← Chapters

အခန်း (၄၆၃-၄၆၄)

Vol. 34 Ch. 463-464

အခန်း (၄၆၃-၄၆၄)

Vol. 34 Ch. 463-464

အပိုင်း(၄၆၃)

လွန်ခဲ့သော ရက်အနည်းငယ်က ရာသီဥတုမှာ အတော်ပင် ဆိုးရွားခဲ့သော်လည်း အနည်းဆုံးတော့ ယနေ့တွင် မိုးမရွာတော့ချေ။ သို့သော်လည်း ကောင်းကင်ယံမှာ အုံ့မှိုင်းညို့ဆိုင်းနေဆဲဖြစ်ရာ မကောင်းသော နိမိတ်တစ်ခုခု ဖြစ်တော့မည့်အလား ခံစားရစေသည်။

လင်ကျဲ စာအုပ်တစ်အုပ်ကို ကိုင်စွဲကာ စာအုပ်ဆိုင်အတွင်း၌ အေးအေးလူလူ ထိုင်ကာ စာဖတ်ရင်း၊ အတွေးပွားရင်း အချိန်ဖြုန်းနေသည်။ စာအုပ်ဆိုင်တွင် လူစည်သည်၊ မစည်သည်ကို သူ ဂရုမစိုက်ပါ။ ဗဟိုခရိုင်မှ ဗီလာတစ်လုံးကို အလကား ပေးအပ်ခဲ့သည့် ကျိကျစ်ရှို့ကဲ့သို့သော ဖောက်သည်မျိုး အနည်းငယ်ရှိနေသရွေ့ သူ၏ စားဝတ်နေရေးအတွက် ပူပန်နေစရာ မလိုပေ။

သူ အမှန်တကယ် လိုလားသည်မှာ သူ၏ လမ်းညွှန်ချက်များကို အလေးထားပြီး တုံ့ပြန်မှုပေးနိုင်သည့် အရည်အသွေးမြင့် ဖောက်သည်များသာ ဖြစ်သည်။ ထိုသို့သော ဖောက်သည်မျိုးနှင့်ဆိုလျှင် သူ၏ လုပ်ငန်းမှာ အကျိုးအမြတ် များပြားမည်မှာ သေချာလှသည်။

သို့သော်လည်း သာမန်ဖောက်သည်များကိုလည်း သူ လက်ခံကြိုဆိုရမည်သာ ဖြစ်သည်။ ဥပမာအားဖြင့် ယခုလေးတင် ဆိုင်ထဲသို့ ဝင်လာကြသော နွမ်းပါးပုံရသည့် ဖောက်သည်တစ်သိုက်ကဲ့သို့ပင်...။

ကလောင်...

လင်ကျဲက ခေါင်းမော့ကာ ဆိုင်ထဲသို့ ရုတ်တရက် ကျူးကျော်ဝင်ရောက်လာသည့် စုတ်စုတ်ပြတ်ပြတ် အဝတ်အစားများ ဝတ်ဆင်ထားသည့် ဖောက်သည်အချို့ကို ကြည့်လိုက်သည်။

"မင်္ဂလာပါ... ဘာများ..."

"ဒါ ဓားပြတိုက်နေတာကွ..."

ဇာခရီသည် သူ၏ ရင်ဘတ်အိတ်ထဲမှ ပြောင်လက်နေသော ဓားမြှောင်ငယ်တစ်စင်းကို ဆွဲထုတ်လိုက်ပြီး ကောင်တာတွင် ထိုင်နေသော ဆိုင်ရှင်လူငယ်ထံသို့ ချိန်ရွယ်လိုက်၏။

"အမ်..."

လင်ကျဲ၏ မျက်နှာထက်မှ အပြုံးများ အေးခဲသွားရသည်။ သူ ဘာဖြစ်နေသည်ကို နားမလည်နိုင်အောင် ဖြစ်သွားရ၏။ သူ့ကို ဓားနှင့်ချိန်ထားသော လူဆိုးအပြင် အခြားနှစ်ဦးမှာလည်း ကောင်တာကို ကျော်တက်လာပြီး လက်ဖက်ရည် ဖျော်နေသော မွန်းကို ဝိုင်းထားလိုက်ကြသည်။ သူတို့၏ မျက်ဝန်းများထဲတွင် ဆာလောင်မှုနှင့် ယုတ်မာသော အကြံအစည်များမှာ အထင်အရှားပင်။

မွန်းကမူ သူမလုပ်လက်စ အလုပ်ကိုပင် မရပ်တန့်ဘဲ အေးစက်စွာ တစ်ချက် မော့ကြည့်လိုက်သည်။ တင်းမာနေသော ထိုလေထုအတွင်း၌ လက်ဖက်ရည် ငှဲ့လိုက်သည့် အသံမှာ ပို၍ပင် စူးရှစွာ ထွက်ပေါ်လာသည်။

"န... နားမလည်ဘူးလား... တန်ဖိုးရှိတာမှန်သမျှ အကုန်ထုတ်ပေးစမ်း..."

