← Chapters

အခန်း (၄၆၇-၄၆၈)

Vol. 34 Ch. 467-468

အခန်း (၄၆၇-၄၆၈)

Vol. 34 Ch. 467-468

အပိုင်း(၄၆၇)

မွန်းသည် ဗဟိုခရိုင်သို့ ဦးတည်မောင်းနှင်နေသော အငှားယာဉ်တစ်စီးပေါ်တွင် လိုက်ပါလာခဲ့သည်။ နော်ဇင်မြို့၏ လမ်းမကြီးငယ်တို့သည် ပင့်ကူအိမ်သဖွယ် ကျယ်ပြန့်စွာ ဖြန့်ကျက်ထားသဖြင့် သွားလာရလွယ်ကူစေရန် အငှားယာဉ်များ ပေါများလှ၏။ သို့သော် ဗဟိုခရိုင်အတွင်းသို့ ချဉ်းနင်းဝင်ရောက်လာသည်နှင့်အမျှ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ်များမှာ သိသိသာသာ နည်းပါးသွားတော့သည်။ အကြောင်းမူကား တော်ဝင်မျိုးနွယ်များ နေထိုင်ရာ ထိုအရပ်ဒေသတွင် အိမ်တိုင်းလိုလို၌ တန်ဖိုးကြီးဇိမ်ခံကားများကိုယ်စီ ရှိကြသောကြောင့် ဖြစ်၏။

အငှားယာဉ်ပေါ်တွင် ပါလာသော မိန်းကလေးမှာ မကြာခင်မှာပင် လူအများ၏ အာရုံစိုက်မှုကို ခံလာရသည်။ သို့သော် မွန်း၏ မျက်နှာအမူအရာမှာ တစ်စုံတစ်ရာ ပြောင်းလဲသွားခြင်း မရှိပေ။ သူမသည် ဟောင်းနွမ်းစုတ်ပြတ်နေသော ဤအငှားယာဉ်ပေါ်တွင် ထိုင်နေရင်း ခါတိုင်းလို အေးစက်တည်ငြိမ်နေဆဲပင်။

သူမအတွက် စိုးရိမ်ပူပန်စရာဟူ၍ ဘာမျှမရှိ။ သူမ၏ အမြင်တွင် ဤယာဉ်ယန္တရားများမှာ လူသားများကဲ့သို့ပင် အရာအားလုံး အတူတူပင် ဖြစ်ကြသည်။

သို့သော် သာမန်ယာဉ်မောင်းဖြစ်သူအတွက်မူ ထိုသို့မဟုတ်ချေ။ ဘေးပတ်ဝန်းကျင်တွင် တန်ဖိုးကြီး ဇိမ်ခံကားများသာမက ရှေးဟောင်းတော်ဝင်မျိုးနွယ်စုများအကြား ခေတ်စားနေသည့် မြင်းရထားများကိုပါ မြင်တွေ့နေရသည်။ အမှတ်မထင် ပွတ်တိုက်မိရုံမျှဖြင့် သူ၏ ဘဝပေါင်းများစွာ စုဆောင်းထားသည့် ငွေကြေးနှင့်ပင် မလုံလောက်နိုင်သော လျော်ကြေးကို ပေးရမည်ဖြစ်၏။ ထို့ကြောင့် သူသည် ပုဝါကိုယူ၍ နဖူးမှချွေးများကို သုတ်လိုက်ရင်း ဖိအားများကြားမှပင် ဗဟိုခရိုင်၏ အချက်အချာကျသော နေရာတွင် ကားကို ရပ်လိုက်ရသည်။

ယာဉ်မောင်းသည် မွန်းကို တစ်ချက် လှမ်းကြည့်လိုက်မိ၏။ ရေခဲကဲ့သို့ အေးစက်တည်ငြိမ်နေသော ဤမိန်းကလေးမှာ ထူးခြားသော အငွေ့အသက်များကို ပိုင်ဆိုင်ထား၏။ တစ်ချက်ကြည့်ရုံဖြင့် သူမသည် သူတို့လို သာမန်လူများ မပြစ်မှားဝံ့သည့် တော်ဝင်မျိုးနွယ်စုတစ်ခုမှ သမီးကြီးဖြစ်မည်ကို ရိပ်မိနိုင်ပေသည်။

သူက ရိုသေကိုင်းညွတ်စွာဖြင့်ပင်...

