အခန်း (၄၆၅-၄၆၆)
Vol. 34 Ch. 465-466
အပိုင်း(၄၆၅)
လင်ကျဲ၏ အကဲခတ်ချက်အရ နော်ဇင်တွင် ‘အချဉ်တည်ခြင်း’ ဟူသော အတတ်ပညာမျိုး မရှိသေးပေ။ လင်ကျဲသည် ယခင်က ဝက်ဘ်နိုဗယ်လ်များကို လေ့လာသည့် အနေဖြင့် ဖတ်ဖူးသည်။ ထိုဇာတ်လမ်းများထဲမှ ဇာတ်လိုက်များသည် သူတို့ရောက်ရှိသွားသော ကမ္ဘာသစ်တွင် မရှိသေးသည့် အရာများကို ယူဆောင်လာလေ့ရှိကြသည်။ လင်ကျဲ၏ စာအုပ်ဆိုင်မှ စာအုပ်များသည်လည်း တစ်နည်းအားဖြင့် ထိုသို့ပင် ဖြစ်သည်။ ၎င်းတို့ထဲတွင် နော်ဇင်၌ မရှိသေးသော နည်းပညာများနှင့် သတင်းအချက်အလက်များစွာ ပါဝင်နေသည်။
သို့သော် လင်ကျဲက ပျင်းလွန်းလှသည်။ သူသည် မည်သည့်နေရာတွင်ဖြစ်စေ အေးအေးလူလူ နေရသည်ကိုသာ နှစ်သက်သူဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် သူ့တွင် ‘ဖြတ်လမ်းနည်း’ များ ရှိနေစေဦးတော့၊ သူသည် ဤကမ္ဘာတွင် ထိပ်တန်းသို့ တက်လှမ်းရန် စိတ်မကူးခဲ့ပေ။
သို့သော်ငြားလည်း ကမ္ဘာမြေမှ နည်းပညာများပါဝင်သော စာအုပ်များကိုသာ သူ အကုန်ထုတ်ပေးလိုက်မည်ဆိုလျှင် ဤနေရာ၏ နည်းပညာဖွံ့ဖြိုးမှု အစဉ်အလာ ကို ဖျက်ဆီးရာ ရောက်ပေလိမ့်မည်။ တာဝန်သိတတ်သော ကမ္ဘာ ကူးပြောင်းလာသူတစ်ဦးအနေဖြင့် နော်ဇင်အပေါ် ထိုမျှအထိ သက်ရောက်မှုမရှိစေရန် ဂရုစိုက်သင့်သည်ဟု သူ ခံစားရသည်။
ကြည့်လေ... လက်ရှိ နော်ဇင်သည် သူ စတင်ရောက်ရှိလာချိန်ကအတိုင်းပင် ရှိနေသေးသည် မဟုတ်ပါလား။ သို့သော်လည်း ယခုအချိန်တွင်မူ သူသည် ဘာမှ အကျိုးမပြုဘဲလည်း မနေနိုင်တော့ချေ။
သူ့ရှေ့မှ ‘အသား၊ ငါး အချဉ်တည်နည်း’ စာအုပ်မှာ နည်းပညာဆိုင်ရာ စာအုပ်တစ်အုပ် ဖြစ်သည်။ ဇာခရီကို ဤစာအုပ်ပေးလိုက်ခြင်းမှာ သူ့ကို ကိုယ်ပိုင်အတတ်ပညာတစ်ခု သင်ကြားပေးလိုက်ခြင်းနှင့် အတူတူပင်ဖြစ်သည်ဟု လင်ကျဲ ယူဆသည်။
‘ကဲ... နော်ဇင်ရဲ့ အချဉ်တည် ဖခင်ကြီး ဆိုတဲ့ တာဝန်ကိုတော့ မင်းပဲ ထမ်းဆောင်ရတော့မယ်...’
ဇာခရီသည် လင်ကျဲက စာအုပ်ကို သူ့ရှေ့သို့ ဖြည်းဖြည်းချင်း ချပေးသည်ကို ကြည့်နေမိသည်။ ထိုအခိုက်တွင်ပင် ကြီးမားလှသော စွမ်းအင်လှိုင်းကြီးတစ်ခုက သူ့ကို ရိုက်ခတ်သွားသကဲ့သို့ ခံစားလိုက်ရသဖြင့် သူ အသက်ရှူပင် မှားသွားရသည်။ သူသည် စာအုပ်၏ အမည်ကို ဖတ်ရန် အားယူလိုက်၏။ တွန့်လိမ်နေသော စာလုံးများသည် ကြောက်မက်ဖွယ်ကောင်းသော တေးသံများနှယ် သူ၏ စိတ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာတော့သည်။
‘နက်ခရိုမန်စီ၏ အပိုင်းအစများ...’
