကျွန်တော် ခရီးထွက်နေတဲ့ သုံးရက်အတွင်းမှာ မွန်းက စာအုပ်ဆိုင်ကို တစ်ယောက်တည်း ကောင်းကောင်း စီမံနိုင်ခဲ့တယ်... သူက တာဝန်ယူနိုင်စွမ်းရှိပြီလို့ ကျွန်တော် ထင်တယ်"

မှန်ပေသည်။ သူ စာအုပ်ဆိုင်မှ သုံးရက်ကြာ ခွာခဲ့ခြင်းမှာ မွန်း၏ အရည်အချင်းကို စမ်းသပ်ရန်အတွက်လည်း ဖြစ်သည်။ သို့သော် အဓိက အကြောင်းရင်းမှာမူ အလကား သွားစားရန်အတွက်သာ ဖြစ်ပေသည်။

ကျိကျစ်ရှို့ ရင်ခုန်သွားခဲ့၏။ မစ္စတာလင်က ဗဟိုခရိုင်ကို ခြေဆန့်ဖို့ ကြံရွယ်နေခြင်းလော။

သူတို့၏ 'ပုန်ကန်မှု' ကြောင့် ဗဟိုခရိုင်သည် မုချမလွဲ ရုန်းရင်းဆန်ခတ် ဖြစ်ပေတော့မည်။ ထိုသို့သော အခြေအနေမျိုးတွင် အမှန်တရား အသင်းတော်နှင့်ရော နေမင်း ယုံကြည်မှု အဖွဲ့ နှင့်ပါ ပတ်သက်မှုရှိသည့် လက်ထောက်တစ်ဦးကို ဌာနခွဲ ဖွင့်ခိုင်းသည်ဆိုခြင်းမှာ...။

ကျိကျစ်ရှို့ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ပြောလိုက်၏။

"ဖရက်ဒ်မိသားစုပိုင် အိမ်ကြီးကို အခုချက်ချင်းပဲ မစ္စတာလင်ဆီ လွှဲပေးပါ့မယ်... မစ္စတာလင့် ဘက်က လိုအပ်တာနဲ့ တစ်ပြိုင်နက် ဘယ်သူ့ကိုမဆို စေလွှတ်ပြီး လွှဲပြောင်းယူစေနိုင်ပါတယ်ရှင်..."

"ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ် သခင်မလေးကျိ"

"မစ္စတာလင့် အတွက် အသေးအဖွဲလေး ဖြစ်ဖြစ် ကူညီခွင့်ရတာ ကျွန်မအတွက် ဂုဏ်ယူစရာပါပဲ"

***

အပိုင်း(၄၆၀)

လင်ကျဲက ဆက်သွယ်ရေးစက်ကို ချလိုက်ပြီး စိတ်ကြည်လင်သွားသည်။ မည်ကဲသို့ မပျော်ဘဲ နေနိုင်ပါမည်နည်း။

ဗဟိုခရိုင်ရှိ အဆင့်မြင့် ဗီလာတစ်လုံးကို အခမဲ့ ရရှိလိုက်ခြင်းပင်။

အနည်းငယ် ပြုပြင်မွမ်းမံလိုက်ရုံနှင့်ပင် ယင်းမှာ မြို့တော်ရှိ ဝင်းခြံကျယ်ကြီးနှင့် အိမ်ရာတစ်ခု ဖြစ်လာတော့မည်။ သူ တကယ့်ကို အမြတ်ကြီးစား ရတော့မည် မဟုတ်ပါလား။

လင်ကျဲသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ မတ်တတ်ရပ်လိုက်ပြီး ဘေးအခန်းတွင် နွားနို့လက်ဖက်ရည် ဖျော်နေသော မွန်းရှိရာသို့ အေးအေးလူလူ လျှောက်လာခဲ့သည်။ မိန်းကလေးငယ်မှာ ထုံးစံအတိုင်း မည်သည့်ခံစားချက်မျှ မဖော်ပြဘဲ တည်ငြိမ်နေသည်။ သူမ၏ နက်မှောင်သော မျက်ဝန်းအစုံမှာ အောက်ခြေမမြင်ရသည့် ရေကန်ကြီးများနှယ် ရှိနေသည်။