"ဟို... မမလေးခင်ဗျာ... ကျွန်တော့်ရဲ့ ဒီလို စုတ်စုတ်ပြတ်ပြတ် ကားလေးက ရှေ့ဆက်သွားဖို့ မသင့်တော်တော့လို့ပါ... စိတ်မရှိပါနဲ့၊ ဒီနေရာမှာပဲ ဆင်းပေးပါခင်ဗျာ"

ထိုစကားကို ကြားသောအခါ မွန်းက ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး ဤသို့သော အခြေအနေမျိုးတွင် မည်သို့ပြုမူရမည်ကို ခဏမျှ စဉ်းစားလိုက်သည်။ ထို့နောက် သူမ၏ အိတ်ထဲမှ ငွေအချို့ကို ထုတ်ယူ၍ ယာဉ်မောင်းအား ကမ်းပေးလိုက်၏။

"ကျေးဇူးတင်ပါတယ်၊ ဒီနေရာက ကျွန်မသွားချင်တဲ့ နေရာပါပဲ..."

မွန်းအနေဖြင့် စာအုပ်ဆိုင်မှ ထွက်ခွာပြီး ဗဟိုခရိုင်သို့ ပြန်လည်ရောက်ရှိလာခြင်းမှာ ဤသည်က ပထမဆုံးအကြိမ် ဖြစ်သည်။ သူမ၏ ရင်ထဲ၌ တစ်စုံတစ်ရာ ခံစားမှုမရှိဟု ဆိုလျှင် လိမ်ရာကျပေလိမ့်မည်။ သို့သော် သူမ၏ ပင်ကိုယ်စရိုက်မှာ အေးဆေးလွန်းလှသဖြင့် ယခုအချိန်တွင်မူ ဖော်ပြရန်ခက်ခဲသော ခံစားချက်အချို့ကိုသာ ခပ်ပါးပါး ခံစားနေရခြင်း ဖြစ်သည်။

လွန်ခဲ့သော ခြောက်လကျော်က သူမသည် ဗဟိုခရိုင်ရှိ အမှန်တရား အသင်းတော်၏ ဓာတ်ခွဲခန်းမှ အလွန်အမင်း သနားစဖွယ် အခြေအနေဖြင့် ထွက်ပြေးခဲ့ရဖူးသည်။

သို့သော် ယခုမူ သူမသည် ဤအရပ်ဒေသသို့ ပေါ်ပေါ်ထင်ထင်ပင် ပြန်လည်ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။

၎င်းတို့မှာ သူမ၏ ရင်တွင်း၌ ဖြစ်ပေါ်လာသော လှိုင်းကြက်ခွပ်ကလေးများမျှသာ ဖြစ်ပြီး ခဏချင်းပင် ပြန်လည်ငြိမ်သက်သွားခဲ့သည်။

ယခုတစ်ခေါက် သူမလာရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ကျိကျစ်ရှို့ ပေးအပ်ထားသော ဗီလာအိမ်ကြီးကို စာအုပ်ဆိုင်၏ ဌာနခွဲတစ်ခုအဖြစ် ပြောင်းလဲရန်နှင့် သူတို့၏ အစီအစဉ်များကို တရားဝင် စတင်ရန် ဖြစ်သည်။

မွန်းသည် ဤဌာနခွဲဖွင့်လှစ်မည့် အရေးကြီးသော ကိစ္စရပ်အတွက် ဗင်းဆင့်ကို အကြောင်းကြားထားပြီး ဖြစ်သည်။ သို့သော် သူမ ကားပေါ်မှဆင်း၍ အိမ်နံပါတ်များကို လိုက်ကြည့်သောအခါ နယ်မြေ (A)၊ အမှတ် (၄၈) သို့ ရောက်သည်အထိ ဗင်းဆင့်ကို မတွေ့ရသေးပေ။

မည်သို့ပင်ဖြစ်စေ သတ်မှတ်ထားသော အချိန်သို့ ရောက်ရန် အနည်းငယ် လိုသေးသဖြင့် စိတ်ပူစရာတော့ မရှိသေး။

ဧရိယာ (A)၊ အမှတ် (၄၈)...