ဇာခရီက သူ တတ်နိုင်သမျှ ခပ်ရင့်ရင့် လေသံဖြင့် အော်ဟစ်ကာ ကောင်တာကို ဓားဖြင့် တောက်လိုက်သည်။ ဤသည်မှာ သူ ပထမဆုံးအကြိမ် လူဆိုး လုပ်ဖူးခြင်း ဖြစ်သဖြင့် အနည်းငယ်တော့ ရင်ခုန်စိတ်လှုပ်ရှားနေမိသည်။ သို့သော် လူဆိုးလုပ်မည်ဟူသော သူ၏ ဆုံးဖြတ်ချက်မှာမူ ခိုင်မာလှပေသည်။ သူသည် ရိုးသားကြိုးစားသော အလုပ်သမားတစ်ဦးအဖြစ် ဆက်လက် မရှင်သန်တော့ဘဲ အဆိုးဆုံးသော လူမိုက်တစ်ဦး ဖြစ်လာရန် အစွမ်းကုန် ကြိုးစားနေခြင်း ဖြစ်သည်။

လင်ကျဲ၏ နှုတ်ခမ်းများမှာ တွန့်သွားခဲ့၏။ မိမိထက်ပင် ပို၍ တုန်လှုပ်နေပုံရသော ထိုဓားပြကို ကြည့်ရင်း သူ သက်ပြင်းတစ်ချက် ချလိုက်မိတော့သည်။

သူ၏ စုတ်ချာချာ စာအုပ်ဆိုင်လေးမှာ လူမိုက်များအကြား အတော်ပင် ရေပန်းစားနေပုံရသည်။ ဟိုးလတွေတုန်းကလည်း ဟုဒ် ဦးဆောင်သော စာအုပ်ခိုးသည့် လူငယ်တစ်သိုက် ရောက်လာခဲ့ပြီး ယခုမူ ဓားပြတိုက်မှုနှင့် ကြုံရပြန်ပြီ။ သို့သော် သူ၏ရှေ့မှ လူတစ်သိုက်မှာ ဟုဒ်တို့ကဲ့သို့ စာအုပ်ခိုးရန် လာခြင်းမဟုတ်ဘဲ သူတို့၏ မျက်လုံးထဲတွင် အစစ်အမှန် ငတ်မွတ်မှုနှင့် မျှော်လင့်ချက်မဲ့နေမှုတို့ အထင်အရှား ရှိနေကြသည်။

နော်ဇင်တွင် ဆင်းရဲသားရပ်ကွက်များ ရှိသော်လည်း လူတို့ ငတ်ပြတ်ပြီး ဓားပြတိုက်ရသည်အထိ အခြေအနေ မဆိုးရွားလှဟု သူ ထင်မိသည်။ လင်ကျဲက လက်ပိုက်ကာ မေးစေ့ကို ပွတ်သပ်ရင်း တည်ငြိမ်စွာပင် မေးလိုက်သည်။

"မင်းတို့ ဒုက္ခသည်တွေ ဘယ်က လာကြတာလဲ..."

"ပါးစပ်ပိတ်ထား..."

"မစ္စတာလင် မေးတာကို ဖြေစမ်း..."

အသံဩဩကြီးတစ်ခု ဟိန်းထွက်လာသည်။ ဒုက္ခသည်အချို့မှာ သူတို့၏ လည်ပင်းတွင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး မျက်စိထဲ ပြာဝေသွားကာ မေ့လဲလုနီးပါး ဖြစ်သွားကြသည်။

လင်ကျဲ ခေတ္တမျှ မှင်တက်သွား၏။ သူ ခေါင်းကို စောင်းကြည့်လိုက်သောအခါ ဂျိုးဇက်သည် မြေအောက်ခန်းထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။ ထိုလူကြီးသည် လက်တစ်ဖက်တည်းဖြင့် ဒုက္ခသည်တစ်ဦးကို အသာလေး မ၍ ဘေးသို့ ပစ်ချလိုက်သည်။ သူ၏ ဧရာမ ခန္ဓာကိုယ်နှင့် ထွက်ပေါ်လာသော အရှိန်အဝါမှာ တကယ့်ကို ခန့်ညားထည်ဝါလှပေသည်။

မွန်းက လက်ဖက်ရည် ငှဲ့ပြီးနောက် လင်ကျဲထံသို့ ကမ်းပေးလိုက်သည်။ လင်ကျဲကလည်း အကျင့်အတိုင်း လှမ်းယူလိုက်သော်လည်း ဂျိုးဇက်မှာ ထိုမျှ ပြင်းထန်သော ဒဏ်ရာများမှ မည်သို့ ဤမျှ မြန်မြန်ဆန်ဆန် ပြန်လည် နာလန်ထလာသနည်းဟု သူ တွေးတောနေမိသည်။

ဂျက်က လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး တံတွေး တစ်ချက် မျိုချလိုက်၏။

"တောင်းပန်ပါတယ်... တကယ် တောင်းပန်ပါတယ်... ကျွန်တော်တို့၊ ကျွန်တော်တို့က..."

သူက ဇာခရီကို ခြေထောက်ဖြင့် တို့ကာ ထွက်ပြေးရန် အချက်ပေးလိုက်သော်လည်း ဇာခရီမှာမူ နတ်ဆိုးတစ်ကောင်ကို တွေ့လိုက်ရသည့်အလား ထိုနေရာ၌ပင် ကျောက်ရုပ်ပမာ တောင့်တင်းနေတော့သည်။

"ခင်ဗျား၊ ခင်ဗျား၊ ခင်ဗျား..."

ချွမ်...