သူမ၏ အသားအရေမှာ ဖြူဝင်းဥနေပြီး စာအုပ်ကဖေး၏ နွေးထွေးသော မီးရောင်အောက်တွင် ကိုယ်ပေါ်ရှိ နုနယ်သော အမွေးအမျှင်လေးများကိုပင် ခပ်ရေးရေး မြင်တွေ့နေရသည်။ သူမသည် နွားနို့နှင့် လက်ဖက်ရည်ထုပ်ကို ရောနှောကာ အဖုံးပိတ်လိုက်သည်။ ထို့နောက် ဖျော်စက်ခွက်ကို မြှောက်ကာ အားရပါးရ လှုပ်ခါလိုက်ရာ သူမ၏ လက်မောင်းမှာ လှပသော အကွေးအဆန့် ပုံရိပ်တစ်ခုကို ဖန်တီးလိုက်သကဲ့သို့ ရှိတော့သည်။

သူမ၏ လှုပ်ရှားမှုများမှာ ကျွမ်းကျင်ပိုင်နိုင်လှသလို စိတ်ပါဝင်စားမှုမှာလည်း အပြည့်ပင်။

"အဟမ်း..."

လင်ကျဲက ချောင်းတစ်ချက် ဟန့်လိုက်ရာ မွန်း၏ အာရုံမှာ သူ့ထံသို့ ချက်ချင်း ရောက်ရှိလာပြီး ခေါင်းလေးစောင်းကာ ကြည့်လိုက်၏။

"ဘော့စ်... ဘာများ ခိုင်းစရာရှိလို့လဲ"

အေးစက်တည်ငြိမ်နေသော မိန်းကလေး၏ မျက်နှာထက်တွင် ရုတ်ချည်းပင် သက်ဝင်လှုပ်ရှားမှုများ ယှက်သန်းသွားသည်။ သူမသည် လုပ်လက်စများကို အမြန်ချထားကာ မူလတန်းကျောင်းသားလေးတစ်ဦး အမိန့်နာခံရန် အသင့်ပြင်ထားသကဲ့သို့ ရိုရိုသေသေ မတ်တတ်ရပ်နေတော့သည်။

‘ခိုင်းစရာရှိလို့လား တဲ့...’

ဤမိန်းကလေးငယ်၏ စိတ်ထဲတွင် သူ့ကို မည်မျှအထိ မြင့်မြတ်သော ပုဂ္ဂိုလ်ကြီးအဖြစ် ပုံဖော်ထားသနည်းဟု လင်ကျဲ တွေးမိသွားသည်။ သူ မွန်းကို အကဲခတ်လိုက်ရင်း...

"မင်း စာအုပ်ဆိုင်မှာ ရှိနေတာ လအတော်ကြာခဲ့ပြီ... ငါ့ရဲ့ အကဲခတ်ချက်အရ မင်းဟာ ဆိုင်တစ်ဆိုင်ကို ဦးစီးဖို့ လုံလောက်တဲ့ အရည်အချင်း ရှိနေပြီလို့ ထင်တယ်..."