ဤနေရာမှာ မူလက ဖရက်ဒ်မျိုးနွယ်စု၏ နေအိမ်ဖြစ်သော်လည်း ကံဆိုးစွာပင် သူတို့၏ ဒုတိယသားဖြစ်သူက မစ္စတာလင်ကို သွားရောက်ပြစ်မှားခဲ့မိသည်။

ဗဟိုခရိုင်တစ်ခုလုံးတွင် နာမည်ကျော်ကြားခဲ့သော ဖရက်ဒ်မျိုးနွယ်စုမှာ ချက်ချင်းပင် ပျက်သုဉ်းသွားခဲ့ရသည်။ သူတို့၏ အိမ်တော်ကြီးမှာလည်း မီးဟုန်းဟုန်းတောက်လောင်၍ ပြာအတိ ဖြစ်ခဲ့ရဖူးသည်။

သို့သော် မွန်း၏ ရှေ့မှောက်ရှိ ဖရက်ဒ်အိမ်တော်ကြီးကိုမူ ကျိကျစ်ရှို့က ဝယ်ယူ၍ ပြန်လည်ပြင်ဆင်ထားပြီး ဖြစ်သည်။ မူလပိုင်ရှင်များ ကွယ်လွန်သွားခဲ့သော်လည်း အိမ်တော်ကြီးမှာမူ ယခင်ကကဲ့သို့ပင် ခန့်ညားထည်ဝါစွာ ပြန်လည်တည်ရှိနေပြီ ဖြစ်သည်။

‘ဘော့စ်က တစ်ခါတလေကျရင် တကယ်ကို ရက်စက်တတ်တာပဲ...’

သို့သော် သူ၏ ရက်စက်မှုမှာ လူသားတို့၏ ရက်စက်မှုမျိုး မဟုတ်ဘဲ အချိန်ကာလ၏ နူးညံ့သော ရက်စက်မှုမျိုးနှင့် ပို၍ တူလှသည်။

မွန်းသည် ဖရက်ဒ်အိမ်တော်ကြီးရှေ့တွင် ရပ်နေရင်း အတွေးနယ်ချဲ့နေမိ၏။

ထိုစဉ် ဘေးအိမ်မှ မော်ဂန်ဒီမျိုးနွယ်စုဝင် အမျိုးသမီးဖြစ်သူ အီလီဇာသည် မှန်ပြောင်းဖြင့် ကြည့်နေရင်း ဖရက်ဒ်အိမ်တော်ဟောင်းရှေ့တွင် ရပ်နေသော အသက် (၁၅၊ ၁၆) ခန့်ရှိ မိန်းကလေးတစ်ဦးကို တွေ့ရှိသွားသည်။

သူမ၏ မျက်နှာတွင် သံသယအရိပ်အယောင်များ ယှက်သန်းသွား၏။

"ပိုဆန်... ဖရက်ဒ်အိမ်တော်ကြီးရဲ့ အခြေအနေက အခု ဘယ်လိုလဲ"

အီလီဇာက မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း ဘေးရှိ အိမ်စေကို မေးလိုက်သည်။

"တော်ဝင်မျိုးနွယ်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ အိမ်နီးချင်းအသစ်က ဘယ်လိုလူလဲဆိုတာ သိထားဖို့ လိုတယ်လေ"

"ကျွန်မ မှတ်မိသလောက်ဆိုရင် အဲဒီအိမ်ကို ရိုးလ် သယံဇာတရဲ့ ကျိမျိုးနွယ်စုက ဝယ်ထားတာ မဟုတ်လား... သူတို့ ပြန်ရောင်းလိုက်ပြီလား"

အိမ်စေက ပြန်လည်ဖြေကြားလိုက်သည်။

"မဟုတ်ပါဘူးခင်ဗျာ... အရှင်မ သိထားတဲ့အတိုင်းပါပဲ... ဒီအိမ်တော်က ကျိမျိုးနွယ်စုရဲ့ ပိုင်ဆိုင်မှုအောက်မှာပဲ ရှိနေပါသေးတယ်... ပိုင်ဆိုင်မှု လွှဲပြောင်းတယ်ဆိုတဲ့ သတင်းလည်း ဘာမှ မကြားမိသေးပါဘူး"

အီလီဇာ မျက်မှောင်ကြုတ်လိုက်မိသည်။ ဖြူစင်သန့်ရှင်းပြီး အနည်းငယ် နွမ်းပါးသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် ဤမိန်းကလေးငယ်မှာ ရိုးလ် သယံဇာတမှ ဖြစ်နိုင်ပါမည်လော။

ကြည့်ရသည်က အစေခံတစ်ဦးနှင့်လည်း မတူပေ။ အစေခံတစ်ဦးမှာ ဤမျှအထိ လှပနေစရာ အကြောင်းမရှိသလို၊ မည်သည့် ချမ်းသာသော မိသားစုကမှလည်း မိမိတို့၏ အစေခံကို ဤမျှရိုးရှင်းစွာ ဝတ်ဆင်ခိုင်းမည် မဟုတ်ပေ။ တော်ဝင်မျိုးနွယ်တို့၏ အသိုင်းအဝိုင်းတွင် အစေခံဟူသည် အိမ်ထောင်စု၏ မျက်နှာပန်းကို ဖော်ဆောင်သော အရေးကြီးသည့် ပိုင်ဆိုင်မှုများပင် မဟုတ်ပါလား။

"ဒီမိန်းကလေးက ကျိမျိုးနွယ်စုကများလား..."