ဇာခရီ၏ ဓားမှာ ကြမ်းပြင်ပေါ်သို့ အသံမြည်ကာ ပြုတ်ကျသွားသည်။ သူ၏ ခြေထောက်များမှာ ခွေယိုင်သွားပြီး ဖင်ထိုင်လျက် ကျသွားသော်လည်း ဂျိုးဇက်ထံသို့ တုန်ရီနေသော လက်ညှိုးဖြင့် ညွှန်ပြနေဆဲ ဖြစ်သည်။

သူ၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး သတိမေ့မသွားမီ မြင်တွေ့ခဲ့ရသည့် နောက်ဆုံးမြင်ကွင်းကို သူ ရှင်းရှင်းလင်းလင်း ပြန်လည် မှတ်မိသွားသောကြောင့် ဖြစ်သည်။

...

ဂျိုးဇက်၏ နက်ပြာရောင် မျက်ဝန်းများက အိုင်ဗန် ဇာခရီကို အကဲခတ်လိုက်၏။ သူ ဤစုတ်ပြတ်သတ်နေသော လူကို တစ်ခါမျှ မတွေ့ဖူးကြောင်း သေချာပါသည်။ သို့သော် ဇာခရီ၏ မျက်နှာထက်မှ ကြောက်ရွံ့မှုမှာမူ သူ့ကို သိနေသည့်အလား လင်ကျဲ၏ မျက်စိထဲတွင် အထင်အရှားပင်။

လင်ကျဲက မျက်တောင် အကြိမ်ကြိမ် ခတ်လိုက်မိ၏။ ဤဓားပြက ဂျိုးဇက်ကို သိနေပုံရသည်မှာ တကယ့်ကို ထူးဆန်းလှသည်။

"ခင်ဗျား၊ ခင်ဗျား..."

ဇာခရီသည် ခြေမကိုင်မိ လက်မကိုင်မိဖြင့် ထရပ်ရန် ကြိုးစားရင်း နောက်သို့ တရွတ်တိုက် ဆုတ်ခွာသွားသည်။ သူ မေ့လဲမသွားမီ မြင်တွေ့ခဲ့ရသည့် ထိုမြင်ကွင်းမှာ မေ့ဖျောက်ရန် ကြိုးစားလေလေ၊ ပို၍ ထင်ရှားလာလေ ဖြစ်နေသည်။

ယခုမူ သူ၏ရှေ့မှ ဤထွားကျိုင်းသော သက်ကြီးပိုင်း လူကြီးမှာ သူ စက်ရုံပျက်ကြီးထဲမှ တွားသွားထွက်လာစဉ်က နေမင်းကြီးအဖြစ် ပြောင်းလဲသွားခဲ့သော ထိုမြင့်မြတ်သည့် အရှင်ပင် ဖြစ်ကြောင်း သူ ခွဲခြားသိမြင်လိုက်ရပြီ ဖြစ်သည်။

ဂျိုးဇက်က မျက်မှောင်ကြုတ်လိုက်၏။ ဤလူ၏ တုံ့ပြန်ပုံကို သူလည်း ဇဝေဇဝါ ဖြစ်နေသော်လည်း သေသေချာချာ စဉ်းစားကြည့်သော်လည်း ဤဒုက္ခသည်ကို သူ သိခဲ့သည်ဟု မထင်မိပေ။ သူ ကယ်တင်ခဲ့ဖူးသည့် လူပေါင်းမှာ မရေမတွက်နိုင်အောင် များပြားလှသည် မဟုတ်ပါလား။

ထိုသို့ ဂျိုးဇက်၏တွေဝေနေမှုက ဇာခရီကို ပို၍ပင် ထိတ်လန့်သွားစေသည်။ သူ နောက်ဆုတ်ရင်း ခလုတ်တိုက်ကာ နောက်ပြန် လဲကျသွားတော့သည်။

"ဟေ့... ဟေ့... အာ..."

လင်ကျဲသည် လက်ထဲမှ စာအုပ်ကို ချကာ ထရပ်ရန် ကြိုးစားလိုက်သည်။

ဝုန်း... ဂွမ်း...

ဇာခရီမှာ ပျာယာခတ်သွားပြီး လင်ကျဲ အသစ်ထုတ်ထားသော စာအုပ်ပုံကြီးကို ဝင်တိုက်မိသွားသည်။ မွန်းနှင့် ဂျိုးဇက်တို့၏ မျက်လုံးများမှာ တစ်ပြိုင်နက်တည်း ပြူးကျယ်သွားကြ၏။

ဇာခရီကလည်း အသိစိတ်မရှိဘဲ မော့ကြည့်လိုက်ရာ ယိုင်နဲ့နေသော စာအုပ်ပုံကြီးမှာ သူ၏ မြင်ကွင်းထဲ၌ ခမ်းနားထည်ဝါလှသော မိုးမျှော်တိုက်ကြီးတစ်ခု ပြိုကျလာသည့်အလား ဖြစ်နေသည်။ ထိုစာအုပ်များဆီမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေပြီး စာအုပ်များ မြေကြီးပေါ်သို့ ကျရောက်သွားသည်နှင့် အတွင်းမှ နတ်ဆိုးများမှာ ချိပ်တံဆိပ်ကို ဖျက်ဆီးကာ ထွက်ပြေးလာကြတော့မည့်အလား ခံစားနေရသည်။

ဂျိုးဇက်အတွက်မူ ဤစာအုပ်များသည် မစ္စတာလင်၏ အသိပညာနှင့် လုပ်ပိုင်ခွင့်အာဏာများ ဖြစ်သည်။ ဤစာအုပ်တိုင်းတွင် ထူးခြားသော အမှန်တရားများ မှတ်တမ်းတင်ထားပြီး တစ်အုပ်ချင်းစီမှာ ‘အခရာအဆင့်’ တစ်ဦးကို ဖန်တီးပေးနိုင်စွမ်း ရှိသည်။ မစ္စတာလင်က ဤအရာများကို ဂရုမစိုက်ဟု ဆိုစေဦးတော့၊ ဂျိုးဇက်ကမူ ထိုသို့ လျစ်လျူမရှုနိုင်ပေ။ ဤစာအုပ်များ မြေကြီးပေါ်သို့ လုံးဝ မကျရောက်စေရ...