ဤစကားလုံးများသည် သူ၏ နားစည်ကို ဖောက်ထွက်ကာ ဦးနှောက်ထဲသို့ တိုက်ရိုက်ရောက်ရှိသွားသည့် စူးရှသော အော်ဟစ်သံကြီးတစ်ခုကဲ့သို့ပင်။
ဇာခရီသည် ထိုစာအုပ်ကို မြင်လိုက်ရသောအခါ ဂျိုးဇက်အပေါ် ထားရှိသည့် ကြောက်ရွံ့မှုများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။ ယင်းမှာ သူ မခုခံနိုင်မီမှာပင် ရက်စက်လှသော သားရဲကြီးတစ်ကောင်၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး ၎င်း၏ ဝမ်းဗိုက်ထဲသို့ ရောက်ရှိသွားသကဲ့သို့ပင်။ သူသည် တစ်စုံတစ်ခုက မျိုချလိုက်သည့် အသံကိုပင် အတိုင်းသား ကြားနေရသကဲ့သို့ ရှိတော့သည်။
ဇာခရီသည် အဆုံးမရှိသော ဥမင်လိုဏ်ခေါင်းကြီးတစ်ခုထဲသို့ ရောက်ရှိနေသကဲ့သို့ ခံစားရပြီး ထိုစာအုပ်မှာ ဥမင်၏ နက်ရှိုင်းသော နေရာမှ ထွက်ပေါ်လာသော အသံကို နားထောင်ရန် တံခါးပေါက်တစ်ခု ဖြစ်နေသည်။ ထိုတွင်းနက်ကြီး၏ အမှောင်ထုအတွင်းတွင် အမည်မသိသော ထာဝရ နတ်ဘုရားများသည် မမြင်ရသော ဧရာမ စည်ကြီးများကို တီးခတ်နေကြပြီး ထူးဆန်းသော ပုလွေမှုတ်သမားတစ်ဦးကလည်း ဘေးမှ တိုးတိုးလေး မှုတ်နေသကဲ့သို့ပင်။ ထိုလေမှုတ်တူရိယာသံမှာ ရွံရှာဖွယ်ကောင်းလှသလို ငြီးငွေ့စရာလည်း အလွန်ကောင်းလှပေသည်။
ဇာခရီသည် ထိုအဆုံးမရှိသော အမှောင်ထုထဲတွင် ရပ်နေမိသည်။ သူ၏ အာရုံကြောတိုင်းမှာ တုန်လှုပ်နေပြီး ကိုယ်တွင်းအင်္ဂါများပင် တုန်ခါနေတော့သည်။ နာကျင်မှုများက သူ့ကို ဝန်းရံထားသော်လည်း တစ်စုံတစ်ခုက သူ၏ ဝိညာဉ်ကို ချည်နှောင်ထားသဖြင့် သူ မည်သို့မျှ ထွက်ပြေး၍ မရနိုင်ပေ။
ဆင်းရဲဒုက္ခနှင့် နာကျင်မှုများကို ခံနိုင်ရည်ရှိအောင် လေ့ကျင့်ထားသော သူ၏ ခန္ဓာကိုယ်မှ ချွေးစေးများ ထွက်လာပြီး သူ၏ စုတ်ပြတ်နေသော အဝတ်အစားများပင် စိုရွှဲသွားတော့သည်။ ဇာခရီသည် စာဖတ်ခြင်းကို ရပ်တန့်ချင်သော်လည်း ထိုစာအုပ်တွင် ဆွဲဆောင်မှုရှိသော စွမ်းအားတစ်ခု ပါရှိနေသည်။ ၎င်းက သူ၏ သိလိုစိတ်ကို အစွမ်းကုန် ဆွဲဆောင်နေခြင်း ဖြစ်သည်။
သူသည် တုန်ရီနေသော လက်ဖြင့် စာအုပ်ကို လှန်ကြည့်လိုက်ရာ ပထမဆုံး အခန်းကို တွေ့လိုက်ရသည်။
‘ရှင်သန်နေသော အလောင်းများ’
ဇာခရီ၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး ကုန်းပေါ်သို့ ရောက်နေသည့် ငါးတစ်ကောင်ကဲ့သို့ အသက်ကို လုရှူနေရတော့သည်။ လင်ကျဲမှာမူ ဇာခရီ၏ ဤကဲ့သို့ ပိုပိုကဲကဲ စာဖတ်ပုံကို အသားကျနေပြီ ဖြစ်သည်။ ဤနေရာမှ စာအုပ်ဝယ်သူ အများစုမှာ ဤကဲ့သို့ပင် ဖြစ်ကြသည် မဟုတ်ပါလား။ ဗဟုသုတများ ရရှိခြင်းမှာ ပျော်ရွှင်စရာ ကောင်းသည်ကို သူ နားလည်ပေးနိုင်ပါသည်။
သို့သော် ယခင်က သူပေးခဲ့သော စာအုပ်အများစုမှာ စိတ်ဓာတ်ခွန်အားဖြည့် စာအုပ်များ သို့မဟုတ် ဇာတ်လမ်းပါသော စာအုပ်များသာ ဖြစ်ကြသည်။ ယခုတစ်ကြိမ်တွင်မူ ဇာခရီသည် နည်းပညာ သက်သက်ပါသော စာအုပ်ကိုပင် မနားတမ်း ဖတ်နေသည်ကို တွေ့ရသည်။
‘သူက တကယ်ပဲ နှစ်တစ်ရာမှာ တစ်ယောက်ပဲ ပေါ်ထွန်းတဲ့ အချဉ်တည် ပါရမီရှင်များလား’
အကယ်၍ သူသာ ထိုမျှ သနားစရာ မကောင်းခဲ့လျှင် လင်ကျဲအနေနှင့် ဤစာအုပ်ကို ပေးမည် မဟုတ်ပေ။
"ကဲ... ဘယ်လို ထင်သလဲ"
လင်ကျဲက ဇာခရီ၏ အာရုံစိုက်မှုကို ရုတ်တရက် ဖြတ်တောက်ကာ မေးလိုက်သည်။
ဂွမ်း...