အီလီဇာက ထပ်မံမေးမြန်းလိုက်သည်။

ပိုဆန်က ရှေ့သို့တိုး၍ မွန်းကို သေချာစွာ ဂရုတစိုက် ကြည့်လိုက်၏။ ခဏမျှ စဉ်းစားပြီးနောက် သူက ခေါင်းခါပြလိုက်ရင်း...

"သခင်မကြီး... ဒီမိန်းကလေးက ကျိမျိုးနွယ်စုက မဟုတ်ပါဘူး"

အီလီဇာက သူမ၏ အမွေးအတောင် ယပ်တောင်ဖြင့် မျက်နှာကို ကာလိုက်ရင်း ဂါဝန်အနားသတ်ကို မလိုက်သည်။

"လာပါ... ပျော်စရာလေးတွေ သွားရှာကြစို့"

သူမက ဆိုလိုက်၏။ အိမ်ထဲမှာပဲ အမြဲအောင်းနေရသည်မှာ သူမအတွက် အလွန်ပင် ပျင်းရိဖွယ်ကောင်းလှသည်။ ဤသို့သော ပျော်စရာရှာသည့် လုပ်ရပ်များမှာ အီလီဇာ၏ တစ်ခုတည်းသော အပန်းဖြေမှုပင် ဖြစ်၏။

မွန်းမှာမူ ဗင်းဆင့်နှင့် လိုအပ်သောအကူအညီများ ရောက်ရှိလာမည်ကို အေးစက်တည်ငြိမ်သော အမူအရာဖြင့် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေဆဲပင်။

မူလအိမ်တော်ကြီးမှာ ခမ်းနားထည်ဝါသော်လည်း စာအုပ်ဆိုင်ဖွင့်ရန်အတွက်မူ မသင့်တော်သေးသဖြင့် ပြန်လည်ပြုပြင်ရန် လိုအပ်ပေသည်။

"ဒီနေ့ ရာသီဥတုက တကယ်ကို သာယာတာပဲနော်"

ရုတ်တရက်... အမျိုးသမီးအသံတစ်ခု မွန်း၏နားထဲသို့ တိုးဝင်လာသည်။ အမွေးအတောင်များ ပါဝင်သော ဦးထုပ်ကို ဆောင်းထားသည့် အီလီဇာသည် အခြွေအရံများစွာ ခြံရံလျက် မွန်း၏အနားသို့ ရောက်လာ၏။

"တကယ့်ကို လှပတဲ့ မိန်းကလေးလေးပဲ... မေးပါရစေဦး... ဒီနေရာမှာ ဘာလုပ်နေတာလဲဟင်... တစ်ခုခု အကူအညီ လိုအပ်လို့လား"

မွန်းသည် အီလီဇာကို တစ်ချက်ကြည့်လိုက်ပြီးနောက် လျစ်လျူရှုထားလိုက်သည်။

‘ဘယ်လောက်တောင် ရိုင်းလိုက်သလဲ...’

အီလီဇာ၏ မျက်ခုံးများ ပင့်တက်သွားပြီး နဖူးပေါ်တွင် အကြောများပင် ထောင်ထလာသည်။ သို့သော် တော်ဝင်မျိုးနွယ်၏ သွန်သင်မှုနှင့် ရှေ့မှမိန်းကလေး၏ ထူးကဲလှပမှုတို့ကြောင့်သာ အောင့်အည်းသည်းခံလိုက်ရသည်။

"မိန်းကလေး... ဒီမှာ ဘာလုပ်နေတာလဲ... တကယ်လို့ အိမ်ကြည့်ချင်တာဆိုရင် ဒီနေရာက အိမ်တွေရဲ့ ဈေးနှုန်းက တကယ်ကို ကြီးမြင့်တယ်ဆိုတာ သိထားသင့်တယ်နော်"

အီလီဇာက အပြုံးမပျက်ဖြင့် ဆက်ပြောလိုက်သည်။

"ဒါပေမဲ့ မိန်းမငယ်လေးတွေ အိပ်မက်မက်တာတော့ မမှားပါဘူးလေ..."