ထို့ကြောင့် ဂျိုးဇက်၏ သူငယ်အိမ်မှာ ကျုံ့သွားပြီး ကြွက်သားတိုင်းမှာ တင်းမာသွားတော့သည်။ အီသာများမှာ သူ၏ ခန္ဓာကိုယ်အနှံ့ ပူပြင်းစွာ လောင်မြိုက်လာပြီး တစ်ခဏအတွင်းမှာပင် သူ၏ ပတ်ဝန်းကျင်ရှိ လေထုမှာ ပူပြင်းကာ တွန့်လိမ်သွားတော့သည်။

ဂျိုးဇက်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားပြီး နောက်တစ်စက္ကန့်တွင် ယိုင်နဲ့နေသော စာအုပ်ပုံကြီးဘေးသို့ ရောက်ရှိသွားကာ မြေကြီးပေါ်သို့ ကျလုဆဲဆဲ စာအုပ်များကို သူ၏ သန်မာသော လက်မောင်းဖြင့် လှမ်း၍ ထိန်းထားလိုက်သည်။

သို့သော် သူ တစ်ခုကို မေ့လျော့နေခဲ့သည်။ သူ၏ ဒဏ်ရာများမှာ လုံးဝ ပျောက်ကင်းခြင်း မရှိသေးသလို ‘အခရာအဆင့်’ ၏ စွမ်းအားကိုလည်း အပြည့်အဝ မထိန်းချုပ်နိုင်သေးပေ။ ထို့ကြောင့် ဤစာအုပ်များကို ကာကွယ်ရန် ကြိုးစားရာတွင် သူ၏ ခန္ဓာကိုယ်မှ အီသာစွမ်းအင်များ ပေါက်ကွဲထွက်သွားသည်ကို မတားဆီးနိုင်ခဲ့ချေ။

ဂျွတ်...

လဲကျနေသော စာအုပ်များကို ထိန်းထားနိုင်လိုက်သည့် တစ်ပြိုင်နက်မှာပင် အနီးဆုံး စာအုပ်စင် နောက်ကွယ်ရှိ နံရံကြီးမှာ... အက်ကွဲသွားတော့သည်။

ပင့်ကူအိမ်သဏ္ဌာန် အက်ကြောင်းများမှာ နံရံပေါ်တွင် ပေါ်လာပြီး ဖုန်မှုန့်များ တဖွဲဖွဲ ကျလာသည်။ ဂျိုးဇက်နှင့် နီးကပ်စွာ ရှိနေသော ဒုက္ခသည်အချို့မှာ သူတို့၏ ဦးခေါင်းနောက်စေ့ကို အရှိန်ပြင်းပြင်းဖြင့် အထုခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး မေ့လဲသွားကြတော့သည်။

သို့သော်လည်း...

စာအုပ်တစ်အုပ်တောင် မြေကြီးပေါ်သို့ မကျခဲ့ပေ။ ဤသည်မှာ တကယ့်ကို ကြီးမားသော အောင်မြင်မှုပင် ဖြစ်သည်။

ဂျိုးဇက်သည် သူ၏ နဖူးပေါ်မှ ချွေးစက်များကို သုတ်ရင်း သက်ပြင်းတစ်ချက် ချလိုက်ကာ စာအုပ်စင်ကို ပြန်လည် စီရီနေတော့သည်။

လင်ကျဲ "..."

မစ္စတာလင်မှာ ထရပ်မည့်ဟန်ပြင်ရာမှ သူ၏ထိုင်ခုံပေါ်သို့ ပြန်လည်ထိုင်ချလိုက်သည်။ ထို့နောက် မေးစေ့ကို လက်ဖြင့်ထောက်ကာ စဉ်းစားခန်းဝင်နေတော့သည်။

***

အပိုင်း(၄၆၄)

အကယ်၍ သူသာ အမြင်မမှားခဲ့လျှင် မျက်စိတစ်မှိတ်အတွင်း သူ့ဘေးမှ ဖြတ်ပြေးသွားပြီး နံရံကို အက်ကွဲသွားစေခဲ့သူမှာ ဂျိုးဇက်ပင် ဖြစ်သည်။

‘မဟုတ်လောက်ပါဘူး... မဟုတ်နိုင်ပါဘူး’

ထိုအဖြစ်အပျက်နှစ်ခုကြားတွင် အကြောင်းအကျိုးဆက်စပ်မှု မရှိနိုင်ဟု သူတွေးလိုက်သည်။ လင်ကျဲက သေသေချာချာ ပြန်လည်သုံးသပ်ကြည့်သည်။ နော်ဇင်တွင် ‘မြေနိမ့်ကျဆင်းမှု’ ကဲ့သို့သော ရယ်စရာကောင်းသည့် ဘူမိဗေဒဖြစ်စဉ်များပင် ရှိနေသည် မဟုတ်ပါလား။ လတ်တလောတွင် မြေလွှာများ မတည်မငြိမ်ဖြစ်နေပြီး သာမန်လူတို့ မခံစားမိနိုင်သော ငလျင်အသေးစားလေးတစ်ခုကြောင့် နံရံ အက်ကွဲသွားခြင်းလည်း ဖြစ်နိုင်သည်။

စာအုပ်များ မြေကြီးပေါ်မကျမီ ဂျိုးဇက်က လှမ်းဖမ်းလိုက်သည်ကို သူ အထင်အသား မြင်တွေ့ခဲ့ရသည်။ ဂျိုးဇက်သည် ကောင်တာကိုရော၊ နံရံကိုပါ တစ်စုံတစ်ရာ ထိတွေ့ခဲ့ခြင်း မရှိပေ။

သို့သော်လည်း...