ဇာခရီမှာ ခေါင်းပေါ်သို့ ခေါင်းလောင်းကြီးတစ်ခုဖြင့် ထုလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
"အား... ဟူး... ဟူး..."
ဇာခရီ ချွေးများတဖြိုင်ဖြိုင်နှင့် အသက်ကို လုရှူရင်း...
"ဒီစာအုပ်က... ဒီစာအုပ်က တကယ်ကို..."
"ဟုတ်တယ်၊ ဒါက ဟင်းသီးဟင်းရွက်တွေကို ဘယ်လို ကြာရှည်ခံအောင် ထားရမလဲဆိုတာ ပြသပေးတဲ့ ခေတ်ဟောင်း နည်းပညာတစ်ခုပဲ"
လင်ကျဲက လက်ပိုက်ကာ ကောင်တာပေါ်တွင် မှီလိုက်ရင်း စားပွဲပေါ်ရှိ ‘အသား၊ ငါး အချဉ်တည်နည်း’ စာအုပ်ကို တစ်ချက် ကြည့်လိုက်သည်။
"ဟင်းသီးဟင်းရွက်တွေ ဟုတ်လား"
ဇာခရီက တုန်ရီနေသော လေသံဖြင့် ထိုစကားလုံးကို ရေရွတ်လိုက်သည်။ သူသည် သူ၏လက်ထဲရှိ ‘နက်ခရိုမန်စီ၏ အပိုင်းအစများ’ စာအုပ်ကို မယုံနိုင်စွာ ငုံ့ကြည့်နေမိသည်။
"ဟုတ်တယ်၊ ဟင်းသီးဟင်းရွက်တွေပေါ့... ဟင်းသီးဟင်းရွက်တွေက ဒီအတိုင်းဆို ကြာရှည်မခံဘူးလေ၊ မြန်မြန် ပုပ်သိုးသွားပြီး စားလို့မရတော့ဘူး"
လင်ကျဲက ပြုံးလျက် ရှင်းပြလိုက်သည်။
‘ဟင်းသီးဟင်းရွက်... ပုပ်သိုးတာ...’
ဇာခရီ၏ မျက်လုံးများ ပြူးသွားကာ စာအုပ်ကို နောက်တစ်ကြိမ် ငုံ့ကြည့်လိုက်သည်။
‘ဟင်းသီးဟင်းရွက်ဆိုတာ လူသေအလောင်းကို ဆိုလိုတာလား... ရုပ်သေးရုပ်တွေ ဒါမှမဟုတ် မမ်မီတွေ လုပ်တာမျိုးလား’
ဇာခရီသည် ယခင်က အမိုးခုံး ဘုရားကျောင်းတော်၏ ဘာသာဝင် ဖြစ်ခဲ့ဖူးသည်။ နောက်ပိုင်းတွင် ထိုဘာသာမှာ မိစ္ဆာဂိုဏ်းအဖြစ် သတ်မှတ်ခံခဲ့ရပြီး ရဲများကလည်း သူ့ကို ထိုဂိုဏ်း၏ အယူမှားမှုများအကြောင်း လာရောက် ရှင်းပြခဲ့ဖူးသည်။ အရာရှိတစ်ဦးက ထိုမိစ္ဆာဂိုဏ်းများသည် သာမန်လူများကို ကိုယ့်ကိုယ်ကိုယ် သတ်သေအောင် ပြုလုပ်သည့် ယဇ်ပူဇော်နည်းများကို အသုံးပြုကြသည်ဟု ပြောပြခဲ့ဖူးသည်။
သို့သော် ဇာခရီသည် ၆၇ လမ်းမမှ မြင်ကွင်းကို မြင်တွေ့ခဲ့ရပြီးနောက် ဤလောကတွင် နတ်ဘုရားများ တကယ်ရှိကြောင်း အပြည့်အဝ ယုံကြည်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ရှေ့မှ ပညာရှင်ဆန်ဆန် ပြုံးနေသော ဤဆိုင်ရှင် လူငယ်သည်လည်း ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုမျိုး ဖြစ်ပေလိမ့်မည်။
‘သူက လူသေအလောင်းတွေကို အစားအစာလိုပဲ မြင်နေတာလား...’