မွန်းသည် ထိုအမျိုးသမီး၏ အဓိပ္ပာယ်မရှိသော စကားများကို ဆက်လက် မကြားချင်တော့ရော ရိုက်နှက်၍ ပိတ်ပင်လိုစိတ်ပင် ပေါ်ပေါက်လာသည်။ သို့သော် ထိုခဏ၌ပင် အိမ်နီးချင်းကောင်း ပီသစွာ ဆက်ဆံခြင်းသည် စီးပွားရေးလုပ်ငန်း အောင်မြင်မှု၏ လျှို့ဝှက်ချက်တစ်ခု ဖြစ်ကြောင်း မစ္စတာလင် ပြောဖူးသည်ကို သတိရလိုက်မိသည်။

သူမက ခဏမျှ တုံ့ဆိုင်းနေပြီးနောက်မှ...

"ကျွန်မက ကျွန်မရဲ့ ဘော့စ်ကိုယ်စား ဒီမှာ စာအုပ်ဆိုင်ခွဲ လာဖွင့်တာပါ"

***

အပိုင်း(၄၆၈)

"အလို..."

အီလီဇာသည် မထင်မှတ်သော အဖြေကို ကြားလိုက်ရသဖြင့် အံ့သြဟန်ပြုလိုက်၏။

"ခုနကပဲ ငါပြောခဲ့တယ်လေ၊ ဒီနေရာက အိမ်ခြံမြေဈေးတွေက အရမ်းကြီး..."

"သခင်မလေး ကျိကျစ်ရှို့က ဒီအိမ်ကို ကျွန်မရဲ့ ဘော့စ်ကို ပေးထားပြီးသားပါ..."

မွန်းသည် သူမနှင့် ဆက်လက်စကားမပြောလိုတော့သဖြင့် အီလီဇာ၏ စကားကို တိုက်ရိုက်ပင် ဖြတ်ပြောလိုက်တော့သည်။

ယပ်တောင် ခတ်နေသော အီလီဇာ၏ လက်အစုံမှာ ရုတ်ချည်း ရပ်တန့်သွား၏။ အိမ်စေ ပြောပြခဲ့သော စကားများကို ပြန်လည်အမှတ်ရမိပြီးနောက် သူမက လှောင်ပြုံးတစ်ချက် ပြုံးလိုက်သည်။

"မုသားစကား ပြောတာဟာ အကျင့်ကောင်းတစ်ခု မဟုတ်ဘူးနော်... ဒါကို ကျိမျိုးနွယ်စုက ကြားသွားရင် မခက်ပေဘူးလား... ကိုယ့်အပြောအဆို၊ အမူအရာကို ဆင်ခြင်သင့်တယ်"

‘ဗဟိုခရိုင်အထိ လာပြီး ဒီလို အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာ တကယ့်ကို မိုက်မဲတာပဲ...’

အီလီဇာက တွေးနေမိသည်။

‘ဒါပေမဲ့ သူကိုယ်တိုင်က ဘော့စ် ကိုယ်စား လာတာဆိုတော့ သူက လက်ထောက်တစ်ယောက်ပဲ ဖြစ်မှာပေါ့... ဒါဆိုရင် ဒီကလေးမလေးကို ဒီလို ရိုင်းရိုင်းစိုင်းစိုင်းတွေ လုပ်ဖို့ ခိုင်းစေလိုက်တဲ့သူက အဲဒီဘော့စ်ဆိုသူပဲ ဖြစ်ရမယ်...’

သူမက ဆက်လက်၍ တွေးတောနေပြန်သည်။

‘အဲဒီဘော့စ်ဆိုတဲ့လူက တကယ့်ကို စိတ်ပျက်ဖို့ကောင်းတာပဲ၊ ဒီလောက် ရိုးသားတဲ့ ကလေးမလေးကိုမှ ခိုင်းရက်လေတယ်... တကယ်လို့ သူက ငါနဲ့မတွေ့ဘဲ တခြားတော်ဝင် မျိုးနွယ်တွေနဲ့သာ တွေ့ခဲ့ရင် ဒီကလေးမလေး ဒုက္ခရောက်မှာ မဟုတ်လား...’

‘အလိုလေး...’