ဂျိုးဇက်သည် လျှို့ဝှက်ဌာနတစ်ခုမှ ရဲအရာရှိတစ်ဦးဖြစ်ပြီး ခြေတုလက်တုများ တပ်ဆင်ထားသူဖြစ်ရာ သူ၏ကိုယ်ခံပညာ စွမ်းရည်မှာ သာမန်လူတို့၏ အကန့်အသတ်ထက် ကျော်လွန်နေခြင်းများလော။

ဤသည်မှာလည်း မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ သူ၏ ကမ္ဘာဟောင်းဖြစ်သော ကမ္ဘာမြေပေါ်တွင်ပင် စကျင်ကျောက်ပြားများကို လက်ဗလာဖြင့် ရိုက်ခွဲနိုင်သည့် ကိုယ်ခံပညာရှင်များ ရှိခဲ့သည် မဟုတ်ပါလား။ နည်းပညာများ အနည်းငယ် သွေဖည်နေသည့် ဤကမ္ဘာတွင် ထိုမျှစွမ်းရည်ရှိခြင်းမှာ ပုံမှန်ပင် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

‘အံ့သြနေစရာ မလိုပါဘူးလေ’

လင်ကျဲက တွေးရင်း ခေါင်းညိတ်လိုက်သည်။ သူ ပါးစပ်ကို လက်ဖြင့်အုပ်ကာ ချောင်းတစ်ချက်ဟန့်လိုက်ပြီး အက်ကွဲနေသော နံရံကို အကဲခတ်လိုက်သည်။

"အဟမ်း... ဂျိုးဇက်... ခင်ဗျားရဲ့ ဒဏ်ရာတွေက တော်တော်လေး သက်သာလာပုံရတယ်ပဲ... တုံ့ပြန်မှုက တကယ့်ကို မြန်ဆန်တာပဲ... ကျေးဇူးတင်ပါတယ်ဗျာ"

"မဟုတ်တာပဲ မစ္စတာလင်ရာ... အားနာစရာကြီး... ကျွန်တော်က မစ္စတာလင်ရဲ့ အဖိုးတန်စာအုပ်တွေ မြေကြီးပေါ်ကျပြီး ညစ်ပေသွားမှာ စိုးလို့ပါ"

ဂျိုးဇက်က တောက်ပသောအပြုံးဖြင့် ပြောလိုက်သည်။

"ဒါက ကျွန်တော် လုပ်သင့်လုပ်ထိုက်တာပါ... တကယ်လို့ ကျွန်တော် ဘာမှမလုပ်ခဲ့ရင်တောင် ခင်ဗျားရဲ့ လက်ထောက်လေးကလည်း ဒီလိုပဲ လုပ်မှာပါပဲ"

"ဪ... အဲဒါတော့ ဟုတ်တယ်"

လင်ကျဲက မွန်းကို လှမ်းကြည့်လိုက်ရာ မိန်းကလေးငယ်မှာ ဖြစ်ပျက်သမျှကို ဘာမှမဖြစ်သကဲ့သို့ တည်ငြိမ်စွာပင် ကြည့်နေသည်ကို တွေ့ရသည်။ အမှန်ပင်။ မွန်းသည် လူခြောက်ယောက်ကို တစ်ယောက်တည်း ရင်ဆိုင်နိုင်သူဖြစ်ရာ ဂျိုးဇက်၏ ကိစ္စမှာလည်း ထူးဆန်းလှသည်တော့ မဟုတ်ပေ။

‘ဂျိုးဇက်က ဗဟိုရဲတပ်ဖွဲ့ရဲ့ အထူးဌာနတစ်ခုကို ဦးစီးနေတဲ့သူပဲ... သူ့မှာ တစ်ခုခုတော့ ရှိမှာပေါ့... ငယ်ငယ်ကတည်းက လေ့ကျင့်ထားတဲ့ အထူးကွန်မန်ဒို တစ်ယောက်လိုမျိုးများလား’

‘ဒါပေမဲ့... ပြောရဦးမယ်... ငါ့ရဲ့ နံရံကြီး......

ဂျိုးဇက်... ခင်ဗျား ဘယ်လို လျော်ကြေးပေးမှာလဲ......

ထားလိုက်ပါတော့... ထားလိုက်ပါတော့... သူက ဒဏ်ရာနဲ့ဖြစ်နေတာတောင် စာအုပ်တွေကို ကာကွယ်ပေးခဲ့တာပဲ... ပြီးတော့ သူက ဒီဒုက္ခသည်တွေကိုလည်း ရှင်းပေးရဦးမှာ...’

"ဟူး..."

လင်ကျဲက စိတ်ကို တည်ငြိမ်စေရန် အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်သည်။ သူ တစ်စုံတစ်ခုကို မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် သူ့ကို ဓားဖြင့်ချိန်ခဲ့သော ဓားပြမှာ ဤအုပ်စုထဲတွင် သတိမမေ့ဘဲ ကျန်နေသည့် တစ်ဦးတည်းသောသူ ဖြစ်နေသည်ကို သတိပြုမိလိုက်သည်။

"အင်း..."