"ဒီစာအုပ်က အဲဒါတွေကို ဘယ်လို ကြာရှည်အောင် ထားရမလဲ၊ ဘယ်လို ပိုပြီး အရသာရှိအောင် လုပ်ရမလဲဆိုတာကို ပြောပြလိမ့်မယ်"
လင်ကျဲက ဆက်လက် ရှင်းပြရင်း လျှာဖြင့် နှုတ်ခမ်းကို သပ်လိုက်မိသည်။ အမှန်အတိုင်း ပြောရလျှင် သူ နော်ဇင်သို့ ရောက်ကတည်းက အချဉ် တစ်ခါမျှ မစားရသေးသဖြင့် ထိုအကြောင်း ပြောလိုက်သည်နှင့် သူ၏ အရသာခံ အာရုံများမှာ နိုးကြားလာပြီး တံတွေးပင် ထွက်လာသောကြောင့် ဖြစ်သည်။
ဇာခရီမှာ အသက်ရှူပင် ကြပ်လာတော့၏။ ဆိုင်ရှင်လူငယ်က ရှင်သန်နေသော အလောင်းများကို မည်သို့ မွေးမြူရမည်ကို စိတ်အားထက်သန်စွာ ပြောဆိုနေသည်ကို သူ ပြူးပြူးပြာပြာ ကြည့်နေမိသည်။
သူ ခေတ္တမျှ စဉ်းစားပြီးမှ ဂရုတစိုက် ပြန်လည် ဖြေကြားလိုက်၏။
"ဒီလို ကြာရှည်ခံအောင် ထားတဲ့ နည်းလမ်းက သူတို့ကို ဘဝသစ် တစ်ခု ပေးနိုင်တာပေါ့... ဟုတ်လား"
"အတိအကျပဲ..."
လင်ကျဲက ဇာခရီ၏ တင်စားချက်ကို သဘောကျသွားသည်။ မှန်ပေသည်။ အချဉ်တည်ခြင်းသည် သာမန် ဟင်းသီးဟင်းရွက်များကို ဘဝသစ် ပေးလိုက်ခြင်းပင် မဟုတ်ပါလား။
လင်ကျဲသည် ဂေါ်ဖီထုပ်ကို မကြိုက်သော်လည်း ဂေါ်ဖီချဉ်မှာမူ ထမင်းကြော်အတွက် မရှိမဖြစ်ပင် ဖြစ်သည်။ ချဉ်စပ် ဂေါ်ဖီထုပ်နှင့် ကြက်အူချောင်း၊ ဝက်ပေါင်ခြောက်၊ ကြက်ဥတို့ဖြင့် ကြော်ထားသော ထမင်းကြော်မှာ တကယ့်ကို အကောင်းဆုံးပင်။
"မင်းပြောတာ လုံးဝ မှန်တယ်..."
လင်ကျဲ တစ်ယောက် သူ၏ သွားရည်ယိုနေမှုမှာ အနည်းငယ် ရုပ်ဆိုးနေသည်ကို သတိပြုမိသွားသဖြင့် မျက်နှာကို အမြန် ပြန်ပြင်လိုက်သည်။
"ကြာရှည်ခံအောင် ထားနိုင်ရုံတင် မကဘူး၊ ဒါက အရသာတွေကိုလည်း ပိုထွက်စေသလို အသုံးဝင်ပုံတွေလည်း ပိုများလာစေတယ်လေ..."