‘ဒါတင်မကသေးဘူး၊ ဒီနေရာမှာ စာအုပ်ဆိုင်ဖွင့်ဖို့ ကြံစည်ရအောင် သူ့ဦးနှောက်ကို မိုးကြိုးပစ်ထားတာလား မသိဘူး... ဒီမှာနေတဲ့လူတွေဆိုတာ မျိုးရိုးအစဉ်အဆက် အမွေအနှစ်တွေ ရှိကြတာလေ... ဘယ်အိမ်မှာမဆို စတုရန်းပေ ထောင်ချီကျယ်တဲ့ ကိုယ်ပိုင်စာကြည့်တိုက်ကြီးတွေ ရှိနေကြတာပဲ... ဘယ်သူကများ စာအုပ်ဝယ်ဖို့ လိုဦးမှာလဲ...’

မွန်းက ဘာမျှပင် ထွေထွေထူးထူး မပြောရသေးမီမှာပင် အီလီဇာ၏ စိတ်ကူးယဉ်မှုများမှာ အရှိန်တက်လာပြီး "ယုတ်မာရက်စက်သော သူဌေး တစ်ဦးက ကလေးလုပ်သားကို အသုံးချကာ မိမိ၏ ပျော်ရွှင်မှုအတွက် ဒုက္ခပေးနေခြင်း" ဟူသော ဝတ္ထုဇာတ်လမ်းတစ်ပုဒ်ကိုပင် ရေးဆွဲပြီးနေလေပြီ။

သို့သော် ကံကောင်းထောက်မစွာဖြင့်ပင် ဤကလေးမလေးသည် သူမနှင့် တွေ့ဆုံခဲ့သည်။ သူမသာ ထိုဘော့စ်ဆိုသူ၏ မုသားများကို ဖော်ထုတ်ပေးလိုက်လျှင် ဤလှပသော မိန်းကလေးမှာ သူမအပေါ် ထာဝရ ကျေးဇူးတင်သွားမည် မဟုတ်ပါလား။ ထိုအခါကျလျှင်...

အီလီဇာသည် မထိန်းနိုင်ဘဲ ပြုံးမိသွားသော်လည်း အမွေးအတောင် ယပ်တောင်ဖြင့် အလျင်အမြဲပင် ဖုံးကွယ်လိုက်ရ၏။

"ငါပြောသားပဲ၊ မင်းကတော့ လူယုတ်မာနဲ့ တွေ့နေပြီ..."

အီလီဇာက ဆက်လက်၍ ကဲ့ရဲ့ပြောဆိုရန် ကြံရွယ်သော်လည်း မဖိတ်ခေါ်ဘဲ ရောက်လာသည့် အခြားလူတစ်စုကြောင့် အနှောင့်အယှက် ဖြစ်သွားရပြန်သည်။

“...”

အီလီဇာသည် အလျင်အမြန် ရောက်ရှိလာသော ထိုလူအုပ်ကို ကြည့်ရင်း ကြောင်တောင်တောင် ဖြစ်သွားရ၏။ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ဗင်းဆင့်သည် တစ်နေရာမှ လျှောက်လှမ်းလာသည်။ သူ၏ ဝတ်ရုံပေါ်တွင် ရွှေချည်မျှင်များဖြင့် ထိုးထားသော နေမင်းပုံသဏ္ဌာန်မှာ ထင်ရှားလှ၏။ သူ၏နောက်တွင် နောက်လိုက်တစ်သိုက် ပါလာပြီး မွန်း၏ ရှေ့မှောက်သို့ ရောက်သောအခါ ဒူးထောက်၍ ဦးညွှတ်လိုက်ကြ၏။

"မဟာလမင်း... ကိုယ်တော်သည် ညဉ့်ဦးယံနှင့်အတူ ထွန်းလင်းတောက်ပ၍ အစဉ်အမြဲ ထာဝရ တည်တံ့ပါစေ..."

အီလီဇာ၏ မျက်လုံးများမှာ အံ့သြလွန်းသဖြင့် ပြူးကျယ်သွားရ၏။

"အမ်...”

ဗင်းဆင့်က မွန်း၏ရှေ့တွင် ရပ်ကာ ရင်ဘတ်ပေါ် လက်တင်၍ ထပ်မံ အရိုအသေပြုလိုက်၏။

"တကယ်ကို တောင်းပန်ပါတယ် သခင်မမွန်း... ဝယ်လ်ရဲ့ အငွေ့အသက်တွေ ပေါ်ထွက်လာတယ်ဆိုတဲ့ သတင်းကို ရလိုက်လို့ ခဏ အချိန်ကြန့်ကြာသွားတာပါ"

"ရပါတယ်၊ ကျွန်မကပဲ စောစောရောက်နေတာပါ"

မွန်းသည် ဗင်းဆင့်၏ အရိုအသေပေးမှုများကို ကျင့်သားရနေပုံရပြီး ခေါင်းညိတ်၍သာ ပြန်လည်တုံ့ပြန်လိုက်သည်။

“...”