လင်ကျဲက ကောင်တာကို မှီလိုက်ပြီး ကြောက်လန့်တကြား လဲကျနေသည့် ဒုက္ခသည်ကို ကြည့်လိုက်သည်။ ဂျိုးဇက် လှည့်ကြည့်လိုက်သောအခါ သူလည်း အံ့သြသွားရသည်။ ဤလူသည် သဘာဝလွန် စွမ်းအားရှင် မဟုတ်သော်လည်း ‘အခရာအဆင့်’ ၏ ဖိအားပေးထားသော အရှိန်အဝါရှေ့တွင် သတိမလစ်ဘဲ ရှိနေနိုင်သည်။

ဇာခရီသည် ပေါက်ကွဲထွက်လာသော အီသာစွမ်းအင်များကြားတွင် မေ့လဲမသွားခဲ့ပေ။ ထိုအစား သူသည် ကြမ်းပြင်ပေါ်တွင် ဖင်ထိုင်လျက်၊ အသက်ကင်းမဲ့နေသော မျက်ဝန်းများ၊ ဗလာဖြစ်နေသော မျက်နှာပေးတို့ဖြင့် စက်ရုံပျက်ကြီးထဲမှ ထွက်လာစဉ်က မြင်တွေ့ခဲ့ရသည့် မြင်ကွင်းကို စိတ်ထဲ၌ ပြန်လည် မြင်ယောင်နေမိသည်။

ယခုမူ သူ သေချာသွားပြီဖြစ်သည်။ သူ သတိမေ့မသွားမီ မြင်တွေ့ခဲ့ရသည့် နောက်ဆုံးအရာမှာ ဂျိုးဇက်ပင် ဖြစ်သည်။ မီးလျှံများအဖြစ် ပြောင်းလဲသွားသော ထိုသူရဲကောင်းကြီး...။

‘ငါ... ငါ အသတ်ခံရတော့မှာလား’

ဇာခရီသည် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်မိသည်။ ဗဟိုခရိုင်အစိုးရသည် ဤကိစ္စကို လျှို့ဝှက်ထားရန် ဆုံးဖြတ်ခဲ့ကြောင်း သူ ပြန်လည် သတိရမိသည်။ သူကတော့ မတော်တဆ မြင်တွေ့ခဲ့မိလေပြီ။

လူတစ်ယောက်သည် များများသိလေ၊ စောစောသေလေ မဟုတ်ပါလား။

ကြောက်ရွံ့မှုများက ဇာခရီ၏ နှလုံးသားကို အပြည့်အဝ ဖုံးလွှမ်းသွားသည်။ သို့သော် ယခုအချိန်တွင် သူတစ်ယောက်တည်း မဟုတ်ပေ။ သူ၏ လုပ်ဖော်ကိုင်ဖက်များ၏ အသက်အတွက်လည်း သူ ထည့်သွင်း စဉ်းစားရမည်ဖြစ်သည်။

"မင်း အဆင်ပြေရဲ့လား"

လင်ကျဲက ဇာခရီကို မေးလိုက်သည်။

"အ... အဆင်ပြေပါတယ်"

ဇာခရီက ကြမ်းပြင်ပေါ်မှ ဂရုတစိုက် ထရပ်ပြီး အတင်းအကျပ် ပြုံးပြလိုက်သည်။ သို့သော် အမှန်တကယ်တွင် သူ၏ ခြေထောက်များမှာ ကြောက်လန့်လွန်းသဖြင့် အားအင်ကုန်ခမ်းနေပြီ ဖြစ်သည်။

"မင်းရဲ့ သူငယ်ချင်းတွေက... ဘာလို့ အကုန်လုံး မေ့လဲကုန်တာလဲ..."

လင်ကျဲက ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသည့် ဒုက္ခသည်များကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

‘ဒါက ဂျိုးဇက်ကြောင့်တော့ မဟုတ်နိုင်ပါဘူး... သူက ဒီလူတွေကို ထိတောင် မထိခဲ့တာပဲ...’

ဇာခရီ၏ နှုတ်ခမ်းများမှာ တွန့်သွားရ၏။

‘ဒါ ခင်ဗျား လက်ချက် မဟုတ်ဘူးလားဟ... ခင်ဗျားကပဲ ဒီလူသန်ကြီးကို ခိုင်းလိုက်တာ မဟုတ်လား... အခုကျမှ ဘာမှမသိတဲ့ မျက်နှာပေးနဲ့ ငါ့ကို လာမေးနေတာလား’

‘ခင်ဗျားက တကယ့် လူသားရော ဟုတ်ရဲ့လား’

ထိုခဏအတွင်း ထွက်ပေါ်လာသော အရှိန်အဝါမှာ သူ သတိလစ်နေစဉ် ခံစားခဲ့ရသည့် အရှိန်အဝါနှင့် တစ်ထေရာတည်း တူညီနေသည်ကို သူ အထင်အရှား သိမြင်နေပေသည်။

"သူတို့က... ဗိုက်ဆာလွန်းလို့ မေ့လဲသွားတာ ထင်ပါတယ်..."