လင်ကျဲက ပြောလိုက်သည်။

"ငါ ဗဟိုခရိုင်မှာ ဌာနခွဲတစ်ခု ဖွင့်ဖို့ ဆုံးဖြတ်လိုက်ပြီ၊ အဲဒါကို မင်းကိုပဲ ဦးစီးခိုင်းမယ်"

မွန်း၏ မျက်လုံးများမှာ အနည်းငယ် ကျုံ့သွားပြီးမှ ပုံမှန်အတိုင်း ပြန်ဖြစ်သွားကာ မျက်မှောင်ကြုတ်လိုက်သည်။

"ဘော့စ်က ဌာနခွဲ ဖွင့်ချင်တာလား"

"ဟုတ်တယ်"

လင်ကျဲက ခေါင်းညိတ်ပြသည်။

"ရိုးလ် သယံဇာတက သခင်မလေးကျိနဲ့လည်း အတော်အသင့် ဆွေးနွေးပြီးသွားပြီ... ဗဟိုခရိုင်မှာ ဗီလာတစ်လုံး ရထားတာဆိုတော့ ဌာနခွဲဖွင့်ဖို့ တကယ့်ကို အခွင့်ကောင်းပဲလေ..."

"ဗဟိုခရိုင်..."

မွန်းက တစ်စုံတစ်ခုကို စဉ်းစားဟန်ပြုလိုက်သည်။

"ဟုတ်တယ်... ဗဟိုခရိုင်မှာဆိုရင် ပိုက်ဆံ... အဲ... ငါပြောတာက စာဖတ်ဝါသနာပါတဲ့သူတွေ ပိုများမှာပဲ မဟုတ်လား"

လင်ကျဲက ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခုကဲ့သို့ ပြောလိုက်သည်။

မွန်းက မျက်တောင်လေးများကို အကြိမ်ကြိမ် ခတ်လိုက်၏။

‘စာဖတ်ဝါသနာပါတဲ့သူတွေ ပိုများလာမယ် ဟုတ်လား...’

‘စာဖတ်ဝါသနာပါသူဆိုတာ ‘ဘာသာဝင်တွေ’ ကို ဆိုလိုတာများလား...’

တစ်နည်းအားဖြင့်ဆိုသော် သူသည် ဗဟိုခရိုင်တွင် ဘာသာဝင်သစ်များကို ပိုမိုစုဆောင်းလိုခြင်း ဖြစ်ပေလိမ့်မည်။ ဤသည်မှာ နော်ဇင်ကို အုပ်ချုပ်နေသည့် ဗဟိုအုပ်ချုပ်ရေးအဖွဲ့နှင့် ထိပ်တိုက်ရင်ဆိုင်ပြီး အုပ်ချုပ်ပိုင်ခွင့်ကို လုယူရန် ဗြောင်ကျကျ ကြေညာလိုက်ခြင်းပင်။

စက္ကန့်အနည်းငယ်အတွင်းမှာပင် မွန်း၏ စိတ်ထဲတွင် မုန်တိုင်းတစ်ခု တိုက်ခတ်သွားသကဲ့သို့ ခံစားလိုက်ရပြီး အရာအားလုံးကို ရှင်းလင်းစွာ မြင်ယောင်သွားတော့သည်။

"ဘော့စ် ဆိုလိုတာကို ကျွန်မ နားလည်ပါပြီ"

မွန်းက ခိုင်မာသော အကြည့်တို့ဖြင့် ခေါင်းညိတ်လိုက်သည်။ သူမက လက်သီးငယ်လေးများကိုလည်း ကြီးကျယ်သော လုပ်ငန်းစဉ်ကြီးတစ်ခုအတွက် အသင့်ဖြစ်နေသကဲ့သို့ တင်းတင်းဆုပ်ထားသည်။

လင်ကျဲ "..."

ဤမျှ ချစ်စရာကောင်းပြီး အပြစ်ကင်းစင်သော ကလေးမလေးကို ဤမျှအရွယ်ငယ်ငယ်နှင့် အရင်းရှင်တစ်ဦးအဖြစ် ခိုင်းစေခြင်းမှာ လူမဆန်ရာ ကျလေမည်လားဟု သူ တွေးတောမိသွားသည်။

"တကယ်လို့ မင်းအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်နေမယ်လို့ ထင်ရင်တော့ ဒီမှာပဲ ဆက်နေပြီး အတွေ့အကြုံ ထပ်ယူဦးပေါ့..."