‘လူသေအလောင်းတွေကို ယဇ်ပူဇော်ရုံတင် မကဘဲ မမ်မီတွေနဲ့ လူသေစစ်သည်တွေ လုပ်ဖို့ အခြား အသုံးဝင်ပုံတွေလည်း ရှိသေးတာလား... ပြီးတော့ အဲဒါတွေကို သုံးပြီးရင် စားလို့ရသေးတယ်လား’
"ဒီအတတ်ပညာကို အထင်မသေးပါနဲ့... ဒါက တကယ့်ကို သိပ္ပံနည်းကျတဲ့ အရာတစ်ခုပါ"
လင်ကျဲက တည်ငြိမ်စွာ အဆုံးသတ်လိုက်လေသည်။
***
အပိုင်း(၄၆၆)
"ကျွန်တော်... ကျွန်တော့်ကို ဘာလို့ ရွေးတာလဲ"
ဇာခရီက မနည်း အားယူကာ မေးလိုက်သည်။
"အကြောင်းပြချက် မရှိပါဘူး... လမ်းပျောက်နေသူတွေကို ကူညီရတာ ငါ ဝါသနာပါလို့ပါ"
လင်ကျဲက လောကကြီးကို အပေါ်စီးမှ ကြည့်မြင်နိုင်သော ပညာရှင်ကြီးတစ်ဦးကဲ့သို့ ဆိုလိုက်သည်။
"ဒီစာအုပ်ကို သုံးပြီး မင်း ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်"
ဇာခရီမှာ မှင်တက်သွားခဲ့၏။
"ဒါပေမဲ့ ပြောရဦးမယ်... မင်းမှာ အခု ပိုက်ဆံ တစ်ပြားမှ မရှိဘူးဆိုတော့ ဒီစာအုပ်ပေးလိုက်ရုံနဲ့လည်း ချက်ချင်း ပြန်ထူထောင်နိုင်မှာ မဟုတ်သေးဘူး"
လင်ကျဲ ခေတ္တမျှ စဉ်းစားလိုက်သည်။
‘အင်း... ငါ တကယ်ပဲ လူတွေကို သတ်ပြီး ယဇ်ပူဇော်ပြီးတော့ ရှင်သန်နေတဲ့ အလောင်းတွေ လုပ်ချင်ရင်တောင် ငါ့မှာ အဲဒီလို လုပ်ဖို့ သတ္တိရော၊ စွမ်းရည်ရော မရှိဘူးပဲ...’
ဇာခရီက စိုးရိမ်တကြီး တွေးနေမိသည်။
"ဒါနဲ့ မွန်း..."
လင်ကျဲက လမ်းဆုံးထိ ကူညီရန် ဆုံးဖြတ်လိုက်ရင်း လှမ်းခေါ်လိုက်သည်။
"ဖာသာဗင်းဆင့်ရဲ့ ‘နေမင်း ယုံကြည်မှု’ အဖွဲ့က ဆင်းရဲသားတွေကို ခဏခဏ ကူညီပေးတယ်လို့ ငါ မှတ်မိနေတယ်..."
မွန်း၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွား၏။ ဤအခန်းအတွင်း မစ္စတာလင်ပြီးလျှင် အဆင့်အမြင့်ဆုံးသူဖြစ်ရာ သူမသည် ဇာခရီ၏ လက်ထဲရှိ စာအုပ်ကို အထင်အသား မြင်နေရသည်။ ၎င်း၏ အမည်မှာ ‘နက်ခရိုမန်စီ၏ အပိုင်းအစများ’ ဖြစ်သည်။
"ဟုတ်ပါတယ် မစ္စတာလင်"
မွန်းက ခေါင်းညိတ်လိုက်၏။
"ကောင်းပြီ"
လင်ကျဲက ပြုံးလျက် ပြောလိုက်သည်။
"၂၃ လမ်းမ အနီးတစ်ဝိုက်မှာ ‘နေမင်း ယုံကြည်မှု’ ဘုရားကျောင်းတစ်ခု ရှိတယ်လို့ ငါ မှတ်မိတယ်... အဲဒီကို သွားရှာလိုက်ပါ... အနည်းဆုံးတော့ မင်းတို့ တည်းခိုဖို့ နေရာတစ်ခု ရတာပေါ့"
"စိတ်မပူပါနဲ့... နေမင်း ယုံကြည်မှုက ဖာသာဗင်းဆင့်ဟာ ကြင်နာပြီး တရားမျှတတဲ့သူပါ... သူ မင်းတို့ကို ကူညီပါလိမ့်မယ်"
လင်ကျဲက ကြင်နာသောအပြုံးဖြင့် ပြောလိုက်သည်။
‘ဟူး... အနည်းဆုံးတော့ အချဉ်တည် ဘုရင်ကြီး မဖြစ်ခင် ခေါင်းမိုးတစ်ခုတော့ ရှိဖို့ လိုတာပေါ့လေ...’