ဇာခရီက မနည်းပင် ပြုံးပြလိုက်ရသည်။ တစ်ဖက်လူက ဤကဲ့သို့ မေးနေသည်ဆိုလျှင် ဘာမှမသိသလို ဟန်ဆောင်ချင်နေ၍ ဖြစ်ပေလိမ့်မည်။

‘ငါ ပြောလို့မဖြစ်ဘူး... အဲဒီလူကြီးကို ငါ မြင်ခဲ့ပါတယ်လို့ လုံးဝ ပြောလို့မဖြစ်ဘူး... မဟုတ်ရင် ငါ အသတ်ခံရလိမ့်မယ်’

"ဪ..."

လင်ကျဲက အံ့အားသင့်စွာ တုံ့ပြန်လိုက်သည်။

"သူဌေး... အမှန်အတိုင်း ပြောရရင် ကျွန်တော်တို့ မစားရတာ ရက်အတော်ကြာပါပြီ"

ဇာခရီက တုန်ရီနေသော အသံဖြင့် ပြောလိုက်သည်။

"ကျွန်တော်တို့က ၆၇ လမ်းမမှာ အလုပ်ကြမ်းသမားတွေအဖြစ် အလုပ်လုပ်နေကြတာပါ... ဒါပေမဲ့ မြေနိမ့်ကျဆင်းမှုကြောင့် အကုန်ပြိုကျသွားပြီး အိုးမဲ့အိမ်မဲ့ ဖြစ်သွားရတာပါ... အဲဒါကြောင့် စာအုပ်ဆိုင်ကို ဓားပြတိုက်ဖို့ စဉ်းစားမိတာပါ... ကျွန်တော်တို့ တကယ်ကို မျှော်လင့်ချက်မဲ့နေလို့ပါ"

"ကျွန်တော်... ကျွန်တော် တောင်းပန်ပါတယ်..."

ဇာခရီသည် လက်အုပ်ချီကာ တောင်းပန်ရင်း သူတို့အုပ်စု ကြုံတွေ့ခဲ့ရသည်များကို ပြောပြနေစဉ် ဂျိုးဇက်ကို တစ်ချက်တစ်ချက် ခိုးကြည့်နေမိသည်။

ဇာခရီအတွက်မူ ဂျိုးဇက်မှာ ရှေ့မှ စာအုပ်ဆိုင်ရှင်ထက် ပို၍ ကြောက်စရာကောင်းနေသည်။ သို့သော် ဂျိုးဇက်ကိုယ်တိုင်က ဤစာအုပ်ဆိုင်ရှင်အပေါ် အလွန်အမင်း ရိုသေကိုင်းရှိုင်းနေခြင်းမှာ ကောင်တာနောက်ကွယ်မှ လူငယ်သည် ဂျိုးဇက်ထက်ပင် ပိုမို ကြောက်မက်ဖွယ်ကောင်းသူ ဖြစ်ကြောင်း သက်သေပြနေသည်။ ထိုမျှ စွမ်းအားကြီးသူကို ဇာခရီအနေနှင့် မည်သို့မျှ မပြစ်မှားရဲတော့ပေ။

‘အဲဒါကြောင့်ကိုး...’

၆၇ လမ်းမ၏ ကြေကွဲဖွယ် အခြေအနေများကို တီဗွီသတင်းတွင် မြင်တွေ့ခဲ့ရသည်ကို ပြန်လည် အမှတ်ရမိသောအခါ လင်ကျဲ၏ စိတ်ထဲတွင် စာနာစိတ်များ ပေါ်ပေါက်လာသည်။ လင်ကျဲအနေနှင့် အချို့အချက်များကို ခန့်မှန်းမိပြီးသားဖြစ်သော်လည်း ယင်းတို့ကို ထုတ်ဖော် မပြောလိုခြင်းသာ ဖြစ်သည်။ ယခုအခါ သူတို့ကို ရဲစခန်းသို့ ပို့ရန် အကြောင်းပြချက် ပို၍ပင် မရှိတော့ပေ။

"ဟူး... မင်းတို့ အမှားကို သိပြီး နောင်တရတယ်ဆိုရင်တော့ နောက်ကို ဒီလိုမျိုးတွေ ထပ်မလုပ်ပါနဲ့တော့"

လင်ကျဲ ခေတ္တမျှ စဉ်းစားလိုက်သည်။ ဤလူများမှာ စာအုပ်ဝယ်ရန် တတ်နိုင်သူများ မဟုတ်ကြောင်း သူ သိပါသည်။ သို့သော် ကူညီတတ်ခြင်းမှာ သူ၏ မူဝါဒဖြစ်ရာ သူက တောက်ပစွာ ပြုံးပြလိုက်၏။

"မင်းတို့ ဒီလောက်တောင် ဗိုက်ဆာနေတယ်ဆိုရင် ငါနဲ့အတူ ထမင်းလက်ဆုံ စားကြတာပေါ့"

ထိုစကားကို ကြားလိုက်ရသည်နှင့် ဇာခရီ၏ ခြေထောက်များမှာ ကြောက်လန့်တကြား ခွေယိုင်သွားတော့သည်။

"မလိုပါဘူး၊ မလိုပါဘူး... ခင်ဗျားရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်"

ဇာခရီက လက်ကာပြရင်း တတွတ်တွတ် ပြောနေတော့သည်။

"ကျွန်တော်တို့ အခုပဲ ထွက်သွားပါ့မယ်၊ အခုပဲ ထွက်သွားပါ့မယ်"

ဇာခရီသည် ရက်အတော်ကြာ ငတ်မွတ်နေခဲ့သည်မှာ အမှန်ပင်။ သို့သော် ယခုအချိန်တွင်မူ သူ၏ ခန္ဓာကိုယ်ထဲ၌ အင်အားများ ပြည့်လျှံလာသကဲ့သို့ သူ၏ လုပ်ဖော်ကိုင်ဖက်များကို စာအုပ်ဆိုင်ပြင်ပသို့ တရွတ်တိုက် ဆွဲထုတ်သွားတော့သည်။

"ဟေ့၊ ခဏလေးဦး..."