လင်ကျဲက ဝေခွဲမရစွာ ပြောလိုက်သည်။

မွန်းက ခေါင်းခါလိုက်သည်။

"မဟုတ်ပါဘူး၊ ဘော့စ်က ကျွန်မကို အများကြီး သင်ပေးပြီးပါပြီ။...အခုက ဘော့စ်ရဲ့ ဆန္ဒတော်တွေကို ကျွန်မ စတင်ပြန့်ပွားစေရမယ့် အချိန်ပါပဲ"

လင်ကျဲ၏ မျက်နှာထက်တွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာ၏။ မွန်းသည် မူလကပင် အေးစက်သော အလှပိုင်ရှင်လေး ဖြစ်သဖြင့် ခံစားချက် ကင်းမဲ့သူဟုပင် ဆိုနိုင်သည်။ သို့သော် ယခုအချိန်တွင်မူ သူမသည် အလွန်အမင်း စိတ်အားထက်သန်နေပုံ ရသည်။

‘ငါ ဒီကလေးကို ပြုစုပျိုးထောင်တာ လမ်းကြောင်းများ လွဲသွားတာလား...’

"...မင်း နားလည်တယ်ဆိုရင်တော့ ကောင်းတာပေါ့... ကြိုးစားပြီး အခုအတိုင်းပဲ အရည်အသွေးကို ထိန်းထားပါ... မင်း ဆိုင်ကို ကောင်းကောင်း စီမံနိုင်မှာပါ"

လင်ကျဲက လက်လှမ်းကာ မွန်း၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။

‘ဘာပဲဖြစ်ဖြစ်လေ... ကလေးမလေး ပျော်နေရင် ပြီးတာပါပဲ...’

"အင်း... အင်း..."

မွန်းက မြေကြီးပေါ်က ဆန်စေ့ကို ကောက်ဆိတ်နေသည့် ကြက်ပေါက်စလေးနှယ် ခေါင်းကို တရစပ် ညိတ်လိုက်တော့သည်။

ထိုကိစ္စ ပြီးမြောက်သွားသောအခါ လင်ကျဲသည် သူ၏ စာအုပ်ဆိုင်ဟောင်းလေးဆီသို့ ပြန်လာခဲ့ပြီး နေ့စဉ် အလုပ်ဖြစ်သော စာဖတ်ခြင်းကိုသာ ဆက်လက် လုပ်ဆောင်နေတော့သည်။

မွန်းသည် ကောင်တာပေါ်တွင် တံတောင်ဆစ် ထောက်ကာ မေးစေ့လေးကို လက်ပေါ်တင်ရင်း ထူထဲသော မှန်တံခါးမှတစ်ဆင့် စာဖတ်နေသော လင်ကျဲကို တိတ်တဆိတ် ငေးကြည့်နေမိသည်။ ထို့နောက် သူမသည် မျက်လုံးများကို မှိတ်လိုက်ပြီး ဝါးပူဂစ်၏ အိပ်မက်ဘုံထဲသို့ ဝင်ရောက်သွားလေတော့သည်။

...

မွန်းသည် သူမ၏ မျက်ဝန်းအစုံကို မှိတ်ထားလိုက်သည်။ ပြန်လည်ဖွင့်ကြည့်လိုက်သောအခါတွင်မူ အဆုံးအစမရှိ ကျယ်ပြောလှပြီး ငြိမ်သက်နေသည့် ရေပြင်ကျယ်ကြီးက သူမရှေ့မှောက်တွင် ပေါ်လာသည်။ ယခင်ကနှင့် မတူသည်မှာ ယခုအခါ မွန်းသည် ဤအိပ်မက်ဘုံထဲသို့ သူမ၏ အလိုဆန္ဒအတိုင်း စိတ်တိုင်းကျ ဝင်ထွက်နိုင်နေပြီ ဖြစ်သည်။