အီလီဇာမှာမူ အံ့သြမှုကို မဖုံးကွယ်နိုင်တော့ဘဲ ပါးစပ်အဟောင်းသား ဖြစ်နေလေပြီ။ ဗင်းဆင့်သည် မကြာသေးမီကမှ တည်ထောင်ခဲ့သော နေမင်းယုံကြည်မှုအဖွဲ့၏ ပုပ်ရဟန်းမင်းကြီး ဖြစ်သည်ကို သူမ သိရှိထားသည်။ ထိုဘာသာတရားမှာ အရှိန်အဟုန်ဖြင့် ပြန့်နှံ့နေသဖြင့် ဖာသာ ဗင်းဆင့်အကြောင်းမှာ နယ်မြေ (A) ရှိ တော်ဝင်များအကြား ရေပန်းအစားဆုံး သတင်းစကား ဖြစ်နေ၏။ ဟုတ်ပါသည်... သူ့ကို မုန်းတီးသူများလည်း ရှိကြပေသည်။

သို့သော် အီလီဇာ၏ ခင်ပွန်းဖြစ်သူ မော်ဂန်ဒီမျိုးနွယ်စု၏ အကြီးအကဲပင်လျှင် သူ့ကို တွေ့ဆုံခွင့်ရရန် ခဲယဉ်းလှပေသည်။

သို့သော် ဤမျှအထိ ဂုဏ်သိက္ခာကြီးမားသော ပုဂ္ဂိုလ်တစ်ဦးက ဤသို့ နွမ်းပါးစွာ ဝတ်ဆင်ထားသော မိန်းကလေးငယ်ကို ဦးညွှတ်နေခြင်း... ထိုအရာက...

အီလီဇာ ငေးကြောင်နေစဉ်မှာပင် သူမ၏ လက်မောင်းမှာ ကြမ်းတမ်းစွာ ဆွဲယူခြင်း ခံလိုက်ရသည်။

"ဘယ်သူလဲ"

အီလီဇာက မျက်စောင်းထိုး၍ ကြည့်လိုက်၏။ သို့သော် သူမ ဒေါသ မထွက်နိုင်မီမှာပင် ထိုသူမှာ အမြဲတစေ တည်ငြိမ်လှသော သူမ၏ ခင်ပွန်းဖြစ်နေသည်ကို တွေ့လိုက်ရသည်။

"မင်းကို ဘယ်သူက အပြင်ထွက်ခိုင်းလို့လဲ..."

မော်ဂန်ဒီက ငေါက်ငမ်းလိုက်၏။ သူ နဖူးပေါ်မှ ချွေးစေးများကို ပျာပျာသလဲ သုတ်လိုက်ရင်း မွန်းကို အားနာစွာ ပြုံးပြလိုက်သည်။

"ကျွန်တော့်ဇနီးက အသိတရား မရှိလို့ မမလေးကို အနှောင့်အယှက် ဖြစ်စေခဲ့ပါပြီ"

မွန်းသည် သူ့ကို တစ်ချက်မျှ လှည့်ကြည့်လိုက်သော်လည်း ဤကိစ္စကို အမှုထားဟန် မရှိပေ။ သူမက ခေါင်းခါပြလိုက်၏။

"ဘာမှ မဟုတ်ပါဘူး၊ ရိုးရိုးတန်းတန်း စကားပြောဖြစ်ကြတာပါ..."

မွန်းက သူ့ကို အရေးတယူ မလုပ်သည်ကို မြင်သောအခါ မော်ဂန်ဒီသည် ဆက်လက်၍ အရှက်မကွဲလိုတော့သဖြင့် အီလီဇာကို အိမ်ထဲသို့ ဆွဲခေါ်သွားတော့သည်။

အိမ်တော်ထဲသို့ ရောက်သည်နှင့် သူသည် အီလီဇာ၏ ပုခုံးကို ဖိချ၍ ဆိုဖာပေါ်တွင် ထိုင်ခိုင်းလိုက်သည်။ ထို့နောက် သက်ပြင်းတစ်ချက်ကို ဝအောင် ချလိုက်ရင်း ပြင်းထန်စွာပင် ဆူပူလေတော့သည်။