လင်ကျဲက သူတို့နောက်မှ ရုတ်တရက် လှမ်းအော်လိုက်ရာ ဇာခရီမှာ ပို၍ပင် အရှိန်မြှင့်လိုက်သည်။

"မစ္စတာလင် ခေါ်နေတယ်လေ"

ဂျိုးဇက်က ဟိန်းဟောက်လိုက်ရာ ဇာခရီမှာ ထိုနေရာ၌ပင် ရပ်တန့်သွားရတော့သည်။

"နောက်ထပ်... ဘာများ ရှိသေးလို့လဲဟင် သူဌေး..."

ဇာခရီသည် ငိုမဲ့မဲ့ မျက်နှာဖြင့် လှည့်ကြည့်လိုက်သည်။

‘လူတစ်ယောက်ကို ငါးတစ်ကောင် ပေးရင် သူ တစ်ရက်စာပဲ ဗိုက်ဝမယ်...’

လင်ကျဲက တွေးတောနေမိသည်။

"ငါ မင်းတို့ကို ဒီနေ့ ဆုံးမလိုက်ရုံ ဒါမှမဟုတ် ထမင်းတစ်နပ် ကျွေးလိုက်ရုံနဲ့တင် နောက်တစ်ခါ ဒီလို မျှော်လင့်ချက်မဲ့တဲ့ အခြေအနေမျိုး ကြုံလာရင် မင်းတို့ ခိုးတာ၊ တိုက်တာတွေ ထပ်လုပ်ဦးမှာပဲ"

"ဒါကြောင့် ငါ မင်းကို စာအုပ်တစ်အုပ် ပေးလိုက်မယ်..."

လင်ကျဲက ဇာခရီကို ပြုံးပြလိုက်သည်။

"ဒါက အလကားပါ... ဒါပေမဲ့ ဒီစာအုပ်က မင်းကို နောင်တစ်ချိန်မှာ ဆင်းရဲတွင်းက လွတ်အောင် ကူညီပေးနိုင်ခဲ့ရင်တော့ ငါ့ကို ပြန်ပြီး ကျေးဇူးဆပ်ဖို့ မမေ့ပါနဲ့"

လင်ကျဲက ပြောပြောဆိုဆိုဖြင့် ကောင်တာနောက်ကွယ်ရှိ စာအုပ်စင်မှ စာအုပ်တစ်အုပ်ကို လှမ်းယူလိုက်သည်။

ဇာခရီမှာ ဘာလုပ်ရမှန်းမသိဘဲ ထိုနေရာ၌ပင် ကြောင်စီစီဖြင့် ရပ်နေမိ၏။

‘ငါ ဆက်ပြီး လူကောင်း မလုပ်တော့ဘူးလို့ ပြောခဲ့တယ် မဟုတ်လား... ဒါပေမဲ့ ဘာလို့ ဒီလိုမျိုးတွေနဲ့ ထပ်ကြုံနေရတာလဲ’

သို့သော် ထိုခံစားချက်မှာ ခဏတာမျှသာ ဖြစ်သည်။ သူ၏ အကြည့်မှာ စာအုပ်ဆိုင်ရှင်၏ ကျောပြင်ဆီသို့ ရောက်သွားသောအခါ သူ၏ရှေ့မှ ဤစာအုပ်ဆိုင်မှာ စာအုပ်ဆိုင်တစ်ခု မဟုတ်တော့ကြောင်း သူ ရုတ်တရက် သဘောပေါက်လိုက်သည်။ ယင်းမှာ ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးတစ်ကောင်၏ နက်မှောင်လှသော ခံတွင်းကြီးနှင့် တူလှပေသည်။

အန္တရာယ်ကင်းလှပုံရသော ဆိုင်ရှင်၏ အပြုံးမှာ ထိုမှောင်မိုက်မှုအတွင်း၌ ဝှက်ဖုံးနေပြီး အဆိပ်အတောက်ကဲ့သို့ ယုတ်မာသော ဆွဲဆောင်မှုစွမ်းအားများဖြင့် ပြည့်နှက်နေသည်။

ဆိုင်ရှင်က စာအုပ်တစ်အုပ်ကို ရွေးချယ်ကာ လှည့်လာပြီး ဇာခရီ၏ရှေ့သို့ ချပေးလိုက်ရာ ဇာခရီမှာ အသက်ရှူရန်ပင် မေ့လျော့သွားခဲ့သည်။

"ဒါက အနည်းငယ်တော့ ခေတ်နောက်ကျနေတဲ့ နည်းပညာတစ်ခုပါ... ဒါပေမဲ့ ဒီနေ့ခေတ်အထိ လက်တွေ့မှာ တကယ် အသုံးဝင်နေဆဲပဲ... ဒီစာအုပ်က မင်းအတွက် လမ်းစဉ်အသစ်တစ်ခုကို ပြသပေးနိုင်လိမ့်မယ်လို့ ငါ ယုံကြည်ပါတယ်"

လင်ကျဲသည် ‘အသား၊ ငါး အချဉ်တည်နည်း’ အမည်ရှိ စာအုပ်ကို ကောင်တာပေါ်မှတစ်ဆင့် တွန်းပို့ပေးလိုက်လေတော့သည်။

***

All Chapters