သူမသည် ရေပြင်ပေါ်တွင် ညင်သာစွာ လျှောက်လှမ်းလိုက်ရာ ခြေလှမ်းတိုင်းတွင် လှိုင်းကြက်ခွပ်လေးများ ဂယက်ထသွားသည်။ ထိုဂယက်လေးများသည် သူမကို ဗဟိုပြု၍ ကောင်းကင်နှင့် ရေပြင် တစ်သားတည်းကျသည့် အဆုံးသတ်ထိတိုင်အောင် ဆက်တိုက် ပြန့်ကားသွားတော့သည်။ ယခုအချိန်တွင် မွန်းသည် ညဖက်ကောင်းကင်ယံကြီးကို ဖြတ်သန်းသွားလာနေသည့်အလား ထင်မှတ်ရပေသည်။

သူမက လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ရာ သူမ၏ ရှေ့မှောက်တွင် အလင်းကွင်းတစ်ခု ပေါ်ထွက်လာသည်။

"ထာဝရနေမင်း ဗင်းဆင့်... ဒီအိပ်မက်လမ်းစဉ်အတိုင်း ငါ့ဆီကို လာခဲ့ပါ..."

မွန်း၏ အသံမှာ အိပ်မက်ဘုံအတွင်း ပဲ့တင်ထပ်သွားသည်။ ထိုအသံမှာ လွန်စွာ နူးညံ့ပျော့ပျောင်းလှသလို ထူးဆန်းစွာပင် နားဝင်ပီသူ ရှိလှပေသည်။

သူမ၏ စကားအဆုံးတွင် ညဖက်ကောင်းကင်ယံနှင့် တူလှသော ဤအိပ်မက်ဘုံကြီးမှာ တဖြည်းဖြည်း ပူနွေးလာတော့သည်။ မွန်း၏ ခြေဖဝါးအောက်ရှိ ကြေးမုံပြင်နှယ် ငြိမ်သက်နေသော ရေပြင်ကြီးမှာ စတင်၍ အက်ကွဲလာပြီး ညကောင်းကင်ယံမှာ တွန့်လိပ်သွားကာ ရေပြင်ပေါ်တွင် ထင်ဟပ်နေသော ကြယ်ပွင့်ကလေးများမှာလည်း ကြေမွပျက်စီးသွားရရှာသည်။

ရေနှင့် ကောင်းကင် ထိစပ်နေသည့် အဝေးတစ်နေရာမှ အလွန်အမင်း ပူပြင်းလှသော မီးလုံးကြီးတစ်လုံးသည် နေမင်းပမာ တဖြည်းဖြည်းချင်း မြင့်တက်လာသည်။ မွန်းသည် ထိုမီးလုံးကြီးကို အေးစက်စွာပင် ကြည့်နေမိသည်။ ထိုမီးလုံး၏ အပူရှိန်မှာ ပုံသဏ္ဌာန်မဲ့သော ညကောင်းကင်ယံကြီး၏ ဝါးမြိုခြင်းကို ခံထားရသကဲ့သို့ သူမထံသို့ တစ်စိုးတစ်စမျှ ရောက်မလာပေ။

ဝါးပူဂစ်၏ အိပ်မက်ဘုံအတွင်း၌မူ ပြင်းထန်လှသော နေမင်းပင်လျှင် ကလေးငယ်တစ်ဦးကဲ့သို့ ယဉ်ပါးသိမ်မွေ့နေရပေသည်။

"ညဉ့်ဦးယံရဲ့ အရှင်သခင်... ထာဝရလရောင်ရှင်... အရှင်မ မွန်း... ဗင်းဆင့်ဟာ အရှင်မရဲ့ ခေါ်ယူမှုကို ကြားသိရလို့ ရောက်ရှိလာပါပြီ..."

***

All Chapters