လင်ကျဲက သူ့ဘာသာ တွေးနေမိသည်။
မွန်း၏ အမြဲတမ်း တည်ငြိမ်နေသော မျက်နှာထက်တွင် လင်ကျဲ၏ စကားကို ကြားပြီးနောက် စဉ်းစားခန်းဝင်နေသည့် အရိပ်အယောင်များ ပေါ်လာ၏။ မိန်းကလေးငယ်သည် ဇာခရီ၏ လက်ထဲရှိ စာအုပ်ကို တစ်ချက်ကြည့်လိုက်ပြီး အိပ်မက်ဘုံထဲတွင် ဗင်းဆင့်နှင့် ဆွေးနွေးခဲ့သည်များကို ပြန်လည် တွေးတောနေမိသည်။
ပုံမှန်အတိုင်းပင် မစ္စတာလင် လုပ်သမျှ အရာတိုင်းသည် အမြော်အမြင် အလွန်ကြီးမားလှပေသည်။
အကယ်၍ ဤလူသည် စာအုပ်ဆိုင်ထဲသို့ မတော်တဆ ရောက်ရှိလာသည့် ဒုက္ခသည်တစ်ဦးသာ ဖြစ်ပါက ဘာကြောင့် ဤမျှ အရေးကြီးသော စာအုပ်ကို ပေးရသနည်း၊ အဘယ်ကြောင့် ဘုရားကျောင်းသို့ ပို့ရသနည်း။
မှန်ပေသည်၊ ထိုစာအုပ်သည် မွန်းကဲ့သို့သော အဆင့်အတန်းရှိသူကိုပင် တုန်လှုပ်စေနိုင်သည့် စာအုပ်ဖြစ်သည်။ ၎င်းကပင် ဤစာအုပ်၏ အရေးပါမှုကို သက်သေပြရန် လုံလောက်နေပြီ ဖြစ်သည်။
မွန်းသည် နက်နက်နဲနဲ စဉ်းစားနေမိ၏။ ဗင်းဆင့်က ယခုအဆင့်တွင် ‘နေမင်း ယုံကြည်မှု’ အဖွဲ့၏ ရည်မှန်းချက်မှာ မသန့်စင်သူများကို ဖယ်ရှားပြီး နော်ဇင်၏ အထက်တန်းလွှာများကို ထိန်းချုပ်ရန်ဖြစ်သည်ဟု ပြောခဲ့ဖူးသည်။ မစ္စတာလင်အနေနှင့် သူမနှင့် ဗင်းဆင့်တို့ အိပ်မက်ထဲတွင် တွေ့ဆုံခဲ့သည်ကို သိနေမည်မှာ ဓမ္မတာပင်။
သို့ဆိုလျှင် မစ္စတာလင်က ဗင်းဆင့်၏ အစီအစဉ်အတွက် စိုးရိမ်သဖြင့် ကူညီပေးမည့်သူတစ်ဦးကို လွှတ်လိုက်ခြင်းများလော။
ဤခဏတွင် မွန်းသည် အရာအားလုံး အဓိပ္ပာယ်ရှိသွားသည်ဟု ခံစားလိုက်ရသည်။
မှန်ပေသည်။ မစ္စတာလင်သည် အချိန်ကိုပင် စိတ်တိုင်းကျ ထိန်းချုပ်နိုင်သူ ဖြစ်သည်။ သူသည် လက်ရှိ လောကပြင်ပမှ အဆင့်မြင့် တည်ရှိမှုတစ်ခု ဖြစ်သည်။ ထို့ကြောင့် သူ၏ မျက်လုံးထဲတွင် လူတိုင်း၏ လုပ်ရပ်များသည် သူ တစ်ချက်ကြည့်ရုံဖြင့် ဖတ်ရှုနိုင်သော လမ်းကြောင်းများသာ ဖြစ်သည်။
ဖြစ်နိုင်ခြေအားလုံးနှင့် ရန်သူများ၏ အန္တရာယ်ရှိမှု အဆင့်အတန်းမှာလည်း သူ့ရှေ့တွင် အထင်အသားပင်။ ထို့ကြောင့် အနာဂတ်ကို ပြောင်းလဲရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခြင်းမှာ သဘာဝကျလှသည်။
‘ဒီတစ်ခါ ရန်သူက တော်တော်လေး လက်ပေါက်ကပ်ပုံရတယ်...’
မွန်း၏ အကြည့်များမှာ မစ္စတာလင်ထံသို့ ရောက်သွားရာ မစ္စတာလင်က သူမကို အားပေးသည့် အပြုံးဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ယင်းမှာ ‘မွန်း... ဗဟိုခရိုင်ကို သွားတဲ့အခါ ဗင်းဆင့်ကို ပြောပြဖို့ မမေ့နဲ့ဦးနော်’ ဟု ပြောနေသည့်အလား။
‘ဟုတ်တယ်... သူက ငါ့ကို သတိထားဖို့ ပြောချင်နေတာပဲ...’