"မင်း သိရဲ့လား... ဖရက်ဒ်အိမ်တော်ကြီးကို ကျိမျိုးနွယ်စုက လင်ကျဲဆိုတဲ့သူဆီ လွှဲပြောင်းပေးလိုက်တယ်ဆိုတဲ့ သတင်းကို ငါခုလေးတင် ရထားတာ... အဲဒီလူရဲ့ လက်ထောက်က နေမင်းယုံကြည်မှုအဖွဲ့ရဲ့ ဒဏ္ဍာရီလာ သန့်ရှင်းသတဲ့ သခင်မ ဖြစ်နေတယ်လေ... သူတို့က နေမင်းယုံကြည်မှုအဖွဲ့က လူတွေ... သာမန်လူတွေ မသိပေမဲ့ မင်းကတော့ ရှင်းရှင်းလင်းလင်း သိထားသင့်တယ်... အမိုးခုံး ဘုရားကျောင်းတော်ကို အမြစ်ပြတ်အောင် ချေမှုန်းခဲ့တဲ့ အရူးတွေလေ"

မော်ဂန်ဒီမှာ အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ရင်း တည်ငြိမ်အောင် မနည်း ကြိုးစားနေရသည်။

"မင်းကို ငါမေးဦးမယ်... ခုနက မင်း အရင်တုန်းကလိုမျိုး ကောင်မလေးတွေကို မွေးမြူဖို့အတွက် ထပ်ပြီး ကယောင်ကတမ်းတွေ လုပ်တော့မလို့ မဟုတ်လား"

မှန်ပေသည်။ တော်ဝင်တို့၏ လျှို့ဝှက်သော အကျင့်စရိုက်များမှာ ရိုးအီနေပြီဖြစ်ရာ တော်ဝင်မျိုးနွယ် အမျိုးသမီးဖြစ်သူ အီလီဇာတွင်လည်း လှပသော မိန်းကလေးငယ်များကို မွေးမြူလိုသည့် ဝါသနာထူးတစ်ခု ရှိနေခဲ့သည်။

"ကျွန်မ မသိခဲ့လို့ပါ၊ အဲဒီမိန်းကလေးက အရမ်းလှနေတာနဲ့..."

အီလီဇာက ခံပြင်းစွာဖြင့် စကားလမ်းကြောင်းလွှဲကာ မေးလိုက်၏။

"အဲဒီ လင်ကျဲ ဆိုတဲ့လူက... ဘယ်သူမို့လို့လဲ..."

ဤမေးခွန်းက မော်ဂန်ဒီကို အကျပ်ရိုက်သွားစေသည်။ စာအုပ်ဆိုင်ပိုင်ရှင်တစ်ဦးကို ကျိမျိုးနွယ်စုက အဘယ်ကြောင့် ဤမျှ အလေးထားရသည်ဆိုသည်ကိုလည်းကောင်း၊ ခန့်ညားလှသော နေမင်းယုံကြည်မှုအဖွဲ့၏ သန့်ရှင်းသော သခင်မက အဘယ်ကြောင့် ထိုသူ၏ လက်ထောက် ဖြစ်နေရသည်ဆိုသည်ကိုလည်းကောင်း သူ မည်သို့ သိနိုင်ပါ့မည်နည်း။

"ဘယ်လိုပဲဖြစ်ဖြစ် သူက တကယ်ကို အစွမ်းထက်တဲ့သူပဲ... ဘယ်သူမှ ပြစ်မှားလို့ မရတဲ့သူမျိုးပဲ"

"ဒါနဲ့... ကြားရသလောက်ဆိုရင် သူက ကျိမျိုးနွယ်စုနဲ့ ပူးပေါင်းပြီး စာအုပ် (၅) အုပ်ကို ရောင်းချမယ်တဲ့... အခု လေလံပွဲက စတော့မှာဆိုတော့ ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပြီ..."

အီလီဇာသည် ဆိုဖာပေါ်တွင် ထိုင်နေရင်း စိတ်မကောင်းဖြစ်နေသော်လည်း သူမ၏ ရင်ထဲတွင်မူ စူးစမ်းလိုစိတ်များ ပြန်လည်တောက်လောင်လာပြန်သည်။ ထိုစာအုပ်ဆိုင်ပိုင်ရှင်က မည်မျှအထိ မြင့်မြတ်ပါသနည်း။ သူရောင်းချမည့် စာအုပ်များကရော မည်မျှအထိ ထူးခြားနေပါသနည်း။

ဤလေလံပွဲကိုတော့ သူမ မဖြစ်မနေ သွားကြည့်ရပေဦးမည်။

***

All Chapters