မွန်းက ခေါင်းညိတ်လိုက်သည်။
"စိတ်မပူပါနဲ့ မစ္စတာလင်... ဗင်းဆင့်ကို ကျွန်မ ပြောပြလိုက်ပါ့မယ်"
လင်ကျဲက မွန်း၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ရာ သူ၏ အပြုံးမှာ ပို၍ တောက်ပသွား၏။
"မင်းရဲ့ နောင်လာမယ့် လုပ်ဆောင်ချက်တွေကို ငါ မျှော်လင့်နေမယ်..."
ဤမျှ လိမ္မာပါးနပ်ပြီး အရည်အချင်းရှိသော လက်ထောက်မျိုး ရှိနေမှတော့ နောက်ထပ် ဘာများ လိုအပ်ဦးမည်နည်း။
ဇာခရီသည် လင်ကျဲကို ကြည့်လိုက်သောအခါ သူ၏ စိတ်ထဲမှ ကြောက်ရွံ့မှုနှင့် နာကျင်မှုများမှာ လင်ကျဲ၏ နွေးထွေးသော အပြုံးကြောင့် တစ်ခဏအတွင်းမှာပင် ပြေပျောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ကြောက်ရွံ့မှုများ ပျောက်ကွယ်သွားသည်နှင့်အမျှ ထိန်းမနိုင်သိမ်းမရသော ကျေးဇူးတင်စိတ်များက သူ၏ နှလုံးသားထဲတွင် ပြည့်လျှံလာတော့သည်။
"မစ္စတာလင်..."
ဇာခရီ တုန်ရီနေသော လက်များဖြင့် စာအုပ်ကို ရင်ဘတ်တွင် ပွေ့ပိုက်ထားလိုက်သည်။ နှစ်ပေါင်းများစွာ အလုပ်ကြမ်းပဲ လုပ်ခဲ့ရသူဖြစ်သဖြင့် သူသည် တန်ဖိုးရှိသော စကားများကို မပြောတတ်ပေ။ နောက်ဆုံးတွင်မူ သူသည် အလေးအနက် အမူအရာဖြင့်...
"ကျေးဇူးတင်ပါတယ်... ခင်ဗျားဟာ တကယ့်ကို လူကောင်းတစ်ယောက်ပါ"
ဟုသာ ရေရွတ်နိုင်တော့သည်။
လင်ကျဲ ဤစကားကို ကြားလိုက်ရသောအခါ စိတ်ထဲတွင် လန်းဆန်းသွားသည်။ သူ၏ ကြိုးစားမှုများမှာ အလဟဿ မဖြစ်ခဲ့ပေ။
‘ဟူး... လမ်းပျောက်နေတဲ့ သိုးငယ်လေးတွေကို တစ်ခါတလေ ကူညီပေးရတာလည်း မဆိုးပါဘူး’
"ဗိုက်ဆာလို့ မေ့လဲနေတဲ့ မင်းရဲ့ သူငယ်ချင်းတွေကိုလည်း ဘုရားကျောင်းကို ခေါ်သွားလိုက်ဦး"
လင်ကျဲက ကြမ်းပြင်ပေါ်ရှိ ဒုက္ခသည်များကို ညွှန်ပြရင်း ပြောလိုက်သည်။
"ဒါနဲ့ မင်း ဒီရှေးဟောင်း အတတ်ပညာကို တတ်မြောက်သွားပြီဆိုရင် မင်းရဲ့ သူငယ်ချင်းတွေကိုလည်း ကျွေးကြည့်ဖို့ မမေ့နဲ့ဦးနော်... သူတို့ တကယ်ကို ကြိုက်သွားမှာ သေချာတယ်..."
လင်ကျဲသည် အချဉ်တည်ခြင်း အတတ်ပညာအပေါ် အကြွင်းမဲ့ ယုံကြည်မှု ရှိသည်။ အချဉ်ကို မကြိုက်သောသူဟူ၍ လောကတွင် ရှိနိုင်မည် မဟုတ်ပေ။
"သ... သူငယ်ချင်းတွေကို... ကျွေးကြည့်ရမယ် ဟုတ်လား..."
ဇာခရီသည် ထိတ်လန့်သွားကာ သူပွေ့ပိုက်ထားသော စာအုပ်ပင် ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ သူ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး ကြမ်းပြင်ပေါ်ရှိ သူ၏ လုပ်ဖော်ကိုင်ဖက်များကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်မိသည်။
သူသည် ထိုသူများနှင့် အချိန်တိုအတွင်းသာ ရှိခဲ့ပြီး သူတို့၏ နောက်ကြောင်းကို မသိသော်လည်း သူတို့သည် အသက်ရှိသော လူသားများ ဖြစ်ကြသည် မဟုတ်ပါလား။ သူတို့ကို မည်ကဲ့သို့ ရှင်သန်နေသည့် အလောင်းများအဖြစ် ပြုပြင်ပြောင်းလဲလို့ ရမည်နည်း။
"ဒါ... ဒါက သိပ်မကောင်းဘူး ထင်တယ် မစ္စတာလင်"
ဇာခရီက တုန်ရီနေသော လေသံဖြင့် ပြောလိုက်သည်။
လင်ကျဲက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်၏။
‘ဒီကောင် ဘာဖြစ်နေတာလဲ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတာလား...’
ယုံကြည်မှုသည် အောင်မြင်မှု၏ ပထမဆုံး ခြေလှမ်းဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် မယုံကြည်ဘဲ ဘာမှ စမ်းသပ်လုပ်ဆောင်၍ မရပေ။
‘ဟူး... မင်း ငါ့ကို တော်တော် စိတ်ပျက်အောင် လုပ်တာပဲ ဇာခရီရယ်...’
"မင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိစမ်းပါ... နားလည်လား"
လင်ကျဲက တည်ကြည်သော မျက်နှာပေးဖြင့် ပြောလိုက်၏။
"ယုံကြည်မှုက ပထမခြေလှမ်းပဲ၊ နှလုံးသားပါဝင်မှုကတော့ အောင်မြင်မှုရဲ့ အခြေခံအုတ်မြစ်ပဲ... မင်း သူတို့ကို မကျွေးကြည့်ဘဲနဲ့ သူတို့က မင်းနောက်ကို တကူးတက လိုက်လာပါ့မလား..."
‘တကူးတက...’
လင်ကျဲက သူ့ကို ကြည့်လိုက်သည့် အကြည့်ကြောင့် ဇာခရီ၏ တစ်ကိုယ်လုံးရှိ အမွေးအမျှင်များ ထောင်ထလာသည်။ သူသည် ချက်ချင်းပင် ထိတ်လန့်သွားကာ ဦးညွှတ်လိုက်ပြီး...
"တောင်းပန်ပါတယ်။ တောင်းပန်ပါတယ် မစ္စတာလင်... ကျွန်တော် မဝေခွဲနိုင် ဖြစ်သွားမိတယ်... နားလည်ပါပြီ၊ အခုချက်ချင်းပဲ လုပ်ပါ့မယ်..."
ထိုအခါမှ လင်ကျဲက ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။
"နားလည်ရင်လည်း မြန်မြန် သွားတော့"
ဇာခရီက ခေါင်းညိတ်ပြီး မေ့လဲနေသော သူ၏ သူငယ်ချင်းများကို တရွတ်တိုက် ဆွဲခေါ်သွားတော့သည်။ တံခါးဝတွင် ရပ်နေသော ဂျိုးဇက်က ဇာခရီကို ကြည့်ကာ ဝင်ပြောလိုက်၏။
"ငါ မင်းတို့ကို လိုက်ပို့ပေးမယ်... လူအများကြီးကို တစ်ယောက်တည်း သယ်ဖို့ဆိုတာ မလွယ်ဘူး"
လင်ကျဲက မျက်တောင်ခတ်လိုက်၏။
"ရပါ့မလား ဂျိုးဇက်။ ခင်ဗျားရဲ့ အထောက်အထားကို လျှို့ဝှက်ထားချင်တာ မဟုတ်လား"
ဂျိုးဇက်က ခေါင်းညိတ်ပြသည်။
"ရပါတယ်၊ ဒီလမ်းထဲမှာတင်ပဲဥစ္စာ... ‘နေမင်း ယုံကြည်မှု’ ဘုရားကျောင်းခွဲက ဒီနားတင် ရှိတာပဲ"
"ဒါဆိုလည်း ပြီးရော၊ သိပ်တော့ မကြာစေနဲ့ဦး"
လင်ကျဲက လက်ပြလိုက်ပြီး စာဆက်ဖတ်ရန် သက်သောင့်သက်သာ ပြန်ထိုင်လိုက်သည်။ သူ စာစဖတ်ရန် ပြင်လိုက်စဉ်မှာပင် သူ့ ရှေ့မှ အက်ကွဲနေသော နံရံကြီးကို လှမ်းမြင်လိုက်ရပြန်သည်။
သူ၏ စိတ်အခြေအနေမှာ ချက်ချင်းပင် ပျက်စီးသွားတော့သည်။
နံရံအက်ကွဲမှုသည် ဂျိုးဇက်နှင့် မဆိုင်ဟု သူ ကောက်ချက်ချထားသော်လည်း သူ စိတ်မကောင်း ဖြစ်နေဆဲပင်။ နံရံပြင်ဆင်ရမည့် ကုန်ကျစရိတ်မှာ မနည်းလှသည် မဟုတ်ပါလား...။
***